Thursday, March 10, 2011

(၃) ဧည့်ခံသောဓားမော့များ၊ပြတ်ထွက်သွားသောအူအထွေးများ

အဖြူရောင်ဝတ်စုံနှင့်လူသည် ၁၀ မီတာခန့်ပြေးထွက်သွားပြီးနောက် မြေကြီးပေါ်သို့ ခြေဖျားတစ်ချက်ထောက်လိုက်ပြီး လေထဲသို့ ပျံတက်သွားခဲ့သည်။


လွင်ပြင်ရိုင်းကြီးသည် ကြောက်မက်ဖွယ်ကောင်းလောက်အောင်ပင် တိတ်ဆိတ်ငြိမ်သက်နေ၏။ ညဉ့်အမှောင်ထုထဲ၌ အဝါရောင် သဲမြေများက အရပ်မျက်နှာအားလုံးသို့ မှုန်ဝါးစွာ ဖုံးလွှမ်းထား၏။ လူတစ်ယောက်၏အရိပ်ကို မည်သို့ လိုက်ရှာနိုင်ပါ့မည်နည်း။

တစ်ခုတည်းသော သဲလွန်စမှာ စောစောတုန်းက သီချင်းသံ၏ ပဲ့တင်သံပင်ဖြစ်၏။ ထိုအသံသည် ညဉ့်အမှောင်ထုထဲတွင် သဲ့သဲ့လေး ပျံ့လွင့်လာ၏။

လေက တဝီးဝီးတိုက်နေ၏။

အဖြူရောင်ဝတ်ဆင်ထားသူက နက်ရှိုင်းသောအသံဖြင့် အော်ပြောလိုက်သည်။
“မိတ်ဆွေ… ရန်စလာခဲ့ပြီးမှတော့ လူလုံးထွက်ပြလိုက်ပါလား။”

သူ၏အသံက တိုးညင်းစွာ ထွက်ပေါ်လာခဲ့သော်လည်း စူးရှပြတ်သားပြီး အတွင်းအားအပြည့်ရှိကြောင်း ဖော်ပြနေ၏။ စကားလုံးတစ်လုံးတိုင်း တစ်လုံးတိုင်းသည် ကြည်လင်ပြတ်သားစွာ အဝေးတစ်နေရာထိ လွင့်ပျံ့သွားခဲ့၏။

ထိုစကားများကို ပြောဆိုခဲ့အပြီးတွင် အဖြူရောင်ဝတ်ဆင်ထားသူသည် လွင်ပြင်ရိုင်းကြီးထဲ၌ နောက်ထပ် ၁၀ မီတာခန့် ပြေးလွှားနေလိုက်သေး၏။ လွင်ပြင်ထဲတွင် ပေါက်ရောက်နေသော မြက်ရိုင်းပင်များသည် တဖြူးဖြူး တိုက်ခတ်လာသောလေကြောင့် ပင်လယ်ထဲမှ လှိုင်းလုံးများလို တစ်လိမ့်ပြီးတစ်လိမ့် လူးလွန့်နေကြ၏။

မည်သည့်အရာမျှ မမြင်ရသလို၊ မည်သည့်အသံမျှလည်း မကြားနိုင်ပါ။

“ကောင်းပြီလေ… မင်းဘယ်လောက်ကြာကြာ ဆက်ပြီး ပုန်းနေနိုင်သေးလဲဆိုတာ ကြည့်ရသေးတာပေါ့။”
အဖြူရောင်ဝတ်ဆင်ထားသူက အော်ပြောလိုက်သည်။

သူသည် ကောင်းကင်ပေါ်သို့ မော့ကြည့်နေပြီး ကိုယ်ဖော့ပညာဖြင့် ခုန်ပျံထွက်သွားလိုက်ပြန်သည်။ မြေကြီးပေါ်သို့ ၇ ကြိမ် ၈ ကြိမ်ခန့် ခုန်ပျံလိုက်ရာ ရထားလုံးဆီသို့ ပြန်လည် ရောက်ရှိလာတော့သည်။

ရဲ့ခိုင်သည် ရထားလုံးအတွင်း ဘေးတစ်ဘက်တွင် ပျင်းရိပျင်းတွဲ ငိုက်မြည်းနေဆဲ ရှိနေသည်။ သူ၏လက်တစ်ဘက်က ရထားလုံး၏ ပြတင်းပေါက်ကို တဒေါက်ဒေါက်ခေါက်နေပြီး တစ်စုံတစ်ခုကို တီးတိုးရေရွတ်နေ၏။

“မြင်းတစ်သောင်းဌာနကို ဝင်ရောက်သွားတာနဲ့၊ ဓားမော့တွေနဲ့ ဧည့်ခံကြတယ်၊ အူအထွေးလိုက်ပြတ်ကုန်ကြတယ်… အိမ်ပြန်ဖို့ စိတ်မကူးပါနဲ့တော့…”

သူ၏မျက်လုံးများက မှေးတစ်ဝက် ဖွင့်တစ်ဝက်ဖြစ်နေကြပြီး မျက်နှာပေါ်တွင် ရိသဲ့သဲ့အပြုံးတစ်ခု ထွက်ပေါ်နေ၏။ ကြည့်ရသည်မှာ ထိုသီချင်းကို အင်မတန် နှစ်သက်နေပုံရသည်။

အဖြူရောင်ဝတ်ဆင်ထားသူသည် ရထားလုံးတံခါးကို ဆွဲဖွင့်ပြီး အတွင်းသို့ ဝင်ရောက်လာခဲ့၏။ ပြီးနောက် ရဲ့ခိုင်ကို ပြုံးပြလိုက်ပြီး-
“အရူးတစ်ယောက် စိတ်ဖောက်ပြန်ပြီး လျှောက်အော်နေတာပါ။ စိတ်မရှိပါနဲ့ဗျာ။”

ရဲ့ခိုင်-
“အဲဒီလူဆိုသွားတဲ့ သီချင်းက အမှန်ပဲလား၊ လုပ်ကြံပြီး ဆိုထားတာလားဆိုတာ ကျုပ်နဲ့ ဘာမှမဆိုင်ဘူး။ အဲဒီတော့ ကျုပ် နားထောင်ထောင်/မထောင်ထောင် အရေးမကြီးပါဘူးဗျာ။”

အဖြူရောင်ဝတ်စုံနှင့်လူသည် အာမေဋိတ်သံတစ်ချက် ထုတ်ကာ အံ့ဩမှုကို ပြသလိုက်၏။

ရဲ့ခိုင်-
“ကျုပ်ဆီမှာ ဘာဓားတစ်လက်မှလည်း ရှိမနေတာ ခင်ဗျားအမြင်ပဲလေ။ ကျုပ်ရဲ့ အူတွေကလည်း အရက်ဒဏ်ကြောင့် ပျက်စီးသွားခဲ့ပြီဆိုတာ သေချာသလောက်ပါပဲ။ နောက်ပြီးတော့ ကျုပ်ဆိုတဲ့ကောင်က ကမ္ဘာမြေကြီးရဲ့ အစွန်းဘက်ထိ၊ အရပ်လေးမျက်နှာကို ခြေသလုံးအိမ်တိုင်လုပ်ပြီး သွားလာနေတဲ့ လူတစ်ယောက်ဆိုတော့… ခင်ဗျားတို့ရဲ့ တတိယသခင်ကြီးက မြင်းတစ်သောင်းဌာနမှာ ကျုပ်ကို ရာသက်ပန်နေစေချင်တယ်ဆိုရင် ပိုပြီးတော့တောင် ကောင်းသေးတယ်။”

အဖြူရောင်ဝတ်ဆင်ထားသူသည် သဘောကျစွာ ဟက်ဟက်ပက်ပက် ရယ်မောလိုက်ပြီး-
“ခင်ဗျားကတော့… တကယ့်လူပါပဲ။ ဘာမှကို အပူအပင် မရှိတဲ့လူတစ်ယောက်ပါလား။ သာမန်လူတွေနဲ့ယှဉ်လိုက်ရင် ခင်ဗျားက အပုံကြီးသာသေးပါတယ်ဗျာ။”

ရဲ့ခိုင်က မျက်တောင်ခတ်ပြီး ပြောဆိုလိုက်၏။
“‘မြူနှင်းကြိုးကြာ’ ယွင်ဇိုင်ထျန်းရဲ့ ကိုယ်ဖော့ပညာဆိုတာ သူရဲ့အကျွမ်းကျင်ဆုံး ပညာရပ် ၃ မျိုးထဲက တစ်မျိုးပါဗျာ။ ခင်ဗျားကို ယှဉ်ပြိုင်နိုင်မယ့်သူဆိုလို့ သိပ်ပြီးမရှိလှပါဘူး။”

အဖြူရောင်ဝတ်ဆင်ထားသူ၏ မျက်နှာထက်တွင် ကျေနပ်နှစ်သိမ့်သော အမူအရာများ ထွက်ပေါ်လာခဲ့သော်လည်း ခဏချင်းပင် ပြန်လည် ပျောက်ကွယ်သွားခဲ့၏။
“ကျုပ် သိုင်းလောကကနေ အနားယူသွားခဲ့တာ ၁၀ နှစ်ကျော်ကြာပါပြီဗျာ။ တစ်ချက်ကလေး ကြည့်လိုက်ရုံနဲ့ ကျုပ် ဘယ်သူမှန်း တန်းပြီးပြောနိုင်တာကိုတော့ အံ့ဩမိတယ်။ ခင်ဗျားရဲ့မျက်လုံးတွေက သိပ်ကို စူးရှလွန်းလှပါလား။”

ရဲ့ခိုင်-
“ကျုပ်ရဲ့မျက်လုံးတွေက ဒီလောက်ကြီးလည်း မစူးရှပါဘူးဗျ။ ဒါပေမဲ့ ‘ပြတင်းပေါက်ဖွင့်၊ လရိပ်ထွက်ကြည့်’၊ ‘ကြိုးကြာတိမ်လွှာပျံတက်ဟန်’၊ ပြီးတော့ ‘ပုစဉ်းရင်ကွဲမိုးပျံ၈ဆင့်’ ဆိုတဲ့ ကိုယ်ဖော့ပညာရပ်တွေဟာ သိုင်းလောကမှာ မြင်တွေ့ရခဲလှတဲ့ ပညာရပ်တွေပါ။ ဒီပညာရပ်တွေကို တွေ့မြင်လိုက်ရသူ ဘယ်သူမဆို တစ်ခါတည်းနဲ့ မှတ်မိသွားနိုင်လောက်ပါတယ်ဗျာ။”

ယွင်ဇိုင်ထျန်း-
“ကျုပ်ရဲ့ မဖြစ်စလောက်ပညာရပ်လေးအတွက် ရှက်မိပါတယ်ဗျာ။”

ရဲ့ခိုင်-
“အဲဒီ ကိုယ်ဖော့ပညာရပ်တွေသာ မဖြစ်စလောက်ပညာရပ်ကလေးတွေဆိုရင် ကျုပ်ကိုယ်ကျုပ် ခုချက်ချင်းပဲ ပြတင်းပေါက်ကနေ ထွက်သွားပြီး သေလိုက်ဖို့ကောင်းတယ်။”

ယွင်ဇိုင်ထျန်း၏ မျက်နှာထက်၌ အပြုံးတစ်ခု ခပ်သဲ့သဲ့လေးထွက်ပေါ်လာခဲ့၏။
“ခင်ဗျားရဲ့ အသက်အရွယ်လေးနဲ့ သိုင်းလောကရဲ့ ဗဟုသုတတွေက မသေးလှပါလား။ သိုင်းဂိုဏ်းအသီးသီးရဲ့ လှုပ်ရှားတိုက်ခိုက်ဟန်တွေကို ခင်ဗျားရဲ့ လက်ခုံအနောက်ဘက်ကို သိသလိုကို သိနေတော့တာပါပဲလား။ ဒါပေမဲ့ ခင်ဗျားရဲ့ ဇစ်မြစ်ကို အခုချိန်ထိ ကျုပ်မသိနိုင်သေးတာကိုတော့ အရှက်ရမိပါရဲ့။”

ရဲ့ခိုင်-
“ကျုပ်ဆိုတဲ့ကောင်က အရပ်ရှစ်မျက်နှာကို ခြေသလုံးအိမ်တိုင်လုပ်ပြီး သွားလာနေတဲ့သူပါ။ ကျုပ်ရဲ့ဇစ်မြစ်ကိုသာ ခင်ဗျား သိနိုင်ခဲ့မယ်ဆိုရင် သိပ်ကိုထူးဆန်းနေတော့မှာပဲ။”

ယွင်ဇိုင်ထျန်းသည် ဘာမှပြန်မပြောတော့ဘဲ တိတ်ဆိတ်ငြိမ်သက်သွားခဲ့တော့၏။ ထိုအချိန်၌ပင် အပြင်ဘက်မှ ဒေါက်.. ဒေါက်.. ဒေါက် ဆိုသော တံခါးခေါက်သံ ထွက်ပေါ်လာခဲ့လေသည်။ သူတို့၏ ရထားလုံးကို တစ်စုံတစ်ယောက်က တံခါးခေါက်လာခဲ့ချေပြီ။

