Thursday, March 10, 2011

(၆) ဓားလွတ်များနှင့်လူသေများ

မြန်မာကျူးပစ်ဖိုရမ်မှ မိတ်ဆွေတစ်ဦးဖြစ်သူ ကို trhura ပြန်ဆိုထားခြင်းဖြစ်ပါသည်။ 
All credits go to trhura. Thanks for letting me use your translation work.

ဧည့်ခံစားသောက်ပွဲမှာ ရေလယ်ခေါင်ရှိ နန်းဆောင်တစ်ခုတွင် ဖြစ်လေသည်။ ရေကန်အနှံ့ ပေါက်ရောက်နေသော ကြာပန်းများကြောင့် အနီရင့်ရင့်သုတ်ထားသော နန်းဆောင်လက်ရန်းမှအပ ဘေးပတ်ဝန်းကျင်တစ်ခုလုံး အစိမ်းရင့်ရောင် ဆေးဆိုးထားသည့်အလား စိမ်းစိုနေလေသည်။

လေညှင်းက ပွင့်ဖူးစ ကြာရနံ့ သင်းသင်းဖျော့ဖျော့နှင့်အတူ တင်မထားသော ဖြူလျလျ ဇာခန်းဆီးကန့်လန့်ကာအောက်မှ တိုးဝင်လာလေသည်။

၄လပိုင်းသို့ပင် ရောက်လေပြီ။

ဟွာမင်းလိုသည် တိတ်ဆိတ်ငြိမ်သက်စွာဖြင့် ချမ်းသာပေ့ဆိုသူများသာ တတ်နိုင်သော ဤကဲ့သို့ အဓိပ္ပါယ်မဲ့ ကြီးကျယ်ခန်းနားမှုများကို တွေးတောဆင်ခြင်နေလေ၏။ ဟိုထျန်ချင်း၏ ပုံပန်းသွင်ပြင်ကို သူ မြင်တွေ့နိုင်ခြင်း မရှိသော်ငြားလည်း စရိုက်သဏ္ဌာန်ကိုမူ အသံ ကြားရုံဖြင့် သိရှိနားလည်ခဲ့လေပြီ။

ဟိုထျန်းချင်း၏ အသံသည် တိုးရှသော်လည်း သိမ့်မွေ့နွေးထွေး အားပါလေသည်။ စကားပြောဆိုသောအခါ တစ်ဖက်လူအား မိမိကို အာရုံစိုက် နားထောင်စေလိုရုံသာမက မိမိ ပြောဆိုသမျှကို ရှင်းရှင်းလင်းလင်း ကြားသိစေလိုသည်။

ဤသည်ကိုကြည့်၍ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု အပြည့်ရှိသူ၊ ဆုံးဖြတ်ချက် လျင်လျင်မြန်မြန် ချနိုင်သူ၊ မိမိ စိတ်ထင်ရာ လုပ်တတ်သူမျိုးဟု ကောက်ချက်နိုင်သည်။ မောက်မာထောင်လွှားသူ ဖြစ်သော်လည်း သို့သော် လူအများက မောက်မားထောင်လွှားသည်ဟု ထင်မြင်သွားမှာကိုလည်း ပူပင်တတ်သူမျိုး ဖြစ်သည်။ သို့သော် ဟွာမင်းလိုသည် ဟိုထျန်ချင်းအား မနှစ်မမြို့တော့ မဖြစ်မိပါ။

ဧည့်ခံစားဝိုင်းတွင် အခြားဧည့်သည် နှစ်ဦးလည်း ရှိနေသေး၏။ တစ်ဦးမှာ ယန်မိသားစု အိမ်ဂေဟာတွင် ခေတ္တတည်းခိုနေသော အော့မေဂိုဏ်းသားတစ်ဦးဖြစ်သူ စုရှောင်ရင်ဖြစ်ပြီး အခြားတစ်ဦးမှာ မဟာမိတ် အာမခံဌာနမှ ဌာနဦးစီးဖြစ်သူ “တိမ်လွှာကြားမှ နဂါး” အမည်ရ မာရှင်ကောင်း ဖြစ်သည်။

မာရှင်ကောင်း သိုင်းလောကတွင် နာမည်ရ ကျော်ကြားနေရသည်မှာ ကြာလှပြီ ဖြစ်သည်။ သူသည် သိုင်းပညာ နက်နဲကောင်းမွန်ရုံသာမက ကျော်ကြားမှု၊ ဂုဏ်ပကာသနများကို မက်မောသာယာတတ်သူမျိုးလည်း မဟုတ်ပေ။ ထိုကြောင့်မို့လည်း မာရှင်ကောင်း၏ ဟိုထျန်ချင်းအား မြှောက်ပင့်ကပ်ဖားသော လေသံကို သတိထားမိသောအခါ ဟွာမင်းလို မအံ့ဩပဲမနေနိုင် ဖြစ်သွားရခြင်း ဖြစ်သည်။ မာရှင်ကောင်းလို ကိုယ်တိုင်ကြိုးစား နာမည်ရလာသော လူမျိုး ဤသို့ ပြောဆိုပြုမူနေခြင်းမှာ တွေးရခက်ပေသည်။

အခြားတစ်ဖက်တွင်မူ စုရှောင်ရင်ကား တည်တည်ငြိမ်ငြိမ်နှင့် သက်တောင့်သက်တာပင် ဖြစ်သည်။ သူ၏စကားသံမှာ ဟန်လုပ်ခြင်း မရှိ။ အတော်အတန် ငယ်ရွယ်သေးပုံ ရှိသော်လည်း ဟိုထျန်ချင်းက ဗဟုသုတ ကုံလုံကြွယ်ဝသူဟူ၍ မိတ်ဆက်ပေးခဲ့လေသည်။

အိမ်ရှင်နှင့် ဧည့်သည့်များပေါင်းမှ လူငါးဦးမျှသာ ဖြစ်သည်။ ဤသည်မှာ ဟိုထျန်ချင်း၏ အနှစ်သက်ဆုံး ဧည့်ခံမှုပုံစံ ဖြစ်၏။ သူ၏ စေ့စပ်သေချာမူကို ဖော်ပြနေရုံသာမက သူ၏ ဧည့်သည်များအပေါ် နားလည်မှုကိုလည်း ဖော်ပြနေသည်။

သို့သော်ငြားလည်း ယခုထက်တိုင် ယမကာနှင့် စားဖွယ်သောက်ဖွယ်များကို လာရောက် ခင်းကျင်းခြင်း မရှိသေးချေ။ ဟွာမင်းလို စိတ်မရှည်ဖြစ်နေသည် မဟုတ်သော်လည်း အနည်းငယ် ထူးဆန်းသည်ဟု ခံစားမိလိုက်၏။

နန်းဆောင်ထဲတွင် မီးအိမ် အများအပြား ထွန်းညှိထားခြင်း မရှိသော်လည်း နေ့ပမာ ထိန်ထိန်လင်းနေသည်။ ဘေးနံရံလေးဘက်၏ အလယ်ဗဟို မျက်နှာကြက်တွင် တောက်ပသော ပုလဲလေးလုံးကို ချိတ်ဆွဲထားသောကြောင့် ဖြစ်သည်။ မီးအိမ်များမှ ဖြာထွက်လာသော အလင်းရောင်များကို ယင်းပုလဲများက ရောင်ပြန်ဟပ်၍ နန်းဆောင်အနှံ့ ဖျော့တော့တော့ လင်းနေသည်မှာ ပြောမပြတတ်ဖွယ် ကြည့်ကောင်းလှပေသည်။

စုရှောင်ရင်က တောင်ပိုင်းထန် ဧကရာဇ်ဟောင်း၏ ညစ်တီးညစ်ပတ်နိုင်သည့် အကြောင်းများကို ပြောဆိုနေလေသည်။
“သူက သူ့ရဲ့ ကြင်ယာတော်ကျိုးနဲ့ အတူရှိနေရင် မီးအိမ် ဘယ်တော့မှ မထွန်းဘူးဆိုပဲဗျ။ စာအုပ်တွေထဲမှာ ရေးထားတာက မိဖုရားကျန်းကျိုးလီက ညဘက်မှာ အလင်းရောင်မြင်လိုက်တာနဲ့ မျက်လုံးအစုံကို မှိတ်လိုက်ပြီး 'မီးခိုးတွေ ... မီးခိုးတွေထွက်နေတာ ဖယောင်းတိုင်တွေ လင်းနေလို့ပဲ။ မျက်လုံးတွေကို မှိတ်ထားတဲ့အခါမှာ မီးခိုးရနံ့က ပိုပြီး ထင်းရှားသိသာတယ်နော်' လို့ ပြောလေ့ရှိသတဲ့။ ထန်ဧကရာဇ် ဖယောင်းတိုင် ထွန်းပြီး ဘာတွေ လုပ်နေတယ်ဆိုတာ သူမ သိတယ်ပေါ့။ တစ်ခါတော့ လူတစ်ယောက်က သူမကို အဲဒီမီးခိုးငွေ့တွေဟာ သူမရဲ့ နန်းဆောင်က ထွက်တာ မဟုတ်မှန်း ဘာလို့ အသေအချာ ပြောနိုင်ရတာတုန်းလို့ မေးသတဲ့။ သူမက ' ဒီ နန်းဆောင်မှာ ဖယောင်းတိုင် ထွန်းစရာ မလိုဘူးလေ။ ညဘက်ဆို နန်းဆောင်မျက်နှာကြက်မှာ ချိတ်ဆွဲထားတဲ့ ပုလဲလုံးကြီးက တစ်ခန်းလုံး နေ့ပမာ လင်းထိန်းနေစေတာကိုး' လို့ ပြန်ဖြေလိုက်သတဲ့”
ုု
“ထန်ဧကရာဇ်ကတော့ ရမ္မက်တဏှာ ကျူးလွန်းပါတယ်” ဟိုထျန်ချင်းက ပြုံး၍ မှတ်ချက်ချလိုက်သည်။ “ဒါကြောင့်မို့လည်း သိပ်မကြာမီပဲ တောင်ပိုင်းထန် မင်းဆက်တစ်ခုလုံး ပျက်သုဉ်းခဲ့ရတာပေါ့”

“ဒါပေမဲ့ သူက ကြင်နာသနားတတ်တဲ့ ယောက်ျားတစ်ယောက်ပဲ။ သူ့ရဲ့ အကြင်နာဂရုဏာကတော့ ပြိင်ဘက်ကင်းလို့ ဆိုရမယ်” စုရှောင်ရင်က ပြန်ပြောလိုက်သည်။

“ချစ်ခင်ကြင်နာတတ်တဲ့ ယောက်ျားတွေက ဧကရာဇ် ဖြစ်ဖို့ မသင့်လျော်ဘူး” ဟိုထျန်ချင်းက အသာအယာ ပြန်ဖြေသည်။

“ဒါပေမဲ့ သူ့မှာသာ သခင်လေးဟိုလို ပုဂ္ဂိုလ်မျိုးကို အကြံပေးအရာရှိအဖြစ် ရှိခဲ့ရင် တောင်ပိုင်းထန်မင်းဆက် တစ်ခုလုံး ဖျက်ဆီးခံခဲ့ရမှာ မဟုတ်ဘူး” မာရှင်ကောင်းက ပြုံး၍ ဖြည့်စွက်ပြောဆိုလိုက်သည်။

