Thursday, March 10, 2011

နိဒါန်း... ဟွာမင်းလို

အဆောက်အဦတစ်ခုလုံး လတ်ဆတ်သောပန်းပွင့်များဖြင့်ပြည့်နေ၏။ ဟွာမင်းလိုသည် အသက်ရှင်သန်ခြင်းကို နှစ်သက်သလိုပင် ပန်းများကိုလည်းနှစ်သက်မြတ်နိုးလေသည်။

မှောင်စပြုပြီဆိုလျှင် ပြတင်းပေါက်နားတွင် ထိုင်နေတတ်ပြီး ဝင်လုဆဲဆဲနေမင်းကြီးကို ငေးကြည့်နေတတ်သည်။ ပန်းပွင့်လေးများကို ညင်သာစွာပွတ်သပ်ပေးနေ၏။ ပန်းပွင့်ဖတ်လွှာလေးများသည် ချစ်သူ၏မွှေးပျံသင်းကြိုင်သော နှုတ်ခမ်းနှစ်မွှာကဲ့သို့ပင် နူးညံ့နေကြ၏။ ညမှောင်ရီပျိုးလေပြီ။ ဝင်လုဆဲနေမင်းကြီးက နွေးနွေးထွေးထွေးရှိလှ၏။ လေနုအေးလေးက ညင်သာစွာတိုက်ခတ်လာ၏။

အဆောက်အဦလေးသည် အေးချမ်းတိတ်ဆိတ်နေ၏။ ပြတင်းပေါက်နံဘေးတွင် တစ်ယောက်တည်းထိုင်နေ၏။ သူ့ရင်ထဲတွင်တော့ ကျေးဇူးတင်ခြင်းများစွာဖြင့်... သူ့ကို အသက်ရှင်သန်ခွင့်ပေးသော... လူသားတစ်ယောက်ဖြစ်ခွင့်ပေးသော ဘုရားသခင်ကို ကျေးဇူးတင်မဆုံးဖြစ်နေရသည်။

ထိုအချိန်၌ပင် ပြေးလွှားလာသော ခြေသံများကိုကြားလိုက်ရသည်။

၁၇-၁၈နှစ်အရွယ်ရှိ မိန်းမပျိုလေးတစ်ယောက် လှေကားမှပြေးတက်လာသည်။ ကြောက်ရွံ့ထိတ်လန့်နေပုံရပြီး အသက်ရှုသံများက ဟောဟဲဟိုက်နေ၏။

သူမသည် သိပ်ပြီးချောမောလှသည်မဟုတ်သော်လည်း ဥာဏ်ပညာထက်မြက်သော... တောက်ပရွှန်းစိုနေသော မျက်ဝန်းတစ်စုံပိုင်ဆိုင်ထားလေသည်။ ယခုတော့ ထိုမျက်ဝန်းများ၌ ကြောက်ရွံ့ထိတ်လန့်မှုများ ကြီးစိုးနေကြသည်။ ဟွာမင်းလို သူမရှိရာဘက်သို့ မျက်နှာချင်းဆိုင်လိုက်သည်။

မိန်းကလေးကို သူမသိသော်လည်း ယဉ်ကျေးပျူငှာစွာ သနားကြင်နာမှုအပြည့်ဖြင့် မေးမြန်းလိုက်သည်။ “မိန်းကလေး ဒုက္ခရောက်လာတာများလား။”

မိန်းမပျိုလေးသည် အသက်ကိုပြင်းထန်စွာ ရှုရှိုက်နေပြီးမှ ပြန်လည်ဖြေဆိုလိုက်သည်။ “ကျမနောက်ကို လူတစ်ယောက်လိုက်လာလို့ ဒီမှာခဏလောက် ပုန်းခိုခွင့်ပြုပါလားရှင်။”

“ရပါတယ်။” ဟွာမင်းလိုက စဉ်းစားခြင်းပင်မပြုဘဲ အဖြေပြန်ပေးလိုက်သည်။

အောက်ထပ်တွင် မည်သူမျှမရှိပါ။ အိမ်ရှေ့တံခါးမကြီးက အမြဲတမ်းဖွင့်ထား၏။ မိန်းမပျိုလေးသည် ကြောက်ရွံထိတ်လန့်စွာ ပြေးတက်လာခဲ့ခြင်းဖြစ်ကြောင်း သံသယရှိစရာမလို။ ဒဏ်ရာရထားသော ဝံပုလွေတစ်ကောင် ပြေးတက်လာပြီး ခိုအောင်းနေမည်ဆိုလျှင်တောင် သူ့အနေနှင့် နားခိုခွင့်ပြုမည်သာဖြစ်၏။

