အရက်သည် အကောင်းအစား အရက်စစ်စစ်ဖြစ်၏။ သက်တန်းရင့် အရက်ကောင်းများဖြစ်၏။
လုရှောင်ဖုန်း အရက်ကို တစ်ဂွပ်တည်း မော့သောက်လိုက်၏။ “သိပ်ကောင်းတဲ့ အရက်ပါလား။” ပြီးနောက် သူ သက်ပြင်းချလိုက်ပြန်သည်။ “ဒါပေမဲ့ စောစောတုန်းက သောက်ခဲ့ရတဲ့ ပါရှန်းအရက်နဲ့ ယှဉ်လိုက်ရင်တော့ တခြားစီပဲ။ လုံးဝကိုမမီဘူး။”
ရွှေဂဠုန်ဧကရာဇ်သည် သဘောကျစွာ ဟက်ဟက်ပက်ပက် ရယ်မောလိုက်၏။ “ဒီအရက်ကိုချက်တဲ့ရေက ပန်းပွင့်တွေရဲ့ ပွင့်ဖတ်တွေပေါ်တင်နေတဲ့ မြူနှင်းစက်ကလေးတွေစုစည်းပြီးမှ ချက်လုပ်ထားတာ။ မောင်ရင်ရဲ့ ဒီလိုအရက်သောက်ပုံမျိုးနဲ့ဆိုရင် အလဟသတ်ဖြစ်မနေဘူးလား။”
“သူအရက်သောက်နေတာမဟုတ်ဘူး။” ဟွာမင်းလိုက ပြုံးပြီးမှတ်ချက်ပေးလိုက်၏။ “သူ လောင်းထည့်နေတာ။ အရက်ရဲ့အရသာကို သူ ဘယ်လိုမှ ခံစားနိုင်မှာမဟုတ်ဘူး။ ဒီလိုအရက်မျိုး သူ့ကို ပေးသောက်လိုက်တော့ အလဟသတ်ဖြစ်သွားတော့တာပေါ့။”
ရွှေဂဠုန်ဧကရာဇ်သည် ထပ်မံ ရယ်မောနေလိုက်ပြန်၏။ “မောင်ရင့်ကြည့်ရတာ သူ့အကြောင်းကို သိသင့်တာမှန်သမျှ အကုန်သိနေသလိုပါပဲလား။”
သူ့ကိုကြည့်ရသည်မှာ ယနေ့ညအဖို့ လွန်စွာပျော်ရွှင်နေပုံရသည်။ ဂဠုန်ရုပ်ကြီးရေးထိုးထားသော ရွှေဝါရောင် နန်းတွင်းဝတ်စုံကိုလည်း ဝတ်ဆင်ထား၏။ စစ်တိုက်ရန် ထွက်ခွာသွားတော့မည့် စစ်သူကြီးများအား ခမ်းခမ်းနားနား နှုတ်ဆက်ဂုဏ်ပြုနေသော ဧကရာဇ်ကြီးတစ်ပါးအလား ရှိနေလေသည်။
မင်းသမီးလေးတန့်ဖုန်းသည်လည်း ညှို့အားပြင်းထန်စွာ လှပနေ၏။
သူမသည် လုရှောင်ဖုန်း၏ ခွက်လွတ်ထဲသို့ အရက်များ ငဲ့ထည့်ပေးလိုက်ပြန်သည်။ “ကျမတို့ကတော့ ဒီလိုမျိုးအရက်သောက်မှ ယောက်ျားစစ်စစ်လို့ ခံစားရတယ်။” သူမက ကြာမူပါပါလေး ဆက်ပြောနေလိုက်ပြန်သည်။ “အရက်သောက်ရင် အဆိပ်ကိုသောက်နေရသလိုမျိုး သောက်တတ်တဲ့ ယောက်ျားတွေကို ဘယ်မိန်းကလေးမှ မနှစ်သက်ဘူးရှင့်။”
ရွှေဂဠုန်ဧကရာဇ်က မျက်နှာထား တည်တည်ထားပြီး မေးမြန်းလိုက်သည်။ “မိန်းကလေးတွေဟာ အရက်သမားတွေကိုမှ နှစ်သက်တယ်လို့ သမီးတော် ဆိုလိုချင်တာလား။”
မင်းသမီးလေးတန့်ဖုန်း၏မျက်လုံးများ လင်းလက်သွားခဲ့၏။ “အရက်သောက်တတ်တယ်ဆိုတာမှာ မကောင်းတာဆိုလို့ နည်းနည်းလေးရှိနေတာတော့ သေချာတယ်။”
“နည်းနည်းလေးပဲရှိတယ်လား။” ရွှေဂဠုန်ဧကရာဇ်က မေးမြန်းလိုက်၏။
“လူတစ်ယောက် အရက်ကို အလွန်အကျွံသောက်ခဲ့မယ်ဆိုရင်...” မင်းသမီးလေး တန့်ဖုန်း ပြန်ဖြေလိုက်၏။ “အသက်ကြီးလာတဲ့အခါ သူ့ခြေထောက်တွေ မကောင်းတော့ဘဲ နောက်ထပ် အရက်မသောက်နိုင်တော့ဘူးပေါ့။ ဒါကြောင့်မို့ သူများတွေ အရက်သောက်နေချိန်မှာဆို သူသိပ်ကိုမနာလိုဖြစ်ပြီး ဒေါသထွက်နေရတာပေါ့။ ဒေါသ ခဏခဏထွက်ရင် မကောင်းဘူးဆိုတာ ခမည်းတော်လည်း သိမှာပါလေ။”
ရွှေဂဠုန်ဧကရာဇ်သည် မျက်နှာထားကို ခပ်တင်းတင်းပြင်ထားလိုက်၏။ နောက်ဆုံးတော့လည်း သူ အရှုံးပေးလိုက်ရချေပြီ။ “အမှန်အတိုင်းပြောရရင်... ကျုပ်ငယ်ငယ်တုန်းကလည်း အရက်ကို လောင်းထည့်သလို သောက်ခဲ့တာပဲ။” လုရှောင်ဖုန်းလက်သို့ လှည့်ကြည့်ပြီး ဆက်ပြောလိုက်၏။ “မောင်ရင် အခုသောက်နေပုံထက်မလျော့ဘူးဆိုတာကိုတော့ ပြောလိုက်ချင်ပါရဲ့ကွာ။”
အလွန်တော်သော အိမ်ရှင်များသည် ဧည့်သည်များကို ဧည့်ခံရာတွင် အကောင်းစား အစားအစာများ၊ အကောင်းဆုံး အရက်များဖြင့် ဧည့်ခံခြင်းထက် ရယ်ရွှင်ဖွယ်ရာလေးများဖြင့် ဖျော်ဖြေခြင်းသည်သာ အကောင်းဆုံးနည်းလမ်းဖြစ်ကြောင်း သိရှိထားကြလေသည်။
ထို့ကြောင့် ဧည့်သည်အားလုံးသည်လည်း အိမ်ရှင်၏ စိတ်ကျေနပ်မှုရရှိအောင် မည်ကဲ့သို့ ပျော်ပျော်ရွှင်ရွှင် နေထိုင်ဆက်ဆံရမည်မှန်းကိုလည်း သိထားသင့်ကြသည် မဟုတ်ပါလော။
လုရှောင်ဖုန်းသည် ဝမ်းဗိုက်တွင်းသို့ နောက်ထပ်အရက်တစ်ခွက် လောင်းထည့်လိုက်ပြန်သည်။ “မနက်ဖြန်မနက်ကျရင် ကျနော် စီမင်းကျွေ့ရှယ်ကို အရင်ဦးဆုံးသွားရှာမယ်။”
“သိပ်ကောင်းတယ်။” ရွှေဂဠုန်ဧကရာဇ်က မှတ်ချက်ချလိုက်၏။
လုရှောင်ဖုန်းက ဆက်ပြောနေပြန်သည်။ “ဒီလူက သိပ်ကိုထူးဆန်းတဲ့ ငကြောင်တစ်ယောက်ပဲ။ ဒီအရေးကိစ္စထဲကို သူပါဝင်လာဖို့ ကျနော်ကိုယ်တိုင်သွားပြီး နားချရလိမ့်မယ်။ ကျူတင်းအတွက်ကတော့ သိပ်အရေးမကြီးပါဘူး။”
သူ၏အင်္ကျီအိတ်ထဲသို့ လက်နှိုက်လိုက်သောအခါ တွန့်ကြေနေသော စက္ကူညစ်ညစ်ပတ်ပတ်တစ်ရွက် ထွက်လာခဲ့၏။ ထိုစက္ကူစကို စားပွဲပေါ်တွင် ဖြန့်ချထားပြီး ပဲငံပြာရည်တို့ထားသော တူတစ်ချောင်းနှင့် ပျံသန်းနေသော ဇာမဏီငှက်ရုပ်လေးတစ်ခု ရေးဆွဲလိုက်သည်။ “ခင်ဗျားတို့ဆီမှာရှိနေတဲ့ လူတစ်ယောက်ကို ဒီစာရွက်လေးနဲ့ လွှတ်လိုက်လို့ရတယ်။” မင်းသမီးလေးတန့်ဖုန်းထံ စာရွက်ကိုလှမ်းပေးလိုက်ရင်း သူဆက်ပြောလိုက်၏။ “အဲဒီလူနဲ့ သူလိုက်လာလိမ့်မယ်။”
မင်းသမီးလေးတန့်ဖုန်းက မယုံကြည်နိုင်စွာဖြင့်- “ကျမကြားဖူးထားတာကတော့ ရှင်တို့နှစ်ယောက် စကားမပြောကြဘူးလားလို့။”
လုရှောင်ဖုန်းက ပြန်ဖြေလိုက်သည်။ “ကျုပ်သူ့ကို စကားပြောတာမဟုတ်ဘူး။ သူ့ကို ဒီကို လာခိုင်းနေတာ။ စကားပြောတာနဲ့ လာခိုင်းတာနှစ်ခုက တခြားစီပါ။”
မင်းသမီးလေးတန့်ဖုန်းသည် လုရှောင်ဖုန်းအား မယုံကြည်နိုင်စွာ စိုက်ကြည့်နေရင်း မေးမြန်းလိုက်ပြန်သည်။ “ဒါဆိုရင် သူကလည်း ရှင့်ကို စကားပြောမှာ မဟုတ်ဘူးပေါ့။ ဒါပေမဲ့ ရှင့်ရဲ့လက်မှတ်ကလေး တွေ့လိုက်တာနဲ့ သူမသိတဲ့လူ၊ သူမရောက်ဖူးတဲ့နေရာကို စိုက်စိုက်မတ်မတ် လိုက်လာမယ်ပေါ့လေ...”
လုရှောင်ဖုန်း-“သူချက်ချင်း ထလိုက်လာလိမ့်မယ်။”
မင်းသမီးလေးတန့်ဖုန်းသည် ခနဲ့တဲ့တဲ့ဖြင့်- “ဒါဆိုရင် ဒီ 'ကျူ' ဆိုတဲ့လူဟာလည်း နောက်ထပ် ငကြောင်တစ်ယောက်ပဲပေါ့။”
လုရှောင်ဖုန်း-“ငကြောင်တစ်ယောက်မဟုတ်ဘူး။ ချီးထုပ်တစ်ယောက်ဆိုရင် ပိုမှန်လိမ့်မယ်။”
မင်းသမီးလေးတန့်ဖုန်းသည် တွန့်ကြေနေသော စာရွက်ကလေးအား ဖြန့်ကြည့်လိုက်ရာ ထိုညစ်တီးညစ်ပတ် စာရွက်လေးသည် ငွေသား ၅ဝဝဝ တန် ငွေလွှဲလက်မှတ်တစ်စောင်ဖြစ်နေကြောင်း အံ့အားသင့်စွာ တွေ့ရှိလိုက်ရလေသည်။
သူမသည် မအောင့်အီးနိုင်ဘဲ မေးမြန်းလိုက်တော့၏။ “ဒီငွေလွှဲလက်မှတ်က အစစ်ကောဟုတ်ရဲ့လား။”
လုရှောင်ဖုန်း-“ကျုပ် ခိုးယူခဲ့တယ်လို့များ ထင်နေတာလား။”
မင်းသမီးလေးတန့်ဖုန်း ရှက်သွေးဖြာသွားခဲ့၏။ “ကျမစိုးရိမ်နေတာက ရှင်တို့နှစ်ယောက်ဟာ ဒီလောက်တောင်မှ ခင်မင်ကြတဲ့ သူငယ်ချင်းတွေဖြစ်နေတော့ ဒီငွေလွှဲလက်မှတ်လေးက သူ့ကို စော်ကားနေသလိုများ ဖြစ်နေမလားလို့ပါ။”
“မဖြစ်ပါဘူး။” လုရှောင်ဖုန်းက ရယ်ရယ်မောမော ဖြေဆိုလိုက်၏။ “သူ့မှာ သိပ်ကောင်းတဲ့အချက် တစ်ချက်တည်းပဲရှိတယ်။ ငွေဘယ်လောက်ပေးပေး ဘယ်တော့မှ သူစိတ်မဆိုးတတ်ဘူး။”
“ဘာကြောင့်လဲဆိုတော့ သူဟာ ကြောင်သူတော်တစ်ယောက် မဟုတ်လို့ပဲပေါ့။” မင်းသမီးလေးတန့်ဖုန်းက ပြုံးပြီး ဆက်ပြောလိုက်ပြန်၏။ “ရှင်လည်း အတူတူပါပဲလေ။”
သင်၏မိတ်ဆွေတစ်ယောက်သည် ဆင်းရဲလွန်းသဖြင့် ငတ်ပြတ်နေသည်ဆိုပါစို့... သို့ရာတွင် သင်က သူ့ကို သံမဏိစိတ်ဓာတ်ရှိသူ၊ မာနကြီးသူတစ်ယောက်ဟု မြှောက်ပင့်ပြောဆိုလာပါက ထိုသူသည် အသေသာခံသွားမည်၊ တောင်းစားဖို့ စိတ်ကူးတော့မည်မဟုတ်ချေ။
သင်၏မိတ်ဆွေတစ်ယောက်သည် သင့်ထံမှ ပိုက်ဆံအကူအညီလိုအပ်နေသည်ကို သိရှိထားသည်ဆိုပါစို့... သို့သော် သင်က သူ့ကို ပိုက်ဆံမပေးဘဲ သာကြောင်းမာကြောင်း၊ ဤသို့ဒုက္ခခံစားနေရသည်မှာ ကြီးမြတ်ကြောင်း စာလေးတစ်စောင်သာ ရေးပေးလိုက်ခဲ့မည်ဆိုလျှင် သင်၏တစ်ဦးတည်းသော မိတ်ဆွေမှာ သင်သာဖြစ်နေပေလိမ့်မည်။
ရှန်းကွမ်းတန့်ဖုန်းသည် ဤသို့သောလူစားမျိုး မဟုတ်ချေ။ ထို့ကြောင့် လုရှောင်ဖုန်းဘာရည်ရွယ်ချက်ဖြင့် ပြုလုပ်ခဲ့သည်ကို ချက်ချင်းနားလည်သွားခဲ့၏။
သူမထံတွင် ချောမောလှပသော မျက်နှာလေးတစ်ခု ရှိနေရုံသာမက နားလည်ခံစားတတ်သော နှလုံးသားလှလှလေးလည်း ရှိနေလေသည်။ ရုပ်ရည်ချောမောပြီး စိတ်သဘောထားဖြူစင်နူးညံ့သော မိန်းကလေးတစ်ယောက်ကို တွေ့ရခဲဘိခြင်း။
စိတ်ထားလှခြင်းဆိုသည်မှာ ရုပ်ရည်လှပခြင်းထက် ပိုပြီးစွဲဆောင်နိုင်မှုရှိကြောင်းကို ဥာဏ်ကောင်းလွန်းသော မိန်းကလေးများသာ နားလည်နိုင်ပေသည်။
ဤမိန်းကလေးကို ကြည့်နေရင်းကနေ လုရှောင်ဖုန်းတစ်ယောက် တဖြည်းဖြည်း ကြိုက်နှစ်သက်သွားမိ၏။ အချိန်တိုင်း သူမအကြောင်းကို မတွေးဘဲမနေနိုင်လောက်အောင်ပင် ကြိုက်နှစ်သက်သွားခဲ့မိ၏။
