All credits go to badinf. Thanks for letting me use your translation work.
ကျောက်ဝါမြို့သည် ချမ်းသာကြွယ်ဝသော မြို့ကြီးတစ်မြို့ ဖြစ်သည့်အားလျော်စွာ၊ အစိမ်းရောင် ကျောက်ခင်းလမ်းသည်လည်း နေ့အခါ၌ စည်စည်ကားကား ရှိလှပေသည်။ သို့သော် အချိန်ကာလမှာ သန်းခေါင်ကျော် ညနက်ချိန်ဖြစ်သဖြင့်၊ လခြမ်းကွေးကွေးလေးထံမှ ဖြာကျလာသော လရောင်အောက်တွင် ကျောက်ခင်းလမ်းလေး တိတ်ဆိတ်ငြိမ်သက်စွာ လဲလျောင်းနေသည်။ မြင်းစီးလာသော ဝတ်ရုံစိမ်းနှစ်ယောက်မှအပ၊ လမ်းပေါ်တွင် မည်သူမျှ မရှိချေ။
ဘယ်ဖက်နားရွက် ပြတ်နေပြီး၊ နားရွက်အောက်ခြေမှ ညာဖက်မျက်နှာအောက်နားအထိ၊ အမာရွတ်ကြီးရှိသောသူက မြင်းဇက်ကြိုးဆွဲက ရပ်တန့်လိုက်ပြီး၊ အသံဝါကြီးဖြင့် အဖော်ဖြစ်သူအား မေးလိုက်သည်။
“သူ ဒီည ဒီမှာ အိပ်မယ်လို့ မင်းထင်လား”
မုတ်ဆိတ်မွှေးများနှင့် ခရမ်းရောင်သမ်းနေသော မျက်နှာပိုင်ရှင်က
“အေး ... သူလည်း လူတစ်ယောက်ပဲ၊ သူလည်း ညတော့ အိပ်ဦးမှာပဲ၊ သူ ဘယ်လိုအိပ်တတ်တဲ့ အကျင့်ရှိလဲ ဆိုတာလည်း လူတိုင်းအသိပဲလေ”
ဟု ပြန်ပြောလိုက်သည်။
အမာရွတ်နှင့်လူက ထပ်မေးလိုက်သည်။
“သူသာ ဒီမှာ ဒီညအိပ်မယ်ဆိုရင်၊ ဘယ်မှာ တည်းမယ်လို့ မင်းထင်လဲ”
ခရမ်းရောင် မျက်နှာပိုင်ရှင်က မစဉ်းစားပဲ ချက်ချင်း ပြန်ဖြေလိုက်သည်။
“နွေဦးနှုတ်ခွန်းချို”
နွေဦးနှုတ်ခွန်းချိုတွင် အချောဆုံးအလှဆုံး မိန်းကလေးများရှိသည်။ သူက မိန်းမတစ်ယောက်ယောက်ရှိမှ အိပ်တတ်သူဖြစ်သည်။ သူ့အကျင့်တစ်ခုပင်။ လူတစ်ကိုယ်တွင် အကျင့်တစ်ခုဆီ ရှိတတ်ကြသည် မဟုတ်လား။
နွေးဦးနှုတ်ခွန်းချို ဝင်းတံခါးဝရှိ မီးပုံးနီက လင်းလက်နေဆဲ။ မီးပုံးမှ ဖြာကျလာသော အနီရောင် အလင်းတန်းများက ဖြတ်သွားဖြတ်လာတို့အား အနီရောင် ညတစ်ညကို ဝင်ရောက်ပျော်ပါးရန် ဖိတ်ခေါ်နေသယောင်ယောင်။ ဝင်းတံခါးမှာ တစ်ခြမ်းပွင့်လျက်။ ခရမ်းမျက်နှာနှင့်လူက မြင်းဇက်ကြိုးကို တစ်ချက်ဆွဲလိုက်ပြီးနောက်၊ ဝင်းတံခါးကို မြင်းများ တွန်းတိုက်ကာ ခြံဝင်းအတွင်းသို့ နှစ်ယောက်စလုံး ဝင်သွားကြလေသည်။
ခြံဝင်းအတွင်း၌ တံခါးစောင့် ဖြစ်ဟန်တူသော၊ အသားရောင် ဝါဖျော့ဖျော့နှင့် ခပ်ပိန်ပိန်လူတစ်ယောက် ဝါးပလက်ကုလားထိုင် တစ်ခုပေါ်တွင် အိပ်ပျော်နေသည်။ ခရမ်းရောင်မျက်နှာနှင့်လူ လက်ထဲမှ ကြာပွတ်သည် လျင်မြန်စွာ ထိုးထွက်သွားပြီး၊ တံခါးစောင့်၏ လည်ပင်းကို ရစ်ပတ်လိုက်ပြီးနောက်၊ ငေါက်ငမ်းမေးမြန်းလိုက်သည်။
“ဝတ်ရုံနီ ဝတ်ထားတဲ့လူတစ်ယောက် ဒီကိုလာသလား”
တံခါးစောင့်မှာ အသက်ရှုမရလောက်အောင် လည်ပင်းအစ်နေသဖြင့်၊ ကြောက်အားလန့်အားနှင့် ခေါင်းကိုသာ ငြိမ့်ပြနိုင်သည်။ ခရမ်းရောင်မျက်နှာနှင့်လူက ကြာပွတ်ကို ပြန်သိမ်းလိုက်ပြီး ထပ်မေးလိုက်သည်။
“သူဒီမှာ ရှိသေးလား”
တံခါးစောင့်က အသက်ကို ကျိုးစားပမ်းစား ရှုရင်း၊ ခေါင်းထပ်ငြိမ့်ပြသည်။ ခရမ်းရောင်မျက်နှာနှင့်လူက ဆက်မေးသည်။
“သူအခု ဘယ်မှာလဲ”
“သူ လူလေးယောက်နဲ့ သစ်တော်ပန်း ခန်းဆောင်မှာ အရက်သောက်နေတာ၊ ဟိုလူလေးယောက်က သူ့ကို တလှည့်စီ အရက်ဝိုင်းတိုက်နေကြတာ၊ နောက်ဆုံး သူမူးသွားတဲ့အထိပဲ”
အမာရွတ်နှင့်သူ၏ မျက်နှာအမူအယာ တစ်ချက်ပြောင်းသွားပြီး လှမ်းမေးလိုက်သည်။
“အဲဒီ လေးယောက်က ဘယ်သူတွေလဲ”
“ရုပ်ခပ်ကြမ်းကြမ်းနဲ့ လူလေးယောက်ပဲ၊ ဒါပေမယ့် ဝတ်ရုံနီနဲ့ လူကိုတော့ တော်တော်လေး ယဉ်ယဉ်ကျေးကျေး ဆက်ဆံကြတယ်”
“သူတို့အခု ဘယ်မှာလဲ”
“အဲဒီလူလေးယောက်က ဝတ်ရုံနီနဲ့လူ မူးသွားတော့ သူ့အခန်းကို လိုက်ပို့ကြတာ တွေ့လိုက်တာပဲ၊ အဲဒီအခန်းထဲမှာ သူတို့အားလုံး ရှိဦးမယ်ထင်တယ်”
တံခါးစောင့်အဖြေမှ မဆုံးသေးခင်၊ ခရမ်းရောင်မျက်နှာပိုင်ရှင်က သူ့မြင်းကို သစ်တော်ပန်းခြံဖက်စီသို့ ဦးတည်ကာ အသော့နှင်သွားလေတော့သည်။ သစ်တော်ပန်း ခန်းမဆောင်အတွင်းမှ မီးရောင်များ မြင်နေရသေးသည်။ ခန်းမဆောင်အတွင်းတွင်တော့ အစားအသောက် ပန်းကန်များနှင့် ရှုပ်ပွနေသည်။ အရက်ခွက်အလွတ် ၃ ၄ ခွက်ခန့်လည်း ကြမ်းပေါ်တွင် ပြန့်ကျဲနေသည်။
အမာရွတ်နှင့်သူက မြင်းပေါ်မှ ဂျွမ်းတစ်ချက်ပစ်ကာ ခုန်ဆင်းလိုက်သည်။ ထို့နောက် ခန်းမဆောင်စီသို့ ပြေးတက်သွားကာ၊ ခန်းမဆောင် နောက်ဖက် တံခါးကို ကန်ဖွင့်လိုက်ပြီးမှ၊ အံ့သားသင့်စွာဖြင့် ထိုနေရာမှာပင် ရပ်နေမိသည်။
ခန်းမဆောင်အတွင်း၌ ဒူးထောက်နေသော လူလေးယောက်သာ ရှိသည်။ သူတို့မျက်နှာများမှာ ဖြူဖတ်ဖြူလျော် ဖြစ်နေကြသော်လည်း၊ အမာရွတ်နှင့်သူကို မြင်လိုက်သည့် တခဏ၌ သူတို့အားလုံး၏ မျက်နှာများ နီရဲသွားကြသည်။ သူတို့လေးယာက်စလုံး ဝတ်ကောင်းစားလှများကို ဝတ်ဆင်ထားကြသဖြင့်၊ သာမန်အချိန် ဆိုလျှင်တော့ ခန့်ခန့်ညားညား ရှိကြမှာ အသေအချာပင်။ ယခုတော့ ထိုသို့မဟုတ်ချေ။ သူတို့မျက်နှာများပေါ်တွင် တစ်ယောက်ယောက်က ပုံများရေးခြစ်သွားသောကြောင့်ဖြစ်သည်။
ပထမဆုံးတစ်ယောက်၏ မျက်နှာပေါ်တွင် လိပ်တစ်ကောင် ပုံဆွဲထားကာ၊ စာကြောင်းတစ်ကြောင်းလည်း ရေးထားလေသည်။
“ကျွန်တော် ကုန်းလိပ်ပါ”
ဒုတိယတစ်ယောက်၏ မျက်နှာပေါ်တွင်တော့
“ကျွန်တော် ရေလိပ်ပါ”
အခြားနှစ်ယောက်၏ မျက်နှာများပေါ်တွင်မူ ပုံများနှင့်တကွ “ကျွန်တော် ဝက်ပါ” နှင့် “ကျွန်တော် ခွေးပါ” ဟူသော စာကြောင်းများ ရေးခြစ်ထားလေသည်။
အမာရွတ်နှင့်သူသည် ထိုသူလေးယောက်၏ မျက်နှာပေါ်မှ ပုံများနှင့် စာများကို အသေအချာ ဖတ်ကြည့်ပြီးနောက်၊ အားရပါး ရီပါတော့သည်။ သူ့ဘဝတစ်လျှောက် တစ်ခါမှ သည်လောက် ရီရသည့်အဖြစ်အပျက် မတွေ့ဘူးသည့်ဟန်ဖြင့်၊ ဗိုက်ကိုနှိပ်ကာ အူတက်မတက် ရီလေသည်။
ဒူးထောက်နေသူ လေးယောက်မှာမူ အံတင်းတင်းကြိတ်ကာ၊ မီးဝင်းဝင်းတောက်နေသော မျက်လုံးများဖြင့် အမာရွတ်နှင့်သူကို စိုက်ကြည့်နေကြသည်။ အမာရွတ်နှင့်သူကို သူတို့လေးယောက်စလုံး ခုန်အုပ်ကာ တစစီဆွဲဖြဲပစ်လိုက်တော့မည့် အလားပင်။ သို့သော် သူတို့အားလုံး ကြမ်းပေါ်တွင် ဒူးထောက်နေရာမှ၊ ခုန်အုပ်ရန် မဆိုးထားနှင့်၊ တစ်လက်မမှပင် မရွေ့လျားနိုင်ကြချေ။
အားရပါးရ ရီနေလျက်မှ အမာရွတ်နှင့်သူက လှမ်းအော်ပြောလိုက်သည်။
“နာမည်ကျော် ကျင်းထောင် သူရဲကောင်းလေးဖော်၊ ဘယ်လိုကနေဘယ်လို ကုန်းလိပ်တွေ၊ ရေလိပ်တွေ၊ ဝက်တွေ၊ ခွေးတွေ ဖြစ်ကုန်ကြတာတုန်းကွ ဟေ”
ခရမ်းရောင်မျက်နှာပိုင်ရှင်က ရီမောလျက် ခန်းမဆောင်အပြင်ဖက်သို့ လျှောက်သွားပြီး၊ လက်ခုပ်တီးကာ အားရပါရ အော်ဟစ်လိုက်သည်။
“သိုင်းလောကရဲ့ နာမည်ကျော် ကျင်းထောင် သူရဲကောင်းလေးဖော်ရဲ့ ဖြစ်အင်ကို လာရောက်ရှုစားဖို့ အားလုံးကို ဖိတ်ခေါ်ပါတယ်ခင်ဗျား၊ လာက်ရောက်ရှုစားတဲ့ ပရိတ်သတ်တိုင်းကိုလည်း ငွေအသပြာ ၁ဝပြား ဆုချဦးမှာပါ”
ကြမ်းပေါ်တွင် ဒူးထောက်နေသူ လေးဦး၏ မျက်နှာများ ရုတ်ချည်း ဖြူစွတ်သွားလေသည်။ သူတို့နဖူးမှ ချွေးသီးချွေးပေါက်များလည်း မိုးရွာချသည့်အလား တတောက်တောက်ကျလာသည်။
ရီမောနေရင်းမှ အမာရွတ်နှင့်သူက
“ဟို ခွေးသူတောင်းစားက ဆိုးတော့ မဆိုးဘူးပဲ”
ခရမ်းရောင်မျက်နှာပိုင်ရှင်က
“ဟုတ်တယ် ... ဒီလိုဆိုတော့ ငါတို့ ဒီကို လာရတာ အလဟသတော့ ဖြစ်မသွားဘူးပေါ့ကွ ဟားဟားဟား”
ရုတ်တရက် သူတို့နှစ်ယောက် အရီရယ်သွားသည်။ ခန်းမဆောင်အတွင်းသို့ လျှောက်ဝင်လာသော မိန်းကလေးတစ်ယောက်ကို တွေ့လိုက်သောကြောင့်ဖြစ်သည်။ မိန်းကလေးမှာ အသက် ၁၄-၁၅ နှစ်ခန့်သာ ရှိဦးမည်။ သူ့မျက်နှာပေါ်ရှိ မျက်နှာချေများ၊ ကျောက်မျက်ရတနာ အဆင်တန်ဆာများ ကြားမှပင်၊ ကလေးဆန်ဆန် ချစ်စရာကောင်းလှသော မျက်နှာလေးကို အထင်းသားမြင်နိုင်သည်။ မိန်းကလေးက ခေါင်းကိုငုံ့ကာ ညင်သာစွာ မေးလိုက်သည်။
“လူကြီးမင်းတို့နှစ်ယောက်က လူကြီးမင်း 'လု' ကို လာရှာကြတာပါလားရှင်”
အမာရွတ်နှင့်သူ၏ မျက်နှာ တစ်ချက်တင်းသွားပြီး
“မင်းက ဘယ်လိုသိတာလဲ”
မိန်းကလေးက တိုးညင်းညင်သာစွာ ပြန်ပြောသည်။
“ခုနလေးက 'လု' အရက်တွေ အရမ်းမူးနေတုန်း၊ ကျွန်မက သူ့ဘေးနားရှိနေလို့၊ သူ့စီက အရက် ၂ ခွက်လောက် တိတ်တိတ်လေး ယူသောက်လိုက်သေးတယ်”