ယွင်ဇိုင်ထျန်းက မေးမြန်းလိုက်၏။
“ဘယ်သူလဲ…”

မည်သည့် တုံ့ပြန်သံမှ မထွက်ပေါ်လာခဲ့ပါ။ နောက်တစ်ကြိမ် တံခါးခေါက်သံသာ ထွက်ပေါ်လာခဲ့၏။ ဒေါက်… ဒေါက်… ဒေါက်…

ယွင်ဇိုင်ထျန်းသည် မျက်မှောက်ကျုံ့ပြီး ရုတ်တရက် တံခါးကိုဖွင့်ပေးလိုက်၏။

ရထားလုံး၏ တံခါးမှာ ဖွင့်ချည်ပိတ်ချည်ဖြစ်နေ၏။ သို့သော် သူတို့ဖြတ်သန်းခဲ့သော လမ်းကြောင်းမှအပ မည်သည့်အရာမျှ မတွေ့ရှိခဲ့ရပါ။ ရထားလုံး၏နောက်တွင် စက္ကူစတစ်စလောက်ပင် မတွေ့နိုင်သော ယခုလိုအချိန်မျိုး၌ လူတစ်ယောက်၏ အရိပ်အယောင်ကို တွေ့နိုင်ဖို့ဆိုသည်မှာ ဝေးစွ…

သို့သော် တံခါးလာခေါက်သူသည် သက်ရှိလူသားတစ်ယောက်ပင် ဖြစ်ရပေမည်။

ယွင်ဇိုင်ထျန်း၏ မျက်နှာတစ်ချက် ပျက်သွားခဲ့ပြီး-
“ထူးထူးဆန်းဆန်း အဖြစ်အပျက်တွေနဲ့ လူတွေကို ကြောက်အောင် ဖြဲခြောက်တတ်သူတွေ ရှိနေသေးတာကိုး… အရူးတွေပဲ မင်းတို့ရဲ့ လှည့်ကွက်ထဲကို အဝင်ခံလိမ့်မယ်။”

သူသည် ထိုစကားကို ပြောဆိုအပြီး၌ တံခါးပိတ်ရန် ဟန်ပြင်လိုက်စဉ်မှာပင် ရထားလုံးတံခါးကြားသို့ လက်တစ်ဘက် လျှိုဝင်လာခဲ့၏။ ခွက်စုတ်တစ်လုံး ကိုင်ဆောင်ထားသော ညစ်ပတ်ပတ် အဝါရောင် လက်တစ်ဘက်လည်းဖြစ်သည်။

ရထားလုံး၏ ခေါင်မိုးပေါ်မှာ ဆွဲဆွဲငင်ငင်ရှိလှသော အသံတစ်သံ ထွက်ပေါ်လာသည်။
“အရက်… အရက် ရှိသေးလား။ ကျုပ်ခွက်ထဲကို အရက် ဖြည့်ပေးပါ… ရေဆာလို့ သေတော့မယ်။”

ယွင်ဇိုင်ထျန်း၏ မျက်နှာထက်၌ အပြုံးတစ်ခု ရုတ်တရက် ထွက်ပေါ်လာခဲ့ပြီး ပြောဆိုလိုက်သည်။
“ကျုပ်တို့ ရထားလုံးပေါ်မှာ အရက်တွေ ယူဆောင်လာခဲ့တာ ကံကောင်းတာပဲ။ ဆရာလို… ကျုပ်တို့နဲ့ အရက်လာသောက်ပါလား။”

ခြေနင်းခုံပြတ်နေသော ကောက်ရိုးဖိနပ်များ စီးထားသည့် ရွှံ့အလိမ်းလိမ်း ပေကျံနေသော ခြေထောက်တစ်စုံသည် ရထားလုံး၏ ပြတင်းပေါက်မှ တွဲလောင်းကျလာခဲ့ပြီး ရထားလုံးလှုပ်ရှားသွားတိုင်း ထိုခြေထောက်တစ်စုံက ဘယ်ညာရှေ့နောက် ယိမ်းယိုင်နေကြ၏။

ထိုသူ့ကို ရထားလုံးပေါ်မှ ပြုတ်ကျသွားတော့မလားဟုပင် ရဲ့ခိုင် စိုးရိမ်စိတ်များ ဝင်လာခဲ့ရသည်။

သို့သော် မျက်စိတစ်မှိတ်အတွင်းတွင် ရထားလုံးထဲသို့ လူတစ်ယောက် ရောက်ရှိလာခဲ့လေသည်။ ရဲ့ခိုင်နှင့် မျက်နှာချင်းဆိုင်တွင် ထိုင်နေပြီး ရဲ့ခိုင်ကို မူးယစ်ရီဝေသော မျက်လုံးများဖြင့် စိုက်ကြည့်နေ၏။

ရဲ့ခိုင်သည်လည်း ထိုသူ့ကို ပြန်လည် စိုက်ကြည့်နေလေသည်။

ထိုသူသည် အစိမ်းရောင် စာပေသမားဝတ်စုံကို ဝတ်ဆင်ထား၏။ ထိုဝတ်စုံသည် လွန်စွာမှပင် သန့်ရှင်းတောက်ပြောင်နေပြီး ချုပ်ရာဖာရာတစ်ကွက်မျှ မတွေ့ရချေ။

သို့သော် ထိုသူ၏ ခြေလက်များကို ကြည့်လိုက်မည်ဆိုပါက ထိုအဝတ်အစားများနှင့် လုံးဝလိုက်ဖက်မှု မရှိကြောင်း တွေ့နိုင်မည်ဖြစ်၏။ ရဲ့ခိုင်သည် ထိုသူ့ကို တွေ့တွေ့လိုက်ချင်းပင် စိတ်ဝင်စားစရာကောင်းသူတစ်ယောက်အဖြစ် မှတ်ယူလိုက်တော့သည်။

ဆရာလိုဆိုသူက သူ၏မျက်လုံးများကို ပြူးကျယ်စွာ ဖွင့်ထားပြီး ပြောဆိုလိုက်သည်။
“မင်းက ကျုပ်ကို ဘာဖြစ်လို့ စိုက်ကြည့်နေတာလဲ။ ဒီအဝတ်အစားတွေကို ကျုပ် ခိုးယူခဲ့တယ်လို့များ တွေးနေတာလား။”

ရဲ့ခိုင်က ပြုံးပြလိုက်ပြီး ဖြေဆိုလိုက်၏။
“တကယ်ပဲ ခိုးလာခဲ့တယ်ဆိုရင် ခင်ဗျားခိုးလာခဲ့တဲ့နေရာလေး ကျုပ်ကိုပြောပြပါလား။ ကျုပ်လည်း သွားခိုးယူရအောင်လို့ပါ။”

ဆရာလိုက မေးမြန်းလိုက်သည်။
“မင်းရဲ့အဝတ်အစားတွေ မလဲခဲ့တာ ဘယ်လောက်တောင်မှ ကြာခဲ့ပြီလဲ။”

ရဲ့ခိုင်-
“သိပ်တော့မကြာသေးပါဘူး။ ၃ လလောက်ပဲ ရှိပါသေးတယ်။”

ဆရာလိုက မျက်လုံးများကို ဝေ့ဝိုက်ကြည့်နေပြီး ပြောဆိုလိုက်၏။
“ဒါကြောင့် ရထားလုံးထဲမှာ ငါးပုပ်နံ့ ထွက်နေတာကိုး… မထူးဆန်းတော့ပါဘူး။”

ရဲ့ခိုင်က မေးမြန်းလိုက်ပြန်သည်။
“ခင်ဗျားကျတော့ရော… အဝတ်အစားတွေကို ဘယ်နှစ်ကြိမ်လောက် လဲဝတ်တတ်လဲ။”

ဆရာလို-
“ဘယ်နှစ်ကြိမ်လို့ မေးလိုက်တာလား။ ကျုပ်ရဲ့အဝတ်အစားတွေကို တစ်ရက်ကို နှစ်ကြိမ်လဲတယ်ကွ။”

ရဲ့ခိုင်က မေးမြန်းလိုက်ပြန်၏။
“ရေကော… ဘယ်နှစ်ခါလောက်များ ချိုးခဲ့လို့လဲ။”

ဆရာလို-
“ရေချိုးတယ်ဆိုတာ ကျန်းမာရေးကို ထိခိုက်တတ်တယ်ကွ။ ဒါကြောင့်မို့လို့ ကျုပ် ရေတစ်ခါမှ မချိုးဘူး။”

ရဲ့ခိုင်က ပြုံးပြီး တုံ့ပြန်လိုက်သည်။
“ဒါဆိုရင် ခင်ဗျားက အိုးအသစ်ထဲမှာ ထည့်ထားတဲ့ နှစ်ချို့အရက်ပဲ။ ကျုပ်ကတော့ နှစ်ချို့အိုးထဲမှာ ထည့်ထားတဲ့ အရက်သစ်ပေါ့။ အပြင်အဆင်ပဲကွာတယ်၊ အထဲကပစ္စည်းကတော့ အတူတူပဲ။ ဘာဖြစ်လို့များ အလုပ်ရှုပ်ခံနေကြရဦးမှာလဲဗျာ။”

ဆရာလိုဆိုသူသည် ရဲ့ခိုင်ကို စိုက်ကြည့်နေ၏။ သူ၏မျက်လုံးများက စူးစူးစိုက်စိုက် စိုက်ကြည့်နေ၏။ ရုတ်ချည်းပင်… ဆရာလိုသည် ကျယ်လောင်စွာ ကျူးရင့်လိုက်လေတော့သည်။
“ကောင်းလိုက်တာ… တော်လိုက်တာ… အဲဒီဥပမာလေးက သိပ်ကောင်းတာပဲ။ ခင်ဗျားလည်း စာပေသမားတစ်ယောက်ပဲ ဖြစ်ရမယ်၊ သိပ်ကိုတော်တဲ့ စာပေသမားတစ်ယောက် ဖြစ်ကိုဖြစ်ရမယ်။ လာဗျာ… ကျုပ်နဲ့ တစ်ခွက်တစ်ဖလားလောက် သောက်လိုက်စမ်းပါ။ အလွန်တော်တဲ့ စာပေသမားတွေနဲ့ တွေ့ပြီးတဲ့နောက် ကျုပ်အနေနဲ့ အရက်နှစ်ခွက်လောက်မှ မသောက်လိုက်ရဘူးဆိုရင် နောက်တစ်နေ့ကျတော့ အဖျားကဝင်ချင်လာရောဗျ…”

ယွင်ဇိုင်ထျန်းက ပြုံးပြီး ဝင်ရောက်ပြောဆိုလိုက်၏။
“ခင်ဗျားတို့နှစ်ယောက်ကို မိတ်မဆက်ပေးရသေးဘူး။ သူကတော့ ဝူတန်းဂိုဏ်းရဲ့ ထိပ်သီးသိုင်းပညာရှင် တစ်ယောက်ဖြစ်ပြီး၊ သိုင်းလောကမှာ စာပေအတတ်ကျွမ်းဆုံးထဲကလို့ ပြောလို့ရတဲ့ လိုလိုရှန်း၊ ဆရာကြီးလိုလိုရှန်းပါ။”

ရဲ့ခိုင်က ကိုယ့်ကိုယ်ကို မိတ်ဆက်လိုက်၏။
“ကျနော်က ရဲ့ခိုင်ပါ။”

လိုလိုရှန်း-
“မင်းဟာမင်း လေလွင့်နေတဲ့ သစ်ရွက်ပဲဖြစ်ဖြစ်၊ အပင်မှာ မြဲနေတဲ့သစ်ရွက်ပဲဖြစ်ဖြစ်… ကျုပ်ကတော့ ဂရုမစိုက်ပါဘူး။ ပညာရှိ စာပေသမားတစ်ယောက် ဖြစ်နေသရွေ့တော့ ကျုပ်က အရက် ၃ ခွက်လောက်နဲ့ကို ဂုဏ်ပြုဦးမှာ။”

ရဲ့ခိုင်-
“၃ ခွက်လောက်ကို အသာထားလိုက်ပါဦး။ ခွက် ၃၀၀ ဆိုလည်း ကျုပ်က မငြင်းပါဘူးဗျ။”

လိုလိုရှန်း-
“မှန်တယ်။ တွေ့ဆုံပွဲအတွက်ဆိုရင် ခွက် ၃၀၀ လောက် အနည်းဆုံးတော့ သောက်သင့်တယ်။ ပြီးတော့မှ အိုးလွတ်ကြီးကို ခါပြီး လမင်းကြီးကို မော့ကြည့်ကြတာပေါ့။ လာ…သောက်ကြစို့…”

ယွင်ဇိုင်ထျန်းသည် ရထားလုံးထိုင်ခုံအောက်မှ အရက်တစ်အိုးကို ဆွဲထုတ်လာခဲ့၏။ ပြီးနောက် လိုလိုရှန်းကို ပြုံးရယ်ပြီး ပြောဆိုလိုက်သည်။
“ဆရာလို… ခဏနေလို့ တတိယသခင်ကြီးနဲ့ တွေ့တဲ့အခါကျရင် ရထားလုံးပေါ်က ဆင်းဆင်းချင်း အရက်တော့ မမူးစေနဲ့နော်။”