ညဉ့်နက်သန်းခေါင် ရောက်ခါနီးပေပြီ။ အခန်းတွင်း၌ မီးထွန်းညှိထားခြင်းမရှိချေ။ နွေဦး၏လေပြေလေးက ပြတင်းပေါက်များမှတဆင့် အခန်းတွင်းသို့ ပျော့ညင်းစွာ တိုက်ခတ်လာ၏။ လေညင်းလေးနှင့်အတူ အပြင်ဘက်မှ ပန်းရနံ့များလည်း ပျံ့လွင့်လာခဲ့၏။
ခုတင်ပေါ်တွင် လုရှောင်ဖုန်း တစ်ယောက်တည်း လဲလျောင်းနေ၏။ သို့သော် သူ၏မျက်လုံးများကတော့ ပြူးကျယ်စွာ ပွင့်နေကြလေသည်။
ဤမျှ ညဉ့်နက်ကြီးထိ သူဘာလုပ်နေသနည်း။ တစ်စုံတစ်ယောက်ကိုများ စောင့်ဆိုင်းနေခြင်းလော။
ဟွာမင်းလိုကို စောင့်ဆိုင်းနေခြင်းတော့ မဖြစ်နိုင်။ ခုနလေးကတင် သူတို့နှစ်ယောက် နှုတ်ဆက် အခန်းခွဲသွားခဲ့ပြီးဖြစ်၏။
ညဉ့်ယံသည် တိတ်ဆိတ်နေ၏။ မည်မျှ တိတ်ဆိတ်ငြိမ်သက်နေသနည်းဆိုသော် ပန်းပွင့်ဖတ်များပေါ်မှ မြူနှင်းစက်ကလေးများ ကျဆင်းနေသံကိုပင် ကြားနေရ၏။ အဆောင်တွင်းသို့ လျှောက်လှမ်းဝင်ရောက်လာသော ခြေသံများကိုလည်း ကြားနေရ၏။
ခြေသံများသည် ငြင်သာပေါ့ပါးလွန်းနေသလို နှေးကွေးလွန်းလှသည်။ သို့သော် လုရှောင်ဖုန်း၏ ရင်ခုန်သံများက ရူးသွပ်စွာ ခုန်ပေါက်ထွက်ပေါ်လာရတော့သည်။ ခြေသံသည် သူ၏တံခါးဝရှေ့တည့်တည့်တွင် ရပ်တန့်သွား၏။
တံခါးမှာ မပိတ်ထားသောကြောင့် ဝင်လာသူသည် ငြင်သာစွာတွန်းဖွင့် ဝင်ရောက်လာသလို ငြင်သာစွာ ပြန်စေ့ထားခဲ့၏။
အခန်းတွင်းတွင် လွန်စွာမှ မှောင်ပိန်းနေသောကြောင့် ဝင်ရောက်လာသူ မည်သည့်ပုံစံရှိမှန်း မမြင်နိုင်ပါ။
သို့သော် ဝင်ရောက်လာသူအား မည်သူဖြစ်ကြောင်း လုရှောင်ဖုန်း မမေးမြန်းခဲ့ပါ။ သူသိပြီးနေသလိုပင်။
ဤတစ်ကြိမ်တွင်တော့ ခြေသံလေးက ပို၍ပင် ပေါ့ပါးငြင်သာလာသည်။ သူ့ခုတင်ရှိရာသို့ ဖြည်းဖြည်းလေး တိုးကပ်လာပြီး သူ့ဆံပင်များကို ပွတ်သပ်ဖြီးသင်ပေးနေ၏။
သူမလက်ချောင်းလေးများက အေးစက်နေသော်လည်း နူးညံ့လွန်းသည်။ လက်ချောင်းထိပ်များမှ လတ်ဆတ်သော ပန်းရနံ့များကို ရရှိနေ၏။
လုရှောင်ဖုန်းဖြစ်မှန်း သေချာစေရန် သူမ၏လက်ချောင်းများက သူ၏နှုတ်ခမ်းမွှေးကို ထိတွေ့ကိုင်တွယ်နေ၏။
ကြမ်းပြင်ပေါ်သို့ အဝတ်အစား ကျွတ်ကျသံများထွက်ပေါ်လာပြီး သူ၏ခြုံစောင်တွင်းသို့ ဝတ်လစ်စလစ် ခန္ဓာကိုယ်လေးတစ်ခု တိုးဝင်လာကြောင်း လုရှောင်ဖုန်း ခံစားလိုက်ရသည်။
သူမ၏ခန္ဓာကိုယ်လေးသည် အေးစက်နေပြီး နူးညံ့လှ၏။ သို့သော် ရုတ်တရက် ထိုခန္ဓာကိုယ်လေးသည် မီးတောက်တစ်ခုလို ပူနွေးလာခဲ့၏။ ဒါတင်မကသေး... ထိုခန္ဓာကိုယ်လေးသည် တုန်ခါနေပြန်၏။ ခန္ဓာကိုယ်လေးမှ ထွက်ပေါ်လာသော အနွေးဓာတ်များကြောင့် လုရှောင်ဖုန်း တံတွေးကို ဂလုကနဲ မျိုချလိုက်ရတော့သည်။ အတော်လေးကြာသောအခါမှ သူ့ထံမှ စကားသံထွက်ပေါ်လာနိုင်တော့သည်။
“ကျုပ်မင်းကို သတိပေးခဲ့ပြီးပြီနော်။ မြှူဆွယ်မှုတွေကို ကျုပ်မခံစားနိုင်ပါဘူးလို့... ဘာဖြစ်လို့ ဒီကိုလာခဲ့ရတာလဲ။”
သူမ ပြန်မဖြေပါ။ ပို၍ပင် တဆတ်ဆတ် တုန်ခါနေသေး၏။
လုရှောင်ဖုန်း စိတ်မထိန်းနိုင်တော့ဘဲ သူမ၏ခန္ဓာကိုယ်လေးကို တင်းကျပ်စွာ ဆွဲပွေ့လိုက်သည်။ သူမ၏ ပိုးသားကဲ့သို့ နူးညံ့နေသော အရေပြားပေါ်တွင် ကြက်သီးလေးများ ထောင်ထလာခဲ့၏။ နွေဦးလေပြေကလေး တိုက်ခတ်သွားသောအခါ ကန်ရေပြင်ထက် လှိုင်းကြက်ခွပ်ကလေးများ ထသွားသလိုပင်။
သူမ၏ရင်သားလေးများကို သူ၏ရင်ဘတ်နှင့် တင်းကျပ်စွာ ဖိကပ်ထား၏။ သူမ၏ရင်သားလေးများသည် ငန်းမွှေးလေးများလိုပင် နူးညံ့ပျော့ပြောင်းလှ၏။
ရုတ်တရက်... လုရှောင်ဖုန်း သူမကို တွန်းထုတ်လိုက်၏။
“မင်း... မင်း... မဟုတ်သေးပါဘူး။ မင်းဘယ်သူလဲ။” သူ အံ့အားသင့်စွာ မေးမြန်းလိုက်သည်။
သူမသည် စကားပြန်မပြောသေးပါ။ သို့သော် ခန္ဓာကိုယ်လေးကတော့ တွန့်ကွေးသွားခဲ့လေသည်။
လုရှောင်ဖုန်း နောက်တစ်ကြိမ် တိုးဝင်သွားပြန်သည်။ သူမ၏ ရင်သားလေးကို သူ့လက်နှင့် ထိတွေ့လိုက်သည်နှင့် တပြိုင်နက် လျှပ်စစ်ဓာတ်လိုက်သလို ချက်ချင်း ပြန်ရုတ်လိုက်ပြန်သည်။
“မင်းဟာ ဝမ်းကွဲအစ်မငယ်လေးကိုး...”
နောက်ဆုံးတော့ သူမသည် အရှုံးပေးလိုက်ရပြီး စကားပြန်ပြောရတော့လေသည်။ “ရှင်ဟာလည်း ကျမရဲ့ ဝမ်းကွဲမောင်လေးပါပဲ... ခစ်ခစ်ခစ်...”
လုရှောင်ဖုန်းသည် မြှားတစ်စင်းကဲ့သို့ ခုန်ထွက်သွားခဲ့၏။
သူမေးခွန်းထုတ်လိုက်၏။ “မင်း ဒီမှာဘာလာလုပ်တာလဲ။”
ရှန်းကွမ်းရှူးအာက ပြန်အော်ပြောလိုက်သည်။ “ကျမ ဒီကိုဘာဖြစ်လို့ မလာနိုင်ရမှာလဲ။ ကျမကို ဘယ်သူလို့များ ရှင်ထင်နေလို့လဲ။”
သူမ၏လေသံက အတော်လေး စိတ်ဆိုးနေကြောင်း ဖော်ပြနေ၏။
မိန်းကလေးတစ်ယောက်အတွက် ယောက်ျားတစ်ယောက်နှင့် ရင်းရင်းနှီးနှီးနေခါနီးအချိန်တွင် လူမှားခံရသည်လောက် စိတ်ဆိုးဒေါသထွက်ရခြင်းထက် ပိုစိတ်ဆိုးစေသောအရာ ရှိနိုင်တော့မည်မဟုတ်ချေ။
ဤလိုမျိုး အခက်အခဲ အကျပ်အတည်းမျိုးတွင် လုရှောင်ဖုန်းတစ်ယောက် စကားလုံးများဖြင့် ရုန်းထွက်ရန် အလွန်တော်ပါသည်။ သို့သော် ယခုအချိန်တွင်တော့ သူဘာပြောရမည်မှန်းကို မသိနိုင်လောက်အောင် ဖြစ်နေရလေသည်။
“သူကျတော့ ဒီကိုလာနိုင်တယ်ပေါ့လေ။” ရှန်းကွမ်းရှူးအာက ခနဲ့လိုက်သည်။ “ကျမကျတော့ကော... ဘာဖြစ်လို့မလာနိုင်ရတာလဲ.. ပြောလေ။”
“ဘာကြောင့်လဲဆိုတော့...” လုရှောင်ဖုန်း သက်ပြင်းတစ်ချက် ရှိုက်လိုက်၏။ “မင်းရဲ့ဘေးမှာဆိုရင် ကျုပ်ကိုယ်ကျုပ် လူအိုတစ်ယောက်လို ခံစားနေရလို့ပေါ့ကွာ။”
ရှူးအော်-“ကျမဒီကို လာခဲ့တာဟာ ကျမဟာ ချာတိတ်တစ်ယောက် မဟုတ်တော့ဘူးဆိုတာ ရှင်တစ်ခါတည်း နားလည်သွားအောင်လို့ပဲ။ ဒါမှ ကျမပြောသမျှ စကားတွေကို အလိမ်အညာမဟုတ်ဘူးလို့ ရှင်ယုံကြည်လာလိမ့်မယ်။ ရှင့်ကို ကြိုက်လွန်းအားကြီးလို့ လာခဲ့တယ်လို့တော့ မထင်လိုက်လေနဲ့။ ဝေးသေး... ဟွန်း...”
သူမ၏စကားသံများက တဖြည်းဖြည်း ဒေါသသံများ စွက်လာပြီး တဖြည်းဖြည်း ကျယ်လောင်လာခဲ့၏။ နောက်ဆုံးတွင် သူမ၏ စကားသံများ၌ ငိုသံလေးများ စွက်လာလေတော့သည်။
လုရှောင်ဖုန်းသည် သူမ၏ ဆံနွယ်စလေးများကို ညင်သာစွာ ပွတ်သပ်ပေးလိုက်ပြီး မည်သို့ နှစ်သိမ့်လျှင် ကောင်းမလဲဟု စဉ်းစားနေ၏။
ရုတ်တရက်... တံခါးပွင့်သွားခဲ့ပြီး တစ်ခန်းလုံး မီးရောင်များ လင်းထိန်လာခဲ့၏။
တံခါးဝတွင် မီးအိမ်ကလေးကိုင်ဆောင်ပြီး လူတစ်ယောက် ရပ်နေ၏။ သူမသည် ဖြူဖွေးသော ဝတ်စုံလေးကို ဝတ်ဆင်ထားသော်လည်း သူမ၏မျက်နှာက ပို၍ပင် သွေးဆုတ်ဖြူဖွေးနေသေး၏။
ရှန်းကွမ်းတန့်ဖုန်း...
လုရှောင်ဖုန်း ချက်ချင်းပင် ခုတင်အောက်သို့ ပြေးပုန်းလိုက်ချင်စိတ်များ ထွက်ပေါ်လာခဲ့ရသည်။ သူမ၏ စိုက်ကြည့်နေသော အကြည့်ဒဏ်များကို သူမခံစားနိုင်တော့ပါ။
ရှန်းကွမ်းရှူးအာသည်လည်း ညနက်ကြီးတွင် မုန့်ခိုးစားတာကို မိသွားသော ကလေးတစ်ယောက်လို မျက်နှာပေးမျိုး ဖြစ်နေ၏။
သို့သော် သူမသည် ရုတ်ချည်းပင် ရင်ကော့ပြီး ဝတ်လစ်စလစ်ဖြင့် ထရပ်လိုက်၏။ ပြီးနောက် လုရှောင်ဖုန်းကို ခပ်တွန့်တွန့်လေးပြုံးကာ ကြည့်နေလိုက်ပြီး-
“သူ ဒီကိုလာလိမ့်မယ်လို့ ရှင်ဘာဖြစ်လို့ ကြိုမပြောခဲ့တာလဲ။ ကျမ စောစော ထွက်သွားခဲ့မှာပေါ့။”
ရှန်းကွမ်းတန့်ဖုန်းက သူမကို စိုက်ကြည့်နေလိုက်၏။ စိတ်ဆိုးဒေါသထွက်လွန်းသဖြင့် နှုတ်ခမ်းများ တဆတ်ဆတ်တုန်ခါနေလေသည်။ စကားပြောလိုက်ချင်သော်လည်း မည်သည့်စကားမျှ မထွက်ပေါ်လာနိုင်ခဲ့ပါ။
ရှူးအာသည် အဝတ်အစားများ ပြန်ဝတ်နေ၏။ ပြီးနောက် ခေါင်းမော့မော့ထားပြီး တံခါးဝတွင်ရပ်နေသော ရှန်းကွမ်းတန့်ဖုန်း၏ ဘေးမှ ကပ်ထွက်သွားလိုက်သည်။ အထွက်တွင် ခပ်တွန့်တွန့်လေးလည်း ပြုံးပြသွားခဲ့သေး၏။
ရှူးအာ-“စိတ်မဆိုးပါနဲ့ မမလေးရယ်... ယောက်ျားတွေအားလုံးဟာ ဒီအတိုင်းချည့်ပဲ...”
ရှန်းကွမ်းတန့်ဖုန်းသည် စကားပြန်ပြောခဲ့ခြင်းမရှိသလို လှုပ်ရှားခဲ့ခြင်းလည်း မရှိခဲ့ချေ။ သူမ၏ ခန္ဓာကိုယ်တစ်ခုလုံး မတုန်မလှုပ် သစ်သားရုပ်တစ်ရုပ်လို ဖြစ်နေ၏။ ရှူးအာ၏ခြေသံများက ညဉ့်အမှောင်ထုတွင်းသို့ တဖြည်းဖြည်း တိုးဝင်ပျောက်ကွယ်သွားလေတော့သည်။
ရှန်းကွမ်းတန့်ဖုန်းသည် ထိုနေရာ၌ ငြိမ်သက်စွာရပ်နေဆဲ... လုရှောင်ဖုန်းကို စိုက်ကြည့်နေ၏။ သူမ၏ လှပသော မျက်ဝန်းထောင့်များတွင် မျက်ရည်ဥလေးများ ခိုသီနေပါတကား...
