Thursday, March 10, 2011

(၅) အဝေးတစ်နေရာမှတေးသံသာ

ဇီးပန်းတစ်ထောင်ရဲတိုက်တွင် မည်သည့်ဇီးသီးမျှ မရှိနေပါ။


၄လပိုင်းဖြစ်သည်။ တောင်တန်းပေါ်တွင် မက်မုံပန်းများပွင့်ဖူးနေကြပြီး ယောက်ဖခွေးခေါ်ငှက်လေးများ တွန်သံကျူးနေကြ၏။

တစ်လောကလုံး ပန်းများငွါးငွါးစွင့်စွင့် ဖူးပွင့်နေကြသောကြောင့် ဟွာမင်းလိုကို ကြည့်ရသည်မှာ ဤနေရာ၌ပင် တစ်သက်လုံး အခြေချ နေထိုင်သွားတော့မည့်ပုံရှိနေသည်။ ရုတ်တရက်... သူ၏ တည်ကြည်ငြိမ်းချမ်းနေသော မျက်နှာထက်တွင် ဖော်မပြနိုင်သော အမူအယာများ ထွက်ပေါ်လာသည်မှာ ချစ်ဦးသူက သူမထံကို လျှောက်လှမ်းလာသည်ကို တွေ့လိုက်ရသော မိန်းမငယ်လေးတစ်ယောက်၏ အမူအယာမျိုး ဖြစ်နေ၏။

လုရှောင်ဖုန်း စိတ်မရှည်နိုင်တော့ချေ။ “မင်းရဲ့ စိတ်ခံစားချက်ကိုတော့ မဖျက်ဆီးချင်ပါဘူး။ ဒါပေမဲ့ မှောင်သွားတာနဲ့ စီမင်းကျွေ့ရှယ်က ဘယ်ဧည့်သည်မှ လက်ခံတွေ့ဆုံမှာ မဟုတ်တော့ဘူးကွ။”

“မင်းကိုတောင်မှ ထွက်မတွေ့တော့ဘူးလား။”

“သိကြားမင်းကိုတောင်မှ ထွက်မတွေ့သေးဘူး။”

“သူ ဒီမှာမရှိရင် ဘယ်လိုလုပ်မလဲ။”

“သူ ဒီမှာ ရှိကိုရှိနေရမယ်။ တစ်နှစ်ပတ်လုံးနေမှ ၄ ခါထပ်ပိုပြီး အပြင်ကို မထွက်တတ်ဘူး။ သူ အပြင်ထွက်ပြီဆိုရင်လည်း လူသတ်ဖို့ ထွက်တာပဲ။”

“ဒါဆိုရင် တစ်နှစ်လုံးနေမှ လူ ၄ ယောက်ပဲ သတ်တယ်ပေါ့။”

“သူတို့အားလုံးဟာ သေသင့်တဲ့သူတွေပါ။”

“ဘယ်သူကများ အသတ်ခံသင့်တာလဲ။ သူတို့ သေသင့်တယ်လို့ ဘယ်သူကများ ဆုံးဖြတ်နိုင်ရတာလဲ။”

ဟွာမင်းလိုသည် ရုတ်တရက် သက်ပြင်းချလိုက်ပြီးမှ ဆက်ပြောလိုက်သည်။ “မင်းဘာမင်းပဲ သွားတော့။ ငါတော့ ဒီနေရာမှာပဲ စောင့်နေမယ်။”

လုရှောင်ဖုန်း ဘာမှ မပြောဆိုတော့ပါ။ အဘယ်ကြောင့်ဆိုသော် သူ၏ ဤသူငယ်ချင်းဖြစ်သူအကြောင်းကို အူမချေးခါးမကျန် သိထားသောကြောင့်ဖြစ်၏။

ဟွာမင်းလို စိတ်ဆိုးဒေါသထွက်သည်ကို မည်သူမျှ မမြင်တွေ့ဖူးကြပါ။ ထို့အတူ သူ စိတ်ပိုင်းဖြတ်ထားပြီးပြီ ဆိုလျှင်လည်း ဘယ်သူမှ ဖျောင်းဖြ နားချနိုင်လိမ့်မည် မဟုတ်ချေ။

ဟွာမင်းလိုသည် ပန်းပွင့်များ ရှိနေသော တောင်ကုန်းဘက်သို့ မျက်နှာမူထားပြီး လုရှောင်ဖုန်းကို အကြံပေးလိုက်သည်။ “သူနဲ့တွေ့တာနဲ့ ငါပြောတဲ့နည်းနဲ့ စမ်းသပ်ကြည့်ပါ။ မအောင်မြင်ဘူးဆိုမှ မင်း လုပ်ချင်တာလုပ်တော့။”

+++++

အခန်းတွင်းတွင် မည်သည့် ပန်းပွင့်မျှ မရှိနေပါ။ သို့သော် ခပ်သဲ့သဲ့ရနေသော ပန်းရနံ့များက စီမင်းကျွေ့ရှယ် အတိုင်းပင်။

နွယ်ကြိုးများဖြင့် ယက်လုပ်ထားသော နူးညံ့သည့်ထိုင်ခုံပေါ်တွင် စီမင်းကျွေ့ရှယ် ထိုင်နေပြီး လုရှောင်ဖုန်းကို စိုက်ကြည့်နေ၏။ သူ့လက်ထဲမှ အရက်ခွက်ထဲတွင် အစိမ်းရောင် အရက်ပျော့များ ရှိနေ၏။ ပေါ့ပါး၊ ပါးလွှာသော အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထား၏။

တိုးတိုးလေး ထွက်ပေါ်နေသော ပုလွေ သံစဉ်လှိုင်းများ တစ်လိမ့်ပြီးတစ်လိမ့် မနီးမဝေးတစ်နေရာမှ ထွက်ပေါ်လာ၏။ သံစဉ်များသည် နွေဦး၏လေပြေညင်းလေးများထက်ပင် နူးညံ့ပျော့ပြောင်းစွာ ထွက်ပေါ်လာသော်လည်း ပုလွေသံ မည်သည့်နေရာမှ ထွက်ပေါ်လာမှန်း မမှန်းဆနိုင်ပေ။

လုရှောင်ဖုန်း သက်ပြင်းချလိုက်၏။ “မင်းရဲ့ ဘဝတစ်လျှောက်လုံးမှာ ပြဿနာတွေနဲ့ ကြုံတွေ့ခဲ့ဖူးလား။”

“လုံးဝမကြုံတွေ့ခဲ့ဖူးဘူး။” စီမင်းကျွေ့ရှယ် ပြန်ဖြေလိုက်သည်။

“ဒီလောကကြီးထဲမှာ မင်းမရနိုင်တဲ့အရာ ဆိုတာကော ရှိသေးရဲ့လား။”

“လုံးဝမရှိဘူး။”

“မင်းဘဝကိုမင်း သိပ်ပြီးကျေနပ်နေတယ်ပေါ့။”

“ဘာကြောင့်လဲဆိုတော့ ငါဘာမှမှ မလိုချင်ခဲ့တာ။” စီမင်းကျွေ့ရှယ် ပေါ့ပေါ့ပါးပါးပင် ဖြေဆိုလိုက်၏။

“ဒါကြောင့်မို့လို့ ဘယ်သူ့ဆီကမှ မင်းအကူအညီ မတောင်းခဲ့ဖူးဘူး ဆိုပါတော့။”

“ဘယ်သူ့ဆီကမှ မတောင်းခဲ့ဖူးဘူး။”

“ဒါကြောင့်မို့လို့ မင်းကိုလာပြီး အကူအညီတောင်းတဲ့လူတွေကိုလည်း မကူညီချင်ဘူးပေါ့။”

“ဘယ်တုန်းကမှ စိတ်မကူးဘူး။”

“ဘယ်သူပဲဖြစ်ဖြစ်၊ ဘာပဲဖြစ်ဖြစ် မကူညီဘူးလို့ ဆုံးဖြတ်ထားတယ်ပေါ့။”

“ငါလုပ်တဲ့အလုပ်တိုင်းဟာ သူများပြောသမျှကို လုပ်ပေးခဲ့တာမဟုတ်ဘူး။ ဘယ်သူပဲဖြစ်နေဖြစ်နေ ငါ့ သဘောထားကတော့ အတူတူပဲ။”

“ထားလိုက်ပါတော့... မင်းရဲ့အိမ်ကို တစ်စုံတစ်ယောက်က မီးရှို့ခဲ့မယ်ဆိုရင်ကော...”

“ဘယ်သူကများ ငါ့အိမ်ကို မီးလာရှို့မှာလဲ။”

“ငါပဲဆိုပါတော့။”

စီမင်းကျွေ့ရှယ် ရယ်မောနေလေသည်။ သူ ရယ်မောခဲ၏။ ထို့ကြောင့် ရယ်မောလိုက်တိုင်းပင် ခနဲ့တဲ့တဲ့ ရယ်သံများ ထွက်ပေါ်လာတတ်လေသည်။

“ငါ ဒီကိုလာခဲ့တာဟာ... မင်းဆီကနေ အကူအညီတစ်ခု တောင်းချင်လို့။ မင်းသာ မကူညီခဲ့ဘူးဆိုရင် မင်းရဲ့အိမ်ကို ပြာကျသွားအောင် မီးရှို့ပစ်မယ်လို့ လူတစ်ယောက်ကို ကတိပေးထားခဲ့တယ်။” လုရှောင်ဖုန်း ရှင်းပြလိုက်သည်။

စီမင်းကျွေ့ရှယ် သူ့ကို စိုက်ကြည့်နေ၏။ အတော်လေးကြာမှ စကားသံ ထွက်ပေါ်လာခဲ့လေသည်။ “ငါ့မှာ မိတ်ဆွေသူငယ်ချင်းဆိုလို့ သိပ်ပြီးများများစားစား ရှိတာမဟုတ်ဘူး။ အလွန်ဆုံးရှိလှ ၂ ယောက် ၃ ယောက်ပေါ့။ မင်းကတော့ အမြဲတမ်းပဲ ငါ့ သူငယ်ချင်း ဖြစ်နေခဲ့ပါတယ်။”

“ဒါကြောင့်မို့လည်း အကူအညီတောင်းရအောင် မင်းဆီကို ငါလာခဲ့တာပေါ့။”

“ဒါကြောင့်မို့လည်း ငါ့အိမ်ကို မင်းမီးတင်ရှို့နိုင်ပါတယ်။ မင်း ကြိုက်တဲ့နေရာကနေ ရှို့လို့ရတယ်။” စီမင်းကျွေ့ရှယ်က ဘာမှမဖြစ်သလိုပင် ပြောဆိုလိုက်၏။

လုရှောင်ဖုန်း၏ မေးရိုးပြုတ်ကျသွားလောက်အောင် အံ့အားသင့်သွားခဲ့၏။ အဘယ်ကြောင့်ဆိုသော် သူ၏ သူငယ်ချင်းဖြစ်သူ ဤသူ့အကြောင်းကို အူမချေးခါးမကျန် သိထားသောကြောင့်ဖြစ်၏။

စီမင်းကျွေ့ရှယ်၏ နှုတ်ဖျားမှ ထွက်လာသော စကားလုံးမှန်သမျှသည် မြှားတစ်စင်း ပစ်လွှတ်လိုက်သကဲ့သို့ပင်။ ဘယ်တော့မှ ပြန်လှည့်လာမည် မဟုတ်ချေ။

စီမင်းကျွေ့ရှယ် ဆက်ပြောလိုက်၏။ “အနောက်က မီးဖိုချောင်ထဲမှာ ထင်းရှူးစတွေနဲ့ ရေနံဆီတွေ ရှိနေတယ်ကွာ။ အဲဒီနေရာကနေစပြီး မီးရှို့လိုက်ရင်ကောင်းမယ်။ ညကျမှရှို့နော်... ဘာဖြစ်လို့လဲဆိုတော့ မီးရောင်လှလှလေးကို ညကျမှ တွေ့မြင်ရမှာမို့ပါ။”

“အားလုံးသိနဲ့ Óဏ်ကြီးရှင်တို့ကို မင်းသိလား။” လုရှောင်ဖုန်း ရုတ်တရက် မေးမြန်းလိုက်သည်။

“ဒီလောကကြီးမှာ သူတို့ မဖြေဆိုနိုင်တဲ့ မေးခွန်းဆိုတာ မရှိသလောက်ပဲလို့ ငါကြားဖူးထားတယ်။ သူတို့ အားလုံးကို သိနေတာကော ဟုတ်နိုင်ပါ့မလား။” စီမင်းကျွေ့ရှယ်က အေးစက်စက် မေးမြန်းလိုက်၏။

“မင်းက မယုံဘူးပေါ့လေ။”

“မင်းကကော ယုံလို့လား။”

“သူတို့ကို ငါမေးခဲ့ပါသေးတယ်။ မင်းကို အကူအညီတောင်းရင် ရနိုင်မလားပေါ့။ လုံးဝမဖြစ်နိုင်ဘူးလို့ သူတို့အဖြေပေးခဲ့ကြတယ်။ ပထမတော့ ငါလည်း မယုံသေးပါဘူး။ အခုတော့... မင်းအကြောင်းတွေအားလုံး သူတို့ သိနေပါပေါ့လား။”

စီမင်းကျွေ့ရှယ်သည် လုရှောင်ဖုန်းကို တိတ်ဆိတ်စွာ စိုက်ကြည့်နေလိုက်၏။ ရုတ်တရက် ရယ်မောပြောဆိုလိုက်တော့သည်။ “ဒီတစ်ခါတော့ သူတို့မှားသွားပြီ။”

“ဟမ်...”

