Sunday, January 2, 2011

(၃) နှလုံးဘဝင်ကိုဖမ်းစားနိုင်သောရတနာ

လီဆွန်းဟွာ သေချာစွာကြည့်လိုက်၏။ ရွှေခြင်္သေ့၏လည်ပင်း၌ ဓားဒဏ်ရာတစ်ခု ရှိနေလေသည်တကား။

ထို့ပြင် သူ၏ခန္ဓာကိုယ်မှာ မတ်တတ်ရပ်လျက်ပင်ရှိနေသေး၏။ လူသတ်သမားသည် ဓားသိုင်းပညာ အလွန်ကောင်းသူတစ်ယောက်ပင် ဖြစ်ရပေမည်။ ဓားသွားလမ်း၏ လျင်မြန်ချက်… ပေါ့ပါးချက်များမှာ မယုံကြည်နိုင်စရာပင်။

ရွှေခြင်္သေ့၏လည်ပင်းအား ထိုးဖောက်သွားပြီးနောက် ဓားကိုပြန်ဆွဲနှုတ်ယူသွားခဲ့ပုံမှာ ခွန်အားတစ်စက်မျှ အလေအလွင့်မရှိ။

ရွှေခြင်္သေ့ရပ်နေဟန်မှာ ခုခံကာကွယ်မှုအပြည့်ရှိသည်။ မည်သို့ပင်ဆိုစေ။ ဓားသွားကတော့ သူ့လည်ပင်းအား သူမလှုပ်ရှားနိုင်ခင်မှာပင် ထိုးဖောက်ဝင်ရောက်သွားခဲ့ပြီးဖြစ်၏။ သူ့ခန္ဓာကိုယ်မှာ မူလရပ်နေဟန်အတိုင်းပင် ရှိနေသေးသည်။

မြန်လိုက်သည့်ဓားချက်...

အံ့ဩခြင်းများ.. မယုံကြည်နိုင်ခြင်းများ.. လီဆွန်းဟွာ၏မျက်နှာတွင် ပြည့်နှက်နေ၏။ နှစ်ပေါင်း ၂ဝ ကျော် ပြသနာကြီးကြီးမားမားမရှိဘဲ ရွှေခြင်္သေ့ အောင်မြင်ကျော်ကြားခဲ့သည်ကို သူမသိမဟုတ်။ ဤသည်မှာ ရွှေခြင်္သေ့၏ ကိုယ်ပိုင်အရည်အချင်းများကြောင့်ပင်ဖြစ်၏။ သို့ သော် သူခုခံကာကွယ်မှု မပြုနိုင်ခင်မှာပင် ဓားတစ်လက်က သူ့လည်ပင်းကို ထိုးဖောက်သွားခဲ့လေပြီ။



သစ်သားရုပ်တစ်ရုပ်ဆိုလျှင်တောင်မှ ဓားတစ်လက်ဖြင့် ထိုသစ်သားရုပ်၏လည်ပင်းအား ထိုးဖောက်ပြီး သစ်သားရုပ် လဲမကျသွားစေဘဲ ဓားကိုပြန်၍ဆွဲနှုတ်ယူသွားနိုင်ရန်မှာ မလွယ်ကူချေ။

လီဆွန်းဟွာ အရက်ဆိုင်တွင်းသို့ဝင်သွားလိုက်၏။ စားပွဲပေါ်၌စားသောက်စရာများ တို့ထိထားခြင်းပင်မရှိ။ အဆိပ်၅မျိုးကလေးဆိုး၏ တပည့် ၄ ယောက်သည်လည်း သက်မဲ့ခန္ဓာကိုယ်များ ဖြစ်နေကြလေပြီ။

သူတို့၏မျက်နှာများမှာ ပျော်ရွှင်စွာပင်ရှိနေကြသေး၏။ ထိုသူအားလုံးသည်လည်း လည်ပင်းမှဓားဒဏ်ရာကြောင့်ပင် သေဆုံးခဲ့ရခြင်းဖြစ်၏။

ထို့နောက် ယုအာအား အခန်းထောင့်၌တွေ့လိုက်ရပြန်သည်။ သူ့လက်များက လက်နက်ပုန်းများကို တင်းကျပ်စွာဆုပ်ကိုင်ထားခဲ့လေ သည်။ သို့ရာတွင် လက်နက်ပုန်းများ မပစ်လွှတ်ရသေးခင်မှာပင် လည်ပင်းကဓားဒဏ်ရာကြောင့် သေဆုံးခဲ့ပြီး ဖြစ်လေသည်။

လီဆွန်းဟွာ အံ့ဩရမည်လား.. ဝမ်းသာရမည်လား.. ပြီးနောက် တစ်ယောက်တည်းတီးတိုးရေရွတ်လိုက်၏။ “မြန်လိုက်တဲ့ဓား... မြန်လိုက် တဲ့ဓားတစ်လက်ပါလား...”

လွန်ခဲ့သော ၂ ရက်ခန့်ကဆိုလျင် ဤမျှဓားရေးကောင်းသောသူ သိုင်းလောက တွင်ရှိမည်မဟုတ်ဟု သူယူဆကောင်းယူဆခဲ့မိပေလိမ့် မည်။ လွန်လေပြီးသောနှစ်များက 'နှင်းသိမ်းငှက်' ဆိုသော ဓားသမားတစ်ယောက် ပေါ်ထွက်ခဲ့ဖူး၏။ သိုင်းလောက၌ အကောင်းဆုံး ဓား သမားဟု သတ်မှတ်ခြင်းခံခဲ့ရ၏။ ထိုသူ၏ဓားမှာ ပေါ့ပါးပြီးလျင်မြန်သော်လည်း ဤမျှလောက် ကရုဏာမဲ့သော လှုပ်ရှားမှုမျိုး မဟုတ်ခဲ့။ ထိုဓားသမားသည်လည်း ကွယ်ပျောက်သွားခဲ့လေပြီ။

အတိတ်မှ သူရဲကောင်းများဖြစ်ကြသော ရှန်လန်း၊ နုရှောင်းအာ၊ ဝမ်လင်ဟွာ တို့သည်လည်း သေဆုံးကြကုန်ပြီလား.. သိုင်းလောကမှ ထွက်ခွာသွားခဲ့ကြပြီလား.. မည်သူမျှမသိ။ သေချာတာတစ်ခုကတော့ ထိုသူများသည် ဓားကိုင်ဆောင်ကြသူ ဓားသမားများ မဟုတ်ခဲ့ကြ ချေ။

ထိုလူများမှအပ ဤကဲ့သို့အစွမ်းအစရှိသော ဓားသမားတဦးအကြောင်း လီဆွန်းဟွာ စဉ်းစား၍မထွက်။ ယခုတော့ သူသိလိုက်ပေပြီ။ အစွမ်းထက်သော ဓားသမား တစ်ယောက် ပေါ်ထွက်လာခဲ့ချေပြီတကား။

တခြားလူတော့မဟုတ်။ လျှို့ဝှက်ချက်များဖြင့်ပြည့်နှက်နေသော... အထီးကျန်ဆန်လွန်းလှသော လူငယ်ဓားသမား 'အားဖေ' ပင်မဟုတ်ပါ လော။

လီဆွန်းဟွာ မျက်စိမှိတ်ထားပြီး ဤနေရာ၌ မည်သို့ဖြစ်ပျက်ခဲ့ကြောင်း စဉ်းစားနေ၏။ အားဖေ အခန်းထဲမည်ကဲ့သို့ဝင်လာခဲ့ပုံ... ကလေး ပေါကြီးများက သူ့ကို မည်သို့ဝိုင်းရံထားခဲ့ပုံ… ထိုသူများ မတိုက်ခိုက်နိုင်ကြသေးခင်မှာပင် အားဖေ၏ဓားက ထိုသူများ၏လည်ပင်းများသို့ မည်သို့ထိုးဖောက်သွားခဲ့ပုံများအား တရေးရေး မြင်ယောင်နေမိ၏။

ယုအာသည် ခပ်လှမ်းလှမ်း၌ရပ်နေခဲ့ပြီး လက်နက်ပုန်းများပစ်လွှတ်ရန် စောင့်စားနေခဲ့သူဖြစ်သည်။ ယုအာ၏ဘွဲ့ 'အရိပ်မဲ့ခရီးသည်'မှာ အလကားရထားခဲ့သည်မဟုတ်။ သူ၏ ကိုယ်ဖော့ပညာနှင့် လက်နက်ပုန်းပစ်ပညာရပ်များမှာ ထိပ်သီးအဆင့်တွင်ရှိခဲ့၏။ ထိုပညာရပ်များ ဖြင့် နာမည်တစ်လုံးရရန်မှာ အလွန်လျင်မြန်စွာ လှုပ်ရှားနိုင်ခဲ့၍ပင်ဖြစ်ရမည်။ မည်သို့ပင်ဆိုစေ... ဓားတစ်လက်ကတော့ သူ့လည်မျိုကို ထိုးဖောက်ဝင်ရောက်သွားခဲ့လေပြီ။

လီဆွန်းဟွာ သက်ပြင်းချလိုက်၏။ “ကစားစရာ... သူ့ဓားဟာ ကစားစရာတစ်ခုလို့ ပြောမိသံကြားခဲ့ဖူးသလိုပဲ။”

ထို့နောက် နံရံပေါ်၌ ဓားသွားဖြင့်ထွင်းထားခဲ့သော စာတန်းများအား တွေ့လိုက်ရပြန်သည်။

“ခင်ဗျားက ကျနော့်အတွက် ကျုကျဲလိကို သတ်ပေးခဲ့တယ်.. ကျနော်ကလည်း ခင်ဗျားအတွက် ဒီလူတွေကို ပြန်သတ်ပေးခဲ့ပြီးပြီ.. ကျနော် ခင်ဗျားအပေါ်မှာ အကြွေးတင်နေတာမရှိတော့ဘူး.. အကြွေးဆိုတာ မတင်တာဘဲကောင်းပါတယ်။”