အမာရွတ်နှင့်သူက မျက်နှာတစ်ချက်မဲ့လိုက်ပြီး၊ ကြားဖြတ်ကာ လှမ်းသရော်လိုက်သည်။
“ဒီကောင်က မိန်းမတွေနဲ့ ပတ်သတ်ရင်တော့ အမြဲကံကောင်းတတ်ပါရဲ့”
မိန်းကလေးက ရှက်သွေးဖြာသွားပြီ ပြန်ပြောလိုက်သည်။
“အဲလိုမျိုး ကိစ္စတွေတော့ ကျွန်မမသိဘူး၊ ဒါပေမယ့် သူက ရုတ်တရက် အမူးပြေသွားသလိုဖြစ်ပြီး၊ ကျွန်မကို ပြောတယ်၊ ကျွန်မက စိတ်သဘောထား ကောင်းတဲ့အတွက်၊ သူ ကျွန်မကို ရှင်တို့ ၂ ယောက်စီ ပြန်ရောင်းစရာတစ်ခု ပေးမယ်တဲ့”
ခရမ်းရောင်မျက်နှာပိုင်ရှင်က မအောင့်နိုင်ဘဲ ဖြတ်မေးလိုက်သည်။
“သူမင်းကို ဘာပေးလိုက်လဲ”
“စကား ... စကားတစ်ခွန်း”
မိန်းကလေး၏ အဖြေစကားကြားရသောအခါ ခရမ်းရောင်မျက်နှာပိုင်ရှင် အံ့အားသင့်သွားကာ
“စကားတစ်ခွန်း ... ဘယ်လိုစကားတစ်ခွန်းမို့လဲ”
“သူပြောသွားတာကတော့၊ ဒီစကားတစ်ခွန်းက အနည်းဆုံး ငွေ ၃ဝဝ လောက်တန်တယ်တဲ့၊ ပြီးတော့ ရှင်တို့ ၂ ယောက် ကျွန်မကို ပိုက်ဆံပေးပြီးမှ ဒီစကားကို ပြောပြရမယ်လို့လဲ မှာသွားတယ်”
မိန်းကလေးမှာ 'လု' မှာသွားသည့်အတိုင်း ပြောပြနေရသော်လည်း၊ အဓိပ္ပာယ်မရှိသော ရူးနှမ်းနှမ်း အလုပ်တစ်ခုဟု ထင်နေသေးဟန်တူသည်။ သူ့စကားမဆုံးခင်မှာပင် သူ့မျက်နှာလေး ရှက်သွေးဖြာသွားသည်။
သို့သော် ခရမ်းမျက်နှာနှင့်သူကတော့ တုံ့ဆိုင်းမနေဘဲ အိတ်ထဲမှာ တစ်ရာတန် ငွေလက်မှတ် ၃ ခုကို ဆွဲထုတ်ကာ၊ မိန်းကလေးရှေ့ရှိ စားပွဲပေို ပစ်တင်လိုက်သည်။
“ကောင်းပြီ၊ မင်းစီက အဲဒီစကားတစ်ခွန်းကို ငါဝယ်မယ်”
စားပွဲပေါ်မှ ငွေလက်မှတ်များကို ကြည့်ရင်း မိန်းကလေးမျက်လုံးပြူးသွားသည်။ စကားတစ်ခွန်းကို ငွေ ၃ဝဝ ပေး ဝယ်မည့်သူရှိသည်မှာ မယုံနိုင်စရာပင်။
ခရမ်းရောင်မျက်နှာပိုင်ရှင်က လှမ်းပြောလိုက်သည်။
“မင်း ငါ့နားကိုလာပြီး၊ တိုးတိုးလေးပြော၊ ဟို တိရိစ္ဆာန် ၄ ကောင် လုံးဝ မကြားစေနဲ့”
မိန်းကလေး ခေတ္တတုံ့ဆိုင်းနေပြီးမှ၊ ခရမ်းရောင်မျက်နှာပိုင်ရှင်စီသို လျှောက်လာကာ၊ သူ့နားနားကပ်၍ ပြောလိုက်သည်။
“သူပြောသွားတာက 'ခင်ဗျားတို့ ကျွန်တော့ကို ရှာချင်ရင်၊ လောင်ပန်ကတော်ကို အရင်ရှာ' တဲ့”
ခရမ်းရောင် မျက်နှာနှင့်သူ မျက်မှောင်ကြုပ်သွားသည်။ မိန်းကလေး ပြောလိုက်သည့် စကားကို သူနားမလည်နိုင်ချေ။ လောင်းပန် (ဆိုင်ရှင် သူဋ္ဌေ ကတော်များ သည်လောကကြီးတွင် မရေမတွက်နိုင်အောင် ရှိနေသည် မဟုတ်ပါလော။ ဆိုင်တိုင်း ဆိုင်တိုင်းတွင် လောင်းပန်ကတော် ရှိသည်။ ထိုအထဲက ဘယ်လောင်းပန်၏ ကတော်ကို သူသွားရှာရလေမလဲ။
မိန်းကလေးက ဆက်ပြောသည်။
“သူက ပြောသွားသေးတယ်၊ ရှင် ဒီစကားကို နားမလည်နိုင်ဘူးဆိုရင်၊ သူနောက်ထပ် သဲလွန်စတစ်ခု ပေးခဲ့မယ်တဲ့၊ အဲဒီ လောင်ပန်ကတော်ဆိုတာ ဒီကမ္ဘာမှာ အလှဆုံးပဲတဲ့”
ခရမ်းရောင်မျက်နှာနှင့်သူ ခဏမျှ ငြိမ်သက်ကာ စဉ်းစားနေသည်။ ထို့နောက် စကားတစ်ခွန်းမှ မပြောဘဲ၊ သူ့အဖော်ဖြစ်သူအား အချက်ပြကာ၊ ခန်းမဆောင်အတွင်းမှ ထွက်ခွာသွားလေသည်။ အမာရွတ်နှင့်သူလည်း နောက်မှ လိုက်သွားပြီးမှ၊ ရုတ်တရက် နောက်ပြန်လှည့်ကာ အရက်အိုးလွတ်တစ်ခုကို ကောက်ကိုင်ပြီး ပစ်လိုက်သည်။ အရက်အိုးမှာ ဒူးထောက်နေသူ ၄ ဦး အနက်၊ ဒုတိယလူ၏ ခေါင်းပေါ်တွင် သေသေသပ်သပ် သွားတင်နေသည်။ အရက်အိုး၏ အရောင်မှာ အစိမ်းရောင်ဖြစ်သည်။
“အခုမှ တကယ့်လိပ်အစစ်နဲ့ တူသွားပြီ”
အမာရွတ်နှင့်လူက ရီမောလျက် ခရမ်းရောင်မျက်နှာပိုင်ရှင်နောက်သို့ လိုက်သွားလေသည်။
“ဒီလောကကြီးထဲမှာ ရုပ်ချောတဲ့ လောင်ပန်ကတော်တွေ အများကြီး ရှိတာပဲ၊ ဒီကောင်က ငါတို့ကို တကယ်ပဲ ဆိုင်တကာလှည့်ပြီး ဘယ်လောင်းပန်ကတော် အချောဆုံးလဲ လိုက်ယှဉ်ကြည့်စေချင်တာလားကွ”
“ဟင့်အင်း”
ခရမ်းရောင်မျက်နှာပိုင်ရှင်က တုံးတိတိပင်ပြန်ဖြေသည်။
“မင်းမှာ ဘာအကြံရှိသေးလဲ”
ခရမ်းရောင်မျက်နှာနှင့်လူက ခဏလောက်စဉ်းစားလိုက်ပြီးမှ ပြန်ပြောလိုက်သည်။
“သူဘာကိုဆိုလိုတယ်ဆိုတာ ငါသဘောပေါက်မိသလိုပဲ”
“သူက ဘာကိုဆိုလိုတာလဲ”
ခရမ်းရောင်မျက်နှာပိုင်ရှင်က ရုတ်တရက် ရီမောလိုက်ပြီးမှ ပြန်မေးလိုက်သည်။
“မင်း ကျူတင်းရဲ့ နာမည်ပြောင်ကို မေ့နေပြီလား”
အမာရွတ်နှင့်လူလည်း တစုံတရာကို သတိရသွားဟန်ဖြင့် အားရပါးရ ရီမောရင်း ပြန်ပြောလိုက်လေသည်။
“ဒါဆိုရင်တော့ ဒီကောင့်အတွက်လည်း အရက်အိုးအလွတ်တစ်လုံး လိုမယ်ထင်တယ်ဟေ့”
+++++
ကျူတင်း ဘဝတစ်လျှောက် မည်သည့်စီးပွားရေးမှ မလုပ်ခဲ့ဖူးသလို၊ မည်သည့်ဆိုင်မှလည်း မပိုင်ဆိုင်ခဲ့ဖူးပါ။ မည်သို့သော စီးပွားရေးလုပ်ငန်း ဖြစ်ပါစေ၊ တစ်ချိန်ချိန်တွင်တော့ အနည်းနှင့်အများဆိုသလို အရှုံးနှင့်ရင်ဆိုင်ရခြင်း ရှိမှာ မလွဲဟု ကျူတင်းယုံကြည်လေသည်။ ထိုကဲ့သို့ အရှုံးတွေ့နိုင်ခြေရှိသော အလုပ်မျိုးကို ကျူတင်းလုံးဝစိတ်မဝင်စား။
ကျူးတင်း စီပွားရေးမလုပ်ဖူးရခြင်း၏၊ အခြားအကြောင်းတစ်ခုကတော့၊ သူထံတွင် မည့်သည့်အခါကမှ၊ စီးပွားရေးလုပ်ငန်းတစ်ခု လုပ်ကိုင်နိုင်လောက်အောင် ငွေအရင်းအနှီး မရှိသောကြောင့် ဖြစ်ပေသည်။ သို့တိုင်အောင် သူ့ကို လူအများက “လောင်ပန်” ဟု နာမည်ပြောင် ပေးထားကြသည်။
ကျူတင်းသည် အပျော်အပါးနှင့် ပတ်သတ်လာလျှင် မည်သို့မည်ပုံ ပျော်ပါးစည်းစိမ်ခံရမည်ကို ကောင်းကောင်းသိသူ ဖြစ်သည့်အပြင်၊ အသစ်အဆန်းဆိုလျှင် မည်သည့်အရာကိုမဆို စမ်းသပ်ချင်စိတ်လည်း ရှိသူဖြစ်သည်။ ထိုအကျင့်နှစ်ခု ပေါင်းဖက်လိုက်သောအခါ၊ ကျူတင်း၏ ခန္ဒာကိုယ်ကြီးမှာ နေ့စဉ်နှင့်အမျှ ဝသထက်သာ ဝလာလေသည်။
ဝသောသူများမှာ စည်းစိမ်ခံနိုင်သူများဖြစ်သဖြင့် ကံကောင်းသူများဖြစ်သည်ဟု လူအများက ယုံကြည်ကြသည်။ ထိုသို့ ကံကောင်းသူများသာ ချမ်းသာကြွယ်ဝကြသည် မဟုတ်ပါလော။ ထို့ကြောင့် ကျူတင်းကို လူအများက လောင်းပန်ဟု ခေါ်ကြသည်။
တကယ်တော့လည်း ကျူတင်းသည် ကံကောင်းသူတစ်ယောက်ပင်။ သူ့ရုပ်ရည်မှာ ချောမောလှသည်ဟု မဆိုနိုင်သော်လည်း၊ သူ့တွင် အလွန်လှပသော ဇနီးမယားတစ်ယောက် ရှိသည်။ သူ့ဘဝတစ်လျှောက် မည်သည့်အလုပ်ကိုမျှ အလေးအနက်ထားပြီး မလုပ်ကိုင်ခဲ့သော်လည်း၊ အိမ်ကြီးအိမ်ကောင်းဖြင့် ခန်းခန်းနားနား နေနိုင်သည်။ ဝတ်ကောင်းစားလှများ ဝတ်စားနိုင်သည်။ အရက်ကောင်းများ ဖောဖောသီသီသောက်သုံးနိုင်သည်။
ကျူတင်း သူ့ကိုယ်သူ ဂုဏ်ယူဝံ့ကြွားလေ့ရှိသော အကျင့်တစ်ခုလည်း ရှိပါသေးသည်။ ထိုအကျင့်မှာ အခြားမဟုတ်၊ လုရှောင်ဖုန်းထက်ပင် သူကပို၍ အပျင်းကြီးခြင်းပင် ဖြစ်သည်။ သူ၏ ဇိမ်ခံကုလားထိုင်ခုံကြီးပေါ်တွင် ထိုင်မိသည်နှင့်၊ တော်ရုံတန်ရုံ အကြောင်းကြီးငယ်နှင့်တော့၊ ထိုခုံပေါ်မှ ကျူတင်းထလေ့ရှိသည်မဟုတ်။ မည်သို့သော လုပ်ဆောင်စရာ အကြောင်းကိစ္စ ပေါ်ပေါက်လာစေကာမူ၊ ကျူတင်းကတော့ မလုပ်ခင် အချိန်ယူကာ လုပ်သင့်မလုပ်သင့် အရင်စဉ်းစားသေးသည်။ သူ့လို ငပျင်းတစ်ယောက်အတွက်တော့၊ ချက်ချင်းလက်ငင်း လုပ်ဆောင်ရမည့် ကိစ္စမျိုးက ဒီကမ္ဘာလောကကြီးတွင် မရှိသလောက်ပင်။
တကယ်တော့ ကျူတင်းအနေနှင့် ချမ်းချမ်းသာသာ နေနိုင်သည်မှာ၊ ထူးထူးဆန်းဆန်း အရာဝတ္ထုများအား တီထွင်ဖန်တီးနိုင်စွမ်းရှိသော သူ့လက်တစ်စုံကြောင့်ပင် ဖြစ်သည်။ တစ်ယောက်ယောက်က စိတ်ကူးပုံဖော်၍ရသည့် အရာမှန်သမျှ၊ ကျူတင်းက တီထွင်ဖန်တီးပေးနိုင်သည်။ တစ်ခါက လမ်းလျှောက်နိုင်သော သစ်သားအရုပ်တစ်ခု လုပ်နိုင်မလုပ်နိုင် အလောင်းအစားလုပ်ခဲ့သေးသည်။ ထိုအလောင်းအစားအတွက် သူ ငှက်မွှေးကော်ဇော အချပ် ၅ဝ နှင့် နှစ်ချို့အရက်အိုး ၅ဝ အနိုင်ရခဲ့သည်။ ထိုအရက်အိုး ၅ဝ ကြောင့် သူ့ကိုယ်အလေးချိန်လည်း ၅ ပေါင်လောက် ထပ်တိုးသွားခဲ့သည်။
ယခုလက်ရှိ ကျူတင်း စဉ်းစားနေသည့်အရာကတော့၊ လူတစ်ယောက် ခိုစီးသွားနိုင်သည့် စွန်တစ်ခု တီထွင်ဖို့ပင် ဖြစ်သည်။ အရင်က ကမ္ဘာမြေအောက်ရှိ အရာများကို သူစိတ်ဝင်စားခဲ့ဖူးသည်။ အခုတော့ ကောင်းကင်အမြင့်ဆီကို ပျံသန်းသွားကြည့်ချင်စိတ် ပေါက်နေသည်။