လိုလိုရှန်း-
“တတိယသခင်ကြီးသော၊ စတုတ္ထသခင်ကြီးသော နားမလည်ဘူး။ ကျုပ်အခု ဒီက စာပေသမားလေးနဲ့ အရက်အတူတူသောက်မယ်။ လာထား… တစ်ခွက်… တစ်စက်မှမကျန်အောင်ကို မော့ချလိုက်စမ်း…”

အရက် ၃ ခွက်ခန့်သောက်ပြီးသော် ‘ခွမ်း’ကနဲ အသံထွက်ပေါ်လာပြီး လိုလိုရှန်း၏ လက်ထဲတွင် ကိုင်ထားသော အရက်ခွက်သည် ရထားလုံးကြမ်းပြင်ပေါ်သို့ လွတ်ကျကွဲသွားတော့၏။

လိုလိုရှန်းသည်လည်း ထိုင်ခုံပေါ်တွင် ခွေခွေလေး လဲလျောင်းနေပြီး အရက်မူးသွားခဲ့ပုံရသည်။

ရဲ့ခိုင်သည် သဘောကျစွာ ရယ်မောလိုက်ပြီး-
“အိုး… ဆရာလိုက ခဏလေးနဲ့ မူးသွားတာပါပဲလား။”

ယွင်ဇိုင်ထျန်း-
“ဆရာလိုရဲ့ နောက်ထပ် နာမည်တစ်မျိုးကို သိလား။ သူ့ကို ၃ ခုလပ်လို့ ခေါ်ကြတယ်။”

ရဲ့ခိုင်က အံ့အားသင့်စွာဖြင့် သံယောင်လိုက်မိသွားခဲ့၏။
“၃ခုလပ်…”

“မိန်းမတွေကို ကြိုက်တယ်၊ ဒါပေမဲ့ သတ္တိလပ်နေတယ်။ အရက်ကြိုက်တယ်၊ ဒါပေမဲ့ ခံနိုင်ရည်အားလပ်နေပြန်တယ်။ နောက်ဆုံးတစ်ခုကတော့ လောင်းကစားအလွန်ကြိုက်တယ်၊ ဒါပေမဲ့ ကံလပ်နေပြန်တယ်။ အဲဒီ ၃ ခုစလုံး သူ့မှာ လစ်လပ်နေရတယ်။ ဒါကြောင့်မို့ သူ့ကို ၃ခုလပ်လို့ လူတွေက ခေါ်ကြတာပေါ့။”
ယွင်ဇိုင်ထျန်းက ရှင်းပြလိုက်သည်။

ရဲ့ခိုင်က ပြန်လည်မှတ်ချက်ချလိုက်၏။
“သူလိုမျိုး စာပေပညာရှင်တစ်ယောက်က ဘာပဲလပ်နေလပ်နေ… အရေးမကြီးပါဘူးဗျာ။”

ယွင်ဇိုင်ထျန်း-
“ကြည့်ရတာ ခင်ဗျားက ဒီဆရာလို ဆိုတဲ့လူကို အတော်လေး နားလည်နေပုံပဲ။”

ရဲ့ခိုင်သည် ရထားလုံး၏ ပြတင်းပေါက်ကို ဖွင့်လိုက်ပြီး သန့်ရှင်းလတ်ဆတ်သောလေကို တ၀ကြီး ရှူသွင်းလိုက်၏။
“မြင်းတစ်သောင်းဌာနကို ရောက်ဖို့အတွက် ကျုပ်တို့ ဘယ်လောက်ကြာကြာ ခရီးဆက်ရဦးမှာလဲဗျ။”

ယွင်ဇိုင်ထျန်း-
“ကျုပ်တို့ ရောက်နေခဲ့တာ ကြာလှပေါ့။”

ရဲ့ခိုင်-
“ဒါဆိုရင် ကျုပ်တို့ ကျော်များသွားခဲ့တာလား။”

ယွင်ဇိုင်ထျန်း-
“မဟုတ်ပါဘူး။ ဒီနယ်မြေတစ်ခုလုံးကို မြင်းတစ်သောင်းဌာနက ပိုင်ဆိုင်ပါတယ်။”

ရဲ့ခိုင်က ပါးစပ်အဟောင်းသားဖြင့် မေးမြန်းလိုက်၏။
“မြင်းတစ်သောင်းဌာနက ဒီလောက်ကြီးကို ကြီးကျယ်လှတယ်လား။”

ယွင်ဇိုင်ထျန်း-
“သိပ်ပြီးတော့လည်း ကြီးကျယ်လှတယ် မဟုတ်ပါဘူး။ ဒါပေမဲ့ မြင်းတစ်သောင်းဌာန ပိုင်ဆိုင်တဲ့ နယ်မြေကြီးကို အရှေ့ကနေ အနောက်ဘက်ကို သွားမယ်ဆိုရင်… အမြန်ဆုံးဆိုတဲ့ မြင်းတစ်ကောင် စီးသွားရင်တောင် မိုးသောက်ချိန်ကနေ နေဝင်ချိန်ထိတော့ ကြာလိမ့်မယ်။”

ရဲ့ခိုင်-
“ခင်ဗျားက အဲလိုကြီး ပြောလာမှတော့ ကျုပ်တို့ကို တတိယသခင်ကြီးက မနက်စာများ ဖိတ်ကျွေးနေတာများလားဗျာ။”

ယွင်ဇိုင်ထျန်းက ပြုံးပြလိုက်ပြီး ပြန်လည်ဖြေဆိုလိုက်၏။
“တတိယသခင်ကြီးရဲ့ ဧည့်ကြိုဆောင်က ရှေ့နားဆိုရောက်ပါပြီ။”

အရပ်မျက်နှာတိုင်းမှ မြင်းဟီသံများကို ကြားနိုင်ကြလေသည်။

ရထားလုံးပြတင်းပေါက် အပြင်ဘက်သို့ ခေါင်းပြူထွက်ကြည့်လိုက်သော် အရှေ့ခပ်လှမ်းလှမ်းတစ်နေရာတွင် မီးရောင်များ ထိန်လင်းနေသည်ကို တွေ့နိုင်၏။

မြင်းတစ်သောင်းဌာန၏ ဧည့်ကြိုဆောင်မှလွဲ၍ မည်သည့်အရာများ ဖြစ်နိုင်ပါဦးမည်နည်း။

သူတို့စီးလာသော ရထားလုံးကြီးသည် သစ်သားခြံစည်းရိုးတစ်ခု၏ရှေ့တွင် ရပ်တန့်လိုက်၏။

ခြံစည်းရိုးကြီးသည် သစ်ပင်များ၏ ပင်စည်များကို မြေကြီးပေါ်တွင် ပူးကပ်စွာ စိုက်ထူထားပြီး ၁၀ မီတာခန့် အမြင့်ရှိလေသည်။ ခြံစည်းရိုးနောက်ကွယ်တွင် အဆောင်ပေါင်းများစွာ ရှိနေသော်လည်း မည်သည့်အဆောင်များ ဖြစ်သည်ကိုမူ မှန်းဆရန် ခက်ခဲမည်ဖြစ်၏။

ခြံစည်းရိုးကြီး၏ သူရဲခိုပေါက်သဏ္ဌာန် ဝင်ပေါက်ကြီးသည် ညအမှောင်ထုထဲတွင် ခန့်ထည်လှစွာ ထီးထီးကြီး တည်ရှိနေ၏။ ထိုသူရဲခိုပေါက်၏ ခေါင်မိုးထက်မှ တလူလူလွင့်နေသော အလံကြီးသည်လည်း ညအမှောင်အောက်တွင် ပို၍ပင် ခန့်ငြားနေသေး၏။

သို့သော် အလံတိုင်မှအလံကိုမူ အောက်သို့ နှိမ့်ချထားလေသည်။

ခန္ဓာကိုယ် ကြံ့ခိုင်သန်စွမ်းသော လူသန်ကြီးများ နှစ်တန်းသည် ဝင်ပေါက်ကြီးရှေ့၌ မားမားမတ်မတ်ကြီး ရပ်တန့်နေကြ၏။ ကြီးမားလေးလံလှသော ဝင်ပေါက်တံခါးကြီးကို လူသန်ကြီး ၄ ယောက်က လာပြီး ဆွဲဖွင့်ပေးလိုက်ကြလေသည်။

ရဲ့ခိုင်သည် ရထားလုံးပေါ်မှ ဆင်းလိုက်ပြီး အသက်ခပ်ပြင်းပြင်း ရှူရှိုက်လိုက်၏။ အရပ်လေးမျက်နှာကို မျက်လုံးဝေ့ပြီး လိုက်လံကြည့်ရှုနေရာ အသက်ရှူမှားလောက်သည့် ကျယ်ပြောလှသော နယ်နိမိတ်ကြီးကို တွေ့နေရသည်။ ဤအရာသည် မြို့ကြီးပြကြီးများ၏ လောင်းရိပ်အောက်တွင် နေထိုင်လာခဲ့သူတစ်ယောက်အဖို့ လွန်စွာမှပင် လွတ်လပ်သော စိတ်ခံစားမှုပင်ဖြစ်သည် မဟုတ်ပါလား။

ယွင်ဇိုင်ထျန်းသည် ရဲ့ခိုင်၏အနောက်နားမှ မေးမြန်းလိုက်၏။
“ဒီနေရာကို ခင်ဗျား ဘယ်လို ယူဆလဲ။”

ရဲ့ခိုင်-
“ဒီလောက်ကြီးမားကျယ်ပြောတဲ့ နယ်နိမိတ်မြေကြီးကို ပိုင်ဆိုင်ထားသူတစ်ယောက်အတွက် ဘာမှ ပြောစရာမလိုတော့ပါဘူး။ တတိယသခင်ကြီးဟာ ဒီအတွက်တော့ နောင်တရလိမ့်မယ် မဟုတ်ဘူး။”

ယွင်ဇိုင်ထျန်း-
“သခင်ကြီးဟာ သာမန်လူတစ်ယောက် မဟုတ်ပါဘူး။ ဒါပေမဲ့ ဒီနေ့လို အောင်မြင်မှုရလာတဲ့အချိန်အတွက်တော့ သူ့မှာ နောင်တရစရာ ဘာတစ်ခုမှမရှိဘူး။”

ရဲ့ခိုင်-
“ဒါနဲ့ ဆရာလိုကော…”

ယွင်ဇိုင်ထျန်း-
“ရထားလုံးကြမ်းပြင်ပေါ်မှာ မှောက်နေပြီ။ ပြန်တောင်မှ ထနိုင်ပါ့မလားမသိဘူး။”

ရဲ့ခိုင်၏မျက်လုံးများက ချက်ချင်းဆိုသလို တောက်ပလင်းလက်သွားခဲ့ပြီး ပြောဆိုလိုက်၏။
“ဒီရထားလုံးပေါ်မှာ ကျုပ်တို့နှစ်ယောက်တည်း ရောက်လာခဲ့ကြတာမှ မဟုတ်ဘဲကိုး…”

ယွင်ဇိုင်ထျန်းက အာမေဋိတ်သံဖြင့် ရေရွတ်လိုက်၏။
“အိုး…”

ရဲ့ခိုင်သည် ရထားလုံးရှေ့သို့ လျှောက်သွားလိုက်၏။ ရထားလုံးမောင်းသူသည် သူ၏နဖူးပေါ်မှ ချွေးစက်များကို သုတ်သင်နေဟန်ရှိသည်။ ရထားလုံးမောင်းသူ၏ ပခုံးကို ပုတ်လိုက်ပြီး ရဲ့ခိုင်က ပြောဆိုလိုက်၏။
“ခင်ဗျား တော်တော်လေး ပင်ပန်းနေပြီ။”

ရထားလုံးမောင်းသူသည် ခဏမျှ အံ့အားသင့်သွားခဲ့ပြီးမှ ပြန်ဖြေဆိုလိုက်၏။
“ဒါ ကျနော့်ရဲ့ အလုပ်ပါဗျာ။ ကိစ္စမရှိပါဘူး။”

ရဲ့ခိုင်-
“ခင်ဗျားဟာ ရထားလုံးထဲမှာ ကျုပ်တို့နဲ့အတူ တစ်လမ်းလုံး ဇိမ်ကျကျ စီးနိုင်ခဲ့သားနဲ့ ဘာဖြစ်လို့ ဒုက္ခခံခဲ့ရတာလဲဗျာ။”

မြင်းလှည်းမောင်းသူသည် ခဏမျှ ဆွံ့အသွားခဲ့ပြီး ဆောင်းထားသော ဝါးခမောက်ကြီးကို လှန်လိုက်သော် သူ၏မျက်နှာထက်တွင် လင်းလက်တောက်ပနေသော အပြုံးကြီးတစ်ခု ထွက်ပေါ်လာခဲ့၏။
“တော်လိုက်တာ… စူးရှထက်မြက်လွန်းတဲ့ အမြင်အာရုံပါပဲဗျာ… အားကျစရာ ကောင်းလှချည်လား။”