“ငါ မင်းအတွက်လူတစ်ယောက်ပဲ သတ်ပေးခဲ့တာပါ။ မင်းကတော့ ငါ့အတွက် လူ ၆ ယောက် သတ်ပေးခဲ့တယ်။ လူတစ်ယောက်ဟာ အကြွေးအတင်မခံသင့်ဘူးဆိုတာ မင်းသိလျက်နဲ့ ဘာလို့များ ငါ့ကိုအကြွေးတင်နေမိအောင် လုပ်ခဲ့ရတာလဲ။” လီဆွန်းဟွာ ရေရွတ်လိုက်ပြီး နံရံပေါ်သို့ဆက်ဖတ် ကြည့်လိုက်သည်။

“ကျနော် ခင်ဗျားအတွက်လူတွေပိုသတ်ပေးခဲ့ပေမယ့်လည်း အခြေအနေခြင်းက မတူပါဘူး.. ခင်ဗျားရဲ့တစ်ယောက်ဟာ ကျနော့် ၆ယောက် နဲ့ညီမျှပါတယ်.. ကျနော့်အပေါ်မှာ ခင်ဗျားအကြွေးမတင်ပါဘူး။”

လီဆွန်းဟွာ ပြုံးလိုက်မိ၏။ “မင်းရဲ့တွက်ချက်ပုံက သိပ်ထုံလွန်းနေပါလား။ မင်းသာ စီးပွားရေးလုပ်မယ်ဆိုရင်တော့ ဒုက္ခပါပဲကွာ။”

နံရံပေါ်၌ စာသားများသာရှိနေသည်မဟုတ်... မြှားတစ်ကြောင်းလည်း ဆွဲထား၏။ မြှားညွှန်ရာသို့ လီဆွန်းဟွာ လျှောက်သွားလိုက်၏။ အခန်းထဲသို့ သူဝင်သွားသည်နှင့် ပြောင်လက်နေသောဓားတစ်လက် ထွက်ပေါ်လာပြီး သူ့ကိုချိန်ထားလိုက်သည်။

ဓားကိုင်ထားသူမှာ အိုမင်းသောလူကြီးတစ်ယောက်ဖြစ်၏။ မျက်နှာပေါ်က မုတ်ဆိတ်မွှေးများ ရှည်လျားစွာကျနေသော်လည်း ပါးရေနားရေ များ တွန့်နေလေပြီ။

ထိုလူကြီးက ဓားဖြင့်ချိန်ထားရင်း မေးလိုက်၏။ “မင်းဘယ်သူလဲ...”

အော်မေးလိုက်ခြင်းဖြစ်သော်လည်း သူ့အသံကတုန်ခါနေသည်။

လီဆွန်းဟွာ ထိုသူ့ကို မှတ်မိလိုက်၏။ “ခင်ဗျား ကျနော့်ကို မမှတ်မိဘူးလား။”

အဘိုးကြီး ခေါင်းခါပြလိုက်၏။

လီဆွန်းဟွာ-”ကျနော်ကတော့ ခင်ဗျားဟာ ဒီဆိုင်ပိုင်ရှင်ဆိုတာ သိနေတယ်။ လွန်ခဲ့တဲ့ ၁ဝ နှစ်လောက်တုန်းက ကျနော်ဒီကိုလာပြီး အရက် မှာသောက်ခဲ့ဖူးတယ်လေ။”

အဘိုးကြီးထံမှ တင်းမာနေမှုများ ပျောက်ကွယ်သွားသည်။ သို့သော် ဓားဖြင့်ဆက်၍ချိန်ထားရင်း မေးမြန်းလိုက်ပြန်သည်။ “မင်းနာမည် ဘယ်သူလဲ။”

“ကျနော့်မျိုးရိုးနာမည်က 'လီ' လို့ခေါ်ပါတယ်။”

အဘိုးကြီးကသက်ပြင်းရှည်ကြီးချလိုက်ပြီးနောက် ဓားကို ကြမ်းပြင်ပေါ်သို့ပစ်ချလိုက်သည်။ “လီ... ဒါဆိုမင်းကလီတွမ့်ဟွာပေါ့...။ ငါ မင်း လာမှာကို စောင့်နေခဲ့တာ။”

ထူးဆန်းနေသဖြင့် လီဆွန်းဟွာ ပြန်မေးလိုက်သည်။ “ကျနော့်ကို စောင့်နေတယ်...”

အဘိုးကြီး-”သူရဲကောင်းလေးတစ်ယောက် ဒီကိုရောက်လာတယ်။ လူဆိုးတွေ အကုန်လုံးကို သတ်သွားခဲ့ပြီး ကျုပ်ကိုတော့ ချန်ထားခဲ့ တယ်။ 'လီတွမ့်ဟွာ' ဒီနေရာကနေ ဖြတ်သွားလိမ့်မယ်လို့လည်း ပြောသွားခဲ့သေးတယ်။”

“မင်းအတွက် လူတစ်ယောက်လည်း ထားပေးသွားခဲ့တယ်။ ပြဿနာတစ်ခုခု တက်လာရင် ကျုပ်တော့ သေရမှာကြောက်တယ်နော်။”

“အဲဒီလူဘယ်မှာလဲ...”

“မီးဖိုချောင်ထဲမှာ...”

မီးဖိုချောင်မှာ မသေးပါ။ သန့်ရှင်းသပ်ရပ်နေ၏။ ထိုင်ခုံတစ်ခုတွင် လူတစ်ယောက် ကြိုးဖြင့်တုပ်နှောင်ထားခြင်းကို ခံနေရ၏။ ပိန်ပြီး ပုပြတ် ပြတ်ရှိသည်။ ထိုလူ၏ နားရွက်တွင် နားမွှေးများ ထူထပ်စွာပေါက်နေလေသည်။

ထိုလူအားအသက်ရှင်လျက် အားဖေထားခဲ့ခြင်းမှာ သူ စုံစမ်းစစ်ဆေးနိုင်ရန်အတွက်ဖြစ်မှန်း လီဆွန်းဟွာ သိလိုက်သည်။ လီဆွန်းဟွာအား တွေ့မြင်လိုက်သည်နှင့် ထိုလူမှာကြောက်လန့်ပြီး ဆွံ့အနေ၏။ ထိုသူအား အားဖေ ကြိုးဖြင့်သာ ချည်နှောင်ခဲ့သည်မဟုတ်။ ပါးစပ်ကိုလည်း အဝတ်စတစ်စ ဖြင့်ပိတ်ဆို့ထားခဲ့သေးသည်။

ထိုသို့ပြုလုပ်ခဲ့ခြင်းမှာ အဘိုးကြီးအားဖျားယောင်းသိမ်းသွင်းပြီး ထွက်မပြေးသွားနိုင်ရန်ဖြစ်လေသည်။ အားဖေ၏ စေ့စပ်သေချာမှုအား လီဆွန်းဟွာ အသိအမှတ်မပြု၍မရတော့ပေ။

သို့ရာတွင် အားဖေ ဘာဖြစ်လို့ 'သွေးကြောမပိတ်သွားခဲ့တာလဲ..' ဟု သူစဉ်းစားနေမိသည်။

လီဆွန်းဟွာ၏ဓားပျံမှာ တလဲ့လဲ့တောက်ပနေ၏။ ထိုသူ၏ပါးစပ်မှ အဝတ်စအား ဓားဖြင့်ကလော်ထုတ်လိုက်ရာ ထိုသူမှာ မူးမေ့သွားမတတ် ကြောက်လန့်၍နေလေတော့သည်။

အသက်ချမ်းသာပေးဖို့ တောင်းဆိုချင်သော်လည်း သူ့နှုတ်ဖျားက စကားတစ်ခွန်းမှ မထွက်လာခဲ့ချေ။

လီဆွန်းဟွာ အလျင်မလိုပါ။ အေးအေးဆေးဆေးထိုင်ချလိုက်ပြီး ဆိုင်ရှင်အဘိုးအိုအား အကောင်းဆုံးအရက်တစ်အိုးယူလာရန် မှာလိုက် ၏။

“မင်းနာမည်...”

ထိုသူ၏မျက်နှာဖြူရော်သွား၏။ သွေ့ခြောက်နေသောနှုတ်ခမ်းအား လျှာဖြင့်လျက်သပ်လိုက်ပြီး ဖြေဆိုလိုက်သည်။ “ကျနော့်နာမည်... ဟောင်ဟန်မင်း လို့ခေါ်ပါတယ်။”

လီဆွန်းဟွာ-”မင်းအရက်သောက်တတ်တယ် မဟုတ်လား။ ရော့.. အရက်တစ်ခွက်လောက် သောက်လိုက်ပါဦး။”

ထို့နောက် ထိုသူ့ကို ကြိုးဖြေပေးလိုက်ပြီး အရက်တစ်ခွက်ကမ်းပေးလိုက်၏။ ထိုသူမှာ လီဆွန်းဟွာကို မယုံကြည်နိုင်စွာကြည့်နေ၏။ အရက်ခွက်ကိုလှမ်းမယူရဲသေးသော်လည်း မယူဘဲလည်းမနေရဲ။

လီဆွန်းဟွာကပြုံးပြီး ပြောဆိုလိုက်သည်။ “ငါ့ကိုအရက်သောက်ဖို့ တစ်ယောက်ယောက်ကဖိတ်ခေါ်လာရင် ဘယ်တော့မှ မငြင်းဘူး။”

ဟောင်ဟန်မင်းက အရက်ခွက်ကိုလှမ်းယူလိုက်ပြီး ကြောက်ကြောက်လန့်လန့်နှင့် မော့ချလိုက်ရာ အရက်ခွက်တစ်ဝက်ခန့် ဖိတ်စင်သွား သည်။

