Thursday, March 10, 2011

(၂) အချမ်းသာဆုံးလူ

လုရှောင်ဖုန်း၏လက်ထဲတွင် အရက်ခွက်ရှိနေသေး၏။ သို့သော်အရက်ခွက်ထဲမှ အရက်များကတော့ သူ့အင်္ကျီပေါ်သို့ ဖိတ်စဉ်ကျနေသည်။

အဘိုးအိုဟို၏အိမ်သေးလေးသို့ သူဝင်ရောက်သွားချိန်တွင် အဘိုးအိုဟိုသည် တစ်ယောက်တည်း အရက်သောက်နေ၏။

အလွန်ရိုးရှင်းစွာ တည်ဆောက်ထားသော သစ်သားအိမ်ခန်းလေးပင်။ သစ်တောအုပ်သေးသေးလေး၏ အလယ်တွင်ရှိနေပြီး တောင်ကုန်းလေးတစ်ဘက်တွင် တရုတ်ဇီးသီးပင်များရှိနေ၏။

အဘိုးအိုဟိုသည် သူ၏သစ်သားအိမ်လေးကဲ့သို့ပင်- ခပ်ညက်ညက်ရှိ၏၊ အထီးကျန်၏၊ သန့်သန့်ရှင်းရှင်းနေတတ်ပြီး သွက်လက်ဖျတ်လတ်နေဆဲ။ သူ့ကိုကြည့်ရသည်မှာ ရာသီဥတုဒဏ်ကို ကြံ့ကြံ့ခံအံတုနေသော အခွံမာသစ်စေ့တစ်စေ့နှင့်တူ၏။ စားပွဲငယ်ငယ်သေးသေးလေးတစ်လုံးရှေ့ချထားပြီး အရက်သောက်နေ၏။

အရက်နံ့များ သင်းပျံ့နေ၏။ အခန်းထဲတွင် အမျိုးအစားပေါင်းစုံသော အရက်အိုးကြီးကြီးငယ်ငယ်များ စီရီစွာရှိနေကြသည်။ အားလုံးပင် အကောင်းစားအရက်များလည်း ဖြစ်ကြ၏။

အဘိုးအိုဟိုသည် လုရှောင်ဖုန်း၏လက်ထဲမှ အရက်ခွက်ကိုကြည့်နေရင်း ခေါင်းခါရမ်းပြီး သဘောကျစွာရယ်မောပြောဆိုလိုက်သည်။ “မင်းဒီကိုလာခဲ့တာ အရက်သောက်ဖို့လာတာဆိုတာ ကျုပ်မသိမှာစိုးလို့လား။ ဒါကြောင့်မို့လို့ အရက်ခွက်လေးကိုင်လာပြီးတော့ ကျုပ်ကိုလာသတိပေးတာပေါ့လေ။”


လုရှောင်ဖုန်း ရယ်မောလိုက်သည်။ “ကျုပ်ထွက်လာခဲ့တုန်းက ကိုယ့်ဘောင်းဘီတောင် ပြန်စွတ်ဖို့ အချိန်မရခဲ့ဘူး။ ဒီအရက်ခွက်ကိုချထားပြီး ထွက်လာခဲ့ဖို့ဆိုရင်ပိုပြီးဝေးသေး။ အစတုန်းကတော့ ခွက်ထဲမှာအရက်ရှိနေပါသေးတယ်။ လမ်းမှာဖိတ်စင်သွားခဲ့တာ နှမြောစရာကောင်းလိုက်တာဗျာ။”

ဤအရာအားလုံးသည် အဘိုးအိုဟိုအတွက် လွန်စွာမှပင် ထူးခြားလှသောကြောင့် မျက်မှောင်ကြုတ်ပြီး မေးမြန်းလိုက်၏။ “မင်းဘာအတွက် ဒီလောက်လောနေရတာလဲ။” လုရှောင်ဖုန်း ဤကဲ့သို့ပြေးလွှားလာခဲ့ရသည်ကို သူနားမလည်နိုင်ဖြစ်နေရ၏။

လုရှောင်ဖုန်းက သက်ပြင်းချလိုက်ပြီး ခပ်သောသောလေးရယ်နေလိုက်သည်။ “ဘာမှမဟုတ်ပါဘူးဗျာ။ ကျုပ်အခန်းထဲကို မိန်းကလေးတစ်ယောက် ဝင်လာခဲ့လို့ပါ။”

အဘိုးအိုဟို ရယ်မောမိလိုက်သည်။ “ကျုပ်သိရသလောက်တော့ မင်းအခန်းထဲကို မိန်းမတွေဝင်လိုက်ထွက်လိုက်လုပ်နေကြတာ နေ့တိုင်းလိုလိုပါပဲ။ အဲ့ဒီထဲက တစ်ယောက်မှ မင်းဒီလောက်မကြောက်ဖူးပါဘူး။”

“ဒီမိန်းကလေးက မတူဘူးဗျ။ ထူးခြားတယ်။”

“ဘာကများ ထူးခြားနေရသေးတာလဲ။”

“အားလုံးပဲ။”

အဘိုးအိုဟိုက မျက်တောင်ခတ်ပြီးမေးလိုက်သည်။ “ဘာလဲ။ မိန်းကလေးက ရုပ်ဆိုးနေလို့လား။”

လုရှောင်ဖုန်းသည် ချက်ချင်းပင် ခေါင်းခါရမ်းပြလိုက်သည်။ “ရုပ်မဆိုးရုံတင်မကသေးဘူး... နတ်သမီးလေးတစ်ပါးလိုတောင်မှ ချောမောလှပနေသေးတယ်။ သူ့ကိုကြည့်ရတာ မင်းသမီးလေးတစ်ပါးနဲ့တူတယ်။”

“ဒါဆိုရင် မင်းကဘာကိုကြောက်နေရသေးတာလဲ။ ဘာလဲ... မင်းကိုသူကမုဒိန်းကျင့်မှာ ကြောက်နေတာလား။” အဘိုးအိုဟိုက နောက်ပြောင်လိုက်သည်။

လုရှောင်ဖုန်းက ပြုံးနေလေသည်။ “သူသာကျုပ်ကို မုဒိန်းကျင့်ချင်ခဲ့တယ်ဆိုရင် ခုခင်ဗျားတံမြက်စီးနဲ့ ကျုပ်ကိုလှဲထုတ်စရာတောင် လိုမယ်မထင်ဘူး။”

“ဒါဆိုရင် သူကမင်းကိုဘာလုပ်ခဲ့လို့တုန်း။” အဘိုးအိုဟိုက မေးမြန်းလိုက်၏။

လုရှောင်ဖုန်း နောက်တစ်ကြိမ် သက်ပြင်းချလိုက်ပြန်သည်။ “ကျုပ်ရှေ့မှာလာပြီး ဒူးထောက်ထိုင်ချလိုက်တယ်ဗျ။”

အဘိုးအိုဟိုက မျက်လုံးပြူးပြီး လုရှောင်ဖုန်းကိုစိုက်ကြည့်နေသည်မှာ လုရှောင်ဖုန်း၏နှာခေါင်းပေါ်တွင် ပန်းများရုတ်တရက် ပွင့်ဖူးလာသလိုလို...

အဘိုးအိုဟိုတစ်ယောက် နဝေတိမ်တောင်ဖြစ်နေသောကြောင့် လုရှောင်ဖုန်းမှ ဆက်၍ရှင်းပြလိုက်သည်။ “အခန်းထဲကို ဝင်ဝင်လာချင်းဗျာ... ကျုပ်ရှေ့မှာဒူးထောက်ထိုင်ချလိုက်တယ်။ ဒူးနှစ်ဘက်လုံးထောက်ခဲ့တာနော်။”

နောက်ဆုံးတွင်တော့ အဘိုးအိုဟိုက သက်ပြင်းမောကြီးတစ်ချက်ချလိုက်လေတော့သည်။ “မင်းကို ဘာပြဿနာမှမရှိတဲ့ သာမန်လူတစ်ယောက်လို့ပဲ ကျုပ်သိထားတာ။ ခုတော့ကျုပ် သံသယတောင်ဝင်ချင်လာပြီ။”

လုရှောင်ဖုန်းက မချိပြုံးလေးပြုံးပြလိုက်ပြန်၏။ “ကျုပ်ပြဿနာတက်တော့မယ်လို့ ခင်ဗျားသံသယရှိနေတယ်ပေါ့လေ။”

အဘိုးအိုဟို-“နတ်သမီးလေးလိုလှတဲ့ မိန်းကလေးတစ်ယောက်က မင်းအခန်းထဲကိုဝင်လာတယ်... ပြီးတော့ မင်းရှေ့မှာဒူးထောက်ထိုင်ချလိုက်တယ်... အဲ့ဒီမှာတင် မင်းက ကြောက်လန့်တကြားနဲ့ထွက်ပြေးလာခဲ့တယ်...အင်း... စဉ်းစားစရာတော့ ကောင်းနေပြီ။”

လုရှောင်ဖုန်း ခေါင်းညိတ်ပြလိုက်သည်။ “ကြောက်လန့်တကြားနဲ့ ထွက်ပြေးလာခဲ့တာကိုမဟုတ်ဘူး။ ခေါင်မိုးဖောက်ပြီး ထွက်ပြေးလာခဲ့တာဗျ။”

အဘိုးအိုဟိုက သက်ပြင်းချလိုက်သည်။ “မင်းမှာပြဿနာရှိနေတာမဟုတ်တော့ဘူး။ ပြဿနာအကြီးကြီးတက်နေတာပဲဖြစ်ရမယ်။”

“ကျုပ်ထွက်ပြေးလာခဲ့တယ်ဆိုတာလည်း ကျုပ်ဦးနှောက်က ကောင်းကောင်းအလုပ်လုပ်နေသေးလို့ပါ။”

“အိုး...”

“ကျုပ်ပြောခဲ့ပြီးပါပေါ့လား။ သူဟာချောမောလှပရုံတင်မကသေးဘူး။ ဣန္ဒြေလည်းရှိနေသေးတယ်။”

“ဘယ်လိုမျိုး ဣန္ဒြေရှိတာလဲ။”

“မင်းသမီးလေးတစ်ပါးရဲ့ ရာဇဣန္ဒြေမျိုးရှိတာကိုပြောတာ။”

“မင်းက မင်းသမီးကိုတွေ့ဖူးလို့လား။”

“မတွေ့ဖူးပါဘူး။ ဒါပေမယ့် တကယ့်မင်းသမီးဆိုရင်တောင် သူနဲ့ပါလာတဲ့သက်တော်စောင့် ၃ ယောက်လို လူစားမျိုးတွေ မခန့်ထားနိုင်ဘူးထင်တယ်။”

“သက်တော်စောင့်တွေက ဘယ်သူတွေလဲ။”

“လျူယုဟန်၊ ရှောင်ချီယုနဲ့ တုကုဖန်း။”

အဘိုးအိုဟို ပါးစပ်အဟောင်းသားနှင့် အံ့အားသင့်သွားခဲ့ရ၏။ “သူ့ကိုယ်သူ သေလူအဖြစ်သဘောထားပြီး တိုက်ခိုက်တတ်တဲ့ လျူယုဟန်ကိုပြောတာလား။”

“ဟုတ်တယ်။” လုရှောင်ဖုန်း ပြန်ဖြေဆိုလိုက်သည်။

“ခန့်ခန့်ငြားငြားကြည့်ကောင်းပြီး ပညာတတ်ဖြစ်ပေမယ့် နွားသိုးတစ်ကောင်လို သန်မာတောင့်တင်းတဲ့ ရှောင်ချီယုလား။”

“ဟုတ်တယ်။”

“ပေါ်လာလိုက် ပျောက်သွားလိုက်... အရိပ်တောင်မှဖမ်းလို့မလွယ်တဲ့ ဖြေရာမဲ့တစ်ကိုယ်တော် တုကုဖန်းလား။”

“ဟုတ်ပါ့ဗျား။”

“သူတို့၃ယောက်လုံးက မိန်းကလေးရဲ့ သက်တော်စောင့်တွေလို့ဆိုလိုတာလား။”

“ဟုတ်တယ်။”

“သူ့မှာ အဲ့ဒီလိုမျိုး သက်တော်စောင့်၃ယောက်ရှိနေရဲ့သားနဲ့တောင် မင်းရှေ့မှာ ဒူးထောက်ခဲ့သေးတယ်လား။”

“ဟုတ်ပါတယ်လို့ပြောနေ...”

