Thursday, March 10, 2011

(၅) နယ်ခြားမြို့၏ညတစ်ည

မီးအိမ်ကိုင်ဆောင်ထားသော ယွင်ဇိုင်ထျန်းသည် လူ ၅ ယောက်ကို ဦးဆောင်ပြီး သွားနေ၏။

လူတန်း၏နောက်ဆုံးမှ ဖူဟောင်ရွှယ်သည် လေးလံသော ခြေလှမ်းများဖြင့် တရွတ်တိုက်ဆွဲပြီး လိုက်ပါလာနေသည်။ အချို့သူများသည် သူတို့၏နောက်တွင် မည်သူမှ ရှိနေသည်ကို မနှစ်သက်တတ်ကြဘူး မဟုတ်ပါလား။

ရဲ့ခိုင်သည် ဖူဟောင်ရွှယ်နှင့် ရင်ဘောင်တန်းလျှောက်နိုင်အောင် တမင်တကာပင် ခြေလှမ်းနှေးချခဲ့၏။ ဖူဟောင်ရွှယ်၏ နှေးကွေးလေးလံသော ခြေလှမ်းများက လမ်းပေါ်ရှိနေသော ကျောက်စရစ်ခဲငယ်လေးများကို ဓားတစ်ချောင်းဖြင့် ခြစ်ဆွဲလိုက်သကဲ့သို့ တရွတ်တိုက် ဆွဲသွားနေ၏။

ရဲ့ခိုင်- “မင်း ဒီမှာ နေခဲ့မယ်လို့ ငါ ထင်ကိုမထားခဲ့တာ။”

ဖူဟောင်ရွှယ်က အိုး… ဟု တစ်ချက်သာ တလိုက်၏။

ရဲ့ခိုင်- “မားခုန်းချွင်က ငါတို့အားလုံးကို တည်းခိုဖို့ တိုက်တွန်းခဲ့တာ ဘာဖြစ်လို့လဲဆိုတော့ ငါတို့ထဲက ဘယ်တစ်ယောက်ကများ မကျန်နေခဲ့ချင်လဲဆိုတာ သိချင်လို့ပဲ။”

ဖူဟောင်ရွှယ်- “မင်းက မားခုန်းချွင်မှ မဟုတ်တာ။”

ရဲ့ခိုင်- “ငါသာ မားခုန်းချွင်နေရာမှာဆိုလို့ရှိရင် သူလုပ်သလို တစ်ထပ်တည်း လုပ်မိမှာပဲ။ တစ်ဌာနလုံးကို အမြစ်ပြတ် ချေမှုန်းချင်တဲ့ လူတစ်ယောက်က ဒီမှာ ဆက်တည်းခိုပြီး ကျန်နေဖို့ဆိုတာ တော်တော် စိတ်ညစ်စရာကောင်းတဲ့ ကိစ္စကြီးပဲ။”

ရဲ့ခိုင်သည် ခဏမျှ စဉ်းစားနေလိုက်ပြီး- “အဲဒီလူဟာ ဒီမှာ နေခဲ့မယ်ဆိုရင်လည်း ညကျရင် ထူးထူးဆန်းဆန်းတွေ ထပ်လုပ်လိမ့်ဦးမယ်။ မနက်မရောက်ခင်မှာကို တစ်စုံတစ်ခု လုပ်ပြီးသား ဖြစ်နေလိမ့်မယ်” ဟု ပြောဆိုလိုက်သည်။

“မင်းသာ အဲဒီလူဆိုရင် ဒီည လှုပ်ရှားပါ့မလား…” ဖူဟောင်ရွှယ်က မေးမြန်းလိုက်၏။

ရဲ့ခိုင်က စကားလမ်းကြောင်းလွှဲလိုက်သည်။ “မြင်းတစ်သောင်းဌာနရဲ့ မားသခင်ကြီး အကြောက်ဆုံးက ဘယ်သူလဲဆိုတာ မင်းသိလား။”

ဖူဟောင်ရွှယ်- “ဘယ်သူများလဲ…”

ရဲ့ခိုင်- “မင်းနဲ့ ငါ့ကိုပေါ့။”

ဖူဟောင်ရွှယ် လမ်းလျှောက်နေခြင်းကို ရုတ်တရက် ရပ်တန့်လိုက်၏။ သူ၏အကြည့်များက ရဲ့ခိုင်ထံတွင်သာ စူးစူးစိုက်စိုက် ရှိနေကြပြီး သွားကြားထဲမှ ထွက်ပေါ်လာသော လေသံမျိုးဖြင့် မေးမြန်းလိုက်သည်။ “အဲဒီလူဟာ မင်းလား။”

ရဲ့ခိုင်သည်လည်း ရပ်တန့်နေလိုက်၏။ ဖူဟောင်ရွှယ်ဘက်သို့ ပြန်လှည့်ကြည့်နေပြီး ဖြေဆိုလိုက်သည်။ “ငါလည်း ဒီမေးခွန်းကို မေးချင်နေခဲ့တာ… အဲဒီလူဟာ မင်းလား။”

ညဉ့်နက်သန်းခေါင်ကြီးတွင် သူတို့နှစ်ယောက်သည် မျက်နှာချင်းဆိုင်ပြီး တိတ်ဆိတ်ငြိမ်သက်စွာ ရပ်တန့်နေကြ၏။ ရဲ့ခိုင်သည် ဖူဟောင်ရွှယ်ကို စိုက်ကြည့်နေသလို ဖူဟောင်ရွှယ်သည်လည်း ရဲ့ခိုင်ကို ပြန်စိုက်ကြည့်နေသည်။ ရုတ်တရက်ဆိုသလို… သူတို့နှစ်ယောက်စလုံး ပြုံးလိုက်ကြ၏။

ရဲ့ခိုင်- “မင်းပြုံးတာကို ငါတွေ့ဖူးတာ ဒါ ပထမဆုံးအကြိမ်ပဲနဲ့တူတယ်။”

ဖူဟောင်ရွှယ်- “နောက်ဆုံးအကြိမ် တွေ့ဖူးတာလည်း ဖြစ်ချင်ဖြစ်နေနိုင်သေးတာပဲ။”

အမှောင်ထုတွင်းမှ ဟွာမင်းထျန် ရုတ်တရက်ဆိုသလို ထွက်ပေါ်လာခဲ့၏။ သူ၏မျက်လုံးများထဲတွင် စူးရှတောက်ပနေသော အကြည့်များ ထုတ်လွှတ်နေပြီး မဲ့ပြုံးတစ်ချက်ပြုံးပြီး မေးမြန်းလိုက်သည်။ “မင်းတို့နှစ်ယောက်က ဘာတွေကို သဘောကျလို့ ပြုံးနေကြတာလဲ။”

ရဲ့ခိုင်- “ပျော်စရာမကောင်းတဲ့ ကိစ္စတစ်ခုကိုပါ…”

ဖူဟောင်ရွှယ်- “ပျော်စရာ တစ်စက်ကလေးမှကို မကောင်းဘူး။”

+++++

ကုန်းစွန်းတွမ့်သည် အရက်ခွက်ကြီးများကို တစ်ခွက်ပြီးတစ်ခွက် မော့သောက်နေ၏။

မားခုန်းချွင်သည် ထိုနေရာ၌ပင် ထိုင်ပြီး သူ့ကိုကြည့်နေ၏။ အတန်ကြာသောအခါမှ သက်ပြင်းချသံနှင့်အတူ ပြောဆိုလိုက်သည်။ “မင်း လူမှန်းသူမှန်းမသိဖြစ်သွားအောင် သောက်နေတယ်ဆိုတာ ငါ သိပါတယ်။ ဒါပေမဲ့ အရက်သောက်ပြီးတော့ ပြဿနာတွေ ပြေလည်သွားမှာမဟုတ်ဘူး။”

ကုန်းစွန်းတွမ့်သည် စားပွဲခုံပေါ်သို့ လက်တစ်ချက် ခပ်ပြင်းပြင်း ရိုက်ချလိုက်ပြီး အော်ဟစ်ပြောဆိုလိုက်၏။ “ကျုပ် အရက်မမူတော့ကော… ဒီမှာပဲ ထိုင်နေပြီး ကိုယ့်ခေါင်းပေါ် ချေး(ချီး)ပါချသွားတာကို ငုံ့ခံနေရမှာပဲ မဟုတ်လား။”