“ကောင်းတယ်... သိပ်ကောင်းတယ်။” တီးတိုးရေရွတ်လိုက်၏။ “ရှင်ဘယ်လို လူစားမျိုးလည်းဆိုတာ စောစောစီးစီး သိသွားရတာပေါ့။” သူမ၏ခြေထောက်တစ်ဘက်ဖြင့် ကြမ်းပြင်ပေါ်သို့ ခြေဆောင့်ချပြီး လှည့်ထွက်သွားတော့သည်။
သို့သော် လုရှောင်ဖုန်းသည် သူမ၏ဘေးသို့ ရောက်ရှိလာပြီး လက်ကို ဆွဲထားလိုက်၏။
သူမက နှုတ်ခမ်းများ ဖိကိုက်ထားပြီး မေးမြန်းလိုက်၏။ “ရှင် ဘာများဆက်ပြောချင်သေးလို့လဲ။”
လုရှောင်ဖုန်း သက်ပြင်းချပြီး ပြောဆိုလိုက်၏။ “ကျုပ် ဘာမှ ပြောစရာမလိုတော့ပါဘူးလေ... ကျုပ်စောင့်နေခဲ့တာ မင်းပဲဆိုတာ မင်းသိသင့်ပါတယ်။”
ရှန်းကွမ်းတန့်ဖုန်းသည် ကြမ်းပြင်သို့ စိုက်ကြည့်နေလိုက်၏။ အတော်လေးကြာသောအခါမှ သက်ပြင်းချသံနှင့်အတူ သူမ၏ စကားသံလေး ထွက်ပေါ်လာခဲ့၏။ “ကျမ ဒီကိုလာခဲ့တာလည်း ရှင့်အတွက်ပါပဲ။”
လုရှောင်ဖုန်း-“အခုကော...”
ရှန်းကွမ်းတန့်ဖုန်း-“အခုတော့... ကျမသွားတော့မယ်။”
သူမ၏မျက်လုံးများက လုရှောင်ဖုန်းကို မော့ကြည့်လာခဲ့၏။ သူမ၏အကြည့်များက ဝေခွဲမရနိုင်သော ရှုပ်ထွေးမှုများ ပြည့်နှက်နေ၏။ ထိုအကြည့်များသည် ခွင့်လွှတ်ခြင်းနှင့် နားလည်ခြင်းအကြားတွင် ရှိနေကြလေသည်။
“ကျုပ်.. ဒီလိုအလုပ်မျိုးကို ပြုလုပ်လိမ့်မယ်လို့ မင်းထင်နေ...” လုရှောင်ဖုန်း၏ စကားပင်မဆုံးသေး... သူမ၏လက်ချောင်းလေးဖြင့် သူ့နှုတ်ခမ်းကို ဖိကပ်ထားလိုက်တော့သည်။
“ရှင် ဒီလိုမျိုးမလုပ်တတ်ဘူးဆိုတာ ကျမယုံကြည်ပါတယ်။ ဒါပေမဲ့ ဒီညတော့ ကျမ ဒီမှာမနေသင့်တော့ဘူး။”
ဤသို့မြင်ကွင်းမျိုးကို မြင်တွေ့ခဲ့ပြီးနောက် မည်သူကများ စိတ်ပါဝင်စားတော့ပါမည်နည်း။
လုရှောင်ဖုန်း နားလည်ပါသည်။ ထို့ကြောင့် သူမ၏လက်ကလေးကို ဖြည်းညင်းစွာ ဖြေလွှတ်ပေးလိုက်တော့သည်။
ရှန်းကွမ်းတန့်ဖုန်းက သူ့ကိုစိုက်ကြည့်လိုက်ပြန်သည်။ ရုတ်တရက်... ခြေဖျားလေးများထောက်ပြီး သူ့ပါးပြင်သို့ အနမ်းတစ်ပွင့် ေျ>ြခပေးလိုက်၏။ “ကျမ ထွက်မသွားချင်ဘူးဆိုတာလည်း သိသင့်ပါတယ်ရှင်...”
“ဒါပေမဲ့ မင်းဒီနေရာကနေ မြန်မြန်ထွက်သွားရင်ကောင်းမယ်။” လုရှောင်ဖုန်း ပြုံးပြီးဆက်ပြောလိုက်သည်။ “မဟုတ်ရင်တော့လား...”
သူမသည် လုရှောင်ဖုန်း၏ စကားအဆုံးထိ မစောင့်တော့ဘဲ တွန်းထိုးထွက်ခွာသွားလိုက်တော့သည်။ သို့သော် သူမ ပြန်လှည့်လာပြီး ပြောဆိုလိုက်ပြန်၏။ “ကျမရှင့်ကို သတိပေးထားရဦးမယ်နော်... အဲဒီကောင်မလေးက တကယ့်ကို မကောင်းဆိုးဝါးလေး... သိလား။ နောက်တစ်ကြိမ်ဆိုရင် သူ့ကိုမြင်တာနဲ့ ရှင်ဝေးဝေးကို အမြန်ဆုံးသာ ထွက်ပြေးပေတော့။ ကျမက မနာလိုဖြစ်လာရင် ကိုက်ခဲတတ်တယ်ရှင့်... ခစ်ခစ်ခစ်...”
ညဉ့်ယံသည် ပို၍ပင် တိတ်ဆိတ်ငြိမ်သက်သွားတော့သည်။ ဩကာသလောကတစ်ခွင်လုံး လုံးဝငြိမ်းချမ်း သက်ငြိမ်သွားခဲ့၏။
သို့သော်... လူသားတို့၏ နှလုံးသားများသည်ကော...
+++++
မနက်ခင်း...
ကျောက်စရစ်ခဲလမ်းလေးသည် နေရောင်ခြည်ကြောင့် ပူနွေးနေ၏။ လမ်းဘေးတစ်ဘက်တစ်ချက်ရှိ ဆိုင်တန်းငယ်လေးအချို့ပင် မဖွင့်လှစ်ကြသေးချေ။
မြို့ကြီးပြကြီး၏ အငွေ့အသက်အောက်၊ နေရောင်ခြည်အောက်တွင် လမ်းလျှောက်ရသည်ကို အံဝင်ဂွင်ကျမဖြစ်သူများလည်း ရှိနေကြသေး၏။
မင်းသမီးလေးတန့်ဖုန်းသည် သူတို့ကို ပန်းရနံ့များသင်းထုံနေသော မြင်းလှည်းနက်ကြီးဖြင့် လိုက်လံပို့ဆောင်ပြီးသည်နှင့် လှည့်ထွက်သွားခဲ့၏။
“ကျုပ်တို့အကြောင်းထူးတာနဲ့ ဆက်သွယ်လိုက်ပါ့မယ်။”
“ကျမသိပါတယ်။ ကျမ ရှင့်ကိုစောင့်မျှော်နေပါ့မယ်။”
“ကျမ ရှင့်ကိုစောင့်မျှော်နေပါ့မယ်။” ဤသို့သော မိန်းကလေးတစ်ယောက်က စောင့်မျှော်ခြင်းကို ခံရသူ ယောက်ျားတစ်ယောက်အတွက် ဘဝတွင် ဘာများလိုအပ်ပါသေးသနည်း။
“မင်းတော့လားကွာ... တစ်နေ့နေ့တော့ ဒီမိန်းကလေးရဲ့ အကိုက်အခဲကို ခံရဦးမှာ မြင်ယောင်နေသေးတယ်။” ဟွာမင်းလို မှတ်ချက်ချလိုက်သည်။
လုရှောင်ဖုန်းက သူ့ကိုပြန်လှည့်ကြည့်လိုက်ပြီး ဟက်ခနဲ ရယ်မောလိုက်၏။ “မင်းရဲ့နားရွက်တစ်စုံကတော့ ယုန်တစ်ကောင်ရဲ့အကြားအာရုံထက်တောင်မှ ပိုကောင်းနေသေးပါလား။ နောက်ဆိုရင် ငါ သတိထားရတော့မယ်။”
ဟွာမင်းလိုက ပြုံးပြလိုက်သည်။ “သူပြောသွားခဲ့တဲ့ မကောင်းဆိုးဝါးမလေးဆိုတာ ရှန်းကွမ်းဖေးယန်ရဲ့ ညီမလေးလား။”
“နောက်ထပ် သူနဲ့တူတဲ့မကောင်းဆိုးဝါးမလေး တစ်ယောက် မင်းရှာနိုင်လိမ့်မှာ မဟုတ်ဘူးလို့ ငါလောင်းတောင်လောင်းလိုက်ချင်သေးတယ်။” လုရှောင်ဖုန်း မချိပြုံးလေးပြုံးပြီး ပြောဆိုလိုက်၏။ ဟွာမင်းလိုကတော့ ငြိမ်သက်နေလေသည်။
“သူ့အစ်မကို ပြန်ရှာတွေ့သွားပြီလား။” နောက်ဆုံးမှ သူ့စကားသံ ထွက်ပေါ်လာခဲ့၏။
“သူရှာတွေ့ခဲ့တယ်လို့တော့ မထင်ဘူး။ ရှန်းကွမ်းတန့်ဖုန်းကို အဲဒီအကြောင်း မေးရမှာ မေ့သွားခဲ့တယ်။ မင်းရဲ့ပျံလွှားမလေး ဘယ်ကိုပျံသန်းထွက်ပြေးသွားလဲဆိုတာ သူသိကောင်းသိနိုင်တယ်။”
(ဖေးယန်= ပျံသန်းနေသောပျံလွှား)
ထိုစကားကို သဘောကျလွန်းသဖြင့် ဟွာမင်းလိုရယ်မောနေ၏။ “မင်းသွားမမေးတာပဲကောင်းပါတယ်ကွာ။ မဟုတ်ရင် အကိုက်ခံနေရဦးမယ်။”
“ငါသူ့ကိုမမေးပေမယ့်လည်း ရှူးအာကတော့ မေးမြန်းခဲ့ပြီးဖြစ်နေလောက်ပြီ။”
“ကြည့်ရတာ သူလည်း ဘာသတင်းမှ ရခဲ့ပုံမပေါ်ဘူး။” ဟွာမင်းလို စဉ်းစားပြီးမှ ပြောလိုက်သည်။ သူ့မျက်နှာက ပြုံးနေသော်လည်း စိုးရိမ်ပူပန်နေသည့် အမူအယာများကို မထိန်းထားနိုင်ခဲ့ပါ။
လုရှောင်ဖုန်းသည် အတန်ကြာ စဉ်းစားနေပြီးမှ ရုတ်တရက် မေးမြန်းလိုက်၏။ “ရှန်းကွမ်းဖေးယန်ရဲ့အသက် ဘယ်လောက်ရှိပြီလို့ မင်းထင်လဲ။”
“ဆိတ်နှစ်မှာ မွေးတယ်လို့တော့ ငါ့ကိုပြောခဲ့တာပဲ။ ခုလောက်ဆို ၁၈ နှစ်လောက်ရှိရောပေါ့။”
လုရှောင်ဖုန်းသည် သူ၏နှုတ်ခမ်းမွှေးများကို ပွတ်သပ်နေရင်း တစ်ယောက်တည်း ရေရွတ်ပြောဆိုလိုက်၏။ “အသက် ၁၈ နှစ်လောက်ရှိတဲ့ မိန်းကလေးတစ်ယောက်ဆီမှာ ၁၂ နှစ်အရွယ် အစ်မတစ်ယောက် ရှိနေနိုင်သေးတယ်လား။”
“အခြေအနေပေါ်မှာ မူတည်တယ်လေ။” ဟွာမင်းလိုက အပြုံးဖြင့်ဖြေဆိုလိုက်၏။
ထိုမှတ်ချက်ကြောင့် လုရှောင်ဖုန်း ကြောင်သွားခဲ့၏။ “ဘာအခြေအနေကိုပြောတာလဲ။” သူမေးမြန်းလိုက်သည်။
“မင်းလောက်ဥာဏ်ကောင်းတဲ့လူတစ်ယောက်က ဒီလောက်တုံးတဲ့မေးခွန်းကို မေးလာခဲ့မှတော့ ၁၈ နှစ်အရွယ် မိန်းကလေးတစ်ယောက်ဆီမှာ ဘာဖြစ်လို့ အသက် ၂ဝ အရွယ် ညီမငယ်လေးတစ်ယောက် မရှိနိုင်ရမှာလဲ။ သူ့ရဲ့ အဲဒီ အသက် ၂ဝ အရွယ် ညီမငယ်လေးဆီမှာလည်း အသက် ၈ဝ အရွယ် သားတစ်ယောက် ရှိနေနိုင်သေးတာပဲ။”
လုရှောင်ဖုန်း ရယ်မောနေလိုက်၏။ ပြီးနောက် ဟွာမင်းလို၏ ပခုံးကိုပုတ်ပြီး သွားဖြီးလေးနှင့် ပြောဆိုလိုက်သည်။ “အသက် ၁၈ နှစ်အရွယ် မိန်းကလေးတစ်ယောက်ဆီမှာ အသက် ၂ဝ အရွယ် ညီမလေးတစ်ယောက် ဘယ်လိုမှ မရှိနိုင်သလို ရှန်းကွမ်းဖေးယန်လည်း ဘာအန္တရာယ်မှ မရှိနိုင်ပါဘူးကွာ။”
“ဟမ်...”
“သူ့အစ်မ ဘယ်နေရာမှာ ရှိနေသလဲဆိုတာ ရှူးအာသိကောင်းသိနေလိမ့်မယ်။ သူပြောခဲ့သမျှအားလုံးဟာ ငါ့ကိုသက်သက် ခေါင်းစားချင်လို့ပဲ ဖြစ်ရမယ်။ အခုတော့ ဒီကောင်မလေးပြောသမျှစကား တစ်လုံးမှ မယုံကြည်ရဘူးဆိုတာ ငါသိသွားပြီ။”
ဟွာမင်းလို ခပ်သောသောလေး ရယ်မောနေလိုက်၏။ ဤအကြောင်းအရာများကို သူ ဆက်မပြောချင်တော့ပါ။ ထို့ကြောင့် ချက်ချင်းပင် စကားလမ်းကြောင်းလွှဲလိုက်၏။ “မင်းပြောတော့ လူတစ်ယောက်ကို လာရှာတာဆို...”
