Thursday, March 10, 2011

(၇) ဆရာသခင်နှင့်သစ္စာရှိနောက်လိုက်တစ်သိုက်

မြန်မာကျူးပစ်ဖိုရမ်မှ မိတ်ဆွေတစ်ဦးဖြစ်သူ ကို trhura ၂/၃ပုံခန့် ပြန်ဆိုထားခြင်းဖြစ်ပါသည်။ 
All credits go to trhura. Thanks for letting me use your translation work.


ဆန်းဦးစ လရောင်က ဝင်းပပ လင်းနေသည်။ အရုဏ်တက်ရန်ကား ၆ နာရီကျော်မျှ လိုပေသေးသည်။

လုရှောင်ဖုန်းက တည်းခိုဆောင်သို့ပြန်၍ အရက်နှင့် အစားအစာများ မှာယူစားသောက်နေသည်။

“ဘာပဲဖြစ်ဖြစ် ငါ အနည်းဆုံး တစ်ကြိမ်တော့ ၀၀လင်လင် စားသောက် သွားရတာပေါ့” သူက ရယ်မော၍ ပြောဆိုလိုက်သည်။

“မင်း မိုးမလင်းခင် အိပ်စက် အနားယူလိုက်သင့်တယ်” ဟွာမင်းလိုက ဆိုလိုက်သည်။

“မင်းသာ ဟိုထျန်ချင်းလို လူမျိုးနဲ့ မနက်မှာ တိုက်ခိုက်တော့မှာဆိုရင် ဒီည အိပ်ပျော်နိုင်ပါ့မလား”

“အိပ်မပျော် နိုင်လောက်ဘူး”

“မင်းရဲ့ ကောင်းကွက်က ဘာလဲ သိလား။” လုရှောင်ဖုန်းက ရယ်မော၍ မေးလိုက်သည်။ “မင်းက ဘယ်တော့မှ လိမ်ညာမပြောတတ်တာပဲ။ ဒါပေမဲ့ တစ်ခါတစ်လေ မင်းက အမှန်ကို ပြောနေရင်တောင် လူလိမ်တစ်ယောက်နဲ့ တူနေတာတော့ အခက်သား ...”



“ငါ အိပ်လို့ မပျော်နိုင်မှာက ငါ သူ့ကို လုံး၀ကို နားလည်သဘော မပေါက်နိုင်လို့”

“သူက တစ်ကယ်ကို ဆန်းကြယ် နားလည်ရခက်တဲ့ လူမျိုးပဲ”

“မင်း သူ့ကို သိကျွမ်းတာ ဘယ်လောက်ကြာပြီလဲ”

“လေးနှစ်လောက် ရှိပြီပေါ့။ လွန်ခဲ့တဲ့ လေးနှစ်လောက်က ယန်ထယ်ရှန်း ထိုက်ရှန်းတောင်ထိပ် နေထွက်ချိန် ကြည့်ဖို့ သွားတုန်းက သူလည်း ပါတယ်လေ။ တိုက်တိုက်ဆိုင်ဆိုင် အဲဒီနေ့မှာပဲ ငါကလည်း သူခိုးတစ်ယောက်နဲ့ ထိုက်ရှန်းတောင်ထိပ်မှာ ကျွမ်းထိုးပြိုင်ဖို့ ချိန်းထားခဲ့တာကိုး”

“မင်း သူ့အကြောင်း ဘယ်လောက်များ သိထားလဲ”

“သိပ် အများကြီး မသိဘူး”

“သူက အသက်အရွယ် ငယ်သေးပေမဲ့၊ သိုင်းပညာ ဝါစဉ်မြင့်တယ်ဆိုတာ ကကော ...”

“မင်း ‘ထင်းရှုးကောင်းကင်၊ တိမ်လွှာကြိုးကြာ’ ရှန်ရှမ်း သက်ကြီးနှစ်ပါးကို ကြားဖူးလား”

“ရှန်ရှမ်း သက်ကြီးနှစ်ပါးက မြောက်ပိုင်း သိုင်းလောကရဲ့ ကြယ်ပွင့်တွေလို့တောင် တင်စားခံခဲ့ရတာ နှစ်အတော် ကြာပြီ မဟုတ်လား။ ငါ နားပင်းနေခဲ့ရင်တောင် သူတို့နာမည်ကိုတော့ ကြားဖူးတာပေါ့”

“အေး ... ငါကြားတာကတော့ ဟိုထျန်ချင်းက သူတို့နှစ်ဦးနဲ့ သွေးသောက်ညီနောင် ဆိုပဲ။”

ဟွာမင်းလို၏ မျက်နှာ အမူအရာ သိသာထင်ရှားစွာ ပြောင်းလဲသွားလေသည်။

“သူတို့နှစ်ဦးသာ ဒီနေ့ထိ အသက်ဆက်ရှင်နေမယ်ဆိုရင် အသက် ၇၀၊ ၈၀ ဝန်းကျင်လောက်တောင် ရှိနေလောက်ပြီ။ ဟိုထျန်ချင်းက ခုမှ အလွန်ဆုံးရှိလှ အသက် ၃၀ ပဲပေါ့။ သွေးသောက်ညီနောင်တွေဆို ဘာလို့ ဒီလောက်တောင် အသက် ကွာနေကြရတာလဲ”

“သွေးသောက်ညီနောင်မပြောနဲ့။ အသက် ၄၀၊ ၅၀ ကွာတဲ့ လင်မယားတွေတောင် ရှိကြသေးတာပဲလေ။”

“ဪ ... ဒါကြောင့်မို့လည်း သိုင်းလောကမှာ နှစ်ပေါင်း ၄၀ ကြာ နာမည်ကျော်ကြားနေတဲ့ ရှန်ရှိယန်လို လူမျိုးတောင် ဝါအရ သူ့ရဲ့တူ ဖြစ်နေရတာပေါ့”

“ဟုတ်တယ်”

“သိုင်းလောကမှာ မိုးနတ်တမန် ဂိုဏ်းချုပ် နာမည်ကြီးခဲ့စဉ်တုန်းက ရှန်ရှမ်း သက်ကြီးနှစ်ဦးကိုပဲ သူ့ရဲ့ တပည့်အဖြစ် လက်ခံခဲ့တာဆို။ ဟိုထျန်ချင်းက ဘယ်က ဘယ်လို ပေါ်လာရတာလဲ။”

“ဟွာမိသားစုမှာ ကလေး ခြောက်ဦးပဲ ရှိခဲ့တာလေ။ မင်းကကော ဘယ်က ဘယ်လို ပေါ်လာတာလဲ။” လုရှောင်ဖုန်း ပြုံး၍ ပြန်ပြောလိုက်သည်။

သို့သော် ဟွာမင်းလို၏ မျက်နှာတွင်မူကား စိုးထိတ်ပူပန်ရိပ်များ ပေါ်လာလေသည်။

“ငါ ရှန်ရှိယန်ကို တစ်ခါမှ မတွေ့ဖူးသေးဘူး။ ဒါပေမဲ့ သူ့ရဲ့ ကိုယ်ဖော့ပညာနဲ့ လက်ဝါးသိုင်းဟာ သိုင်းလောကရဲ့ အံ့ဖွယ်နှစ်ပါးလို့ ကျော်ကြားတာကိုတော့ သိထားတယ်။ ဟိုထျန်ချင်းကော သူနဲ့ ယှဉ်ရင် ဘယ်လိုနေမယ်လို့ မင်းထင်လဲ။”

“ငါလည်း ဟိုထျန်ချင်း တိုက်ခိုက်တာကို တစ်ခါမှ မတွေ့ဖူးဘူး။ ဒါပေမဲ့ ယန်ထယ်ရှန်းလို့ လေးလေးလံလံလူကို မပြီးတောင် ‘ပျံလွှား ရေဝဲ’ သိုင်းကွက်ကို သုံးပြီး ထွက်ခွာသွားနိုင်တယ်ဆိုတော့ သိုင်းလောကမှာ သူ့ကို ယှဉ်နိုင်တဲ့လူ များများပြားပြား မရှိဘူးဆိုတာ ပြောနိုင်တယ်”

“မင်းဆိုရင်ကော”

လုရှောင်ဖုန်း ပြန်လည် ဖြေကြားခြင်း မရှိပါ။ သူက ဤသို့သော မေးခွန်းများကို ဖြေလေ့ မရှိပါ။ အမှန်တော့ ဤလောကတွင် သူမှလွဲ၍ သူ၏ သိုင်းပညာ စွမ်းရည်ကို သေချာသိရှိသူ မရှိချေ။

သို့သော် အဖြေတစ်ခုရမှ ကျေနပ်မည့်ဟန်ရှိသော ဟွာမင်းလိုက ထပ်မံမေးလိုက်ပြန်သည်။

“မင်းသူ့ကို အနိုင်ယူနိုင်မှာ သေချာရဲ့လား”

သို့သော် လုရှောင်ဖုန်းကား ဖြေဆိုခြင်း မရှိပဲ အရက် နောက်တစ်ခွက်ကိုသာ ဖြည့်၍ ဖြည်းညှင်းစွာ သောက်နေလေသည်။

ဟွာမင်းလိုက ရုတ်တရက် သင်းပြင်းချလိုက်ပြီး ပြောလိုက်သည်။ “မင်းလည်း မသေချာဖူး မဟုတ်လား။ ဒါကြောင့်မို့လည်း မင်းအရက်ကို ထိန်းသောက်နေတာပေါ့”

လုရှောင်ဖုန်းသည် အရက်ကို ဤသို့ ဖြည်းညှင်းစွာ သောက်လေ့ရှိသူ မဟုတ်ပါ။

တည်းခိုဆောင်ရောက်ကတည်းက တစ်ချိန်လုံး တိတ်ဆိတ်စွာ ထိုင်၍ ထိုင်၍ နားထောင်နေခဲ့သော တန့်ဖုန်းမင်းသမီးက ယခုမှ ရုတ်တရက် လှမ်းမေးလိုက်သည်။ “ခုနတုန်းက ရှင် သူခိုးတစ်ယောက်နဲ့ ကျွမ်းထိုးပြိုင်ဖို့ ထိုက်ရှမ်း တောင်ထိပ်ကို သွားတယ်ဆို ... အဲဒီသူခိုး ဘယ်သူလဲ”

“ဟားဟား ... သူခိုးဘုရင်ပေါ့” လုရှောင်ဖုန်းက ရယ်၍ ဆိုလိုက်သည်။ “ကမ္ဘာအနှံ့မှာ သူမခိုးဖူးသေးတဲ့ နေရာ မရှိသလို သူကို ယှဉ်ခိုးနိုင်တဲ့လူလည်း မရှိဘူး။ ဒါ့အပြင် သူခိုးတာကို ခံလိုက်ရတဲ့ လူတွေက စိတ်မဆိုးကြတဲ့အပြင် ဂုဏ်တောင်ယူလိုက်ကြသေးတယ်”

“ဘာလို့လဲ”

“ဘာလို့လဲဆိုတော့ ဒီလောကမှာ သူရဲ့ ခိုးယူခြင်း ခံရထိုက်တဲ့လူတွေ အများကြီးမှ မရှိတာ။ ပြီးတော့ သူက ခိုးရင် တန်ဖိုးကြီး ပစ္စည်းတွေကို ခိုးလေ့ မရှိဘူး။ အခြားသူ တစ်ယောက်ယောက်နဲ့ ခိုးလို့ ရ၊ မရ အလောင်းစားလုပ်ပြီးမှပဲ ခိုးလေ့ရှိတာကိုး။”

ထိုနောက် လုရှောင်ဖုန်းက အနည်းငယ် ရယ်မောနေပြီးမှ ဆက်လက်ပြောဆိုလေသည်။

“တစ်ခါကဆိုရင် သူက ကပ်စီးအနည်းဆုံးလို့ ဆိုနိုင်တဲ့ ချန်ဖုကျိုး မိန်းမရဲ့ အိမ်သာခွက်ကိုတောင် ရအောင်ခိုးပြမယ်ဆိုပြီး လောင်းခဲ့ဖူးတယ်”

ဤသည်တွင် တန့်ဖုန်းမင်းသမီးလည်း ထိမ်းမရပဲ တခစ်ခစ် ရယ်မောလိုက်လေသည်။

“အဲဒီတော့ .... ဘာဖြစ်သွားလဲ”

“ဘာဖြစ်ရမလဲ ... သူပဲ နိုင်သွားတာပေါ့”

“ဒါဆိုရင်လည်း ရှင်က ဘာလို့ သူနဲ့ ကျွမ်းထိုး သွားပြိုင်ရတာတုန်း။”

“ကျုပ်က သူ့ကို ခိုးတဲ့နေရာမှာ ပြိုင်လို့ မဖြစ်ဘူးဆိုတာကို သိထားတယ်လေ။ ဒါပေမဲ့လည်း သူ တစ်ခြားလူတစ်ယောက်ဆီက အနိုင်ရထားတဲ့ အရက်အိုး ငါးဆယ်ကို သူ့ဆီက ပြန်ပြီး အနိုင်ယူ လိုချင်နေမိတာကိုး။”

“မှန်လိုက်တာ။ ရှင့်ရဲ့ အားသာချက်ကို သုံးပြီး သူ့ရဲ့ အားနည်းချက်ကို တိုက်ခိုက်ရမှာပေါ့။ ရှင် ဟိုထျန်ချင်းကိုကော ဘာလို့ ဒီလို မရင်ဆိုင်တာလဲ။” တန့်ဖုန်း မင်းသမီးက မေးလိုက်သည်။ “ဒီလိုဆိုရင် ရှင် သူနဲ့ သူသေကိုယ်သေ တိုက်ခိုက်စရာ မလိုတော့ဘူးပေါ့။”

လုရှောင်ဖုန်းက သက်ပြင်းချပြီး ပြောလိုက်သည်။ “ဒီလောကမှာ ဘယ်လိုလှည့်ကွက်တွေနဲ့မှ လှည့်စားလို့ မရမဲ့ လူတွေလည်း ရှိတာကိုး။ စီမင်းကျွေ့ရှယ်က အဲဒီလို လူတွေထဲက တစ်ယောက်။ ဟိုထျန်ချင်းကလည်း အဲဒီလို လူမျိုးပဲ။”

“ဒါဆို သူက ရှင်နဲ့ တစ်ကယ်ပဲ သူသေကိုယ်သေ တိုက်တော့မှာတဲ့လား။ ”

“ယန်ထယ်ရှန်းက သူ့ကို အလေးပေးဆက်ဆံခဲ့ပုံအရဆိုရင် ဟိုထျန်ချင်းက သူ့ကို တစ်နည်းနည်းတော့ ပြန်လည် ပေးဆပ်ရမှာပဲလေ။ သူက အဲဒီအကြွေးအတွက် သူ့အသက်ကိုတောင် ဝမ်းမြှောက်ဝမ်းသာစွာ စွန့်လိုက်မယ်လို့ ဆုံးဖြတ်ထားပုံရတယ်” လုရှောင်ဖုန်း၏ မျက်နှာ သွင်ပြင်မူရာက တည်ကြည်နေသည်။

“ဒါပေမဲ့ ရှင်က သူ့လို ဖြစ်စရာမှ မလိုတာ ...”

