Tuesday, March 15, 2011

(၆) မြှုပ်နှံသင်္ဂြိုဟ်ခြင်းခံခဲ့ရသောဓားမော့

အရှေ့ဘက်မှ ရောင်နီသမ်းလာပြီဖြစ်သည်။

ယမန်နေ့ညတုန်းက ရှိခဲ့သော အနံ့ဆိုးများသည်လည်း တိုက်ခတ်လာသော လေထဲတွင် ပျံ့လွင့်ပျောက်ကွယ်သွားခဲ့ချေပြီ။

နံနက်ခင်းလေပြေညင်းလေးသည် လတ်ဆတ်သင်းပျံ့သော မြက်ခင်းရနံ့များနှင့် သစ်ရွက်အနံ့များကို သယ်ဆောင်လာ၏။ လေထဲတွင် ‘မြင်းတစ်သောင်းဌာန’၏အလံကြီးသည် ထင်ရှားဝင့်ထယ်စွာ တလူလူလွင့်နေ၏။

ရဲ့ခိုင်၏ပါးစပ်ထဲတွင် မြက်ခြောက်စများ ကပ်နေပြီး အလံကြီးရှိရာသို့လျှောက်လှမ်းလာနေသည်။

သူ့ကိုကြည့်ရသည်မှာ ငြိမ်းငြိမ်းချမ်းချမ်းပင် ရှိနေဆဲဖြစ်ပြီး ခန္ဓာကိုယ်ပေါ်မှ သဲမှုန်များသည်လည်း လင်းလက်နွေးထွေးသောနေရောင်ခြည်အောက်တွင် တလဲ့လဲ့ တောက်ပနေကြသည်မှာ ရွှေရောင်များ ပက်ဖျန်းထားသည့်အတိုင်းပင်။



ဝင်းပေါက်ဝတွင် လူနှစ်ယောက် မားမားမတ်မတ်ကြီး ရပ်စောင့်နေကြသည်။ ထိုသူများကို ကြည့်ရသည်မှာ သူ့ကို စောင့်ဆိုင်းနေပုံရသည်။ တစ်ယောက်သောသူမှာ ယွင်ဇိုင်ထျန်းဖြစ်နေမှန်း ရဲ့ခိုင် သိရှိလိုက်၏။ တခြားတစ်ယောက်သည် သူ့ကိုတွေ့မြင်လိုက်သည်နှင့် ဝင်းပေါက်ကြီးကို ဖြတ်ကျော်ကာ အထဲဘက်သို့ဝင်သွားလိုက်၏။

“မင်္ဂလာနံနက်ခင်းပါ” ရဲ့ခိုင်က လှမ်းလျှောက်လာရင်း နှုတ်ဆက်လိုက်သည်။

ယွင်ဇိုင်ထျန်း၏မျက်နှာသွင်ပြင်ထက်တွင် လွန်စွာမှ တင်းမာသောမျက်နှာထားရှိနေပြီး ပြန်လည်နှုတ်ဆက်လိုက်၏။ “ကောင်းသောနံနက်ခင်းပါ”

ရဲ့ခိုင်-“တတိယသခင်ကြီး သူ့အဆောင်ကိုပြန်ပြီး အနားယူနေပြီလား”

ယွင်ဇိုင်ထျန်း-“သူ မင်းကို ဗဟိုခန်းမထဲမှာ စောင့်နေတယ်။ လူအားလုံးလည်း မင်းကို စောင့်ဆိုင်းနေကြတယ်။”

+++++

ဗဟိုခန်းမထဲတွင် လူအားလုံးသည် ရဲ့ခိုင်ကို တကယ်ပဲ စောင့်ဆိုင်းနေကြပါသည်။ သူတို့အားလုံး၏မျက်နှာများတွင် ပူပင်လေးကန်သော မျက်နှာပေးများလည်း ရှိနေကြ၏။

လူတိုင်း၏နေရာရှေ့၊ စားပွဲပေါ်တွင် ဆန်ပြုတ်ပန်းကန်များနှင့် ဟင်းသီးဟင်းရွက်ပြုတ်ပန်းကန်များ ကိုယ်စီရှိနေကြသော်လည်း မည်သူမှ မတို့မထိကြသေးချေ။

လိုလိုရှန်းသည် စားပွဲပေါ်သို့ ခေါင်းငိုက်စိုက်ချလိုက်ပြန်သည်။ သူ့ကိုကြည့်ရသည်မှာ အမူးမပြေသေးသလိုဖြစ်နေသည်။

ရဲ့ခိုင်သည် ဝင်ပေါက်ကြီးမှ ပြုံးရွှင်စွာ ဝင်ရောက်လာခဲ့ပြီး အားလုံးကို နှုတ်ဆက်လိုက်၏။ “မင်္ဂလာနံနက်ခင်းပါခင်ဗျာ...”

တစ်ယောက်မှ သူ့ကိုပြန်လည် နှုတ်မဆက်ကြသလို အားလုံးက သူ့ကို ထူးထူးဆန်းဆန်းအကြည့်များဖြင့် စိုက်ကြည့်နေကြလေသည်။

ဖူဟောင်ရွှယ်၏ မျက်လုံးများမှလွဲ၍...

ဖူဟောင်ရွှယ်၏အကြည့်များသည် သူ၏ဓားမော့ကိုသာ ငေးစိုက်ကြည့်နေပြီး မည်သည့်နေရာကိုမှ ကြည့်နေခြင်းမရှိပါ။

ဆန်ပြုတ်ပန်းကန်တစ်ခွက်နှင့် ဟင်းသီးဟင်းရွက်ပြုတ်ပန်းကန်တစ်ခွက် ချထားသည့် စားပွဲဘေးနေရာတွင်မူ ခုံတစ်လုံး လွတ်နေသည်။

ရဲ့ခိုင်သည် ထိုထိုင်ခုံလွတ်နေရာတွင် ဝင်ထိုင်လိုက်ပြီး တူတစ်စုံကို ကောက်ကိုင်လိုက်သည်။ ဆန်ပြုတ်ကို အားရပါးရ သောက်နေပြီး ဟင်းသီးဟင်းရွက်များကိုလည်း ပါးလုတ်ပါးလောင်း ဝါးမျိုနေ၏။ ဆန်ပြုတ်သည် ပူပူနွေးနွေးရှိနေဆဲဖြစ်သောကြောင့် ခဏလေးအတွင်းမှာပင် တက်တက်စင်အောင် ပြောင်သွားသည်။ ရဲ့ခိုင်သည် နောက်ထပ် ဆန်ပြုတ်တစ်ပန်းကန်ကိုပင် သောက်နေချေသေး၏။

ဒုတိယဆန်ပြုတ်ပန်းကန် ကုန်သွားပြီး စားပွဲပေါ်သို့ ဝါးတူကို ပြန်ချထားလိုက်ချိန်တွင် မားခုန်းချွင်သည် ရဲ့ခိုင်ကို စိုက်ကြည့်နေပြီး “မနက်မဟုတ်တော့ဘူး... အချိန်တောင်လင့်သွားပြီ” ဟု ဆိုလိုက်သည်။

ရဲ့ခိုင်-“အိုး... သခင်ကြီးပြောတာမှန်တယ်။ မနက်မှမဟုတ်တော့ပဲ...”

မားခုန်းချွင်-“မနေ့ညက လူတိုင်းလူတိုင်း သူတို့အခန်းတွေကို ပြန်သွားခဲ့ကြပေမယ့် မင်းကတော့ ဘာထွက်လုပ်နေသေးတာလဲ။”

ရဲ့ခိုင်-“ကျုပ်လား... အခန်းထဲမှာတော့ မရှိနေခဲ့ဘူးဗျ။”

မားခုန်းချွင်-“ဒါဆိုရင် မင်းက ဘယ်ကိုရောက်နေခဲ့တာလဲ။”

ရဲ့ခိုင်-“အိပ်မပျော်တာနဲ့ဘဲ အပြင်ဘက်ကို လမ်းထွက်လျှောက်နေခဲ့တာပါ။ သတိတောင်မထားလိုက်မိဘူး... မိုးလင်းနေပါရောလား။”

မားခုန်းချွင်-“မင်းကို သက်သေပြနိုင်မယ့်လူတစ်ယောက်လောက်များ မရှိတော့ဘူးလား။”

ရဲ့ခိုင်-“ကျုပ်ပြောခဲ့တဲ့စကားအတွက် ဘယ်သူ့ကိုများ သက်သေခေါ်ပြနေရဦးမှာလဲ။”

မားခုန်းချွင်၏အကြည့်များက ဓားတစ်လက်လို ထက်မြည့်လှပြီး ရဲ့ခိုင်ကို တည့်တည့်ကြီး စိုက်ကြည့်နေ၏။ “ဘာကြောင့်လဲဆိုတော့ လူတစ်ယောက်ဟာ ကျုပ်တို့ကို အသက် ၁၃ ချောင်း အကြွေးပေးစရာရှိနေတယ်။”

“အသက် ၁၃ ချောင်း... ဟုတ်လား” ရဲ့ခိုင်က မျက်မှောင်ကျုံ့ပြီး မေးမြန်းလိုက်သည်။

မားခုန်းချွင်သည် ခေါင်းညိတ်ပြီး ပြန်ဖြေဆိုလိုက်၏။ “ဓားချက် ၁၃ ချက်၊ အသက် ၁၃ ချောင်း... အင်မတန်မှ မြန်ဆန်တဲ့ ဓားတစ်လက်ပဲ...”

ရဲ့ခိုင်က ထပ်မေးလိုက်သည်။ “ဆိုလိုတာက မနေ့ညက လူ ၁၃ ယောက် အသတ်ခံလိုက်ရတယ်ပေါ့။”

မားခုန်းချွင်၏မျက်နှာထက်တွင် ဝမ်းနည်းပူဆွေးမှုများ ထွက်ပေါ်လာခဲ့ပြီး-“မှန်တယ်။ မနေ့ညက လူ ၁၃ ယောက် ခေါင်းဖြတ်သတ်ခံလိုက်ကြရတယ်။” ဟု လေးတွဲ့စွာ ရှင်းပြလိုက်သည်။

ရဲ့ခိုင်က မှတ်ချက်ပေးလိုက်သည်။ “ခွေးတွေ၊ မြင်းတွေတောင်မှ ဘာအပြစ်မှ မရှိသေးတာပဲ... ဒီလူရဲ့တိုက်ခိုက်မှုက သိပ်ကို ရက်စက်လွန်းအားကြီးပါတယ်။”

မားခုန်းချွင်သည် သူ့မျက်လုံးများထဲကို စိုက်ကြည့်နေပြီး မေးမြန်းလိုက်ပြန်၏။ “မနေ့ညက ဘာတွေဖြစ်ခဲ့သလဲဆိုတာ မင်းတကယ်ပဲမသိဘူးပေါ့။”

ရဲ့ခိုင်က ရိုးရိုးရှင်းရှင်းလေးပင် တုံ့ပြန်လိုက်သည်။ “ဘာမှကို မသိဘူး။”

မားခုန်းချွင်သည် သူ၏လက်တစ်ဘက်ကို မြှောက်ပြလိုက်ရာ ဓားမော့တစ်ချောင်း ကိုင်ဆောင်ထားကြောင်း ရဲ့ခိုင် တွေ့ရှိလိုက်ရ၏။

နှင်းကဲ့သို့ ဆွတ်ဆွတ်ဖြူဖွေးနေသော ဓားမော့တစ်လက်... ဓားသွားက ပါးလွှာပြီး ထက်မြည့်လှသည်။

မားခုန်းချွင်၏ အကြည့်များက ဓားသွားပေါ်တွင် ရှိနေကြပြီး ရဲ့ခိုင်ကို မေးမြန်းလိုက်၏။ “ဒီဓားမော့ကို မင်းဘယ်လိုမြင်လဲ...”

ရဲ့ခိုင်က မဆိုင်းမတွပင် ပြန်ဖြေဆိုလိုက်၏။ “သိပ်ကောင်းတဲ့ ဓားမော့တစ်လက်ပေါ့။”

မားခုန်းချွင်-“သိပ်ကောင်းတဲ့ ဓားမော့တစ်လက်မဟုတ်ဘူးဆိုရင် လူ ၁၃ ယောက်ရဲ့ အသက် ၁၃ ချောင်းကို ဘယ်လိုလုပ်ပြီး နှုတ်ယူသွားခဲ့နိုင်မှာတဲ့လဲ။”

မားခုန်းချွင်၏အကြည့်များက ဓားမော့မှတဆင့် မော့တက်လာပြီး ရဲ့ခိုင်ထံ ရောက်ရှိလာကာ စူးစူးရှရှ မေးမြန်းလိုက်၏။ “ဒီဓားမော့ကို မင်း ဘယ်တုန်းကမှ မတွေ့ခဲ့ဖူးဘူးလား။”

ရဲ့ခိုင်-“တစ်ခါမှကို မတွေ့ခဲ့ဖူးဘူး..”

