Thursday, March 10, 2011

(၃) တရားသဖြင့်

မြန်မာကျူးပစ်ဖိုရမ်မှ မိတ်ဆွေတစ်ဦးဖြစ်သူ ကို badinf ပြန်ဆိုထားခြင်းဖြစ်ပါသည်။ 
All credits go to badinf. Thanks for letting me use your translation work.

လမ်းလေးမှာ နေရောင်နှင့် တစ်ခါမျှ မထိတွေ့ဖူးသည့်အလား၊ မှောင်မိုက်ကာ စွတ်စိုထိုင်းမှိုင်းလှသည်။ လမ်း၏အဆုံးတွင်တော့ ကြီးမားလှသော တံခါးကြီးတစ်ခု ရှိလေသည်။ တံခါးကြီး၏ လက်ကိုင်ကွင်းများမှာ တဖိတ်ဖိတ်တောက်ပလျက်။ တံခါးကြီးကို တွန်းဖွင့်ဝင်သွားလိုက်သည်နှင့် ရွှေဂဠုန်ဧကရာဇ် သူတို့တွေ့ကြရလေသည်။

ရွှေဂဠုန်ဧကရာဇ်မှာ ဂဠုန်တစ်ကောင်ကဲ့သို့ ခန့်ခန့်ညားညား အသွင်သဏ္ဍန်တော့ မရှိချေ။ အချိန်ရဲ့ တိုက်စားမှုအောက်မှာ ယိုင်နဲ့နဲ့ အတောင်ပံဟောင်းများနှင့် ကျားကန်ထားရသည့် ကြက်ဖအိုကြီး တစ်ကောင်နဲ့သာ တူနေလေသည်။ မွေ့ယာနှင့် စောင်များ စုပုံခင်းထားသော နောက်မှီကုလားထိုင်ကြီးတစ်ခုပေါ်၌ သူထိုင်နေပုံမှာ၊ တောင်စောင်းတွင် ပေါက်နေသည့် ထင်းရှုးပင်အိုကြီးကို မိုးတိမ်တွေအကြား မြင်နေရသည့်အလားပင်။
ရွှေဂဠုန်ဧကရာဇ်၏ အသွင်ဏ္ဍန်ကြောင့်တော့ လုရှောင်ဖုန်း စိတ်ပျက်သွားခြင်း မဖြစ်မိချေ။ အဘယ်ကြောင့်ဆိုသော် သူ့မျက်လုံးများထဲတွင် ဖော်မပြနိုင်သော ရာဇမာန်ကို မြင်တွေ့နိုင်သေးသောကြောင့်ပင်။

နားရွက်ရှည်ရှည်၊ ခြေတံလက်တံရှည်ရှည်နှင့် အမဲလိုက်ခွေးကြီးကတော့ အိမ်ပြန်ရောက်နှင့်နေပြီး ရွှေဂဠုန်ဧကရာဇ်၏ ခြေရင်းတွင် ထိုင်နေလေသည်။ မင်းသမီးလေး တန့်ဖုန်းလည်း ရွှေဂဠုန်ဧကရာဇ်ဆီသို့ တိတ်တိတ်ဆိတ်ဆိတ် လျှောက်သွားကာ၊ သူ့နံဘေးတွင် ဒူးထောက်လျှက် ခရီးစဉ်အကြောင်းကို ပြောပြနေဟန်တူသည်။

ရွှေဂဠုန်ဧကရာဇ်၏ စူးရှတောက်ပသည့် မျက်လုံးအစုံကတော့ လုရှောင်ဖုန်းထံမှ တစ်ချက်မျှပင် မခွာချေ။ ရုတ်ရက် ရွှေဂဠုန်ဧကရာဇ် လှမ်းပြောလိုက်သည်။

“ဒီနားကို လာခဲ့ ... သူငယ်”

သူ့စကားသံမှာ တိုးညင်းသော်လည်း အင်အားပြည့်ဝလှသည်။ သူ့နှုတ်ထွက်စကားဟူသမျှ မည်သူမှ မဖယ်ရှားဝံ့သည့် အလားပင်။ သို့သော် လုရှောင်ဖုန်းက သူ့ဆီသို့ လျှောက်မသွားချေ။

သူတပါးထံမှ အမိန့်ကို နားခံတတ်သောအကျင့် လုရှောင်ဖုန်းတွင် မရှိ။ ထို့ကြောင့် အဖိုးအိုနှင့် အဝေးဆုံးသော ကုလားထိုင်တစ်ခုတွင်သာ သူဝင်ထိုင်လိုက်သည်။

အခန်းမှာ အတန်ငယ် မှောင်မိုက်နေသော်လည်း၊ ရွှေဂဠုန်ဧကရာဇ်၏ မျက်လုံးအစုံက သူစကားပြောလိုက်ချိန်တွင် အရောင်တောက်ပလျက်ပင်။

“မောင်ရင်က လုရှောင်ဖုန်းလား”

လုရှောင်ဖုန်းက အေးအေးဆေးဆေးပင် ပြန်ပြောလိုက်သည်။

“ဟုတ်တယ်၊ လုရှောင်ဖုန်း၊ ရှန်းကွမ်းတန့်ဖုန်း မဟုတ်ဘူး”

မင်းသမီးလေး တုဖန်း၏ နာမည်အပြည့်အစုံမှာ ရှန်းကွမ်းတန့်ဖုန်း ဖြစ်မည်ကို သူမှန်းဆမိသောကြောင့် ဖြစ်သည်။ ထိုခေတ်အခါက နန်းတော်တွင်းရှိ သူအားလုံး၏ မိသားစုနာမည်မှာ ရှန်းကွမ်း ဖြစ်ကြကာ၊ နန်းတွင်းသူ နန်းတွင်းသားတိုင်းက သူတို့၏ မိသားစုနာမည်အတွက် ဂုဏ်ယူလေ့ရှိကြသည်။

ရွှေဂဠုန်ဧကရာဇ် ရုတ်တရက် အားရပါးရ ရီမောလိုက်ရင်း

“လုရှောင်ဖုန်းမှ လုရှောင်ဖုန်းပဲဟေ့၊ ငါတို့ တကယ့် လုရှောင်ဖုန်းအစစ်ကို ရှာတွေ့လာတာပဲကွ”

ဟု ပြောရင်း ဆက်မေးလိုက်သည်။

“မောင်ရင် ဟွာမင်းလိုကို လာရှာတာလား”

လုရှောင်ဖုန်း ခေါင်းညိတ်ပြလိုက်သည်။

“သူနေကောင်းပါတယ်၊ မောင်ရင်သာ ကျုပ်အတွက် အလုပ်တစ်ခု လုပ်ပေးဖို့ ကတိပေးလိုက်တာနဲ့၊ သူနဲ့တွေ့လို့ရမှာပါ”

“ဘာအလုပ်တုန်း”

+++++

ရွှေဂဠုန်ဧကရာဇ်က လုရှောင်ဖုန်း၏ မေးခွန်းကို ပြန်မဖြေချေ။ သူ့လက်မှ ထူးဆန်းသော အဆင်းသဏ္ဍန်ရှိသည့် လက်စွပ်ကိုသာ စိုက်ကြည့်နေရင်းနှင့်သာ၊ သွေးရောင်ဖျော့နေသော သူ့မျက်နှာသည်လည်း ထူးဆန်းစွာပင် အရောင်တောက်ပလာသည်။ အတန်ကြာမှ ဖြည်းညင်းစွာ စကားစပြောသည်။

“တို့ရဲ့ နန်းစဉ်နန်းဆက်က အရမ်းကို ရှေးကျပြီး၊ ဟိုးရှေးနှစ်ပေါင်းများစွာကက ဆင်းသက်လာခဲ့ကြတာပေါ့၊ ပြောရမယ်ဆိုရင် မင်းတို့ရဲ့ အခုလက်ရှိ နန်းစဉ်နန်းဆက်ထက်တောင် ပိုလို့ရှေးကျသေးတာပေါ့”

သူတို့ မျိုးရိုးအတွက် ဂုဏ်ယူဝံ့ကြွားစိတ်ကြောင့်၊ ရွှေဂဠုန်ဧကရာဇ်၏ အသံမှာ ပို၍ မာန်ပါလာသည်။ အဖိုးအို၏ မာနကို မထိခိုက်စေလိုသောကြောင့်၊ လုရှောင်ဖုန်း ဘာမှဝင်မပြောဘဲ ပါးစပ်ပိတ်နေလိုက်သည်။

ရွှေဂဠုန်ဧကရာဇ်က သူ့စကားကို ဆက်ပြောသည်။

“ကျုပ်တို့ တိုင်းပြည် ကျရှုံးခဲ့ရပေမယ့်၊ ကျုပ်တို့ကိုယ်ထဲမှာ စီးဆင်းနေတဲ့ သွေးတွေက ထီးသွေးနန်းသွေးတွေပဲ၊ ကျုပ်တို့မျိုးဆက်ထဲက တစ်ယောက်ယောက် အသက်ရှင်နေသေးသရွေ့တော့၊ ကျုပ်တို့ရဲ့ နန်းစဉ်နန်းဆက်က ရှင်သန်နေဦးမှာပဲ”

သူ့စကားသံတွင် မာနသာမက၊ ကိုယ့်ကိုယ်ကို ယုံကြည့်စိတ်ချမှုပါ အပြည့်အဝပါဝင်နေသည်။

လုရှောင်ဖုန်း ရုတ်တရက် ထိုအဖိုးအိုထံတွင် အလွန်လေးစာစရာဖွယ်ကောင်းသော အမူအကျင့်များ ရှိကြောင်း သတိထားမိလိုက်သည်။ အလွယ်တကူဖြင့် အရှုံးပေးမည့်လူစားမျိုး မဟုတ်တာ အသေအချာပင်။ ထိုသို့သော သူများ၏ ရဲစွမ်းသတ္တိနှင့် မိမိကိုယ်ကိုယုံကြည်မှုကို လုရှောင်ဖုန်း လေးစားသည်။

ရွှေဂဠုန်ဧကရာဇ်ကတော့ သူ့တို့နောက်ကြောင်းကို ဆက်ပြောနေသည်။

“ကျုပ်တို့ရဲ့ တိုင်းပြည်က ဝေးလံတဲ့ အစွန်အဖျားဒေသမှာ တည်ရှိပေမယ့်လို့၊ ကျုပ်တို့ အမြဲတမ်းပဲ ချမ်းသာကြွယ်ဝခဲ့ကြတယ်၊ ကောက်ပဲသီးနှံတွေ ပေါကြွယ်ဝရုံမကဘဲ၊ တောင်တန်းတွေပေါ်မှာလည်း ရွှေတွေ၊ ကျောက်မျက်ရတနာတွေ အရမ်းထွက်တယ်”

လုရှောင်ဖုန်း ငြိမ်၍နားထောင်မနေနိုင်တော့ဘဲ ဖြတ်မေးလိုက်သည်။

“ဒါဆို ဘာဖြစ်လို့ ဦးတို့ မြေပြန့်လွင်ပြင်ကို ဆင်းခဲ့ကြတာတုန်း”

ရွှေဂဠုန်ဧကရာဇ်၏ မျက်နှာပေါ်မှ တောက်ပမှုများ ပျောက်ကွယ်သွားပြီး၊ နာကျဉ်းမုန်းတီးမှု အရိပ်အယောင်များ သူ့မျက်လုံးထဲတွင် ထင်ဟပ်လာသည်။

“အဲဒီအကြောင်းအရင်းကလည်း ကျုပ်တို့ ချမ်းသာလွန်းတဲ့ အတွက်ကြောင့်ပဲ၊ ကျုပ်တို့ရဲ့ အိမ်နီးချင်းတွေက ကျုပ်တို့မြေကို လိုချင်တပ်မက်ပြီးတော့၊ ကာဇာခန် ဓားပြတွေနဲ့ ပူးပေါင်းပြီးတော့ ကျုပ်တို့ တိုင်းပြည်ကို ကျူးကျော်ခဲ့ကြတာပဲ”

(ကာဇာခန်လူမျိုးမှာမှာ ယခုခေတ် ကာဇက်စတန်တိုင်းပြည်မှ ဖြစ်ကြသည်။)

“အဲဒါ လွန်ခဲ့တဲ့ နှစ် ၅ဝ လောက်ကပေါ့ မောင်ရင်၊ ကျုပ်က ကလေးပဲ ရှိသေးတာပေါ့၊ အဲဒီအချိန်တုန်းက ကျုပ်ရဲ့ ခမည်းတော်က တိုင်းပြည်အတွင်းမှာ တရားဥပေဒစိုးမိုးဖို့ရာပဲ အာရုံစိုက်နေခဲ့သူ ဖြစ်လေတော့၊ ကျူးကျော်မှုကို မတွန်းလှန်နိုင်ခဲ့ဖူး၊ ဒါပေမယ့် သူသေတဲ့အထိ တတ်နိုင်သလောက် တိုက်ခိုက်တွန်းလှန်သွားခဲ့တယ်၊ တိုင်းပြည်အကျိုးဆောင်ရွက်ရင်း ရှင်သန်ခဲ့ပြီး၊ တိုင်းပြည်အတွက်ပဲ အသက်စွန့်ခဲ့တဲ့သူပေါ့”