သူ့အိမ်တံခါးသည် အစဉ်အမြဲဖွင့်ထားလေသည်။ မည်သည့်လူစားမျိုး ရောက်လာသည်မဆို သူ့အနေနှင့် ညီတူညီမျှဆက်ဆံ ကြိုဆိုမည်ဖြစ်သည်။

မိန်းမပျိုလေး၏မျက်လုံးများက အခန်းတွင်းသို့ လှည့်ပတ်ကြည့်ရှုနေ၏။ လုံခြုံစွာပုန်းအောင်းနိုင်မည့်တစ်နေရာ လိုက်ရှာဖွေနေခြင်းပင်။

ဟွာမင်းလို ငြင်သာစွာပြောဆိုပြီး အာမခံလိုက်သည်။ “ပုန်းအောင်းနေဖို့မလိုတော့ပါဘူးဗျာ။ ဒီမှာရှိနေသမျှကာလပတ်လုံး မင်းအတွက်လုံခြုံပါတယ်။”

မိန်းမပျိုလေးသည် မယုံကြည်နိုင်သေးဘဲဖြစ်ပြီး မေးမြန်းလိုက်သည်။ “သေချာလို့လား။ ကျမနောက်ကို လိုက်လာတဲ့လူက ရုပ်ဆိုးပြီးကြောက်စရာကောင်းရုံတင်မကဘူး သူ့မှာဓားတစ်လက်လည်း ပါလာသေးတယ်။ အဲ့ဒီဓားနဲ့ လူသတ်နိုင်တယ်ရှင့်။”

ဟွာမင်းလိုက ပြုံးပြလိုက်သည်။ “ကျုပ်မင်းကို အာမခံပါတယ်။ ဒီနေရာမှာ သူလူသတ်လို့မရပါဘူး။”

မိန်းမပျိုလေးသည် ထိုအဖြေစကားကို ကျေနပ်ပုံမရသေးဘဲ “ဘာဖြစ်လို့လဲ။”ဟု ထပ်မေးလိုက်ချင်သော်လည်း မေးခွင့်မရခဲ့ချေ။

သူမနောက်ကိုလိုက်နေသောလူသည် လှေကားများမှတဆင့် ပြေးတက်လာနေ၏။ ထိုသူသည် လွန်စွာမှပင် ကြီးမားထွားကြိုင်းသူတစ်ယောက်ဖြစ်သော်လည်း လှုပ်ရှားမှုများက လျင်မြန်သွက်လက်လှသည်။

သူ့လက်ထဲတွင် ဓားတစ်လက်အမှန်တကယ်ပင် ရှိနေလေသည်။ သူ့အကြည့်များက ဓားမြှောင်တစ်လက်လို သူတို့အားစိုက်ကြည့်နေပြီး မိန်းမပျိုလေးကို မြင်တွေ့လိုက်သည်နှင့်တပြိုင်နက် အော်ဟစ်ပြောဆိုလိုက်သည်။ “မင်းဘယ်ထွက်ပြေးနိုင်သေးလဲ... ကောင်မလေး။”

မိန်းမပျိုလေးသည် ဟွာမင်းလိုနောက်တွင် ဝင်ရောက်ပုန်းကွယ်နေလိုက်သည်။ ဟွာမင်းလိုက ထိုသူ့ကိုပြုံးပြလိုက်သည်။ “သူဒီမှာရောက်နေပါပြီ။ ထွက်ပြေးဖို့မလိုအပ်တော့ပါဘူးဗျာ။”

ထိုသူက ဟွာမင်းလိုကိုကြည့်လိုက်ရာ ချောမောခန့်ငြားသော ယောက်ျားပျိုတစ်ယောက်အပြင် မည်သည့်ထူးခြားချက်မျှ မတွေ့ရှိရသောကြောင့် ရယ်မောလိုက်လေတော့သည်။ “မင်းအဘကို သိရဲ့လား။ ဟမ်... မင်းအဘရဲ့ ကိစ္စထဲမှာ မင်းကဝင်ရှုပ်ချင်နေသေးတယ်ပေါ့လေ။”

ဟွာမင်းလိုသည် ယဉ်ကျေးပျူငှာစွာပင် ပြန်လည်မေးမြန်းလိုက်သည်။ “ခင်ဗျားက ဘယ်သူများလဲဗျာ။”

ထိုသူက ပခုံးမတ်မတ်ထားပြီး ဖြေဆိုလိုက်သည်။ “ဒီက မင်းအဘက 'ပန်းဓားဘုရင်' ချွေးယိတောင်ပဲကွ။ မင်းကိုတစ်ချက်လောက်ခုတ်လိုက်ရင် မင်းခန္ဓာကိုယ်မှာ နောက်ထပ်အပေါက်တစ်ပေါက်တိုးလာလိမ့်မယ်။”