ထိုအချိန်မှာပင် အိမ်အပြင်ဖက်ဆီမှ မြင်းခွာသံများ ကြားလိုက်ရပြီးနောက်၊ အိမ်ထဲသို့ ဝတ်ရုံစိမ်းနှင့် လူနှစ်ယောက် ဝင်လာလေသည်။ ဒီတစ်ခေါက်တော့ အမာရွတ်နှင့်သူ အိမ်တံခါးကို ကန်ဖွင့်စရာ မလိုပေ။ တံခါးမှာ ပွင့်လျက်သား ဖြစ်နေသောကြောင့်ဖြစ်သည်။
ကျူတင်းကို မြင်သည်နှင့် အမာရွတ်နှင့်သူက အော်ဟစ်မေးမြန်းလိုက်သည်။
“လောင်းပန်ကတော် ဘာမှာလဲ”
ကျူတင်းက ဂရုမစိုက်သည့် အမူအရာဖြင့် အေးအေးဆေးဆေးပင် ပြန်ပြောလိုက်သည်။
“ခင်ဗျားတို့ လောင်းပန်ကတော် တွေ့ချင်ရင်၊ ဟောဟို လမ်းထောင့်က ကုန်စုံဆိုင် သွားပါလားဗျ၊ အဲဒီမယ် လောင်းပန်ကတော် ရှိလောက်တယ်”
အမာရွတ်နှင့်သူက ပြန်ပြောလိုက်သည်။
“ဒီအိမ်မှာလည်း လောင်းပန်ကတော်ရှိတယ်၊ မင်းကို လောင်းပန်လို့ ခေါ်ကြတယ်၊ အဲဒီတော့ မင်းမိန်းမက လောင်းပန်ကတော်ပဲ”
ကျူတင်းက ရီမောရင်း
“ဒီအိမ်က လောင်းပန်ကတော်သာ၊ သူ့ကို မြစိမ်းနန်းတော်ကသူတွေ လိုက်ရှာနေတယ် ဆိုတဲ့သတင်းကို ကြားလို့ကတော့၊ သူတော့ ကံဆိုးမိုးမှောင်ကျပြီလို့ တွေးမိမှာ သေချာပါရဲ့”
ဟု ပြန်ပြောလိုက်သည်။ ထိုလူနှစ်ယောက်ကို ကျူထင်း ကောင်းကောင်းသိပေသည်။
မြစိမ်းနန်းတော်သည် တကယ်တော့ နန်းတော်တစ်ခုသာ မဟုတ်ချေ။ မြစိမ်းနန်းတော်တွင် နန်းတော်ပေါင်း ၁ဝ၈ခု ရှိကာ၊ နန်းတော်တစ်ခုစီတွင် ဂိုဏ်းသား ၁ဝ၈ ယောက်ရှိသည်။ မြစိမ်းနန်းတော်သည် အင်အားကြီးမားကာ၊ ဩဇာထက်မြက်လှသလို အလွန်တရာမှလည်း လျို့ဝှက်သော ဂိုဏ်းကြီးတစ်ဂိုဏ်းပင်ဖြစ်ပေသည်။ မြစိမ်းနန်းတော်မှ အကြောင်းကိစ္စ တစုံတရာ ဆောင်ရွက်လိုပါက၊ မအောင်မြင်ခဲ့ခြင်း မရှိပေ။
ယခုကျူတင်း၏ အိမ်အတွင်းသို့ ဝင်ရောက်လာသူ ၂ ဦးမှာ ပထမ မြစိမ်းနန်းတော်တွင် သူတို့၏ ပုံတူပန်းချီကား ချိတ်ဆွဲထားသူများ ဖြစ်သည်။ ပထမ မြစိမ်းနန်းတော် ဘယ်အရပ်ဒေသတွင် တည်ရှိသည်ကို မည်သူမျှ တပ်အပ်မပြောနိုင်သလို၊ ပထမ မြစိမ်းနန်းတော် ဂိုဏ်းသား ၁ဝ၈ ယောက်၏ ပုံတူပန်းချီကားများကိုလည်း မည်သူမျှ မမြင်ဖူးပါ။ သို့သော် ပထမ မြစိမ်းနန်းတော်တွင် မိမိ၏ ပုံတူပန်းချီကား ချိတ်ထားနိုင်ပါက၊ သိုင်းလောကတွင် ထင်ရာစိုင်းနိုင်သည်ကိုတော့ လူတိုင်းသိပြီးသားဖြစ်သည်။
မျက်နှာတွင် အမာရွတ်နှင့်သူကို သံမဏိမျက်နှာ တရားသူကြီး ဟု ခေါ်ကြသည်။ တစ်ခါက သူ့မျက်နှာကို ဓားမကြီးတစ်လက်ဖြင့် အခုတ်ခံရရာ၊ ထိုဓားမကြီး ကျိုးသွားခဲ့သည်ဟူသော ဇာတ်လမ်းမှာ လူသိများလှပေသည်။ ထို့ကြောင့် သံမဏိမျက်နှာ ဟူသော ဘွဲ့ကို ပိုင်ဆိုင်ခဲ့ခြင်း ဖြစ်သည်။ ခရမ်းရောင်မျက်နှာပိုင်ရှင်ကတော့ ဝိညာဉ်ခြွေချိတ် ဟု လူသိများသူ ဖြစ်သည်။ ငွေဖြင့်ပြုလုပ်ထားသော ချိတ်တစ်စုံဖြင့် အသက်ဝိညာဉ်ပေါင်းများစွာကို ခြွေခဲ့ဖူးသောကြောင့် ဖြစ်သည်။
ကျူတင်းကတော့ အလေးအနက် မထားသည့်ဟန်ဖြင့် စကားဆက်လိုက်သည်။
“လောလောဆယ်တော့ လောင်းပန်ကတော်က အရေးတကြီး ကိစ္စတစ်ခု ရှိနေတာမို့၊ ခင်ဗျားတို့ ၂ ယောက်ကို တွေ့ဖို့ အချိန်မပေးနိုင်ဘူး ထင်ပါရဲ့ဗျာ”
သံမဏိမျက်နှာ တရားသူကြီးက ပြန်မေးလိုက်သည်။
“ဘာအရေးတကြီး ကိစ္စမို့လဲ”
“သူ့မိတ်ဆွေတစ်ယောက်နဲ့ အရက်သောက်နေတာလေ၊ ဒီလောကကြီးမှာ ကိုယ့် အသိမိတ်ဆွေတစ်ယောက်နဲ့ အရက်သောက်တာထက် ပိုအရေးကြီးတာ ဘာများ ရှိသေးလို့တုန်းဗျ”
“မင်းရဲ့ အဲဒီ မိတ်ဆွေရဲ့ နာမည်က 'လု' မဟုတ်လား”
ကျူတင်း၏ မျက်နှာ တင်းသွားပြီး ချက်ချင်းပြန်ပြောလိုက်သည်။
“ခင်ဗျား စကားကို ရှင်းရှင်းပြော၊ အဲဒီ 'လု' ဆိုတဲ့ကောင်က ကျုပ်မိတ်ဆွေမဟုတ်ဘူး၊ ကျူပ်မိန်းမရဲ့ မိတ်ဆွေ”
“သူတို့ ဘယ်မှာ အရက်သောက်နေကြတာလဲ”
“ဒီကောင်တည်းနေတဲ့ တိမ်လွှာတည်းခိုခန်းမှာပဲ နေမှာပေါ့”
သံမဏိမျက်နှာတရားသူကြီးက ကျူတင်းကို ခေါင်းအစခြေအဆုံး အပြန်ပြန် အလှန်လှန် ကြည့်လိုက်ပြီးမှ မေးလိုက်သည်။
“မင်းရဲ့ မိန်းမက တည်းခိုခန်းမှာ၊ သူနဲ့ အရက်သောက်နေတဲ့သူက မိန်းမလိုက်စားတဲ့နေရာမှာ အင်မတန်မှ နာမည်ကြီးလှတဲ့သူ၊ အဲဒီကိုတောင် မင်းက ဒီမှာ အေးအေးဆေးဆေး ထိုင်နေနိုင်သေးတယ်လား”
ကျူတင်းက ခပ်အေးအေးပင် ပြန်ပြောလိုက်သည်။
“ကလေးလေးလေးတွေ သေးထွက်ကျတယ်၊ မိန်းမတွေ လော်လီဖောက်ပြန်တယ်၊ ဒါတွေဟာ ဘယ်သူမှ ထိန်းချုပ်မရတဲ့ အရာတွေပဲဟာ၊ ကျုပ်က ဒီမှာ ထိုင်မနေလို့ ဘာလုပ်ရမတဲ့တုန်း၊ ခေါင်းမိုးပေါ်တက်ပြီး ဂျွမ်းထိုးနေရမှာလား၊ ကြမ်းပေါ်မှာ လူးလိမ့်နေရမှာလား”
သံမဏိမျက်နှာတရားသူကြီး အားရပါးရ ရီမောရင်း ပြောလိုက်သည်။
“မင်းကိုတော့ သဘောကျသွားပြီ၊ မင်းက တော်တော်လေး ပွင့်ပွင့်လင်းလင်းနိုင်တဲ့ ကောင်ပဲကွ”
တကယ်တော့ သံမဏိမျက်နှာတရားသူကြီး မကြာခဏဆိုသလို အားရပါးရ ရီမောရခြင်းမှာ အကြောင်းရှိသည်။ ရီလိုက်လျှင် သူ့မျက်နှာကြီး ပို၍ ကြောက်စရာကောင်းလာသည်ကို သူသိသောကြောင့်ဖြစ်သည်။ သူအားရပါးရ ရီလိုက်သည့် အခါတိုင်း သူ့မျက်နှာပေါ်မှ အမာရွတ်ကြီးက တဆတ်ဆတ် တုန်လာကာ၊ ဘုံကျောင်းပျက်ထဲမှ တစ္ဆေသရဲတစ်ကောင်အလား ထိတ်လန့်စရာပင်။
ကျူတင်းက သူ့ကို တစ်ချက်စိုက်ကြည့်လိုက်ပြီး
“ခင်ဗျားမှာ မိန်းမရှိသလား”
“ဟင့်အင်း”
ကျူတင်းက တစ်ချက်ရီလိုက်ပြီးမှ ပြန်ပြောလိုက်သည်။
“ခင်ဗျားမှာ ကျုပ်မိန်းမလို မိန်းမချောချောတစ်ယောက် ရှိရင်၊ ကျုပ်လိုပဲ ပွင့်ပွင့်လင်းလင်း ရှိလာမှာပါ”
+++++
ဟျှ့ဥွှန=ဘေိငည်း၇၄ဝ၉၁ဝ'အိပ်ယာပေါ်တွင် လုရှောင်ဖုန်း လဲလျောင်းနေသည်။ အရက်ပြည့်လျှံလုနီးပါး ဖြည့်ထားသော အရက်ခွက်တစ်ခွက်ကို သူ့ရင်ဘတ်ပေါ်တွင် တင်ထားသည်။ ခွက်အတွင်းမှ အရက်များ တစ်စက်တစ်လေမှပင် ဖိတ်စင်ကျခြင်းမရှိ။ အကြောင်းမှာ လုရှောင်ဖုန်း မလှုပ်မရှက်ဖြင့် လူသေကောင်တစ်ကောင်အလား ငြိမ်သက်စွာ လဲလျောင်းနေခြင်းကြောင့်ပင်။ သူ့မျက်လုံးများကိုပင် တစ်ချက်တစ်လေမှ ဖွင့်မကြည့်ချေ။ သူ့မျက်ခုံးများမှာ ထူထဲ၍ မျက်တောင်များမှာ ရှည်လျှားလှသည်။ သူ့နှုတ်ခမ်းထက်တွင်တော့ သပ်သပ်ရပ်ရပ် ပြုပြင်ထိန်းသိမ်းထားဟန်ရှိသော နှုတ်ခမ်းမွှေးတစ်စုံရှိလေသည်။
လုရှောင်ဖုန်း၏ မျက်နှာချင်းဆိုင်ဖက်တွင် ထိုင်ကာ သူ့နှုတ်ခမ်းမွှေးကို လောင်းပန်ကတော် အသေအချာ စူးစိုက်ကြည့်နေသည်။ လောင်းပန်ကတော်သည် အလွန်တရာမှ ချောမောလှပသူဖြစ်သည်။ ကွေးနေသော မျက်ခုံးတစ်စုံ၊ ဝိုင်းစက်သော မျက်လုံးများ၊ ပါးလျသော နှုတ်ခမ်းများဖြင့်၊ မှည့်ဝင်းနေသော သစ်သီးတစ်လုံးပမာ၊ မြင်မိသူတိုင်းက တစ်ကိုက်တစ်လေလောက်တော့ မြည်းစမ်းချင်စိတ် မပေါက်ဘဲ မနေနိုင်အောင်ကို စွဲဆောင်မှုရှိသူဖြစ်သည်။ ထို့အပြင် သူ့ကို ပိုပြီးစွဲဆောင်မှု ရှိစေသည်ကတော့ သူ့ဝတ်စားဆင်ယင်မှုနှင့် အနေအထိုင်အပြုအမူတို့ပင်ဖြစ်သည်။ ယောက်ျားတိုင်း မစွဲလမ်းဘဲ မနေနိုင်လောက်သည့် မိန်မတစ်ယောက်ပင်။
ယခုတော့ လုရှောင်ဖုန်း၏ နှုတ်ခမ်းမွှေးကို လောင်းပန်ကတော် အလွန်ပင် စိတ်ဝင်စားနေဟန်တူသည်။ အချိန်အတော်ကြာ စိုက်ကြည့်နေပြီးမှ ရီမောရင်း လှမ်းပြောလိုက်သည်။
“ရှင့်နှုတ်ခမ်းမွှေး ၂ ဖက်က ရှင့်မျက်ခုံး ၂ ဖက်နဲ့ တကယ်ကို တူတာပဲ၊ ဒါကြောင့်လည်း ရှင့်မှာ မျက်ခုံးလေးခုရှိတယ်လို့ လူတွေက ပြောကြတာကိုး”
လောင်းပန်ကတော်၏ ရီသံက ဖူးပွင့်စ ပန်းကလေးများပမာ ကြည်လင်လန်းဆန်းနေသည်။
“ရှင့်ကို မမြင်ဖူးတဲ့ လူတွေကတော့၊ ရှင့်နှုတ်ခမ်းပေါ်က နောက်ထပ် မျက်ခုံးမွှေးအပိုတစ်စုံအကြောင်းကို ဘယ်လိုမှ တွေးတတ်မှာ မဟုတ်ဘူး”
လုရှောင်ဖုန်းကတော့ လှုပ်ရှားခြင်း အလျင်းမရှိသေးချေ။ ထိုစဉ် ရုတ်တရက် သူ့နှုတ်ခမ်းများက လေကိုစုပ်ယူလိုက်သည်။ ထိုခဏ၌ သူ့ရင်ဘတ်ပေါ်ရှိ အရက်ခွက် သူ့ပါးစပ်ဆီသို့ မြောက်တက်သွားကာ၊ ခွက်အတွင်းရှိ အရက်အားလုံးကို တစ်ချက်ထဲ စုပ်ယူသောက်ချလိုက်သည်။ အရက်မျိုချလိုက်သံ ကြားရပြီးနောက်၊ သူ့ပါးစပ်မှ အရက်ခွက်ကို ပြန်ထွေးထုတ်လိုက်သောအခါ၊ အရက်ခွက်မှာ မူလနေရာသို့ ငြိမ်သက်စွာ ပြန်ရောက်သွားလေသည်။
လောင်းပန်ကတော်က ရီမောရင်း လှမ်းမေးလိုက်သည်။
“ရှင် အရက်သောက်တာလား မျက်လှည့်ပြနေတာလား”