အဘိုးအိုဟိုသည် နောက်ထပ် ဆက်လက်၍ပြောဆိုခြင်းမရှိတော့ဘဲ ခွက်ထဲသို့အရက်များကို ငဲ့ထည့်ပြီးတစ်ကျိုက်တည်း မော့သောက်လိုက်၏။

လုရှောင်ဖုန်းသည်လည်း သူ့ခွက်ထဲမှကျန်ရှိနေသေးသော အရက်များကိုမော့သောက်လိုက်ပြီး မေးမြန်းလိုက်ပြန်၏။ “ခုတော့ နားလည်သွားပြီလား။”

“အင်း...” အဘိုးအိုဟိုက ပြန်ဖြေလိုက်သည်။

“ကျုပ်ရှေ့မှာလာပြီး ဒူးထောက်ထိုင်ချခဲ့တာ ဘာအကြောင်းကြောင့်လို့ ခင်ဗျားထင်လဲ။”

“မင်းကို သူ့အတွက်အလုပ်တစ်ခုခု ခိုင်းချင်လို့နေမှာပေါ့။”

“အဲ့ဒီလိုမျိုး မိန်းကလေးတစ်ယောက်က ကျုပ်ရှေ့မှာ ဒူးထောက်ထိုင်ချခဲ့တာ ဘာအတွက်များလဲမသိဘူး။”

“ပြဿနာအကြီးကြီးတစ်ခု ဖြေရှင်းခိုင်းချင်လို့နေမှာပေါ့။”

“သူ့ကို ကျုပ်တစ်ခါမှ တွေ့ဖူးတာလည်းမဟုတ်ဘဲနဲ့ သူ့ပြဿနာတွေကို ဘာဖြစ်လို့လိုက်ရှင်းပေးရမှာလဲ။”

“ငတုံးတွေပဲ အဲ့လိုမျိုးလိုက်လုပ်ပေးလိမ့်မယ်။”

“ကျုပ်က ငတုံးတစ်ယောက်လား။”

“မင်းက ငတုံးတစ်ယောက်မဟုတ်ပါဘူး။”

“ခင်ဗျားသာ ကျုပ်နေရာမှာသာဆို ကျုပ်လိုပဲထွက်ပြေးမှာလား။”

“မင်းလိုပဲ အသည်းအသန်ထွက်ပြေးမှာပေါ့။ မင်းထက်တောင်မှ ဝေးဝေးပိုပြေးလိုက်ဦးမယ်။”

လုရှောင်ဖုန်းသည် သက်ပြင်းမောကြီးတစ်ချက်ချလိုက်၏။ ပြီးနောက် အားတင်းပြုံးပြီးပြောဆိုလိုက်သည်။ “ခင်ဗျားက အသက်သာကြီးလာတာ... အတွေးအခေါ်ကတော့ လျော့မသွားပါလား။”

အဘိုးအိုဟို-“ဒါပေမယ့် မင်းကတော့ငယ်ငယ်လေးနဲ့ ‘အ’လိုက်တာ။”

“အမ်...”

“အဲ့ဒီလိုမျိုးမိန်းကလေးတစ်ယောက်က မင်းရှေ့မှာဒူးထောက်ခဲ့ပါတယ်ဆိုမှတော့ ရှင်းရမယ့်ပြဿနာက ဘယ်သူမှမဖြေရှင်းနိုင်လို့ပေါ့ကွ။”

ထိုအချက်ကို လုရှောင်ဖုန်းလည်း သဘောတူပါသည်။

အဘိုးအိုဟိုက ဆက်ပြောနေ၏။ “အခုတော့ သူကမင်းကိုရှာတွေ့သွားခဲ့ပြီ။ မင်းလွတ်အောင်ပြေးနိုင်မယ်လို့ ထင်နေသေးလား။”

“သူပြန်လာရှာလိမ့်မယ်လို့ ဆိုလိုတာလား။”

“သူရောက်တောင် ရောက်နေလောက်ပြီ။”

လုရှောင်ဖုန်းက ပြုံးပြလိုက်သည်။ “ကျုပ်က ဘာမှတော့မစွမ်းပါဘူး။ ဒါပေမယ့် ထွက်ပြေးတဲ့နေရာမှာတော့ တော်တော်လေးကိုမြန်ပါတယ်။”

“သူများတွေ လိုက်လို့မမီအောင် ထွက်ပြေးနိုင်တယ်လို့ ပြောချင်တာလား။”

“လက်တစ်ဆုပ်စာ လူနည်းစုလေးတောင်မှ လိုက်လို့မမီအောင် ပြေးနိုင်တာ။”

အဘိုးအိုဟိုက နှာခေါင်းရှုံ့လိုက်သည်။

လုရှောင်ဖုန်း-“ဘာအတွက် နှာခေါင်းရှုံ့ရတာလဲ။”

“နှာခေါင်းရှုံ့ပါတယ်ဆိုမှတော့ နှာခေါင်းရှုံ့တာပဲပေါ့ကွ။”

“ခင်ဗျား ဘာကိုဆိုလိုတာလဲ ကျုပ်မသိဘူး။”

“မင်းမသိတာတွေ အများကြီးပါကွာ။”

လုရှောင်ဖုန်းက ရယ်မောနေလိုက်သည်။ “ဒါပေမယ့် ဒီအရက်စင်ထဲမှာ ဘယ်အရက်အိုးက အကောင်းဆုံးဆိုတာလောက်တော့ သိပါသေးတယ်ဗျာ။”

အရက်အိုးတစ်အိုးကို သူဆွဲယူလိုက်သည်။ တကယ်ပင် အကောင်းစားအရက်အိုးတစ်အိုးဖြစ်နေပြန်၏။ သူအရက်အိုးအဖုံးကို ဖွင့်တော့မည့်ဆဲဆဲတွင်... ‘ဝုန်း’... ကနဲအသံကျယ်ကြီးတစ်ခုထွက်ပေါ်လာခဲ့ကာ သူ၏ ရှေ့တည့်တည့်၊ ညာဘက်နှင့် ဘယ်ဘက်အသီးသီးတွင် အပေါက်ကြီး၃ပေါက် ဖြစ်ပေါ်သွားခဲ့ပြီး လူရိပ်များတွေ့လိုက်ရ၏။

လူ၃ယောက်သည် ထိုအပေါက်များမှတဆင့် အေးအေးဆေးဆေးပင် လျှောက်လှမ်းဝင်ရောက်လာလေတော့သည်။ ထိုသူများသည် လျူယုဟန်၊ ရှောင်ချီယုနှင့် တုကုဖန်းတို့ဖြစ်ကြလေသည်။

သူတို့အားလုံး၏ တည်ငြိမ်အေးဆေးမှုများကို ကြည့်ရသည်မှာ ထိုအပေါက်၃ပေါက်ကို သူတို့မဖောက်ဝင်လာခဲ့သည့်အလား။ ညလည်ရာမှပြန်လာပြီး မိမိတို့၏ကိုယ်ပိုင်အိမ်တွင်းသို့ တံခါးပေါက်မှ အေးအေးဆေးဆေး ဝင်ရောက်လာခဲ့ကြပုံမျိုးပင်။

ရှောင်ချီယုသည် ဘေးပတ်ဝန်းကျင်ကို မျက်စိကစားနေပြီး သူ့မျက်နှာပေါ်၌ အပြုံးတစ်ခုထင်ဟတ်နေ၏။ “ကျုပ်တို့ ပြတင်းပေါက်ကနေ ခုန်ဝင်လာခဲ့တာမဟုတ်ပါဘူး။”

“ဒါကြောင့်မို့လို့ ကျုပ်တို့တွေဟာ တောခွေးတွေမဟုတ်ကြဘူး။” တုကုဖန်းက စကားစသိမ်းလိုက်သည်။

ထိုသူနှစ်ယောက် စကားပြောဆိုရင်း လျှောက်လှမ်းလာကြပြီး ခုံလေးနှစ်ခုံကို ဆွဲယူပြီးထိုင်ချလိုက်ကြသည်။ သူတို့ထိုင်ချလိုက်သည်နှင့်တပြိုင်နက် ခုံနှစ်ခုံလုံး ကျိုးကြေသွားရလေတော့သည်။

လျူယုဟန်သည် အိပ်ယာပေါ်တွင် ထိုင်လိုက်၏။ သူထိုင်ချလိုက်စဉ်မှာပင် ခုတင်တစ်ခုလုံး ကျယ်လောင်သောအသံဖြင့် အောက်သို့ပုံကျသွားရပြန်သည်။

ရှောင်ချီယုက မျက်မှောက်ကြုတ်လိုက်သည်။ “ဒီအိမ်ထဲက ပရိဘောဂပစ္စည်းတွေက မခိုင်ခံ့ပါလား။”

“နောက်ဆိုရင် ဒီနေရာက ပရိဘောဂပစ္စည်းတွေ ကျုပ်တို့မဝယ်မိဖို့ သတိထားရတော့မယ်။” တုကုဖန်းမှ စကားအဆုံးသတ်ပေးလိုက်ပြန်သည်။

ထိုမှတ်ချက်များကို ပြောနေစဉ်မှာပင် နောက်ထပ်ပစ္စည်း ၅ခု ၆ခုလောက် ပျက်စီးသွားခဲ့ရပြန်သည်။

လုရှောင်ဖုန်းနှင့် အဘိုးအိုဟိုတို့သည် ထိုအရာများကို မမြင်တွေ့သည့်အလား တိတ်ဆိတ်စွာပင်ရှိနေကြလေသည်။

အဘိုးအိုဟိုသည် အရက်ကိုဖြည်းညင်းစွာ စုပ်သောက်နေ၏။ သူ၏မျက်နှာပေါ်၌ ဆုံးရှုံးနာကျင်ရသည့်အမူအရာများ စိုးစင်းမျှမပေါ်ထွက်ခဲ့ပါ။ ထိုသူများ ဖျက်ဆီးနေသည့်အရာများမှာ သူနှင့်မဆိုင်သည့်အလား။

ခဏလေးအတွင်းမှာပင် တစ်အိမ်လုံးရှိ အရာဝတ္ထုပစ္စည်းများအားလုံး ပျက်စီးသွားခဲ့ရလေတော့သည်။ အရက်စင်ပေါ်မှ အရက်အိုး ၂၀ ခန့်သည်လည်း ကွဲကျေကြရကုန်၏။

ရှောင်ချီယုသည် ဟိုဟိုသည်သည်ကြည့်နေပြီး ပြောဆိုလိုက်သည်။ “ကြည့်ရတာ အိမ်ပြိုကျတော့မယ်နဲ့တူတယ်။ အိမ်အသစ်တစ်လုံး မြန်မြန်ပြန်ဆောက်မှပါပဲ။”

တုကုဖန်းမှ မှတ်ချက်ပေးလိုက်သည်။ “ဒီအကြံကောင်းတယ်။”

သူတို့၃ယောက်လုံးသည် တစ်အိမ်လုံးကို တစ်စစီဆွဲဖြဲနေလိုက်ကြတော့သည်။ လုရှောင်ဖုန်းနှင့် အဘိုးအိုဟိုတို့သည် ထိုင်နေသည့်အတိုင်းပင်ရှိနေကြပြီး အရက်သောက်မပျက်။

အသံမျိုးစုံထွက်ပေါ်နေပြီး အိမ်၏နံရံလေးဘက်လုံးကို ကန်ထုတ်နေကြသည်။ ပြီးနောက် အိမ်အမိုးတစ်ခုလုံး လုရှောင်ဖုန်းနှင့် အဘိုးအိုဟိုတို့နှစ်ယောက် အရက်သောက်နေသောနေရာတည့်တည့်ပေါ်သို့ ပြိုဆင်းကျလာခဲ့၏။

ရုတ်တရက်ပင် သူတို့နှစ်ယောက်လုံး ပျောက်ကွယ်သွားခဲ့လေသည်။

တုကုဖန်းနှင့် ရှောင်ချီယုတို့သည် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ကြပြီး ဘေးဘီကိုလည်း လှည့်ကြည့်နေကြသည်။ လုရှောင်ဖုန်းတို့နှစ်ယောက်သည် အိမ်အပေါက်ကြီးရှေ့တည့်တည့်ရှိ မြက်ခင်းပြင်ပေါ်တွင် ထိုင်နေကြသည်။ နဂိုထိုင်နေသောခုံများပေါ်တွင် ထိုင်နေကြခြင်းဖြစ်ပြီး အရက်အိုး အရက်ခွက်နှင့် စားပွဲသည်လည်း နဂိုအတိုင်းပင် ရှိနေကြ၏။