ဟွာမင်းလို-“ကျနော် အင်မတန်မှ အားနာပါတယ်ဗျာ။ ဒီကဂုဏ်သရေရှိ လူကြီးမင်းရဲ့နာမည်ကို ကျနော်လုံးဝမကြားဖူးပါဘူး။ ကျနော့်ရဲ့ခန္ဓာကိုယ်မှာ အပေါက်တစ်ပေါက်ထပ်မလိုအပ်သလို ကြီးကြီးငယ်ငယ် အပေါက်နောက်တစ်ပေါက်လည်း ထပ်မတိုးချင်ပါဘူးဗျာ။”

မိန်းမပျိုလေးသည် မအောင့်အီးနိုင်တော့ပဲ ခစ်ကနဲရယ်မောမိလိုက်လေတော့သည်။

ချွေးယိတောင်၏မျက်နှာက အရောင်အမျိုးမျိုးပြောင်းသွားခဲ့ရပြီး ကျယ်လောင်စွာ အော်ပြောလိုက်သည်။ “မင်းမလိုချင်လည်း ငါကတော့ပေးရမှာပဲ။”

သူ၏ဓားကို လှုပ်ခတ်လိုက်ရာ ဓားရိပ်များဖြာမိုးသွားခဲ့ပြီး ဟွာမင်းလို၏ ရင်ဘတ်ဆီသို့ ရောက်ရှိလာခဲ့၏။

ဟွာမင်းလိုသည် သူ၏ခန္ဓာကိုယ်ကို လှုပ်ရှားခဲ့ခြင်းအလျင်းမရှိ။ သူ၏လက်ချောင်းလေးနှစ်ချောင်းသာ လှုပ်ရှားသွားခဲ့သည်။

ရုတ်တရက်ပင် သူ၏လက်ကိုဓားလာရာလမ်းကြောင်းဘက်သို့ မြှောက်ပင့်လိုက်ပြီး လက်ချောင်းလေးနှစ်ချောင်းဖြင့် ဓားကိုညှပ်ထားလိုက်၏။ သူ့လက်ချောင်းနှစ်ချောင်းကြားတွင် ဓားသည်ချက်ချင်းပင် အမြစ်တွယ်ပေါက်လာသကဲ့သို့ ရပ်တန့်သွားခဲ့လေသည်။

ချွေးယိတောင်သည် သူ၏ဓားကိုအားကုန်နှုတ်၍ ဆွဲနှုတ်လိုက်သော်လည်း ဓားကားမပါလာခဲ့ချေ။

ဟွာမင်းလိုသည် ပြုံးနေဆဲပင်။ “ခင်ဗျားရဲ့ဓားကို ဒီမှာထားခဲ့မယ်ဆိုရင် ကျုပ်ကောင်းကောင်းစောင့်ရှောက်ထားလိုက်ပါမယ်။ ကျုပ်တံခါးက အမြဲတမ်းဖွင့်ထားတဲ့အတွက် ခင်ဗျားရဲ့ဓားကို အချိန်မရွေး ပြန်လာယူလို့ရပါတယ်ဗျာ။”

ချွေးယိတောင်သည် ချွေးအေးများပြန်လာခဲ့ရပြီး ကြမ်းပြင်ပေို့ ရုတ်တရက်ပင် ခြေတစ်ချက်စောင့်ချလိုက်သည်။ ပြီးနောက် ဓားကိုလွှတ်ပေးလိုက်ပြီး လှည့်၍ပင်မကြည့်တော့ဘဲ ဆင်းပြေးသွားလေတော့သည်။ သူ၏အပြန်လမ်းသည် လာစဉ်တုန်းကထက်ပင် ပို၍လျင်မြန်နေသေး၏။

မိန်းမပျိုလေးသည် ခေါင်းလောင်းသံလွင်လွင်လေးဖြင့် ရယ်မောနေ၏။ ဟွာမင်းလိုကို အားကျအံ့ဩသောအကြည့်များဖြင့် ကြည့်နေပြန်သည်။ “ရှင်ဒီလောက်တော်လိမ့်မယ်လို့ ကျမဖြင့်ထင်မထားခဲ့မိပေါင်။”

ဟွာမင်းလိုက ပြုံးပြီးဖြေဆိုလိုက်သည်။ “ကျုပ်တော်လို့မဟုတ်ရပါဘူးဗျာ။ သူကိုက ညံ့ဖျင်းလို့ပါ။”

မိန်းမပျိုလေး-“ဘယ်ကလာဟုတ်ရမှာလဲ။ သိုင်းလောကမှာ သူ့ကိုယှဉ်နိုင်တဲ့လူခပ်ရှားရှားရယ်။ ကျမတောင်မှ သူ့ကိုမယှဉ်နိုင်ခဲ့ဘူး။”

ဟွာမင်းလို ရေရွတ်မိလိုက်၏။ “မင်းကိုယ်တိုင်...”