ရဲ့ခိုင်-
“လမ်းမှာတုန်းက ကျုပ်တို့ ခဏရပ်နေတုန်း ခင်ဗျားက ရထားလုံးအောက်ကနေ တိတ်တိတ်လေး တွယ်ကပ်လာခဲ့ပြီး ရထားလုံးမောင်းသမားကို သွေးကြောပိတ်နိုင်ခဲ့တယ်။ ပြီးတာနဲ့ သူ့ကို လမ်းတစ်ဘက်ကို ဆွဲယူသွားခဲ့ပြီး အဝတ်အစားတွေ လဲဝတ်ခဲ့ပြန်တယ်။ သိပ်ကို လျင်မြန်တဲ့ လှုပ်ရှားမှုတွေပဲ… သိပ်ပြီးလည်း တိကျလွန်းတယ်။ ခင်ဗျားကို လူတွေက စကားလုံး ၈ လုံးတည်းနဲ့ ‘နူးညံ့ပိုးပုဝါ၊ လျှပ်စီးကြောင်း’ လို့ ခေါ်နေကြတာ တကယ့်ကို ခေါ်ထိုက်ပါပေတယ်ဗျာ။”

ရထားလုံးမောင်းသမားသည် အံ့အားသင့်သွားခဲ့ပြီး ထိတ်လန့်စွာ မေးမြန်းလိုက်တော့၏။
“ကျုပ်ဘယ်သူမှန်း ခင်ဗျားက ဘယ်လိုလုပ်ပြီး သိနေရတာလဲ။”

ရဲ့ခိုင်-
“သိုင်းလောကမှာ ‘ပင့်ကူပျံ’ လောက် ဘယ်သူကများ စွမ်းဆောင်နိုင်သေးလို့လဲဗျာ။”

ပင့်ကူပျံသည် အပေါ်မှ ဝတ်ဆင်ထားသော အဖြူရောင်ဝတ်စုံကြီးကို ချွတ်ချလိုက်ရာ သူ၏ နဂိုမူလ ဝတ်ဆင်ထားသော အနက်ရောင် ကိုယ်ကျပ်အင်္ကျီ ထွက်ပေါ်လာခဲ့၏။ သူသည် ယွင်ဇိုင်ထျန်းရှေ့သို့ လျှောက်လှမ်းလာပြီး ဦးညွတ်လိုက်သည်။
“ကျုပ်က အပျော်သဘောမျိုးနဲ့ ကြည်စားခဲ့တာပါဗျာ။ ဆရာယွင်… စိတ်မရှိပါနဲ့။”

ယွင်ဇိုင်ထျန်း-
“ခင်ဗျားက ကိုယ်တိုင်တောင် ရောက်လာခဲ့တယ်ဆိုတော့ ကျုပ်တို့အတွက် ဂုဏ်ရှိလှပါတယ်။ စိတ်မရှိပါဘူးဗျာ… ကဲကဲ… ရှေ့ကနေ ကြွပါ..”

ထိုအချိန်တွင် လိုလိုရှန်းကို လူတစ်စုက ရထားလုံးတွင်းမှ မ,ထုတ်နေကြပြီဖြစ်သည်။

ယွင်ဇိုင်ထျန်းသည် ရှေ့မှ ဦးဆောင်သွားနေရာ ကြီးမားကျယ်ပြန့်လှသော ခြံဝင်းကြီးတစ်ခုကို ဖြတ်ကျော်လာခဲ့၏။

အရှေ့တွင်ရှိနေသော အဖြူရောင် တံခါးမကြီးသည် နဂိုက တင်းစေ့စွာ ပိတ်ထားရာမှ ချက်ချင်းဆိုသလို ပွင့်လာခဲ့၏။

အတွင်းဘက်မှ လင်းလက်နေသော မီးရောင်များ ထွက်ပေါ်လာခဲ့ပြီး တံခါးဝတွင် လူတစ်ယောက် တည့်မတ်စွာ ရပ်တန့်နေသည်ကို တွေ့နိုင်လေ၏။

ထိုတံခါးမကြီးသည် အတော်လေး ကြီးမားကျယ်ဝန်းသည်ဆိုသော်လည်း တံခါးဝတည့်တည့်၌ ထိုသူ ရပ်နေသောအခါ ဝင်ပေါက်ကိုပင် ပိတ်ထားလုမတတ် ဖြစ်နေ၏။

ရဲ့ခိုင်သည် အရပ်ပုသူတစ်ယောက် မဟုတ်သော်လည်း ထိုသူ၏ မျက်နှာကို မြင်တွေ့နိုင်ရန် ထိုသူ့ကို မော့ကြည့်နေရ၏။

ထိုသူ၏မျက်နှာတွင်လည်း မုတ်ဆိတ်မွှေးများ ထူထပ်စွာ ပေါက်ရောက်နေကြ၏။ ကြီးမားတုတ်ခိုင်သော ခန္ဓာကိုယ်ကြီးပေါ်တွင် အဖြူရောင်ဝတ်ရုံကြီး ဝတ်ဆင်ထားပြီး ခါးတွင်တော့ နွားသားရေဖြင့် ပြုလုပ်ထားသော ခါးပတ်ပြားထူထူကြီးတစ်ခု ဝတ်ဆင်ထား၏။ ထိုသားရေပြားခါးပတ်ကြီးပေါ်တွင်တော့ ဓားမော့တစ်လက် ချိတ်ဆွဲထားသည်။ ငွေရောင် ဓားအိမ်ရှိပြီး၊ လက်ကိုင်က မည်းနက်နေ၏။ ဓားသွားသည်လည်း တမူထူးခြားလှစွာ ကွေးနေ၏။ သူ၏လက်ထဲတွင် အရက်တစ်ခွက်ကို ကိုင်ထားလေသည်။

သူ၏လက်ထဲမှ အရက်ခွက်သည် သိပ်ပြီး ကြီးမားလွန်းလှခြင်းမရှိသော်လည်း သာမန်လူတစ်ယောက်အဖို့ လက်နှစ်ဘက်ဖြင့် မ,ယူရန်ပင် မဖြစ်နိုင်ချေ။

ထိုသူ့ထံသို့ ယွင်ဇိုင်ထျန်း လျှောက်သွားပြီး မေးမြန်းလိုက်၏။
“တတိယသခင်ကြီးကော…”

မုတ်ဆိတ်မွှေးနှင့် လူထွားကြီးက ပြန်ဖြေလိုက်သည်။
“သူအထဲမှာ စောင့်နေတယ်။ ဖိတ်ကြားထားတဲ့လူတွေအားလုံး ရောက်လာကြပြီလား။”

ထိုသူ၏စကားသံကို ယခုမှ ကြားဖူးကြသူများအဖို့ လန့်ပြီး ထခုန်သွားရလောက်သည်။ ထိုသူ၏နှုတ်ဖျားမှ ထွက်လာသော ပထမဆုံးစကားလုံးသည်ပင် နှင်းတောင်မုန်တိုင်းတစ်ခုလို တဝေါဝေါ မြည်ဟီးသွားခဲ့၏။ ကြားလိုက်ရသူတိုင်း နားကွဲမတတ် ကျယ်လောင်လွန်းလှလေသည်။

ယွင်ဇိုင်ထျန်း-
“လောလောဆယ်တော့ ၃ ယောက်ပဲ ရောက်လာသေးတယ်။”

မုတ်ဆိတ်မွှေးနှင့်လူထွားကြီးသည် မျက်ခုံးပင့်ပြီး မေးမြန်းလိုက်ပြန်၏။
“ကျန်တဲ့ ၃ ယောက်ကရော…”

ယွင်ဇိုင်ထျန်း-
“သူတို့တတွေ ခပ်မြန်မြန် ရောက်လာကြပါစေလို့ပဲ မှတ်ယူရတော့မှာပဲ။”

မုတ်ဆိတ်မွှေးနှင့်လူထွားကြီးသည် ခေါင်းညိတ်ပြပြီး ပြောဆိုလိုက်၏။
“ကျုပ်နာမည်က ကုန်းစွန်းတွမ့်လို့ခေါ်တယ်။ ကျုပ်က လူကြမ်းကြီးတစ်ယောက်ပဲ။ ဧည့်သည် ၃ ယောက် အထဲကို ဝင်နိုင်ကြပါပြီ။”

သူ စကားပြောဆိုသည့်ပုံစံက အဆက်အစပ်မရှိသလိုမျိုးဖြစ်၏။ ပထမစကားနှင့် ဒုတိယစကားတို့သည် မည်သို့မျှ ဆက်စပ်၍မရနိုင်ချေ။

တံခါးမကြီး၏နောက်တွင် အဖြူရောင်သစ်သားဖြင့် ပြုလုပ်ထားသော၊ ၇ ပေခန့်မြင့်မည့် နံရံကြီးတစ်ချပ် ရှိနေ၏။ နံရံ၏ မျက်နှာပြင်ထက်တွင် မည်သည့်ပုံမှ မရေးဆွဲထားသလို၊ မည်သည့် စာလုံးမှလည်း မရေးထွင်းထားချေ။ အလွန်သန့်ရှင်း တောက်ပြောင်စွာရှိနေသော မျက်နှာပြင်ကြီးတစ်ခုဖြစ်ပြီး ဖုန်မှုန်တစ်စက်မှ မတွေ့နိုင်ပါ။

သူတို့အားလုံး အထဲသို့ ဝင်သွားကြချိန်တွင်ပင် အပြင်ဘက်မှ မြင်းခွာသံများ ထွက်ပေါ်လာခဲ့ပြီး မြင်းကြီး ၉ ကောင် ဒုန်းစိုင်းဝင်ရောက်လာကြ၏။

ဝင်းတံခါးမကြီးရှေ့သို့ရောက်သည်နှင့် မြင်းစီးလာကြသူများသည် ခြေတစ်ဘက်စီကို ညီညာစွာ မြောက်ကြွခဲ့ကြပြီး မြင်းများလည်းအရပ်- လူများလည်း မြေကြီးပေါ်အကျ ဖြစ်သွားကြ၏။ မြင်းစီးလာကြသူများ၏ လှုပ်ရှားမှု ဟန်ပန်များကသာ ညီညီညာညာရှိကြသည်မဟုတ်… ဝတ်ထားသော အဝတ်အစားများကလည်း တစ်ပုံစံတည်းဖြစ်၏။

သူတို့အားလုံးသည် ဦးခေါင်းတွင် ရွှေဝါရောင် ဦးထုပ်များ ဆောင်းထားကြပြီး ခရမ်းရောင်ကိုယ်ကျပ်အင်္ကျီများ ဝတ်ဆင်ထားကြ၏။ ခါးတွင်လည်း ဓားရှည်များ ချိတ်ဆွဲထားကြသေးသည်။ ဓားအိမ်များတွင် တောက်ပနေသော ကျောက်မျက်ရတနာများဖြင့် စီခြယ်ထားကြသေး၏။ သူတို့ထဲမှ တစ်ယောက်ထံတွင် ရွှေဝါရောင် ခါးပတ်တစ်ခု ဝတ်ဆင်ထားပြီး ချိတ်ဆွဲထားသောဓားရှည်၏ ဓားလက်ကိုင်ထိပ်တွင်လည်း နဂါးတစ်ကောင်၏မျက်လုံးလောက် နီးနီး ကြီးမားလှသော ပုလဲကြီးတစ်လုံး တပ်ဆင်ထား၏။

သူတို့ ၉ ယောက်စလုံးသည် ငယ်ရွယ်နုပျိုသော ယောက်ျားပျိုများဖြစ်ကြသည်။ ထူးထူးခြားခြား ထင်ပေါ်နေသော လူရွယ်သည်မူ ပို၍ပင် ခန့်ငြားနေပြီး မာန်အပြည့်ရှိနေ၏။ လူရွယ်သည် လူအုပ်ကြားထဲမှ ထွက်ပေါ်လာခဲ့ပြီး ပြောဆိုလိုက်သည်။
“ကျုပ်တို့ နောက်ကျသွားခဲ့တဲ့အတွက် စိတ်မကောင်းပါဘူး။”

သူသည် တောင်းပန်နေသော်လည်း မာနကြီးတစ်ခွဲသားဖြင့် ပြောဆိုနေခြင်းလည်းဖြစ်၏။ သူ၏ စကားလုံးတိုင်းတွင် ရိုးသားမှု တစ်စက်ကလေးမျှ မပါရှိကြောင်း ကြားလိုက်ရသူတိုင်း ခန့်မှန်းနိုင်ကြလေသည်။

လူ ၉ ယောက်စလုံးသည် ခြံဝင်းကျယ်ကြီးကို ဖြတ်ကျော်လာကြပြီး အဖြူရောင် တံခါးမရှေ့တွင် ရပ်တန့်လိုက်ကြ၏။

ကုန်းစွန်းတွမ့်က ကျယ်လောင်သော အသံကြီးဖြင့် မေးမြန်းလိုက်သည်။
“မင်းတို့ထဲက မုယုံမင်းကျူ ဆိုတာ ဘယ်သူလဲ။”