လီဆွန်းဟွာက သက်ပြင်းချပြီး ပြောဆိုလိုက်သည်။ “မင်း ငါ့ကိုအတုယူပြီးသာ သစ်သားပန်းပုရုပ်ထုတတ်ခဲ့မယ်ဆိုရင် မင်းလက်တွေက ဒီထက်တည်ငြိမ်နေမှာ အမှန်ပဲ။ ပန်းပုထုဆစ်ခြင်းဟာ လူတစ်ယောက်ကို စိတ်ရောလူပါ တည်ငြိမ်အေးချမ်းစေတယ်။ ဒါက ငါ့ရဲ့လျှို့ဝှက် ချက်ကလေးတစ်ခုပေါ့။”

ပြီးနောက် အရက်နှစ်ခွက်ထပ်ငှဲ့လိုက်ပြီး ဆက်၍ပြောဆိုလိုက်သည်။ “နောက်တစ်ခု...ဘယ်တော့မှ အရက်ကောင်းကို မဖြုန်းတီးပစ်ရ ဘူး။”

ဒီတစ်ကြိမ်တွင် ဟောင်ဟန်မင်းမှ လက်နှစ်ဘက်ဖြင့်ကောက်ယူလိုက်ပြီး ဖိတ်စင်သွားမည်ဆိုး၍ တစ်ဂွပ်ထဲမော့ချလိုက်သည်။

လီဆွန်းဟွာ-”သိပ်ကောင်းတယ်။ ငါ့ဘဝမှာ ဒီနှစ်မျိုးကလွဲလို့ ဘာမှ သိပ်များများစားစား နားမလည်ခဲ့ဘူး။ အခု ငါမင်းကိုပြောပြလိုက်ပြီး ပြီ... ငါ့ကို ဘယ်လို ကျေးဇူးပြန်ဆပ်မှာလဲ။”

ဟောင်ဟန်မင်းက ထစ်ငေါ့စွာ ဖြေကြားလိုက်သည်။ “ကျ...ကျနော်...”

လီဆွန်းဟွာ-”မင်းဘာမှလုပ်ပေးစရာမလိုပါဘူး။ ငါ့ကို ပစ္စည်းထုပ်သာပေးလိုက်ပါ။ ငါကျေနပ်ပါတယ်။”

ဟောင်ဟန်မင်းက အသက်ပြင်းပြင်းရှူလိုက်ပြီး မေးမြန်းလိုက်သည်။ “ဘယ်ပစ္စည်းထုပ်ကိုဆိုလိုတာလဲခင်ဗျာ...”

“မင်းတကယ်မသိဘူးလား...”

ဟောင်ဟန်မင်းက အားတင်းပြုံးပြီး ငြင်းဆိုလိုက်သည်။ “ကျနော် တကယ်မသိလို့ပါ။”

လီဆွန်းဟွာက ခေါင်းခါရမ်းပြီး ပြောဆိုလိုက်သည်။ “အရက်သောက်ပြီးရင် လူတွေပိုပြီးရိုးသားလာတယ်လို့ ငါထင်ထားခဲ့တာ။ ခုတော့ တော်တော်လေးစိတ်ပျက်သွားပြီ။”

ဟောင်ဟန်မင်းက မချိပြုံးလေးပြုံးလိုက်ပြီး ဆက်၍ပြောဆိုလိုက်သည်။ “ဆ ရာလေးလီ... လီ.. အထင်များမှားနေတာလားဗျာ။ ကျနော် တကယ်ကို...မသိ...”

လီဆွန်းဟွာ၏မျက်နှာအမူအရာက ချက်ချင်းတည်သွားပြီး မျက်နှာထား ခပ်တင်းတင်းဖြင့် ပြောဆိုလိုက်သည်။ “မင်း ငါ့အရက်ကိုသောက် ပြီး ငါ့ကိုလိမ်နေတယ်ပေါ့လေ။ ခုချက်ချင်း ငါ့အရက်တွေ ပြန်လျော်ပေးစမ်း။”

ဟောင်ဟန်မင်း-”ဟုတ်ကဲ့...ဟုတ်ကဲ့... ကျနော်ခုချက်ချင်းပဲ သွားဝယ်လိုက်ပါ့မယ်။”

လီဆွန်းဟွာ-”မင်းသောက်လိုက်တဲ့ အရက်နှစ်ခွက်ကိုပဲ ငါပြန်လိုချင်တာ။ မင်းသွားဝယ်လာမယ့် အရက်ကိုမဟုတ်ဘူး။”

ဟောင်ဟန်မင်းသည် နဖူးပြင်ပေါ်မှချွေးများကို အင်္ကျီလက်စဖြင့် သပ်ချလိုက်ပြီးနောက် ထစ်ထစ်ငေါ့ငေါ့ဖြင့် ပြောဆိုလိုက်သည်။ “ဒါ... ဒါပေမဲ့... အရက်တွေက ကျနော့်ဗိုက်ထဲရောက်သွားခဲ့ပြီပဲ။ ဘယ်လိုလုပ်ပြီး ပြန်ပေးနိုင်မှာလဲဗျာ။”

လီဆွန်းဟွာ-”ဒါ့အတွက်ကတော့ လွယ်ပါတယ်။”

ဓားပျံတလဲ့လဲ့ဖြင့် ဟောင်ဟန်မင်း၏ ဝမ်းဗိုက်ဆီသို့ထိုးချိန်ထားလိုက်ရင်း အေးစက်စွာပြောလိုက်၏။ “အရက်တွေက မင်းဗိုက်ထဲမှာဆို တော့... ဗိုက်ကိုခွဲပြီးမှ ထုတ်ယူယုံပေါ့။”

ဟောင်ဟန်မင်း၏မျက်နှာဖြူရော်သွား၏။ ထို့နောက် အားတင်းပြုံးလိုက်ပြီး ပြောဆိုလိုက်သည်။ “ဆရာလေး လီ... ကျနော့်ကိုမကျီစားပါနဲ့ ဗျာ။”

လီဆွန်းဟွာ-”မင်းကိုကျီစားနေတယ်လို့များ ထင်နေလား။”

သူ့ ဓားထိပ်ဖျားအား ဟောင်ဟန်မင်း၏ဗိုက်ထဲသို့ နည်းနည်းအားစိုက်ပြီး ထိုးစိုက်လိုက်၏။ လူကြောက်လူညံ့များ ကိုယ့်သွေးကိုကိုယ်ပြန် မြင်ရသောအခါ လိမ်ညာထားခဲ့သည်များပေါ်ကာ အမှန်ပြောတတ်ကြောင်း လီဆွန်းဟွာ သူများထက်ပိုသိနေ၏။

သို့သော် ဓားဖြင့်ထိုးစိုက်လိုက်သောအခါ ကျောက်တုံးတစ်တုံးအား ထိုးစိုက် လိုက်ရသကဲ့သို့ လီဆွန်းဟွာ ခံစားလိုက်ရ၏။ သွေးတစ်စက်မှ ထွက်မလာပါ။ နာကျင်မှုဝေဒနာ မခံစားရသည့်အလား ဟောင်ဟန်မင်း၏မျက်နှာမှာ ပြုံးနေလေသည်။

လီဆွန်းဟွာက မျက်တောင်တစ်ချက်ခတ်လိုက်ပြီး လက်ကိုပြန်ရုတ်လိုက်သည်။ ဤလူကြောက်အား ဓားဖြင့်မထိုးဖောက်နိုင်သော်လည်း လီဆွန်းဟွာထံတွင် အံ့အားသင့်ဟန်လုံးဝမရှိ။

လီဆွန်းဟွာက ပြုံးပြီးမေးလိုက်၏။ “မင်း သိုင်းလောကမှာကျင်လည်နေတာ တော်တော်လေး ကြာခဲ့ပြီမဟုတ်လား။”

ဤမေးခွန်းမျိုးမေးလာလိမ့်မည်ဟု ဟောင်ဟန်မင်း လုံးဝမထင်ထားခဲ့ပေ။ အားတင်းပြုံးပြီးပြန်ဖြေလိုက်၏။ “သိုင်းလောကမှာ နှစ်၂ဝကျော် ခဲ့ပါပြီ။”

လီဆွန်းဟွာ-”ဒါဖြင့်ရင် သိုင်းလောကမှာ လူနည်းစုသာသိပြီး ကောလာဟလလိုဖြစ်နေတဲ့ ရတနာတွေရှိနေတယ်ဆိုတာ မင်းသိမှာပေါ့။ အဲဒီထဲကတစ်ခုကတော့...”

ဟောင်ဟန်မင်းအားစေ့စေ့ကြည့်လိုက်ပြီး စကားလုံး တစ်လုံးချင်းပြောလိုက်၏။ “ 'ရွှေချည်မျှင်ကိုယ်ကျပ်အင်္ကျီ'... လက်နက်တွေမထိုး ဖောက်နိုင်ဘူး... မီးတောင်မလောင်ကျွမ်းနိုင်ဘူးလို့ အဆိုရှိတယ်။ မင်းက သိုင်းလောကမှာနှစ်၂ဝ ကျော် ကျင်လည်လာခဲ့ပြီးပြီဆိုတော့ ဒီရတနာအကြောင်း ကြားဖူးမှာပေါ့။”

ဟောင်ဟန်မင်း၏မျက်နှာသည် ရေညှစ်ထားသောအဝတ်စုတ်တစ်ခုကဲ့သို့ ဖြစ်သွားလေသည်။ သူ ရုတ်တရက်ထပြီး ထွက်ပြေးလိုက်၏။

သူ့လှုပ်ရှားမှုများက မနှေးကွေးပါ။ ချက်ချင်းပင် တံခါးဝသို့ရောက်သွား၏။ တံခါးမှထွက်သွားရန်ကြိုးစားလိုက်စဉ်မှာပင် လီဆွန်းဟွာအား သူ့ရှေ့၌ မားမားကြီးရပ်နေသည်ကို တွေ့လိုက်ရလေသည်။

ဟောင်ဟန်မင်း အံကြိတ်လိုက်၏။ ခန္ဓာကိုယ်အားလှည့်လိုက်ပြီး လှံသွားသံကြိုးကို ကောက်ယူလိုက်သည်။ လီဆွန်းဟွာထံ လှံသွားတစ် ချောင်း မြွေတစ်ကောင်အလား တိုးဝင်လာ၏။

လှုပ်ရှားမှုအရအနည်းဆုံးနှစ် ၂ဝ ကျော်လေ့ကျင့်ထားသူများမှသာလျှင် ဤသို့ ပစ်လွှတ်နိုင်၏။ သံကြိုးမှာ လေတဟူးဟူးတိုက်ခတ်သံဖြင့် လီဆွန်းဟွာ၏လည်မျိုသို့ ဖြောင့်တန်းစွာ ရောက်ရှိလာလေသည်။

“ထန်း...”

