မိုင်ပေါင်းများစွာ တိုက်ခတ်လာသော နှင်းမုန်တိုင်းကြောင့် ဝန်းကျင်တစ်ခုလုံး ငွေရောင်တောက်ပစွာ ဖြူဖွေးနေလေသည်။
အလွန်အေးသော နှင်းမုန်တိုင်းထဲ၌ မြင်းလှည်းတစ်စီး မြောက်အရပ်မှ ထွက် ပေါ်လာ၏။ မြေကြီးပေါ်မှနှင်းများအား လှည်းဘီးများက နင်းခြေသွားနိုင်သော် လည်း အထီးကျန်ဆန်မှုအား မနင်းခြေဖျက်သွားနိုင်ပါ။
ခြေဆန့်လိုက်ပြီး လီဆွန်းဟွာ ဟားသမ်းလိုက်သည်။ မြင်းလှည်းထဲ၌ နေသာထိုင်သာ ရှိသော်လည်း ဤခရီးကား အလွန်ရှည်လျားပြီး အထီးကျန်ဆန်လှပါ၏။
ခရီးပမ်းရုံမက ယားကျိကျိဒဏ်ကိုပါ သူခံစားနေရသည်။ အထီးကျန်ဆန်မှု ဆိုသည်မှာ သူ့ဘဝတွင် အကြီးမားဆုံး အနှောင့်အယှက် အဖြစ် ခံစားမိသလို ဤ အထီးကျန်ဆန်မှုကပင် သူ့အား အဖော်ပြုနေသည်မဟုတ်ပါလော...
လူတစ်ယောက်၏ဘဝတွင် ဥပက္ခာပြုခံရမှုများ အမြဲတမ်းလိုလို ကြုံတွေ့နေရသော်လည်း မည်သူတစ်ဦးတစ်ယောက်မျှ ဤအရာအား မကူညီနိုင်ကြပါ။
လီဆွန်းဟွာ သက်ပြင်းချလိုက်ပြီး အရက်ပုလင်းကို ဆွဲထုတ်လိုက်သည်။ အရက်တစ်ငုံမော့အပြီး၌ သူ ချောင်းတဟွတ်ဟွတ် ဆိုးနေလေပြီ။ အဆက်မပြတ် ချောင်းဆိုးနေခြင်းကြောင့် သူ့မျက်နှာမှာ ဖြူဖတ်ဖြူရော်ဖြင့် လူမမာကဲ့သို့ ဖြစ်နေ၏။ သူ့တစ်ကိုယ်လုံး ငရဲပြည်မှငရဲမီးများ လောင်ကျွမ်းထားလေသလော...
အရက်ပုလင်း ကုန်သွား၏။ ပေါက်ဓားသေးသေးလေး ထုတ်ယူပြီး သစ်သား ပန်းပုရုပ်ကလေးတစ်ခု သူ စတင်ထွင်းထုနေလေသည်။ ပေါက်ဓားလေးသည် ပါးလွှာပြီး ထက်မြည့်လှသလို သူ့လက်ချောင်းများက ရှည်လျားပြီး သန်မာလှ၏။
ပန်းပုရုပ်ကလေးသည် အမျိုးသမီးတစ်ယောက်၏ ပုံတူဖြစ်သည်။ အလွန်လှပပြီး နွေးထွေးသော ပုံတူဖြစ်၏။ သူ၏ကျွမ်းကျင်စွာ ထုဆစ် မှုကြောင့် ပန်းပုရုပ်ကလေးမှာ အသက်ဝင်လှုပ်ရှားလာသလိုပင်။
သူမ၏ပုံတူအား ကြွရွလှပစွာ ထုဆစ်ပေးထားရုံမျှမက အသက်ရှင်သန်မှုကိုပင် သူ့ဘက်မှ ပေးဆပ်ထားသကဲ့သို့ပင်။ အဘယ်ကြောင့် ဆိုသော် သူ့ဘဝနှင့် သူ့ ဝိဉာဉ်သည်ပင်လျှင် သူထုဆစ်နေသော ဓားဖျားအောက်၌ တရွေ့ရွေ့မှေးမှိန် ပျောက်ကွယ်နေသောကြောင့် ပင်ဖြစ်၏။
သူ့အသက် မငယ်တော့ပါ။
မျက်လုံးထောင့်များ၏ မျက်ရစ်များ တွန့်စပြုနေပြီ။ ထိုမျက်ရစ် အတွန့်တစ်ခုတိုင်းတွင် သူ့ဘဝ၏ ဝမ်းနည်းကြေကွဲမှုများ မြှုပ်နှံထား လေသည်။ သူ့မျက်လုံးများကသာလျှင် နုပျိုမှုကို ဖော်ပြနေ၏။
အလွန်ထူးဆန်းသော မျက်လုံးတစ်စုံပင်။ ခပ်စိမ်းစိမ်း ကြည်လဲ့နေ၏။ မိုးမခ ရွက်ကြွေများပေါ်သို့ ညင်းသဲ့သဲ့ တိုက်ခတ်လာသော နွေဦး၏လေပြည်ကဲ့သို့ နွေးထွေးပျော့ပျောင်းနေ၏။ တဖန်... နွေရာသီ၏နေရောင်အောက်၌ရပ်တည်နေသော ပင်လယ်ရေပြင်ကဲ့သို့ အားမာန်ပြည့်ဝလှ၏။
ဤမျက်လုံးတစ်စုံကြောင့်ပင် ယနေ့ထိ သူရှင်သန်နေသေးသည်ဟု ဆိုနိုင်ပေသည်။
သစ်သားပန်းပုရုပ်ကလေး ထုဆစ်၍ပြီးသွားပြီ။ ပန်းပုရုပ်ကလေးအား အချိန်မည်မျှကြာသည်မသိ... သူ တစိမ့်စိမ့် ငေးကြည့်နေမိသည်။ ပြီးနောက် မြင်းလှည်း တံခါးဖွင့်ကာ ခုန်ထွက်လိုက်သည်။
မြင်းများအား မြင်းလှည်းမောင်းသမားက ချက်ချင်းဆွဲရပ်လိုက်သည်။
မြင်းလှည်းမောင်းသမား၏ မျက်လုံးများမှာ သိမ်းငှက်တစ်ကောင်၏ မျက်လုံးများကဲ့သို့ စူးရှနေ၏။ သို့ရာတွင် လီဆွန်းဟွာကို ကြည့်လိုက်သော ထိုမျက်လုံးများသည် သစ္စာစောင့်သိပြီး ကိုယ်ချင်းစာစိတ်အပြည့်ရှိသော အကြည့်များအဖြစ် နွေးထွေးစွာ ရုတ်တရက် ပြောင်းလဲသွားလေသည်။
လီဆွန်းဟွာသည် မြေကြီးပေါ်၌ ကျွင်းတစ်ကျွင်းတူးလိုက်ပြီး သူထုဆစ်ပြီး သွားသော ပန်းပုရုပ်ကလေးအား မြှုပ်နှံလိုက်သည်။ ထို့နောက် ပန်းပုရုပ်ကလေး မြှုပ်နှံထားခဲ့သော နှင်းပုံကို ငေးစိုက်ကြည့်နေလေသည်။
သူ့လက်ချောင်းများက သွေးခဲ၍ထုံကျဉ်နေပေပြီ။ အေးလှသောကြောင့် မျက်နှာလည်း ပါးပါးနီနေပြီ။ နှင်းပွင့်နှင်းဖတ်များက သူ့ တစ်ကိုယ်လုံး ဖုံးအုပ်လျက်ရှိနေ၏။ သို့ရာတွင် အအေးဒဏ်ကို သူမခံစားရပါ။ နှင်းပုံထဲမှ မြှုပ်နှံထားသောအရာသည် သူ့ဘဝတွင် အလွန်အရေးပါအရာရောက်သူ တစ်ဦးကဲ့သို့ပင်။ 'သူမ' ကိုမြှုပ်နှံခဲ့ပြီးသည့်နောက် သူ့ဘဝတစ်ခုလုံး ဟာလာဟင်းလင်းကြီး ဖြစ်သွား လေတော့သည်။
