ရေချိုးစည်ပိုင်းတွင်းမှ ရေများသည် နွေးနွေးလေးရှိနေဆဲဖြစ်ပြီး စံပယ်ပန်းရနံ့သင်းသင်းလေး မွှေးထုံနေ၏။ စီမင်းချွေးရှယ်သည် ရေချိုးပြီး ဦးခေါင်းလျှော်နေ၏။ ခန္ဓာကိုယ်တစ်ခုလုံးကိုလည်း သန့်ရှင်းစွာ သုတ်သင်ဆေးကြောပြီးလေပြီ။
ရှောင်းဟုန်က သူ့ကိုဆံပင်ဖြီးသင်ပေးနေ၏။ ရှောင်းချွေနှင့် ရှောင်းယူတို့က သူ့ကို လက်သည်းညှပ်ပေးနေကြသည်။
ရှောင်းယွန်က သူဝတ်ဖို့ အဝတ်အစားသစ်တစ်စုံ ပြင်ဆင်ပေးနေ၏။ ခြေစွတ်မှစ၍ အတွင်းခံဝတ်စုံများထိ အားလုံးပင် နှင်းကဲ့သို့ စွတ်စွတ်ဖြူဖွေးနေသော အဝတ်အစားများပင်။
သူတို့အားလုံးသည် မြို့ထဲ၌ နာမည်အကြီးဆုံး ပြည့်တန်ဆာမလေးများဖြစ်ကြသည်။ အားလုံးပင် ငယ်ရွယ်နုပျိုပြီး ချောမောလှပကြလေသည်။ သူတို့အားလုံးသည် ယောက်ျားတစ်ယောက်ကို မည်သို့စိတ်ကျေနပ်အောင် ပြုစုရမည်မှန်းလည်း သိထားကြ၏။ ပြုစုနည်းမျိုးစုံ တတ်ကျွမ်းကြလေသည်။
သို့သော် စီမင်းကျွေ့ရှယ်သည် တစ်နည်းတည်းသောဇိမ်ခံမှုကိုသာ ရွေးချယ်ခဲ့၏။ သူတို့ကို သူလက်ဖျားဖြင့်ပင် မထိတွေ့ခဲ့။ သူဥပုသ်စောင့်နေခဲ့သည်မှာ ၃ ရက်ပင်ရှိပြီ။
အဘယ်ကြောင့်ဆိုသော် လောကကြီးတွင် သူယုံကြည်ထားသည့် အသန့်စင်ဆုံးအရာတစ်ခုကို သူပြုလုပ်တော့မည်ဖြစ်သည်။
လူတစ်ယောက်ကို သူသွားသတ်တော့မည်။ ထိုသူ့နာမည်မှာ ဟုန်းတောဝ်ဖြစ်၏။
သူ့ကို စီမင်းကျွေ့ရှယ်မသိသလို တွေ့မြင်ဖူးခြင်းပင်မရှိခဲ့။ သတ်ရမည့်အကြောင်းမှာ သူသည် ကျိုကန်ဆိုသောသူကို သတ်ခဲ့သောကြောင့်ဖြစ်၏။
ကျိုကန်သည် အမှန်တရားဘက်တော်သားတစ်ယောက်... ယောက်ျားကောင်းတစ်ယောက်... သစ္စာရှိသူတစ်ယောက်... ဖြစ်သည်ဆိုခြင်းကို လူတိုင်းသိကြသည်။
စီမင်းကျွေ့ရှယ်သည်လည်း ထိုအချက်ကိုသိခဲ့ပါသည်။ သို့သော် ကျိုကန်ဆိုသောသူကို တွေ့မြင်ဖူးခြင်းမရှိသလို သိပင်မသိခဲ့။
မိုင်ပေါင်းများစွာ ခရီးဝေးကြီးနှင်လာခဲ့ရသည်။ နေပူကျဲတဲအောက်တွင် ၃ ရက်တိုင်တိုင် မရပ်မနား မြင်းစီးလာခဲ့ရသည်။ မရင်းနှီးမကျွမ်းကျင်သော မြို့လေးကိုရောက်ရှိလာခဲ့သည်။ ရေချိုးခဲ့သည်။ ဥပုသ် ၃ ရက်စောင့်ခဲ့သည်။ သူလုပ်ဆောင်ခဲ့သမျှသည် သူမသိသော လူစိမ်းတစ်ယောက်က သူမသိသောလူစိမ်းတစ်ယောက်ကို သတ်ဖြတ်ခဲ့သည့်အတွက် လက်စားချေရန်ပင်ဖြစ်လေတော့သည်။