+++++


မိန်းမပျိုလေး-“ကျမက သူ့ကိုသာမယှဉ်နိုင်ခဲ့တာပါ။ ကျမကိုယှဉ်နိုင်သူကလည်း သိပ်တော့မရှိလှပါဘူး။ ကျမက မြစ်တောင်ဘက်ပိုင်းကလာခဲ့ပြီး ရှန်းကွမ်းဖေးယန်လို့ခေါ်ပါတယ်။”

ချက်ချင်းပင် သူမ၏ခေါင်းကိုခါရမ်းလိုက်ပြီး သက်ပြင်းချလိုက်သည်။ “ရှင်ဒီနာမည်ကို မကြားဖူးဘူးလား။”

ဟွာမင်းလိုသည် လက်ထဲမှဓားကို နံရံနှင့်ကပ်နေသော စားပွဲခုံပေို့ ညင်သာစွာတင်ထားခဲ့ပြီးမှ မေးမြန်းလိုက်သည်။ “သူ မင်းနောက်ကိုဘာဖြစ်လို့လိုက်လာတာလဲ။”

ရှန်းကွမ်းဖေးယန်သည် နှုတ်ခမ်းကိုဖိကိုက်ထားပြီး ပြန်ဖြေရန်တွန့်ဆုတ်နေပုံရသည်။ ပြီးနောက် အပြုံးလေးဖြင့် ပြောဆိုလိုက်သည်။ “ဘာဖြစ်လို့လဲဆိုတော့ ကျမသူ့ပစ္စည်းတစ်ခု ခိုးလာခဲ့လို့။”

ဟွာမင်းလိုသည် အံ့အားသင့်ခြင်းမရှိဘဲ ရယ်မောနေ၏။

ရှန်းကွမ်းဖေးယန်က ဆက်ပြောနေလိုက်သည်။ “ကျမက သူခိုးဆိုတာတော့မှန်တယ်။ ဒါပေမဲ့ သူကဓားပြရှင့်။ လူကောင်းတွေဆီကနေ ကျမဘယ်တုန်းကမှ မခိုးဝှက်ခဲ့ဖူးဘူး။”

သူမက ခေါင်းကိုငုံ့ထားပြီး ဟွာမင်းလိုကို မျက်လုံးထောင့်ကပ်၍ ခိုးကြည့်နေပြီး ပြောဆိုနေပြန်သည်။ “ကျမကိုတော့ ရှင်မနှိမ့်ချလောက်ပါဘူးနော်။ ပြီးတော့လည်း ရှင်မနှစ်သက်နိုင် မဖြစ်လောက်ပါဘူးနော်။”

ဟွာမင်းလိုက ပြုံးပြလိုက်သည်။ “ကျုပ်မင်းကိုသဘောကျပါတယ်။ ရိုးသားတဲ့လူတွေကို ကျုပ်သဘောကျပါတယ်။”

ရှန်းကွမ်းဖေးယန်က မျက်တောင်များပုတ်ခတ်နေလိုက်၏။ “ရိုးသားတဲ့လူတွေ ဒီနေရာမှာ ခဏကြာကြာလေးလောက် နေလို့ရမလားရှင်။”

ဟွာမင်းလို-“ဘာဖြစ်လို့မရရမှာလဲ။”

ရှန်းကွမ်းဖေးယန်သည် စိတ်သက်သာရာရသွားခဲ့ပြီး ချိုသာစွာပြောဆိုလိုက်သည်။ “ဒါဆိုရင်တော့ ကျမစိတ်ချမ်းသာသွားပြီ။ အစတုန်းကတော့ ကျမကို ရှင်မောင်းထုတ်လိမ့်မလားလို့ စိုးရိမ်နေခဲ့သေးတာ။”

သူမသည် ပြတင်းပေါက်အနီးသို့ လျှောက်သွားလိုက်ပြီး လေတဝကြီး ရှုသွင်းလိုက်၏။ လေထုထဲတွင် မွှေးပျံ့သောပန်းရနံ့များ ထုံမွှမ်းနေလေသည်။ အပြင်ဘက်တွင် တဖြည်းဖြည်းမှောင်ရိပ်သန်းလာပြီး အခန်းတွင်းတွင်တော့ မှောင်၍ပင်နေပေပြီ။

ရှန်းကွမ်းဖေးယန် သက်ပြင်းတစ်ချက်ချလိုက်၏။ “နေ့တစ်နေ့ကုန်ဆုံးသွားတာမြန်လိုက်တာ။ မှောင်တောင်မှောင်လာပြီနော်။”

ဟွာမင်းလိုက သူမ၏စကားကို အသိအမှတ်ပြုလိုက်သည်။ “အင်း...”