လုရှောင်ဖုန်း ခေါင်းညိတ်ပြလိုက်၏။
“ဒီနေရာမှာ စီမင်းကျွေးရှယ်လည်း ရှိနေပုံမရပါဘူး။”
“သူဒီနေရာမှာ မရှိပါဘူး။ ငါလာရှာတာက တခြားတစ်ယောက်ကိုပါ။”
“ဘယ်သူ့ကိုလဲ။”
“မင်းက သိပ်ပြီး အပြင်ထွက်တဲ့လူတစ်ယောက် မဟုတ်တော့ ထူးထူးဆန်းဆန်း အဘိုးကြီးနှစ်ယောက်အကြောင်းကို ဘယ်သိနိုင်ပါ့မလဲ။ အဲဒီအထဲက တစ်ယောက်က လောကကြီးမှာ ဖြစ်ပျက်နေသမျှ အရာအားလုံးကို ဟိုစပ်စပ် သည်စပ်စပ် သိထားတယ်။ ကျန်တစ်ယောက်ကတော့ သူ့ထက်ပိုတော်တယ်။ ဘယ်လောက် ဖြေရှင်းရခက်တဲ့ ပြဿနာပဲဖြစ်ဖြစ် သူကူညီပေးရင် ဖြေရှင်းနိုင်တယ်။”
“မင်းပြောနေတာ 'အားလုံးသိ' နဲ့ 'ဥာဏ်ကြီးရှင်' တို့ကိုလား။”
“အိုး... မင်းလည်း သူတို့အကြောင်းကို သိနေတာပဲ။”
“ငါက မျက်စိကန်းနေပေမယ့် နားတော့မကန်းသေးပါဘူးကွာ။”
လုရှောင်ဖုန်း၏ မျက်နှာပြင်ထက်တွင် မချိပြုံးလေး ပေါ်ထွက်လာပြီး မှတ်ချက်ချလိုက်လေတော့သည်။ “ဒါပေမဲ့ တစ်ခါတစ်ခါကျရင်တော့ မင်းကို နည်းနည်းလေးလောက် နားပင်းစေချင်လိုက်တာကွာ။”
+++++
သူတို့သည် အဆောက်အဦတံစက်မြိတ်များ၏ အရိပ်အောက်မှ လျှောက်လှမ်းနေကြ၏။ ဣန္ဒြေသိက္ခာရှိသော ဘုန်းကြီးတစ်ပါးလည်း သူတို့တူရူသို့ ခေါင်းငိုက်စိုက် လျှောက်လှမ်းလာနေ၏။
ဘုန်းကြီး၏မျက်နှာသည် လေးထောင့်စပ်စပ်ဖြစ်ပြီး ကြီးမားသော နားရွက်ကားကြီးများရှိ၏။ ကံထူးသူတစ်ယောက်၏ ဟန်ပန်အမူအယာများ ရှိနေခြင်းပင်။ သို့သော် သူ၏ဝတ်ရုံက ညစ်ပတ်ပေရေနေပြီး စုတ်ပြတ်နေ၏။ စီးနင်းထားသော ကောက်ရိုးဖိနပ်တစ်ရံမှာလည်း ပါးလှပ်နေ၏။
ဘုန်းကြီးကိုတွေ့တွေ့ချင်း လုရှောင်ဖုန်း အပြေးလေးထွက်သွားလိုက်သည်။ သူ့မျက်နှာက ပြုံးရယ်နေပြီး နှုတ်ဆက်လိုက်သည်။ “ရိုးသားတဲ့ဘုန်းကြီးပါလား။ နေကောင်းတယ်နော်။”
ရိုးသားသောဘုန်းကြီးသည် ခေါင်းမော့ကြည့်လိုက်သောအခါ လုရှောင်ဖုန်း၏ ပြုံးစပ်စပ်မျက်နှာထားကို တွေ့လိုက်ရ၏။ “ခုတလော ကိုယ်တော် နည်းနည်းလေးလောက်ပိုပြီး မရိုးသားလာဘူးလား။”
“ကိုယ်တော်ရဲ့ ရိုးသားမှုရပ်တန့်လိုက်တဲ့နေ့ဟာ ကျုပ်ရဲ့ ရိုးသားမှု စတင်တဲ့နေ့ ဖြစ်လိမ့်မယ်နဲ့တူတယ်။”
ရိုးသားသောဘုန်းကြီး လုပ်နိုင်သောတစ်ခုတည်းသော အလုပ်မှာ ပြုံးပြနေခြင်းပင်ဖြစ်၏။
လုရှောင်ဖုန်းက ဆက်ပြောနေလိုက်ပြန်သည်။ “ကိုယ်တော့်ကိုကြည့်ရတာ ဒီနေ့ တော်တော်လေး ပျော်ရွှင်နေပုံရတယ်။ သတင်းကောင်းများ ရထားလို့လား။”
“ဘုန်းကြီးတစ်ပါးမှာ ဘယ်လိုလုပ်ပြီး သတင်းကောင်းရနိုင်ရမှာလဲ။ မင်းလို မရိုးမသားလူတစ်ယောက်ဆီမှာသာ သတင်းကောင်းရှိနေမှာပေါ့။” ရိုးသားသောဘုန်းကြီးက အားတင်းပြုံးပြီး ဖြေဆိုလိုက်သည်။
“ဒါပေမဲ့ ဒီနေ့တော့ ခြွင်းချက်ဖြစ်လိမ့်မယ်နဲ့တူတယ်။”
ရိုးသားသောဘုန်းကြီး၏မျက်နှာမှာ ရှုံ့တွသွားခဲ့ပြီး သက်ပြင်းရှိုက်လိုက်သည်။ “ဒီနေ့တော့ တကယ့်ကိုခြွင်းချက်ပါပဲ။”
သူ့မျက်နှာကိုကြည့်ခြင်းအားဖြင့် လုရှောင်ဖုန်း နောက်ထပ် မေးခွန်းများ မေးမြန်းလာမည်ကို မလိုလားမှန်း လူတိုင်းပင် သိနိုင်ကြ၏။
“ဘာဖြစ်လို့လဲ။” အားနာရကောင်းမှန်းမသိ... ထိုမျက်နှာပေးကို လုရှောင်ဖုန်း မမြင်တွေ့ခဲ့ပါ။
“ဘာ... ဘာကြောင့်လဲဆိုတော့... ကျုပ် မရိုးမသား၊ ဣန္ဒြေမရှိတဲ့အလုပ်တစ်ခု လုပ်ထားခဲ့မိပြီ။” ရိုးသားသောဘုန်းကြီးသည် နောင်တရသော မျက်နှာပေးဖြင့် ဝမ်းနည်းစွာ ဖြေဆိုလိုက်၏။
သူမပြောချင်ပါ။ သို့သော် ပြောပြရပေတော့မည်။ အဘယ်ကြောင့်ဆိုသော် သူသည် ရိုးသားသောဘုန်းကြီးတစ်ပါး မဟုတ်ပါလား။
ထိုအချက်က လုရှောင်ဖုန်းကို ပို၍ပင် စပ်စုလာအောင် လှုံ့ဆော်ပေးနေပြန်တော့သည်။ “ မရိုးမသား၊ ဣန္ဒြေမရှိတဲ့အလုပ်ကို ကိုယ်တော်လို လူမျိုးကလုပ်ခဲ့တယ်လား။”
“ဒါ ကျုပ်ဘဝမှာ ပထမဆုံးအကြိမ်ပါပဲ။” ရိုးသားသောဘုန်းကြီးက ပြန်ဖြေလိုက်သည်။
လုရှောင်ဖုန်းသည် ပို၍ပင် စပ်စုလာခဲ့ပြန်သည်။ ထို့ကြောင့် အသံနှိမ့်ပြီး မေးမြန်းလိုက်၏။ “ကိုယ်တော်က ဘာများလုပ်ခဲ့လို့လဲ။”
“ကျုပ် အို့ယန် ကိုသွားရှာလာခဲ့တာပါ။” ထိုစကားကို ဖြေကြားလိုက်သော ရိုးသားသောဘုန်းကြီး၏ မျက်နှာသည် နီရဲသွားခဲ့၏။
“အို့ယန်ဆိုတာ ဘယ်သူလဲ။”
ရိုးသားသောဘုန်းကြီးသည် လုရှောင်ဖုန်းကို စိုက်ကြည့်နေလိုက်၏။ သူ၏မျက်နှာပေးက လွန်စွာမှ ထူးဆန်းသောအရာတစ်ခုကို မြင်တွေ့လိုက်ရသည့်အလား။ သူသိထားသည့်အချက်အပေါ်တွင် ဂုဏ်ယူဝင့်ကြွားနေသလို လုရှောင်ဖုန်း မသိနိုင်သေးသည့်အတွက်လည်း ကြိတ်ပြီးသနားနေမိပုံမျိုးဖြစ်သည်။ ရိုးသားသောဘုန်းကြီးက ခေါင်းခါရမ်းပြီး မေးမြန်းလိုက်သည်။ “မင်းကဘာဖြစ်လို့ အို့ယန်ကိုမသိရတာလဲ။”
“ကျုပ်ကဘာဖြစ်လို့သိရမှာလဲ။”
“ဘာကြောင့်လဲဆိုတော့ အို့ယန်ဆိုတာ အို့ယန်ချင်းဖြစ်နေလို့ပေါ့။” ရိုးသားသောဘုန်းကြီးက တီးတိုးပြောဆိုလိုက်၏။
“အဲဒီ အို့ယန်ချင်းဆိုတာကကော ဘယ်သူများလဲ။”
ရိုးသားသောဘုန်းကြီး၏ မျက်နှာထက်တွင် ရှက်သွေးဖြာသွားခဲ့ပြီး အထစ်ထစ်အငေါ့ငေါ့ ဖြေဆိုလိုက်တော့သည်။ “သူ... သူ...ကတော့ ..သိပ်ကိုနာမည်ကြီးတဲ့... ပြည့်တန်ဆာမ တစ်ယောက်ပါ။”
သူ့ထံတွင် ရှိသမျှအားအင်များ အကုန်လုံး စုစည်းပြီးမှ ထိုစကားကို ပြောထွက်ခဲ့ခြင်းဖြစ်ပုံရသည်။
လုရှောင်ဖုန်းသည်လည်း ထခုန်မိလုမတတ် အံ့အားသင့်သွားခဲ့လေသည်။ ရိုးသားသောဘုန်းကြီးသည် ပျော်တော်ဆက်ဂေဟာကို သွားတတ်လိမ့်မည်ဟု သူ့အိပ်မက်ထဲမှာတောင် ထည့်မမက်ခဲ့ဘူးချေ။
သို့သော် သူ၏အံ့အားသင့်မှုများနှင့် ရယ်ချင်စိတ်ကို ဝမ်းတွင်းမှာပင် ကြိတ်မှိတ်မျိုသိပ်ထားခဲ့ပြီး အပြင်ပန်းတွင်တော့ မျက်နှာထားတည်တည် ရှိနေ၏။ ပေါ့ပေါ့ပါးပါး မှတ်ချက်လေးပင် ချလိုက်သေး၏။ “ဒါဘာမှအရေးမကြီးပါဘူး။ ဒီလိုမျိုးကိစ္စတွေ ဖြစ်တတ်ပါတယ်။”
ဤတစ်ကြိမ်တွင်တော့ ရိုးသားသောဘုန်းကြီး အံ့အားသင့်သွားခဲ့ရလေသည်။ “ဒီလိုမျိုးကိစ္စတွေ ဖြစ်တတ်တယ်... ဟုတ်လား။”
လုရှောင်ဖုန်းက ခပ်တည်တည်ဖြင့် ပြန်ဖြေလိုက်သည်။ “ဘုန်းကြီးတွေမှာ မိန်းမမှမရှိတာ။ အဖော်ဆိုတာ ဝေးသေးတယ်။ ဘုန်းကြီးအများစုဟာ သန်သန်မာမာ ကျန်းကျန်းမာမာကြီးတွေ မဟုတ်လား။ ပြည့်တန်ဆာမလေးတွေဆီမှ မသွားရင် ဘယ်ကိုများ သွားရဦးမှာလဲ။ မယ်သီလရင်တွေဆီ သွားရမှာလား။”
ရိုးသားသောဘုန်းကြီး ဆွံ့အသွားခဲ့၏။
“ဒါ့အပြင်... 'ဝါစဉ်ကြီးဘုန်းကြီး' နဲ့ 'နာမည်ကြီးပြည့်တန်ဆာမလေးတွေ' ဆိုတာ နီးနီးကပ်ကပ် ဆက်စပ်မှုရှိနေသေးတယ်။” လုရှောင်ဖုန်းက ဆက်ပြောနေလိုက်သည်။
“ဝါစဉ်ကြီးဘုန်းကြီးက ဘုန်းကြီးအဖြစ် တစ်နေ့လုံး ခေါင်းလောင်းတီးနေသလို နာမည်ကြီးပြည့်တန်ဆာမလေးတွေကလည်း ခေါင်းလောင်းသံ တစ်ခုနဲ့တစ်ခုကြားမှာ ဘုန်းကြီးနဲ့ တီးနေတာပဲမဟုတ်လား။ အဲဒီထက် နီးစပ်တဲ့ ဆက်စပ်မှုကို ဘယ်နေရာမှာများ သွားရှာတွေ့နိုင်ပါ့မလဲ။” ထိုပျက်လုံး မဆုံးခင်လေးတွင်ပင် လုရှောင်ဖုန်းတစ်ယောက် အူနှိပ်ပြီး ရယ်မောနေလေပြီ။
သို့သော် ရိုးသားသောဘုန်းကြီးသည် စိတ်ဆိုးဒေါသထွက်လွန်းသဖြင့် ဘာပြန်ပြောရမည်မှန်း မသိနိုင်လောက်အောင်ကို ဖြစ်နေရ၏။ သူလုပ်နိုင်သည်မှာ လုရှောင်ဖုန်းကို အဓိပ္ပါယ်မဲ့စွာ စိုက်ကြည့်နေခြင်းသာ... အတော်လေးကြာသောအခါမှ သက်ပြင်းချပြီး တီးတိုးပြောဆိုလိုက်၏။ “အော်မီတိုဖု... တပည့်တော်ကို ဘာဖြစ်လို့များ အချီကြီးဆွန်းနဲ့ မနေ့ညက ပေးတွေ့ခဲ့ပြီး လုရှောင်ဖုန်းနဲ့ ဒီနေ့ ပေးတွေ့ခဲ့ရတာလဲဘုရာ့။”
လုရှောင်ဖုန်း၏ ရယ်မောနေမှုများ ရုတ်ချည်းရပ်တန့်သွားခဲ့၏။ “ကိုယ်တော် အချီကြီးဆွန်းကို တွေ့ခဲ့တာလား။ ဘယ်မှာ တွေ့ခဲ့တာလဲ။ ကျုပ်သူ့ကိုလိုက်ရှာနေတာဗျ။”
သို့သော် ရိုးသားသောဘုန်းကြီးသည် လုရှောင်ဖုန်း၏စကားကို ကြားဟန်ပင်မပြုတော့ဘဲ သုတ်တော်တစ်ခု ရေရွတ်နေလိုက်၏။ “အော်မီတိုဖု... တပည့်တော် နောက်ဘယ်တော့မှ မကောင်းတာ မလုပ်တော့ပါဘူးဘုရာ့။ တပည့်တော်ရဲ့အပြစ်တွေအတွက် သေသင့်ပါတယ်ဘုရာ့။ ကျောင်းတော်ကို တွားသွားပြီးပြန်သွားပါ့မယ်ဘုရာ့။”
ထိုစကားများကို ထပ်ခါတလဲလဲ ရေရွတ်နေရင်း ရုတ်ချည်း မှောက်လျှက်လှဲချလိုက်ကာ တွားသွားနေတော့သည်။
လုရှောင်ဖုန်းသည် အေးခဲနေသော အပြုံးဖြင့်သာ တွားသွားနေသော ဘုန်းကြီးကို ငေးကြည့်နေရတော့၏။
ဟွာမင်းလိုသည် မအောင့်အီးနိုင်တော့ဘဲ လုရှောင်ဖုန်းထံလျှောက်လာကာ မေးမြန်းလိုက်၏။ “သူတကယ်ပဲ တွားသွားနေတာလား။”
လုရှောင်ဖုန်း သက်ပြင်းချလိုက်သည်။ “၁ဝ မိုင်လောက်တွားသွားမယ်လို့ သူပြောခဲ့တယ်ဆိုရင် ၉ မိုင်ခွဲအထိပဲ သူ တွားသွားမယ်ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ဘာကြောင့်လဲဆိုတော့ သူဟာ ရိုးသားတဲ့ဘုန်းကြီး ဖြစ်နေလို့ပဲ။”
“ကြည့်ရတာ ရိုးသားတဲ့ဘုန်းကြီးဖြစ်နေရုံမကသေးဘူး၊ အရူးတစ်ယောက်လည်း ဖြစ်နေပုံရတယ်။” ဟွာမင်းလိုက ရယ်ရယ်မောမော မှတ်ချက်ချလိုက်သည်။
“သူ ရူးချင်ယောင်ဆောင်နေတာပါ။ ဒါပေမဲ့ ဘာတွေဖြစ်နေတယ်ဆိုတာ လူတိုင်းထက် ပိုသိနေသေးတယ်။”
“ဒါဆိုရင် အချီကြီးဆွန်း ဆိုတာကရော... ဘယ်သူများလဲ။”