စကားတစ်ခွန်းမှ ပြန်မပြောဘဲ မျက်လုံးပိတ်လျက်ကပင်၊ သူ့ရင်ဘတ်ပေါ်ရှိ အရက်ကခွက်ကို လုရှောင်ဖုန်းက လက်ညိုးထိုးပြသည်။ နေရာမှ ထကာ လုရှောင်ဖုန်း ရင်ဘတ်ပေါ်မှ အရက်ခွက်ကို အရက်ဖြည့်ပေးရင်း၊ လောင်းပန်ကတော် မကျေမနပ်နဲ့ ပြောလိုက်သည်။
“ရှင်ပဲ ကျွန်မနဲ့ အရက်သောက်ချင်ပါတယ် ဆိုပြီး ချိန်းပြီးတော့၊ အခုကျတော အသေကောင်ကြီးလိုပဲ အိပ်နေတာ၊ ကျွန်မကို မျက်လုံးလေးတောင် ဖွင့်မကြည့်ဘူး”
ပထမဆုံးအကြိမ် လုရှောင်ဖုန်းဆီမှ စကားသံထွက်လာသည်။
“မင်းကို ငါမကြည့်ရဲဘူး”
“ဘာလို့လဲ”
“မင်း ငါ့ကို မြူဆွယ်မှာ စိုးလို့”
လောင်းပန်ကတော် နှုတ်ခမ်းကို တစ်ချက်ကိုက်လိုက်ပြီး မေးလိုက်သည်။
“ရှင်က သူများတွေကိုတော့ ရှင်နဲ့ကျွန်မနဲ့ကြားမှာ တစ်ခုခုဖြစ်နေသလို ထင်စေချင်တယ်၊ ပြီးတော့ အခု ကျွန်မ ရှင့်ကို မြူဆွယ်မှာ ကြောက်တယ်လို့ ပြောပြန်တယ်၊ ဒါက ဘာသဘောတုန်း”
“မင်းယောက်ျားအတွက်ပါ”
အံအားသင့်သွားဟန်ဖြင့် လောင်းပန်ကတော်က ပြန်မေးလိုက်သည်။
“ကျွန်မယောက်ျားအတွက်၊ ဟုတ်လား၊ သူနွားဖြစ်နေတာကို ပျော်နေတယ်လို့ ရှင်ကထင်လို့လား”
“နွားဖြစ်တာက၊ မသာဖြစ်တာထက်စာရင်တော့ သာသေးတာပဲ”
လောင်းပန်ကတော် ဝင်မပြောခင် လုရှောင်ဖုန်း သူ့စကားကို ဆက်ပြောလိုက်သည်။
“မင်းယောက်ျား လုပ်နေတဲ့ အလုပ်က အရမ်းအန္တရယ်ကြီးတယ်၊ သူ့ကို သတ်မယ့်သူ တစ်ယောက်ယောက် အချိန်မရွေး နေရာမရွေး ပေါ်လာနိုင်တယ်၊ သူ အလုပ်လုပ်ပေးခဲ့တဲ့ လူတွေလည်း နည်းတာမဟုတ်ဘူး၊ သူသိထားတဲ့ လျို့ဝှက်ချက်တွေလည်း နည်းတာမဟုတ်ဘူး”
ထိုအချက်ကိုတော့ လောင်းပန်ကတော် မငြင်းနိုင်ပေ။ လျို့ဝှက်ချက် အပြည့်နှင့် ထူးခြားဆန်းကြယ်သော အလုပ်ပေါင်းများစွာကို ကျူတင်းလုပ်ခဲ့ဖူးတာ သူအသိဆုံးပင်။ ကျူတင်း နှုတ်လုံသည်ကို သူ့အလုပ်ရှင်များက သိထာကြသော်လည်း၊ အသေကောင်တစ်ကောင်ထက်တော့ ပို၍နှုတ်လုံမည့်သူ မရှိ။ သူတို့၏ လျို့ဝှက်ချက်များ မပေါက်ကြားရေးအတွက်၊ ကျူတင်းကို နှုတ်ပိတ်ရန် ဝန်မလေးသူများလည်း အများအပြားရှိမှာ သေချာသည်။
လုရှောင်ဖုန်းက ဆက်ပြောသည်။
“မင်းယောက်ျား အသတ်ခံရပြီးရင်တော့၊ ငါထင်တယ် မင်း မုဆိုးမဘဝနဲ့ တစ်နှစ်တောင် ခံမယ် မထင်ဘူး”
လောင်းပန်ကတော်က မျက်ခုံးတစ်ဖက်ပင့်ကာ မျက်နှာမဲ့ပြီး ပြန်ပြောလိုက်သည်။
“ရှင်က ကျွန်မကို ဘယ်လိုအစားထဲက အောက်မေ့နေလို့လဲ၊ ဖန်ကျင်းလျန်လို မိန်းမမျိုးထင်လို့လား”
“မင်းက ဖန်းကျင်းလျန်ဆိုရင်တောင် ငါကတော့ စီးမင်းချင်မဟုတ်ဘူးဟေ့”
(တရုတ်ဂန္တဝင်ဝတ္ထုလေးအုပ်အနက် Water Margin ဝတ္ထုတွင် ပါဝင်သော အိမ်ထောင်ရှင် အမျိုးသမီးတစ်ယောက်နှင့် အမျိုးသားတစ်ယောက်အကြောင်းကို ရည်ညွှန်းပြောဆိုခြင်း ဖြစ်သည်။)
လုရှောင်ဖုန်းအား လောင်းပန်ကတော် တစ်ချက်စိုက်ကြည့်ကာ၊ ထိုင်နေရာမှာ ရုတ်တရက်ထ၍ တံခါးဝဆီသို့ ချာကနဲ လှည့်ထွက်သွားလေသည်။ လုရှောင်ဖုန်းကတော့ အိပ်နေရာမှ တုတ်တုတ်ပင်မလှုပ်၊ လိုက်ဆွဲမည့် ဟန်လည်းမပေါ်။
လောင်းပန်ကတော် အခန်းတံခါးအပြင်ရောက်မှ၊ အခန်းတွင်းသို့ စောင့်ကြီးအောင့်ကြီးဖြင့် ပြန်ဝင်လာပြီး၊ လုရှောင်ဖုန်း၏ ကုတင်ဘေးတွင် ခါးထောက်ကာ၊ ရန်တွေ့လေသည်။
“ရှင် ဘာအချိုးချိုးလဲဆိုတာ ကျွန်မ မသိဘူးများ ထင်နေလား၊ ရှင်က ကျွန်မကို အဲလောက် တုံးတယ်များ ထင်နေလား”
လုရှောင်ဖုန်းက အေးအေးဆေးဆေးပင် ပြန်ပြောလိုက်သည်။
“မင်းက အဲလောက် မတုံးဘူးပေါ့”
လောင်းပန်ကတော်က ပြန်အော်လိုက်သည်။
“ရှင် ကျွန်မယောက်ျားနဲ့ ရန်ဖြစ်ထားတယ်၊ ဒါပေမယ့် သူ အသတ်ခံရမှာလည်း စိုးရိမ်နေတယ်၊ အဲဒါကြောင့် ရှင်က သူများတွေကို ရှင်နဲ့ ကျွန်မနဲ့ကြားမှာ တစ်ခုခုဖြစ်နေသလို ထင်စေချင်တယ်၊ အဲဒီတော့ အခုနေ ကျွန်မယောက်ျားသာ အသတ်ခံရရင် လူတွေက ကျွန်မကိုပဲ စွပ်စွဲကြမှာ၊ အဲလိုမဖြစ်အောင် ကျွန်မယောက်ျားကို စောင့်ရှောက်ဖို့ ရှင့်ကို တောင်းပန်စေချင်တာ မဟုတ်လား၊ ရှင်သာရှိနေရင် ကျွန်မယောက်ျားကို တော်ရုံလူတွေက သတ်ဖို့ ဘယ်စဉ်းစားတော့မလဲ”
ပြောရင်းနှင့် ဒေါသပိုထွက်လာဟန်ဖြင့် လောင်းပန်ကတော်၏အသံ ပိုကျယ်လာသည်။
“ဒါပေမယ့် ရှင် ကျွန်မအတွက်ရော စဉ်းစားရဲ့လားဟင်၊ ကျွန်မက ဘာအတွက် သူများတကာ အထင်သေး အမြင်သေးတာကို ခံနေရမှာတုန်း”
“မင်းယောက်ျားအတွက်လေ”
လောင်းပန်ကတော် ဘာမှ ပြန်မပြောနိုင်ဘဲ ဖြစ်သွားသည်။ မိမိ၏ လင်ယောက်ျားအတွက် ဇနီးမယားတိုင်း အတိုင်းအတာ တစ်ခုအထိ အနစ်နာခံသင့်သည် မဟုတ်ပါလော။
လုရှောင်ဖုန်းက အေးအေးဆေးဆေးပင် ထပ်ပြောလိုက်သည်။
“သူများတွေ ဘယ်လိုပဲထင်ထင်၊ မင်းယောက်ျားက မင်းကို ယုံနေရင် ပြီးတာပဲ မဟုတ်ဘူးလား”
နှုတ်ခမ်းကိုကိုက်ကာ ခေတ္တမျှ တွေဝေကာ စဉ်းစားနေပြီးမှ လောင်းပန်ကတော်က ပြန်မေးလိုက်သည်။
“ကျွန်မယောက်ျားက ကျွန်မကို ယုံပါ့မလား”
“မင်းယောက်ျားက ငတုံးမဟုတ်ပါဘူး”
“ဒါပေမယ့် သူက ရှင့်ကိုရော ယုံပါ့မလား”
“မင်းယောက်ျားကို မင်းဖာသာပဲ ပြန်မေးကြည့်လိုက်ပါလား”
သူ့ရင်ဘတ်ပေါ်ရှိ ခွက်ကို နောက်တစ်ကြိမ် စုပ်ယူကာ သောက်ချလိုက်ပြီးမှ၊ ဆက်ပြောသည်။
“မြစိမ်းနန်းတော်ကကောင်တွေလည်း ငတုံးတွေ မဟုတ်ဘူးဆို၊ ခဏနေ ဒီရောက်လာကြတော့မှာ သေချာတယ်၊ မင်းမသွားသေးဘူးလား”
လောင်းပန်ကတော် စိုးရိမ်သွားဟန်ဖြင့်
“သူတို့ ရှင့်ကို အသည်းအသန်ကို လိုက်ရှာနေကြတာ၊ ဘာအကြောင်းရှိလို့လဲ”
လုရှောင်ဖုန်းက အေးတိအေးစက်ပင် ပြန်ပြောလိုက်သည်။
“ငါလည်း သူတို့ကို အဲဒါပဲ မေးချင်နေတာပဲ၊ မဟုတ်ရင် ငါ့ သူတို့ကို အတွေ့ခံပါ့မလား”
+++++
ကျူတင်းသည် ဧည့်ခန်းထဲရှိ ဇိမ်ခံကုလားထိုင်ကြီးတွင် ထိုင်ကာ အတွေးကမ္ဘာထဲ၌ နစ်မြောနေသည်။ သူတီထွင်ခဲ့သမျှ ထူးခြားဆန်းကြယ်သော ကိရိယာလက်နက်ပစ္စည်းများ အားလုံးအတွက် စိတ်ကူးစိတ်သန်းများကို ထိုကုလားထိုင်ကြီးပေါ်မှပင် ရခဲ့ခြင်းဖြစ်သည်။
ထိုအချိန်မှာပင် လောင်းပန်ကတော် ဧည့်ခန်းအတွင်းသို့ ဝင်လာသည်။ လက်ကိုင်ပါဝါလေးကို ဟန်ပါပါကိုင်ကာ ဆွဲဆောင်မှုအပြည့်ဖြင့် လျှောက်ဝင်လာပြီး ကျူတင်း၏ နံဘေး၌ ပွတ်သီးပွတ်သပ် လုပ်နေသည်။ ကျူတင်းကတော့ သူ့မိန်းမ ပြန်ရောက်လာသည်ကို သတိပင် ထားမိဟန် မတူ။ ခဏလောက်အကြာတွင် လောင်းပန်ကတော် မအောင့်နိုင်တော့ဘဲ
“ကျွန်မ ပြန်လာပြီလေ”
“အေး မြင်သားပဲ”
လောင်းပန်ကတော်က မခိုတရို့ဟန်ဖြင့် အဓိပ္ပာယ်ပါပါ ကြည့်လိုက်ပြီး
“ကျွန်မတော့ လုရှောင်ဖုန်းနဲ့ အရက်သောက်တာ တော်တော်ကို များသွားတယ်၊ အခုတောင် နည်နည်း ရီတီတီ ဖြစ်နေပြီ”
“အော် အင်း”
လောင်းပန်ကတော်က ပြုံးတုံ့တုံ့ဟန်ဖြင့်
“ဒါပေမယ့် ကျွန်မတို့က အရက်ပဲ သောက်ခဲ့တာ သက်သက်ရယ်ပါနော်၊ ဟိုဟိုဒီဒီ လျှောက်တွေးမနေနဲ့”
“အော် အင်း”
ကျူတင်း၏ အေးတိအေးစက် အမူအယာကြောင့် လောင်းပန်ကတော် ဒေါသထွက်လာဟန်ဖြင့် ထအော်လိုက်သည်။
“ရှင် အဲဒီစကားကလွဲရင် ဘာမှ မပြောတတ်တော့ဘူးလား”
“မင်းက ငါ့ကို ဘာပြောစေချင်လို့တုန်း”
လောင်းပန်ကတော် ပို၍ဒေါသထွက်လာဟန်ဖြင့် အသံပိုကျယ်လာသည်။
“ကျွန်မ အခြားယောက်ျားတစ်ယောက်ရဲ့ အခန်းထဲမှာ အကြာကြီး အရက်သွားသောက်ပြီး ပြန်လာတာ၊ ရှင်က သဝန်တိုတာလည်း မရှိဘူး၊ စိတ်ဆိုးတာလည်းမရှိဘူး၊ အဲဒီ ခုံပေါ်မှာပဲ အေးအေးလူလူ ထိုင်ပြီး တွေးချင်တာ တွေးနေနိုင်သေးတယ်”
“ငါက အရည်မရ အဖတ်မရတွေ လျှောက်မတွေးတတ်ဘူး၊ အဲဒီတော့ မင်းအတွက် သဝန်လည်းမတိုဘူး၊ စိတ်လည်း မဆိုးဘူး”
လောင်းပန်ကတော်က ခါးထောက်လိုက်ပြီး
“လုရှောင်ဖုန်းလို ယောက်ျားတစ်ယောက်နဲ့၊ ကျွန်မလို မိန်းမတစ်ယောက်၊ သူ့အိပ်ခန်းလေးထဲမှာ အရက်အတူတူ သောက်ခဲ့ကြတာ၊ ကျွန်မတို့ တကယ့်ကို ရိုးရိုးသားသားလို့ပဲ ရှင်ထင်လား”
လောင်းပန်ကတော်က မျက်နှာကို မဲ့လိုက်ပြီး ဆက်ပြောသည်။
“ဘာလဲ ရှင်က သူ့ကို သူတော်ကောင်းကြီးလို့ ထင်နေတာလား”
ကျူတင်းက တစ်ချက်ပြုံးလိုက်ပြီး
“အဲဒီကောင်က သောက်ချိုးတစ်စက်မှ မပြေတဲ့ကောင်ဆိုတာ ငါသိတယ်၊ ဒါပေမယ့် သူ့ကို ငါယုံလို့ရတဲ့ နေရာတွေလည်း ရှိပါသေးတယ်”