လုရှောင်ဖုန်းက မေးလိုက်သည်။

“သူကပဲ ဦးတို့ကို မြေပြန့်လွင်ပြင်ကို ပြောင်းရွေ့ခိုင်းခဲ့တာပေါ့”

ရွှေဂဠုန်ဧကရာဇ်က ခေါင်းငြိမ့်ပြလိုက်သည်။

“နောင်တစ်ချိန်မှာ ကျုပ်တို့တွေ ကိုယ့်မြေကို တကျော့ပြန် သိမ်းပိုက်နိုင်ဖို့ရာအတွက်၊ အားအင်စုဆောင်းနိုင်ဖို့၊ မြေပြန့်ကို ရွေ့ပြောင်းဖို့ ကျုပ်ခမည်းတော်က ဆုံးဖြတ်ချက်ချခဲ့တယ်၊ အဲဒါအပြင်ကိုမှ ကျုပ်တို့တိုင်းပြည်ရဲ့ ရတနာတွေကိုလည်း၊ လေးပုံပုံပြီးတော့ သူအယုံကြည့်ရဆုံး အတိုင်ပင်ခံ အမတ်ကြီးလေးပါးကို ခွဲဝေပေးပြီး၊ ကျုပ်နဲ့အတူ မြေပြန့်ကို ဆင်းလာစေခဲ့တယ်”

သူ့မျက်နှာပေါ်တွင် လေးစားသော အရိပ်အယောင်များ ဖြတ်သန်းသွားပြီးနောက်

“အဲဒီအထဲက တစ်ယောက်ကတော့ ကျုပ်ရဲ့ ဦးရီးတော် ရှန်းကွမ်းရှန်းပဲ၊ သူကပဲ ကျုပ်ကို ဒီရောက်အောင် ခေါ်လာခဲ့ပြီး၊ သူ့ကို ကျုပ်ခမည်းတော်ပေးခဲ့တဲ့ ရတနာတွေနဲ့ပဲ ဒီမြေနဲ့ ဒီရဲတိုက်ကြီးကို ဆောက်ပေးခဲ့တာပဲ၊ ကျုပ်ဘဝတလျှောက်လုံး အပူအပင်အကြောင့်အကျမရှိပဲ နေနိုင်အောင်လည်း သူပင်စီမံပေးခဲ့တာပဲ၊ သူ ကျုပ်တို့အပေါ် ကောင်းခဲ့သမျှကို ဘယ်လိုမှ မေ့ထားလို့မရဘူး”

“ကျန်တဲ့ ၃ ယောက်ကရော”

+++++

ရွှေဂဠုန်ဧကရာဇ်၏ မျက်နှာပေါ်မှ လေးစားမှုအရိပ်အယောင်များက ဒေါသအဖြစ်သို့ ပြောင်းလဲသွားသည်။

“ကျန်တဲ့ ၃ ယောက်ကိုတော့ ကျုပ်ခမည်းတော်နဲ့ ခွဲခွာခဲ့ပြီးကတည်းက လုံးဝကို ပြန်မတွေ့ရတော့ဘူး၊ ဒါပေမယ့် သူတို့ရဲ့ နာမည်တွေကိုတော့ ကျုပ်ဘယ်တော့မှ မမေ့ဘူး”

လုရှောင်ဖုန်းလည်း ရွှေဂဠုန်ဧကရာဇ် ပြောပြနေသော ဇာတ်လမ်းကို အတန်ငယ်စိတ်ဝင်စားလာပြီ ဖြစ်သဖြင့် လှမ်းမေးလိုက်သည်။

“သူတို့ရဲ့ နာမည်တွေက ဘယ်သူတွေတုန်း”

မုန်းတီးမှုဖြင့် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ရင်း ရွှေဂဠုန်ဧကရာဇ်က ပြန်ပြောလိုက်သည်။

“ရှန်းကွမ်းမူ၊ ဟူတုဟာ၊ ယန်လိပန့်”

လုရှောင်ဖုန်းက ခပ်လေးလေး လေသံဖြင့် ပြန်ဖြေလိုက်သည်။

“ကျွန်တော် အဲဒီနာမည်တွေကို တစ်ခါမှ မကြားဖူးဘူး”
“ဒါပေမယ့် မောင်ရင် သူတို့ကို မြင်ဖူးမှာ သေချာပါတယ်”

“ဟင်”
“သူတို့တွေ ပြည်မကို ရောက်တာနဲ့ တပြိုင်နက်၊ နာမည်တွေ အကုန်ပြောင်းလိုက်ကြတယ်၊ လွန်ခဲ့တဲ့ တစ်နှစ်လောက်ကမှ သူတို့ ဘယ်သူတွေလဲဆိုတာ ကျုပ်သေချာသိရတော့တာ”

ထို့နောက် သူ့သမီးကို လှမ်းအချက်ပြလိုက်သည်။ မင်းသမီးလေး တန့်ဖုန်း ထိုင်နေရာမှာ ထကာ ရွှေဂဠုန်ဧကရာဇ် နောက်နားရှိ ရှေးဟောင်းသေတ္တာတစ်ခု အတွင်းမှ ပန်းချီကားလိပ် ၃ လိပ်ကို ထုတ်ယူလိုက်သည်။

ဒေါသသံဖြင့် ရွှေဂဠုန်ဧကရာဇ်က

“ဒါ သူတို့ရဲ့ ပုံတွေပဲ၊ ကျုပ် အသေအချာ ပြောရဲတာကတော့ သူတို့ထဲက အနည်း ၂ ယောက်ကိုတော့ မောင်ရင်သိတယ် ဆိုတာပဲ”

ပန်းချီကား တစ်ချပ်စီပေါ်တွင် ပုံ ၂ ပုံ ရှိသည်။ ငယ်စဉ်အခါက ပုံနှင့် အသက်အရွယ် ရလာချိန်ပုံ။ လူတစ်ယောက်ထဲ၏ ပုံတူများ ဖြစ်ကြသည်။

မင်းသမီးလေး တန့်ဖုန်းက ပထမဆုံး ပန်းချီကားလိပ်ကို ဖြေချလိုက်ရင်း

“အပေါ်က ပုံကတော့ ကျွန်မတို့ တိုင်းပြည်က ထွက်ခွာခဲ့ချိန်က သူ့ရဲ့ပုံ၊ အောက်က ပုံကတော့ ကျွန်မတို့ စုံစမ်းလို့ရတဲ့ သူ့ရဲ့ အခုလက်ရှိပုံ”

ပုံထဲမှ သူမှာ မျက်နှာဝိုင်းဝိုင်းဖြင့် အားရပါးရ ပြုံးနေသည်။ သူ့ပုံမှာ ဖော်ဖော်ရွေရွေဖြင့် နှစ်လိုဖွယ်ရာပင်။ သို့သော် သူ့တွင် ကြီးမားသော နှာခေါင်းကောက်ကောက်ကြီး ရှိလေသည်။

လုရှောင်ဖုန်း မျက်မှောင်ကြုံ့လိုက်ပြီး

“ဒီပုံက မဟာရံတံတိုင်းကြီး အတွင်းထဲကပဲ၊ ယန်မိသားစုက ယန်ထယ်ရှန်းနဲ့ တူတယ်”

အံတစ်ချက်ကြိတ်လိုက်ရင်း ရွှေဂဠုန်ဧကရာဇ်က ပြန်ပြောလိုက်သည်။

“မှန်တာပေါ့မောင်ရင်၊ ဒီနေ့ဒီအခါ ယန်ထယ်ရှန်းဆိုတဲ့သူဟာ၊ ဟိုးတစ်ချိန်က ယန်လိပန့်ပဲပေါ့၊ သူ အခုချိန်ထိ မသေသေးတာကိုပဲ သမ္မာဒေဝ နတ်ကောင်းနတ်မြတ်တွေကို ကျုပ်ကျေးဇူးတင်လှပါရဲ့”

ဒုတိယသူကတော့ ပါးရိုးမြင့်မြင့်ဖြင့် မာနအပြည့်ရှိသော တြိဂံပုံ မျက်လုံးများကို ပိုင်ဆိုင်သူဖြစ်သည်။ ဩဇာအာဏာ ကြီးမားသူတစ်ယောက် ဖြစ်သည်မှာ အသေအချာပင်။

ထိုသူကို မြင်လိုက်သည်နှင့် လုရှောင်ဖုန်း၏ မျက်နှာအမူအရာ ပြောင်းလဲသွားသည်။

ရွှေဂဠုန်ဧကရာဇ်က

“ဒါ ဟူတုဟာ၊ သူ့အခု လက်ရှိနာမည်ကတော့ တုကုရိဟာ၊ သူက မြစိမ်းနန်းတော်ရဲ့ ခေါင်းဆောင်ပဲ”

လုရှောင်ဖုန်း အံအားသင့်သွားကာ အတန်ကြာမျှ စကားပြန်ပြောနိုင်သည်။

“ကျွန်တော် သူ့ကို သိပါတယ်၊ ဒါပေမယ့် မြစိမ်းနန်းတော် ပထမ နန်းဆောင်ရဲ့ ခေါင်းဆောင်မှန်းတော့ ကျွန်တော် လုံးဝမသိခဲ့ဖူး”

သက်ပြင်းတစ်ချက်ချလိုက်ရင်း

“ကျွန်တော် သူ့ကို အော်မေ့ဂိုဏ်းချုပ်အဖြစ်ပဲ သိထားခဲ့တာ”

ရွှေဂဠုန်ဧကရာဇ်က

“သူ့ဇာတိမှန်ကို ဖုံးကွယ်နိုင်တဲ့နေရာမှာတော့ သူမတူအောင် တော်လှတဲ့သူပေါ့၊ လေးစားစရာ ကောင်းလှတဲ့ အော်မေ့ဂိုဏ်းချုပ်ကြီးဟာ တကယ်တော့ အရှက်မရှိတဲ့ သစ္စာဖောက် တစ်ယောက်လို့၊ မှန်းဆနိုင်တဲ့သူ ဒီလောကမယ် ရှိနိုင်မယ်တောင် မထင်ဘူး”

တတိယတစ်ယောက်ကတော့ ခပ်ပိန်ပိန် အဖိုးအိုတစ်ယောက်။ သေးသေးသွယ်သွယ်နှင့် အထီးကျန်ဆန်သည့်ပုံမျိုး။ သပ်သပ်ရပ်ရပ်ဖြင့် ရင့်ကျက်တည်ငြိမ်မှု အပြည့်ရှိသည်။

လုရှောင်ဖုန်း အလန့်တကြား အော်လုမိမတတ်ပင်။

“ဟိုရှုး”

“ဟုတ်တယ်၊ စန်းကွမ်းမူရဲ့ အခုလက်ရှိ နာမည်က ဟိုရှုးပဲ”

ရွှေဂဠုန်ဧကရာဇ် ဆက်ပြောသည်။

“လူတိုင်းက ဟိုရှုးကို ဒီလောကမှာ အထူးဆန်းဆုံးနဲ့ အချမ်းသာဆုံးသူလို့ ပြောလေ့ရှိတယ်၊ လွန်ခဲ့တဲ့ နှစ် ၅ဝ လောက်က၊ ဟိုရှုးဟာ သိုင်းလောကထဲကို လက်ဗလာနဲ့ဝင်လာခဲ့တယ်၊ ပြီးတော့ ရုတ်တရက် မျက်လှည့်ပြလိုက်သလိုပဲ၊ သူ ဒီလောကမှာ အချမ်းသာဆုံးသူ ဖြစ်သွားခဲ့တယ်၊ အခုချိန်ထိ မောင်ရင်ကလွဲရင်၊ သိုင်းလောကထဲမှာ သူဘယ်လိုကနေ ဘယ်လို အဲလောက်အထိ ချမ်းသာလာခဲ့တယ်ဆိုတာကို သိတဲ့သူ တစ်ယောက်မှ မရှိလောက်သေးဘူး”

လုရှောင်ဖုန်း၏ မျက်နှာ ဖြူဖတ်ဖြူလျော်ဖြစ်သွားကာ နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားပြီး ကုလားထိုင်ပေ ို႔ ထိုင်ချလိုက်သည်။

ရွှေဂဠုန်ဧကရာဇ်က သူ့ကို စိုက်ကြည့်လိုက်ရင်း

“အခု ဘာလို့ မင်းကို ကျုပ်တို့ ဖိတ်ခေါ်ခဲ့လဲဆိုတာက သဘောပေါက်လောက်ပြီ ထင်ပါရဲ့”