ရှောင်ချီယုသည် သူတို့ကိုကြည့်ပြီးပြောဆိုနေ၏။ “လိုချင်တပ်မက်မှုဆိုတာ အရိုးဆွေးစေတဲ့အရာ။ အရက်ဆိုတာကတော့ ဝမ်းဗိုက်ကို ပုတ်သိုးစေတဲ့အရာပဲ။ အရက်ကြောင့်မို့လို့ ဘယ်သူ့ကိုမှ မထိခိုက်စေရဘူး။”

တုကုဖန်းမှ စကားကိုအဆုံးသတ်ပေးလိုက်ပြန်သည်။ “မှန်တယ်။ အရက်အိုးတစ်အိုးမှကို မချန်ထားသင့်ဘူး။”

ထို့ကြောင့်သူသည် စားပွဲရှိရာသို့ မှန်ကန်သည့်တရားဘက်တော်သားတစ်ယောက်၏ ဟန်မူရာမျိုးဖြင့် လျှောက်လှမ်းလာပြီး စားပွဲပေါ်တင်ထားသောအရက်အိုးကို မြေကြီးပေါ် ပြင်းထန်စွာပေါက်ချလိုက်သည်။

ဤတစ်ကြိမ်တွင်တော့ အရက်အိုးမကွဲသွားပါ။ ချက်ချင်းပင် စားပွဲပေါ်သို့ပြန်ရောက်လာ၏။

တုကုဖန်းတစ်ယောက် မျက်မှောင်ကြုတ်လိုက်ပြီး အရက်အိုးကို နောက်တစ်ကြိမ်ဆွဲယူပြီး ကိုင်ပေါက်လိုက်ပြန်သည်။ 

ဤတစ်ကြိမ်တွင်တော့ ဘာဖြစ်သွားမှန်း သူတွေ့လိုက်ရ၏။ အရက်အိုး မြေကြီးပေါ်မကျခင်လေးတွင် လုရှောင်ဖုန်း၏ လက်တစ်ဘက်က လျင်မြန်စွာထွက်ပေါ်လာပြီး အရက်အိုးကို မ’ယူသွားသည်ကို တွေ့လိုက်ရ၏။

တုကုဖန်းမှ နောက်တစ်ကြိမ် ဆွဲယူလွှင့်ပစ်လိုက်ပြန်သည်။ လုရှောင်ဖုန်းမှ ပြန်ဖမ်းယူခဲ့ပြန်သည်။ မျက်စိတစ်မှိတ်လျှပ်တစ်ပျက်အတွင်းမှာပင် တုကုဖန်းက အရက်အိုးကိုဆွဲယူလွှင့်ပစ်လိုက်သည်မှာ ၈ ကြိမ်ခန့်ရှိပြီး အကြိမ်တိုင်းလိုပင် အရက်အိုးသည် နေရာမပျက် စားပွဲပေါ်သို့ ပြန်ရောက်လာစမြဲပင်။ တုကုဖန်းသည် အရက်အိုးကို စိုက်ကြည့်နေလိုက်၏။ သူ့မျက်နှာ၌ မယုံကြည်နိုင်ခြင်းများဖြင့် အံ့အားသင့်လျက်...

အရက်အိုးကိုအကြာကြီးစိုက်ကြည့်နေပြီးမှ ရှောင်ချီယုဘက်သို့လှည့်ကြည့်လိုက်ကာ မချိပြုံးလေးဖြင့် ပြောဆိုလိုက်သည်။ “ဒီအရက်အိုးမှာ မကောင်းဆိုးဝါးကပ်နေတယ်။ ပေါက်ခွဲဖျက်ဆီးလို့မရနိုင်ဘူး။”

ရှောင်ချီယုမှ မေးမြန်းလိုက်သည်။ “ဘယ်လိုမကောင်းဆိုးဝါးမျိုးလဲ။”

“အရက်သမားမကောင်းဆိုးဝါးတစ်ကောင်ပေါ့။”

“ကျုပ်စမ်းသပ်ကြည့်လိုက်ဦးမယ်။”

ထိုနေရာသို့ သူလျှောက်လှမ်းလာနေလိုက်သည်။ သူ့ကိုကြည့်ရသည်မှာ ထိုနေရာတွင် လူနှစ်ယောက် အရက်ထိုင်သောက်နေကြသည်ကို မမြင်တွေ့သည့်အလား။ ရုတ်တရက် စားပွဲပေါ်မှအရက်အိုးကို ဆွဲယူပြီး တွန်းထုတ်လိုက်သည်။

အရက်အိုးသည် မီတာ ၃၀ အကွာအဝေးသို့ လွင့်ထွက်သွားခဲ့သော်လည်း အောက်သို့ကျမကွဲခဲ့ပါ။

အရက်အိုး လွင့်ပျံသွားသည်နှင့်တပြိုင်နက် လုရှောင်ဖုန်းသည်လည်း ပျံဝဲထွက်သွားခဲ့၏။ 

ထိုင်ခုံပေါ် လုရှောင်ဖုန်းပြန်ထိုင်သည့်အချိန်တွင် အရက်အိုးသည်လည်း စားပွဲပေါ်တွင်ပြန်ရောက်နေလေပြီ။

နောက်တစ်ကြိမ် ရှောင်ချီယုသည် အရက်အိုးကို တွန်းထုတ်လိုက်ပြန်သည်။ ဤတစ်ကြိမ်တွင် အရက်အိုးသည် ပို၍ဝေးသောနေရာသို့ လွင့်ပျံထွက်သွားခဲ့ပြန်သည်။ 

သူသည် မွေးရာပါသန်စွမ်းသူတစ်ယောက်ဖြစ်၏။ ယခုတွန်းထုတ်လိုက်သော သူ၏အင်အားသည် ကီလိုရာချီလေးလံသော သံတုံးတစ်တုံးကိုပင် အဝေးသို့ရောက်သွားအောင် စွမ်းဆောင်နိုင်လေသည်။

သို့သော် အရက်အိုးသည် မူလနေရာသို့ ပြန်ရောက်လာခဲ့ပြန်၏။ အရက်အိုးနှင့်အတူ လုရှောင်ဖုန်းပါ လိုက်ပါလာခဲ့ခြင်းဖြစ်သည်။

ရှောင်ချီယုသည် အံ့အားသင့်စွာ ရေရွတ်လိုက်မိတော့သည်။ “အရက်အိုးမှာ မကောင်းဆိုးဝါးပူးကပ်နေတာမှန်တယ်။ အတောင်ပံပါတဲ့ အရက်သမားမကောင်းဆိုးဝါးတစ်ကောင်ပဲ ဖြစ်ရမယ်။”

လျူယုဟန်က နှာခေါင်းတစ်ချက်ရှုံ့လိုက်သည်။ ဟင့်ကနဲရယ်မောလိုက်ပြီး စားပွဲဘေးသို့ ရုတ်တရက်ရောက်ရှိလာခဲ့၏။ ပြီးနောက်အရက်အိုးကို ဆွဲယူလိုက်ပြီး လက်နှစ်ဘက်ဖြင့်မြဲမြံစွာကိုင်ထားလိုက်သည်။ ထို့နောက် ရုတ်ချည်းပင် သူ၏ဦးခေါင်းဖြင့် အရက်အိုးကိုတိုက်ခွဲလိုက်လေတော့သည်။

ကျန်သည့်လူများက အရက်အိုးကိုရိုက်ခွဲရန်ကြိုးစားခဲ့ကြသော်လည်း သူ့ကိုကြည့်ရသည်မှာ ကိုယ့်ဦးခေါင်းကိုကိုယ် ရိုက်ခွဲနေခြင်းနှင့်တူနေ၏။

ရှောင်ချီယုက သက်ပြင်းချလိုက်သည်။ ဤတစ်ကြိမ်တော့ သံသယရှိစရာမလိုဘဲ အရက်အိုးကွဲသွားတော့မည်ထင်သည်။ သို့ရာတွင် လျူယုဟန်၏ဦးခေါင်းသည်လည်း အကောင်းအတိုင်းတော့ရှိနေနိုင်တော့မည်မဟုတ်။

သို့သော် သူ၏ဦးခေါင်းမကွဲခဲ့သလို အရက်အိုးသည်လည်း အကောင်းအတိုင်းပင်ရှိနေသေး၏။

လုရှောင်ဖုန်း၏လက်တစ်ဘက် ရုတ်တရက်ထွက်ပေါ်လာခဲ့ကာ အရက်အိုးကိုတစ်ဘက်သို့ ဆွဲယူထားလိုက်ပြီး လျူယုဟန်၏ဦးခေါင်းကို ကျန်လက်တစ်ဘက်ဖြင့် ထိန်းထားလိုက်လေသည်။

လျူယုဟန်သည် နှာခေါင်းတစ်ချက်ရှုံ့လိုက်ပြီး လုရှောင်ဖုန်း၏ဗိုက်ကို ခြေထောက်ဖြင့်ဆောင့်ကန်လိုက်သည်။ ထိုခြေကန်ချက်သည်လည်း အရာမထင်ခဲ့ပါ။

လုရှောင်ဖုန်းသည် ရုတ်တရက်ပင် သူ၏ခေါင်းပေါ်မှ ခုန်ပျံကျော်လွှားသွားပြီး သူ့နောက်ကျောဘက်သို့ ကျွမ်းတစ်ပတ်ပစ်ပြီး ရောက်ရှိသွား၏။ လက်ထဲတွင်တော့ အရက်အိုးသည် မဖိတ်မစဉ်ဘဲ ပွေ့ပိုက်ထားဆဲ။

လျူယုဟန်က နောက်ပြန်လှည့်ကန်လိုက်ပြန်သည်။ လုရှောင်ဖုန်းသည် ကျွမ်းတစ်ပတ်ပစ်ပြီး သူ့ရှေ့သို့ပြန်ရောက်လာပြန်၏။ ပြီးနောက် သက်ပြင်းချသံနှင့်အတူ လုရှောင်ဖုန်းထံမှ စကားသံထွက်ပေါ်လာခဲ့သည်။ “ဒီအရက်အိုးက ကျုပ်တို့ရဲ့နောက်ဆုံးအရက်အိုးပါ။ ခင်ဗျားမှာလည်း ဦးခေါင်းတစ်လုံးပဲရှိတယ်။ ဘာဖြစ်လို့များ အရက်အိုးကော ခင်ဗျားရဲ့ဦးခေါင်းကော ကွဲချင်နေရတာလဲ။”

လျူယုဟန်သည် သူ့ကိုစိုက်ကြည့်နေလိုက်သည်။ သူ၏အကောင်းအတိုင်းကျန်ရှိနေသော မျက်လုံးတစ်ဘက်က ကျန်မျက်လုံးတစ်ဘက်ကဲ့သို့ မည်းမှောင်ပြီး ဟောင်းလောင်းပေါက်ကြီးတစ်ခုဖြစ်လာသကဲ့သို့ပင်။

ရှောင်ချီယုသည် အူလှိုက်သည်းလှိုက်ရယ်မောနေလိုက်သည်။ “ဒီလူ့ကိုကြည့်ရတာ လုရှောင်ဖုန်းအစစ်များလားမသိဘူး။”

တုကုဖန်း-“ဖြစ်နိုင်တယ်။”

“လုရှောင်ဖုန်းကလွဲပြီး ဘယ်သူကများ အရက်အိုးတစ်လုံးအတွက် ဒီလောက်အပင်ပန်းခံခဲ့မှာလဲ။”

တုကုဖန်းသည်လည်း တဟားဟားအော်ဟစ်ရယ်မောနေလိုက်သည်။ “မှန်တယ်။ ဒီလောက်တုံးတဲ့လူမျိုး ကမ္ဘာပေါ်မှာ နောက်တစ်ယောက်မရှိနိုင်တော့ဘူး။”

ရှောင်ချီယုသည် လုရှောင်ဖုန်းလက်ထဲမှ အရက်အိုးကို စားပွဲပေါ်သို့ပြန်တင်ထားပေးရန် ဆွဲယူလိုက်သည်။

‘ခွမ်း’