“မင်းတောင်းမယ့် အကူအညီပေးဖို့ နည်းလမ်းတစ်ခု ငါ့မှာ ရှိနေသေးတယ်။”

လုရှောင်ဖုန်း အငမ်းမရ မေးမြန်းလိုက်၏။ “ဘာနည်းလမ်းလဲ...”

စီမင်းကျွေ့ရှယ် ပြုံးပြီးပြောဆိုလိုက်သည်။ “မင်းရဲ့ သောက်ညင်ကပ်စရာကောင်းလှတဲ့ အဲဒီနှုတ်ခမ်းမွှေးကြီး ရိတ်ပစ်မယ်ဆိုရင်တော့ မင်းတောင်းသမျှ အကူအညီအားလုံး ငါ ကူညီမယ်ကွာ။”

+++++

ယခုအချိန်တွင် လုရှောင်ဖုန်းကို သူ၏မိတ်ဆွေများ တွေ့မြင်သွားခဲ့မည်ဆိုလျှင် မှတ်မိနိုင်စရာအကြောင်း လုံးဝမရှိချေ။

သူသည် မျက်ခုံးမွှေး ၄ ခု ရှိနေသင့်သည့် လူတစ်ယောက်ဖြစ်ခဲ့သော်လည်း ယခုအချိန်တွင်မူ ၂ ခုသာ ရှိနေလေတော့သည်။ ယခင်က နှုတ်ခမ်းမွှေးများရှိနေခဲ့သောနေရာတွင် ပြောင်ချောနေသော အရေပြားကိုသာ တွေ့မြင်ကြရမည်ဖြစ်သည်။ ဟွာမင်းလို မမြင်တွေ့နိုင်သည်မှာ ကံဆိုးလိုက်လေခြင်း...

လုရှောင်ဖုန်းနောက်မှ ကပ်ပါလာသော စီမင်းကျွေ့ရှယ်ကို သူမမြင်တွေ့နိုင်ခဲ့သည်မှာ အဆန်းမဟုတ်ချေ။ မည်သို့ပင်ဖြစ်စေ စီမင်းကျွေ့ရှယ်ကိုတော့ သူ နှုတ်ဆက်လိုက်သေး၏။ “သခင်လေးစီမင်းလားဗျာ။”

“ဟွာမင်းလို...” စီမင်းကျွေ့ရှယ်က ပြန်နှုတ်ဆက်လိုက်သည်။

ဟွာမင်းလို ခေါင်းညိတ်ပြလိုက်သည်။ “ငယ်စဉ်ကတည်းက ဒုက္ခိတဘဝရောက်နေခဲ့လို့ မျက်မှောက်ခေတ် ဓားဘုရင်တစ်ယောက်ရဲ့ အောင်မြင်ကျော်ကြားမှုတွေကို မြင်တွေ့ခံစားနိုင်ခြင်းမရှိတာ စိတ်မရှိပါနဲ့ဗျာ။”

စီမင်းကျွေ့ရှယ် သူ့ကိုစိုက်ကြည့်နေပြီးမှ မေးမြန်းလိုက်သည်။ “ကျုပ်ကို ခွင့်လွှတ်ပါ... ခင်ဗျား တကယ်ပဲ မမြင်ရဘူးလား။”

“သခင်လေးစီမင်းအတွက် ဟွာမင်းလိုဆိုတာ မျက်စိတွေရှိနေပေမယ့် လင်းနို့ငှက်တစ်ကောင်လိုပဲ မမြင်ရဘူးဆိုတာ ကြားဖူးလိမ့်မယ်ထင်ပါတယ်။”

“ဒါဆိုရင် ကျုပ်ရဲ့ခြေသံကို ခင်ဗျား ကြားခဲ့တယ်ပေါ့လေ။”

တုကုဖန်းလိုပင် သူသည်လည်း ထိုမေးခွန်းကို မေးမြန်းမိလိုက်သည်။ ကိုယ်ဖော့ပညာကို သူ၏ဓားပညာကဲ့သို့ပင် တန်ဖိုးထားရှိထားသော ပညာရပ်တစ်ရပ်ပင် မဟုတ်ပါလား။ ထိုပညာရပ်အတွက် သူ ဂုဏ်ယူသင့်ပေသည်။

“ကျုပ်သိထားသလောက်ကတော့ ဒီလောကကြီးထဲမှာ ခြေသံမကြားရဘဲ လမ်းလျှောက်နိုင်သူဆိုလို့ ၄-၅ ယောက်လောက်ပဲ ရှိလိမ့်မယ်။ သခင်လေးစီမင်းက သူတို့ထဲက တစ်ယောက်ပေါ့။”

“ဒါပေမဲ့ ကျုပ်ရောက်နေတာ ခင်ဗျား သိနေခဲ့တာပဲ။”

ဟွာမင်းလို ခပ်သဲ့သဲ့လေး ရယ်မောလိုက်၏။ “ဘာဖြစ်လို့လဲဆိုတော့ သခင်လေးစီမင်းဆီမှာ လူသတ်ငွေ့တွေ ထွက်ပေါ်နေတာကြောင့်ပါ။”

“လူသတ်ငွေ့ကြောင့်... ဟုတ်လား။”

“ဓားဆွဲထုတ်လိုက်တာနဲ့ တပြိုင်နက် လူသတ်ငွေ့တွေ ထွက်ပေါ်လာတတ်ပါတယ်။ သခင်လေးစီမင်း လူဘယ်နှစ်ယောက်လောက်တောင်မှ သတ်ခဲ့သလဲ... ဒီအတွက်ကြောင့် လူသတ်ငွေ့တွေ ထွက်ပေါ်နေခဲ့ရတာ မဟုတ်လားဗျာ။” ဟွာမင်းလို ပေါ့ပါးစွာပင် ပြောဆိုလိုက်၏။

“ကျုပ်ရဲ့ ရဲတိုက်ထဲကို ခင်ဗျား ဝင်မလာခဲ့ချင်တာ မထူးဆန်းတော့ပါဘူး။ ကျုပ်ရဲ့ လူသတ်ငွေ့တွေကို ခင်ဗျားမှ သည်းငြင်းမခံနိုင်ခဲ့ပဲ။” စီမင်းကျွေ့ရှယ်က အေးစက်စွာ ပြောဆိုလိုက်၏။

ဟွာမင်းလို ပြုံး၍ပြောဆိုလိုက်သည်။ “ဒီမှာရှိနေတဲ့ ပန်းပွင့်လေးတွေက သိပ်ကိုလှပပါတယ်။ သခင်လေးစီမင်းသာ ဒီလိုအလှအပမျိုးကို ခံစားတတ်မယ်ဆိုရင် လူသတ်ငွေ့တွေ တဖြည်းဖြည်း ပျောက်ကွယ်သွားမှာပါ။”

“သန့်ရှင်းလတ်ဆတ်တဲ့ ပန်းပွင့်တွေဆိုတာ လှပတာ မှန်ပါတယ်။ ဒါပေမဲ့ လူသတ်တဲ့အခါကျရင် ထွက်ပေါ်လာတတ်တဲ့ သွေးပန်းပွင့်တွေကိုတော့ ဘယ်မီလိမ့်မလဲ... ဟုတ်တယ်မဟုတ်လား။” စီမင်းကျွေ့ရှယ် အေးစက်စက်ပင် တုံ့ပြန်လိုက်၏။

စီမင်းကျွေ့ရှယ်၏ အကြည့်များက ရုတ်ချည်း ပြောင်းလဲသွားခဲ့၏။ “လူ့လောကကြီးထဲမှာ ရိုးသားမှုမရှိတဲ့ သစ္စာဖောက်တွေဆိုတာ ရှိနေကြဦးမှာပဲ။ သူတို့ရဲ့လည်ပင်းတွေကို ဓားတစ်စင်း ထိုးဖောက်ဝင်ရောက်သွားချိန်မှာ ဓားအောက်မှာ သွေးပန်းပွင့်တွေ ပွင့်လန်းလာမှာလည်း အမှန်ပဲ။ အဲဒီ မြင်ကွင်းမျိုးကိုသာ ခင်ဗျား မြင်နိုင်ခဲ့မယ်ဆိုရင် အဲ့ဒီလောက်လှပတဲ့ မြင်ကွင်းမျိုး ဒီလောကကြီးထဲမှာ မရှိနိုင်ဘူးဆိုတာ သိလာလိမ့်မယ်။”

နောက်သို့လုံးဝ လှည့်မကြည့်ဘဲ စီမင်းကျွေ့ရှယ် ရုတ်တရက်ပင် ထွက်ခွာသွားတော့၏။

ညနေခင်း၏ မှုန်ရီရီ မြင်ကွင်းသည် ပန်းပွင့်များကို ဖုံးလွှမ်းသွားတော့သည်။ စီမင်းကျွေ့ရှယ်၏ ပုံရိပ်သည်လည်း မှုန်ရီရီ မြင်ကွင်းအောက်တွင် ပျောက်ကွယ်သွားလေတော့သည်။

ဟွာမင်းလို သက်ပြင်းချပြီး မှတ်ချက်ပေးလိုက်၏။ “ဓားပညာရပ်မှာ သူဘာကြောင့် ဒီလောက်တောင်မှ ထူးချွန်နေရတာလဲဆိုတာ ငါသိသွားပြီ။”

“ဟမ်...”

“ဘာကြောင့်လဲဆိုတော့... လူသတ်တယ်ဆိုတာ သူ့အတွက် အလျှို့ဝှက်ဆုံးနဲ့ သိက္ခာရှိတဲ့ အလှပဆုံးအလုပ်ပဲ။ သူ့ဘဝတစ်ခုလုံးကို အဲ့ဒီအလုပ်အတွက် ပေးဆပ်ထားခဲ့တာပဲ။ လူသတ်တဲ့အချိန်ကျရင် သူဟာ ရှင်သန်ထမြောက်နေပြီး တခြားအချိန်တွေမှာတော့ နောက်တစ်ကြိမ် လူသတ်မယ့်အချိန်ကို စောင့်ဆိုင်းနေခဲ့တာပဲ။”

လုရှောင်ဖုန်းသည် လေးနက်စွာ စဉ်းစားနေပြီး သက်ပြင်းတစ်ချက်ချကာ ညင်သာစွာ ပြောဆိုလိုက်၏။ “ကံကောင်းတာက... သူသတ်ခဲ့တဲ့လူတိုင်းဟာ သေသင့်သေထိုက်တဲ့သူတွေချည့် ဖြစ်နေခဲ့တာပဲ။”

ဟွာမင်းလို ပြုံး၍သာနေလိုက်ပြီး ဘာမှတော့ ပြန်မပြောခဲ့ချေ။

+++++

အပြောကျယ်သော ကောင်းကင်လွှာပြင်ကြီးက လောကကြီးတစ်ခုလုံးကို ဖုံးအုပ်ထားသည်။

ကြယ်ကလေးများ ပြူတစ်ပြူတစ် တလက်လက် တောက်ပနေကြ၏။ အဝေးတစ်နေရာရှိ သစ်ပင်များ၏ သစ်ကိုင်းများပေါ်သို့ အမြင့်တစ်နေရာမှ လဝန်းကြီး၏ လရိပ်သာလေးများ ထိုးကျနေ၏။ တိုက်ခတ်လာသော လေနုအေးထဲတွင် ပန်းရနံ့များ ထုံမွှမ်းနေပြီး ညဉ့်ယံသည် ရက်ရက်စက်စက် လှပနေလေသည်။

တောင်ကြောတစ်လျှောက် ဟွာမင်းလို ဖြည်းညင်းစွာ လမ်းလျှောက်နေ၏။ ပက်ပက်စက်စက်လှပနေသော ပန်ဝန်းကျင်တစ်ခုလုံအား ခံစားနေပုံရသည်။

သို့သော် လုရှောင်ဖုန်းတစ်ယောက် မအောင့်အီးနိုင်တော့ချေ။ “ငါ သွားတွေ့လာခဲ့တာ အောင်မြင်ခဲ့လား၊ မအောင်မြင်ခဲ့ဘူးလားဆိုတာ မင်း မမေးတော့ဘူးလား။”