လုရှောင်ဖုန်းက သူ့ကို အတန်ကြာစိုက်ကြည့်နေပြီးမှ သက်ပြင်းရှည်ကြီး ချလိုက်သည်။

“ဒါပေမယ့် ဦးတို့ ဘာကိုလိုချင်လဲဆိုတာ ကျွန်တော် မသိသေးဘူး”

ရွှေဂဠုန်ဧကရာဇ် လက်သီးကို ဆုပ်ကာ ကုလားထိုင် လက်ကိုင်တန်းကို ထုချလိုက်သည်။

“ကျုပ် အခြား ဘာမှ ထွေထွေထူးထူး မလိုချင်ဘူး၊ ကျုပ်လိုချင်တာ တရားမျှတမှုပဲ”

“တရားမျှတမှုဆိုတာ ကလဲ့စားချေသလိုမျိုးကို ဦးက ဆိုလိုချင်တာလား”

ရွှေဂဠုန်ဧကရာဇ်က ဘာမှပြန်မပြောဘဲ သူ့ကိုသာ ပြန်စိုက်ကြည့်နေသည်။

“ဦးက ကျွန်တော့်ကို ဦးအတွက် ပြန်ကလဲ့စား ချေစေချင်တာလား”

ရွှေဂဠုန်ဧကရာဇ် အတန်ကြာမျှ တိတ်ဆိတ်သွားခဲ့ပြီးနောက်၊ သက်ပြင်းတစ်ချက်ချကာ၊ ဝမ်းနည်းခြင်း အနည်းငယ် စွက်နေသော လေသံဖြင့်

“သူတို့တွေလည်း အသက်ကြီးလှပြီ၊ ကျုပ်လည်း အသက်ကြီးလှပါပြီ၊ သူတို့ကို သွားသတ်လို့ရော ဘာများ အကျိုးထူးဦးမှာတဲ့လဲ”

သို့သော် သူ့ခေါင်းကို ချက်ချင်း ခါလိုက်ပြီး သူပြောလိုက်သည့် စကားနှင့် ဆန့်ကျင်ဖက်ကို ဆိုပြန်သည်။

“ဒါပေမယ့် ကျုပ်သူတို့ကို ဒီအတိုင်းတော့ လက်လွတ် ထိုင်မကြည့်နေနိုင်ဘူး”

လုရှောင်ဖုန်း စကာတစ်ခွန်းမှ ဝင်မပြောမိချေ။ သူတွင် ဘာမှ ဝင်ပြောပိုင်ခွင့် မရှိပါ။

ရွှေဂဠုန်ဧကရာဇ်ကတော့ ဆက်ပြောနေသည်။

“ပထမဆုံး သူတို့ ရွှေဂဠုန်နိုင်ငံက ယူသွားတဲ့ ငွေတွေအားလုံး ပြန်ပေးခိုင်းရမယ်၊ ဒါမှ ကျုပ်တို့တိုင်းပြည် တစ်နေ့ ပြန်ထူထောင်နိုင်မှာ”

သင့်မြတ်ကာ တရားမျှတလှသော အချက်ပင်ဖြစ်သည်။

“ဒုတိယက သူတို့အားလုံး ကျုပ်ခမည်းတော်ရဲ့ ဝိညာဉ်တိုင်ရှေ့မှာ သူတို့လုပ်ခဲ့တဲ့ အပြစ်တွေအတွက် ဝန်ချတောင်းပန်ခိုင်းရမယ်၊ ဒါမှလည်း ကျုပ်ခမည်းတော် နောက်ဆံတင်းစရာ မလိုတော့ဘဲ အေးအေးချမ်းချမ်းရှိမှာ”

လုရှောင်ဖုန်း ခဏလောက် စဉ်းစားလိုက်ပြီး သက်ပြင်းတစ်ချက်ချကာ

“ဒီ ၂ ချက်က တကယ့်ကိုပဲ တရားမျှတ လှပါပေတယ်”

ရွှေဂဠုန်ဧကရာဇ် မျက်မှောင်ကြုံ့ထားသည်ကို ဖြေလျှော့လိုက်ပြီး

“မောင်ရင်က အမှန်တရားဖက်က အမြဲရပ်တည်တဲ့သူဆိုတာ ကျုပ်သိပြီးသားပါ၊ ဒီလိုအကူအညီမျိုးကို မောင်ရင် ဘယ်လိုမှ ငြင်းမှာမဟုတ်ဘူးဆိုတာ ကျုပ်ယုံပြီးသားပဲ”

အတန်ကြာမျှ ထပ်စဉ်းစားလိုက်ပြီးနောက်၊ လုရှောင်ဖုန်း အားတင်းကာ ပြုံးလိုက်ရင်း

“ဒါပေမယ့် အဲဒီ ကိစ္စ ၂ ခု ကို ဆောင်ရွက်ဖို့က အရမ်းကို ခက်ခဲလွန်းနေတာပဲ”
“မောင်ရင်မှ မလုပ်နိုင်ရင်တော့၊ ဘယ်သူများ လုပ်နိုင်ဦးမှာတုန်း”

လုရှောင်ဖုန်း သက်ပြင်းချကာ

“တစ်ယောက်မှ လုပ်နိုင်မယ်မထင်ဘူး”

သူက ဆက်ပြောလိုက်သည်။

“ဒီနေ့အချိန်မှာ အဲဒီလူ ၃ ယောက်က သိုင်းလောကရဲ့ အကျော်ကြားဆုံး၊ အလေးစားခံရဆုံး သူတွေထဲမှာ ပါဝင်နေတာ၊ သူတို့သာ ဦးတောင်းဆိုတဲ့ အချက်အတိုင်း လိုက်လျောလိုက်မယ်ဆိုရင်၊ သူတို့ လုပ်ခဲ့တဲ့ အပြစ်တွေကို ဝန်ခံလိုက်တာနဲ့ အတူတူပဲ၊ အဲဒီအခါ သူတို့ရဲ့ အောင်မြင်ကျော်ကြားမှု၊ ဩဇာအာဏာ၊ ချမ်းသာကြွယ်ဝတာတွေ အကုန်လုံး လက်လွတ်ဆုံးရှုံးကြရမှာ”

ရွှေဂဠုန်ဧကရာဇ်က အလေးအနက်လေသံဖြင့်

“သူတို့တွေ သူတို့လုပ်ခဲ့သမျှ အပြစ်တွေကို ဝန်ခံမှာ မဟုတ်ဘူးဆိုတာ ကျုပ်သိပြီးသားပါ”

လုရှောင်ဖုန်းက

“သူတို့တွေက ကြောက်စရာကောင်းလောက်အောင် ချမ်းသာနေကြလို့၊ ဩဇာအာဏာ ရှိနေကြလို့ မဟုတ်ဘူး၊ သူတို့ရဲ့ သိုင်းပညာက ပြောမပြနိုင်လောက်အောင်ကို အဆင်မြင့်လွန်းနေကြလို့ပဲ”

ရွှေဂဠုန်ဧကရာဇ်က ခေါင်းညိမ့်ပြလိုက်သည်။

“ကျုပ်ရဲ့ ခမည်းတော်က သူတို့ကို အခုလို အရေးကြီးတဲ့ တာဝန်ပေးခဲ့တာဟာ၊ တကယ်တော့ သူတို့တွေက ရွှေဂဠုန်တိုင်းပြည်ရဲ့ အတော်ဆုံး သိုင်းပညာရှင်တွေ မို့လို့ပဲ”

လုရှောင်ဖုန်းက ထပ်ပြောလိုက်သည်။

“အဲဒါ အပြင်ကိုမှ လွန်ခဲ့တဲ့ အနှစ် ၅ဝ အတွင်း သူတို့တွေဟာ ဦး ကလဲ့စားလာချေမှာကို တွေးပြီး ပူပန်နေခဲ့ကြမှာ သေချာတယ်၊ အဲဒီအတွက် သူတို့ရဲ့ သိုင်းပညာ ဘယ်လောက်ထိ ထပ်ပြီး တိုးတက်အောင် လေ့ကျင့်ခဲ့ကြမလဲဆိုတာ မပြောနိုင်ဘူး”

သူ သက်ပြင်းတစ်ချက်ချကာ ဆက်ပြောလိုက်သည်။

“ကျွန်တော် အမြဲတမ်း ပြောလေ့ရှိတဲ့အတိုင်းပဲ၊ အခုချိန် သိုင်းလောကထဲမှာ တကယ့်သိုင်းပညာရှင် စစ်စစ်ဆိုလို့ ၅ ယောက် ၆ ယောက် လောက်ပဲရှိတယ်၊ ဟိုရှုးနဲ့ တုကုရိဟာက အဲဒီအထဲမှာ ပါတယ်”

မိန်းကလေးများက အမြဲတမ်း စပ်စုလိုကြသည်။ မင်းသမီးလေး တန့်ဖုန်း ဝင်မမေးဘဲ မနေနိုင်ပါ။

“ဒါဆို ကျန်တဲ့ ၃ - ၄ ယောက်က ဘယ်သူတွေလဲ”
“ရှောင်လင် ကျောင်းထိုင်ဆရာ်တော်ကြီးရယ်၊ ဝူတန်းဂိုဏ်းချုပ်ကြီးဖြစ်တဲ့ ရသေ့ကြီးမူရယ်၊ သူတို့ ၂ ယောက်လုံးက သိုင်းပညာနဲ့ ပတ်သတ်ပြီး အိပ်သွန်ဖာမှောက် နားလည်တဲ့အဆင့်ကို ကျော်နေကြပြီ၊ ဒါပေမယ့် လျင်လျင်မြန်မြန်နဲ့ ကြောက်စရာကောင်းလှတဲ့ ဓားသိုင်းအကြောင်းပါ ပြောမယ်ဆိုရင်တော့ဖြင့်၊ တောင်ပင်လယ် မိုးပျံကျွန်းက တိမ်ဖြူရဲတိုက်ရှင် ရဲ့ကုချန်းနဲ့ လက်ဝါးတစ်ထောင် ရဲတိုက်က စီမင်းကျွေ့ရှယ် ကိုပါ ထည့်ပြောရလိမ့်မယ်”

မင်းသမီးလေးတန့်ဖုန်းက သူ့ကိုစိုက်ကြည့်လိုက်ရင်း

“ဒါဆို ရှင်ကရော”

လုရှောင်ဖုန်းက ပြုံးလိုက်သည်။ ပြုံးရုံသာပြုံး၍ တုဖန်း၏အမေးကို ပြန်မဖြေပါ။ သူအနေနှင့် ပြန်ဖြေစရာမလို။

ရွှေဂဠုန်ဧကရာဇ်က သက်ပြင်းချကာ စိတ်မကောင်းသော လေသံဖြင့်

“ဒီကိစ္စဟာ အင်မတန်မှ ခက်ခဲလှတယ်ဆိုတာ ကျုပ်နားလည်ပါတယ်၊ အဲဒါကြောင့်လည်း မောင်ရင့်ကို အတင်းအကြပ် အကူအညီမတောင်းချင်ပါဘူး၊ မောင်ရင် အချိန်ယူပြီး စဉ်းစားလိုက်ပါဦး”

သို့သော် သူ့အမူအရာ ရုတ်တရက်ပြောင်းသွားကာ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လျက် ဒေါသသံဖြင့်

“ဒါပေမယ့် ဘာကိုပဲ ရင်ဆိုင်ရ ရင်ဆိုင်ရ၊ ကျုပ်တို့မျိုးဆက်ထဲက တစ်ယောက်တစ်လေပဲ ကျန်ပစေဦးတော့ ကျုပ်တို့ ဘယ်တော့မှ လက်လျှော့မှာမဟုတ်ဘူး”

လုရှောင်ဖုန်း သက်ပြင်းချကာ

“ကျွန်တော် သိပါတယ်”

အတန်ကြာမှ ငြိမ်သက်သွားပြီးနောက်၊ ရွှေဂဠုန်ဧကရာဇ်က အားတင်းကာ ပြုံးလိုက်ပြီး

“ဘာပဲဖြစ်ဖြစ်၊ ဟောဒီက လူကြီးမင်း လုက ငါတို့ရဲ့ အထူးဧည့်သည်တော်ကြီးပဲဟေ့၊ ဘယ်မတုန်း အရက်”

မင်းသမီးလေး တန့်ဖုန်းက ဦးခေါင်းညွတ်ကာ ပြန်ပြောလိုက်သည်။

“အခုပဲ အစေခံတွေကို သွားယူခိုင်းလိုက်ပါ့မယ်”

ရွှေဂဠုန်ဧကရာဇ်က

“ငါတို့ရဲ့ အကောင်းဆုံး ပါရှန်းအရက်ကို ယူခဲ့ဟေ့၊ ပြီးတော့ လူကြီးမင်း ဟွာကိုလည်း ခေါ်ခဲ့ကြပါဦး”
“မှန်လှပါ ခမည်းတော်”

လုရှောင်ဖုန်းကို စိုက်ကြည့်ရင်း ရွှေဂဠုန်ဧကရာဇ်၏ မျက်နှာပေါ်တွင် ရာဇမာန် အရိပ်အယောင်များ ပေါ်လာပြန်သည်။

