Thursday, March 10, 2011

နိဒါန်း... အဘွားအိုဆွန်း၏သစ်အယ်စေ့သကြားလုံးများ

လပြည့်ည... မြူနှင်းများထူထပ်စွာ ကျဆင်းနေ၏။ မြူနှင်းထုအောက်တွင် လပြည့်ဝန်းကြီးသည် အရောင်မှေးမှိန်နေရ လေသည်။ ဤရှုမျှော်ခင်းက လူတစ်ယောက်ကို ဆွေးဆွေးမြည့်မြည့်ခံစားစေနိုင်လေသည်။


သို့သော် ကျန်းဖုန်းနှင့် သူ့လူများကတော့ ဤရှုခင်းကို ကြည့်ရကောင်းမှန်းမသိ။ စိတ်လွတ်လက်လွတ် ပေါ့ပေါ့ပါးပါး လမ်းသလားချင်နေကြလေသည်။

အလွန်ဝေးကွာသောအရပ်သို့ အာမခံလိုက်ပါစောင့်ရှောက်ပေးရသော အလုပ်တစ်ခုပြီးဆုံး၍ပြန်လာကြခြင်းဖြစ်၏။ အရက် လည်းသောက်ထားကြပြီး စိတ်လွတ်ကိုယ်လွတ် ရှိနေကြချိန်လည်းဖြစ်သည်။ ပေါ့ပေါ့ပါးပါးရှိနေကြသည်... စိတ်စနိုး စနောင့်ဖြစ်စရာအကြောင်းမရှိကြ... ပျော်ရွှင်နေကြလေသည်။ ထိုအချိန်၌ပင် အဘွားအိုဆွန်းနှင့် သူတို့ဆုံတွေ့ကြခြင်းဖြစ်၏။

မြူနှင်းထုများကြားမှ အဘွားအိုဆွန်းသည် တစ္ဆေတစ်ကောင်လို ရုတ်တရက်ထွက်ပေါ်လာခဲ့သည်။ နောက်ကျောပေါ်တွင် ကြီးမားလေးလံသော ကျောက်တုံးကြီးတစ်တုံးထမ်းထားရသကဲ့သို့ သူမ၏ခါးကုန်းနေလေသည်။ ခါးရိုးကျိုးသွားမလားဟုပင် ထင်ရသည်။ သူမ၏လက်ထဲတွင် ဝါးခြင်းတောင်းလေးတစ်ခု ကိုင်ဆောင်ထားပြီး ခြင်းတောင်းပေါ်တွင် ပိတ်ထူထူတစ်စဖြင့် ဖုံးအုပ်ထား၏။

“ခြင်းတောင်းထဲမှာ ဘာတွေပါလဲဗျ...” တစ်စုံတစ်ယောက်မှ မေးမြန်းလိုက်သည်။

သူတို့၏စိတ်များ ပေါ့ပါးလွတ်လပ်နေသောကြောင့် အရာအားလုံးကို စိတ်ဝင်တစားရှိနေကြလေသည်။

“သစ်အယ်စေ့သကြားလုံးတွေပါ။” မျက်နှာတစ်ပြင်လုံး အရေပြားများတွန့်လိမ်နေသော အဘွားအိုဆွန်းက ပြုံးပြီးပြောဆိုလိုက်သည်။ “ပူပူနွေးနွေးချိုချိုလေးနဲ့ သစ်အယ်စေ့သကြားလုံးလေးတွေပါ။ အစိတ်သားမှ ငါးမူးနဲ့နှစ်ပဲဘဲ ပေးရတယ်။”

“ကျုပ်တို့ကို အစိတ်သားထုပ် ၅ ထုပ်ပေး။”

သစ်အယ်စေ့များသည် အမှန်တကယ်ပင် ပူနွေးနေပြီး အရသာချိုစိမ့်လှသည်။ သို့သော် ကျန်းဖုန်း သစ်အယ်စေ့တစ်ခုသာ မြည်းလိုက်သည်။

သစ်အယ်စေ့များကို သူမနှစ်သက်ပါ။ ထို့ပြင် သူအရက်အများကြီး သောက်ထားသေးသည်မဟုတ်ပါလား။ သစ်အယ်စေ့တစ်စေ့သာ စားခဲ့သော်လည်း သူ့ဗိုက်ထဲတွင် အော်ဂလီဆန်ပြီး အော့အံချင်စိတ်ဖြစ်ပေါ်နေရ၏။

သူ မအံရသေးခင်မှာပင် သူ့မိတ်ဆွေများအားလုံး တဖြည်းဖြည်း လဲကျသွားကြသည်ကို မြင်တွေ့လိုက်ရလေသည်။ လဲကျသွားစဉ်တွင် သူတို့၏ခန္ဓာကိုယ်များတွန့်လိမ်ကောက်ကွေးသွားကြပြီး ပါးစပ်များမှ အမြှုပ်တစီစီထွက်နေ ကြလေသည်။

အဖြူရောင်အမြှုပ်များက အနီရောင်အဖြစ်သို့ ချက်ချင်းပင် ပြောင်းလဲသွားခဲ့၏။ သွေးရောင်သို့ပြောင်းလဲသွားခြင်းပင်။