“အင်း .. လီယင်းလည်း နှစ်တစ်ရာလောက် စောမွေးခဲ့လို့ပေါ့ “ လုရှောင်းဖုန်းက ရုတ်တရက် သက်ပြင်းတစ်ချက် ချလိုက်ပြီး “နို့မဟုတ်ရင် သူလည်း ငါ့လို အခု ဒီနေရာမှာ အရက် ဘယ်တော့များ လာချပေးပါ့မလဲဆိုပြီး နေမထိ ထိုင်မသာဖြစ်နေရမှာပဲ”

ဟွာမင်းလို ရယ်မောလိုက်သည်။ ဟိုထျန်ချင်းလည်း မပြုံးဘဲ မနေနိုင်ဖြစ်ကာ “အရက်နှင့် စားသောက်ဖွယ်ရာတွေက အဆင်သင့်ဖြစ်နေပါပြီ။ သခင်ကြီးယန်က ဒီနေ့ ကြွလာတဲ့ ဧည့်သည်တွေထဲမှာ လုရှောင်ဖုန်းနဲ့ ဟွာမင်းလိုလည်း ပါတယ်ဆိုလို့ သူကိုယ်တိုင် ဒီစားပွဲကို တက်မယ်ပြင်နေလို့ပါ”

“ဒါဆို ကျုပ်တို့က သူ့ကို စောင့်နေရတာပေါ့” လုရှောင်ဖုန်းက မေးလိုက်သည်။

“ခင်ဗျား စောင့်ရတာ စိတ်မရှည်တော့ဘူး ဆိုရင်လည်း အရက်မသောက်ခင် အစာပြေစားဖို့ တစ်ခုခု မှာတာပေါ့” ဟိုထျန်ချင်းက ဆိုလိုက်သည်။

“နောက်ထပ် နည်းနည်း ထပ်စောင့်ရတာ အကြောင်းမဟုတ်ပါဘူး။ သခင်ကြီးယန် ဒီလို တက်ကြွလန်းဆန်းနေတယ်ဆိုတာ အရှားသား မဟုတ်လား။ ကျုပ်တို့ သူ စိတ်ညစ်သွားအောင် ပြလုပ်ဖို့ မကောင်းဘူး” မာရှင်ကောင်းက ချက်ချင်း ပြန်ဖြေလိုက်၏။

ထိုစဉ် နန်းဆောင်ပြင်ပမှ ခပ်ဝဲဝဲ အသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာ၏။ “ဟားဟား ကျုပ်ကလဲ ခင်ဗျားတို့ကို စိတ်မညစ်စေချင်ပါဘူး။ ဟေ့ ... အရက် မြန်မြန်လေး ယူလာခဲ့စမ်း”

လူတစ်ယောက် ရယ်မော၍ လျှောက်ဝင်လာ၏။ ထိုသူ၏ ရယ်သံက စူးရှနူးညံ့နေသည်။ ထိုသူ၏ မျက်နှာမှာ ဖြူဖွေး မို့ဖိုင့်နေပြီး မိန်းမပျိုလေး တစ်ယောက်လို နူညံ့သော အသားအရေလည်း ရှိသည်။ သူ၏ မျက်နှာတစ်ပြင်လုံးတွင် ယောက်ျားဆန်သည်ဟု၍ ကြီးမား ချွန်ကောက်နေသော နှာတံသာ ရှိလေသည်။

“ဒီလူက ရွှေဂဠန်တိုင်းပြည်ရဲ့ ဘဏ္ဏာထိန်းဖြစ်ခဲ့တာဆိုတော့ မိန်းမစိုးများ ဖြစ်နေမလား မသိဘူး” ဟု ဟွာမင်းလို တွေးတောမိလိုက်သည်။

“သခင်ကြီး နေကောင်းပါစ ...” မာရှင်ကောင်းက မတ်တပ်ရပ်၍ နှုတ်ဆက်လိုက်သည်။

သို့သော် ယန်ထယ်ရှန်းက သူ့အား ကြည့်တောင်မကြည့်ဘဲ လုရှောင်ဖုန်း၏ လက်ကို စွဲဆုပ်ကိုင်လိုက်ကာ အထက်အောက် ကြည့်ရှု အကဲဖြတ်လိုက်သည့်။ ထိုနောက် ရုတ်တရက် ဟားတိုက်ရယ်မောကာ “ဟားဟား ... မင်းကတော့ အရင်ပုံစံ အတိုင်းပါပဲလား။ ထိုက်ရှန်းတောင်ထိပ်မှာ နောက်ဆုံးတွေ့ခဲ့ရတဲ့အတိုင်း ပုံစံတစ်စက်မှ မပြောင်းလဲသေးပါလား။ ဒါပေမဲ့ မင်းရဲ့ မျက်ခုံးမွှေးက ဘယ်လိုလို့ နှစ်ခုပဲရှိရတော့တာလဲ”

သူက အခြားသူများ သူ့ကို ရှန်းစီကလို့ မထင်မှာစိုးသည့်အလား ရှန်းစီ လေသံ အနည်းငယ် စွက်၍ ပြောဆိုနေလေသည်။

လုရှောင်ဖုန်း၏ မျက်လုံးများ အရောင်တောက်ပသွားကာ ပြုံး၍ ပြန်ဖြေလိုက်သည်။
“ကျနော် အရက်ဖိုး မပေးနိုင်လို့ အရက်ဆိုင်ပိုင်ရှင် မိန်းမက ကျနော်ရဲ့ နှုတ်ခမ်းမွှေးတွေကို မျက်နှာချေလုပ်မယ်ဆိုပြီး ရိတ်ယူပစ်လိုက်တာလေ”

ယန်ထယ်ရှန်းက ဟားတိုက်ရယ်မော လိုက်ပြန်ပြီး “သောက်တလွဲ ... အဲဒီ မိန်းမကြီးတော့ မင်းရဲ့ နှုတ်ခမ်းမွှေး သူ့မျက်နှာကို ပွတ်သပ်ပုံကို အတော်လေး ကြိုက်လို့ နေလိမ့်မယ်”

ထိုနောက် ဟွာမင်းလိုဘက်သို့ လှည့်လိုက်ပြီး ပုခုံးကို အသာပုတ်လိုက်သည်။ “မင်းကတော့ ဟွားမိသားစုရဲ့ ခုနှစ်ယောက်မြောက် ကောင်လေး မဟုတ်လား။ မင်းရဲ့ ညီအစ်ကို တစ်ချို့လည်း ဒီကို လာလည်ဖူးတယ်ကွ။ မင်းရဲ့ အစ်ကိုသုံးနဲ့ ငါးကတော့ အတော်သောက်နိုင်သားပဲ”

“ညီ ၇ လည်း အတော်သောက်နိုင်ပါတယ်” ဟွာမင်းလိုက ပြုံး၍ ပြန်ဖြေလိုက်၏။

“ကောင်းလိုက်တာ ... သွားစမ်း ... ငါ့ရဲ့ အိပ်ရာအောက်က အရက်အိုးတွေ သွားယူခဲ့စမ်း။ ဒီနေ့ မမူးတဲ့လူတော့ သောက်တလွဲ ပြန်ဖို့ မစဉ်းစားနဲ့ “ ယန်ထယ်ရှန်းက နှစ်ထောင်းအားရစွာ လက်ခုပ်တီး၍ ဆိုလိုက်၏။

ရှန်စီ အစားအစာများမှာ ဟင်းခတ်အမွှေးအêကိင်များစွာ သုံးထားသည့်အပြင် တည်ခင်းထားသော ဟင်းခွက်များထဲသို့ ငရုတ်သီးမှုန့် အနည်းငယ် ထပ်မံ ထည့်ထားလေသည်။

ယန်ထယ်ရှန်းသည် သူ၏ ဖြူ၍ ပျော့ပျောင်းသော လက်ထဲမှ တူများကိုသုံးကာ မနားတမ်း လုရှောင်ဖုန်း၏ ပန်ကန်းထဲသို့ ဟင်းများ ထည့်နေလေတော့၏။ “ဒါက ရှန်းစီရဲ့ နာမည်ကြီး အစားအစာပဲပေါ့။ ဘာမှ ထွေထွေထူးထူး ပြောပလောက်အောင် မရှိပေမဲ့ ဒီလိုအစားအစာတွေကို ဘယ်လို သောက်တလွဲ နေရာမှာမှ မရနိုင်ဘူး”

“ဒါဆို သခင်ကြီးယန်က ရှန်းစီကပေါ့ “ လုရှောင်ဖုန်းက မေးမြန်းလိုက်သည်။

“အင်း ကျုပ်က အဲဒီမှာပဲ မွေးပြီး အဲဒီမှာပဲ ကြီးပြင်းလာတာလေ။ ဒီနှစ်တွေအားလုံးမှာ ကျုပ်က ထိုက်ရှန်းကို သူ့ရဲ့ သောက်တလွဲ နေထွက်ချိန်ကို ကြည့်ဖို့ဆိုပြီး တစ်ခါပဲ ရောက်ဖူးတာ။ ဒါပေမဲ့ ဘယ်လိုကြည့်ကြည့်ပါ ကျုပ် မျက်လုံးထဲတော့ ကြက်ဥနှစ်အကြီးကြီး တစ်ခုပါပဲ။ ပျင်းဖို့ ကောင်းလိုက်တာ မပြောနဲ့” ယန်ထယ်ရှန်းက ပြုံး၍ ဆိုပြန်၏။

သူက စကားပြောဆိုရာတွင် သူ၏ ရုန့်ရင်းခက်ထန်ကြမ်းတမ်းမှုကို လူသိစေလိုသည့်အလား မကြာခဏ “သောက်တလွဲ” ကို ထည့်သွင်း ပြောဆိုနေလေသည်။

လုရှောင်ဖုန်းကလည်း ရယ်မောရင်း အရက်ခွက်ကို နှုတ်ခမ်းပါးဆီသို့ မယူလိုက်ပြီး ရုတ်တရက် မေးလိုက်၏။ “အထိန်းတော်ယန်ကကော ဘယ်ကများလဲ မသိဘူးနော်”

“အထိန်းတော်ဟိုပါ .... အထိန်းတော်ယန် မဟုတ်ဘူး” မာရှင်ကောင်းက ချက်ချင်း ပြင်ဆင်ပေးလိုက်၏။

“ကျုပ်က စိန်ပုလဲနန်းဆောင်က အိမ်တော်ထိန်းဟိုကို ပြောနေတာ မဟုတ်ဘူး” လုရှောင်းဖုန်းက သက်တောင့်သက်တာ ပြန်ဖြေလိုက်၏။ “ကျုပ်က ယန်လိပန့်ကို ပြောနေတာ။ ပျက်သုဉ်းသွားပြီဖြစ်တဲ့ ရွှေဂဠုန်တိုင်းပြည်ရဲ့ ဘဏ္ဏတော်ထိန်းယန်ကို ပြောနေတာ”

ထိုနောက် ယန်ထယ်ရှန်း၏ မျက်နှာကို မျက်တောင်မခတ်ပဲ စိုက်ကြည့်လိုက်ပြီး တစ်လုံးခြင်း ပြောလိုက်၏။ “သခင်ကြီးယန်တော့ ဒီလူ့ကို သိမှာ သေချာပါတယ်”

ယန်ထယ်ရှန်း၏ နူးညံ့ချောမွတ် ဖြူဖွေးနေသော မျက်နှာမှာ ရုတ်တရက် တင်းမာသွားပြီး ဟန်လုပ်၍ ပုံမကျပန်းမကျ ပြုံးပြလိုက်လေသည်။