“ဘာပဲဖြစ်ဖြစ်၊ မောင်ရင်ဟာ ကျုပ်တို့ရဲ့ မိတ်ဆွေ ဖြစ်သွားပြီ၊ ကျုပ်တို့ရွှေဂဠုန်မျိုးဆက်တွေဟာ ကိုယ့်မိတ်ဆွေတွေကို ဘယ်တော့မှ အကြပ်ကိုင် ခိုင်းစေတာမျိုး လုပ်လေ့မရှိဘူး”

+++++

အရက်ခွက်မှာ ရှေးဟောင်းခွက်တစ်ခွက်ဖြစ်ပြီး၊ လက်ရာမြောက်လှသည်။ အရက်က ခရမ်းရောင် သဲ့သဲ့သမ်းနေသည်။

မင်းသမီးလေး တန်ဖုန်း ရှေးဟောင်းလက်ရာ အရက်ခွက်ထဲသို့ အရက်ငှဲ့နေသည်ကို၊ လုရှောင်ဖုန်း တိတ်တဆိတ် ကြည့်နေသည်။ ဟွာမင်းလိုက သူနံဘေးတွင် ထိုင်နေသည်။

သူတို့နှစ်ယောက် တွေ့ကြခိုက် စကားတစ်ခွန်းမျှ မပြောခဲ့ကြပေ။ တစ်ယောက်လက် တစ်ယောက် ခပ်တင်းတင်းဆုပ်၍သာ လက်ဆွဲနှုတ်ဆက်လိုက်ကြသည်။ ထိုမျှနှင့်ပင် သူတို့နှစ်ယောက်အကြား အရာရာကို ရှင်းပြပြီးသား။

မင်းသမီးလေး တန့်ဖုန်း အရက်ငှဲ့ပြီးလေပြီ။ အရက်ခွက် ၃ ခွက်သာ ငှဲ့သည်။ ရွှေဂဠုန်ဧကရာဇ်က မော့ကြည့်ကာ ပြုံးပြရင်း

“ကျုပ်တော့ အရက်မသောက်တာ နှစ်နဲ့ချီနေပါပြီ၊ ဒါပေမယ့် ဒီညတော့ ကျုပ်တို့ရဲ့ ဧည့်သည်တော်ကြီး ၂ ယောက်အတွက် ချွင်းချက်အနေနဲ့ သောက်ပါမယ်”

သို့သော် မင်းသမီးလေး တန်ဖုန်းက ခေါင်းခါပြရင်း

“ခမည်းတော် ကိုယ်စား သမီးတော်ပဲ သောက်လိုက်ပါ့မယ်၊ ခမည်းတော်ရဲ့ ခြေထောက်ကို မမေ့နဲ့ဦးလေ”

ရွှေဂဠုန်ဧကရာဇ် သမီးဖြစ်သူကို မျက်နှာထား တင်းတင်းဖြင့် ခဏတာ စိုက်ကြည့်လိုက်ပြီးမှ၊ နောက်ဆုံး ပြုံးလိုက်ပြီး

“ကောင်းပါပြီလေ၊ ကျုပ်မသောက်တော့ပါဘူး၊ သူများ အရက်သောက်တာကို ကြည့်ရတာကိုက ပျော်စရာကောင်းလှပြီမို့ တော်ပါသေးရဲ့၊ ဒီလိုအရက်ကောင်းတွေနဲ့အတူ အားအင်တွေ စိတ်တက်ကြွမှုတွေ အမြဲပါလာတာကိုး”

မင်းသမီးလေး တန့်ဖုန်းက လုရှောင်ဖုန်းကို ရှင်းပြသည်။

“ခမည်းတော် ဘာအရက်ပဲ သောက်သောက်၊ သူ့ခြေထောက်နှစ်ဖက်စလုံး ယောင်ကိုင်းလာတာ၊ လမ်းမလျှောက်နိုင်တဲ့အထိပဲ၊ အဲဒါကြောင့် ခမည်းတော် ရှင်တို့နဲ့ အတူ အရက်မသောက်နိုင်တာကို ခွင့်လွှတ်ပေးကြပါ”

လုရှောင်ဖုန်းက ပြုံးပြလိုက်ရင်း သူ့ခွက်ကို ကောက်ကိုင်လိုက်သည်။

မင်းသမီးလေး တန့်ဖုန်းက ရွှေဂဠုန်ဧကရာဇ်ကို ကျောပေးလျက် အနေအထားမျိုးရောက်အောင် ကိုယ်ကိုယ်လှည့်လိုက်ပြီးမှ၊ လုရှောင်ဖုန်းကို ထူးဆန်းသော မျက်ရိပ်မျက်ခြည် ပြလိုက်သည်။ ထူးဆန်းလွန်းသည့်အတွက် လုရှောင်ဖုန်း ဘာကိုဆိုလိုမှန်း နားမလည်ချေ။

မင်းသမီးလေး တန့်ဖုန်း ပြုံးလျက် သူ့ခွက်ကို ကောက်ယူလိုက်ကာ

“ခမည်းတော်က ဒီအရက်အိုးကို သိမ်းထားတာ နှစ်နဲ့ချီနေပြီ၊ ကျွန်မတို့ရဲ့ ဧည့်သည်တော်ကြီးတွေ အကြိုက်တွေ့လိမ့်မယ်လို့ မျှော်လင့်ပါတယ်ရှင်”

ခွက်ကို မြှောက်ကာ အရင်ဦးဆုံး အရက်ကို သောက်ချလိုက်ပြီးမှ၊ မင်းသမီးလေး တန့်ဖုန်း သက်ပြင်းတစ်ချက် မှုတ်ထုတ်လိုက်ကာ

“ကောင်းလိုက်တဲ့ အရက်”

အိမ်ရှင်တစ်ယောက်အနေဖြင့် မိမိဧည့်ခံသော အရက်ကို ထပ်ကာတလဲလဲ ချီးမွမ်းခန်း ဖွင့်နေသည်မှာ ရှားရှားပါးပါး အဖြစ်မျိုးပင်။ ထို့အပြင် မင်းသမီးလေး တန့်ဖုန်းသည် အကြွားသန်သူတစ်ယောက် မဟုတ်သည်မှာ သေချာသည်။

လုရှောင်ဖုန်းကတော့ အရက်ကိုသောက်ချလိုက်သည်နှင့် ဘယ်လိုမှ နားမလည်နိုင်အောင် ဖြစ်သွားသည်။ သူသောက်နေရသည်မှာ အရက်မဟုတ်ဘဲ၊ ဆေးဆိုးထားသော ရေများ ဖြစ်နေသောကြောင့်ပင်။ သို့သော် သူချက်ချင်းပင် မင်းသမီးလေး တန့်ဖုန်း၏ ဆိုလိုရင်းကို သဘောပေါက်သွားပြီး၊ ဟွာမင်းလိုအတွက် စိုးရိမ်သွားမိသည်။ ဟွာမင်းလိုမှာ မင်းသမီးလေး တန့်ဖုန်း၏ မျက်ရိပ်မျက်ခြည်ကို မမြင်နိုင်သောကြောင့် ဖြစ်သည်။

သို့သော် ဟွာမင်းလိုက ပြုံးမပျက်၊ အရက်တစ်ခွက်လုံး ကုန်အောင် မော့သောက်လိုက်ပြီးမှ၊ သက်ပြင်းတစ်ချက် မှုတ်ထုတ်လိုက်ကာ ပြောလိုက်သည်။

“ကောင်းလိုက်တဲ့ အရက်”

လုရှောင်ဖုန်းလည်း ပြုံးလျက်ဖြင့် ပြောလိုက်သည်။

“ဒီအရက်ကတော့ ကျွန်တော် သောက်ဖူးသမျှထဲမှာ အကောင်းဆုံးလို့ ပြောလို့ရမယ်”

ရွှေဂဠုန်ဧကရာဇ် ရုတ်ရက် ရီမောလိုက်သည်။ အားရပါးရဖြင့် စိတ်ပါလက်ပါ ရီမောလိုက်ခြင်းဖြစ်သည်။

“ဒီလို အရက်ကောင်းမျိုးက ရခဲပါဘိ၊ ဒါပေမယ့် မောင်ရင်တို့ နှစ်ယောက်ကတော့ ဒီလိုအရက်မျိုးနဲ့မှ သင့်တော်တဲ့ ဧည့်သည်တော်တွေပါပဲ”

လုရှောင်ဖုန်း နောက်ထပ် အရက် ၃ ခွက် ခပ်မြန်မြန် ငှဲ့သောက်လိုက်ပြီးမှ၊ တစ်ချက်ပြုံးကာ

“ဒီလောက်ကောင်းတဲ့ အရက်ကို၊ အလကား သောက်လို့တော့ မဖြစ်ဘူး”

ရွှေဂဠုန်ဧကရာဇ်၏ မျက်လုံးများ အရောင်တောက်သွားပြီး

“မောင်ရင် ဆိုလိုတာက ... “

လုရှောင်ဖုန်း သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်ကာ

“ဦးလိုချင်နေတဲ့ တရားမျှတမှုကို၊ ကျနော် အတတ်နိုင်ဆုံးရအောင် ကျိုးစားပေးပါမယ်”

ရွှေဂဠုန်ဧကရာဇ် ရုတ်တရက် ထရပ်ကာ၊ လုရှောင်ဖုန်းဆီသို့ လျှောက်သွားပြီး၊ သူ့ပခုံးပေ ို႔ လက်နှစ်ဖက် တင်လိုက်သည်။ အိုမင်းဆွေးမြည့်နေသော သူ့မျက်ဝန်းအစုံတွင် ဝမ်းသာမှုကြောင့် မျက်ရည်များ ပြည့်လျှံလာသည်။ သူစကားပြောဖို့ ကျိုးစားသော်လည်း၊ သူ့နှုတ်မှ ထွက်လာသည်မှာ

“ကျေးဇူးတင်လိုက်တာ .. ကျေးဇူးတင်လိုက်တာ ... အရမ်းကို ကျေးဇူးတင်လိုက်တာ ... “

သူထပ်ကာတလဲလဲ ပြောနေသည်မှာ ဘယ်နှစ်ကြိမ်မှန်း မသိတော့လောက်အောင်ပင်။

ရွှေဂဠုန်ဧကရာဇ် ူ႔နံဘေးတွင် ရပ်နေသော မင်းသမီးလေး တန့်ဖုန်းကတော့ အခြားတဖက်သို့ တိတ်တဆိတ် လှည့်ကာ သူ့မျက်လုံးမှ မျက်ရည်များကို ခပ်မြန်မြန်သုတ်လိုက်သည်။

+++++

ခဏလောက်အကြာမှ ရွှေဂဠုန်ဧကရာဇ် တည်တည်ငြိမ်ငြိမ်ဖြစ်သွားပြီး စကားပြန်စလိုက်သည်။

“တုကုဖန်းက တုကုရိဟာနဲ့ မျိုးရိုးနာမည်ချင်း တူပေမယ့်၊ သူတို့နှစ်ယောက်ကြားမှာ ရန်ငြိုးကြီးကြီးမားမားတွေ ရှိခဲ့ကြပြီး တစ်ယောက်ကိုတစ်ယောက် တော်တော်မုန်းကြတာ၊ နောက်ပြီး လျူယုဟန်ရဲ့ မျက်နှာတစ်ခြမ်းကို ခုတ်ဖြတ်ခဲ့သူက ယန်ထယ်ရှန်းပဲလေ၊ ရှောင်ချီယုကလည်း သူ့မိတ်ဆွေ လျူယုဟန်အတွက်ဆို အသက်တောင် အသေခံဝံ့တယ်တဲ့သူ၊ အဲဒီတော့ မောင်ရင်သာ ကျုပ်တို့ကို ကူညီမယ်ဆိုရင် တုကုဖန်းရယ်၊ လျူယုဟန်ရယ်၊ ရှောင်ချီယုရယ်က ငရဲပြည်ကိုပဲ လိုက်ရလိုက်ရ၊ မောင်ရင်နောက်က လိုက်ကြမှာ အသေအချာပဲ”

သို့သော် လုရှောင်ဖုန်းက ခေါင်းခါပြရင်း

“သူတို့တွေ ဒီမှာပဲ နေခဲ့တာ အကောင်းဆုံးပါပဲ”

ရွှေဂဠုန်ဧကရာဇ် မျက်မှောင်ကြုံ့လိုက်ပြီး

“ဘာကြောင့်တုန်း မောင်ရင်”

လုရှောင်ဖုန်းက သက်ပြင်းချက်လိုက်ရင်း

“သူတို့တွေဟာ သိုင်းလောကရဲ့ ပထမတန်းစား သိုင်းအကျော်အမော်တွေဆိုတာ ကျွန်တော် သိပြီးသားပါ၊ ဒါပေမယ့် သူတို့ကို တုကုရိဟာတို့ ဟိုရှုးတို့လို လူမျိုးတွေနဲ့ သွားယှဉ်ခိုင်းရင်တော့ ကိုယ်ကိုယ်ကိုယ် သတ်သေခိုင်းသလို ဖြစ်နေမှာမို့ပါ”