လုရှောင်ဖုန်းက ဤအကြာင်းအရာနှင့် ပတ်သက်ပြီး ဆက်မပြောလိုတော့သည့်အလား အားလျော့စွာ ပြုံးပြလိုက်သည်။ ထို့နောက် မတ်တပ်ထရပ်ကာ ပြတင်းပေါက်ဆီသို့ ဖြည်းညှင်းစွာ လျှောက်သွားလေသည်။

ပြတင်းပေါက်မှာ အစောကြီးကတည်းက ပွင့်လျှက်ဖြစ်သည်။ ရုတ်တရက် ဝတ်ရုံရှည်ကို ဝတ်ဆင်ထားသော အဖိုးအို တစ်ဦး ခွေးခြေတစ်ခုနှင့်အတူ ခြံဝင်းပြင် အလယ်တွင် ဆေးတံထိုင်သောက်လျှက် ရှိသည်ကို တွေ့လိုက်ရသည်။

ညဉ့်နက်လှပြီ ဖြစ်သော်လည်း အဖိုးအိုမှာ ပင်ပန်းနွမ်းနယ်ဟန် မရှိချေ။ သူက မိုးသောက်သည်အထိ ဤအတိုင်း ဆက်လက် ထိုင်နေတော့မည့်အလား တိတ်ဆိတ်စွာပင် ထိုင်နေလေသည်။

“အပြင်မှာ ရာသီဥတုက နည်းနည်း အေးလာပြီ” လုရှောင်ဖုန်းက ရုတ်တရက် ပြုံး၍ လှမ်းပြောလိုက်သည်။ “ခင်ဗျား စိတ်မရှိဘူးဆိုရင်တော့ အထဲလာပြီး ကျုပ်တို့နဲ့ အတူ အရက်သောက်လှည့်ပြီး ညတာရှည်ကို အကုန်မြန်အောင် လုပ်တာပေါ့”

သို့သော် အဖိုးအိုကမူ နားပင်း၍ လုရှောင်ဖုန်း၏ စကားများကို လုံး၀ မကြားသည့်အလား တုန့်ပြန်ခြင်း အလျင်း မရှိချေ။ လုရှောင်ဖုန်းက အသာ ပြုံး၍သာ နေလိုက်သည်။

သို့သော် တန့်ဖုန်း မင်းသမီးမှာမူ ကျွဲမြီးတိုသွားဟန်ဖြင့် ပြက်လှောင်ပြောလိုက်သည်။ “သူတစ်ပါးရဲ့ စိတ်ကောင်းစေတနာကို ငြင်းတာ မယဉ်ကျေးဘူး”

ထိုနောက် ရုတ်တရက်ပင် ပြတင်းပေါက်ဆီသို့ ပြေးသွားကွာ ဝှစ်ခနဲ လက်မောင်းကို ခါလိုက်ပြီး လက်ထဲရှိ အရက်ခွက်ဖြင့် အဖိုးအိုအား လှမ်းပစ်လိုက်လေသည်။ ခွက်မှာ လေထဲတွင် လျင်မြန်သေသပ်စွာ ပျံဝဲသွားသော်လည်း ခွက်တွင်းရှိ အရက်များလည်း တစ်စက်မျှ ဖိတ်စင်ကျသွားချင်း မရှိချေ။

အဖိုးအိုကမူ အေးအေးစက်စက် တစ်ချက် လှောင်ရယ်လိုက်ပြီး လက်ကို အသာဆန့်ကာ ခွက်ကို ဖမ်းယူလိုက်လေသည်။ ထိုနောက် ခွက်တွင်းရှိ အရက်များကို မြေပြင်ပေို့ သွန်ချလိုက်ပြီး ခွက်ကို စတင် ဖဲ့ကိုက်လိုက်သည်။ ထိုနောက် ထိုအရက်ခွက်ကို တစ်စပြီးတစ်စ တစ်ဂျွပ်ဂျွပ်မြည်သံများနှင့်အတူ မျိုချလိုက်လေသည်။

တန့်ဖုန့်းမင်းသမီးလေးသည် သူမ မြင်လိုက်ရသော မြင်ကွင်းကြောင့် ထိတ်လန့်အံဩသွားလေသည်။

“ဒီအဖိုးကြီးက ဘာများ ဖြစ်နေလို့ ခွက်ထဲက အရက်ကို မသောက်ပဲ အရက်ခွက်ကို ဘာလို့ ကိုက်စားနေရတာလဲ” ဟု မေးလိုက်လေသည်။

လုရှောင်ဖုန်း၏ မျက်လုံးအစုံကမူ လရောင်အောက်တွင် အရောင်တဖျပ်ဖျပ် တောက်သွားလေသည်။

“အရက်က သူ့ကို သောက်ဖို့ ငါ ကမ်းလှမ်းထားခဲ့တာ ဖြစ်ပြီး အရက်ခွက်က မဟုတ်လို့ပေါ့။” သူက ပြုံး၍ သုံးသပ်လိုက်သည်။

ထိုအခိုက်တွင်ပင်အသားပေါက်စီ ရောင်းသောသူ အထမ်းသည်တစ်ဦး အပြင်မှ ခြံဝင်းတွင်းသို့ လျှောက်ဝင်လာသည်။

ဤသို့သော ညဉ့်နက်သန်းခေါင်အချိန်တွင် ဤနေရာ၌ စီးပွားဖြစ်မည်ဟု ထိုလူ ထင်နေပါသလား။

“ဟေ့ ... ရှင် အဲဒီ အသားပေါက်စီတွေကို ရောင်းနေတာလား” တန့်ဖုန်း မင်းသမီးက လှမ်းမေးလိုက်သည်။

“မင်းမှာသာ ပိုက်ဆံရှိရင် ရောင်းတာပေါ့ ...”

“တစ်လုံး ဘယ်လောက်လဲ”

“ဈေးက သက်သာပါတယ်။ တစ်လုံးကိုမှ ငွေစ တစ်သောင်းတိတိပဲ ကျပါတယ်။ တစ်ပြားမှတော့ လျော့မှာ မဟုတ်ဘူးနော်။”

တန့်ဖုန်းမင်းသမီးလည်း ရွှင်မြူးသွားဟန်ဖြင့် ဆိုလိုက်သည်။ “ကောင်းပြီလေ။ ကျွန်မကို အဲဒီ ငွေစ တစ်သောင်း တန်တဲ့ အသားပေါက်စီ နှစ်ခုပေးပါ။”

အထမ်းသည်က သူ၏ခြင်းထဲမှ အသားပေါက်စီနှစ်ခုကို ထုတ်ယူလိုက်စဉ်ပင် နံရံအကွယ်မှ ဝါကျင်ကျင် ခွေးတစ်ကောင်ထွက်လာပြီး သူ့အား ထိုးဟောင်နေလေတော့သည်။

“ဘာလဲ ... မင်းကလည်း ဟို မိန်းကလေးလို ငါ့ရဲ့ အသားပေါက်စီတွေကို ဝယ်ချင်နေလို့လား” အထမ်းသည်က ခွေးကို စိုက်ကြည့်ကာ ဆိုလိုက်သည်။ “ငါ့ရဲ့ ပေါက်စီတွေက မင်းတို့လို ခွေးတွေကို ပေါက်ဖို့ လုပ်ထားတယ် ဆိုတာ မသိဘူးလား”

ဤသို့ဆိုပြီးနောက် သူက ထိုခွေးအား ပေါက်စီများဖြင့် ပစ်ပေါက်လေတော့သည်။ ခွေးက ချက်ချင်းပင် အဟောင်ရပ်သွားပြီး ထိုပေါက်စီများကို အနည်းငယ် ကိုက်ယူစားလေသည်။ ထိုနောက် ရုတ်တရက်ပင် နာကျင်စွာ ထိုးဟောင်လိုက်ပြီး မြေကြီးပေါ်တွင် လူးလိမ့်ကာ မကြာမီပင် သေဆုံးသွားလေတော့သည်။

တန့်ဖုန်းမင်းသမီး၏ မျက်နှာမှာ ရုတ်တရက် သွေးမရှိတော့သကဲ့သို့ ဖျော့တော့သွားကာ “ပေါက်စီတွေထဲမှာ အဆိပ်တွေနဲ့ပါလား”

“အဆိပ်တင် မကဘူး။ အသားကလည်း လူသားနဲ့ လုပ်ထားတာ” အထမ်းသည်ကမူ တည်ငြိမ်စွာပင် ပြန်ဖြေလိုက်သည်။

“ရှင် ဒီလို အသားပေါက်စီများကို ဘယ်လိုများ လုပ်ရောင်းရဲတာလဲ” မင်းသမီးလေးက ဒေါသဖြင့် အော်မေးလိုက်သည်။

“ကျုပ်က ကိုယ့်အလုပ် ကိုယ်လုပ်နေတာ” သူက သူမကို စိတ်မရှည်စွာ လှမ်းပြောလိုက်သည်။ “ဝယ်တာ မဝယ်တာက မင်းတို့နဲ့ပဲ ဆိုင်တယ်။ ကျုပ်က ဘယ်သူကိုမှ ဝယ်ဖို့ ဖိအား ပေးနေတာ မဟုတ်ဘူး”

တန့်ဖုန်းမင်းသမီးလေး၏ မျက်နှာမှာ နီမြန်းသွားပြီး ချက်ချင်းပင်လျှင် ထိုသူ့အား ပြေးရိုက်လိုက်တော့မည့် အလားပင်။

သို့သော် လုရှောင်ဖုန်းက သူမ၏ လက်ကို အသာ လှမ်းဆွဲထားလိုက်သည်။ ထိုအခိုက်မှာပင် သူတို့ ရေရွတ်သံတစ်ခုကို ကြားလိုက်ရသည်။ “ကြယ်ရောင်သာတဲ့ညမှာ လေညှင်းက ဘယ်သူ့အတွက်များ ဖွင့်ထားတဲ့ ပြတင်းပေါက်မှ တိုးဝင်လာရပါလိမ့် ...”

ညစ်ပတ်ပေရေ စုတ်ပြတ်နေသည့် လက်ကို နောက်ပစ်ထားသည့် စာပေသမားတစ်ဦး ခြံဝင်းတွင်းသို့ လှမ်းဝင်လာပြန်သည်။

သူက ရုတ်တရက် အထမ်းသည်ဘက်သို့ လှည့်၍ ပြုံးပြလိုက်သည်။

“ဒီလိုဆို ဒီနေ့ မင်း ဘယ်နှစ်ယောက် သတ်ပြီးပြီလဲ”

“ကျုပ်ရဲ့ အသားပေါက်စီတွေက ခွေးတွေပဲ သတ်တာ ... လူ မသတ်ဘူး။ မယုံရင် စမ်းကြည့်ပါလား။ ” အထမ်းသည်က မော့ကြည့်လိုက်ပြန်ပြီး ဆိုလိုက်သည်။

ထိုနောက် သူက အသားပေါက်စီ တစ်ခုကို ထိုစာပေသမားထံ လှမ်းပစ်လိုက်သည်။ စာပေသမားက ချက်ချင်းပင် ပေါက်စီကို ဖမ်းယူလိုက်ပြီး စားလိုက်လေတော့သည်။

ထိုနောက် သူ၏ ဝမ်းဗိုက်ကို အသာပုတ်လိုက်ပြီး “ကြည့်ရတာ မင်းက အမှန်ကို ပြောနေပုံပဲ။ ဒါ့အပြင် မင်းရဲ့ ပေါက်စီက ရောဂါပါ ကုနိုင်သားပဲ”

“ဘယ်လို ရောဂါကိုများ ကုနိုင်တာလဲ” ခြံဝင်းနံရံ အပြင်ဘက်မှ အသံတစ်ခုက မေးလိုက်သည်။

“ဆာလောင်မွတ်သိပ်မှုပေါ့” စာပေသမားက ပြန်ဖြေလိုက်သည်။

“ဟုတ်လား ကျုပ်မှာလည်း အဲဒီရောဂါ ဖြစ်နေတယ်။ ဖြစ်တာမှ ဆိုးဆိုးရွားရွားကို ဖြစ်နေတာ” အပြင်မှလူက ပြန်ပြောလိုက်သည်။

“ပေး ... ကျုပ်ကိုလည်း အဲဒီရောဂါကုဖို့ အသားပေါက်စီတစ်လုံးပေး ...”

“ရော့”

အထမ်းသည်က အသားပေါက်စီ နောက်တစ်လုံးကို ထုတ်ယူလိုက်ပြီး နံရံပေို့ လှမ်းပစ်တင်ပေးလိုက်သည်။ သူဖုန်းစား တစ်ဦး ရုတ်တရက်ပင် နံရံပေါ်တွင် ပေါ်လာပြီး ပါးစပ်ကို အသာဟ၍ ပေါက်စီကို ဖမ်းယူမြိုချလိုက်သည်။

ချက်ချင်းဆိုသလိုပင် အထမ်းသည်ကလည်း တောင်းတွင်းရှိ အသားပေါက်စီ များကို ထပ်မံ ထုတ်ယူကာ သူဖုန်းစားထံ အဆက်မပြတ် လှမ်းပစ်ပေးလိုက်လေသည်။ အထမ်းသည်၏ ပစ်ချက်များမှာ မြန်ဆန်လှသလို သူဖုန်းစားမှာလည်း သွက်လက်စွာပင် ဖမ်းယူမြိုချနေလေသည်။ မျက်စိတစ်မှိတ် ခဏတာ အချိန်ကာလအတွင်းမှာပင် ပေါက်စီ ခုနှစ်လုံး ရှစ်လုံးမျှ သူဖုန်းစား၏ ဝမ်းဗိုက်တွင်း ဝင်ရောက်ပျောက်ကွယ်သွားလေတော့သည်။

“အင်း ဒီလောက်ဆိုရင်တော့ ခင်ဗျားရဲ့ ဆာလောင်မွတ်သိပ်မှုကို ကုနိုင်ကောင်းပါရဲ့” စာပေသမားက ဆိုလိုက်သည်။

သူဖုန်းစားက မျက်မှောင်ကြုံ့လိုက်ပြီး “ခင်ဗျားတို့တစ်တွေ ကျုပ်ကို အကွက် ဆင်တာပဲ။ အသားပေါက်စီက အဆိပ်နဲ့ မသေတောင် အစာနင်ပြီး သေအောင် လုပ်ကြတာ မလား”

“ပြဿနာ မရှိဘူး” နံရံအပြင်ဘက်မှ နောက်ထပ် လူတစ်ဦး ပေါ်လာပြန်လေသည်။ “အစာနင်ပြီးပဲ သေသေ။ ငတ်ပြတ်ပြီးပဲ သေသေ။ အိမ်က မိန်းမကို ဒေါကန်ပြီး သေသေ ... ဘာကိုမှ ပူစရာ မလိုဘူး။ ကျုပ်မှာ ကုစရာ ဆေးရှိတယ်။”

ဆေးအိတ်နှင့် ခေါင်းလောင်းငယ်တစ်ခုကို ကိုင်ဆောင်လာသော ဗိန္ဒောဆရာ တစ်ဦး ထော့နဲ့ထော့နဲ့ဖြင့် ဝင်လာပြန်သည်။

သိပ်မကြာမှီပင် နောက်ထပ် မျက်နှာချေရောင်းသူ တစ်ဦး၊ သစ်ခုတ်သမား တစ်ဦးနှင့် ကုန်စိမ်းရောင်းသူ တစ်ဦးလည်း ထပ်မံ ရောက်ရှိလာရာ မကြာသေးမီကပင် ဆိတ်ငြိမ်နေခဲ့သော ခြံဝင်းငယ်လေးမှာ ရုတ်တရက်ပင် လူများဖြင့် ပြည့်ကျပ်ဆူညံ သွားလေတော့သည်။

တန့်ဖုန်းမင်းသမီးလေး၏ ထိုသူများကို စိုက်ကြည့်နေရခြင်းကြောင့် မျက်လုံးများပင် ညောင်းညာလာလေသည်။ သူမသည် သိုင်းလောက အတွေ့အကြုံ သိပ်မရှိသေးသော်လည်း ထိုလူများအားလုံး ဤနေရာသို့ ရောက်လာကြရခြင်းမှာ သူမတို့ကြောင့်ဖြစ်ကြောင်း ရိပ်မိသွားပြီ ဖြစ်၏။

ထူးဆန်းသည်မှာ ယခုထက်တိုင် ထိုလူများ အားလုံးသည် ခြံဝင်းတွင်း၌သာ စုပြုံနေကြပြီး အခန်းတွင်းရှိ သူတို့အား အနည်းငယ်မျှ စိတ်ဝင်စားဟန် မပြခြင်း ဖြစ်သည်။

“ဒီလူတွေက ယန်ထယ်ရှန်းကို ကလဲ့စားချေဖို့ ဒီကို ရောက်လာတယ် ရှင်ထင်လား” သူမက မအောင့်နိုင်ပဲ လုရှောင်ဖုန်းကို လှမ်းမေးလိုက်သည်။

“ယန်ထယ်ရှန်းမှာ ဒီလို မိတ်ဆွေမျိုးတွေ ဘယ်ရှိနိုင်မလဲ” လုရှောင်ဖုန်းက ပြုံး၍ ခေါင်းကို ခါရမ်းလိုက်သည်။

“သူတို့အားလုံး သိုင်းပညာ တတ်ကျွမ်းကြပုံပဲ”