ရှန်းကွမ်းဖေးယန်-“ရှင်ဘာဖြစ်လို့ မီးမထွန်းသေးတာလဲ။”

ဟွာမင်းလိုက ပြုံးပြလိုက်သည်။ “အိုး... ကျုပ်တောင်းပန်ပါတယ်။ ဧည့်သည်တစ်ယောက်ရှိနေတာ ကျုပ်မေ့သွားတယ်။”

ရှန်းကွမ်းဖေးယန်-“ဧည့်သည်လာမှပဲ မီးထွန်းတတ်တာလား။”

ဟွာမင်းလိုက တိုးတိုးလေးပြန်ဖြေလိုက်သည်။ “အင်း...”

ရှန်းကွမ်းဖေးယန်-“ရှင်တစ်ယောက်တည်းရှိနေချိန်မှာ ဘာဖြစ်လို့မီးမထွန်းရတာလဲ။”

ဟွာမင်းလို-“ကျုပ်အတွက် မီးအလင်းရောင်မှမလိုအပ်တာ။”

ရှန်းကွမ်းဖေးယန်-“ဘာဖြစ်လို့လဲရှင်။”

သူမသည် လှည့်လာခဲ့ပြီး ဟွာမင်းလိုကို မယုံကြည်နိုင်သောအကြည့်များဖြင့် ကြည့်နေလိုက်သည်။

သို့သော် ဟွာမင်းလို၏ ဟန်မူယာများက တည်ငြိမ်အေးချမ်းနေဆဲ... ပျော်ရွှင်စွာပင် ပြန်လည်ဖြေကြားလိုက်သည်။ “ကျုပ်က မျက်မမြင်တစ်ယောက်ပါ။”

ညနေခင်းအလင်းရောင်လေးက ပို၍ပင်မှေးမှိန်သွားရ၏။ လေထုထဲတွင်တော့ ချိုအီသောပန်းရနံ့များ သင်းပျံ့နေလေသည်။

ထိုအရာများအားလုံးကို ရှန်းကွမ်းဖေးယန်တစ်ယောက် စိတ်မဝင်စားနိုင်ပါ။ သူမအတွက် အလွန်အံ့အားသင့်စရာကောင်းနေသည် မဟုတ်ပါလား။
“ကျုပ်က မျက်မမြင်တစ်ယောက်ပါ။”

ရိုးရှင်းသော စကားလုံးလေးဖြစ်သော်ငြားလည်း ရှန်းကွမ်းဖေးယန် ကြားဖူးခဲ့သမျှ စကားလုံးတိုင်းထက် ပို၍ပင်သူမအား တုန်လှုပ်အံ့ဩသွားစေခဲ့၏။ သူမသည် ဟွာမင်းလိုဟူသောလူတစ်ယောက်ကို စိုက်၍ကြည့်နေ၏။ အသက်ရှင်သန်နေခြင်းကို မြတ်နိုးသူ...
အနာဂါတ်ကာလအတွက် မျှော်လင့်ချက်များထားရှိသူ...
အားကုန်အင်ကုန်ခုတ်ပိုင်းလာသော ဓားတစ်လက်ကို လက်ချောင်းလေးနှစ်ချောင်းတည်းဖြင့် ညှပ်ထားနိုင်ခဲ့သူ...
ဤအိမ်လေးထဲတွင် တစ်ယောက်တည်း အဖော်မဲ့စွာ နေထိုင်နေသူ...
မည်သူ့အကူအညီမှ မလိုအပ်သလို သူတစ်ပါးကိုပင်ပြန်၍ အကူအညီများပေးနေသူ...