“ဒါ ... ဒါဆို မောင်ရင်က ဘယ်သူ့အကူအညီမှ မလိုဘူးလား”

“အကူအညီတော့ လိုတာပေါ့ ဦးရယ်”

လုရှောင်ဖုန်း တစ်ချက်ပြုံးကာ ဟွာမင်းလို၏ ပခုံးကို ညင်သာစွာ ပုတ်လိုက်ပြီး

“ကျွန်တော်တို့ မိတ်ဆွေအဖြစ် လက်တွဲခဲ့ကြတာ အတော်လေးကို ကြာခဲ့ပြီပဲလေ”

ဟွာမင်းလိုကို စိုက်ကြည့်နေရင်းဖြင့်၊ လုရှောင်ဖုန်း၏စကား ဖြစ်နိုင်ပါ့မလားဟု ရွှေဂဠုန်ဧကရာဇ် တွေးနေမိသည်။ သူအနေဖြင့် ထိုမျက်မမြင်လူငယ်သည် လျူယုဟန်တို့ ရှောင်ချီယုတို့ထက် သာသည်ဆိုခြင်းကို ယုံရခက်ဖြစ်နေသည်။ ဘယ်သူမှလည်း ယုံကြည်နိုင်လိမ့်မည် မထင်။

သို့သော် လုရှောင်ဖုန်းကတော့ သူ့စကားကို ဆက်ပြောနေသည်။

“သူ့အပြင်ကို ကျွန်တော် နောက်ထပ် လူ ၂ ယောက် ၃ ယောက်လောက် ထပ်လိုဦးမယ်”
“ဘယ်သူတွေလဲ”

“ကျူတင်းကို အရင်ဆုံးခေါ်မှ ဖြစ်မယ်”

ပြုံးလျက်ဖြင့် လုရှောင်ဖုန်းက

“ကျူတင်းက သိုင်းသမား မဟုတ်ပေမယ့်လို့၊ တော်တော်လေး အသုံးဝင်တယ်”

ရွှေဂဠုန်ဧကရာဇ်ကတော့ လုရှောင်ဖုန်း ရှင်းပြမည်ကိုသာ စောင့်နေလိုက်သည်။

“ဦးက သူတို့တွေကို ရှာတွေ့ပြီ ဆိုကတည်းက၊ သူတို့တွေကလည်း ဦးကို ရှာတွေ့ပြီးဖြစ်ဖို့ များတယ်၊ ဦးက သူတို့ဆီက တရားမျှတမှုကို လိုချင်တယ်၊ သူတို့တွေကလည်း အရင်ဦးအောင် ဦးတို့ကို လုပ်ကြံဖို့ ကျိုးစားကြမှာ သေချာသလောက်ပဲ”

ရွှေဂဠုန်ဧကရာဇ်က နှုတ်ခေါင်းရှုံ့လိုက်ကာ

“ကျုပ်က ဒါတွေကို ကြောက်မတဲ့လား”

လုရှောင်ဖုန်းက သက်ပြင်းချရင်း

“ဦးက မကြောက်ပေမယ့်၊ ကျွန်တော်ကတော့ စိုးရိမ်မိတယ်၊ အဲဒါကြောင့် ကျူတင်းကို ကျွန်တော်တို့ လိုတာ၊ ဒီနေရာကို ဘယ်သူမှ ထိုးဖောက်ဝင်ရောက်လို့ မရနိုင်တဲ့ တောအုပ်ကြီးအဖြစ် ပြောင်းလဲနိုင်တာ၊ သူပဲရှိတယ်”
“သူက စက်ယန္တယားတွေနဲ့ ပတ်သတ်ပြီး နားလည်တယ်လား”

လုရှောင်ဖုန်းက ပြုံးကာ

“သူသာ စိတ်ပါရင်၊ ကိုက်တတ်တဲ့ ကုလားထိုင်တောင် တီထွင်ပြနိုင်မယ် ထင်တာပဲ”

ရွှေဂဠုန်ဧကရာဇ်လည်း ပြုံးလိုက်ရင်း

“မောင်ရင့်မှာ တကယ့်ကို စိတ်ဝင်စားစရာ ကောင်းလှတဲ့ မိတ်ဆွေတွေ ရှိနေတာပါပဲလား”
“ဒါပေမယ့် အခု အဲဒီမိတ်ဆွေတွေထဲက တစ်ယောက်ကိုပဲ၊ ဒီကိစ္စအတွက် ကူညီပေးဖို့ရာ စိတ်ပါလာအောင် ကျွန်တော်ပြောနိုင်ပါစေလို့ ဆုတောင်းနေရတယ်”

ရွှေဂဠုန်ဧကရာဇ်၏ မျက်လုံးများ အရောင်လက်သွားကာ

“သူက ဘယ်လောက်များ ကူညီနိုင်မှာမို့လဲ”
“သူသာ ကူညီမယ်ဆိုရင်တော့၊ ဒီကိစ္စကြီး အောင်မြင်ဖို့ရာ လမ်းစရှိပြီလို့ ဆိုလို့ရမလားပဲ”

“သူက ဘယ်သူတုန်း”

“စီမင်းကျွေ့ရှယ်”

နေ့လည်စောင်းအချိန်သို့ ရောက်လာသည်နှင့်အမျှ ခန်းမကြီးမှာ ပို၍မှောင်မိုက်လာသည်။

မင်းသမီးလေး တန့်ဖုန်း ခေါင်းညွတ်လိုက်သည်နှင့် သူ့ပိတုန်းရောင် ဆံနွယ်များက စမ်းချောင်းတစ်ခုအလား သူ့ပခုံးပေ ို႔ ကျဆင်းလာကြသည်။ ညင်သာသော လေသံဖြင့်

“ရှင့်ကို ကျွန်မ ဘယ်လို ကျေးဇူးတင်ရမှန်း မသိအောင်ကိုပါပဲ”

လုရှောင်ဖုန်းက ပြန်မေးလိုက်သည်။

“ဘာလဲ အရက်အတွက် ပြောတာလား”

မင်းသမီးလေး တန့်ဖုန်း၏ မျက်နှာ ရဲသွားကာ၊ ဦးခေါင်းကို ပို၍ပင် ညွတ်လိုက်ရင်း

“ရှင်လည်း အခုလောက်ဆို သတိထားလောက်မိမှာပါ၊ ကျွန်မရဲ့ ခမည်းတော်က ဘယ်လောက် မာနကြီးတဲ့သူလည်းဆိုတာ၊ သူ့အနေနဲ့ နောက်ထပ် စိတ်ပျက်အားငယ်စရာတွေ ဘယ်လိုမှ ခံစားနိုင်တော့မှာ မဟုတ်တာ သေချာတယ်၊ အဲဒါကြောင့် ကျွန်မ ခမည်းတော်ကို အမှန်အတိုင်း မသိစေချင်လို့ပါ”

“ကျုပ်နားလည်ပါတယ်”

မင်းသမီးလေး တန့်ဖုန်း သက်ပြင်းတစ်ချက်ချကာ

“ခမည်းတော် နေနေတဲ့ သူ့အိပ်ခန်းရယ်၊ ဧည့်ခန်းရယ်ကလွဲရင်၊ ကျန်တဲ့အခန်းတွေမှာ ဘာမှမကျန်တော့သလောက်ကို ဖြစ်နေပြီ၊ အဲဒီ အဖိုးတန်လှတဲ့ နှစ်ချို့အရက်အိုးတွေတောင် တစ်အိုးပြီး တစ်အိုး ရောင်စားခဲ့တာ၊ ကုန်တဲ့အထိပဲ”

သူ့ခေါင်းကို ညွတ်ထားသည်မှာ သူ့ခြေထောက်ကို ပြန်ငုံ့ကြည့်နေသည့်အလားပင်။

“ကျွန်မတို့ဆီမှာ စီးပွားရှာတတ်တဲ့သူလည်း တစ်ယောက်မှ မရှိတော့၊ လက်ရှိအခြေအနေအတိုင်း နေထိုင်စားသောက်သွားဖို့က တော်တော်ခက်တယ်၊ ပြီးတော့ ကျွန်မတို့အတွက် လုပ်စရာတွေကလည်း အများကြီးကိုး၊ ရှင့်ကိုရှာဖို့အတွက် ကျွန်မအမေ ပေးခဲ့တဲ့ ပုလဲဆွဲကြိုးကို သွားပေါင်ခဲ့ရတယ်”

လုရှောင်ဖုန်း သက်ပြင်းချလိုက်ကာ

“မင်းတို့ရဲ့ အခြေအနေကို ကျုပ်မသိခဲ့ပေမယ်၊ အဲဒီ အရက်တစ်ခွက်ကြောင့် ကျုပ်တော်တော်လေး သဘောပေါက်သွားပါတယ်”

မင်းသမီးလေး တန့်ဖုန်း ခေါင်းကိုမော့ကာ လုရှောင်ဖုန်းကို စိုက်ကြည့်လိုက်ရင်း

“ရှင် ကျွန်မတို့ကို ကူညီဖို့ သဘောတူလိုက်တာဟာ၊ ကျွန်မတို့ရဲ့ အခြေအနေကြောင့်လား”
“အဲဒါလည်းပါတယ်၊ ပြီးတော့ မင်းရဲ့ ခမည်းတော်က ကျုပ်ကို မိတ်ဆွေအဖြစ် သဘောထားပြီး၊ အကြပ်ကိုင်တာ၊ ခြိမ်းခြောက်တာတွေ မလုပ်တာကြောင့်လည်း ပါတယ်”

လုရှောင်ဖုန်းအား စိုက်ကြည့်နေရင်း မင်းသမီးလေး တန့်ဖုန်း၏ မျက်ဝန်းလှလှတစ်စုံတွင် မျက်ရည်များ ဝိုင်းလာပြန်သည်။ သူခေါင်းကို မြန်မြန်ငုံ့လိုက်ပြီး၊ ညင်သာစွာ ပြောလိုက်သည်။

“ကျွန်မ ရှင်ကို အထင်တွေမှားနေခဲ့တာ၊ ရှင့်ဆီမှာ ခံစားချက်မရှိဘူး၊ သနားကြင်နာတတ်တဲ့စိတ်မရှိဘူးလို့ ထင်နေခဲ့မိတာ”

ဟွာမင်းလိုကတော့ တစ်ချိန်လုံး ပြုံး၍သာ နားထောင်နေခဲ့သည်။ သူက စကားများများပြောလေ့မရှိဘဲ၊ နားထောင်သမားသက်သက်သာ ဖြစ်သည်။ နောက်ဆုံး သူဝင်ပြောလိုက်သည်။

“မင်းကို ကျုပ်ပြောခဲ့သားပဲ၊ ဒီလူက အပြင်ပန်းက ကြည့်ရင်တာ မာကျောကျောနဲ့ စိတ်ပျက်စရာပုံပေါက်နေပေမယ့်၊ သူ့တကယ့် စိတ်ရင်းက တို့ဖူးထက်တောင် ပျော့ပြောင်းသေးတယ်”

မင်းသမီးလေး တန့်ဖုန်း တစ်ချက်ရီမောလိုက်ကာ

“ရှင်ပြောတာလည်း မှားနေသေးတယ်”
“ဟင် ဘာလို့တုန်း”

“သူက မာကျောကျောပုံစံ ရှိတာတော့ အမှန်ပဲ၊ ဒါပေမယ့် စိတ်ပျက်စရာပုံတော့ လုံးဝမပေါက်ပါဘူး”

ပြောလက်စ စကား မဆုံးသေးခင်မှာပင် သူ့မျက်နှာလေး ရဲကနဲဖြစ်သွားပြီး၊ ကပျာကယာ စကားလမ်းကြောင်း လွှဲလိုက်သည်။

“ဧည့်သည်တွေအတွက် ပြင်ဆင်ထားတဲ့ အခန်းက ဘာမှ သိပ်ထွေထွေထူးထူး ခမ်းခမ်းနားနား မရှိလှဘူး၊ ရှင်တို့တွေ စိတ်မရှိလောက်ဘူး ထင်ပါရဲ့နော်”

လုရှောင်ဖုန်းက လည်ချောင်းရှင်းလိုက်ပြီး

“ကျုပ်တို့ ဒီမှာ ညစာ မစားတော့ပါဘူး”

မင်းသမီလေး တန့်ဖုန်း ရီမောလိုက်ရင်း

“ရှင်ချန်ထားခဲ့တဲ့ ရွှေတုံး ၄ တုံး ရှိပါသေးတယ်ရှင်”