မားခုန်းချွင်-“ကျုပ်တို့ ဒီဓားမော့ကို ဘယ်နေရာကနေ တွေ့လာခဲ့တာလဲ သိလား။”

ရဲ့ခိုင်က ခေါင်းခါရမ်းပြလိုက်သည်။

မားခုန်းချွင်-“လူသတ်မှုကျူးလွန်ခဲ့တဲ့နေရာက မြေကြီးအောက်ကနေ ပြန်တွေ့တာ။”

ရဲ့ခိုင်-“မြေကြီးအောက်ကနေ... ဟုတ်လား။”

မားခုန်းချွင်-“လူသတ်သမားဟာ လူသတ်မှုကျူးလွန်ပြီးသွားတာနဲ့ ဓားကိုမြေမြှုပ်ဖို့ အသည်းအသန် ကြိုးစားခဲ့ပုံရတယ်။ ဒါပေမယ့် အချိန်မရှိတော့လို့ သေသေချာချာ မမြှုပ်နိုင်ခဲ့ဘူး။ အဲဒီတော့ ကျုပ်တို့တတွေ လွယ်လွယ်ကူကူပဲ ရှာဖွေတွေ့ရှိနိုင်ခဲ့တာပေါ့။”

ရဲ့ခိုင်-“ဘာဖြစ်လို့များ ဓားတစ်လက်ကို မြေမြှုပ်ခဲ့ရတာလဲ။”

မားခုန်းချွင်က အေးစက်သောလေသံဖြင့်-“ဘယ်တုန်းကမှ ဓားမကိုင်တဲ့လူတစ်ယောက် ဖြစ်နေလို့လည်း ဖြစ်နေနိုင်တာပဲ” ဟု ပြောဆိုလိုက်သည်။

ရဲ့ခိုင်သည် အူကြောင်ကြောင်ဖြစ်သွားခဲ့ပြီး မားခုန်းချွင်ကို ပြုံးရွှင်သောမျက်နှာပေးဖြင့် ပြန်ကြည့်နေလိုက်သည်။ “ဌာနသခင်ကြီးဆိုလိုချင်တာက ဒီဓားမော့ဟာ ကျုပ်ရဲ့ပစ္စည်းလို့များလား...”

မားခုန်းချွင်-“မင်းသာ ကျုပ်နေရာမှာဆိုရင် ဘယ်လိုတွေးထင်မလဲ...”

ရဲ့ခိုင်-“ကျုပ်က သခင်ကြီးမှ မဟုတ်တာပဲဗျာ။”

မားခုန်းချွင်-“မနေ့ညက ဖူဟောင်ရွှယ်၊ လိုလိုရှန်း၊ မုယုံမင်းကျူ၊ ပင့်ကူပျံတို့အားလုံး သူတို့အခန်းကို ပြန်သွားခဲ့ကြတာ မျက်မြင်သက်သေတွေရှိနေတယ်။”

ရဲ့ခိုင်-“ဒါဆိုရင် သေသွားခဲ့တဲ့ လူ ၁၃ ယောက်ဟာ သူတို့ရဲ့လက်ချက် ဘယ်နည်းနဲ့မှ မဖြစ်နိုင်တော့ဘူး။”

မားခုန်းချွင်၏မျက်လုံးများတွင် ထူးဆန်းသောအရောင်တစ်ချက် ဖြတ်ပြေးသွားခဲ့ပြီး ရဲ့ခိုင်ကို မေးခွန်းထပ်ထုတ်လိုက်ပြန်၏။ “ဒါဆိုရင်... မင်းကျတော့ရော... မနေ့ညက ဘယ်နေရာကို ရောက်နေခဲ့တာလဲ... မျက်မြင်သက်သေကော ပြနိုင်ရဲ့လား။”

ရဲ့ခိုင်က သက်ပြင်းချသံနှင့်အတူ ပြန်ဖြေလိုက်၏။ “ကျုပ်မှာ ဘာသက်သေမှ မပြနိုင်ဘူး။”

မားခုန်းချွင်သည် မည်သည့်မေးခွန်းမှ ဆက်မမေးတော့ပါ။ သူ၏မျက်လုံးများတွင် လူသတ်ငွေ့များ တထောင်းထောင်း ထွက်ပေါ်လာနေသည်။

လေးလံသော ခြေသံများထွက်ပေါ်လာခဲ့ပြီး ဟွာမင်းထျန်နှင့် ယွင်ဇိုင်ထျန်းတို့နှစ်ယောက်သည် ရဲ့ခိုင်၏ နောက်ကျောဘက်သို့ ရောက်ရှိလာခဲ့ကြ၏။

ယွင်ဇိုင်ထျန်း-“ရဲ့အစ်ကိုလေး ကျေးဇူးပြုပြီး...”

ရဲ့ခိုင်-“ကျေးဇူးပြုပြီး ဘာလုပ်ရမှာတုန်း...”

ယွင်ဇိုင်ထျန်း-“ကျေးဇူးပြုပြီး အပြင်ဘက်ကို ထ လိုက်ခဲ့ပါ။”

ရဲ့ခိုင်-“ကျုပ် ဒီမှာထိုင်နေရာတာ ဒီလောက်ဇိမ်ကျနေတာ၊ ခင်ဗျားက ဘာဖြစ်လို့ အပြင်ဘက်ကို ထွက်ခိုင်းနေရတာတုန်း။”

ရဲ့ခိုင်သည် သက်ပြင်းမောကြီးတစ်ချက်ချလိုက်ပြီး ဖြည်းဖြည်းချင်း ထရပ်လိုက်၏။

ယွင်ဇိုင်ထျန်းက ရဲ့ခိုင်ထိုင်နေခဲ့သော ထိုင်ခုံကို လူသွားလမ်းဖြစ်ပေါ်လာအောင် နေရာရွှေ့ပေးလိုက်သည်။

မားခုန်းချွင်-“ဒီ ဓားမော့ဟာ မင်းရဲ့လက်နက်ဖြစ်နေမှတော့ မင်းပဲပြန်ယူသွားလိုက်ပါ။ ဖမ်းလိုက်စမ်း...”

သူ၏လက်ကို မြှောက်လိုက်သော် ဓားမော့သည် ရဲ့ခိုင်ဆီသို့ တည့်တည့်ကြီး ပျံဝဲလာခဲ့တော့၏။

သို့သော် ရဲ့ခိုင်က ဖမ်းယူခဲ့ခြင်းမရှိပါ။

ဓားဖျားက သူ့အင်္ကျီလက်စကို အဖျားခတ်သွားခဲ့ပြီး စားပွဲပေါ်သို့ ၇ လက်မခန့် ‘ဒုတ်’ ခနဲ စိုက်ဝင်သွားခဲ့သည်။

ရဲ့ခိုင်-“ကောင်းလိုက်တဲ့ ဓားမော့တစ်လက်... ကျုပ်ရဲ့ လက်နက်မဟုတ်တာ ဝမ်းနည်းစရာပဲ။”

ရဲ့ခိုင်သည် အပြင်ဘက်သို့ လျှောက်လှမ်းသွားနေပြီဖြစ်သည်။

ဟွာမင်းထျန်နှင့် ယွင်ဇိုင်ထျန်းတို့သည် သူ့နောက်မှ အရိပ်နှစ်ခုလို ကပ်ပါသွားခဲ့ကြ၏။

အပြင်ဘက်သို့ ခြေတစ်လှမ်း ထွက်သွားလိုက်သည်နှင့် ရဲ့ခိုင်အတွက် ပြန်လမ်းမရှိတော့မှန်း အားလုံးက သိနေကြသည်။

အားလုံးသည် ရဲ့ခိုင်ကို ကိုယ်ချင်းစာသနားသော အကြည့်များဖြင့် စိုက်ကြည့်နေကြသော်လည်း မည်သူတစ်ဦးတစ်ယောက်မျှ သူ့ဘက်က ရပ်တည်ပေးမည့်သူမရှိ။

ဖူဟောင်ရွှယ်ပင်လျှင် တုတ်တုတ်မလှုပ်...။

ဖူဟောင်ရွှယ်၏ မျက်နှာထားက အေးစက်စက်၊ တောင့်တောင့်တင်းတင်းကြီး ဖြစ်နေဆဲ...။ဤ မျက်နှာထားကို တစ်ချိန်လုံး ထားထားရမည်ဟု သူ့ကိုယ်သူ ယူဆထားလေသည်လားမသိ...။

မားခုန်းချွင်သည် ခန်းမကြီးထဲသို့ တစ်ချက်ဝေ့ကြည့်လိုက်ပြီး အော်မေးလိုက်၏။ “ဒီကိစ္စနဲ့ပတ်သက်ပြီး ဘယ်သူမှ ဘာမှ ပြောစရာ မရှိကြတော့ဘူးလား။”

“တစ်ခုပဲ..” ဖူဟောင်ရွှယ်က မဆိုင်းမတွပင် ပြန်ဖြေလိုက်သည်။

မားခုန်းချွင်-“ပြောပါဦး...”

ဖူဟောင်ရွှယ်-“ခင်ဗျားတို့ လူမှားပြီး သတ်မိခဲ့မယ်ဆိုရင်ကော...”

မားခုန်းချွင်၏ အမူအရာများ ရုတ်ချည်းပင် ပျက်ယွင်းသွားခဲ့ပြီး အေးစက်စက် ပြန်ဖြေလိုက်၏။ “လူမှားပြီး သတ်မိခဲ့မယ်ဆိုရင်လည်း နောက်ထပ် လူထပ်သတ်ရဦးမှာပေါ့။”

ဖူဟောင်ရွှယ်က ဖြည်းဖြည်းလေး ခေါင်းညိတ်ပြီး ပြောဆိုလိုက်သည်။ “ကျုပ် နားလည်ပါတယ်။”

မားခုန်းချွင်-“မင်းမှာ ပြောစရာ ကျန်သေးလား။”

ဖူဟောင်ရွှယ်-“ဘာမှမရှိတော့ပါဘူး။”

မားခုန်းချွင်သည် သူ၏ဝါးတူတစ်စုံကို မြှောက်ပြီး လောဆော်လိုက်၏။ “အားလုံးပဲ စားသုံးနိုင်ကြပါပြီ။”

နေရောင်ခြည်က စူးရှစွာ တောက်ပလင်းလက်နေ၏။ တလူလူလွင့်နေသော အလံကြီး၏ထိပ်ဖျားမှ နေရောင်ခြည်များ ရောင်ပြန်လင်းလက်နေသည်။

ရဲ့ခိုင်သည် နေရောင်အောက် ထွက်သွားလိုက်ပြီး အပေါ်ကို မော့ကြည့်ကာ တီးတိုးရေရွတ်လိုက်၏။ “ဘယ်လောက်တောင်မှ သာယာတဲ့နေ့လေးတစ်နေ့လဲ...”