မားခုန်းချွင်- “မင်းခေါင်းပေါ်ကို ချေး(ချီး)တင်ခံရတယ်လို့ မပြောပါနဲ့။ ဒါကို အောင့်အီးသည်းခံခြင်းလို့ ခေါ်တယ်။ လူတိုင်းလူတိုင်းပဲ ဘဝမှာ တစ်ကြိမ်လောက်တော့ ဒီလိုမျိုး သည်းခံကြရပါတယ်။”

ကုန်းစွန်းတွမ့်သည် လက်သီးဆုပ်ထားနေ၏။ အရက်ခွက်ထဲမှ အရက်များက တဖြည်းဖြည်း ဖိတ်လျှံကျလာနေသည်။ သူ့လက်ထဲမှ ပြားချပ်နေသော ရွှေအရက်ခွက်ကြီးကို စိုက်ကြည့်နေရင်း ရေရွတ်လိုက်၏။ “သည်းခံခြင်းတဲ့လား… လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ လောက်တုန်းကဆိုရင် ခင်ဗျားနဲ့ ကျုပ် နှစ်ယောက်ပေါင်းပြီး အခက်အခဲ အတားအဆီးတွေမှန်သမျှ ရင်ဆိုင်ကျော်လွှားခဲ့ကြတယ်။ တိုက်ပွဲပေါင်း ၁၇၀ ကျော်ကို ရွပ်ရွပ်ချွံချွံ လက်တွဲတိုက်ခိုက်ခဲ့ကြတယ်။ ကျုပ်တို့ခန္ဓာကိုယ်က ထွက်ခဲ့ရတဲ့ သွေးတွေဟာ လူတွေကိုတောင်မှ နစ်မွမ်းသွားစေနိုင်တယ်။ အခုတော့… ခင်ဗျားက ကျုပ်ကို ဒီလိုမျိုးစကားတွေ ပြောလာခဲ့ပြီပေါ့လေ… ဒီအတိုင်းထိုင်နေပြီး သောက်ရူးကောင်လေး ပါချသွားတဲ့ ချေး(ချီး)ကို ခေါင်းငုံ့ခံနေလို့ ပြောလာခဲ့ပြီပေါ့…”

မားခုန်းချွင်၏ အမူအရာများက အေးအေးဆေးဆေးပင် ရှိနေသေး၏။ သူ့ထံမှ သက်ပြင်းချသံနှင့်အတူ စကားသံ ထွက်ပေါ်လာသည်။ “မင်းအတွက် သိပ်ကိုခံစားနေရမယ်ဆိုတာ ငါသိပါတယ်ကွာ… ဒါပေမဲ့…”

“ခင်ဗျား နောက်ထပ် ဘာစကားမှ ထပ်ပြောစရာမလိုတော့ပါဘူး။ ခင်ဗျားရဲ့စိတ်ကို ကျုပ်သိပါတယ်။ အခုတော့ ခင်ဗျားမှာ မိသားစုဆိုတာ ရှိလာပြီ၊ သမီးတစ်ယောက်လည်း ရှိနေတယ်။ အရင်တုန်းကလို စိတ်သွားတိုင်း ကိုယ်မပါနိုင်တော့ဘူးဆိုတာ ကျုပ်သိပါတယ်။” ကုန်းစွန်းတွမ့်က ပြောလိုက်သည်။

သူ၏လက်ကို စားပွဲပေါ်သို့ ခပ်ပြင်းပြင်း ပုတ်လိုက်ပြီး ကျယ်လောင်စွာ ရယ်မောနေလိုက်၏။ “ဒီ မြင်းတစ်သောင်းဌာနကြီးမှာ ကျုပ်ဟာ ပမွှားခိုင်းဖတ်လေးတစ်ယောက်ပါ။ တတိယသခင်ကြီးရဲ့ အနွံအတာကို ခံရတော့မှာပေါ့လေ။”

မားခုန်းချွင်သည် သူ့ဘက်သို့လှည့်လာခဲ့ပြီး စိုက်ကြည့်နေလိုက်၏။ သို့သော် သူ၏အကြည့်များတွင် စိတ်ဆိုးဒေါသထွက်မှုများ အလျင်းမပါရှိသည့်ပြင် ထိုစကားအတွက် လွန်စွာမှ စိတ်ထိခိုက်ခံစားရမှုများ ပေါ်လွင်နေ၏။

အတန်ကြာသောအခါမှ မားခုန်းချွင်က လေသံအေးအေးဖြင့် မှတ်ချက်ပေးလိုက်သည်။ “ကျုပ်ကို သခင်ကြီးလို့ ဘယ်သူကပြောလဲ။ မင်းကိုလည်း ခိုင်းဖတ်တစ်ယောက်လို့ ဘယ်သူကပြောလဲ။ ကျုပ်တို့မှာ ပ်ိုင်ဆိုင်ထားတဲ့အရာမှန်သမျှဟာ မင်းနဲ့ ကျုပ်တို့နှစ်ယောက် သွေး၊ ချွေးနဲ့ရင်းပြီး ရရှိလာခဲ့တာတွေပဲ။ သွေးရင်းတဲ့ ဆွေမျိုးမိသားစုတွေတောင်မှ ကျုပ်တို့နှစ်ယောက်လောက် ရင်းကြဦးမှာလား။ ဒီမှာရှိနေတဲ့ အရာတွေအားလုံးရဲ့ တစ်ဝက်ကို မင်းပိုင်တယ်။ မင်းလိုချင်တယ်ဆိုရင် ဘာမဆို အချိန်မရွေးယူသုံးလို့ရတယ်။ ကုန်ကုန်ပြောမယ်… ကျုပ်ရဲ့သမီးကို လိုချင်တယ်ဆိုရင်တောင်မှ ကျုပ်အနေနဲ့ ပျော်ပျော်ရွှင်ရွှင်ကြီးကို ပေးလိုက်ဦးမယ်။”

သူ၏လေသံက အေးချမ်းစွာပြောဆိုနေသော်လည်း စကားလုံးများ၏ အဓိပ္ပါယ်များကမူ ယောက်ျားရင့်မကြီးတစ်ယောက်ကိုပင် မျက်ရည်တောက်တောက် ကျသွားစေနိုင်၏။ ကုန်းစွန်းတွမ့်သည် ခေါင်းငုံ့ထားသော်လည်း သူ၏မျက်ဝန်းများတွင်မူ မျက်ရည်စများ စိုစွတ်နေလေသည်။

ထိုအချိန်လေး၌ပင် ဟွာမင်းထျန်နှင့် ယွင်ဇိုင်ထျန်းတို့ တံခါးဝမှ ထွက်ပေါ်လာခဲ့ကြ၏။

မြင်းတစ်သောင်းဌာန၏ အရှင်သခင်ကြီးသည် မျက်နှာထားပြင်လိုက်ပြီး ထိုသူနှစ်ယောက်ကို မေးမြန်းလိုက်၏။ “သူတို့တွေအားလုံး ဒီမှာပဲ တည်းခိုနေကြလား။”

ယွင်ဇိုင်ထျန်း-“တည်းခိုနေကြပါတယ်။”

မားခုန်းချွင်သည် ခံစားချက်များဖြင့် စိတ်လှုပ်ရှားနေသော သူ၏မျက်နှာထားကို ပြန်ပြင်လိုက်ပြီး ခက်ထန်အေးစက်သော မျက်နှာထားဖြင့် ဆက်ပြောနေလိုက်၏။ “လိုလိုရှန်း၊ မုယုံမင်းကျူနဲ့ ပင့်ကူပျံတို့ ဒီမှာ နေခဲ့ကြမယ်ဆိုတာကိုတော့ ကျုပ် ခန့်မှန်းခဲ့ပြီးသားပါ။ မအံ့ဩပါဘူး။”

ယွင်ဇိုင်ထျန်း-“သူတို့ ၃ ယောက်စလုံးကို သံသယမရှိဘူးလို့ ခေါင်းဆောင်ကြီး ဆိုလိုတာလား။”

မားခုန်းချွင်-“ရှိတယ်ဆိုရင်လည်း နည်းနည်းလေးလောက်ပါ… ”

ဟွာမင်းထျန်-“ဒီလိုလည်း မဟုတ်သေးဘူးနဲ့တူတယ်။”