“ဪ ... မြို့ပြမှန်ရင် ချောင်းမြောင်းနေတဲ့ ကျားတွေ၊ ပုန်းအောင်းနေတဲ့ နဂါးတွေဆိုတာ ရှိစမြဲပဲလေ” လုရှောင်ဖုန်းက ဆိုလိုက်သည်။ “သူတို့က ကျုပ်တို့ကို အနှောင့်အယှက်မပေးသရွေ့ သူတို့ကိစ္စကိုလည်း ဝင်ရောက်စွက်ဖက်စရာ မလိုဘူးပေါ့။”

“မင်းက ဘယ်တုန်းကများ သူတစ်ပါး ကိစ္စကို ဝင်မစွက်ဖက်တဲ့လူမျိုး ဖြစ်သွားရတာလဲ” ဟွာမင်းလိုက ရယ်မော၍ မေးလိုက်သည်။

“ခုလေးတင်ပဲ” လုရှောင်ဖုန်း ပြုံး၍ ပြန်ဖြေလိုက်သည်။

ညစောင့်၏ တဒေါင်ဒေါင် မောင်းတီးခတ်သံကို ကြားလိုက်ရသည်။ သုံးချက် တိတိ - သန်းခေါင်ပင် လွန်ချေပြီ။

(မှတ်ချက်။ ။ ရှေးခေတ် တရုတ်မြို့များ၌ ညပိုင်းတွင် ညစောင့်များသည် လမ်းများကို လှည့်ပတ်စစ်ဆေးကာအချိန်ကို ဖော်ညွှန်းသော မောင်းများကို တီးခတ်လေ့ရှိသည်။ ညကို တူညီစွာ ၅ ပိုင်းခွဲထားပြီး ထိုအချိန်များအလိုက် မောင်းကို ချက်ရေမှန်စွာ တီးလေ့ ရှိသည်။ ထိုကြောင့် မောင်းသုံးချက်မှာ သန်းခေါင်လွန်သည်ကို ဆိုလိုခြင်း ဖြစ်သည်။)

ဆေးတံကို သောက်နေသာ အဖိုးအိုကို ရုတ်တရက် မတ်တပ်ထရပ်လိုက်ပြီး သမ်းဝေလိုက်သည်။ “ငါတို့ကို ခေားတဲ့လူက ခုထိ ဘာလို့ ရောက်လာသေးရတာလဲ”

ထိုအဖိုးအိုကား နားပင်းနေခြင်း၊ ဆွံ့အနေခြင်း မရှိချေပါလား။

တန့်ဖုန်းမင်းသမီးလေး ပို၍ပင် စိတ်ရှုပ်ထွေးသွားလေတော့သည်။ ထိုလူများကို ဤနေရာသို့ ဖိတ်ခေါ်ခဲ့သူမှာ မည်သူနည်း။ အဘယ်အတွက်ကြောင့် ဖြစ်ပါသနည်း။

“သူ သိပ်မကြာခင်ပဲ ရောက်လာတော့မှာပါ” စာပေသမားက ဆိုလိုက်သည်။

“ကျုပ် တစ်ချက် ကြည့်လိုက်ဦးမယ်” အထမ်းသည်က လှမ်းပြောလိုက်သည်။

သူ၏ လက်အစုံ လှုပ်ရှားသွားပြန်ကာ တောင်းတွင်းမှ ပေါက်စီများကို တစ်ခုချင်း လျင်မြန်စွာ ထုတ်ယူကာ မြေပြင်ပေါ်တွင် တစ်ခုပေါ်တစ်ခု ပစ်၍ ဆင့်ထပ်လိုက်လေရာ တစ်ခဏတာတွင်းပင် ၁၀ ပေမက မြင့်သော ပေါက်စီတန်းကြီး ဖြစ်လာလေသည်။

ထိုနောက် အသာအယာပင် အထမ်းသည်က ပေါက်စီတန်းပေို့ ခြံစည်းရိုးပေို့ ကြက်ဖကြီး ခုန်တက်လိုက်သည့် အလား လှမ်းခုန်လိုက်လေသည်။ ထိုနောက် သူက လေအဟုန်တွင် အနည်းငယ်မျှ ယိမ်းယိုင် လှုပ်ရှားသွားခြင်း မရှိပဲ တည်ငြိမ်စွာ ရပ်တန့်နေလေသည်။

သူ၏ လက်များသည် မြန်ဆန်တိကျရုံသာမက သူ၏ ကိုယ်ဖော့ပညာမှာလည်း အထက်တန်းစားပင် ဖြစ်သည်။

“သိုင်းလောကမှာ ရှင်သန်ကျက်စားဖို့ဆိုတာ တစ်ကယ်ကို မလွယ်လှဘူးဆိုတာ ခုမှပဲ ကျွန်မ နားလည်မိပါရဲ့” တန့်ဖုန်းမင်းသမီးက သက်ပြင်းချကာ ရေရွတ်လိုက်သည်။

“အနည်းဆုံးတော့ မင်းအခု နားလည်သွားပြီပေါ့” ဟွာမင်းလိုက ပြုံး၍ ပြန်ဖြေလိုက်သည်။

“လာနေပြီဗျို့” အထမ်းသည်က ရုတ်တရက် အော်လိုက်သည်။

ဤအသံက လူတိုင်းကို တက်ကြွလှုပ်ရှား သွားစေသည်။ တန့်ဖုန်းမင်းသမီးပင် ထိုလာနေသောသူမှာ မည်သို့သော ပုဂ္ဂိုလ်မျိုးမှန်း သိလိုစိတ်ဖြင့် စိတ်နှလုံး တုန်လှုပ် လှုပ်ရှားသွားလေသည်။

သို့သော်ငြားလည်း ထိုလူအား တွေ့မြင်လိုက်ရသောအခါ သူမ အနည်းငယ်မျှ စိတ်ပျက်သွားလေရတော့သည်။

သူမ၏ စိတ်တွင် ထိုလူမှာ ချောမော တည်ကြည်ခန့်ညားသော ဓားသမားလူရွယ်တစ်ဦးဟု မျှော်လင့်ထားခြင်း မရှိလင့်ကစား အနည်းဆုံး ထိုလူမှာ လေးစားကြည်ညိုဖွယ် ခွန်အားဗလနှင့် ပြည့်စုံသော သိုင်းလောက သူရဲကောင်း တစ်ဦး ဖြစ်ရမည်ဟု တွေးထင်ထားခဲ့သည်။

သို့သော် ထိုလူမှာ ထိပ်ပြောင်ပြောင်နှင့် ဝါကျင့်ကျင့် အသားအရည်ပိုင်ရှင် ပိန်ပါးသော အဖိုးအို တစ်ဦးမျှသာ ဖြစ်သည်။ သူက ဖုန်တက်နေသည့် မီးခိုးရောင် ဒူးခေါင်းဖုံးရုံမျှသော ဝတ်ရုံကို ဝတ်ဆင်ထားလေသည်။ ခြေအစုံကမူ အဖြူရောင် ခြေစွတ်နှင့် မီးခိုးရောင် ဖိနပ်များကို ဝတ်ဆင်ထားလေသည်။ မြို့သို့ ဈေးဝယ်ရန် ထွက်လာသည့် သာမန် လယ်သမား ပုံပန်းသွင်ပြင်မျှသာ ဖြစ်သည်။

သို့သော် သူ၏ မျက်လုံးအစုံကမူ တောက်ပနေလေသည်။ လရောင်အောက်တွင် ထို တောက်ပသော မျက်လုံးအစုံက တစ်လက်လက် ဖြစ်နေလေသည်။

ထူးဆန်းသည်က ခြံဝင်းတွင်းရှိ လူများမှာ ထိုလူအား စောင့်မျှော်နေခြင်း ဖြစ်သော်လည်း သူရောက်ရှိလာသောအခါတွင်မူ မည်သည့် စကားမျှ ပြောဆိုခြင်း မရှိပဲ တိတ်ဆိတ်စွာပင် ထိုလူ ဝင်ရောက်ရန် လမ်းဖယ်ပေးလိုက်ကြလေသည်။

ထို ထိပ်ပြောင်ပြောင်နှင့် အဖိုးအိုးက အတန်ကြာ လှည့်ပတ် ကြည့်ရှုလိုက်ပြီး နောက် ရုတ်တရက် လုရှောင်ဖုန်းထံ လျှောက်လှမ်းလာလေသည်။

သူက လျင်မြန်မြန် လမ်းလျှောက်လာသည် မဟုတ်သော်လည်း ခြေနှစ်လှမ်း သုံးလှမ်းအတွင်းပင် တံခါး၀ဆီသို့ ရောက်လာလေသည်။

တံခါးမှာ အစောပိုင်းကတည်းက ဖွင့်ထားပြီးသား ဖြစ်၍ ထိုလူက တံခါးခေါက်ခြင်း၊ အသံပေးခြင်းမရှိပဲ ဝင်ရောက်လာပြီး လုရှောင်ဖုန်း၏ ရှေ့တွင် အသာ ထိုင်ချလိုက်သည်။ ထိုနောက် ကြမ်းပြင်ရှိ အရက်အိုးကို ဆွဲယူလိုက်ပြီး အရက်နံ့ကို ခံလိုက်လေသည်။

“ကောင်းလိုက်တဲ့ အရက်”

“အင်း ... တစ်ကယ့်ကို ကောင်းတဲ့ အရက်ပဲ” လုရှောင်ဖုန်းက ခေါင်းကို ညိမ့်ကာ ဖြေလိုက်သည်။

“တစ်ယောက်တစ်ဝက်ပေါ့ ... ”

“ကောင်းသားပဲ”

အဖိုးအိုက နောက်ထပ်စကားတစ်လုံးမျှ မဆိုတော့ပဲ အရက်အိုးကိုသာ အသာမ၍ တဂွပ်ဂွပ်ဖြင့် အရက်ကို မနားတမ်း မော့ချလိုက်လေတော့သည်။

တစ်ခဏအတွင်းပင် အိုးတွင်းရှိ အရက်တစ်ဝက်မှာ ကုန်သွားပြီး သူ၏ ဝါဝင်းနေသော မျက်နှာမှာ ရဲတွတ်သွားကာ တစ်ကိုယ်လုံး ငယ်ရွယ်နုပျို အားအင်ပြည့်ဖြိုးလာသည့် အလားပင်။

“ကောင်းလိုက်တာ ... ” သူက ပါးစပ်ကို အင်္ကျီလက်ဖြင့် သုတ်ကာ ဆိုလိုက်၏။

လုရှောင်ဖုန်းက ပြန်မဖြေပဲ အရက်အိုးကို ဆွဲယူကာ ထိုသူကဲ့သို့ပင် မနားတမ်း မော့လိုက်လေသည်။

အရက်အိုးတစ်ခုလုံး ကုန်သွားသောအခါမှ ထိပ်ပြောင်နေသော အဖိုးအိုးက ဟားတိုက် ရယ်ကာ ဆိုလိုက်သည်။
“ဟားဟား .. အရက်ကကောင်းသလို သောက်ဖော်ကလည်း မညံ့ဘူးပဲ။”

“သောက်ဖော်ကောင်းမှ အရက်လည်း ကောင်းတာပါ” လုရှောင်ဖုန်းက နှုတ်ခမ်းကို သုတ်ကာ ဆိုလိုက်သည်။

“မင်းကို မတွေ့တာ သုံးနှစ်တောင် ရှိနေပြီ” အဖိုးအိုက သူ့ကို ကြည့်လိုက်ပြီး ပြောလိုက်သည်။ “ မင်းက အခုထိတော့ မူးပြီး သေမသွားသေးဖူးပဲ”

“ဪ ... လူကောင်းတွေပဲ ငယ်ငယ်ရွယ်ရယ် သေကြရိုး မဟုတ်လား။ လူဆိုးလူသွမ်းတွေကတော့ အသက်ရှည်ပါတယ်။ ကျုပ်ကသာ ခင်ဗျားအတွက် စိုးပူနေရတာ ... ခင်ဗျားက လူကောင်း မဟုတ်လား”

“ငါက လူကောင်းလို့ မင်းကို ဘယ်သူ ပြောလို့လဲ” အဖိုးအိုက လုရှောင်ဖုန်းကို ကြည့်၍ ဆိုလိုက်သည်။

“သိုင်းလောကမှာ ရှန်းရှိယန်က သတ္တိကောင်းသူ၊ သစ္စာရှိသူ လူကောင်းဆိုတာ ဘယ်သူကများ ငြင်းဝံ့မလဲ”

“ဟားဟား ... ဒါဆို မင်းကတော့ လူဆိုး ... ငါကတော့ လူကောင်း ... ဟုတ်ရဲ့လား” အဖိုးအိုက ရယ်မော မေးလိုက်သည်။

တန့်ဖုန်း မင်းသမီးက သူမ၏ မျက်လုံးအစုံကို မယုံနိုင်သည့်အလားပင် အဖိုးအိုအား စိုက်ကြည့်နေလေသည်။

သူမ ဤထိပ်ပြောင်ပြောင်နှင့် ညစ်ပတ်ပေရေ အပြောကြမ်းသည့် အဖိုးအိုးမှာ သိုင်းလောကကို ကိုင်လှုပ်ခဲ့သော “သံမဏိလက်ဝါး” ပိုင်ရှင် ရှန်းရှိယန်ဟု သူမ၏ စိတ်ကူးထဲ၌ပင် ထင်မြင်မိခဲ့မည် မဟုတ်။

သူရဲကောင်းဟု လူအများက တင်စားခေါ်ခံရခြင်းကား သေးသေးဖွဲဖွဲမှ မဟုတ်ပေတာ ... သို့သော် ဤအဖိုးအိုကား သူရဲကောင်း ဟန်ပန် တစ်စက်မျှ မပေါ်ချေ။ ဤသည်ကြောင့်ပင် သူကျော်ကြားခဲ့ရသလား ဆိုတာကိုလည်း သူမ မသိရှိနိုင်ချေ။ ရုတ်တရက် သူမ နားလည် သဘောမပေါက်နိုင်တာတွေ တစ်ဖြည်းဖြည်း ပို၍ ပို၍ များပြားလာကြောင်းကိုလည်း တွေးမိလိုက်သည်။

ရှန်းရှိယန်၏ ရယ်သံ ရုတ်တရက် ရပ်သွားလေပြီး သူက တောက်ပသော မျက်လုံးအစုံဖြင့် လုရှောင်ဖုန်းအား စိုက်ကြည့်လိုက်ကာ “ငါ မင်းကို လာရှာမယ်လိမ့်လို့ မင်း မထင်ထားဘူး မဟုတ်လား”

“မထင်ထားဘူး” လုရှောင်ဖုန်း ဝန်ခံလိုက်သည်။

“အမှန်က ငါ မင်း ထိုက်ရွမ်ကို စရောက်ကတည်းက သိနေတာ”

“ဒါက ဘာမှ မထူးဆန်းပါဘူး” လုရှောင်ဖုန်းက ပြုံးကာ ဆိုလိုက်သည်။ “ခင်ဗျားက ကျွန်တော်လာတာကို မသိဘူးဆိုမှ ထူးဆန်းတာ”

“ဒါပေမဲ့ မင်းကို ငါက ခုမှ လာတွေ့တာကကော ...”

