နေမင်းကြီးသည် အနောက်ဘက်ယွန်းယွန်းသို့ ဝင်စပြုနေပေပြီ။ ဆောင်းဦးလေသွေးလေးက ကျူပင်ရိုးများကို ဖြတ်တိုက်လာ၏။ ကမ်းစပ်တွင် လူရိပ်လူခြေမတွေ့ရပါ။ ကျီးကန်းတစ်ကောင်သာ တဖြည်းဖြည်း ခပ်နိမ့်နိမ့်လေး ပျံသန်းလာပြီး လှေကြီးများချည်နှောင်ရန် ထောင်စိုက်ထားသည့် သစ်သားတိုင်ပေါ်တွင် လာနားလိုက်သည်။
ဤဆိပ်ကမ်းသည် တိတ်ဆိတ်ခြောက်သွေ့နေသော ဆိပ်ကမ်းတစ်ခုဖြစ်၏။ လှေကြီးတစ်စင်း ဆိပ်ကမ်းမှ ထွက်ခွာစပြုနေသည်။
လှေထိုးသားသည် အသက်ကြီးရင့်သူတစ်ယောက်ဖြစ်ပြီး မုတ်ဆိတ်မွှေးများပင် ဆွတ်ဆွတ်ဖြူနေလေပြီ။ နှစ်ပေါင်း ၂ဝ လုံးလုံး နေ့စဉ်နေ့တိုင်းပင် မြစ်တစ်ဘက်ကမ်းတစ်ခုမှ နောက်တစ်ဘက်ကမ်းသို့ ဤလှေအိုကြီးဖြင့် ခရီးသည်များကို ခေါက်တုန့်ခေါက်ပြန် ပို့ဆောင်ပေးနေခဲ့လေသည်။ သူ့ဘဝတွင် မည်သည့်ပျော်ရွှင်စရာများမှ မရှိနိုင်တော့သောကြောင့် အရက်သောက်ခြင်းနှင့် လောင်းကစားခြင်းအမှုတို့ကသာ သူ့ကိုပျော်ရွှင်စေနိုင်လေတော့သည်။
ယနေ့ညတော့ လောင်းကစားမပြုလုပ်တော့ဟု သူသစ္စာပြုထားသည်။ သူ့လှေပေါ်တွင် ဘုန်းကြီးတစ်ပါး လိုက်ပါလာသောကြောင့်ဖြစ်၏။ ဤဘုန်းကြီးသည် လွန်စွာမှပင်ရိုးသားပုံရသလို ကြည့်ရသည်မှာ ဣန္ဒြေသိက္ခာရှိပုံရသည်။ သို့သော် ဘုန်းကြီးသည် ဘုန်းကြီးသာဖြစ်၏။
ဘုန်းကြီးတစ်ပါးကို တွေ့မြင်ခဲ့တိုင်း သူ့လောင်းကစားပိုက်ဆံများ ရှုံးနိမ့်ရစမြဲပင်။
ထိုရိုးသားသောဘုန်းကြီးသည် လှေ၏ထောင့်တစ်နေရာတွင် ဣန္ဒြေသိက္ခာရှိစွာထိုင်နေပြီး ညစ်ပတ်နေသော သူ့ခြေထောက်များကို ငုံ့ကြည့်နေ၏။ ခြေထောက်ညစ်ညစ်ပတ်ပတ်များတွင် ကောက်ရိုးဖိနပ်တစ်ရံ စီးထား၏။
ကျန်သည့်ခရီးသည်များက ထိုဘုန်းကြီးနှင့်ဝေးရာနေရာများတွင် တတ်နိုင်သလောက် ရွှေ့ထိုင်နေကြသည်မှာ သူ့ခန္ဓာကိုယ်ပေါ်မှ ကိုယ်သန်းများ သူတို့ထံသို့ ကူးစက်လာမည့်အလား။
ရိုးသားသောဘုန်းကြီးသည် အခြားသူများကို လှည့်မကြည့်ရဲဘဲဖြစ်နေရ၏။ ရိုးသားရုံမကသေး... ရှက်ရွံ့တတ်ပုံပါရ၏။
ထို့ကြောင့် ဓားပြများလှေပေါ် သို့ တက်လာချိန်၌တွင်ပင် မော့ကြည့်ခြင်းမရှိခဲ့။ လှေဦးပိုင်းသို့ လူ ၄ ယောက်ခုန်တက်လာချိန်တွင် ခရီးသည်တစ်ဦးထံမှ ကြောက်ရွံ့ထိတ်လန့်စွာ အော်ဟစ်လိုက်သံကြီး ထွက်ပေါ်လာခဲ့၏။ ဓားပြများ၏ ကြိမ်းမောင်းလိုက်သံထွက်ပေါ်လာလေသည်။