အများအမြင်တွင်တော့ ထူးဆန်းချင်ထူးဆန်းနေပေလိမ့်မည်။ သို့သော် မြင်းလှည်းမောင်းသမားအဖို့ မထူးဆန်းတော့ပါ။ ''မှောင်တော့ မယ်။ ကျနော်တို့ ခရီးအဝေးကြီးလည်း ဆက်သွားရဦးမယ်။ လှည်းပေါ်ကို ကျေးဇူးပြုပြီး ပြန်တက်ပါတော့ သခင်လေး။''
လီဆွန်းဟွာ လှည့်လိုက်သောအခါ မြင်းလှည်းဘေး၌ ခြေရာတစ်စုံကို တွေ့လိုက်ရသည်။ ဝေးကွာလှသော မြောက်အရပ်မှလာသော ခြေရာဖြစ်ပြီး တစ်ဦးတည်း၏ခြေရာလည်းဖြစ်၏။ ခြေရာများ ခပ်နက်နက် ဖြစ်နေခြင်းက ထိုသူသည် ဝေးကွာလှသောခရီးကို ပင်ပင် ပန်းပန်း လျှောက်လှမ်းခဲ့ပြီးဖြစ်ကြောင်း ပြသနေပြီး ရပ်နားမည့်ဟန်မရှိ။
လီဆွန်းဟွာ သက်ပြင်းချလိုက်၏။ ''ဒီလောက်ဆိုးရွားလှတဲ့ ရာသီဥတုကြီးထဲမှာ လူတစ်ယောက် ခရီးသွားနေလိမ့်မယ်ဆိုတာ မယုံနိုင် စရာဘဲ။ သူဟာ အထီးကျန်ဆန်ပြီး အလွန်ဝမ်းနည်းဖို့ကောင်းတဲ့ လူတစ်ယောက်လို့ ကျုပ်ထင်တယ်။''
မြင်းလှည်းမောင်းသမားက ဘာမျှပြန်မပြောလိုက်ပါ။ သို့ရာတွင် ရင်ထဲ၌- ''သခင်လေးကော ဘာထူးလို့လဲ။ ကိုယ်ကိုယ်တိုင်ကော အလွန်အထီးကျန်ဆန်ပြီး ဝမ်းနည်းဖို့ကောင်းတဲ့လူတစ်ယောက် မဟုတ်ဘူးလား။ သူများအတွက်တော့ စိုးရိမ်ပူပန်ပေးနေတယ်။ ကိုယ့်ကိုကိုယ်ကျတော့ ဘာလို့မေ့ထားရတာလဲ။''
မြင်းလှည်းထဲ၌ ထင်းရှူးကိုင်းဖြတ်များကျန်ရှိနေသေးသည်။ လီဆွန်းဟွာ သစ်သားပန်းပုကလေး ဆက်လက်ပြီးထုဆစ်နေပြန်၏။ လူတစ်ယောက်တည်း၏ပုံတူကို အဖန်များစွာ ထုဆစ်နေခြင်းကြောင့် သူ၏ပန်းပုထုဆစ်ခြင်းပညာမှာ အလွန် ကျွမ်းကျင်နေလေတော့ သည်။
ထိုတစ်စုံတစ်ယောက်သည် သူ့နှလုံးသားအားဖမ်းစားထားရုံမက သူ့ခန္ဓာကိုယ် တစ်ခုလုံးအား သိမ်းပိုက်ထားလေသည်။
နှင်းမုန်တိုင်းရပ်စဲသွားလေပြီ။ အအေးဓာတ်ပြင်းထန်လာရုံမက အထီးကျန်ဆန်မှုကပါ ထူထပ်သိပ်သည်းလာလေ၏။ အဆိုးထဲမှ အကောင်းဟုပင်ဆိုရမလား... ခြေသံသဲ့သဲ့တစ်စုံ လေအေးနှင့်အတူ ရွေ့လျားလာသည်။
ထိုခြေသံမှာ မြင်းခွာသံတို့ထက် ပို၍တိုးညင်းသော်လည်း လီဆွန်းဟွာရှာဖွေနေသော ခြေသံပင်။ မည်မျှတိုးညင်းသည်ဆိုသော်လည်း သူ့အကြားအာရုံမှ လွတ်မြောက်မသွားနိုင်ပါ။
မြင်းလှည်းကိုဖုံးအုပ်ထားသော အဝတ်စအားဖယ်ကြည့်လိုက်သောအခါ လှည်းရှေ့တွင်အထီးကျန်ဆန်စွာ လမ်းလျှောက်နေသူ တစ်ယောက်၏အရိပ်ကို တွေ့လိုက်ရ၏။
ထိုသူသည် ဖြည်းဖြည်းလေး လမ်းလျှောက်နေ၏။ ဒါပေမဲ့ မရပ်နားပါ။ မြင်းခွာသံများကြားသော်လည်း နောက်သို့လှည့်ကြည့်ခြင်းမရှိ။ ထိုသူ့ကိုယ်ပေါ်၌ ဆောင်းစရာဆို၍ ခမောက်တစ်လုံးပင်မပါ။ မျက်နှာနှင့် လည်ပင်းပေါ်သို့ နှင်းဖတ်များအရည်ပျော်ကျနေ၏။ သူ့ကိုယ်ပေါ်၌ ဝတ်စုံပါးလေးတစ်ထည်သာ ဝတ်ဆင်ထားလေသည်။
နှင်းဒဏ်... အအေးဒဏ်... မောပန်းမှုဒဏ်... ဆာလောင်မှုဒဏ်... မည်သည့်အရာမျှ သူမမှု။ သံမဏိဖြင့်ထုဆစ်ထားသည့်အလား... မားမားမတ်မတ် ဝင့်ထည်စွာ လမ်းလျှောက်နေ၏။
မြင်းလှည်းဖြတ်ကျော်သွားသောအခါမှ ထိုသူ့မျက်နှာကို လီဆွန်းဟွာ တွေ့လိုက်ရသည်။
မျက်ခုံးမွှေးထူထူ... မျက်လုံးမျက်အိမ်ကြီးကြီး... ပါးလျသောနှုတ်ခမ်းနှင့် ဖြောင့်စင်းသောနှာတံပေါ်ပေါ်တို့ကြောင့် သူ့မျက်နှာပေါက်မှာ သွယ်လျသလိုရှိ၏။
ဤမျက်နှာပေါက်မျိုးသည် ပန်းအိုးထဲမှ ကျောက်စရစ်ခဲများကဲ့သို့ မာကျော ကျစ်လျစ် အေးစက်ပြီး မည်သည့်အရာကိုမျှ ထီမထင်ဟန် ရှိသည်။
ငယ်ငယ်ရွယ်ရွယ် မရင့်ကျက်သေးပေမဲ့ လီဆွန်းဟွာ တွေ့ဖူးသမျှ ယောက်ျား ဆန်ဆန်အချောဆုံး... သံလိုက်ဓာတ်ကဲ့သို့ ဆွဲငင်အား အပြည့်ရှိသော မျက်နှာပေါက်မျိုးလည်းဖြစ်၏။
လီဆွန်းဟွာ၏ မျက်လုံးများ ပြုံးလာကြသည်။ မြင်းလှည်းတံခါးအား ဆွဲဖွင့်လိုက်ရင်း-''လှည်းပေါ်ကို တက်လာပါလား။ ကျုပ် မင်းရဲ့ ခရီးတစ်ထောက်အထိ လိုက်ပို့ပေးပါရစေ။''
လီဆွန်းဟွာ၏ ဖိတ်ခေါ်စကားသည် တိုတိုရှင်းရှင်း... ခွန်အားအပြည့်ဖြင့် ဖြစ်သည်။ ဤရာသီဥတုမျိုးတွင် ဤဖိတ်ခေါ်မှုမျိုးအား မည်သူမျှငြင်းဆန်မည် မဟုတ်ပါ။
ထိုလူငယ်သည် လှည့်ကြည့်ခြင်းမရှိ။ ခြေလှမ်းများ ရပ်တန့်သွားခြင်းမရှိ။ ဘာမှမကြားလိုက်သည့်အလား ဆက်လျှောက်နေ၏။
လီဆွန်းဟွာက ထပ်မေးလိုက်သည်။ ''မင်း နားကန်းနေလား။''
လူငယ်၏လက်သည် ခါး၌ချိတ်ထားသောဓားကို ရုတ်တရက် ဆုပ်ကိုင်လိုက်လေသည်။ လက်များကအေးခဲနေသော်လည်း သူ့လှုပ်ရှားမှု က လျင်မြန်သွက်လက်နေဆဲ...