ဤလူသည် မျက်စိကွယ်နေသူတစ်ယောက်ဖြစ်နေမှန်း ရှန်းကွမ်းဖေးယန် မည်သို့မျှ ယုံကြည်၍မရ။ ထို့ကြောင့် မအောင့်အီးနိုင်တော့ဘဲ မေးမြန်းလိုက်မိပြန်သည်။ “ရှင်တကယ်ပဲ မျက်စိကွယ်နေတာလား။”

ဟွာမင်းလိုက ခေါင်းညိတ်ပြလိုက်သည်။ “ကျုပ်အသက် ၇ နှစ်သားကတည်း မျက်စိကွယ်ခဲ့ရတာပါ။”

ရှန်းကွမ်းဖေးယန်က အကဲခတ်နေပြီး မေးမြန်းလိုက်ပြန်သည်။ “ရှင့်ကိုကြည့်ရတာ မျက်မမြင်တစ်ယောက်နဲ့ မတူပါလား။”

ဟွာမင်းလိုက ပြုံးပြီးမေးမြန်းလိုက်သည်။ “မျက်မမြင်တစ်ယောက်က ဘယ်လိုများရှိနေရဦးမှာလဲဗျာ။”

ရှန်းကွမ်းဖေးယန် မည်ကဲ့သို့ပြန်ဖြေဆိုရမှန်းမသိနိုင်တော့ချေ။ မျက်မမြင်များစွာကို သူမ မြင်တွေ့ခဲ့ဖူးပါသည်။ မျက်မမြင်များသည် အားငယ်ဝမ်းနည်းနေတတ်သူများဟု သူမထင်ထားခဲ့လေသည်။ အဘယ်ကြောင့်ဆိုသော် ဤမျှသာယာလှပနေသော ရောင်စုံလောကကြီးသည် ထိုသူများအတွက်မည်းမှောင်နေရလေသည်။

ထိုစကားများကို သူမ ပြောဆိုခဲ့ခြင်းမရှိသော်လည်း ဟွာမင်းလို နားလည်ခံစားမိလိုက်၏။ အပြုံးမပျက်ပင် ပြောဆိုနေလိုက်သေးသည်။ “မျက်မမြင်တွေထဲမှာ ကျုပ်လောက်ပျော်ရွှင်နေတဲ့လူ မရှိဘူးလို့ မင်းထင်နေတယ်မဟုတ်လား။”

ရှန်းကွမ်းဖေးယန် ဝန်ခံလိုက်ရတော့သည်။

ဟွာမင်းလို-“တကယ်တမ်းပြောရရင် မျက်မမြင်တစ်ယောက်ဖြစ်ရတာ သိပ်တော့လည်းမဆိုးလှပါဘူး။ ကျုပ်အနေနဲ့ မမြင်တွေ့ရပေမယ့်လည်း ကြားသိခံစားနိုင်ပါသေးတယ်။ တစ်ခါတစ်ခါဆိုရင် တခြားလူတွေထက်တောင်မှ ပိုပြီးစိတ်ကြည်နူးရပါသေးတယ်။”

သူ၏မျက်နှာထက်တွင် ပျော်ရွှင်မှုမှရရှိလာခဲ့သော ကျေနပ်နှစ်သိမ့်မှုများ ဖုံးလွှမ်းနေ၏။ “တံစက်မြိတ်အောက်ကို ကျလာတဲ့ နှင်းကျသံတွေကို မင်းကြားဖူးလား။ နွေဦးရာသီမှာ ငွါးငွါးစွင့်စွင့် ဖူးပွင့်လာတတ်တဲ့ ပန်းဖတ်လေးတွေရဲ့ ထူးထူးဆန်းဆန်းခံစားမှုတွေကို မင်းခံစားဖူးလား။ ဆောင်းဦးရာသီရဲ့လေနဲ့အတူ လွင့်ပါလာတဲ့ ပန်းရနံ့ချိုချိုအီအီလေးတွေ၊ တောင်ကုန်းပေါ်မှာရှိတဲ့ သစ်တောထဲက ရနံ့တွေကို မင်းရှုရှိုက်ဖူးရဲ့လား။ ...”

ရှန်းကွမ်းဖေးယန်သည် သူပြောနေသမျှကို ငြိမ်သက်စွာနားထောင်နေ၏။ အေးအေးငြိမ့်ငြိမ့်သီဆိုနေသော တေးသီချင်းတစ်ပုဒ်ကို နားဆင်နေသလိုမျိုး နားဆင်နေ၏။

ဟွာမင်းလို-“မင်းသာရှာဖွေခံစားတတ်မယ်ဆိုရင် ရှင်သန်ခြင်းဆိုတဲ့ သိပ်ကိုချစ်စရာကောင်းပြီး လှပတဲ့အရာလေးကို တွေ့မြင်လာနိုင်မှာပါကွာ။ ရာသီဥတုအပြောင်းအလဲတိုင်းမှာ ဖြစ်ပေါ်လာတတ်တဲ့ သီးသန့်ပျော်ရွှင်ခံစားမှုလေးတွေက မင်းရဲ့ စိုးရိမ်ပူပန်မှုတွေ... ဒုက္ခတွေအားလုံးကို ငြိမ်းချမ်းသွားစေပါတယ်။”