အချီကြီးဆွန်းအကြောင်းပြောလိုက်သည်နှင့် လုရှောင်ဖုန်း စိတ်ဓာတ်တက်ၾ<ြကလာသည်။ “ပြောရမယ်ဆိုရင်... အချီကြီးဆွန်းရဲ့နာမည်က လိပ်မြေးအချီကြီးဆွန်း ဖြစ်ရမှာ။”
ဟွာမင်းလို သဘောကျစွာ ရယ်မောလိုက်၏။ “အဲဒီနာမည်ကို သူဘယ်လိုလုပ်ပြီး ရလာခဲ့တာလဲ။”
“ဘာဖြစ်လို့လဲဆိုတော့ သူဘိုင်ပြတ်နေတဲ့အခါ သူ့ကိုယ်သူ လိပ်မြေး လို့ပြောတတ်ပြီး၊ ငွေရွှင်နေချိန်ကျရင်တော့ အချီကြီး ဖြစ်သွားပြန်ရော။ တိုက်တိုက်ဆိုင်ဆိုင် သူ့မျိုးရိုးနာမည်ကလည်း ဆွန်း ဖြစ်နေပြန်သေးတယ်။ ဒါကြောင့် လူတွေက သူ့ကို အချီကြီးဆွန်းလို့ ခေါ်ကြတာပေါ့။”
“မင်းကတော့လေ... ဒီလိုမျိုး ရူးနှမ်းနှမ်းလူတွေအကြောင်းကို အားလုံးသိနေတော့တာပါပဲလား။” ဟွာမင်းလိုက နောက်ပြောင်ပြောဆိုလိုက်၏။
“အားလုံးသိနဲ့ ဥာဏ်ကြီးရှင် တို့တွေလည်း ရူးနှမ်းနှမ်းလူစားတွေပဲ။ သူတို့ကို ဘယ်သူမှ မမြင်ဖူးကြဘူး။ သူတို့ဘယ်မှာ ရှိတယ်ဆိုတာကိုလည်း ဘယ်သူမှ မသိနိုင်ကြဘူး။ အချီကြီးဆွန်းတစ်ယောက်ကလွဲလို့ သူတို့ကို ဘယ်သူမှ မရှာနိုင်ကြဘူး။”
“အချီကြီးဆွန်းမှာ ဒီလိုမျိုးအရည်အချင်းလေးတွေ ရှိနေမယ်လို့ ဘယ်သူက ထင်ထားမှာလဲ။”
“အချီကြီးဆွန်းဟာ ကလေးဘဝငယ်ငယ်လေးကတည်းက အရက်သောက်တတ်ခဲ့ပြီး လောင်းကစားလုပ်တတ်ခဲ့တယ်။ သူ့ဘဝတစ်လျှောက်လုံး လောင်းကစားတာရယ်၊ လျှောက်သွားနေတာရယ်ကလွဲပြီး မည်မည်ရရ အောင်မြင်တဲ့အလုပ်တစ်ခုမှ မလုပ်ခဲ့ဘူး။ ဒါပေမဲ့ ဒီအရည်အချင်းလေးတစ်ခုတည်းကြောင့် သူ့ဘဝသက်တမ်း တစ်ဝက်လောက်ကို အေးအေးဆေးဆေး ပေါ့ပေါ့ပါးပါး လောင်းကစားလုပ်နိုင်ခဲ့တယ်။”
“ဘာဖြစ်လို့လဲ။”
“ဘာဖြစ်လို့လဲဆိုတော့... အားလုံးသိနဲ့ ဥာဏ်ကြီးရှင်တို့ကို တွေ့ချင်တယ်ဆိုရင် သူ့ကိုရောက်တဲ့နေရာကနေ ရွေးထုတ်ပေးရတယ်လေ။”
“ရွေးထုတ်ပေးရတယ်။ ဘာလုပ်ပေးရတာလဲ။”
“ဒီဂွစာကြီးက ပိုက်ဆံဖြုန်းတဲ့နေရာမှာတော့ မီတဲ့သူမရှိဘူး။ အချီကြီးဆွန်းအဖြစ် ၃ ရက်လောက်ခံပြီးတာနဲ့ လိပ်မြေးဘဝကို ပြန်ရောက်သွားပြန်ရော။ သူ့အကြွေးတွေကို မဆပ်နိုင်တော့ဘူးဆိုတာနဲ့ သူ့ကိုယ်သူ အပေါင်ခံထားလိုက်တော့တယ်။ တစ်ယောက်ယောက်က လာပြီးတော့ ရွေးထုတ်ပေးရတယ်။ သူဒီလိုမျိုး နေထိုင်ဖြတ်သန်းလာခဲ့တာ ၁ဝ နှစ် မကတော့ဘူး။ လေးစားတယ်ဆိုတဲ့ စကားလုံးထက် ပိုပြီးထိရောက်တဲ့ စကားလုံးမျိုးနဲ့ ငါ သူ့အပေါ် ခံစားမိတယ်။”
“ကြည့်ရတာတော့ ဒီလူကြီးဟာ တစ်ခုကောင်း၊ နှစ်ခုကောင်း အရည်အချင်းရှိနေရုံမကသေးဘူး၊ ကံလည်းအလွန်ကောင်းသူတစ်ယောက် ဖြစ်နေတယ်နဲ့တူတယ်။”
“သိပ်မှန်တာပေါ့။ သူနေထိုင်သလိုပုံစံမျိုးနဲ့သာ တခြားလူတစ်ယောက်လောက် နေကြည့်ပါလား... အဲဒီလူ ရူးသွားလိမ့်မယ်။”
“ဒါဆိုရင် မင်းက သူ့ကို သွားရွေးထုတ်တော့မယ်ပေါ့။”
“သေချာပေါက်ပဲ။ ဒါပေမဲ့ အို့ယန်ကိုတော့ အရင်ဆုံး သွားရှာရလိမ့်မယ်။”
“အို့ယန်... ဟုတ်လား။”
လုရှောင်ဖုန်းက ဘာမှမဖြစ်သလိုပင် ပြုံးပြလိုက်၏။ “အို့ယန်ကိုတောင် မင်းမသိတော့ဘူးလား... အို့ယန်ဆိုတာကွာ...”
++++
အို့ယန်ချင်း...
'ကံကောင်းခြင်းအချစ်' ဂေဟာ၏ဆိုင်းဘုတ်အောက်တွင် ရေးထိုးထားသော ပထမဆုံးနာမည်ဖြစ်၏။
သူမ၏အကောင်းဆုံးစွမ်းဆောင်ချက်မှာ- မည်သူပင်ဖြစ်နေပေ့စေ... ဘုန်းကြီးပဲဖြစ်ဖြစ်၊ အိုနာကျိုးကန်းပဲဖြစ်ဖြစ် သင့်မှာ ပိုက်ဆံသာပါလာပါက သူမသည် သင့်ကို အမွှမ်းအတင်ရဆုံးယောက်ျားတစ်ယောက်အဖြစ် ပြုစုဆက်ဆံတတ်သည်ဟု ကျော်ကြား၏။ သူမ၏ အသက်မွေးဝမ်းကြောင်းမှုတွင် ဤအချက်သည် အရေးအကြီးဆုံးပင် မဟုတ်ပါလော။
ထို့ပြင် သူမသည် ရုပ်ရည်ဆိုးသူတစ်ယောက်လည်း မဟုတ်ပြန်ချေ။ ဖြူစင်သန့်ရှင်းသော မျက်နှာလေး၊ နက်မှောင်ကျော့ရှင်းနေသော ဆံကေသာနှင့် ပြုံးလိုက်တိုင်း ထွက်ပေါ်လာတတ်သော ပါးနှစ်ဘက်ပေါ်မှ ပါးချိုင့်လှလှလေးရှိသူ မိန်းမချောတစ်ယောက်ဖြစ်၏။ သူမ၏ရွှန်းလဲ့စွာကြည့်တတ်သော မျက်လုံးအကြည့်များကြောင့် သူမအတွက် ပိုက်ဆံကုန်ရခြင်း ထိုက်တန်သည်ဟု သင်ထင်မှတ်သွားပေလိမ့်မည်။
ယခုအချိန်တွင် သူမသည် လုရှောင်ဖုန်းကို ထိုအကြည့်များဖြင့် ကြည့်ရှုနေ၏။ နှုတ်ခမ်းမွှေးများကို ကြည့်နေသည်မှာ လောကကြီးတွင် လုရှောင်ဖုန်းမှလွဲ၍ ချောမောလှပသော နောက်ယောက်ျားတစ်ယောက် မရှိတော့သည့်အလား... ဤနှုတ်ခမ်းမွှေးများသည် လွန်စွာမှ ပနံတင့်သော အမွှေးအမြှင်များ ဖြစ်နေသည့်အလား...
လုရှောင်ဖုန်းကိုကြည့်ရသည်မှာလည်း ထိုအကြည့်များကြောင့် ဦးခေါင်းပေါ့ပါးသွားသူတစ်ယောက်လို ဖြစ်နေပြီး သူ၏အိတ်ကပ်ထဲမှ ငွေလွှဲလက်မှတ်များသည် ပြူတစ်ပြူတစ် ထွက်ပေါ်နေကြသယောင် ဖြစ်နေကြ၏။
အို့ယန်ချင်း၏ အပြုံးလေးက ပို၍ပင် ချိုမြလာလေတော့သည်။ “ဒီကို ရှင်တစ်ခါမှ မရောက်ဖူးဘူးမဟုတ်လား။”
“ဘယ်တုန်းကမှ မရောက်ဖူးခဲ့ဘူး။” လုရှောင်ဖုန်းက ပြန်ဖြေလိုက်သည်။
“ဒီကိုရောက်လာတာနဲ့ ကျမကို အရင်ဆုံးတောင်းဆိုခဲ့တယ်ပေါ့လေ။”
“ကျုပ် ပထမဆုံးတောင်းဆိုခဲ့သူကတော့ မင်းပါပဲကွယ်။”
အို့ယန်ချင်းသည် ကြမ်းပြင်ပေါ်သို့ စိုက်ကြည့်နေပြီး တီးတိုးလေး ပြောဆိုလိုက်၏။ “ဒါဆိုရင်တော့ ဖူးစာကံဆုံတယ်လို့ပဲ ပြောရတော့မှာပေါ့လေ။”
“သံသယတစ်စက်ကလေးမှကို မရှိတာ။”
အို့ယန်ချင်း၏ မျက်လုံးများက လင်းလက်သွားခဲ့၏။ “ဒါပေမဲ့ ကျမဒီမှာ ရှိနေမှန်းကို ရှင်ဘယ်လိုလုပ်ပြီး သိသွားခဲ့တာလဲ။”
“ဒီနေ့မနက်ကလေးတင်ပဲ နတ်ဘုရားတစ်ပါးက ကျုပ်ကိုပြောခဲ့တယ်။ မင်းနဲ့ ကျုပ်ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၈ဝဝ ကျော်လောက်ကတည်းက ဖူးစာဖက်တွေတဲ့။”
အို့ယန်ချင်းက ရယ်သွမ်းသွေးလိုက်ပြီး- “ဟုတ်ရဲ့လားရှင်။”
“သိပ်ကိုမှန်တာပေါ့ကွယ်။ အဲဒီနတ်ဘုရားကတော့ တခြားသူမဟုတ်ဘူး။ ဘုန်းကြီးတစ်ပါးပဲ။ သိပ်ကို ရိုးသားပြီး ဣန္ဒြေသိက္ခာရှိတဲ့ ဘုန်းကြီးပေါ့။ သူတောင်မှ မင်းကိုတောင်းဆိုခဲ့သေးတယ်လို့ ပြောတာပဲ။”
အို့ယန်ချင်း၏ အမူအယာများက ပြောင်းလဲသွားခြင်းမရှိဘဲ အေးစက်စွာပင် ပြောဆိုလိုက်၏။ “မနေ့ညတုန်းက ဒီနေရာမှာ ဘုန်းကြီးတစ်ပါး တကယ်ပဲ ရောက်လာခဲ့သေးတယ်။ ကျမ အိပ်ယာဝင်ပြီးသည်ထိ ကျမကို ထိုင်ပြီး တစ်ချိန်လုံး ငေးကြည့်နေခဲ့တယ်။ နတ်ဘုရားလားဘာလားတော့ မသိဘူး။ တစ်ခုခုတော့ မှားနေတာသေချာတယ်။”
ရုတ်တရက်... သူမလျှောက်လှမ်းလာပြီး လုရှောင်ဖုန်း၏ ပေါင်ပေါ်တွင် တက်ထိုင်လိုက်သည်။ လုရှောင်ဖုန်း၏ နှုတ်ခမ်းမွှေးများကို ပွတ်သပ်ပေးနေပြီး နှုတ်ခမ်းကိုက်ကာ ပြုံးပြလိုက်၏။ “ဒါပေမဲ့ ရှင်ကတော့ အတုယူပြီး သူ့လို လိုက်မလုပ်ရင် ကောင်းမယ်ထင်တယ်။”
“ကျုပ်က နတ်ဘုရားမှမဟုတ်တာ။”
အို့ယန်ချင်းသည် သူမ၏ဦးခေါင်းလေးကို လုရှောင်ဖုန်းနောက်သို့ တိုးဝှေ့ထားလိုက်ပြီး နားရွက်ကို ညင်သာစွာ ကိုက်ဆွဲလိုက်၏။ ပြီးနောက် ရယ်သံလွှမ်းလွှမ်းလေးဖြင့် တုံ့ပြန်လိုက်သည်။ “တကယ်တမ်းပြောရရင် နတ်ဘုရားတစ်ပါး ဖြစ်ရတာ သိပ်ပြီးလည်း ကြေကွဲစရာမလိုပါဘူး။ ရှင့်သူငယ်ချင်းကို ထွက်သွားခိုင်းလိုက်ပါလား။ ပြီးတာနဲ့ ရှင့်ကို နတ်ဘုရားတစ်ပါးရဲ့ စည်းစိမ်ထက် ပိုကောင်းအောင် ကျမ ပြုစုပေးပါ့မယ်။”
ဤတစ်ချိန်လုံးတွင် ဟွာမင်းလိုသည် ပြုံး၍သာနေနေ၏။ သူထိုင်နေသောနေရာမှာ အခန်းထောင့် ခပ်လှမ်းလှမ်းတွင်လည်းဖြစ်သည်။ အီစီကလီ ပဲများမှုများကို သူမခံစားနိုင်စွာဖြင့် စကားဖြတ်ပြောလိုက်လေတော့သည်။ “ကျုပ်တို့ဒီကိုလာတာ အချီကြီးဆွန်းကို လာရှာကြတာပါ။ သူဘယ်မှာရှိနေသလဲဆိုတာ မင်းသိလား။”
“အချီကြီးဆွန်း... ဟုတ်လား။ ဒီကနေ နောက်တစ်ဆောင်ဖြစ်တဲ့ ရှောင်းရှန်းဂေဟာမှာ ရွေးထုတ်ခံဖို့ စောင့်နေတယ်လို့တော့ ကြားထားတယ်။ ရှင်ထွက်သွားမယ်ဆိုရင် ရှင့်ရှေ့တည့်တည့်မှာပဲ။” အို့ယန်ချင်းက ပြန်ဖြေလိုက်သည်။ သူမကိုကြည့်ရသည်မှာ ဟွာမင်းလိုကို တတ်နိုင်သမျှ အမြန်ဆုံး ထွက်သွားစေချင်ပုံရသည်။
သို့သော် ဦးဆုံးထရပ်လိုက်သူမှာ လုရှောင်ဖုန်း ဖြစ်နေလေသည်။
“ရှင်လည်း လိုက်သွားမယ်ပေါ့လေ။” အို့ယန်ချင်း မျက်စိမျက်နှာပျက်စွာ မေးမြန်းလိုက်၏။
“တကယ်တမ်းတော့ ကျုပ်မသွားချင်ပါဘူး။” လုရှောင်ဖုန်း သက်ပြင်းချလိုက်သည်။ “ဒါပေမဲ့ ကျုပ်သွားရလိမ့်မယ်။”
“သူ့ကို သွားရွေးထုတ်မလို့လား။”
“မဟုတ်ပါဘူး။ ကျုပ်တို့အားလုံးကို လာရွေးထုတ်မယ့်လူကို သွားစောင့်မလို့ပါ။”
သူ့အင်္ကျီအိပ်ထောင်ထဲသို့ လက်ပုတ်ပြလိုက်ပြီး မျက်နှာထက်တွင် အားတင်းပြုံးပြလိုက်သည်။ “မင်းကို အမှန်အတိုင်း ပြောပြရမယ်ဆိုရင် ကျုပ်တို့မှာ ပါလာတဲ့ပိုက်ဆံတွေက သွားရည်စာဖိုးလောက်တောင် မလောက်ဘူး။”
အို့ယန်ချင်းသည် ပြုံးနေသော်လည်း သူမ၏အပြုံးက အဓိပ္ပါယ်တစ်မျိုးသို့ ပြောင်းလဲသွား၏။ ထိုအပြုံးသည် သင့်ကို ချက်ချင်း ထွက်ခွာသွားစေချင်စိတ်ပေါက်လာစေသော အပြုံးမျိုးဖြစ်၏။
သို့သော် လုရှောင်ဖုန်းကတော့ သတိထားမိပုံမပေါ်။ ရုတ်တရက်ပင် သူပြုံးပြလိုက်ပြီး- “ဒါပေမဲ့ ကျုပ်တို့ဟာ ဖူးစာရှင်တွေမဟုတ်လား။ ကျုပ်ဘယ်လိုလုပ်ပြီး ထွက်သွားနိုင်မှာလဲ။ သူ့ကိုပဲ ထွက်သွားခိုင်းလိုက်ရင် ကောင်း...”