လီဆွန်းဟွာက ပြုံးပြီးပြောလိုက်သည်။ ''မင်းနားမကြားတာ မဟုတ်ဘူးလို့ ကျုပ်ထင်တယ်။ အရက်သောက်ရအောင် လှည်းပေါ်ကို ဖိတ်ခေါ်ပါတယ်။ အရက်တစ်ငုံအတွက် ဘယ်သူ့မှ မထိခိုက်လောက်ပါဘူး။''
လူငယ်က ချက်ချင်းတုံ့ပြန်လိုက်သည်။ “ကျနော် မတတ်နိုင်ဘူး။”
လီဆွန်းဟွာ၏ မျက်ရစ်အတွန့်များပင် ပြုံးသွားသယောင် ထင်မှတ်ရ၏။ လီဆွန်းဟွာ မပြုံးပါ။ ''ကျုပ်မင်းကို အရက်သောက်ဖို့ ဖိတ်ခေါ် တာပါ။ အရက်ရောင်းနေတာ မဟုတ်ပါဘူး။''
လူငယ်က ပြန်လည်ချေပလိုက်၏။ ''ကျနော့်ပိုက်ဆံနဲ့ဝယ်ထားတဲ့အရာ မဟုတ်ရင် ကျနော်မယူဘူး။ ကိုယ့်ပိုက်ဆံနဲ့ဝယ်တဲ့ အရက် မဟုတ်တဲ့အတွက် ကျနော်မသောက်ဘူး။ ကျနော်ပြောတာရှင်းပါတယ်နော်။''
''လုံလုံလောက်လောက်ကြီးကို ရှင်းပါတယ်။''
''ကောင်းတယ်။ ခင်ဗျားသွားနိုင်ပြီ။''
လီဆွန်းဟွာ ခဏမျှစဉ်းစားနေ၏။ ပြီးနောက် ချက်ချင်းပြန်လည်ပြုံးပြပြီး ပြောလိုက်သည်။ ''ကောင်းပြီလေ။ ဒါဆိုရင် ကျုပ်သွားပြီ။ ဒါပေမယ့် မင်းအရက် ဝယ်နိုင်တဲ့အခါကျတော့ရော… ကျုပ်ကိုဖိတ်မှာလား။''
လူငယ်က သူ့အား အတော်ကြာကြာလေး စိုက်ကြည့်နေပြီးနောက်မှ ပြန်ဖြေလိုက်သည်။ ''ကျနော် ခင်ဗျားကို ဖိတ်ခေါ်ပါ့မယ်။''
မြင်းလှည်းနှင့်အတူ လီဆွန်းဟွာ၏ သဘောကျစွာ ရယ်မောလိုက်သောအသံ ပျံ့လွင့်သွား၏။ လူငယ်၏မြင်ကွင်းက ပျောက်သွားသော အခါ လီဆွန်းဟွာက သဘောကျစွာ မေးလိုက်၏။ ''ဒီလောက် ထူးဆန်းတဲ့လူငယ်ကို ခင်ဗျားတွေ့ဖူးလား။ ဒီချာတိတ် ဉာဏ်ရှိတဲ့လူလို့ ကျုပ်ထင်တယ်။ သူ့စကားတွေက အပြစ်ကင်းစင်နေသလောက် အမှန်တွေချည်းပဲ။''
မြင်းလှည်းမောင်းသမားက ပြန်ပြောလိုက်၏။ ''စိတ်ဓာတ်ခိုင်မာပြတ်သားတဲ့ ချာတိတ်တစ်ယောက်ပါ။ ဒါပါပဲ။''
လီဆွန်းဟွာက ထပ်မေးလိုက်သည်။ ''သူ့ခါးက ဓားကော တွေ့လိုက်မိသေးလား။''
မြင်းလှည်းမောင်းသမားသည် ပြုံးချင်သလိုဖြစ်သွားပြီး ပြန်ဖြေလိုက်သည်။ ''အဲဒါကို ဓားတစ်လက်လို့ ယူဆလို့ရပါ့မလား။''
တကယ်တန်းပြောရလျှင် ထိုအရာကို ဓားတစ်လက်ဟု မယူဆနိုင်ပါ။ ထိုအရာမှာ ၁မီတာရှည်သော သံထည်တစ်ခုသာဖြစ်၏။ ဓားတစ် လက်ကဲ့သို့ ချွန်မြသော ထိပ်ဖျားမရှိ။ ဓားအိမ်မရှိ။ လက်ကိုင်နေရာတွင် သစ်သားစနှစ်ခု သံထည်တွင်းသို့ ဆို့သွင်းကပ်ထားသော... ဓားနှင့်ဆင်ဆင်တူသော သံထည်တစ်ခုသာဖြစ်၏။
မြင်းလှည်းမောင်းသမားက ပြုံးပြီးဆက်ပြောနေ၏။ ''ကျနော့်အမြင်မှာတော့ အဲဒါဟာ ကလေးကစားစရာပါပဲ။''
လီဆွန်းဟွာ မပြုံးနေတော့ပါ။ သက်ပြင်းချပြီး ပြောဆိုလိုက်၏။ ''ကျုပ်အမြင်မှာတော့ ဒီကလေးကစားစရာဟာ တော်တော့်ကို ကြောက်ဖို့ကောင်းတယ်။ အဲ့ဒါနဲ့ မကစားတာ အကောင်းဆုံးဘဲ။''
*****
ဤမြို့လေးရှိ တည်းခိုခန်းမှာ မကြီးပါ။ သို့ရာတွင် ရာသီဥတုဆိုရွားနေသောကြောင့် လူအများဖြင့် ပြည့်ကြပ်နေ၏။
တည်းခိုဆောင်ဝင်းအတွင်းတွင် အာမခံဌာနမှ လှည်းအလွတ်များစွာရှိနေ၏။ အရှေ့ဘက်တွင် စိုက်ထူထားသော အာမခံဌာနမှအလံမှာ လေတိုးပြီး ဖလပ်.. ဖလပ်... ဖြစ်နေသောကြောင့် အလံပေါ်တွင်ရေးဆွဲထားသောအရုပ်မှာ ကျားရုပ်မှန်း... ခြင်္သေ့ရုပ်မှန်း ခွဲခြား၍ မရအောင်ဖြစ်နေသည်။
တည်းခိုဆောင်လေး၏ စားသောက်ခန်းတွင်းသို့ သိုးသားရေအနွေးထည် ဝတ်ထားသော လူထွားကြီးတစ်ယောက် ဝင်လိုက်ထွက်လိုက် လုပ်နေသည်။ အရက်သောက်အပြီး အအေးဒဏ်အား မမှုသည့်အလား အနွေးထည်ကို ချွတ်လိုက်ပြန်သည်။
လီဆွန်းဟွာ ရောက်ရှိလာသောအခါ စားသောက်ဆိုင်တွင်း၌ နေရာလွတ် မရှိတော့ပေ။ သူစိတ်မပူပါ။ လောကကြီးတွင် ငွေပေးတိုင်း ရချင်မှရသည့် အရာများ ရှိနေ၏။ စိတ်ရှည်ရှည်ထားစောင့်ပြီးက လွတ်သွားသော ထောင့်တစ်နေရာတွင် ဝင်ထိုင်လိုက်ပြီး အရက်အချို့ မှာယူကာ ဖြည်းဖြည်းချင်း သောက်နေလိုက်သည်။
သူအမြန်မသောက်ပါ။ သို့ရာတွင် နေ့ညများစွာ မရပ်မနားဘဲ သူသောက်နိုင်၏။ ဆက်တိုက်သောက်သည်... ဆက်တိုက်ချောင်းဆိုးနေ ၏။
ညမှောင်စပြုလာလေပြီ။
မြင်းလှည်းမောင်းသမား ပြန်ဝင်လာပြီး သူ့နောက်နား၌ရပ်လျက်-''တောင်ဘက်ကအခန်း လွတ်သွားပြီ။ သန့်ရှင်းရေးလုပ်ပြီးတာနဲ့ သခင်လေး သွားနားနေလို့ရပါပြီ။''
လီဆွန်းဟွာ ခေါင်းညိတ်ပြလိုက်သည်။ အတန်ကြာမှ မြင်းလှည်းမောင်းသမားက ရုတ်တရက် ဖြည့်စွက်ပြောလိုက်၏။ ''ရွှေခြင်္သေ့အာမခံ ဌာနကလူတွေ ရောက်နေတယ်။ ကြည့်ရတာ နယ်ခြားက ပစ္စည်းတစ်ခုခု သယ်လာခဲ့ကြပုံပဲ။''
လီဆွန်းဟွာက မေးလိုက်သည်။ ''ဟုတ်လား... ခေါင်းဆောင်ဘယ်သူလဲ။''
မြင်းလှည်းမောင်းသမားက ပြန်ဖြေလိုက်သည်။ ''လေမြန်ဓား ကျုကျဲလိ။''
လီဆွန်းဟွာ၏ မျက်ခုံးများမြင့်တက်သွားခဲ့ရသည်။ သူ ရယ်သွမ်းသွေးလျက် ရေရွတ်လိုက်လေသည်။ ''ဒီပုတ္တာကြီးအခုထိ ရှိနေတုန်း ကိုး... မဆိုးဘူးဘဲ။''
သူ့အနောက်မှ မြင်းလှည်းမောင်းသမားအား စကားပြောနေသော်လည်း မျက်လုံးများကမူ ဝင်ပေါက်တံခါးက တစ်စုံတစ်ယောက် လာနိုးနိုးဖြင့် မျှော်နေလေသည်။
မြင်းလှည်းမောင်းသမားက ပြောဆိုလိုက်သည်။ ''ဒီချာတိတ် လမ်းအမြန် လျှောက်နေတာမှ မဟုတ်ပဲ။ ရောက်လာဖို့ဆိုရင် ညသန်း ခေါင်ထိစောင့်ရလိမ့်မယ်။''