လီဆွန်းဟွာ၏ အရက်ခွက်ကိုင်ထားသောလက်တစ်ဘက် မြောက်တက်သွားခဲ့၏။ ထူးဆန်းစွာပင်... အရက်ခွက်အား လှံသွားက မခွဲနိုင်ခဲ့ ပါ။

pလီဆွန်းဟွာက ပြုံးပြီးပြောဆိုလိုက်သည်။ “ငါ့ကို အရက်မသောက်ဖို့ တားမဲ့လူ နောက်တစ်ယောက် ရှိခဲ့မယ်ဆိုရင် အရက်သောက်ခြင်းရဲ့ အကျိုးကျေးဇူးဘယ်လိုရှိကြောင်း... အရက်ခွက်တစ်ခွက်က ငါ့ရဲ့ အသက်ကိုဘယ်လိုကယ်ခဲ့တယ်ဆိုတဲ့ အကြောင်း... အဲ့ဒီလူကို ပြောပြရ ဦးတော့မှာပဲ။”

ဟောင်ဟန်မင်း ကျောက်ရုပ်တစ်ရုပ်လို ငြိမ်သက်စွာရပ်နေ၏။ သူ့မျက်နှာမှ ချွေးတဒီးဒီးကျနေလေသည်။

လီဆွန်းဟွာ-”မင်း ဆက်မတိုက်တော့ဘူးဆိုရင် 'ရွှေချည်မျှင်ကိုယ်ကျပ်အင်္ကျီ' ချွတ်ပေးလိုက်တော့။ ငါ့အရက်၂ခွက်ဖိုးအဖြစ် သတ်မှတ် လိုက်မယ်။”

ဟောင်ဟန်မင်းက ပြန်မေးလိုက်၏။ “ခင်ဗျားတကယ်လိုပဲချင်နေတာလား။”

လီဆွန်းဟွာ-”ဒီရတနာကို တကယ်တော့ ငါမလိုချင်ပါဘူး။ ငါ့မျက်စိအောက်ကနေ မင်းကခိုးသွားတာဆိုတော့ မင်းမှာအစွမ်းအစရှိနေလို့ ပဲလို့ ငါသတ်မှတ်လိုက်မယ်။ ဒါပေမဲ့ ဒီပစ္စည်းကို ငါယူသွားတာပါလို့ မင်းသတင်းမလွှင့်ခဲ့သင့်ဘူး။”

“ခင်ဗျားပြောတာမှန်ပါတယ်။ ပစ္စည်းထုပ်ထဲမှာ ရွှေချည်မျှင်ကိုယ်ကျပ်အင်္ကျီ တကယ်ပဲ ရှိနေခဲ့ပါတယ်။ ဒါပေမဲ့... ဒါပေမဲ့...”

သူသည် စကားဆက်မပြောနိုင်တော့သည့်အပြင် မျက်ရည်များပါ ကျဆင်းလာရတော့သည်။

လီဆွန်းဟွာ-”ရွှေချည်မျှင်ကိုယ်ကျပ်အင်္ကျီဟာ တန်ဖိုးရှိတဲ့ သိုင်းလောကရဲ့ ရတနာတစ်ပါးပါ။ ဒါပေမဲ့ မင်းအတွက်တော့ အသုံးမဝင်ပါဘူး။ ငါ မင်းကို တစ်ကွက်တည်းနဲ့ သတ်ပစ်နိုင်သေးတယ်ဆိုတာ မမေ့ပါနဲ့။ ဘာဖြစ်လို့ အပင်ပန်းခံနေရတာလဲ။”

“ဒီပစ္စည်းဟာ မင်းဆီမှာရှိသင့်တဲ့ပစ္စည်းတစ်ခုမဟုတ်ဘူး။ ငါ့ကိုပေးလိုက်မယ် ဆိုရင်တော့ မင်းအသက်ရှည်ရှည်နေရလိမ့်မယ်။”

ဟောင်ဟန်မင်း-”ကျနော်နဲ့မထိုက်တန်တာ သိပါတယ်။ ဒါပေမဲ့ ကျနော့်အတွက် ခိုးခဲ့တာမဟုတ်ဘူး။”

လီဆွန်းဟွာ-”နောက်တစ်ယောက် အတွက်ပေါ့။ ဘယ်သူများလဲ။”

ဟောင်ဟန်မင်း သူ့နှုတ်ခမ်းကိုသူကိုက်လိုက်ရာ သွေးများပင် စီးကျလာ၏။

လီဆွန်းဟွာ အေးအေးဆေးဆေးပင် ပြောနေလိုက်၏။ “ငါ့ဆီမှာ လူတစ်ယောက်ဖွင့်ပြောလာစေနိုင်တဲ့နည်းတွေ အများကြီးရှိတယ်။ ဒါပေမဲ့ အခုချိန်မှာ တစ်ခုမှထုတ်မသုံးချင်ဘူး။ မင်းငါ့ကို အမှန်အတိုင်းဖွင့်ပြောရင် ကောင်းလိမ့်မယ်။”

ဟောင်ဟန်မင်းသည် သက်ပြင်းချပြီး စိတ်လျှော့ချလိုက်ပုံရသည်။  “ကောင်းပါပြီ... ကျနော်ပြောပြပါ့မယ်။”

လီဆွန်းဟွာ-”အစကနေ စပြောတာ ပိုပြီးကောင်းလိမ့်မယ်။”

ဟောင်ဟန်မင်း-”ခင်ဗျား သူခိုးတော်တိုက်ဝူကို ကြားဖူးလား။ သာမညလူတစ်ယောက်ဆိုတော့ ခင်ဗျားသိချင်မှသိလိမ့်မယ်။”

လီဆွန်းဟွာက ရယ်မောပြီး ပြန်ဖြေလိုက်သည်။ “သူ့ကိုသိရုံတင်မကဘူး... ငါနဲ့ မိတ်ဆွေတောင်မှ ဖြစ်ခဲ့ကြသေးတယ်။ သူ့ရဲ့ကိုယ်ဖော့ ပညာနဲ့သိုင်းပညာက မဆိုးပါဘူး။ အကောင်းဆုံးကတော့ သူအရက်သောက်နိုင်တာပဲ...”

ဟောင်ဟန်မင်း-”ဒီ ရွှေချည်မျှင်ကိုယ်ကျပ်အင်္ကျီက သူတစ်နေရာကနေ ခိုးလာခဲ့တာပဲ။”

“ဒါဆို မင်းဆီကို ဘယ်လိုလုပ်ပြီးရောက်နေရတာလဲ။”

ဟောင်ဟန်မင်း-”ကျုကျဲလိနဲ့သူက မိတ်ဆွေကောင်းတွေပါ။ ဟိုရက်တွေက ကျနော်တို့ အရက်အတူတူသောက်နေခဲ့ကြတယ်။ အရက်မူး လာတော့ ဒီပစ္စည်းကို သူထုတ်ပြလာတယ်။ ကျုကျဲလိက မနာလိုဖြစ်ပြီး...”

လီဆွန်းဟွာ၏မျက်နှာထားတင်းမာသွားခဲ့ပြီး အော်ငေါက်လိုက်သည်။ “မင်း တို့လိုလူမျိုးတွေ အရှက်မရှိတဲ့အလုပ်ကို လုပ်ခဲ့ကြပြီးတဲ့ နောက် ဒီကိစ္စကို ပြောထွက်ရဲသေးတယ်လား။”

ဟောင်ဟန်မင်းက ခေါင်းကိုငုံ့ထားပြီး ဆက်ပြောပြနေသည်။ “ဒီ ရွှေချည်မျှင်ကိုယ်ကျပ်အင်္ကျီဟာ လူတိုင်း သွားရည်ကျလောက်တဲ့ သိုင်း လောကရဲ့ ရတနာတစ်ပါးဆိုတာ တိုက်ဝူသိလျက်နဲ့ သူအရက်မူးအောင် မသောက်ခဲ့သင့်ဘူး။”

လီဆွန်းဟွာ အေးစက်စွာပြောလိုက်၏။ “သူအရက်မူးအောင် မသောက်ခဲ့သင့်တာမဟုတ်ဘူး။ သူ လူပေါင်းမမှားခဲ့သင့်တာ။”

ဟောင်ဟန်မင်း၏မျက်နှာ နီရဲသွား၏။

လီဆွန်းဟွာ-”ဒီ ရွှေချည်မျှင်ကိုယ်ကျပ်အင်္ကျီဟာ သိုင်းလောကရတနာ ၃ ပါး ထဲကတစ်ခုလို့ပြောကြတယ်။ ဒါပေမဲ့ နည်းနည်းလေးပဲ အသုံးဝင်တာပါ။ ထိပ်သီး သိုင်းပညာရှင်တွေ တိုက်ခိုက်ကြတဲ့အခါမှသာ အထောက်အကူပေးတာပါ။ သာမန် သိုင်းသမားတစ်ယောက် အဖို့တော့ ကိုယ့်သေမင်းကိုကိုယ် ဖိတ်ခေါ်နေသလိုပါပဲ။ ဘာကြောင့်လူတွေ ဒီလောက်စိတ်ဝင်စားနေကြလဲဆိုတာ ငါမသိဘူး။ တခြား အကြောင်းအရာတစ်ခုတော့ရှိရမယ်။ ဟုတ်လား။”

ဟောင်ဟန်မင်းက ပြန်ဖြေလိုက်၏။ “မှန်ပါတယ်။ လျှို့ဝှက်ချက်တစ်ခု ရှိနေပါတယ်။ ဒါပေမဲ့ ဒီကိစ္စကိုလျှို့ဝှက်ချက်လို့တောင် မပြောနိုင် တော့ပါဘူး။ ဘာလို့လည်းဆိုတော့...”