အို့ယန်ချင်းက ချက်ချင်းပင် စကားဖြတ်ပြောလိုက်၏။ “ကျမတို့က ဖူးစာရေစက်ဆုံနေမှတော့ နောက်ကျမှ တွေ့ရင်လည်း ဖြစ်နိုင်တာပဲ။ သူ့ကိုသွားရှာတာပဲ ရှင့်အတွက် ပိုကောင်းလိမ့်မယ်။ ကျမ... ကျမ... သိပ်ပြီးနေလို့ မကောင်းဘူးရှင့်။ ဗိုက်အောင့်နေသလိုပဲ။”
အဆောင်တွင်းမှ လုရှောင်ဖုန်း ထွက်သွားခဲ့ချေပြီ။ အပြင်သို့ရောက်သည်နှင့် အရှေ့ဘက်မှ တိုက်ခတ်လာသော နွေဦးလေပြေလေးကို တစ်ဝကြီးရှူသွင်းလိုက်ပြီး ပြုံးနေလိုက်၏။ “မိန်းကလေးတစ်ယောက်ကို ခါချချင်တယ်ဆိုရင် အကောင်းဆုံးနည်းလမ်းက သူ့ဗိုက်စူစူလေးကို အောင့်သွားအောင်လုပ်တတ်ဖို့လိုတယ်။ အပြင်လောကမှာ ထွက်ကဲနေတဲ့ ယောက်ျားတွေအတွက် မိန်းကလေးတွေရဲ့ဗိုက်အောင့်အောင် ဘယ်လိုလုပ်နိုင်တယ်ဆိုတဲ့ အချက် ၃ ချက်လောက်တော့ အနည်းဆုံးသိထားသင့်တယ်။”
“မင်းဟာ အမြဲတမ်းလိုလို ဥာဏ်ကောင်းထက်မြက်သူတစ်ယောက်ဆိုတာ ငါ သိထားပါတယ်။” ဟွာမင်းလိုက ပေါ့ပေါ့ပါးပါးပင် ဆက်ပြောနေ၏။ “ဒါပေမဲ့ မင်းဟာ လူကောင်းတစ်ယောက်မဟုတ်ဘူးဆိုတာ ဒီနေ့ကျမှပဲ သိလိုက်ရတော့တယ်။”
“ဘာဖြစ်လို့လဲ။”
“သူဘယ်လို မိန်းမစားလဲဆိုတာ သိနေရဲ့သားနဲ့ အဆောင်ထဲမှာတုန်းက ဘာဖြစ်လို့ မင်း ဟန်ဆောင်နေခဲ့ရတာလဲ။”
“ဘာကြောင့်လဲဆိုတော့ကာ... အတုအယောင်ခံစားချက်တွေရှိနေတဲ့သူတွေကို ငါဘယ်တုန်းကမှ မနှစ်သက်ခဲ့ဖူးဘူး။”
“ဒါပေမဲ့ သူ ရှင်သန်ရပ်တည်နိုင်ဖို့အတွက်တော့ လိမ်ညာခံစားရမှာပဲလေ။ လူတိုင်းအတွက် ခံစားချက် စစ်စစ်တွေကိုသာ ပေးနေမယ်ဆိုရင် သူဘယ်လိုလုပ်ပြီး ရပ်တည်နိုင်တော့မှာလဲ။”
ဟွာမင်းလို၏မျက်နှာထက်တွင် အပြုံးတစ်ခု ထွက်ပေါ်လာပြီး ပြောဆိုလိုက်၏။ “ပြောရမယ်ဆိုရင်... မင်းဟာ သူငယ်ချင်းကောင်းတစ်ယောက်ပါ။ သစ္စာသိပ်ရှိတယ်။ သူရဲကောင်းတစ်ယောက်လို့တောင် ခေါ်ထိုက်သေးတယ်။ ဒါပေမဲ့ မင်းမှာ ကြီးမားတဲ့ အားနည်းချက်ကြီးတစ်ခုရှိနေတာလည်း အမှန်ပဲ။”
လုရှောင်ဖုန်း နားထောင်နေရုံမှတစ်ပါး ဘာမှ မတတ်နိုင်တော့ချေ။
ဟွာမင်းလိုက ဆက်၍ပြောဆိုနေ၏။ “လောကကြီးမှာ ဆိုးသွမ်းညစ်ပတ်တဲ့ လူတွေအများကြီး ရှိနေပါတယ်။ ဒါပေမဲ့ တစ်ခါတစ်ခါကျရင် သူတို့တတွေ လုပ်ချင်လို့လုပ်နေရတာမဟုတ်ဘူး။ ချောင်ပိတ်မိနေလို့ လုပ်နေရတာပါ။ မင်းရဲ့ အဓိကအားနည်းချက်က ဘာလဲဆိုတော့ သူတို့ရဲ့ ခံစားမှုတွေကို နားမလည်ပေးနိုင်တာပဲ။”
လုရှောင်ဖုန်းသည် ဟွာမင်းလိုကို စိုက်ကြည့်နေ၏။ အချိန်အတော်အကြာကြီး စိုက်ကြည့်နေ၏။ ပြီးနောက် ညင်သာစွာ သက်ပြင်းချပြီး ပြောဆိုလိုက်တော့သည်။ “တစ်ခါတစ်ခါကျရင် မင်းနဲ့အတူတူကို ရှိမနေချင်ဘူး။”
“ဟမ်...”
“ဘာဖြစ်လို့လဲဆိုတော့ ငါ့ကိုယ်ငါ လူကောင်းတစ်ယောက်လို့ သိပ်ပြီး မပြောချင်ပေမယ့် မင်းနဲ့ယှဉ်လိုက်ရင်တော့ ငါဟာ ချီးထုပ်ကြီးတစ်ယောက် ဖြစ်သွားရော...”
ဟွာမင်းလို ပြုံးပြလိုက်သည်။ “သူ့ကိုယ်သူ ချီးထုပ်တစ်ယောက်လို့ သိထားနေသမျှ အဲဒီလူအတွက် မျှော်လင့်ချက်တော့ ရှိနေပါသေးတယ်ကွာ။”
“ငါဟာ ချီးထုပ်တစ်ယောက်ပါ။ ပထမတန်းချီးထုပ်တစ်ယောက်ပါ။ လူသန်းပေါင်းများစွာထဲမှာ ငါ့လိုမျိုး ချီးထုပ်တစ်ယောက် မင်းရှာတွေ့နိုင်မှာမဟုတ်ဘူး။”
သူတို့လျှောက်သွားနေစဉ်မှာပင် ရှောင်းရှန်ဂေဟာဘက်ဆီမှ လူတစ်ယောက်၏ အော်ဟစ်ပြောဆိုသံများကို ကြားလိုက်ကြရ၏။
“အချီကြီးဆွန်း...” ဟွာမင်းလို စပ်စုမေးမြန်းလိုက်၏။
လုရှောင်ဖုန်း ရယ်မောနေလိုက်သည်။ “မှန်တယ်။ ကိုယ့်ကိုကိုယ် ချီးထုပ်တစ်ယောက်ဖြစ်နေမှန်း သိတဲ့သူသိပ်မရှိပါဘူး။”
“ဒါကြောင့်မို့ သူလည်းပဲ မျှော်လင့်ချက် ရှိသေးတယ်လို့ ဆိုရမှာပေါ့။” ဟွာမင်းလို ရယ်မောပြောဆိုလိုက်၏။
မတ်တတ်မရပ်နိုင်သော်လည်း အချီကြီးဆွန်းသည် ထိုင်၍တော့ နေနိုင်နေသေး၏။
လုရှောင်ဖုန်း ငှားရမ်းလာခဲ့သော မြင်းလှည်းပေါ်တွင် အခန့်သားထိုင်၍ လိုက်ပါလာနိုင်သေး၏။ လုရှောင်ဖုန်းကို စိုက်ကြည့်နေပြီး အချီကြီးဆွန်း မေးမြန်းလိုက်သည်။ “ဟို ရူးနှမ်းနှမ်းလူနှစ်ယောက်ကို လိုက်ရှာဖို့ မင်းအတွက် သိပ်ပြီးအရေးကြီးနေတာ ကျုပ်သိပါတယ်။ ဒါပေမဲ့ ကျုပ်နဲ့ တစ်ခွက်တစ်ဖလားလောက်တော့ မင်းသောက်သင့်တယ်။”
လုရှောင်ဖုန်းက သက်ပြင်းချပြီး ပြန်လည်ပြောဆိုလိုက်သည်။ “ကျုပ်နားမလည်နိုင်တာတစ်ခု ရှိနေသေးတယ်။ ခင်ဗျားမှာ ပိုက်ဆံတစ်ပြားမှ မရှိတော့တာကို သိနေတာတောင်မှ အဲဒီလူတွေက ခင်ဗျားကို အရက် ပေးနိုင်ကြသေးတယ်နော်။”
အချီကြီးဆွန်း၏မျက်နှာထက်တွင် ကောက်ကျစ်သောအပြုံးတစ်ခု ထွက်ပေါ်လာခဲ့ပြီး- “ဘာကြောင့်လဲဆိုတော့ ဦးခေါင်းထဲမှာ ပြဿနာအပြည့်ရှိနေတဲ့ မင်းလိုမျိုး လူတစ်ယောက် ကျုပ်ကိုလာပြီး ရွေးထုတ်သွားလိမ့်မယ်ဆိုတာ အထဲကလူတွေ သိနေကြလို့ပေါ့ကွာ။”
အမှန်အတိုင်းပြောရလျှင် သူ၏ဦးခေါင်းသည် ကျန်လူများ၏ ဦးခေါင်းများထက် ပို၍သေးငယ်နေခြင်း လုံးဝမရှိပါ။ ခန္ဓာကိုယ် အလွန်သေးငယ်သူတစ်ယောက်ထံတွင် ဤမျှကြီးမားသော ဦးခေါင်းကြီးတစ်လုံးရှိနေကြောင်း တွေ့လိုက်သည်နှင့် သင် ယုံကြည်နိုင်မည်မဟုတ်ပါ။
“ခင်ဗျားရဲ့ ဒီအခြေအနေနဲ့ သူတို့ကို ရှာနိုင်ပါ့ဦးမလား။” လုရှောင်ဖုန်း စပ်စုလိုက်သည်။
“သိပ်တွေ့တာပေါ့။” အချီကြီးဆွန်းက ဂုဏ်ယူဝံ့ကြွားစွာ ပြန်ဖြေလိုက်သည်။ “အဲဒီ ရူးနှမ်းနှမ်းလူနှစ်ယောက်ဟာ ဘယ်လောက်ပဲ ဂွစာကျနေပါစေ၊ ကျုပ်ကိုတော့ ဘာမှ မလုပ်နိုင်ကြပါဘူး။ ဒါပေမဲ့ ကျုပ်တို့တတွေ အခြေခံအချက်လေးတွေတော့ သိထားသင့်တယ်။ အချက် ၃ ချက်ဆိုရင် ပိုမှန်လိမ့်မယ်။”
“ကောင်းပြီလေ။”
“(၁) မေးခွန်းတစ်ခုတိုင်းအတွက် ငွေအသပြာ ၅ဝ ကျမယ်။ ငွေသားစစ်စစ်ကို ပြောတာနော်။ ဘာမှ ရောနှောထားတာမလိုချင်ဘူး။ (၂) ကျုပ် ဝင်သွားတွေ့တာနဲ့တပြိုင်နက် မင်းတို့နှစ်ယောက် အပြင်ဘက်မှာ စောင့်နေရမယ်။ (၃) မေးခွန်းမေးတဲ့အချိန်ကို ရောက်လာခဲ့ရင်လည်း အပြင်ဘက်ကနေပဲ မေးမြန်းရလိမ့်မယ်။”
“ကျနော်တော့ နားမလည်နိုင်တော့ဘူး။” လုရှောင်ဖုန်း နုံးချိစွာပြုံးပြီး ပြောဆိုလိုက်၏။ “သူတို့ ဘာဖြစ်လို့ လူတွေနဲ့ မတွေ့ဆုံ၊ မဆက်ဆံနိုင်ရတာလဲ။”
အချီကြီးဆွန်းက ပြုံးပြလိုက်သည်။ “ဘာကြောင့်လဲဆိုတော့ ကျုပ်ကလွဲပြီး ကျန်လူတွေအားလုံး အဖေမပေါ်သားတွေလို့ သူတို့ထင်ထားကြလို့ပေါ့။ ရှင်းရှင်းပြောရရင်တော့ ကျုပ်ကိုယ်တိုင်က အကြီးဆုံး အဖေမပေါ်သားတစ်ယောက် ဖြစ်နေလို့ပဲ။”
+++++
လိုဏ်ဂူသည် မည်းမှောင်နေပြီး သိပ်သည်းလွန်းနေ၏။ ဝင်ပေါက်လေးမှာ သေးသေးငယ်ငယ်လေးဖြစ်၏။ အထဲသို့ဝင်သွားရန်မှာ ဝမ်းလျားမှောက် တွားသွားမှပင်ဖြစ်မည်။ အချီကြီးဆွန်းသည် ထိုအတိုင်းပင် ဝင်သွားခဲ့၏။
လုရှောင်ဖုန်းနှင့် ဟွာမင်းလိုတို့ အပြင်ဘက်တွင် စောင့်ဆိုင်းနေသည်မှာ အချိန်ကြာမြင့်လှပြီဖြစ်သည်။ လုရှောင်ဖုန်း စိတ်မရှည်နိုင်တော့ပေ။
သို့သော် ဟွာမင်းလိုသည် ပြုံးရယ်လျက် မှတ်ချက်ချလိုက်၏။ “မင်း စိတ်မရှည်တော့ဘူးဆိုတာ ငါသိပါတယ်။ အနီးအနားကို လျှောက်သွားကြည့်ပါလား။ ဒီနေရာလေးက သိပ်ကို လှပလွန်းနေတယ်။ လေကလေးကလည်း တဖြူးဖြူးတိုက်နေသေးတယ်။ ဒီနေရာလေးမှာ ခဏလောက် အနားရတာ သိပ်ကိုကံကောင်းပါတယ်ကွာ။”
“ဒီနေရာလေးက သာယာလှပနေတယ်ဆိုတာ မင်းက ဘယ်လိုလုပ်ပြီး သိနေရတာတုန်း။” လုရှောင်ဖုန်း စပ်စုလိုက်သည်။
“ငါက မမြင်ရပေမယ့် ခံစားမှုနဲ့ နားလည်နိုင်ပါတယ်။ မျက်စိမြင်ပြီး ဒီလိုအလှအပတွေကို မမြင်ရသူတွေသာ မျက်ကန်းတွေလို့ ငါတော့ ထင်ထားတယ်။”
လုရှောင်ဖုန်း ဘာမှ ပြန်မပြောနိုင်ခဲ့တော့ချေ။
ထိုအချိန်၌ပင် အချီကြီးဆွန်း၏ စကားသံ လိုဏ်ဂူတွင်းမှ ပြန့်လွင့်လာ၏။ “မင်းတို့ မေးချင်တာမေးလို့ရပြီ။”
ငွေအသပြာ ၅ဝ လိုဏ်ဂူတွင်းသို့ ပစ်သွင်းလိုက်ပြီး ပထမဆုံး မေးမြန်းလိုက်သည့် မေးခွန်းမှာ- “လွန်ခဲ့တဲ့ နှစ်ပေါင်း ၅ဝ လောက်က ရွှေဂဠုန်မင်းဆက်ဆိုတာ တကယ်ပဲ ရှိခဲ့တာလား။”