ယွင်ဇိုင်ထျန်းက အေးစက်စက် တုံ့ပြန်လိုက်သည်။ “မှန်တယ်... သိပ်ကို သာယာတဲ့နေ့လေးတစ်နေ့ပေါ့။”

ရဲ့ခိုင်-“ဒီလောက် သာသာယာယာရှိနေတဲ့ နေ့လေးတစ်နေ့မှာ ဘယ်သူမှ သေချင်ကြမှာမဟုတ်ဘူးလို့ထင်တယ်။”

ယွင်ဇိုင်ထျန်း-“သနားစရာကောင်းတာကတော့ လူတွေဟာ နေ့တိုင်းသေနေကြရတာပဲ... သာသာယာယာရှိတဲ့နေ့ ဟုတ်ဟုတ်မဟုတ်ဟုတ် သေကြရမှာပဲ။”

ရဲ့ခိုင်-“ခင်ဗျားပြောတာမှန်တယ်။ သနားစရာသိပ်ကောင်းတယ်။”

ဟွာမင်းထျန်-“မနေ့ညက မင်းဘယ်မှာ ရှိနေခဲ့တာလဲ။”

ရဲ့ခိုင်-“ဘယ်သူမှ မရှိတဲ့နေရာတစ်နေရာမှာပေါ့။”

ဟွာမင်းထျန်သည် သက်ပြင်းရှည်ကြီးတစ်ချက်ချလိုက်ပြီး တီးတိုးလေး ရေရွတ်လိုက်၏။ “သနားဖို့ကောင်းလိုက်တာ... သိပ်ကို သနားဖို့ကောင်းတာပဲ။”

ရဲ့ခိုင်-“ဘာက သနားဖို့ကောင်းနေတာလဲ။”

ဟွာမင်းထျန်-“မင်းရဲ့အသက်က ငယ်ငယ်လေးပဲ ရှိသေးတယ်။ ဒီလိုအသက်အရွယ်လေးမှာ သေရတော့မယ်ဆိုတော့ သနားဖို့ကောင်းနေတာပေါ့။”

ရဲ့ခိုင်-“ကျုပ် သေချင်တယ်လို့ ဘယ်သူကပြောလဲ... လုံးဝကို သေချင်သေးတာ မဟုတ်ဘူးနော်။”

ဟွာမင်းထျန်-“ကျုပ်လည်းပဲ မင်းကို မသေစေချင်ပါဘူး။ ဒါပေမဲ့ ကျုပ်ရဲ့အတွေးတွေနဲ့ မတိုက်ဆိုင်တာလေးတစ်ခုတော့ ရှိနေသေးရဲ့။”

ရဲ့ခိုင်-“ဘာများလဲဗျ..”

ဟွာမင်းထျန်သည် သူ၏လက်တစ်ဘက်ကို ဖြည်းဖြည်းလေး နှိမ့်ချလိုက်ပြီး ခါးကြားတွင်ချိတ်ဆွဲထားသော သားရေအိတ်ကလေးကို ပုတ်လိုက်၏။

‘ချွမ်း...’

အကြိမ်ပေါင်းများစွာ ပန်းပဲထုထားပုံရပြီး ထက်မြည့်နေအောင် သွေးထားသော ဓားတစ်လက်သည် ဓားအိမ်မှ ခုန်ထွက်လာခဲ့သည်။

ရဲ့ခိုင်က ပါးစပ်အဟောင်းသားဖြင့် ချီးကျူးလိုက်သည်။ “ကောင်းလိုက်တဲ့ဓား...”

ဟွာမင်းထျန်-“မင်းရဲ့ ဓားမော့နဲ့ ယှဉ်လိုက်ရင် ဘယ်လိုနေမလဲ။”

ရဲ့ခိုင်-“အင်း... ဘယ်သူ့လက်ထဲမှာ ကိုင်ထားတာလဲဆိုတာ ပိုအရေးကြီးမယ်ထင်တယ်။”

ဟွာမင်းထျန်-“ထားလိုက်ပါတော့.. မင်းလက်ထဲမှာ ကိုင်ထားတယ်လို့ပဲ ယူဆမယ်ဆိုရင်ကော...”

ရဲ့ခိုင်-“ကျုပ် ဓားမော့တစ်လက်ကို ဘယ်တုန်းကမှ မကိုင်ခဲ့ဘူးတာ...။ အသုံးလည်း မပြုချင်ပါဘူး။”

ဟွာမင်းထျန်-“မင်း ဘယ်တုန်းကမှ ဓားမော့တစ်လက်မှ မကိုင်ခဲ့ဖူးဘူးပေါ့လေ။”

ရဲ့ခိုင်-“ကျုပ်ရဲ့ လက်နှစ်ဘက်နဲ့ လူသတ်တာကို ပိုပြီးသဘောကျတယ်။ ဒီဗလာချည် လက်နှစ်ဘက်က ထိုးခွင်းချေဖျက်လိုက်လို့ ထွက်ပေါ်လာတဲ့ အရိုးကျိုးသွားသံတွေကို နားထောင်ရတာ သိပ်ပြီးအရသာရှိတာ။”

ဟွာမင်းထျန်သည် မျက်စိမျက်နှာအပျက်ပျက်ဖြင့် တုံ့ပြန်ပြောဆိုလိုက်၏။ “လူ့ခန္ဓာကိုယ်ထဲကို ဓားတစ်လက် တိုးဝင်ရောက်သွားတဲ့အသံကိုကော ကြားဖူးရဲ့လား။”

ရဲ့ခိုင်-“ဘယ်တုန်းကမှ မကြားဖူးဘူး။”

ဟွာမင်းထျန်-“အဲဒီအသံလည်း နားထောင်လို့ သိပ်ကောင်းတာပဲ။”

ရဲ့ခိုင်-“တစ်နေ့နေ့တစ်ချိန်ချိန်တော့ ကျုပ်ကိုလည်း ပြသပါဦးလား။”

ဟွာမင်းထျန်-“မင်း မကြာခင်မှာပဲ ကြားရတော့မှာပါ။”

သူ့လက်ကို တစ်ချက်မျှ လှုပ်ခါလိုက်ရာ ဓားသွားသည် အပေါ်ဘက်သို့ ဘေးတစ်စောင်း ဖြတ်တက်လာတော့သည်။ နံနက်ခင်း၏ နေရောင်ခြည်အောက်တွင် ဓားသွားရောင်ပြန် တဝင်းဝင်းနှင့် ရဲ့ခိုင်၏ နောက်ကျောဘက်တွင် လင်းလက်နေ၏။

ရုတ်တရက်...

အမျိုးသမီးတစ်ယောက်၏ အသံ ထွက်ပေါ်လာခဲ့သည်။ “ဟဲ့ ကောင်လေး... လူတစ်ယောက် အသတ်ခံရမယ့်အရေးကို ဘာငေးကြည့်နေတာလဲ။ ဘာပျော်စရာမှ မရှိဘူး။ ပြန်လာခဲ့...”

ကလေးငယ်တစ်ယောက်၏ အသံလည်း ထွက်ပေါ်လာပြန်သည်။ “ပျော်စရာကြီးပါဗျာ... ဝက်တွေကို သတ်တာထက်တော့ ပိုပြီးကြည့်လို့ကောင်းမှာပါ။”

ဟွာမင်းထျန်သည် မျက်ခုံးရှုံ့လိုက်ပြီး ဓားဦးကို အောက်သို့ ချထားလိုက်တော့၏။

ရဲ့ခိုင်သည်လည်း စပ်စပ်စုစုဖြင့် အနောက်သို့ လှည့်ကြည့်လိုက်သည်။ သက်လတ်ပိုင်းအရွယ်ရှိ အမျိုးသမီးတစ်ယောက်သည် အနီရောင် ဝတ်ဆင်ထားသည့် ချာတိတ်ကလေးတစ်ယောက်ကို လက်ဆွဲထားပြီး ခန်းမဆောင်ကြီး၏ ထောင့်တစ်နေရာမှ ထွက်ပေါ်လာ၏။

သူမသည် ခန့်ခန့်ထည်ထည်ကြီး မတ်တတ်ရပ်နေ၏။ နက်မှောင်ရှည်လျားသော ဆံနွယ်စများက တဝဲဝဲ ရှိနေကြပြီး ဘဲဥပုံရှိ မျက်နှာသွယ်သွယ်လေးမှာ နှင်းကဲ့သို့ ဖြူဖွေးနေ၏။ သူမ၏အလှသည် ယောက်ျားတစ်ယောက်အတွက် မြင်မြင်ချင်း အရည်ပျော်ကျသွားနိုင်သည့်အလှမျိုးမဟုတ်... သို့သော် ခြေတစ်လှမ်း ကုဋေတစ်သန်းတန်သော ဆင်မယဉ်သာ ခြေလှမ်းမျိုးဖြင့် လှမ်းလျှောက်လာဟန်မှာ တော်ဝင်နန်းဆန်လွန်းလှသည်။

သူမကို တွေ့ဖူးမြင်ဖူးသည့် ပုရိသအားလုံးလိုလိုအတွက်... သူမသည် ယောက်ျားများကို နှစ်သိမ့်မှုပေးစွမ်းနိုင်ပြီး စိတ်ကျေနပ်မှုများ ဖြည့်ဆီးပေးနိုင်သူ အမျိုးသမီးတစ်ယောက်၊ နားလည်ပေးနိုင်စွမ်းရှိသူ အမျိုးသမီးတစ်ယောက် ဖြစ်မှန်း ချက်ချင်းခံစားမိသွားကြမည်ဖြစ်သည်။

သူမသည် ချာတိတ်ကလေးကို လက်က ကိုင်ဆွဲခေါ်လာ၏။ ချာတိတ်ကလေးသည် ဦးခေါင်းမှ ခြေဖျားထိ နီရဲနေသော ဝတ်စုံတစ်စုံကို ဝတ်ဆင်ထား၏။ ခေါင်းပေါ်တွင် အနီရောင်ခေါင်းစီးကြိုးလေးတစ်ချောင်းလည်း စုချည်ထားပြီး လေထဲတွင် ထောင်နေသည်။ ခပ်ပိန်ပိန်ပါးပါးနှင့် ခန္ဓာကိုယ်သေးကွေးသူ ကလေးငယ်တစ်ယောက်ဖြစ်သော်လည်း မျက်လုံးများမှာမူ ပြူးကျယ်ဝိုင်းစက်နေကြသည်။ နက်မှောင်နေသော မျက်ဝန်းရွဲကြီးတစ်စုံသည် မြင်မြင်သမျှအရာအားလုံးကို စိတ်ဝင်တစားဖြင့် စူးစမ်းလေ့လာနေကြဟန်ရှိသည်။

ရဲ့ခိုင်သည် သူတို့နှစ်ယောက်ကို ပြုံးပြလိုက်၏။

အမျိုးသမီးနှင့် ကလေးငယ်များကို တွေ့ဆုံလိုက်ရတိုင်း သူ၏ အပြုံးများက ပို၍ပင် နွေးထွေးခင်မင်စရာ ကောင်းလာတတ်သည် မဟုတ်ပါလား။

ကလေးငယ်လေးသည် ရဲ့ခိုင်ကို တွေ့တွေ့လိုက်ချင်းပင် အေးခဲစွာ ရပ်တန့်သွားခဲ့သည်။ ပြီးနောက် ခုန်ပေါက်ပြီး အော်ဟစ်ပြောဆိုလိုက်၏။ “ဒီလူ့ကို ကျနော်သိတယ်...”

သက်လတ်ပိုင်းအမျိုးသမီးသည် မျက်မှောင်ကျုံ့လိုက်ပြီး-“လျှောက်ပြောမနေစမ်းနဲ့... လာ.. သွားကြရအောင်...” ဟု ချာတိတ်ကလေးကို ပြောလိုက်သည်။

ချာတိတ်ကလေးသည် သူမ၏လက်ထဲမှ အတင်းရုန်းထွက်သွားခဲ့ပြီး ရဲ့ခိုင်တို့ ရှိနေရာသို့ အပြေးလေး လှမ်းလာ၏။ သူ့ပါးပြင်နှစ်ဘက်ကို ဆွဲပြနေပြီး ရဲ့ခိုင်ကို ပြောင်စပ်စပ် မျက်နှာပေးဖြင့် “ခိခိ ရှက်စရာကြီး၊ ရှက်စရာကြီး... ကျနော့် မမလေးကို ခင်ဗျားကြီး အနောက်ကနေ မလွှတ်တမ်း သိုင်းဖက်ထားခဲ့တာ ကျနော် တွေ့မြင်ခဲ့တယ်နော်... ခင်ဗျားကြီး မရှက်ဘူးလား။”

“ရှောင်းဟူ... ဘာတွေလျှောက်ပြောနေတာလဲ..” ဟွာမင်းထျန်က မျက်နှာထားတင်းတင်းဖြင့် ချာတိတ်ကလေးကို မေးမြန်းလိုက်သည်။

“ကျနော်လျှောက်ပြောနေတာမဟုတ်ဘူး။ အမှန်ပြောနေတာ။ မနေ့ညတုန်းက ဒီလူကြီး မမလေးကို မလွှတ်တမ်းဖက်ထားတာ... ဘာပဲဖြစ်ဖြစ် မလွှတ်တမ်းကို ဖက်ထားတာ..” ချာတိတ်ကလေးသည် စိတ်အားထက်သန်စွာဖြင့်၊ မျက်လုံးများ အရောင်တောက်ပစွာဖြင့် ရှင်းပြနေလေသည်။

ဟွာမင်းထျန်-“မနေ့ညတုန်းကဆိုတော့ ဘယ်အချိန်လောက်မှာလဲ။”

ချာတိတ်ကလေး-“အင်း... မနက်တောင် လင်းခါနီးနေပြီထင်တာပဲ။”

ဟွာမင်းထျန်၏ အမူအရာများ လုံးဝပြောင်းလဲသွားခဲ့တော့သည်။

“မင်းမျက်စိနဲ့ တပ်အပ်သေချာမြင်ခဲ့ရလို့လား။ လိမ်မပြောနဲ့နော်။” ယွင်ဇိုင်ထျန်းက စူးစူးရှရှလေး မေးမြန်းလိုက်သည်။

ချာတိတ်ကလေး-“သိပ်သေချာတာပေါ့။ ကျနော့်မျက်စိတွေနဲ့ကို တပ်အပ်ကြီး မြင်တွေ့ခဲ့ရတာ။”

ယွင်ဇိုင်ထျန်း-“ဘယ်လိုလုပ်ပြီး မြင်တွေ့ခဲ့ရတာလဲ။”

ချာတိတ်ကလေး-“မနေ့ညက ခေါင်းလောင်းတီးသံတွေ ထွက်ပေါ်လာပြီးတဲ့နောက် မမလေးက အပြင်ဘက်ကို ထွက်ကြည့်ဦးမယ်ဆိုပြီး ထွက်သွားခဲ့တယ်။ ကျနော်လည်း လိုက်ချင်တာပေါ့။ ဒါပေမဲ့ သူက ပေးမလိုက်ခဲ့ဘူး။ ဒါနဲ့ မမလေးလစ်တဲ့အချိန်မှာ သူ့မြင်းရဲ့ဝမ်းဗိုက်အောက်ထဲ ဝင်ပုန်းနေခဲ့တယ်။”

ယွင်ဇိုင်ထျန်း-“ပြီးတော့ကော..”