“သူ့ကို မင်းဆွယ်လာနိုင်ခဲ့တယ်ဆိုတာ ငါသိပြီးနေပါပြီ။” ဟွာမင်းလိုက ပြုံးပြီး ပြောဆိုလိုက်သည်။

“မင်းက ဘယ်လိုလုပ်ပြီး သိနေရတာလဲ။”

“သူက မင်းကို မပြန်ပါနဲ့ဦးတို့၊ ဆက်နေပါဦးတို့ မပြောခဲ့သလို နှုတ်လည်းမဆက်ခဲ့ဘူး။ မင်းကလည်း ဘာမှ မဖြစ်သလိုပဲ။ မင်းတို့နှစ်ယောက် သေသေချာချာ ဆွေးနွေးခဲ့ပြီးပြီဆိုတာ ငါ သိနေခဲ့ပြီးပါပြီ။”

“ငါ သူ့ကို ဘယ်လို ဆွယ်ခဲ့သလဲဆိုတာလည်း မင်းသိပြီးလောက်ရောပေါ့။”

“ငါပြောတဲ့ နည်းလမ်းကို မင်းအသုံးချခဲ့တာ သေချာပါတယ်။”

“မင်းက ဘာဖြစ်လို့ အဲဒီလို ပြောနိုင်ရတာလဲ။”

“သူဟာ မေတ္တာမဲ့ပေမယ့် မင်းကတော့ မမဲ့ဘူး။ သူ့ ရဲတိုက်ကြီးကို မင်း မီးရှို့မှာမဟုတ်ဘူးဆိုတာလည်း သူသိထားတယ်။ ကုန်ကုန်ပြောရရင် မင်း မီးတင်ရှို့ခဲ့လည်း သူကတော့ ဂရုစိုက်မှာမဟုတ်ဘူး။”

လုရှောင်ဖုန်း ရယ်မောပြီးမှ သက်ပြင်းချလိုက်သည်။ “မင်းဘာမင်း ဘယ်လောက်ကြီးပဲ တော်နေပါစေ... တချို့အရာလေးတွေကို ဘယ်တော့မှ မှန်းဆနိုင်မှာ မဟုတ်ပါဘူးကွာ။”

“မင်း ဘာကိုဆိုလိုတာလဲ။”

ယခင်က နှုတ်ခမ်းမွှေးများရှိနေခဲ့သောနေရာကို လုရှောင်ဖုန်း စမ်းကြည့်လိုက်ပြီး- “မင်းဟာမင်း စဉ်းစားကြည့်စမ်းကွာ... မှန်တယ်ဆိုတဲ့အခါမှ ငါ အားလုံးကိုပြောပြမယ်။”

“ငါ့ဘာငါ မှန်းဆနိုင်ခဲ့မှတော့ မင်း ဘာပြောစရာလိုသေးလို့လဲ။” ဟွာမင်းလိုက ရယ်မောပြောဆိုလိုက်၏။

လုရှောင်ဖုန်းလည်း လိုက်လံရယ်မောနေလိုက်၏။ သူဘာမှပြန်မပြောလိုက်နိုင်ခင်မှာပင် ဟွာမင်းလို၏ ငြိမ်းချမ်းအေးမြနေသော မျက်နှာထက်တွင် ထူးဆန်းပြီး ဖော်မပြနိုင်သော အမူအရာများ ထွက်ပေါ်လာသည်ကို တွေ့လိုက်ရ၏။

လုရှောင်ဖုန်း- “ဘာဖြစ်လို့လဲ။”

ဟွာမင်းလို ပြန်မဖြေခဲ့ပါ။ သူ့ကိုကြည့်ရသည်မှာ သူတစ်ဦးတည်းသာ ကြားနိုင်သော၊ ဝေးကွာလှသော နေရာမှ ထွက်ပေါ်လာသည့် အသံကို စူးစူးစိုက်စိုက် နားစွင့်နေပုံရသည်။

ရုတ်တရက်... နောက်ပြန်လှည့်လိုက်ပြီး တောင်ကြောဘက်ဆီသို့ သူ ပြန်လျှောက်သွားလိုက်၏။

လုရှောင်ဖုန်းလည်း သူ့နောက်က လိုက်သွားခဲ့သည်။ ညဉ့်သည် ပို၍ပင် မည်းမှောင်လာခဲ့ပြီး တောင်စွယ်တွင် ကြယ်ရောင်လေးများ ကွယ်ပျောက်သွားခဲ့ချေပြီ။

ရုတ်တရက်... အဝေးတစ်နေရာမှ သီချင်းဆိုသံကို လုရှောင်ဖုန်းလည်း ကြားလိုက်ရ၏။ သီချင်းသံသည် ဖော်မပြနိုင်လောက်အောင် အီအီလေး ထွက်ပေါ်လာခဲ့သလို အလွန်တရာမှလည်း သာယာလှ၏။

သီချင်းစာသားများသည်လည်း ထို့အတူပင်... လှပသည်၊ စိတ်လှုပ်ရှားစေသည်၊ ဝမ်းနည်းကြေကွဲစေ၏။ သီချင်းသံသည် ချောမောလှပသော မိန်းမပျိုလေးတစ်ယောက်က သူမ၏ချစ်သူကို သေခါနီး၊ ခွဲခွာချိန်တွင် လွမ်းဆွတ်တမ်းတစွာ မြည်တမ်းနေပြီး သူမ ဘယ်လောက်တောင်မှ အထီးကျန်နေကြောင်းကို ဖော်ပြနေသော သီချင်းသံလည်းဖြစ်၏။

လုရှောင်ဖုန်းသည် သီချင်းစာသားများကို အာရုံမထားနိုင်တော့ပါ။ အဘယ်ကြောင့်ဆိုသော် ဝေခွဲမရဖြစ်နေသော ဟွာမင်းလို၏ အမူအရာများကို တွေ့ရှိလိုက်ရသောကြောင့်ဖြစ်၏။ ထူးဆန်းနေလွန်းသဖြင့် မေးမြန်းလိုက်မိတော့သည်။ “ဒီသီချင်းကို မင်းကြားဖူးလို့လား။”

“ကြားဖူးခဲ့တယ်။” အတန်ကြာသောအခါမှ ဟွာမင်းလို ခေါင်းညိတ်ဖြေဆိုလိုက်၏။ “ငါ ကြားခဲ့ဖူးတယ်။”

“ဘယ်သူ့ဆီကလဲ။”

“ရှန်းကွမ်းဖေးယန်...”

လုရှောင်ဖုန်း ပြောခဲ့ဖူးပါသည်- ဤတစ်လောကလုံးတွင် သူ မျက်စိမှိတ်ပြီး ယုံကြည်နိုင်သော အရာအချို့ရှိနေသည်ဟု... ဟွာမင်းလို၏ နားတစ်စုံသည် ထိုအရာများထဲမှ တစ်ခုဖြစ်၏။

အခြားသူများအတွက် မိမိမျက်စိဖြင့် တပ်အပ်မြင်တွေ့နေရသော်လည်း တကယ်တမ်းတွင်မူ မျက်စိလျှမ်းသွားတတ်ကြသည်။ သို့သော် ဟွာမင်းလို၏ နားများကတော့ ဘယ်တုန်းကမှ အမှားမလုပ်ခဲ့ဖူးပါ။

ထို့ကြောင့် သီချင်းဆိုနေသူသည် ရှန်းကွမ်းဖေးယန်ပင် မုချဖြစ်ရမည်။

လျှို့ဝှက်စွာ ပျောက်ကွယ်သွားခဲ့သော ထိုမိန်းကလေးသည် ယခုအချိန်ကျမှ ဘာဖြစ်လို့ ရုတ်ချည်း ပြန်လည် ထွက်ပေါ်လာခဲ့ရပါသနည်း။ ဘယ်အတွက်ကြောင့် ဤနေရာတွင် ဤမျှ လွမ်းဆွတ်ဖွယ်ကောင်းသော သီချင်းကို သီဆိုနေရပါသနည်း။

မည်သူ့ကို ရည်ရွယ်ပြီး သီချင်းဆိုနေရပါသနည်း။

သီချင်းထဲမှ မိန်းမပျိုလေးသည် အပြင်လောကတွင် သူမသာ ဖြစ်နေပါသလား။ သီချင်းစာသားများထဲကလို သူမ၏ ဘဝကြီးသည် ခါးသီးမှုများ၊ ကံဆိုးမိုးမှောင်ကျမှုများကို ချစ်သူသို့ ပြောပြနေခြင်းလော...

လုရှောင်ဖုန်း ထပ်ပြီး မမေးမြန်းတော့ပါ။ အဘယ်ကြောင့်ဆိုသော် အမှောင်ထုတွင်းမှ အလင်းရောင်လေးတစ်ခု ထွက်ပေါ်လာသောကြောင့်ဖြစ်၏။

သီချင်းသံသည် ထို မီးရောင်လေး ရှိနေသည့်ဘက်မှ ထွက်ပေါ်လာခြင်းလည်းဖြစ်၏။

တောင်ကြောဘက်ဆီသို့ ဟွာမင်းလို ခုန်ပျံထွက်သွားခဲ့ချေပြီ။ မီးရောင်ကို သူ မမြင်ရသော်လည်း မီးရောင်ရှိနေသည့် အရပ်တည့်တည့်သို့ သွားနေခြင်းလည်းဖြစ်၏။

အလင်းရောင် တဖြည်းဖြည်း နီးကပ်လာသောအခါတွင် ဘုရားကျောင်းတစ်ခုဖြစ်နေကြောင်း လုရှောင်ဖုန်း တွေ့လိုက်ရသည်။ တောစောင့်နတ်၊ တောင်စောင့်နတ်တွေအတွက် ပူဇော်ပသပြီး ဆောက်လုပ်ထားသော ကျောင်းပျက်ကြီးတစ်ခု ဖြစ်နေပါသလော...

ရုတ်တရက်... သီချင်းသံ ရပ်တန့်သွားခဲ့သည်။ တစ်လောကလုံး ပြောမပြနိုင်လောက်အောင် တိတ်ဆိတ်သွားခဲ့ပြန်၏။

ဟွာမင်းလိုကို လုရှောင်ဖုန်း လှည့်ကြည့်လိုက်သည်။ “မင်းအတွက် သူ သီချင်းဆိုနေတာဆိုရင်...” သူ့ကိုယ်သူ အားတင်းပြီးမှ ဆက်ပြောလိုက်၏။ “သူ ချက်ချင်းကြီး ထွက်ခွာသွားမှာ မဟုတ်ဘူး။”

သို့သော် သူမ ထွက်ခွာသွားခဲ့ချေပြီ။ မှောင်မှောင်မည်းမည်း ဘုရားကျောင်းပျက်ကြီးတွင်းရှိ ထောင့်တစ်နေရာတွင် ဆီမီးအိမ်လေးတစ်ခု ရှိနေသော်လည်း လူသူတစ်ယောက်မျှ မတွေ့ရပါ။

လက်ထဲတွင် သံတောင်ဝှေးကြီးကိုင်ဆောင်ထားသော တောင်စောင့်နတ်ရုပ်၏ မျက်နှာသည် မည်းချိတ်နေ၏။ မီးရောင်မှိန်မှိန်အောက်တွင် အရုပ်ကြီးသည် မကောင်းတာလုပ်သူများအပေါ် သူ၏ တောင်ဝှေးကြီးဖြင့် ရိုက်နှက် အပြစ်ပေးတော့မည်ကဲ့သို့ ရှိနေ၏။

နတ်စင်ပေါ်ရှိ ဟောင်းနွမ်းနေသော ကြေးခွက်ကြီးထဲတွင်မူ သန့်စင်ဆေးကြောစရာ ရေများရှိနေ၏။ ထိုရေထဲတွင် ဆံချည်မျှင်များ ပေါလောပေါ်မျောနေ၏။

“မင်း ဘာကိုကြည့်နေတာလဲ။” ဟွာမင်းလို မေးမြန်းလိုက်သည်။

“ဆံပင်ချည်တွေကွ...”