လီဆွန်းဟွာ ရယ်လိုက်သည်။ ''သူလမ်းဖြည်းဖြည်းလျှောက်နေတယ်လို့ ကျုပ်တော့မထင်ဘူး။ အင်အားကို ခြိုးခြံချွေတာဖို့လို့ထင်တယ်။ ဝံပုလွေတစ်ကောင် နှင်းတောထဲ လျှောက်သွားနေတာ မြင်ဖူးလား။ ရှေ့မှာ သားကောင်လည်းမရှိ... နောက်မှာ ရန်သူလည်း လိုက်မလာလို့ကတော့ မြန်မြန်သွားမှာ မဟုတ်ဘူး။ ဘာလို့လဲဆို တော့ လမ်းခရီးမှာ အင်အားကို အလဟဿဖြစ်စေခြင်းဟာ တော် တော်ကြီးမားတဲ့ ဖြုန်းတီးမှုဖြစ်နေလို့ပဲ။''
မြင်းလှည်းမောင်းသမားသည် လိုက်၍ရယ်နေလိုက်ပြီး ပြောဆိုလိုက်သည်။ ''ဒါပေမယ့် အဲဒီချာတိတ်က ဝံပုလွေမှမဟုတ်ဘဲ။''
လီဆွန်းဟွာ ချောင်းပြန်ဆိုးနေသောကြောင့် ဘာမှ ပြန်မပြောလိုက်ပါ။
ထို့နောက် အနောက်တံခါးက လူသုံးယောက် ဝင်လာသည်ကို သူတွေ့လိုက်၏။ သိုင်းလောက အကြောင်းကို ဖွာလောင်စွာ ပြောဆိုနေကြသည်မှာ ရွှေခြင်္သေ့ အာမခံဌာန၌ သူတို့မည်မျှအရေးပါအရာရောက်ကြသည်ကို လူအများမသိမှာ စိုး၍ထင်သည်။
မျက်နှာနီနီနှင့် ခပ်ဝဝလူအား လေမြန်ဓားဖြစ်မှန်း လီဆွန်းဟွာမှတ်မိလိုက်၏။ သူ့ကို မတွေ့စေချင်သောကြောင့် ခေါင်းငုံ့ကာ သစ်သား ပန်းပုရုပ်ကလေး ဆက်လက်ထွင်းထုနေလိုက်သည်။
ကျုကျဲလိသည် မည်သူ့ကိုမျှ စေ့စေ့စပ်စပ်ကြည့်ရှုခြင်းမရှိ။ ခပ်မြန်မြန်ပင် အစားအသောက်များ မှာယူကာ စားသောက်နေကြလေသည်။
အစားအသောက်များကြောင့် ပါးစပ်များပိတ်သွားခြင်းလည်းမရှိကြ။ အရက်ဝင်သွားပြီးနောက် ကျုကျဲလိ ပို၍ပင်မာန်တက်လာလေသည်။ကျယ်လောင်စွာ ရယ်မောပြီးပြောဆိုလိုက်သည်။ ''နံပါတ်၂... တိုက်ရှင်းတောင်ပေါ်မှာတုန်းက ငါတို့နဲ့တွေ့ခဲ့တဲ့ တိုက်ရှင်းကျားလေးဖေါ် ကို မှတ်မိသေးလား။''
အဖော်တစ်ယောက်က ပြုံးပြီးပြန်ဖြေလိုက်သည်။ ''ဘယ်မေ့လိမ့်မလဲ... အဲဒီ တုန်းက ဒီကောင်တွေ ကျနော်တို့ သယ်လာတဲ့ပစ္စည်းတွေ လာလုကြတာလေ... အစ်ကိုကြီးကိုတောင်ပြောလိုက်သေးတယ်။ 'ကျုကျဲလိ... မင်း လေးဖက်ထောက်ပြီး ထွက်သွားရင်သွား... မဟုတ်ရင် ပစ္စည်းရော မင်းခေါင်းပါ ထားခဲ့ရလိမ့်မယ်' ဆိုဘဲ...''
တတိယအဖော်တစ်ယောက်ကလည်း ကျယ်လောင်စွာရယ်မောလိုက်ပြီး ဝင်ရောက် ပြောဆိုလိုက်သည်။ ''သူတို့ရဲ့ဓားတွေတောင် မထုတ်ရသေးဘူး... အစ်ကိုကြီးက သူတို့ရဲ့ခေါင်းတွေကို ဖြတ်ပြီးနေပြီလို့ ဘယ်သူကထင်လိမ့်မတုန်း...''
ဒုတိယအဖော်တစ်ယောက်-''လက်ဝါးသိုင်းမှာတော့ ကျနော်တို့အာမခံဌာနရဲ့ ခေါင်းဆောင်ကြီး ရွှေခြင်္သေ့လက်ဝါးက အကောင်းဆုံးလို့ ဆိုရမယ်။ ဒါပေမဲ့ ဓားပညာနဲ့ ပါတ်သက်လာလို့ကတော့ ဟောဒီက ကျနော်တို့အကိုကြီးကို ဘယ်သူမှ မမီဘူး။''
ကျုကျဲလိက ရယ်မောလိုက်ပြီး အရက်ခွက်ကို မြှောက်လိုက်၏။ သို့ရာတွင် သူ့ဘေးရှိခန်းစည်းစလှုပ်သွားပြီး တွေ့လိုက်ရသော မြင်ကွင်းသစ်ကြောင့် ချက်ချင်းအရယ်ရပ်သွားသည်။
လူနှစ်ယောက်၏ အရိပ်များပေါ်ထွက်လာသည်။
ထိုလူနှစ်ယောက်သည် ရဲရဲတောက် အနီရောင်ဝတ်စုံများ ဝတ်ဆင်ထားကြပြီး နယ်ခြားဒေသ တွင်တွေ့ရလေ့ရှိသည့် ထူးဆန်းသော မျက်နှာဖုံးများ တပ်ဆင်ထား ကြသည်။ အရပ်အမောင်း အလုံးအထည် ဆင်တူကြ၏။ ထိုသူတို့၏မျက်နှာများအား မမြင်တွေ့ရ သော်လည်း သူတို့၏ ကိုယ်ဖော့ပညာနှင့် ဝတ်ရုံများကြောင့် လူအများက စိတ်ဝင်စားစွာ အကဲခတ်စိုက်ကြည့်နေကြလေသည်။
လီဆွန်းဟွာတစ်ယောက်သာ တံခါးဝသို့ငေးကြည့်နေသည်။ လေပြင်းတိုက်ခတ်လာသောကြောင့် တံခါးဟသွားသောအခါ ထို လူငယ် လေးကို သူတွေ့လိုက်လေ၏။
ထိုလူငယ်သည် တံခါးဝ၌ရပ်နေ၏။ အချိန်ကြာမြင့်စွာရပ်နေသည်ဟု ထင်ရသည်။ သားရဲတစ်ကောင်ရပ်နေသကဲ့သို့ပင်။ တည်းခိုခန်း အတွင်းက အနွေးဓာတ်ကြောင့် ထွက်မသွားလိုသော်လည်း လူတောသူတောထဲ ဝင်ရောက်လိုပုံမရှိ။
လီဆွန်းဟွာ သက်ပြင်းချလိုက်ပြီး ထူးဆန်းစွာဝင်ရောက်လာခဲ့သော လူနှစ်ယောက်ဆီသို့ အာရုံ ပြောင်းလိုက်၏။ မျက်နှာဖုံးများ ချွတ်ပြီးသွားပြီဖြစ်သဖြင့် ထို လူနှစ်ယောက်၏ ရုပ်သွင်ပြင်ဆိုးများကို တွေ့လိုက်ရလေသည်။
နားရွက်များသေးငယ်ကြပြီး နှာခေါင်းများကြီးမားသည်။ မျက်လုံးများနှင့် နားရွက်များ ဝေးကွာစွာရှိနေကြ၏။ မျက်လုံးများတွင် ဒုစရိုက်မှုများ ပြည့်နှက်နေ၏။ ခလောက်မြွေ၏ မျက်လုံးများကဲ့သို့ပင်...
ဝတ်ရုံများချွတ်လိုက်သောကြောင့် ကိုယ်ကျပ်အင်္ကျီအနက်များ ဝတ်ဆင်ထားကြကြောင်း တွေ့လိုက်ရသည်။ မြွေများကဲ့သို့ သေးသွယ်သော ခန္ဓာကိုယ်များရှိကြပြီး အချိန်မရွေး တိုက်ခိုက်တော့မည်ကဲ့သို့ ထင်ရ၏။
မျက်နှာများဆင်တူကြပြီး တစ်ယောက်ဖြူ၍ ကျန်တစ်ယောက်မည်း၏။ တည်းခိုခန်းစာရေး၏ စားပွဲဆီသို့ ဖြေးညင်းစွာလျှောက်သွား ကြပြီး ဝတ်ရုံများကို ခေါက် တင်ထားလိုက်ကြ၏။ ထို့နောက် ကျုကျဲလိ၏ စားပွဲရှေ့သို့ ရောက်လာကြလေတော့သည်။
ခန်းမတစ်ခုလုံးတိတ်ဆိတ်သွားပြီး လီဆွန်းဟွာ၏ သစ်သားပန်းပု ထွင်းထုသံအား လူတိုင်းကြားနေကြရလေသည်။
ထိုလူနှစ်ယောက်အား ကျုကျဲလိ မမြင်ချင်ယောင် ဆောင်နေသော်လည်း ရှောင်လွှဲ၍မရတော့။
ထိုလူနှစ်ယောက်သည် ဆေးသုတ်တံနှင့် ဆေးသုတ်နေသကဲ့သို့ ကျုကျဲလိအား အထက်အောက် အပြန်အလှန် စိုက်ကြည့်နေကြသည်။
ကျုကျဲလိက ထရပ်ပြီး မေးလိုက်၏။ ''လူကြီးမင်းတို့နှစ်ယောက်ရဲ့ နာမည်တွေ ကျေးဇူးပြုပြီး ပြောပြပါလား။ ကျနော် မမှတ်မိတဲ့အတွက် စိတ်မရှိကြပါနဲ့။''
မျက်နှာဖြူက ချက်ချင်းမေးမြန်းလိုက်သည်။ ''မင်းက လေမြန်ဓားကျုကျဲလိ ဆိုတာလား...''