မားခုန်းချွင်-“ဘာဖြစ်လို့လဲ။”

ဟွာမင်းထျန်-“မုယုံမင်းကျူဟာ သာမန်လူတစ်ယောက်မဟုတ်ဘူး။ ခုနလေးတုန်းက ကျုပ်တို့တွေ့မြင်ခဲ့ကြရတာ သူ့ရဲ့ဟန်ဆောင်ဖုံးကွယ်ထားမှုတွေကိုပဲ။ သိုင်းလောကမှာ ရရှိထားတဲ့ သူ့ရဲ့ဂုဏ်သိက္ခာနဲ့ မိသားစုအဆင့်အတန်းအရ အခုနလေးကလို လျှောက်အော်ပြောနေပြီး အရှက်ကွဲခံခဲ့ရတာတွေဟာ မဖြစ်နိုင်ဘူးလို့ထင်တယ်။”

မားခုန်းချွင်သည် ခေါင်းညိတ်ပြလိုက်ပြီး သဘောတူကြောင်း ပြလိုက်၏။ “ကျုပ်လည်း သတိထားမိခဲ့ပါတယ်။ သူ့ဆီမှာ ရည်ရွယ်ချက်တစ်ခုခုတော့ ရှိနေတာ သေချာတယ်။ ဒါပေမဲ့ ကျုပ်တို့ရဲ့ မြင်းတစ်သောင်းဌာနနဲ့ သိပ်သက်ဆိုင်မယ်တော့ မထင်ဘူး။”

ဟွာမင်းထျန်-“လိုလိုရှန်းကျတော့ရော… စာပေသမားယောင်ယောင်လူတစ်ယောက်ဟာ သူ့ရဲ့ ဆရာကြီးပုံစံမျိုးနဲ့ သိုင်းလောကမှာ ကျင်လည်နေခဲ့တာကြာပြီ။ ဒီလောက် ဝေးလံခေါင်သီတဲ့နေရာကို မိုင်ထောင်ပေါင်းများစွာ ခရီးထွက်လာခဲ့တာ ဘာရည်ရွယ်ချက်များကြောင့်ပါလိမ့်။”

မားခုန်းချွင်-“သူ့အတွက် သိပ်ကို ရင်ဆိုင်ရခက်ခဲတဲ့ ရန်သူတွေလက်ကနေ ရှောင်ပြေးလာတာလည်း ဖြစ်နိုင်တာပဲ။ ဒီလိုမျိုး ဝေးလံခေါင်သီတဲ့ နေရာဒေသလေးဟာ သူ့အတွက် အသင့်တော်ဆုံးဖြစ်နေလို့ နေမှာပေါ့။”

ဟွာမင်းထျန်-“ဝူတန်းဂိုဏ်းရဲ့ ဩဇာအာဏာဟာ အဝေးကြီးကို ရောက်ပါတယ်။ ပုံမှန်အတိုင်းဆိုရင်တော့ သူတို့ရဲ့ ရန်သူတွေကသာ ပုန်းအောင်းနေကြရမှာ… ဝူတန်းဂိုဏ်းဝင်တွေ ဘယ်တုန်းကတည်းကများ ရှောင်ပုန်းတတ်လာကြတာပါလိမ့်…”

မားခုန်းချွင်သည် သက်ပြင်းတစ်ချက်ကို ရုတ်တရက် ချလိုက်ပြီးနောက်-“ဝူတန်းတောင်ခြေမှာ ဖြစ်ပျက်ခဲ့တဲ့ ၂၃ နှစ်ကျော်က အဖြစ်အပျက်တွေကို မင်းမမေ့နိုင်သေးဘူးပေါ့လေ…”

ဟွာမင်းထျန်၏ မျက်နှာအမူအရာများက ရုတ်ချည်းဆိုသလို ပြောင်းလဲသွားခဲ့ပြီး- “ကျုပ်ဘယ်တော့မှ မမေ့ဘူး။”

မားခုန်းချွင်- “ဒါပေမဲ့ မင်းကို ဒဏ်ရာရအောင်လုပ်ခဲ့တဲ့  ဝူတန်းဓားသမား ဟွေယွန်ကျိလည်း မင်းဓားချက်အောက်မှာ သေဆုံးခဲ့ပြီးပြီမဟုတ်လား။”

ဟွာမင်းထျန်က အံကြိတ်ပြီး ပြောဆိုလိုက်၏။ “မှန်တယ်… ဒါပေမဲ့ ဝူတန်းတစ်ဂိုဏ်းလုံး မွမွကြေ မသွားသေးဘူး။”

မားခုန်းချွင်သည် သူ့ကို စိုက်ကြည့်နေလိုက်ပြီး သက်ပြင်းချသံနှင့်အတူ ပြောဆိုလိုက်၏။ “မင်းဟာ သူများတွေနဲ့ ရင်ဘောက်တန်း ရှိနေသူတစ်ယောက်ပါ။ မင်းရဲ့အတွေးအခေါ်တွေနဲ့ အယူအဆတွေဟာ အတော်လေး ထက်မြက်မှုရှိပါတယ်။ ခက်ခဲတဲ့အမှုတွေကိုဆိုရင် ကိုင်တွယ်ဖြေရှင်းတဲ့နေရာမှာ မင်းလောက်တော်တဲ့သူ နောက်တစ်ယောက် ကျုပ်မတွေ့ဖူးသေးဘူး။ ဒါပေမဲ့ အားနည်းချက်ကလေး တစ်ခုက ဘာလဲဆိုတော့… မင်းမှာ ကျဉ်းမြောင်းတဲ့အမြင်တွေ ရှိနေသေးတာကိုပဲ။ အနာဂါတ်ကာလမှာ မင်းရဲ့ကျရှုံးမှုတွေဟာ ဒီအချက်ကလေးကြောင့်ပဲ ဖြစ်လိမ့်မယ်လို့ ကျုပ် သတိပေးလိုက်ပါရဲ့။”

ဟွာမင်းထျန်သည် ခေါင်းငုံ့ထားလိုက်ပြီး မည်သည့်စကားမျှ ပြန်မပြောခဲ့ချေ။ သို့သော် သူ၏ ရင်ဘတ်ကြီးကတော့ ဖောင်းလိုက်ပိန်လိုက်ဖြစ်နေပြီး စိတ်မသက်မသာဖြစ်နေပုံရသည်။

ယွင်ဇိုင်ထျန်းသည် စကားလမ်းကြောင်းလွှဲသည့်အနေဖြင့်- “သူတို့ ၅ ယောက်စလုံးထဲမှာ ဖူဟောင်ရွှယ်ကိုတော့ သံသယ ရှိစရာအကောင်းဆုံးပဲ။ ဒါပေမဲ့ ရဲ့ခိုင်ပြောခဲ့သလိုပဲ… သူသာ… မြင်းတစ်သောင်းဌာနကို လက်စားချေဖို့ ရောက်လာခဲ့တာဆိုရင် လက်ထဲမှာ ဓားမော့တစ်ချောင်း ကိုင်ဆောင်ပြီး လာခဲ့ပါ့မလား။”

မားခုန်းချွင်သည် အတွေးထဲတွင် နစ်မြောနေပြီးနောက် ပြန်မေးလိုက်သည်။ “ရဲ့ခိုင်ဆိုတဲ့ ကောင်လေးကော…”

ယွင်ဇိုင်ထျန်း- “ဒီလူရဲ့ သိုင်းပညာက အတော်လေးကြောက်စရာကောင်းတယ်။ သူ့ရဲ့ လှုပ်ရှားမှုတွေနဲ့ အမူအရာတွေက ပိုပြီးတော့တောင် ခန့်မှန်းရခက်သေးတယ်။ သူသာ လက်စားချေဖို့ ရောက်လာသူတကယ်ဖြစ်ခဲ့မယ်ဆိုရင် ရင်ဆိုင်ဖို့ အခက်ခဲဆုံးသူတစ်ယောက် ဖြစ်လိမ့်မယ်။”

ကုန်းစွန်းတွမ့်- “ခင်ဗျားတို့တတွေ… ဟိုလူ့ထင်လိုက်… သည်လူ့ထင်လိုက်နဲ့ ဆွေးနွေးနေကြတာ မပြီးနိုင်ကြသေးဘူးလား။”