“ခင်ဗျားက အလုပ်များတဲ့ လူပဲလေ”

“ငါက အလုပ်များနေတာ မဟုတ်ပါဘူး။ ငါလာမတွေ့တာက မင်းက ငါ့ရဲ့ ဂိုဏ်းတူဦးလေးရဲ့ ဧည့်သည် ဖြစ်နေတာကိုး ။ ငါက သူနဲ့ အပြိုင် လုပြီး မင်းကို ဧည့်ခံဖို့ဆိုတာ မဖြစ်နိုင်ဘူးလေ။ ဒါကြောင့်မို့လည်း မင်းရောက်လာတာကို မသိဟန် ဆောင်နေရတာပေါ့။”

“မသိပါဘူး။ ကျုပ်က နှုတ်ခမ်းမွှေး မရှိတော့တာနဲ့ မိတ်ဟောင်းဆွေဟောင်းတွေတောင် ကျုပ်ကို မမှတ်မိတော့ဘူးလို့ တွေးနေတာ” လုရှောင်ဖုန်းက ရယ်၍ ဆိုလိုက်သည်။

ရှန်းရှိယန်လည်း အားရပါးရ ရယ်မောလိုက်ပြီး “ငါလည်း မင်းရဲ့ အဒီနှုတ်ခမ်းမွှေးက ကြည့်ရတာ မျက်စိနောက်စရာ ကောင်းတယ်လို အမြဲ ထင်နေမိတာ”

“ခင်ဗျား ဘယ်လိုပဲ ထင်ထင် ကျုပ်ကတော့ ဂရုမစိုက်ပါဘူး။ တစ်ခြားလူတွေက အဲဒီလို မျက်စိနောက်စရာ လို့မှ မထင်တာ” လုရှောင်ဖုန်းက ပြန်ဖြေလိုက်သည်။

ရှန်းရှိယန်က အရယ်ရပ်လိုက်ပြီး “ဟိုထျန်ချင်းက ငါရဲ့ ဂိုဏ်းတူဦးလေးဆိုတာကို သိုင်းလောကမှာ မယုံတဲ့လူတွေ အများကြီးပဲ။ ဒါပေမဲ့ မင်းကတော့ ပိုသိမှာပါ။”

“ကျုပ် သိပါတယ်။”

“ဟိုမှာ ဆေးတံထိုင်သောက်နေတဲ့ လူထူးလူဆန်းက ဖန်းအော်ပေါ့။ မင်း သူ့ကို သိလား”

“သူက နာမည် ကျော်ကြားလှတဲ့ ဆေးတံကို အသုံးပြုပြီး လူ့ခန္ဓာကိုယ်ရှိ ၃၆ ခုသော အဓိကသွေးကြောတွေနဲ့ ၇၆ ခုသော သာမညသွေးကြောတွေကို တိုက်ခိုက်နိုင်တယ်ဆိုတဲ့ ဖန်းတ သခင်ကြီးများလား။

“အေး ... အဲဒါ သူပဲ”

“အနောက်မြောက်ပိုင်းရဲ့ လူစွမ်းကောင်းနှစ်ဖော်က ဖန်းနဲ့ ကျန်းလို့ ပြောကြတာပဲ။ ဒါဆို ဟို ညစ်ပတ်ပေရေနေတဲ့ စာပေသမားကကော ‘နတ်လက်ချောင်း’ သိုင်းပညာရဲ့ တစ်ဦးတည်းသော ဆက်ခံသူ ကျန်းအော်များလား။”

(မှတ်ချက်။ ။ နတ်လက်ချောင်း သိုင်းပညာမှာ ကျင့်ယုံ၏ စာအုပ်များပါ နာမည်ကြီး သိုင်းပညာတစ်ခု ဖြစ်ပါသည်။ ကုလုံက ရေးဖော်ရေးဖက်ဖြစ်သူ ကျင့်ယုံ၏ စာများကို အသိအမှတ်ပြုသည့်အနေဖြင့် ယူသုံးထားခြင်းဖြစ်သည်။)

ရှန်းရှိယန် က ခေါင်းညိတ်ပြလိုက်ပြီး “ဟို သူဖုန်းစား၊ သစ်ခုတ်သမား၊ အထမ်းသည်၊ ကုန်စိမ်းသည်၊ မျက်နှာချေသည်၊ ပြီးတော့ ဒီတည်းခိုဆောင် ပိုင်ရှင်နဲ့ တံခါး၀က ဝင်လာသူတွေကို နူတ်ဆက်နေတဲ့ ခပ်၀၀လူ - သူတို့ ၇ နှစ်ဦး လုံးဟာ သွေးသောက်ညီနောင်တွေလေ။ တစ်ချို့လူတွေက သူတို့ကို ‘မြို့ပြ သူရဲကောင်း ခုနှစ်ဖော်’လို့ ခေါ်ကြတယ်။ တစ်ချို့ကတော့ ‘အနောက်မြောက်ပိုင်း ရဲဘော် ခုနှစ်ယောက်’ လို့လည်း ခေါ်တတ်တယ်။”

“ဒီလို နာမည် ကျော်ကြားလှတဲ့ ရဲဘော်ရဲဘက် သူရဲကောင်းတွေ အားလုံး ဒီလို ခြံဝင်းငယ်လေးမှာ လာရောက် စုရုံးနေကြတာဟာ တစ်ကယ့်ကို စိတ်လက်ကိုယ်သာ ရှိနေကြလို့ ဖြစ်လိမ့်မယ်။” လုရှောင်ဖုန်းက ပြုံး၍ ဆိုလိုက်သည်။

“မင်း သူတို့ ဒီမှာ ဘာလုပ်နေတယ်ဆိုတာ တစ်ကယ်ကိုပဲ မသိဘူးလား”

“မသိဘူး”

“သူတို့တစ်တွေလည်း ငါ့လို မိုးနတ်တမန် ဂိုဏ်းကပဲ။ ဝါအရဆိုရင်တော့ သူတို့ထဲက အချို့က ဟိုထျန်ချင်းထက် မျိုးဆက်နှစ်ဆက်လောက်တောင် ငယ်ကြသေးတယ်။”

“ဒီလူက အတော် ကံကောင်းတဲ့လူပဲ” လုရှောင်ဖုန်းက ပြုံး၍ ဆိုလိုက်ပြန်သည်။

“လွန်ခဲ့တဲ့ နှစ်ပေါင်းခြောက်ဆယ်ခန့်က ကျုပ်တို့ မိုးနတ်တမန်ဂိုဏ်းကို စတင်တည်ထောင်စဉ်ကတည်းက ပထမဆုံးစည်းမျဉ်းက ဂိုဏ်းသားတိုင်း မိမိထက် ဝါကြီးရင့်သူတွေကို ရိုသေလေးစား နာခံရမယ်ဆိုပဲ။ အဲဒီ စည်းမျဉ်းကို ယနေ့ထိတိုင် ဖောက်ဖျက်တာ၊ မေးခွန်းထုတ်ခံရတာမျိုး တစ်ခါမျှ မရှိဖူးဘူး”

“ဒါပေါ့ ...”

“အဲဒီတုန်းက ကျုပ်တို့ရဲ့ မိုးနတ်တမန်ဂိုဏ်းစတင်တည်ထောင်သူ ဂိုဏ်းချုပ်က သူ့ရဲ့ ဘ၀တစ်ခုလုံးကို သိုင်းပညာ လေ့လာမှုထဲမှာ မြုပ်နှံထားခဲ့တာ။ ဒါကြောင့်လည်း အသက် အတော်အတန် ကြီးရင့်မှ အိမ်ထောင်ကျပြီး မိသားစုဘ၀ကို ရခဲ့တာပေါ့။”

“ဒါဆို ... အဲဒီ ဂိုဏ်းချုပ်ကြီးက အိမ်ထောင်ရှိခဲ့တယ်ပေါ့။”

“အမှန်တော့ သိုင်းလောကမှာ ဒီအကြောင်းကို သိတဲ့လူ မရှိသလောက်ပဲ။ ဂိုဏ်းချုပ်က သားတစ်ယောက်ကို ရတဲ့ အချိန်မှာ အသက်က ၇၇ ရှိနေပြီ”

“အဲဒီ ကလေးက ဟိုထျန်ချင်း မဟုတ်လား”

“ဟုတ်တယ်”

“အင်း နောက်ဆုံးတော့ သူ ဘာလို့ အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ ဒီလို ခင်ဗျားထက်တောင် ဝါစဉ်ကြီးနေရတယ်ဆိုတာ ကျုပ် သဘောပေါက်သွားပြီ” လုရှောင်ဖုန်းက သက်ပြင်းချ၍ ဆိုလိုက်သည်။

“ဒါကြောင့်လည်း သူပုခုံးထက်မှာ ဒီလို ကြီးမားလေးလံတဲ့ ဝန်ထုပ်ဝန်ပိုးကို ထမ်းထားရတာပေါ့”

“ဟမ် ...”

ရှန်းရှိယန်က သူ၏ မျက်နှာသွင်ပြင်ကို ရုတ်တရက် တည်ငြိမ်လေးနက်လိုက်ပြီး “သူက ဂိုဏ်းချုပ်ရဲ့ တစ်ဦးတည်းသော မျိုးဆက်ဖြစ်သလို မိုးနတ်တမန်ဂိုဏ်းကိုလည်း နောင်မျိုးဆက်တွေတိုင်အောင် ရှင်သန်သွားစေမဲ့ တစ်ဦးတည်းသော သူဖြစ်တယ်။ ကျုပ်တို့ ဒီမှာ ရှိနေသူ အားလုံးဟာ ဂိုဏ်းချုပ်အပေါ် အသက်ထက်မက ရိုသေလေးစားကြသူတွေ ဖြစ်တယ်။ ဒါကြောင်မို့လို့ ကျုပ်တို့အားလုံး သူအပေါ် တစ်စုံတစ်ရာမှ ဖြစ်မသွားစေဖို့ဆိုရင် မိမိ အသက်ကို စွန့်ဖို့တောင် ဝန်မလေးကြဘူး။ ခင်ဗျား ကျုပ်ပြောလိုတာကို နားလည်မယ်ထင်ပါတယ်။”

“အင်း ... ကျုပ် နားလည်ပါတယ်”

ရှန်းရှိယန်က သက်ပြင်းလေးပင်စွာ ချလိုက်ပြီး ဆိုလိုက်သည်။

“ဒါကြောင့်မို့လည်း နက်ဖြန်နံနက်မှာ သူက ကံမကောင်း အကြာင်းမလှစွာ အသက် ဆုံးရှုံးသွားခဲ့ရင် ရာပေါင်း များစွာသော မိုးနတ်တမန် ဂိုဏ်းသားတွေလည်း ဆက်လက်ရှင်သန်ဖို့ မဖြစ်နိုင်ဘူး”

“သူက ဘာလို့များ အသက်ဆုံးရှုံးရမှာလဲ” လုရှောင်ဖုန်းက မျက်မှောင်ကြုံ့၍ မေးလိုက်သည်။

“သူသာ မင်းကို ရှုံးနိမ့်သွားခဲ့ရင် မင်းက သူ့ကို မသတ်ရင်တောင် သူ့ကိုယ်သူ အသက် ဆက်လက် ရှင်သန်ခွင့် ပြုမှာ မဟုတ်ဘူး”

“ကျွန်တော်လည်း သူဘယ်လို လူဆိုတာ ခန့်မှန်း မိပါရဲ့။ ဒါပေမဲ့ သူရှုံးချင်မှလည်း ရှုံးမှာပါ။”

“အင်း ...ဒါလည်း မှန်ပါရဲ့”

“သူသာ ကျုပ်ကို အနိုင်တိုက်နိုင်ခဲ့ရင် အဲဒီ ရာပေါင်းများစွာသော မိုးနတ်တမန်ဂိုဏ်းသားတွေ သိုင်းလောကမှာ မျက်နှာရကြမယ် မဟုတ်လား” လုရှောင်ဖုန်းက သက်တောင့်သက်သာဖြင့် ပြောလိုက်သည်။

“မင်းလည်း ငါ့ရဲ့ မိတ်ဆွေပဲလေ။ ငါက မင်း သူ့ကို ရှုံးနိမ့်သွားပြီး ငါတို့ မိတ်ပျက်မှာကိုလည်း မလိုလားဘူးလေ”

“ခင်ဗျားက တစ်ကယ်ကို လူကောင်းတစ်ယောက်ပဲ”

ရှန်းရှိယန်၏ မျက်နှာ အနည်းငယ် နီမြန်းသွားလေသည်။

“မင်းတို့နှစ်ယောက် တိုက်ခိုက်ကြမယ်ဆိုရင် ဘယ်သူပဲ နိုင်နိုင်ပါ။ ရလဒ်က ကောင်းမှာ မဟုတ်ဘူး” သူက သက်ပြင်းချလိုက်ပြီး “ဂိုဏ်းတူဦးလေးဟိုကလည်း အရင်က အနည်းဆုံး မင်းနဲ့ အသိအကျွမ်း ဖြစ်ခဲ့ဖူးတာပဲ။ ဒါကြောင့်မို့ ဘာလို့ ခုလို တိုက်ခိုက်နေကြမလဲ”

“အင်း ... ကျုပ်နားလည်ပြီ” လုရှောင်ဖုန်းက ပြုံး၍ ပြောလိုက်သည်။ “ခင်ဗျားက ကျုပ်ကို နေမထွက်မီ ဒီနေရာက ထွက်ခွာသွားစေလိုတာလား”

ရှန်းရှိယန် ပြန်လည် ဖြေဆိုခြင်း မရှိပါ။ သဘောတူသည့် အရိပ်အမြွက်လည်းမပြ။

“ကျွန်မလည်း နားလည်ပြီ” တန့်ဖုန်း မင်းသမီးက ရုတ်တရက် အေးအေးစက်စက် ဝင်ပြောလိုက်သည်။ “ရှင်က ဒီလူတွေအားလုံးကို သူ့ကို ဒီနေရာက ထွက်ခွာသွားအောင် ဖိအားပေးဖို့ ခေားတာ မဟုတ်လား။ ဒီလိုဆိုရင် ဟိုထျန်ချင်းက တိုက်စရာတောင် မလိုပဲ အလိုလို အနိုင်ရသွားပြီ မဟုတ်လား။ သူက ထွက်မသွားရင်တော့ ရှင်တို့အားလုံးနဲ့ တိုက်ခိုက်ရလိမ့်မယ်။ အခု မိုးလင်းခါနီးပြီဆိုတော့ သူ အခု ရှင်တို့ အားလုံးကို အနိုင်ယူနိုင်ခဲ့ရင်တောင် ဟိုထျန်ချင်းနဲ့ ယှဉ်ပြိုင်တိုက်ခိုက်တဲ့အခါ အားကုန်သုံးနိုင်တော့မှာ မဟုတ်ဘူး။”

သူမက သူ့အား စိုက်ကြည့်လိုက်ပြီး အေးစက်စွာ ရယ်မောလိုက်သည်။ “ဒီအကြံက ဘယ်ဆိုးလို့လဲ။ ရှင်လို သူရဲကောင်းမျိုးဆီကပဲ ဒီလို အကြံမျိုး ထွက်လာနိုင်တာ”

ရှန်းရှိယန်၏ မျက်နှာမှာ ဖျော့တော့အားလျော့ သွားပြီးနောက် ရုတ်တရက် ဟားတိုက်ရယ်လိုက်လေသည်။

“မှန်လိုက်တာ မှန်လိုက်တာ ... ဒါပေမဲ့ ကျုပ် ရှန်ရှိယန်း သူရဲကောင်းလို့ မဆိုနိုင်သော်လည်း ဒီလိုမျိုးတော့ လုပ်မှာ မဟုတ်ဘူး”

“ဒါဆို သူက ထွက်သွားဖို့ သဘောမတူဖူးဆိုရင် ရှင်က ဘာလုပ်မယ် စိတ်ကူးထားလို့လဲ” တန့်ဖုန်း မင်းသမီးက မေးလိုက်သည်။

ရှန်းရှိယန် ရုတ်တရက် မတ်တပ်ရပ်ကာ အပြင်သို့ လျှောက်သွားလေသည်။ အပြင်ဘက် ခြံဝင်းတွင်း၌ လူများဖြင့် ပြည့်နှက်နေသော်လည်း အပ်ကျသံမျှပင် မကြားရအောင် တိတ်ဆိတ်နေလေသည်။ သူက ထိုလူများကို တစ်ဦးချင်း သူ၏ စူးရှသော မျက်လုံးများဖြင့် စိုက်ကြည့်လိုက်ပြီး ရုတ်တရက် မေးလိုက်သည်။

“သူ မထွက်သွားဖူးဆိုရင် မင်းတို့ ဘာလုပ်ကြမလဲ”

အထမ်းသည်က မော့ကြည့်လိုက်ပြီး အေးစက်စွာ ဖြေလိုက်လေသည်။ “အသိသာကြီးပဲလေ။ သူ မထွက်ခွာဖူးဆိုရင်တော့ ကျုပ် ထွက်သွားရမှာပေါ့။”

ရှန်းရှိယန်က ပြုံးလိုက်ပြန်သည်။ သို့သော် သူ၏ အပြုံးတွင်မူ ဖော်မပြနိုင်သော ကြေကွဲရိပ်များ သန်းနေလေသည်။ “မင်း သွားမယ်ဆိုရင် ကျုပ်လည်း လိုက်ခဲ့မယ်။ တခြား ကျန်တဲ့လူတွေ အားလုံးလည်း လိုက်ခဲ့လိမ့်မယ်။” ဖြည်းညှင်းစွာ ခေါင်းညိတ်၍ ပြောလိုက်သည်။