အတန်ကြာမျှ တိတ်ဆိတ်သွားခဲ့ပြီး လိုဏ်ဂူထဲမှ ဖြေကြားသံ ထွက်ပေါ်လာခဲ့၏။ “ရွှေဂဠုန်အင်ပါယာဆိုတာ တောင်ဘက်ပိုင်းမှာ ရှိခဲ့တဲ့ နိုင်ငံငယ်လေးတစ်ခုပါ။ သူတို့ရဲ့ ထုံးတမ်းစဉ်လာတွေက တော်တော်လေး ထူးဆန်းခဲ့တယ်။ မျိုးရိုးနာမည်တူသူတွေနဲ့ပဲ ထိမ်းမြားခဲ့ကြတယ်။ ဒါကြောင့်မို့ နန်းမွေဆက်ခံသူတွေ အတော်များများမှာ မျိုးရိုးနာမည် 'ရှန်းကွမ်း' ဆိုတာ ရှိခဲ့ကြတယ်။ နိုင်ငံငယ်လေးဟာ ချမ်းသာၾ<ြကယ်ဝခဲ့ပေမယ့်လည်း လွန်ခဲ့တဲ့ နှစ် ၅ဝ လောက်မှာ ပျက်ဆီးသွားခဲ့ရတယ်။ သူတို့ရဲ့ မျိုးဆက်သစ်တွေဟာ မြေပြန့်ကို အခြေချနေထိုင်လာခဲ့ကြတယ်လို့ ပြောကြတာပဲ။”
လုရှောင်ဖုန်း အသက်ရှူသွင်းလိုက်၏။ ထိုအဖြေကို ကျေနပ်အားရသွားခဲ့လေသည်။ ထို့ကြောင့် နောက်ထပ် ငွေသား ၅ဝ ပစ်သွင်းလိုက်ပြီး ဒုတိယမေးခွန်းကို မေးမြန်းလိုက်၏။ “ရွှေနန်းရှင်ရဲ့ မျိုးဆက်တွေကလွဲလို့ တခြားအရာရှိတွေကော လွတ်မြောက် ရှင်သန်နေသေးရဲ့လား။”
“ရွှေနန်းရှင်ရဲ့ မျိုးဆက်ကို စောင့်ရှောက်ဖို့ လူ ၄ ယောက် မြေပြန့်ကိုရောက်လာခဲ့တယ်လို့ ပြောကြတာပဲ။ အဲဒီထဲက တစ်ယောက်ကတော့ တော်ဝင်မျိုးဆက်ဖြစ်တဲ့ ရှန်းကွမ်းကျင်းလို့ပြောတယ်။ နောက် ၃ ယောက်ကတော့ စစ်သူကြီး ပင်းတုဟီ၊ စစ်ဗိုလ်ချုပ် ရှန်းကွမ်းမူနဲ့ ဘဏ္ဍာတော်ထိန်း ရန်လိဘန် တို့ဖြစ်တယ်လို့ သိထားတယ်။”
ထိုအဖြေနောက်တွင် နောက်ထပ်ဖြေကြားစရာလေးများ ပါရှိနေသေး၏။ “သူတို့တိုင်းပြည်ရဲ့ ရာထူးရာခံတွေဟာ ကျုပ်တို့ရဲ့ ရာထူးရာခံအဆင့်အတန်းနဲ့ အတော်လေး ဆင်တူတယ်။”
တတိယမေးခွန်းမှာ- “သူတို့ ဘာဖြစ်သွားခဲ့ကြတာလဲ။”
“သူတို့တွေအားလုံး မြေပြန့်ရောက်လာတာနဲ့ နာမည်တွေ ပြောင်းခဲ့ကြပုံရတယ်။ မင်းဆက်သစ်တက်လာတော့ မင်းဆက်ဟောင်းရဲ့ လူဟောင်းတွေကို သုတ်သင်ပစ်ဖို့ လူသတ်သမားတွေ စေလွှတ်ခဲ့ကြတယ်။ ဒါပေမဲ့ တစ်ယောက်မှ ရှာလို့မတွေ့ခဲ့ကြဘူး။ မင်းဆက်ဟောင်းရဲ့မျိုးဆက်ဟာ ခုချိန်လောက်ဆိုရင် အဘိုးအိုတစ်ယောက်တောင် ဖြစ်နေလောက်ရောပေါ့။”
သေသေချာချာ လေးလေးနက်နက် စဉ်းစားပြီးမှ စတုတ္ထမေးခွန်းကို လုရှောင်ဖုန်း မေးမြန်းလိုက်၏။ “သိပ်ခက်ခဲတဲ့အလုပ်တစ်ခုအတွက် စီမင်းကျွေ့ရှယ်ရဲ့ အကူအညီရယူဖို့ ရှိနေတယ်ဆိုပါတော့၊ သူပါဝင်လာအောင် ဖိတ်ခေါ်နိုင်ပါ့မလား။”
အဖြေစကားကို မေးခွန်းထက်ပင် ပို၍ကြာရှည်စွာ စောင့်စားခဲ့ရလေသည်။ နောက်ဆုံးတွင် အဖြေစကား ထွက်ပေါ်လာခဲ့၏။ “လုံးဝမဖြစ်နိုင်ဘူး။”
+++++
မြို့ထဲရှိ 'နွေဦးပိတောက်' စားသောက်ဆိုင်သည် ဝါးရွက်စိမ်းအရက်၊ ကြက်သွန်ဖြူအမဲသား၊ ခိုသားဇီး၅မျိုးနှပ် နှင့် ဆိတ်သားနှပ်ငါးပေါင်း တို့ကြောင့် အလွန်ကျော်ကြား၏။ ထို့ကြောင့် သူတို့သည် နွေဦးပိတောက် ဆိုင်ထဲသို့ ရောက်နေကြလေသည်။
လုရှောင်ဖုန်းသည် အစားအစာနှင့်ပတ်သက်လာလျှင် ဗဟုသုတကြွယ်ဝလှပြီး အလွန်တရာ ချေး(ဂျီး)များသူတစ်ယောက် ဖြစ်၏။
“ 'လုံးဝမဖြစ်နိုင်ဘူး။' ဘာလဲကွ အဲဒီအဖြေက...” လုရှောင်ဖုန်း မချိပြုံးလေးပြုံးနေပြီး ဝါးရွက်စိမ်းအရက်ကို တစ်ဂွပ်တည်း မော့ချလိုက်၏။ “ဒီစားပွဲဝိုင်းတစ်ခုလုံး မှာစားထားတာတောင်မှ ငွေအသပြာ ၅ ပြားပဲကျတယ်။ ဟိုမသာကောင်ကြီးရဲ့အဖြေကတော့ ၅ဝ တောင်ကျတယ်။”
“လုံးဝမဖြစ်နိုင်ဘူးဆိုတာ ဘယ်လိုမှကို မဖြစ်နိုင်ဘူးလို့ ဆိုလိုတာလား။” ဟွာမင်းလိုက ပေါ့ပေါ့ပါးပါးလေးပြုံးပြီး မေးမြန်းလိုက်သည်။
“စီမင်းကျွေ့ရှယ်က ပိုက်ဆံချမ်းသာတယ်၊ နာမည်ကြီးတယ်၊ မင်းသိသမျှလူတွေအားလုံးထဲမှာ အထီးကျန်အဆန်ဆုံး တစ်ကိုယ်တော်ပဲ။ သူများတွေရဲ့ ကိစ္စထဲကို ဘယ်တော့မှ လက်ဝင်မရှိုတတ်ဘူး။” လုရှောင်ဖုန်း ပြန်ဖြေလိုက်၏။ “အဲဒါတွေအပြင် သူ့ဆွေမျိုးရင်းခေါက်ခေါက်တွေကိုတောင်မှ သူစိမ်းတွေကိုဆက်ဆံသလိုပဲ ဆက်ဆံတတ်တယ်။ နောက်ပြီး လောကကြီးထဲမှာ ဖင်ခေါင်းအကျယ်ဆုံးလူလို့လည်း ထပ်ဖြည့်ပြောလို့ရသေးတယ်။ ကဲ... ငါဘယ်လိုလုပ်ပြီး ဒီလူနဲ့ အပေးအယူလုပ်ရမှာလဲ...ပြော...”
“ဒါပေမဲ့ တစ်ခါတစ်ခါကျပြန်တော့ ကီလိုမီတာ ၃ဝဝဝ လောက်ဝေးတဲ့နေရာကို ရောက်အောင်သွားပြီး သူမသိတဲ့လူတစ်ယောက်အတွက် လက်စားချေပေးတတ်ပြန်ရော။”
“အဲဒါဘာဖြစ်လို့လဲဆိုတော့ သူလုပ်ချင်တဲ့အလုပ်မို့လို့ပဲ။ သူသာ မလုပ်ချင်ဘူးဆိုရင် ကျောက်စိမ်းဧကရာဇ်ကြီး ခိုင်းတာတောင်မှ ရွေ့မှာမဟုတ်ဘူး။”
(ကျောက်စိမ်းဧကရာဇ် သည် တရုတ်လူမျိုးတို့၏ ရိုးရာဒဏ္ဍာရီပုံပြင်ထဲမှ အစွမ်းအထက်ဆုံးသော သူတော်စင်ကြီးတစ်ပါးဖြစ်၏။)
ဟွာမင်းလို ပြုံးနေ၏။ “ဘာပဲဖြစ်ဖြစ် ဒီခရီးမှာ ငါတို့တတွေ အကျိုးတော့မယုတ်ပါဘူး။ ရွှေဂဠုန်ဧကရာဇ်ကြီးပြောခဲ့သမျှ အမှန်တွေချည့်ပဲဆိုတာတော့ သိခဲ့ရသေးတာပဲ။”
“သိပ်မှန်တာပေါ့ကွာ။ သူပြောခဲ့သမျှ အလိမ်အညာတစ်ခုမှမပါလို့ကို ငါတို့တွေ ဒီကိစ္စမှာ ဝင်ပါကြရတော့မယ်။ ငါတို့ ဝင်ပါကြမယ်လို့ ဆုံးဖြတ်ပြီးလို့ စီမင်းကျွေ့ရှယ်ကို သိပ်လိုအပ်နေတာပေါ့။”
“သူ့ရဲ့ဓားပညာက ပြောသလောက်ကော ကြောက်စရာကောင်းနေလို့လား။”
“ပိုဖို့ပဲရှိတယ်။ သူ့အသက် ၁၅ နှစ်အရွယ်ကတည်းကနေ ခုချိန်ထိ သူနဲ့တိုက်ခိုက်ခဲ့သမျှ တစ်ယောက်မှ အသက်ရှင်ကျန်ရစ်ခဲ့တယ်ဆိုတာ မရှိသေးဘူး။”
“ငါတို့က ဘာဖြစ်လို့ သူ့ကိုလိုအပ်ရတာလဲ။”
“ဘာဖြစ်လို့လဲဆိုတော့ ငါတို့ရင်ဆိုင်ရမယ့်လူတွေက သာမန်လူတွေမဟုတ်ဘူးလေ။ နောက်ပြီးတော့ တစ်ယောက်ထက်မကဘူး။”
လုရှောင်ဖုန်းသည် နောက်တစ်ခွက် မော့ချပြီး စကားဆက်လိုက်၏။ “တုကုရိဟာသာ မြစိမ်းနန်းတော်ရဲ့ တကယ့်ခေါင်းဆောင်ဖြစ်ခဲ့မယ်ဆိုရင် သူ့လက်အောက်မှာ ပြဿနာပေးနိုင်တဲ့လူတွေ အနည်းဆုံး ၄-၅-၆ ယောက်လောက်ရှိနေမှာ အမှန်ပဲ။ ဒါတင်မကသေးဘူး... အော်မေဂိုဏ်းမှာလည်း သိပ်ကိုထက်မြက်တဲ့ သိုင်းသမားတွေ ရှိနေသေးတယ်။”
“အော်မေဂိုဏ်းရဲ့ ဓား ၇ လက်အကြောင်းကို ငါလည်းကြားဖူးထားပါတယ်။ စန်းယင်စေ့ရှို ဆိုတာ နောက်ပေါက်ဓားသမားတွေထဲမှာတော့ အတော်ဆုံးလို့ ပြောနိုင်တယ်။”
(စန်း=၃၊ ယင်(အဖိုဓာတ်)=ကျားကျားယားယားသူရဲကောင်း၊ စေ့=၄၊ ရှို=နတ်မိမယ်- သူရဲသုံးဖော်၊ နတ်မိမယ်လေးပါး လို့ပြန်ဆိုရမယ်နဲ့တူတယ်။ ဇာတ်လမ်း ရှေ့လျှောက်ပါလာမယ့် အရေးကြီး ဇာတ်ကောင်တွေပါ။)
“ယန်ထျယ်ရှန်းရဲ့ စိန်ပုလဲနန်းတော် အိမ်တော်ထိန်း ဟိုထျန်ချင်း ဆိုတဲ့လူက ဓား ၇လက်ပေါင်းထက်တောင်မှ ပိုကြောက်စရာကောင်းသေးတယ်။ အသက်သိပ်မကြီးသေးပေမယ့် ဝါတော့ကြီးတယ်။ သူရဲကောင်း ရှန်းစီယန် တောင်မှ သူ့ကို ဂိုဏ်းတူဦးလေးလို့ ခေါ်ရတယ် ကြားဖူးတာပဲ။”
“ဒါဆိုရင် သူက ဘာဖြစ်လို့ ရန်လိဘန်ရဲ့လက်အောက်မှာ လုပ်နေရတာလဲ။”
“ဘာကြောင့်လဲဆိုတော့ ပြီးခဲ့တဲ့နှစ်တွေတုန်းက ချီလျန်တောင်ပေါ်မှာ တစ်စုံတစ်ယောက်ရဲ့ လက်ချက်ကြောင့် သူသေမလိုဖြစ်နေတုန်း ရန်လိဘန်က ကယ်တင်ပေးခဲ့တယ်လို့ ပြောကြတယ်။”
“ဟိုရှူးလည်းပဲ ပျောက်ချက်သားကောင်းနေလိုက်တာ... သူ့ရဲ့ချမ်းသာၾ<ြကယ်ဝမှုတွေကို ယုံကြည်စိတ်ချရတဲ့ လူယုံတော်တွေလက်ထဲ အပ်ထားခဲ့မှာ သေချာတယ်။ အဲဒီလူတွေလည်းပဲ လွယ်လွယ်ကူကူ ကိုင်တွယ်နိုင်မယ့် လူစားမျိုးတွေ မဟုတ်နိုင်ဘူး။” ဟွာမင်းလို စဉ်းစားပြီးမှ ပြောလိုက်သည်။
“သိပ်သေချာတာပေါ့ကွာ။”
“ဒါကြောင့်မို့ ငါတို့တတွေ စီမင်းကျွေ့ရှယ်ရဲ့အကူအညီ လိုအပ်တယ်ပေါ့။”
“မှန်သွားပြန်ပြီ။”
“ငါတို့ သူ့ကို သွားပြီး ခေါင်းစားကြည့်ရင် မကောင်းဘူးလား။ ဒီလိုလေ... ဒီလူစုထဲမှာ အတော်ဆုံးသိုင်းသမား ဘယ်သူဖြစ်မလဲဆိုတာ စမ်းသပ်ကြည့်ရအောင်ဆိုပြီးတော့ပေါ့။”
“ရနေဦးမယ်.. အားကြီးကြီး။”
“ဘာဖြစ်လို့လဲ။”
“ဘာလို့လဲဆိုတော့... သူ့ကို လွယ်လွယ်ကူကူနည်းလမ်းနဲ့ရော၊ ခက်ခက်ခဲခဲနည်းလမ်းနဲ့ပါ အကူအညီတောင်းလို့ မရနိုင်သလို သူဟာ ငါ့လိုပဲ သိပ်ပြီးÓဏ်ကောင်းတယ်ကွ။”