ယွင်ဇိုင်ထျန်း-“မပြီးသေးဘူး…”

ကုန်းစွန်းတွမ့်-“ရန်သူဘယ်သူဆိုတာ ကျုပ်တို့ မခန့်မှန်းနိုင်ကြတဲ့နောက် သူတို့ ၅ ယောက်စလုံးကို သတ်ပစ်လိုက်ပြီး ဒီကိစ္စကို အဆုံးသတ်လိုက်ကြရင် မကောင်းဘူးလား။”

မားခုန်းချွင်-“ကျုပ်တို့ လူမှားပြီးသတ်လိုက်ရင် ဘယ်လိုလုပ်မလဲ။”

ကုန်းစွန်းတွမ့်-“ဒါဆိုရင်လည်း ဆက်သတ်ကြတာပေါ့။”

မားခုန်းချွင်-“ဘယ်အထိ ဆက်သတ်နေကြရမှာလဲ။”

ကုန်းစွန်းတွမ့်သည် သူ၏လက်သီးကို ဒေါသတကြီးဖြင့် ဆုပ်ထားလိုက်ရာ သွေးကြောကြီးများ ထောင်ထလာသည်ထိပင်…

ရုတ်တရက်… အပြင်ဘက်မှ ကလေးငယ်တစ်ယောက်၏ အသံထွက်ပေါ်လာခဲ့၏။ “စတုတ္ထဘဒွေး… သားသားအိပ်လို့မရလို့ လာပြီး ပုံပြောပြပါလား…”

ကုန်းစွန်းတွမ့်၏ အမူအရာများသည် သက်ပြင်းချသံနှင့်အတူ ချက်ချင်းဆိုသလို ပြောင်းလဲသွားခဲ့ပြန်၏။ သူ၏ခန္ဓာကိုယ်မှ ကြွက်သားများ ပြေလျော့သွားခဲ့ကြပြီး ခပ်ဖြည်းဖြည်း ထရပ်ကာ တံခါးပေါက်ဆီသို့ လျှောက်ထွက်သွားလိုက်တော့သည်။

မားခုန်းချွင်သည် တံခါးပေါက်သို့ လျှောက်ထွက်သွားနေသည့် သူ၏ကြီးမားတောင့်တင်းလှသော ခန္ဓာကိုယ်ကြီးကို ကြည့်နေသည်မှာ အပြင်ဘက်မှ ကလေးငယ်၏ အကြည့်များလိုပင်…

မားခုန်းချွင်က လေသံအေးအေးဖြင့် မှတ်ချက်ပေးလိုက်သည်။ “ယျထာဘူတကျကျစဉ်းစားကြမယ်ဆိုရင်… သူတို့တတွေအားလုံး ဒီနေ့ညတော့ ဘာမှ လှုပ်ရှားကြမယ်မထင်ဘူး။ ဘာကြောင့်လဲဆိုတော့ သူတို့အားလုံး ဒီည ဒီမှာပဲတည်းခိုဖို့ ဆုံးဖြတ်ထားကြလို့ပဲ။ ဒါပေမဲ့ ကျုပ်တို့ဘက်က လုံခြုံရေးကိုတော့ မလျှော့ပေါ့သင့်ဘူး။”

ယွင်ဇိုင်ထျန်းက ခေါင်းညိတ်ထောက်ခံလိုက်သည်။

မားခုန်းချွင်-“အားလုံးအတွက် အမိန့်ထုတ်လိုက်ပါ။ ညကင်းစောင့်တွေကို အုပ်စု ၈ စု ဖွဲ့လိုက်ပါ။ ပြီးတော့ တစ်နာရီတိုင်း တစ်နာရီတိုင်း ၃ ကြိမ်စီကင်းလှည့်ကြရမယ်။ ထူးထူးခြားခြား တစ်စုံတစ်ခုတွေ့တာနဲ့ အချက်ပေးခေါင်းလောင်းထိုးဖို့ မှာကြားထားပါ။”

မားခုန်းချွင်သည် ထိုစကားများကို မှာကြားပြီးသွားသည့်နောက် ခေါင်းတစ်ချက်ညိတ်ပြလိုက်ပြီး တံခါးဝသို့ ဖြည်းညင်းစွာ လျှောက်သွားလိုက်သည်။ လွန်စွာမှ စိတ်ပင်ပန်းနွမ်းနယ်နေသောကြောင့် သူ၏မျက်လုံးများသည် လွင်ပြင်ကျယ်ကြီး၏ အမှောင်ထုကြီးကဲ့သို့ မည်းမှောင်နေလေသည်။

ယွင်ဇိုင်ထျန်းသည် သူ့နောက်မှ ကပ်ပါလာခဲ့ပြီး သက်ပြင်းချသံနှင့်အတူ ပြောဆိုလိုက်၏။ “ဒီညမှာ ဘာမှမဖြစ်ဘဲ ငြိမ်သက်နေခဲ့မယ်ဆိုရင်တော့ သခင်ကြီး ကောင်းကောင်းအနားရမှာပါ။ ဒါပေမဲ့ မနက်ဖြန်ကျရင်တော့ နောက်ထပ် ပြဿနာတွေ ရှိလာနိုင်ပါသေးတယ်။”

မားခုန်းချွင်သည် ယွင်ဇိုင်ထျန်း၏ပခုံးကို ပုတ်လိုက်ပြီး- “ဒီအရေးအခင်းကြီး ပြီးသွားတဲ့နောက်တော့ ကျုပ်တို့ တကယ်လိုအပ်နေတဲ့ အနားယူမှုတွေကို ကောင်းကောင်းကြီး ခံစားလိုက်ကြတာပေါ့…”

လေအေးတစ်ချက် တိုက်သွားခဲ့၏။ အမြင့်ပေါ်ရှိ မီးပုံးအိမ်ကြီးသည်လည်း ပျောက်ကွယ်သွားခဲ့ချေပြီ။ မီးပုံးအိမ်အခွံကြီးသာ လရောင်အောက်ရှိ လေထဲ၌ တလူလူလွင့်နေ၏။

ယွင်ဇိုင်ထျန်းသည် မီးပုံးအိမ်လွတ်ကြီးကို မော့ကြည့်လိုက်၏။ သူ၏မျက်လုံးများတွင်တော့ စိုးရိမ်ပူပန်မှုများ ပြည့်နှက်နေသည်။

မြင်းတစ်သောင်းဌာနသည်လည်း မီးပုံးအိမ်ကြီးလိုပင် ချုပ်ငြိမ်းရတော့မည်လော… အမြင့်တစ်နေရာတွင် ချိတ်ဆွဲထားပြီး အဝေးနေရာများဆီသို့ အလင်းရောင်ရောက်အောင် ဖြန့်ကျက်ပေးနိုင်သော်လည်း တစ်ချိန်ချိန်တွင်တော့ မီးရောင်ချုပ်ငြိမ်းသွားရပေမည်။ ဘယ်အချိန်လည်းဆိုတာတော့ မည်သူမှ မသိနိုင်ပါ။

လရောင်သည် ညဉ့်နက်ထဲသို့ တဖြည်းဖြည်း ဝင်ရောက်ပျောက်ကွယ်သွားနေ၏။ ပုလွေသံပေါင်း တစ်သောင်းခန့် ရှိသည်ဆိုဦး... ဤညဉ့်နက်ထဲတွင် ပျောက်ကွယ်သွားမည်သာ။

လွင်ပြင်ရိုင်းများ၏ အလယ်ခေါင်တည့်တည့်၊ ခါးသက်သက်နှင့် သူစိမ်းဆန်သော လရောင်အောက်တွင် မည်သူက အိပ်ပျော်နိုင်ပါမည်နည်း။

ရဲ့ခိုင်၏မျက်လုံးများက ပြူးကျယ်နေကြ၏။ ပြတင်းပေါက်ကိုဖွင့်ပြီး ညဉ့်နက်ကောင်းကင်ယံကြီးကို မော့ကြည့်နေသည်။

သူ့မျက်နှာမှ အပြုံးများ မတွေ့နိုင်တော့ပါ။

မည်သူမှ မရှိသည့် ဤလိုအချိန်မျိုးတွင် သူ၏အမြဲတမ်းပြုံးနေသော အပြုံးများလည်း မရှိတော့ပါ။