“ဒီလိုဆိုလည်း ကျုပ် နည်းနည်း စောထွက်ရင် ပြဿနာ မရှိလောက်ဖူး မဟုတ်လား” အထမ်းသမားက ပြန်ဖြေလိုက်သည်။

သူက လက်အစုံကို ဖျပ်ခနဲ လှန်လိုက်ရာ လက်ထဲသို့ ဓားမြှောင်တစ်လက်လက် ရောက်လာပြီး ထိုဓားမြှောင်နှင့် ရုတ်တရက်ပင် သူ၏ လည်မြိုကို စိုက်ချလိုက်လေသည်။

သူ၏ ရွေ့လျားပုံမှာ ရုံသာမက အလွန် လျင်မြန်လှလေသည်။ သို့သော် တစ်စုံတစ်ဦးက သူ့ထက်ပင် ပို၍ လျင်မြန်နေလေသည်။

ထန်ခနဲ မြည်သံနှင့်အတူ မီးတစ်ချက်ပွင့်သွားပြီး သူ၏ လက်တွင်းရှိ ဓားမြှောင်မှာ နှစ်ပိုင်း ကျိုးသွားလေ၏။ ကျိုးသွားသော ဓားမြှောင်ထိပ်ဖျားနှင့်အတူ တစ်စုံတစ်ရာက မြေပြင်ပေါ်သို့ ပြုတ်ကျလာလေသည်။

ထိုတစ်စုံတစ်ရာမှာ လုရှောင်ဖုန်းကိုင်ထားခဲ့သော တူအစုံမှ တစ်ချောင်းဖြစ်လေသည်။ အခြားတစ်ချာင်းမှာမူ သူ၏ လက်တွင်း၌ပင် ရှိနေသေးသည်။ ဓားမြှောင်မှာ သံမဏိဖြင့် ပြုလုပ်ထားသော်လည်း တူကမူ ဆင်စွယ်ဖြင့် ပြုလုပ်ထားခြင်း ဖြစ်သည်။

ဤလောက၌ ဆင်စွယ်တူကို သုံး၍ သံမဏိဓားကို ချိုးနိုင်သူမှာ အလွန် နည်းပါးလှပေသည်။

တန့်ဖုန်းမင်းသမီးလေး ရုတ်တရက် ရှန်းရှိယန် အဘယ်ကြောင့် ဤကဲ့သို့ လုပ်နေရသနည်း ဆိုတာကို နားလည်သွားလေသည်။ ဟိုထျန်ချင်း လုရှောင်ဖုန်းအား အနိုင်တိုက်နိုင် မတိုက်နိုင်ကို အခြားလူများ မသိနိုင်သော်လည်း ရှန်းရှိယန်တော့ သူများထက် ပိုသိပေလိမ့်မည်။

အထမ်းသည်က လက်တွင်းရှိ ဓားမြှောင်ကို ထိတ်လန့်အံဩစွာ စိုက်ကြည့်နေပြီး အတန်ကြာမှ ရုတ်တရက် မြေပြင်ကို ဆောင့်နင်းလိုက်ပြီး လုရှောင်ဖုန်းကို လှမ်းအော်လိုက်လေသည်။ “ခင်ဗျားက ဘာလို့ ဒီလို လုပ်လိုက်ရတာလဲ”

“အမှန်တော့ ကျုပ်က ခင်ဗျားကို မေးစရာ မေးခွန်းလေးတစ်ခု ရှိနေလို့ပါ” လုရှောင်ဖုန်းက ပြုံး၍ ပြောလိုက်သည်။

“ဘာ မေးခွန်းလဲ”

“ကျုပ်က မထွက်သွားဖူးလို့ ဘယ်တုန်းကများ ပြောလိုက်မိလို့လဲ”

အထမ်းက ပြောစရာ စကားရှာ မရသည့်အလား နှုတ်ဆိတ်သွားလေတော့သည်။

“တိုက်ခိုက်တယ်ဆိုတာ တစ်ကယ်တော့ ပင်ပန်းပြီး ပြဿနာများတဲ့ အလုပ်ပဲ” လုရှောင်ဖုန်းက ပျင်းရိပျင်းတွဲဖြင့် သက်ပြင်းချလိုက်သည်။ “ဘယ်သူကများ သွားပြီး တိုက်ခိုက်ချင်နေလို့လဲ။ တစ်နေနေရာ သွားပြီး တစ်ရေးတစ်မော အိပ်လိုက်တာမှ ပိုကောင်းတယ် ထင်ပါရဲ့”

အထမ်းသည်က သူ့အား ငိုတော့ မလိုလို၊ ရယ်တော့မလိုလို သွင်ပြင်ဖြင့် စိုက်ကြည့်လိုက်သည်။

“လုရှောင်ဖုန်းဆိုပြီးတော့ ကျော်လည်း ကျော်ကြားထိုက်ပါပေတယ်” သူက ရုတ်တရက် အော်ပြောလိုက်သည်။ “ဒီနေကစပြီးတော့ နောင် ခင်ဗျား ကျုပ်ကို ဘာပဲ လုပ်ခိုင်းခိုင်း ကျုပ် နည်းနည်းလေး တွေဝေသွားခဲ့ရင်တောင် ကျုပ်ကို ခင်ဗျားရဲ့ မြေးအဖြစ် သတ်မှတ်လိုက်”

“ကျုပ်ကတော့ ခင်ဗျားလို မြေးမျိုးတော့ မလိုချင်ပါဘူး။ နောက်တစ်ခါတွေ့လို့ ခင်ဗျားရဲ့ ပေါက်စီကို ဈေးနည်းနည်း လျော့ပေးမယ်ဆိုရင်ပဲ ကျုပ်က ကျေနပ်လှပါပြီ။” လှရှောင်ဖုန်းက ရယ်၍ ဆိုလိုက်သည်။

ထိုနောက် သူက ကုတင်၏ အခြားတစ်ဖက်မှ တွဲကျနေသော ဝတ်ရုံနီကို ဆွဲယူလိုက်ပြီး လက်တွင်းရှိ အရက်ခွက်ကို မော့သောက်ချလိုက်လေသည်။

“ကဲ .... ဘယ်သူ ကျုပ်နဲ့ အတူသွားပြီး မြို့ပြင်က ရွာလေးမှာရှိတဲ့ အိုးမျက်နှာကျောင်းဝ်ရဲ့ ခွေးသားပြုတ်ချက်ကို သွားစားကြမလဲ။ ”

“ငါ ...” ဟွာမင်းလိုက ပြုံး၍ ဆိုလိုက်သည်။

အဖိုးအိုဖန်းကလည်း ဆေးတံကို ဖွာရှိုက်လိုက်ပြီး “ကျုပ်လည်း လိုက်တာပေါ့”

“အင်း ... သူလိုက်မယ်ဆိုရင်တော့ ကျုပ်လည်း လိုက်ရတော့မှာပေါ့” စာပေသမားကျန်းကလည်း ဆိုလိုက်သည်။

“ကျုပ်လည်း လိုက်မယ်ဗျို့” အထမ်းသည်က ကျယ်လောင်စွာ လှမ်းအော်လိုက်သည်။

“နေပါဦး ... ခင်ဗျားက ခွေးသတ်တဲ့ ပေါက်စီတွေလည်း ရောင်းသလို ခွေးသားလည်း သွားစားရဲတယ်ပေါ့။ ခင်ဗျားကို အဲဒီခွေးတွေက ဝမ်းဗိုက်ထဲရောက်မှ ဒုက္ခပေးမှာ မကြောက်ဖူးလား။ ” စာပေသမားက ရယ်မော၍ ဆိုလိုက်သည်။

အထမ်းသည်က အေအေးစိမ့်စိမ့် ပြန်ကြည့်လိုက်ပြီး ဖြေလိုက်သည်။ “မပူပါနဲ့။ ကျုပ်က သေမှာကို ဘယ်တုန်းကများ ကြောက်ဖူးလို့လဲ”

“ဟားဟား ... မင်းက သတ္တိကောင်းသားပဲ” ရှန်းရှိယန်က အော်ရယ်လိုက်ပြီး “ကဲ ... ဒါဆို အားလုံးပဲ အတူတူ သွားပြီး အဲဒီ ခွေးသားကို စားကြတာပေါ့။ သွားမစားတဲ့သူ ဘယ်သူမဆို လိပ်မသားပဲ။”

ဟွာမင်းလို ကပြုံးလိုက်ပြီး “ဪ ... ဒီလိုကြပြန်တော့လည်း ကုသိုလ်ကောင်းမှုလုပ်ရတာ လုပ်ပျော်သားပဲ။” ဟု ဖြည်းညှင်းစွာ ဆိုလိုက်သည်။

“အင်း ... တစ်ခါတစ်လေဆိုရင်တော့ သိပ်ပြဿနာ မရှိပါဘူး။ ဒါပေမဲ့ ငါ ဒါကို အကျင့်ကြီး လုပ်လို့တော့ မဖြစ်ဘူး” လုရှောင်ဖုန်းက ပြန်ဖြေလိုက်သည်။

“ဘာလို့ မဖြစ်ရတာလဲ” ဟွာမင်းလိုက မေးလိုက်၏။

“လူကောင်းတွေမှန်သမျှ ငယ်ငယ်ရွယ်ရွယ်နဲ့ သေကြရတာကိုး ... မင်း ဒီဆိုးရိုးစကားကို ကြားဖူးပြီးသား ဖြစ်မှာပါ။ ” လုရှောင်ဖုန်းက မျက်နှာထား တည်တည်ဖြင့် ဆိုလိုက်သည်။

သူ၏ မျက်နှာသွင်ပြင်မှာ တည်ကြည်နေသော်လည်း သူ၏ မျက်လုံးအစုံကမူ အရည်ရွှမ်းလျက် ရှိသည်။

တန့်ဖုန်းမင်းသမီးကတော့ သူတို့အား အတန်ကြာ ငေးကြည့်လိုက်ပြီးနောက် ရုတ်တရက် ဖြည့်ညှင်းစွာ သက်ပြင်းချ၍ ရေရွတ်ပြောဆိုလိုက်သည်။ “အင်း ... ကောင်းမှုလုပ်တာ မကောင်းဘူးလို့ ပြောတဲ့လူ ဘယ်သူမဆို သောက်တလွဲလူပဲ”

+++++

[အပေါ်ကထိ မြန်မာကျူးပစ်ဖိုရမ်မှ ကို trhura ပြန်ဆိုထားတာပါ။ သူလည်း ကျောင်းတစ်ဘက်နဲ့ အလုပ်ရှုပ်နေပုံရတယ်။ ကျနော့် ဓားပျံစာစဉ်တွေကို proof ဖတ်ပေးမယ်ဆိုတာတောင်မှ မကိုင်အားသေးဘူးနဲ့တူတယ်။ ဒါနဲ့ပဲ ကျနော့်ဟာ ကျနော် စာပြန်စစ်ပြီး တင်ပေးနေတာပါ။ လုရှောင်ဖုန်း အခန်း(၇) လည်း ဆန့်တငံ့ငံ့ဖြစ်နေရလို့ ပြီးဆုံးအောင် ကျနော်ပဲ ပြန်ဆိုပေးလိုက်ပါတယ်။  ကို trhura ရဲ့ဘာသာပြန်စာမူများကို ကျနော့် ဘလော့ဂ်ပေါ်မှာ ပေးသုံးခွင့်ပြုလို့ ကျေးဇူးအထူးပါ။ စိုင်းနော်’

ခွေးသားရောင်းကုန်သွားခဲ့ချေပြီ။ သို့သော် သူတို့အားလုံး ဂရုမစိုက်ပါ။

သူတို့သည် ခွေးသားစားချင်လွန်း၍ လာခဲ့ကြသူများ မဟုတ်ကြပါ။ သူတို့လိုချင်သည်များက ခွေးသားထက် ပို၍နွေးထွေးသော မိတ်ဆွေဖြစ်ခြင်းဆိုသည့် မေတ္တာတရားပင် မဟုတ်ပါလား။ အရက်နှင့်အမြည်းလုပ်ရန် မေတ္တာတရားထက် ပိုကောင်းသည့်အရာ ရှိနိုင်ပါဦးမည်လား။

နေထွက်လာသည်နှင့် ဟိုထျန်ချင်း၏ ဆက်သားတစ်ယောက်သည် မြင်းစီးလာပြီး စာတစ်စောင်ကို လာရောက်ပေးသွားခဲ့သည်ကိုလည်း ပြောစရာမလိုတော့ပါ။

“မိုးသောက်ဆိုတာ အမြဲတမ်းရောက်လာဦးမှာပါပဲ။ ဒီနေ့မဖြေရှင်းလိုက်ရတဲ့ ကိစ္စအတွက် မနက်ဖြန်ကျရင် ဖြေရှင်းကြရမှာပဲ။ မနက်ဖြန် မဖြေရှင်းချင်လည်း နောက်ထပ် မနက်ဖြန်တွေဆိုတာ ထပ်လာဦးမှာပါပဲ။”


“သူများတွေက ကျုပ်ကို ဘာပြဿနာမှ မယူလာခဲ့တဲ့အတွက် ကျုပ်ကလည်း ဘာဖြစ်လို့ သူများတွေအပေါ် ပြဿနာတွေ ဆောင်ကြဉ်းလာခဲ့ရမှာလဲ။”


“ရွှေဂဠုန်အရေးဟာ အချိန်မရွေး ဖြေရှင်းလို့ရပါတယ်။ မင်းသမီးလေး နောက်တစ်ကြိမ် လာလည်တဲ့အခါကျရင် ကျုပ်ရဲ့ ဗေဒါလမ်းခရီးလည်း အဆုံးသတ်တဲ့နေ့ပေါ့။ တပ်မက်ဖွယ်ကောင်းတဲ့ ရတနာတွေ၊ စွဲမက်စရာမရှိတော့ရင် နှစ်ပေါင်းများစွာ လင်းလက်တောက်ပနေမယ့် မနက်ဖြန်ရဲ့ အဝါရောင်ပန်းပွင့်လေးတွေနဲ့ တူနေလိမ့်မယ်။ သစ္စာတရားဆိုတာ စကားလုံး ၂ လုံးတည်းပါ။ ထျန်ချင်း နှုတ်ဆက်ခဲ့ပါတယ်။”

ထိုစာတစ်စောင်တည်းကပင် ၃ ရက် ၃ ညလောက် သောက်သုံးနိုင်သော အရက်ခွက်ပေါင်း ၃၀၀ ခန့်နှင့် ညီမျှ၏။ နှလုံးသားများ၏ နွေးထွေးမှုများကို သည်းထန်စွာ ရွာသွန်းနေသော မိုးရေစက်များကပင် မအေးစေနိုင်တော့ပါ။

+++++

သည်းသည်းထန်ထန် ရွာသွန်းနေသော မိုးမုန်တိုင်းကြီးသည် နေ့မွန်းတည့်ချိန်တွင် စတင်ခဲ့၏။ ထိုအချိန်သည် သူတို့အားလုံး မူးကွဲနေကြသည့်အချိန်လည်း ဖြစ်နေပြန်သည်။

“မမူးဘဲနဲ့မထစတမ်း...”

