ထိုဓားမော့သည် လမ်းခုလတ်တွင် ရပ်တန့်နေရပြီး ဆက်လက်မတိုက်ခိုက်နိုင်တော့ပေ။
ကုန်းစွန်းတွမ့်သာ ထိုတိုက်ခိုက်မှုကို အပြီးသတ်တိုက်ခိုက်ခဲ့မည်ဆိုပါက ဆက်ဖြစ်လာမည့် အကျိုးဆက်ကို မည်သူမှ မမှန်းဆနိုင်ပါ။
ရဲ့ခိုင်သည် သက်ပြင်းရှည်ကြီးတစ်ချက်ချလိုက်ပြီးနောက် မြင်းတစ်သောင်းဌာန၏ အရှင်သခင်ကြီးကို လှည့်ပြီး ပြုံးပြလိုက်၏။
“သိပ်ကိုကောင်းတယ်… သတ္တိသိပ်ရှိတယ်… သိပ်ကိုရဲရင့်ပါလား… နယ်မြေတာဝန်ခံ ဟွာ ကိုယ်တိုင် ၃ ကြိမ်တိတိ ကြိုးစားခဲ့ပေမယ့် မဖိတ်ကြားနိုင်ခဲ့ဘူးဆိုတဲ့ လူငယ်သူရဲကောင်းလေး ဖူ ဆိုတာနဲ့တူတယ်။”
မားခုန်းချွင်က အသံဝါကြီးနှင့် ပြောဆိုလိုက်၏။
ရဲ့ခိုင်- “ဟုတ်တယ်… သူပဲ…”
မားခုန်းချွင်- “သူရဲကောင်းလေး ဖူ ကိုယ်တိုင်ရောက်လာတာဟာ ကျုပ်တို့ကို ဂုဏ်ပေးလိုက်တာပဲ… လာ… ထိုင်ပါလို့ ဖိတ်ခေါ်ပါရစေလား။”
ကုန်းစွန်းတွမ့်သည် မားခုန်းချွင်ကို လှည့်ကြည့်လိုက်ပြီး အကွန့်တက်ရန်ကြိုးစားလိုက်၏။ “ဒါပေမဲ့… သူ့ရဲ့ ဓားမော့က…”
မားခုန်းချွင်- “အခုလောလောဆယ် ကျုပ်မြင်နေရတာတော့ လူတစ်ယောက်ပဲ။ ဓားမော့တစ်လက်ကို မဟုတ်ဘူး။”
ထိုစကား၏နောက်ကွယ်မှ အဓိပ္ပါယ်က လွန်စွာမှပင် နက်ရှိုင်းလှသည်။ မားခုန်းချွင် ဆိုလိုချင်သည်မှာ လူတစ်ယောက်၏ ရုပ်ရည်သွင်ပြင်က သူကိုင်ဆောင်ထားသော ဓားမော့ထက် ပို၍ ကျက်သရေရှိနေသည်ဟု ဆိုလိုခြင်းလော… သို့တည်းမဟုတ် စစ်မှန်သည့် လက်နက်ကောင်းတစ်ခုဆိုသည်မှာ ကိုင်ဆောင်သည့် လူပေါ်တွင်သာ မူတည်သည်ဟု ဆိုလိုခြင်းလော…
ကုန်းစွန်းတွမ့်သည် နှုတ်ခမ်းများကို ဖိကိုက်ထားနေပြီး သူ၏ခန္ဓာကိုယ်တစ်ခုလုံးရှိ ကြွက်သားဆိုင်များအားလုံး တဆတ်ဆတ် လှုပ်ခါနေရသည်။ ချက်ချင်းဆိုသလို ကြမ်းပြင်ပေါ်သို့ ခြေတစ်ချက် ဆောင့်ချလိုက်ပြီး သူ့ဓားမော့ကို ဓားအိမ်ထဲသို့ “ချွင်” ခနဲမြည်အောင် ထည့်သွင်းလိုက်၏။
အတော်လေးကြာသောအခါမှ ဖူဟောင်ရွှယ်သည် စတင်လှုပ်ရှားလာ၏။ သူ၏ လေးလံသော ခြေလှမ်းများဖြင့် လှမ်းလျှောက်လာခဲ့ပြီး ထိုင်ခုံတစ်ခုတွင် ဝင်ထိုင်လိုက်သည်။ သူ့လက်တစ်ဘက်ကတော့ ဓားမော့ကို တင်းကြပ်စွာ ဆုပ်ကိုင်ထားဆဲ ရှိနေသည်။
ဓားမော့ကိုင်ဆောင်ထားသော သူ၏လက်တစ်ဘက်က စားပွဲပေါ်တွင် တင်ထားသည့် မုယုံမင်းကျူ၏ ကျောက်မျက်ရတနာများ စီခြယ်ထားသော ဓားရှည်ဘေးတွင် ချထား၏။ သို့သော် သူကိုင်ဆေ ာင်ထားသည့် မည်းနက်နေသော ဓားမော့သည် ကျောက်မျက်ရတနာများဖြင့် စီခြယ်ထားသော ဓားရှည်ထံမှ တောက်ပမှုများကို စုပ်ယူသွားခဲ့ပုံရသည်။
မုယုံမင်းကျူကို ကြည့်ရသည်မှာလည်း သူ၏ဓားလိုပင် ဝိညာဉ်ကို စုပ်ယူခံထားရပုံပေါက်နေ၏။ သူ၏မျက်နှာသည် သွေးဆုတ်ဖြူရော်နေပြီး ရုတ်ချည်းဆိုသလို ထရပ်လိုက်၏။
သူ့ကို တစ်ချိန်လုံး အကဲခတ်စောင့်ကြည့်နေသော ယွင်ဇိုင်ထျန်းသည် အံ့အားသင့်လှစွာဖြင့် လှမ်း၍ တားဆီးရန် ကြိုးစားလိုက်သေး၏။ “မင်း…”
မုယုံမင်းကျူက ယွင်ဇိုင်ထျန်းကို စကားပြောခွင့် မပေးတော့ဘဲ ကရားရေလွှတ် ပြောချလိုက်သည်။ “တခြားသူတစ်ယောက်က မြင်းတစ်သောင်းဌာနထဲကို ဓားမော့ကိုင်ဆောင်ပြီး ဝင်လာခွင့် ရှိသေးရင် ကျုပ်ကျတော့ ဘာဖြစ်လို့ ဓားကိုင်ဆောင်ခွင့် မရှိရတာလဲ။”
ယွင်ဇိုင်ထျန်း- “ခင်ဗျားလည်း ကိုင်ဆောင်ထားလို့ ရပါတယ်။ ဒါပေမဲ့…”
မုယုံမင်းကျူ- “ဒါပေမဲ့ ဘာဖြစ်လဲ။”
ယွင်ဇိုင်ထျန်း၏မျက်နှာပေါ်တွင် ခပ်သဲ့သဲ့လေးပြုံးနေသော အပြုံးတစ်ခု ထွက်ပေါ်လာခဲ့ပြီး- “ဒါပေမဲ့ ခင်ဗျားဟာ ကိုင်ဆောင်ထားတဲ့ ဓားရှည်နဲ့ သေအတူရှင်မကွာ ရှိမယ်ဆိုတဲ့ သတ္တိရှိသူတစ်ယောက်လားဆိုတာတော့ ကျုပ် မသိနိုင်ဘူး။”
မုယုံမင်းကျူသည် လွန်စွာမှ အရှက်ရသွားပုံရသည်။ သူ့အကြည့်များက ကုန်းစွန်းတွမ့်ထံသို့ ကျရောက်သွားခဲ့ပြီး ခန္ဓာကိုယ်တစ်ခုလုံးရှိ ကြွက်သားများသည် ဆုပ်ဆိုင်းထားနေသလိုမျိုး အေးခဲသွားကြပုံရသည်။
စားပွဲပေါ် ခေါင်းငိုက်စိုက်နေပြီး တစ်ချိန်လုံး အရက်မူးနေဟန်ရှိသည့် လိုလိုရှန်းသည် ဦးခေါင်း ထောင်လာခဲ့ပြီး စားပွဲပေါ်ကို တစ်ချက်မျှ ရိုက်ပုတ်ကာ ပြောဆိုလိုက်၏။ “ဟား… သိပ်ကိုကောင်းတဲ့ မေးခွန်းပဲ…”
ရုတ်တရက်… မုယုံမင်းကျူသည် စားပွဲပေါ်၌ ရှိနေသော သူ၏ဓားကို ဆွဲယူရန် ကြိုးစားလိုက်၏။
သို့သော် ဓားလက်ကိုင်ကို မထိကိုင်လိုက်ရသေးခင် သံသံချင်းထိခတ်သံများ ထွက်ပေါ်လာခဲ့ပြီး စားပွဲပေါ်သို့ ဓားပေါင်း ၇ ချောင်းခန့် လွင့်ပျံလာခဲ့၏။
မီးရောင်အောက်တွင် ကျောက်မျက်ရတနာများ စီခြယ်ထားသော ဓား ၇ လက်သည် တလက်လက်ဖြင့် တောက်ပနေကြသည်။
မုယုံမင်းကျူ၏လက်သည် လေထဲ၌ပင် တန်းလန်းကြီးဖြစ်သွားခဲ့ပြီး လက်ချောင်းများသည်လည်း ငြိမ်သက်စွာ ရပ်တန့်သွားခဲ့ကြ၏။
ဟွာမင်းထျန် ခန်းမကြီးထဲသို့ မည်သို့ ဝင်ရောက်လာခဲ့မှန်း မည်သူမှ မသိရှိခဲ့ပါ။ သူ၏မျက်နှာသည် မည်သည့်အမူအရာမျှ မရှိနေဘဲ တည်ငြိမ်စွာ ပြောဆိုလိုက်၏။ “မင်းအတွက် ဓားတစ်လက် သေလောက်အောင်ကို လိုအပ်နေတယ်ဆိုရင် ဒီဓားတွေအားလုံးကို ခါးမှာ ချိတ်ဆွဲထားလိုက်ပါတော့လား။”
လိုလိုရှန်းသည် ကျယ်လောင်စွာ ရယ်မောနေပြီး ပြောဆိုလိုက်၏။ “မြင်းတစ်သောင်းဌာနကြီးဟာ တကယ်ပဲ ကျားရဲသိုက် နဂါးတွင်းကြီး ဖြစ်နေပါပေါ့လား။ ကြည့်ရတာတော့ ဒီနေ့ည ရောက်လာသူတွေ အများစု အသက်ရှင်လျက် ပြန်ထွက်သွားဖို့ မမြင်ဘူး။”
မားခုန်းချွင်သည် စားပွဲပေါ်တွင် လက်တင်ထားပြီး ငြိမ်သက်စွာ ရှိနေ၏။ သူ၏ခန္ဓာကိုယ်သည် မြှားတစ်စင်းလို တည့်မတ်စွာ ရှိနေဆဲလည်းဖြစ်သည်။