သူသည် အိပ်နေခြင်းလည်းမရှိ။

မည်သည့်အသံမှ မကြားရသောနေရာတွင် ရှိနေသော်လည်း သူ၏အတွေးစများက စစ်သည်ပေါင်း ထောင်သောင်းမက စစ်ချီတက်လာသလိုမျိုး ဖြစ်နေရ၏။ သို့သော် သူ့အတွေးထဲတွင် ဘာတွေစဉ်းစားနေသနည်းဆိုသည်ကိုမူ မည်သူမျှ မသိနိုင်ပါ။

ရဲ့ခိုင်သည် သူ့လက်ကို ပွတ်သပ်နေ၏။ သူ၏ညာဘက် လက်မနှင့်လက်ညှိုးကြားထဲရှိ အရေပြားများက မာကျောနေပြီး အသားမာထနေသည်။ ဤသည်မှာ နှစ်ပေါင်းများစွာ ဓားကိုင်ဆောင်လာခဲ့သူတစ်ယောက်၏ အမှတ်အသားများပင် မဟုတ်ပါလား။

သို့သော် သူ၏ဓားသည် ဘယ်ရောက်နေသနည်း။

သူသည် ဘယ်တုန်းကမှ ဓားကိုင်ဆောင်သူတစ်ယောက် မဟုတ်ခဲ့ချေ။

သူ၏ဓားသည် နှလုံးသားထဲတွင် နက်ရှိုင်းစွာ သိမ်းဆည်းထားပါသလော။

ဖူဟောင်ရွှယ်သည် သူ၏ဓားမော့ကို တင်းကြပ်စွာ ဆုပ်ကိုင်ထားဆဲ ရှိနေ၏။

သူသည်လည်း အိပ်မပျော်သေးပါ။

သူစီးနင်းထားသော ဖိနပ်များကို ချွတ်ထားရန် စဉ်းစားထားပုံပင်မရ။

ခါးသက်သက်၊ သူစိမ်းဆန်ဆန် လရောင်များက သူ၏သွေးဆုတ်ဖြူရော်နေသော၊ ခံစားချက် ကင်းမဲ့နေသော မျက်နှာနှင့် မည်းနက်နေသော ဓားမော့ပေါ်သို့ ထိုးကျနေသည်။

သူ၏ဓားကိုင်ဆောင်ထားသည့် လက်တစ်ဘက်သည် ဘယ်တုန်းကများ လွတ်လွတ်လပ်လပ် ရှိနေခဲ့ဖူးလို့လဲ။

ရုတ်တရက်ဆိုသလို...

အရေးကြီးအချက်ပေးခေါင်းလောင်းသံများ ဆူညံထွက်လာ၏။

အမှောင်ထုထဲသို့ လူရိပ် ၄ ခုသည် မြင်တစ်သောင်းဌာန၏ အနောက်ဘက်ကွင်းပြင်ကြီးသို့ မြှားပစ်လွှတ်လိုက်သည့်အလား လျင်မြန်စွာ ပြေးထွက်သွားခဲ့ကြ၏။

တိုက်ခတ်လာသော လေထုထဲတွင် အော့အန်ချင်စရာကောင်းသော သွေးစိမ်းညှီနံ့များ ရနေသည်။

ပထမဦးဆုံး ထွန်းညှိလိုက်သော အလင်းရောင်သည် ရဲ့ခိုင်၏အခန်းတွင်းမှ မီးအိမ်အလင်းရောင်ဖြစ်သည်။ ခဏနေသော် ရဲ့ခိုင်သည် လျင်မြန်စွာ ခုန်ထွက်လာ၏။

ထိုအချိန်၌ပင် မုယုံမင်းကျူနှင့် ပင့်ကူပျံတို့၏ အခန်းတံခါးများ ပွင့်လာချိန်လည်းဖြစ်၏။

ဆရာလို၏အခန်းတွင်းမှ အိပ်မောကျနေသံဖြစ်သော ကျယ်လောင်သည့် ဟောက်သံကြီး ထွက်ပေါ်နေပြီး အခန်းတံခါးသည်လည်း ပိတ်ထားဆဲပင်။

ဖူဟောင်ရွှယ်၏ အခန်းတွင်းမှမူ မည်သည့်အသံမှ မထွက်ပေါ်လာခဲ့ပါ။

မုယုံမင်းကျူ-“တစ်ယောက်ယောက်များ အချက်ပေးခေါင်းလောင်း တီးခဲ့တာလား။”

ရဲ့ခိုင်က ခေါင်းညိတ်ဖြေဆိုလိုက်သည်။

မုယုံမင်းကျူ-“ဒီမှာ ဘာတွေဖြစ်နေတာလဲဆိုတာ ခင်ဗျားသိလား။”

ရဲ့ခိုင်က ခေါင်းခါပြလိုက်၏။

ထိုအချိန်လေး၌ပင် လူရိပ်နှစ်ရိပ်သည် သူတို့ထံသို့ ခုန်ပျံဝင်ရောက်လာခဲ့ကြ၏။ တစ်ယောက်သောသူ၏ ဓားသည် လရောင်အောက်တွင် ပန်းပွင့်များ ဖူးပွင့်နေသလို တလက်လက် တောက်ပနေ၏။ ကျန်တစ်ယောက်၏ လှုပ်ရှားမှုများကမူ ကြိုးကြာတစ်ကောင်လို ပေါ့ပါးသွက်လက်နေပြန်၏။

ဟွာမင်းထျန်သည် အပြင်ဘက်သို့ ထွက်ရပ်နေကြသူ ၃ ဦးကို စိုက်ကြည့်နေသော်လည်း လိုလိုရှန်း၏ အခန်းရှေ့သို့ ရောက်အောင် ဆက်သွားနေ၏။ သို့သော် ကျယ်လောင်သော ဟောက်သံကြီးကို ကြားလိုက်ရချိန်တွင်မူ သူ၏ခြေလှမ်းများလည်း တုံ့ခနဲရပ်တန့်သွားခဲ့ကြပြန်သည်။

ယွင်ဇိုင်ထျန်းသည် လေထဲသို့ ခုန်ပျံထွက်သွားခဲ့ပြီး ဖူဟောင်ရွှယ်၏ အခန်းရှေ့သို့ တိုးဝင်သွားခဲ့၏။ တံခါးကို တွန်းဖွင့်လိုက်ရာ အလွယ်တကူပင် ပွင့်သွားခဲ့၏။

ဖူဟောင်ရွှယ်သည် တံခါးပေါက်တည့်တည့်တွင် မားမားကြီး ရပ်တန့်နေပြီး သူ၏လက်တစ်ဘက်က ဓားမော့ကို တင်းကြပ်စွာ ဆုပ်ကိုင်ထားဆဲရှိနေသည်။ သူ၏မျက်လုံးများမှ ထွက်ပေါ်လာသော စူးရှတောက်ပမှုများက သာမန်လူတစ်ယောက် ရင်ဆိုင်ရန် ခက်ခဲလှမည်ဖြစ်သည်။

ယွင်ဇိုင်ထျန်းသည် ယောင်ယမ်းပြီး နောက်သို့ ခြေလှမ်းအနည်းငယ်မျှ ဆုတ်ခွာသွားခဲ့ကာ ထိုလူအုပ်စုကို မေးမြန်းလိုက်၏။ “မင်းတို့တတွေ ဒီနေရာမှာ တစ်ချိန်လုံး ရှိနေခဲ့ကြတာလား။”

တစ်ယောက်မျှ ပြန်မဖြေခဲ့ပါ။ မေးစရာ မလိုသော မေးခွန်းဖြစ်နေလေသည်။

ဟွာမင်းထျန်-“မင်းတို့တတွေ အသံဗလံတွေ ကြားခဲ့ကြရလား။”

ဘယ်သူမှ ပြန်မဖြေပြန်ပါ။

မုယုံမင်းကျူသည် ပထမတုန်းကတော့ တစ်စုံတစ်ခုပြန်ပြောရန် ဟန်ပြင်လိုက်သေးသော်လည်း ပါးစပ်ပင် မဟနိုင်ခဲ့ချေ။ ရုတ်တရက် ခါးကုန်းလိုက်ပြီး အော့အန်နေလိုက်၏။