ဆံချည်မျှင်များသည် နူးညံ့လွန်းနေပြီး မိန်းမပျိုလေးများ၏ ဦးခေါင်းတွင် ရတတ်သော အနံ့လေးများ သင်းထုံနေ၏။

“မိန်းကလေးတစ်ယောက်ရဲ့ ဆံပင်တွေပဲ။” လုရှောင်ဖုန်း မှတ်ချက်ချလိုက်သည်။ “ကြည့်ရတာတော့ မိန်းကလေးဟာ သီချင်းဆိုနေရင်း ဒီရေခွက်လေးကို ကြည့်မှန်အဖြစ်အသုံးပြုပြီး ခေါင်းဖြီးသင်နေပုံရတယ်။ အခုတော့ မရှိတော့ဘူး။”

ဟွာမင်းလို ဖြည်းလေးစွာ ခေါင်းညိတ်ပြလိုက်သည်။ သူ့ကို သူမ မစောင့်ဘဲ ထွက်ခွာသွားသည်ကို သိရှိခဲ့ပြီးဖြစ်ပါသည်။

“ဒီလိုနေရာကြီး... ဒီလိုအချိန်ကြီးမှာ... သူက ခေါင်းဖြီးနိုင်သေးတယ်လား။ အလှသိပ်ကြိုက်တဲ့ မိန်းကလေးတစ်ယောက် ဖြစ်လိမ့်မယ်နဲ့တူတယ်။” လုရှောင်ဖုန်း ဆက်ပြောလိုက်သည်။

“၁၇-၁၈ မိန်းကလေးတွေထဲ ဘယ်သူကများ အလှမကြိုက်သူ ရှိနေသေးလို့လဲ။”

“ဒါဆိုရင် ရှန်းကွမ်းဖေးယန်က ၁၇-၁၈ အရွယ် မိန်းကလေး တစ်ယောက်ပေါ့လေ။”

“သူ အလှအပကြိုက်တယ်ဆိုတာ ငြင်းစရာမရှိပါဘူး။”

လုရှောင်ဖုန်းသည် ဟွာမင်းလိုကို စိုက်ကြည့်နေပြီး စပ်စုလိုက်သည်။ “သူ့ဆံပင်တွေ မင်းနမ်းခဲ့ဖူးတယ်မဟုတ်လား။ မညာနဲ့နော်။”

ဟွာမင်းလို ရယ်မောလိုက်သည်။ ရယ်မောသံဆိုသည်မှာ အမျိုးမျိုး ရှိနေသည်မဟုတ်ပါလား။ ဤရယ်မောသံကတော့ ဝန်ခံသည့် ရယ်မောသံ ဖြစ်နေလေသည်။

“ဒါ သူ့ရဲ့ ဆံပင်တွေလား။”

ဟွာမင်းလို၏ လက်ချောင်းများသည် သူ၏ နားရွက်များလိုပင် အစွမ်းထက်လှသည်ဟု လုရှောင်ဖုန်း ယုံကြည်ထား၏။ ဟွာမင်းလိုတစ်ယောက် ပန်းပုရုပ်များကို ကိုင်တွယ်စမ်းသပ်ကြည့်ပြီး လက်ရာအစစ်အမှန် ဟုတ်ကြောင်း၊ မဟုတ်ကြောင်း သက်သေပြခဲ့သည်ကို သူ တွေ့ခဲ့ဖူးပြီးပြီ။

ဟွာမင်းလို၏ လက်ချောင်းများတွင် ရှည်လျားသော ဆံနွယ်စများကို တယုတယ ကိုင်တွယ်ပွတ်သပ်နေ၏။ ထူးခြားလွန်းသော အမူအရာများ သူ၏ မျက်နှာပြင်ထက်တွင် ထွက်ပေါ်လာနေ၏။ ပျော်ရွှင်ခြင်းမဟုတ်သလို ဝမ်းနည်းနေခြင်းလည်း မဟုတ်ချေ။

“ဒါ သူ့ဆံပင်တွေဆိုတာ အမှန်ပဲလား။”

ဟွာမင်းလို ခေါင်းညိတ်ပြလိုက်သည်။

“သူ ဒီနေရာလေးမှာ ဆံပင်တွေ ဖြီးသင်ပြီး သီချင်းတောင်မှ ဆိုနိုင်ခဲ့သေးတယ်ဆိုတော့ တော်တော်လေး ပျော်ပျော်ရွှင်ရွှင် ရှိခဲ့မှာ အမှန်ပဲ။”

ဟွာမင်းလို ရယ်မောလိုက်သည်။ ရယ်မောသံအမျိုးမျိုး ရှိသည့်အနက် ဤရယ်မောသံသည် ပျော်ရွှင်ခြင်းကြောင့်လော... ဝမ်းနည်းပူဆွေးခြင်းကြောင့်လော ဆိုသည်ကိုတော့ ဘယ်လိုမှ ခွဲခြားနိုင်မည်မဟုတ်ပါ။

သူမသည် ဤနေရာလေး၌ ရှိနေခဲ့သည်မဟုတ်ပါလား။ ဘာကြောင့် သူ့ကို မစောင့်ဆိုင်းခဲ့သနည်း။ သူရောက်လာမည်မှန်း သူမ မသိခဲ့ဘူးဆိုပါက မည်သူ့အတွက် သီချင်း ဆိုနေခဲ့ခြင်းနည်း။

လုရှောင်ဖုန်း တိတ်ဆိတ်စွာ သက်ပြင်းချလိုက်မိ၏။ ဟွာမင်းလိုကို အားပေးနှစ်သိမ့်ရလျှင် ကောင်းမလား... သို့တည်းမဟုတ်၊ ဘာမှ မသိသလို ဟန်ဆောင်နေရလျှင် ကောင်းမလားဟု တွေးတောနေမိ၏။

တံခါးပေါက်မှ လေပြင်းပြင်းတစ်ချက် တိုက်ခတ်လာခဲ့၏။ တောင်ဝှေးကြီးကိုင်ဆောင်ထားသော၊ မျက်နှာမည်းကြီးနှင့် နတ်ရုပ်ကြီးသည် တဖြည်းဖြည်းနှင့် ကွဲအက်လာခဲ့တော့၏။ ၁ဝ မီတာခန့်ရှည်သော တောင်ဝှေးကြီးသည်လည်း ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားခဲ့၏။

ချက်ချင်းဆိုသလိုပင်... အရုပ်ကြီးသည်လည်း တစ်စစီကျိုးပဲ့ကျသွားလေတော့သည်။

အရုပ်ကြီး၏နောက်တွင် လူတစ်ယောက်ရှိနေကြောင်းကို ဖုန်မှုန့်များကြားမှ လုရှောင်ဖုန်း တွေ့လိုက်ရ၏။

လူသေတစ်ယောက်ဖြစ်သည်။ ခန္ဓာကိုယ်မှ သွေးများက စိုစွတ်နေဆဲ... သံမဏိတရားသူကြီးစုတ်တံတစ်ခုသည် လူသေ၏ ရင်ဘတ်မှတဆင့် နံရံသို့ ဖောက်ထွင်းဝင်ရောက်နေ၏။ တာအိုရသေ့များ ဝိညာဉ်ခေါ်ရာတွင် အသုံးပြုသည့် အဝါရောင် အဝတ်စလေးများ စုတ်တံ၏လက်ကိုင်နေရာတွင် ချိတ်ဆွဲထား၏။

“မျက်လုံးတစ်ဘက်အတွက် မျက်လုံးတစ်ဘက်”
“သူတစ်ပါးရဲ့ အရေးကိစ္စထဲ ဝင်ရှုပ်သူများ သွားရမည့်လမ်း...”

အရင်တုန်းက တွေ့ခဲ့ဖူးသော စာကြောင်းနှစ်ကြောင်းလည်းဖြစ်၏။ သွေးဖြင့် ရေးထားသည်။ သွေးများဖြင့် နစ်နေသော အဝတ်စများလည်းဖြစ်၏။

တုကုဖန်းဖြစ်သည်။ လျူယုဟန် မဟုတ်ချေ။ သေချင်သူများက အသက်ရှင်သန်နေလျက် ရှိနေကြပြီး ရှင်သန်ချင်သူများကတော့ သေဆုံးသွားခဲ့ကြချေပြီ။

“ဒီအရုပ်ကြီးက ဖျက်ဆီးခံခဲ့ရတာ ကြာလှပြီပဲ။” လုရှောင်ဖုန်း စိတ်ဆိုးဒေါသထွက်စွာ ပြောဆိုလိုက်သည်။ “ဒီလူသေကြီးကို ငါတို့မြင်တွေ့အောင် ထားထားခဲ့တာပဲ။”

ဟွာမင်းလို၏မျက်နှာသည် လူသေတစ်ယောက်လို ဖြူဖွေးသွားခဲ့ပြီး မေးမြန်းလိုက်၏။ “ရှန်းကွမ်းဖေးယန်လား။”

“တုကုဖန်း...” လုရှောင်ဖုန်း ပြန်ဖြေလိုက်သည်။ “ဒုတိယမြောက် သေတဲ့လူဟာ သူဖြစ်နေမယ်လို့ ငါမထင်ထားခဲ့ဘူး။”

“သူက ဒီမှာ ဘာလာလုပ်နေတာလဲ။ ရှန်းကွမ်းဖေးယန်လည်း ဒီနေရာကို ဘာဖြစ်လို့ ရောက်လာခဲ့တာလဲ။” ဟွာမင်းလို စဉ်းစားခန်း ဝင်နေလိုက်၏။ “သူ တန်ဆာခံ ဖမ်းဆီးတာများ ခံခဲ့ရလို့များလား။ ဒါမှမဟုတ် မြစိမ်းနန်းတော်ကများ သူ့ကို ဖမ်းဆီးသွားခဲ့တာလား။”

လုရှောင်ဖုန်း၏မျက်နှာ ရှုံ့တွသွားခဲ့ရသည်။ “အရင်တုန်းကဆို မင်းဟာအမြဲတမ်း ပွင့်ပွင့်လင်းလင်း တွေးတောတတ်သူပါ။ အခုတော့ သူနဲ့ ပတ်သက်လာပြီးတဲ့နောက်ပိုင်းမှာ အဆိုးဆုံးဆိုတဲ့ဟာတွေကိုပဲ စဉ်းစားနေတော့ပါလား။”

ဟွာမင်းလိုသည် အတန်ကြာမျှ တိတ်ဆိတ်သွားခဲ့ပြီး သက်ပြင်းချလိုက်သည်။ “သူ့အပေါ်မှာ ငါ သိပ်ပြီး ဂရုစိုက်လို့လည်း ဖြစ်ချင်ဖြစ်မှာပေါ့။”

တစ်စုံတစ်ယောက်အတွက် စိတ်ပူပန်မိပြီဆိုပါက အဆိုးဆုံးကို မမျှော်လင့်ဘဲ မနေနိုင်ချေ။ အဆိုးဆုံးဖြစ်လာနိုင်သည်ဟု မတွေးဘဲကို မနေနိုင်ချေ။

ထို့ကြောင့် တစ်စုံတစ်ယောက်အတွက် အစိုးရိမ်လွန်နေပြီဆိုပါက သံသယ များလာတတ်သလို အဆိုးဆုံးဖြစ်သော ခွဲခွာခြင်းသည်လည်း ရောက်ရှိလာတတ်ပေသည်။

လုရှောင်ဖုန်းသည် ခပ်သောသောလေး ရယ်မောနေလိုက်ပြီး- “ဘာပဲဖြစ်ဖြစ်... သူ အသက်ရှင်လျက် ရှိနေပါသေးတယ်ကွာ။ လည်ပင်းကို ဓားထောက်ခံထားရသူတစ်ယောက်က ဒီလောက် သာယာငြိမ့်ညောင်းတဲ့ သီချင်းကို သီဆိုနိုင်ပါ့မလား။”

+++++

သီချင်းသံသည် လုံးဝ မသာယာပါ။ အဘယ်ကြောင့်ဆိုသော် လုရှောင်ဖုန်းကိုယ်တိုင် သီဆိုနေသောကြောင့်ဖြစ်၏။

“ဘဝဆိုတာ အဆုံးထိ စမ်းသပ်သင့်ပါတယ်။ ပြီးတော့လည်း လမင်းကြီးကို တစ်ယောက်တည်း မျက်နှာချင်းဆိုင် မကြည့်နေသင့်ပါကွယ်...”

အရက်ခွက်ကို ဝါးတူတစ်စုံဖြင့် စည်းချက်လိုက် ခေါက်ပြီး သီချင်းဆိုနေ၏။ ဤစာသား နှစ်ကြောင်းကိုပင် ထပ်ခါတလဲလဲ သီဆိုနေသည်။

လုရှောင်ဖုန်းက စာသားတစ်ကြောင်းဆိုအပြီးတိုင်း ဟွာမင်းလိုက အရက်တစ်ခွက် မော့နေ၏။ နောက်ဆုံးတွင် ဟွာမင်းလိုတစ်ယောက် လုံးဝသည်းမခံနိုင်လာဟန်ဖြင့်- “မင်းသီချင်းဆိုတာကို မကြိုက်တာတော့ မဟုတ်ပါဘူး။ တခြားသီချင်းတစ်ပုဒ်လောက် ပြောင်းဆိုပါလားကွာ...”