အဘယ်ကြောင့်ဆိုသော် သူတို့အားလုံးသည် ရှိနေသည့်အရက်အားလုံးကို သောက်ခဲ့ကြသောကြောင့် ဖြစ်သည်။

လုရှောင်ဖုန်းသည်လည်း မူးနေပါသည်၊ သို့သော် မမူးပါ။ သူကိုယ်တိုင် အရက်မူးနေသည်လား၊ အမူးပြေနေသည်လား မသိနိုင်ဖြစ်နေရ၏။ သည်းထန်စွာ ရွာသွန်းနေသော မိုးစက်မိုးပေါက်များကို ပြတင်းပေါက်ကနေ မတ်တတ်ရပ် ကြည့်ရှုနေလေသည်။

မင်းသမီးလေး တန့်ဖုန်းသည် သူ့ကို ငေးကြည့်နေ၏။

သူမက ရုတ်တရက် မေးမြန်းလိုက်သည်။ “ရှင်သာ မသွားဘူးဆိုရင် ဒီမှာရှိနေကြတဲ့သူတွေအားလုံး သေကုန်ကြမှာလား။”

လုရှောင်ဖုန်း နှုတ်ဆိတ်နေ၏။ အချိန်အကြာကြီး တိတ်ဆိတ်ငြိမ်သက်နေ၏။

ပြီးနောက်မှ သူ တိုးတိုးလေး ပြန်ဖြေလိုက်သည်။ “‘လုပ်ကိုလုပ်ရမယ့် အချို့သောအရာတွေမှာ အဖြေဆိုတာမရှိဘူး’... အဲဒီအဓိပ္ပါယ်ကို မင်းနည်းလည်လား။”

“ကျမနားလည်ပါတယ်။ မလုပ်သင့်ဘူးလို့ ထင်တားတဲ့အရာတွေအတွက် လူတွေက ရှင့်ကို ဘယ်လိုပဲ ဆက်ဆံဆက်ဆံ၊ စတာပဲဖြစ်ဖြစ်၊ ခြိမ်းခြောက်နေတာပဲဖြစ်ဖြစ်၊ နောက်ဆုံး ဓားထောက်ပြီးခိုင်းခဲ့တာပဲဖြစ်ဖြစ်၊ ရှင်ဘယ်တော့မှ လုပ်မှာ မဟုတ်ဘူး။ ဒါပေမဲ့ လုပ်သင့်တဲ့အရာလို့ ရှင်ထင်ထားတဲ့ ကိစ္စတွေကိုတော့ အသက်ဆုံးချင်ဆုံးပါစေ... ဆက်လုပ်မယ်လို့ ဆိုလိုတာ မဟုတ်လား။”

လုရှောင်ဖုန်း ခေါင်းညိတ်ပြလိုက်၏။

“ဒါကြောင့်မို့လို့လည်း ရဲဘော်ရဲဘက်ကို ကယ်တင်ဖို့အတွက် လူတစ်ယောက်ဟာ မီးရဲရဲတောက်နေတဲ့ မီးကျီးခဲကို မျိုချခဲ့သလို၊ နောက်တစ်ယောက်ကလည်း ကီလို ၄၀ လောက်ရှိတဲ့ သံတုတ်ကြီးနဲ့ ရန်သူကို ရိုက်သတ်ခဲ့တာပေါ့။”

(မှတ်စု။ ။ လုရှောင်ဖုန်း ပြောခဲ့သောစကားများမှာ သမိုင်းတွင် ကျန်ရစ်ခဲ့သော အဖြစ်အပျက်များဖြစ်၏။ ကီလို ၄၀ လောက်ရှိ သံတုတ်ကြီးနှင့် ရိုက်သတ်ရန် ကြိုးစားခဲ့ခြင်းဆိုသည်မှာ တရုတ်ပြည်၏ ပထမဆုံးဧကရာဇ်ဖြစ်ခဲ့သော ချင်ရှီဟောင်းတိ၏ မြင်းလှည်းတော်ကို ရိုက်ခဲ့ခြင်းဖြစ်ပြီး သီသီလေးလွဲသွားခဲ့၏။ ကြံစည်သူမှာ ရှန်းလျန် ဖြစ်ပြီး ချင်မင်းဆက်ကို ဖြုတ်ချနိုင်ခဲ့သော ရှန်းယု၏ ဦးရီးတော်ဖြစ်သည်။ မီးသွေးခဲမျိုချသူမှာ ဖုန်းရှန့်ပေါင် ဇာတ်လမ်းထဲမှဖြစ်သည်။)

“ဒါကြောင့်မို့လို့လည်း ဟိုထျန်ချင်းက ယန်ထျယ်ရှန်းရဲ့အကြွေးကို အသက်ပေးဆပ်မယ်လို့ ပြောခဲ့တာပေါ့” မင်းသမီးလေး တန့်ဖုန်းက ဆက်ပြောဆိုလိုက်သည်။ “ပြီးတော့ ရှန်းရှီယန်နဲ့ ဟိုလူတွေက သူတို့ရဲ့ အသက်တွေကို ပေးဆပ်ပြီး ဟိုထျန်ချင်းကို စောင့်ကြပ်နေခဲ့ကြတာပေါ့။”

“သူတို့တတွေ ဘာတွေပဲလုပ်ခဲ့လုပ်ခဲ့... သမိုင်းတွင်ခဲ့တဲ့ စကားစု ၂ စု လို နေထိုင်ကျင့်ကြံခဲ့ကြမယ်ဆိုရင် သူတို့တတွေဟာ သစ္စာတရားနဲ့ ယုံကြည်မှု ဆိုတဲ့ စကားလုံးလေး ၂ လုံးကို သစ္စာဖောက်ကြမှာမဟုတ်ဘူး။”

“ဒါပေမဲ့ ဒီလောကကြီးထဲမှာ ဘယ်နှစ်ယောက်လောက်ကများ အဲဒီစကားလုံးလေး ၂ လုံးကို သစ္စာမဖောက်ဘဲ နေနိုင်ကြမှာတဲ့လဲ။”

လက်ထဲတွင် အရက်ခွက်ကိုင်ထားပြီး ဟွာမင်းလိုက ညည်းတွားလိုက်၏။ “တပ်မက်ဖွယ်ကောင်းတဲ့ ရတနာတွေ၊ စွဲမက်စရာမရှိတော့ရင် နှစ်ပေါင်းများစွာ လင်းလက်တောက်ပနေမယ့် မနက်ဖြန်ရဲ့ အဝါရောင်ပန်းပွင့်လေးတွေနဲ့ တူနေလိမ့်မယ်။ သစ္စာတရားဆိုတာ စကားလုံး ၂ လုံးတည်းပါ။ ထျန်ချင်း နှုတ်ဆက်ခဲ့ပါတယ်။... ကောင်းလိုက်တဲ့ ပြကွက်လေး... ဟိုထျန်ချင်း... ခင်ဗျားသိပ်တော်တယ်... ကျုပ် ခင်ဗျားကို လျှော့တွက်ခဲ့မိပါလား။”

သူသည် ခွက်ကိုမြှောက်ပြီး တစ်ဂွပ်တည်း မော့သောက်လိုက်၏။ ကြည့်ရသည်မှာ အရက်မူးနေပုံလည်း ရသည်။

“စိတ်မကောင်းစရာပဲ... စုရှောင်းရင်... လူငယ်လေးတစ်ဦးပါ... မင်းမသေခဲ့သင့်ဘူး... မသေခဲ့သင့်ဘူး...”

သူ့စကားသံများက တဖြည်းဖြည်း တိုးညင်းသွားပြီး စားပွဲပေါ်သို့ မျက်နှာအပ်ကျသွားကာ အိပ်ပျော်သွားခဲ့လေသည်။

မင်းသမီးလေးတန့်ဖုန်းသည် ပြတင်းပေါက်ရှိရာသို့ လျှောက်လှမ်းလာခဲ့ပြီး လုရှောင်ဖုန်း၏လက်ကို သူမ၏လက်ထဲတွင် ထွေးပွေ့စွာ ဆွဲယူလာခဲ့၏။

“ရှင် ကျမကို စိတ်ဆိုးနေတုန်းပဲလား” သူမက ချိုသာသောအသံလေးဖြင့် မေးမြန်းလိုက်သည်။

“ကျုပ် ဘယ်တုန်းကများ မင်းအပေါ်မှာ စိတ်ဆိုးဖူးလို့လဲ။”

မင်းသမီးလေးတန့်ဖုန်းသည် ဝင်းပစွာပြုံးနေပြီး ခေါင်းလေးငုံ့ထားကာ ရှက်သွေးများဖြာနေလေတော့သည်။

“ဒီနေ့ လူမှားပြီးသွားရှာမိမှာကို စိုးရိမ်နေသေးလား။” သူမက တိုးတိုးလေး မေးမြန်းလိုက်၏။

သူမ၏ အသက်ရှူသံများက ညင်သာလွန်းလှသည်။ လက်ချောင်းကလေးများက ခပ်လှုပ်လှုပ်လေး ခါရမ်းနေကြပြီး ဆံနွယ်စများကတော့ လတ်ဆတ်သော ပန်းပွင့်များ၏ ရနံ့များထက်ပင် မွှေးကြိုင်နေသေး၏။

လုရှောင်ဖုန်းသည် လူကြီးလူကောင်းတစ်ယောက် ဖြစ်ကောင်းဖြစ်ခဲ့လိမ့်မည်၊ သို့မဟုတ် လုံးဝ မဖြစ်ခဲ့... သို့ရာတွင် သူသည် ယောက်ျားတစ်ယောက်တော့ ဖြစ်နေသေး၏။

မြှူဆွယ်မှုများကို ယိမ်းထိုးတိုးဝင်နေမိသော ယောက်ျားတစ်ယောက် ဖြစ်နေလေသည်။

အပြင်ဘက်တွင်တော့ မိုးစက်များက တစ်ပေါက်ပြီးတစ်ပေါက် သည်းထန်စွာရွာသွန်းနေသည်မှာ ပုတီးစေ့များ အချပ်လိုက် ပစ်ချလိုက်သကဲ့သို့ဖြစ်နေပြီး လမ်းလျှောက်သူများ၏ လမ်းများကို ဖြတ်ရိုက်ချလိုက်သလိုမျိုးလည်း ဖြစ်နေပြန်သည်။

အတွင်းဘက်ရှိ အခန်းငယ်လေးတွင်းတွင်တော့ တိတ်ဆိတ်ငြိမ်သက်နေပြီး မှောင်မည်းနေသည်မှာ နေဝင်ရီတရော အချိန်လိုမျိုးလည်း ဖြစ်နေပြန်သည်။

တံခါးပေါက်မှ သေသေချာချာ ချောင်းကြည့်မည်ဆိုပါက အခန်း၏ အနောက်ဘက်တွင် အသစ်စက်စက်ဖြစ်သော ခုတင်တစ်လုံးကို တွေ့နိုင်မည်ဖြစ်သည်။

လုရှောင်ဖုန်း၏ နှလုံးခုန်သံများက ခုန်ပေါက်ထွက်နေရသလို ရှန်းကွမ်းတန့်ဖုန်း၏ နှလုံးခုန်သံများသည်လည်း ကဆုန်ပေါက်နေရ၏။

“ရှင့်နှလုံးခုန်သံတွေ ပေါက်ကွဲထွက်နေပါလား”

“ဘယ်သူ့နှလုံးခုန်သံက ပိုမြန်လဲ”

“ကျမတို့ ဘယ်လိုလုပ်ပြီး ပြောနိုင်မှာလဲ”

“ဒါဆိုရင်လည်း ကျုပ်က မင်းရင်ဘတ်ကို ကိုင်ကြည့်မယ်၊ မင်းလည်း ကျုပ်ရင်ဘတ်ကို ကိုင်ကြည့်ပါလား”

ရုတ်တရက်... မြင်းအကောင်ရေပေါင်း သောင်းနှင့်ချီသော ခွာသံများလို သည်းထန်စွာ ရွာသွန်းနေသော မိုးစက်များ၏အသံများအတွင်းမှ တကယ့်မြင်းခွာသံများ ထွက်ပေါ်လာခဲ့၏။

တစ်ဒါဇင်ခန့်ရှိသော မြင်းစီးသမားများသည် မိုးမုန်တိုင်းအောက်တွင် ထိုနေရာလေးသို့ ချီတက်လာခဲ့ကြပုံရသည်။

မြင်းစီးသမားများသည် အားလုံး အစိမ်းရောင်ဝတ်စုံများ ဝတ်ဆင်ထားသကဲ့သို့ အဖြူရောင်ဝါးခမောက်များကိုလည်း ဆောင်းထားကြသေး၏။ သူတို့အားလုံးသည် လက်များကို မြှောက်လိုက်ကြလေသည်။

တရွှပ်ရွှပ် အသံများ ထွက်ပေါ်လာပြီးနောက် မိုးစက်မိုးပေါက်များအောက်တွင် မည်းမှောင်နေသော မြှားမိုးကြီး ရွာသွန်းလာခဲ့ပြီး မြှားတံအချို့မှာ ပြတင်းပေါက်မှ ဝင်လာခဲ့သလို အချို့မှာလည်း အိမ်နံရံလေးသို့ စိုက်ဝင်သွားခဲ့ကြ၏။

လရှောင်ဖုန်းသည် သူ၏ခန္ဓာကိုယ်ကို လှည့်ထားခဲ့ပြီးဖြစ်နေကာ မင်းသမီးလေးတန့်ဖုန်းကိုလည်း ပြတင်းပေါက်၏ အကွယ်နေရာသို့ ဆွဲခေါ်သွားခဲ့ပြီးဖြစ်နေ၏။

သို့သော် စားပွဲပေါ်တွင် ဦးခေါင်းစိုက်နေသော ဟွာမင်းလိုက မတ်တတ်ရပ်ပြီး အော်ဟစ်သတိပေးလိုက်၏။ “မီးဆားအက်ဆစ်မြှားမိုး...”

သူ၏စကားပင် မဆုံးလိုက်သေး... အနက်ရောင် မြှားတံများ စိုက်ဝင်ခဲ့သောနေရာများ၌ ဝုန်းခနဲအသံကြီး ထွက်ပေါ်လာခဲ့ပြီး မီးတောက်မီးလျှံများ မီတာပေါင်းများစွာအမြင့်သို့ ထောင်တက်ပေါက်ကွဲလာခဲ့ကြ၏။ မီးတောက်မီးလျှံများသည် သွေးကဲ့သို့ နီရဲနေကြပြီး စိမ်းလဲ့လဲ့သမ်းနေကြ၏။

“မင်းတို့နှစ်ယောက် အပြင်ဘက်ကို ထွက်သွားကြစမ်း...ကျုပ် အိုးမျက်နှာကျောင်းဝ် ကို သွားကယ်လိုက်ဦးမယ်။” လုရှောင်ဖုန်းက အော်ဟစ်ပြောဆိုလိုက်၏။

အိုးမျက်နှာကျောင်းဝ်သည် စောစောလေးကတည်းကပင် အိပ်ယာဝင်သွားခဲ့ပြီဖြစ်သောကြောင့် သူတို့အားလုံး ဟောက်သံကျယ်ကြီးကိုပင် ကြားနေခဲ့ကြရသေး၏။

သို့သော် မီးတောက်မီးလျှံများကိုကြည့်ရသည်မှာ တံခါး၏ဝင်ပေါက်ကိုပင် ပိတ်ဆို့လုမတတ် ဖြစ်နေကြပြီး မိုးစက်မိုးပေါက်များအောက်တွင်ပင် တငြီးငြီးတောက်လောင်နေကြ၏။

ဟွာမင်းလိုသည် မင်းသမီးလေးတန့်ဖုန်း၏လက်ကိုဆွဲကာ အပြင်ဘက်သို့ တိုးထွက်သွားခဲ့၏။ မြင်းစီးသမားများသည် အတော်ဝေးဝေးနေရာသို့ ပြေးထွက်သွားခဲ့ကြပြီဖြစ်သည်။ သူတို့၏ ရူးသွပ်စွာအော်ဟစ်ရယ်မောလိုက်သံများက မိုးစက်များအောက်မှ ပျံ့လွင့်လာခဲ့သလို တစ်ယောက်သောသူ၏ သတင်းစကားလည်း ပျံ့လွင့်လာခဲ့၏။

“လုရှောင်ဖုန်း... ဒါက ဘာမှမဟုတ်သေးတဲ့ သတိပေးတားမြစ်ချက်ကလေးတစ်ခုပဲရှိသေးတယ်။ လုပ်နေတာတွေ ရပ်တန်းကမရပ်ဘူးဆိုရင် မင်းအလောင်းကိုတောင် ဘယ်သူမှ မြှုပ်ပေးနိုင်မှာမဟုတ်တော့ဘူး။”

ထိုစကားများ၏အဆုံးတွင် မြင်းစီးသမားများ၏ အရိပ်အယောင်များသည် မိုးစက်များအောက်တွင် ပျောက်ကွယ်သွားခဲ့ကြလေပြီ။

လှည့်ကြည့်စမ်းပါဦး... အိုးမျက်နှာကျောင်းဝ်၏ နေရာလေးသည် မီးတောက်မီးလျှံများအောက်တွင် ဝါးမျိုခြင်းခံနေရလေသည်။ လုရှောင်ဖုန်းကတော့ အစပင်ရှာလို့မတွေ့တော့ချေ။

ရှမ်းကွမ်းဖေးယန်သည် အံကလေးကြိတ်ပြီး ဟွာမင်းလိုကို လှည့်ပြောလိုက်၏။ “ရှင်ဒီမှာစောင့်နေ... ကျမ အထဲဝင်ပြီး သူ့ကိုသွားရှာလိုက်ဦးမယ်။”

“မင်းဝင်သွားခဲ့ရင် ပြန်ထွက်လာနိုင်မှာမဟုတ်တော့ဘူး။” ဟွာမင်းလိုက ပြန်ပြောလိုက်၏။

“ဒါပေမဲ့... သူ...”