ဤနေရာ၌ ဘာကြီးဖြစ်နေဖြစ်နေ… သူကတော့ ဘာမှမဖြစ်သလိုပင်…
မားခုန်းချွင်သည် မုယုံမင်းကျူကို ယောင်လို့ပင် လှည့်မကြည့်ခဲ့…
မုယုံမင်းကျူ၏ မျက်နှာသည် ရှိနေသမျှ သွေးအားလုံး စုပ်ယူခြင်းခံလိုက်ရသလို ဖြူဆွတ်နေ၏။ စားပွဲပေါ်တင်ထားသော ဓားရှည်ကို အတန်ကြာကြီး စိုက်ကြည့်နေပြီးနောက် အရဲစွန့်ကာ ပြောဆိုလိုက်၏။ “သူတို့တွေ ဘယ်မှာလဲ။”
ဟွာမင်းထျန်- “သူတို့ အသက်ရှင်လျက် ရှိနေပါသေးတယ်။”
ယွင်ဇိုင်ထျန်းသည်လည်း ရယ်ရယ်မောမောဖြင့် ဝင်ရောက်ပြောဆိုလာခဲ့၏။ “ကိုယ်ကိုင်ဆောင်တဲ့ ဓားနဲ့ သေအတူရှင်မကွာ ရှိနေမယ်ဆိုတဲ့သူတွေ ဒီလောကကြီးမှာ လက်ချိုးရေတွက်လို့ ရလောက်အောင်ကို နည်းပါးလှပါတယ်။”
လိုလိုရှန်းကလည်း အပြုံးတစ်ဝက်ဖြင့် ဝင်ရောက်ပြောဆိုလိုက်၏။ “ဒါကြောင့် ဉာဏ်ကောင်းသူတွေက ဓားမကိုင်ဆောင်ကြတာပေါ့။”
သူသည် စားပွဲပေါ်တွင် မျက်နှာမှောက်ထားပြီး အရက်မူးမပြေ့တပြေ ရှိနေပုံရသည်။ သူ၏လက်တစ်ဘက်က မြောက်ကြွလာခဲ့ပြီး ဗလုံးဗထွေး ရေရွတ်လိုက်၏။ “အရက်ဘယ်မှာလဲ။ ဒီနေရာကြီးမှာ ဓားတွေ၊ ဓားမော့တွေပဲ တွေ့နေရပြီး အရက်တစ်စက်ကလေးမှတောင် မတွေ့ရပါလား။”
မားခုန်းချွင်၏ မျက်နှာထက်တွင် အပြုံးတစ်ခု ထွက်ပေါ်လာခဲ့ပြီး ပြောဆိုလိုက်၏။ “ကောင်းလိုက်တဲ့ မေးခွန်း… ခင်ဗျားတို့အားလုံးကို ဒီည ဖိတ်ခေါ်ရတဲ့ အဓိကအကြောင်းကတော့ ကျုပ်တို့တတွေ ပျော်ပျော်ပါးပါးကြီး မူးအောင်သောက်ကြဖို့ပဲ။ အရက်တွေ အမြန်ဆုံး ယူလာခဲ့ကြစမ်း…”
လိုလိုရှန်းသည် ခေါင်းမော့လာခဲ့ပြီး မားခုန်းချွင်ကို အမူးမပြေသေးသည့် အကြည့်များဖြင့် ကြည့်နေ၏။ “အရက်မူးပြီးသွားရင်ကော… ကျုပ်တို့အားလုံးကို ပြန်လွှတ်ပေးမှာလား။”
မားခုန်းချွင်- “သိပ်ဟုတ်တာပေါ့။”
လိုလိုရှန်း- “ကျုပ်က အရက်မူးနေခဲ့ပြီးပြီဆိုရင်ကော… ကျုပ်ထွက်သွားလို့ရပြီလား။”
မားခုန်းချွင်- “ရပါတယ်။ ဘာဖြစ်လို့ မရရမှာလဲ။”
လိုလိုရှန်းသည် သက်ပြင်းချလိုက်ပြီး သူ၏ ဦးခေါင်းသည်လည်း စားပွဲပေါ် ပြန်မှောက်သွားခဲ့၏။ “ဒါဆိုရင်တော့ ကျုပ်စိတ်ချလက်ချဖြစ်သွားပြီ။ ဘယ်မှာလဲ… အရက်… အရက်ယူလာခဲ့ကြတော့လေကွာ။”
အရက်များ ရောက်ရှိလာပြီဖြစ်သည်။
ရွှေဖြင့်ပြုလုပ်ထားသည့်အရက်အိုး… ကြီးမားသော မတ်ခွက်ကြီးများနှင့် အစိမ်းရောင် အရက်များဖြစ်၏။
မုယုံမင်းကျူ၏မျက်နှာသည်လည်း ယခုမှပင် အစိမ်းရောင်ပေါက်သွားခဲ့ပုံရသည်။ ထိုင်ရမလား၊ ထရမလား မသိနိုင်အောင်လည်း ဖြစ်နေရ၏။
ရဲ့ခိုင်သည် စားပွဲပေါ်သို့ လက်ဝါးတစ်ချက် ရိုက်ချလိုက်ပြီး ပြောဆိုလိုက်၏။ “ကောင်းလိုက်တဲ့အရက်… မိတ်ဆွေတွေကလည်း ပြောစရာမရှိဘူး။ ဒါပေမဲ့ ဂီတသံလေး မပါရှိတာတော့ သိပ်မကောင်းသေးဘူး။ မုယုံသခင်လေးဟာ သိုင်းပညာတင်မက… စာပေပညာရပ်နဲ့ ဂီတဘက်မှာပါ နှံ့နှံ့စပ်စပ် တတ်ကျွမ်းတယ်လို့ ကျုပ်ကြားဖူးတယ်။ ကျုပ်တို့ကို သီချင်းတစ်ပုဒ်လောက် ဆိုပြပါလားဗျာ။”
မုယုံမင်းကျူသည် နေရခက်ထိုင်ရခက်ဖြစ်နေရာမှ ရဲ့ခိုင်ကြောင့် အနည်းငယ် အသက်ရှူချောင်သွားခဲ့လေသည်။ ထို့ကြောင့် ရဲ့ခိုင်ကို လှမ်းကြည့်လိုက်၏။
အချို့သောလူများသည် ခါးသီးသောအမူအရာမျိုး မပါရှိအောင် ပြုံးတတ်ကြ၏။ ရဲ့ခိုင်သည် ထိုကဲ့သို့ လူစားဖြစ်သည်။
မုယုံမင်းကျူသည် အတန်ကြာမျှ တိတ်ဆိတ်သွားခဲ့ပြီးမှ အသက်ခပ်ပြင်းပြင်း ရှူသွင်းလိုက်ပြီး ရေရွတ်လိုက်၏။ “ကောင်းပြီလေ…”
“ကောင်းကင်ပေါ်ကသိကြားမင်း
မြေပြင်ပေါ်က ဘဝရှင်မင်းတြားကြီး…
မျက်လုံးထဲက သွေးတွေ ထွက်ကုန်ပြီ
လရောင်လည်း မသာနိုင်တော့ပါ…
မြင်းတစ်သောင်းဌာနကို ဝင်ရောက်သွားတာနဲ့
ဓားမော့တွေနဲ့ ဧည့်ခံကြတယ်
အူအထွေးလိုက်ပြတ်ကုန်ကြတယ်…”
ယွင်ဇိုင်ထျန်း မျက်နှာပျက်သွားခဲ့၏။
ကုန်းစွန်းတွမ့်သည်လည်း သူ၏ဓားမော့ကို တင်းကြပ်စွာ ဆုပ်ကိုင်ထားပြီး သီချင်းဆိုနေသော မုယုံမင်းကျူကို စူးစူးစိုက်စိုက် ကြည့်နေ၏။
မျက်နှာအမူအရာ မပျက်ယွင်းသူဆို၍ မားခုန်းချွင်တစ်ယောက်သာ ရှိသည်။ သူ့ကိုကြည့်ရသည်မှာ ဤသီချင်းကို ကြည်နူးစွာ ခံစားနားဆင်နေပုံရသည်။
မုယုံမင်းကျူသည် သူ့အရက်ခွက်ထဲမှ အရက်များကို တစ်ဂွပ်တည်း မော့သောက်လိုက်ပြီး ရဲဆေးတင်လိုက်ပုံရသည်။ ပြီးနောက် ကျယ်လောင်သောအသံကြီးဖြင့် မေးမြန်းလိုက်၏။ “ဒီသီချင်းကို ခင်ဗျားတို့ ကြားဖူးကြရဲ့လား။”
ရဲ့ခိုင်- “ငါ ကြားဖူးတယ်။”
မုယုံမင်းကျူက စူးစမ်းလိုက်၏။ “ဒီသီချင်းကို ကြားပြီးပြီးချင်း မင်း ဘယ်လိုထင်လဲ။”
ရဲ့ခိုင်- “သီချင်းစာသားထဲက စာကြောင်းတစ်ကြောင်းက သိပ်ပြီး စိတ်ဝင်စားစရာကောင်းတယ်လို့ ငါတော့ ထင်တာပဲ။”
မုယုံမင်းကျူက ထပ်မံမေးမြန်းလိုက်ပြန်၏။ “စာသားတစ်ကြောင်းတည်းပဲလား။”
ရဲ့ခိုင်က ပြန်လည်ဖြေဆိုလိုက်သည်။ “ဟုတ်တယ်။ တစ်ကြောင်းတည်းပဲ…”
မုယုံမင်းကျူ- “ဘယ်စာသားလဲ…”
ရဲ့ခိုင်သည် မျက်လုံးမှိတ်ထားပြီး သီချင်းဆိုလိုက်၏။ “ဓားမော့တွေနဲ့ ဧည့်ခံကြတယ်… အူအထွေးလိုက်ပြတ်ကုန်ကြတယ်… ဓားမော့တွေနဲ့ ဧည့်ခံကြတယ်… အူအထွေးလိုက် ပြတ်ကုန်ကြတယ်…”
သူသည် ထိုစာကြောင်းနှစ်ကြောင်းကို ထပ်တလဲလဲ ရေရွတ်နေပြီးနောက် မျက်လုံးများ ပြန်ဖွင့်လာပြီး တတိယသခင်ကြီးကို လှမ်းကြည့်လိုက်၏။ “ဒီစာကြောင်းနှစ်ကြောင်းဟာ ဘာဖြစ်လို့ စိတ်ဝင်စားစရာကောင်းသလဲဆိုတာ သိလား။”
မားခုန်းချွင်- “ရှင်းပြပါဦး…”
ရဲ့ခိုင်- “ဓားမော့တွေနဲ့ ဧည့်ခံကြတယ်… အူအထွေးလိုက် ပြတ်ကုန်ကြတယ်… ဘာဖြစ်လို့များ ဓားတွေက မပြတ်ထွက်ကုန်ကြရတာလဲ။ ဘာဖြစ်လို့ ဓားမော့ဆိုတဲ့ အသုံးအနှုန်းကို တွင်တွင်ကြီး သုံးထားရတာလဲ။”