“ဆိုလို့မရဘူး။” လုရှောင်ဖုန်း ပြန်ဖြေလိုက်၏။

“ဘာလို့ မရရမှာလဲ။”

“ဘာဖြစ်လို့လဲဆိုတော့ အဲဒါ ငါသိတဲ့ တစ်ပုဒ်တည်းသောသီချင်းဖြစ်နေလို့ပဲ။”

ဟွာမင်းလို ရယ်မောလိုက်သည်။ “လုရှောင်ဖုန်းဟာ မွေးရာပါအရည်အချင်းတွေနဲ့ ထူးချွန်ထက်မြက်သူလို့ လူတိုင်းက ပြောနေကြတာ မင်းသိလား။ ဘယ်လိုမျိုး သိုင်းပညာမျိုးပဲဖြစ်ဖြစ်... တစ်ခါတည်းလေ့လာပြီး ခဏလေးအတွင်းမှာ ကျွမ်းကျင်စွာ အသုံးပြုနိုင်တယ်တဲ့... သီချင်းဆိုတဲ့နေရာမှာကျတော့ မင်းဟာ မြည်းတစ်ကောင်ထက်တောင် ပိုဆိုးနေပါလား။”

လုရှောင်ဖုန်းက ပြန်ပက်လိုက်သည်။ “ငါ သီချင်းဆိုနေတာ မင်း မကြိုက်ဘူးဆိုရင် မင်းကိုယ်တိုင် ဆိုပါ့လား။”

လုရှောင်ဖုန်း၏ ရည်ရွယ်ချက်မှာ ဟွာမင်းလိုကို ရယ်မောပျော်ရွှင်လာစေရန်ဖြစ်၏။ ဟွာမင်းလို သီချင်းဆိုလာစေရန်ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် ဟွာမင်းလိုကို ဒီလိုမျိုးပုံစံ၊ ဒီလိုမျိုးအရက်သောက်ပုံမျိုး ဘယ်တုန်းကမှ မတွေ့ခဲ့ဘူးသောကြောင့်ဖြစ်သည်။

အရက်သည် အညံ့စားဖြစ်သည်။ ဤမျှခေါင်သောနေရာတွင် အကောင်းစားအရက်များ ရနိုင်ပါမည်လား... မည်သို့ ရနိုင်ပါ့မည်နည်း။

အရက်သည် ဘယ်လောက်ပင် စုတ်ပြတ်နေပါစေ... အရက်လုံးဝမရှိခြင်းထက်တော့ အပုံကြီးသာသေး၏။ ဟွာမင်းလိုသည် လေထဲသို့ အရက်ခွက်ကို မြှောက်လိုက်ပြီး တစ်ခွက်လုံးကို တရှိန်ထိုး မော့ချလိုက်တော့သည်။ ပြီးသည်နှင့် သီချင်း စဆိုနေတော့၏။

သူသီဆိုနေသော သီချင်းမှာ တောင်ပိုင်းထန်မင်းဆက်၏ တစ်ဦးတည်းသော ဘုရင်ဖြစ်သူက သေဆုံးသွားခဲ့သော မိဖုရားခေါင်ကြီး တာ့ကျိုဟော်ကို လွမ်းဆွတ်သတိရခြင်းများစွာရှိနေကြောင်း လိယွီ ရေးဖွဲ့ထားခဲ့သည့် 'ရှည်လျားသောတမ်းတခြင်းမှ နိုးထလာခြင်း' ဆိုသော သီချင်းဖြစ်သည်။ ထို့ကြောင့် ထိုသီချင်းတွင် ဆွတ်ပျံ့ကြေကွဲမှု၊ နူးညံ့သိမ်မွေ့မှု၊ မေတ္တာတရားနှင့် အထီးကျန်ဆန် ခံစားရမှုများ ပါရှိလေသည်။

ဟွာမင်းလိုသည် ထို လျှို့ဝှက်သော၊ လှပသော မိန်းမပျိုလေးကို တကယ်ပင် စွဲလမ်းချစ်ခင်နေကြောင်း လုရှောင်ဖုန်း ယခုမှပင် ရုတ်ချည်း သိလိုက်ရတော့သည်။ ဟွာမင်းလိုသည် ထိုအကြောင်းအရာကို ဘယ်တုန်းကမှ ထုတ်ဖော်ပြောပြခဲ့ခြင်းမရှိ။ အဘယ်ကြောင့်ဆိုသော် သူသည် နှစ်နှစ်ကာကာ ချစ်မိနေသောကြောင့်ဖြစ်၏။ သူ နှစ်နှစ်ကာကာ ချစ်မိနေခြင်းသည် အချစ်ဆိုသည်ကို ဘယ်တုန်းကမှ မခံစားခဲ့ဘူးသောကြောင့်လည်း ဖြစ်နေပြန်သည်။

သို့သော် ရှန်းကွမ်းဖေးယန် တစ်ယောက်ကရော...

သူမ၏လှုပ်ရှားမှုများက သိပ်ကို သိုသိပ်လျှို့ဝှက်လွန်းလှသည်။ ပြီးတော့ သူမ၏ ဟန်မူရာများက မှန်းဆ၍မရနိုင်ချေ။ လုရှောင်ဖုန်းကိုယ်တိုင်တောင်မှ သူမ ဘာကို တွေးတောလုပ်ကိုင်နေမှန်း မသိနိုင်မှတော့ ဟွာမင်းလိုဆိုလျှင် ပို၍ပင် အလှမ်းဝေးနေသေး၏။

ရုတ်တရက်... လုရှောင်ဖုန်း အူလှိုက်သည်းလှိုက် ရယ်မောလိုက်သည်။ “ငါ သီချင်းဆိုတာ တော်တော်လေး ညံ့နေပြီထင်ထားတာ၊ မင်း သီချင်းသံက ပိုလို့တောင်ဆိုးသေး... ဟားဟားဟား... ငါ သီချင်းဆိုတုန်းကဆိုရင် မင်းကို ရယ်မောအောင် လုပ်နိုင်ခဲ့သေးတယ်။ မင်း သီချင်းဆိုတော့ ငါ ရယ်ဖို့နေနေသာသာ ပြုံးချင်ရင်တောင်မှ ပြုံးလို့မရနိုင်ပါလား။”

“ဒါကြောင့်မို့ ငါတို့တတွေ ဒီနေ့တစ်ရက်တော့ အရက်ချည့်ပဲ သောက်ရင်ကောင်းမယ်။ ဆိုရိုးစကားရှိတယ် မဟုတ်လား... 'ဒီနေ့ရှိတဲ့အရက်ကို ဒီနေ့ပဲသောက်လိုက်ပါ' တဲ့...”

သူတို့နှစ်ယောက်သည် ခွက်ချင်းရိုက်ရန် လက်မြှောက်လိုက်ကြ၏။ ခွက်ချင်း ထိတွေ့ခါနီးလေးတွင်ပင် အသံတစ်သံ ထွက်ပေါ်လာခဲ့၏။ “သခင်လေး လုရှောင်ဖုန်း ဆိုတာများ ရှိနေပါလားခင်ဗျာ။”

ညဉ့်နက်လှပြီဖြစ်သောကြောင့် လူတစ်ယောက်မှ မရှိတော့ချေ။ ဤမျှ ဝေးလံသီခေါင်သောနေရာသို့ မည်သူကများ လာကြပါမည်နည်း။ လုရှောင်ဖုန်းကို လာရှာရန်ဆိုလျှင် ပို၍ဝေးသေး၏။

သို့သော် လူတစ်ယောက် ရောက်လာခဲ့၏။ လုရှောင်ဖုန်းကို လာရှာသောလူတစ်ယောက် ရောက်ရှိလာခဲ့၏။

သူ့ကိုကြည့်ရသည်မှာ မုဆိုးတစ်ယောက် ဖြစ်ပုံရသည်။ သူ့ထံတွင် ဝါးခြင်းတောင်းတစ်ခု ပါရှိလာပြီး ခြင်းတောင်းထဲတွင် ကြက်ကောင်လုံးနှပ်များ ရှိနေလေသည်။

“ခင်ဗျားက လုရှောင်ဖုန်းကို ဘာအတွက် လိုက်ရှာနေရတာလဲ။” ထိုသူ၏မေးခွန်းကို မဖြေခင်၌ ဤမေးခွန်းကို လုရှောင်ဖုန်း မေးမြန်းရပေလိမ့်မည်။

မုဆိုးသည် ဝါးခြင်းတောင်းကို စားပွဲပေါ်တင်ထားလိုက်ပြီး- “ဒီခြင်းတောင်းလေးထဲမှာပါတဲ့ အစားအစာတွေကို သခင်လေး လုရှောင်ဖုန်း အရက်နဲ့အတူ မြည်းဖို့ သူ့ရဲ့ ချစ်လှစွာသော ဒေါ်လေးက ပို့ခိုင်းလိုက်တာပါ။”

“ကျုပ်ရဲ့ဒေါ်လေး... ဟုတ်လား။” လုရှောင်ဖုန်း ခဏမျှ အံ့ဩသွားခဲ့ရ၏။

“ခင်ဗျားက သခင်လေး လုရှောင်ဖုန်းလားခင်ဗျာ။” မုဆိုးသည်လည်း အံ့အားသင့်သွားခဲ့၏။

လုရှောင်ဖုန်းက ခေါင်းညိတ်ပြလိုက်သည်။ “ဒါပေမဲ့ ကျုပ်ဟာ သခင်လေး မဟုတ်သလို ကျုပ်မှာ ဘာဒေါ်လေးမှလည်း မရှိဘူး။”

“ရှိပါတယ်ဗျာ။ သခင်လေးမှာ သိပ်ရှိတာပေါ့။”

“ဘာဖြစ်လို့လဲ။”

“အဲဒီသူဟာ သခင်လေးရဲ့ ဒေါ်လေးမဟုတ်ခဲ့ဘူးဆိုရင် ဒီအစားအစာတွေကို ပိုက်ဆံပေးဝယ်၊ ပြီးတော့ ကျုပ်ကို ငွေတုံး ၅ တုံး ပေးပြီး ဘယ်ပို့ခိုင်းခဲ့မှာတဲ့လဲ။” မုဆိုးဖြစ်ဟန်တူသူက တုံ့ပြန်ပြောဆိုလိုက်၏။ “ဒါပေမဲ့... ဒါပေမဲ့...”

လုရှောင်ဖုန်း- “ဒါပေမဲ့ ဘာဖြစ်လဲ...”

“သူပြောခဲ့တာကတော့ သခင်လေး လုရှောင်ဖုန်းမှာ မျက်ခုံးလေးခုရှိလို့ သူ့ကို တွေ့လိုက်တာနဲ့တပြိုင်နက် မသိစရာအကြောင်းမရှိဘူးတဲ့...” မုဆိုးသည် ရယ်ချင်စိတ်ကို မနည်းမျိုသိပ်ထားနေရပုံရသည်။ “ဒါပေမဲ့.. အခုတော့ သခင်လေးမှာ နှစ်ခုပဲ တွေ့နေရပါလား။”

လုရှောင်ဖုန်းသည် မျက်နှာတည်တည်ထားပြီး ပြောဆိုလိုက်ရန် ကြိုးစားခဲ့သော်လည်း မျက်နှာတစ်ခုလုံး ရှုံ့တွနေရကာ ဝါးလုံးကွဲ ရယ်မောလိုက်တော့သည်။ “မျက်ခုံး၄ခုနဲ့လူကို ခင်ဗျားတွေ့ဖူးလို့လား။”

ထိုအချိန်မှ မုဆိုးသည်လည်း ရယ်မောလိုက်တော့သည်။ “ဘယ်ကလာ တွေ့ဖူးခဲ့မှာလဲဗျာ။ ဒါကြောင့်မို့လို့ ဒီကို လာခဲ့တာပေါ့။ တွေ့ဖူးချင်လို့ပေါ့။ ငွေတုံး ၅ တုံးတစ်ခုတည်းအတွက်ကြောင့် မဟုတ်ပါဘူးဗျာ။”

လုရှောင်ဖုန်း-“ကျုပ်ရဲ့ ဒေါ်လေးဆိုသူက ဘယ်လိုပုံစံရှိလဲဗျ။”

“ချာတိတ်မလေးတစ်ယောက်ပဲ...”

“ချာတိတ်မလေး...” လုရှောင်ဖုန်း ထအော်မိမတတ် ဖြစ်သွားခဲ့၏။ “ကျုပ်အသက်အရွယ်လောက်နဲ့ ဒေါ်လေး ချာတိတ်မလေးတစ်ယောက် ရှိနိုင်ပါ့မလား။”

မုဆိုးသည် အားတင်းပြုံးပြလိုက်ပြီး- “ပထမတော့ ကျုပ်လည်း မယုံပါဘူး။ ဒါပေမဲ့ သူပြောခဲ့တာကတော့ သူဟာ အသက်သိပ်မကြီးသေးပေမယ့် ဝါတော့ အလွန်ကြီးတယ်တဲ့... နောက်ထပ် ဘာထပ်ပြောခဲ့သေးလဲဆိုတော့... သူ့မှာ ဟွာမင်းလိုဆိုတဲ့ အသက် ၅ဝ အရွယ် မြေးတစ်ယောက်တောင် ရှိနေသေးတယ်တဲ့...”