လုရှောင်ဖုန်း၏ မျက်လုံးများ အရောင်တစ်ချက် လက်သွားကာ

“မင်းတို့က အဖိုးကြီးဟိုဆိုတာ မင်းတို့ ခြေရာခံလိုက်နေတဲ့သူမှန်း သိနေခဲ့တာလား”
“ရှင်ပြောပြလိုက်မှ ကျွန်မတို့လည်း သိတာပါ”

လုရှောင်ဖုန်း၏ မျက်နှာ ရုတ်တရက် အလေးအနက် အမူအယာသို့ ပြောင်းသွားကာ

“ဒါပေမယ့် တုကုရိဟာက မြစိမ်းနန်းတော်ရဲ့ ဂိုဏ်းချုပ်ဆိုတာ မင်းတို့ ဘယ်လိုသိတာတုန်း၊ ဒါဟာ သိုင်းလောကရဲ့ တကယ့် ထိပ်တန်းလျို့ဝှက်ချက်ကြီးပဲ”

မင်းသမီးလေး တန့်ဖုန်း ခေတ္တမျှတုံးဆိုင်းနေပြီးတော့မှ

“ လျူယုဟန်က တစ်ချိန်တုန်းက သူရဲ့ အယုံကြည်ရဆုံး မိတ်ဆွေတစ်ယောက်ပေါ့၊ သူ့ကြောင့်လည်း တစ်ချိန်က ရုပ်ချောပြီး နာမည်ကြီးခဲ့တဲ့ 'လုလင်ချော လျူယုဟန်' က အခု ဒီလိုပုံမျိုး ဖြစ်နေရတာပဲ”

လုရှောင်ဖုန်း၏ မျက်လုံးများ အရောင်ထပ်လက်သွားသည်။ သူ့ခေါင်းထဲတွင် အဖြေရှာမရေးသော ပုစ္ဆာများအားလုံး ရှင်းလင်းသွားပြီ ဖြစ်သောကြောင့်ပင်။

+++++

ဧည့်သည်များအတွက် ပြင်ဆင်ထားသော အခန်းမှာ ကျယ်ဝန်းလှသော်လည်း၊ အိပ်ယာ၊ စားပွဲနှင့် ကုလားထိုင်းဟောင်းတစ်ချို့မှအပ၊ အခြားဘာမှ မရှိချေ။

ဟွာမင်းလို ထိုင်ချလိုက်သည်။ မျက်စိမမြင်သော်လည်း၊ ဘယ်နေရာတွင် ကုလားထိုင်ရှိသည်ကို အတိအကျသိနေသည့် အလားပင်။

လုရှောင်ဖုန်းက သူ့ကို လှမ်းကြည့်ရင်း၊ မေးလိုက်သည်။

“ခင်ဗျား ဘာမှမရှိတဲ့အပေါ် ထိုင်ချမိတာမျိုး ဖြစ်ဖူးလား”

ဟွာမင်းလိုက ပြုံးလျက်

“ခင်ဗျားက ကျုပ်ကို ဘာမှမရှိတဲ့အပေါ် ထိုင်ချမိစေချင်လို့လား”

လုရှောင်ဖုန်းကလည်း ပြုံးလျက်ဖြင့်

“ကျုပ်က ခင်ဗျား နောက်တစ်ခါ ထိုင်ချလိုက်တဲ့အခါ၊ ကောင်မလေးတစ်ယောက်အပေါ် ထိုင်ချမိရက်သား ဖြစ်စေချင်တာ”
“အဲဒီကိစ္စကတော့ ခင်ဗျားက ကျုပ်ထက် ပိုသိပါတယ်ဗျာ”

လုရှောင်ဖုန်းက ခြောက်ကပ်ကပ် လေသံဖြင့်

“ခင်ဗျားသာ ကျုပ်လောက်သိမယ်ဆိုရင်၊ ခင်ဗျား သူတို့ရဲ့ လှည့်ကွက်ထဲ ရောက်မှာမဟုတ်ဘူး”
“ဘယ်သူ့ လှည့်ကွက်တုန်း”

“ရှန်းကွမ်းဖေးယန်ကို မေ့သွားပြီလား”

ဟွာမင်းလိုက ပြုံးလိုက်ရင်း

“ကျုပ် ဘယ်သူ့လှည့်ကွက်ထဲမှာ မရောက်ခဲ့ပါဘူးဗျ၊ ကျုပ်သဘောနဲ့ကျုပ် ဒီကိုရောက်လာတာပါ”

လုရှောင်ဖုန်း အံအားသင့်သွားကာ

“ဟင် ... ခင်ဗျားက ကိုယ့်သဘောနဲ့ကိုယ် ဒီကိုလာတာ၊ ဘာလို့တုန်း”
“ကျုပ်ဟာကျုပ် တစ်ယောက်ထဲ နေကတည်းက၊ ကျုပ်ဘဝက အေးချမ်းလွန်းလှလို့ထင်ပါရဲ့၊ အခုတလော အန္တရယ်မကင်းတဲ့ အလုပ်တွေ လုပ်ချင်စိတ်ပေါက်နေလို့”

လုရှောင်ဖုန်း နှုတ်ခမ်းတစ်ချက် တွန့်လိုက်ကာ

“ဒါမှမဟုတ် ခင်ဗျား အရမ်းချောတဲ့ အလိမ်အညာမလေးတစ်ယောက်ရဲ့ အလှည့်စားခံလိုက်ရတာလည်း ဖြစ်နိုင်တာပဲ”

ဟွာမင်းလိုက ပြုံးလျက်

“သူက တကယ်ပဲ အလိမ်အညာမလေးတစ်ယောက် ဖြစ်ချင်ဖြစ်မယ်၊ ဒါပေမယ့် ကျနော့်ကိုယ်တော့ အမှန်အတိုင်းပဲ ပြောခဲ့တာပါ”
“သူက ခင်ဗျားလိုလူမျိုးကို လှည့်စားဖို့၊ အကောင်းဆုံးနည်းလမ်းက၊ အမှန်အတိုင်းပြောပြတာပဲလို့ သိနေလို့လည်း ဖြစ်နိုင်တာပဲ”

“အင်း ဖြစ်နိုင်တာပဲ”
“သူ့ရည်ရွယ်ချက်က ခင်ဗျား ဒီရောက်လာဖို့၊ အခု ခင်ဗျား ဒီရောက်နေပြီ၊ အဲဒီတော့ သူ့ရည်ရွယ်ချက် အောင်မြင်သွားပြီပေါ့”

ဟွာမင်းလိုက အပြုံးမပျက်ဘဲ

“ခင်ဗျား ကျုပ်ကို စိတ်ဆိုးအောင် ဆွပေးနေတာလား”
“ခင်ဗျားက စိတ်မဆိုးသေးဘူးလား”

ပြုံးလျက်ဖြင့်ပင်၊ ဟွာမင်းလိုက

“ကျုပ်က ဘာကို စိတ်ဆိုးရမှာတုန်း၊ သူတို့က ကျုပ်ကို မြင်းရထားနဲ့ လာခေါ်တယ်၊ ကျုပ်ကိုလည်း အထူးဧည့်သည်တော်တစ်ယောက်လို ကောင်းကောင်းမွန်မွန် ဆက်ဆံတယ်၊ ဒီမှာကလည်း ရာသီဥတုက သာသာယာယာနဲ့၊ ခြံထဲမှာလည်း ပန်းတွေပွင့်နေလိုက်ကြတာ၊ ပြီးတော့ ခင်ဗျားလည်း အခုဒီရောက်လာပြီ၊ သူတို့ ကျုပ်ကို လှည့်စားပြီး ခေါ်ခဲ့ကြတယ် ဆိုရင်တောင်၊ ကျုပ်အနေနဲ့တော့ ဘာမှပြောစရာမရှိပါဘူးဗျာ”

လုရှောင်ဖုန်း မအောင့်နိုင်တော့ဘဲ ရီချလိုက်သည်။

“ခင်ဗျားကို စိတ်ဆိုးအောင် လုပ်ဖို့က မလွယ်ဘူးပဲ”

ဟွာမင်းလိုက ရုတ်တရက် လှမ်းမေးလိုက်သည်။

“ခင်ဗျား တကယ်ပဲ စီမင်းကျွေ့ရှယ်ကို အကူအညီသွားတောင်းမှာလား”
“အင်း”

“ခင်ဗျား သူ့ကို သူများကိစ္စထဲ ဝင်ပါအောင် ပြောနိုင်မယ် ထင်လို့လား”

မချိပြုံးပြုံးလိုက်ရင်း၊ လုရှောင်ဖုန်းက

“ဒီလောကကြီးထဲမှာ သူကို စိတ်ဝင်စားအောင် လုပ်နိုင်တဲ့ ကိစ္စမျိုး မရှိသလောက်ပဲဆိုတာ ကျုပ်သိပါတယ်၊ ဒါပေမယ့် ကျိုးစားကြည့်ရမှာပဲ”
“အဲဒါပြီးတော့ရော”

“ကျုပ်အဲလောက်အထိ မစဉ်းစားရသေးဘူး၊ အခုလောလောဆယ် စဉ်းစားနေတာကတော့၊ အပြင်ထွက်ပြီး ဟိုဟိုဒီဒီ ကြည့်လျှောက်ကြည့်မလားလို့”
“ဘာလျှောက်ကြည့်မလို့တုန်း”

လုရှောင်ဖုန်းက ရီလိုက်ရင်း

“ရှန်းကွမ်းဖေးယန်ကို သေသေချာချာ သွားကြည့်မလားလို့”

ဟွာမင်းလို အပြုံးမပျက်သော်လည်း၊ သူ့အပြုံးထဲတွင် စိတ်မသက်မသာ အနည်းဟန်ဖြစ်နေပုံ ပေါ်လာသည်။

“ခင်ဗျား သူ့ကို ရှာလို့တွေ့မှာမဟုတ်ဘူး”
“ဟင် ဘာလို့တုန်း”

“ကျုပ်ဒီရောက်ထဲက သူ့အသံမကြားမိဘူး၊ ကြည့်ရတာ သူ ဒီက ထွက်သွားပြီ ထင်တယ်”

လုရှောင်ဖုန်းက ဟွာမင်းလိုကိုစိုက်ကြည့်နေရင်း၊ သူ့မျက်နှာပေါ်တွင် စိုးရိမ်မကင်းဖြစ်သော အရိပ်အယောင်များ ပေါ်လာသည်။

သို့သော် ဟွာမင်းလိုက ရီမောလိုက်ကာ

“သူက တစ်နေရာမှာ အေးအေးချမ်းချမ်းနဲ့ ငြိမ်ငြိမ်ဆိမ်ဆိမ် နေလို့မရတဲ့ မိန်းကလေးမျိုး၊ အမြဲတမ်း တစ်ခုခုလုပ်နေရမှ”

လုရှောင်ဖုန်းလည်း ရီမောလိုက်ကာ

“မိန်းကလေးတွေ အားလုံးက အဲလိုပဲမဟုတ်ဘူးလားဗျ”

+++++

အခန်းထဲတွင် ပို၍မှောင်လာသည်။ ဟွာမင်းလို တစ်ယောက်ထဲ တိတ်တိတ်ဆိတ်ဆိတ် ထိုင်ဆဲ။ သူ့ကို အမြဲတွေ့နေကျအတိုင်း ပျော်ပျော်ရွှင်ရွှင်၊ ငြိမ်းငြိမ်းချမ်းချမ်းပင်။ သူကတော့ အမြဲပင် ပျော်ရွင်ကာ စိတ်ကျေနပ်နေမည့်သူ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော်၊ မည်သည့်နေသို့ရောက်ရောက်၊ အခြားသူများ မခံစားနိုင်သော ပျော်ရွှင်မှုနှင့် မေတ္တာတရားကို သူခံစားနိုင်သောကြောင့်ဖြစ်သည်။

နွေဦး၏ ညနေခင်းအလှအပကို သူခံစားနေခြင်းဖြစ်သည်။

ရုတ်ရက် အခန်းတံခါးခေါက်သံကို ထွက်ပေါ်လာသည်။

တံခါးခေါက်သံကို ကြားလိုက်သည့် အချိန်တွင်၊ ထိုသူက အခန်းထဲသို့ ဝင်လာပြီဖြစ်သည်။ အမှန်တော့ ဝင်လာသူက နှစ်ယောက်။ တုကုဖန်းနှင့် ရှောင်ချီယု။

သို့သော် လူတစ်ယောက်ထဲ၏ ခြေသံကိုသာ ကြားရသည်။ တုကုဖန်း၏ ခြေသံမှာ နွေးဦးလေပြေထက်ပင် ပေါ့ပါးကာ တိုးတိတ်လှသည်။

ဟွာမင်းလိုက ပြုံးလိုက်ရင်း

“ထိုင်ကြပါ၊ အဲဒီမှာ ခုံအလွတ် ၂ လုံးမက ရှိပါတယ်”