ထို ဆိုးရွားစက်ဆုတ်ဖွယ်ကောင်းသော အနံ့ကြီးသည် သူတို့ထံသို့ ရောက်ရှိလာခဲ့ချေပြီ။

ပြီးနောက် မြင်းထောင်ပေါင်းများစွာ၏ ဟီသံကြီးများ ထွက်ပေါ်လာခဲ့ပြန်၏။ သူစိမ်းဆန်ဆန် လရိပ်သည်ပင် ကြောက်ရွံ့ထိတ်လန့်စွာ ပုန်းအောင်းနေရပုံရှိသည်။

“ကောင်းကင်ပေါ်က သိကြားမင်း၊
မြေပြင်ပေါ်က ဘဝရှင်မင်းတြားကြီး၊
မျက်လုံးထဲက သွေးတွေထွက်ကုန်ပြီ၊
လရောင်လည်း မသာနိုင်တော့ပါ၊
မြင်းတစ်သောင်းဌာနကို ဝင်ရောက်သွားတာနဲ့
အူအထွေးလိုက် ပြတ်ကုန်ကြရတယ်။”

လောကကြီးထဲတွင် မည်သည့်အသံက ကြောက်စရာအကောင်းဆုံး ဖြစ်ပါသနည်း။

ထိုအသံသည် တစ္ဆေတစ်ကောင် လွင့်ပျံလာသလို ထွက်ပေါ်လာခဲ့ခြင်းမဟုတ်... ထိုအသံသည် မြင်းပေါင်းတစ်သောင်း ခွာသံပြင်းပြင်းဖြင့် ညရိုင်း၏ လွင်ပြင်ကြီးထဲသို့ ချီတက်လာသလိုအသံမျိုးဖြစ်၏။

ထိုအသံ၏ ကြောက်မက်ဖွယ်ကောင်းပုံကို မည်သူမှ မဖော်ပြနိုင်သလို မည်သူမှလည်း မကြားခဲ့ဘူးကြပါ။

ကောင်းကင်ကြီးသာ ပြိုလဲကျမလာခဲ့ဘူးဆိုလျှင်၊ ကံဆိုးမိုးမှောင်ကျမှုများ မရောက်လာခဲ့ဘူးဆိုလျှင်၊ ဘာကြောင့်များ မြင်းတစ်သောင်းဌာနကြီးတွင် ကြောက်မက်ဖွယ်အသံဆိုးကြီး ထွက်ပေါ်လာရသနည်း။ သတ္တိကောင်းသော ယောက်ျားရင့်မာကြီးများသည်ပင်လျှင် ထိုအသံကြောင့် သွေးပျက်လုမတတ် ဖြစ်နေကြရလေသည်။

အတန်း ၂ တန်းပါရှိသော မြင်းဇောင်းကြီးတွင် ရှိနေသည့် မြင်းများသည် အကောင်တစ်ထောင်တွင် တစ်ကောင်ဟု ပြော၍ရသည့် မျိုးကောင်းမျိုးသန့် မြင်းများဖြစ်ပြီး မရေမတွက်နိုင်သော ရွှေသားများဖြင့် ပေးဝယ်ထားခဲ့ခြင်းဖြစ်၏။

မြင်းဇောင်းထဲမှ သွေးများ တရဟော ပန်းထွက်နေပြီး သွေးစိမ်းညှီနံ့များ ထွက်ပေါ်နေ၏။

မားခုန်းချွင် မအော့အန်နေပါ။

သူသည် သွေးအိုင်ကြီးထဲတွင် မားမားမတ်မတ် ရပ်နေသော်လည်း ဝိညာဉ်နှုတ်ခံထားရသူတစ်ယောက်လို တွေတွေကြီး ငေးမှိုင်နေ၏။

ကုန်းစွန်းတွမ့်သည် မြင်းဇောင်းဘေးရှိ သစ်ပင်ကြီးတစ်ပင်ကို ဖက်တွယ်ထား၏။ သစ်ပင်ကြီးကို တင်းကြပ်စွာ ပွေ့ဖက်ထားသော်လည်း သူ၏ခန္ဓာကိုယ်တစ်ခုလုံး သွက်သွက်ခါအောင် လှုပ်ရမ်းနေ၏။ သစ်ပင်ကြီးသည်လည်း သူ၏ခန္ဓကိုယ်နှင့်အတူ လိုက်ပါလှုပ်ရမ်းနေပြီး ဆောင်းဦး၏ရော်ရွက်ဝါများသည်လည်း သွေးအိုင်ထဲသို့ တစ်ရွက်ပြီးတစ်ရွက် ကြွေကျနေ၏။

သွေးအိုင်ထဲရှိသွေးများသည် ပျစ်ခဲနေသောကြောင့် သစ်ရွက်များသည်ပင် သွေးအိုင်ထဲတွင် ပေါလောပေါ်နေကြ၏။

ထိုနေရာသို့ ရဲ့ခိုင်ရောက်လာချိန်တွင် ဘာဖြစ်ခဲ့သည်မှန်း မေးမြန်းရန်မလိုအပ်တော့ပါ။

မျက်စိပါသူတိုင်းလိုလို ဤနေရာတွင် ဘာဖြစ်ခဲ့မှန်း ပြောနိုင်ကြလေသည်။

နှလုံးသားနုသူတိုင်းလိုလို ဤနေရာရှိ မြင်ကွင်းကို မြင်ရက်နိုင်ကြမည်မဟုတ်။

မြင်းတစ်ကောင်၏ လည်ဆံမွှေးဖွားဖွားကြီး၏ လှပမှုများကို တုယှဉ်နိုင်သည့် တိရစ္ဆာန်တစ်ကောင်မှ ရှိနိုင်မည်မထင်ပါ။ နောက်ပြီး မြင်းတစ်ကောင်၏ ကြွကြွရွရွနှင့် လှုပ်လှုပ်ရှားရှား ရှင်သန်နေမှုများကို ယှဉ်ပြိုင်နိုင်သည့် အခြားသတ္တဝါများသည်လည်း အနည်းစုသာရှိသည်။ မြင်းတစ်ကောင်၏ လှပသော ခန္ဓာကိုယ် ဖွဲ့တည်ဆောက်မှုနှင့် ကြွရွသော လှုပ်ရှားမှုများသည် ခြောက်ပြစ်ကင်းသဲလည်းစင် ပြီးပြည့်စုံနေသည် မဟုတ်ပါလား။

ဤမျှ လှပသော မြင်းကြီးကို မည်သူကများ ဓားတစ်ချက်တည်းဖြင့် ရက်စက်စွာ ခေါင်းဖြတ်သတ်ခဲ့ပါသနည်း။

လူတစ်ယောက်နှင့်တစ်ယောက် အချင်းချင်း သတ်ဖြတ်ကြသလိုပင် ရက်စက်ကြမ်းကြုတ်လွန်းလှလေသည်။

ရဲ့ခိုင်သည် သက်ပြင်းမောကြီးတစ်ချက်ချလိုက်ပြီး နောက်သို့ပြန်လှည့်လာရာ မုယုံမင်းကျူတစ်ယောက် မထိန်းသိမ်းနိုင်စွာ အော့အန်နေသည်ကို တွေ့လိုက်ရ၏။

ပင့်ကူပျံ၏ မျက်နှာပြင်သည်လည်း သွေးဆုတ်ဖြူရော်နေပြီး ချွေးသီးချွေးပေါက်များ တစီးစီး ကျနေသည်။

ဖူဟောင်ရွှယ်သည် အဝေးတစ်နေရာတွင် ငြိမ်သက်စွာ မတ်တတ်ရပ်နေ၏။ ညဉ့်အမှောင်ထုကြီးသည် သူ၏ခန္ဓာကိုယ်တစ်ခုလုံးကို ဝါးမျိုထားသော်လည်း ကိုင်ဆောင်ထားသည့် ဓားမော့၏ မည်းနက်တောက်ပြောင်နေမှုများကမူ လရောင်အောက်တွင် လင်းလက်နေ၏။

ကုန်းစွန်းတွမ့်သည် ချက်ချင်းဆိုသလို ဖူဟောင်ရွှယ်ထံ ပြေးဝင်လာခဲ့ပြီး ကျယ်လောင်သော အသံကြီးဖြင့်-“မင်းရဲ့ဓားကို ဆွဲထုတ်လိုက်စမ်း။”