ခရမ်းရောင်ဝတ်ဆင်ထားပြီး ခါးတွင် ရွှေဝါရောင်ခါးပတ် ပတ်ထားသူ လူရွယ်က ဖြေဆိုလိုက်သည်။
“ကျုပ်ပါပဲ…”

ကုန်းစွန်းတွမ့်-
“တတိယသခင်ကြီးက မင်းတစ်ယောက်တည်းကိုပဲ ဖိတ်ကြားထားခဲ့တာ။ မင်းနဲ့ပါလာတဲ့ အဖော်တွေကို ပြန်ခိုင်းလိုက်တော့။”

မုယုံမင်းကျူ၏မျက်နှာ တစ်ချက်ပျက်သွားခဲ့ပြီး ပြန်လည်မေးခွန်းထုတ်လိုက်၏။
“သူတို့တွေ ကျုပ်နဲ့အတူတူ လိုက်ခွင့်မရှိဘူးပေါ့။”

ကုန်းစွန်းတွမ့်၏အဖြေက တိုတိုတုတ်တုတ်ပင်…
“မရှိ်ဘူး…”

မုယုံမင်းကျူနှင့်လိုက်ပါလာသော လူရွယ်တစ်ယောက်က ရုတ်တရက်ဆိုသလို သူ့ဓားအိမ်ပေါ်လက်တင်ထားပြီး ဓားဆွဲထုတ်ရန် အဆင်သင့် ဖြစ်နေပုံရသည်။

ရုတ်တရက်…

ငွေရောင်ဓားငွေ့တစ်ချက် လင်းလက်သွားခဲ့၏။ ထိုလူရွယ်၏ဓားပင် မဆွဲထုတ်ရသေးခင် ကုန်းစွန်းတွမ့်၏ ဓားမော့က ထိုလူရွယ်၏ဓားရှည်ကို နှစ်ပိုင်းဖြစ်အောင် ခုတ်ဖြတ်သွားပြီးဖြစ်နေ၏။ ဓားကျိုးအပိုင်းအစများက ကြမ်းပြင်ပေါ်တွင် ပြန့်ကျဲနေလေသည်။

ကုန်းစွန်းတွမ့်က ဓားကို ဓားအိမ်တွင်းသို့ ပြန်ထည့်ထားပြီး ပြောဆိုလိုက်သည်။
“မြင်းတစ်သောင်းဌာနထဲမှာ ဓားဆွဲထုတ်ဖို့ ကြိုးစားသူတိုင်းရဲ့ဓားတွေ ဒီလိုပဲ ဖြစ်သွားလိမ့်မယ်။”

မုယုံမင်းကျူ၏ မျက်နှာပြင်တစ်ခုလုံး သွေးရောင်ပင်မရှိလောက်အောင် ဖြူဆွတ်သွားခဲ့၏။ သူသည် ထိုလူရွယ်ဘက်သို့ လှည့်ပြီး လူရွယ်၏မျက်နှာကို လက်ပြန်ရိုက်ချလိုက်သည်။ “မင်းကို ဓားဆွဲထုတ်ဖို့ ဘယ်သူက ခိုင်းခဲ့လို့လဲ။ သွားစမ်း… မင်းရဲ့ သောက်ခွက်ကြီးကို ခြံအပြင်ဘက်မှာ သွားထားထားစမ်း…”

ဓားဆွဲထုတ်ရန် ကြိုးစားခဲ့သောလူရွယ်သည် မည်သည့်စကားမှ ပြန်မပြောရဲတော့ဘဲ ခေါင်းငုံ့ပြီး တိတ်ဆိတ်ငြိမ်သက်စွာ ထွက်ခွာသွားတော့၏။

ထိုအရာများသည် ရဲ့ခိုင်အတွက်တော့ ရယ်မောစရာများ ဖြစ်နေလေသည်။

ထွက်ခွာသွားနေသော လူရွယ်သည် လွန်ခဲ့သည့်တစ်ညက သူ့ကို အရက်တိုက်ရန် လောကွတ်လုပ်ခဲ့သော လူရွယ်ဖြစ်နေမှန်း ရဲ့ခိုင် မှတ်မိလိုက်၏။

ထိုလူရွယ်သည် မည်သည့်နေရာတွင်မဆို ဓားဆွဲထုတ်ရန် ကြိုးစားလေ့ရှိကြောင်းကို တွေ့ရှိလိုက်ရ၏။ သို့သော် သူ၏ဓား မဆွဲထုတ်နိုင်ခင်လေးတွင် တစ်စုံတစ်ယောက်က သူ့ဓားကို ရိုက်ချိုးခဲ့ပြီးလည်း ဖြစ်နေပြန်၏။

အဖြူရောင် သစ်သားပြားကြီးကို ဖြတ်ကျော်သွားလိုက်ပါက ခန်းမကြီးတစ်ခု ရှိနေသည်။

ထိုခန်းမကြီးထဲသို့ ဝင်ရောက်လာသူတိုင်း ပါးစပ်အဟောင်းသားနှင့် အံ့အားသင့်သွားကြမည်ဖြစ်၏။

ခန်းမကြီးသည် မီတာ ၃၀ ခန့်သာကျယ်ဝန်းသော်လည်း အရှည်မှာမူ မခန့်မှန်းနိုင်လောက်အောင်ပင် ရှည်လျားလွန်းလှသည်။

ခန်းမကြီး၏ အစအဆုံးထိ လမ်းလျှောက်သွားမည်ဆိုပါက အနည်းဆုံး ခြေလှမ်းတစ်ထောင်၊ နှစ်ထောင်ခန့် လျှောက်ရမည်ဖြစ်သည်။

ခန်းမကြီး၏ ဘယ်ဘက်တွင်မူ မြင်းများ ကဆုန်ပေါက်ပြေးနေသည့်ပုံကို ရေးဆွဲထားသော ပန်းချီကားချပ်ကြီးတစ်ချပ် ချိတ်ဆွဲထား၏။ မြင်းတချို့သည် ပဒတ်ရပ်ကာ ဟီနေကြပြီး ကျန်မြင်းများသည် လည်ဆံမွှေးများ ထောင်နေအောင် ပြေးလွှားနေကြ၏။ မြင်းတိုင်း၏ လည်ဆံမွှေးများကို မတူညီစွာ ရေးဆွဲထားခြင်းကြောင့် အပြင်လောကရှိ တကယ့်မြင်ကွင်းတစ်ခုလို အသက်ဝင်လှလေသည်။ မြင်းကြီးများ၏ ကြံ့ခိုင်သန်စွမ်းမှုများကတော့ ရင်သပ်ရှုမောရလောက်ပေ၏။

ခန်းမကြီး၏ ကျန်တစ်ဘက်တွင်တော့ လူတစ်ယောက်ထက်ပင် ကြီးမားနေသော စာလုံးကြီး ရေးထွင်းထား၏။ မင်အကောင်းစားဖြင့် ရေးဆွဲထားသော သပ်ရပ်ခန့်ငြားသည့် စုတ်ချက်များဖြစ်သည်။ ဇာမဏီငှက်လို ထပျံလုမတတ် ဖောင်းကြွနေသော စာလုံးများက - “ကွမ်တောင်းမြင်းတစ်သောင်းဌာန” ဟု ရေးထွင်းထား၏။

ခန်းမကြီး၏ အလယ်တည့်တည့်တွင်မူ အဖြူရောင်သစ်သားများဖြင့် ပြုလုပ်ထားသည့် ရှည်လျားလှသော စားပွဲကြီးတစ်ခု ရှိနေ၏။ မည်မျှလောက်တောင် ရှည်လျားလှသနည်းဆိုသော် လမ်းတစ်လမ်းစာမျှ ရှည်လျားလှပြီး ထိုစားပွဲကြီးပေါ်တွင် လူအများ မြင်းများပင် စီးနိုင်လောက်၏။

စားပွဲကြီး၏ တစ်ဘက်တစ်ချက်စီတွင် ထိုင်ခုံများ ၃၀၀ ခန့် အသီးသီး ရှိနေကြသည်။

မြင်းတစ်သောင်းဌာနသို့ မရောက်ဖူးခဲ့ပါက ဤမျှ ရှည်လျားလှသော စားပွဲကြီးတစ်ခုနှင့် ကြီးမားလှသော ခန်းမကြီးတစ်ခု ရှိနေမှန်း သိနိုင်ကြမည်မဟုတ်ချေ။

ခန်းမကြီးသည် အနုပညာမြောက်စွာ ခြယ်သထားခြင်းမရှိသော်လည်း ခန့်ငြားခြင်း၊ ကြီးကျယ်ခမ်းနားခြင်းနှင့် တော်ဝင်ဆန်ခြင်း အနံ့အသက်များ ထုံမွှမ်းနေ၏။ ဤခန်းမကြီးထဲသို့ ခြေတစ်လှမ်းချဖူးသူတိုင်း သိမ်ငယ်သွားသလို ခံစားကြရမည်မှာ ဧကန်မုချပင်ဖြစ်သည်။

စားပွဲရှည်ကြီး၏ ထိပ်ဆုံးရှိ ကြီးမားခမ်းနားလှသော ထိုင်ခုံကြီးပေါ်၌ အဖြူရောင်ဝတ်ဆင်ထားသူ လူတစ်ယောက် ထိုင်နေ၏။

ထိုသူသည် မည်သို့ပုံစံရှိနေမှန်း မသိနိုင်သော်လည်း တည့်မတ်စွာ ထိုင်နေခြင်းဖြစ်ကြောင်းကိုတော့ မြင်ရသူတိုင်း ပြောနိုင်ကြမည်ဖြစ်သည်။

ဤခန်းမကြီးထဲတွင် လူတစ်ယောက်မှ မရှိနေသော်လည်း ထိုသူသည် ဤအတိုင်းပင် ထိုင်မြဲထိုင်နေဦးမည်ဖြစ်ကြောင်း သံသယရှိစရာမလိုချေ။ ထိုင်ခုံကြီး၏နောက်မှီသည် ဇိမ်ရှိစွာမှီထိုင်နိုင်ရန် ပြုလုပ်ထားသော်လည်း ထိုသူသည် မှီထိုင်ရန် ဘယ်တော့မှ စိတ်ကူးရှိပုံမရ။ အမြဲတမ်း တည့်မတ်စွာသာ ထိုင်နေလိုပုံရသည်။

စားပွဲကြီးက ရှည်လျားလွန်းသောကြောင့် ထိုသူထိုင်နေသော စားပွဲထိပ်မှ ခုံကြီးသည် ထီးထီးကြီးဖြစ်နေလေသည်။

ထိုသူ၏ မျက်နှာသွင်ပြင်နှင့် အမူအရာများကို ရဲ့ခိုင် ပြတ်ပြတ်သားသား မမြင်တွေ့နိုင်သော်လည်း ထိုသူ၏ အထီးကျန်ဆန်မှုနှင့် သင်းကွဲဖြစ်နေသော ခံစားမှုတို့ကိုမူ ခံစားသိရှိလိုက်ရ၏။ ထိုသူ့ကိုကြည့်ရသည်မှာ လောကကြီးနှင့် အဆက်အသွယ် ဖြတ်တောက်ခံထားရသူတစ်ယောက်လိုဖြစ်နေပြီး သူ့ထံတွင် ပျော်ရွှင်မှု၊ သာယာမှုများ ဆိတ်သုဉ်းနေပုံရသည်။

ပြီးတော့ သူ၏ မိတ်ဆွေများနှင့်လည်း ဖြတ်တောက်ခံထားရပုံရသည်။

သူရဲကောင်းတစ်ယောက်ဖြစ်ဖို့အတွက် ပေးဆပ်ရခြင်းများပင်လော…

ထိုသူ့ကိုကြည့်ရသည်မှာ အတွေးထဲနစ်မြောနေပုံထောက်သည်။ လွန်ခဲ့သော အတိတ်ကာလများမှ အောင်မြင်မှု သရဖူ ဆောင်းခဲ့သော နေ့ရက်များကို ပြန်လည် တွေးတောမိပြီး စားမြုံ့ပြန်နေသည်လားမပြောတတ်… ဒါမှမဟုတ် ယခုလက်ရှိအခြေအနေ၏ အထီးကျန်ဆန်မှုများ၏ တိုက်ခိုက်နေခြင်းကို အလူးအလဲ ခံစားနေရသည်လည်း ဖြစ်နိုင်၏။

လူအုပ်ကြီးတစ်အုပ်လုံး ခန်းမကြီးထဲသို့ ဝင်ရောက်လာခဲ့သည်ကို သတိထားမိပုံလည်းမရ…

ထိုသူသည် တကယ်ပင် “မြင်းတစ်သောင်းဌာန”၏ အရှင်သခင်ကြီး ဖြစ်နေပါသလား…

သူ၏တစ်သက်တာတွင် ရာပေါင်းများစွာသော ရင်ဆိုင်တိုက်ခိုက်မှုများကို အောင်နိုင်ခဲ့သော်လည်း ရင်ထဲ၌ ဆန့်ကျင်ဘက် ဖြစ်နေကြသော လွန်ဆွဲမှုများကိုတော့ တိုက်ထုတ်နိုင်မည်မထင်…