ချာတိတ်ကလေး-“မမလေးက ကျနော်ပါလာတာကို လုံးဝမသိခဲ့ဘူး။ မြင်းစီးထွက်လာပြီး သိပ်မကြာခင်လေးမှာပဲ ဒီလူကြီးနဲ့ သွားတိုးပါလေရော... ပြီးတော့ သူတို့တွေ...”

သို့သော် ချာတိတ်ကလေး၏ စကားပင်မဆုံးသေး... အမျိုးသမီးသည် သူ့လက်ကို ဆွဲခေါ်သွားခဲ့တော့သည်။ ချာတိတ်ကလေးသည် ပါးစပ်အငြိမ်မနေဘဲ တရွတ်တိုက်ဆွဲခေါ်သွားခြင်းခံနေရတုန်းမှာပင် အော်ဟစ်ပြောဆိုသွားသေး၏။ “ကျနော် အမှန်ပြောနေတာ... ကျနော့်မျက်လုံးတွေနဲ့ကို မြင်တွေ့ခဲ့ရတာပါ။ သူတို့ကို ဘာဖြစ်လို့ ပေးမပြောရတာလဲ။”

ဟွာမင်းထျန်နှင့် ယွင်ဇိုင်ထျန်းတို့သည် တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်နေကြပြီး မျက်နှာများ ဖြူဖတ်ဖြူရော် ဖြစ်နေကြကာ ဘာပြောရမှန်းမသိလောက်အောင်ကို ဖြစ်နေကြရ၏။

ရဲ့ခိုင်၏မျက်နှာထက်တွင်လည်း ထူးထူးခြားခြားအမူအရာများ ထွက်ပေါ်နေပြီး သူဘာစဉ်းစားနေမှန်း မည်သူကများ သိနိုင်ပါဦးမည်နည်း။

ရုတ်တရက်ဆိုသလို...

လေးနက်တည်ကြည်သော စကားသံတစ်သံ ထွက်ပေါ်လာခဲ့၏။ “ကျုပ်နောက်ကို လိုက်ခဲ့...”

မားခုန်းချွင်သည် ခန်းမဆောင်ထဲမှ ထွက်လာပြီး ရဲ့ခိုင်ကို လက်ယပ်ခေါ်နေသည်။ ပြီးနောက် တဆက်တည်းလိုလို လျှောက်ထွက်သွားလိုက်၏။

ရဲ့ခိုင်သည်လည်း သူ့နောက်မှ ကောက်ကောက်ပါအောင် လိုက်သွားခဲ့လေသည်။

ထိုအချိန်၌ပင် လွင်ပြင်ရိုင်းများထဲမှ ရိုးရာသီချင်းတစ်ပုဒ်ဆိုသံ ထွက်ပေါ်လာခဲ့ပြန်သည်။

“အပြာရောင်... အပြာရောင် ကောင်းကင်ကြီးပါ။ ကျယ်... ကျယ်ပြောတဲ့ လွင်ပြင်ဒေသကြီး... လေရိုင်းတွေကြားမှာ မြက်ရိုင်းတွေ ဝှေ့ယမ်းနေကြပြီ။ နွားတွေ၊ သိုးတွေကို တွေ့မြင်ကြရလိမ့်မယ်ကွဲ့...”

သို့သော် ဤနေရာတွင် ဘာနွား၊ ဘာသိုး တစ်ကောင်မှမရှိနေပါ။ မြင်းများသာ ရှိနေလေသည်။

+++++

မားခုန်းချွင်သည် နေရောင်အောက်ရှိ လွင်ပြင်ကြီးများထဲတွင် မြင်းကိုယှဉ်စီးနေ၏။ ကမ္ဘာလောကကြီးတစ်ခုလုံး သက်ရှိအရာများဖြင့် သက်ဝင်လှပနေလေသည်။

မြင်းကုန်းနှီးပေါ်တွင် တည့်မတ်စွာထိုင်နေပြီး လက်ထဲမှ မြင်းဖုန်ခါတံဖြင့် မြင်းကြီးကို တဖြောင်းဖြောင်း ရိုက်နေသည်မှာ ရှိရှိသမျှ ဒေါသများကို ဇောင်းပေးလွှတ်နေသည့်အလား...။ မြင်းကြီးသည်လည်း လျင်မြန်စွာ ပြေးလွှားနေရရှာလေသည်။

ကံကောင်းထောက်မလှစွာ ရဲ့ခိုင်သည်လည်း မြင်းကောင်းမြင်းသန့်ကြီးတစ်စီးပေါ်တွင် လိုက်ပါလျက်သားဖြစ်နေခြင်းပင်...။ မားခုန်းချွင်နှင့် ယှဉ်လိုက်ရန်ကိုမူ မနည်းပင် ကြိုးစားနေရ၏။

အဝေးတစ်နေရာရှိ တောင်တန်းတစ်ခုသည် အစိမ်းရောင်အစက်အပျောက်ကလေးတစ်ခုသာသာ တွေ့မြင်နေရ၏။ မြင့်မားလှခြင်းမရှိဟု ထင်ရသလို ဝေးကွာလှခြင်းမရှိဟုလည်း ထင်ရပြန်သည်။

သူတို့စီးနင်းနေသော နှုန်းအရ တောင်ခြေလေးသို့ ၂ နာရီအတွင်းမှာပင် ရောက်ရှိသွားကြလေသည်။

မားခုန်းချွင်သည် ခန္ဓာကိုယ်ကို တစ်ပတ်လှည့်လိုက်ပြီး မြင်းပေါ်မှ ခုန်ဆင်းလိုက်၏။ ပြီးနောက် တောင်ကုန်းလေးပေါ်သို့ အပြေးကလေး လှမ်းတက်သွားတော့သည်။

ရဲ့ခိုင်သည်လည်း နောက်မှ လိုက်ပါသွားခဲ့သည်။

တောက်ကုန်းလေးပေါ်တွင် မြေပုံအုတ်ဂူ၏မှတ်တိုင်တစ်ခု ရှိနေ၏။ ထိုနေရာလေးသည် မြက်ခင်းစိမ်းများဖြင့် စိမ်းစိုနေပြီး ပတ်လည်တွင်ရှိနေသော ခပ်ဖြူဖြူ မိုးမခပင်ကြီးပင်ကြီးများသည်လည်း အနောက်ဘက်မှ တိုက်ခတ်လာသည့် လေအဝေ့တွင် ယိမ်းနွဲ့နေကြသည်။ မြေပုံပေါ်တွင် ၉ ပေခန့်အမြင့်ရှိသည့် မှတ်တိုင်ကြီးတစ်ခုက မားမားမတ်မတ်ကြီး ရှိနေသည်။

ကျောက်တုံးမှတ်တိုင်ပေါ်တွင်မူ ကြီးမားလှသော စာတမ်းကြီး ထွင်းထုထားသည်မှာ- “ဓားမော့စံအိမ်တော်မှ သူရဲကောင်းများ၏ နားခိုရာ”

ဘေးတစ်ဘက်တွင် ရှိနေသည့် စာတန်းမှာမူ- “ပိုင်ထျန်ယုနှင့် ဇနီး၊ ပိုင်ထျန်ယောင်နှင့် ဇနီး၊ အတူတကွ မြှုပ်နှံသင်္ဂြိုဟ်ထားခဲ့သည်။”

မားခုန်းချွင်သည် မြေပုံရှေ့တည့်တည့်သို့ မားမားမတ်မတ်ကြီး လျှောက်လှမ်းလာခဲ့ပြီး အဝတ်အစားများမှာ ချွေးများဖြင့် စိုစွတ်နေ၏။

တောင်ကုန်းပေါ်တွင် တိုက်ခတ်နေသည့်လေမှာ ရေခဲတမျှ အေးစက်နေသည်။ မားခုန်းချွင်သည် မြေပုံရှေ့တွင် ဒူးထောက်ထိုင်ချလိုက်ပြီး မျက်လုံးများ မှိတ်ထားနေ၏။ အတော်လေးကြသောအခါမှ မတ်တတ်ထရပ်လာပြီး ရဲ့ခိုင်ဘက်သို့ လှည့်လာခဲ့သည်။ မျက်လုံးများ၏ဘေးတစ်ဝိုက်တွင် ရှိနေသော မျက်ရစ်များက နက်ရှိုင်းစွာ ရှိနေကြပြီး မျက်ရစ်တစ်ခုတိုင်းတွင် အတိတ်ကာလမှ ဝမ်းနည်းပူဆွေးမှုများ မြှုပ်နှံသိမ်းဆည်းထားပုံရသည်။

မျက်ရစ်များတွင် အမုန်းတရားများနှင့် ဒေါသမီးများ မည်မျှလောက်တောင် များများမြှုပ်နှံထားသနည်းဆိုသည်ကို မည်သူကများ ခန့်မှန်းနိုင်ကြပါမည်နည်း။

ရဲ့ခိုင်သည် အနောက်လေ၏ တိုက်ခတ်လာမှုအောက်တွင် တိတ်ဆိတ်ငြိမ်သက်စွာ မတ်တတ်ရပ်နေ၏။ စကားလုံးများဖြင့် မဖော်ပြနိုင်သည့် အေးစိမ့်စိမ့် ကြက်သီးထစေသော ခံစားမှုများကိုလည်း ခံစားနေရသည်။

မားခုန်းချွင်သည် သူ့ဘက်ကိုလှည့်ပြီး မေးမြန်းလာ၏။ “မင်း ဘာတွေ့ရလဲ။”

ရဲ့ခိုင်-“မြေပုံတစ်ခု”

မားခုန်းချွင်-“ဘယ်သူ့မြေပုံလဲဆိုတာကော သိရဲ့လား။”

ရဲ့ခိုင်-“ပိုင်ထျန်ယု၊ ပိုင်ထျန်ယောင်...”

