Thursday, December 23, 2010

(၂) ပင်လယ်ထဲကမိတ်ဆွေကောင်း

လူငယ်ဝယ်လာသော အရက်များ မြင်းလှည်းထဲသို့ ရောက်လာ၏။ လူငယ် သည် အရက်တစ်ခွက်ပြီးတစ်ခွက် နှစ်ခြိုက်စွာ သောက်နေ ၏။ လီဆွန်းဟွာ သူ့ကို ကျေနပ်စွာကြည့်နေမိသည်။ လူတွေကို စိတ်ဝင်စားသော အလေ့အထ သူ့ထံတွင် မရှိပါ။ ဤလူငယ်ကိုတော့ သူ အလွန်စိတ်ဝင်စားမိနေ၏။

လူငယ်က အရက်အိုးကိုချအပြီး လီဆွန်းဟွာအား မေးလိုက်၏။ “အရက်သောက်ဖို့အတွက်များ ဘာဖြစ်လို့ မြင်းလှည်းဆီ ခေါ်လာတာရလဲ။”

လီဆွန်းဟွာ ပြုံးလိုက်၏။ “ဘာလို့လဲဆိုတော့ အဲဒီတည်းခိုခန်းက ကျုပ်တို့ ကြာကြာမနေသင့်တဲ့ နေရာမို့လို့ပဲပေါ့ကွာ။”

“ဘာကြောင့်လဲ...”

လီဆွန်းဟွာက ပြန်ဖြေလိုက်သည်။ “ဘယ်သူပဲဖြစ်ဖြစ် လူသတ်ပြီးပြီ ဆိုရင် ပြဿနာ အနည်းနဲ့အများတော့ တက်မှာပဲ။ လူသတ်ဖို့ကျုပ် ဝန်မလေးပေမဲ့ ပြဿနာ တက်လာမှာကိုတော့ မလိုချင်ဘူး။”


လူငယ်က ခဏကြာစဉ်းစားနေပြီး နောက်ထပ် အရက်ဆက်မော့နေပြန်၏။ အရက်သောက်နေသူ လူငယ်အား လီဆွန်းဟွာ ကျေနပ်စွာ ပြုံးပြီး ကြည့်နေမိလေသည်။

ခဏအကြာတွင် လူငယ်က သက်ပြင်းချပြီး ပြောဆိုလိုက်သည်။ “လူသတ်တာ ပျော်စရာလုံးဝမကောင်းဘူး။ ဒါပေမဲ့ လောကကြီးထဲမှာ တချို့လူတွေကို သတ်ကို သတ်သင့်တယ်။ ဒါကြောင့်ကျနော် လူဆက်သတ်နေရဦးမှာပဲ။”

လီဆွန်းဟွာ ပြုံးလိုက်မိ၏။ ပြီးနောက် မေးမြန်းလိုက်သည်။ “မင်းသူ့ကို တကယ်ပဲ ငွေသား ၅ဝ အတွက် သတ်လိုက်တာလား။”

Wednesday, December 22, 2010

(၁) ဓားပျံနှင့်လျင်မြန်သောဓား

တိုက်ခတ်လာသောလေက ပထဝီမြေကြီးနှင့် လူသားတို့အား ဓားသွားထက်ထက်ဖြင့် လှီးဖြတ်လိုက်သကဲ့သို့ အေးစက်ထက်မြည့်လှ၏။

မိုင်ပေါင်းများစွာ တိုက်ခတ်လာသော နှင်းမုန်တိုင်းကြောင့် ဝန်းကျင်တစ်ခုလုံး ငွေရောင်တောက်ပစွာ ဖြူဖွေးနေလေသည်။

အလွန်အေးသော နှင်းမုန်တိုင်းထဲ၌ မြင်းလှည်းတစ်စီး မြောက်အရပ်မှ ထွက် ပေါ်လာ၏။ မြေကြီးပေါ်မှနှင်းများအား လှည်းဘီးများက နင်းခြေသွားနိုင်သော် လည်း အထီးကျန်ဆန်မှုအား မနင်းခြေဖျက်သွားနိုင်ပါ။

ခြေဆန့်လိုက်ပြီး လီဆွန်းဟွာ ဟားသမ်းလိုက်သည်။ မြင်းလှည်းထဲ၌ နေသာထိုင်သာ ရှိသော်လည်း ဤခရီးကား အလွန်ရှည်လျားပြီး အထီးကျန်ဆန်လှပါ၏။

ခရီးပမ်းရုံမက ယားကျိကျိဒဏ်ကိုပါ သူခံစားနေရသည်။ အထီးကျန်ဆန်မှု ဆိုသည်မှာ သူ့ဘဝတွင် အကြီးမားဆုံး အနှောင့်အယှက် အဖြစ် ခံစားမိသလို ဤ အထီးကျန်ဆန်မှုကပင် သူ့အား အဖော်ပြုနေသည်မဟုတ်ပါလော...