မရေမတွက်နိုင်သော ချမ်းသာကြွယ်ဝမှုများကို စုဆောင်းထားနိုင်ခဲ့သော်လည်း တကယ့်အနှစ်သာရဖြစ်သော ငြိမ်းချမ်းအေးမြခြင်းကိုမူ ဘယ်လိုမှ ဆွတ်ယူနိုင်မည်မထင်…

ယွင်ဇိုင်ထျန်းသည် စားပွဲရှည်ကြီး၏ တစ်ဘက်ထိပ်သို့ လျှောက်လှမ်းသွားခဲ့၏။ သူ၏ခြေလှမ်းများက ခပ်ကျဲကျဲလှမ်းသွားသော်လည်း လွန်စွာမှပင် ပေါ့ပါးနေ၏။ စားပွဲကြီး၏ တစ်ဘက်ထိပ်သို့ ရောက်သည်နှင့် ဦးညွှတ်အလေးပြုလိုက်ပြီး သခင်ဖြစ်သူ၏ နားနားသို့ တီးတိုးလေး ကပ်ပြောလိုက်သည်။

မြင်းတစ်သောင်းဌာန၏ အရှင်သခင်ကို ကြည့်ရသည်မှာ ယခုမှပင် အိပ်မက်မှ နိုးထလာသူတစ်ယောက်လို ဖြစ်နေ၏။ သူ၏ လက်သီးတစ်ဘက်ကို ဆုပ်ထားပြီး ကျန်လက်တစ်ဘက်ဖြင့် ဖုံးကိုင်ထားကာ နှုတ်ခွန်းဆက်လိုက်သည်။
“အားလုံးကို ကြိုဆိုပါတယ်။ ကျေးဇူးပြုပြီး ထိုင်ကြပါလား။”

လက်ထဲတွင် ဓားကိုင်ဆောင်ထားသော မုယုံမင်းကျူသည် ဦးစွာ လျှောက်ဝင်သွားသူ ဖြစ်နေ၏။

ကုန်းစွန်းတွမ့်က သူ၏သွားလမ်းကို ရုတ်တရက် ပိတ်ဆို့ထားလိုက်သည်။

မုယုံမင်းကျူ၏ မျက်နှာပျက်သွားခဲ့ပြီး လေသံတိုးတိုးဖြင့် မေးမြန်းလိုက်၏။
“ဒီတစ်ခေါက်ကော ခင်ဗျားက ကျုပ်ဆီကနေ ဘာများ လိုချင်နေသေးလို့လဲ။”

ကုန်းစွန်းတွမ့်သည် မည်သည့်စကားမှ မပြောဆိုဘဲ မုယုံမင်းကျူ၏ခါးမှ ဓားရှည်ကိုသာ စူးစူးစိုက်စိုက် ကြည့်နေ၏။

မုယုံမင်းကျူ-
“ကျုပ်ရဲ့ဓားကို လိုချင်နေတာတော့ မဟုတ်လောက်ပါဘူးနော်။”

ကုန်းစွန်းတွမ့်က ခေါင်းညိတ်ပြလိုက်ပြီး ခပ်ဖြည်းဖြည်းလေး ပြောဆိုလိုက်သည်။
“မြင်းတစ်သောင်းဌာနထဲကို ဘယ်သူမှ ဓားကိုင်ဆောင်ပြီး ဝင်လာခွင့်မရှိဘူး။”

မုယုံမင်းကျူ၏မျက်နှာထက်တွင် သွေးဆုတ်ဖြူရော်သွားခဲ့ပြီး ချွေးသီးချွေးပေါက်များ တပြိုက်ပြိုက် ထွက်ကျလာလေတော့သည်။ သူ၏ ဓားကိုင်ဆောင်ထားသည့်လက်တွင်လည်း သွေးကြောကြီးများ ထောင်ထနေ၏။

ကုန်းစွန်းတွမ့်ကတော့ ထိုနေရာ၌ပင် တောင်ကြီးတစ်တောင်အလား မားမားမတ်မတ်ကြီး ရပ်နေပြီး မုယုံမင်းကျူ၏ ဓားကို စိုက်ကြည့်နေဆဲ…

မုယုံမင်းကျူ၏ လက်များက တုန်ခါလာကြပြီး ဓားကို ဆွဲထုတ်တော့မည့်ဟန် ဖြစ်နေသည်။

ထိုအချိန်၌ပင် မုယုံမင်းကျူ၏ ဓားကိုင်လက်ကို လက်တစ်ဘက်က ဖိအုပ်ထားလာခဲ့သည်။

မုယုံမင်းကျူသည် မော်ကြည့်လိုက်ရာ သနားကြင်နာပြီး စာနာနားလည်တတ်သော အပြုံးမျိုးဖြင့် ပြုံးပြနေသော ရဲ့ခိုင်ကို တွေ့လိုက်ရလေသည်။

ရဲ့ခိုင်-
“မြင်းတစ်သောင်းဌာနထဲကို ဓားကိုင်ဆောင်ပြီးဝင်မှသာ မင်းမှာ သတ္တိတွေ ရှိနေမှာလား။”

ချွမ်း…

ကိုင်ဆောင်ထားသော ဓားရှည်သည် စားပွဲပေါ်သို့ တင်ချထားခြင်း ခံလိုက်ရတော့၏။

+++++

အဖြူရောင် မီးပုံးပျံတစ်ခုသည် မြေပြင်မှ မီတာ ၃၀ အမြင့်ခန့်ရှိနေသော အလံတိုင်ထိပ်သို့ တဖြည်းဖြည်းချင်း မြင့်တက်လာနေ၏။

ဆွတ်ဆွတ်ဖြူဖွေးနေသော မီးပုံးပျံတွင် အနီရောင်စာလုံးများဖြင့် ရေးထားသည်မှာ “ကွမ်တောင်းမြင်းတစ်သောင်းဌာန” ဟူ၍ဖြစ်သည်။

ခြံဝင်းကြီး၏ သစ်တိုင်ဝင်းနံရံများတွင် မှီပြီး အနားယူနေကြသော လူရွယ် ၈ ဦးတို့၏ ဦးခေါင်းများက မီးပုံးပျံ ပျံတက်လာရာသို့ မော့ကြည့်နေကြ၏။

ထိုလူရွယ်များထဲမှ တစ်ယောက်သောသူက မကျေမချမ်းနိုင်စွာ ရေရွတ်လိုက်၏။
“ကွမ်တောင်းမြင်းတစ်သောင်းဌာနတဲ့… ဟင့် သူတို့ကိုယ်သူတို့ ဘာများ မှတ်နေကြလဲမသိဘူး။”

စကားသံတစ်သံက ခပ်အေးအေးလေး တုံ့ပြန်ပြောဆိုလိုက်၏။
“ကျုပ်တို့တတွေ ကြွားဝါနေကြတာ မဟုတ်ပါဘူး။ ဒီနည်းလမ်းက ကျုပ်တို့ အချင်းချင်း အချက်ပေးတဲ့ သင်္ကေတပါ။”

အလံတိုင်အောက်တွင် အဖြူရောင်ဝတ်ဆင်ထားသူတစ်ယောက် ရုတ်တရက် ထွက်ပေါ်လာခဲ့၏။

သူသည် ထိုစကားကို ဖြည်းညင်းစွာ ပြောဆိုလိုက်သော်လည်း လေသံကမူ ခပ်တင်းတင်းပြတ်ပြတ် ရှိလှသည်။

ထိုသူ့ထံတွင် ဓားတစ်လက်မှ မရှိနေသော်လည်း သိုင်းလောကရှိ ဓားကိုင်ဆောင်သူများအားလုံးထဲတွင် အကောင်းဆုံးဟု ပြောဆိုနိုင်သည့် လူတစ်ယောက်ဖြစ်၏။ ထိုသူသည် ‘ဓားတစ်လက်၊ ပန်းတွေကြွေ’ ဟွာမင်းထျန်မှာ လွဲပြီး မည်သူဖြစ်နိုင်ပါဦးမည်နည်း။

ခရမ်းရောင်ဝတ်ဆင်ထားကြသူ လူရွယ်များသည် ဟွာမင်းထျန် မည်သူဖြစ်ကြောင်းကို သိကြပုံမပေါ်။ တစ်ယောက်သောသူက မေးမြန်းလိုက်၏။
“အချက်ပေးတာ… ဟုတ်လား။ ဘာကို အချက်ပေးတာလဲ။”

ဟွာမင်းထျန်က ရှင်းပြလိုက်သည်။
“အဲဒါကတော့ သိုင်းလောကက မိတ်ဆွေတွေကို မြင်းတစ်သောင်းဌာနမှာ ဒီနေ့ည ကိစ္စတစ်ခုကို ဆောင်ရွက်နေကြောင်း အချက်ပေးလိုက်တဲ့ သင်္ကေတပေါ့။ ဖိတ်ကြားထားတဲ့ မိတ်ဆွေတွေကလွဲပြီး ကျန်တဲ့သူတွေအားလုံး နောက်ရက်ကျမှ လာရောက်တွေ့ဆုံနိုင်ကြောင်း အချက်ပေးလိုက်တာပဲ။”

လူရွယ်များထဲမှ တစ်ယောက်က ရိသဲ့သဲ့ဖြင့် ထပ်မံမေးမြန်းလိုက်ပြန်၏။
“ဒီနေ့ည လာကိုလာမှ ဖြစ်မယ်ဆိုတဲ့ လူတစ်ယောက် ရှိနေသေးတယ်ဆိုရင်ကော…”

ဟွာမင်းထျန်သည် ထိုလူရွယ်ကို စိုက်ကြည့်နေပြီး ရုတ်ချည်းဆိုသလိုပင် လူရွယ်၏ခါးကြားတွင်ထိုးထားသော ဓားကို ဆွဲလုလိုက်၏။

သူတို့သည် ဟွာမင်းထျန်နှင့် ခပ်လှမ်းလှမ်းနေရာတွင် ရှိနေကြခြင်းဖြစ်သော်လည်း ဟွာမင်းထျန်၏ လက်တစ်ဘက် လှုပ်ရှားလိုက်သည်နှင့် ဓားသည် သူ့လက်ထဲသို့ ရောက်ရှိသွားပြီး ဖြစ်နေ၏။ ဟွာမင်းထျန်သည် ဓားကို တစ်ချက်မျှ လှုပ်ခတ်လိုက်ရာ အပိုင်းပိုင်းအစစ ကျိုးပြတ်သွားလေတော့သည်။

ဓားလုခံလိုက်ရသော လူရွယ်သည် ကြောက်ရွံ့မှုများ ဖုံးလွှမ်းနေသော အကြည့်များဖြင့် ကြည့်နေပြီး မည်သည့်စကားသံမျှ မထွက်ပေါ်လာခဲ့တော့ချေ။

ဟွာမင်းထျန်သည် ဓားကျိုးမှကျန်ရှိနေသေးသော ဓားလက်ကိုင်ရိုးနှင့် တစ်ပိုင်းတစ်စသော ဓားကျိုးကို ထိုလူရွယ်၏ ဓားအိမ်ထဲသို့ ပြန်လည်ထည့်သွင်းပေးလိုက်၏။
“အပြင်ဘက်မှာ ဖုန်တွေထူထပ်လွန်းပါတယ်။ လေလည်း တိုက်နေသေးတယ်။ ကျုပ်တို့ရဲ့ ဧည့်ကြိုဆောင်ထဲမှာ အရက်နဲ့ စားစရာတွေ ပြင်ဆင်ထားတယ်။ မင်းတို့အားလုံး တစ်ခွက်တစ်ဖလားလောက် လာသုံးဆောင်ကြပါလား။”

ဟွာမင်းထျန်သည် လူရွယ်များ၏ တုံ့ပြန်စကားကိုပင် မစောင့်တော့ဘဲ ချာကနဲ လှည့်ထွက်သွားခဲ့တော့သည်။

ခရမ်းရောင်ဝတ်ဆင်ထားသူ လူရွယ်များသည် အချင်းချင်း ကြည့်နေကြပြီး လူတိုင်း၏လက်များက သူတို့၏ ဓားလက်ကိုင်များကို ခပ်တင်းတင်း ဆုပ်ကိုင်ထားနေကြ၏။ သို့သော် မည်သူတစ်ဦးတစ်ယောက်မျှ ဓားဆွဲထုတ်ရန် သတ္တိမရှိကြချေ။

ထိုအချိန်၌ပင် သူတို့ကို ပြောဆိုလိုက်သော လူတစ်ယောက်၏ စကားသံကို ပီပီသသကြီး ကြားလိုက်ကြရ၏။
“ဓားဆိုတာ အလှပြဖို့ ထားတဲ့အရာမဟုတ်ဘူး။ မင်းတို့တတွေ ကျွမ်းကျွမ်းကျင်ကျင် မကိုင်ဆောင်နိုင်ကြဘူးဆိုရင် ဓားကို မကိုင်ဆောင်တာက အကောင်းဆုံးပဲ။”