ယန်ထယ်ရှန်းမှာ မည်သည့် အခြေအနေမျိုး၌ ဖြစ်စေကာမူ မျက်နှာပျက်ခဲသူ ဖြစ်၏။ သို့သော် လုရှောင်ဖုန်း၏စကားမှာ သူ၏အတိတ်မှ အနာဟောင်းအား ကြာပွတ်နှင့် လွှဲရိုက်လိုက်၍ သွေးများ တစ်ဖန် ယိုစီးလာစေသသည့်အလား ထိမိလေသည်။

လုရှောင်ဖုန်းက ဖြည်းညှင်းစွာ ဆက်ပြောလေ၏ “သခင်ကြီးယန်သာ ဒီလူကိုသိရင် တစ်ဆိတ်လောက် အကြောင်းပြန်ပေးပါ။ သူရဲ့ လွန်ခဲ့သော နှစ်ပေါင်းများစွာက တင်ခဲ့တဲ့ အကြွေးကို တောင်းယူဖို့ လူတစ်ယောက် ရောက်နေပြီလို့”

“အိမ်တော်ထိန်းဟို” ယန်ထယ်ရှန်း ရုတ်တရက် မျက်နှာတင်းမာစွာဖြင့် အော်လိုက်၏။

“အမိန့်ရှိပါ သခင်ကြီး” ဟိုထျန်ချင်းက မေးလိုက်သည်။

“လုသခင်လေးနဲ့ ဟွာသခင်လေးတို့ ဒီမှာ ဆက်လက်နေချင်လိုစိတ် မရှိတော့ဘူး တူပါရဲ့။ သူတို့ကို မြင်းလှည်းတစ်စီး စီစဉ်ပေးလိုက်ပြီး လိုက်လံနူတ်ဆက်ပို့ဆောင်ပေးလိုက်။ သူတို့ အခုချက်ချင်း သွားပါလိမ့်မယ်” ယန်ထယ်ရှန်းက အေးတိအေးစက် ဆိုလိုက်၏။

ထိုနောက် အခြားသူများ တုံ့ပြန်သည်ကိုပင်စောင့်မနေတော့ပဲ အင်္ကျီလက်ကို ဆတ်ခနဲခါလိုက်ပြီး တံခါးဝဆီသို့ ဦးတည်လျှောက်သွားလေတော့၏။

သို့သော် သူ တံခါးဝဆီသို့ မရောက်မီမှာပင် တစ်စုံတစ်ယောက်က ရှေ့မှ ပိတ်ဆို့လိုက်ပြီးသား ဖြစ်နေသည်။ “သူတို့ ပြန်ဖို့မလိုသေးသလို ခင်ဗျားလည်း ဒီမှာ ဆက်နေရလိမ့်ဦးမယ်” အေးစက်စက် အသံတစ်သံ ထွက်ပေါ်လာ၏။

ထိုလူမှာ မတ်မတ်ရပ်နေ၍ နှင်းလိုဖြူသော အဝတ်အစားများကို ဝတ်ဆင်ထားလေ၏။ သို့သော် သူ၏ခါးမှ တွဲကျနေသော ပါးပါးလျပ်လျပ်ဓားမှာမူ နက်မှောင်နေ၏။

ယန်ထယ်ရှန်း၏ မျက်လုံးများ ဒေါသဖြင့် ပြူးထွက်လာပြီး “ အရိုအသေမဲ့ လှချည်လား။ မင်းက ဘယ်သူလဲ”

“စီမင်းကျွေ့ရှယ်” အေးစက်စက် အသံက ပြန်ဖြေလိုက်သည်။

စီမင်းကျွေ့ရှယ် ... ဓားသွားလို အေးစက်ထက်မြ၍ ခံစားမှုကင်းမဲ့သော နာမည် ....

ယန်ထယ်ရှန်းပင် အလိုလို နောက်သို့ ခြေနှစ်လှမ်း ဆုတ်လိုက်မိပြီး “အစောင့်တွေ ...” ဟု အော်ခေါ်လိုက်သည်။

အစောပိုင်းတွင် နန်းဆောင်တစ်ဝိုက် အရက်များ လိုက်လံ ထည့်ပေးနေခဲ့သော ကလေးငယ်နှစ်ဦးနှင့် ဟင်းလျာများ သယ်ဆောင်၍ ရံဖန်ရံခါ ဝင်လာတတ်သော အစိမ်းရောင်ဝတ် အိမ်စေတစ်ဦးမှအပ တိတ်ဆိတ် ငြိမ်သက်နေပြီး အခြား မည်သည့် လူရိပ်လူယောင်ကိုမျှ မတွေ့ခဲ့ရချေ။

သို့သော် ဘဏ္ဏာထိန်းယန်က အော်ခေါ်လိုက်သည်နှင့် လူငါးယောက် ပြတင်းပေါက်မှ ရုတ်တရက် ခုန်ပျံဝင်ရောက်လာလေသည်။ ထိုသူများ၏ လှုပ်ရှားပုံများ လျင်မြန်သွက်လက်လှသလို လက်နက်များမှာလည်း ထူးဆန်းလှပေသည်။ ကွင်းသဏ္ဌန် ဓားရိုးတပ် ဓားရှည်၊ မွှေးနုများဖြင့် တန်ဆာဆင်ထားသော ဓားမော့၊ အစွန်းနှစ်ဖက်တွင် လှံစွပ်တပ်ထားသော ကြာပွတ်၊ သိမ်းဌက်လက်သည်း တစ်စုံနှင့် သံနံချက်ကူ နှစ်ချောင်းကို အသီးသီး ကိုင်ဆောင်ထားကြ၏။ ထိုသို့သော ထူးပြားဆန်းကြယ်သော လက်နက်များကို ကိုင်ဆောင်နိုင်သူ မည်သူမဆို အဆင့်မြင့်သိုင်းပညာရှင်များ ဖြစ်မည်မှာ မလွဲပင်။

သို့သော် စီမင်းကျွေ့ရှယ်က ထိုသူများအား ကြည့်ပင်မကြည့်ပဲ “ကျုပ်ဓားက ဓားအိမ်က ထွက်တာနဲ့ လူသတ်တယ်နော်။ ကျုပ်ကို တစ်ကယ်ပဲ ဓားထုတ် စေချင်လို့လား” ဟု အေးစက်စွာ မေးလိုက်၏။

ထိုငါးယောက်အနက် နှစ်ယောက်၏ မျက်နှာများ ဖျော့တော့အားလျော့သွားလေသည်။ သို့သော် မည်သည့်နေရာ၌ မဆို သေရမည် မကြောက်သည့်လူ ရှိစမြဲပင် မဟုတ်လား။

ရုတ်တရက် လေပြင်းတစ်ချက်နှင့်အတူ မွှေးနုများဖြင့် ဓားမော့က စီမင်းကျွေ့ရှယ်ထံ ပျံဝင်လာသည်။ နံချက်ကူများကလည်း ပြင်းထန်သော မုန်တိုင်းသဖွယ် စီမင်းကျွေရှယ်၏ လည်ပင်းသို့ ဝှေ့ဝိုက် ဝင်ရောက်လာ၏။ လက်နက်တစ်ခုက ပြင်းထန်မာကြောသလို အခြားတစ်ခုက လျင်မြန်ပေါ့ပါးလေသည်။ တစ်ခုချင်းစီ ဆိုလျှင်ပင် တုန်လှုပ်ကြောက်မက်ဖွယ်ဖြစ်သော လက်နက်နှစ်ခု နှစ်ပေါင်းများစွာ တွဲဖက်လေ့ကျင့်ထားသကဲ့သို့ နှစ်ခုပေါင်း ဟန်ချက်ညီညီ အသားကျစွာ တိုက်လာလေသည်။

စီမင်းကျွေ့ရှယ်၏မျက်ဝန်းများ ရုတ်တရက် ကျဉ်းမြောင်းသွားပြီး တစ်ပြိင်နက်တည်း ဓားကို ဆွဲထုတ်လိုက်လေသည်။

ဟိုထျန်ချင်း လှုပ်ရှားခြင်း မရှိသေးပါ။ လုရှောင်ဖုန်းကိုသာ တည်ငြိမ်စွာ စိုက်ကြည့်လိုက်သည်။ လုရှောင်ဖုန်း မလှုပ်ရှားသရွေ့တော့ သူလည်း လှုပ်ရှားရန် မလိုပေ။

သို့သော် မာရှင်ကောင်းကတော့ မတ်တပ် ထရပ်လိုက်ပြီး “အိမ်တော်ထိန်းဟိုက ခင်ဗျားတို့ကို ဧည့်သည်အဖြစ် ဖိတ်ခေါ်ခဲ့တာကိုတောင် ဒီမှာလာ ပြဿနာရှာရဲတယ်ပေါ့” ဟု ရန်လိုစွာ အော်မေးလိုက်သည်။ ထိုစကားသံနှင့်အတူ ခါးမှ ငါးကြေးခွံတပ် ရွှေရာင် “နဂါးခွေ” တုတ် ကို စွဲထုတ်လိုက်ကာ ဝှစ်ခနဲ ဟွာမင်းလို၏ လည်တိုင်သို့ လှမ်းစိုက်လိုက်၏။ သူက ဟွာမင်းလိုသည် မျက်မမြင်ဖြစ်၍ လွယ်လွယ်ကူကူ အနိုင်ယူ၍ ရမည်ဟု တွက်ဆလိုက်ပုံ ရသည်။

သူ၏ “နဂါးခွေ” တုတ်မှာလည်း တမူ ထူးခြားလေ၏။ ထိုးစိုက်လိုက်သည်နှင့်တစ်ပြိင်နက် တုတ်ထိပ်ဖျားရှိ ခွေနေသော “နဂါး”ရုပ်၏ ပါးစပ် ရုတ်တရက်ထိုးပွင့်သွားပြီး ထန်ခနဲ ပါးလျထက်မြသော ဓားသွားတစ်ခု အတွင်းမှ ထိုးထွက်လာ၏။

ဟွာမင်းလိုက ငြိမ်းအေးသာယာစွာပင် ထိုင်စောင့်နေရာမှ ရုတ်တရက် လက်ကိုမြှောက်လိုက်ပြီး ထိုးထွက်လာသော ဓားသွားကို လက်ညှိုးနှင့် လက်သူကြွယ်ကြား ညှပ်လိုက်လေသည်။ ထန်ခနဲ မြည်သွားကာ ပန်းပဲဖိုတွင် လပေါင်းများစွာကြာအောင် ထုခဲ့ရသော ဓားလည်း ၃ ပိုင်း ပြတ်ထွက်သွားလေတော့သည်။

မာရှင်ကောင်း၏မျက်နှာ အရောင်ပြောင်းသွားပြီး ချက်ချင်းဆိုသလိုပင် လက်ကောက်ဝတ်ကို ဆတ်ခနဲလှုပ်ကာ “နဂါးခွေ” တုတ်ဖြင့် ဟွာမင်းလို၏ နားနှစ်ဖက်ကို ဝှေ့ရမ်း တိုက်ခိုက်လေသည်။

ဟွာမင်းလိုက သက်ပြင်းချ၍ အင်္ကျီလက်နှစ်ဖက်ကို မုန်တိုင်းသဖွယ် ချာချာရမ်းပြီး တုတ်ကို ထွေးပတ်ပြီးနောက် အသာအယာဆွဲယူလိုက်၏။