လောင်းပန်ကတော် ဒေါသပိုထွက်လာဟန်ဖြင့်
“ဪ ရှင်က သူ့ကို ယုံလို့ သဝန်မတိုတာပေါ့ ဟုတ်လား၊ ကျွန်မကိုတော့ မယုံဘူးပေါ့”
“မင်းကိုလည်း ငါယုံပါတယ်”
“ဒါပေမယ့် ရှင်က သူ့ကို ပိုယုံတယ် မဟုတ်လား”
“ငါတို့က နှပ်ချေးတွဲလောင်း အရွယ်ကတည်းက တစ်ယောက်ကိုတစ်ယောက် သိခဲ့ကြတာလေ”
လောင်းပန်ကတော်က ခနဲ့တဲ့တဲ့လေသံဖြင့်
“ရှင်တို့နှစ်ယောက် အနှစ် ၂ဝ - ၃ဝ လောက် သိလာခဲ့ကြတာဆိုလည်း အခုကျမှ ဘာလို့ ရန်သူကြီးတွေလို ဖြစ်နေကြရပြန်တာတုန်း၊ တစ်ယောက်နဲ့ တစ်ယောက် မခေါ်နိုင် မပြောနိုင်နဲ့”
ကျူတင်းက အေးအေးဆေးဆေးပင် ပြန်ပြောလိုက်သည်။
“ဘာလို့လဲဆိုတော့ ဒီကောင်က သောက်ချိုးတစ်စက်မှ မပြေဘူး၊ ပြီးတော့ ငါကလည်း သောက်ချိုး တစ်စက်မှ ပြေတဲ့ကောင်မှ မဟုတ်တာ”
လောင်းပန်ကတော် ကျူတင်းကို စိုက်ကြည့်နေပြီးမှ မအောင့်နိုင်တော့ပဲ အားရပါးရ ရီချလိုက်တော့သည်။
“ရှင်တို့ သောက်ချိုးတစ်စက်မှ မပြေသူတဲ့သူကြီးနှစ်ယောက် လုပ်သမျှ၊ ကျွန်မတော့ နားကို မလည်နိုင်တော့ဘူး”
“မင်း ဘယ်နားလည်နိုင်ပါ့မလဲ၊ မင်းက ငါတို့လို သောက်ချိုးတစ်စက်မှ မပြေတာမှ မဟုတ်တာ”
လောင်းပန်ကတော် သဘောကျသွားဟန်ဖြင့် ပြုံးလိုက်ပြီး
“အခုမှပဲ ရှင်ဆီက အမှန်တရားတွေ ကြားရတော့တယ်”
ကျူတင်းက တစ်ချက်ပြုံးလိုက်ပြီးမှ ပြန်ပြောလိုက်သည်။
“မင်းက သောက်ချိုးနည်းနည်း မပြေတဲ့အဆင့်ပဲ ရှိပါသေးတယ်”
+++++
လုရှောင်ဖုန်းသည် ရင်ဘတ်ပေါ်တွင် အရက်အပြည့်နှင့်ခွက်ကို တင်လျှက်နှင့်၊ မျက်လုံးအစုံမှိတ်ကာ အိပ်ယာပေါ်၌ ငြိမ်သက်စွာ လဲလျောင်းနေဆဲပင်။ သူ့အရက်ခွက်ကို လောင်းပန်ကတော် မသွားခင် အရက်ဖြည့်ပေးသွားခဲ့ခြင်းဖြစ်သည်။ သူ့ဟာသူ ဆိုလျှင်တော့ အရက်တစ်ခွက်လောက်အတွက်နှင် အိပ်ယာပေါ်မှ ထမည်မဟုတ်။
အိပ်ယာမှာ နူးညံ့လှသော မွေ့ယာအကောင်းစားနှင့်မို့ လုရှောင်ဖုန်းအကြိုက်ပင်ဖြစ်သည်။ ဤအချိန်မျိုးတွင် လုရှောင်ဖုန်းကို အိပ်ယာထဲမှ ထခိုင်းနိုင်မည့်သူ မရှိနိုင်သလောက်ပင်။ သူ့၏ အနီရောင်ဝတ်ရုံကို ကုတင်ခေါင်းရင်းရှိ ချိတ်တစ်ခုတွင် ချိတ်ထားသည်။ ဘယ်အချိန်၊ ဘယ်နေရာမှာဖြစ်ဖြစ် ထိုအနီရောင်ဝတ်ရုံမှာ သူနှင့်အမြဲရှိတတ်သည်။ ထို့ကြောင့် ထိုအနီရောင်ဝတ်ရုံကို မြင်သည်နှင့် လုရှောင်ဖုန်း ရှိသည်ကို အလွယ်တကူပင် သိနိုင်လေသည်။
ထိုအချိန်တွင် သံမဏိမျက်နှာ တရားသူကြီးနှင့် ဝိညာဉ်ခြွေချိတ်တို့ လုရှောင်ဖုန်း၏ ဝတ်ရုံနီကို ပြတင်းပေါက်မှတဆင့် မြင်တွေ့သွားကြလေသည်။ တွေ့တွေ့ချင်းပင် နှစ်ယောက်စလုံး ပြတင်းပေါက်မှ လျှပ်တပြက် ခုံဝင်ကာ ကုတင်ဆီသို့ လျှောက်သွားကြပြီး၊ လုရှောင်ဖုန်းကို ငုံ့ကြည့်လိုက်ကြသည်။
လုရှောင်ဖုန်းကတော့ ကုတင်ထက်တွင် မလှုပ်မရှက် ငြိမ်သက်စွာဖြင့် လဲလျောင်းနေသည်မှာ၊ အသက်မှ ရှုနေသေးလားဟုပင် သံသယဖြစ်ချင်စရာပင်။ သံမဏိမျက်နှာ တရားသူကြီးက လေသံမာမာဖြင့် မေးလိုက်သည်။
“မင်း လုရှောင်ဖုန်းလား”
လုရှောင်ဖုန်းက လှုပ်ရှားခြင်း အလျင်းမရှိ။
ဝိညာဉ်ခြွေချိတ်က မျက်မှောင်ကြုံ့လိုက်ပြီး အေးစက်စက်လေသံဖြင့်
“ငါတော့ ဒီကောင် သေနေပြီ ထင်တာပဲ”
သံမဏိမျက်နှာ တရားသူကြီးက တစ်ချက်ရီလိုက်ပြီး
“ဟုတ်လောက်မယ်၊ ဒီလိုကောင်စားမျိုးက သက်စိုးသိပ်ရှည်မယ့်ပုံ မပေါ်ဘူး”
ထိုအချိန်တွင် လုရှောင်ဖုန်း မျက်လုံးတစ်ချက်ဖွင့်ကာ သူတို့နှစ်ယောက်ကို ကြည့်လိုက်ပြီးနောက်၊ ချက်ချင်း မျက်လုံးပြန်ပိတ်လိုက်ပြီး၊ ပါးစပ်မှလည်း မသဲမကွဲ ရေရွတ်လိုက်သည်။
“အံ့ဩစရာပဲ၊ ငါတွေ့လိုက်တာ လူ ၂ ယောက်ဆိုတာ သေချာပါတယ်”
သံမဏိမျက်နှာ တရားသူကြီးက အသံကျယ်ကျယ်ဖြင့်
“အဲဒါ မင်းအခန်းထဲကို လူ ၂ ယောက် ရောက်နေလို့ပေါ့ကွ၊ ဘာများ အံ့ဩစရာ ရှိလို့တုန်း”
“အခန်ထဲကို လူ ၂ ယောက် ရောက်နေတာဆိုရင်၊ ဘာလို့ ကျုပ် ခုနက တံခါးခေါက်သံ မကြားမိတာပါလိမ့်”
“ဘာလို့လဲဆိုတော့ ငါတို့မှ တံခါးမခေါက်တာ”
လုရှောင်ဖုန်းက မျက်လုံးဖွင့်ကာ သူတို့ ၂ ယောက်ကို စိုက်ကြည့်ပြီး လှမ်းမေးလိုက်သည်။
“ခင်ဗျားတို့ ၂ ယောက်က တကယ့်လူအစစ်တွေလား”
သံမဏိမျက်နှာ တရားသူကြီးက စိတ်မရှည်တော့ဟန်ဖြင့်
“ငါတို့က လူမဟုတ်လို့၊ သရဲတွေလို့ မင်းကထင်နေလို့လားကွ”
လုရှောင်ဖုန်းက ခပ်အေးအေးပင် ပြန်ပြောလိုက်သည်။
“လူတွေက သူများအခန်းထဲ မဝင်ခင် အရင် တံခါးခေါက်တတ်ကြတယ်လေ၊ လမ်းဘေးက ခွေးဝဲစားတွေပဲ ပြတင်းပေါက်နေ ခုန်ဝင်တတ်တာ”
ဝိညာဉ်ခြွေချိတ်၏ မျက်နှာ မည်းကနဲဖြစ်ပြီး တပြိုင်နက် သူ့လက်ထဲမှ ကြာပွတ်ဖြင့် ရိုက်ချလိုက်သည်။ မဟာရံတံတိုင်းကြီးအတွင်းဖက်ရှိ ချိတ်သိုင်းသမားများအကြား သူ့ကို ထိပ်တန်း လေးယောက်အတွင်း ထည့်သွင်းသတ်မှတ်ထားကြသော်လည်း၊ တကယ်တော့ သူ့၏ ကြာပွတ်သိုင်းပညာကလည်း ခေလှသည်တော့ မဟုတ်ပေ။ တို့ဖူး ၃ တုံးပေါ်တွင် တင်ထားသော သစ်အယ်စေ့ကို သူ့၏ မြွေရေခွံကြာပွတ်ဖြင့် တိတိကျကျ ထိအောင် ရိုက်နိုင်သူဟု ပြောစမှတ်တွင်သူ ဖြစ်သည်။
လုရှောင်ဖုန်း၏ ခန္ဓာကိုယ်မှာ သစ်အယ်စေ့ထက် အဆပေါင်းများစွာ ကြီးမားသည့်အပြင်ကို၊ လုရှောင်ဖုန်းက အသေကောင်တစ်ကောင်လို ငြိမ်ငြိမ်သက်သက် လဲလျောင်းနေသည် ဖြစ်သဖြင့်၊ သူ့ကြာပွတ်ရိုက်ချက်မှာ လွဲစရာအကြောင်းမရှိပေ။ သို့သော် မထင်မှတ်ဘဲ လုရှောင်ဖုန်း၏ လက်တစ်ဖက် ရုတ်ရက် မြောက်တက်လာပြီး၊ ကြာပွတ်ကို လက် ၂ ချောင်းဖြင့် ဖမ်းညှပ်ထားလိုက်သည်။ သူတောင်းစား အဖိုးကြီးများ ကြမ်းပိုးဖမ်းသည့် ဟန်မျိုးပင်။
ထိုသိုင်းကွက်ကို ဟွာမင်းလိုထံမှ သူသင်ယူခဲ့ခြင်းမဟုတ်ပေ။ သူက ဟွာမင်းလိုကို သင်ပေးခဲ့ခြင်းသာ ဖြစ်သည်။
ဝိညာဉ်ခြွေချိတ်၏ မျက်နှာမှာ ဟွာမင်းလို၏ လက် ၂ ချောင်းအတွင်း ဓားညပ်နေခဲ့စဉ်က ပန်းဘီလူး ချွေးယိတောင်၏ မျက်နှာအတိုင်းပင်။ စိမ်းတလှည့်၊ ဖြူတလှည့်၊ နီတလှည့်နှင့်။ သူ့ရှိသမျှ အတွင်းအားများ စုစည်းကာ အစွမ်းကုန် ကျိုးစားသော်လည်း၊ လုရှောင်ဖုန်း၏ လက်ချောင်း ၂ ချောင်း အတွင်းမှ ကြာပွတ်ကို မည်သို့မျှ ဆွဲမထုတ်နိုင်ချေ။
လုရှောင်ဖုန်းကတော့ ကုတင်ပေါ်တွင် သက်တောင့်သက်သာ လဲလျောင်းလျှက်ပင်။ သူ့ရင်ဘတ်ပေါ်ရှိ အရက်ခွက်အတွင်း အရက်များ တစ်စက်တစ်လေမှပင် ဖိတ်စင်ကျခြင်းမရှိ။
ဝိညာဉ်ခြွေချိတ်၏ အဖြစ်အပျက်ကို သံမဏိမျက်နှာ တရားသူကြီး အံ့အားသင့်စွာ ကြည့်နေရင်းမှ ရုတ်တရက် အားရပါးရ ရီမောလိုက်ပြီး
“ကောင်းလိုက်တဲ့ သိုင်းပညာ၊ လုရှောင်ဖုန်းရဲ့ အစွမ်းကတော့ သတင်းတွေ ကြားခဲ့ရတဲ့ အတိုင်းပါပဲလားဗျို့”
ဝိညာဉ်ခြွေချိတ်လည်း အခြေအနေကို ရိပ်စားမိဟန်ဖြင့် ရုတ်တရက် ရီမောလိုက်ကာ ကြာပွတ်ကို လွှတ်ပေးလိုက်ပြီး
“ဒီတစ်ခေါက်တော့ လုရှောင်ဖုန်းအစစ်ဆိုတာ ငါအသေအချာ စမ်းသပ်ပြီးသွားပြီဟေ့”
သံမဏိမျက်နှာ တရားသူကြီးက ထပ်ပြောလိုက်သည်။
“ဒီခေတ်ကြီးထဲမှာ သိုင်းလောကထဲ အတုအယောင်တွေ များလွန်းလို့၊ ကျုပ်တို့က လုရှောင်ဖုန်း အစစ်ဖြစ်ကြောင်း စမ်းသပ်ကြည့်တာကို စိတ်မရှိစေချင်ပါဘူးခင်ဗျာ”
သူတို့နှစ်ယောက် ရီမောရင်း ဖေးကာမကာဖြင့် ဝိညာဉ်ခြွေချိတ်၏ အရှက်တကွဲ အကျိုးနည်း အဖြစ်အပျက်ကို ဖုံးဖိပြောဆိုနေကြသော်လည်း၊ လုရှောင်ဖုန်းကတော့ ပြန်အိပ်ပျော်သွားသည့်အလား လှုပ်ရှားခြင်း အလျင်းမရှိတော့ပြန်။
ဝိညာဉ်ခြွေချိတ်မှာ အရှက်ပြေ ရီမောပြနေသော်လည်း၊ လုရှောင်ဖုန်းထံမှာ တုံ့ပြန်မှု မရှိသောကြောင့်၊ အတန်ကြာသောအခါ ချောင်း တစ်ချက် နှစ်ချက်ဆိုးကာ ဆက်မရီနိုင်တော့ပေ။
“ဟောဒီက ကျုပ်တို့ရဲ မိတ်ဆွေ လုရှောင်ဖုန်းလည်း၊ ကျုပ်တို့ ဘယ်သူတွေဆိုတာ သိပြီးလောက်ပြီး ဖြစ်မယ် ထင်ပါရဲ့နော်”
ဝိညာဉ်ခြွေချိတ်၏ စကားမှာ လုရှောင်ဖုန်းအား မြစိမ်းနန်းတော်မှ မည်သူ့ကိုမဆို မထီမဲ့မြင် မပြုသင့်ကြောင်း သွယ်ဝိုက်ကာ သတိပေးလိုက်ဟန် တူသည်။
သံမဏိမျက်နှာ တရားသူကြီးက