အရက်အိုး ၂ အိုးနှင့်အတူ အရက်ဆိုင်ပိုင်ရှင်ဝင်လာသောကြောင့် သူ့စကားစ ပြတ်သွားခဲ့၏။ “အလွန်ကောင်းတဲ့အရက်တွေပါ။ စကား ဆက်မပြောကြခင် အရာရှိမင်းတွမ့်ဟွာ မြည်းကြည့်ပါလား။”

လီဆွန်းဟွာက ခါးသီးစွာပြုံးပြလိုက်သည်။ “ကျုပ်ကိုခင်ဗျားဆိုင်ရဲ့ဖောက်သည်အဖြစ် ဆက်ရှိနေစေချင်သေးတယ်ဆိုရင် ဘယ်တော့မှ ဒီလိုမခေါ်ပါနဲ့။ ဒီလိုအခေါ်ခံရလိုက်တိုင်း ကျုပ်အရက်ဆက်သောက်လို့မရတော့ဘူး။”

အရက်ခွက်က သူ့လက်ထဲ၌ပင်ရှိနေသေး၏။ အရက်ငှဲ့လိုက်ပြီးနောက် မွှေးကြိုင်သောအရက်နံ့များ တစ်ခန်းလုံးသင်းပျံ့သွားလေသည်။ “ကောင်းလိုက်တဲ့အရက်...”

တစ်ခွက်သောက်ပြီးနောက် လီဆွန်းဟွာ ချောင်းဆိုးနေပြန်သည်။

သူ့ကိုထိုင်စေလိုသဖြင့် ခုံတစ်ခုံကို အဘိုးအိုမှယူလာပေးလိုက်သည်။ “ချောင်းဆိုးတာဟာ မင်းရဲ့ကျန်းမာရေးအတွက်မကောင်းဘူး။ သတိ ထားပါ။”

အဘိုးအိုကပြုံးပြီး ဆက်ပြောနေသည်။ “ဒါပေမဲ့ ဒီအရက်ကတော့ ချောင်းဆိုးတာအတွက်ကောင်းတယ်။ သောက်လိုက်ပြီးရင် ဘယ်တော့ မှ ချောင်းမဆိုးတော့ဘူး။”

လီဆွန်းဟွာ ရယ်မောလိုက်သည်။ “ချောင်းဆိုးပျောက်တဲ့အရက်... ဟုတ်လား။ သိပ်ကောင်းတယ်ဗျာ။ ခင်ဗျားကော တစ်ခွက်လောက် သောက်ပါလား။”

အဘိုးအို-”ကျုပ်အရက်မသောက်ဘူး။”

လီဆွန်းဟွာ မေးမြန်းလိုက်သည်။ “ဘာဖြစ်လို့လဲ။ မုန့်လုံးရောင်းတဲ့လူ သူ့မုန့်လုံးသူမစားပဲ ပေါက်စီဝယ်စားသလို... အရက်ရောင်းတဲ့လူ လည်း သူ့အရက်သူမသောက်ဘဲ ရေပဲသောက်ချင်တယ် ဖြစ်နေလို့လား။”

အဘိုးအိုက ပြန်ပြောလိုက်သည်။ “ကျုပ် တစ်ခွက်နှစ်ခွက်တော့ သောက်ပါတယ်။ ဒါပေမဲ့ ဒီအရက်ကိုတော့ ကျုပ်သောက်လို့မဖြစ်ဘူး။”

သူ၏မျက်လုံးများတွင် ကောက်ကျစ်မှုအရောင်များ တောက်ပလာခဲ့သည်။

လီဆွန်းဟွာက မသိလိုက်သလိုပင် အပြုံးမပျက် ဆက်ပြီးမေးနေသည်။ “ဘာဖြစ်လို့လဲ...”

အဘိုးအိုသည် သူ့လက်ထဲမှ ဓားပျံကို စူးစိုက်စွာကြည့်နေလိုက်သည်။ ပြီးနောက်-”ဘာဖြစ်လို့လဲဆိုတော့... ကျုပ်သာဒီအရက်ကိုသောက် ပြီး နည်းနည်းလေး အားစိုက်ထုတ်လိုက်တာနဲ့ အဆိပ်တက်ပြီး သေရလိမ့်မယ်။”

လီဆွန်းဟွာ၏ ပါးစပ်ပိတ်သွားသည်။

ဟောင်ဟန်မင်း အလွန်ပျော်ရွှင်သွားလေသည်။ “ခင်ဗျားကျနော့်ကို ခုလိုမျိုး ကူညီလိမ့်မယ်လို့ ဘယ်တုန်းကမှ မထင်ထားခဲ့ဘူး။ ပြီးမှ ခင်ဗျားကို ကောင်းကောင်း ဆုချရဦးမယ်။”

အဘိုးအိုက အေးစက်စွာ ပြန်ပြောလိုက်သည်။ “မင်းငါ့ကို ကျေးဇူးတင်ဖို့ မလိုပါဘူး။”

ဟောင်ဟန်မင်းက ပြုံးနေသော်လည်း သူ့အတွင်းစိတ်ထဲတွင်မူ ပြောင်းလဲသွားပြီး စိတ်ရိုင်းစိတ်မိုက်များ ဝင်အောင်းလာခဲ့လေသည်။ “ဒီက ဆရာကြီးက ရွက်ပုန်းသီးကိုး... ခင်ဗျားလည်း ဟိုဟာကိုလိုချင်နေပြီထင်တယ်...”

ထိုစကားပြောနေစဉ်မှာပင် လှံသွားတပ်သံကြိုးအား ပစ်လွှတ်လိုက်၏။

အဘိုးအို၏ ခါးကိုင်းသေးငယ်နေသော ခန္ဓာကိုယ်မှာ ၁ပေခန့် ရှည်ထွက်လာပြီး ဘယ်ဘက်လက်ကို ဆန့်ထုတ်၍ သံကြိုးအားဖမ်းဆုပ် ထားလိုက်၏။ ထို့နောက် ကျယ်လောင်စွာ အော်ငေါက်လိုက်လေသည်။ “ငါ့ကိုတိုက်ရဲသေးတယ်လား...”

အဘိုးအိုထံမှ ကြောက်ရွံ့နေသည့်အမူအရာများ တမဟုတ်ချင်း ကွယ်ပျောက်သွားခဲ့ပြီး မျက်နှာ၌ သွေးရောင်လွှမ်းလာလေတော့သည်။

ဟောင်ဟန်မင်းသည် အဘိုးအို၏ထူးဆန်းသောအမူအရာအား တွေ့လိုက်ရပြီးနောက် လူတစ်ယောက်ကို အမှတ်ရမိလိုက်သည်။ သူ ချက်ချင်းပင် တောင်းပန်လိုက်၏။ “ဆရာကြီး... ကျေးဇူးပြုပြီး ကျနော့်ကို မသတ်ပါနဲ့။ ကျနော် ဆရာကြီးမှန်းမသိလိုက်လို့ပါ။ ဆရာကြီး ဟာ...”

သူ၏တောင်းပန်စကားက အလွန်နောက်ကျသွားခဲ့ချေပြီ။ အဘိုးအို၏ညာဘက်လက်သီး ပျံဝဲလာပြီးနောက်...

'ဘောင်း'...

ဟောင်ဟန်မင်း၏ခန္ဓာကိုယ် လေထဲသို့လွင့်ပျံသွား၏။ သူ၏သံကြိုးမှာလည်း နှစ်ပိုင်းပြတ်သွားလေ၏။ သူ၏သက်မဲ့ခန္ဓာကိုယ်ကြီးမှာ ပါးစပ်မှသွေးပွက်ပွက်အန်ကာ နံရံအားတိုက်မိပြီး ပြုတ်ကျလာသည်။

ပြင်းထန်လိုက်သည့် လက်သီးချက်...

လီဆွန်းဟွာက သက်ပြင်းချပြီး ခေါင်းခါရမ်းလိုက်သည်။ “ငါပြောခဲ့သားပဲ။ မင်းဆီမှာ ရွှေချည်မျှင်ကိုယ်ကျပ်အင်္ကျီရှိနေတဲ့အတွက် အသက် ရှည်မှာမဟုတ်ပါဘူးလို့...”

အဘိုးအိုက သံကြိုးပိုင်းပြတ်အား ကြမ်းပြင်ပေါ်သို့ပစ်ထုတ်လိုက်ပြီး ဟောင်ဟန်မင်း၏ သက်မဲ့ခန္ဓာကိုယ်ကြီးကို စိုက်ကြည့်နေလိုက်၏။ သူ့မျက်နှာပေါ်က အရေပြားအတွန့်များ ပြန်ပေါ်လာလေပြီတကား။

လီဆွန်းဟွာ-”ခင်ဗျားလူမသတ်တာ နှစ်၂ဝ ကျော်ခဲ့ပြီမဟုတ်လား။”

အဘိုးအိုက သူ့ကိုပြန်လှည့်ကြည့်လိုက်သည်။ “လူဘယ်လိုသတ်ရတယ်ဆိုတာလည်း ငါမမေ့သေးပါဘူး။”

လီဆွန်းဟွာက မေးလိုက်၏။ “ဒီပစ္စည်းအတွက်လူသတ်ရတာ တန်တယ်လို့ ခင်ဗျားထင်နေလား။”

အဘိုးအို ပြန်ဖြေလိုက်၏။ “နှစ်၂ဝ ကျော်လောက်တုန်းကဆိုရင် ငါ့အတွက် လူသတ်ဖို့ဆိုတာ အကြောင်းပြချက်မလိုခဲ့ဘူး။။”

လီဆွန်းဟွာ-”နှစ်၂ဝတောင်ကျော်ခဲ့ပြီပဲ။ နှစ်၂ဝကျော်ကြာခင်ဗျားရဲ့ဇာတ်မြှုပ်နေခဲ့မှုဟာ အခုတော့ ဒီပစ္စည်းကြောင့် ပေါ်သွားပြီ။ တန်ကော တန်ရဲ့လား။”

အဘိုးအို-”ငါဘယ်သူဆိုတာ မင်းသိတယ်ပေါ့...”