မာရှင်ကောင်းသည် ဒိုင်းခနဲ စားပွဲပေါ် လဲကျသွားပြီး စားပွဲပေါ်ရှိပန်းကန်များ အဟုန်ဖြင့် လေထဲတွင် ပျံဝဲကြကုန်သလို စားပွဲလည်း ကျိုးကျသွားလေသည်။ တစ်ဖန် ဟွာမင်းလိုက မာရှင်ကောင်းအား အသာအယာ ရိုက်ထုတ်လိုက်ရာ နန်းဆောင်ပြင်ပရှိ ကြာကန်ထဲသို့ ပစ်ကျသွားလေတော့၏။

“ကောင်းလိုက်တဲ့ သိုင်းကွက်” စုရှောင်းရင်က ရေရွတ်လိုက်သည်။

“ကျနော်သိုင်းကွက်က ကောင်းတာ မဟုတ်ပါဘူး။ သူ့တိုက်ကွက်ကိုက အားနည်းနေတာ” ဟွာမင်းလိုက သက်တောင့်သက်တာ ပြန်ဖြေလိုက်လေသည်။ “သူရဲ့ အရင်က သိုင်းပညာနဲ့ ယှဉ်မယ်ဆိုရင် အခုလက်ရှိ သိုင်းပညာနဲ့ အတွင်းအားက ထက်ဝက်တောင် မကျန်တော့ဘူး ဆိုရမယ်။ အတွင်းဒဏ်ရာတွေများ ပြင်းပြင်းထန်ထန်များရခဲ့လို့လား မသိဘူး”

“မှန်လိုက်တာ ... လွန်ခဲ့တဲ့ သုံးနှစ်လောက်တုန်းက သူ အိမ်တော်ထိန်းဟိုရဲ့ လေခွင်းလက်ဝါး' ဒဏ် ခံလိုက်ရတာကိုး” စုရှောင်ရင်က ပြန်ဖြေလိုက်၏။

“ဪ ... ဒါကြောင့်ကိုး” ဟွာမင်းလိုက သက်ပြင်းချလိုက်သည်။ မာရှင်းကောင်း အဘယ်ကြောင့် ယခုလို အရှက်မဲ့ ဖော်လံဖားလုပ်နေရသလဲဆိုတာကို ဟွာမင်းလို သဘောပေါက်သွားသည်။ သူ့လို သိုင်းပညာနှင့် အသက်မွေးဝမ်းကြောင်းပြသူတစ်ဦး သိုင်းပညာ အတော်အများ ဆုံးရှုံးသွားခဲ့လျှင် တစ်ဦးမဟုတ် တစ်ဦးကိုတော့ အမှီအခို အကာအကွယ်ရှာရမည်ပဲ ဖြစ်သည်။ စိန်ပုလဲနန်းဆောင်ထက် ပိုကောင်းသော အကာအကွယ် ဘယ်မှာ ရှိပါလိမ့်မည်နည်း။

စုရှောင်ရင်က ရုတ်တရက် လှမ်းပြောလိုက်သည်။ “ကျနော်လည်း ဟွာသခင်လေးရဲ့ အံ့ဖွယ်အစွမ်းတွေကို တစ်ဆိတ်လောက် မြည်းစမ်းကြည့်လိုမိပါရဲ့”

စကားဆုံးသည်နှင့်တစ်ပြိင်နက် သူက ရုတ်တရက် လက်ထဲတွင်ရှိသော တူနှင့် လှမ်းခုတ်လိုက်သည်။

ဤယဉ်ကျေးသိမ့်မွေ့သော လူရွယ်သည် တူကို ဓားပမာ အသုံးပြကာ ဓားသိုင်းကွက်များ ထုတ်သုံး၍ မျက်စိတစ်မှိတ်တာ ကာလအတွင်းမှာပင် ဟွာမင်းလိုအား သိုင်းကွက် ၇ ကွက်ဆင် တိုက်ခိုက်ပြီး ဖြစ်လေသည်။

လုရှောင်ဖုန်းကမူ လှုပ်ရှားခြင်းမရှိပဲ ဟိုထျန်ချင်ကိုသာ တည်ငြိမ်စွာ စိုက်ကြည့်နေလေ၏။ ဟိုထျန်ချင်း မလှုပ်ရှားသရွှေ့ သူလည်း လှုပ်ရှားရန်မလိုပေ။

ကြမ်းပြင်ပေါ်တွင်တော့ လူ ၃ ယောက် လဲကျသေဆုံးနေလေပြီ။ မွှေးနုများဖြင့် ဓားမော့က ပြတင်းပေါက်ဘောင်တွင် စိုက်ဝင်နေလေပြီး နံချက်ကူကတော့ ပြတင်းပေါက်မှ လွင့်စင်ထွက်ကျသွားလေပြီ။ လှံစွပ်တပ် ကြာပွတ်ကတော့ ၄ ပိုင်း ကျိုးထွက်သွား၏။

ဓားကို စတင် ထုတ်လိုက်သည့်အချိန်မှစ၍ ယခုတိုင် စီမင်းကျွေ့ရှယ်၏ ဓားဖျားတွင် သွေးများဆဲသည်ဟူ၍ မရှိ။

စီမင်းကျွေ့ရှယ်က ညင်သာစွာ သူ၏ ဓားကို မှုတ်ထုတ်လိုက်ရာ ဓားဖျားမှ သွေးများ တစ်စက်ပြီးတစ်စက် စီးကျလာတော့သည်။

(ကျွေ့ရှယ်သည် တရုတ်လို သွေးများစီးကျနေခြင်းဟု အဓိပ္ပါယ်ရလေသည်။)

သူ၏ မျက်နှာသွင်ပြင်မူရာက အသက်ကင်းမဲ့နေသော်လည်း ကျောက်တုံးပမာ အေးစက်သော မျက်လုံးအစုံကမူ ယန်ထယ်ရှန်းကို ကြည့်လိုက်စဉ် အရောင်တစ်ဖိတ်ဖိတ် တောက်သွား၏။

“အမှန်ဆို ခင်ဗျားကိုယ်တိုင် တိုက်ခိုက်သင့်တယ်။ အခုတော့ ခင်ဗျားကြောင့် မဆိုင်သူတွေ အသက်ဆုံးရှုံးရပြီ” စီးမင်းကျွေ့ရှယ်က အေးစက်စွာ ပြောလိုက်သည်။

“ဟားဟား ... ငါ သူတို့ရဲ့ အသက်ကို ဝယ်ထားတာ ကြာခဲ့ပြီပဲ” ယန်ထယ်ရှန်းက မထီမဲ့မြင် လှောင်ရယ်ပြောဆိုလိုက်သည်။

ထိုနောက် လက်တစ်ဖက်ကို ဝှေ့ရမ်းလိုက်သည်နှင့်တစ်ပြိက်နက် နန်းဆောင်ထဲတွင် နောက်ထပ် လူ ၆ ဦး ထွက်ပေါ်လာပြန်သည်။ သူ၏ မျက်လုံးအစုံကမူ ပြေးပေါက်ရှာသည့်အလား ဘေးဘီဝန်းကျင် လှည့်လည်ကြည့်ရှုနေသည်။

ယန်ထယ်ရှန် ရှန်းစီလေသံနှင့် ဟန်ဆောင်ပြောမနေတော့သလို မနားတမ်း “သောက်တလွဲ” များ ဖောဖောသီသီသုံး၍ ဆဲဆိုမနေတော့ပါ။ သို့သော် သူ၏နှုတ်ခမ်းမှ ထွက်သောစကားလုံးများမှာမူ နားထောင်နေသူများ၏ နားတွင်းသို့ စူးရှထက်မြသော အပ်များကို ထိုးစိုက်လိုက်သည့်အလား ထိုးဖောက်ဝင်ရောက်သွားသည်။

လုရှောင်ဖုန်းက ရုတ်တရက် ရယ်မောလိုက်ပြီး “သခင်ကြီးယန်ကလည်း နက်ရှိုင်းတဲ့ အတွင်းအားပိုင်ရှင် ဖြစ်နေတာကိုး”

“သခင်ကြီးရဲ့ သိုင်းပညာက ဒီမှာရှိတဲ့ လူတွေအားလုံးထက် သာတယ်” ဟိုထျန်ချင်းက သက်တောင့်သက်သာ ပြန်ဖြေလိုက်၏။

“ဝမ်းနည်းစရာက သူရဲ့ သိုင်းပညာဘယ်လောက်ကောင်းကောင်း အသုံးမဝင်ပါဘူး”

“ဘာလို့လဲ”

“ဘာလို့လည်းဆိုတော့ သူ့မှာ ကြီးမားတဲ့ အားနည်းချက်တစ်ခု ရှိနေလို့ပဲ”

“ဆိုပါဦး ... ဘယ်လို အားနည်းချက်မျိုးလဲ”

“သူက သေရမှာ ကြောက်တာကိုး”

စုရှောင်ရင်က “ဆက်နွယ်ဓား” ၇ ကွက်မှ ဒုတိယဓားကွက်ကို ထုတ်သုံးနေလေသည်။ ထိုဓားကွက်များက လျင်မြန်ထူးကဲ၍ အပြောင်းအလဲမြန်လှပြီး ဟွာမင်းလို၏ မျက်နှာအနားမှ ခွာသည်ဟူ၍ မရှိတော့ချေ။ ဟွာမင်းလိုကမူ ထိုင်လျက်ပင် တစ်ချက်နှစ်ချက်ဆိုသလို လက်ထဲရှိ တူတစ်ချောင်းနှင့် စုရှောင်ရင်၏ တိုက်ကွက်များကို သက်တောင့်သက်တာဖြင့် ဝှစ်ခနဲ ဝှေ့ရမ်းကာ တုန့်ပြန်ကာဆီးလိုက်လေသည်။

ဒုတိယဓားကွက်ကို ထုတ်သုံးအပြီးမှာတော့ စုရှောင်ရင်က တိုက်ခိုက်နေသည်ကို ရုတ်တရက် တန့်ရပ်လိုက်လေ၏။ ဤ အမြဲတစေပြုံးနေသော မျက်နှာပိုင်ရှင် မျက်မမြင်က သူ၏ဓားကွက်များကို သူကိုယ်တိုင်ထက်ပင် ပိုသိနေသည်ဟု ခံစားမိလိုက်သောကြောင့် ဖြစ်သည်။ သူ၏ဓားကွက်တိုင်းကို သူ ထုတ်မသုံးမီ အရင်ကပင် êကိသိနေသည့်အလား။

“ဟွာသခင်လေးကကော အော့မေဂိုဏ်းသားပဲလား မသိဘူး” စုရှောင်ရင် မနေနိုင်ပဲ မေးမြန်းလိုက်လေ၏။

ဟွာမင်းလိုက ခေါင်းကို အသာခါလိုက်ပြီး ပြုံးကာ ဖြေလိုက်သည်။ “ခင်ဗျားတို့အဖို့တော့ ဂိုဏ်းအသီးသီးက ဓားသိုင်းအသီးသီးက ကွဲပြားခြားနားတဲ့ အကွက်၊ ဟန်ပန်တွေနဲ့ပေါ့။ ဒါပေမဲ့ မျက်မမြင်တစ်ယောက်အတွက်ကတော့ ဒီလောကက ဘယ်သိုင်းကွက်မဆို အတူတူ ထူးမခြားနားတွေချည်းပါပဲ”