သူ့အကြည့်များက မုယုံမင်းကျူထံမှ ဖူဟောင်ရွှယ်ဘက်သို့ ဝဲပျံသွားခဲ့ပြီး တတိယသခင်ကြီးထံတွင် ရပ်တန့်သွားခဲ့၏။
ဖူဟောင်ရွှယ်သည် ငြိမ်သက်စွာ ထိုင်နေပြီး ဆုပ်ကိုင်ထားသော ဓားမော့ကို စိုက်ကြည့်နေသော်လည်း မျက်လုံးသူငယ်အိမ်များ ကျုံ့ဝင်သွားခဲ့သည်။
မုယုံမင်းကျူသည် ဖြည်းဖြည်းလေး ပြန်ထိုင်ချလိုက်ပြီး မျက်နှာထက်တွင်တော့ ခပ်သဲ့သဲ့လေး ပြုံးနေ၏။ ရဲ့ခိုင်ကို ကြည့်ရှုနေသော သူ၏အကြည့်များက ကျေးဇူးတင်ခြင်းများစွာဖြင့်…
ပင့်ကူပျံသည် စကားနည်းသူဖြစ်သည့်အလျောက် အခြေအနေတစ်ရပ်လုံးကို တည်ငြိမ်စွာပင် အကဲခတ်နေ၏။
သူ့စိတ်ကူးထဲတွင်တော့ ရဲ့ခိုင်သည် မိတ်ဆွေသူငယ်ချင်းကောင်း ဖြစ်ထိုက်သူတစ်ယောက်ဖြစ်ကြောင်း သတ်မှတ်ထားလိုက်တော့သည်။
“သူနဲ့ ရန်သူဖြစ်ရတာထက်စာရင် မိတ်ဆွေဖြစ်ရတာကမှ ပိုကောင်းဦးမယ်။”
ထိုအချက်ကို သတိပြုမိသွားသော ပင့်ကူပျံသည် သူ့အရက်ခွက်ထဲမှ အရက်များကို မော့သောက်ခဲ့ပြီး ပြောဆိုလိုက်၏။ “မှန်တယ်… ဘာဖြစ်လို့ ဓားမော့တွေအကြောင်းပဲ ပြောနေပြီး ဓားရှည်တွေအကြောင်းကို ချန်လှပ်ထားခဲ့ရတာလဲ။ နောက်ကွယ်မှာ ဘာတွေရှိနေလို့လဲ။”
ဟွာမင်းထျန်ကို ကြည့်ရသည်မှာ စိတ်မသက်မသာဖြစ်သွားပုံရပြီး အေးစက်စွာ ဝင်ရောက်ပြောဆိုလိုက်၏။ “ဒီအဖြေကို လူတိုင်းက သိချင်နေကြမှတော့ သီချင်းဆိုသူကိုပဲ ဝိုင်းမေးကြပါတော့လား။”
ရဲ့ခိုင်သည် ခေါင်းညိတ်ပြလိုက်ပြီး- “သိပ်မှန်တာပေါ့။ ကျုပ်မေးရမယ့်လူ မှားသွားခဲ့တယ်။”
မားခုန်းချွင်သည် ရုတ်တရက် ဝင်ရောက်ပြောဆိုလိုက်၏။ “မင်း မေးရမယ့်လူ မမှားခဲ့ပါဘူး။”
ရဲ့ခိုင်- “မားသခင်ကြီး… ဆိုလိုတာက…”
မားခုန်းချွင်က ပြန်လည် မေးခွန်းထုတ်လိုက်၏။ “ ‘တစ်မိုးအောက်ပြိုင်ဘက်ကင်း ကွမ်တောင်းမြင်းနဲ့ဓားမော့’ ဆိုတာ မင်းကြားဖူးလား။”
+++++
ရဲ့ခိုင်- “တစ်မိုးအောက်ပြိုင်ဘက်ကင်း ကွမ်တောင်းမြင်းနဲ့ဓားမော့… ဟုတ်လား။ ဓားမော့နဲ့ မြင်းတစ်သောင်းဌာနတို့ ဆက်စပ်မှု ရှိနေတယ်လို့ မားသခင်ကြီး ဆိုလိုချင်တာလား။”
“ဆက်စပ်မှု ရှိနေတာမဟုတ်ဘူး။ သိပ်ကိုလေးနက်တဲ့ ဆက်စပ်မှုရှိနေတယ်ဆိုမှ ပိုမှန်မယ်။” မားခုန်းချွင်က ရှင်းပြလိုက်သည်။
ရဲ့ခိုင် အံ့အားသင့်သွားခဲ့ရ၏။
မားခုန်းချွင်- “လွန်ခဲ့တဲ့နှစ် ၂၀ တုန်းက ‘နတ်ဘုရားဓားမော့အိမ်တော်’ ဆိုတာပဲ ရှိခဲ့တယ်။ မြင်းတစ်သောင်းဌာနဆိုတာ လူတွေတောင် မသိကြသေးဘူး။”
ရဲ့ခိုင်- “ဒါပေမဲ့ နှစ် ၂၀ ကျော်ကြာလာတဲ့အခါမှာတော့ မြင်းတစ်သောင်းဌာနပဲ ကျန်ရှိနေခဲ့ပြီး နတ်ဘုရားဓားမော့အိမ်တော်ကို ဘယ်သူမှ မပြောကြတော့ဘူး မဟုတ်လား။”
မားခုန်းချွင်၏ မျက်နှာထက်မှ အပြုံးရိပ်များ တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့ပြီး လေးနက်တည်ကြည်သော အမူအရာများ ထွက်ပေါ်လာခဲ့တော့၏။ အတန်ကြာမျှ တိတ်ဆိတ်နေခဲ့ပြီးမှ သက်ပြင်းချသံနှင့်အတူ ဆက်ပြောလိုက်သည်။ “ဒါတွေအားလုံးဟာ ဘာကြောင့်လဲဆိုတော့… လွန်ခဲ့တဲ့ ၁၈ နှစ်လောက်ကတည်းက နတ်ဘုရားဓားမော့အိမ်တော်က လူတွေအားလုံးဟာ တစ်ယောက်မကျန် သတ်ဖြတ်ခြင်းကို ခံခဲ့ကြရလို့ပဲ။”
သူ၏ အမူအရာများက တည်ငြိမ်နေသော်လည်း မျက်နှာထက်တွင်ရှိနေသော အရေပြားတွန့်များကို ကြည့်ရသည်မှာ နာကျည်းမှုများဖြင့် တငြီးငြီးလောင်ကျွမ်းနေသည့် ကလဲ့စားချေချင်မှုများ ရှိနေပြီး ထိုမီးတောက်များသည် လူတိုင်း၏ ကျောရိုးတွင်းသို့ ထိုးဖောက်ဝင်ရောက်လာသလိုလည်း ခံစားလိုက်ကြရ၏။
မားခုန်းချွင်ကို ကြည့်လိုက်မိသူတိုင်း ဒုတိယအကြိမ် ထပ်ကြည့်ရန် သတ္တိမရှိကြတော့ချေ။
သို့သော် ရဲ့ခိုင်ကတော့ သူ့ကို စိုက်ကြည့်နေပြီး ဆက်လက်မေးမြန်းလိုက်၏။ “နတ်ဘုရားဓားမော့အိမ်တော်ကလူတွေအားလုံး ဘယ်လိုနည်းနဲ့ သေသွားခဲ့ကြတာလဲ။”
မားခုန်းချွင်- “ဓားမော့တွေကြောင့် သေသွားခဲ့ကြတာ။”
လိုလိုရှန်းသည် စားပွဲပေါ်သို့ လက်တစ်ချက် ပုတ်ချလိုက်ပြန်၏။ “ဆိုရိုးစကားတစ်ခု ရှိနေတယ်မဟုတ်လား… ‘ရေကူးကျွမ်းသူဟာ ရေနစ်ပြီးသေတတ်တယ်’ တဲ့… ဘယ်လောက်တောင်မှ သံဝေဂရဖို့ကောင်းလိုက်သလဲ… နတ်ဘုရားဓားမော့လည်း နောက်ထပ်ဓားမော့တစ်လက်အောက်မှာ ကျရှုံးသွားခဲ့ရပါပေါ့လား။ သိပ်ကို သံဝေဂရစရာပဲ… ဘယ်မှာလဲဟေ့ အရက်…”
မားခုန်းချွင်သည် လက်ချောင်းများပြတ်နေသော သူ၏လက်ဖဝါးကို စိုက်ကြည့်နေပြီး ဖြည်းညင်းစွာ ပြောဆိုလိုက်သည်။ “နတ်ဘုရားဓားမော့အိမ်တော်က လူတွေနဲ့ မြင်းတစ်သောင်းဌာနက လူတွေဟာ ညီအစ်ကိုတွေလိုပဲ သိပ်ကို ရင်းနှီးခဲ့ကြတယ်။ ဒါပေမဲ့ သူတို့တတွေအားလုံး နှင်းမုန်တိုင်းတိုက်တဲ့ ညတစ်ညမှာ တစ်ယောက်မကျန် သုတ်သင်ခြင်းကို ခံခဲ့ကြရတယ်။ တစ်ယောက်မကျန် ခေါင်းဖြတ်သတ်ခံခဲ့ရတယ်။ ၁၈ နှစ်လုံးလုံး… သည်သွေးကြွေးအတွက် မြင်းတစ်သောင်းဌာနဟာ တစ်ရက်မှ မမေ့ခဲ့ဘူး။”
သူသည် ဦးခေါင်းမော့လာပြီး ရဲ့ခိုင်ကို စိုက်ကြည့်နေလိုက်၏။ “အခု… ဓားမော့တွေနဲ့ ဧည့်ခံကြတယ် ဆိုတဲ့ စာသားကို မင်းနားလည်သွားပြီလား။”
ရဲ့ခိုင်သည် မည်သည့်နေရာသို့မှ မကြည့်နေပါ။ သူ၏မျက်လုံးများက စူးရှထက်မြက်စွာပင် မားခုန်းချွင်အား စိုက်ကြည့်နေဆဲ ရှိနေပြီး ဆက်လက် မေးခွန်းထုတ်လိုက်၏။ “သည် ၁၈ နှစ် အတောအတွင်းမှာ သခင်ကြီးမား အနေနဲ့ လူသတ်ကောင်တွေ ဘယ်သူတွေလဲဆိုတာ ဖော်ထုတ်နိုင်ခဲ့ပြီလား။”
မားခုန်းချွင်- “အခုချိန်ထိ သူတို့ဘယ်သူမှန်း မသိရသေးဘူး။”
ရဲ့ခိုင်- “မားသခင်ကြီးရဲ့လက်က…”
မားခုန်းချွင်က ပြန်ဖြေလိုက်၏။ “ဒီဒဏ်ရာဟာလည်း အဲဒီဓားမော့ကြောင့် ရခဲ့တာပေါ့။”