အရက်အိုးသည် ရုတ်တရက်ပင် ကွဲထွက်သွားပြီး အိုးထဲရှိအရက်များသည်လည်း စားပွဲပေါ်သို့ဖိတ်စဉ်ကျသွားခဲ့ရ၏။ ရှောင်ချီယု၏လက်များနှင့် လုရှောင်ဖုန်း၏လက်များက အရက်အိုးပေါ်သို့ ဖိကပ်ထားခဲ့ခြင်းကြောင့်ဖြစ်၏။ ဤနေရာ၌ သာမန်အရက်အိုးတစ်လုံးမဟုတ်ဘဲ သံတုံးတစ်တုံးဆိုပါကလည်း ဤအတိုင်းပင် ကွဲကြေသွားရမည်သာ။

ရှောင်ချီယုသည် နောက်သို့ခြေတစ်လှမ်းဆုတ်သွားခဲ့ရပြီး အားတင်းပြုံးပြလိုက်သည်။ “အရက်အိုးကို ရိုက်ခွဲချင်တုန်းကတော့ မကွဲသွားခဲ့ရဘဲ မရိုက်ခွဲချင်တော့ပါဘူးဆိုတော့မှ ကွဲသွားခဲ့ရပြီ။”

လုရှောင်ဖုန်းက ဘာမှမဟုတ်သလိုပင် ပြန်ပြောလိုက်သည်။ “လောကကြီးထဲမှာ သူ့နဂိုအတိုင်းရှိနေတဲ့အရာတွေကို သူ့အတိုင်းပဲ ထားလို့ရပါလျက်နဲ့ ဘာဖြစ်လို့များ လေးလေးနက်နက်သဘောထားပြီး လုပ်ဆောင်ချင်နေရတာလဲ။”

ရှောင်ချီယု၏မျက်ဝန်းများတွင် ဝမ်းနည်းကြေကွဲသောအကြည့်များ ထွက်ပေါ်လာခဲ့ရပြီး ချာကနဲလှည့်ထွက်သွားခဲ့လေသည်။

လုရှောင်ဖုန်းပြောခဲ့သော စကားတစ်ခွန်းသည် သူ့အတိတ်မှဖြစ်ရပ်များကို တူးဆွလိုက်သလိုမျိုး ဖြစ်သွားခဲ့ပုံရသည်။

ထိုအချိန်၌ပင် သာယာချိုမြိန်သော စကားသံလေးထွက်ပေါ်လာခဲ့၏။ “ရွှေဂဠုန်မင်းဆက်ရဲ့ မင်းသမီးလေး တန့်ဖုန်း၊ အနီရောင်ဖီးနစ် မင်းသမီးလေးက ဆရာလုရှောင်ဖုန်းကို အခစားဝင်ဖို့ဖိတ်ခေါ်လိုက်ပါတယ်ရှင်။”

ထိုအသံရှင်သည် မျက်လုံးပြူးပြူးနှင့် ချစ်စရာကောင်းသော၊ ရိုးသားသောမျက်နှာထားရှိသည့် မိန်းကလေးတစ်ယောက်ထံမှ ထွက်ပေါ်လာခဲ့ခြင်းဖြစ်၏။

သူမသည် တရုတ်ဇီးခြံလေးရှေ့မှ ထွက်ပေါ်လာခြင်းဖြစ်သော်လည်း ကောင်းကင်ပေါ်မှ ရှိရှိသမျှ ကြယ်စင်ပြိုးပြိုးပြက်ပြက်လေးများက သူမ၏မျက်လုံးတွင်းတွင် ဝင်ရောက်ပျောက်ကွယ်နေကြသကဲ့သို့ လင်းလက်တောက်ပနေကြ၏။

လုရှောင်ဖုန်းက မေးမြန်းလိုက်သည်။ “အနီရောင်ဖီးနစ်မင်းသမီးလေး၊ မင်းသမီးလေးတန့်ဖုန်း... ဟုတ်လား။”

မိန်းကလေးသည် လုရှောင်ဖုန်းအား သူမ၏တောက်ပလင်းလက်နေသော မျက်လုံးလေးများဖြင့် စိုက်ကြည့်နေပြီး ပြောဆိုလိုက်သည်။ “မင်းသမီးလေးတန့်ဖုန်း (အနီရောင်ဖီးနစ်မင်းသမီးလေး)။ မင်းသမီးလေးရှောင်ဖုန်း (ဖီးနစ်ငှက်ငယ်လေး)မဟုတ်ဘူးရှင့်။”

လုရှောင်ဖုန်းသည် အဘိုးအိုဟိုဘက်သို့လှည့်ကြည့်ပြီး ပြောဆိုလိုက်သည်။ “တကယ်ပဲ မင်းသမီးလေးတစ်ပါးဖြစ်နေပါပေါ့လား။”

မိန်းကလေးက ပြန်ပြောနေသည်။ “၁၀၀ ရာခိုင်နှုန်း စစ်မှန်ပါတယ်ရှင်။”

မိန်းကလေးမှ ချိုသာစွာပြုံးပြနေလိုက်ပြန်သည်။ “ဆရာလု နောက်တစ်ကြိမ် ထွက်ပြေးသွားမှာကြောက်လို့ မင်းသမီးလေးက အပြင်ဘက်မှာ စောင့်နေပါတယ်ရှင်။”

သူမ၏ အပြုံးလေးက ချိုသာလှသော်လည်း စကားကို ဖြည်းညင်းစွာပြောဆိုနေခြင်းဖြစ်၏။ လုရှောင်ဖုန်းတစ်ယောက် ပြန်လည်၍ပြုံးပြရန်မှတစ်ပါး ဘာမှမတတ်နိုင်တော့ချေ။

မိန်းကလေးက သူ့ကိုစိုက်ကြည့်ပြီး မေးမြန်းလိုက်ပြန်သည်။ “မင်းသမီးလေးက အပြင်ဘက်မှာစောင့်ဆိုင်းနေပါတယ်။ ဆရာလုက သွားတွေ့ရဲပါ့မလားလို့ မေးချင်ပါတယ်ရှင်။”

အဘိုးအိုဟိုက ရုတ်တရက် ဝင်ရောက်ပြောဆိုလိုက်သည်။ “သူသွားတွေ့ရဲပါတယ်။ ဘာဖြစ်လို့ မတွေ့ရဲရမှာလဲ။”

တိတ်တိတ်ကလေးငြိမ်သက်နေတတ်သော လျှို့ဝှက်အဘိုးအိုက သူမကိုပြုံးပြလိုက်သည်။ “ဒီမင်းသမီးလေးကိုသာ သူသွားမတွေ့ရဲဘူးဆိုရင် သူ့မိတ်ဆွေအားလုံးရဲ့အိမ်တွေ ဒီလိုပဲအဖျက်အဆီးခံရမယ်နဲ့တူတယ်။”

ကောင်းကင်ပေါ်၌ မှိတ်တုတ်မှိတ်တုတ် ကြယ်ရောင်လေးများ လင်းလက်နေကြသည်။ လမင်းကြီးသည် တိမ်လွှာတိမ်တိုက်များကြားဝယ် အသိုက်လုပ်ပြီး အိပ်စက်နေ၏။ တရုတ်ဇီးရုံများကြားမှ မွှေးပျံ့သောရနံ့များ ထွက်ပေါ်လာခဲ့၏။ ထိုရနံ့များသည် တရုတ်ဇီးရုံများမှထွက်ပေါ်လာသောရနံ့များမဟုတ်ဘဲ ပန်းပွင့်များမှထွက်ပေါ်လာသော ပန်းရနံ့များဖြစ်၏။

ထိုရနံ့များသည် ခွေးတစ်ကောင်ထံမှ ထွက်ပေါ်လာခြင်းလည်းဖြစ်၏။ ခြေတံရှည်ရှည်ရှိပြီး သန်စွမ်းကျန်းမာသော အမဲလိုက်ခွေးတစ်ကောင်လည်းဖြစ်သည်။

ခွေးတစ်ကိုယ်လုံး ပန်းပွင့်ကွင်းများတပ်ဆင်ပေးထားပြီး နှုတ်သီးတွင်လည်း ပန်းခြင်းတစ်ခုကိုက်ချီလာနေ၏။

ပန်းခြင်းထဲမှ ရွှေရောင်တလက်လက်တောက်ပနေပြီး ၅၀ ကျပ်သားစီအလေးချိန်ရှိသော ရွှေတုံး ၄ တုံးကိုတွေ့မြင်နိုင်လေသည်။

မိန်းကလေးသည် ထိုပန်းခြင်းကိုယူဆောင်လာပြီး ချိုသာစွာပြောဆိုလိုက်သည်။ “ဒါကတော့ မင်းသမီးလေးက ပျက်စီးသွားခဲ့တာတွေအတွက် အလျော်ပြန်ပေးတာပါ။ ဆရာလုကပဲ လက်ခံပေးပါရှင်။”

လုရှောင်ဖုန်း မျက်တောင်များလှုပ်ခတ်လိုက်သည်။ “ဒါက ဘာအတွက်လဲ။ သူ့အိမ်ကို မင်းတို့ဖျက်ဆီးခဲ့လို့ပေးတဲ့ လျော်ကြေးလား။”

မိန်းကလေးက ခေါင်းညိတ်ပြလိုက်သည်။

လုရှောင်ဖုန်းက အကဲခတ်ကြည့်နေပြီး ပြောဆိုလိုက်သည်။ “ဒီရွှေတုံးလေးတွေက အားလုံးပေါင်း ၁ ပိဿာလောက်ရှိမယ်ထင်တယ်။ တော်တော်လေး တန်ဘိုးကြီးတာပဲ။”

သစ်သားအိမ်လေး သေးသေးလေးတစ်လုံးအတွက် ရွှေသား ၅၀ သားလောက်ဆိုလျှင်တောင် ဤလိုအိမ်ပေါင်းများစွာ ဆောက်လုပ်နိုင်လေသည်။ တော်တော်လေး တန်ဘိုးကြီးမားသော အလျော်အစားဖြစ်၏။

မိန်းကလေး-“ဒီက ဘဘကြီးက ကျမတို့ရဲ့ လျော်ပေးမှုကို ကျေးဇူးပြုပြီးလက်ခံပေးမယ်လို့ မျှော်လင့်ပါတယ်ရှင်။”

လုရှောင်ဖုန်း-“သူလက်ခံမှာမဟုတ်ဘူး။”

“ဘာဖြစ်လို့လဲ။”

“ဘာဖြစ်လို့လဲဆိုတော့ ရွှေ၁ပိဿာလောက်နဲ့တော့ သူ့အတွက် ဘာမှမပြောပလောက်ပါဘူး။ ဒီအိမ်ကို ပြန်လျော်ပေးချင်တယ်ဆိုရင်တော့ မင်းပေးတာ နည်းနည်းလေးတောင် လျော့နေသေးတယ်။”

“ဒီရွှေတုံးတွေက တစ်တုံးကို ၅၀ သားစီရှိပါတယ်ရှင်။”

“ကျုပ်ပြောနိုင်ပါတယ်။”

“ဒါတောင်မှ ဒီအိမ်လေးအတွက် မလောက်သေးဘူးလား။”

“နည်းနည်းလေး မလောက်သေးဘူး။”

“ဘယ်လောက်များ မလောက်တာလဲရှင်။”

“ဘယ်လောက်များများ မလောက်တာလဲဆိုတာတော့ ကျုပ်လည်းမသိဘူး။ ဒါပေမယ့် ကျပ်သား ၃၀၀၀၀ ဒါမှမဟုတ် ၄၀၀၀၀ လောက်ဆိုရင်တော့ လောက်ငမယ်ထင်တာပဲ။”

“ဘာကျပ်သား ၃၀၀၀၀၊ ၄၀၀၀၀၀ လဲရှင့်။”

“ရွှေသား ၃၀၀၀၀၊ ၄၀၀၀၀ ကိုပြောတာပါ။”

မိန်းကလေးက ရယ်မောနေလိုက်သည်။

“ကျုပ်ပြောတာကို မင်းမယုံဘူးပေါ့။”

မိန်းကလေးသည် အတောမသတ်နိုင်ဘဲ ရယ်မောနေ၏။ ဒါခေါင်းပုံဖြတ်တာပဲ။ သူမ မရယ်မောနေလို့ ဘာများလုပ်ရပါဦးမည်နည်း။ နောက်ထပ် သောင်းဂဏန်းချီသော ရွှေသားများကို အလျော်ပေးရမည်လား။