ဤသည်မှာ သိုင်းပညာ၏ အလေးနက်ဆုံးသော သဘောတရား ဖြစ်သည်။ စုရှောင်ရင်က နားလည်သလိုလို ရှိသွားသော်လည်း တစ်ချိန်တည်းမှာ နားမလည်နိုင် ဖြစ်နေလေ၏။ သူက ထပ်မံမေးမြန်းလိုသော်လည်း ဘာမေးရမှန်းမသိ ဖြစ်နေလေသည်။

“ခင်ဗျားကကော အော့မေရဲ့ နာမည်ကြီး ဓားခုနစ်လက်ထဲက တစ်ယောက်များလား” ဟွာမင်းလိုက မေးလိုက်၏။

“ကျနော်က အော့မေ ဓားခုနှစ်လက်ထဲက ဒုတိယမြောက် စု' ပါ” စုရှောင်ရင်က အတန်ကြာ တွေဝေနေပြီးမှ ဖြေလိုက်သည်။

“ဪ ... သူလည်း ဓားသမားပဲလား” စီမင်းကျွေ့ရှယ်က ရုတ်တရက် အေးစက်စွာ ဖြတ်မေးလိုက်သည်။ “ဒါဆို မင်းက ငါ့ကို ဘာလို့ စိန်မခေါ်သေးတာလဲ”

စုရှောင်ရင်၏မျက်နှာ အရောင်ဖျော့သွားကာ ဖျောင်းခနဲ သူ့လက်တွင်းရှိတူ နှစ်ပိုင်းကျိုးသွားလေသည်။

“အော့မေရဲ့ ဓားသိုင်းက ပြည်မမှာ အကာင်းဆုံးလို့ ဆိုကြတာပဲ။ ဒီနေ့ကြည့်ရတာတော့ လူတွေ ပြောသလောက်လည်း မဟုတ်ဘူး ထင်ပါရဲ့” စီမင်းကျွေ့ရှယ်က နူတ်ခမ်းမဲ့၍ လှောင်ပြောလိုက်လေသည်။

စုရှောင်ရင်က အံကြိတ်ပြီး ရုတ်တရပ် ထရပ်လိုက်သည်။ စီမင်းကျွေ့ရှယ်၏ ဓားထိပ်မှ နောက်ဆုံး သွေးစက်ကျဆင်းသွားသည်နှင့် အခန့်သင့်ပင် ဖြစ်၏။

လုရှောင်ဖုန်းနှင့် ဟိုထျန်ချင်းတို့ကတော့ တစ်ယောက်နှင့်တစ်ယောက် မည်သူအရင် စတိုက်ခိုက်မလဲဟု အကဲခတ်ရင်း တိတ်ဆိတ်စွာ ထိုင်လျှက်ပင်။

ကြမ်းပြင်ပေါ်၌ လူ ၇ ဦးတိတိ လဲကျသေဆုံးနေလေပြီ။ ထို ၇ ဦး အနက် တစ်ဦးမှာ ပထမတန်းစား သိုင်းပညာရှင်တစ်ဦး ဖြစ်၏။ သို့သော် ထို ၇ ဦးစလုံး မျက်စိတစ်မှိတ်ကာလအတွင်း စီးမင်ကျွေ့ရှယ်၏ ဓားအောက်တွင် သေဆုံးခဲ့ရလေသည်။

ယန်ထယ်ရှန်း မျက်လုံးအစုံတွင် ဂနာမငြိမ် တုန်လှုပ်ခြောက်ခြားရိပ်များ ပေါ်လာလေသည်။ သို့သော် သူ့အတွက် အသက်ဆုံးရှုံးသွားသူများအတွက် အနည်းငယ်မျှ စာနာသနားမိခြင်း မဖြစ်မိပေ။ သူ ဤနေရာတွင် ဆက်လက်ရှိနေသေးသည်မှာ ထွက်ပြေးလွတ်မြောက်ရန် အခွင့်အလမ်းကောင်း မရရောစးောစးွိသေး၍သာ ဖြစ်သည်။

အသက်ရှင်လျှက် ကျန်နေသေးသော အစောင့်လေးဦးမှာလည်း ဆက်လက်တိုက်ခိုက်ရန် သတ္တိ ကုန်ခန်းသွားလေပြီ။ စုရှောင်ရင် တိုက်ခိုက်ရန် ရှေ့ထွက်လာသည်ကို မြင်သည်နှင့် ချက်ချင်း လမ်းဖယ်ပေးလိုက်ကြသည်။

စုရှောင်ရင်၏ ခြေလှမ်းများက တည်တံ့ခိုင်မာသော်လည်း သူ၏ မျက်နှာကမူ သွေးရောင် လုံးဝ မရှိတော့ချေ။

“မင်း ဘယ်ဓားကို သုံးမှာလဲ” စီမင်ကျွေ့ရှယ်က အေးအေးစက်စက် ကြည့်ရင်း အေးစက်စွာ မေးလိုက်သည်။

“လူသတ်နိုင်တဲ့ ဘယ်ဓားကိုမဆို ကျနော် သုံးနိုင်တယ်” စုရှောင်ရင်က နှုတ်ခမ်းမဲ့ကာ လှောင်ဖြေလိုက်၏။

“ကောင်းပြီလေ အောက်မှာကျနေတဲ့ ဓားနှစ်လက်က မင်းêကိက်ရာ ယူပေတော့”

ကြမ်းပြင်ပေါ်ရှိ သွေးအိုင်ထက်တွင်မူ ဓားနှစ်လက် လဲလျောင်းလျက်ရှိသည်။ ဓားတစ်လက်က သွယ်ပါးရှည်လျားသလို နောက်တစ်လက်က ထူပြားလေးလံသည်။ စုရှောင်ရင်က တစ်ခဏကြာ စဉ်းစားလိုက်ပြီးနောက် ဓားတစ်လက်ကို ခြေဖျားနှင့် ထိုးကလော်တင်လိုက်ရာ ဓားက လက်ထဲသို့ အခန့်သား ရောက်ရှိလာလေသည်။

အော့မေ၏ ဓားပညာမှာ လျင်မြန်မှု၊ အပြောင်းအလဲမြန်မှုတို့ကြောင့် ကျော်ကြားသော်လည်း စုရှောင်ရင်ကမူ လေးလံသော ဓားကို ရွေးချယ်လိုက်၏။ အမှန်တော့ ဤလူရွယ်က သူ၏ ငယ်ရွယ်နုပျိုမူ ခွန်အားကိုသုံး၍ ပြင်းပြင်းထန်ထန် ဓားကွက်များနှင့် စီးမင်ကျွေ့ရှယ်၏ လျှပ်စီးကဲသို့ လျှင်မြန်ထိရောက်သော ဓားကွက်များကို တန့်ပြန်တိုက်ခိုက်ရန်ဖြစ်သည်။

ဤသည်မှာ မှန်ကန်သော ရွေးချယ်မှုဟု ဆိုရမည်။ တုကုရိဟာ၏ တပည့်အားလုံး ထက်မြက်၍ အဆုံးအဖြတ်ကောင်းလှပေသည်။

သို့သော် အချိန်အခါကတော့ လွဲမှားနေခဲ့သည်။ အမှန်ဆို သူ မည်သည့်ဓားကိုမျှ မကောက်ပဲ နေလိုက်ရမည် ဖြစ်၏။

စီမင်းကျွေးရှယ်က လူရွယ်အား စိုက်ကြည့်လိုက်ပြီး “နောင်အနှစ်နှစ်ဆယ်လောက် ကြာရင်တော့ မင်းရဲ့ ဓားပညာဟာ ငါကို ယှဉ်နိုင်ကောင်းလောက်ပါရဲ့”

“ဟုတ်ရဲ့လား” လူရွယ်က ခနဲ့လိုက်သည်။

“ဒါကြောင့် မင်းကို ငါ အခုတော့ မသတ်ချင်သေးဘူး။ နောက်အနှစ် နှစ်ဆယ် ကြာတဲ့အခါ ငါကို လာရှာ ... ဟုတ်ပြီလား”

“အနှစ်နှစ်ဆယ်ဆိုတာ ကြာလွန်းပါတယ်ဗျ။ ကျနော်တော့ အဲဒီလောက် မစောင့်နိုင်ဘူး” စုရှောင်ရင်က ရုတ်တရက် အော်ပြောလိုက်၏။

အမှန်တော့ သူက သွေးပူတတ်သော လူငယ်တစ်ဦးမျှသာ ဖြစ်၏။ သူ၏မျက်နှာ ရုတ်တရက် သွေးရောင်လွှမ်းလာသလို လက်တွင်းရှိ ဓားနှင့် အဆက်မပြတ် တိုက်ခိုက်လိုက်လေ၏။ ထူးဆန်းသည်မှာ သူ၏ဓားကွက်များတွင် ဓားမော့ဖြင့် အရှိန်ပြင်းစွာ ပိုင်းခုတ်လိုက်သလို ဓားကွက်များလည်း ရောစပ်ပါဝင်နေလေသည်။

ဤသည်မှာ တုကုရိဟာ အထူး ဖန်တီးထားသော “ဓားမော့၊ ဓားရှည် အမွှာတိုက်ကွက်” ဖြစ်ပြီး စုစုပေါင်း ၄၇ ကွက်တိတိ ပါဝင်လေ၏။ တုကုရိဟာ အော့မေ့ကို စတင်ဝင်ရောက်စဉ်က နှစ်ပေါင်း ၃ဝ နီးပါး ကြိုးပမ်းခဲ့မှုကြောင့် ဓားမော့ကို ကျွမ်းကျင်ကျင်လည်စွာ သုံးနိုင်ခဲ့ပြီး ဖြစ်၏။ ထို သူ၏ ကြမ်းတမ်းပြင်းထန်သော ဓားမော့စွမ်းရည်နှင့် အော့မေ့ဂိုဏ်း၏ လျင်မြန်၍ အပြောင်းအလဲမြန်သော ဓားရှည်စွမ်းရည်ကို ပေါင်းစပ်ကာ ဤဓားသိုင်းကို ဖန်တီးခဲ့ခြင်း ဖြစ်သည်။

ဤဓားသိုင်း ၄၇ ကွက်မှာ ဓားရှည်နှင့်သုံး၍ ရသလို ဓားမော့နှင့်လည်း အသုံးပြနိုင်သည့် တစ်ခုတည်းသော ဓားသိုင်းပညာ ဖြစ်သည်။ သိုင်းလောကအတွေ့အêကံ များပြားလှသည့် လုရှောင်ဖုန်းလို လူမျိုးပင် ဤကဲ့သို့သော ဓားသိုင်းကွက်မျိုးကို မမြင်ဖူးပေ။

စီမင်းကျွေ့ရှယ်၏ မျက်လုံးများ အရောင် တစ်လက်လက် တောက်သွားသည်။ သူ့အတွက်တော့ ကွဲပြားဆန်းသစ်သော ဓားကွက်တစ်ခုကို မြင်လိုက်ရခြင်းမှာ ကလေးငယ်တစ်ဦး အရုပ်အသစ်ဆန်း တွေ့လိုက်ရသလိုပင် ဖော်မပြနိုင်သော ဝမ်းမြောက်ပျော်ရွှင်မှုကို ခံစားမိလိုက်သည်။