ဟွာမင်းလိုကို လုရှောင်ဖုန်း လှည့်ကြည့်လိုက်သည်။ ဝါးကနဲ ရယ်မောလိုက်ချင်နေသော်လည်း ရယ်ရမည်ကို အားနာသောကြောင့် မနည်း ထိန်းချုပ်ထားရ၏။

သို့သော် ဟွာမင်းလိုကတော့ ရယ်မောနေလေသည်။ “မှန်ပါတယ်။ ကျုပ်မှာ အဲဒီလို အဘွားလေးတစ်ယောက် ရှိပါတယ်။”

မုဆိုးလုပ်သူသည် နောက်ထပ်တစ်ကြိမ် ပါးစပ်အဟောင်းသားနှင့် အံ့အားသင့်သွားခဲ့ရပြန်၏။ “သခင်လေးက ဟွာမင်းလို... ဟုတ်ရဲ့လားဗျာ။ အသက် ၅ဝ တောင်ရှိပြီ.... ဟုတ်လား။”

“ကျုပ်ကိုယ်ကျုပ် သိပ်ဂရုစိုက်တာဗျ... ဒါကြောင့်ဒီလောက် နုပျိုနေတာ။”

မုဆိုးသည် မအောင့်အီးနိုင်တော့ဘဲ မေးမြန်းစပ်စုလိုက်၏။ “ဘယ်လို နည်းလမ်းများလဲဗျာ... ကျနော့်ကိုလည်း နည်းလမ်းလေးများ မစ ပေးပါဦး...”

“ဒါလား... လွယ်ပါတယ်...” ဟွာမင်းလိုက ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်သည်။ “ကျုပ်လုပ်ခဲ့တာတွေကတော့... တစ်ရက်ကို တီကောင် အကောင် ၅ဝ စားတယ်၊ ပုတ်သင်ညို အကောင် ၂ဝ စားတယ်၊ ပြီးတော့ လူသား ၂ ကီလိုလောက်စားတယ်ဗျာ...”

မုဆိုးသည် ဟွာမင်းလိုကို မျက်လုံးကျွတ်ကျမတတ်၊ အံ့အားသင့်စွာ ငေးမောကြည့်ရှုနေလေသည်။ ရုတ်တရက်... ဘာစကားမှ မပြောတော့ဘဲ ဖနောင့်နှင့်တင်ပါး တစ်သားတည်းကျအောင် တစ်ချိုးတည်းလစ်ပြေးလေတော့သည်။

လုရှောင်ဖုန်းပင်လျှင် မအောင့်အီးနိုင်တော့ဘဲ ဝါးလုံးကွဲ ရယ်ချလိုက်တော့သည်။

ဟွာမင်းလိုလည်း ရယ်မောနေပါသည်။ “မင်းပြောတာမှန်တယ်ကွ။ အဲဒီမကောင်းဆိုးဝါးမလေးက လိမ်ပြောပြီဆိုရင် သေနေတဲ့လူသေတွေတောင် ပြန်ရှင်ထလာလိမ့်ဦးမယ်။”

ဟွာမင်းလိုသည် စကားပြောဆိုနေရင်းပင် ပျင်းရိပျင်းတွဲအမူအရာဖြင့် သူ့ဘယ်ဘက်တွင်ရှိနေသော ပြတင်းပေါက်ကို လက်ထဲမှ တူဖြင့် ညွှန်ပြလိုက်သည်။

လုရှောင်ဖုန်းသည် လေထဲတွင် တစ်ပတ်ကျွမ်းထိုးပြီး ပြတင်းပေါက်ကို ဆွဲဖွင့်လိုက်သည်။

ကျစ်ဆံမြီးကျစ်ထားသော ချာတိတ်မလေးတစ်ယောက်သည် ပြတင်းပေါက် အနောက်တွင် တစ်ယောက်တည်း ကြိတ်ပြီးရယ်မောနေ၏။

ရှန်းကွမ်းရှူးအာ၏ မျက်လုံးများသည် ဝိုင်းစက်ပြူးကျယ်နေပြီး သိပ်ကိုရိုးသားသိမ်မွေ့သော ချာတိတ်မလေးတစ်ယောက် အသွင်ရှိနေသော်လည်း ထပ်မံ၍ မရယ်မောနိုင်တော့ချေ။

လုရှောင်ဖုန်းသည် သူမ၏ ကျစ်ဆံမြီးနှစ်ဘက်ကို စုကိုင်ထားပြီး အခန်းတွင်းသို့ ဆွဲခေါ်လာခဲ့၏။ “ဒီမကောင်းဆိုးဝါးမလေးက ငါ့ရဲ့ဒေါ်လေးတော့ ဖြစ်နိုင်မယ်မထင်ဘူး။ မင်းရဲ့ အဘွားလေးတော်သူပဲ ဖြစ်ရင် ကောင်းမယ်ထင်တယ်။”

ရှူးအာသည် နှုတ်ခမ်းလေး စူထားပြီး ဘုပြောလိုက်သည်။ “ကျမက နောက်တဲ့ဟာကို... သူများ စနောက်တာကို မခံနိုင်တာနဲ့ဘဲ သူများရဲ့ ကျစ်ဆံမြီးကို ဆွဲကိုင်ထားစရာလား။”

“မင်းအတွက် သူ ငွေကုန်ခံခဲ့တာ မထူးဆန်းတော့ပါဘူး။” ဟွာမင်းလို ပြုံးပြီး ပြောဆိုလိုက်၏။ “ဒါ့ပြင်... ဒီကြက်သားတွေကလည်း တော်တော်လေး အရသာရှိပါတယ်။ မင်း သူ့ကို ကျေးဇူးမတင်ဘူးဆိုရင်တောင်မှ နည်းနည်းလေးတော့ ယဉ်ကျေးပြလိုက်ပါကွာ။”

“ကြည့်ရတာ ကျမရဲ့ မြေးလေးက သိပ်ကို နူးညံ့သိမ်မွေ့တာပဲ...” ရှူးအာက ပေါ့ပေါ့ပါးပါးပင် ဆက်ပြောနေလိုက်၏။ “အနည်းဆုံးတော့ သူဟာ တရားမျှတပြီး ရိုးသားပါသေးတယ်လေ...”

လုရှောင်ဖုန်းသည်လည်း ဝါးလုံးကွဲ ရယ်မောလိုက်တော့သည်။ “အကြင်နာတရားရှိသူက နှလုံးသားမဲ့သူထက်တောင် ဝါနိမ့်နေသေးတယ်လို့ မင်း ဆိုလိုချင်တာလား။”

လုရှောင်ဖုန်းသည် ရယ်မောနေရင်း ရှူးအာ၏ကျစ်ဆံမြီးလေးကို လွှတ်ပေးလိုက်၏။ ရှူးအာသည် မြေခွေးမလေးတစ်ကောင်လိုပင် သူ့ပေါင်ခွကြားမှ ထွက်ပြေးသွားခဲ့၏။

ကံဆိုးသည်မှာ သူမသည် လုရှောင်ဖုန်းလောက် မလျင်မြန်နိုင်ချေ။ လုရှောင်ဖုန်းသည် သူမ၏ ကျစ်ဆံမြီးလေးများကို ဆွဲကိုင်ထားပြီး ကြက်ကလေးငှက်ကလေးတစ်ကောင်လို ဆွဲခေါ်လာခဲ့ပြန်သည်။ ပြီးနောက် သူမကို ထိုင်ခုံတစ်လုံးပေါ်တွင် ထိုင်နေစေပြီး မျက်နှာထား တည်တည်ဖြင့် ပြောဆိုလိုက်သည်။ “ငါ မင်းကို မေးစရာ မေးခွန်းရှိနေသေးတယ်။ မှန်မှန်ဖြေပါလို့လည်း သတိပေးလိုက်ပါရစေ... လိမ်ပြောဖို့တောင် မစဉ်းစားနဲ့... ဟုတ်ပြီလား။”

“ကျမ ဘယ်တုန်းကမှ ရှင့်ကို မလိမ်ခဲ့ဖူးပါဘူး...” ရှူးအာက မျက်နှာသေလေးဖြင့် ပြောဆိုနေသည်မှာ လုရှောင်ဖုန်းက သူမကို မတရား စွပ်စွဲနေသလိုမျိုးပင် ဖြစ်နေတော့၏။

“အဲဒီစကားကိုက အလိမ်အညာပဲ...”

“ကျမပြောခဲ့တာတွေအားလုံး အလိမ်အညာတွေချည်းပဲဆိုရင် ဘာဖြစ်လို့ ကျမကို လာပြီး စကားပြောနေရသေးတာလဲ။” ရှူးအာသည် စိတ်ဆိုးဒေါသထွက်စွာဖြင့် ပြန်အော်ပြောလိုက်၏။

သူမနှင့် စကားရည်လုပြောနိုင်ရန်မှာ မလွယ်ကူကြောင်း သိရှိခဲ့ပြီးနောက် လုရှောင်ဖုန်းသည် တည်ကြည်လေးနက်စွာဖြင့် မေးမြန်းလိုက်၏။ “မင်း ငါတို့နောက်ကို ဘာဖြစ်လို့ တစ်ချိန်လုံး တကောက်ကောက် လိုက်နေရတာလဲ။”

“ကျမ ရှင်တို့နောက်ကို တကောက်ကောက်လိုက်နေတာမဟုတ်ပါဘူး။ လိုက်ချင်ဦးတောင်မှ ရှင်တို့ကို မမီနိုင်ပါဘူး။”

ထိုစကားသည် အမှန်ဖြစ်၏။

“ဒါဆိုရင် ကျုပ်တို့ကို ဘယ်လိုလုပ်ပြီး ရှာတွေ့နိုင်ခဲ့တာလဲ။”

“ရှင်တို့နှစ်ယောက် စီမင်းကျွေ့ရှယ်ဆီသွားမယ်ဆိုတာ သိထားတာပဲ။ ဒါကြောင့်ပဲ ရှင်တို့မရောက်လာခင်လေးတင် ဒီနေရာကို တန်းပြီးလာခဲ့တာပေါ့။”

“ဒီနေရာမှာ ကျုပ်တို့ကို တစ်ချိန်လုံး စောင့်နေခဲ့တယ်ပေါ့လေ။”

“ကျမ ဒီမှာ စောင့်နေခဲ့တာ တစ်နေကုန်သွားပြီရှင့်။ ရေလည်းမချိုးရသေးဘူး၊ အဝတ်အစားလည်း မလဲရသေးဘူး။ မယုံရင် လာနမ်းကြည့်ပါလား။”

ဟွာမင်းလိုသည် သဘောကျစွာ ရယ်မောနေ၏။ လုရှောင်ဖုန်းကတော့ တံတွေးကို ဂလုကနဲ မျိုချလိုက်ပြီး- “မင်းက ဘာဖြစ်လို့ ကျုပ်တို့ကို စောင့်နေရတာလဲ။”

“ဘာဖြစ်လို့လဲဆိုတော့ ရှင်တို့ကို လျှို့ဝှက်ချက်တစ်ခု ပြောစရာရှိနေလို့ပေါ့။”

“ဘာလျှို့ဝှက်ချက်လဲ။”

ရှူးအာသည် သူမ၏နှုတ်ခမ်းကို စူထားလိုက်ပြန်သည်။ ကြည့်ရသည်မှာ ငိုတော့မည့်ဟန်ရှိနေ၏။ ရုတ်တရက်... သူမသည် အိတ်ထောင်ထဲမှ လက်ရာမြောက်စွာ သွန်းထုထားသော ရွှေပျံလွှားလေးတစ်ခုကို ထုတ်ယူလိုက်၏။ “ကျမ ဒီဟာလေးကို ပန်းခြံထဲမှာ အဲဒီညကပဲ တွေ့ခဲ့တယ်။”

လုရှောင်ဖုန်းသည် ထိုအရာလေးကို သေသေချာချာ စိုက်ကြည့်လိုက်သော်လည်း ဘာမှ မှတ်ချက်မပေးနိုင်ခဲ့ချေ။

“ကျမ မမွေးခင်ကတည်းက ခမည်းတော်က မမ ကိုပေးထားခဲ့တာ။” ရှူးအာက ဆက်ပြောနေပြန်သည်။ “မမက ဒီဟာလေးကို သိပ်ပြီး တန်ဖိုးထားတာ။ ရွှေကြိုးလေးတပ်ပြီးတော့တောင် အမြဲလိုလို ဝတ်ဆင်ထားခဲ့သေးတယ်။ ကျမက ဝတ်ချင်လွန်းလို့ ၂ ရက်လောက်ပဲ ပေးဝတ်ပါဆိုတာတောင်မှ လုံးဝ ပေးမထိခဲ့ဘူး။ ဒါပေမဲ့ ဒီဟာလေးက ပန်းခြံထဲက မြေကြီးပေါ်မှာ ကျနေခဲ့တာကို ကျမ တွေ့ခဲ့ရတယ်လေ။”

လုရှောင်ဖုန်းက အလိုက်သင့် ပြောဆိုလိုက်၏။ “မတော်တဆ ပြုတ်ကျကျန်ခဲ့တာလည်း ဖြစ်နိုင်တာပဲ။”

ရှူးအာသည် ငြင်းဆန်စွာ ဦးခေါင်းခါရမ်းလိုက်ပြီး- “ဘယ်လိုမှကို မဖြစ်နိုင်ဘူး။ ဒါ မမ ကိုလက်စဖျောက်ခဲ့တဲ့အချိန်မှာ သူတို့ ကျကျန်ခဲ့တာပဲ ဖြစ်ရမယ်။”

သူမ၏မျက်ဝန်းများတွင် မျက်ရည်ဥများ ခိုသီလာခဲ့ပြီး ဝမ်းနည်းလွန်းသဖြင့် အသံများ တုန်ရီအက်ကွဲလာခဲ့တော့သည်။

“မင်းရဲ့ မမလေး သေသွားခဲ့ပြီလို့ တကယ်ကြီး ထင်နေတာလား။”

ရှူးအာသည် နှုတ်ခမ်းကိုက်ထားလိုက်ပြီး ခေါင်းညိတ်ပြလိုက်သည်။ “မမ သေသွားခဲ့ပြီဆိုတာ သိနေရုံတင်မကသေးဘူး၊ သူ့ကို ဘယ်သူက သတ်ခဲ့တာလဲဆိုတာပါ သိနေသေးတယ်။”

“ဘယ်သူများလဲကွ...”