“ကျုပ်တို့ဟာ ရေမြွေဂိုဏ်းက သိုင်းသမားတွေဖြစ်တယ်။ ကျုပ်တို့လိုချင်တာက ငွေကြေးပိုက်ဆံပါ။ လူ့အသက်တွေမဟုတ်ပါဘူး။ ဒါကြောင့်မို့လို့ ခင်ဗျားတို့စိုးရိမ်စရာမရှိပါဘူး။ ပါလာတဲ့ ရွှေငွေပစ္စည်းတွေကို အသာတကြည်ထုတ်ပေးမယ်ဆိုရင် ခင်ဗျားတို့အားလုံး ဘေးကင်းရန်ကင်းဖြစ်ကြမှာပါ။”
ဝင်လုဆဲဖြစ်နေသော နေရောင်အောက်တွင် သူတို့၏ဓားရောင်များ ပြိုးပြိုးပြက်ပြက်လက်ထနေကြ၏။ လှေထဲတွင်တော့ ယောက်ျားများက ခေါင်းများခါရမ်းနေကြပြီး အမျိုးသမီးများက ငိုကြွေးနေကြသည်။ ပိုက်ဆံများများပါသူများက ပို၍ပင် တုန်လှုပ်နေကြသေး၏။ ပို၍တုန်လှုပ်လေ ပို၍ငိုကြွေးကြလေပင်။
ရိုးသားသောဘုန်းကြီးသည် အောက်သို့ငုံ့ကြည့်နေဆဲ။ သူ့ခြေထောက်များကို ငုံ့၍ကြည့်နေဆဲ။
ရုတ်တရက်ပင် သူ့ရှေ့၌ခြေတစ်စုံလာရပ်နေကြောင်း တွေ့လိုက်ရသည်။ သန့်ရှင်းသော သားရေဖိနပ်ထူထူတစ်ရံဖြစ်ပြီး သူ့ရှေ့တည့်တည့်တွင် လာရပ်နေ၏။ “ခင်ဗျားအလှည့်... ပါလာတာတွေ ထုတ်ပေးစမ်း။”
ဤရိုးသားသောဘုန်းကြီးသည် သူ့ကို ဘာတောင်းဆိုနေမှန်းသိပုံပင်မရ။ “ကျုပ်က ဘာကိုထုတ်ပေးရမှာလဲ...”
“တန်ဘိုးရှိတာအကုန်လုံး ထုတ်ပေးစမ်း။”
“ဒါပေမဲ့ ကျုပ်ဆီမှာမှ ဘာမှမရှိတာ။” ရိုးသားသောဘုန်းကြီးသည် ဦးခေါင်းကို ပို၍ပင်ငုံ့ထားလိုက်လေတော့သည်။
ထိုသူသည် သူ့ကိုဆောင့်ကန်ရန်ကြိုးစားလိုက်သည်ဟု ထင်ရသော်လည်း နောက်လူတစ်ယောက်က ထိုသူ့အား ဆွဲခွေားခဲ့လေသည်။ “ထားလိုက်ပါတော့ကွာ။ ဒီညစ်ညစ်ပတ်ပတ်ဘုန်းကြီးဆီမှာ ပိုက်ဆံပါလာပုံမရပါဘူး။ ငါတို့သွားကြရအောင်။”
သူတို့သည် လျင်မြန်စွာ ထွက်ပေါ်လာခဲ့ကြသလို လျင်မြန်စွာ ကွယ်ပျောက်သွားခဲ့ကြ၏။ ဒုစရိုက်သမားအားလုံးလိုလိုပင် အနည်းဆုံးတော့ မိမိကိုယ်ကို ယုံကြည်မှုကင်းမဲ့ကြသည်မဟုတ်ပါလား။
လှေကြီးထဲတွင်တော့ ဆူညံပွက်လောရိုက်နေကြ၏။ တချို့က ခုန်ပေါက်နေကြပြီး တချို့က ဆဲရေးတိုင်းထွာနေကြလေသည်။ ဓားပြများကိုသာ ဆဲဆိုနေကြခြင်းမဟုတ်ဘဲ ဘုန်းကြီးကိုပါ ဆဲဆိုနေကြလေသည်။
“ဘုန်းကြီးတစ်ပါးကိုတွေ့ရတာ ကံဆိုးတာပဲ။”
ထိုရိုးသားသောဘုန်းကြီး ကြား၏မကြား၏ သူတို့ဂရုမစိုက်ကြတော့ပါ။ သူတို့၏ဆဲဆိုမှုများကို ဘုန်းကြီးသည် ကြားခြင်းရှိပုံမရ။
ထိုနေရာ၌ပင် ခေါင်းငုံ့ပြီး ထိုင်နေလေသည်။ သူ့အမူအယာများက တော်တော်လေးဒုက္ခရောက်နေပုံရသည်။ ရုတ်တရက်ပင် လှေဦးသို့ပြေးထွက်သွား၏။ ကမ်းကပ်သောအခါ တံတားအဖြစ်ခင်းသော သစ်သားပြားကြီးတစ်ပြား လှေဦးတွင်ရှိနေ၏။