“ကျုပ်တို့ အခုလာတာ အမိန့်အရ မိတ်ဆွေ လုရှောင်ဖုန်းကို ကျုပ်တို့နဲ့အတူ လိုက်ခဲ့ဖို့ လာဖိတ်ခေါ်တာပါ၊ မိတ်ဆွေအတွက် အကြိုအပို့ ခရီးသာ မကဘူး၊ မိတ်ဆွေအပေါ်ကို အန္တရယ်ဆိုလို့ မြူမှုန်တစ်စက်မှ မကျရလေအောင် ကျုပ်တို့က တာဝန်ယူပါတယ်”
လုရှောင်ဖုန်းက ပျင်းရိပျင်းတွဲလေသံဖြင့်
“ကျုပ်က ဘာလို့ ခင်ဗျားတို့နဲ့ လိုက်ခဲ့ရမှာတုန်း၊ ခင်ဗျားတို့ရဲ့ လောင်းပန်ကတော် ကျုပ်နဲ့ အိပ်မှာ မို့လား”
သံမဏိမျက်နှာ တရားသူကြီး၏ မျက်နှာ တင်းကနဲ ဖြစ်သွားကာ ဒေါသထွက်လာဟန်ဖြင့်
“ငါတို့ မြစိမ်းနန်းတော်မှာတော့ လောင်းပန်ကတော် တစ်ယောက်မှ မရှိဘူး၊ ဒါပေမယ့် ဒီမှာတော့ လောင်းပန်ကတော် တစ်ယောက်ရှိတယ် ငါသိတယ်”
လုရှောင်ဖုန်း၏ မျက်နှာလည်း တင်းသွားကာ
“ခင်ဗျားတို့ သိပြီးသားဆိုရင်လည်း၊ ခင်ဗျားတို့ရဲ့ မြစိမ်းနန်းတော်ကို ပြန်ပြီးတော့ 'ဝေ' ဆိုတဲ့ကောင်ကို ပြောလိုက်၊ ကျူတင်းကို လက်ဖျားနဲ့တောင် မထိနဲ့လို့၊ မဟုတ်လို့ကတော့ ခင်ဗျားတို့ရဲ့ နန်းတော် ၁ဝ၈ ခုစလုံး အကုန် မီးတင်ရှို့ပစ်မယ်”
သံမဏိမျက်နှာ တရားသူကြီးက လှောင်ပြောင်သရော်သံဖြင့်
“ငါတို့ ကျူတင်းကို သတ်လိုက်ရင်၊ မင်းကို တနည်းနည်းနဲ့ ကူညီရာ မရောက်ဘူးလားကွ”
လုရှောင်ဖုန်းက ခပ်အေးအေးပင် ပြန်ပြောလိုက်သည်။
“ခင်ဗျား ကျုပ်အကြောင်း မကြားဖူးဘူးလား၊ ကျုပ်က မုဆိုးမဆိုရင် နည်းနည်းလေးမှ စိတ်မဝင်စားဘူး”
သံမဏိမျက်နှာ တရားသူကြီးက
“မင်းသာ ငါတို့နဲ့ အေးအေးဆေးဆေး လိုက်ခဲ့မယ်ဆိုရင်၊ မင်းရဲ့ လောင်းပန်ကတော်လေး ငယ်ငယ်ရွယ်ရွယ်နဲ့ မုဆိုးမ မဖြစ်စေရဘူးလို့ ငါတို့အာမခံပါတယ်”
သူ့စကားအဆုံးမှာပင် တံခါးခေါက်သံကို ကြားလိုက်ကြရသည်။ အခန်းပြင်ဖက်မှ တစ်စုံတစ်ယောက် တံခါးခေါက်လိုက်ခြင်း မဟုတ်ပါ။ တံခါးခေါက်လိုက်သူက အခန်းတွင်းသို့ ရောက်ရှိနေပြီးဖြစ်သည်။ မည်သို့မည်ပုံ အခန်းတွင်းသို့ ရောက်ရှိနေမှန်းတော့ မသိ။ ထိုသူက အခန်းတံခါးကို သူ့လက်ဖြင့် ခေါက်လိုက်ခြင်းလည်း မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် သူ့တွင် လက်တစ်ဖက်မှ မရှိ။
+++++
ညနေစောင်းစပြုလာပြီ။
ဝင်လုဆဲဆဲ နေ၏ အလင်းရောင်တန်းတစ်ချို့က ပြတင်းပေါက်မှတဆင့် ထိုသူ၏မျက်နှာပေါ်သို့ ကျရောက်နေသည်။ တကယ်တော့ မျက်နှာတစ်ခုဟုပင် သတ်မှတ်၍ မရနိုင်။
သူ့မျက်နှာတစ်ခြမ်းလုံး လှီးဖြတ်ခြင်း ခံထားရသည်။ ထိုဒဏ်ရာ ကျက်သွားသောအခါ အရေပြားကျုံ့ဟန်တူသည်။ အခြားတစ်ဖက်မှ နှာခေါင်းနှင့် မျက်လုံးကို ထိုဖက်သို့ ဆွဲယူထားသည့်နှယ်။ နှာခေါင်းမှာလည်း တစ်ခုမဟုတ်။ တစ်ခြမ်းသက်သက်သာ။ မျက်က်လုံးမှာလည်း တစ်စုံမဟုတ်။ တစ်လုံးတည်းသာ။
အမည်းရောင် အပေါက်ခပ်နက်နက် တစ်ခုကိုသာ သူ့ညာဖက်မျက်လုံးနေရာတွင် တွေ့နိုင်သည်။ သူ့ပါးပြင်ပေါ်တွင်တော့ ကြက်ခြေခတ်သဏ္ဍန် အမာရွတ်ကြီးတစ်ခုရှိသည်။ သူ့လက်နှစ်ဖက်လုံး လက်ကောက်ဝတ် နေရာမှ ပြတ်နေသည်။ သူ့ညာဖက် လက်ကောက်ဝတ်နေရာတွင် အေးစက်စက်နှင့် ကြောက်မက်ဖွယ်ကောင်းသော ချိတ်တစ်ခု တပ်ဆင်ထားသည်။ ဘယ်ဖက်လက်ကောက်ဝတ်တွင်တော့ လူ့တစ်ယောက် ဦးခေါင်းထက်ပင် ပိုကြီးသော သံလုံးကြီးတစ်လုံး တပ်ဆင်ထားသည်။ ထိုသူနှင့် နှိုင်းယှဉ်လိုက်သောအခါ သံမဏိမျက်နှာ တရားသူကြီးပင် ရုပ်ရည်ခန့်ညား ချောမောသူ တစ်ယောက်အလား ထင်မှတ်ရသည်။
ထိုသူသည် အခန်းတံခါး အတွင်းဖက်တွင် ရပ်နေလျက်၊ အခန်းတံခါးကို သူ့ညာဖက်လက်မှ ချိတ်ဖြင့် ညင်သာစွာ ခေါက်နေရင်း၊ အေးစက်စက် လှမ်းပြောလိုက်သည်။
“ငါက လမ်းဘေးက ခွေးဝဲစားမဟုတ်ဘူး၊ လူ၊ အဲဒါကြောင့် သူများအခန်းထဲ ဝင်တိုင်း ငါတံခါးခေါက်တယ်”
သူစကားပြောလိုက်သည့်အခါ၊ သူ့မျက်နှာ၏ လှီးဖြတ်ခြင်းခံထားရသော အခြမ်းမှာ တဆတ်ဆတ်တုန်လာကာ၊ မြင်ရသူတို့အဖို့ ငိုကြွေးနေသယောင်ယောင်၊ သို့မဟုတ် ရီမောနေသယောင်ယောင်။ ထိုသူ့ကို မြင်လိုက်ရသောအခါ သံမဏိမျက်နှာ တရားသူကြီးပင် အနည်းငယ် ကြောက်ရွံ့သွားမိသည်မှာ အမှန်ပင်။ ထိုသူ မည်သို့မည်ပုံ အခန်းတွင်းသို့ ရောက်နေသည်ကို သူမသိလိုက်ပေ။
ဝိညာဉ်ခြွေချိတ်ကတော့ ထိုသူ့ကို မြင်လိုက်သည်နှင့် နောက်သို့ ခြေနှစ်လှမ်းခန့် ဆုတ်သွားကာ ပါးစပ်မှ လွှတ်ကနဲ ပြောလိုက်သည်။
“လျူယုဟန်”
သံချေးတက်နေသော ဓားများ အချင်းချင်း ပွတ်တိုက်လိုက်သော အသံနှင့်တူသည့် ရီသံ၊ ထိုသူ၏ လည်ချောင်းထဲမှ ထွက်ပေါ်လာသည်။
“ငါ့ကို မှတ်မိတဲ့သူ ဒီလောကကြီးထဲမှာ ရှိသေးသတဲ့လား၊ တကယ့်ကို ရှားရှားပါးပါးပဲ”
သံမဏိမျက်နှာ တရားသူကြီးက အံ့အားသင့်နေဟန်ဖြင့်
“ခင်ဗျားက ဟို လုလင်ချော လျူယုဟန်လား”
ဤသို့သော လူတစ်ယောက်သည် 'လုလင်ချော' ဟု အမည်တွင်ခဲ့သတဲ့လား။
ထိုသူက ခေါင်းငြိမ့်ပြကာ ဆွေးမြည့်သော လေသံဖြင့်
“ခံစားချက်တွေဟာ အမုန်းတရားရဲ့ အကြွင်းအကျန် တွေလိုပါပဲလေ၊ အတိတ်ကကြောင်းတွေကို ပြန်ပြောနေလို့ ဘာမှမထူးပါဘူး၊ 'လုလင်ချော' ကတော့ သေသွားပြီ၊ လျူယုဟန်ပဲ ကျန်ခဲ့တယ်”
(ယုဟန်မှာ အမုန်းတရား၏ အကြွင်းအကျန်ဟု အဓိပ္ပာယ်ရကာ၊ ကုလုံမှ စကားလုံးများကို အဓိပ္ပာယ်နှင့် လှလှပပ ချိတ်ဆက်ဖွဲ့ဆိုထားခြင်း ဖြစ်ပေသည်။)
သံမဏိမျက်နှာ တရားသူကြီး၏ မျက်နှာအမူအယာ တမုချင်း ပြောင်းလဲသွားကာ
“ခင်ဗျား ... ခင်ဗျား ဘာကိစ္စရှိလို့ ဒီကိုလာတာလဲ”
သူ လျူမင်းဟန်ကို အတော်ပင် ထိတ်လန့်နေဟန်တူသည်။ သူ့အသံပင် မူမမှန်ချင်တော့။
လျူမင်းဟန်က အေးစက်စက် ပြန်ပြောလိုက်သည်။
“လွန်ခဲ့တဲ့ ၁ဝ နှစ်ကတည်းက ငါသေချင်ခဲ့တာ၊ ဒါပေမယ့် ဒီနေ့အထိကို အသက်ရှင်နေတုန်းပဲ၊ ဒီနေ့ ဒီကိုငါလာခဲ့တာ သေချင်လို့ သက်သက်ပဲ”
သံမဏိမျက်နှာ တရားသူကြီးက ပြန်မေးလိုက်သည်။
“ခင်ဗျားကို ကျုပ်ကို ဘာလို့ သတ်ရမှာတုန်း”
“ဘာလို့တုန်းဆိုတော့ မင်းငါ့ကို မသတ်ရင်၊ ငါက မင်းကို သတ်မှာမို့ပဲ”
သံမဏိတရားသူကြီး အလွန်ပင် အံ့ဩသွားသည်။ ဝိညာဉ်ခြွေချိတ်၏ မျက်နှာကတော့ အစိမ်းရောင်သို့ ပြောင်းလဲနေသည်။
ထိုအချိန်မှာပင် တံခါးခေါက်သံ ထွက်ပေါ်လာပြန်သည်။ သည်တစ်ခေါက်တော့ တံခါးခေါက်သူမှာ အခန်းပြင်မှာပဲ ရှိသေးသည်။ သို့သော် ထိုသူ ရုတ်တရက် အခန်းတွင်းသို့ လျှောက်ဝင်လာသည်။ တံခါးမဖွင့်ဘဲ ဖြတ်လျှောက်ဝင်လာခြင်း ဖြစ်သည်။ သစ်သားတံခါး အထူကြီးမှာ သူ့ရှေ့တွင် စက္ကူပါးပါးတစ်ခြပ်မျှသာ ကာထားသည့် အလား။
လက်နက်ကိရိယာ တစ်စုံတစ်ခုကို သုံးကာ တံခါးအား ရိုက်ဖျက်ခဲ့ခြင်း မဟုတ်သလို၊ တံခါးကို ကန်ဖွင့်လိုက်ခြင်းလည်း မဟုတ်ပေ။ သက်တောင့်သက်သာဟန်ဖြင့် တံခါးကို အေးအေးဆေးဆေး ဖြတ်လျှောက်ဝင်လာသည်နှင့်၊ တံခါးမှာ ရုတ်တရက် အစိတ်စိတ်အမြွာမြွာ ကွဲကြေသွားလေတော့သည်။
သို့သော် ထိုသူ၏ ဟန်အမူအယာတွင် ရုန့်ရင်းကြမ်းတမ်းဟန် တစ်စက်မှမရှိ။ သူ့ပုံပန်းသဏ္ဍန်မှာ နူးညံ့သိမ်မွေ့လှသော စာပေပညာရှင်တစ်ယောက်နှင့် တူသည်။ ဖြူဖွေးရှင်းသန့်နေသော သူ့မျက်နှာက အပြုံးမပျက်ပေ။
ထိုသူက ပြုံးပြနေရင်းဖြင့်
“ကျူပ်လည်း လူပါပဲ၊ အဲဒါကြောင့် တံခါးခေါက်ပါတယ်”
ထိုသူ့၏ မျက်နှာပေါ်တွင် အပြုံးမပျက်သော်လည်း၊ သူ့မျက်လုံးများမှ ဓားသွားတစ်လက်ပမာ လူသတ်လိုသည့် အရိပ်အယောင်များကို သံမဏိမျက်နှာ တရားသူကြီး သတိထားမိလိုက်သည်။
ဝိညာဉ်ခြွေချိတ် နောက်သို့ ခြေနှစ်လှမ်းထပ်ဆုတ်သွားကာ ရေရွတ်လိုက်သည်။
“ရှောင်ချီယု”
(ချီယုမှာ နွေဦးမိုဟု အဓိပ္ပာယ်ရကာ၊ ကုလုံ၏ ဖွဲ့ဆိုမှု နောက်တစ်ခုပင်ဖြစ်သည်။)
ထိုသူက ပြုံးလျက်ဖြင့်
“တော်ပါပေတယ် မိတ်ဆွေ၊ တကယ်ပဲ အကြားအမြင် ဗဟုသုတ ကြွယ်ဝပါပေတယ်”
သံမဏိမျက်နှာ တရားသူကြီး နောက်တစ်ကြိမ် ထပ်အံ့အားသင့်သွားကာ
“ခင်ဗျား .... အတွင်းချေဓား ရှောင်ချီယုလား”
ထိုသူ ခေါင်းတစ်ချက်ငြိမ့်ပြကာ သက်ပြင်းချလိုက်ပြီး
“နွေဦးမိုးရေနဲ့ နွေဦးလေတို့က ပူပင်သောကတွေ သယ်ယူလာတတ်သတဲ့၊ ကျုပ်ကတော့ တစ်ယောက်ယောက် အသတ်ခံရရင်၊ ပူပင်သောက ဖြစ်မိတာပဲ”
သံမဏိမျက်နှာ တရားသူကြီးမှာ ထိုသူ၏စကားကို နားမလည်သဖြင့် မအောင့်နိုင်ဘဲ မေးလိုက်မိသည်။
“ဘယ်လို ပူပင်သောကဖြစ်တာတုန်း”