လီဆွန်းဟွာ ရယ်မောလိုက်၏။ “လွန်ခဲ့တဲ့နှစ်၂ဝတုန်းက စန့်ကွေ ဆိုတဲ့လူတစ်ယောက်ဟာ အင်မတန်မှကျော်ကြားခဲ့တာကလား။ ဘယ်လောက်တောင်မှ သတ္တိကောင်းလည်းဆိုရင် တောင်ပင်လယ်ဆိပ်ကမ်း ၇၂ ခု ခေါင်းဆောင်ရဲ့မိန်းမနဲ့ ထွက်ပြေးသွားရဲတယ်။ ဒီလောက်သတ္တိကောင်းတဲ့လူကို ကျုပ်အလွန်ပဲ လေးစားခဲ့ပါတယ်။”

အဘိုးအို-”ဒီလိုအချိန်မျိုးမှာတောင် ဒီစကားမျိုး မင်းကပြောရဲသေးသလား။”

လီဆွန်းဟွာ-”ကျုပ်ကိုအချိန်ဆွဲပြီး ဥာဏ်ထုတ်နေတယ်လို့မထင်ပါနဲ့။ သူချစ်တဲ့မိန်းမတစ်ယောက်အတွက် သူ့ရဲ့အသက်... နာမည်ကျော် ကြားမှု အားလုံးစွန့်လွှတ်ပြီး ဇာတ်မြှုပ်သွားခဲ့တဲ့လူတစ်ယောက်ဟာ တကယ့်ယောက်ျားတစ်ယောက်ပါ။ ကျုပ် ခင်ဗျားကို အလွန်ပဲလေး စားခဲ့ပါတယ်။ အခုတော့...”

သူသည် ခေါင်းကိုခါရမ်းလိုက်ပြီး ဆက်ပြောနေသည်။ “ကျုပ်တော်တော် စိတ်ပျက်သွားမိတယ်။ ဘာလို့လည်းဆိုတော့ ခင်ဗျားက အကောက်ကြံပြီး အရက်ထဲ အဆိပ်ခတ်ခဲ့လို့ပဲ။ ကျုပ်ကိုမျက်နှာချင်းဆိုင် ရင်မဆိုင်ရဲဘဲ အဆိပ်ခတ်သတ်ဖို့ပဲ ကြိုးစားနေတာလား။”

စန့်ကွေက သူ့ကိုစိုက်ကြည့်လိုက်ပြီး စကားပြန်ပြောရန် ဟန်ပြင်လိုက်စဉ်မှာပင် ...

”ဒီအတွက်တော့ မင်းသူ့ကိုအပြစ်မတင်သင့်ဘူး။ အဆိပ်နဲ့ပတ်သက်လာရင် သူတော်တော့်ကို ညံ့ဖျင်းပါတယ်...”
လူတစ်ယောက်၏ ရယ်မောပြောဆိုလိုက်သံ ထွက်ပေါ်လေလေသည်။

စွဲဆောင်မှုအပြည့်ရှိသော မိန်းမတစ်ယောက်၏ အသံဖြစ်၏။

လီဆွန်းဟွာက ရယ်မောပြီးနှုတ်ဆက်လိုက်သည်။ “မှန်တာပေါ့။ ဒါဟာ ချင်းဝေမယ်ရဲ့လက်ချက်ပဲဆိုတာ အစောကြီးကတည်းက ကျုပ် သိထားခဲ့ရမှာ။ နှစ်၂ဝ တုန်းကတည်းက ကျော်ကြားခဲ့တဲ့ သိုင်းလောကအလှဘုရင်မတစ်ပါးရဲ့လက်ထဲမှာ သေရမှာဆိုတော့ ကျုပ်ဆိုတဲ့ လီဆွန်းဟွာ သေပျော်ပါပြီ။”

အသံရှင်က တခစ်ခစ်ရယ်မောနေသည်။ “ရှင့်ရဲ့နှုတ်ခမ်းက သိပ်ကို ချိုမြနေတာပါပဲလား။ လွန်ခဲ့တဲ့နှစ်၂ဝကသာ ကျမတို့တွေ့ခဲ့ကြမယ်ဆို ရင် ကျမ သူနဲ့လိုက်ပြေးဖြစ်ခဲ့မှာမဟုတ်ဘူး။”

ရယ်သံလွင်လွင်ဖြင့် သူမ ထွက်ပေါ်လာ၏။

နှစ်၂ဝ ကြာခဲ့ပြီဖြစ်သော်လည်း သူမ မအိုစာသေးပါ။ မျက်လုံးများက စွဲဆောင်မှုအပြည့်ရှိနေဆဲ... ပြုံးလိုက်တိုင်း… သွားများက ညီညီ ညာညာဖြင့် ဖြူဖွေးနေဆဲ... သူမ၏ ခါးမှာတော့...

တကယ်တန်းတော့သူမတွင် ခါးဟူ၍မရှိတော့ပြီ။ ခန္ဓာကိုယ်သည် ရေဘောလုံး တစ်လုံးကဲ့သို့ဖြစ်နေ၏။

လီဆွန်းဟွာ၏မျက်နှာပေးက  လောလောလတ်လတ် ကြက်ဥအလုံးလိုက် မျိုချထားခဲ့သူလိုဖြစ်သွားသည်။

“ဒီတစ်ယောက်က ချင်းဝေမယ်တဲ့လား...” သူ့မျက်လုံးများကိုပင်သူမယုံနိုင်။

ချင်းဝေသည် အနီရောင်အနွေးထည်ဝတ်ဆင်ထား၏။ သူမအသုံးပြုသော ရေမွှေးနံ့ကို အဝေးမှပင်ရနိုင်၏။

လီဆွန်းဟွာအား ကြာမူပါပါစိုက်ကြည့်ပြီး ချင်းဝေ နှုတ်ဆက်လိုက်သည်။ “သိပ်ကိုညှို့ဓာတ်ပြင်းတဲ့အရာရှိမင်းပါလား။ ရှင် ဒီလောက် တောင်ကျော်ကြားနေတာ မထူးဆန်းတော့ပါဘူး။ ရှင့်လိုနှစ်လိုဖွယ်ကောင်းတဲ့လူမျိုး ကျမမတွေ့ရတာနှစ် ၂ဝ ကျော်ခဲ့ပြီ။ လွန်ခဲ့တဲ့နှစ် ၂ဝလောက်တုန်းကတော့...”

သူမသည် စကားမဆက်ခင် သက်ပြင်းချလိုက်ပြန်၏။ “လွန်ခဲ့တဲ့နှစ်၂ဝ တုန်းကဆိုရင် ကျမဘဝဟာ အလွန်လှပခဲ့တာပေါ့။ သိုင်းလောက ရဲ့ လူငယ်လူရွယ် သူရဲကောင်းတွေ ကျမကိုတွေ့ဖို့လာခဲ့ကြတာမနည်းဘူး။ သူတို့ဟာ ကျမနဲ့တွေ့ဖို့.. ကျမနဲ့စကားလေးပြောရရင်တောင် နတ်ပြည်ရောက်နေကြတဲ့အတိုင်းပါပဲ။ ရှင် မယုံဘူးဆိုရင် သူ့ကိုမေးကြည့်ပါလား။”

စန့်ကွေ၏မျက်နှာပုတ်သိုးသွားခဲ့ပြီး စကားတခွန်းမှ မဟတော့ချေ။

လီဆွန်းဟွာသည် ချင်းဝေမယ်၏ လည်တိုင်နှင့် လည်ပင်းတစ်ဝိုက်မှ အဆီ အရစ်လိုက်အရစ်လိုက် အထပ်ကြီးများအား ငေးကြည့်နေမိပြီး စန့်ကွေအတွက် ကိုယ်ချင်းစာစိတ်များ တဖွားဖွားဖြစ်ပေါ်နေမိ၏။

ဤအဘိုးအို၏ နှစ်၂ဝ ကာလသည် မလှပခဲ့ကြောင်း သူတွေ့မြင်နေရလေသည်။

ချင်းဝေမယ်က သက်ပြင်းတစ်ခါထပ်ချလိုက်ပြန်သည်။ “ဒီနှစ်၂ဝ ကြာကာလဟာ ကျမအတွက်တော်တော့်ကို ကြမ်းတမ်းခဲ့ပါတယ်။ အခန်း ထဲမှာပဲနေနေခဲ့ရပြီး အပြင်ကိုတောင်မထွက်ရဲခဲ့ဘူး။ ဒီငတုံးနဲ့ လိုက်ပြေးခဲ့တဲ့အတွက် ကျမ နောင်တရလို့မဆုံးပါဘူး။”

စန့်ကွေသည်လည်းသက်ပြင်းချ၍ ရေရွတ်လိုက်သည်။ “နောင်တမရတဲ့လူကတော့ လိပ်ဥဖြစ်နေလို့ပဲဖြစ်ရမယ်။”

ချင်းဝေမယ်သည် ခြေတစ်ချက်ဆောင့်ချပြီး စိတ်ဆိုးစွာ ပြောဆိုလိုက်သည်။ “ရှင်ဘာပြောလိုက်တာလဲ။ ပြန်ပြောလိုက်စမ်း။ ကျမရဲ့သာ ယာလှပတဲ့ဘဝလေးကိုစွန့်ပြီး ရှင်နဲ့အတူတူ ဒီလိုအမှိုက်ပုံလိုနေရာမှာ နေနေရတာတွေ… ကျမလိုအလှဘုရင်မတစ်ယောက်ရဲ့ဘဝ ရှင်နှောင့်ယှက်ခဲ့လို့ ပျက်စီးခဲ့ရတာတွေ... ဒီလိုအချိန်မျိုးမှာမှ ရှင်ကနောင်တရမိတယ်... ဟုတ်လား။”

စန့်ကွေ၏နှာခေါင်းများနီရဲနေသော်လည်း သူနှုတ်ပိတ်နေနေလိုက်သည်။

ချင်းဝေမယ်က ဆက်ပြောလိုက်၏။ “အရာရှိမင်းတွမ့်ဟွာ... ဒီလူ့ဆီမှာ နှလုံးသားရှိသေးတယ်လို့ ရှင်ထင်သလား။ ဒီလိုအခြေအနေမျိုး ဖြစ်လာမယ်ဆိုတာသိခဲ့ရင် စောစောကတည်းက ကျမ သေသွားလိုက်ပါတယ်။”

သူမ၏မျက်တောင်များအား အတင်းလှုပ်ခတ်နေသော်လည်း မျက်ရည်တစ်စက်မျှ မကျလာခဲ့ချေ။

လီဆွန်းဟွာ ပြုံးလိုက်သည်။ “ခင်ဗျားမသေဘူးဆိုတော့ ကောင်းတာပေါ့ဗျာ။ မဟုတ်ရင် ကျုပ်လည်းနောင်တရနေရဦးမယ်။”

ချင်းဝေမယ်က ကျေနပ်စွာပြုံးလိုက်သည်။ “ရှင်ကကျမကို ဒီလောက်တောင်မှ တွေ့မြင်နေချင်တာလား...”