ရှန်းကွမ်းဖေးယန်သည် သူမ၏မျက်လုံးများကို မှိတ်ထားလိုက်၏။ တိုက်ခတ်လာသော လေနုအေးလေးက ရုတ်တရက်ပင် ညင်သာလာခဲ့ပြီး ပန်းရနံ့များက ပို၍ပင်မွှေးကြိုင်လာကြောင်း ခံစားမိလာလေတော့သည်။

ဟွာမင်းလို-“မင်းပျော်ရွှင်နေသည်ဖြစ်စေ... စိတ်ညစ်ညူးနေသည်ဖြစ်စေ... မျက်စိမမြင်တာနဲ့ ဘာမှမပတ်သက်ပါဘူး။ ဒါပေမဲ့ လူ့ဘဝကြီးမှာ ရှင်သန်နေထိုင်နေရတာကို ချစ်မြတ်နိုးခြင်းဆိုတာရယ်... ဘဝကိုပျော်ရွှင်ကြည်နူးစွာ တည်ဆောက်နေထိုင်သွားချင်စိတ်ရှိတာရယ်နဲ့တော့ အားလုံးပတ်သက်နေပါတယ်။”

အလင်းရောင်ဖျော့ဖျော့အောက်တွင် သူ၏ငြိမ်းချမ်းပျော်ရွှင်နေသော မျက်နှာလေးကို ရှန်းကွမ်းဖေးယန် တစိမ့်စိမ့်ကြည့်ရှုနေလိုက်သည်။ ဤတစ်ကြိမ်တွင်တော့ သူမထံတွင် အံ့အားသင့်တုန်လှုပ်မှုများမရှိတော့ပဲ လေးစားကျေးဇူးတင်သော အကြည့်များသာရှိနေလေသည်။

သူမသည် ဟွာမင်းလိုကို ကျေးဇူးတင်ရှိခြင်းမှာ သူမ၏အသက်ကိုကယ်တင်ခဲ့၍မဟုတ်။ လောကကြီးထဲတွင် ရှင်သန်နေထိုင်ရခြင်း၏ အဓိပ္ပါယ်ကို သူမသိမြင်ခံစားလာအောင် ပြသခဲ့သောကြောင့်သာဖြစ်၏။

သူမသည် ဟွာမင်းလိုကို လေးစား၏။ သူ၏သိုင်းပညာကောင်း၍တော့မဟုတ်... သူ၏ဖြူစင်သန့်ရှင်းသောနှလုံးသားကိုဖြစ်၏။

သို့သော် သူမထံတွင် မေးမြန်းစရာ အမြောက်အများကျန်ရှိနေသေး၏။ “ရှင့်မှာ မိသားစုဝင်တွေ တစ်ယောက်မှ မရှိကြတော့ဘူးလား။”

ဟွာမင်းလိုက ပြုံးပြီးဖြေဆိုလိုက်သည်။ “ကျုပ်မှာ မိသားစုအကြီးကြီးရှိပါတယ်။ မိသားစုဝင်တွေမှ အများကြီးပဲ။ အားလုံးပဲ စိတ်ချမ်းသာကိုယ်ကျန်းမာနဲ့ ပျော်ရွှင်ကြပါတယ်။”

ရှန်းကွမ်းဖေးယန်-“ဒါဆိုရင် ဒီနေရာမှာ ရှင်တစ်ယောက်တည်းဘာဖြစ်လို့ ထီးထီးကြီးလာနေနေရတာလဲ။”

ဟွာမင်းလို-“ဘာဖြစ်လို့လဲဆိုတော့ ကျုပ်တစ်ယောက်တည်း နေလို့ဖြစ်ရဲ့လားလို့ စမ်းသပ်ကြည့်ချင်လို့ပါ။ ကျုပ်ရဲ့ကိစ္စအဝဝအတွက် တခြားသူတွေက လိုက်ပါဆောင်ရွက်ပေးရမှာကို ကျုပ်မလိုလားပါဘူး။ ကျုပ်ကိုလည်း မျက်မမြင်တစ်ယောက်လို မဆက်ဆံစေချင်ကြဘူး။”

ရှန်းကွမ်းဖေးယန်မှ ထပ်မံမေးမြန်းလိုက်ပြန်သည်။ “ရှင်... ဒီနေရာမှာ ရှင်တစ်ယောက်တည်း နေနေရတာ တကယ်ပဲပျော်ပျော်ရွှင်ရွှင်ရှိရဲ့လားရှင်။”

ဟွာမင်းလို-“ကျုပ်ဒီနေရာမှာ နေလာခဲ့တာ ၈ လတောင်ကျော်ခဲ့ပြီ။ တစ်ခါမှ ဒီလောက်မပျော်ရွှင်ခဲ့ဖူးဘူး။”