ရှူးအာက ခါးသက်စွာ ပြောဆိုလိုက်၏။ “ကျမရဲ့ ဟိုဝမ်းကွဲအစ်မ ခွေးမကြီးပေါ့။”

“ရှန်းကွမ်းတန့်ဖုန်းလား။”

“ဟုတ်တယ်... သူပဲ... မမ ကို သတ်ခဲ့ရုံတင်မကသေးဘူး၊ ရှောင်ချီယု၊ တုကုဖန်းနဲ့ လျူယုဟန်တို့လည်း သူ့လက်ချက်နဲ့ သေသွားခဲ့ကြပြီ။”

“သူတို့ ၃ ယောက်စလုံး သူ့လက်ချက်နဲ့ သေသွားခဲ့ကြပြီ... ဟုတ်လား။”

ရှူးအာက ခေါင်းညိတ်ပြလိုက်သည်။ “ကျမကိုယ်တိုင် သည်မျက်စိတွေနဲ့ မြင်ခဲ့တာပါနော်။ တည်းခိုခန်းထဲမှာ လျူယုဟန်နဲ့ သူ စကားပြောနေခဲ့သေးတယ်။ ပြီးတော့ သူ့ရဲ့ ဇာမဏီအပ်ပျံတွေနဲ့ ပစ်သတ်ခဲ့တယ်။ အလောင်းကောင်ကို ခုတင်အောက်မှာလည်း ဝှက်ထားခဲ့သေးတယ်။”

လုရှောင်ဖုန်း သက်ပြင်းမောကြီး ချလိုက်၏။ “ဒီလောက်တောင် သေချင်နေတဲ့သူက တကယ်ကို သေသွားခဲ့ပြီပေါ့လေ။”

“ဇာမဏီအပ်ပျံတွေဟာ သူ့ရဲ့ အစွမ်းအထက်ဆုံးသော လက်နက်ပုန်းတွေပဲ။ သွေးနဲ့ထိတွေ့လိုက်တာနဲ့ အပ်မှာပါတဲ့ အဆိပ်တွေကြောင့် သွေးခဲသွားတတ်တယ်။ မမကိုလည်း အဲဒီအပ်တွေနဲ့ သတ်ခဲ့တာပဲဖြစ်ရမယ်။ ဒါပေမဲ့ မမရဲ့ ခန္ဓာကိုယ်ကို ဘယ်မှာဝှက်ထားကြလဲတော့မသိဘူး။” သူမသည် စကားပြောနေရင်းပင် မျက်ရည်များ ကျဆင်းလာခဲ့တော့၏။

“မင်းပြောခဲ့တာတွေအားလုံး ယုတ္တိရှိရှိနဲ့ အမှန်တွေချည့် ဖြစ်နိုင်လောက်ပါတယ်။” လုရှောင်ဖုန်း သက်ပြင်းချလိုက်ပြန်၏။ “ဒါပေမဲ့ ကျုပ် တစ်လုံးမှ မယုံနိုင်တာတော့ သိပ်ဆိုးတာပဲ...”

ဤတစ်ကြိမ်တွင်တော့ ရှူးအာသည် စိတ်ဆိုးရမည့်အစား ငိုကြွေး၍သာနေ၏။ “ရှင်... ကျမ ပြောတာတွေကို ဘယ်ယုံကြည်ပါ့မလဲ... သူ့ကို ရှင်သိပ်ပြီး သဘောကျနေတယ်မဟုတ်လား။”

လုရှောင်ဖုန်းသည် သူမကို စိုက်၍ကြည့်နေလိုက်၏။ သူ့ပုံစံက ဝန်ခံနေသလိုမျိုးလည်း ဖြစ်နေ၏။ လုရှောင်ဖုန်း မအောင့်အီးနိုင်တော့ဘဲ မေးမြန်းလိုက်တော့သည်။ “သူကိုယ်တိုင်လည်း မင်းတို့ရဲ့ အစ်မဝမ်းကွဲ တော်တာပဲ မဟုတ်လား။ မင်းရဲ့ မမကို ဘာဖြစ်လို့ သတ်ခဲ့ရမှာလဲ။”

“ဘာအတွက်လဲဆိုတာ ဘယ်သူက သိနိုင်မှာလဲ။” ရှူးအာက အံကြိတ်ပြီး ပြောဆိုလိုက်သည်။ “ကျမရဲ့ မမဟာ သူ့ထက် ပိုလှနေပြီး ဉာဏ်သိပ်ကောင်းတာကို မနာလိုလို့လည်း ဖြစ်နိုင်တာပဲ။”

“ဒါဆိုရင် လျူယုဟန်ကျတော့ကော... သူ့အပေါ်မှာ ဒီလောက်တောင် သစ္စာရှိတဲ့ လူတစ်ယောက်ပဲဟာ... ဘယ်လိုလုပ်ပြီး သတ်ချင်ခဲ့ရမှာလဲ။”

“သူဟာ အဆိပ်အပြင်းထန်ဆုံးဆိုတဲ့ ေျ>ြမတွေထက်တောင်မှ အဆိပ်ပြင်းနေသေးတယ်။ ကျမရဲ့ မမကိုတောင်မှ သတ်နိုင်ခဲ့သေးတာပဲ... နောက်တစ်ယောက်ကို သတ်ဖို့ကိုလည်း ဘယ်ဝန်လေးပါတော့မလဲ။” ရှူးအာက ခါးသီးစွာ ပြောဆိုလိုက်၏။

လုရှောင်ဖုန်း သက်ပြင်းချလိုက်ပြန်သည်။ “မင်း သူ့ကို မုန်းတီးနေတာ ငါသိပါတယ်။ ဒါပေမဲ့...”

“သူ့ကို ကျမ မုန်းတီးနေတာ ရှင်နဲ့သူ့ကြားမှာ ရှိနေတဲ့ ဆက်ဆံရေးကြောင့်လို့ ရှင်ထင်နေတာလား။” ရှူးအာက အေးစက်စွာဖြင့် ခနဲ့စကားဆိုလိုက်၏။ “သူဟာ အပြင်ပန်းမှာတော့ သိပ်ကို ကြင်နာပြတတ်ပါတယ်။ ကွယ်ရာမှာကျရင် ကျမကို နှိပ်စက်အနိုင်ကျင့်နေခဲ့တာ ကျမ ငယ်ငယ်လေးကတည်းကပဲ။”

လုရှောင်ဖုန်း ချက်ချင်းပင် သူမကို စကားဖြတ်ပြောလိုက်၏။ “သူက အခုမှ ၁၉ နှစ်ပဲရှိသေးတာ၊ မင်းလို အသက် ၂ဝ လောက်ရှိနေသူတစ်ယောက်ကို ဘယ်လိုလုပ်ပြီး အနိုင်ကျင့်နိုင်မှာတဲ့လဲ။”

ရှူးအာ ပြန်မဖြေနိုင်တော့ချေ။

လုရှောင်ဖုန်း မရက်စက်တတ်ပါ။ ထို့ကြောင့် နူးညံ့စွာ ဖြည့်ပြောလိုက်သည်။ “မင်းရဲ့ မမ အတွက် သိပ်ကိုစိုးရိမ်ပူပန်နေတယ်ဆိုရင် ခေါင်းအေးအေးထားပြီး ကောင်းကောင်းအနားယူလိုက်ပါဦးကွာ။ ဟုတ်ပြီလား... မင်းရဲ့ မမ မသေဘူးဆိုတာ ငါသိထားလို့ပါ။”

ရှူးအာက နှုတ်ခမ်းကိုက်ပြီး ပြန်ပြောလိုက်၏။ “ဒါပေမဲ့ လျူယုဟန်ကို သူ သတ်နေခဲ့တုန်းက ကျမကိုယ်တိုင် အပြင်ဘက်ကနေ တွေ့နေခဲ့တာပဲ...”

သူမ၏စကားစ ပြတ်သွားခဲ့ပြီး ခန္ဓာကိုယ်သည်လည်း ကျောက်ရုပ်တစ်ရုပ်လို ငြိမ်သက်သွားခဲ့တော့သည်။

ရှန်းကွမ်းတန့်ဖုန်း သတ်ခဲ့ပြီး ခုတင်အောက်တွင် ဝှက်ထားခဲ့သည်ဆိုသော လျူယုဟန်သည် ရုတ်တရက် ထွက်ပေါ်လာခဲ့လေသည်။

သူ၏စုတ်ပြတ်သပ်နေသော မျက်နှာကြီးက လရောင်အောက်တွင် ပို၍ပင် ကြောက်မက်ဖွယ်ရာ ကောင်းနေသေးတော့၏။

သို့သော် သူ၏အမူအရာများက လွန်စွာမှပင် နူးညံ့သိမ်မွေ့နေပြီး ယဉ်ကျေးစွာ ပြောဆိုလိုက်၏။ “အပြင်ထွက်ပြီး မင်း ဆော့ကစားနေတာ တော်လောက်ပြီထင်တယ်။ ကျုပ်နဲ့ ပြန်လိုက်ခဲ့ပါနော်။” ရှူးအာကိုကြည့်နေရင်း ပြောဆိုလိုက်၏။ “မင်းကိုပြန်လာခဲ့ပါလို့ ဧကရာဇ်ကြီးက မိန့်မှာလိုက်တယ်။”

ရှူးအာ၏မျက်လုံးများက ပြုတ်ထွက်လုမတတ် ပြူးကျယ်လာခဲ့ကြ၏။ “ရှင်... ရှင်... မသေဘူးပေါ့လေ...”

လျူယုဟန်၏မျက်နှာထက်တွင် ဝမ်းနည်းသော အမူအရာများ ထွက်ပေါ်လာခဲ့ပြီး လေးကန်စွာ ဖြေကြားလိုက်၏။ “တစ်ခါတရံကျပြန်တော့ သေဆုံးခြင်းဆိုတာ လွယ်တဲ့အလုပ်တစ်ခု မဟုတ်ပါဘူး။”

“ကျမရဲ့ ဝမ်းကွဲအစ်မရော... ဘယ်မှာလဲ။”

“မင်း အိမ်ပြန်သွားလိမ့်မယ်လို့ သူမျှော်လင့်ထားပါတယ်။ မင်းဟာ ငယ်ရွယ်သေးတယ်မဟုတ်လား... ကြီးလာသည်ထိ စောင့်လိုက်ပါဦးကွာ။ အပြင်လောကကိုထွက်ပြီး ပျော်ပျော်ရွှင်ရွှင်ကြီး ထွက်ကဲနိုင်လောက်သည်ထိ စောင့်လိုက်ပါဦး။ မင်းရဲ့ မမကိုကြည့်ပါလား။ သူဆိုရင် သွားချင်တဲ့နေရာကို သွားနိုင်သလို လုပ်ချင်တာတွေလည်း လုပ်နိုင်နေပြီ။”

ရှူးအာသည် လျူယုဟန်ကို ကြည့်နေပြီး ကြောက်ရွံ့စိတ်များ ဝင်လာတော့သည်။ ရုတ်တရက်ဆိုသလို... လုရှောင်ဖုန်း၏ လက်ကို ဆွဲထားလိုက်ပြီး- “သူနဲ့ ကျမ မလိုက်သွားချင်ဘူး... ကျေးဇူးပြုပြီး ရှင့်နောက်ကိုပဲ လိုက်ခဲ့ပါရစေနော်... ကျမ.. ကျမ လိမ္မာပါ့မယ်ရှင်...”