ခလောက်မြွေ၏အမြှီး လှုပ်ခတ်သကဲ့သို့ ထိုသူ့အသံက ပြတ်တောင်းပြီး ပဲ့တင် သံထပ်နေ၏။ ကျုကျဲလိမှာ အသံကြားပြီးကတည်းက ကြောက်လန့်စွာဖြင့် ဖြေဆိုလိုက်သည်။ ''ဟုတ်... ဟုတ်ပါတယ်။''
မျက်နှာမည်းနှင့်လူက အေးစက်စွာရယ်လိုက်ပြီး ခနဲ့လိုက်ပြန်သည်။ ''မင်းကိုယ်မင်း လေမြန်ဓားလို့ ခေါ်ထိုက်လို့လား။''
လက်တစ်ချက်လှုပ်ခတ်လိုက်ရာ ရှည်လျားပါးလွှာသော အနက်ရောင်ဓားတစ်ချောင်း ထိုသူ၏လက်ထဲသို့ ရုတ်ခြည်းရောက်ရှိလာ၏။
ကျုကျဲလိသို့ ထိုဓားဖြင့်ချိန်ထားပြီး ပြောဆိုလိုက်သည်။ ''မင်းသယ်လာတဲ့ဟာ ထားခဲ့ရင် ငါမင်းကို အသက်ရှင်လျက် ထွက်သွားခွင့် ပေးလိုက်မယ်။''
ကျုကျဲလိ၏ ဒုတိယအဖော်က ရုတ်တရက်ထရပ်လိုက်ပြီး ပြုံးရွှင်စွာဖြင့် လောကွတ်လုပ်လိုက်သည်။ ''လူကြီးမင်းတို့ နှစ်ယောက် အမှတ်မှားသွားပြီနဲ့တူတယ်။ ဒီခရီးမှာ ကျနော်တို့ နယ်ခြားကို ပစ္စည်းသွားပို့တာပဲရှိတယ်။ ဘာမှပြန်မသယ်လာပါဘူး။ ကျနော်တို့ လှည်းတွေ အခွံကြီးသက်သက် ပြန်လာတာပါ။''
ထိုသူ့စကားပင်မဆုံးသေး... မျက်နှာမည်း၏ဓားသည် ထိုသူ၏ လည်ပင်းသို့ လျင်မြန်စွာ ဝင်ရောက်သွားလေ၏။ ဓားကိုပေါ့ပါးစွာ လှည့်လိုက်ရာ ထိုသူ၏ဦးခေါင်းမှာ ပြတ်ထွက်သွားလေသည်။
အခန်းထဲရှိလူအားလုံး ကြောက်လန့်သွားကြပြီး စားပွဲအောက်၌ ဒူးများရိုက်ခါ နေကြလေသည်။
ယနေ့ထိ ကျုကျဲလိ အသက်ရှင်လျက်ရှိနေခြင်းမှာ သူ့ထံတွင် အမှန်တကယ် အစွမ်းအစများ ရှိနေ၍ဖြစ်သည်။ ပခုံးပေါ်လွယ်သိုင်း ထားသော အထုပ်အား စားပွဲပေါ်သို့တင်လိုက်ပြီးနောက် စိန်ခေါ်လိုက်လေတော့သည်။ ''ခင်ဗျား တို့ရထားတဲ့သတင်းကတော့အမှန်ပဲ။ ကျုပ်တို့ နယ်ခြားကနေ တစ်စုံတစ်ရာ ပြန်သယ်လာခဲ့ကြတယ်။ ဒါပေမဲ့... ခင်ဗျားတို့နှစ်ယောက်အတွက် စိတ်မကောင်းပါဘူး။ ခင်ဗျားတို့မှာ ကျုပ်လက်ထဲကနေ ယူသွားနိုင်လောက်တဲ့ အစွမ်းအစမရှိဘူး။''
မျက်နှာမည်းနှင့်လူသည် ရယ်မောပြီးပြောဆိုလိုက်သည်။ ''အဲဒီတော့... မင်းက ဘာလုပ်ချင်လို့တုန်း။''
ကျုကျဲလိက ပြန်ဖြေလိုက်သည်။ ''ကျုပ်ပြန်သွားရင် ဖြေဆိုနိုင်ဖို့အတွက် လူကြီးမင်းတို့နှစ်ယောက်ရဲ့ သိုင်းပညာအစွမ်းအစတော့ ရှိသင့်ပါတယ်။''
သူသည် စကားပြောဆိုနေစဉ်မှာပင် ခြေ ၇ လှန်းခန့် ဆုတ်သွားပြီးဖြစ်၏။ ကျုကျဲလိ ဓားဆွဲထုတ်လိုက်လေပြီ။ အားလုံးက သူအသေအကြေ တိုက်တော့မည်မှန်း ခန့်မှန်းမိလိုက်ကြသည်။
သူ့ထမင်းစားပွဲအား ဆွဲလှန်ပစ်လိုက်မည်ဟု မည်သူမျှထင်မထားခဲ့ကြချေ။ ဟင်းပွဲထဲမှ ပုဇွန်လုံးများ လေထဲသို့ လွင့်ပျံတက်သွားကြ၏။
လင်းလက်သောဓားရိပ်များ ဖြာမိုးသွားပြီး ' ရွှပ်..ရွှပ်..' ဓားသံများ ကြားလိုက် ကြရပြီးနောက် ပုဇွန်လုံး ၁ဝ လုံးမှာ ထက်ဝက်တိတိ အသီးသီး ပြတ်ကျလာသည်။
ကျုကျဲလိ-''ကျုပ်လုပ်တဲ့အတိုင်း ထပ်တူလုပ်နိုင်တယ်ဆိုရင်တော့ ပစ္စည်းပေး လိုက်မယ်။ ဒါမှ မဟုတ်ရင်တော့ ခင်ဗျားတို့ ထွက်သွားကြ ပါ။''
ထိုဓားသိုင်းမှာ တော်တော့ကို ကောင်း၏။ စကားလုံးများကလည်းလှပ၏။ လီဆွန်းဟွာ တစ်ယောက် အသံတိတ်စွာ ရယ်လိုက်မိသည်။ ဤကဲ့သို့လုပ်ခြင်းအားဖြင့် သူ့ပြိုင်ဘက်များက ပုဇွန်လုံးများကိုသာ ခုတ်ဖြတ်နိုင်လိမ့်မည်... သူ့ခေါင်းကိုတော့မဟုတ်။ ရှုံးသည်ဖြစ်စေ... နိုင်သည်ဖြစ်စေ... ကျုကျဲလိ မသေနိုင်တော့ပေ။
မျက်နှာမည်းနှင့်လူက ရယ်မောပြီးပြောဆိုလိုက်သည်။ ''ဒါက ထမင်းချက်တဲ့ ပညာပဲ။ ဒါကိုသိုင်းပညာလို့များ မင်းကထင်နေတာလား။''
စကားပြောပြီးနောက် မျက်နှာမည်းနှင့်လူသည် အသက်ပြင်းပြင်း တစ်ချက်ရှူပြီး ခြေတစ်ချက် ဆောင့်လိုက်ရာ ကြမ်းပြင်ပေါ်ရှိ ထက်ပိုင်းပြတ်နေသော ပုဇွန်လုံးများ လေထဲသို့မြောက်တက်လာ၏။ ထို့နောက် အမည်းရောင် ဓားရိပ် တစ်ချက်ဖြာသွားပြီး ပုဇွန်လုံးများ ပျောက်ကွယ်သွားလေသည်။ ပုဇွန်လုံးများ တကယ်ပျောက်ကွယ်မသွားပါ... ဓားပြားပေါ်သို့ စီစီရီရီ တင်နေကြခြင်းသာဖြစ်၏။ ပုဇွန်လုံးများအား ဓားဖြင့်ပိုင်းဖြတ်ရန် အလွန်ခက်ခဲကြောင်း သိုင်းပညာမတတ် သူများပင်သိ၏။ ကြမ်းပြင်ပေါ်က ပုဇွန်လုံးအပိုင်း အပြတ်များအား ဓားတစ်ချက်ဝေ့ရုံဖြင့် ဓားပြားပေါ်သို့ စီစီရီရီ တင်နေအောင်လုပ်ရန် ပို၍ပင် ခက်ခဲကြောင်း လူတိုင်း နားလည်ထားကြ လေသည်။
ထိုဓားကွက်ကိုမြင်လိုက်ရုံဖြင့် ကျုကျဲလိ၏မျက်နှာမှာ သွေးရောင်ပင်မရှိတော့။ တိတ်ဆိတ်စွာ နောက်သို့ခြေလှမ်းများ ဆုတ်သွားလိုက် ရင်း အံ့အားသင့်စွာ မေးမြန်းလိုက်သည်။ ''လူကြီးမင်းတို့နှစ်ယောက်ဟာ 'သွေးစွန်းအမွှာမြွေညီနောင်' ဖြစ်မယ် လို့ထင်ပါတယ်။''