မားခုန်းချွင်-“သူတို့တတွေ ဘယ်သူတွေလဲဆိုတာကော သိရဲ့လား။”

ရဲ့ခိုင်က ခေါင်းခါပြလိုက်သည်။

“သူတို့တတွေဟာ ကျုပ်ရဲ့ သွေးသောက်အစ်ကိုတော်နှစ်ယောက်ပေါ့။ မိသားစုထက်တောင်မှ ရင်းတဲ့လူသားနှစ်ဦးပါ။” မားခုန်းချွင်က လွန်စွာမှ ဝမ်းနည်းကြေကွဲနေသော အမူအရာဖြင့် ပြောဆိုနေ၏။

ရဲ့ခိုင်သည်လည်း ဖြည်းဖြည်းလေး ခေါင်းညိတ်ပြလိုက်သည်။ ယခုမှပင် မားခုန်းချွင်ကို တတိယသခင်ကြီးဟု ခေါ်ဆိုကြသော သဘောတရားကို နားလည်မိလိုက်၏။

မားခုန်းချွင်-“သူတို့အားလုံးကို ဘာဖြစ်လို့ တစ်နေရာတည်းမှာပဲ မြှုပ်နှံထားခဲ့ရလဲဆိုတာ သိလား။”

ရဲ့ခိုင် ခေါင်းခါရမ်းပြလိုက်ပြန်သည်။

မားခုန်းချွင်သည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားကာ သွားချင်းကြိတ်သံကြီးဖြင့် ပြောဆိုလိုက်သည်။ “သူတို့ကို ကျုပ်ရှာလို့တွေ့တဲ့အချိန်မှာ ခန္ဓာကိုယ်က အသားစတွေဟာ ဝံပုလွေတွေ စားသောက်ထားခဲ့ကြလို့ ဘာမှ မကျန်တော့ဘူး။ အရိုးပုံကြီးတွေပဲ ကျန်ရှိတော့တယ်။ ဘယ်အရိုးက ဘယ်သူ့ဟာလည်းဆိုတာ ဘယ်သူမှမပြောနိုင်တော့ဘူး။”

ရဲ့ခိုင်သည်လည်း လက်သီးကို ကျစ်ကျစ်ပါအောင် တိတ်ဆိတ်စွာ ဆုပ်ထားမိနေသည်။ လက်ဖဝါးများမှ ချွေးအေးများ တစိမ့်စိမ့်ထွက်နေလေသည်။

တောင်ကုန်းကလေးပေါ်မှ မြင်ရသည့်အရာများမှာ မြက်ခင်းစိမ်းကြီးများ၊ ထိုမြက်ခင်းစိမ်းများနှင့် ထိစပ်နေသော မိုးကုတ်စက်ဝိုင်းပြာကြီးများပင်ဖြစ်သည်။

လွင်ပြင်ရိုင်းကြီးထဲတွင် ဖြတ်တိုက်လာသောလေက ပင်လယ်ထဲမှ လှိုင်းလုံးကြီးများလို တစ်လိမ့်ပြီးတစ်လိမ့် တက်လာနေ၏။

မားခုန်းချွင်သည် အဝေးတစ်နေရာသို့ ငေးကြည့်နေပြီးမှ ရဲ့ခိုင်ကို မေးမြန်းလိုက်ပြန်သည်။ “မင်း အခု ဘာတွေကို တွေ့နေရလဲ။”

ရဲ့ခိုင်-“မြက်ခင်းစိမ်းကြီးတွေ၊ ကျယ်ပြောလှတဲ့ မြေယာတွေကိုပေါ့။”

မားခုန်းချွင်-“အဲဒီမြေတွေ ဘယ်မှာဆုံးသလဲဆိုတာကိုကော မြင်နိုင်ရဲ့လား။”

ရဲ့ခိုင်-“ဘယ်လိုမှ မမြင်နိုင်ဘူး။”

မားခုန်းချွင်-“အဆုံးကို မမြင်နိုင်လောက်အောင် ကျယ်ပြောလှတဲ့ ဒီမြေဟာ ကျုပ်ရဲ့ပိုင်ဆိုင်မှုတွေပဲ။”

သူ၏မျက်နှာမှ အမူအရာများ ပြောင်းလဲသွားခဲ့ပြီး ဂုဏ်ယူဝံ့ကြွားစွာ ဥဒါန်းကျူးရင့်လိုက်သည်။ “ဒီမြေပေါ်မှာ နေထိုင်ရှင်သန်နေကြတဲ့ သက်ရှိသတ္တဝါတွေအားလုံး၊ ဒီမြေကြီးက ယူဆောင်ပေးလာမယ့် အသီးအပွင့် ရတနာတွေအားလုံး၊ ကျုပ်ပဲပိုင်ဆိုင်တယ်။ ကျုပ်ရဲ့အမြစ်ဟာ ဒီမြေကြီးပေါ်မှာ စွဲစွဲမြဲမြဲကြီးကို တွယ်စိုက်နေမိပြီ။”

ရဲ့ခိုင် နားထောင်နေ၏။ သူလုပ်နိုင်သည့်တစ်ခုတည်းသောအလုပ်မှာ နားထောင်နေခြင်းပင်...။

မားခုန်းချွင်၏ စကားများ နောက်ကွယ်က အဓိပ္ပါယ်များကို သူ ယခုအချိန်ထိ မခန့်မှန်းနိုင်သေးပါ။

အတန်ငယ်ကြာသောအခါတွင်မှ မားခုန်းချွင်သည် ဖြည်းဖြည်းချင်း စိတ်ပြန်လျှော့လာပုံရပြီး သက်ပြင်းချသံနှင့်အတူ ပြောဆိုလိုက်၏။ “ဒီလောက်ကျယ်ပြောတဲ့မြေကြီးကို ပိုင်ဆိုင်ထားဖို့ဆိုတာ လူတစ်ယောက်အတွက် မလွယ်ကူပါဘူး။”

ရဲ့ခိုင်-“သိပ်သေချာတာပေါ့။”

မားခုန်းချွင်-“ဒီအရာတွေကို ပိုင်ဆိုင်နိုင်ဖို့အတွက် ကျုပ်ဘယ်လို ကြိုးစားခဲ့ရသလဲဆိုတာကော သိလား။”

ရဲ့ခိုင်-“ကျနော် မသိဘူး။”

မားခုန်းချွင်သည် ရုတ်တရက်ဆိုသလို သူ၏အင်္ကျီရင်ဘတ်စကြီးကို ဆွဲဖြဲပြလိုက်ပြီး ရင်ဘတ်ဟောင်းလောင်းကြီးကို လှန်ပြထားကာ မေးမြန်းလိုက်၏။ “သေသေချာချာကြည့်ပြီးမှ ဘာတွေ့ရလဲဆိုတာ ပြောပြစမ်းပါဦး။”

သူ၏ ရင်ဘတ်ကြီးကို သေသေချာချာ စူးစူးစိုက်စိုက် ကြည့်နေမိသော ရဲ့ခိုင်တစ်ယောက် အသက်ရှူများ ရပ်တန့်သွားခဲ့ရ၏။

ရင်ဘတ်တစ်ခုလုံးတွင် ဤမျှဒဏ်ရာဒဏ်ချက်များ ပေါများစွာ ရှိနေသူတစ်ယောက်ကို သူ့တစ်သက်နှင့်တစ်ကိုယ် တစ်ခါမှ မတွေ့ခဲ့ဘူးချေ။

မားခုန်းချွင်၏မျက်လုံးများက အရောင်တလဲ့လဲ့တောက်ပနေကြပြီး ကျူးရင့်လိုက်ပြန်သည်။ “ဒါ ကျုပ်ပေးဆပ်ခဲ့ရတဲ့ တန်ဘိုးတွေပေါ့။ ကျုပ်ခန္ဓာကိုယ်က သွေး၊ ချွေး၊ ကျဆုံးသွားခဲ့ကြတဲ့ မရေမတွက်နိုင်တဲ့ မိတ်ဆွေတွေရဲ့ အသက်တွေ... အားလုံးဟာ ဒီအရာတွေကို ပိုင်ဆိုင်ရဖို့ ပေးဆပ်ခဲ့ကြရတာတွေပေါ့။”

ရဲ့ခိုင်-“ကျနော် နားလည်ပါတယ်။”

မားခုန်းချွင်-“ဒါကြောင့်မို့လို့ ကျုပ်လက်ထဲကနေ ဒီအရာတွေကို လာလုယူသွားမယ့် လူမှန်သမျှ နှစ်ခါပြန်စဉ်းစားသွားစေရမယ်။”

ရဲ့ခိုင်-“ကျနော် နားလည်ပါတယ်။”

မားခုန်းချွင်သည် အသက်ကိုပြင်းစွာ ရှူရှိုက်နေရ၏။ သူ၏ကြွက်သားအမြောင်းမြောင်းထနေသော ရင်ဘတ်ကြီးသည် ခိုင်ခံ့ကျစ်လျစ်စွာ ဖွဲ့စည်းတည်ဆောက်ထားသော်လည်း အယင်နှစ်များကလို မဟုတ်တော့ပါ။

အသက်ကြီးလာသူများ ဖြစ်လေ့ဖြစ်ထရှိသည့် စိတ်ပျက်အားလျော့မှုလည်း ဖြစ်နေပြန်၏။

မားခုန်းချွင်၏ အသက်ရှူရှိုက်သံများ ပြန်လည်တည်ငြိမ်သွားခဲ့ပြီးနောက် ရဲ့ခိုင်ထံလျှောက်လှမ်းလာကာ ပခုံးပုတ်ပြီး တိုက်ရိုက်ကျသော စကားသံများဖြင့် ပြောဆိုလိုက်သည်။ “မင်းဟာ ရည်ရွယ်ချက်ကြီးမားတဲ့ လူငယ်လေးတစ်ယောက်ဆိုတာ ကျုပ်သိပါတယ်။ တစ်စုံတစ်ယောက်ရဲ့ ဂုဏ်သိက္ခာကို ဖျက်ဆီးချေမွဖို့ဆိုရင် ကိုယ့်အသက်အန္တရာယ်ကို ထိခိုက်လာဦးတောင်မှ လုပ်မယ့်သူမဟုတ်ဘူး။ မင်းလိုမျိုး မှန်ကန်တည်ကြည်တဲ့ လူငယ်လေးတစ်ယောက်ဟာ အင်မတန်မှကို ရှာမှရှားပါတယ်ကွာ။”

ရဲ့ခိုင်-“ကျနော် လုပ်ခဲ့သမျှတွေဟာ လုပ်သင့်တယ်ထင်တဲ့အရာတွေကိုချည်း လုပ်ကိုင်ဆောင်ရွက်ခဲ့တာပါပဲ။ တခြားဘာမှ မရှိပါဘူး။”

မားခုန်းချွင်-“မင်းလုပ်ခဲ့တာမှန်သမျှ အမှန်တွေချည်းပါပဲ။ မင်းလိုမျိုး မိတ်ဆွေတစ်ယောက်ကို ကျုပ် လှိုက်လှိုက်လှဲလှဲကြီးကို ရရှိထားစမ်းချင်ပါဘိ။ သားမက်တစ်ယောက်လိုမျိုးဆိုရင် ပိုပြီးတော့တောင် ကောင်းဦးမယ်ထင်တယ်။”

မားခုန်းချွင်၏ အကြည့်များက အောက်သို့ငုံ့ကျသွားခဲ့သော်လည်း မျက်လုံးများထဲတွင်တော့ တောက်ပသော အရောင်များ လင်းလက်နေကြ၏။ “ဒါပေမဲ့ မင်း ဒီကနေ အမြန်ဆုံးထွက်သွားနိုင်ရင် အကောင်းဆုံးပဲ။”

“ထွက်သွားရမယ်... ဟုတ်လား။”

မားခုန်းချွင်-“မှန်တယ်... ထွက်သွားရမယ်... ဝေးဝေးသွားနိုင်လေ ပိုကောင်းလေပဲ။”

ရဲ့ခိုင်-“ကျနော်က ဘာဖြစ်လို့ ထွက်သွားရမှာလဲ။”

မားခုန်းချွင်-“ဒီမြို့လေးမှာ ကပ်ဘေးကြီးတစ်ခု စွဲကပ်နေရပြီ။ ဘယ်သူပဲရောက်လာရောက်လာ သွေးညှီနံ့တွေ လှိုင်ထွက်သွားကြရတယ်။”

ရဲ့ခိုင်-“ပြဿနာတက်မှာကို ကျနော်မကြောက်သလို သွေးညှီနံ့တွေကိုလည်း မရွံရှာတတ်ပါဘူးဗျာ။”

မားခုန်းချွင်-“ဒီနေရာလေးကို မင်း ဘယ်တုန်းကမှ မလာခဲ့သင့်ဘူး။ ခုချက်ချင်းပဲ ထွက်သွားနေသင့်ပြီ။”

ရဲ့ခိုင်-“ကျနော်က ဘယ်ကိုသွားရမှာလဲ။”

မားခုန်းချွင်-“မင်းရဲ့မိသားစုဆီကိုပေါ့။ ဒါမှမဟုတ်ရင်လည်း မင်းထွက်လာခဲ့တဲ့ နေရာဒေသဆီကိုပေါ့။”

ရဲ့ခိုင်သည် ဖြည်းဖြည်းလေး တစ်ဘက်သို့လှည့်သွားခဲ့ပြီး လေထဲမှပါရှိလာသော မြက်ခင်းရနံ့များကို ရှူရှိုက်လိုက်ပြီး တီးတိုးလေး ရေရွတ်လိုက်၏။ “ကျနော့်ရဲ့ အိမ်က ဘယ်မှာလဲဆိုတာ သိလား။”