ဖူဟောင်ရွှယ်က လေသံခပ်အေးအေးဖြင့်ပင် တုံ့ပြန်ပြောဆိုလိုက်၏။ “အချိန်မတန်သေးဘူး။”

ကုန်းစွန်းတွမ့်-“ဒီအချိန်က မင်းရဲ့ဓားကို ဆွဲထုတ်ဖို့ အကောင်းဆုံးအချိန်ပဲ။ ဓားသွားမှာ သွေးစွန်းနေသလားဆိုတာ ကျုပ်တွေ့ချင်တယ်။”

ဖူဟောင်ရွှယ်-“ဒီဓားမော့က သူများတွေကို ပြဖို့မဟုတ်ဘူး။”

ကုန်းစွန်းတွမ့်-“မင်းကို ဓားဆွဲထုတ်လာအောင် ကျုပ်ဘယ်လိုနည်းလမ်းကို အသုံးပြုမှ ရမှာလဲ။”

ဖူဟောင်ရွှယ်-“ကျုပ် ဓားဆွဲထုတ်ဖို့ ရည်ရွယ်ချက်တစ်ခုတည်းပဲရှိတယ်။”

ကုန်းစွန်းတွမ့်-“ဘာများလဲကွ... သတ်ဖြတ်ဖို့လား။”

ဖူဟောင်ရွှယ်-“ဘယ်သူ့ကို သတ်ရမလဲဆိုတာပေါ် မူတည်ပါတယ်။ လူ ၃ မျိုး ၃ စားပဲ ကျုပ်သတ်တယ်။”

ကုန်းစွန်းတွမ့်-“ဘယ်လိုလူစားမျိုးတွေလဲ။”

ဖူဟောင်ရွှယ်-“ရန်သူတွေ၊ လူဆိုးတွေနဲ့...”

ကုန်းစွန်းတွမ့်-“နောက်ဆုံးတစ်မျိုးက ဘာလဲ။”

ဖူဟောင်ရွှယ်သည် ကုန်းစွန်းတွမ့်ကို စိုက်ကြည့်နေလိုက်ပြီး အေးစက်စက် တုံ့ပြန်လိုက်၏။ “ကျုပ်ကို ဓားဆွဲထုတ်လာအောင် ချောင်ပိတ်တိုက်တွန်းတတ်တဲ့ ခင်ဗျားလို လူစားမျိုးပေါ့။”

ကုန်းစွန်းတွမ့်က အူလှိုက်သည်းလှိုက် ရယ်မောပြောဆိုလိုက်၏။ “ကောင်းတယ်။ သိပ်ကိုကောင်းတဲ့စကားပါလား။ ဒီလေသံမျိုးကို ကျုပ်စောင့်နေခဲ့တာ။”

သူ၏လက်သည် ဓားမော့လက်ကိုင်သို့ ရောက်ရှိသွားခဲ့၏။ ရယ်မောသံမဆုံးခင်လေးတွင်ပင် ဓားလက်ကိုင်ရိုးကို တင်းကြပ်စွာ ဆုပ်ကိုင်သွားမိခဲ့ချေပြီ။

ဖူဟောင်ရွှယ်၏ မျက်လုံးများက ပို၍ပင် တောက်ပလာခဲ့ကြသည်။ သူသည် အကောင်းဆုံးသော တိုက်ကွက်ထုတ်နိုင်မည့်အချိန်ကို စောင့်ဆိုင်းနေခြင်းဖြစ်၏။

သူ၏ ဓားမော့ကို ဆွဲထုတ်နိုင်မည့် အကောင်းဆုံးသော အချိန်ကို စောင့်ဆိုင်းနေခြင်းဖြစ်သည်။ သို့သော် ထိုအချိန်လေး၌တွင်ပင် အမှောင်ထုထဲရှိ မြက်ရိုင်းပင်များကြားမှ ဆွဲဆွဲငင်ငင်ဖြစ်သော အသံတစ်သံ ထွက်ပေါ်လာလေသည်။

“ကောင်းကင်ပေါ်က သိကြားမင်း၊
မြေပြင်ပေါ်က ဘဝရှင်မင်းတြားကြီး၊
မျက်လုံးထဲက သွေးတွေထွက်ကုန်ပြီ၊
လရောင်လည်း မသာနိုင်တော့ပါ၊
မြင်းတစ်သောင်းဌာနကို ဝင်ရောက်သွားတာနဲ့
အူအထွေးလိုက် ပြတ်ကုန်ကြရတယ်။”

အသံကြီးသည် ညဉ့်နက်ကြီးထဲတွင် ကျယ်လောင်စွာ ထွက်ပေါ်လာနေ၏။ အဝေးတစ်နေရာမှ ထွက်ပေါ်လာသော အသံဖြစ်သော်ငြားလည်း စကားလုံးတိုင်းကိုမူ ပီပီသသကြီး ကြားနေကြရ၏။

ကုန်းစွန်းတွမ့်၏ မျက်နှာအမူအရာများ ပျက်ယွင်းသွားခဲ့ပြီး ကျစ်ကျစ်ပါအောင် ဆုပ်ထားသော လက်သီးကို ထောင်ပြကာ အသံနက်ကြီးဖြင့် အော်ပြောလိုက်၏။ “လိုက်ကြမယ်”

သူ၏ လှုံ့ဆော်သံအဆုံးတွင် အရပ်မျက်နှာတိုင်းလိုလိုမှ မီးအိမ်များ လင်းထိန်စွာ ထွက်ပေါ်လာခဲ့ကြ၏။

ယွင်ဇိုင်ထျန်းလည်း လက်မောင်းနှစ်ဘက်ကို မြှောက်လိုက်ပြီး ‘ပုစဉ်းရင်ကွဲမိုးပျံ၈ဆင့်’ ကိုယ်ဖော့ပညာရပ်ကို ထုတ်သုံးလိုက်ခြင်းကြောင့် သူ၏ခန္ဓာကိုယ်သည် မီးခိုးငွေ့တန်းတစ်ခုလို ပေါ့ပါးစွာ လွင့်ပျံသွားခဲ့၏။ ၃-၄-၅ ချက်ခန့် ခုန်လိုက်ပြီးသော် ခန္ဓာကိုယ်သည် ၇ မီတာခန့် အကွာအဝေးသို့ ရောက်ရှိသွားခဲ့၏။

ရဲ့ခိုင်က ရေရွတ်ညည်းတွားလိုက်သည်။ “သူ့ကို ‘မြူနှင်းကြိုးကြာ’လို့ သိုင်းလောကမှာ လူသိများတာ မဆန်းတော့ပါဘူး။ ကိုယ်ဖော့ပညာက သိပ်ကို အဆင့်အတန်းမြင့်လွန်းနေတာကိုး”

ရဲ့ခိုင်သည် မိမိကိုယ်ကို ပြောဆိုနေသယောင်ရှိနေသော်လည်း ဖူဟောင်ရွှယ်ကို ပြောဆိုနေသလိုမျိုးလည်း ဖြစ်နေပြန်၏။ ဖူဟောင်ရွှယ် ရပ်တန့်နေသည့်နေရာသို့ ရဲ့ခိုင်လှည့်ကြည့်လိုက်ချိန်တွင်မူ ဖူဟောင်ရွှယ်၏ အရိပ်အယောင်မျှပင် မတွေ့ရတော့ချေ။

သွေးအိုင်ထဲသို့ စီးဝင်နေသော သွေးများသည်လည်း ရပ်တန့်သွားခဲ့ကြလေပြီ။ မီးပုံးအိမ်လေးများ၏ အလင်းရောင်လေးများသည်လည်း အဝေးတစ်နေရာသို့ ရောက်ရှိသွားခဲ့ကြလေပြီ။

ရဲ့ခိုင်သည် မြင်းဇောင်းကြီး၏ရှေ့တွင် တစ်ကိုယ်တည်း ရပ်တန့်နေ၏။ သူ့ကိုကြည့်ရသည်မှာ ကောင်းကင်အောက်တွင် ကျန်ခဲ့သော တစ်ဦးတည်း သက်ရှိလူသားတစ်ယောက်လို ဖြစ်နေသည်။

မားခုန်းချွင်၊ မုယုံမင်းကျူ၊ ဟွာမင်းထျန်၊ ဖူဟောင်ရွှယ်... သူတို့အားလုံးသည် ညဉ့်၏အမှောင်ထုထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားခဲ့ကြပြီဖြစ်သည်။