ကျုကျဲလိ၏ စကားကြားပြီးကတည်းက သူ၏တတိယအဖော်မှာ စားပွဲအောက်မှ တိတ်ဆိတ်စွာ လေးဘက်ထောက်ထွက်သွားဖို့ ကြိုးစားနေလေတော့သည်။
လီဆွန်းဟွာ၏ မြင်းလှည်းမောင်းသမားပင်လျှင် မျက်ခုံးများ မြင့်တက်သွားခဲ့၏။ လွန်ခဲ့သော နှစ်များစွာကပင် မြစ်ဝါမြစ်တစ်လျှောက်ရှိ အောက်လမ်းသိုင်းသမားတို့ကြား ဤညီအစ်ကိုနှစ်ယောက်အား သိုင်းပညာအရရော... ရက်စက်ကြမ်း ကြုတ်မှုတွင်ပါ မည်သူမျှ ယှဉ်နိုင် သူမရှိခဲ့ပေ။ ကောလာဟလ သတင်းများအရ ထိုသူနှစ်ယောက်၏ ဝတ်ရုံနီများသည် ပြိုင်ဘက်များ၏ သွေးများကြောင့်နီနေရခြင်း ဖြစ်သည်ဟု ကျော်ကြားသူများလည်းဖြစ်ကြ၏။
ဤကျော်ကြားမှု မှန်...မမှန် မည်သူမျှအတည်မပြုနိုင်ကြချေ။ အဘယ်ကြောင့်ဆိုသော် သွေးစွန်းအမွှာမြွေညီနောင် တို့၏လုပ်ရပ်များ အား သိသူ ၁ဝ ယောက် တွင် ၉ ယောက်မှာ ခေါင်းတစ်ခြားကိုယ်တစ်ခြား ဖြစ်သွားခဲ့ကြ၍ ဖြစ်သည်။
မြွေနက်က အေးစက်စွာရယ်မောလိုက်ပြီး ပြောဆိုလိုက်သည်။ ''မင်း ငါတို့ကို မှတ်မိသားပဲ။ မင်းမျက်လုံးတွေ မကန်းသေးဘူးလို့ ဆိုရမှာ ပေါ့။''
ကျုကျဲလိက အံကြိတ်ပြီး မခံချိမခံသာ ပြန်ပြောလိုက်သည်။ ''လူကြီးမင်းတို့ နှစ်ယောက်က ဒီပစ္စည်းထုပ်ကို လိုချင်နေမှတော့ ကျနော်မကန့်ကွက်တော့ပါဘူး။ ယူပြီးထွက်သွားကြပါတော့။''
မြွေဖြူ-''မင်း လေးဘက်ကုန်းထွက်သွားမယ်ဆိုရင်တော့ မင်းကိုအသက်ရှင်လျက် ပေးသွားလိုက်မယ်။ ဒါမှမဟုတ်ရင်တော့ ပစ္စည်း လည်းထားခဲ့ရမယ်... မင်းရဲ့ ခေါင်းကိုလည်း ထားခဲ့ရလိမ့်မယ်။''
စောစောတုန်းက ကျုကျဲလိ ဟောင်ဖွာဟောင်ဖွာ ပြောနေခဲ့သော စကားများလိုပင်... ဤတစ်ကြိမ် မြွေဖြူ့ပါးစပ်မှ ပြောထွက်လာသော အခါတွင်မူ ဓားသွားကဲ့သို့ ထက်မြည့်လှ၏။
ကျုကျဲလိ၏ မျက်နှာမှာ စိမ်းသွားလိုက်... ဖြူလာလိုက်... ဖြစ်သွားပြီးနောက် ရုတ်တရက် ကြမ်းပြင်ပေါ်သို့ ကွေးညွတ်စွာကျသွားပြီး စားပွဲအား လေးဘက်ကုန်းကာ တစ်ပတ်ပတ်လိုက်လေတော့သည်။
တစ်ချိန်တည်းမှာပင် သက်ပြင်းချသံတစ်စုံနှင့်အတူ လီဆွန်းဟွာ မိမိကိုယ်ကို တီးတိုးရေရွတ်မိလိုက်၏။ ''ဒီလူ့အသွင်ပြောင်း သွားပါလား။ ဒီနေ့အထိ သက်ရှည်ရှည်နေနိုင်တာ မဆန်းတော့ပါဘူး။''
တိုးတိတ်ဖြေးညင်းစွာ ရေရွတ်လိုက်သော်လည်း အမွှာမြွေနှစ်ယောက်ကြားသွားပြီး သူ့ဘက်သို့ လှည့်ကြည့်လာကြသည်။ လီဆွန်းဟွာ မမြင်ပါ။ သစ်သားပန်းပုရုပ်ကလေးကိုသာ အာရုံစူးစိုက်စွာ ထွင်းထုနေ၏။
မြွေဖြူက ခပ်သဲ့သဲ့ရယ်မောပြီး ပြောဆိုလိုက်သည်။ ''ဒီနေရာမှာ ထိပ်သီးသိုင်းပညာရှင်တစ်ယောက်ရှိနေတာ ကျုပ်နဲ့ကျုပ်ရဲ့အစ်ကို သတိမထားလိုက်မိပါလား။''
မြွေနက်-''ဒီပစ္စည်းထုပ်က သူ့သဘောနဲ့သူ ကျုပ် တို့ကိုပေးခဲ့တာနော်။ ကျုပ် တို့ဓားတွေထက်မြန်တဲ့လူ ရှိမယ်ဆိုရင်တော့ အဲဒီလူကို လက်ဆောင်အဖြစ် ဒီပစ္စည်းထုပ် ပြန်ပေးလိုက်ပါ့မယ်။''
မြွေဖြူက ရုတ်တရက် လှုပ်ခတ်လိုက်ရာ အဖြူရောင်ဓားတစ်ချောင်း သူ့လက်ထဲသို့ရောက်လာပြီး ပြောဆိုလိုက်သည်။ ''ကျုပ်တို့ ဓားတွေထက် မြန်တဲ့သူရှိမယ်ဆိုရင် ပစ္စည်းထုပ်တင်မကဘူး။ ကျုပ်တို့ဦးခေါင်းတွေကိုပါ အဲဒီလူကို ပေးလိုက်မယ်။''
ထိုသူများ၏ မျက်လုံးများက လီဆွန်းဟွာထံ စိုက်ကြည့်နေကြသည်။ လီဆွန်းဟွာက ဘာမှမကြားလိုက်သလိုပင် ပန်းပုထုဆစ်ခြင်း ကိုသာ အာရုံစိုက်နေလေသည်။
စားသောက်ဆိုင်၏ပြင်ပမှ တစ်စုံတစ်ယောက်၏ အော်ပြောလိုက်သံ ထွက်ပေါ်လာ၏။ ''ခင်ဗျားရဲ့ခေါင်းက ဘယ်လောက်တန်လဲ။''
ထိုစကားသံကြားလိုက်ရ၍ လီဆွန်းဟွာ အံ့အားသင့်သွားသလို ဝမ်းလည်းဝမ်းသာသွား၏။ ခေါင်းမော့် ကြည့်လိုက်သောအခါ ထို 'လူငယ်' မှာ အခန်းတွင်းသို့ ဝင်ရောက်လာလေပြီ။
သူ့အဝတ်အစားများမှာ မခြောက်သေးပါ။ အချို့နေရာများတွင် နှင်းပွင့်များ စိုစွတ်လျက်ပင် ရှိနေသေး၏။ သို့ရာတွင် ရပ်နေသည့်ဟန်မှာ လှံတံတစ်ချောင်း တည့်မတ်စွာ စိုက်ထူထားသကဲ့သို့ပင်။
သူ့မျက်လုံးများက အထီးကျန်ဆန်စွာ... သို့သော် သူ၏မာနကြီးမှုကိုတော့ မဖုံးကွယ်ထားနိုင်ခဲ့ချေ။
သူ့မျက်ဝန်းများတွင် မယဉ်ပါးသော သားရဲတိရစ္ဆာန်တို့၏အကြည့်များ ပါရှိနေ၏။ အနားကပ်လာသော ရန်သူများအား အချိန်မရွေး တိုက်ခိုက်နိုင်လေသည်။
လူတိုင်း၏အာရုံမှာ သူ့ခါးကြား၌ထိုးထားသော ဓားထံသို့သာ ရောက်ရှိနေကြ၏။ ထိုဓားအား တွေ့မြင်လိုက်သောအခါ မြွေဖြူက ရယ်မောပြီး မေးမြန်းလိုက်သည်။ ''အခုနက စကားတွေက မင်းပြောလိုက်တာလား။''
လူငယ်က ပြန်ဖြေလိုက်သည်။ ''ဟုတ်တယ်...''