မားခုန်းချွင်-“မင်းရဲ့အိမ်ဟာ ဒီကနေ ဘယ်လောက်ပဲ ဝေးနေပါစေ၊ အဲဒီနေရာကိုသွားဖို့ ပိုက်ဆံဘယ်လောက်ပဲ ကုန်ကျရပါစေ... ကျုပ်မင်းကို ပေးလိုက်ဖို့ တတ်နိုင်ပါတယ်။”

ရဲ့ခိုင်-“အဲဒီအတွက်တော့ မလိုအပ်တော့ဘူးထင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျနော့်အိမ်က သိပ်ပြီးမဝေးလှတဲ့ ဒီနေရာ အနီးတစ်ဝိုက်ကလေးမှာ ရှိနေလို့ပဲ။”

မားခုန်းချွင်-“သိပ်ပြီးမဝေးလှဘူး... ဟုတ်လား။ ဘယ်နေရာမှာလဲ။”

ရဲ့ခိုင်သည် ကောင်းကင်ပေါ်၌ ဖြတ်သန်းသွားသော တိမ်တိုက်တချို့ကို မော့ကြည့်နေရင်း ပြန်ဖြေဆိုလိုက်၏။ “ကျနော့အိမ်က ဒီနေရာမှာပါပဲ။”

မားခုန်းချွင်၏ ခန္ဓာကိုယ်တစ်ခုလုံး အေးခဲသွားခဲ့ရလေသည်။

ရဲ့ခိုင်သည် မားခုန်းချွင်ဘက်သို့ လှည့်လာခဲ့ပြီး အလွန်ထူးခြားသော မျက်နှာပေးဖြင့် ပြောဆိုလိုက်သည်။ “ကျနော့်ကို ဒီမှာမွေးခဲ့တယ်။ ဒီမှာပဲ ကြီးပြင်းလာခဲ့တယ်။ ဘယ်နေရာကိုများ ထပ်သွားရဦးမှာလဲဗျာ။”

မားခုန်းချွင်၏ ရင်ဘတ်ကြီးတစ်ခုလုံး ပိန်လိုက်ဖောင်းလိုက်ဖြစ်နေပြီး လက်သီးနှစ်ဘက်ကိုလည်း ကျစ်ကျစ်ပါအောင် ဆုပ်ထားလေသည်။ သူ၏လည်ချောင်းမှ တံတွေးမျိုချနေသံများ ထွက်ပေါ်နေ၏။ သို့သော် မည်သည့်စကားလုံးတစ်လုံးမျှ မထွက်ပေါ်လာခဲ့ချေ။

ရဲ့ခိုင်-“စောစောတုန်းက ပြောခဲ့သလိုပဲ... ကျနော်ဟာ ပြဿနာတက်မှာကိုလည်း မကြောက်ဘူး။ သွေးညှီနံ့တွေကနေလည်း သူရဲဘောကြောင်ကြောင် တစ်ခါမှ ထွက်မပြေးဖူးဘူး။”

မားခုန်းချွင်-“ဒါဆိုရင် ဒီမှာဆက်နေဖို့ မင်း ဆုံးဖြတ်ထားပြီးပြီပေါ့။”

ရဲ့ခိုင်၏အဖြေက လွန်စွာမှပင် တိုတောင်း၏၊ ပြတ်သားလှသည်။ “ဟုတ်တယ်။”

+++++

အနောက်လေသည် မြေပြင်ပေါ်ရှိ သစ်ရွက်များကို ခတ်တိုက်သွားပြီး အဖြူရောင်မိုးမခပင်ကြီးများသည်လည်း လေအဝေ့တွင် ယိမ်းနွဲ့နေကြ၏။

ဦးခေါင်းထက် ကောင်းကင်ပေါ်တွင် တိမ်မည်းတစ်အုပ် ဖုံးအုပ်လာခဲ့ပြီး တောက်ပနွေးထွေးနေသော နေရောင်ခြည်သည်လည်း ဖျော့တော့တော့ ဖြစ်သွားတော့သည်။

မားခုန်းချွင်၏ခါးသည် စုတ်တံတစ်ချောင်းလို တည့်မတ်စွာရှိနေသော်လည်း ဝမ်းဗိုက်ကြီးမှာတော့ ပိန်လိုက်ဖောင်းလိုက် ရှိနေ၏။ ကြည့်ရသည်မှာ မမြင်ရသော အင်အားတစ်ရပ်၏ ဖျစ်ညှစ်ထားခြင်းကို ခံစားနေရသူတစ်ယောက်လို ဖြစ်နေပြီး အော့အန်ချင်စိတ်ကို မနည်းထိန်းထားနေရသလိုမျိုးလည်း ဖြစ်နေပြန်သည်။

ပါးစပ်တွင်းမှ သွားရည်များကို ခံစားမိလိုက်သည်။ သွားရည်များ... ငံကျွိနေသော သွားရည်များ...

ရဲ့ခိုင် ထွက်ခွာသွားခဲ့ပြီဖြစ်သည်။

ရဲ့ခိုင်ထွက်ခွာသွားသည်ကို တွေ့နေရပါသည်။ သို့သော် သူ မတားမြစ်ခဲ့ပါ။ ရဲ့ခိုင် လျှောက်ထွက်သွားချိန်တွင်တောင်မှ သူ အကြည့်ကလေးတစ်ချက်ပင် လှည့်မကြည့်ခဲ့ပါ။

သူ့တိုက်တွန်းချက်များ အရာမထင်တော့သည့်နောက် ဘာကိုများ ဆက်ကြည့်နေရန် လိုပါသေးသနည်း။

လွန်ခဲ့သည့် ၅ နှစ်ခန့်ကဆိုလျှင် ဤလူငယ်လေးကို သည်အတိုင်း ထွက်ခွာသွားခွင့် သူပေးခဲ့လိမ့်မည်မဟုတ်။

လွန်ခဲ့သည့် ၅ နှစ်ခန့်အချိန်တုန်းကဆိုလျှင် ဤ လူငယ်လေးကို သည်တောင်စောင်းတွင်ပင် မြှုပ်နှံသင်္ဂြိုဟ်ပြီးသား ဖြစ်နေပေလိမ့်မည်။

သူ၏အမိန့်ကို ဘယ်သူက ဘယ်တုန်းကမှ ဖီဆန်ခဲ့ဖူးသည်ဟူ၍မရှိ။ သူ့နှုတ်ဖျားမှ ထွက်ပေါ်လာခဲ့သော အမိန့်စကားများကို မနာခံသူဟူ၍ ဘယ်သူမှ မရှိခဲ့ဖူး...။

သို့သော် အရာရာသည် ပြောင်းလဲသွားခဲ့ချေပြီ။

သူတို့နှစ်ယောက် တစ်ယောက်နှင့်တစ်ယောက် စူးစူးစိုက်စိုက် စိုက်ကြည့်နေချိန်များတုန်းက ထို လူငယ်လေး၏နှာနုရိုးကို ရိုက်ချိုးခဲ့နိုင်သော အခွင့်အရေးများစွာ သူ့ထံတွင် ရှိနေခဲ့ပါသည်။

သူ၏ ဗွေဆော်တိုက်ခိုက်မှုသည် လျှပ်စီးလက်သလို လျင်မြန်လွန်းလှပါသည်။ လွန်ခဲ့သည့် ၅ နှစ်ခန့်အချိန်တုန်းကဆိုလျှင် သူ၏ ကိုယ့်ကိုယ်ကို ယုံကြည်ထားသည့် ယုံကြည်မှုများကပင် လူတစ်ယောက်ကို တုံးခနဲလဲကျသွားစေနိုင်၏။

နှာနုရိုးရိုက်ချိုးခံလိုက်ရသူ မည်သူမဆို ကြယ်ရောင်လရောင်များ လင်းလက်သွားမည်ဖြစ်ပြီး အနည်းငယ်တော့ မူးဝေသွားကြပေလိမ့်မည်။ ပြီးနောက် စီးကျလာသော သွေးစသွေးနများကြောင့် မျက်စိအမြင်များ မှုန်ဝါးသွားကြမည်ဖြစ်ပြီး နောက်ဆက်တွဲလိုက်ပါလာမည့် သူ၏ တိုက်ခိုက်ချက်များကို ခုခံကာကွယ်နိုင်ကြလိမ့်မည်မဟုတ်ချေ။

ဤသည်ကို “တံခါးပိတ်လက်သီးတစ်လုံး” ဟု ခေါ်ဆိုကြသည် မဟုတ်ပါလား။

သူ၏လက်သီးတစ်လုံးအပေါ်တွင် လွန်စွာမှ ယုံကြည်မှု ရှိနေပြီး ဤလက်သီးသည် ဘယ်တုန်းကမှ မရှုံးနိမ့်ခဲ့ဘူးချေ။

သို့သော် ဘာကြောင့်မှန်းမသိ... ယခုအချိန်တွင် ဤလက်သီးသည် ထွက်ပေါ်မလာခဲ့ပါ။

နှစ်ပေါင်းများစွာ၏ ပင်ပန်းဆင်းရဲစွာ လေ့ကျင့်ထားခဲ့မှုများကြောင့် သူ၏ခန္ဓာကိုယ်သည် ကြွက်သားများဖြင့် တောင့်တင်းစွာ ဖွဲ့စည်းတည်ဆောက်ထား၏။ အဆီပြင်ဟူ၍ တစ်နေရာလေးတွင်မှ မရှိ။ ထိုင်နေသည်ဖြစ်စေ၊ မတ်တတ်ရပ်နေသည်ဖြစ်စေ၊ သူ၏ခန္ဓာကိုယ်သည် အမြဲတမ်းလိုလို တည့်မတ်စွာ ရှိနေဆဲဖြစ်သည်။

နှစ်ပေါင်းများစွာ ကြာလာသောအခါတွင်လည်း သူ၏ခန္ဓာကိုယ်သည် ဤအတိုင်းပင် ရှိနေဆဲ... ပြောင်းလဲမသွားခဲ့ပါ။

သို့သော် လူတစ်ယောက်သည် အသက်ကြီးလာပြီဆိုပါက အတွင်းပိုင်းရှိ စိတ်ခံစားမှုများကို မည်သူမှ တွေ့မြင်နိုင်ကြမည်မဟုတ်ပါ။ ကိုယ်ကိုယ်တိုင်ပင်လျှင် ပြောင်းလဲသွားမှုများကို လုံးစေ့ပတ်စေ့ ပြောပြနိုင်လိမ့်မည်မဟုတ်။

အဓိပ္ပါယ်ကတော့ သူ၏ခန္ဓာကိုယ်သည် အရက်မသောက်နိုင်တော့ဟု မဆိုလိုသလို၊ မိန်းမများကိုလည်း ယခင်ကတုန်းလောက် စိတ်ပါဝင်စားစွာ မဆက်ဆံနိုင်တော့ဟုလည်း မဆိုလို...။

ပြောင်းလဲမှုများ၏ ဇစ်မြစ်သည် သူ၏နှလုံးသားထဲတွင် ဖြစ်၏။

နှစ်တွေကြာလာလေ၊ သူ့ကိုယ်သူ ယုံကြည်မှုများ လျော့နည်းလာလေဖြစ်သည်ဟု ခံစားမိလာခဲ့၏။ ယခင်နှစ်များက ရှိခဲ့ဖူးသော မိမိကိုယ်ကို ယုံကြည်မှုများသည်လည်း တဖြည်းဖြည်း လျော့နည်းလာ၏။

မိမိ၏ချစ်သူနှင့် အိပ်ယာထဲတွင် အတူတူနေစဉ်အချိန်များတွင်ပင် ယခင်တုန်းကလောက် သန်စွမ်းမှုများ မရှိတော့ဟု ခံစားမိလာသည်။ သူမကို ကျေနပ်နှစ်သိမ့်မှု ပေးနိုင်ပါ့မည်လားဟုလည်း သံသယဝင်လာတတ်သည်။ ဤအရာများသည် အသက်အရွယ်ကြီးရင့်လာမှုများ၏ သင်္ကေတများပင်လော...။

လူတစ်ယောက်သည် မိမိကိုယ်ကို အသက်ကြီးလာပြီဟု ထင်လိုက်သည့်အချိန်မှစ၍ အသက်ကြီးရင့်ခြင်းသည်လည်း ပို၍လျင်မြန်စွာ ဖြစ်ပေါ်လာတတ်တော့သည်။ ၅ နှစ်ဆိုသောအချိန်သည် ၃ နှစ်အတွင်းပင် ရောက်ရှိလာနိုင်၏။