လျူယုဟန်- “မင်းကြီးလာသည်ထိ စောင့်လိုက်ပါဦး... အခုတော့ ကလေးလေးပဲ ရှိသေးတယ်မဟုတ်လား။ လူကြီးတွေမှာ အရေးကြီးတဲ့ လုပ်ဆောင်စရာလေးတွေ ရှိနေသေးတယ်လေ။ မင်း တကောက်ကောက်လိုက်နေလို့ ဘယ်ဖြစ်ပါ့မလဲ။”

အပြင်ဘက်တွင် မြင်းဟီသံများ ထွက်ပေါ်လာ၏။ မြင်းလှည်းတစ်စီး ရှိနေလေသည်။ လုရှောင်ဖုန်း စီးလာခဲ့ဖူးသော မြင်းလှည်းကြီးပင်ဖြစ်သည်။

“ခုတော့ ခဏလေးမှေးလိုက်ပါဦး... မင်း နိုးလာတဲ့အချိန်ကျရင် အိမ်ကိုရောက်နေပြီး ဖြစ်နေလိမ့်မယ်။ ဟုတ်ပြီလား။”

ရှန်းကွမ်းရှူးအာ ထွက်ခွာသွားခဲ့ချေပြီ။ နောက်သို့ လုံးဝလှည့်မကြည့်ဘဲ ထွက်ခွာသွားခဲ့ချေပြီ။

မြင်းလှည်းပေါ်သို့ တက်သွားသော သူမ၏ သနားစရာ မြင်ကွင်းလေးကို ကြည့်နေပြီး လုရှောင်ဖုန်း သက်ပြင်းချမိလိုက်၏။ “မင်းဟာ သိပ်ကိုချစ်စရာကောင်းတဲ့ ချာတိတ်မလေးတစ်ယောက်ပါကွာ... ဘာဖြစ်လို့များ ဒီလောက်တောင်မှ လိမ်ညာနေတတ်ရတာလဲ။”

ထိုနေရာ၌ ဟွာမင်းလိုသည် တစ်ချိန်လုံး ငြိမ်သက်စွာ ထိုင်နေခဲ့ရာမှ စကားသံ ထွက်ပေါ်လာခဲ့၏။ “လိမ်ညာပြောဆိုတတ်တဲ့လူတိုင်းမှာ ဆင်ခြေလေးတွေတော့ ရှိနေတတ်ပါတယ်။ တချို့တွေကတော့ သူများကို လိမ်ညာတတ်ပြီး တချို့တွေကျပြန်တော့ ကိုယ့်ကိုကိုယ် လိမ်ညာနေကြပြန်ရော...”

သက်ပြင်းချပြီး သူ ဆက်ပြောနေလိုက်၏။ “စိုးရိမ်စရာအကောင်းဆုံးသူတွေကတော့ သူများတွေ သတိထားမိလာအောင်၊ သူ့ကို သူများတွေ အာရုံစိုက်လာအောင် လိမ်ညာတတ်သူတွေပဲ။”

“ချာတိတ်မလေးက သူ့ဘဝမှာ ဘယ်တုန်းကမှ ဂရုစိုက်မခံခဲ့ရလို့လား။”

“မှန်တယ်။”

“မင်းပြောတာမှန်တယ်။” လုရှောင်ဖုန်း အားတင်းပြုံးပြီး ဆက်ပြောလိုက်သည်။ “တချို့သူတွေဟာ ဘယ်လောက်ပဲ ဆိုးတာတွေကိုလုပ်လုပ် ခွင့်လွှတ်နားလည်ပေးသင့်တဲ့လူတွေပဲ။ သူတို့ကို ခွင့်လွှတ်ပေးနိုင်ဖို့အတွက် အစောကြီးကတည်းက ငါ နားလည်ခဲ့ရမှာ... ခုတော့...”

သူ့စကားပင် ပြီးအောင် မပြောလိုက်နိုင်ခင်သေးမှာတင် လျူယုဟန်တစ်ယောက် တံခါးပေါက်မှ ပြန်လည် ထွက်ပေါ်လာပြန်သည်။ “ရှူးအာက ခင်ဗျားကို စကားတစ်ခွန်း ပြောခိုင်းလိုက်လို့ပါ။” သူ ဖြည်းဖြည်းလေး ပြောဆိုလိုက်၏။

သူပြောလာမည့်စကားကို လုရှောင်ဖုန်း နားစွင့်နေလိုက်သည်။ ဤကြောက်စရာကောင်းသူ၏ မျက်နှာထက်တွင် အပြုံးလေးတစ်ခု သဲ့သဲ့လေး ထွက်ပေါ်နေ၏။ “သူပြောဖို့မေ့သွားခဲ့လို့ပါတဲ့... ဘာလဲဆိုတော့... ခင်ဗျားရဲ့ နှုတ်ခမ်းမွှေးတွေ ရိတ်ထားတဲ့အခါ နှုတ်ခမ်းမွှေးရှိနေတုန်းကထက်တောင် ပိုပြီးကြည့်လို့ ကောင်းနေသေးတယ်တဲ့...”

+++++

နှာခေါင်းအောက်မှ ငုတ်စိလေးထွက်စပြုနေသော နေရာကို လုရှောင်ဖုန်း လက်ဖြင့် စမ်းကြည့်လိုက်သည်။ ထိုနေရာလေးကို သူ့လက်ချောင်းများဖြင့် ပွတ်သပ်နေခဲ့သည်မှာ ယန်ပေနယ်မှ ရှန်းစီးနယ်ထဲ ရောက်လာသည်ထိပင်။ မရှည်လာနိုင်လှသော နှုတ်ခမ်းမွှေးများ ဖြစ်သည်ဟု စိတ်ထဲကလည်း ထင်နေမိ၏။

“ငါ့ဘဝမှာ မျက်မမြင်တစ်ယောက်ဖြစ်ရတဲ့အတွက် ဘယ်တုန်းကမှ ဝမ်းမနည်းခဲ့ဘူးဆိုတာ သိလား။” ဟွာမင်းလိုသည် ပါးနှင့်နားချိတ်အောင် ပြုံးနေပြီး ပြောလိုက်သည်။ “ဒါပေမဲ့ ဒီအချိန်လေးမှာတော့ သိပ်ပြီးဝမ်းနည်းမိတယ်ကွာ။ နှုတ်ခမ်းမွှေးမရှိတဲ့ မင်းကို ဘယ်လိုပုံစံရှိလဲဆိုတာ အရမ်းကို တွေ့ချင်မိတယ်။”

“သိပ်ကို နုပျိုလှပပြီး ချောမောနေတာပေါ့ကွ။”

“ဒါဆိုရင်လည်း အဲဒီသောက်ညင်ကပ်စရာကောင်းတဲ့ နှုတ်ခမ်းမွှေးကြီးကို ဘာဖြစ်လို့ ထားထားခဲ့ရတာလဲ။”

“ဘာကြောင့်လဲဆိုတော့ ငါ့ရဲ့ချောမောလှပမှုကို မြင်တွေ့ပြီးတဲ့နောက် မိန်းကလေးတွေ စိတ်မထိန်းနိုင်ကြမှာကို ကြောက်လို့ပေါ့။”

“ဒီရက်ပိုင်းအတွင်းမှာ မင်း သိပ်ကို စိတ်ထန်နေပါလား။” ဟွာမင်းလိုသည် ပြုံးနေလျက်ပင် ဆက်ပြောလိုက်၏။ “မင်းကိုမင်းများ ဒေါသထွက်နေတာလား။”

“ငါက ဘာဖြစ်လို့ ကိုယ့်ကိုကိုယ် ဒေါသထွက်နေရမှာလဲ။” လုရှောင်ဖုန်းက အေးစက်စွာ ပြောဆိုလိုက်၏။

“ဘာကြောင့်လဲဆိုတော့... သိပ်ကိုသနားစရာကောင်းတဲ့၊ နောက်ပြီးတော့ သိပ်ကို ချစ်စရာကောင်းတဲ့ ချာတိတ်မလေးအပေါ် မှားသွားခဲ့ပြီလားဆိုပြီးတော့ပေါ့.... ပြီးတော့ ပြန်ရောက်သွားတာနဲ့ တပြိုင်နက် သူ့ကိုများ ထပ်ပြီးအနိုင်ကျင့်နေကြဦးမလား ဆိုပြီးတော့ပေါ့။”

လုရှောင်ဖုန်း ရုတ်ချည်းပင် မတ်တတ်ထရပ်လိုက်၏။ သို့သော် သူမထွက်သွားခင်လေးမှာတင် ဖိတ်စာတစ်စောင်နှင့် လူတစ်ယောက် ရောက်ရှိလာခဲ့လေသည်။

“လေးစားစွာဖြင့် ဖိတ်ကြားလိုက်ပါသည်။ စားကောင်းသောက်ဖွယ်များနှင့် ယမကာများကို အကောင်းဆုံး ပြင်ဆင်ထားပြီး ခရီးသွားနေသူ မိတ်ဆွေများအတွက် ဖုန်ခါသန့်စင်စေရန်လည်း ပြင်ဆင်ထားပါသည်။ ကြွရောက်လာပါက ကျွန်ုပ်အတွက် လွန်စွာမှပင် ဂုဏ်ရှိမည်ဖြစ်ပါကြောင်း...

(ဟိုထျန်ချင်း)”

စကားလုံး ရိုးရိုးရှင်းရှင်းလေးများဖြစ်သည်။ သေသပ်စွာ ရေးသားထား၏။ အသုံးပြုသည့် မင်က ခပ်ပျစ်ပျစ်ဖြစ်သည်။ ထို့ကြောင့် စာလုံးများက ဖောင်းကြွနေသည်။ မျက်စိမမြင်ရသူများပင် လက်ဖြင့်စမ်းသပ်ကြည့်နိုင်ပြီး ဖတ်ရှုနိုင်မည်ဖြစ်သည်။

“အိမ်တော်ထိန်း 'ဟို' ဆိုတဲ့လူကိုကြည့်ရတာ သိပ်ကို စေ့စပ်သေချာတဲ့လူဖြစ်ပုံရတယ်။” ဟွာမင်းလို ပြုံး၍ မှတ်ချက်ပေးလိုက်သည်။

“စေ့စပ်သေချာယုံတင် မကသေးပါဘူး။” လုရှောင်ဖုန်းကတော့ ပေါ့ပေါ့ပါးပါးပင် ပြောဆိုလိုက်သည်။

ဖိတ်စာကို ယူဆောင်လာပေးသူမှာ ငယ်ရွယ်နုပျိုပြီး ဉာဏ်ကောင်းသော ချာတိတ်တစ်ယောက်ဖြစ်သည်။ တံခါး အပြင်ဘက်တွင် ရပ်စောင့်နေပြီး တစ်ချိန်လုံး ခါးညွှတ်အရိုအသေပေးနေ၏။ “ဂုဏ်သရေရှိ လူကြီးမင်းတို့ ဒီသေးငယ်တဲ့ ဧည့်ခံပွဲလေးကို တက်ရောက်ကြမယ်ဆိုရင် မြင်းလှည်းနဲ့ တရိုတသေ ခေါ်ဆောင်လာခဲ့ပါလို့ အိမ်တော်ထိန်းဟိုက ညွှန်ကြားခဲ့ပါတယ်ခင်ဗျာ။ လူကြီးမင်းတို့သာ လိုက်လာမယ်ဆိုရင် ကျွန်တော်မျိုး မြင်းလှည်းတစ်စီး အမြန်ဆုံး စီစဉ်လိုက်ပါ့မယ်။ အိမ်တော်ထိန်းဟိုကတော့ စိန်ဂေဟာမှာ လူကြီးမင်းတို့ကို ကြိုဆိုဖို့ စောင့်နေပါတယ်ခင်ဗျာ။”

“ကျုပ်တို့ ဒီမှာ ရှိနေတယ်ဆိုတာ သူဘယ်လိုလုပ်ပြီး သိသွားခဲ့တာလဲ။” လုရှောင်ဖုန်းက မေးမြန်းလိုက်သည်။

ချာတိတ်ကလေးသည် ခပ်သဲ့သဲ့လေးရယ်မောလိုက်ပြီး- “ကီလို ၄ဝဝ ပတ်ဝန်းကျင်မှာ အပ်ကျတာကအစ အိမ်တော်ထိန်းဟို မသိဘူးဆိုတာ မရှိပါဘူးခင်ဗျာ။”

0 comments:

Post a Comment