လီဆွန်းဟွာ ပြန်ဖြေလိုက်သည်။ “အဟုတ်ပေါ့.. ဒီလောက်ဝတဲ့ အလှဘုရင်မကို ကျုပ်ဘယ်နားသွားရှာရမှာလဲ။”

ချင်းဝေမယ်၏မျက်နှာ ညိုပုတ်သွား၏။ စန့်ကွေမှာတော့ အားရပါးရ ရယ်မောနေလေသည်။

လီဆွန်းဟွာ ဆက်ပြောလိုက်၏။ “တကယ်တမ်းတော့ ခင်ဗျားအတွက် ဒီ ရွှေချည်မျှင်ကိုယ်ကျပ်အင်္ကျီမလိုပါဘူး။ ဘာဖြစ်လို့လည်းဆို တော့ ခင်ဗျားကို နှစ်ပိုင်းဖြတ်လိုက်ရင်တောင် ဒီဝတ်စုံနဲ့မတော်သေးဘူး။”

ချင်းဝေမယ်သည် နှုတ်ခမ်းကိုဖိကိုက်ထားလိုက်သည်။ “ကြည့်ရတာ ရှင့်ကို မြန်မြန်မသတ်ဘဲထားရင်ကောင်းမယ်။”

သူမ၏ဆံပင်ထဲမှ အပ်ချောင်းသေးသေးလေးတစ်ချောင်း ထုတ်ယူလိုက်ပြီး လီဆွန်းဟွာထံ တစ်လှမ်းချင်း လျှောက်လာနေ၏။ လီဆွန်း ဟွာသည် ထိုင်ရာမှမရွေ့။ တုတ်တုတ်ပင်မလှုပ်။

စန့်ကွေ-“ငါတို့ဝတ်စုံကိုရထားပြီးပြီပဲ။ ဘာလို့သူ့ကိုအရေးစိုက်နေမှာလဲ... ကိုယ့်လမ်းကိုယ်သွားကြရင် မကောင်းဘူးလား။”

ချင်းဝေမယ်က ပြန်ပြောလိုက်သည်။ “ကျမအလုပ်ထဲ ရှင်ဝင်မရှုပ်ပါနဲ့။”

လီဆွန်းဟွာ တကယ်ပင်မလှုပ်ရှားနိုင်ပါ။ သူမအားငေးကြည့်နေရုံမှတစ်ပါး သူဘာမှမတတ်နိုင်ပါ။

လီဆွန်းဟွာ၏မျက်လုံးကို အပ်ဖျားထိုးဖောက်တော့မည့်ဆဲဆဲ ချင်းဝေမယ်အား စန့်ကွေ ရုတ်တရက် ကန်ထုတ်လိုက်၏။ သူမ၏ခန္ဓာကိုယ် မှာ ခေါင်မိုးပေါ်သို့ မြောက်တက်သွား၏။ ပြန်ကျလာသောအခါတွင်မူ ဖုတ်လှိုက်ဖုတ်လှိုက်နှင့် အသက်တစ်ဝက်သာ ကျန်ရှိတော့သည်။

လီဆွန်းဟွာက မယုံကြည်နိုင်စွာမေးလိုက်၏။ “ခင်ဗျား ကျုပ်အတွက်နဲ့သူ့ကို သတ်လိုက်တာလား။”

စန့်ကွေသည် စိတ်ဆိုးဒေါသမပြေသေးချေ။ “ဒီနှစ်၂ဝထဲမှာ ဒီမိန်းမရဲ့ စိတ်ကြီးမှု.. ရူးသွပ်မှုတွေ ငါခံစားခဲ့ရတာများပြီ။ သူ့ကို အခုမသတ် ဘဲထားလိုက်လိုက်ရင် နောက်နှစ်ဝက်လောက်ဆို ငါသေသွားလိမ့်မယ်။”

လီဆွန်းဟွာ-“ဒီလိုပဲ ခင်ဗျားဖြစ်ချင်ခဲ့တာနော်။ ဟုတ်တယ်မို့လား။ လွန်ခဲ့တဲ့ နှစ်၂ဝက အဖြစ်အပျက်ကို မမေ့ထားနဲ့ဦး။ အဲဒီတုန်းက လည်း...”

“ဒီမိန်းမကို ငါဖြားယောင်းသွေးဆောင်ခဲ့တယ်လို့ မင်းထင်နေလား။”

“ခင်ဗျား မလုပ်ခဲ့ဘူးလား...”

“ငါသူ့ကို စတွေ့တုန်းက ရန်တာ့ဟူရဲ့မိန်းမဖြစ်နေမှန်း လုံးဝမသိခဲ့ဘူး။ အဲဒါကြောင့် ငါ...”

သူသက်ပြင်းနှစ်ကြိမ်ခန့်ချလိုက်ပြီးမှ ဆက်ပြောနေပြန်၏။ “ဒီမိန်းမကိုယ်တိုင်က သူ့ကိုခေါ်သွားခိုင်းခဲ့တာ ဘယ်သူယုံမှာလဲ။ အဲဒီမှာတင် ရန်တာ့ဟူက ထိပ်တန်းသိုင်းသမား ၂ဝ လောက်စေလွှတ်ထားပြီးနေပြီ။ ထွက်မပြေးလို့ ငါဘာလုပ်ရမှာတုန်း။”

လီဆွန်းဟွာ-”အနည်းဆုံးတော့ သူ ခင်ဗျားကိုချစ်ပါတယ်။ မဟုတ်ရင် ခင်ဗျားနောက် ဘယ်လိုက်လာလိမ့်မတုန်း။”

“ငါ့ကိုချစ်တယ်... ဟင်းဟင်းဟင်းဟင်း...”

သူသည် ရယ်မောနေရာမှ အံကြိတ်ပြီးပြောဆိုလိုက်သည်။ “ငါ့ကိုအသုံးချခံလိုက်ရတယ်ဆိုတာ နောက်ကျမှပဲ သိရတော့တယ်။ သူ့ ယောက်ျား ကိစ္စတစ်ခုနဲ့ ခရီးထွက်သွားနေတုန်း မျက်နှာဖြူဖြူလူငယ်တစ်ယောက်နဲ့ သူ မျောက်မီးလင်းခဲ့တယ်။ အဲဒီလူနဲ့ သူကိုယ်ဝန် ရခဲ့ပြန်တယ်။ သူ့ယောက်ျားပြန်လာရင် သိမှာကြောက်လို့ သူတို့နှစ်ယောက် ထွက်ပြေးခဲ့ကြတယ်။”

လီဆွန်းဟွာ-“ဒီဇာတ်လမ်းမှာ ပြောစရာတွေအများကြီးကျန်နေသေးမယ့်ပုံပဲ။”

စန့်ကွေ-“ဘယ်သူမှထင်မထားတာက... အဲဒီကောင်လေးဟာ ဒီမိန်းမယူလာခဲ့တဲ့ ရတနာတွေကိုယူပြီး ထွက်ပြေးသွားခဲ့တာပဲ။ ယောက်ျား လည်းမရ.. ငွေလည်းဆုံး.. နောက်ဆုံးတော့ ငါ့ကိုပဲရသွားခဲ့တာပေါ့။”

“ခင်ဗျား ဒီအကြောင်းတွေကိုသိခဲ့သားနဲ့ ဘာဖြစ်လို့မရှင်းပြခဲ့တာလဲ။”

စန့်ကွေ ရယ်မောလိုက်၏။ “သူအရက်မူးပြီးပြောမှ ငါသိခဲ့ရတာ။ အဲဒီအချိန်မှာ အရမ်းနောက်ကျနေပြီ။ ငါရှင်းပြချင်ရင်တောင်မှ ရှင်းပြလို့ မဖြစ်နိုင်တော့ဘူး။”

“ဒါဆို အဲဒီကလေးကော...”

စန့်ကွေ နှုတ်ပိတ်နေလေသည်။

လီဆွန်းဟွာ သက်ပြင်းချလိုက်သည်။ “ဒီအကြောင်းတွေ ခင်ဗျားသိနေရဲ့သားနဲ့ ဘာဖြစ်လို့အခုမှ သူ့ကိုသတ်ချင်ရတာလဲ။”

စန့်ကွေ တစ်ခွန်းမှပြန်မဖြေပါ။

လီဆွန်းဟွာ-”ကျုပ်ကမကြာခင်မှာ သေတော့မယ့်လူတစ်ယောက်ပါ။ ကျုပ်ကို ပြောပြလို့လည်း ခင်ဗျားအတွက်ဘာမှမထူးပါဘူး။”

စန့်ကွေအချိန်အကြာကြီးစဉ်းစားနေ၏။ ပြီးနောက် အေးအေးဆေးဆေး ပြောပြလိုက်သည်။ “အရက်ဆိုင်ဖွင့်ထားတာရဲ့ ကောင်းကွက်လေး တစ်ကွက်ရှိတယ်။ စိတ်ဝင်စားစရာအကြောင်းအရာတွေအများကြီး လူတွေဆီကပြန်ကြားရတယ်။ အခုတစ်လော ဘာအကြောင်းအရာက စိတ်ဝင်စားစရာအကောင်းဆုံးဖြစ်နေလဲသိလား။”

လီဆွန်းဟွာ-”ကျုပ်မှာမှ အရက်ဆိုင်မရှိတာ...”