“စိတ်မပူပါနဲ့” ဟွာမင်းလိုက ပြုံးနေ၏။ “သူပြန်ထွက်လာမှာပါ။ ဒီ့ထက်ကြီးတဲ့မီးတောက်ကြီးတွေတောင်မှ သူ့ကို အသေမသတ်နိုင်ပါဘူး။”

တစ်ချိန်တည်း၌ပင်... အဝေးတစ်နေရာမှ ရုတ်တရက်ဆိုသလို ကြောက်ရွံ့ထိတ်လန့်စွာ အော်ဟစ်လိုက်သော အသံနက်ကြီးများ ထွက်ပေါ်လာခဲ့ကြ၏။ အသံများသည် မကောင်းဆိုးရွားကောင်ကြီးများ၏ ချောင်ပိတ်ညှင်းပမ်းနှိပ်စက်မှုကို ခံစားနေကြရသူများ၏ အသံများလိုကြောက်စရာကောင်းလွန်းလှပြီး ခဏလေးအတွင်းတွင်ပင် တိတ်ဆိတ်ငြိမ်သက်သွားပြန်၏။

ထိုအသံများ တိတ်ဆိတ်သွားပြီးနောက် မြင်းများ၏ ကျယ်လောင်စွာ ဟီလိုက်သော အသံကြီးများလည်း ထိုနေရာမှ ထွက်ပေါ်လာပြန်သည်။

ရှမ်းကွမ်းတန့်ဖုန်းသည် မျက်စိမျက်နှာအပျက်ပျက်ဖြင့်-“အဲဒီလူတွေ တစ်ယောက်ယောက်နဲ့များ ဆုံတွေ့သွားခဲ့ကြပြီး ဇီဝိန်ချုပ်ကုန်ကြပြီလား။”

‘ဝုန်း’

ရုတ်တရက်... မီးလောက်ကျွမ်းနေသော အိမ်ခေါင်မိုးပေါ်၌ အပေါက်ကြီးတစ်ပေါက် ဖြစ်ပေါ်လာခဲ့၏။ မီးလုံးအမြောက်ဆံကြီးတစ်လုံး လွင့်လာသလို လူတစ်ယောက်သည် ထိုအပေါက်ကြီးမှ ခုန်ထွက်လာခဲ့၏။ မိုးစက်မိုးပေါက်များနှင့်အတူ လေထဲတွင် ကျွမ်းတစ်ပတ်ပစ်ပြီးမှ မြေပြင်ပေါ်သို့ ညင်သာစွာ ကျဆင်းလာခဲ့သည်။ ထိုသူသည် မြေကြီးပေါ်တွင် လူးလိမ့်နေပြီး ခန္ဓာကိုယ်တွင် စွဲလောင်နေသော မီးတောက်များကို ငြိမ်းသတ်နေ၏။ သို့သော် သူ၏အင်္ကျီနှင့် ဆံပင်များတွင်မူ ခပ်ကျွမ်းကျွမ်းလောင်ထားသော မီးလောင်ပေါက်များလည်း ရှိနေပြန်သည်။

သို့သော် ထိုသူသည် လုံးဝဂရုစိုက်ဟန်မပြဘဲ ဘာမထီဟန်ဖြင့် ထရပ်လိုက်သည်။ သူသည် လုရှောင်ဖုန်းမှလွဲ၍ မည်သူများ ဖြစ်နိုင်ပါဦးမည်နည်း။

“ကြည့်ရတာ ဒီလူ့ကို သေအောင်တကယ်မသတ်နိုင်ကြဘူးနဲ့တူတယ်” ရှန်းကွမ်းတန့်ဖုန်းက သက်ပြင်းချသံတစ်ချက်နှင့်အတူ ရေရွတ်ညည်းတွားလိုက်သည်။

“မှန်တယ်... ကျုပ်ကို မီးမြှိုက်သတ်ဖို့ဆိုတာ တကယ်ကိုမလွယ်တဲ့အလုပ်ပဲ” လုရှောင်ဖုန်းက အောင်နိုင်သူတစ်ယောက်၏ အပြုံးမျိုးဖြင့် တုံ့ပြန်ပြောဆိုလိုက်၏။

သူသည် ပြုံးနေသော်လည်း မျက်နှာတွင်တော့ မီးတောက်များကြောင့် မည်းချိတ်နေလေသည်။

သူ့မျက်နှာမည်းကြီးကို ကြည့်ပြီး ရှန်းကွမ်းတန့်ဖုန်းက ရယ်မောလိုက်သည်။ “ရှင့်ဆီမှာ နဂိုတုန်းက မျက်ခုံးမွှေး ၄ ခု ရှိနေခဲ့တာ အခုတော့ တစ်ခုမှမရှိတော့သလိုပါပဲလား။”

“မျက်ခုံးမွှေးတွေပြောင်သွားလည်း အရေးမကြီးပါဘူး” လုရှောင်ဖုန်းက လေသံအေးအေးလေးဖြင့် ပြန်ပြောလိုက်သည်။ “တကယ်နှမြောဖို့ကောင်းတာက ဟိုအရက်အိုးတွေပဲ...”

“အိုးမျက်နှာကျောင်းဝ်ကော...” ဟွာမင်းလိုက စကားဖြတ်မေးလိုက်သည်။

“ငါမသိဘူး။”

“သူအထဲမှာ ရှိမနေဘူးလား”

“မရှိဘူး”

ရှန်းကွမ်းတန့်ဖုန်း၏ မျက်နှာအမူအရာများ ပျက်ယွင်းသွားခဲ့ပြန်၏။

“သူ မြစိမ်းနန်းတော်ကလူတွေနဲ့အတူ ပါသွားခဲ့ပြီလား... အဲဒီလူတွေနဲ့အတူ အစကတည်းက ပူးပေါင်းကြံစည်ခဲ့တာများလား။ မဟုတ်ရင် ရှင်ဒီမှာရှိနေတာကို သူတို့တတွေ ဘယ်လိုလုပ်ပြီး သိသွားခဲ့ကြတာလဲ။”

သူမသည် အံကြိတ်ပြီးမှ ဆက်ပြောလိုက်ပြန်၏။ “ရှင်ကတော့ အသက်ကို ပဓာနမထားဘဲ၊ မျက်ခုံးမွှေးတွေ မီးလောင်ခံပြီး သူ့ကို သွားကယ်ခဲ့တယ်၊ သူကတော့ ဒီလိုလူစားမျိုး ဖြစ်နေပါပေါ့လား။”

“ကျုပ်သိထားတာကတော့ သူဟာ အကောင်းဆုံးခွေးသား ရောင်းသူတစ်ယောက်ဆိုတာပဲ”

“ဒါ့အပြင် သူ့အကြောင်းကို ရှင်ဘာမှမသိထားဘူးပေါ့”

“သူ့အကြောင်းကို သည့်ထက်ပိုပြီး ဘာမှမသိထားဘူး”

ရှန်းကွမ်းတန့်ဖုန်းသည် သူ့ကို ငေးစိုက်ကြည့်နေရုံမှတပါး ဘာမှ မပြောနိုင်တော့ပါ။

“ဒါဆိုရင် ရှင့်မှာ ဦးနှောက်၂လုံးရှိနေတယ်လို့ လူတွေက ဘာဖြစ်လို့ပြောခဲ့ကြတာလဲ” သူမက တီးတိုးလေး ရေရွတ်လိုက်၏။ “ကျမ မြင်နေရတာတော့ သူ့မှာ...”

သူမ၏စကားစများ ပြတ်တောက်သွားခဲ့ရ၏။ အဘယ်ကြောင့်ဆိုသော် မိုးရေထဲတွင် သူတို့ထံသို့ လျှောက်လှမ်းလာသော လူတစ်ယောက်ကို တွေ့လိုက်ရသောကြောင့်ဖြစ်သည်။

လွန်စွာကြီးမားကြံ့ခိုင်ပြီး အရပ်မြင့်သူတစ်ယောက်ဖြစ်သည်။ ဝါးခမောက်တစ်လုံးဆောင်းထားပြီး ပခုံးပေါ်တွင် ဝါးတုတ်တစ်ချောင်းကို ထမ်းပိုးလာ၏။ တုတ်ချောင်းထက်တွင် အရာဝတ္ထုများ စီတွဲချိတ်ဆွဲထားသည်။ ဘာတွေဖြစ်မှန်းတော့ သူမလည်း မသိနိုင်တော့ပါ။

သို့သော် ထိုသူသည် အိုးမျက်နှာကျောင်းဝ် ဖြစ်မှန်းကိုတော့ သူမ ပြောနိုင်ပါသေး၏။

လုရှောင်ဖုန်းက ပြုံးပြလိုက်သည်။

“မင်း ဒီလောက်ကြီးလည်း စိုးရိမ်နေစရာမလိုပါဘူးကွာ” သူ ခပ်ပေါ့ပေါ့ပါးပါးပင် ပြောဆိုလိုက်သည်။ “လောကကြီးမှာ မင်းထင်ထားသလို လူဆိုးတွေအများကြီး ရှိမနေပါဘူး။ တချို့တွေဆိုရင်...”

သူ့စကားသံများကလည်း ရုတ်တရက်ဆိုသလို ရပ်တန့်သွားခဲ့ရပြန်၏။ အဘယ်ကြောင့်ဆိုသော် အိုးမျက်နှာကျောင်းဝ် ထမ်းယူလာသော ဝါးတံကြီးထက်တွင် ရှိနေသည့်အရာများမှာ လက်ချောင်းပြတ်များဖြစ်နေကြောင်း တွေ့ရှိလိုက်ရသောကြောင့်ဖြစ်၏။

လူ့လက်ပြတ်များဖြစ်သည်။ သွေးခြေဥနေသော အမည်းရောင်ဒဏ်ရာများက မိုးကြောင့် ပျောက်ကွယ်လုနီးနီး ဖြစ်နေသော်လည်း ထိုလက်ပြတ်များသည် လောလောလတ်လတ် အဖြတ်ခံထားရခြင်းဖြစ်ကြောင်းကိုတော့ မငြင်းဆိုနိုင်ပါ။ လက်ပြတ်များက ၁၃-၁၄ ခုလောက်ရှိနေပြီး ခါးပတ်တစ်ခုဖြင့် ဝါးတံပေါ်၌ သီတန်းထားခြင်းဖြစ်သည်။

အိုးမျက်နှာကျောင်းဝ်၏ ခါးကြားတွင်တော့ ဓားမြောင်တစ်ချောင်းရှိနေ၏။ ထိုဓားမြောင်သည် ခွေးသတ်သော ဓားမြောင်ဖြစ်ပုံရသည်။

“ခင်ဗျားက ခွေးတွေကိုသတ်နိုင်ရုံမကသေးဘူး... လူတွေလည်း သတ်နိုင်နေသေးတာပဲ” လုရှောင်ဖုန်းသည် ထိုသူ့ကို ငေးစိုက်ကြည့်နေပြီး မှတ်ချက်ပေးလိုက်၏။

အိုးမျက်နှာကျောင်းဝ်သည် အပြုံးတစ်ခုသာ ပြုံးပြလိုက်သည်။

“ခွေးတွေကို ဘယ်လိုသတ်ရလဲဆိုတာ ကျုပ်မသိဘူး။ လူသတ်တာပဲသိတယ်။”

လုရှောင်ဖုန်းသည် ထိုသူ့ကို အကြာကြီး စိုက်ကြည့်နေပြန်၏။

“ခင်ဗျားက အိုးမျက်နှာကျောင်းဝ်မှ မဟုတ်ဘဲ...” နောက်ဆုံးတွင်မှ သက်ပြင်းချသံတစ်ချက်နှင့်အတူ မှတ်ချက်ပေးလိုက်သည်။

“ကျုပ်ကို အိုးမျက်နှာကျောင်းဝ် မဟုတ်ဘူးလို့ ဘယ်သူကပြောတာလဲ” ထိုသူက ရယ်ရယ်မောမောဖြင့် ပြန်မေးလိုက်၏။

“ခင်ဗျားဘယ်သူလဲ” လုရှောင်ဖုန်းက တန်ပြန်မေးခွန်းထုတ်လိုက်သည်။

ထိုသူ၏ မျက်လုံးများ အရောင်တလက်လက် တောက်ပသွားခဲ့လေသည်။

“မင်းတောင်မှ ငါဘယ်သူဖြစ်မှန်း မပြောနိုင်ဘူးပဲကိုး... ကြည့်ရတာ ငါ့ရဲ့ ရုပ်ပြောင်းရုပ်လွှဲပညာက ဒီလောကကြီးထဲမှာ အတော်ဆုံးဖြစ်နေလို့နဲ့တူတယ်။”

လုရှောင်ဖုန်းက ထိုသူ့ကို တစ်ချက်ပြန်ကြည့်လိုက်သေး၏။ ပြီးနောက် တဟားဟား အော်ရယ်နေလေတော့သည်။

“စိတ်မကောင်းစရာဘဲ... မင်းရဲ့ကျွမ်းထိုးပညာက သိပ်မကောင်း...”

“ဒီလူက ရှင်စောစောတုန်းက ပြောပြခဲ့တဲ့ စောရလေးလား” ရှန်းကွမ်းတန့်ဖုန်းသည် လုရှောင်ဖုန်း၏ စကားကို ပြီးပြတ်သည်ထိပင် မစောင့်နိုင်တော့ဘဲ မေးမြန်းလိုက်လေတော့သည်။

“မှန်တယ်” ထိုသူက ဆက်ပြောလိုက်သည်။ “ကျုပ်ဟာ သူနဲ့ကျွမ်းထိုးပညာပြိုင်ခဲ့တယ်ဆိုတဲ့ စိခုန်းကျိုင်ရှင်းပဲ။ ဒါပေမဲ့ ကျုပ်ဟာ စောရလေးမဟုတ်ဘူး၊ စောရကြီးတစ်ယောက်ပဲ။”

“ကျမ သိပါတယ်” ရှန်းကွမ်းတန့်ဖုန်းက သောသောလေးပြန်ဖြေလိုက်၏။ “ရှင်ဟာ စောရကြီးတစ်ယောက် ဖြစ်နေရုံတင်မကသေးဘူး... စောရဘုရင်တစ်ပါးပါ။ လောကကြီးထဲမှာ သူခိုးပညာနဲ့ပတ်သက်လို့ ရှင့်ကို ယှဉ်ပြိုင်နိုင်မယ့်လူ တစ်ယောက်မှ ရှိမှာမဟုတ်ပါဘူး။”

“ဒီကိစ္စနဲ့ပတ်သက်ပြီး ကျုပ်ကိုကျုပ် မဏ္ဍပ်တိုင်တက်ပြမှာမဟုတ်သလို မာနလည်း မကြီးပါဘူး” စိခုန်းကျိုင်ရှင်းက ဝမ်းတွင်းသို့ လေတစ်ချက်ရှူသွင်းလိုက်ပြီးမှ ဆက်ပြောလိုက်သည်။ “ခိုးတာနဲ့ပတ်သက်လာလို့ကတော့ ဟိုမှာ ရပ်နေတဲ့ လုရှောင်ဖုန်းတောင်မှ ကျုပ်ကို လက်ရှောင်တယ်။ ကဲပြောစမ်း... ကျုပ်နဲ့ ယှဉ်နိုင်မယ့်သူ ဘယ်သူရှိသေးလဲ။”

“တခြားလူတစ်ယောက်လို ရုပ်ဖျက်လို့ရခဲ့ရဲ့သားနဲ့ ခွေးသတ်ရောင်းနေတဲ့ အိုးမျက်နှာကျောင်းဝ်လိုမှ ဘာဖြစ်လို့ ရုပ်ဖျက်လာခဲ့ရတာလဲ” ရှန်းကွမ်းတန့်ဖုန်းက မေးမြန်းလိုက်သည်။

“ဒီကိစ္စမှာ အကြောင်းပြချက်တစ်ခုရှိနေတယ်။” စိခုန်းကျိုင်ရှင်းက ရယ်ရယ်မောမောဖြင့် ပြောဆိုလိုက်သည်။ “မင်းသိထားဖို့က အိုးမျက်နှာကျောင်းဝ်လို ရုပ်ဖျက်ထားခဲ့မယ်ဆိုရင် ဘယ်သူမှ သတိထားမိတော့မှာ မဟုတ်ဘူး။”

“ဘာဖြစ်လို့လဲ”

“ဘယ်တုန်းကများ လူတွေက အိုးမျက်နှာရှိနေတဲ့လူတစ်ယောက်ကို သေသေချာချ ပြူးပြဲပြီးကြည့်နေတာ မင်းတွေ့ဖူးခဲ့လို့လဲ”

ရှန်းကွမ်းတန့်ဖုန်းသည်လည်း ရယ်မောနေပါသည်။

“ကြည့်ရတာ ဒီလိုရုပ်ဖျက်လာဖို့ ရှင့်ဆီမှာ တစ်ခုခုတော့ အကြံရှိနေမှာသေချာတယ်။ ဟုတ်တယ်ဟုတ်...”