ရဲ့ခိုင်- “ဒါဆိုရင် မားသခင်ကြီးက ဓားမော့ကိုတော့ မှတ်မိပြီး ကိုင်ဆောင်သူကိုတော့ မသိနိုင်ခဲ့ဘူးပေါ့။”
မားခုန်းချွင်- “ဓားမော့ရဲ့ ဓားသွားကို အနက်ရောင် မျက်နှာဖုံးနဲ့ ဖုံးအုပ်ထားလို့မှ မရတာ။”
ရဲ့ခိုင်က ပြုံးပြလိုက်ပြီး - “မှန်တယ်… ဓားသွားကိုသာ မျက်နှာဖုံးစွပ်ထားခဲ့မယ်ဆိုရင် လူဘယ်သတ်နိုင်တော့မှာလဲ။” ဟု ပြန်ပြောလိုက်၏။
ဤတစ်ချိန်လုံး လက်ထဲတွင်ကိုင်ဆောင်ထားသော ဓားမော့ကိုသာ အာရုံစိုက်နေသော ဖူဟောင်ရွှယ်သည် ရုတ်တရက် ဝင်ရောက်မေးမြန်းလိုက်၏။ “ဓားမော့ဟာ သူ့ဓားအိမ်ထဲမှာပဲ ရှိနေသေးတယ်ဆိုရင်ကော…”
ရဲ့ခိုင်- “ဓားအိမ်ထဲမှာ ရှိနေမှတော့ ဘယ်လိုလုပ်ပြီး လူသတ်လို့ ရမှာလဲ။”
ဖူဟောင်ရွှယ်- “ဓားမော့ကို ဓားအိမ်ထဲမှာ ထည့်ထားတယ်ဆိုတာ မှတ်မိသွားမှာကြောက်လို့ ဖုံးကွယ်ထားတာကော မဖြစ်နိုင်ဘူးလား။”
ရဲ့ခိုင်- “အဲဒါတော့ ငါလည်းမသိဘူး။ ဒါပေမဲ့ ငါ သိထားတာ တစ်ခုတော့ရှိနေတယ်။”
ဖူဟောင်ရွှယ်သည် ငြိမ်သက်စွာ နားထောင်နေလေသည်။ “လွန်ခဲ့တဲ့ ၁၈ နှစ်လောက်တုန်းက သွေးပျက်ဖွယ်အဖြစ်အပျက်တွေနဲ့ ဆက်စပ်မှု ရှိနေသူတစ်ယောက်သာ ရှိနေခဲ့မယ်ဆိုရင် မြင်းတစ်သောင်းဌာနထဲကို ဓားမော့ကိုင်ဆောင်ပြီး ဝင်လာခဲ့မှာပဲ။” ရဲ့ခိုင်က ပြုံးနေလိုက်ပြီး ဆက်ပြောလိုက်၏။ “ခပ်ကြောင်ကြောင်နိုင်တဲ့ လူတွေမှသာ ဓားရှည်တို့၊ လှံတံတို့ပဲ ကိုင်ဆောင်လာကြမှာပေါ့။”
ဖူဟောင်ရွှယ်၏ အကြည့်များက သူ၏ဓားမော့မှတဆင့် ရဲ့ခိုင်၏ ပြုံးနေသော မျက်နှာထံ တဖြည်းဖြည်းချင်း ရောက်ရှိလာခဲ့ကြ၏။ သူ့မျက်နှာပေါ်တွင်လည်း အလွန်ထူးဆန်းသော အမူအရာများ ထွက်ပေါ်နေကြ၏။
ဤသည်မှာ လူတစ်ယောက်ကို ပထမဆုံးအကြိမ် သူ အကြာကြီးစိုက်ကြည့်နေခြင်းဖြစ်သလို အလွန်လေးနက်တည်ကြည်စွာဖြင့် ကြည့်နေခြင်းလည်းဖြစ်သည်။
မုယုံမင်းကျူ၏မျက်လုံးများထဲကို ကြည့်ရသည်မှာ အရက်ခိုးများဖြင့် ရီဝေနေပြီး သူ့ထံမှ ဗလုံးဗထွေး စကားသံ ထွက်ပေါ်လာခဲ့၏။ “ဒါက လွန်ခဲ့တဲ့ ၁၈ နှစ်အကြာတုန်းက ဖြစ်ခဲ့တာပဲ။ ဓားရှည်ကိုင်ဆောင်လာတာ၊ ဓားမော့ကိုင်ဆောင်လာတာ ဘယ်သူက သောက်ဂရုစိုက်နေရဦးမှာလဲ။”
ဟွာမင်းထျန်- “ဒါလည်းပဲ သိပ်မဟုတ်သေးဘူး။”
မုယုံမင်းကျူ- “ဆရာလိုကလွဲလို့ ဒီမှာရှိနေကြသူတွေအားလုံးဟာ အဲဒီသွေးပျက်ဖွယ် အဖြစ်အပျက်ကြီး ဖြစ်ခဲ့တုန်းက ကလေးအရွယ်လေးတွေပဲ ရှိကြဦးမယ်။ သူတို့က လူတွေကို ဘယ်လိုလုပ်ပြီး သတ်နိုင်ခဲ့ကြမှာတဲ့လဲ။”
ဟွာမင်းထျန်သည် ပြောလက်စအကြောင်းအရာကို စကားလမ်းကြောင်းလွှဲလိုက်၏။ “အစ်ကိုလေးမုယုံကို ကျုပ်တစ်ခုလောက် မေးပါရစေလား။ ခင်ဗျားမှာ အိမ်ထောင်ရှိလား။”
မုယုံမင်းကျူသည် ဟွာမင်းထျန် မေးလာသည့်မေးခွန်း၏ အဓိပ္ပါယ်ကို ကြိုးစားပြီး စဉ်းစားနေရင်းကနေ ခေါင်းညိတ်ဖြေဆိုလိုက်၏။
ဟွာမင်းထျန်- “ဆိုကြပါစို့… ခင်ဗျား အသက်ကြီးလာပြီး အိုမင်းမစွမ်းဖြစ်လာတဲ့တစ်နေ့… ခင်ဗျား ရှိထားခဲ့တဲ့ ရန်ငြိုးသွေးကြွေးတွေကို ဘယ်သူက ဆပ်ပေးမှာလဲ။”
မုယုံမင်းကျူက မဆိုင်းမတွပင် ဖြေဆိုလိုက်၏။ “ကျုပ်ရဲ့သားပေါ့…”
ဟွာမင်းလိုသည် ပြုံးပြလိုက်ပြီး နောက်ထပ် မေးခွန်းများ ဆက်မမေးခဲ့တော့ပါ။ မေးရန်လည်း မလိုအပ်တော့ချေ…
မုယုံမင်းကျူသည် မျက်နှာအပျက်ပျက်ဖြင့် ယခုမှ အိပ်မက်ကနေ နိုးထလာသူတစ်ယောက်လို ဖြစ်နေပြီး အားတင်းပြုံးနေလိုက်၏။ “ခင်ဗျားဆိုလိုတာက ဒီမှာရောက်နေကြတဲ့ ကျုပ်တို့ထဲက တစ်ယောက်ဟာ လွန်ခဲ့တဲ့ ၁၈ နှစ်တုန်းက လူသတ်သမားရဲ့ မျိုးဆက်လို့ ပြောချင်တာလား။”
ဟွာမင်းထျန်က ထိုမေးခွန်းကို မဖြေကြားခဲ့ပါ။ တစ်ခါတရံတွင် အဖြေမပေးခြင်းသည်လည်း အဖြေပေးခြင်းနှင့် အတူတူပင်ဖြစ်သည် မဟုတ်ပါလား။
မုယုံမင်းကျူ၏ မျက်နှာတွင် သွေးရောင်လွှမ်းလာခဲ့ပြီး - “ဒါဆိုရင် ကျုပ်တို့ကို ဒီည ဖိတ်ခေါ်ဧည့်ခံရတဲ့အကြောင်းရင်းက အရက်တိုက်ချင်လွန်းလို့တော့မဟုတ်ဘူး… မြင်းတစ်သောင်းဌာနရဲ့ ခေါင်းဆောင် သခင်ကြီးဆီမှာ တခြားအကြောင်းတစ်ခု ရှိနေတာ သေချာတယ်။”
မားခုန်းချွင်က ပြန်ဖြေလိုက်၏။ “မှန်တယ်။”
မုယုံမင်းကျူက ဆက်လက်မေးမြန်းလိုက်၏။ “ဒါဆိုရင် ဘာအကြောင်းများလဲဗျ…”
မားခုန်းချွင်က ထိုမေးခွန်းကို မဖြေကြားခဲ့သေးဘဲ ပြန်လည် မေးခွန်းထုတ်လိုက်၏။ “လူတွေ ရှိတဲ့နေရာမှာ ကြက်၊ ဝက်၊ ခွေး စတဲ့ အိမ်မွေး တိရစ္ဆာန်တွေ ရှိနေမှာပဲ။ ဟုတ်တယ်မလား… မင်းတို့ ဒီကိုလာခဲ့တုန်းက အဲဒီအကောင်ဗလောင်တွေရဲ့ အသံတွေများ ကြားမိခဲ့ကြသေးလား။”
မုယုံမင်းကျူက ပြန်ဖြေလိုက်သည်။ “ဘာသံမှ မကြားမိခဲ့ပါဘူး။”
မားခုန်းချွင်- “ဘာကြောင့်လဲဆိုတာ စဉ်းစားကြည့်ပါလား။”
မုယုံမင်းကျူ- “ဒီနေရာမှာ နေထိုင်ကြတဲ့လူတွေက ဘယ်အိမ်မွေး တိရစ္ဆာန်မှ မမွေးထားတာလည်း ဖြစ်နိုင်တာပဲလေ။”
မားခုန်းချွင်- “နယ်ခြားဒေသရဲ့ လွင်ပြင်ကျယ်ကြီးထဲမှာ ကျုပ်တို့လို အခြေချနေထိုင်နေသူတွေက ဘာအိမ်မွေးတိရစ္ဆာန်မှ မမွေးထားဘူးလို့ မင်းထင်နေလို့လား။”
မုယုံမင်းကျူ- “ဒါလည်း ဖြစ်နိုင်ချေတစ်ခုပဲ မဟုတ်လား။”
မားခုန်းချွင်- “နယ်မြေတာဝန်ခံ ဟွာ တစ်ယောက်တည်းမှာတင် အမဲလိုက်ခွေးတွေ ၁၈ ကောင်လောက် မွေးထားတယ်။”
မားခုန်းချွင်သည် ဟွာမင်းထျန်ကို မျက်လုံးထောင့်မှ တစ်ချက်စောင်းကြည့်လိုက်ပြီး ဆက်ပြောနေလိုက်၏။ “နယ်မြေတာဝန်ခံကြီး ဟွာ မွေးထားတဲ့ ခွေးတွေက မဟောင်တတ်တာလည်း ဖြစ်နေနိုင်သလို… လူတွေကို ကိုက်တတ်တဲ့ ခွေးတွေက လုံးဝကို မဟောင်တာလည်း ဖြစ်နေနိုင်တယ်ပေါ့… ဟုတ်လား။”