စန့်ကွေသည် တစ်စုံတစ်ယောက် ကြားသွားမည်ဆိုးသည့်အလား ပတ်ဝန်းကျင်အားလှည့်ပတ်ကြည့်နေလိုက်ပြီး တိုးညင်းစွာပြောဆိုလိုက် ၏။ “လွန်ခဲ့တဲ့နှစ်ပေါင်း ၃ဝ လောက်က ပြိုင်ဘက်ကင်း၊ 'ပန်းဘီလူး' ပြန်ထွက်ပေါ်လာတဲ့သတင်း မင်းကြားပြီးပြီလား။”

'ပန်းဘီလူး'ဆိုသောနာမည် ကြားလိုက်ရကတည်းက လီဆွန်းဟွာ အလွန်စိတ်ဝင်စားသွားမိသည်။

စန့်ကွေ-“ပန်းဘီလူး သိုင်းလောကမှာ သရဖူဆောင်းခဲ့စဉ်တုန်းက မင်းတောင်မှ ကလေးအရွယ်ပဲရှိဦးမယ်။ သူဘယ်လောက်စွမ်းသလဲ မင်း မသိနိုင်ပါဘူး။ ငါမင်းကိုတစ်ခုတော့ပြောလိုက်မယ်။ သူဘယ်သူဆိုတာ သိုင်းလောကမှာ သိတဲ့လူတစ်ယောက်မှ ခုချိန်ထိမရှိသေးဘူး။ အဲဒီအချိန်က နံပါတ် (၁) ဓားသမားဖြစ်ခဲ့တဲ့ ထင်းချန်းဂိုဏ်းချုပ် ဝူဝေတျန်တောင်မှ သူ့လက်ချက်နဲ့သေခဲ့ရသေးတာပဲ။”

“ဒီလူရဲ့လှုပ်ရှားမှုတွေက ပေါ်လာလိုက်ပျောက်သွားလိုက်နဲ့ သိပ်ကိုလျှို့ဝှက်လွန်းတယ်။ သူ့ကိုစိန်ခေါ်စာပို့လိုက်ပြီးနောက်တစ်ရက်ပဲ ဝူဝေတျန် အသတ်ခံလိုက်ရပြီ။”

စကားစပြတ်သွားပြီး မလုံမလဲဖြင့်ဘေးဘီတစ်ဝိုက် သူလျှောက်ကြည့်နေပြန်သည်။ ပန်းဘီလူး သူ့နောက်ကျောမှ ရုတ်တရက်ပေါ်ထွက် လာမည်ကို ကြောက်၍ထင့်။

သူ့နောက်၌ ဘယ်သူမှမရှိနေပါ။ ခေါင်မိုးပေါ်သို့ နှင်းကျနေသံများကိုပင် အတိုင်းသားကြားနေရ၏။ စန့်ကွေက စကားစပြန်ဆက်လိုက် သည်။ “သူ့ရင်ဘတ်မှာ မက်မုံပန်းပွင့်နဲ့ ပုံသဏ္ဌာန်တူတဲ့ဒဏ်ရာအပေါက်၅ဝ ရခဲ့ပြီးသေတယ်လို့သိရတယ်။ အပေါက်တိုင်းအပေါက်တိုင်း မှာ သေးငယ်တဲ့အပ်ရာလေးတွေပဲ ကျန်ခဲ့တယ်။ ဒီဒဏ်ရာပုံစံဟာ ပန်းဘီလူးရဲ့ လက်ချက်ဆိုတာ လူတိုင်းသိတယ်။ ဒါပေမဲ့ သူဘာလက် နက်သုံးခဲ့သလဲဆိုတာတော့ ဘယ်သူမှမသိဘူး။ ဘာဖြစ်လို့လည်းဆိုတော့ သူနဲ့တိုက်ခိုက်ခဲ့တဲ့လူတွေအားလုံး အသက်မရှိကြတော့လို့ပဲ။ လူတွေသိတာတစ်ခုကတော့ သူဟာ ယောက်ျားတစ်ယောက်ဆိုတာပဲ။”

စန့်ကွေက ဆက်ပြောနေပြန်သည်။ “ဘာဖြစ်လို့လည်းဆိုတော့ သူဟာ ရတနာပစ္စည်းတွေကို မက်မောရုံမကသေးဘူး။ မုဒိန်းကောင်တစ် ယောက်လည်းဖြစ်နေသေးလို့ပဲ။ သိုင်းလောကကလူတွေသူ့ကို သေလောက်အောင်မုန်းခဲ့ကြပေမယ့်လည်း ဘာမှပြန်မလုပ်နိုင်ခဲ့ကြဘူး။ သူ့ကိုရင်ဆိုင်မယ်လို့ ကြွေးကြော်ပြီးထွက် သွားခဲ့ကြသူတွေဟာ ၃ ရက်အတွင်းမှာပဲ တစ်ပုံစံထဲသောဒဏ်ရာနဲ့ သေဆုံးကုန်ခဲ့ကြတယ်။”

လီဆွန်းဟွာက စူးစမ်းလိုက်သည်။ “ဒါဆို သူ့လက်ချက်နဲ့သေတဲ့လူတိုင်းရဲ့ရင်ဘတ်မှာ ပန်းပွင့်ပုံစံ ဒဏ်ရာတွေချည်းပေါ့.. ဟုတ်လား။”

“ဟုတ်တယ်... ရင်ဘတ်ဆိုတာ ခန္ဓာကိုယ်တစ်ခုလုံးမှာ အလုံခြုံဆုံး ကာကွယ်လေ့ရှိတဲ့ နေရာမဟုတ်လား။ ပန်းဘီလူးကတော့ အမြဲတမ်း ရင်ဘတ်ကိုပဲ တိုက်ခိုက်တယ်။ ဘယ်သူ့ကိုမှ ဂရုမစိုက်သလို သူ့တိုက်ခိုက်မှုကို ဘယ်သူမှလည်း မရှောင်တိမ်းနိုင်ခဲ့ကြဘူး။”

လီဆွန်းဟွာ ရယ်မောလိုက်၏။ “ဒါကြောင့် ဒီရတနာဝတ်စုံကိုဝတ်ပြီး ခင်ဗျား သူ့ကိုရင်ဆိုင်မယ်ဆိုပါတော့... သူ့ကိုအမိဖမ်းနိုင်ရင် ခင်ဗျား ရဲ့ ဂုဏ်သိက္ခာ ပြန်ပြီးအဖတ်ဆယ်လို့ရပြီပေါ့။ လူတိုင်းက ခင်ဗျားကိုကျေးဇူးတင်နေကြလိမ့်မယ်။ ဘယ်သူမှ ခင်ဗျားရဲ့ အတိတ်ကအ ကြောင်းတွေ ပြန်ပြောကြမှာ မဟုတ်တော့ဘူး။ ခင်ဗျားလည်း တစ်ဟုန်ထိုးနာမည်ကြီးသွားလိမ့်မယ်။”

စန့်ကွေ၏မျက်လုံးများ အရောင်တစ်လက်လက်တောက်ပလာကြ၏။ “ရင်ဘတ်နေရာကိုအဓိကထားပြီးတိုက်ခိုက်တဲ့ သူ့ရဲ့ပထမဆုံး အကွက်ကို ကာကွယ်နိုင်ပြီဆိုရင် သူ့ကိုနိုင်ဖို့ မခဲယဉ်းတော့ဘူး။”

သူ၏မျက်နှာ၌ ကျေနပ်မှုများအပြည့်ဖြစ်ပေါ်လာလေသည်။ “သူရဲ့ပထမဆုံး တိုက်ကွက်က ဘယ်တုန်းကမှမလွဲခဲ့ဖူးဘူးဆိုတော့ နောက် ထပ်တိုက်ကွက်တွေအတွက် သူစိတ်ပူမှာမဟုတ်တော့ဘူး။ ဒါဟာသူ့ရဲ့ ပျော့ကွက်တစ်ခုဖြစ်လာနိုင်တယ်။”

လီဆွန်းဟွာ-”အကျိုးအကြောင်းဆီလျော်ပြီး ယုတ္တိတန်တဲ့ စဉ်းစားမှုပါပဲ။”

စန့်ကွေသည် သဘောကျစွာရယ်မောလိုက်၏။ “ယုတ္တိရှိလွန်းလို့ ဒီရတနာဝတ်စုံနောက်ကို လူတွေဒီလောက်လိုက်နေကြတာပေါ့။”

လီဆွန်းဟွာ-”ခင်ဗျားပဲဇာတ်မြှုပ်နေခဲ့တာ နှစ်၂ဝကျော်တောင် ရှိနေပြီ။ ဘာဖြစ် လို့ သိုင်းလောကထဲပြန်ဝင်ချင်ရတာလဲ...”


အခန်း (၃) မှတ်စု

ရှန်လန်း- စင်းလုံဟု နေလင်းအောင် ဘာသာပြန်၏။


ဝမ်လင်ဟွာ- ဝမ်လင်ဝါးဟု နေလင်းအောင် ဘာသာပြန်၏။


မူရင်းစာအုပ်အမည်မှာ ဝူးလင်ဝေ့ရှီ ဖြစ်သည်။


မြန်မာဘာသာပြန်- ဖြေရာမဲ့သိုင်းရဲ့ကမ္ဘာ။ (ဦး)နေလင်းအောင် ဘာသာပြန်။ ၁ဝ အုပ်တွဲ။

0 comments:

Post a Comment