လုရှောင်ဖုန်းသည် ခပ်သောသောလေး ရယ်မောနေလိုက်ပြီး စကားဆက်လိုက်၏။ “သူ့ကို တစ်စုံတစ်ယောက်က သွားပြီး ခေါင်းစားခဲ့မယ်ဆိုရင် အဲဒီလူသာ လည်ထွက်ပြီးပြန်လာရလိမ့်မယ်ဆိုတာ ခုကတည်းက ငါဟောကိန်းထုတ်လိုက်မယ်။”
ဟွာမင်းလိုသည် ထိုနေရာ၌ပင် ငေးငိုင်သွားခဲ့ပြီး အတန်ကြာမှ တဖြည်းဖြည်းချင်း စကားသံထွက်ပေါ်လာခဲ့၏။ “ငါ့မှာ အကြံတစ်ခုရှိနေတယ်၊ ကြိုးစားကြည့်လို့ရမယ်ထင်တာပဲ။”
“ဘာအကြံများလည်း... လင်းစမ်းပါဦး။”
ဟွာမင်းလို၏ အကြံအစည်များကို ပြောပြခွင့်မရလိုက်ပါ။ တံခါးပေါက်ဝမှ ဆူညံစွာ အော်ဟစ်ငေါက်ငမ်းသံများ ထွက်ပေါ်လာခဲ့၍ဖြစ်၏။
လူတစ်ယောက် ယိုင်ထိုးပြီးဝင်ရောက်လာ၏။ သွေးအလူးလူး ပေကျံနေသူတစ်ယောက်ဖြစ်သည်။
လေးလပိုင်းနေက အနောက်ဘက်သို့ အနည်းငယ်တိမ်းစောင်းသွားခဲ့သောကြောင့် နေမွန်းတည့်ချိန် ကျော်လွန်ပြီးသွားမှန်း သိနိုင်၏။ ထိုသူ့ပေါ်သို့၊ သူ၏ဒဏ်ရာဒဏ်ချက်များပေါ်သို့ လူသွားလမ်းတံစက်မြိတ်ပေါ်မှ နေရောင်ခြည်များ ထိုးကျနေ၏။ သွေးများက နီရဲနေ၏။ လူတစ်ယောက်ကို အရိုးထိအေးခဲသွားစေလောက်သော သွေးနီနီများဖြစ်သည်။
သူ၏ခန္ဓာကိုယ် ၁၇-၁၈ နေရာလောက်မှ သွေးများ ပန်းထွက်နေသည်။ ဦးခေါင်း၊ နှာခေါင်း၊ နားနှစ်ဘက်၊ မျက်စိနှစ်လုံး၊ ပါးစပ်၊ လည်ပင်း၊ ရင်ဘတ်၊ လက်ကောက်ဝတ်များ၊ ဒူးခေါင်းများ၊ ပခုံးနှစ်ဘက် တို့မှ သွေးများ တရဟောထွက်နေ၏။
လုရှောင်ဖုန်းပင်လျှင် ဤမျှလောက် ဒဏ်ရာများသူတစ်ယောက်ကို မတွေ့ခဲ့ဖူးချေ။ ဤမြင်ကွင်းမျိုးသည် မည်သူမှ တွေးကြည့်ရန်ပင် မဝံ့ရဲသောမြင်ကွင်းမျိုးလည်းဖြစ်၏။
ထိုသူသည်လည်း သူ့ကိုတွေ့လိုက်ပါသည်။ သူ့ရှေ့ ရုတ်တရက် တိုးဝင်လာခဲ့ပြီး သွေးများပန်းထွက်နေသော လက်နှစ်ဘက်ဖြင့် သူ့ပခုံးကို ဆုပ်ကိုင်လိုက်သည်။ 'ဂစ်... ဂစ်...' ထိုသူသည် တစ်စုံတစ်ခုပြောရန် ကြိုးစားနေခြင်းဖြစ်သည်။
သို့သော် လည်ပင်းတစ်ဝက်ခန့် ပြတ်နေ၍ စကားတစ်လုံးမှ ပြောမထွက်နိုင်ခဲ့ပါ။ အသက်တော့ ရှင်နေသေးပေသည်။
တန်ခိုးပြာဋိဟာပင်လော... သို့မဟုတ် မသေခင်အချိန်လေးတွင် လုရှောင်ဖုန်းကို စကားတစ်ခွန်းလောက် ပြောခဲ့ချင်သေး၍ ကြိုးစားအသက်ရှင်နေခြင်းပင်လော...
သွေးအလူးလူးဖြစ်နေသော မျက်နှာကို လုရှောင်ဖုန်း စိုက်ကြည့်လိုက်ပြီးနောက် ထိတ်လန့်စွာ ရေရွတ်မိလိုက်လေတော့သည်။ “ရှောင်ချီယု...”
'ဂီ...ဂီ...' ရှောင်ချီယု၏ လည်ပင်းမှ ထိုအသံများ ထွက်ပေါ်နေဆဲပင်။ သွေးစွန်းထင်းနေသော မျက်လုံးများမှ ထိတ်လန့်မှု၊ ဒေါသထွက်မှု၊ မုန်းတီးမှုများ ထွက်ပေါ်နေ၏။
“ခင်ဗျား ကျုပ်ကို တစ်ခုခုများ ပြောချင်နေတာလား။” လုရှောင်ဖုန်း အငမ်းမရ မေးမြန်းလိုက်သည်။
ရှောင်ချီယုက ခေါင်းညိတ်ပြလိုက်၏။ ရုတ်တရက်... ကျယ်လောင်သော အသံနက်ကြီး ဟိန်းထွက်လာ၏။ ဒဏ်ရာရ အထီးကျန် ဝံပုလွေတစ်ကောင် နှင်းပုံထဲသို့ ဘုန်းကနဲလဲကျမသွားခင် နောက်ဆုံးမာန်သွင်းပြီး အော်ဟစ်လိုက်သလို အသံနက်ကြီးထွက်ပေါ်လာခဲ့သည်။
သူ့ခန္ဓာကိုယ်တစ်ခုလုံး ကျာပွတ်ဖြင့် အရိုက်ခံလိုက်ရသလို တစ်ချက်မျှ တွန့်သွားခဲ့၏။
လုရှောင်ဖုန်းကို သူပြောပြခဲ့ချင်သော လျှို့ဝှက်ချက်မှာ ကြောက်စရာကောင်းလွန်းသော လျှို့ဝှက်ချက်ဖြစ်ပုံရသည်။ ယခုတော့ သူ့ထံမှ မည်သည့်စကားသံမျှ မထွက်ပေါ်လာနိုင်တော့ပါ။
ကြမ်းပြင်ပေါ်သို့ သူပြုတ်ကျသွားချိန်တွင် နာကျင်မှုများကြောင့် သူ့ခြေလက်များ၏ အရွတ်အကြောများအားလုံး ကောက်ကွေးတွန့်လိမ်သွားခဲ့၏။ တရွှီးရွှီးပန်းထွက်နေသော သွေးနီနီများက တဖြည်းဖြည်း ပန်းနုရောင်သန်းလာတော့သည်။
လုရှောင်ဖုန်း ခြေတစ်ချက်စောင့်ပြီး ခုန်ထွက်လိုက်သည်။ သူ၏ခန္ဓာကိုယ်ကြီးသည် သိမ်းငှက်ကြီးတစ်ကောင် ပျံဝဲသွားသလို စားပွဲများ၊ လူများအပေါ်မှ ပျံထွက်သွားပြီး တံခါးပေါက်ဝသို့ ရောက်ရှိသွားခဲ့၏။
ကျောက်တုံးခင်းထားသော လမ်းမအလယ်လောက်မှ ဆိုင်တံခါးဝသို့ ရောက်ရှိလာသော သွေးစက်သွေးပေါက်များကို မြင်တွေ့လိုက်ရသည်။
“ဒီနေရာကနေ မြင်းလှည်းတစ်စီး ခပ်မြန်မြန် မောင်းထွက်သွားခဲ့တယ်။ ခုနလေးကလူ အဲဒီမြင်းလှည်းပေါ်ကနေ ပြုတ်ကျကျန်ခဲ့တာ။”
“ဘယ်လိုမျိုးမြင်းလှည်းလဲ။”
“အနက်ရောင်မြင်းလှည်းကြီးပဲ။ မောင်းသူတွေကတော့ အစိမ်းရောင်ဝတ်စုံတွေ ဝတ်ထားကြတယ်။”
“သူတို့ ဘယ်ဘက်ကို ထွက်သွားခဲ့ကြတာလဲ။”
“အနောက်ဘက်ကို...”
လုရှောင်ဖုန်း မည်သည့်စကားမှ မပြောဆိုတော့ဘဲ နေမျက်နှာမူရာအရပ်သို့ တဟုန်ထိုး ပြေးထွက်သွားတော့၏။ နောက်ထပ်လမ်းမကြီးတစ်ခုကို ဖြတ်ကျော်လာသောအခါ သူ့ဘယ်ဘက်မှ အော်သံဟစ်သံ၊ တွန်းထိုးတိုက်မိသံများကို ကြားလိုက်ရ၏။
မည်းနက်နေသော မြင်းလှည်းကြီးတစ်စီးသည် ဆေးဆိုင်တွင်းသို့ ဝင်ရောက်သွားပြီး လူများ၊ စားပွဲများကို တိုက်ချသွား၏။
မြင်းကိုဆွဲလာသော မြင်းများသည် ပါးစပ်မှ အမြှုပ်ဖြူဖြူများ ထွက်ပေါ်နေပြီး လဲကျနေကြ၏။
မြင်းလှည်းမောင်းသူသည်လည်း လဲကျနေ၏။ ထိုသူ၏နှုတ်ခမ်းထောင့်စွန်းတွင် သွေးစွန်းထင်းနေ၏။ ခရမ်းရင့်ရောင် သွေးများက ထိုသူ့အင်္ကျီပေါ်သို့ တစ်ပေါက်ပေါက် ကျဆင်းနေသည်။
ထိုသူသည် ဝတ်စုံစိမ်းဝတ်ဆင်ထားပြီး မျက်နှာရှုံ့တွနေ၏။ ရုတ်ချည်းပင် သူ၏ဝါကြန့်ကြန့်မျက်နှာသည် မည်းချိတ်သွားလေတော့သည်။
မြင်းလှည်းတံခါးကို လုရှောင်ဖုန်း ကန်ဖွင့်လိုက်သည်။ မြင်းလှည်းထိုင်ခုံပေါ်တွင် ရှိနေသည့်အရာကား ငွေချိတ်တစ်စုံ ဖြစ်နေလေသည်။
ထိုငွေချိတ်များတွင် တွယ်ချိတ်ထားသော အဝါရောင်အဝတ်စလေးများသည် တာအိုရသေ့များ ဝိÓဉ်ခေါ်သောအခါ အသုံးပြုသည့် အဝတ်စများနှင့် ခပ်ဆင်ဆင်တူ၏။ ထိုအဝတ်စများပေါ်တွင် သွေးဖြင့် ရေးထားသော စာများ ရှိနေသည်။
“မျက်လုံးတစ်ဘက်အတွက် မျက်လုံးတစ်ဘက်...”
“သူတစ်ပါးရဲ့ အရေးကိစ္စထဲ ဝင်ရှုပ်သူများ သွားရမည့်လမ်း...”
+++++
ငွေချိတ်သည် နေရောင်အောက်တွင် လင်းလက်တောက်ပနေ၏။
ငွေချိတ်ထိပ်ဖျားလေးကို ဟွာမင်းလို ညင်သာစွာ ထိတွေ့လိုက်သည်။ “ဝိÓဉ်ချွေချိတ်ရဲ့ ငွေချိတ်တွေလို့ မင်းပြောခဲ့တယ်နော်။” သူ့စကားသံက ဖြည်းဖြည်းမှန်မှန်ပင် ထွက်ပေါ်လာသည်။
လုရှောင်ဖုန်း ခေါင်းညိတ်ပြလိုက်သည်။
“ရှောင်ချီယုကြောင့် ဝိညာဉ်ချွေချိတ် သေခဲ့ရတယ်ပေါ့။”
“မျက်လုံးတစ်ဘက်အတွက် မျက်လုံးတစ်ဘက်...” လုရှောင်ဖုန်း ရေရွတ်လိုက်၏။
“ဒါပေမဲ့ နောက်စာတစ်ကြောင်းကတော့ ငါတို့ကို ဝင်မစွက်ဖက်ဖို့ ခြိမ်းခြောက်ထားတာပဲ။”
“မြစိမ်းနန်းတော်ရဲ့ ထောက်လှမ်းရေးတွေ သိပ်ကိုမြန်ဆန်လွန်းပါတယ်။ ဒါပေမဲ့ ထင်ရာစိုင်း လုပ်ပိုင်ခွင့်အာဏာ သူတို့ဆီမှာ မရှိဘူး။” လုရှောင်ဖုန်း ခါးသက်စွာ ရယ်မောပြောဆိုလိုက်၏။
“သူတို့ မင်းအပေါ် တကယ်ပဲ အထင်သေးခဲ့တာကိုး။” ဟွာမင်းလို သက်ပြင်းချသံနှင့်အတူ ပြောဆိုလိုက်၏။ “မြစိမ်းနန်းတော်ကလူတွေ ဒီလောက်တောင်မှ ဥာဏ်မတုံးသင့်ကြဘူး။ ဒီလိုလုပ်ခြင်းအားဖြင့် မင်းကို ကြောက်လန့်သွားစေမှာမို့လား။”
“ဒီအတွက် လူတစ်ယောက်တည်းပဲ အမြတ်ထွက်သွားတယ်။”
“ဘယ်သူလဲ။”
“ရွှေဂဠုန်ဧကရာဇ်”
ဤလောကကြီးတွင် ကိုယ့်ထမင်းကိုယ်စားပြီး သူများအလုပ်ကို ဝင်ရှုပ်တတ်သော လူ့ဂွစာများ ရှိကြ၏။ သူတို့ကို ကြောက်လန့်အောင် ဖြဲခြောက်လေ ပိုလုပ်ချင်လေဆိုသော လူစားမျိုးလည်းဖြစ်ကြသည်။ လုရှောင်ဖုန်းသည် ထိုသို့သော လူစားမျိုးဖြစ်၏။
ယခုအချိန်တွင် သူ့လည်ပင်းပေါ်သို့ ဓားအလက်ပေါင်း ၁၈ဝ ခန့်တင်ထားပြီး ခြိမ်းခြောက်ဦးတောင်မှ သူများ၏ အရေးကိစ္စများတွင် လက်ဝင်ရှိုနေဦးမည်သာဖြစ်သည်။
ငွေချိတ်များကို ကောက်ယူပြီး လုရှောင်ဖုန်း ထရပ်လိုက်သည်။ “လာ... ငါတို့ စီမင်းကျွေ့ရှယ်ဆီ အခုပဲ သွားလိုက်ကြရအောင်။ သူ့ကို ဘယ်လိုကိုင်တွယ်နိုင်မလဲဆိုတဲ့နည်းလမ်း အခုလေးတင်ပဲ ငါစဉ်းစားမိသွားပြီ။”
“ဘယ်လိုနည်းလမ်းလဲ။”
“ငါတို့ကို ကူညီချင်စိတ်မရှိဘူးဆိုရင် သူ့ရဲ့ 'ဇီးပန်းတစ်ထောင်ရဲတိုက်' တစ်ခုလုံးကို မီးတင်ရှို့ပစ်မယ်ကွာ။”
0 comments:
Post a Comment