ဟွာမင်းထျန်- “လောကကြီးမှာ မဟောင်တတ်တဲ့ခွေးဆိုလို့ ဘယ်လိုနည်းနဲ့မှ မရှိနိုင်ပါဘူး။”
လိုလိုရှန်းသည် ရုတ်တရက် ခေါင်းထောင်လာခဲ့ပြီး - “မဟောင်တတ်တဲ့ ခွေးဆိုလို့ တစ်မျိုးတည်းပဲရှိတယ်။” ဟု ဝင်ရောက်ပြောဆိုလိုက်၏။
ဟွာမင်းထျန်- “သေသွားတဲ့ခွေးတွေ…”
“မှန်တယ်… ခွေးသေတွေ… ခွေးသေတွေမှသာ မဟောင်တတ်တာ… လူသေတွေမှသာ လမ်းမလျှောက်တော့တာ… ” လိုလိုရှန်းသည် မူးကွဲနေသော အသံကြီးဖြင့် တီးတိုးရေရွတ်လိုက်၏။
ဟွာမင်းထျန်က မျက်မှောင်ကျုံ့ထားပြီး မေးမြန်းလိုက်၏။ “အရက်မူးသမားတစ်ယောက် ကျတော့ကော…”
လိုလိုရှန်းက မှတ်ချက်ပြန်ပေးလိုက်၏။ “အရက်မူးသမားတစ်ယောက်က စကားအများကြီး ပြောရုံတင်မကသေးဘူး… အချင်းများစေမယ့် စကားတွေကိုလည်း ပြောတတ်ကြသေးတယ်။”
ဟွာမင်းထျန်- “ဒါ အမှန်တရားလား။”
“အင်း… ပြောရမယ်ဆိုရင် အမှန်တရားဆိုတာ လူတွေကို စိတ်တိုစေတယ်… ဟုတ်တယ်ဟုတ်… ဘယ်မှာလဲ… အရက်…” လိုလိုရှန်းသည် ဗလုံးဗထွေးဖြင့် ပြောဆိုလိုက်ပြီး ရယ်မောနေလေတော့၏။
သို့သော် တဝက်တပျက်ဖြင့် အရယ်ရပ်သွားပြီး လူသည်လည်း စားပွဲပေါ် ပြန်မှောက်ကျသွားပြန်၏။
ဟွာမင်းထျန်သည် မျက်မှောင်ကျုံ့နေပြီး သူ့မျက်နှာထက်တွင် ရွံရှာသော အကြည့်များ ထွက်ပေါ်လာခဲ့တော့သည်။
ယွင်ဇိုင်ထျန်း- “ကျုပ်တို့ဆီမှာ ခွေးထီး ၂၁ ကောင်၊ ခွေးမ ၁၆ ကောင် ရှိနေခဲ့တယ်။ နောက်ပြီးတော့ ဥစားကြက်မတွေ ၃၉၃ ကောင် ရှိနေခဲ့တယ်။ သူတို့တွေ တစ်ရက်ကို ဥပေါင်း ၃၀၀ လောက် ဥပေးခဲ့ကြတယ်။ နောက်ပြီးတော့ ကျုပ်တို့ နေ့စဉ် စားသုံးနေတဲ့ကြက်ကောင်ရေ ၄၀ လောက်လည်း ရှိနေပြန်သေးတယ်။ ဒါတောင်မှ အကုန်လုံး မဟုတ်သေးဘူး။”
မည်သည့်အကြောင်းရှိနေ၍ဖြစ်စေ… မြင်းတစ်သောင်းဌာနတွင် ရှိနေသော တိရစ္ဆာန်အရေအတွက်ကို ယွင်ဇိုင်ထျန်း တွက်ချက်ပြခဲ့၏။
ရဲ့ခိုင်က ပြုံးရယ်နေပြီး ပြောဆိုလိုက်၏။ “ကြက်မတွေ ဘယ်နှစ်ကောင် ရှိတာလဲ။ နောက်ပြီးတော့ ကြက်ဖတွေကော ဘယ်နှစ်ကောင်လောက် ရှိတာလဲ။ ကြက်မတွေရဲ့အရေအတွက်က ပိုများနေတယ်ဆိုရင်တော့ ကြက်ဖတွေကို ပိုပေးပွားသင့်တယ်။ ဒါဆိုရင်လည်း ကြက်ဥအရေအတွက်က နည်းသွားနိုင်ပြန်ရော…”
ယွင်ဇိုင်ထျန်း- “အကြံဉာဏ်ပေးတာ ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ အခုတော့ ဘာမှ အသုံးမဝင်တော့ပါဘူး။”
ရဲ့ခိုင်- “ဘာဖြစ်လို့လဲဗျ။”
ယွင်ဇိုင်ထျန်း၏ မျက်နှာအမူအရာများ ပျက်ယွင်းသွားခဲ့ပြီး - “ခွေး ၃၇ ကောင်လုံးနဲ့ ဥစားကြက်မ ၃၉၃ ကောင်စလုံး တစ်ညတည်းနဲ့ အသတ်ခံလိုက်ရတယ်။” ဟု လေးကန်စွာ ပြောဆိုလိုက်၏။
ရဲ့ခိုင်- “ဘယ်လို သေသွားခဲ့ကြတာလဲဗျာ…”
ယွင်ဇိုင်ထျန်း၏ လေသံက လေးနက်တည်ကြည်စွာ ထွက်ပေါ်လာခဲ့၏။ “အားလုံးပဲ ခေါင်းဖြတ်သတ်ခံလိုက်ရတယ်။”
မုယုံမင်းကျူက ခပ်ပြုံးပြုံးလေး ဝင်ရောက်ပြောဆိုလိုက်၏။ “တိရစ္ဆာန်တွေကို သတ်သွားခဲ့သူကို ဆရာယွင် လိုက်ရှာနေတယ်ဆိုရင်တော့ ဘယ်သူဖြစ်နိုင်လောက်သလဲဆိုတဲ့ သဲလွန်စတစ်ခု ကျုပ် ကူညီပေးနိုင်မယ်ထင်တယ်။”
ယွင်ဇိုင်ထျန်းက မေးငေါ့ပြီး မေးမြန်းလိုက်၏။
မုယုံမင်းကျူ- “အဲဒီလူဟာ စားဖိုမှူး… ဒါမှမဟုတ် မီးဖိုချောင် အလုပ်သမားတစ်ယောက်ပဲ ဖြစ်ရမယ်။ ကျုပ်ကို ဒီလောက်များတဲ့ ကြက်တွေ လာသတ်ခိုင်းရင်တောင်မှ သတ်နိုင်မယ်မထင်ဘူး။”
ယွင်ဇိုင်ထျန်း- “စားဖိုမှူးမဟုတ်ဘူး…”
မုယုံမင်းကျူ- “ခင်ဗျားက ဘယ်လိုလုပ်ပြီး သိနေရတာလဲ။”
ယွင်ဇိုင်ထျန်း- “အဲဒီလူဟာ အသံတစ်ချက်ကလေးမှ မထွက်စေဘဲ ကြက်အကောင် ၄၀၀ ကျော်လောက်ကို တစ်ညတည်းမှာတင် သတ်ဖြတ်နိုင်ခဲ့တယ်ဆိုတော့… သူ့ရဲ့ ဓားမော့ဟာ ကြောက်စရာကောင်းလောက်အောင်ကို လျင်မြန်လွန်းလို့ပဲ ဖြစ်ရမယ်။”
ရဲ့ခိုင်က ခေါင်းတညိတ်ညိတ်ဖြင့် ဝင်ရောက်ပြောဆိုလိုက်သည်။ “သိပ်ကို ကြောက်စရာကောင်းတဲ့ ဓားမော့တစ်လက်ပါလား…”
ယွင်ဇိုင်ထျန်း- “ဒီလောက်တောင်မှ လျင်မြန်တဲ့ ဓားမော့တစ်လက်ဖြစ်နေမှတော့ ကြက်တွေကိုအသာထားဦး… လူတွေဆိုလည်း လွယ်လွယ်ကူကူပဲ သတ်နိုင်မှာသေချာတယ်။”
ရဲ့ခိုင်က ပြုံးနေပြီး ပြောဆိုလိုက်၏။ “ဒါပေမဲ့လည်း သူ ဘယ်သူ့ကို သတ်ချင်တာလဲဆိုတာပေါ် မူတည်ပါသေးတယ်။”
ယွင်ဇိုင်ထျန်း၏ အကြည့်များက ဖူဟောင်ရွှယ်ထံသို့ ရောက်လာခဲ့ပြီး မေးမြန်းလိုက်၏။ “မင်းလက်ထဲက ဓားမော့က ကြက်အကောင်ပေါင်း ၄၀၀ ကျော်ကို ခဏချင်းမှာပဲ သတ်နိုင်လား။”
ဖူဟောင်ရွှယ်- “ခွေးတွေ၊ ကြက်တွေကို သတ်ဖို့အတွက်တော့ ဒီဓားမော့ကို အသုံးပြုစရာမလိုပါဘူး။”
ယွင်ဇိုင်ထျန်း- “အခုမှပဲ ကျုပ်ကောင်းကောင်းကြီး နားလည်သွားခဲ့တော့တယ်။”
ရဲ့ခိုင်- “ဘာများလဲဗျ…”
ယွင်ဇိုင်ထျန်း- “ဒီလောက်တောင် ထက်မြက်တဲ့ ဓားမော့သိုင်းကို တတ်ထားမှတော့ ခွေးတွေ၊ ကြက်တွေကို သတ်ဖို့အတွက် ညကြီးမင်းကြီး ဘယ်သူက လာခဲ့မှာတဲ့လဲ။”
ရဲ့ခိုင်က ပြုံးပြုံးရွှင်ရွှင်ဖြင့် ပြောဆိုလိုက်၏။ “အဲဒီလူဟာ ငကြောင်တစ်ယောက်မဟုတ်ဘူးဆိုရင်… ဘာမှလုပ်စရာမရှိလို့ သိပ်ကိုပျင်းနေတဲ့လူတစ်ယောက် ဖြစ်နေလိမ့်မယ်။”
ယွင်ဇိုင်ထျန်း- “ရန်သူဟာ ဘာရည်ရွယ်ချက်နဲ့ လုပ်နေတာလဲဆိုတာ မင်းအခုထက်ထိ မသိသေးဘူးလား။”
ရဲ့ခိုင်- “လုံး၀ မသိသေးဘူး။”
ယွင်ဇိုင်ထျန်း- “မင်း မသိဘူးပဲ ထားလိုက်ပါတော့… ဒါပေမဲ့ ဆိုရိုးစကားလေးတစ်ခုတော့ ကြားဖူးမယ်ထင်ပါတယ်။”
မုယုံမင်းကျူက မေးမြန်းလိုက်သည်။ “ဘာဆိုရိုးစကားလဲဗျ။”
ယွင်ဇိုင်ထျန်း၏ မျက်နှာထက်တွင် ကြောက်ရွံ့ထိတ်လန့်သော အမူအရာများ ထွက်ပေါ်လာခဲ့ပြီး တီးတိုးလေး ရေရွတ်ပြလိုက်သည်။ “ခွေးတစ်ကောင် ကြောင်တစ်မြီးမှ အလွတ်မပေးနဲ့…”