လွန်ခဲ့သော ၃ နှစ်ခန့်တုန်းကဆိုလျှင် သူ့အမိန့်ကို ဖီဆန်သူတို့သည် အသက်ရှင်လျှက် လျှောက်ထွက်သွားကြဖို့ အိပ်မက်ထဲမှာပင် စိတ်ကူးယဉ်နိုင်ကြမည်ဖြစ်သည်။

သို့သော် သူ ပိုင်ဆိုင်သည့်အရာအားလုံး၊ စည်းစိမ်အားလုံးကို ပုံပေးပြီး အလဲအလှယ်လုပ်မည်ဆိုလျှင်တောင် လွန်ခဲ့သည့် ၃ နှစ်ဆိုသည့်အချိန်များကို ပြန်လည် မရနိုင်တော့ပါ။

သူ့သက်တမ်းကကော... နောက်ထပ် ဘယ်နှစ်နှစ်များ ကျန်ရှိနေပါသေးသနည်း။

ဤအကြောင်းအရာများကို မစဉ်းစားချင်ပါ။ မစဉ်းစားရဲပါ။ ယခုအချိန်တွင် သူ အလုပ်ချင်ဆုံးအရာမှာ လှဲချလိုက်ရန်ပင်ဖြစ်သည်။ သူ သိပ်ပင်ပန်းနေကြောင်း ရုတ်တရက်ကြီး ခံစားမိလိုက်လေသည်။

ကောင်းကင်ကြီးသည် ပို၍ပင် မည်းမှောင်လာ၏။ မိုးခြိမ်းသံများနှင့်အတူ မိုးစက်မိုးပေါက်များ ရွာသွန်းကျလာပေတော့မည်။

သူ မြင်တွေ့နေရပါသည်။ နှစ်ပေါင်းများစွာ၏ အတွေ့အကြုံများအရ ရာသီဥတုကို ခန့်မှန်းချက်များသည် လူတွေကို ခန့်မှန်းတတ်သော သူ၏ ခန့်မှန်းချက်များလို တိကျမှန်ကန်နေတတ်ပါသေးသည်။

သို့သော် အိပ်ပြန်ရမှာ ပျင်းနေသည်။ မတ်တတ်ထရပ်ရမှာ စိုးရွံ့နေမိ၏။

အုတ်ဂူကြီး၏ရှေ့တွင် လှဲချနေပြီး မြေပုံတိုင်တွင်ရေးထွင်းထားသည့် စာတန်းများကို ငေးကြည့်နေမိသည်။ “ပိုင်ထျန်ယုနှင့်ဇနီး၊ ပိုင်ထျန်ယောင်နှင့်ဇနီး...”

သူတို့သည် သူ၏သွေးသောက်အစ်ကိုများ ဖြစ်ခဲ့ကြသည်။ ကြောက်မက်ဖွယ်၊ ရွံရှာဖွယ်အဖြစ်ဆိုးများနှင့် သေဆုံးခဲ့ကြရသည်။

သို့သော် သူတို့အတွက် ယခုအချိန်ထိ သူ လက်စားမချေပေးနိုင်သေးပါ။

ဘာဖြစ်လို့များပါလိမ့်...။

သူကိုယ်တိုင်၊ သေဆုံးသွားသည့်သူများနှင့် လက်တစ်ဆုပ်စာ လူနည်းစုလေးမှလွဲ၍ ဤအကြောင်းများကို မည်သူမှ မသိနိုင်ကြပါ။

ဤလျှို့ဝှက်ချက်ကြီးသည် သူ့နှလုံးသား၏ အနက်ရှိုင်းဆုံးတစ်နေရာတွင် မြှုပ်နှံထားခဲ့သည်မှာ ၁၈ နှစ်ကျော် ကြာညောင်းခဲ့ပြီဖြစ်သည်။ လျှို့ဝှက်ချက်ကြီးက သူ၏နှလုံးသားကို အပ်စူးစူးလေးဖြင့် တစွစွ ထိုးဆွနေသလိုမျိုးလည်း ခံစားနေရ၏။

မြင်းဟီသံထွက်ပေါ်လာသည်ကိုပင် သူ မကြားခဲ့ရ။ သို့သော် တစ်စုံတစ်ယောက် ရောက်လာခဲ့ပြီဆိုသည်ကိုတော့ ခံစားမိလိုက်သည်။

ထိုသူ၏ ခြေလှမ်းများသည် ပေါ့ပါးခြင်းမရှိကြ။ ခြေလှမ်းကျဲကြီးများဖြစ်သလို လွန်စွာမှလျင်မြန်လှသည်။

ကုန်းစွန်းတွမ့်ဖြစ်မှန်း သူ သိလိုက်၏။

ကုန်းစွန်းတွမ့်သည် သူ၏လျှို့ဝှက်ချက်များကို မျှတူခံစားပေးနေသည့်၊ သူ ယုံကြည်စိတ်ချရသော တစ်ဦးတည်းသော လူသားလည်းဖြစ်သည်။ ကလေးတစ်ယောက်က မိခင်တစ်ယောက်ကို ယုံကြည်သလိုမျိုး ကုန်းစွန်းတွမ့်ကို သူ ယုံကြည်သည်။

ခြေလှမ်းများသည်လည်း စကားလုံးများလိုပင် ဖြစ်သည်။ ခြေလှမ်းတိုင်းတွင် လူတစ်ယောက်၏ အတွင်းစိတ်သဘောကို ပြောပြနိုင်သော သမိုင်းကြောင်းများရှိနေ၏။ ထို့ကြောင့်ပင် မျက်မမြင်များသည် ခြေသံကြားလိုက်သည်နှင့် မည်သူမှန်း တပ်အပ်ပြောနိုင်ကြသည် မဟုတ်ပါလား။

ကုန်းစွန်းတွမ့်၏ခြေလှမ်းများသည်လည်း သူကိုယ်၌လို- ကြီးမားသည်၊ ကြမ်းတမ်းသည်၊ မြန်ဆန်သည်။ ခြေလှမ်းများ စလှမ်းလိုက်သည်နှင့် ရပ်တန့်သွားအောင်လုပ်ရန် မစွမ်းသာတော့ချေ။

ကုန်းစွန်းတွမ့်သည် တောင်ကုန်းလေးပေါ်သို့ အသက်တစ်ရှူလောက်အတွင်းမှာ ရောက်ရှိလာခဲ့ပြီး မားခုန်းချွင်ကို မေးမြန်းလိုက်၏။ “သူ ဘယ်ရောက်သွားလဲ။”

မားခုန်းချွင်-“ထွက်သွားခဲ့ပြီ။”

ကုန်းစွန်းတွမ့်က အံ့အားသင့်စွာဖြင့် မေးမြန်းလိုက်ပြန်၏။ “သူ့ကို ဒီအတိုင်းပဲ လွှတ်ပေးလိုက်တာလား။”

မားခုန်းချွင်သည် သက်ပြင်းချသံတစ်ချက်နှင့်အတူ မောပန်းစွာ ဖြေဆိုလိုက်၏။ “မင်းပြောခဲ့တာ မှန်တယ်ထင်တာပဲ။ ကျုပ် အသက်ကြီးလာလို့လားမသိဘူး... လုပ်ကိုင်ဆောင်ရွက်စရာတွေကို ခပ်တွန့်တွန့်ဖြစ်လာမိတယ်။”

ကုန်းစွန်းတွမ့်-“ဘာကို တွန့်နေတာလဲ။”

မားခုန်းချွင်-“တွန့်တယ်ဆိုတာ မလိုအပ်တဲ့ အာရုံစူးစိုက်မှုတွေဖြစ်လာမှာကို ရှောင်ရှားချင်တာပါ။”

ကုန်းစွန်းတွမ့်-“သူမဟုတ်ဘူးလို့ ထင်ထားလို့လား။”

မားခုန်းချွင်-“မနေ့ညက တိုက်ခိုက်ခဲ့သူဟာ သူမဟုတ်နိုင်ဘူးဆိုတာတော့ ကျုပ်တို့ အနည်းဆုံး သိထားကြတာပဲ။ သူ့မှာ မျက်မြင်သက်သေလည်း ရှိနေပါတယ်။”

ကုန်းစွန်းတွမ့်-“ဒါဆိုရင် အစကတည်းက ဘာဖြစ်လို့ ကျုပ်တို့ကို သူဖွင့်မပြောပြခဲ့ရတာလဲ။”

မားခုန်းချွင်-“ဘာဖြစ်လို့လဲဆိုတော့.... သူဟာ ငယ်ရွယ်သူတစ်ယောက်.... သိပ်ကိုငယ်ရွယ်သူတစ်ယောက် ဖြစ်နေလို့ပဲလို့ ကျုပ်တော့ထင်တယ်။”

“ငယ်ရွယ်သူ” ဆိုသော စကားထွက်ပေါ်လာသည်နှင့် ချဉ်စူးခါးသက်သော အရသာများ သူ့ပါးစပ်ထဲတွင် ပြည့်လျှံလာခဲ့ပြန်၏။ ကုန်းစွန်းတွမ့်သည် တစ်ဘက်သို့လှည့်သွားခဲ့ပြီး အုတ်ဂူမှတ်တိုင်ပေါ် ရေးထွင်းထားသည့် စာတန်းများကို ငေးကြည့်နေ၏။ သူ၏လက်သီးနှစ်ဘက်ကို ကျစ်ကျစ်ပါအောင်ဆုပ်ထားပြီး အမူအရာများက ထူးဆန်းလွန်းနေသည်။ ဝမ်းနည်းပူဆွေးမှုလား၊ ကြောက်ရွံ့မှုလား၊ အမုန်းတရားလားဆိုသည်ကို မည်သူမှ မပြောနိုင်ပါ။

အတန်ကြာသောအခါမှ ကုန်းစွန်းတွမ့်က မေးမြန်းလိုက်သည်။ “အဘိုးကြီးပိုင်မှာ သားတစ်ယောက် ရှိခဲ့တယ်ဆိုတာ သေချာလို့လား။”

မားခုန်းချွင်-“အင်း...”

ကုန်းစွန်းတွမ့်-“သူ့ရဲ့တစ်ဦးတည်းသော သားဖြစ်သူက ပြန်လာပြီး လက်စားချေမယ်ဆိုတာ ဘယ်လိုလုပ်ပြီး သေသေချာချာ ပြောနိုင်ရတာလဲ။”

မားခုန်းချွင်-“ဒီလိုမျိုး လက်စားချေမှုမျိုးက ရှောင်လွှဲလို့မှမရတာ။”

ကုန်းစွန်းတွမ့်-“ဒါပေမဲ့ ကျုပ်တို့တတွေ ဒီလျှို့ဝှက်ချက်ကြီးကို နှုတ်လုံလုံနဲ့ ထိန်းသိမ်းထားခဲ့ကြတာပဲ။ သေသွားခဲ့တဲ့လူတွေကလွဲပြီး ဘယ်သူကများ ဖော်ထုတ်နိုင်ကြဦးမှာတဲ့လဲ။”

မားခုန်းချွင်-“လျှို့ဝှက်ချက်ဆိုတာမျိုးက မသိစေချင်လေ... ပေါက်ကြားဖို့ မြန်ဆန်လေပဲ... ဦးဆုံးသိသူတွေထဲမှာတော့ မပါစေနဲ့ ဆိုတဲ့စကားက သိပ်မှန်တယ်။”

ကုန်းစွန်းတွမ့်-“အဲဒီလူမမယ်ကလေးသာ အသက်ထင်ရှားရှိခဲ့မယ်ဆိုရင် ရဲ့ခိုင် အရွယ်လောက်ပဲ။”

မားခုန်းချွင်-“ဖူဟောင်ရွှယ်နဲ့လည်း ရွယ်တူလောက်ပါပဲ။”

ကုန်းစွန်းတွမ့်သည် မားခုန်းချွင်ဘက်သို့ ရုတ်တရက် ပြန်လှည့်လာခဲ့ပြီး မေးမြန်းလိုက်၏။ “ဘယ်သူက ပိုပြီးဖြစ်နိုင်မယ်လို့ ခင်ဗျားထင်လဲ။”

မားခုန်းချွင်-“အဲဒီလူငယ်လေးဟာ တည်တည်ငြိမ်ငြိမ်နဲ့ သိပ်ပြီးစိတ်ရှည်ပုံရတယ်။ ဒါပေမဲ့ တခြားသူတွေထက် ပိုပြီးစိတ်ဝင်စားစရာ ကောင်းနေတာလည်း အမှန်ပဲ။”

ကုန်းစွန်းတွမ့်-“ဒါပေမဲ့ ဝင်းခြံစည်းရိုးအောက်ကနေ ခွေးတစ်ကောင်လို ငုံ့ဝင်လာခဲ့တာလည်း အမှန်ပဲနော်။ ပြီးတော့ လူသတ်ရမှာလည်း ကြောက်ရွံ့နေပုံပဲ။”

မားခုန်းချွင်-“ဘာဖြစ်လို့လဲဆိုတော့ အဲဒီလူတွေဟာ သူ့အတွက် အချိန်ဖြုန်းရမယ့်လူတွေမဟုတ်ဘူး။ နောက်ပြီး သူ့ပစ်မှတ်တွေလည်း မဟုတ်ကြဘူး။”

ကုန်းစွန်းတွမ့်၏ အမူအရာများ ပြောင်းလဲလာလေတော့သည်။

မားခုန်းချွင်-“စိတ်လှုပ်ရှားလွယ်တတ်တဲ့လူတစ်ယောက်အဖို့ တည်တည်ငြိမ်ငြိမ်နဲ့ စိတ်ရှည်ရှည်ထားတတ်တဲ့ အမူအရာမျိုး ဟန်ဆောင်ဖို့အတွက် အကြောင်းအရာ တစ်ခုတည်းပဲရှိတယ်။”

ကုန်းစွန်းတွမ့်-“ဘာအကြောင်းလဲ။”

မားခုန်းချွင်-“ဂလဲ့စား”

ကုန်းစွန်းတွမ့်-“ဂလဲ့စား... ဟုတ်လား...”