မြွေဖြူ-''မင်းက ငါ့ရဲ့ဦးခေါင်းကို ဝယ်ချင်တယ်ပေါ့...''
လူငယ်-''ဘယ်လောက်တန်သလဲပဲ သိချင်တာပါ။ ဘာလို့လည်းဆိုတော့ ခင်ဗျားကို ပြန်ရောင်းချင်လို့ပါ။''
မြွေဖြူ-''ငါ့ရဲ့ဦးခေါင်း ငါ့ကိုပြန်ရောင်းမယ်...ဟုတ်လား...''
လူငယ်-''အမှန်ပါပဲ... ကျုပ် ခင်ဗျားဆီက ပစ္စည်းထုပ်ကို မလိုချင်သလို ခင်ဗျားရဲ့ဦးခေါင်းကိုလည်း မလိုချင်ပါဘူး။''
မြွေဖြူ-''မင်းငါ့ကို သက်သက်မဲ့ စိန်ခေါ်နေတာလား...''
''ဒီသဘောပါပဲ...''
လူငယ်ကိုကြည့်လိုက်... သူ၏ဓားကိုကြည့်လိုက်ဖြင့် မြွေဖြူ အူနှိပ်အောင် ရယ်မောလေတော့သည်။ ဤမျှလောက်ရယ်စရာ ကောင်းသော အဖြစ်မျိုး သူ့တစ်သက်နှင့်တစ်ကိုယ် တစ်ခါမှမကြုံဖူးပေ။
လူငယ်သည် တိတ်ဆိတ်စွာပင်ရပ်နေ၏။ ဒီလူ ဘာလို့ရယ်မောနေမှန်း သူမသိ။ သူပြောခဲ့သော စကားများတွင် ရယ်မောစရာများ ပါရှိသည်မထင်ပါ။
ဤလူငယ်ရူးနေသလားဟု မြင်းလှည်းမောင်းသမား သက်ပြင်းချပြီး တွေးနေမိ၏။ ဤလူငယ်၏ ဦးခေါင်းထဲ တစ်ခုခုတော့မှားနေပြီဟု ကျုကျဲလိလည်း တွေးနေ၏။
မြွေဖြူ-''ရွှေတုံး၁ဝဝဝ ပေးရင်တောင်မှ ငါ့ရဲ့ဦးခေါင်းကို ဝယ်ဖို့ခက်နေသေးတယ်။''
လူငယ်-''ရွှေတုံး ၁ဝဝဝ ဆိုတာ များလွန်းပါတယ်။ ကျုပ်အတွက်ငွေသား ၅ဝ လောက်ပဲလိုပါတယ်။''
မြွေဖြူ အရယ်ရပ်သွား၏။ ဤလူငယ်မှာ ရူးနေခြင်းမရှိသလို နောက်ပြောင်နေခြင်းလည်း မဟုတ်ကြောင်း သိရှိသွားလေ၏။
လူငယ်၏ ဓားကိုကြည့်လိုက်ပြန်သောအခါ အတောမသတ်ရယ်မောနေမိပြန်၏။ ''ဟုတ်ပြီ... မင်း ငါလုပ်သလိုလုပ်ပြနိုင်ရင် ငွေသား ၅ဝ ပေးလိုက်မယ်။''
ရယ်မောနေရင်းက ရုတ်တရက် စားပွဲပေါ်ရှိ ဖယောင်းတိုင်ဆီသို့ လက်တစ်ချက် ဝှေ့ယမ်းလိုက်၏။ ဖယောင်းတိုင် ဘာမှဖြစ်မသွားပါ။ ဘာများဆက်ဖြစ်မလဲဟု လူတိုင်းအံ့ဩစွာ စောင့်ကြည့်နေကြ၏။ တစ်ချိန်တည်းမှာပင် ဖယောင်းတိုင်အား မြွေဖြူက မှုတ်ထုတ် လိုက်သောအခါ ဖယောင်းတိုင်သည် ၇ ပိုင်းပြတ်နေပေပြီ။ နောက်ထပ် လက်တစ်ချက်လှုပ်လိုက်ပြန်သည်။
ဖယောင်းတိုင် ၇ ပိုင်းလုံး မြွေဖြူ၏ ဓားပြားပေါ်သို့ ညီညာစွာ တင်ရှိနေသည် ကို အံ့ဩစွာ တွေ့မြင်လိုက်ကြရလေ၏။ ထူးဆန်းစွာပင် အပေါ်ဆုံးဖယောင်းတိုင်ပြတ်၏ မီးစ မငြိမ်းသွားပါ။
မြွေဖြူက ဝင့်ကြွားစွာပင် မေးလိုက်၏။ ''ငါ့ရဲ့ဓား မြန်တယ်လို့ မင်း ထင်သလား ...''
လူငယ်သည် ရိုးသားစွာပင် အဖြေပေးလိုက်၏။ ''အလွန်မြန်ပါတယ်။''
မြွေဖြူက ရယ်မောလိုက်ပြီး-''မင်းရဲ့ဓားကော...''
လူငယ်က ပြန်ဖြေလိုက်သည်။ ''ကျနော့်ဓားက ဖယောင်းတိုင်တွေဖြတ်ဖို့ မဟုတ်ပါဘူး။''
''ဒါဖြင့်ရင် မင်းရဲ့သံချောင်းအစုတ်ကြီးက ဘာအတွက်လဲ...''
လူငယ်သည် သူ့ဓားအားကိုင်တွယ်ပြီး စကားလုံးတစ်လုံးချင်း ပြန်ဖြေလိုက်၏။ ''ကျနော့်ဓားက လူသတ်ဖို့ပါ။''
မြွေဖြူကပြောင်စပ်စပ်ဖြင့် မေးမြန်းလိုက်သည်။ ''လူသတ်ဖို့...ဟုတ်လား... မင်း က ဘယ်သူ့ကိုသတ်နိုင်လို့လဲ။''
လူငယ်က ပြောလိုက်သည်။ ''ခင်ဗျားကို...''
ခင်ဗျား...ဆိုသောစကားပြောပြီးပြီးချင်း လူငယ်က စတင်လှုပ်ရှားလိုက်၏။
လူငယ်၏ခါးကြား၌ သူ့ဓားရှိနေသည်ကို လူတိုင်းတွေ့မြင်ခဲ့ကြ၏။
လျှပ်တပျက်အတွင်းမှာပင် မြွေဖြူ၏ လည်ပင်းသို့ ဓားတစ်ချောင်း ထိုးဝင်သွားခဲ့လေ၏။ ၁ မီတာမျှရှည်သောဓားတစ်ချောင်း... မြွေဖြူ၏လည်ပင်းအား ထိုးဖြတ်သွားသည်ကို လူတိုင်းတွေ့မြင်လိုက်ကြသည်။
သို့ရာတွင် လူငယ်၏ဓား မြွေဖြူ၏လည်ပင်းသို့ မည်ကဲ့သို့တိုးဝင်သွားသည်ကိုမူ မည်သူမျှ မတွေ့လိုက်ကြ။
မြွေဖြူ၏လည်ပင်း၌ သွေးမရှိနေပါ။ အဘယ်ကြောင့်ဆိုသော် သွေးများ ပန်းမထွက်လာသေး၍ဖြစ်၏။ မြွေဖြူအား စူးစိုက်စွာကြည့်ရင်း လူငယ်က မေးလိုက်သည်။ ''ခင်ဗျားရဲ့ဓားက ပိုမြန်သလား... ကျုပ်ရဲ့ဓားက ပိုမြန်သလား...''
မြွေဖြူ့ထံမှ တဂစ်ဂစ်.. အသံများထွက်လာပြီးနောက် မျက်နှာတစ်ပြင်လုံးရှိ ကြွက်သားများ တွန့်တက်လာ၏။ သူ့ပါးစပ် ရုတ်တရက် ဟ' လိုက်သောအခါ လျှာထွက်လာ၏။ ပြီးနောက် ပါးစပ်ထဲမှ သွေးများလည်း စီးထွက်လာလေတော့သည်။
မြွေနက်က သူ့ဓားကို မြှောက်လိုက်၏။ သို့ရာတွင် မတိုက်ခိုက်ရဲပါ။ ချွေးသီး ချွေးပေါက်များ စီးကျလာပြီး သူ၏လက်များလည်း တုန်ယင် နေ၏။
မြွေဖြူ၏ လည်ပင်းကဓားအား လူငယ် ဆွဲထုတ်လိုက်သည်။ မြွေဖြူ၏ လည်ပင်းက သွေးများ ပန်းထွက်လာလေသည်။ မြွေဖြူက ကျယ်လောင်စွာ အော်ဟစ်လိုက်၏။ ''မင်း...''