ဘယ်သူတွေလဲ၊ ဘာအတွက်လာတာလဲ သူမမေးချေ။ အခန်းတွင်းသို့ ဘယ်သူပဲဝင်လာလာ၊ သူကတော့ အမြဲတမ်း နွေးထွေးစွာဖြင့် ရင်းရင်းနှီးနှီး ဆက်ဆံမှာဖြစ်သည်။ အတတ်နိုင်ဆုံး ဧည့်ဝတ်ကျေအောင် ကျိုးစားမှာ ဖြစ်သည်။

တုကုဖန်း၏ မျက်နှာ မည်းကနဲဖြစ်သွားပြီး၊ အေးစက်စက် လေသံဖြင့်

“မင်း ဘယ်လိုလုပ်ပြီး ငါတို့နှစ်ယောက်ဆိုတာ သိတာလဲ၊ မင်းတကယ်ရော ကန်းနေတာ ဟုတ်ရဲ့လား”

သူ့ခြေသံကို ဘယ်သူမှ မကြားနိုင်ဟု၊ တုကုဖန်း အမြဲတမ်းထင်ခဲ့သည်။ သူ့ခန္ဓာကိုယ် ပေါ့ပါးမှုကို အမြဲတမ်း ယုံကြည့်မှုအပြည့်ရှိခဲ့သည်။ ထိုကြောင့် သူ မကျေမနပ် ဖြစ်သွားသည်။

သို့သော် ဟွာမင်းလိုကတော့ ထုံးစံအတိုင်း အေးအေးချမ်းချမ်း ပြုံးပြကာ

“တစ်ခါတစ်လေတော့ ကျွန်တော်လည်း ကိုယ့်ဟာကိုယ် ပြန်စဉ်းစားမိပါရဲ့၊ ငါတကယ်ပဲ မျက်စိကန်းနေတာ ဟုတ်ရဲ့လား ဆိုတာ၊ ကျွန်တော် တွေးမိတာကတော့ မျက်လုံးရှိရဲ့သားနဲ့၊ မြင်အောင် မကြည့်တဲ့သူတွေကမှ တကယ် မျက်စိကန်းနေတာပါ”

ရှောင်ချီယုကလည်း ပြုံးလိုက်ပြီး

“မင်း နောက်ထပ် မျက်စိကန်းနေတဲ့ လူတစ်မျိုးကို မေ့နေပြီ ထင်တယ်”
“ဘယ်လိုလူမျိုးလဲ”

“လူသေ”

ဟွာမင်းလိုက ပြုံးလိုက်ကာ

“လူသေတွေ မျက်စိမမြင်ဘူးလို့ ခင်ဗျားကို ဘယ်လိုသိလဲ၊ လူသေတွေလည်း ကျနော်တို့လိုပဲ ကြည့်စရာ မြင်စရာတွေ အများကြီး ရှိချင်ရှိမှာပေါ့၊ ကျွန်တော်တို့တွေ သေမှ မသေဖူးသေးတာ၊ လူသေတွေ ဘာတွေသိတယ်၊ မြင်တယ် ဆိုတာ ဘယ်လိုလုပ် အသေအချာ ပြောနိုင်မတုန်း”

တုကုဖန်းက အေးစက်စက် ပြန်ပြောလိုက်သည်။

“မင်း ခဏနေ သိချင်သိရတော့မှာ”

ရှောင်ချီယုက လေသံ ခပ်အေးအေးဖြင့်

“မင်းကို ငါတို့ မသိဘူး၊ မင်းနဲ့ ငါတို့နဲ့ကြားမှာ ဘာရန်ငြိုးရန်စမှလည်း မရှိပါဘူး၊ ဒါပေမယ့်လည်း အခု ငါတို့ မင်းကို သတ်ဖို့လာတာ”

ဟွာမင်းလို အံအားသင့်သွားဟန် မပေ ည့်အပြင်၊ ဒေါသထွက်ဟန်လည်း တစ်စက်မှ မပြချေ။ အပြုံးမပျက်ဘဲ

“အမှန်က၊ ကျွန်တော် ခင်ဗျားတို့နှစ်ယောက်ကို စောင့်နေခဲ့တာပဲ”

တုကုဖန်းက

“ငါတို့ မင်းကို သတ်ဖို့ လာမယ်ဆိုတာ၊ မင်းကြိုသိနေတာလား”
“လုရှောင်ဖုန်းက ဥာဏ်မရှိတာတော့ မဟုတ်ဘူး၊ ဒါပေမယ့် သူကိုယ်တိုင်တောင် သေချာ သတိမထားမိဘဲနဲ့၊ လူတော်တော်များများကို သူစော်ကားမိတတ်တယ်၊ ဘာလို့လဲဆိုတော့၊ သူစကားပြောတာ တစ်ခါတစ်လေ အမြောက်နဲ့ ထုသလိုမျိုး ဖြစ်သွားတတ်တာမို့ပဲ”

တုကုဖန်းက လှောင်ရီရီလိုက်သည်။

ဟွာမင်းလိုက

“ဘယ်သူကမှ မျက်မမြင်တစ်ယောက်လောက်တောင် အဆင့်မရှိဘူးလို့ ပြောတာ ခံချင်တာမှာ မဟုတ်ဘူးလေ၊ အထူးသဖြင့် ခင်ဗျားတို့လို သိုင်းအကျော်အမော် နှစ်ယောက်အတွက်တော့၊ ဘယ်လိုမှ သည်းမခံနိုင်စရာမရှိတဲ့ ကိစ္စမျိုးပဲ၊ အဲဒီတော့ ခင်ဗျားတို့ ဟောဒီက မျက်မမြင်ဆီကို လာပြီး၊ အကဲစမ်းကြမှာပေါ့”

သူ့အမူအယာက အေးအေးချမ်းချမ်း ရှိနေဆဲပင်။

“ဒါမျိုးဆိုတာ သူရဲကောင်းတွေ၊ သိုင်းလောကသားတွေအတွက် နည်းနည်းလေးမှ ခွင့်မလွှတ်နိုင်တဲ့ ကိစ္စမျိုးပဲလေ”

တုကုဖန်းက ပြန်မေးလိုက်သည်။

“ဒါဆို မင်းကရော”
“ကျွန်တော်က သူရဲကောင်းမဟုတ်ပါဘူး၊ မျက်မမြင်တစ်ယောက် သက်သက်ပါ”

လှောင်ရီရီနေသေးသော်လည်း၊ တုကုဖန်း၏ မျက်နှာပေါ်တွင် အံ့အားသင့်သော အရိပ်အယောင် ပေါ်နေသည်။

ဒီမျက်မမြင်လူငယ် ဘာလို့များ ဒီလောက်ထိအောင် သိနေရသလဲ။

ရှောင်ချီယုက ဝင်ဖြတ်ပြောလိုက်သည်။

“ငါတို့လာတာကို မင်းကြိုသိနေတယ်၊ အဲဒါကိုတောင် မင်းက ဒီမှာ စောင့်နေသေးတယ်ပေါ့”
“မျက်မမြင်တစ်ယောက်က ဘယ်ကိုများ ရှောင်ပြေးနိုင်မှာတုန်း”

တုကုဖန်းက ရုတ်တရက် အော်ပြောလိုက်သည်။

“ငရဲပြည်ကို”

အော်ပြောလိုက်သည်နှင့် တပြိုင်နက်ထဲမှာပင်၊ သူ့သိုင်းကွက်ကို စလိုက်သည်။ သူ့လက်တစ်ဖက်တွင် ကိုင်ထားသော လှံရှည်က အဆိပ်ပြင်းသော မြွေတစ်ကောင်အလား၊ ဟွာမင်းလို၏ လည်ပင်းဆီသို့ တိုးဝင်သွားသည်။

တစ်ချိန်ထဲမှာပင် ရှောင်ချီယု၏ အစာအိမ်ဖျက်ဓားကလည်း တိုးဝင်လာသည်။ ရှောင်ချီယု၏ လှုပ်ရှားမှုမှာ နှေးကွေးလွန်းလှသည်။ နှေးကွေးလွန်းလှသဖြင့် လေတိုးသံပင် ထွက်ပေါ်လာခြင်းမရှိ။ မျက်မမြင်တစ်ယောက် အနေဖြင့် ဓားကို မမြင်နိုင်။ ဓား၏လှုပ်ရှားမှုမှ ထွက်လာသော လေတိုးသံကိုသာ နားထောင်ရခြင်း ဖြစ်သည်။

သို့သော် ရှောင်ချီယု၏ သိုင်းကွက်က လေတိုးသံ လုံးဝမထွက်ချေ။ ထို့ကြောင့် ဟွာမင်းလို၏ အစာအိမ်ကို အမှန်တကယ်ပင် ဖောက်ဖျက်ပစ်နိုင်သော သိုင်းကွက်ပင် ဖြစ်ပေသည်။

ထို့အပြင် ဓားရှေ့မှ လာနေသော လှံသွားကလည်း ရှိနေသေးသည်။ လှံချက်လွဲလျှင်၊ ဓားချက်က ထိမှာ အသေအချာပင်။ သို့သော် ရှောင်ချီယု တွက်ကိန်း လွဲသွားသည်။

ဟွာမင်းလို့ ထံတွင်၊ အကြားအာရုံအပြင်၊ ထူးခြားဆန်းကြယ်ပြီး ကောင်းမွန်လှသော အာရုံခံစားမှုတစ်ခု ရှိနေသေးသည်။ တကယ့်အန္တရယ်မှာ လှံသွားဆီမှမဟုတ်၊ ဓားဆီမှ လာနေခြင်းဖြစ်သည်ကို သူတနည်းနည်းဖြင့် ခံစားသိရှိပြီး ဖြစ်ဟန်တူသည်။ သို့သော် သူဓားကို မမြင်ရသလို၊ ဓားသံကိုလည်း မကြားရ။

ဓားက သူ့ဆီသို့ ရောက်ကာနီးတွင်၊ ကိုယ်ကိုယ် တစ်ချက်လှည့်လိုက်သည်။ လှံသွားက သူ့ပခုံးနားမှ ဖြတ်သွားချိန်တွင်၊ သူ့လက်နှစ်ဖက်က ဓားပေ ို႔ ရောက်သွားသည်။

“ထန်း ... ထန်း”

သက်တမ်း နှစ်ရာကျော်ပြီးဖြစ်သော ဓားမှာ၊ ရုတ်တရက် ၃ ပိုင်း ကျိုးသွားသည်။ ရန်သူ့အစာအိမ်ကို မဖျက်ရသေးမှီမှာပင်၊ ရှောင်ချီယု၏ ဓားက အဖျက်အစီးခံလိုက်ပြီး ဖြစ်နေသည်။

ဓားကျိုး၏ အရှည်အဆုံး အပိုင်းမှာ ဟွာမင်းလို၏ လက်ထဲတွင် ရှိနေသေးသည်။ သူ့လက်ကို တစ်ချက် လှည့်လိုက်သည်နှင့် ဓားကျိုးက လှံကို ရိုက်ခတ်ထုတ်လိုက်ပြီး၊ တုကုဖန်း နောက်သို့ ခုန်ဆုတ်သွားရသည်။

ညနေစောင်း၏ နေရောင်ခြည်အလင်းတန်းများ အောက်မှာပင်၊ ရှောင်ချီယု၏ မျက်နှာ လူသေတစ်ယောက်ကဲ့သို့ ဖြူဖတ်ဖြူလျော်ဖြစ်နေသည်ကို မြင်နိုင်သည်။

ပြုံးလျက်ဖြင့်ပင်၊ ဟွာမင်းလိုက

“ကျွန်တော် လူကြီးမင်း ရှောင်ချီယုကို စော်ကားဖို့ မရည်ရွယ်ပါဘူး၊ ဒါပေမယ့် လူကြီးမင်းရဲ့ သိုင်းကွက်က မျက်မမြင်တစ်ယောက်အတွက် အရမ်းပဲ ရက်စက်လွန်းရာကျပါတယ်၊ လူကြီးမင်း ဓားအသစ်တစ်ချောင်း ရှာတွေ့နိုင်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်၊ ဒါမှလည်း အသက်ရှင်ဖို့ အခွင့်အလမ်းလေး ရှိဦးမှာပါ”

+++++

ပန်းခြံထဲတွင် ယခင်ကတော့ ပန်းပွင့်များဖြင့် ပြည့်နေခဲ့ပုံရသည်။ အခုတော့ ပန်းတော်တော်များများမှာ ခူးပြီးသား ဖြစ်နေသည်။

မင်းသမီးလေး တန့်ဖုန်း လာစဉ်က ပါလာခဲ့သော ပန်းပွင့်များ၊ ဘယ်ဆီမှရသည်ကို၊ လုေရှောင်ဖုန်း အခုမှပဲ သဘောပေါက်သွားတော့သည်။

ထိုအချိန်မှာပင် သူ ထိုမိန်းကလေးကို နောက်တစ်ခါ ထပ်တွေ့လိုက်ရခြင်း ဖြစ်သည်။

နေဝင်ကာနီး ညနေခင်းတွင် ပန်းခြုံများအလည်၌ ရှန်းကွမ်းရှုးအော် ရပ်နေသည်။ နူးညံ့ပျော့ပျောင်းသော သူ့ဆံနွယ်များက ဝင်လုဆဲဆဲနေ၏ ဖျော့တော့တော့ အလင်းရောင်တန်းများအောက်တွင် တောက်ပနေသည်။