မားခုန်းချွင်-“ဂလဲ့စားချေဖို့ လာခဲ့တာမဟုတ်ရင် ဘာဖြစ်လို့ ဒီလောက်ကြီး သူ့ကိုယ်သူ ထိန်းချုပ်ထားနေရမှာလဲ။ ဘာဖြစ်လို့ သူ့ကိုယ်သူ အရှက်ကွဲခံနေရမှာလဲ။ အဖြေက ရှင်းရှင်းလေးရယ်... သူ့စိတ်ထဲမှာ ဂလဲ့စားချေဖို့ ဆိုတာကလွဲပြီး ကျန်တာ ဘာမှမရှိဘူး။”

မားခုန်းချွင်သည် မျက်လုံးများကို ပြန်ဖွင့်လိုက်ရာ ကြောက်ရွံ့ထိတ်လန့်မှု အနည်းငယ် ထွက်ပေါ်လာခဲ့၏။ “သူများတွေအားလုံးထက် ပိုပြီးသည်းခံစိတ်ရှည်နိုင်စွမ်းရှိနေတာ သူ့နှလုံးသားထဲမှာ မြှုပ်နှံထားတဲ့ အမုန်းတရားတွေက သိပ်ကို ပြင်းထန်လွန်းနေလို့ပေါ့။”

ကုန်းစွန်းတွမ့်-“ဒါဆိုရင်လည်း ဘာဖြစ်လို့ ဒီချာတိတ်ကို အခုချိန်ထိ ပေးမသတ်သေးတာလဲ။”

မားခုန်းချွင်သည် အဝေးတစ်နေရာသို့ ငေးကြည့်နေပြီး ထိုမေးခွန်းကို ပြန်ဖြေကြားခဲ့ခြင်းမရှိပါ။

ကုန်းစွန်းတွမ့်-“ကျုပ်တို့မှာ လူသေ ၁၃ ယောက်တောင် ရှိနေပြီနော်။ လူမှားပြီးသတ်မိမှာကို ခင်ဗျား ကြောက်နေတုန်းပဲလား။”

မားခုန်းချွင်-“မင်းပြောတာ မှားတယ်။”

ကုန်းစွန်းတွမ့်-“သူ့မှာ အဖော်အပေါင်းတွေ ရှိနေသေးတယ်လို့ ဆိုလိုလိုက်တာလား။”

မားခုန်းချွင်-“ဒီလိုမျိုး ဂလဲ့စားချေမှုမျိုးက တစ်ယောက်တည်း ဆောင်ရွက်လို့ရတဲ့အရာ မဟုတ်ဘူး။”

ကုန်းစွန်းတွမ့်-“ဒါပေမဲ့ ပိုင်မိသားစုဝင်တွေအားလုံး သေကုန်ကြပြီပဲမဟုတ်လား။”

မားခုန်းချွင်သည် ရုတ်တရက် ထရပ်လိုက်ပြီး ပြောဆိုလိုက်၏။ “သူတို့သာ အကုန်လုံးသေကုန်ခဲ့ကြပြီဆိုရင် ဒီဖတဆိုးသားတစ်ယောက်က ဘယ်လိုကနေဘယ်လို ထွက်ပေါ်လာခဲ့ရတာလဲ။ တစ်စုံတစ်ယောက်ကသာ နောက်ကွယ်ကနေ ထိန်းချုပ်ကျောင်းလမ်းပေးမှုမရှိနေဘူးဆိုရင် ဒီကလေးဟာ ဘာဖြစ်လို့ ဒီလောက်တောင်မှ ကြောက်ရာကောင်းတဲ့ ပြိုင်ဘက်တစ်ယောက် ဖြစ်နေရတာလဲ။ ပြီးတော့ အဲဒီနောက်ကွယ်ကလူသာ ကြောက်စရာ ဒီလောက်မကောင်းခဲ့ဘူးဆိုရင် ကျုပ်တို့ကို ဒီလောက်ခြောက်ခြားသွားအောင် ဘယ်လုပ်နိုင်လိမ့်မလဲ။”

ကုန်းစွန်းတွမ့် ခေါင်းငုံ့ထားလိုက်တော့သည်။ သူ့ထံတွင် ဘာမှ ပြောစရာမကျန်တော့ပါ။

မားခုန်းချွင်-“ဒါကြောင့်မို့လို့ ကျုပ်တို့ ဒီတစ်ကြိမ်လှုပ်ရှားကြမယ်ဆိုရင် အောင်မြင်မှု သေချာပေါက်ရမှသာ ဖြစ်မယ်။ တခြားတစ်ဘက်က အသက်ရှင်ကျန်ရစ်သူ တစ်ယောက်မှ မကျန်ခဲ့မှဖြစ်မယ်။”

ကုန်းစွန်းတွမ့်-“ဒါပေမဲ့ ကျုပ်တို့တွေ ဘယ်လောက်ကြာကြာကြီးထိအောင် စောင့်ဆိုင်းနေကြဦးမှာလဲ။”

မားခုန်းချွင်-“ဘယ်လောက်ပဲကြာကြာ... ကျုပ်တို့စိတ်ရှည်ရှည်နဲ့ စောင့်ဆိုင်းကြရလိမ့်မယ်။ အခု လူ ၁၃ ယောက် ကျုပ်တို့ဘက်က ဆုံးရှုံးသွားခဲ့ရပြီ။ နောက်ထပ် တစ်ရာလောက် ထပ်ဆုံးရှုံးသွားတော့ကော ဘာအရေးလဲ။”

ကုန်းစွန်းတွမ့်-“သူတို့တတွေ အရင်ဆုံး လက်ဦးတိုက်ခိုက်လာမှာကို မစိုးရိမ်ဘူးလား။”

မားခုန်းချွင်-“မကြောက်ပါနဲ့။ သူ စတင်လှုပ်ရှားဦးမှာ မဟုတ်သေးဘူး။”

ကုန်းစွန်းတွမ့်-“ဘာဖြစ်လို့လဲ။”

မားခုန်းချွင်-“ဘာဖြစ်လို့လဲဆိုတော့ သူက ကျုပ်တို့ကို ခပ်မြန်မြန်နဲ့ သက်သက်သာသာ သေသွားစေချင်သေးတာ မဟုတ်ဘူး။”

ကုန်းစွန်းတွမ့်၏ မျက်နှာတစ်ပြင်လုံး သွေးဆုတ်ဖြူရော်သွားခဲ့ပြီး ကြီးမားသော လက်ဝါးကြီးများက ဓားလက်ကိုင်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားမိနေတော့၏။

မားခုန်းချွင်-“အရေးအကြီးဆုံးအချက်က သူ့မှာ သက်သေအထောက်အထားမရှိသေးဘူး။ လူသတ်ကောင်တွေဟာ ကျုပ်တို့ပါဆိုတဲ့ သက်သေအထောက်အထား သူ့မှာ မရှိသေးဘူး... ဒါကြောင့်...”

ကုန်းစွန်းတွမ့်-“ဒါကြောင့်လည်း...”

မားခုန်းချွင်-“ဒါကြောင့် သူ ကျုပ်တို့ကို ဖြဲခြောက်ဖို့ကျိုးစားတော့မယ်။ လူတစ်ယောက်ဟာ ကြောက်လန့်လာပြီဆိုတာနဲ့ အမှားတွေတစ်သီကြီး လုပ်မိလာတော့မယ်။ ကျုပ်တို့တွေ အမှားတွေလုပ်မိလာတဲ့အချိန်ကျမှ သူက အသာစီးကနေ တိုက်ခိုက်လာလိမ့်မယ်။”

ကုန်းစွန်းတွမ့်-“ဒါဆိုရင် အခုချိန်မှာ ကျုပ်တို့တွေ ဘာမှမလှုပ်ရှားသင့်သေးဘူးပေါ့။”

မားခုန်းချွင်က ခေါင်းညိတ်ပြီး ပြန်ဖြေဆိုလိုက်သည်။ “ကျုပ်တို့လုပ်ကြရမှာက စောင့်ဆိုင်းနေဖို့ပဲ။ သူ ပထမဦးဆုံး လုပ်မယ့်အမှားကို ထိုင်စောင့်နေကြရအောင်” သူ၏အမူအရာများက ပြန်လည်တည်ငြိမ်လာခဲ့ပြီး ဆက်ပြောလိုက်သည်။ “စိတ်ရှည်ရှည်နဲ့စောင့်ဆိုင်းလေ ကျုပ်တို့အမှားလုပ်ဖို့ ရာခိုင်နှုန်းနည်းလေပဲ။”

တစ်စုံတစ်ယောက်သည် စောင့်ဆိုင်းနေသည်ဆိုပါက အမှားပြုလုပ်ရန် မဖြစ်နိုင်တော့ချေ။

တစ်စုံတစ်ယောက်သည် စိတ်ရှည်သည်းခံပြီး စောင့်ဆိုင်းနေသည်ဆိုပါက အကောင်းဆုံးသော အခွင့်အရေးဆိုသည်မှာ ရောက်ရှိလာပေလိမ့်မည်။

သို့သော် စောင့်ဆိုင်းနေရခြင်းတွင်လည်း သူ့တန်ဘိုးနှင့်သူ ရှိနေပါသည်။ တန်ဘိုးသည်လည်း အတော်လေးကို ကြီးမားနေမည်ဖြစ်၏။

ကုန်းစွန်းတွမ့် ရုတ်တရက် ဓားကို ဆွဲထုတ်လိုက်သည်။ ဓားချက်တစ်ချက်တည်းဖြင့် ကျောက်တုံးမြေပုံမှတ်တိုင်ကို ခုတ်ပိုင်းလိုက်ရာ ကျောက်စများ အရပ်မျက်နှာတိုင်းသို့ လွင့်ပျံ့သွားသည်။

ထိုအချိန်သည် မည်းမှောင်နေသော ကောင်းကင်ယံမှာ မိုးကြိုးတစ်ချက် ပစ်ချလိုက်ချိန်နှင့် အံကိုက်ဖြစ်နေပြန်၏။

သူ၏ ငွေရောင်လဲ့နေသော ဓားသွားသည် ကောင်းကင်ပေါ်မှ လင်းလက်စွာ ဝင်းပသွားခဲ့သော မိုးကြိုး၏ လင်းလက်မှုကို မယှဉ်ပြိုင်နိုင်ပါ။

ပုတီးစေ့ အကြီးကြီးအရွယ်ရှိ မိုးသီးမိုးပေါက်များက ကောင်းကင်ပေါ်မှ တပေါက်ပေါက် ကျဆင်းလာခဲ့ပြီး အုတ်ဂူ၏ ပဲ့ရွဲ့နေသော အပေါက်များထဲမှ ဂူတွင်းသို့ စီးဝင်သွားနေသည်မှာ ငိုကြွေးနေကြသည့်အလား....။

0 comments:

Post a Comment