“အခုလောလောဆယ် ကျုပ် ပူပင်သောကဖြစ်နေရပြီ၊ ဘာလို့လဲဆိုတော့ ခင်ဗျားကို ကျုပ်ကိုယ်တိုင်ပဲ သတ်ရမလား၊ နောင်တော်လျူကို သတ်ခိုင်းရမလား ဝေခွဲမရနိုင်အောင် ဖြစ်နေလို့”
သံမဏိမျက်နှာ တရားသူကြီး ရုတ်တရက် အားရပါးရ ရီမောလိုက်သည်။ သို့သော် သည်တစ်ကြိမ်တွင်တော့ သူ့ရီသံမှာ လည်ချောင်းအတွင်းမှ ရှောရှောရှုရှု ထွက်မလာနိုင်ဘဲ၊ ငိုသံနှင့်ပင် နည်းနည်းဆင်နေသည်။
ဝိညာဉ်ခြွေချိတ်မှာ သူ့ထက်ပင် ပို၍ အမူအယာ ပျက်နေသည်။ အခန်းအတွင်းသို့ ကျီးကန်းတောင်မှောက် လှည့်ပတ်ကြည့်ရှုနေသည်မှာ ပြေးပေါက်ရှာနေသည်နှယ်။
ထိုအချိန်တွင် လူတစ်ယောက် ရီမောရင်း လှမ်းပြောလိုက်သံကို ရုတ်တရက် ကြားလိုက်ကြရသည်။
“မင်း ဘာကိုများ အရေးတကြီး ရှာနေတာတုန်း၊ ဒီငွေချိတ်တစ်စုံကိုလား”
ထိုသူမှာ ပြတင်းပေါက်အပြင်၌ ရပ်နေသည်။ မျက်နှာသွယ်သွယ်၊ အသားညိုညို၊ အရပ်ပုပုနှင့် လူတစ်ယောက်ဖြစ်သည်။ သူ့မျက်နှာပေါ်တွင် မီးတောက်များနှင့်တူသော မုတ်ဆိတ်မွှေး၊ ပါသိုင်းမွှေးများက ဖုံးလွှမ်းနေသည်။ သူ့လက်ထဲတွင်တော့ ဝိညာဉ်ခြွေချိတ်၏ ငွေချိတ်တစ်စုံကို ကိုင်ထားသည်။
“ငါ မင်းရဲ့ ငွေချိတ်တွေ ယူလာပေးတာ၊ ရော့ ဒီမှာ”
သူ့စကားအဆုံးတွင်၊ လက်ကို ညင်သာစွာ တွန်းထုတ်လိုက်ရာ၊ သူ့လက်အတွင်းမှာ ငွေချိတ်များ ဝိညာဉ်ခြွေချိတ်ရှိရာသို့ ဖြေးညင်းစွာ ပျံထွက်သွားကြသည်။ ချိတ်များ၏ သွားနှုန်းမှာ ရီစရာကောင်းလောက်အောင်ပင် နှေးကွေးလှသဖြင့်၊ မမြင်ရသည့် လက်တစ်စုံက ချိတ်များကို မယူသွားနေသည့် အလားပင်။
ထိုသူကိုတော့ သံမဏိမျက်နှာ တရားသူကြီးပင် မှတ်မိဟန်ဖြင့် ပါးစပ်မှ ရေရွတ်လိုက်သည်။
“ဖြေရာမဲ့တစ်ကိုယ်တော် တုကုဖန်း”
တုကုဖန်းက ခေါင်းငြိမ်ပြလိုက်ပြီး
“ကျုပ်သူများတကာ အခန်းထဲကို ဘယ်တော့မှ ဝင်လေ့မရှိဘူး၊ ဒါပေမယ့် ဒီတစ်ခါတော့ ခြွင်းချက်ပေါ့”
စကားဆုံးသည်နှင့် သူပျောက်ကွယ်သွားသည်။ ထို့နောက် တံခါးဝတွင် ရုတ်တရက်ပေါ်လာကာ ကျိုးပဲ့နေသော တံခါးကို ခေါက်လိုက်သည်။ သူ့တံခါးခေါက်သံကို ကြားလိုက်ရပြီးသည့် အချိန်မှာပင်၊ သူ့ကို ပြတင်းပေါက်အပြင်ဖက်စီ၌ ပြန်မြင်တွေ့လိုက်ရပြီးနောက်၊ အခန်းတွင်းသို့ ပြတင်းပေါက်မှ ခုန်ဝင်လာသည်။ အားလုံးကို ပြုံးပြလိုက်ပြီး
“ကျုပ်လည်း လူပါပဲ၊ အဲဒီတော့ တံခါးခေါက်ပါတယ်”
သူ့လုပ်ရပ်က နားမလည်နိုင်စရာပင်။ တံခါးမှာ ကျိုးပဲ့နေပြီ ဖြစ်သော်လည်း၊ တံခါးဆီသို့သွားကာ တံခါးခေါက်ဖြစ်အောင် ခေါက်လိုက်သေးသည်။ ပြီးတော့မှတဖန် ပြတင်းပေါက်ဆီသို ပြန်သွားကာ၊ ပြတင်းပေါက်မှ ခုန်ဝင်ခဲ့ပြန်သည်။
ဝိညာဉ်ခြွေချိတ်လက်ထဲသို့ သူ့ငွေရောင်ချိတ်တစ်စုံ ရောက်သွားသည်နှင့် ဒေါသသံဖြင့် လှမ်းအော်လိုက်သည်။
“ခင်ဗျားလည်း ကျုပ်တို့ကို ပြသနာရှာဖို့ လာတာပဲလား”
တုကုဖန်းက အေးအေးဆေးဆေးပင် ပြန်ပြောလိုက်သည်။
“ငါက လမ်းဘေးက ခွေးဝဲစားတွေ သတ်တဲ့ကောင်မဟုတ်ဘူး၊ သူများသတ်တာကိုပဲ ထိုင်ကြည့်တာ”
ပြောပြောဆိုဆိုဖြင့် ခုံတစ်လုံးကိုဆွဲကာ ပြတင်းပေါက်အနီးတွင် ထိုင်ချလိုက်လေသည်။ အပြင်ဖက်တွင် ကောင်းကင်က အနီရောင်သမ်းနေလေပြီ။ လုရှောင်ဖုန်းကတော့ သူ့အိပ်ယာပေါ်တွင် သက်တောင်သက်သာ လဲလျောင်လျက်ပင်။ အခန်းထဲတွင် ဖြစ်ပျက်နေသမျှတို့က သူနှင့် နည်းနည်းမှ မသက်ဆိုင်သည့် အလား။
လျူယုဟန်၊ ရှောင်ချီယုနှင့် တုကုဖန်းတို့ကို သူကောင်းကောင်းသိပါသည်။ သိုင်းလောကအတွင်းတွင် သူတို့ကို မသိသူ အနည်းငယ်မျှသာ ရှိပေလိမ့်မည်။ သို့သော် ယခုအချိန်တွင် လုရှောင်ဖုန်းကို အိပ်ယာထဲမှာ ထအောင် လုပ်နိုင်သူကတော့ ပို၍ပင် နည်းပေလိမ့်မည်။ သူကို ကြည့်ရသည်မှာ အိပ်ယာထဲ၌ ဆက်လက်လဲလျောင်း ဇိမ်ယူနေရန် ဆုံးဖြတ်ထားပုံရသည်။
လျူယုဟန်၊ ရှောင်ချီယုနှင့် တုကုဖန်းတို့သည် သိုင်းလောကထဲမှ အထူးဆန်းဆုံး သိုင်းသမားများ မဟုတ်လျှင်ပင်၊ အလည်အလတ်တန်းစားများတော့ မဟုတ်ချေ။ ယခုသူတို့သုံးယောက်စလုံး အတူတကွ လုရှောင်ဖုန်း၏ အခန်းတွင်းသို့ ရောက်ရှိနေကြသည်။ အဘယ်အတွက်ကြောင့်နည်း။
+++++
မျက်စိမျက်နှာ ပျက်နေသော်လည်း ဝိညာဉ်ခြွေချိတ်က မာန်တင်းကာ လှမ်းပြောလိုက်သည်။
“မြစိမ်းနန်းတော်နဲ့ ဒီက လူကြီးမင်းတို့ ၃ ယောက်ကြားမှာ ဘာရန်ငြိုးရန်စမှ မရှိခဲ့ပါဘူး၊ ဘာလို့ လူကြီးမင်းတို့က ဒီနေ့ ကျွန်တော်တို့ကို လာအနှောက်အယှက်ပေးနေရတာပါလဲ ခင်ဗျာ”
ရှောင်ချီယုက
“ပေးချင်လို့ ပေးတာပေါ့ကွ”
တစ်ချက်ပြုံးလိုက်ပြီး ဆက်ပြောလိုက်သည်။
“ငါက လူသတ်ချင်ရင် သတ်ချင်တဲ့သူကို သတ်ချင်တဲ့အချိန် သတ်ပလိုက်တာပဲ၊ ဒီနေ့လည်း မင်းတို့ ၂ ယောက်ကို သတ်ချင်စိတ်ပေါက်လာလို့ ဒီကိုလာခဲ့တာပဲ”
ဝိညာဉ်ခြွေချိတ်က သံမဏိမျက်နှာ တရားသူကြီးကို တစ်ချက်လှမ်းကြည့်လိုက်ပြီး ပြန်ပေမးလိုက်သည်။
“ခင်ဗျား သတ်ချင်စိတ် မပေါက်တဲ့အခါ ကျရင်ရော”
ရှောင်ချီယုက
“ငါ သတ်ချင်စိတ် မပေါက်တဲ့အခါ ဆိုရင်တော့၊ မင်း ဒူးထောက်ပြီး တောင်းပန်ရင်တောင်မှ လက်ဖျားနဲ့တောင် မထိဘူး”
ဝိညာဉ်ခြွေချိတ် သက်ပြင်းချလိုက်သည်။ ထိုအချိန်မှာပင် သံမဏိမျက်နှာ တရားသူကြီး ရုတ်တရက် လေထဲသို့ ခုန်တက်ကာ ကျွမ်းတစ်ပတ်ထိုးပြီး ခုန်ဝင်သွားသည်။ သူ့လက်တစ်ဖက်တစ်ချက်စီတွင် ကိုင်ထားသော သံမဏိ စုတ်တံတစ်စုံက လျူယုဟန်၏ ကောင်းကင်အကြောနှင့် အာရုံအကြောတို့ကို ထိုးချိန်ထားလျက်။ သူ့တိုက်ကွက်မှာ မလှပသော်လည်း တိကျသည်။ မြန်ဆန်သည်။ ပြင်းထန်သည်။
သို့သော် လျူယုဟန်ကတော့ သူ့ဆီသို့ တိုးဝင်လာသော စုတ်တံ ၂ ကြောင်းကို သတိမထားမိသည့်အလားပင်။ ရှေ့သို့ပင် တစ်လှမ်းတက်လိုက်သည်။
“ဘန်း”
စုတ်တံ ၂ ချောင်း လျူယုဟန်၏ ရင်ဘတ်နှင့် ပခုံးအတွင်းသို့ ပြိုင်တူ စိုက်ဝင်သွားသည်။ ထို့အတူ သူ့ဘယ်ဖက်လက်တွင် တပ်ထားသော သံလုံးကြီးသည်လည်း သံမဏိမျက်နှာ တရားသူကြီး၏ မျက်နှာပေါ် တည့်တည့်သို့ ကျရောက်သွားလေသည်။
သံမဏိမျက်နှာ တရားသူကြီး၏ မျက်နှာမှာ ရုတ်တရက် နှစ်ခြမ်းကွဲသွားလေသည်။ တစ်ချက်တစ်လေမှပင် မငြီးငြူနိုင်လိုက်ဘဲ ကြမ်းပေို့ ခွေကျသွားသည်။ သို့သော် လျူယုဟန်က သူ့ညာဖက်လက်ရှိ ချိတ်ဖြင့် လှမ်းချိတ်ဆွဲထားလိုက်သည်။
စုတ်တံ ၂ ချောင်းက လျူယုဟန်၏ ကိုယ်ထဲတွင် စိုက်ဝင်နေဆဲ။ အကြောများကို မထိခဲ့သော်လည်း သူ့ကိုယ်ထဲသို့ အတော်နက်နက် စိုက်ဝင်နေခြင်းဖြစ်သည်။ လျူယုဟန်ကတော့ ဘာမှမခံစားရသည့်ဟန်ဖြင့်၊ သံမဏိမျက်နှာ တရားသူကြီးကို စိုက်ကြည့်နေရင်းက၊ အေးစက်စက် ပြောလိုက်သည်။
“သူ့မျက်နှာက တကယ့်သံနဲ့ လုပ်ထားတာမှ မဟုတ်ဘဲကိုး”
လျူယုဟန်၏ သံချိတ် တစ်ချက် လှုပ်ရှားသွားပြီးနောက်၊ သံမဏိမျက်နှာ တရားသူကြီး၏ ကိုယ်ကြီး ငရဲပြည်မှ တရားသူကြီးအစစ်ဖြစ်သော ယမမင်းနှင့် တွေ့ရန် ပြတင်ပေါက်မှ အပြင်ဖက်ဆီသို့ လွင့်ထွက်သွားသည်။
တဆက်ထဲမှာပင် ဝိညာဉ်ခြွေချိတ်၏ ငွေချိတ် ၂ ချောင်းလည်း ပြတင်းပေါက်တဆင့် အပြင်ဖက်သို့ လွင့်ထွက်သွားလေသည်။ ဝိညာဉ်ခြွေချိတ်ကတော့ အခန်းထဲမှာပင် ရှိနေသေးသည်။ သူ့မျက်နှာမှာ ဖြူဖတ်ဖြူရော် ဖြစ်နေကာ၊ လက်နှစ်ဖက်စလုံး တွဲလောင်းကျနေလေသည်။ သူ့လက်အရိုးအဆစ် နေရာများမှ သွေးများ အဆက်မပြတ် စီးကျနေသည်။ ရှောင်ချီယု လက်ထဲရှိ ဓားခပ်သေးသေးတစ်လက်စီမှလည်း သွေးများ စီးကျနေသည်။ သူတစ်ချက်ပြုံးလိုက်ကာ၊ ဝိညာဉ်ခြွေချိတ်ကို လှမ်းကြည့်ပြီး ပြောလိုက်သည်။
“ကြည့်ရတာတော့ မင်း နောက်ဆို ဘယ်ဝိညာဉ်ကိုမှ ချိတ်နဲ့ သွားခြွေနိုင်မယ့်ပုံ မပေါ်တော့ဘူး”
ဝိညာဉ်ခြွေချိတ် အံကို တင်းတင်းကြိတ်ထားသည်မှာ၊ အခန်းထဲတွင် သူ့သွားကြိတ်သံကို ကြားနေရသည် အထိပင်။ ရုတ်တရက် လှမ်းအော် ပြောလိုက်သည်။
“ခင်ဗျား ဘာလို့ကျုပ်ကို မသတ်သေးတာလဲ”
ရှောင်ချီယုက လေသံအေးအေးဖြင့်ပင် ပြန်ပြောလိုက်သည်။
“ဘာလို့လဲဆိုတော့ မင်းကို ငါ သတ်ချင်စိတ် မရှိတော့လို့ပဲ၊ မင်းတို့ မြစိမ်းနန်းတော်က သူတွေကို သွားပြန်ပြောချေ၊ နောက် ၂ လ အတွင်း အပြင်ထွက်မလာကြနဲ့၊ ကိုယ့်နန်းတော်ထဲမှာပဲ ကိုယ်နေကြလို့၊ မဟုတ်ရင်တော့ မင်းတို့ နန်းတော်ဆီ အရှင်လတ်လတ်ပြန်ရောက်ဖို့ သိပ်မလွယ်ဘူး”