ရဲ့ခိုင် လေးနက်စွာ တွေးတောနေမိ၏။ သူ၏နှုတ်ခမ်းများမှ ခပ်တွန့်တွန့်အပြုံးလေးတစ်ခု ထွက်ပေါ်လာခဲ့ပြီး တစ်ယောက်တည်း ရေရွတ်လိုက်ပြန်၏။ “စိတ်ဝင်စားဖို့ သိပ်ကိုကောင်းလွန်းနေပါလား။ သူတို့အားလုံး စိတ်ဝင်စားစရာ လူတွေချည်းပါပဲလား။”

လွင်ပြင်ရိုင်းကြီးထဲတွင် မီးရောင် ဒါဇင်ပေါင်းများစွာတို့ လင်းထိန်နေကြသည်မှာ ကောင်းကင်ပေါ်ရှိ ကြယ်များအားလုံး ကမ္ဘာမြေပေါ်သို့ ကြွေကျလာခဲ့သလိုမျိုး ဖြစ်နေ၏။

ရဲ့ခိုင်သည် အမှောင်ထုထဲတွင် လမ်းသလားနေ၏။ အရှေ့ဘက်သို့ လျှောက်သွားလိုက်၊ အနောက်ဘက်သို့ ပြေးသွားလိုက် လုပ်နေပြီး ဦးတည်ရာမရှိ လျှောက်သွားနေ၏။ သူ့ကိုကြည့်ရသည်မှာ ဘာကိုမှ ဂရုမစိုက်သူတစ်ယောက်လိုမျိုးလည်း ဖြစ်နေပြန်သည်။

မီးပုံးပျံမီးအိမ်ကြီးကိုလည်း ထပ်မံထွန်းညှိခဲ့ကြပြန်ပြီ။

ရဲ့ခိုင်သည် လက်နှစ်ဘက်ကို မြှောက်ထားပြီး မီးပုံပျံ မီးအိမ်ကြီးအောက်တွင် လမ်းသလားနေ၏။

ရုတ်တရက်ဆိုသလို... မြင်းခွာသံများ ထွက်ပေါ်လာခဲ့ပြီး ခြူသံလေးများလည်း ဆူညံလာ၏။ အမှောင်ထုထဲမှ မြင်းတစ်ကောင် ထွက်ပေါ်လာသည်။ မြင်းစီးသူ၏မျက်လုံးများသည် ဆောင်းဦး၏နှင့်ပွင့်စက်များလို ကြည်လင်တောက်ပနေကြ၏။ ရဲ့ခိုင်သည် မြင်းပဒတ်ရပ်သံ ကြားလိုက်ရ၍ သူမကို တစ်ချက်ကလေးမျှသာ လှည့်ကြည့်ခဲ့၏။ မြင်းစီးလာသူနှင့် စီးနင်းလာသော မြင်းကြီးသည် သူ့ရှေ့တည့်တည့်တွင် တုန့်ခနဲ ရပ်တန့်လိုက်ကြသည်။ မြင်းလိမ္မာတစ်ကောင်ဖြစ်သလို မြင်းစီးကျွမ်းကျင်သူတစ်ယောက်လည်း ဖြစ်နေပြန်၏။

ရဲ့ခိုင်က အပြုံးလေးဖြင့် နှုတ်ဆက်လိုက်သည်။ “ဒေါ်လေးက ဒီတစ်ခါတော့ မပြုတ်ကျတော့ပါလား... ကံကောင်းတယ်ဗျာ.. သိပ်ကိုကံကောင်းလွန်းနေတယ်”

မားဖန်းလင်သည် သူ့ကို အေးစက်စက် စိုက်ကြည့်နေပြီးမှ စကားပြန်ပြောလိုက်၏။ “သူခိုးစုတ်ကလေး... နင်ဒီမှာ ဘာဆက်လုပ်နေသေးတာလဲ”

ရဲ့ခိုင်က ပြုံးရွှင်စွာဖြင့်ပင်-“မိန်းကလေး မား ရဲ့ လှပကျော့ရှင်းတဲ့ မျက်နှာသွင်ပြင်လေးကို မမြင်ရသေးဘဲ ကျုပ် ဘယ်ကို ထွက်သွားနိုင်ဦးမှာလဲဗျာ”

မားဖန်းလင်က စိတ်ဆိုးဒေါသထွက်စွာ တုံ့ပြန်လိုက်၏။ “အရှက်မရှိတဲ့ သူခိုးစုတ်ကလေး... နင့်ရဲ့ပါးစပ်က ပျားရည်လိုချိုမြနေပြီး လျှာမှာ ရွှေပေါက်နေသလား အောက်မေ့ရတယ်။ နင့်ကို ငါ သေအောင်ရိုက်သတ်လိုက်ရလို့...”

သူ၏ကျာပွတ်ပျံသည် ရဲ့ခိုင်ထံသို့ မြွေတစ်ကောင်လို မာန်ဖီစွာ လွင့်ပျံလာခဲ့တော့သည်။

ရဲ့ခိုင်-“အရှက်မရှိတဲ့ သူခိုးစုတ်ကလေးကို မင်း သေအောင်မရိုက်သတ်နိုင်သေးပါဘူးကွာ”

သူ၏စကားပင် မဆုံးသေး လူသည် မြင်းပေါ်သို့ရောက်ရှိနေပြီးဖြစ်ကာ မားဖန်းလင်၏ နောက်ကျောဘက်မှ တက်ခွထိုင်နေပြီးဖြစ်၏။

မားဖန်းလင်သည် နောက်ပြန်လက်သီးတစ်ချက် ပစ်သွင်းလိုက်ပြီး အော်ဟစ်လိုက်ပြန်သည်။ “နင် ဒါဘာလုပ်တာလဲ”

သို့သော် သူမ၏ လက်သီး ထိုးလိုက်သည့် တဒင်္ဂတွင်ပင် သူမသည် ချုပ်နှောင်ထားပြီးသား ဖြစ်သွားပြန်၏။

ရဲ့ခိုင်-“လရောင်ပျောက်နေတယ်၊ လေကလည်း ပြင်းပြင်းထန်ထန်ကြီးကို တိုက်နေပြန်တော့... ကျုပ် လမ်းပျောက်နေတယ်ဗျာ။ ကျုပ်တည်းခိုနေတဲ့ အဆောင်လေးကို ပြန်လိုက်ပို့ပေးဖို့ မိန်းကလေးကိုပဲ ဒုက္ခပေးရတော့မှာပဲ”

“သွားသေလိုက်ပါလား...” မားဖန်းလင်က နှုတ်သီးကောင်းလျှာပါးဖြင့် ပြန်ပက်လိုက်သည်။

သူမသည် ကျန်ရှိနေသေးသော လက်သီးတစ်ဘက်ဖြင့် ထိုးလိုက်ပြန်ရာ ပို၍ပင်ချုပ်နှောင်ခံလိုက်ရပြန်၏။ လှုပ်ရှားရုန်းကန်နေသော်လည်း အလဟသတ်ပင်။ ယောက်ျားတစ်ယောက်၏ အသက်ရှူသွင်းရှူထုတ်လုပ်နေသံများ သူမ၏ လည်ဂုတ်ပေါ်၌ ခံစားနေရလေသည်။

သူမသည် ရဲ့ခိုင်၏ ရင်ခွင်ထဲမှ ခေါင်းငုံ့ပြီး ထွက်ခွာရန်ကြိုးစားလိုက်သော်လည်း ခန္ဓာကိုယ်တွင် အားအင်ဟူ၍ တစ်စက်ကလေးမျှ မကျန်ရှိတော့သလို ခံစားနေရ၏။

သူတို့နှစ်ယောက် စီးနင်းလိုက်ပါလာသည့် မြင်းရိုင်းလေးဟု ထင်ရသော ‘အပါးတော်မြဲနီ’လေးသည် ရုတ်ချည်းဆိုသလိုပင် နာခံယဉ်ကျေးသော မြင်းလိမ္မာလေးတစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး အရှေ့သို့ တစ်လှမ်းချင်း၊ ဖြည်းဖြည်းလေး ထွက်ခွာသွားတော့၏။

0 comments:

Post a Comment