“နည်းနည်းလေးတော့ ရှိနေတယ်လို့ ပြောလို့ရတယ်။”

“မင်း ဘယ်တုန်းကတည်းက ရောက်နေခဲ့တာလဲ” လုရှောင်ဖုန်းက ဝင်ရောက်မေးမြန်းလိုက်၏။

“နှစ်ရက်လောက်ရှိပြီ။”

“ဘာအတွက်လာခဲ့တာလဲ။”

“မင်းကို လာစောင့်နေတာပေါ့ကွ။”

“ငါ့ကို လာစောင့်နေတယ်... ဟုတ်ရဲ့လား။”

 “ဘာကြောင့်လဲဆိုတော့ လူအိုကြီးယန်ကို ရှာဖွေဖို့ဆိုရင် မင်း ဒီနေရာကနေ ဖြတ်သွားမှကိုဖြစ်မယ်။ ပြီးတော့ မင်းဟာ တိုင်ယွမ်နယ်တစ်ဝိုက်မှာ ရောက်နေတာဆိုတော့ အိုးမျက်နှာကျောင်းဝ်ရဲ့ ခွေးသားကို လာမစားဘဲနေမှာ မဟုတ်ဘူး။” စိခုန်းကျိုင်ရှင်းက သက်ပြင်းချပြီး ပြောဆိုလိုက်၏။

“ဒီခွေးသားချက်က ပြိုင်ဘက်ကင်းဖြစ်နေတယ်ဆိုတာကို ငါတောင်မှ ဝန်ခံရသေးတာပဲ” သူ့စကားကို ဆက်ပြောလိုက်ပြန်သည်။

“ဒါကြောင့်မို့ ခွေးသားရောင်းကုန်သွားပြီလို့ မင်းပြောခဲ့တာကိုး... မဟုတ်ရင် ဟန်ဆောင်ထားတာတွေ ပေါ်ကုန်တော့မှာ မဟုတ်လား။”

“ဘာပဲဖြစ်ဖြစ်ပါ..” စိခုန်းကျိုင်ရှင်းက ဆက်ပြောနေလိုက်သည်။ “အနည်းဆုံးတော့ မင်းကို မျက်လှည့်ပြနိုင်ခဲ့တယ်လေ... မင်းလို မကောင်းဆိုးဝါးတစ်ကောင်ကိုပေါ့...”

“မင်းက ငါ့ကိုစောင့်နေပြီး ဘာလုပ်မှာလဲ။”

“ငါဘာလုပ်မှာလဲ.. ဟုတ်လား။”

“ငါ့ဆီက တစ်ခုခုကို ခိုးယူချင်နေတာများလား။”

“ပြောလိုက်စမ်းပါ... ငါ ရအောင်ခိုးပြပါ့မယ်။” စိခုန်းကျိုင်ရှင်းက ဝံ့ကြွားစွာ ရင့်ကျူးလိုက်သည်။

“မင်းက ငါ့ဆီကနေ ဘာကိုများ ခိုးယူချင်နေတာလဲ။”

“ငါ့ကို ပြောပြစေချင်နေတာလား။”

“မင်းပြောရမှာ ကြောက်နေတယ်ဆိုရင်လည်း ထားလိုက်ပါတော့ကွာ” လုရှောင်ဖုန်းက လေသံအေးအေးလေးဖြင့် ပြောဆိုလိုက်ပြန်၏။

“ငါက ဘာကိုကြောက်နေရဦးမှာလ” စိခုန်းကျိုင်ရှင်းက လုရှောင်ဖုန်းကို စိုက်ကြည့်နေပြီး မေးမြန်းလိုက်၏။

“ဒါဆိုရင် ရှင်က ဘာကိုခိုးယူချင်နေရတာလဲ” ရှန်းကွမ်းတန့်ဖုန်းက တိုက်တွန်းမေးမြန်းလိုက်သည်။

“မင်းကိုပေါ့”

ရှန်းကွမ်းတန့်ဖုန်း၏ မျက်လုံးများ ပြူးကျယ်ဝိုင်းစက်သွားခဲ့ရလေတော့သည်။

“ငါ့ကို လူတစ်ယောက်က ငွေသား ၂၀၀၀၀ ပေးပြီး မင်းကို ခိုးခိုင်းခဲ့တယ်။”

“ကျမဟာ ငွေသား၂၀၀၀၀ တောင်မှ ထိုက်တန်နေသေးပါလားဆိုတာ မယုံချင်စရာပါပဲလား...” သူမ၏ စကားကို အဆုံးမသတ်နိုင်လောက်အောင်ပင် ရှက်သွေးများဖြာသွားခဲ့ရလေသည်။

“ဒါပေမဲ့ အဲဒီလူက မင်းကိုခိုးခိုင်းလိုက်တဲ့ ရည်ရွယ်ချက်က မင်းထင်ထားသလိုမျိုးမဟုတ်ဘူး။” စိခုန်းကျိုင်ရှင်းက ရယ်ရယ်မောမောဖြင့် အဖြေပေးလိုက်သည်။

ရှန်းကွမ်းတန့်ဖုန်းသည် ရှက်သွေးများဖြာနေလျက်ကပင် အော်ဟစ်မေးမြန်းလိုက်၏။ “ကျမ ဘာကိုတွေးနေလဲဆိုတာ ရှင်ကဘယ်လိုလုပ်ပြီး ပြောနိုင်နေရတာလဲ။”

စိခုန်းကျိုင်ရှင်းသည် မျက်တောင်ပုတ်ခတ်ပုတ်ခတ် လုပ်နေပြီး ဘာမှပြန်မပြောတော့ပါ။

“အဲဒီလူက ဘာလိုချင်လို့လဲ” ရှန်းကွမ်းတန့်ဖုန်းက မေးမြန်းလိုက်သည်။ “သူကကော ဘယ်သူလဲ။”

စိခုန်းကျိုင်ရှင်းသည် နှုတ်မဆိတ်ပင် ရှိနေဆဲ။

“သူပြောမှာမဟုတ်ဘူး။” လုရှောင်ဖုန်းက အဖြေပေးလိုက်၏။ “သူ့လုပ်ငန်းမှာ အလုပ်လာအပ်သူရဲ့အကြောင်းကို ပြောပြလိုက်မယ်ဆိုရင် နောက်ထပ် ဘယ်သူမှ အလုပ်လာအပ်တော့မှာ မဟုတ်ဘူး။”

“သူခိုးတွေမှာလည်း အလုပ်လာအပ်တဲ့ အလုပ်ရှင်ဆိုတာ ရှိနေသေးတာလား။” ရှန်းကွမ်းတန့်ဖုန်းက အံ့အားသင့်စွာ မေးမြန်းလိုက်၏။

“ကျုပ် မင်းကိုပြောပြခဲ့ပြီးပါပြီကော... သူဟာ ဘာမှမတန်တဲ့ပစ္စည်းအတွက်ဆိုရင် ဘယ်တုန်းကမှ မခိုးယူခဲ့ဖူးဘူး။”

“ဒါပေမဲ့ ငါ့ပါးစပ်ကြီးကတော့ စားရဦးမယ်လေ။” စိခုန်းကျိုင်ရှင်းက ထပ်ဖြည့်ပြောလိုက်၏။ “ဒါကြောင့်မို့ အလုပ်လာအပ်တဲ့လူတွေက ငွေထုပ်အကြီးကြီးနဲ့ လာအပ်တယ်ဆိုရင် ငါ ခိုးတော့တာပဲ။”

“ဒါပေမဲ့ ဒီလောက်များတဲ့ ငွေပမာဏကို ပေးပြီး အလုပ်လာအပ်တဲ့လူဆိုတာ လက်ချိုးရေတွက်လို့ ရပါသေးတယ်။”

“မှန်တယ်... နည်းနည်းလေးပဲရှိတယ်။”

“မင်းငါ့ကို မပြောလည်းဘဲ ဘယ်သူဆိုတာလောက်ကိုတော့ ခန့်မှန်းလို့ ရပါတယ်ကွာ။”

“မင်းခန့်မှန်းနိုင်တာက မင်းအလုပ်၊ ငါပြောပြတာ မပြောပြတာက ငါ့အလုပ်။”

“ငါ သိသည်ဖြစ်စေ၊ မသိသည်ဘဲဖြစ်စေ... မင်းကတော့ ဘယ်တော့မှ ဖွင့်ပြောပြမှာ မဟုတ်ဘူးပေါ့။”

“မှန်တယ်။”

“ဒါပေမဲ့ ဘာဖြစ်လို့ မင်း ရုတ်တရက်ကြီး စိတ်ပြောင်းသွားခဲ့ပြီး ငါ့ကို ဒီလျှို့ဝှက်ချက်ထဲ ခေါ်သွင်းလာခဲ့ရတာလဲ။”

“မင်းက ငါ့အတွက်နဲ့ မီးတောထဲကို တိုးဝင်သွားခဲ့ပြီး ကယ်တင်ဖို့ ကြိုးစားခဲ့တာ ကံကောင်းလို့ မျက်ခုံးမွှေးတွေတောင် ပြောင်သွားတော့မလို့။” စိခုန်းကျိုင်ရှင်းက သက်ပြင်းချလိုက်သည်။ “ငါကလည်း မင်းမိတ်ဆွေကို  ခိုးယူဖို့ ဘယ်လိုသတ္တိမျိုး ရှိနိုင်တော့မှာတဲ့လဲ။”

“ကြည့်ရတာ မင်းဟာ တကယ်လက်ပေါက်ကပ်တဲ့ လူတစ်ယောက် မဟုတ်ပါလား။”

“မှန်သွားပြန်ပြီ။”

“ရှင်သာ သတ္တိရှိမယ်ဆိုရင် ကျမကို တကယ်ပဲ ခိုးယူသွားမယ်ပေါ့လေ။” ရှန်းကွမ်းတန့်ဖုန်းက မအောင့်အီးနိုင်တော့ဘဲ ပေါက်ကွဲထွက်လာတော့သည်။

စိခုန်းကျိုင်ရှင်း-“ဒါပေမဲ့ ကျုပ်ဟာ သူခိုးတကာရဲ့ဘုရင်ဖြစ်တယ်၊ မခိုးနိုင်တာဆိုလို့ ဘာမှမရှိဘူးဆိုတာ မမေ့ထားပါနဲ့။”

ရှန်းကွမ်းတန့်ဖုန်း-“ရှင် ဘယ်လိုမျိုး ကြံစည်မှာလဲဆိုတာ သိချင်လိုက်တာ။”

“သမားတော်တစ်ယောက်က သူ့ဆေးစွမ်းဖော်စပ်နည်းတွေကို တခြားလူတစ်ယောက်ကို ပြောပြတာ ကြားဖူးလို့လား။”

“မကြားဖူးဘူး။”

“ဒါဟာလည်း ကျုပ်ရဲ့ ဝှက်ဖဲတစ်ချပ်ပဲပေါ့။” စိခုန်းကျိုင်ရှင်းက ရင့်ကျူးလိုက်၏။ “ကျုပ်မင်းကို မပြောပြနိုင်ဘူး။”

ရှန်းကွမ်းတန့်ဖုန်းသည် သူ့ကို စိတ်ဆိုးစွာ စိုက်ကြည့်နေလေသည်။

“‘အိုးမျက်နှာ ၁၀ခု၊ အရူး၉ယောက်’ရှင်ဟာလည်း အိုးမျက်နှာတစ်ယောက်ပါပဲလေ...”

“ဘယ်သူကပြောတာလဲ” စိခုန်းကျိုင်ရှင်းသည် သူမကို ကြည့်နေပြီး မေးမြန်းလိုက်၏။

“ကျမပြောတာ... ရှင့်ရဲ့အိုးမျက်ခွက် မျက်နှာဖုံးကြီးကို ချွတ်ဆွဲပြီး တကယ့်မျက်နှာက ဘယ်လိုရှိမလဲဆိုတာ မြင်ချင်လိုက်တာရှင်။”

“ဒါမဖြစ်နိုင်တဲ့အမှုပဲ”

“ဘာလို့ မဖြစ်နိုင်ရမှာလဲ”

“မင်း ကျုပ်ကို ကြိုက်သွားရင် ဘယ်လိုလုပ်မလဲ။ အဲလိုဆိုရင် ကျုပ်တို့ကို ကျွမ်းတွေချည်းပစ်နေအောင် လုရှောင်ဖုန်းက လုပ်ခိုင်းတော့မှာပေါ့။ နောက်ဆုံးအကြိမ်တုန်းကဆိုရင် ကျုပ် ခေါင်းတွေကိုက်ခဲပြီး ဖျားသွားခဲ့ရသေးတယ်။ နောက်တစ်ကြိမ် ထပ်မလုပ်ချင်တော့ဘူး။”

ရှန်းကွမ်းတန့်ဖုန်းသည် ရှက်သွေးဖြာသွားပြီး စိတ်ဆိုးဒေါသထွက်နေသော မျက်နှာထက်တွင် သဲ့သဲ့လေး ပြုံးလာလေတော့သည်။

“အဲဒါ ဘယ်သူ့လက်ပြတ်ကြီးတွေလဲ။” လုရှောင်ဖုန်းက မေးမြန်းလိုက်၏။

“အဲဒီအိမ်လေးကို မီးလာရှို့တဲ့ ငနဲတွေရဲ့လက်တွေပေါ့။”

“မင်း သူတို့နောက်ကို လိုက်သွားခဲ့တာလား။”

“ငါက အိုးမျက်နှာကျောင်းဝ်လို ဟန်ဆောင်နေတာမဟုတ်လား။ တစ်ယောက်ယောက်က သူ့အိမ်ကို မီးလာရှို့သွားခဲ့တယ်ဆိုရင် သူ့အတွက် တရားမျှတမှုရှိအောင်တော့ အနည်းဆုံး ပြန်ဆောင်ရွက်ပေးရမယ်လေ။”

ရှန်းကွမ်းတန့်ဖုန်း-“ဒါနဲ့ပဲ နောက်ဆိုရင် သူများတွေအိမ်တွေကို မီးလိုက်မရှို့နိုင်အောင် အဲဒီလူတွေရဲ့ လက်တွေကို ဖြတ်ခဲ့တယ်ဆိုပါတော့။”

“နောက်ပြီးတော့ အဲဒီမြင်းတွေကို လိုက်ရောင်းဖို့လည်း ကျုပ်စဉ်းစားထားတယ်။ ဘာဖြစ်လို့လဲဆိုတော့ မြင်းရောင်းရတဲ့ ပိုက်ဆံနဲ့ အိုးမျက်နှာကျောင်းဝ်ရဲ့ အိမ်လေးကို ပြန်ပြင်ပေးချင်လို့ပါ။”

“အဲဒီလူတွေ အခုဘယ်နားမှာလဲ။” လုရှောင်ဖုန်းက မေးမြန်းလိုက်သည်။

“ဟိုးမှာ မြင်နေရတဲ့ သစ်တောအုပ်လေးထဲမှာ... မင်းအတွက် ငါ ချန်ထားပေးခဲ့တယ်။”

“ဘာအတွက်လဲ။”

စိခုန်းကျိုင်ရှင်း-“မင်းကို သူတို့မီးတိုက်သတ်ခဲ့တယ်မဟုတ်လား။ ဘာအတွက်လဲ၊ ဘာကြောင့်လဲဆိုတာ မင်း သူတို့ကို မမေးချင်တော့ဘူးလား။”

0 comments:

Post a Comment