မုယုံမင်းကျူ၏ မျက်နှာထက်တွင် ဝေခွဲမရသော ဟန်မူရာများ ဖြစ်ပေါ်လာခဲ့ပြီး မေးမြန်းလိုက်၏။ “ဘာဖြစ်လို့များ ခွေးတစ်ကောင်မှ… ကြက်တစ်ကောင်မှ အလွတ်မပေးခဲ့ရတာလဲ…”
ယွင်ဇိုင်ထျန်း- “တစ်အိမ်လုံးကို ချေမှုန်းသုတ်သင်ပစ်ဖို့ ကြံစည်ထားတဲ့သူအတွက် သက်ရှိသတ္တဝါ တစ်ကောင်တစ်မြီးမှ အလွတ်ပေးမှာ မဟုတ်လို့ပေါ့။”
မုယုံမင်းကျူ- “အဲဒီလူဟာ ဘာဖြစ်လို့များ… ခင်ဗျားပြောချင်တာက လွန်ခဲ့တဲ့ ၁၈ နှစ်ကျော်က လူသတ်သမားက မပြီးဆုံးသေးတဲ့ ချေမှုန်းသတ်ဖြတ်မှုကို ပြန်လည်လုပ်ဆောင်နေတယ်လို့ ဆိုလိုတာလား။”
“သူတို့ပဲဖြစ်ရမယ်။” ယွင်ဇိုင်ထျန်းက ပြောဆိုလိုက်၏။ သူ့ကိုကြည့်ရသည်မှာ ဒေါသကို အတတ်နိုင်ဆုံး ထိန်းသိမ်းထားပုံရသော်လည်း စိတ်လှုပ်ရှားမှုများကိုတော့ မဖုံးကွယ်ထားခဲ့နိုင်ချေ။ အရက်တစ်ခွက်ကို တစ်ဂွပ်တည်း မော့သောက်လိုက်ပြီး ဆက်ပြောလိုက်၏။ “သူတို့ပဲ ဖြစ်ရမယ်။ ဘယ်သူဖြစ်နိုင်ဦးမှာလဲ…”
မုယုံမင်းကျူ- “ခင်ဗျားက ဘာဖြစ်လို့ ဒီလောက်တောင် သေသေချာချာကြီး ပြောနေနိုင်ရတာလဲ။”
ယွင်ဇိုင်ထျန်း- “သူတို့တတွေသာ လူသတ်သမားတွေ မဟုတ်ကြဘူးဆိုရင် ဘာဖြစ်လို့ ခွေးတွေနဲ့ ကြက်တွေကို အရင်ဦးဆုံး သတ်ဖြတ်ခဲ့ကြမှာလဲ။ သူတို့ဟာ ကျုပ်တို့ကို ခြောက်လှန့်ချင်တာမို့လို့ပေါ့။ တခြားလူတွေသာဆိုရင် ဒီလိုမျိုး အချိန်ကုန်ခံမနေတော့ဘူး။”
မုယုံမင်းကျူ- “ဒါပေမဲ့… ဘာကိစ္စနဲ့ ခြောက်လှန့်ချင်ရတာလဲ…”
ယွင်ဇိုင်ထျန်းသည် လက်သီးကျစ်ကျစ်ပါအောင် ဆုပ်ထားပြီး နဖူးပေါ်၌ ချွေးသီးချွေးပေါက်များ ကျဆင်းလာခဲ့တော့၏။ ပြီးနောက် အံကြိတ်ပြီး အော်ပြောလိုက်တော့သည်။ “ဘာဖြစ်လို့လဲဆိုတော့ သူတို့တတွေဟာ ကျုပ်တို့ကို လွယ်လွယ်ကူကူနဲ့ မြန်မြန်ပေးသေမှာမဟုတ်ဘူး။ တမျှင်းမျှင်းနဲ့ နှိပ်စက်ပြီးမှ သတ်ချင်နေကြလို့ပေါ့။”
+++++
အဝေးတစ်နေရာမှ မြင်းဟီသံများ ကြားလိုက်ကြရ၏။ ထိုအသံများမှလွဲပြီး မြင်းတစ်သောင်းဌာနကြီးတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်နေသည်။
ဆောင်းဦးလေက လွမ်းဆွတ်ဖွယ်ရာ တိုက်ခတ်လာ၏။ လူသတ်ငွေ့များက တိုက်ခတ်လာသောလေနှင့်အတူ လွင့်ပျံ့လာခဲ့ပုံရသည်။
နယ်ခြားမြို့၏ ဆောင်းဦးညသည် လူတစ်ယောက်ကို ရိုးတွင်းခြင်ဆီထဲထိ အေးစက်အောင် စွမ်းဆောင်နိုင်၏။
ဖူဟောင်ရွှယ်သည် သူ၏ဓားမော့ကို စိုက်ကြည့်နေဆဲ… ရဲ့ခိုင်သည် လူတိုင်းလူတိုင်း၏ မျက်နှာအမူအရာများကို လိုက်လံ အကဲခတ်နေ၏။
ကုန်းစွန်းတွမ့်သည် အရက်ကို တစ်ခွက်ပြီးတစ်ခွက် ဆက်တိုက်ဆိုသလို မော့သောက်နေ၏။
ကြီးမားသော မြင်းရုပ်များရေးဆွဲထားသည့် နံရံရှေ့တွင် ဟွာမင်းထျန်သည် လက်နှစ်ဘက် နောက်ပစ်ပြီး သွားချည်ပြန်ချည် လမ်းလျှောက်နေ၏။
ပင့်ကူပျံ၏ မျက်နှာသည် ဆွတ်ဆွတ်ဖြူဖွေးနေပြီး မျက်နှာကြက်ကို မော့ကြည့်နေသည်။ သူ ဘာတွေ့ထားသနည်းဆိုသည်ကို မည်သူကများ သိရှိနိုင်ပါမည်နည်း။
မုယုံမင်းကျူ သောက်ထားခဲ့သော အရက်များသည်ကား ချွေးအေးများအဖြစ် ပြန်လည်စိမ့်ထွက်လာခဲ့၏။ သူသာ လွန်ခဲ့သည့် ၁၈ နှစ်တုန်းက အဖြစ်အပျက်များနှင့် ပတ်သက်ဆက်နွယ်မှုမရှိဘူးဆိုပါက ဘာအတွက်ကြောင့် ချွေးပြန်နေရသနည်း။
မားခုန်းချွင်သည် စားပွဲထိပ်တွင် မတ်မတ်ကြီး ထိုင်နေသော်လည်း ယခုဖြစ်ပျက်နေသမျှ အားလုံးသည် သူနှင့် ဘာမှမဆိုင်သလို အမူအရာမျိုးလည်း ရှိနေပြန်၏။
သို့သော် စားပွဲပေါ်တွင် တင်ထားသော သူ့လက်နှစ်ဘက်၏ ဖိချထားမှုကြောင့် စားပွဲပေါ်တွင် လက်ရာကြီးများ ထင်ကျန်လာတော့သည်။
“အရက်သောက်တယ်ဆိုတာ စိတ်ညစ်မှုတွေကို ပြေပျောက်စေတယ်။ အရက်သမားဆိုတာ အကောင်းဆုံးပဲ…”
သို့သော် လိုလိုရှန်းသည် တကယ်ပင် အရက်မူးနေခဲ့ပါသလော…
ရဲ့ခိုင်သည် ပြုံးနေလိုက်ပြီး လူအားလုံးကို အကဲခတ်ကြည့်ရှုနေရာ အမူအရာမပြောင်းလဲသူဟူ၍ သူတစ်ယောက်တည်းသာ ရှိနေကြောင်း သိရှိလာခဲ့၏။
လေပြင်းတစ်ချက် တိုက်ခတ်လာမှုကြောင့် ခန်းမကြီးထဲရှိ ဖယောင်းတိုင်များသည် လူတို့၏ မျက်နှာများကို တဖျတ်ဖျတ်ဖြင့် မီးရောင်ပြန်ဟပ်နေ၏။ ထိုရောင်ပြန်ဟပ်မှုများကြောင့် ခန်းမထဲရှိ လူတိုင်းလိုလိုပင် မကောင်းဆိုးဝါးများ၏ ရုပ်သွင်များလို ဖြစ်ပေါ်နေကြရသည်။
အတန်ကြာသောအခါမှ မုယုံမင်းကျူက မေးမြန်းလိုက်၏။ “ကျုပ်နားမလည်နိုင်တာ တစ်ခုပဲ ရှိနေတယ်။”
“သူတို့က နတ်ဘုရားဓားမော့အိမ်တော်က လူတွေကို သတ်ဖြတ်ခဲ့ကြသူတွေပါ။ ခင်ဗျားတို့ကသာ ပြန်ပြီး လက်စားချေရမှာ မဟုတ်လား။ ဘာကြောင့်မို့လို့ သူတို့တွေက ပြန်လာပြီး လက်စားချေဖို့ ကြိုးစားနေကြတာလဲ။”
ယွင်ဇိုင်ထျန်း- “နတ်ဘုရားဓားမော့အိမ်တော်နဲ့ မြင်းတစ်သောင်းဌာနတို့ဟာ နဂိုက တစ်သားတည်းပါ။ အောင်မြင်မှု၊ ကျရှုံးမှုတွေကို ညီတူညီမျှ အကျိုးခံစားခဲ့ကြသလို ရန်ငြိုးရန်စတွေကိုလည်း ညီတူညီမျှ ရယူခံခဲ့ကြတယ်။”
မုယုံမင်းကျူ- “လူသတ်သမားတွေမှာ အခဲမကြေသေးတဲ့ ရန်ငြိုးတွေ ဆက်ရှိနေသေးတယ်လို့ ခင်ဗျား ပြောချင်တာလား။”
ယွင်ဇိုင်ထျန်း- “ဒီ အမုန်းတရားဟာ ဘယ်တော့မှ ပျောက်ပျက်သွားမှာ မဟုတ်ပါဘူး။”
မုယုံမင်းကျူ- “သူတို့က ဘာဖြစ်လို့ ၁၈ နှစ်ကြီးများတောင် စောင့်နေခဲ့ကြပြီး အခုမှ ဘာဖြစ်လို့ ပြန်လည်ထွက်ပေါ်လာခဲ့ကြတာလဲ။”
ယွင်ဇိုင်ထျန်းသည် အဝေးတစ်နေရာကို ငေးကြည့်နေပြီးမှ ဖြေဆိုလိုက်၏။ “နတ်ဘုရားဓားမော့အိမ်တော်က လူတွေအားလုံးကို သုတ်သင်နိုင်ခဲ့ကြပေမယ့် သူတို့လည်း အထိနာသွားခဲ့ကြလို့ပေါ့။”