ဝိညာဉ်ခြွေချိတ်၏ မျက်နှာအမူအယာ အမျိုးမျိုး ပြောင်းလဲသွားပြီးနောက်၊ အခန်းတံခါးဆီသို့ လျှောက်သွားလေသည်။ တုကုဖန်း ရုတ်တရက် သူ့ရှေ့တွင် ရပ်လိုက်ကာ အေးစက်စက် ပြောလိုက်သည်။
“မင်း ပြတင်းပေါက်နေ ဒီအခန်းထဲ ဝင်လာတာ၊ အဲဒီတော့ ပြတင်းပေါက်ပဲ ပြန်ထွက်ရင် ကောင်းမယ်ထင်တယ်”
ဝိညာဉ်ခြွေချိတ် သူ့ကို ဒေါသဖြင့် စိုက်ကြည့်လိုက်ပြီးမှ ခြေတစ်ချက် စောင့်ကာ ခုန်ထွက်သွားလေသည်။ ပြတင်းပေါက်မှ ခုန်ဝင်လာသူ ၂ ယောက်စလုံး၊ ပြတင်းပေါက်မှပင် ပြန်ထွက်သွားကြလေပြီ။
လျူယုဟန်ကတော့ ပြတင်းပေါက် အပြင်ဖက် အမှောင်ထုထဲသို့ ငေးမောကြည့်နေရင်း အတွေးများထဲ နစ်မျောနေဟန် တူသည်။ စုတ်တံ ၂ ချောင်းက သူ့ကိုယ်ထဲတွင် စိုက်ဝင်နေဆဲပင်။
ရှောင်ချီယု သူ့ဆီသို့ လျှောက်သွားကာ စုတ်တံများကို ညင်သာစွာ ဆွဲထုတ်ပေးလိုက်သည်။ သူ့ရင်ဘတ်မှ စီးထွက်လာသော သွေးများကို မြင်လိုက်ချိန်တွင်၊ ရှောင်ချီယု၏ အေးစက်စက် မျက်လုံးအစုံ၌ ဂရုဏာသက်သည့် အရိပ်အယောင် တွေ့လိုက်ရသည်။
လျူယုဟန်က သက်ပြင်းချက်ရင်း ပြောလိုက်သည်။
“စိတ်မကောင်းစရာဘဲ ... တကယ့်ကို စိတ်မကောင်းစရာဘဲ”
ရှောင်ချီယုက ပြန်မေးလိုက်သည်။
“ဘာလဲ ခင်ဗျား ဒီတစ်ခေါက် မသေတာ စိတ်မကောင်းဖြစ်နေတာလား”
လျူယုဟန်က ဘာမှ ပြန်မပြော။
တုကုဖန်းလည်း သက်ပြင်းချကာ ဝင်ပြောလိုက်သည်။
“မင်းက မင်းရဲ့ အတွင်းချေဓား သူများကိုယ်တွင်းက ကလီစာတွေကို ချေဖြတ်တယ်၊ သူက သူ့ဟာသူ ချေဖြတ်တယ်”
+++++
ဟျှ့ဥွှန=ဘေိငည်း၇၄၅၄၅၁'အခန်းထဲတွင် လူတစ်ယောက် သေပြီးကာစ ဖြစ်သည့်အပြင်၊ အခန်းကိုကလည်း နဂိုကတည်းက ရှုပ်ပွနေပြီးသားဖြစ်သည်။ လုရှောင်ဖုန်းကတော့ မလှုပ်မရှက်နှင့် ဖြစ်ပျက်ခဲ့သမျှအားလုံးကို လုံးဝမမြင်လိုက်သည့်အလားပင်။ ပို၍ထူးဆန်းသည်ကတော့ အခန်းတွင်းရှိ လူ ၃ ယောက်ကလည်း လုရှောင်ဖုန်းကို မမြင်သည့်အလား။ ကုတင်ပေါ်တွင် အိပ်နေသည့် လူတစ်ယောက်လုံးလုံး မရှိသည့်အလား။
အခန်းထဲတွင် မှောင်လာလေပြီ။ ထိုလူ ၃ ယောက်ကတော့ တိတ်တိတ်ဆိတ်ဆိတ် အေးအေးဆေးဆေးပင် အခန်းထဲတွင် ရပ်နေကြသည်။ ဘယ်သူမှ စကားမပြော။ သို့သော် ဘယ်သူမှလည်း ထွက်မသွားသေး။ ထိုအချိန်မှာပင် ညလေပြေညင်းနှင့်အတူ ဂီတသံစဉ်တစ်ခု စီးမျောလာသည်။ နတ်ပြည်မှ တူရိယာများ တီးခတ်ထားသလား ထင်ရလောက်အောင် နားဝင်ချိုမြလှသော ဂီတသံစဉ်ဖြစ်သည်။
တုကုဖန်း ယခုမှ ရုတ်တရက် စိတ်ဓာတက်ကြွလာဟန် အလေးအနက်လေသံဖြင့် ပြောလိုက်သည်။
“ရောက်လာကြပြီ”
ဘယ်သူများ ရောက်လာလေသလဲ။ ဘယ်သူကများ ဤလောက် လှပသော ဂီတသံစဉ်ကို တီးခတ်နေပါသလဲ။
လုရှောင်ဖုန်းလည်း နားစွင့်နေမိလေသည်။ ဘယ်သူမှ ထိုသို့သော ဂီတသံစဉ်ကို နားမထောင်ဘဲ နေနိုင်မည်မဟုတ်။ ထို့အပြင် သူရုတ်တရက် သတိထားမိလိုက်သည်ကတော့၊ သွေးညီနံ့များဖြင့် ပြည့်နေသော အခန်းထဲတွင်၊ ချက်ချင်း ချိုမြသော ရနံ့များ ပြည့်လာခြင်းပင်။ အခန်းတွင်းမှ မွှေးရနံ့များမှာ ညလေပြေတွင် ဂီတသံနှင့်အတူ စီးမျောလာသော ပန်းရနံ့များထက်ပင် ပို၍ ချိုမြနေသည်။ မျက်စိတမှိတ်အတွင်းမှာပင် တစ်လောကလုံးကို ထိုအမွှေးရနံ့များက လွှမ်းခြုံသွားသည့်အလား။
ထိုအချိန်မှာပင် မှောင်မိုက်နေသာ အခန်းသည်လည်း ရုတ်တရက် လင်းလင်းထင်းထင်း ဖြစ်သွားသည်။ လုရှောင်ဖုန်း မျက်စိဖွင့်မကြည့်ဘဲ မနေနိုင်တော့ပေ။ သူသတိထားမိလိုက်သည်ကတော့ အခန်းတွင်းရှိ လေထုထဲတွင် ပန်းပွင့်ချပ်များဖြင့် ပြည့်နေခြင်းပင်။ လတ်ဆတ်လန်းဆန်းသော ပန်းပေါင်းစုံတို့က ပြတင်းပေါက်နှင့် တံခါးမှတဆင့် အခန်းတွင်းသို့ လွင့်မျောဝင်လာကြကာ၊ ကြမ်းပေို့ တဖွဲဖွဲကျဆင်းနေကြလေသည်။ အခန်းတွင်းမှနေ တံခါးအပြင်ဖက်အထိအောင်ပင်၊ ပန်းကော်ဇောကြီးတစ်ခု ဖြန့်ခင်းထားသည့်အလား။
ထိုခဏတွင် အခန်းတွင်းသို့ တစုံတစ်ယောက် လျှောက်ဝင်လာလေသည်။
လုရှောင်ဖုန်း၏ ဘဝတွင် မိန်းမပေါင်းများစွာ တွေ့ခဲ့ဖူးသည်။ အချို့က ရုပ်ဆိုးသည်။ အချို့က ချောမောလှပသည်။ သို့သော် ဤမိန်းကလေးလောက် ချောမောလှပသူကိုတော့ သူလုံးဝ မမြင်တွေ့ခဲ့ဖူးချေ။
အနက်ရောင် ဝတ်ရုံတစ်ခုကို သူဝတ်ဆင်ထားသည်။ သူ့ဝတ်ရုံမှာ ကြမ်းပြင်ပေ နူးညံ့သော ပန်းပွင့်များပေို့ထိ ကျနေသည်။ ပိတုန်းရောင် နက်မှောင်လှသော သူ့ဆံပင်ရှည်များ ပခုံးပေို့၊ ဝဲကျနေသည့်အကြားမှ၊ သူ့မျက်နှာလေးက ဖြူစွတ်နေသည်။ သူ့မျက်လုံးများကတော့ နက်မှောင်လွန်းလှသဖြင့် တဖိတ်ဖိတ် တောက်ပနေသည်။ အခြား ဆင်တန်ဆာ တစ်ခုမှ မပါသလို၊ အခြား အရောင်လည်း တစ်ခုမှ မပါ။ အဖြူနှင့် အမည်း နှစ်ရောင်ထဲသာ။ သို့သော် သူကြမ်းပြင်ပေါ်တွင် ရပ်လိုက်သည်နှင့်၊ သူ့ခြေစုံအောက်ရှိ ပန်းရောင်စုံတို့မှာ၊ ရုတ်တရက် အရောင်ပျယ်လွင့်သွားကြသည့်နှယ်။
ဤသို့သော အလှတရားမှာ သည်ကမ္ဘာလောကနှင့် လားလားမျှ မသက်ဆိုင်ဟုပင် ထင်စရာ။ စိတ်ကူးသာ ယဉ်ကြည့်၍ရနိုင်သော နတ်ပြည်မှ နတ်သမီးတို့၏ အလှတရားအလားပင်။
လျူယုဟန်၊ ရှောင်ချီယုနှင့် တုကုဖန်းတို့ ၃ ယောက် အခန်းထောင့်စီသို့ တိတ်တဆိတ် နေရာရွှေ့သွားကြသည်။ သူတို့၏ မျက်နှာများပေါ်တွင်တော့ လေးစားရိုကျိုးဟန် အပြည့်ပင်။
လုရှောင်ဖုန်းကတော့ သူအသက်ရှုပင် ရပ်သွားလေသလား ခံစားလိုက်ရသည်။ သို့သော် အိပ်ယာပေါ်မှတော့ မထသေးချေ။
အနက်ရောင်ဝတ်ရုံနှင့် မိန်းကလေးက သူ့ကို တိတ်တဆိတ် စိုက်ကြည့်နေသည်။ သူ့မျက်လုံးလေးများမှာ အာရုံဦးအချိန်အခါ နှင်းဆီပွင့်များပေါ်မှ နှင်းပွင့်လေးများအလား၊ ကြည်လင်တောက်ပလွန်းနေသည်။ သူ့အသံမှာလည်း နူးညံလှသည်မှာ၊ နွေးဦးအခါ ဟိုးအဝေးတောင်တန်းကြီးများ၊ ရေကန်ကျယ်များကို ဖြတ်၍တိုက်ခတ်လာသော၊ ညနေခင်း လေပြေအလားပင်။ သို့သော် သူ့အပြုံးမှာမူ နက်နဲလွန်းသော သဏ္ဍန်ကို ဆောင်နေသည်။ တိတ်ဆိတ်လှသော ညအချိန်အခါတွင် ဘယ်စီဘယ်ဝယ်မှ စီးမျောလာမှန်းမသိဘဲ၊ ကြားရတတ်သော ပုလွေသံတစ်ခုအလား၊ သူ့အပြုံးမှာလည်း အဓိပ္ပါယ်ဖော်ရန် နက်နဲလွန်းလှလေသည်။
သူပြုံးလျက် လုရှောင်ဖုန်းကို စိုက်ကြည့်နေရင်းမှ ရုတ်တရက် ဒူးထောက်ချလိုက်လေသည်။ ကောင်းကင်မှ တိမ်တိုက်လေးတစ်ခု ရုတ်တရက် မြေပြင်ပေို့ သက်ဆင်းလာသည့် အလားပင်။
လုရှောင်ဖုန်း အိပ်ယာထဲတွင် ဆက်မနေနိုင်တော့။ သူရုတ်တရက် ထခုန်လိုက်လေသည်။ သူခုန်လိုက်ပုံမှာ အားကုန်ဆွဲကာ လွှတ်လိုက်သော မြားတစ်စင်းအလားပင်။ အိပ်ယာခေါင်မိုးကို ဖောက်ထွက်သွားသည်။ ထို့နောက် 'ဝုန်း' ကနဲ အသံတစ်ခုကြားလိုက်ရကာ၊ အခန်းခေါင်မိုးကိုပါ သူဖောက်ထွက်သွားသည်။
ပေါက်သွားသော အခန်းခေါင်းမိုးဆီမှ လရောင်များ အခန်းတွင်းသို့ စီးဆင်းကျလာသည်။ လုရှောင်ဖုန်းကိုတော့ အစအနပင် မတွေ့ရတော့။
အနက်ရောင်ဝတ်ရုံနှင့် မိန်းကလေး၏ နံဘေးနားတွင် ရိုးရိုးသားသားနှင့် ချစ်စရာကောင်းလှသော မျက်လုံးဝိုင်းဝိုင်းနှင့် မိန်းမပျိုးလေးတစ်ယောက် ရပ်နေသည်။
သရဲတစ္ဆေတစ်ကောင်ကို မြင်လိုက်ရသည့်အလား၊ ရုတ်တရက် အသည်းအသန် ထပြေးသွားသော လုရှောင်ဖုန်း၏ ဖြစ်အင်ကြောင့်၊ ထိုမိန်းကလေးက မအောင့်နိုင်ဘဲ မေးလိုက်သည်။
“သခင်မလေးက သူ့ကို ဒီလောက် လေးလေးစားစား၊ ကောင်းကောင်းမွန်မွန် ဆက်ဆံတာကို သူက ဘာလို့ ထွက်ပြေးရတာလဲ၊ ဘာများ ကြောက်စရာရှိလို့လဲ”
အနက်ရောင်ဝတ်ရုံရှင် မိန်းကလေးက အဖြေမပေးသေးဘဲ ဒူးထောက်နေရာမှ ဖြေးဖြေးချင်း ထလိုက်သည်။ နက်မှောင်လှသော သူ့ဆံပင်များကို သပ်နေရင်း၊ ကြည်လင်တောက်ပနေသော သူ့မျက်လုံးအစုံတွင် ထူးဆန်းသော အရိပ်အယောင်များ ဖြတ်သန်းသွားသည်။ ခဏကြာမှာ ဖြေးညင်းသက်သာစွာ ပြန်ပြောလိုက်သည်။
“သူက လူတော်တစ်ယောက်ပဲ၊ ဒီလောကမှာ အတော်ဆုံးသူတွေထဲမှာ ပါတယ်”
မြန်မာကျူးပစ်ဖိုရမ်မှ မိတ်ဆွေတစ်ဦးဖြစ်သူ ကို badinf ပြန်ဆိုထားခြင်းဖြစ်ပါသည်။
All credits go to badinf. Thanks for letting me use your translation work.
0 comments:
Post a Comment