ရှန်းကွမ်းဖေးယန်သည် သက်ပြင်းတစ်ချက်ကို ငြင်သာစွာချလိုက်မိ၏။ “ဒါပေမဲ့ ဆောင်းတွင်းမှာကျတဲ့နှင်းတွေနဲ့ နွေဦးမှာပွင့်တဲ့ ပန်းပွင့်တွေကလွဲရင် ရှင့်ဆီမှာ ဘာကျန်သေးလို့လဲရှင်။”

ဟွာမင်းလို-“ညဘက်တိုင်းမှာ ကျုပ်ကောင်းကောင်းအိပ်ပျော်တယ်။ အစားအစာကောင်းကောင်း စားသောက်လာနိုင်တယ်။ အိမ်လေးကလည်း နေချင့်စဖွယ်ကောင်းတယ်။ အသံထွက်သိပ်ကောင်းတဲ့ ၇ ကြိုးတပ်ဗြတ်စောင်းတစ်လက်လည်း ကျုပ်ဆီမှာရှိတယ်။ ဒါတွေနဲ့တင် ပြည့်စုံလုံလောက်နေပါပြီလေ။ နောက်တစ်ခု... ကျုပ်မှာ မိတ်ဆွေကောင်းတစ်ယောက်လည်း ရှိနေသေးတယ်။”

ရှန်းကွမ်းဖေးယန်-“ရှင့်ရဲ့မိတ်ဆွေက ဘယ်သူများလဲ။”

ဟွာမင်းလို၏ မျက်နှာထက်၌ တောက်ပကြည်လင်သောအပြုံးတစ်ခုထွက်ပေါ်လာခဲ့ပြီး ဖြေဆိုလိုက်သည်. “သူ့ရဲ့မျိုးရိုးနာမည်က 'လု'... သူ့ကို လုရှောင်ဖုန်းလို့ခေါ်တယ်။”

ဟွာမင်းလိုက ပြုံးပြီးဆက်ပြောနေပြန်သည်။ “ဒါပေမဲ့ သူ့ကိုတော့ မိန်းကလေးတစ်ယောက်လို့ မထင်လိုက်နဲ့ဦး။ သူ့နာမည်က 'ရှောင်ဖုန်း' (ဖီးနစ်ငှက်ငယ်လေး)ဆိုပေမယ့် ယောက်ျားစစ်စစ်တစ်ယောက်ပါ။”

ရှန်းကွမ်းဖေးယန်-“လုရှောင်ဖုန်း... ဒီနာမည်ကိုကြားဖူးနေသလိုပဲ။ သူက ဘယ်လိုလူစားမျိုးလဲဟင်။”

ဟွာမင်းလို၏အပြုံးက ပို၍ပင်ကြည်လင်တောက်ပလာခဲ့၏။ “သူက တော်တော်လေးထူးဆန်းတဲ့လူတစ်ယောက်ပါ။ သူ့ကို တစ်ခါလောက်တွေ့ဖူးထားတယ်ဆိုရင် ဘယ်တော့မှမမေ့နိုင်တဲ့လူတစ်ယောက်ပေါ့။ သူ့ဆီမှာ မျက်စိနှစ်စုံ.. နားနှစ်စုံ.. လက်၃ဘက်ရှိနေရုံတင်မကသေးဘူး... မျက်ခုံးမွှေး ၄ ခုတောင်ရှိနေသေးတယ်။”

မျက်စိနှစ်စုံ နားနှစ်စုံဆိုသည်မှာ သူများတွေထက်ပိုပြီးမြင်နိုင် ကြားနိုင်ခြင်းကို ဆိုလိုခြင်းဖြစ်ရမည်။

လက် ၃ ဘက်ဆိုသည်မှာ သူ၏လက်များက အခြားလူအားလုံးထက် ပို၍လျင်မြန်စွာ လှုပ်ရှားနိုင်၍ပင်ဖြစ်ရမည်။

သို့ရာတွင် 'မျက်ခုံးမွှေး ၄ ခု'ဆိုသည်မှာ ဘာကိုရည်ရွယ်ပြီးပြောဆိုမှန်း ရှန်းကွမ်းဖေးယန် စဉ်းစား၍မရ။

မည်သို့ပင်ဖြစ်စေ... မျက်ခုံးမွှေး၄ခု လုရှောင်ဖုန်းဆိုသူနှင့် မတွေ့တွေ့အောင်ကြိုးစားဖို့ သူမ ဆုံးဖြတ်ထားလိုက်လေတော့သည်။

0 comments:

Post a Comment