ထိုစကားသံသည် ကြည်လင်ပြတ်သားစွာ ထွက်ပေါ်လာခဲ့ခြင်းဖြစ်သော်လည်း ရိုးသားစွာ ပြောဆိုလိုက်ခြင်းလည်း ဖြစ်နေပြန်၏။

အဘယ်ကြောင့်ဆိုသော် စကားပြောဆိုခဲ့သူသည် ထိုလူရွယ်များကို စောင်းချိတ်ပြီး ပြောဆိုခဲ့ခြင်းမဟုတ်ဘဲ ကောင်းမွန်သော အကြံပြုစကား ပြောဆိုခဲ့ခြင်းသာဖြစ်သောကြောင့်ဖြစ်သည်။

ခရမ်းရောင်ဝတ်ဆင်ထားသည့် လူရွယ်တိုင်း၏ မျက်နှာအမူအရာများ ပျက်ယွင်းသွားခဲ့ကြပြီး စကားပြောဆိုသည့်အသံ ထွက်ပေါ်လာရာသို့ လှည့်ကြည့်လိုက်ကြသည်။ အမှောင်ထုထဲမှ လူတစ်ယောက် ဖြည်းညင်းစွာ လျှောက်လှမ်းလာနေသည်ကို သူတို့အားလုံး တွေ့မြင်လိုက်ကြ၏။ ထိုသူ၏ ဘယ်ဘက်ခြေတစ်ဘက်သည် တစ်လှမ်းလှမ်းလိုက်ပြီး ညာဘက်ခြေတစ်ဘက်က တရွတ်တိုက် ဆွဲပါလာ၏။

ပထမဦးဆုံးအကြိမ်အဖြစ် ဓားချိုးခံလိုက်ရသော လူရွယ်ထံသို့ သူတို့အားလုံး၏ အကြည့်များက စုံပြုံကျရောက်သွားခဲ့ကြ၏။ သူတို့ထဲမှ တစ်ယောက်က ထိုလူရွယ်ကို မေးမြန်းလိုက်သည်။
“မင်းမနေ့ညက တွေ့ခဲ့တဲ့ ဒုက္ခိတဆိုတာ သူလား။”

ထိုလူရွယ်သည် နှုတ်ခမ်းများကို ဖိကိုက်ထားပြီး ဖူဟောင်ရွှယ်ကို စိုက်ကြည့်နေ၏။
“ဒါဆိုရင် မင်းရဲ့ဓားမော့ကရော… အလှပြရုံသက်သက်ပဲလား။”

ဖူဟောင်ရွှယ်က ခပ်အေးအေးပင် တုံ့ပြန်လိုက်၏။
“မဟုတ်ပါဘူး။”

ထိုလူရွယ်-
“ဒါဆိုရင် မင်းက ဓားမော့ပညာရပ်ကို ကျွမ်းကျွမ်းကျင်ကျင်ကြီးကို တတ်မြောက်ထားတယ်ပေါ့…”

ဖူဟောင်ရွှယ်သည် ခေါင်းငုံ့ထားပြီး သူ့လက်တစ်ဘက်ကို ကြည့်နေ၏။

ထိုလူရွယ်က ဆက်ပြောလိုက်ပြန်သည်။
“မင်းက ဓားမော့ပညာကို သိပ်ပြီးကျွမ်းကျင်နေမှတော့ ငါတို့ကို တစ်ကွက်နှစ်ကွက်လောက် ထုတ်ပြပါလား။”

ဖူဟောင်ရွှယ်က တုံ့ပြန်ပြောဆိုလိုက်၏။
“ဓားမော့တွေဆိုတာ ထုတ်ပြဖို့ မဟုတ်ဘူး။”

ထိုလူရွယ်က ခနဲ့လိုက်သည်။
“ထုတ်ပြစရာမဟုတ်ဘူးဆိုရင် လူသတ်နိုင်တယ်လို့တော့ မပြောပါနဲ့တော့။ မင်းလို ဒုက္ခိတတစ်ယောက်က ဘယ်လိုလုပ်ပြီး လူသတ်နိုင်မှာလဲ။”

သူသည် ပြောဆိုလိုက်သော စကားကို သဘောကျစွာဖြင့် ရယ်မောလိုက်ပြီး ဆက်ပြောနေလိုက်၏။
“မင်းက သိပ်ပြီး အစွမ်းထက်နေတယ်ဆိုရင် ငါ့ကို လာသတ်လိုက်ပါတော့လား။ မင်း ဘာသားနဲ့ ထုထားတာလဲ စမ်းကြည့်ရအောင်…”

ခရမ်းရောင်ဝတ်ဆင်ထားသည့် လူရွယ်အားလုံးသည် ထိုစကားကို သဘောကျစွာဖြင့် ကျယ်လောင်စွာ ရယ်မောနေကြလေသည်။ တစ်ယောက်သောသူက အော်ပြောလိုက်ပြန်၏။
“မင်းသိပ်ပြီး ကြောက်လန့်နေတယ်ဆိုရင်တော့ တံခါးပေါက်ကနေ မဝင်လာနဲ့ကွာ။ ခြံစည်းရိုးအောက်ကနေ တိုးပြီးဝင်လာခဲ့၊ ဟုတ်ပြီလား။”

သူတို့အားလုံးသည် လက်ချင်းချိတ်ထားပြီး ဝင်ပေါက်တံခါးမကြီးကို ပိတ်ကွယ်ထားလိုက်ကြတော့သည်။

ဖူဟောင်ရွှယ်၏ ဦးခေါင်းက ငုံ့ထားဆဲ… သူ့မျက်လုံးများက လက်ထဲတွင်ကိုင်ဆောင်ထားသော ဓားကို စိုက်ကြည့်နေဆဲ… အတော်လေးကြာသောအခါတွင်မူ ဖူဟောင်ရွှယ်သည် ခြံစည်းရိုးအောက်မှ တကယ်ပင် တွားသွားပြီး တိုးဝင်လာခဲ့တော့၏။

ခရမ်းရောင်ဝတ်ဆင်ထားကြသူ လူရွယ်များသည် အူလှိုက်သည်းလှိုက်ပင် ရယ်မောနေကြ၏။ သူတို့၏ ပုံစံများကို ကြည့်ရသည်မှာ စောစောတုန်းက အရှက်ရခဲ့သည်များကို ပြန်လည်အဖတ်ဆည်နိုင်ခဲ့သည့်အတွက် အလွန်မှပင် သဘောကျနေကြပုံရသည်။

သို့သော် ဖူဟောင်ရွှယ်ကတော့ ထိုသူများ၏ ရယ်မောသံများကို ကြားဟန်မတူ…

ခြံစည်းရိုးအောက်မှ တိုးထွက်လာသော သူ့မျက်နှာပေါ်တွင် မည်သည့် ခံစားချက်မျှ မရှိနေပါ။ သူသည် လေးလံသော ခြေလှမ်းများဖြင့် အရှေ့သို့ဆက်လျှောက်လာခဲ့၏။ သူ့အဝတ်အစားများက ညစ်ပတ်ပေရေနေလေသည်။

ရယ်မောနေကြသော လူရွယ်များ၏ ရယ်မောသံများ ရုတ်တရက်ဆိုသလိုပင် ရပ်တန့်သွားကြ၏။ အဘယ်ကြောင့်ဆိုသော် ဖူဟောင်ရွှယ် နင်းလာခဲ့သော မြေကြီးကို မြင်တွေ့သွားခဲ့ကြပြီးနောက် သူတို့၏ ရယ်မောသံများ ရပ်တန့်သွားခဲ့ကြလေသည်။

မြေကြီးပေါ်တွင် ဖူဟောင်ရွှယ် လှမ်းလျှောက်ခဲ့သော ခြေရာတိုင်းသည် ဓားတစ်လက်ဖြင့် ဝိုက်ထွင်းထားခဲ့သလို နက်ရှိုင်းစွာ  ထင်ကျန်ရစ်ခဲ့သောကြောင့်ဖြစ်၏။

ဖူဟောင်ရွှယ်ကို ကြည့်ရသည်မှာ သူ့ဒေါသများနှင့် စိတ်မကျေမချမ်းမှုအားလုံးကို ခြေလှမ်းတိုင်းတွင် အားကုန်အင်ကုန်ထည့်ပြီး နင်းချခဲ့ပုံရသည်။

သူသည် ပျက်ရယ်ပြုခံမည့် လူတစ်ယောက်မဟုတ်သော်လည်း ဤသို့ အရှက်တကွဲအကျိုးနည်း ကိစ္စရပ်ကြီးကို ဘာအတွက်ကြောင့်များ သည်းခံနေရပါသနည်း…

အဆောင်တစ်ခုအောက်တွင် ရပ်နေသော ဟွာမင်းထျန်သည် ဖူဟောင်ရွှယ့်ကို စိုက်ကြည့်နေ၏။ သူ့မျက်နှာထက်တွင် ထူးဆန်းသော အမူအရာများ ထွက်ပေါ်နေပြီး ဝေခွဲမရဟန်၊ ကြောက်ရွံ့ထိတ်လန့်ဟန်များ ရောပြွန်းနေ၏။

ထိုအမူအရာများသည် မိမိ၏အိမ်တွင်းသို့ ဝင်ရောက်လာသော ဆာလောင်နေသည့် ဝံပုလွေတစ်ကောင်ကို တွေ့မြင်လိုက်ရသူတစ်ယောက်၏ အမူအရာများပင် ဖြစ်နေပြန်၏။

သို့သော် သူမြင်တွေ့ခဲ့ရသူသည် ဖူဟောင်ရွှယ် ဖြစ်နေလေသည်။

+++++

စားပွဲပေါ်တွင် ဓားတင်ထား၏။

သူတို့အားလုံးသည် မြင်းတစ်သောင်းဌာန အရှင်သခင်ထိုင်နေသော စားပွဲကြီး၏ တစ်ဘက်တစ်ချက်စီတွင် ထိုင်နေကြ၏။

တတိယသခင်ကြီးသည် တည့်မတ်စွာပင် ထိုင်လျက်ရှိနေပြီး သူ့လက်နှစ်ဘက်ကိုတော့ စားပွဲပေါ်တွင် တင်ထားနေ၏။

သို့သော် ထိုလက်နှစ်ဘက်ကို ပြည့်စုံသော လက်နှစ်ဘက်ဟု မပြောနိုင်တော့ပါ။ ဘယ်ဘက်လက်တွင် လက်မတစ်ချောင်းသာ ကျန်ရှိနေတော့သည်။ ကျန်သည့် လက်ချောင်းများ၏ အရိပ်အယောင်လေးမျှပင် မတွေ့နေရချေ။ ကြည့်ရသည်မှာ ဓားသွားတစ်လက်က သူ၏လက်ဖဝါးကို ခုတ်ဖြတ်ခဲ့ပုံရသည်။

သို့သော် သူသည် ထိုလက်ကို စားပွဲပေါ်၌ တင်ထားဆဲပင်ရှိနေသည်။ ကွယ်ဝှက်ထားရန် အစီအစဉ်လုံးဝရှိပုံမရ။ အဘယ်ကြောင့်ဆိုသော် ထိုအရာသည် သူ့အတွက် အရှက်ရစရာမဟုတ်ချေ။ ထိုအရာအတွက် သူ အင်မတန်မှ ဂုဏ်ယူ၏။

ထိုဒဏ်ရာဒဏ်ချက်များသည် သူအောင်နိုင်ခဲ့သော တိုက်ပွဲတိုင်း၏ အောင်မြင်မှု သင်္ကေတများပင် မဟုတ်ပါလား…

သူ၏မျက်နှာပြင်ထက်ရှိ အရေပြားတွန့် တစ်ခုတိုင်းသည်လည်း သူ့တစ်သက်တာ ရင်ဆိုင်ကြုံတွေ့ခဲ့ရသော အန္တရာယ်များနှင့် အခက်အခဲများကို ကျော်လွှားလာခဲ့ရမှုများ၏ ရလာဒ်များကို ဖော်ပြနေသလိုပင်။ ထို မျက်နှာအရေပြားတွန့်များက - ဤလူ့ကို ဘယ်လိုမှ လှဲချနိုင်မည်မဟုတ်… ဟု ပြောဆိုနေကြသယောင်ယောင်…

သူသည် လဲကျသွားမည်ကို ဘယ်တုန်းကမှ လက်မခံခဲ့သူတစ်ယောက်ဖြစ်၏။

သို့သော် သူ၏ မျက်ဝန်းတစ်စုံက သိပ်ကို တည်ငြိမ်လွန်းနေ၏။ ရက်စက်ကြမ်းကြုတ်မှုများ၏ အငွေ့အသက်များ စိုးစင်းမျှ မရှိနေပါ။

နှစ်ပေါင်းများစွာ၏ မရေမတွက်နိုင်သော ခက်ခဲကြမ်းတမ်းမှုများက သူ့ထံတွင် ရှိနေသော ကြောက်လန့်စရာ အမူအရာများကို ရုတ်သိမ်းသွားခဲ့ခြင်းလော…