ဟုန်းတောဝ်သည် စီမင်းကျွေ့ရှယ်ကို စိုက်ကြည့်နေ၏။ လောကကြီးထဲတွင် ဤအလုပ်မျိုးကို လုပ်ဆောင်နေသူတစ်ယောက် ရှိနေသေးသည်ဆိုသည်ကို မယုံကြည်နိုင်လောက်အောင်ပင် ဖြစ်နေရ၏။
စီမင်းကျွေ့ရှယ်၏ အဝတ်အစားများသည် နှင်းကဲ့သို့စွတ်စွတ်ဖြူဖွေးနေပြီး အနောက်ဘက်မြို့အဝင်မုခ်အောက်တွင် တည်ငြိမ်အေးဆေးစွာ ထိုင်နေ၏။ ဟုန်းတောဝ်ဓားဆွဲထုတ်လာမည့်အချိန်ကို တည်ငြိမ်အေးဆေးစွာစောင့်စားနေ၏။
ဟုန်းတောဝ်၏ 'လျှပ်စီးဓား' အကြောင်း သိုင်းလောကတွင် မသိသူမရှိ။ သူ၏ဓားသည် လျှပ်စီးလက်သကဲ့သို့ လျင်မြန်မှုမရှိခဲ့ဘူးဆိုလျှင် 'စီရင်စုနယ်၉နယ်ကိုကိုင်လှုပ်သောဓားတစ်လက်' ကျိုကန်သည် သူ၏ဓားချက်ကြောင့် သေဆုံးခဲ့မည်မဟုတ်ချေ။
ဟုန်းတောဝ်က ကျိုကန်ကိုသတ်ခဲ့ရသောအကြောင်းအရင်းမှာ စကားလုံး ၆ လုံးကြောင့်ဖြစ်၏။ “စီရင်စုနယ်(၁) ၉(၂) နယ်(၃) ကို(၄) ကိုင်လှုပ်သော(၅) ဓားတစ်လက်(၆)...” စကားလုံး ၆ လုံး... အသက်တစ်ချောင်း...
စီမင်းကျွေ့ရှယ်သည် စုစုပေါင်း စကားလုံး ၅လုံးတိတိသာပြောဆိုခဲ့၏။
ဟုန်းတောဝ်မှ ဘာအတွက်ကြောင့်လာခဲ့တာလဲဟု မေးမြန်းခဲ့သောအခါ- “မင်းကို(၁) သတ်(၂) ဖို့(၃)” ဟုသူပြန်ဖြေခဲ့၏။
ဟုန်းတောဝ်မှ ဘာဖြစ်လို့လဲဟု မေးမြန်းလာခဲ့ပြန်ရာ- “ကျို(၄) ကန်(၅)” ဟုပြန်ဖြေခဲ့ပြန်သည်။
ဟုန်းတောဝ်က မေးမြန်းလိုက်ပြန်သည်။ “မင်းက ကျိုကန်ရဲ့မိတ်ဆွေတစ်ယောက်လား။”
စီမင်းကျွေ့ရှယ် ခေါင်းခါရမ်းပြလိုက်သည်။
ဟုန်းတောဝ်-”ဒါဆိုရင် မင်းဒီကိုရောက်လာခဲ့တာက ကျုပ်ကိုသတ်ဖို့ပေါ့... မင်းမသိတဲ့လူတစ်ယောက်ကို ကျုပ်ကသတ်ခဲ့လို့ပေါ့... ဟုတ်လား။”
သူခေါင်းညိတ်ဖြေဆိုလိုက်သည်။
သူ လူသတ်ရန်လာခဲ့ခြင်းဖြစ်၏။ စကားပြောရန်လာခဲ့ခြင်းမဟုတ်။
ဟုန်းတောဝ်၏မျက်နှာ အရောင်အမျိုးမျိုးပြောင်းလဲသွားခဲ့ရသည်။ ဤလူမည်သူဖြစ်မှန်း သူခန့်မှန်းလိုက်မိ၏။ သူ၏ဓားပညာနှင့် ထူးဆန်းသောအမူအကျင့်များအကြောင်းကိုလည်း ကြားဖူးထားခဲ့၏။
စီမင်းကျွေ့ရှယ်၏ အမူအကျင့်များက သူ၏ဓားပညာလိုပင် ထူးဆန်းလှလေသည်။
လူတစ်ယောက်ကိုသတ်တော့မည်ဆိုလျှင် သူအဆင်သင့်ပြင်ထားသော ဖြစ်နိုင်ချေရှိသည့် အချက်နှစ်ချက်ရှိသည်။ “သူသေမလား... ကိုယ်သေမလား...”