ရိုးသားသောဘုန်းကြီးသည် သစ်သားပြားကိုမ'ယူလိုက်ပြီး ညင်သာစွာ ရိုက်ပုတ်လိုက်ရာ ၃ လက်မခန့်ထူသော သစ်သားပြားကြီးသည် ၅-၆ ပိုင်းမျှအစိတ်စိတ်အမွှာမွှာ ကွဲသွားလေတော့သည်။
လှေပေါ်ရှိ လူအားလုံးပင် အံ့အားသင့်သွားကြ၏။
ရိုးသားသောဘုန်းကြီးသည် ပထမဆုံးသစ်သားပြားကို တောက်ထုတ်လိုက်ပြီး သစ်သားပြား ရေပေို့ကျသွားသည်နှင့် တပြိုင်နက် သူ၏ခန္ဓာကိုယ်သည်လည်း ပျံဝဲသွားပြီး ထိုသစ်သားပြားပေါ်တွင် ညင်သာစွာ ခြေထိကျဆင်းသွား၏။ ခြေကျကျခြင်းပင် ဒုတိယသစ်သားပြားကို ပစ်လွှတ်လိုက်ပြန်သည်။
ရေပေါ်တွင်ပျံသန်းနေသော ပုစဉ်းတစ်ကောင်လိုပင် ရေပေါ်တွင် ခုန်ပျံသွားပြီး နောက်ထပ် ၄-၅ခုန်လောက်အရောက်တွင် ထွက်ပြေးသွားသော ရေမြွေဂိုဏ်းမှဓားပြများ၏လှေကို မီလာလေတော့သည်။ ရေမြွေဂိုဏ်းမှ သိုင်းသမားများသည် သူတို့တိုက်ယူလာခဲ့သော ရွှေငွေပစ္စည်းများကို ရေတွက်နေရာမှ သူတို့၏ဦးခေါင်းများပေါ်မှ လူတစ်ယောက် ညင်သာစွာပျံသန်းလာပြီး လှေပေို့ နတ်ဘုရားတစ်ပါးအလားကျဆင်းလာသည်ကို တွေ့လိုက်ကြရသည်။ ထိုသူမှာ ညစ်ညစ်ပတ်ပတ်ဘုန်းကြီး ဖြစ်နေလေသည်။
ထိုသို့သောသိုင်းပညာရပ်ကို သူတို့တွေ့ဖူးကြဖို့နေနေသာသာ ကြားပင်မကြားဖူးကြချေ။
“ဒါကြောင့်မို့လို့ ဒီဘုန်းကြီးက ဘာမှမတတ်ချင်ယောင်ဆောင်နေခဲ့ပြီး ငါတို့ရလာတဲ့ပိုက်ဆံတွေရပြီးချိန်ထိ စောင့်နေခဲ့တာကိုး... ပြီးမှ ငါတို့ဆီကနေ မိုက်ကြေးခွဲတော့မယ်ထင်တယ်။”
သူတို့အားလုံး၏ လက်ဖဝါးများတွင် ချွေးစေးများပြန်နေကြပြီး ထိုဘုန်းကြီးသည် ပိုက်ဆံကိုသာယူလိုပြီး သူတို့အသက်များကို မသတ်ပါစေနှင့်ဟု အသီးသီးဆုတောင်းနေကြလေသည်။
သို့သော် မထင်မှတ်ထားစွာပင် ဘုန်းကြီးသည် သူတို့ရှေ့တွင် ဒူးထောက်ထိုင်ချလိုက်ပြီး ယဉ်ကျေးစွာပြောဆိုလိုက်သည်။ “ကျုပ်ဆီမှာ ငွေတုံးလေး ၄ တုံးရှိနေခဲ့ပါတယ်။ အစတုန်းကတော့ ဝတ်ရုံအသစ်တစ်ထည်နဲ့ ကောက်ရိုးဖိနပ်အသစ်တစ်ရံ ဝယ်ဖို့အတွက် သိမ်းထားခဲ့မိတာပါ။ အဲဒါတောင်မှ တော်တော်လေး လောဘကြီးနေပါပြီ။”