ထို့နောက် ကြမ်းပြင်ပေါ်သို့ လဲကျသွားလေတော့သည်။
လူငယ်က မြွေနက်ဘက် လှည့်ပြီး တောင်းဆိုလိုက်သည်။ ''သူရှုံးသွားပြီ။ ကျနော့် ငွေသား ၅ဝ ဘယ်မှာလဲ။''
လူငယ်သည် အပြစ်မဲ့သော ကလေးတစ်ယောက်လို အတည်ပေါက်ကြီးမေးနေလေ၏။
ဒီတစ်ခါတော့ မည်သူမျှ မရယ်မောနိုင်ကြတော့ပါ။
မြွေနက်က တုန်လှုပ်စွာပင် မေးလိုက်သည်။ ''မင်း... မင်း သူ့ကို တကယ်ပဲ ငွေသား ၅ဝ အတွက် သတ်လိုက်တာလား...''
''အမှန်ပါပဲ''
မြွေနက်မှာ ငိုရမလား... ရယ်ရမလား... သူ့ကိုယ်သူတောင် မသိနိုင်တော့ချေ။ သူ့ခေါင်းက ဆံပင်ကို ဆွဲဆုပ်လိုက်၏။ အင်္ကျီကို ဆွဲဖြဲ လိုက်သောအခါ ငွေသားများ ထွက်ကျလာ၏။ ''ဒီမှာ... ယူသွား... အားလုံးယူသွား...'' ထို့နောက် အရူး တစ်ယောက်လို ပြေးထွက် သွားလေတော့သည်။
သူ့နောက်သို့ လူငယ်မပြေးလိုက်သွားသလို စိတ်ဆိုးဒေါသထွက်နေသည့်ပုံလည်း မရှိပါ။ ပြန့်ကြဲနေသော ငွေသားများအား ကုန်းကောက်လိုက်ပြီး တည်းခိုခန်း စာရေးထံ ယူသွားပြီး မေးမြန်းလိုက်သည်။ ''ဒါ ငွေသား ၅ဝ ရှိမယ်လို့ ခင်ဗျား ထင်ပါသလား။''
စာရေးသည် စားပွဲခုံနောက်၌ ကုပ်ကုပ်လေးပုန်းနေပြီး စကားသံပင် မထွက်ရဲ။ လျင်မြန်စွာ ခေါင်းညိတ်ပြလိုက်၏။
မြင်းလှည်းမောင်းသမားဘက်သို့ လှည့်ကြည့်ရင်း လီဆွန်းဟွာ မေးလိုက်သည်။ ''ကျုပ် ထင်ထားတာမှန်တယ်မဟုတ်လား။''
မြင်းလှည်းမောင်းသမားက သက်ပြင်းချပြီး ပြန်ဖြေဆိုလိုက်သည်။ ''သခင်လေးပြောခဲ့တာ အလွန်မှန်တယ်။ အဲဒီ ကစားစရာဟာ အလွန်ပဲအန္တရာယ် ကြီးလှပါတယ်။''
လူငယ်မှာ သူတို့စားပွဲသို့ လျှောက်လှမ်းလာနေလေပြီ။ သို့ရာတွင် ကျုကျဲလိ အား မမြင်မိချေ။ စားပွဲခုံအောက်၌ တစ်ချိန်လုံးရှိနေသော ကျုကျဲလိ တစ်ခါမှမထွက်လာပါ။
ဤတစ်ကြိမ်တော့ ကျုကျဲလိ ထွက်လာခဲ့ပြီး ရုတ်တရက်ပင် လူငယ်၏ နောက်ကျောသို့ တိုက်ခိုက်လိုက်၏။
သူ့ဓားချက်က မနှေးပါ။ လူငယ်မှာ ကျုကျဲလိ သူ့ကိုတိုက်ခိုက်လာလိမ့်မည်ဟု ဘယ်တုန်းကမှ မတွေးထားခဲ့။ မြွေဖြူအား သူသတ်ခဲ့၏။ ကျုကျဲလိ သူ့ကိုကျေးဇူး တင်သင့်သည် မဟုတ်ပါလော။ ဘာအတွက်ကြောင့် သူ့ကို သတ်ချင်နေရသနည်း။
လူငယ်၏ နှလုံးသားဆီသို့ ကျုကျဲလိ၏ဓား ထိုးခွဲလု ဆဲဆဲမှာပင် ကျယ်လောင်သော အော်ဟစ်သံနှင့်အတူ ကျုကျဲလိ၏ဓား သူ့လက်ထဲမှ လွတ်ထွက်သွားကာ ခေါင်မိုးပေါ်သို့ စိုက်ဝင်သွား၏။
ခေါင်မိုးပေါ်၌ စိုက်ဝင်နေသောဓားမှာ တလှုပ်လှုပ်ရှိနေတုန်းပင်။ သူ့လည်ပင်းသို့ လက်များဖြင့် ကျုကျဲလိ ဖိထား၏။ သို့ရာတွင် မျက်လုံးများ ပြူးထွက်နေပြီး လီဆွန်းဟွာအား စိုက်ကြည့်နေလေသည်။
လီဆွန်းဟွာမှာ ပန်းပုရုပ် ထုဆစ်နေခြင်းမရှိတော့ပါ။ ပန်းပုရုပ်ထုဆစ်နေသော ဓားပါးလေးမှာလည်း သူ့လက်ထဲတွင် ရှိမနေတော့ချေ။
လည်ပင်းသို့ဖိထားသော ကျုကျဲလိ၏ လက်ချောင်းများကြားမှ သွေးစက်များ တစိမ့်စိမ့် ယိုထွက်နေ၏။ လီဆွန်းဟွာအား စိုက်ကြည့်နေပြီး လည်ပင်းမှ ဂစ်ဂစ်... အသံများထွက်နေ၏။ ယခု အချိန်မှသာလျှင် အခန်းတွင်းရှိ လူများသည် လီဆွန်းဟွာ၏ လက်ထဲတွင်ရှိနေခဲ့သော ပန်းပုထုဆစ်နေသည့် ဓားပါးလေးမှာ ကျုကျဲလိ၏ လည်မျိုသို့ ရောက်ရှိသွားကြောင်း နားလည်သွားကြသည်။
သို့ရာတွင် လည်မျိုသို့ မည်ကဲ့သို့ စိုက်ဝင်သွားကြောင်း မည်သူမျှ မတွေ့ခဲ့ကြချေ။
ကျုကျဲလိ၏ မျက်နှာ၌ နာကျင်မှုအပြည့်ဖြင့် ချွေးစေးပြန်နေ၏။ အံကိုကြိတ်ပြီး သူ့လည်မျိုမှ ဓားပျံကို ရုတ်တရက် ဆွဲထုတ်လိုက်၏။ လီဆွန်းဟွာအား စိုက်ကြည့်နေရင်း အံ့အားသင့်စွာ ပြောဆိုလိုက်တော့သည်။ ''ခင်ဗျားပဲ ဆိုတာ ကျုပ်သိခဲ့ဖို့ ကောင်းတယ်။''
လီဆွန်းဟွာ သက်ပြင်းချလိုက်၏။ ''မင်း အခုမှသိတာ ကံဆိုးတာပဲ။ နို့မဟုတ်ရင် ဒီလိုသစ္စာမဲ့တဲ့ အလုပ်မျိုး မင်းကျူးလွန်ခဲ့မှာ မဟုတ်ဘူး။''
ကျုကျဲလိ မကြားနိုင်တော့ပါ။ ဘယ်သောအခါမျှလည်း ကြားနိုင်တော့မည် မဟုတ်ပါ။
လူငယ်က နောက်သို့လှည့်ကြည့်လိုက်ပြီး အံ့ဩနေ၏။ ဒီလူ ဘာကြောင့် သူ့အားသတ်ချင်နေခဲ့မှန်း စဉ်းစား၍မရပေ။
သို့ရာတွင် ခဏလေးသာ လှည့်ကြည့်ပြီး လီဆွန်းဟွာထံ လျှောက်လာလေသည်။ သားရဲတိရိစ္ဆာန်တို့၏ အငွေ့အသက်များ ဖုံးလွှမ်း နေသော သူ့အပြင်ပန်း သဏ္ဌာန်၏ နောက်ကွယ်၌ နွေးထွေးသော အပြုံးရိပ်များ ထင်ဟပ်နေလေသည်။
သူ စကားတစ်ခွန်းပဲ ပြောလိုက်၏။ ''အရက်သောက်ဖို့ ခင်ဗျားကို ကျနော်ဖိတ်ခေါ်ပါတယ်။''
0 comments:
Post a Comment