+++++
ယခုတော့ ဟုန်းတောဝ်အတွက် ရွေးချယ်စရာလမ်းနှစ်လမ်းမှအပ အခြားမည်သည့်အရာမျှ မကျန်ရှိတော့ချေ။
အနောက်ဘက်အရပ်မှတိုက်ခတ်လာသောလေက လမ်းမပေါ်ရှိသစ်ရွက်များကို လေထဲသို့လွင့်ပျံသွားစေခဲ့၏။ မြင့်မားသောနံရံကြီးတစ်ဘက်အတွင်းရှိ ခြံဝင်းလေးထဲတွင်ရှိနေသော ကျီးကန်းတစ်အုပ်သည် ဝင်လုဆဲဆဲဖြစ်နေသောနေရှိရာ အနောက်ရပ်သို့ ရုတ်တရက်ပင် ထပျံသွားကြသည်။ ဟုန်းတောဝ်သည် ရုတ်တရက်ပင် သူ၏ဓားကိုဆွဲထုတ်လိုက်ပြီး ၈ ကြိမ်တိုင်တိုင် လျှပ်စီး၏လျင်မြန်ခြင်းမျိုးဖြင့် တိုက်ခိုက်လိုက်သည်။
ကျိုကန်သည် သူ၏ 'ကျောက်စိမ်းလျှပ်စီး၈ကွက်' အောက်၌ အသက်ပေးခဲ့ရသည်မဟုတ်ပါလား။
သို့သော် အားလုံးသောဓားကွက်များကဲ့သို့ပင် ဤကျောက်စိမ်းလျှပ်စီး ဓားကွက်များတွင် ဟာကွက်များရှိနေခဲ့၏။ ဟာကွက် မသိမသာလေးသာဖြစ်၏။
စီမင်းကျွေ့ရှယ်အတွက် တစ်ချက်ပဲ ထိုးသွင်းရန်လိုအပ်သည်။ ဤဓားတစ်ချက်က ဟုန်းတောဝ်၏လည်မျိုကို ထိုးဖောက်သွားသော ဓားချက်လည်းဖြစ်ပြန်သည်။
သူဓားကို ဆွဲနှုတ်လိုက်စဉ် ဓားပေါ်တွင် သွေးစက်များကပ်ပါလာခဲ့၏။
စီမင်းကျွေ့ရှယ်သည် ဓားပေါ်သို့မှုတ်ထုတ်လိုက်ရာ ဓားထိပ်ဖျားမှတဆင့် သွေးစက်များ တစ်စက်ပြီးတစ်စက် မြေကြီးပေါ်ရှိ ရော်ရွက်ဝါများပေါ်သို့ စီးကျသွားလေတော့သည်။
အနောက်ဘက်မှတိုက်ခတ်လာသောလေကြောင့် ရော်ရွက်ဝါများ ဝဲပျံသွားချိန်တွင် စီမင်းကျွေ့ရှယ်တစ်ယောက် အမှောင်ထုထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားပြီးဖြစ်နေ၏။ အနောက်လေနှင့်အတူ ပျောက်ကွယ်သွားခဲ့ခြင်းပင်။
0 comments:
Post a Comment