စုရှောင်ရင် ၂၁ ကွက်တိတိ တိုက်ခိုက်အပြီးမှာတော့ သူ ထိုဓားသိုင်း၏ ဟာကွက်ကို တွေ့ရှိသွားလေပြီ။ ပြောပဖွယ် ကြီးကြီးမားမား ဟာကွက်မျိုး မဟုတ်သော်လည်း ထို အနည်းငယ်မျှသော ဟာကွက်က စီးမင်းကျွေ့ရှယ်အတွက် လုံလောက်ပေသည်။

သူ၏ဓားသည် ဖျတ်ခနဲ လှုပ်ရှားပြီး စုရှောင်ရင်၏ လည်မြိကို တစ်ချက်တည်း ထိုးဖောက်သွားလေတော့သည်။

ဓားထိပ်တွင်တော့ သွေးများက စွန်းပါလာသည်။ စီမင်းကျွေ့ရှယ်က ဓားထိပ်မှ သွေးစက်များကို မှုတ်ထုတ်လိုက်သည်။

ဓားကို ငေးကြည့်နေသော သူ၏မျက်ဝန်းများမှာ အထီးကျန်ဆန် ကြေကွဲမှုများဖြင့် ဖုံးလွှမ်းနေ၏။ သူက ရုတ်တရက် သက်ပြင်းချလိုက်ပြီး ရေရွတ်လိုက်သည်။ “မင်းလို ထက်ထက်မြက်မြက် လူရွယ်တိုင်း ဘာလို့ ခုလို ဆုံးပါးနေရတာလဲ။ နောင်နှစ်နှစ်ဆယ်လောက်ဆို ငါ ပြိင်ဘက်ကောင်းကို ဘယ်မှာများ သွားရှာရတော့မလဲ”

ဤစကားလုံးများသည် အခြားသူ တစ်ဦးတစ်ယောက်၏ နှုတ်မှ ထွက်ခဲ့သည်လျှင် မုန်းတီးစက်စုပ်ဖွယ် ဖြစ်နေမည်မှာ ဧကန်ပင်။ သို့သော် စီမင်းကျွေ့ရှယ်၏ နှုတ်မှ ထွက်လာသောအခါ ပြောမပြနိုင်အောင် ကြေကွဲဝမ်းနည်းမှုနှင့် အထီးကျန်မှုကို သယ်ဆောင်လာသည်။

“ဒီလိုဆိုလည်း မင်းက သူ့ကို ဘာလို့ သတ်လိုက်ရတာလဲ” ဟွာမင်းလိုက ရုတ်တရက်မေးလိုက်၏။

“ဘာလို့လဲဆိုတော့ ငါသိသမျှ ဓားကွက်မှန်သမျှ လူသတ်တဲ့ ဓားကွက်တွေပဲ ဖြစ်နေလို့” စီးမင်းကျွေ့ရှယ်က လေးလံစွာ ပြန်ဖြေလိုက်သည်။

ဟွာမင်းလိုက သူ ရိုးသားစွာပြောနေမှန်း သိသောကြောင့် သက်ပြင်းတစ်ချက် ချလိုက်သည်။ ဤလူသုံးသမျှ ဓားကွက်တိုင်းသည် အပြီးသတ် အသက်နူတ်ယူရန် ဖြစ်သည်။ ရှောင်လွှဲဖို့ မဖြစ်နိုင်သလို နောက်ဆုတ်၍လည်း မဖြစ်နိုင် ... သူ့ဓားကို ပိုင်းခုတ်လိုက်သည်နှင့် ရန်သူသာမက သူလည်း ရွေးချယ်ပိုင်ခွင့် မရှိတော့သော “သူသေကိုယ်သေ” ဓားကွက်မျိုး။

နန်းဆောင်ပြင်မှ လေညှင်းက လန်းဆန်းတက်ကြွဖွယ် ကြာရနံ့ကို ဆောင်ယူ၍ တိုးဝင်လာသည်။ သို့သော်လည်း အဆောင်တွင်းရှိ သွေးညှီနံ့များကိုတော့ လွှမ်းမိုးသွားနိုင်ခြင်း မရှိပေ။

စီမင်းကျွေ့ရှယ်က ယန်ထယ်ရှန်းဘက်သို့ လှည့်၍ အေးစက်စွာ ပြောဆိုလိုက်၏။ “ခင်ဗျား အေးအေးဆေးဆေး ဆက်ထိုင်နေရင် ကျုပ် ခင်ဗျားကို မတိုက်ခိုက်ဘူး။ ဒါပေမဲ့ ခင်ဗျား ထွက်ပြေးဖို့ êကိးစားရင် သေရလိမ့်မယ်”

“ငါက ဘာလို့ ထွက်ပြေးရမှာလဲ။ မင်းတို့ ဘာလို့ ခုလို လုပ်နေကြတယ်ဆိုတာတောင် ငါ မသိသေးဘူး” ယန်ထယ်ရှန်းက ပြုံး၍ ဆို၏။

“ခင်ဗျား သိပါတယ်” လုရှောင်ဖုန်းက သက်ပြင်းချ၍ ဆိုလိုက်သည်။

“မသိဘူး”

“ဒါဆို ယန်လိပန့်ကော၊ သူကော သိရဲ့လား၊”

ယန်ထယ်ရှန်း၏ မျက်လုံးအစုံ ဂနာမငြိမ် ဖြစ်လာပြန်သည်။ သူ၏ ဖြူဖြူဖိုင့်ဖိုင့် မျက်နှာပေါ်တွင် ထိတ်လန့်ခြောက်ခြားဟန်များ ပေါ်လာ၏။ မျက်နှာပုံပန်းသွင်ပြင်မှာလည်း တစ်ခဏတာအတွင်း နှစ်ပေါင်းများစွာ ကြီးရင့်သွားခဲ့သလိုပင်။ အချိန် အတော်ကြာမှ သူ သက်ပြင်းတစ်ချက် ချလိုက်ပြီး ရေရွတ်လိုက်သည်။

“ယန်လိပန့် သေဆုံးသွားခဲ့တာ ကြာပြီပဲ။ မင်းတို့ ဘာလို့ သူ့ကို ခုထိ ရှာနေရတာလဲ”

“သူ့ကို ရှာနေတာ ကျုပ်တို့ မဟုတ်ဘူး” လုရှောင်ဖုန်းက ပြန်ဖြေလိုက်သည်။

“ဒါဆို ဘယ်သူလဲ”

“ရွှေဂဠုန် ဧကရာဇ်”

ထိုနာမည်ကို ကြားလိုက်သည်နှင့် ယန်ထယ်ရှန်း၏ နဂိုကတည်းက ပုံပျက်နေသောမျက်နှာ ပို၍ တုန်လှုပ်ခြောက်ခြားသွားလေသည်။ ရုတ်တရက် နန်းဆောင်တွင်း ဖျတ်ခနဲ မီးရောင် လက်သွားသလို သူ၏ခန်ဓာကိုယ်ျ် ဂျင်ကဲ့သို ချာချာလည်သွားလေသည်။

ထိုမီးရောင်နှင့်အတူ မိုးသက်မုန်တိုင်းကြားမှ ရေစက်များသဖွယ် အပ်အစင်းပေါင်း မြောက်များစွာ စီမင်းကျွေ့ရှယ်၊ ဟွာမင်းလိုနှင့် လုရှောင်ဖုန်းတို့ထံ ပြေးဝင်လာသည်။ ဤအခိုက်အတန့်လေးတွင်ပင် ဓားရိပ်ဓားရောင်များ ထိုမီးရောင်ကြား လှုပ်ရှားပျံ့နှံ့သွားသည်။ ထိုဓားရိပ်ဓားရောင်များမှာ အေးစိမ့်နေပြီး ဝါးပင်များကြား ဖြတ်တိုက်သွားသော လေပွေသဏ္ဌာန် မြည်တွန်သွားသည်။ ချက်ချင်းဆိုသလိုပင် ထိုမီးရောင်နှင့် ဓားရိပ်ဓားရောင်များ ပျောက်ကွယ်သွားသလို လုရှောင်ဖုန်းတို့ ထိုင်နေခဲ့သော နေရာတွင်မူ နှစ်ခြမ်းကွဲပြီး မျက်နှာကြက်မှ ကျလာသည့် ပုလဲလုံးများကို တွေ့လိုက်ရသည်။

မြန်လိုက်သော ဓားဖြစ်၏။ သို့သော် ယန်ထယ်ရှန်လည်း ထွက်ခွာသွားခဲ့လေပြီ။ လုရှောင်ဖုန်းလည်း သူနှင့်အတူ ပျောက်ကွယ်သွားသည်။

ခပ်လှမ်းလှမ်းရှိ ကြာကန်ထက်တွင်မူ လူရိပ်တစ်ခု ... ကြာရွက်ပေါ်တွင် ခြေဖျားထောက် ခုန်ပျံကျော်လွှား ဆင်းသက်လိုက်သော လူရိပ်တစ်ခုကို မြင်လိုက်ရသည်။

အမှန်တော့ လူက နှစ်ယောက်ဖြစ်သည်။ သို့သော် ရှေ့မှ ပြေးနေသူနှင့် နောက်မှလိုက်နေသူ နှစ်ဦးလုံး ယှက်ထွေးကာ တစ်ဦးတည်းပမာ မြင်နေရသည်။

ချက်ချင်းဆိုသလိုပင် ဖျောက်ခနဲ ထိုအရိပ်သည်လည်း ပျောက်ကွယ်သွားလေသည်။ သို့သော် လေထဲတွင် အဝတ်အစားများ တဖျပ်ဖျပ် လွင့်နေသံများကို နန်းဆောင်တွင်း ကြားလိုက်ရပြန်သည်။

ထိုနောက် ယန်ထယ်ရှန်း ရုတ်တရက် နန်းဆောင်တွင်း ပြန်ပေါ်လာလေ၏။ လုရှောင်ဖုန်းလည်း မည်သည့်အခါကမျှ ထွက်ခွာသွားခြင်း မရှိခဲ့သလိုပင် သူ့နဂို ထိုင်ခုံတွင် ပြန်ပေါ်လာလေသည်။

ယန်ထယ်ရှန်းသည်လည်း မူလ ထိုင်နေရာတွင်ပင် ဖြစ်သော်လည်း နောက်သို့မှီထားရပြီး အသက်ကို အနိုင်နိုင် ရှုနေရ၏။ ဤခဏတာအတောအတွင်း သူ့အသက် နှစ်ပေါင်းများစွာ ကြီးရင့်သွားလေသည်။

သူ နန်းဆောင်အတွင်း စဝင်လာစဉ်က တက်ကြွသော လူလတ်ပိုင်းအရွယ်ဟု ထင်ရသည်။ မျက်နှာမှာ ကြည်လင်ရှင်းသန့် ချောမွေ့နေသလို မုတ်ဆိတ်မွှေး အရိပ်အယောင်မျှလည်း မမြင်ရပေ။ သို့သော် ယခုမူ သူ့အသက် ၈ဝ ကျော်ပြီမှန်း လူတိုင်း ပြောနိုင်သည်။ သူ၏မျက်နှာ တွဲကျနေပြီး မျက်တွင်းများလည်း နက်လာလေသည်။

“ကျုပ် ........ ကျုပ် အသက်ကြီးနေပြီ” ယန်ထယ်ရှန်း အသက်ပင်မှန်အောင် မရှုနိုင်ပဲ ဝန်ခံလိုက်သည်။

လုရှောင်ဖုန်း သူ့ကို အသာစိုက်ကြည့်လိုက်ပြီး သက်ပြင်းချလိုက်လေ၏။

“အင်း .... ခင်ဗျား အသက်ကြီးနေပြီ”

“မင်းတို့ ဘာလို့ လူအိုတစ်ယောက်ကို ဒီလို ပြမူဆက်ဆံကြရတာလဲ”

“ဘာလို့လဲဆိုတော့ ခင်ဗျားက တစ်ခြားလူတစ်ယောက်ကို အကြွေးတင်နေတာကိုး။ အသက် ဘယ်လောက်ပဲ ကြီးနေနေ ခင်ဗျား ပြန်ဆပ်ဖို့လိုလိမ့်မယ်”

“ငါ တင်ခဲ့ဖူးသမျှ အကြွေးတွေအားလုံး ပြန်ဆပ်ခဲ့ပြီးပြီ။ ငါ တစ်ခြား ဘယ်သူ့ကို ဘာအကြွေးများ တင်နေလို့လဲ”

“ခင်ဗျား အကြွေး မတင်ခဲ့ဘူးပဲ ထားပါတော့။ ဒါပေမဲ့ ယန်လိပန့်ကော မတင်ခဲ့ဘူးလား”

ယန်ထယ်ရှန်း၏ မျက်နှာ တုန်လှုပ်ခြောက်ခြားသွားပြန်ပြီး နာကြည်းစွာ ဟစ်အော်လိုက်သည်။ “ဟုတ်တယ် .... ငါ ယန်လိပန့်ပဲ .........”