မုယုံမင်းကျူ- “ဒါဆိုရင် အဲဒီအချိန်တုန်းက မြင်းတစ်သောင်းဌာနကို အပြတ်ရှင်းဖို့ သူတို့မှာ လူအင်အား မလုံလောက်ခဲ့ဘူးပေါ့လေ… ဟုတ်လား”
ယွင်ဇိုင်ထျန်း- “ကွမ်တောင်းနယ်ထဲမှာ မြင်းတစ်သောင်းဌာန တည်ထောင်ခဲ့ပြီးတဲ့နောက် နှစ် ၃၀ အတွင်း ဘယ်သူမှ ဌာနပိုင်နယ်မြေထဲက မြက်တစ်ပင်ကိုတောင် မထိရဲခဲ့ကြဘူး။”
မုယုံမင်းကျူ- “သူတို့ရဲ့ အင်အားကို ပြန်လည်စုစည်းခဲ့မယ်ဆိုရင် ၁၈ နှစ်လုံးလုံး စောင့်ဆိုင်းခဲ့စရာ လိုသေးလို့လားဗျာ။”
ယွင်ဇိုင်ထျန်းသည် မုယုံမင်းကျူကို ဓားတစ်လက်၏အကြည့်မျိုးဖြင့် စိုက်ကြည့်နေလိုက်ပြီး- “သူတို့တတွေ ဘယ်လောက်တောင် အထိနာသွားခဲ့သလဲမှ မသိတာ… အခုလောက်ဆို အိုမင်းမစွမ်းဖြစ်နေကြပြီး နောက်မျိုးဆက်သစ်တစ်ဆက် အရွယ်ရောက်လာသည်ထိ စောင့်ဆိုင်းနေရလို့ ဖြစ်မှာပေါ့။” ဟု ပြောဆိုလိုက်၏။
မုယုံမင်းကျူသည် အနည်းငယ် စိုးရိမ်သွားသော အမူအရာဖြင့် ဆက်လက်မေးမြန်းလိုက်၏။ “ကျုပ်တို့ထဲက တစ်ယောက်ဟာ လူသတ်ကောင်ဖြစ်နေလိမ့်မယ်လို့ ဆရာယွင် ထင်နေတာများလား။”
ယွင်ဇိုင်ထျန်း- “လွန်ခဲ့တဲ့ ၁၈ နှစ်ကတည်းက မြေခခဲ့တဲ့ သွေးတွေ ခုချိန်ထိ စိုစွတ်နေတုန်းပဲ။ ဒီညမှာ ဘာကြီးပဲဖြစ်လာဖြစ်လာ ခြိမ်းခြောက်မှုအနည်းနဲ့အများတော့ ပါရှိလာကြမယ်ထင်တယ်။ မြင်းတစ်သောင်းဌာနမှာ ရာပေါင်းများစွာသော အင်အားစုရှိနေတယ်။ လူတိုင်းလူတိုင်းရဲ့ အသက်တစ်ချောင်းတိုင်းဟာ ဒီတိုက်ပွဲရဲ့အဆုံးအဖြတ်ပေါ်မှာ မူတည်နေတယ်။ ဒါကြောင့်မို့လို့ ကျုပ်တို့ဘက်က စေ့စပ်သေချာစွာ ပြင်ဆင်ထားတာ မမှားပါဘူး။”
မုယုံမင်းကျူ- “ဒါပေမဲ့… ကျုပ်တို့အားလုံး မနေ့ညကမှ ဒီမြို့ကို ရောက်ခဲ့ကြတာလေ။”
ရဲ့ခိုင်- “အဲဒါကြောင့်မို့လို့ပဲပေါ့… ငါတို့က နယ်ခြားမြို့ကိုရောက်လာတဲ့ မျက်နှာစိမ်းတွေဖြစ်နေတဲ့အပြင် မနေ့ညကမှ ရောက်လာခဲ့ကြတာမို့ ပိုပြီးသံသယဝင်စရာ ကောင်းနေတာပေါ့။”
မုယုံမင်းကျူ- “ဘာဆိုင်လို့လဲ။”
ရဲ့ခိုင်- “ဘာဖြစ်လို့လဲဆိုတော့ ခုနလေးက ပြောသွားခဲ့တဲ့ ခွေးတွေ၊ ကြက်တွေဟာ မနေ့ညကတင် အသတ်ခံခဲ့ရလို့ပေါ့။”
မုယုံမင်းကျူ- “မင်းဆိုလိုတာက ငါတို့ထဲက တစ်ယောက်က ဒီနယ်ခြားမြို့ကလေးကို ရောက်ရောက်လာချင်း ညမှာပဲ တိရစ္ဆာန်တွေကို သတ်ဖြတ်ခဲ့တယ်ပေါ့… ဒီမှာ ပြီးခဲ့တဲ့ ၇ ရက် ၈ ရက်လောက်ကတည်းက ရောက်နေတဲ့လူတွေကျတော့ ဘာဖြစ်လို့ သံသယမရှိကြတာလဲ။”
ရဲ့ခိုင်- “၁၈ နှစ်ကြာက အမုန်းတရားဆိုတာ ၇ ရက် ၈ ရက်စောင့်ဖို့မပြောနဲ့… တစ်မိနစ်ကလေးတောင်မှ မစောင့်နိုင်ဘူး။”
မုယုံမင်းကျူသည် နဖူးပေါ်မှ ကျလာသော ချွေးစက်များကို သုတ်သင်နေပြီးမှ ပြောဆိုလိုက်သည်။ “ဘာမှ အဓိပ္ပါယ်မရှိဘူး… ဘယ်လိုမှကို အဓိပ္ပါယ်မရှိဘူး။”
ရဲ့ခိုင်- “အဓိပ္ပါယ်ရှိရှိ မရှိရှိ ငါတို့အားလုံး ကျေနပ်သင့်တယ်။”
“ကျေနပ်ရမယ်… ဟုတ်လား။ ဘာကို ကျေနပ်ရမှာလဲ။” မုယုံမင်းကျူက မေးမြန်းလိုက်၏။
ရဲ့ခိုင်သည် လက်ထဲတွင် ကိုင်ထားသော အရက်ခွက်ကို မြှောက်ပြလိုက်ပြီး - “ငါတို့ကိုသာ သံသယမရှိခဲ့ကြဘူးဆိုရင် မြင်းတစ်သောင်းဌာနရဲ့ အကောင်းဆုံးအရက်တွေကို ဘယ်လိုလုပ်ပြီး သောက်ဖူးခဲ့ကြမှာလဲ…” ဟု ပြောဆိုလိုက်သည်။
လိုလိုရှန်းသည် စားပွဲပေါ်သို့ နောက်တစ်ကြိမ် ရိုက်ပုတ်ပြီး ပြောဆိုလိုက်၏။ “သိပ်ကိုမှန်တဲ့စကားပဲ… အတိတ်ကာလဆိုတဲ့အရာကို မျက်ကွယ်ပြုထားနိုင်သူဟာ အပျော်ရွှင်ဆုံးလူပဲ… အရက်… ကျုပ်ကို အရက်ပေးကြပါဦး…”
ဤတစ်ကြိမ်တွင်တော့ သူသည် တကယ်ပင် အရက်တစ်ခွက်ကို တစ်ဂွပ်တည်း မော့သောက်ခဲ့လေသည်။
မုယုံမင်းကျူက အေးစက်စက် ပြောဆိုလိုက်၏။ “ဒီလိုအခြေအနေမျိုးမှာ အရက်သောက်နိုင်နေသေးတဲ့ ခင်ဗျားကိုတော့ အံ့ပါရဲ့ဗျာ။”
“ငါ ဘာမှ မလုပ်ထားခဲ့ဘူးဆိုတာ သိထားပြီးတဲ့နောက်တော့ ငါ့ကို ခွေးသတ်သူလို့ပဲ စွပ်စွဲနေပါစေ… ကြက်သတ်သူလို့ပဲ စွပ်စွဲနေပါစေ… ဘာအရေးလဲ။ ဘာဖြစ်လို့ ဒီအရက်ကို မသောက်နိုင်ရမှာလဲ။ အရက်… ခင်ဗျားတို့ဆီမှာ အရက် ရှိကြသေးရဲ့လား… နည်းနည်းလောက် ထပ်ပေးပါဦး…” လိုလိုရှန်းက မူးမူးရူးရူးဖြင့် ပြောဆိုလိုက်၏။
စားပွဲပေါ်သို့ အရက်များ ရောက်လာချိန်တွင်မူ သူသည် ခေါင်းငိုက်စိုက်ကျသွားခဲ့ပြီဖြစ်၏။
ဟွာမင်းထျန်သည် သူ့ကို မုန်းတီးရွံရှာသောအကြည့်များဖြင့် မျက်စိထောင့်မှ ကြည့်နေ၏။ သူ့ပုံစံကို ကြည့်ရသည်မှာ လိုလိုရှန်းကို လည်ဂုတ်မှဆွဲပြီး အပြင်သို့ ကန်ထုတ်ချင်နေပုံရသည်။
ဟွာမင်းထျန်သည် အလွန်တရာမှ သည်းခံတတ်သူဖြစ်ပြီး ဒေါသကို မျိုသိပ်ထားတတ်သူလည်း ဖြစ်၏။ မဟုတ်ပါက သဲတရှပ်ရှပ်၊ လေတဝှီးဝှီးတိုက်ခတ်နေသော ညဉ့်ယံထဲတွင် တစ်ယောက်တည်း မတ်တတ်ရပ်ပြီး စောင့်ဆိုင်းနေခဲ့ပါမည်လော…
သို့သော် လိုလိုရှန်းကို တွေ့မြင်လိုက်သည့် ခဏချင်းပင် သူ့မျက်လုံးများထဲမှ မုန်းတီးနာကျည်းသော အခိုးအငွေ့များ ထွက်ပေါ်လာခဲ့ကြ၏။ သူ၏ နဂိုမူလ အေးချမ်းနေသော မျက်နှာထက်တွင် အချိန်မရွေး ပေါက်ကွဲနိုင်သော ဒေါသများ ထွက်ပေါ်လာခဲ့၏။
ထိုအရာသည် ရဲ့ခိုင်အတွက် လွန်စွာမှပင် စိတ်ဝင်စားစရာ ကောင်းနေလေသည်။
ရဲ့ခိုင်သည် ကြုံတွေ့နေရသည့် အဖြစ်အပျက်အားလုံးကို အသေးစိတ်ကအစ သတိထားမိနေသူဖြစ်ပြီး ထိုအရာအများအတွက်လည်း စိတ်ဝင်တစား ရှိနေ၏။
အခြားသူများကို ရဲ့ခိုင်က စိတ်ဝင်တစား လေ့လာအကဲခတ်နေချိန်တွင် မားခုန်းချွင်က သူ့ကို လေ့လာအကဲခတ်နေ၏။ သူ့အတွက် ရဲ့ခိုင်သည် စိတ်ဝင်စားစရာ အကောင်းဆုံး သက်ရှိလူသားတစ်ယောက် ဖြစ်နေလေသည်။