ငွေတုံးလေးများကို ထိုသူများ၏ ခြေထောက်များရှေ့သို့ ချထားပေးလိုက်ပြီး ဆက်ပြောနေပြန်သည်။ “ဒါ့ပြင် ဘုန်းကြီးဆိုတာ လိမ်မပြောရပါဘူး။ ဒါပေမဲ့ ဒီကသူရဲကောင်းများကို ကျုပ် လိမ်ပြောခဲ့မိပါတယ်။ ကျုပ်ကို ခွင့်လွှတ်ပေးကြပါ။ ကျုပ် ကျောင်းကိုပြန်ရောက်တာနဲ့တပြိုင်နက် နံရံကိုမျက်နှာမူပြီး ဗုဒ္ဓဘုရားရှင်ကိုယ်တော်မြတ်ကြီးရှေ့မှာ ကျုပ်ကိုယ်ကျုပ် ၃ လတိတိ အပြစ်ပေးပါ့မယ်။”
လူအားလုံးပင် အံ့အားသင့် တုန်လှုပ်သွားကြပြီး မည်သူမျှ ဘာစကားမျှ ပြန်မပြောရဲကြချေ။
ရိုးသားသောဘုန်းကြီးသည် ခေါင်းကိုပို၍ပင် ငုံ့ထားလိုက်ပြီးပြောဆိုနေ၏။ “သူရဲကောင်းတွေကသာ ခွင့်မလွှတ်နိုင်ဘူးဆိုရင် ကျုပ်ဒီနေရာမှာပဲ ဒူးထောက်နေပါတော့မယ်။”
ဤလိုလူတစ်ယောက်ကို လှေပေါ်တွင် မည်သူက လိုချင်ပါမည်နည်း။
နောက်ဆုံးတွင် လူတစ်ယောက်က အားတင်းပြီး ပြောဆိုလိုက်သည်။ “ကောင်းပါပြီ... ကျုပ်တို့... ကျုပ်တို့... ဘုန်းကြီးကို ခွင့်... ခွင့်လွှတ်ပါတယ်။”
ထိုစကားသည် စိတ်ချလက်ချ ပိုင်ပိုင်နိုင်နိုင်ဖြင့် ပြောရမည့်စကားဖြစ်သော်လည်း ထိုသူပြောလိုက်သောအခါ အသံသေးအသံကြောင်များ ထွက်ပေါ်လာခဲ့ရ၏။
ရိုးသားသောဘုန်းကြီး၏မျက်နှာပြင်ပေါ်တွင် ဝမ်းသာသောအရိပ်အယောင်များ ထွက်ပေါ်လာခဲ့ပြီး လှေကြမ်းပြင်ပေါ်သို့ ဦး ၃ ကြိမ်ချလိုက်လေသည်။ 'ဒုန်း ဒုန်း ဒုန်း'... ပြီးနောက် ဖြည်းညင်းစွာ မတ်တတ်ထရပ်လိုက်ပြီး ရုတ်တရက် ခုန်ပျံလိုက်ရာ ပေ ၂ဝ ခန့်ဝေးသောကမ်းခြေသို့ ရောက်ရှိသွားခဲ့ပြီး ရုတ်ချည်းပင် ပျောက်ကွယ်သွားလေတော့သည်။
လူအားလုံးပင် အံ့အားသင့်နေကြပြီး တစ်ယောက်ကိုတစ်ယောက် ကြောင်တောင်တောင်ကြည့်နေကြကာ ငွေတုံးလေးများကို ငုံ့ကြည့်လိုက်ကြသည်။
အတော်ကြီးကြာသောအခါမှ တစ်စုံတစ်ယောက်က သူ့ထင်မြင်ချက်ကို ပြောဆိုလိုက်သည်။ “သူဟာ ဘုန်းကြီးတစ်ပါးဖြစ်တယ်လို့ မင်းတို့ထင်လား။”
“သူက ဘုန်းကြီးမဟုတ်ရင် ဘာလဲ။”
“သူတော်စင်... တကယ့်ကိုစစ်မှန်တဲ့ သူတော်စင်တစ်ပါး...”
+++++
နောက်တစ်နေ့ မနက်စောစောတွင် ရေမြွေဂိုဏ်းမှ အရေးပါအရာရောက်သူ ဂိုဏ်းဝင် ၁၈ ယောက်လုံး သူတို့၏ အိပ်ယာထဲတွင် သေဆုံးနေကြသည်ကို တစ်စုံတစ်ယောက်မှ တွေ့ရှိခဲ့လေသည်။
သေဆုံးခဲ့ကြသူအားလုံးပင် ပျော်ရွှင်ငြိမ်းချမ်းစွာ သေဆုံးခဲ့ကြခြင်းဖြစ်ပြီး မည်သည့်ဒဏ်ရာမျှမတွေ့ရသလို အဆိပ်ကြောင့် သေဆုံးခဲ့ကြခြင်းလည်း မဟုတ်ကြချေ။ သူတို့မည်ကဲ့သို့ သေဆုံးသွားခဲ့ကြမှန်း မည်သူမျှမသိရှိကြချေ။
0 comments:
Post a Comment