သူ့အမူအယာကတော့ ရိုးသားဖြူစင်ပြီး ရို့ကျိုးကာ၊ တကယ့်ကို အပြစ်ကင်းစင်သူတစ်ယောက် အလားပင်။ သူ့ဘဝတစ်သက်တာတွင် မည့်သူ့ကိုမျှ မလိမ်မညာဖူးသည့်အတိုင်း။

လုရှောင်ဖုန်း ပြုံးကာ၊ သူ့ဆီသို့ လျှောက်သွားရင်း

“ဟေး အစ်မ”

ရှန်းကွမ်းရှုးအော်က သူ့ကို လှည့်ကြည့် ပြုံးလိုက်ရင်း

“အော် မောင်လေး”

“အားလုံး အဆင်ပြေရဲ့လား”

“မပြေဘူး”

“ဘာလို့လဲ”

“ကျွန်မမှာ ပူပန်စရာတွေ တော်တော်များနေလို့”

ရှန်းကွမ်းရှုးအော်၏ မျက်လုံးတောက်တောက်လေးများထဲတွင် အဓိပ္ပါယ်ဖော်ရန် ခက်လှသည်၊ စိုးရိမ်မှုအရိပ်အယောင်တစ်ချို့ကို လုရှောင်ဖုန်း သတိထားမိသည်။ သူ့အပြုံးချိုချိုလေးကပင် အတင်းဟန်လုပ်ပြုံးနေသည့်အလား။

“ဘာတွေကို စိတ်ပူနေတာလဲ”

“ကျွန်မရဲ့ အစ်မအတွက် စိတ်ပူနေတာပါ”

“မင်းအစ်မ .... ရှန်းကွမ်းဖေးယန်ကို ပြောတာလား”

ရှန်ကွမ်းရှုးအော် ခေါင်းငြိမ့်ပြသည်။

“မင်းက သူ့အတွက် ဘာတွေ စိတ်ပူနေတာတုန်း”

“သူ ရုတ်တရက်ကြီး ပျောက်သွားလို့”

“သူ ဘယ်တုန်းက ပျောက်သွားတာတုန်း”

“ဟွာမင်းလို ဒီကိုရောက်တဲ့နေ့၊ အဲဒီနေ့မှာပဲ ကျွန်မတို့လည်း ရှင့်ကို ရှာဖို့ ထွက်ခဲ့ကြတာပဲ”

လုရှောင်ဖုန်းက သူ့ကို စိုက်ကြည့်လိုက်ရင်း

“မင်းက မင်းအစ်မအတွက် စိတ်ပူတယ် ဆိုရင်လည်း၊ ဘာလို့ လိုက်မရှာတုန်း”

“သူက ကျွန်မတို့ ပြန်လာတဲ့အထိ၊ ဒီကပဲ စောင့်နေမယ်လို့ ပြောသွားလို့”

“မင်းက သူပြောသွားတာကို ယုံတယ်ပေါ့”

“အင်းပေါ့”

လုရှောင်ဖုန်း မအောင့်နိုင်ပဲ ခပ်သဲ့သဲ့ ရီလိုက်ရင်း

“သူသာ ဒီကပဲစောင့်နေမယ်ဆိုရင်၊ ဘယ်ကို ပျောက်သွားစရာ အကြောင်းရှိလို့လဲ”

“ကျွန်မလည်း မစဉ်းစားတတ်ဘူး၊ အဲဒါကြောင့် အခု သူ့ကို တွေ့မလား လိုက်ကြည့်နေတာ”

လုရှောင်ဖုန်း ပြန်မေးလိုက်သည်။

“ဒီပန်းခြံထဲမှာ ...”

“ဟုတ်တယ်”

“မင်းအစ်မက ဒီပန်းခြံထဲမှာ တစ်ရက်မဟုတ်၊ နှစ်ရက်မဟုတ်၊ လာပုန်းနေနိုင်ပါ့မလား”

“ကျွန်မက ပုန်းနေတယ် ထင်လို့ လိုက်ရှာနေတာ မဟုတ်ဘူး၊ သူ့အလောင်းကို လိုက်ရှာနေတာ”

လုရှောင်ဖုန်း မျက်မှောင်ကြုံ့သွားကာ

“သူ့အလောင်း ...”

“သူအသတ်ခံလိုက်ရပြီး၊ သူ့အလောင်းကို ဒီပန်းခြံထဲမှာ လာမြှုပ်ထားတယ်လို့ ထင်လို့”

“ဒီနေရာက မင်းတို့ရဲ့ အိမ်ပဲ မဟုတ်ဘူးလား၊ ဒီနေရာမှာ ဘယ်သူက မင်းအစ်မကို သတ်မှာတဲ့တုန်း”

“ဒီနေရာက ကျွန်မတို့ အိမ်ဟုတ်ပေမယ့်လို့၊ အခြားလူတွေလည်း ရှိနေသေးတာပဲ”

“အခြားလူတွေဆိုတာ ...”

“ဥပမာ ရှင့်သူငယ်ချင်း ဟွာမင်းလို”

“မင်းက ဟွာမင်းလိုက မင်းအစ်မကို သတ်လိမ့်မယ် ထင်လို့လား”

“ဖြစ်နိုင်တာပဲ၊ သူ့ကို သတ်တာ ဖြစ်နိုင်တဲ့သူတွေ အများကြီးပဲ၊ ဘုရင်ကြီးတောင် ဖြစ်နိုင်သေးတယ်”

“ရွှေဂဠုန်ဧကရာဇ်တောင် မင်းအစ်မကို သတ်တာဖြစ်နိုင်သေးတယ် ဟုတ်လား ... ဘာလို့လဲ”

“ကျွန်မလည်း ဘာလို့မှန်းမသိဘူး၊ အဲဒါကြောင့် အခု သူ့ကို လိုက်ရှာနေတာပေါ့”

လုရှောင်ဖုန်း ပြုံးပြလိုက်ရင်း

“မင်း အရမ်းကို စိတ်ပူတတ်လွန်းနေတယ်၊ အသက် ၁၂ နှစ်အရွယ် ကောင်မလေးတစ်ယောက် အဲလောက် ပူပန်စရာတွေ တွေးမနေသင့်ဘူး”

ရှန်းကွမ်းရှုးအော် သူ့ကို အတန်ကြာစိုက်ကြည့်နေပြီးမှ

“ကျွန်မအသက် ၁၂ နှစ်လို့ ရှင့်ကို ဘယ်သူပြောတာလဲ”

“မင်းအစ်မ”

“ရှင်က သူပြောတာတော့ ယုံတယ်၊ ကျွန်မပြောတာကိုတော့ မယုံဘူးပေါ့”

+++++

ဟွာမင်းလိုက လှမ်းမေးလိုက်သည်။

“ခင်ဗျား သူ့ကို သွားမရှာတော့ဘူးလား”

လုရှောင်ဖုန်းက

“သူ့ ညီမတောင် ရှာလို့ မတွေ့တာ၊ ကျနော်က ဘာများ တတ်နိုင်မှာတုန်း”

အမြဲတမ်း အေးအေးချမ်းချမ်းရှိသော ဟွာမင်းလို၏မျက်နှာပေါ်တွင်၊ စိုးရိမ်ပူပန်သော အရိပ်အယောင် တစွန်းတစ ပေါ်နေသည်။ ဟွာမင်းလိုသည် ရုတ်တရက် ပျောက်သွားသည်ဆိုသော ထိုမိန်းကလေးအပေါ်တွင်၊ သာမန်ထက်ပိုသော ခံစားချက်များ ရှိနေသည်မှာ အသေအချာပင်။ သူဘယ်လိုမှ ဖုံးကွယ်လို့ မရနိုင်။

ထိုကဲ့သို့သော ခံစားချက်မျိုး၊ တစ်စုံတစ်ယောက်၏ နှလုံးသားအထိ ရောက်သွားသည်နှင့်၊ သဲပုံထဲရှိ စိန်တုံးတစ်တုံးအလား၊ လူတိုင်းက အလွယ်တကူ မြင်တွေ့နိုင်သည်။

လုရှောင်ဖုန်းလည်း ဟွာမင်းလို၏ ခံစားချက်ကို မြင်ပြီးသားဖြစ်သည်။

“ခင်ဗျား သူ့ညီမလေးကိုရော တွေ့ပြီးပြီလား”

“ဟင့်အင်း”

လုရှောင်ဖုန်း သက်ပြင်းချက်လိုက်ပြီး

“ခင်ဗျား ကံကောင်းနေသေးတဲ့ ပုံပဲ၊ အနည်းဆုံးတော့ ကျွန်တော့်ထက် ကံပိုကောင်းနေသေးတယ်”

“သူ့ညီမလေးက တော်တော်ဆိုးလို့လား”

လုရှောင်ဖုန်း မဲ့ပြုံးပြုံးလိုက်ပြီး

“ဆိုးရုံတင် ဘယ်ကမတုန်း၊ တကယ့်ကို မကောင်းဆိုးဝါးမလေး၊ ညာတဲ့နေရာမှာလဲ၊ လူသေတွေတောင် ပြန်ထလာအောင် ညာပြောတတ်တယ်၊ ပြီးတော့ အမြဲတမ်း ကြောက်လန့်ပူပန်နေတတ်တဲ့ အကျင့်မျိုးလည်း ရှိသေးတယ်”

ဟွာမင်းလိုက ပြန်မေးလိုက်သည်။

“အဲဒီ ကလေးမလေးက ကြောက်လန့်ပူပန်နေတယ် ... “

“သူ ကြောက်လန့်ပူပန်နေတာမှ၊ အဘွားကြီးတွေထက် ပိုဆိုးမယ်၊ သူ့အစ်မ အသတ်ခံလိုက်ရလောက်ပြီလို့ သူက ထင်နေတာ၊ ခင်ဗျားနဲ့ ရွှေဂဠုန်ဧကရာဇ် တစ်ယောက်ယောက်က လူသတ်သမား ဖြစ်မယ်လို့တောင် သူက သံသယဝင်နေသေးတယ်”

ဟွာမင်းလို စိတ်သက်တောင့်သက်သာ ဖြစ်သွားစေရန်၊ လုရှောင်ဖုန်းက ရီမောရင်း ပြောလိုက်သည်။

သို့သော် ဟွာမင်းလိုကတော့ ရီစရာဟု သဘောထားဟန် မတူ။

လုရှောင်ဖုန်းက ထပ်ပြောလိုက်သည်။

“အဲဒီ ကောင်မလေး ဖြစ်ပျက်နေပုံက၊ ရီစရာကောင်းတယ် မထင်ဘူးလား”

“မထင်ဘူး”

ဟွာမင်းလို အတန်ကြာ ငြိမ်သက်နေပြီးမှ

“ကျွန်တော် အခု ဆုတောင်းနေမိတာ တစ်ခုပဲရှိတယ်”

“ဘာကိုလဲ”

ဟွာမင်းလို ပြုံလိုက်ပြီး

“ဒီည သူတို့ အရက်အတုနဲ့ ထပ်ပြီး ဧည့်မခံပါစေနဲ့လို့”

လုရှောင်ဖုန်း ဘာမှ ထပ်မမေးတော့။ ဟွာမင်းလိုသည် အရက်နှင့်ပတ်သတ်ပြီး ဘယ်တုန်းကမှ ဂရုစိုက်တတ်သူ မဟုတ်သောကြောင့်ဖြစ်သည်။

လုရှောင်ဖုန်းသည် ဟွာမင်းလိုကို စိုက်ကြည့်နေရင်း၊ သူ့အပြုံးထဲတွင် ထူးဆန်းသော အရိပ်အယောင်များ ပါဝင်နေသည်ဟု ခံစားလိုက်ရသည်။ လုရှောင်ဖုန်း အတန်ကြာ စဉ်းစားနေပြီးတော့မှ၊ အလေးအနက်လေသံဖြင့်

“ကျုပ် ဆုတောင်းနေမိတာလည်း တစ်ခုရှိတယ်”

“ပြောစမ်းပါဦး”

“ဒီည သူတို့ ဧည့်ခံမယ့် ဟင်းက လူသားဟင်း မဖြစ်ပါစေနဲ့ ဆိုတာရယ်၊ သူတို့ တိုက်မယ့် အရက်ထဲမှာ ဘာဆေးမှ မခပ်ထားပါစေနဲ့ ဆိုတာရယ်ပဲ”

မြန်မာကျူးပစ်ဖိုရမ်မှ မိတ်ဆွေတစ်ဦးဖြစ်သူ ကို badinf ပြန်ဆိုထားခြင်းဖြစ်ပါသည်။ 
All credits go to badinf. Thanks for letting me use your translation work.

0 comments:

Post a Comment