လုရှောင်ဖုန်းသည် သူထိုင်နေသော လှပစွာထွင်းထုထားသည့် ထိုင်ခုံလေးကို ကောက်ယူလိုက်သည်။ “ဒီထိုင်ခုံက ဘာထိုင်ခုံလဲဆိုတာ မင်းသိရဲ့လား။”

မိန်းကလေးက အရယ်မပျက်ပင် ပြောဆိုလိုက်သည်။ “လူထိုင်တဲ့ ထိုင်ခုံတစ်လုံးပေါ့။”

“ဒါပေမယ့် ဒီထိုင်ခုံလေးက လွန်ခဲ့တဲ့နှစ် ၄၀၀ လောက်တုန်းက အလွန်နာမည်ကြီးတဲ့ လက်သမားဆရာကြီး လုကျီရဲ့လက်ရာကွ။ ဒီပေါ်မှာထွင်းထုထားတဲ့ ကနုတ်ပန်းတွေက သူ့လက်ရာတွေ။ ဒီလိုမျိုးထိုင်ခုံ ၁၁ လုံးပဲရှိတယ်။ ဧကရာဇ်ရဲ့ နန်းတော်ထဲမှာ ၅ လုံးရှိပြီး ဒီမှာတော့ ၆လုံးတောင်မှရှိနေခဲ့တယ်။ ဒါပေမယ့် မင်းလူတွေက ၄ လုံးကိုဖျက်ဆီးခဲ့ကြပြီးပြီ။”

မိန်းကလေး၏မျက်လုံးများက ပြူးသည်ထက်ပို၍ပြူးလာခဲ့ကြပြီး မယုံကြည်နိုင်အောင်ဖြစ်နေရလေသည်။ သူမ၏ လှောင်ပြောင်ရယ်မောနေသံသည်လည်း ရုတ်ချည်းပင် ရပ်တန့်သွားခဲ့ရ၏။

လုရှောင်ဖုန်းက မေးမြန်းလိုက်သည်။ “ဒီအိမ်လေးမှာ အရင်က ဘယ်သူနေသွားခဲ့လဲသိလား။”

မိန်းကလေးက ခေါင်းခါပြလိုက်သည်။

“ဒီနေရာလေးက စာဆိုတော် လုဖန်းဝမ်ရဲ့ နွေရာသီစံအိမ်လေးပဲ။ နံရံတွေမှာ သူရေးခဲ့တဲ့ ကဗျာလေးတွေရှိနေခဲ့တယ်။ ခုတော့ အားလုံးတစ်စစီ စုတ်ပြတ်သွားခဲ့ရပြီ။”

မိန်းကလေး၏ မျက်လုံးများက ပို၍ပင်ပြူးကျယ်လာခဲ့ရတော့သည်။

လုရှောင်ဖုန်းသည် သူမကိုအကဲခတ်နေပြီးမှ မေးမြန်းလိုက်ပြန်သည်။ “ဒီအိမ်လေးမှာရှိတဲ့ သစ်သားစမှန်သမျှဟာ တန်ဘိုးမဖြတ်နိုင်လောက်တဲ့ ရှားပါးပစ္စည်းတွေချည်းပဲ။ မင်း နောက်ထပ် ရွှေသား ၃၀၀၀၀၊ ၄၀၀၀၀ လောက်ယူလာခဲ့ဦး.. တန်ဘိုးကတော့ လျော့နည်းမြဲလျော့နည်းနေဦးမှာပဲ။”

သူသည် ခပ်ပေါ့ပေါ့လေး ရယ်မောနေလိုက်သည်။ “ဒါပေမယ့် မင်းတို့ ကံကောင်းသွားပါတယ်။ ဒီကလူကြီးမင်းက မင်းတို့ကို အလျော်မတောင်းပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ မင်းတို့ပေးမယ့် ရွှေသားလေး ၃-၄ သောင်းလောက်က သူ့အတွက် ငှက်မွှေးလေးလောက်တောင်မှ တန်ဘိုးမရှိဘူး။”

မိန်းကလေးသည် နှုတ်ခမ်းတစ်ချက်သပ်လိုက်ပြီး အဘိုအိုအား မယုံကြည်နိုင်စွာ စိုက်ကြည့်နေ၏။

အဘိုးအိုဟိုသည် ထိုနေရာ၌ပင် အေးအေးဆေးဆေးထိုင်နေ၏။ ခွက်ထဲတွင်ကျန်ရှိနေသော အရက်ခွက်တစ်ဝက်ခန့်ကို ဖြည်းညင်းစွာအာရုံခံစားနေ၏။ ကြည့်ရသည်မှာ လောကကြီးတွင် ဤအရက်ခွက်လောက် သူ့ကိုစိတ်ဝင်စားအောင် ဘယ်အရာကမျှ စွမ်းဆောင်နိုင်ခြင်းမရှိသလိုပင်။

လုရှောင်ဖုန်းသည် တုကုဖန်းဘက်သို့လှည့်ပြီး ပြုံးပြလိုက်သည်။ “ခင်ဗျားကတော့ သိုင်းလောကမှာ တော်တော်လေး ဗဟုသုတကြွယ်၀တယ်လို့ ကျုပ်သိထားပါတယ်။ ဒါကြောင့်မို့လို့ သိုင်းလောကမှာ အချမ်းသာဆုံးပုဂ္ဂိုလ် ဘယ်သူလဲဆိုတာလောက်တော့ သိမယ်ထင်ပါတယ်။”

တုကုဖန်းသည် လေးကန်စွာဖြင့် ဖြေဆိုလိုက်သည်။ “နယ်မြေပိုင်ဆိုင်မှုအရပြောရမယ်ဆိုရင် ယန်စီမြစ်တောင်ဘက်ပိုင်းက ဟွာမိသားစုဖြစ်လိမ့်မယ်။ ရွှေငွေရတနာပစ္စည်းပိုင်ဆိုင်မှုအရ ပြောရရင် မဟာတံတိုင်းကြီးအတွင်းပိုင်း ရှန်စီးနယ်ထဲက ယန်မိသားစုဖြစ်လိမ့်မယ်။ ဒါပေမယ့် အချမ်းသာဆုံးပုဂ္ဂိုလ်ကို ပြောပါဆိုရင်တော့ ဟိုရှူးတစ်ယောက်ပဲ လက်ညှိုးထိုးပြစရာရှိတယ်။”

“ဟိုရှူးကဘယ်လိုလူစားမျိုးလဲ ခင်ဗျားသိလား။”

“သူဟာအချမ်းသာဆုံး လူတစ်ယောက်ဖြစ်နေပေမယ့်လည်း ရသေ့တစ်ယောက်လို ကျင့်ကြံနေထိုင်တတ်တယ်လို့ ကြားဖူးထားတယ်။ သူ့ကို တွေ့ဖူးသူလည်း သိပ်ပြီးတော့ များများစားစားမရှိလှပါဘူး။ ပေါင်းရသင်းရခက်တဲ့ လူ့ဂွစာကြီးတစ်ယောက်လို့ ကြားဖူးထားတာပဲ။ ဒါ့အပြင်...”

သူသည် ပြောနေသည့်စကားကို ရပ်တန့်လိုက်ပြီး အဘိုးအိုဟိုကို စိုက်ကြည့်နေလိုက်လေတော့သည်။

လူအားလုံးပင် သိလိုက်ကြရသည်မှာ ဤစကားနည်းရန်စဲသော လျှို့ဝှက်နိုင်လွန်းသည့် အဘိုးအိုသည် အချမ်းသာဆုံးသောလူသား ဟိုရှူးဖြစ်နေခြင်းကိုတည်း။

အဘိုးအိုဟိုသည် ရုတ်တရက်ပင် သက်ပြင်းတစ်ချက်ရှိုက်ပြီး ပြောဆိုလိုက်သည်။ “ကျုပ် ဒီမှာနေတာ လူတွေသိသွားပြီးတဲ့နောက်တော့ ဒီမှာဆက်နေလို့မဖြစ်တော့ဘူး။ မင်းပဲ အားလုံးယူလိုက်တော့။”

လုရှောင်ဖုန်းသည် မြေပြင်ပေါ်တွင် ပြန့်ကျဲနေသော သစ်သားစများကို စိုက်ကြည့်နေပြီး ပြောဆိုလိုက်သည်။ “အရင်တုန်းကဆိုရင် ကျုပ်ကြည့်ချင်လို့ ခဏလေးလောက်ငှားပါဆိုတာတောင်မှ ခင်ဗျား မငှားပေးခဲ့ဘူး။”

အဘိုးအိုဟိုက ခပ်အေးအေးပင် ပြန်ဖြေလိုက်သည်။ “မင်းကိုယ်တိုင် ခုလေးတင်ပဲပြောခဲ့တယ်မဟုတ်လား။ ဒီနေရာက ပစ္စည်းအားလုံးဟာ တန်ဘိုးကြီးပစ္စည်းတွေပဲဆိုတာ။ ဒါကြောင့်မို့လို့ မင်းကိုမငှားပေးခဲ့တာပေါ့။”

“အခုတော့ သစ်သားစတွေပဲ ဖြစ်သွားပြီဆိုတော့ ကျုပ်ကိုပေးခဲ့တော့မယ်ပေါ့လေ။”

“မှန်တယ်။”

လုရှောင်ဖုန်းသည် နောက်ဆုံးတွင် သက်ပြင်းချပြီးပြုံးပြနေလိုက်တော့သည်။ “ခုတော့ ခင်ဗျားဘယ်လိုချမ်းသာလာခဲ့လဲဆိုတာ ကျုပ်သိသွားပြီ။”

အဘိုးအိုဟို၏ မျက်နှာအမူအရာများက ပြောင်းလဲသွားခဲ့ခြင်းမရှိပါ။ သူ ခပ်အေးအေးပင် ပြန်ဖြေလိုက်သည်။ “မင်းသိထားသင့်တဲ့ အချက်တစ်ချက်ရှိနေသေးတယ်။”

“ဘာများလဲ။”

“မင်းထွက်ပြေးတဲ့အခါမှာ မင်းကိုအမီလိုက်နိုင်တဲ့လူ လောကကြီးထဲမှာ သိပ်ရှိလှတာမဟုတ်ဘူး။ ဒါပေမယ့် လူသားတွေကလွဲရင် မင်းကိုနောက်ယောင်ခံလိုက်နိုင်တဲ့ သတ္တဝါတွေအများကြီးရှိနေသေးတယ်။ ဥပမာဆိုပါတော့ကွာ...”

“ဥပမာပေးရရင် သိပ်ပြီးအနံ့ခံကောင်းတဲ့ အမဲလိုက်ခွေးတစ်ကောင်ပေါ့။” လုရှောင်ဖုန်းက ဖြည့်စွက်ပြောလိုက်သည်။

အဘိုးအိုဟိုသည် သက်ပြင်းတစ်ချက်ချလိုက်လေတော့သည်။ “မင်းဟာ ငတုံးတစ်ယောက်မှမဟုတ်တော့ဘဲ။ နောင်များဆိုရင် မင်းလည်းကြွယ်၀ချမ်းသာလာဦးတော့မှာ သေချာတယ်။”

++++++++++

မြင်းလှည်းသည် မည်းနက်နေပြီး ဆွဲနေသောမြင်းများကလည်း အနက်ရောင်တောက်တောက်ရှိနေကြ၏။ အနက်ရောင်မြင်းလှည်းတစ်စီးလုံးကို ရောင်စုံပန်းများ ချိတ်ဆွဲထား၏။

မိန်းကလေးက ပြောဆိုလိုက်သည်။ “မင်းသမီးလေး အထဲမှာစောင့်နေပါတယ်ရှင်။ ဘာဖြစ်လို့မဝင်သွားသေးတာလဲ။”

လုရှောင်ဖုန်းက မေးမြန်းလိုက်သည်။ “ကျုပ် အထဲကိုဝင်သွားရမှာလား။”

“အင်း.. ဟုတ်တာပေါ့။”

“ပြီးတော့ကော...”