ထိုစဉ် သူ ရုတ်တရက် ရပ်တန့်သွားသလို တုန်လှုပ်နေသောသူ၏ မျက်နှာမှာလည်း ရုတ်တရက် တည်ငြိမ်သွားလေသည်။

ထိုနောက် သူ့ရင်ဘတ်မှ နီရင့်ရင် ပန်းတစ်ပွင့် ရုတ်တရုတ် ပွင့်ဖူးလာသလို သွေးများ စီးပန်းထွက်လာသည်ကို တွေ့လိုက်ရသည်။

သွေးများ ဒလဟော ပန်းထွက်နေသည် ရပ်တန့်သွားသည့်အခါမှ သူ၏ ရင်ဘက်တွင် စိုက်ဝင်နေသည် ဓားတစ်လက်ကို မြင်လိုက်ရလေသည်။

သူ ရင်ဘတ်ကို ငုံ့ကြည့်လိုက်ပြီး ဝင်းလက်တောက်ပနေသော ဓားဖျားကို မြင်လိုက်ရသည့်အခါ စိတ်ရှုပ်ထွေးအံဩသင့်သော အရိပ်အယောင်များ ပေါ်လာသည်။

သို့သော် သူ မသေသေးပါ။ ရင်ဘတ်အစုံကမူ အကော်ဒီယံအလား နိမ့်ချည်မြင့်ချည်ဖြင့် ဖုတ်လှိုက်ဖုတ်လှိုက် ဖြစ်နေလေသည်။

ဟိုထျန်ချင်း၏ မျက်နှာမှာ ကျောက်တုံးပမာ အေးစက်သွားပြီး မတ်တပ် ထရပ်ကာ မေးလိုက်၏။ “ဘယ်သူ လုပ်တာလဲ။ ဘယ်သူ လုပ်လိုက်တာလဲ”

“ကျမ လုပ်လိုက်တာ” ကြည်လင်၍ ခေါင်းလောင်းပမာ ချိုသာသော အသံဖြင့် မိန်းမပျို တစ်ဦး ပျံလွှားသဖွယ် ပြတင်းပေါက်မှ ခုန်ဝင်လာသည်။ သူမ၏ ကိုယ်ရှိ အဝတ်အစားများမှာမူ နက်မှောင်၍ ရေများ ရွှဲရွှဲဆိုနေသောကြောင့် ငါးအရေခွံပမာ ခန်ဓာကိုယ်ျ်ကို ကပ်နေလေသည်။ သူမ၏ သွယ်လျသော ခန်ဓာကိုယ်ျ်မှလညျး ရေများ တစ်စက်စက် ကျနေသည်။ အပြင်ဘက်ရှိ ကြာကန်ထဲမှ ထွက်ပေါ်လာသည်မှာ ထင်ရှားလေသည်။

ယန်ထယ်ရှန်း သူ၏ မျက်လုံးအစုံကို အားယူဖွင့်လိုက်ပြီး သူမကိုတွေ့လိုက်၍ တုန်လှုပ်သွားဟန်ဖြင့် ရှိသမျှ အင်အားများကို စုစည်းကာ လေးလုံးမျှသော စကားကို ဆိုလိုက်၏။

“မင်း .... မင်း .... ဘယ်သူလဲ”

သူမက ဦးခေါင်းတွင် ပတ်ထားသော ပဝါကို ဖြတ်ယူလိုက်ပြီး နူးညံ့နက်ပြောင်သော ဆံကေသာများ ပုခုံးထက်သို့ အထွေးလိုက် ကျလာကာ သူမ၏ မျက်နှာမှာ ပိုမို၍ ဖြူဖျော့လှပသွားစေ၏။ သို့သော ယန်ထယ်ရှန်းကို စိုက်ကြည့်နေသော သူမ၏ မျက်လုံးများတွင်မူ နာကြည်းမုန်းတီးမှုများဖြင့် ပြည့်နှက်နေလေသည်။

“ကျမက ရွှေဂဠုန်တိုင်းပြည်ရဲ့ တန့်ဖုန်းမင်းသမီးပဲ။ ရှင့်ကို အကြွေးပြန်ဆပ်ဖို့ ရှာခိုင်းလိုက်တယ်ဆိုတာ ကျွန်မပဲ” သူမက ရက်စက်စွာ ပြန်ဖြေလိုက်လေ၏။

ယန်ထယ်ရှန်း သူမကို တုန်လှုပ်ခြောက်ခြားစွာဖြင့် ကြည့်လိုက်လေသည်။ ရုတ်တရက် မျက်လုံးအစုံ ပြူးထွက်လာပြီး ခန်ဓာကိုယ်ျ် ကျိုးကျသွားလေသည်။ သူ မည်သည့်အခါမျှ လှုပ်နိုင်တော့မည် မဟုတ်ပါ။ ပြူးထွက်နေသော မျက်လုံးအစုံတွင်မူ ထူးဆန်း၍ ဝေခွဲမရနိုင်သော အမူအရာကို တွေ့လိုက်ရသည်။ ထိတ်လန့်တုန်လှုပ်မှု လေပဲလား၊ နာကြည်းဒေါသ လေပဲလား၊ ကြောက်ရွံ့ခြောက်ခြားမှု လေပဲလား မပြောနိုင်ပေ။

ဓားက ရင်ဘက်တွင်း စိုက်လျက် ရှိနေသေးသောကြောင့် ကြမ်းပြင်ပေို့ ပစ်လဲ မကျသွားပါ။ သွေးကော ဓားပင် အေးခဲလျက် ရှိနေလေပြီ။

တန့်ဖုန်းမင်းသမီးလေးသည် ဖြည်းညှင်းစွာ လျှောက်ဝင်လာပြီး လှည့်ကြည့်လိုက်လေသည်။ သူမ၏ မျက်နှာထက်ရှိ နာကြည်းမုန်းတီးမှုများကတော့ ဝမ်းနည်းကြေကွဲမှု အသွင်ပြောင်းသွားလေပြီ။

သူမ လုရှောင်ဖုန်းကို စကားလှမ်းပြောမည်ဟန်အလုပ်ပင် စီးမင်ကျွေ့ရှယ်က ရုတ်တရက် လှမ်းမေးလိုက်သည်။ “မင်းကော ဓား သုံးတာပဲလား”

တန့်ဖုန်းမင်းသမီးလေးသည် ခေတ္တခဏမျှ ကြောင်သွားပြီး ခေါင်းညိတ်ပြလိုက်သည်။

“ဒီနေ့ကစပြီး မင်း နောက်တစ်ခါ ဓား ထပ်သုံးခဲ့ရင် မင်းကို ငါ သတ်ရလိမ့်မယ်”

တန့်ဖုန်းမင်းသမီးလေးက ထိတ်လန့်တုန်လှုပ်သွားပြီး မေးလိုက်သည်။ “ဘာလို့လဲ”

“ဓားဆိုတာ နောက်ကနေ သတ်ဖို့ မဟုတ်ဘူး။ နောက်ကနေ လူသတ်တယ်ဆိုရင် မင်း ဓားသုံးဖို့ မထိုက်တန်သေးဘူး.”

ထိုနောက် သူ၏လက်ကို ရုတ်တရက်မြှောက်ပင့်လိုက်ရာ ထန်ခနဲ သူ၏ဓားဖျားသည် ယန်ထယ်ရှန်းရင်ဘက်ရှိ ဓားဖျားနှင့် တိုက်သွားကာ ယန်ထယ်ရှန်း၏ ခန်ဓာကိုယ်ျ် ကြမ်းပြင်ပေါ်သို့ ပြိုလဲကျသွားသလို ၎င်းဓားမှာလည်း ကြာကန်ထဲသို့ လွင့်စင်ကျသွားလေသည်။

စီးမင်းကျွေ့ရှယ်ကမူ နန်းဆောင်ပြင်သို့ပင် ရောက်နေလေပြီ။ သူ၏ သွေးများစွန်းထင်းနေသော ဓားကို မြှောက်ကိုင်ပြီး လက်ကို အသာလှုပ်ရမ်းလိုက်သောအခါ ဓားသည် ၆ ပိုင်းကျိုး၍ ကြမ်းပြင်ပေို့ ကျသွားလေသည်။

လေပြည်ညှင်းတစ်ချက် တိုးဝှေ့တိုက်ခတ်လာပြန်သည်။ ညနှင်းမြူတို့လည်း ကြာကန်ထက် ဝေဆိုင်းစပြလာပြီ။ စီမင်းကျွေ့ရှယ်ကား ထိုမြူနှင်းများကြား တိုးဝင်ပျောက်ကွယ်သွားလေပြီ။

ဟိုထျန်ချင်းကား လှုပ်ရှားချင်း အလျင်းမရှိသေးပဲ နောက်သို့မှီ၍ ထိုင်ချလိုက်လေသည်။ သူ၏မျက်နှာသွင်ပြင်ကမူ ကျောက်တုံးပမာ အမူအရာ ကင်းမဲ့နေလေသည်။

သို့သော် ရံဖန်ရံခါတွင် ဤသို့ အမူအရာ ကင်းမဲ့နေခြင်းသည်လည်း ကြေကွဲဝမ်းနည်းဖွယ်၍ ဖြစ်ကြောင်း လုရှောင်ဖုန်း သိပါသည်။

“ယန်ထယ်ရှန်းက ရွှေဂဠုန်တိုင်းပြည်ရဲ့ သစ္စာဖောက်ပဲ။ ဒါကြောင့်မို့လို့ ဒီပြဿနာဟာ အတွင်းရေး ပြဿနာလို့ ပြောနိုင်ပါတယ်။ အပြင်လူတွေ ဝင်ရောက် စွက်ဖက်စရာလိုတဲ့ ကိစ္စမျိုး မဟုတ်ဘူးလေ” လုရှောင်ဖုန်း သက်ပြင်းချ၍ ပြောလိုက်လေသည်။