ပြီးနောက် မတိုင်ပင်ထားဘဲ သူတို့နှစ်ယောက်၏ မျက်ဝန်းနှစ်စုံတို့ ရင်ဆိုင်မိကြလေတော့သည်။ ထိုဆုံတွေ့မှုက ဓားသွားနှစ်လက် အချင်းချင်း ရိုက်ခတ်မိခဲ့သလို မီးပွင့်များ ဖြာထွက်လာမတတ်ပင် ဖြစ်နေ၏။
မားခုန်းချွင်သည် အားတင်းပြုံးပြလိုက်ပြီး တစ်စုံတစ်ခု ပြောဆိုရန် ကြိုးစားနေပုံရသည်။
ထိုအချိန်မှာပင် မုယုံမင်းကျူက ရယ်ရယ်မောမောဖြင့် ဝင်ရောက်ပြောဆိုလာခဲ့၏။ “ကျုပ် အားလုံးကို နားလည်သွားခဲ့ပြီ။”
ယွင်ဇိုင်ထျန်း- “ခင်ဗျားက ဘာတွေကိုများ နားလည်သွားခဲ့တာလဲ။”
မုယုံမင်းကျူ- “တတိယသခင်ကြီးဟာ နယ်ခြားမြို့လေးကို ခုလေးတင် ရောက်လာခဲ့ကြတဲ့ ကျုပ်တို့ ၅ ယောက်ထဲက တစ်ယောက်ကို လက်စားချေဖို့ လာတဲ့လူတစ်ယောက်လို့ ထင်နေတယ်။ ဒါကြောင့်မို့ ဘယ်သူဖြစ်နိုင်မလဲဆိုတာ ခန့်မှန်းကြည့်ချင်လို့ ကျုပ်တို့အားလုံးကို ဖိတ်ခေါ်ခဲ့တာပေါ့။”
မားခုန်းချွင်- “ကျုပ် ခန့်မှန်းနိုင်မယ်လို့ကော မင်းက ထင်နေလို့လား။”
မုယုံမင်းကျူ- “မထင်ပါဘူး။ အဲဒီလူရဲ့နဖူးမှာ ရေးမှမထားတာ။ အဲဒီလူကိုယ်တိုင် ဝန်ခံလာဖို့ဆိုရင် ပိုပြီးမဖြစ်နိုင်သေးတယ်။”
မားခုန်းချွင်- “ကျုပ်ကိုယ်တိုင် မခန့်မှန်းနိုင်မှတော့ ဘာဖြစ်လို့များ ဒီလောက်အချိန်ကုန်ခံပြီး ကြိုးစားနေရမှာလဲ။”
ရဲ့ခိုင်က မှတ်ချက်ပေးလိုက်၏။ “တတိယခင်ကြီးဟာ အဓိပ္ပါယ်မရှိတဲ့အလုပ်တွေကို ဘယ်တော့မှ လုပ်မယ့်သူမဟုတ်ပါဘူး။”
မားခုန်းချွင်- “ညီလေးရဲ့က ကျုပ်ရဲ့စိတ်ဓာတ်ကို ကောင်းကောင်းကြီး သိနေပါလား။”
မုယုံမင်းကျူက အော်ဟစ်ပြောဆိုလိုက်၏။ “ဒါဆိုရင် ကျုပ်တို့အားလုံးကို ဒီညဖိတ်ခေါ်ထားရတဲ့အကြောင်းအရင်းက ဘာသဘောလဲ။ မေးခွန်းထုတ်ချင်လို့လား… ဒါမှမဟုတ် ကျုပ်တို့အားလုံး မူးကွဲသွားအောင် အရက်တိုက်ချင်လို့များလား။”
ယဉ်ကျေးသိမ်မွေ့သော လူရွယ်တစ်ယောက်ထံမှ ဤသို့သော စကားများ ထွက်ပေါ်လာခဲ့ကြ၏။ စောစောတုန်းကလေးတင် အရှက်တကွဲအကျိုးနည်း ဖြစ်ခဲ့ရသည်များသည် အရက် ၃ ခွက် ဝင်သွားပြီးသည့်နောက် ကြက်ပျောက်ငှက်ပျောက် ပျောက်ကုန်ကြလေပြီလား…
လူချမ်းသာများ၏ သားသမီး အားလုံးလိုလို ဤအတိုင်းပင် မောက်မာကြပါသလား…
သို့သော် ရဲ့ခိုင်အတွက်တော့ ထိုသူ၏ အမူအရာများသည် စိတ်ဝင်စားစရာ အလွန်ကောင်းနေလေသည်။ မုယုံမင်းကျူထံတွင် စိတ်ဝင်စားစရာများ ပြည့်နှက်နေကြောင်း ရဲ့ခိုင် တွေ့ရှိနေ၏။
အတန်ကြာမျှ တိတ်ဆိတ်နေခဲ့ပြီးနောက် မားခုန်းချွင်သည် မတ်တတ်ထရပ်လိုက်ပြီး ကြေငြာလိုက်သည်။ “ညလည်းနက်ပြီ… မြို့ထဲကို အပြန်ခရီးကလည်း တော်တော်လှမ်းတယ်။ အားလုံးပဲ စိတ်မရှိကြဘူးဆိုရင် ဒီည ဒီမှာပဲ တည်းခိုကြပါလား။ ပြောစရာရှိနေသေးတယ်ဆိုရင်လည်း မနက်ဖြန်ကျမှပဲ ပြောတော့ပေါ့။”
ရဲ့ခိုင်သည်လည်း ဟားသန်းနေလိုက်ပြီး “မှန်တယ်… ပြောစရာရှိနေသေးတယ်ဆိုရင် မနက်ဖြန်ကျမှ ဆက်ပြောကြတာပေါ့။” ဟု ထပ်ဖြည့်ပြောလိုက်၏။
ပင့်ကူပျံ- “အစ်ကိုတော်ရဲ့က လွယ်လွယ်ကူကူ လက်ခံနားလည်တတ်သူ တစ်ယောက်ပါလား။ စိတ်မကောင်းတာကတော့ လူတိုင်းလူတိုင်း သူ့လို နားလည်လက်ခံနိုင်ကြမှာ မဟုတ်ဘူး။”
မားခုန်းချွင်က မေးမြန်းလိုက်၏။ “မင်းကရော… ဘယ်လိုလူစားမျိုးလဲ။”
ပင့်ကူပျံ- “ကျုပ်လိုလူစားမျိုးက ဘာကိုများ ငြင်းပယ်နိုင်တော့မှာလဲဗျာ။”
မုယုံမင်းကျူသည် စားပွဲပေါ်တွင်ရေးထားသော စာတမ်းကြီးကို စိုက်ကြည့်နေပြီး “မြို့ထဲမှာ ရှိနေတဲ့ တည်းခိုခန်းတွေထက်တော့ အပုံကြီး သာပါသေးတယ်။” ဟု ပြောဆိုလိုက်၏။
မားခုန်းချွင်- “ညီလေး ဖူ…”
ဖူဟောင်ရွှယ်က မဆိုင်းမတွပင် တုံ့ပြန်လိုက်သည်။ “ကျုပ်ရဲ့ဓားမော့ ဒီမှာရှိနေနိုင်မယ်ဆိုရင် ကျုပ်လည်း ရှိနေမှာပဲ။”
“ကျုပ်ကတော့ ဒီမှာ မနေနိုင်ဘူး။” လိုလိုရှန်းက ရုတ်တရက် ထအော်လိုက်သည်။ “ညဉ့်သန်းခေါင်ကြီး လူသတ်သမား ရောက်လာပြီး ကျုပ်ခေါင်းကို ခုတ်ဖြတ်သွားရင် ဘယ်လိုလုပ်မလဲ။ မတရားတဲ့ သေခြင်းမျိုးနဲ့ ကျုပ်သေသွားမှာပေါ့။”
ဟွာမင်းထျန်- “ခင်ဗျား တကယ်ပဲ ထွက်သွားတော့မယ်ပေါ့။”
လိုလိုရှန်သည် မူးယစ်ရီဝေနေသော မျက်လုံးများဖြင့် ဘေးဘီတဝိုက်ကို လှည့်ကြည့်နေလိုက်ပြီး ဗလုံးဗထွေး ရေရွတ်လိုက်၏။ “မနက်ကျရင် ဒီ့ထက်ကောင်းတဲ့ အရက်တိုက်မယ်ဆိုလို့ကတော့ ကျုပ်ရဲ့ ဦးခေါင်းကြီး အဖြတ်ခံလိုက်ရပါစေ… ကံဆိုးလို့ပဲလို့ မှတ်ယူလိုက်မယ်။”
သူတို့အားလုံး ထရပ်လိုက်ကြသည်။ မည်သူမှ ထွက်ခွာသွားရန် မငြင်းဆန်ခဲ့ကြချေ။
ယနေ့ညသည် အေးအေးချမ်းချမ်း အိပ်စက်အနားယူဖို့ မဖြစ်နိုင်ကြောင်း သိထားကြသော်လည်း ထွက်သွားသည်ထက်စာလျှင် ပို၍ကောင်းသေးသည်ဟု အားလုံး မှတ်ယူထားကြ၏။
လွင်ပြင်ရိုင်းကြီးများထဲတွင် တစ်ယောက်တည်း ခရီးသွားနေသူတစ်ယောက်သည် အချိန်မရွေး တစ်စုံတစ်ခု ဖြစ်သွားနိုင်သည်မဟုတ်ပါလား။
စားပွဲတွင်တော့ ကုန်းစွန်းတွမ့်တစ်ယောက်တည်း ကျန်နေခဲ့ပြီး အရက်ကို တစ်ခွက်ပြီးတစ်ခွက် မနားတမ်း သောက်နေ၏။
ပြင်းထန်စွာ တိုက်ခတ်နေသော လေရိုင်းများက ငြိမ်သက်သွားခဲ့လေပြီ။ သို့သော် နေ့သစ်တစ်နေ့၏ နေရောင်ခြည်သမ်းဖို့ ဆိုသည်မှာ အဝေးကြီးလိုသေး၏။
ညသည် ကြောက်မက်ဖွယ်ကောင်းလောက်အောင်ကို တိတ်ဆိတ်သွားခဲ့ပြန်၏။ တိုက်ခတ်လာသောလေနှင့်အတူ ပါရှိလာသော မြင်းဟီသံများမှအပ အခြားအသံများ တိတ်ဆိတ်နေ၏။
မိုးကုတ်စက်ဝိုင်းအစွန်းတစ်ဘက်တွင် ချိတ်ဆွဲထားဟန်တူသော မီးအိမ်ငယ်လေး၏ ယိမ်းယိုင်နေပုံမှာ ပို၍ပင် ခြောက်ခြားစရာ ကောင်းနေသေးတော့၏။
နယ်ခြားမြို့၏ ညတစ်ညသည် သူ့ပတ်ဝန်းကျင်အတိုင်းပင် တိတ်ဆိတ်ခြောက်ကပ်နေသည်။
0 comments:
Post a Comment