“ပြီးတော့ ဒီမြင်းလှည်းက ရှင်မရောက်ဘူးသေးတဲ့နေရာဒေသတစ်ခုကို ခေါ်ဆောင်သွားပါလိမ့်မယ်။ အဲဒီနေရာကိုရောက်ရင် ရှင် နောင်တမရစေရဘူးလို့ ကျမ အာမခံပါတယ်။”

“မှန်လိုက်လေကွယ်။ ကျုပ်ဘယ်တော့မှ နောင်တရမှာမဟုတ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျုပ်မလိုက်သွားဘူးလို့ ဆုံးဖြတ်ထားလို့ပဲ။”

မိန်းကလေးသည် သူ့ကိုစိုက်ကြည့်နေပြီး အံ့အားသင့်စွာမေးမြန်းလိုက်သည်။ “ဘာဖြစ်လို့များလဲရှင်။”

“ကျုပ်မသိတဲ့နေရာဒေသတစ်ခုကို ကျုပ်မသိတဲ့လူတစ်ယောက်က ခေါ်သွားမှာကို ဘာဖြစ်လို့လိုက်ရမှာလဲ။”

မိန်းကလေးသည် မျက်လုံးများပုတ်ခတ်ပုတ်ခတ်လုပ်နေလိုက်သည်။ “ဘာလို့လဲဆိုတော့... ဘာလို့လဲဆိုတော့ ရှင်သာ လိုက်လာရင် ကျမတို့က ရှင့်ကို ရွှေတွေအများကြီးပေးမှာပေါ့။”

လုရှောင်ဖုန်းက ရယ်မောနေလိုက်သည်။

မိန်းကလေးမှ မေးမြန်းလိုက်သည်။ “ရှင်က ရွှေမကြိုက်ဘူးလား။”

“ကျုပ်ကြိုက်ပါတယ်။ ဒါပေမယ့် ရွှေအတွက်နဲ့တော့ ကျုပ်အသက်မစွန့်နိုင်ဘူး။”

မိန်းကလေးသည် မျက်လုံးများ ဝိုက်ဝဲပြီး ဟိုဟိုသည်သည်ကြည့်နေလိုက်သည်။ ပြီးမှ တိုးတိုးလေးညည်းတွားလိုက်၏။ “မြင်းလှည်းထဲမှာ တိတ်ဆိတ်ငြိမ်သက်နေပါတယ်။ မင်းသမီးလေးကလည်း အလွန်ပဲချောမောလှပပါတယ်။ သွားရမယ့်ခရီးကလည်း ရှည်လျားလှတော့ လမ်းခရီးမှာ ဘာတွေဖြစ်လာနိုင်လဲဆိုတာ ဘယ်သူပြောနိုင်မှာလဲရှင်။”

လုရှောင်ဖုန်းက ပြုံးပြီးပြောဆိုလိုက်တော့သည်။ “အခုမှပဲ စိတ်ဝင်စားစရာကောင်းလာပြီ။”

မိန်းကလေး၏ မျက်လုံးများကတောက်ပလာခဲ့ကြသည်။ “ဒါဆိုရင် ရှင်မြင်းလှည်းထဲသွားတော့မယ်ပေါ့။”

“မသွားဘူး။”

“ဘာဖြစ်လို့လဲရှင်။”

လုရှောင်ဖုန်းသည် ခပ်အေးအေးပင် ပြန်လည်ပြောဆိုလိုက်၏။ “ကျုပ်မိန်းမချောတွေကို ကြိုက်နှစ်သက်ပါတယ်။ ဒါပေမယ့် မိန်းမချောတစ်ယောက်အတွက်နဲ့တော့ ကျုပ်အသက်ကို မစွန့်စားနိုင်သေးဘူး။”

“ဒါဆိုရင် ဘာအတွက်ကိုများ ရှင့်အသက်ကိုစွန့်စားမယ်လို့ ဆုံးဖြတ်ထားပါလဲရှင်။”

“ကျုပ်ကိုယ်တိုင်အတွက်ပေါ့။”

“ရှင့်အတွက်ကလွဲလို့ တခြားလူတွေအတွက် ရှင့်အသက်ကို စွန့်စားလိမ့်မယ်မဟုတ်ဘူးပေါ့။”

“မှန်တယ်။”

မိန်းကလေး၏ မျက်လုံးများက ဟိုဟိုသည်သည် ဝေ့ဝိုက်ကြည့်နေလိုက်ကြသည်။ “ဟွာမင်းလိုအတွက်ဆိုရင်ကော။”

လုရှောင်ဖုန်း အံ့အားသင့်သွားခဲ့ရလေသည်။ “ဟွာမင်းလို...”

မိန်းကလေးက ခပ်အေးအေးလေးပင် ပြောဆိုနေလိုက်သည်။ “ဟွာမင်းလို ဘယ်သူလဲလို့ ကျမပြောစရာမလိုတော့ဘူး ထင်ပါတယ်ရှင်။ သူက ရှင့်ကိုအဲ့ဒီနေရာမှာ စောင့်နေပါတယ်။ ရှင်သာလိုက်မလာခဲ့ဘူးဆိုရင် သူတော်တော်လေး စိတ်ဓာတ်ကျသွားမယ်ထင်တယ်။”

“သူသာကျုပ်ကို လိုက်စေချင်ရင် သူကိုယ်တိုင်လာပြောမှာပေါ့။”

“သူမလာနိုင်တော့ပါဘူးရှင်။”

“ဘာဖြစ်လို့လဲ။”

“ဘာဖြစ်လို့လဲဆိုတော့ သူဘယ်ကိုမှမသွားနိုင်တော့ပါဘူးရှင်။”

“သူ မင်းတို့လက်ထဲ ကျရောက်နေပြီလို့ ပြောချင်တာလား။”

“မှန်ပါတယ်ရှင်။”

လုရှောင်ဖုန်းတစ်ယောက် အူလှိုက်သည်းလှိုက်ရယ်မောနေ၏။ အူလှိုက်သည်းလှိုက်ရယ်မောနေသည်မှာ ကမ္ဘာပေါ်တွင် အရယ်ရဆုံးပျက်လုံးတစ်ခုကို ကြားလိုက်ရသလိုမျိုးဖြစ်၏။ ဗိုက်ကိုနှိပ်ပြီး ခါးကုန်းသွားရသည်ထိပင် ရယ်မောနေ၏။

မိန်းကလေးကစိတ်မရှည်နိုင်တော့ဘဲ မေးမြန်းလိုက်သည်။ “ကျမပြောခဲ့တဲ့စကားမှာ ဘာရယ်စရာများပါလို့လဲရှင့်။”

လုရှောင်ဖုန်းသည် ရယ်မောနေရင်းဖြေဆိုလိုက်သည်။ “မင်းကိုရယ်နေတာပေါ့။ မင်းက ကလေးသာသာ ချာတိတ်တစ်ယောက်ပဲ ရှိသေးတယ်။ ဘယ်လိုလိမ်ပြောရမှန်းတောင်မသိသေးဘူး။”

မိန်းကလေး ရှက်သွားပြီး ဟင့်သံတစ်ချက်ပြုလိုက်သည်။

“မင်းတို့သာ ဟွာမင်းလိုကိုခေါ်ထားနိုင်ခဲ့တယ်ဆိုရင် ဒီလောကကြီးထဲမှာ မင်းတို့မလုပ်နိုင်တာ ဘာမှမရှိတော့ဘူး။ ဘာဖြစ်လို့များ ကျုပ်ကိုလာပြီးဒုက္ခပေးချင်နေရသေးတာလဲ။”

မိန်းကလေးက ပြုံးပြလိုက်သည်။ “အင်း... ရှင်ငတုံးငအ တစ်ယောက်တော့မဟုတ်ဘူး။ ဒါပေမယ့်လည်း ဉာဏ်ကောင်းထက်မြက်သူတစ်ယောက်လားဆိုတော့လည်း မဟုတ်ပြန်ဘူး။”

လုရှောင်ဖုန်း-“အိုး...”

“ရှင်သာ ဦးနှောက်ကောင်းတဲ့လူတစ်ယောက်ဆိုရင် ခုချိန်လောက်ဆို အချက်၂ချက်ကို စဉ်းစားမိနေလောက်ပြီးပြီ။”

“အမ်...”

“ပထမဆုံးအချက်က ကျမဟာ ကလေးသာသာချာတိတ်တစ်ယောက် မဟုတ်ဘူးဆိုတာပဲ။ ကျမဟာ မင်းသမီးလေးတန့်ဖုန်းရဲ့ ဝမ်းကွဲအစ်မတစ်ယောက်ပါ။ သူက ၁၉နှစ်၊ ကျမက အသက်၂၀ရှိပြီ။”

ထိုစကားများက လုရှောင်ဖုန်းတစ်ယောက်ကို အူကြောင်ကြောင်ဖြစ်သွားစေပြီး ရယ်မောနေခြင်းလည်း ရပ်တန့်သွားခဲ့ရ၏။ ပြီးနောက် ထိုမိန်းကလေးကို အပြန်ပြန်အလှန်လှန် စိုက်ကြည့်အကဲခတ်နေရာ မည်သို့ပင်ကြည့်ကြည့် မိန်းကလေး၏အသက်မှာ ၁၂ နှစ်အရွယ်ကလေးတစ်ယောက်သာဖြစ်နေ၏။ အသက်၂၀အရွယ် အပျိုလေးတစ်ယောက် မည်သို့မျှမဖြစ်နိုင်။

မိန်းကလေးက ခပ်အေးအေးပင် ဆက်ပြောနေ၏။ “တချို့လူတွေဟာ အရပ်မထွက်နိုင်ကြဘူးဆိုတာ ရှင်လည်းသိမှာပါ။ တချို့ အသက်၆၀၊ ၇၀ အရွယ်အဘွားကြီးတွေဆိုရင် ကျမထက်တောင်မှ အရပ်ပုနေသေးတာပဲ။ ရှင်မြင်ဖူးဘူးလား။”

မိန်းကလေးပြောနေသမျှကို ယုံကြည်ရန်ခက်ခဲနေသော်လည်း သူမပြောသည့်လူများ အပြင်တွင်တကယ်ရှိနေကြမှန်းကိုတော့ လုရှောင်ဖုန်း သိထားလေသည်။

မိန်းကလေးက ဆက်၍ပြောဆိုလိုက်ပြန်သည်။ “ဒုတိယအချက်က ဟွာမင်းလိုဟာ ရှင့်လိုမဟုတ်ဘူး။”

“ဟုတ်တယ်။ ကျုပ်လိုမဟုတ်ဘူး။ သူကကျုပ်ထက်တောင်မှ ပိုပြီးဉာဏ်ကောင်းသေးတယ်။”

“သူဟာလူကောင်းတစ်ယောက်လည်း ဖြစ်နေပြန်သေးတယ်။”

“မှန်တယ်။ ကျုပ်ကတော့ လူကောင်းတစ်ယောက်မဟုတ်ဘူး။”

“အထူးသဖြင့် ရှင်ဟာလူကောင်းတစ်ယောက်မဟုတ်လို့ သူများတွေလိမ်ညာပြောသမျှကို မယုံကြည်တတ်ဘူး။ ဒါပေမယ့် ဟွာမင်းလိုကတော့ ဘယ်သူပြောပြောယုံတယ်။ ဒါကြောင့်မို့လို့ သူ့ကိုလိမ်ညာရတာ ပိုပြီးတော့တောင် လွယ်ကူနေသေးတယ်။”

လုရှောင်ဖုန်းသည် သူမကို အပြန်ပြန်အလှန်လှန်ကြည့်နေပြီး မေးမြန်းလိုက်၏။ “မင်းက တကယ်ပဲ အသက်၂၀ ရှိပြီလား။”

“ပြီးခဲ့တဲ့လကမှ ၂၀ ပြည့်ခဲ့တာ။”

လုရှောင်ဖုန်းသည် သူမကိုပြုံးပြီးကြည့်နေလိုက်၏။ “ကောင်းပြီလေ။ မင်းကအသက် ၂၀ ရှိပြီဆိုတော့ တစ်ခုလောက် ကျုပ်ပြောချင်တယ်။ အသက်၂၀အရွယ်ရှိတဲ့လူတစ်ယောက် သိထားသင့်တာကတော့ လူကောင်းမဟုတ်တဲ့ကျုပ်လိုလူတစ်ယောက်က ဘယ်မိတ်ဆွေသူငယ်ချင်းအတွက်မှ ကိုယ့်အသက်ကို စွန့်ပြီးကယ်တင်မှာ မဟုတ်ဘူးဆိုတာပဲ။ ဘယ်မိတ်ဆွေသူငယ်ချင်းအတွက်မှဆိုတာ....နားလည်လား။”

မိန်းကလေးသည် လုရှောင်ဖုန်းကို စိုက်ကြည့်နေ၏။ “ဩ... ဟုတ်လား။”