“ကျုပ် သိပါတယ်” ဟိုထျန်ရှန်းက ခေါင်းညိတ်ပြလိုက်လေသည်။

“ဒါဆို ခင်ဗျား ကိုယ့်ကိုယ်ကိုယ် အပြစ်တင်နေစရာ မလိုပါဘူး”

ဟိုထျန်ချင်းက အတန်ကြာအောင် တိတ်ဆိတ်နေပြီးနောက် ရုတ်တရက် ပြန်ဖြေလေ၏။ “ဒါပေမဲ့ ခင်ဗျားကို ဒီနေရာ ဖိတ်ခေါ်ခဲ့တာ ကျုပ်လေ”

“အဲဒီတော့ ... “

“ခင်ဗျားသာ မရောက်လာခဲ့ရင် အနည်းဆုံးတော့ ယန်ထယ်ရှန်း ဒီနေ့ သေဦးမှာ မဟုတ်သေးဘူး”

“ခင်ဗျား ဘာပြောချင်တာလဲ”

“ကျုပ်ပြောချင်တာက ခင်ဗျားရဲ့ 'ဇာမဏီ ဝဲပျံ' ကိုယ်ဖော့ပညာနဲ့ နာမည်ကျော်ကြားလှတဲ့ 'နှလုံးသား စိတ်ကူး' သိုင်းစွမ်းရည်ကို တွေ့မြင်ချင်တယ်လို့”

“ခင်ဗျားက ကျုပ်နဲ့ တစ်ကယ်ပဲ တိုက်ခိုက်ချင်လို့လား” လုရှောင်ဖုန်း ဟန်ဆောင် ပြုံးကာ မေးလိုက်သည်။

“ဟုတ်တယ်”

လုရှောင်ဖုန်းက သက်ပြင်းချလိုက်လေသည်။ ထိုစဉ် တန့်ဖုန်း မင်းသမီးလေးက ရုတ်တရက် ရှေ့ထွက်ပြီး အော်ပြောလိုက်သည်။ “ရှင် သူနဲ့ တိုက်ခိုက်စရာ မလိုပါဘူး။ တိုက်ချင်းတိုက် ကျမနဲ့ တိုက်ရမှာ”

“မင်းနဲ့ ..... ဟုတ်လား”

“ယန်ထယ်ရှန်းကို အနောက်ကနေ ထိုးသတ်လိုက်တာ ကျွန်မပဲ။ နောက်ကနေ လူသတ်တာပဲ ကျမ တတ်သလားဆိုတာ ရှင် စမ်းကြည့်ပါလား” သူမက နှုတ်ခမ်းမဲ့ကာ လှောင်ပြောလိုက်လေသည်။

သူမ စီမင်းကျွေ့ရှယ်၏ အကြိမ်းမောင်း ခံထားရစဉ်က မြိသိပ်ထားရသော မချင့်မရဲ စိတ်ပျက်မှုများကို တစ်နေရာမဟုတ် တစ်နေရာတော့ လွှဲချရမည် မဟုတ်လား။ ဟိုထျန်ချင်းမှာ ထိုလွှဲချခံလိုက်ရသော နေရာ ဖြစ်သည်။

ဟိုထျန်ချင်းက သူမကို စိုက်ကြည့်လိုက်ပြီး ညှင်သာစွာ ဖြေလိုက်၏။ “ယန်ထယ်ရှန်း မင်းအပေါ်တင်နေသမျှ အကြွေးတွေကို ငါ ပြန်ဆပ်ပေးမယ်။ အခုတော့ မင်း သွားနိုင်ပြီ။”

“ရှင် ကျမနဲ့ တိုက်ခိုက်ဖို့ သတ္တိမရှိဘူး မဟုတ်လား”

“ငါ မတိုက်ခိုက်ရဲတာ မဟုတ်ပါဘူး။ မတိုက်ခိုက်ချင်တာ”

“ဘာလို့လဲ”

“ဘာလို့လဲဆိုတော့ မင်း ငါ့ကို နိုင်ဖို့ဆိုတာ လုံးဝ မဖြစ်နိုင်လို့ပဲ” ဟိုထျန်ချင်း သက်တောင့်သက်တာဖြင့် ပြန်ဖြေလိုက်သည်။

တန့်ဖုန်း မင်းသမီးလေး၏ မျက်နှာမှာ ဒေါသဖြင့် ရဲခနဲ ဖြစ်သွားကာ ဟိုထျန်ချင်း၏ မျက်လုံးအစုံအား ထိုးဖောက်တော့မည့်အလား သူမ၏ လက်ချောင်းနှစ်ချောင်းကို ဆန့်ထုတ်လိုက်လေသည်။ သူမ၏ လက်ချောင်းလေးများမှာ ထွက်သစ်စ အဖူးအညွှတ်ပမာ နုနယ်လှသော်လည်း သူမ၏ တိုက်ကွက်ကမူ အလွန်ရက်စက်ကြမ်းêကတ်၍ လျင်မြန်လှပေသည်။

ဟိုထျန်ချင်း၏ ပုခုံးများ လုံးဝ လှုပ်ရှားခြင်း မရှိသလို လက်များလည်း လှုပ်ရှားခြင်း မရှိပါ။ သို့သော် သူ၏ ခန်ဓာကိုယ်ျ်ကမူ နောက်သို့ ပေ ၂ဝ ကျော် ပျံဆုတ်သွားလေ၏။ ထိုနောက် ယန်ထယ်ရှန်း၏ ခန်ဓာကိုယ်ျ်ကို ကောက်ယူလိုက်ပြီး လုရှောင်ဖုန်းအား လှမ်းပြောလိုက်၏ “လုရှောင်ဖုန်း ... ကျုပ် ခင်ဗျားကို လေစိမ်းလွင်ပြင် နေထွက်ချိန်မှာ စောင့်နေမယ်။”

သူ၏ စကားမဆုံးသေးမီပင် ဟိုထျန်ချင်း နန်းဆောင်ပြင်သို့ ရောက်နေလေပြီ။

တန့်ဖုန်းမင်းသမီးကတော့ နူတ်ခမ်းကို ကိုက်ပြီး ငိုတော့မည့်အလား စိတ်ဆိုးစွာဖြင့် ခြေနှစ်ဖက်ကို ဆောင့်လိုက်လေသည်။

လုရှောင်ဖုန်း ရုတ်တရက် မပြုံးဘဲ မနေနိုင်ဖြစ်သွားပြီး “မင်းသာ မင်းရဲ့ 'ဇာမဏီအပ်ပျံံ' သိုင်းကွက်ကို ထုတ်သုံးလိုက်ရင် သူ အခုလို ထွက်ပြေးလွတ်မြောက်သွားမှာ မဟုတ်ဘူး”

“ဇာမဏီအပ်ပျံ ဟုတ်လား၊ ရှင် ဘာတွေ ပြောနေတာလဲ၊” တန့်ဖုန်းမင်းသမီးလေး စိတ်ရှုပ်ထွေးစွာဖြင့် မေးလိုက်သည်။

“မင်းရဲ့ကိုယ်ပိုင် လျို့ဝှက်လက်နက်ပုန်းသိုင်းကွက် 'ဇာမဏီအပ်ပျံ' လေ”

တန့်ဖုန်း မင်းသမီးလေးလည်း သူ့အား အတန်ကြာ စိုက်ကြည့်နေပြီးနောက် မှဲ့ပြုံးပြုံး၍ ပြောလိုက်သည် “ကျမက လူကို အနောက်က သတ်နိုင်ရုံသာမက လက်နက်ပုန်းတွေနဲ့လည်း သတ်နိုင်တယ်ပေါ့ ဟုတ်လား”

“လက်နက်ပုန်းဆိုတာလည်း လက်နက်ပဲလေ။ သိုင်းလောကမှာ အဲဒီလို လက်နက်ပုန်း တွေသုံးတဲ့ လူကောင်းတွေလည်း အများကြီးပဲ”

“ဒါပေမဲ့ ကျမ လက်နက်ပုန်း တစ်ခါမှ မသုံဖူးဘူး။ 'ဇာမဏီအပ်ပျံ' ဆိုတာကို တစ်ခါမှ ကြားတောင် မကြားဖူးဘူး”

သူမ၏ အဖြေက လုရှောင်ဖုန်းကို အံဩသင့်သွားစေခြင်း မရှိပါ။ သူမေးမြန်းရသည့် အကြောင်းရင်းမှာလည်း ကဝေမလေး (ရှူးအာ) သူ့ကို လိမ်ခဲ့သည်မှန်း သေချာသွားအောင်လို့သာ ဖြစ်၏။

“ရှင် ကျမကို စိတ်ဆိုးနေတာ သိပါတယ်။ ဒါကြောင့်မို့လည်း ကျမကို ပေါက်တတ်ကရတွေ လျှောက်မေးနေတာပေါ့” သူမက နှုတ်ခမ်းကို ကိုက်၍ ပြောလိုက်သည်။

“မင်းကို ကိုယ်က ဘာလို့ စိတ်ဆိုးရမှာလဲ”

“ရှင် ကျမ ဒီကို မလာသင့်ဘူး၊ ပြီးတော့ ယန်ထယ်ရှန်းကိုလည်း မသတ်လိုက်သင့်ဘူးလို့ ထင်နေတယ် မလား” သူမ၏ မျက်ဝန်းများမှာ မတရားစွပ်စွဲခြင်း ခံလိုက်သလို မျက်ရည်များ လျှံတက်လာသည်။ သူမက အားယူပြီး ဆက်ပြောလိုက်သည် “ဘာလို့လဲဆိုတော့ ရှင်က သူကြောင့် ကျမတို့ မိသားစု ဘယ်လောက် နာကျင်ခံစားခဲ့ရတယ်ဆိုတာ ရှင် ဘယ်တော့မှ နားလည်မှာမှ မဟုတ်ဘဲ။ သူသာ သစ္စာ ရှိခဲ့မယ်ဆိုရင် ကျမတို့ တိုင်းပြည်ကို ပြန်လည်သိမ်းယူပြီး ကျမရဲ့ အဘိုးအတွက်လည်း ကလဲ့စားချေနိုင်ကောင်း ချေနိုင်ခဲ့လိမ့်မယ်။ ဒါပေမဲ့ အခုတော့ ........ အခုတော့ ......... “

စကားမဆုံးမီပင် သူမ မျက်ရည်မဆည်နိုင်တော့ပဲ ပါးပြင်ပေါ်သို့ မျက်ရည်များ တလိမ့်လိမ့် ဆင်းလာလေတော့သည်။ လုရှောင်ဖုန်း ဘာကိုမျှ ပြောဆိုနိုင်ခြင်း မရှိတော့ပါ။

မိန်းမတို့၏ မျက်ရည်မှာ အစွမ်းထက်ဆုံးသော လက်နက်မဟုတ်ပါလို့ မည်သူ ပြောရဲပါသနည်း။ အထူးသဖြင့် မိန်းမလှတို့၏ မျက်ရည် ... မိန်းမလှတို့၏ မျက်ရည်ကား တန်ဖိုးကြီးလှဆိုသော ပုလဲရတနာများထက်ပင် အဖိုးထိုက်လှပေသည်။

မြန်မာကျူးပစ်ဖိုရမ်မှ မိတ်ဆွေတစ်ဦးဖြစ်သူ ကို trhura ပြန်ဆိုထားခြင်းဖြစ်ပါသည်။ 
All credits go to trhura. Thanks for letting me use your translation work.

0 comments:

Post a Comment