အဘွားအိုဆွန်းသည် ထိုနေရာ၌ပင် ရပ်နေ၏။ သူတို့ကိုကြည့်ပြီး ပြုံးနေသောအပြုံးသည် လွန်စွာမှပင် ချောက်ခြားဖွယ် ကောင်းနေလေသည်။

“သစ်အယ်စေ့တွေထဲမှာ အဆိပ်ခတ်ထားတယ်။” ကျန်းဖုန်းသည် အံကြိတ်လိုက်ပြီး အဘွားအိုထံ ခုန်အုပ်ရန်ကြိုးစားလိုက် သော်လည်း လဲကျသွားခဲ့ရပြီး အားအင်များဆုတ်ယုတ်သွားသလို ခံစားနေရ၏။

အဘွားအို၏ ခါးကိုရိုက်ချိုးချင်ခဲ့သော်လည်း ယခုတော့ သူကိုယ်တိုင် အဘွားအို၏ခြေရင်းတွင် ဝပ်စင်းနေရပေပြီ။ အဘွားအို၏ မီးခိုးရောင်ဝတ်စုံအောက်တွင် နီရဲနေသော ဇာပန်းထိုးဖိနပ်တစ်ရံ စီးထားသည်ကို ရုတ်တရက်တွေ့လိုက်ရ၏။ နီရဲနေသည်မှာ မင်္ဂလာဆောင်ရက်တွင် တွေ့ရသော သတို့သမီးတစ်ယောက်ကဲ့သို့ပင်။

ဖိနပ်များသည် ရက်ကန်းယက်ပြီး ဇာပန်းထိုးထားခြင်းမဟုတ်။ ဇီးကွက်တစ်ကောင်၏ အရုပ်ကိုယက်လုပ်ထားခြင်းဖြစ်၏။ ဇီးကွက်၏မျက်လုံးများက စိမ်းနေပြီး ကျန်းဖုန်း၏ နုံအမှုကို ပျက်ရယ်ပြုနေသလို စိုက်ကြည့်နေကြ၏။ ကျန်းဖုန်းသည် အံ့အားသင့်စွာ ပြန်၍စိုက်ကြည့်နေလိုက်သည်။

အဘွားအိုဆွန်းက ရယ်မောပြီးပြောဆိုလိုက်သည်။ “မင်းက သိပ်ကိုနောက်ပြောင်တတ်တဲ့ ချာတိတ်တစ်ယောက်ပါလားကွ။ မိန်းမတစ်ယောက်ရဲ့ ခြေထောက်ကို ဒီလောက်တောင်မှ စိတ်ဝင်တစားကြည့်နေရလား။”

ကျန်းဖုန်းသည် ခေါင်းကိုကြိုးစား၍မော့ကြည့်ပြီး မေးမြန်းလိုက်သည်။ “ခင်ဗျားနဲ့ ကျုပ်တို့နဲ့ ဘာရန်ငြိုးများရှိခဲ့လို့လဲဗျာ။”

အဘွားအိုဆွန်းက ရယ်မောပြီးဖြေဆိုလိုက်သည်။ “ငတုံးလေး... မင်းတို့ကိုငါတွေ့တောင်မှမတွေ့ဖူးဘူး။ မင်းတို့နဲ့ ဘာဖြစ်လို့ ငါကရန်ငြိုးရှိရမှာလဲ။”

ကျန်းဖုန်းသည် အံကြိတ်ပြီးမေးမြန်းလိုက်ပြန်သည်။ “ဒါဆိုရင် ဘာဖြစ်လို့ကျုပ်တို့ကို သတ်ချင်ရတာလဲ။”

အဘွားအိုဆွန်းက ပေါ့ပေါ့ပါးပါးပင် ပြန်လည်ဖြေဆိုလိုက်သည်။ “ဘာရယ်လို့တော့မဟုတ်ပါဘူး။ သတ်ချင်လို့ပါ။”

မြူနှင်းထူထူအောက်တွင် ကွယ်ပျောက်လုဖြစ်နေသော လပြည့်ဝန်းကြီးကို မော့ကြည့်နေပြီး ဖြည်းလေးစွာဆက်ပြောနေ၏။ “လပြည့်ညတွေဆိုရင် ငါလူသတ်ချင်တယ်။”

ကျန်းဖုန်းသည် သူမကို စိုက်ကြည့်နေ၏။ သူ့မျက်ဝန်းများထဲ၌ နာကျည်းမုန်းတီးမှုများ... စိတ်ဆိုးဒေါသထွက်မှုများ ပြည့်လျှံနေလေသည်။ ယခုအချိန်တွင် သူအလုပ်ချင်ဆုံးအလုပ်တစ်ခုမှာ အဘွားအို၏လည်ပင်းကို မိမိရရကြီးကိုက်ခဲလိုနေခြင်းပင်ဖြစ်၏။

သို့သော် အဘွားအိုသည် တစ္ဆေတစ်ကောင်လို မြူနှင်းထုထဲသို့ ရုတ်တရက်ပင် ပျောက်ကွယ်သွားလေတော့သည်။ မြူနှင်းများက တဖြည်းဖြည်းထူထပ်သိပ်သည်းလာ၏။ လဝန်းက ပို၍ပင်ဝိုင်းစက်လာလေတော့သည်။

0 comments:

Post a Comment