“ဟုတ်ပ။”

++++++++++

မြင်းလှည်းထွက်ခွာသွားသောအခါ လှည်းပေါ်တွင် လုရှောင်ဖုန်း လိုက်ပါသွားလေသည်။ 

မြင်းလှည်းအတွင်းတွင် မျိုးစုံသောပန်းပွင့်များ ကြဲဖြန့်ထား၏။ ပန်းပွင့်ပုံပေါ်တွင် မင်းသမီးလေးတန့်ဖုန်းသည် ကမ္ဘာပေါ်တွင် အရှားပါးဆုံးဖြစ်သော နှင်းဆီနက်တစ်ပွင့်လို ထိုင်နေ၏။ သူမ၏ မျက်ဆံလေးများကလည်း အနက်ရောင် တောက်ပြောင်နေကြသည်။ သူမသည် လုရှောင်ဖုန်းကို စိုက်ကြည့်နေလေသည်။

လုရှောင်ဖုန်းက သူမကိုမကြည့်နေပါ။ မျက်လုံးများမှိတ်ထားခဲ့ပြီး တရေးတမောအိပ်ပျော်ရန် ကြိုးစားနေပုံရသည်။

မင်းသမီးလေးတန့်ဖုန်းသည် သူ့ကိုစိုက်ကြည့်နေရာမှ ရုတ်တရက်ပြုံးပြီး ချိုသာစွာပြောဆိုလိုက်သည်။ “ခုနလေးတင်ပဲ ကျမစဉ်းစားနေတာ... ရှင်မလိုက်လာတော့ဘူးလားလို့။”

လုရှောင်ဖုန်းက မည်သည့်မှတ်ချက်မှ ပြန်မပေးခဲ့ပါ။

“ဘယ်မိတ်ဆွေသူငယ်ချင်းတစ်ယောက်အတွက်မှ ရှင့်အသက်ကိုမစွန့်စားဘူးလို့ ပြောခဲ့တာ ကျမကြားခဲ့ပါတယ်။”

လုရှောင်ဖုန်းက ပျင်းရိပျင်းတွဲဖြေဆိုလိုက်သည်။ “ဘယ်မိတ်ဆွေသူငယ်ချင်းတစ်ယောက်အတွက်မှ ကျုပ်အသက်စွန့်စားမှာ မဟုတ်ဘူး။ ခုလည်းမဟုတ်သလို နောင်လည်းမလုပ်ဘူး။ ဒါပေမယ့် သူငယ်ချင်းတစ်ယောက်အတွက် လှည်းပေါ်ကိုတော့ လိုက်လာနိုင်ပါသေးတယ်။”

မင်းသမီးလေးတန့်ဖုန်းက ရယ်မောနေလိုက်သည်။ သူမရယ်မောနေသောအခါ သင်၏မျက်စိရှေ့မှောက်၌ ပန်းခြံကြီးတစ်ခုအတွင်းမှ ပန်းပွင့်များ ရုတ်တရက် ပွင့်ဖူးလာကြသလိုပင် လင်းလက်တောက်ပနေ၏။

လုရှောင်ဖုန်းသည် မျက်စိနှစ်လုံးကို ခပ်စင်းစင်းလေးဖွင့်ကြည့်လိုက်၏။ ခဏသာဖြစ်ပြီး မျက်လုံးများ ပြန်မှိတ်ထားလိုက်လေတော့သည်။

မင်းသမီးလေးတန့်ဖုန်းက ချိုသာစွာမေးမြန်းလိုက်သည်။ “ရှင် ကျမကိုမကြည့်နေဘူးပေါ့လေ။ ဘာဖြစ်လို့များလဲ။”

“ဘာဖြစ်လို့လဲဆိုတော့ ဒီလှည်းအိမ်လေးက ကျဉ်းကျဉ်းလေး။ ကျုပ်ကလည်း မြှူဆွယ်မှုကိုခံနိုင်ရည်ရှိတဲ့ ယောက်ျားတစ်ယောက်မဟုတ်ဘူး။ မျက်စိမှိတ်ထားတာပဲကောင်းပါတယ်။”

“ကျမကရှင့်ကို မြှူဆွယ်မှာကို ကြောက်နေတယ်ပေါ့။”

“မင်းအတွက်လည်း ကျုပ်အသက်ကိုမစွန့်စားချင်ဘူး။”

“ကျမကရှင့်ကို အသက်စွန့်စားပြီး အကူအညီပေးပါလို့ တောင်းဆိုလာလိမ့်မယ်ဆိုတာ ဘယ်လိုလုပ်ပြီးသိနေရတာလဲ။”

“ဘာလို့လဲဆိုတော့ ကျုပ်က ငတုံးတစ်ယောက်မှမဟုတ်တာ။”

မင်းသမီးလေးတန့်ဖုန်းသည် မြင်းလှည်းထဲမှ ပန်းပွင့်လေးတစ်ပွင့်ကို ကောက်ယူလိုက်ပြီး အတန်ကြာမျှ စူးစူးစိုက်စိုက်ကြည့်နေ၏။ ပြီးနောက် သက်ပြင်းချသံနှင့်အတူ ပြောဆိုလိုက်သည်။ “ရှင်ပြောတာမှန်ပါတယ်။ ဒီနေ့ ကျမတို့ ရှင့်ဆီရောက်လာခဲ့တယ်ဆိုတာကလည်း ရှင့်ဆီမှာအကူအညီတစ်ခုတောင်းခံစရာ ရှိနေလို့ပါ။ ဒါပေမယ့် ရှင့်ကို ကျမမမြှူဆွယ်ချင်သလို မြှူဆွယ်ဖို့လည်း မလိုအပ်ပါဘူး။”

“အို့အို...”

“ဘာဖြစ်လို့လဲဆိုတော့ လောကကြီးမှာ သူငယ်ချင်းမိတ်ဆွေတွေအတွက် ဘာမဆိုလုပ်ပေးမယ့်လူစားမျိုး ရှိနေသေးလို့ပါ။”

“ဘယ်လိုလူစားမျိုးကိုပြောတာလဲ။”

“ရှင့်လိုလူစားမျိုးပေါ့ရှင်။”

လုရှောင်ဖုန်းသည် သဘောကျစွာပြုံးလိုက်လေ၏။ “ကျုပ်ကိုယ်ကျုပ်တောင်မှ ကိုယ်ဘယ်လိုလူစားမျိုးလဲဆိုတာ မသိသေးတာ။ မင်းကဘယ်လိုလုပ်ပြီး သိနေရတာလဲ။”

“ရှင့်နဲ့ကျမ တစ်ခါမှမတွေ့ဖူးခဲ့ကြပါဘူး။ ဒါပေမယ့် ရှင့်အကြောင်းတွေကိုတော့ ကျမကြားနေခဲ့ဖူးပါတယ်။”

လုရှောင်ဖုန်း နားထောင်နေလိုက်သည်။ သူ့အကြောင်းကို မသိသူတစ်ယောက် ဤလောကကြီးထဲတွင် ရှိနေသေးသည်ဆိုလျှင် ထိုသူသည် သူကိုယ်တိုင်ပဲဖြစ်လိမ့်မည်။

မင်းသမီးလေးတန့်ဖုန်း-“ကျမကြားဖူးတာကတော့ ရှင်ဟာ ချီးထုပ်တစ်ယောက်လို့ လူအတော်များများက ပြောကြတယ်။ ဒါပေမယ့် တစ်ချိန်ထဲမှာပဲ သူတို့တွေ ဝန်မခံချင်လည်းဘဲ ဝန်ခံရတာက ရှင်ဟာ ဒီလောကကြီးမှာ ချစ်စရာအကောင်းဆုံး ချီးထုပ်တစ်ယောက်ဖြစ်နေတယ် ဆိုတာပဲ။”

လုရှောင်ဖုန်း သက်ပြင်းတစ်ချက်ချလိုက်သည်။ ထိုစကားက သူ့ကိုနှိမ့်ချပြီးပြောဆိုခဲ့ခြင်းလော၊ ချီးမွမ်းမှတ်ချက်ပေးသော စကားလောဆိုသည်ကို သူမဆုံးဖြတ်တတ်ပါ။ သို့သော်သူ၏ မျက်စိများကိုတော့ ဖွင့်ကြည့်လိုက်လေတော့သည်။

မင်းသမီးလေးတန့်ဖုန်းက ဆက်၍ပြောဆိုနေ၏။ “သူတို့တွေအားလုံး ပြောကြတာကတော့... ရှင်ဟာအပြင်ဘက်မှာကျတော့ ချေးပုံထဲကျထားခံရတဲ့ ကျောက်တုံးတစ်တုံးလိုပဲတဲ့။ မာကျောပြီး ပုပ်စော်နံနေတယ်။ ဒါပေမယ့် ရှင့်ရဲ့အတွင်းစိတ်ကျတော့ တို့ဟူးတုံးလေးထက်တောင်မှ ပိုပြီးပျော့ပြောင်းနေသေးတယ်တဲ့။”

လုရှောင်ဖုန်း ပြုံးနေလိုက်၏။ ယခုအချိန်တွင် သူလုပ်နိုင်သောတစ်ခုတည်းသောအလုပ်မှာ ပြုံးနေလိုက်ခြင်းပင်ဖြစ်၏။

မင်းသမီးလေးတန့်ဖုန်းက ရယ်သံစွက်စွက်လေးဖြင့် ဆက်ပြောနေပြန်သည်။ “ဘာပဲပြောပြောပါ။ ကောလာဟလတွေဆိုတာက ယုံလို့ရတာမှမဟုတ်တာ။ ဒါပေမယ့် သူတို့အားလုံးပြောခဲ့တဲ့အထဲမှာ တစ်ခုတည်းသောအချက်ကတော့ မှန်ကန်နေတယ်။”

“အဲ့ဒါက ဘာလဲ။”

“သူများတွေပြောနေကြတဲ့ ရှင့်ဆီမှာ မျက်ခုံးလေးခုရှိနေတယ်ဆိုတာ ကျမအရင်တုန်းက နားမလည်နိုင်ခဲ့ဘူး။ ခုမှပဲ နားလည်သွားတော့တယ်။”

လုရှောင်ဖုန်း၏ မေးရိုးအောက်သို့တွဲကျသွားပြီး ပါးစပ်အဟောင်းသား ရှုံ့မဲ့နေရလေသည်။ သူ့မျက်နှာရှုံ့မဲ့သွားသလို သူ၏နှုတ်ခမ်းမွှေးများလည်း ရှုံ့မဲ့သွားခဲ့ရ၏။

မင်းသမီးလေးတန့်ဖုန်းက ဆက်၍ပြောဆိုနေသည်။ “ဒီအကြောင်းတွေကို ဘယ်သူ့ဆီက ကြားခဲ့ရတာလဲသိလား။”

ပါးစပ်အဟောင်းသားနှင့် လုရှောင်ဖုန်းမှ မေးမြန်းလိုက်သည်။ “မင်းတို့ဆီမှာ တကယ်ပဲ ဟွာမင်းလို ရောက်နေတာလား။”

“ကျမက ရှင့်ကိုဘာကိစ္စညာပြောရမှာလဲ။ မကြာခင်မှာပဲ သူနဲ့ရှင်တွေ့ရတော့မှာပါ။”

“သူမျက်စိမမြင်ပေမယ့် အန္တရာယ်အနံ့အသက်ကို ၅ မိုင်အကွာလောက်ကနေ ခံစားမိတတ်ရဲ့သားနဲ့ မင်းတို့လက်ထဲ ဘယ်လိုလုပ်ပြီးများ ရောက်သွားရတာလဲဆိုတာ ကျုပ်စဉ်းစားလို့မရဘူး။”

“ဘာဖြစ်လို့လဲဆိုတော့ သူဟာလူရိုးတစ်ယောက်ဖြစ်နေလို့။ ယောက်ျားတစ်ယောက်လည်း ဖြစ်နေလို့။ ယောက်ျားရိုးတစ်ယောက်ဟာ မိန်းမလည်လေးတစ်ယောက်နဲ့ ဆုံတွေ့ခဲ့မယ်ဆိုရင် လှည့်ဖျားမခံရဘူးဆိုတာ နည်းပါတယ်။”

လုရှောင်ဖုန်း၏ အမူအရာများက အေးစက်စက်ဖြစ်သွားခဲ့ပြီး ခပ်မာမာမေးမြန်းလိုက်သည်။ “မင်းနဲ့တွေ့ခဲ့တာလား။”

မင်းသမီးလေးတန့်ဖုန်းက သက်ပြင်းတစ်ချက်ချလိုက်သည်။ “တစ်ခါတစ်ရံမှာ ကျမအနေနဲ့ လူတွေကိုလှည့်ဖျားချင်တယ်ဆိုဦးတော့... လှည့်ဖျားခြင်းအတတ်ပညာကို ဒီထက်၁၀ဆ မက တတ်မြောက်ကျွမ်းကျင်ထားတယ်ဆိုဦးတော့... ရှန့်ကွမ်းဖေးယန်နဲ့ယှဉ်လိုက်ရင် ပမွှားလေးပါ။”

“ရှန့်ကွမ်းဖေးယန်... ဟုတ်လား။”

“ရှူးအော်ရဲ့ အစ်မလေ။ ရှန့်ကွမ်းဖေးယန်...”

“ရှူးအော်ဆိုတာက...”

“ရှူးအော်ဆိုတာ ကျမရဲ့ဝမ်းကွဲညီမလေးပါ။ ခုနလေးတင် ရှင်နဲ့စကားပြောနေခဲ့တဲ့ ချာတိတ်မလေးပေါ့။”

“သူက မင်းရဲ့ဝမ်းကွဲအစ်မ မဟုတ်ဘူးလား။”

မင်းသမီးလေးတန့်ဖုန်းက သဘောကျစွာရယ်မောလိုက်သည်။ “သူက ၁၂နှစ်သမီးလေးပဲ ရှိသေးတယ်။ ဘယ်လိုလုပ်ပြီး ကျမရဲ့အစ်မဖြစ်နိုင်ရမှာလဲ။”

လုရှောင်ဖုန်းတစ်ယောက် ဘာလုပ်၍ဘာကိုင်ရမှန်းပင်မသိတော့။ ဟားတိုက်၍ပင် ရယ်မောနေရမည်လား... ချုံးပွဲချငိုကြွေးလိုက်ရမည်လား... 

သူလိုလူမျိုးတစ်ယောက်က ၁၂နှစ်သမီးအရွယ်ချာတိတ်မလေးတစ်ယောက်ရဲ့ လှည့်စားလိမ်ညာခြင်း ခံခဲ့ရသည်ဆိုခြင်းကို လုံး၀ခံစား၍မရနိုင်ပါ။

ညီမလုပ်သူတောင် ဤလိုပုံစံမျိုးဆိုပါက အစ်မလုပ်သူအတွက် တွေးပင်မတွေးရဲတော့။

သူ၏ မချိုမချဉ် ငိုမဲ့မဲ့မျက်နှာကိုကြည့်နေရင်း မင်းသမီးလေးတန့်ဖုန်းက ခစ်ကနဲရယ်မောမိလိုက်လေတော့သည်။ “အဲ့ဒီမိုက်ခဲမလေးက လိမ်ညာပြောပြီဆိုရင် မျက်တောင်ခတ်တာတောင်မဟုတ်ဘူး။ ဘာလဲ... ရှင်ကော သူ့အလိမ်ခံခဲ့ရလို့လား။”

လုရှောင်ဖုန်းသည် မချိသွားဖြဲ ရယ်မောနေလိုက်သည်။ “အနည်းဆုံးတော့ ဟွာမင်းလိုတစ်ယောက် ဘယ်လိုမျိုး လှည့်စားခံခဲ့ရတယ်ဆိုတာ ကျုပ်သိလိုက်ရပါပြီ။”

“သူဟာ ကျမတို့လက်ထဲမှာရှိနေတယ်ဆိုပေမယ့် သူ့ကိုတော့ ကျမတို့လေးလေးစားစားဆက်ဆံပါတယ်။ သူဟာ ရှင့်ရဲ့သူငယ်ချင်းဖြစ်နေရုံမကသေးဘူး.... သူကိုယ်တိုင်ကလည်း လေးစားစရာကောင်းတဲ့လူတစ်ယောက်ပါ။”

“သိပ်ဟုတ်တာပေါ့ကွာ။”

“ရှင်ရယ်... သူရယ်... ကျူတင်းတို့ ၃ယောက်ဟာ ကလေးဘ၀ငယ်ငယ်လေးထဲက ခင်မင်ရင်းနှီးလာခဲ့ကြတဲ့ သူငယ်ချင်း မိတ်ဆွေတွေမဟုတ်လား။”

“ကျုပ်အကြောင်းကို မင်းတော်တော်လေး ပြည့်ပြည့်စုံစုံသိထားတာပဲ။”

မင်းသမီးလေးတန့်ဖုန်းက ပြုံးပြနေလိုက်သည်။ “အမှန်အတိုင်းပြောရမယ်ဆိုရင် ရှင့်ကိုရှာတွေ့ပြီး ခေါ်ဆောင်လာနိုင်ဖို့ ကျမတို့ဘက်က ၇လလောက် ပြင်ဆင်ခဲ့ရပါတယ်။”

လုရှောင်ဖုန်းက သက်ပြင်းချလိုက်သည်။ “လူတစ်ယောက်ကို ရှာဖွေတွေ့ရှိနိုင်ဖို့ ၇လကြီးများတောင် ပြင်ဆင်ခဲ့ရတယ်ဆိုတော့ အဲ့ဒီလူအတွက် တော်တော်ကံဆိုးတာပဲ။”

မင်းသမီးလေးတန့်ဖုန်းက နူးညံ့ချိုသာစွာ ပြောဆိုလိုက်၏။ “ကျမတို့က ရှင့်ကိုဒုက္ခမရောက်စေချင်ပါဘူးရှင်။”

လုရှောင်ဖုန်းက ခါးသီးစွာပြုံး၍သာနေလိုက်၏။

မင်းသမီးလေးတန့်ဖုန်းမှ ဆက်ပြောနေပြန်သည်။ “ကျမတို့ ရှင့်ကိုအကူအညီတောင်းမယ့် အလုပ်ဆိုတာက အန္တရာယ်များတဲ့အလုပ်တစ်ခုမှန်ပေမယ့် ရှင့်အနေနဲ့ ဘာပြဿနာမှမရှိဘဲ ပြီးမြောက်နိုင်မှာပါ။”

လုရှောင်ဖုန်းကို ကြည့်နေသော သူမ၏အကြည့်များတွင် လေးစားချစ်ခင်မှု၊ ယုံကြည်မြတ်နိုးမှုများ ပြည့်လွှမ်းနေလေသည်။

လုရှောင်ဖုန်းက မေးလိုက်သည်။ “မင်းတို့ ကျုပ်ကိုအကူအညီတောင်းချင်တာ ဘာအတွက်လဲ။”

မင်းသမီးလေးတန့်ဖုန်းသည် ခဏမျှတွေဝေငေးငိုင်သွားခဲ့ရပြီး ခေါင်းငုံ့ထားကာ ပြောဆိုလိုက်သည်။ “အခုတော့ ရှင့်ကိုမပြောပြနိုင်သေးဘူး။ ဒါပေမယ့် မကြာခင်အချိန်လေးအတွင်းမှာ ရှင်သိလာရမှာပါရှင်။”

“လျူယုဟန်၊ ရှောင်ချီယုနဲ့ တုကုဖန်းတို့အားလုံးလည်း ဒီကိစ္စနဲ့ ပတ်သက်နေကြတယ်မဟုတ်လား။”

မင်းသမီးလေးတန့်ဖုန်းက ရယ်မောပြီး ဖြေဆိုလိုက်သည်။ “သူတို့ကိုဖမ်းရတာလွယ်ပါတယ်။ ရှင့်ကိုဖမ်းရတာထက် အများကြီးပိုလွယ်ကူခဲ့ပါသေးတယ်။”

လုရှောင်ဖုန်းမှ မေးမြန်းလိုက်ပြန်သည်။ “သူတို့၃ယောက်လုံးကို ဘယ်လိုလုပ်ပြီးများ ရှာတွေ့လာခဲ့ရတာလဲ။”

မင်းသမီးလေးတန့်ဖုန်း-“ လူတိုင်းလူတိုင်းမှာ အားနည်းချက်ဆိုတာ ရှိစမြဲပါ။ ရှင့်ကိုပါဝင်လာအောင် ဖိတ်ကြားနိုင်ခဲ့တဲ့ ကျမရဲ့ အစွမ်းအစကိုတော့ သူတို့တွေ ဘယ်လိုမှစဉ်းစားနိုင်မှာမဟုတ်ဘူး။”

သူမ၏လက်ထဲမှ ပန်းပွင့်လေးကို လုရှောင်ဖုန်း၏ မျက်နှာအနီးတစ်ဝိုက်တွင် ဝေ့ဝဲနေပြီး ပြောဆိုနေပြန်၏။ “လျူယုဟန်၊ ရှောင်ချီယု၊ တုကုဖန်း၊ ဟွာမင်းလို၊ ပြီးတော့ ရှင်ကိုယ်တိုင်။ ဒီလူ၅ယောက်ပေါင်းလိုက်ရင် လောကကြီးမှာ သူတို့မစွမ်းဆောင်နိုင်တဲ့အလုပ်ဆိုတာ ရှိနိုင်ပါဦးတော့မလားရှင်။”

မြင်းလှည်းတစ်ဝိုက်တွင် မြူနှင်းဖျော့ဖျော့များ ရစ်သိုင်းခြုံထား၏။ မြင်းလှည်းတွင်းမှ အလင်းရောင်လေးက ပို၍ပင် ဖျော့တော့နေသည်။

သူမ၏လက်ထဲမှ ပန်းပွင့်လေးကို လုရှောင်ဖုန်း စိုက်၍ကြည့်နေ၏။ ပန်းပွင့်လေးက လှသလို သူမ၏လက်ချောင်းလေးများက ပို၍လှပနေလေသည်။

မင်းသမီးလေးတန့်ဖုန်းက သူမ၏သွယ်လျလှပသောလက်ချောင်းလေးများဖြင့် ပန်းပွင့်လေးကိုကိုင်ပြီး လုရှောင်ဖုန်း၏ အင်္ကျီရင်ဘတ်တွင် တပ်ပေးလိုက်သည်။ “ရှင်ခဏလေးလောက် မှေးလိုက်ပါလား။”

“ဘာဖြစ်လို့လဲ။”

မင်းသမီးလေးတန့်ဖုန်းသည် သူမ၏ခေါင်းကို ပို၍ပင်ငုံ့ထားလိုက်ပြီး ရှက်ရွံ့သံလေးဖြင့် နူးနူးညံ့ညံ့လေး ဖြေဆိုလိုက်သည်။ “ဘာဖြစ်လို့လဲဆိုတော့ ရှင့်ကိုမြှူဆွယ်ချင်နေမိတဲ့ ကျမရဲ့စိတ်တွေကို မထိန်းထားနိုင်တော့လို့ပါ။”

++++++++++

ထူထပ်စွာအုံ့ဆိုင်းနေသော မြူနှင်းထုကြားတွင် မြင်းလှည်းလေးသည် ယိမ်းယိမ်းယိုင်ယိုင်ဖြင့် ခရီးနှင်နေ၏။ မြူနှင်းများက အုံ့ဆိုင်းစွာကျဆင်းနေသော်လည်း မနက်ခင်းတွင်ကျသော မြူနှင်းလည်းဖြစ်နေပြန်သည်။ မကြာခင်အချိန်လေးတွင်း၌ ညတစ်ည၏ညတာကုန်ဆုံးပြီး မိုးသောက်ရောင်ခြည်သမ်းတော့ပေမည်။

လုရှောင်ဖုန်းသည် မြင်းလှည်းနံရံတစ်ဘက်ခြမ်းတွင် လဲလျောင်းနေ၏။ မင်းသမီးလေးတန့်ဖုန်းက ငြင်သာစွာပြောဆိုလိုက်သည်။ “ခဏလောက် အိပ်လိုက်ပါနော်။ ဒါမှ ရှင်နိုးလာတဲ့အချိန်ကျရင် သူ့ကိုတွေ့ရမှာ။”

ထိုစကားကြောင့် စိတ်လှုပ်ရှားသွားခဲ့ရပြီး လုရှောင်ဖုန်း၏မျက်စိများ ပြန်ပွင့်လာခဲ့၏။ “သူဆိုတာဘယ်သူလဲ။”

“ရွှေဂဠုန်ဧကရာဇ်”

0 comments:

Post a Comment