ဒါမှမဟုတ်… ကြောက်လန့်စေမည့်အမူအရာများသည် လူအများရှေ့တွင် ထုတ်ပြသင့်သော အမူအရာများ မဟုတ်ကြောင်းကို အစောကြီးကတည်းက သဘောပေါက်နားလည်ခဲ့ခြင်းကြောင့်လော…

ယခုအချိန်တွင် သူသည် ရဲ့ခိုင်ကို စိုက်ကြည့်နေ၏။

သူသည် ကျန်သည့်လူအားလုံးကို တစ်ချက်မျှ ဝေ့ကြည့်ခဲ့ပြီးဖြစ်သည်။ ရဲ့ခိုင်သည် နောက်ဆုံးသူဖြစ်၏။

သူသည် လျှာဖျားဖြင့် စကားပြောဆိုသည်ထက် မျက်လုံးများဖြင့် စကားပြောဆိုခြင်းကို ပို၍အသုံးပြုတတ်သူတစ်ယောက် ဖြစ်လေသည်။

အဘယ်ကြောင့်ဆိုသော် အခြားသူများကို လေ့လာအကဲခတ်ခြင်းဖြင့် လူတစ်ယောက်၏ အသိပညာများ တိုးပွားလာကြောင်းကို သိရှိလာခဲ့သောကြောင့်ဖြစ်၏။ ပါးစပ်ဖွာသူတစ်ယောက်အတွက် ပြဿနာများသာ တိုးပွားလာတတ်သည်မဟုတ်ပါလား။

တတိယသခင်ကြီးသည် ရုတ်ချည်းဆိုသလို ပြုံးလိုက်ပြီး ရဲ့ခိုင်ကို ပြောဆိုလိုက်၏။
“မင်းက ဘယ်တုန်းကမှ ဓားမကိုင်ခဲ့ဖူးဘူးပေါ့။”

ရဲ့ခိုင်က ပြန်လည်ဖြေကြားလိုက်၏။
“ဘာကြောင့်လဲဆိုတော့ ကျနော့်အတွက် မလိုအပ်လို့ပါ။”

တတိယသခင်ကြီးက ခေါင်းတညိတ်ညိတ်ဖြင့် မှတ်ချက်ချလိုက်၏။
“မှန်တယ်။ တကယ်ကောင်းတဲ့ သတ္တိဆိုတာ ဓားတစ်လက်ကနေ ထွက်ပေါ်လာတာမှ မဟုတ်ဘဲလေ။”

မုယုံမင်းကျူက ရုတ်တရက်ဆိုသလို ရယ်မောနေပြီး ခွန်းတုံ့ပြန်လိုက်၏။
“ဓားမကိုင်ဆောင်သူတစ်ယောက်ဖြစ်နေလို့ သတ္တိသိပ်ကောင်းလှတယ်လို့လည်း မပြောနိုင်ပြန်ဘူး။”

တတိယသခင်ကြီးသည် သဘောကျစွာ ရယ်မောနေပြီးမှ ပြောဆိုလိုက်၏။
“သတ္တိဆိုတဲ့အရာက အတော်လေးကို ထူးဆန်းတယ်။ မမြင်နိုင်ဘူး၊ မခံစားနိုင်ဘူး၊ သက်သေပြလို့လည်း မရပြန်ဘူး။ ဒါပေမဲ့ ရှိနေတယ်ဆိုတာတော့ သိနေတယ်… ဒါကြောင့်…”

သူ၏အကြည့်များက ရဲ့ခိုင်ဘက်သို့ လှည့်လာခဲ့ပြီး စကားဆက်လိုက်သည်။
“တစ်ခါတစ်ရံကျရင် သတ္တိသိပ်ကောင်းတဲ့လူတစ်ယောက်ဟာ အများအမြင်မှာတော့ သူရဲဘောကြောင်သူတစ်ယောက် ဖြစ်ချင်လည်း ဖြစ်နေတတ်သေးတာပဲ။”

ရဲ့ခိုင်က လက်ခုပ်လက်ဝါးတီးလိုက်ပြီး ထောက်ခံလိုက်၏။
“ဒီစကားက သိပ်ကို အဓိပ္ပါယ်ရှိတာပဲ… အဲလိုလူတစ်ယောက်ကို ကျနော်သိထားတယ်ဗျ။”

တတိယသခင်ကြီးက ချက်ချင်းပင် ရဲ့ခိုင်ကို မေးမြန်းလိုက်၏။
“ဘယ်သူများလဲ။”

ရဲ့ခိုင်က ဘာမှ ပြန်မပြောခဲ့ပါ။ သူသည် ခပ်ပြုံးပြုံးလေးပင် ရှိနေပြီး ကြီးမားလှသော နံရံကြီးနောက်မှ ဖြည်းညင်းစွာ လျှောက်လှမ်းလာသူတစ်ယောက်ကို ကြည့်နေ၏။

သူ၏အပြုံးက အလွန်ပင် ထူးဆန်းနေပြီး ထူးခြားနေ၏။

တတိယသခင်ကြီးသည် ရဲ့ခိုင်ကြည့်နေရာသို့ လိုက်ကြည့်လိုက်ရာ ဖူဟောင်ရွှယ်ကို တွေ့လိုက်ရလေသည်။

လင်းထိန်နေသော မီးရောင်အောက်တွင် ဖူဟောင်ရွှယ်၏ မျက်နှာသည် ပို၍ပင် သွေးဆုတ်ဖြူရော်နေသေး၏။

သို့သော် သူ၏မျက်ဆံများကတော့ မည်းနက်နေ၏။ ထိုမျက်ဆံများသည် အကာအကွယ်မရှိ၊ နယ်နိမိတ် သတ်မှတ်ချက် မရှိသော ညဉ့်နက်ကြီးတစ်ခုလို အန္တရာယ်များနှင့် လျှို့ဝှက်ချက်များကို ဖုံးကွယ်ထားလေသည်။

သူ၏ဓားအိမ်က မည်းနက်နေ၏။ ဓားအိမ်ပေါ်တွင် မည်သည့်အလှအပများမှ တန်ဆာဆင်ထားခြင်းမရှိပါ။

နံရံကြီးကို ဖြတ်ကျော်လာသော ဖူဟောင်ရွှယ်၏ လက်တစ်ဘက်သည် ထိုဓားကို တင်းကြပ်စွာ ဆုပ်ကိုင်ထား၏။ သူ၏နှာဖျားထိပ်မှ ချွေးများပင် မသွေ့ခြောက်သေးခင် တောင်ကြီးတစ်တောင်ကဲ့သို့ မားမားမတ်မတ်ကြီး ရပ်နေသော ကုန်းစွန်းတွမ့်ကို တွေ့လိုက်ရ၏။

ကုန်းစွန်းတွမ့်သည် ဖူဟောင်ရွှယ်၏လက်ထဲတွင် ကိုင်ဆောင်ထားသော ဓားမော့ကို စိုက်ကြည့်နေ၏။

ဖူဟောင်ရွှယ်သည်လည်း မိမိကိုင်ဆောင်ထားသည့် ဓားမော့ကိုသာ စိုက်ကြည့်နေသည်။ ဤလက်တစ်ဘက်မှလွဲ၍ မည်သူ့ကိုမျှ ဒုတိယအကြိမ် လှည့်ကြည့်ခဲ့ခြင်းမရှိပါ။

“မြင်းတစ်သောင်းဌာနထဲကို ဓားကိုင်ဆောင်လာသူ ဘယ်သူ့ကိုမှ ခွင့်မပြုဘူး။ ဓားမော့ကိုင်ဆောင်လာသူကိုလည်း ခွင့်မပြုဘူး။”
ကုန်းစွန်းတွမ့်က ကြေငြာလိုက်သည်။

ဖူဟောင်ရွှယ်သည် ခဏမျှ တိတ်ဆိတ်သွားခဲ့ပြီး ဖြည်းဖြည်းလေး မေးမြန်းလိုက်၏။
“ဘယ်သူ့ကိုမှ ခွင့်မပြုခဲ့ဖူးဘူးပေါ့။”

ကုန်းစွန်းတွမ့်-
“ဘယ်သူမှ မရှိခဲ့သေးဘူး။”

ဖူဟောင်ရွှယ်သည် သူ၏အကြည့်များကို သူ့ဓားထံမှ တဖြည်းဖြည်းချင်း မော့ကြည့်လာရာ ကုန်းစွန်းတွမ့်၏ ခါးကြားတွင် ချိတ်ဆွဲထားသော ဓားမော့သို့အရောက်တွင် ရပ်တန့်သွား၏။ ပြီးနောက် ပုံမှန်လေသံဖြင့် မေးမြန်းလိုက်သည်။
“ခင်ဗျားကျတော့ရော… လူတစ်ယောက်မှ ဟုတ်ရဲ့လား။”

ကုန်းစွန်းတွမ့်၏ မျက်နှာအမူအရာများ ပျက်သွားခဲ့လေသည်။

မုယုံမင်းကျူသည် ချက်ချင်းဆိုသလို သဘောကျစွာ ရယ်မောနေလိုက်ပြီး ခနဲ့လိုက်၏။
“ကောင်းတယ်… သိပ်ကိုကောင်းတဲ့ မေးခွန်းပဲ။”

ကုန်းစွန်းတွမ့်၏ လက်ထဲတွင်ကိုင်ဆောင်ထားသော ရွှေအရက်ခွက်ကြီးသည် သူ့လက်ဖဝါးများကြား၌ တဖြည်းဖြည်းချင်း ကျုံ့ဝင်သွား၏။ ရွှေခွက်ကြီးသည် သူ၏ သန်မာလှသော လက်ဖဝါးကြီးဖြင့် ချေညှစ်ခြင်းကို ခံလိုက်ရခြင်းဖြစ်၏။ ရုတ်တရက်… ရွှေခွက်ကြီးသည် လေထဲတွင် ဝဲပျံသွားပြီးနောက် ငွေရောင်ဓားရိပ်တစ်ခု တိုးထွက်လာခဲ့၏။

ထန်း…ထန်း… ထန်း…

ဖျစ်ညှစ်ခြင်း ခံထားရသော ရွှေခွက်ကြီးသည် ၃ ပိုင်းပြတ်သွားခဲ့၏။ သူ၏ ကွေးနေသော ဓားမော့သည်လည်း ငွေရောင်ကဲ့သို့ လင်းလက်တောက်ပနေသည်။

မုယုံမင်းကျူ၏ ရယ်မောသံသည် ဓားချက်တစ်ချက်တည်းဖြင့်ပင် ဖြတ်တောက်ခြင်း ခံလိုက်ရသည်။ ခန်းမကြီးတစ်ခုလုံးတွင် တိတ်ဆိတ်ငြိမ်သက်ခြင်းများ ဖုံးလွှမ်းသွားခဲ့တော့၏။

ကုန်းစွန်းတွမ့်သည် သူ၏ဓားသွားပေါ်သို့ ညင်သာစွာ လက်တင်ထားလိုက်သည်။ ဖူဟောင်ရွှယ်ကို စူးစူးစိုက်စိုက် ကြည့်နေပြီးနောက် မေးမြန်းလိုက်၏။
“မင်းဆီမှာ ငါ့လိုမျိုး ဓားမော့တစ်လက် ရှိနေတယ်ဆိုရင်တော့ ဒီထဲကို ယူလာနိုင်တယ်။”

ဖူဟောင်ရွှယ်-
“ကျုပ်ဆီမှာ အဲဒီလိုမျိုး ဓားမော့မရှိဘူး။”

ကုန်းစွန်းတွမ့်က ခပ်ပြုံးပြုံးလေး မေးမြန်းလိုက်သည်။
“ဒါဆိုရင် မင်းဆီမှာ ဘယ်လိုမျိုး ဓားမော့ ရှိနေလို့လဲ။”

ဖူဟောင်ရွှယ်-
“ကျုပ်လည်းမပြောတတ်ဘူး။ ဒါပေမဲ့ ကျုပ်ဆီမှာ ရှိနေတဲ့ ဓားမော့ကတော့ အရက်ခွက်ကို ခုတ်ဖြတ်တဲ့ ဓားမော့မဟုတ်တာ သေချာတယ်။”

ဖူဟောင်ရွှယ်သည် ကုန်းစွန်းတွမ့်၏ ခက်ထန်ကြမ်းတမ်းသော မျက်နှာအမူအရာကို ကြည့်ရန် သူ့ဦးခေါင်းကို မော့ထားနေရ၏။

သူသည် တစ်ချက်ကလေးသာ စိုက်ကြည့်ခဲ့ပြီး လမ်းလျှောက်ထွက်သွားတော့သည်။ သူ၏ မျက်လုံးများက ဝေ၀ေ၀ါးဝါး ဖြစ်နေပြီး ဘယ်ဘက်ခြေထောက်က ခြေတစ်လှမ်းလှမ်းပြီးတိုင်း ညာဘက်ခြေထောက်က တရွတ်တိုက် ဆွဲပါသွားခဲ့၏။

ကုန်းစွန်းတွမ့်က အော်ပြောလိုက်သည်။
“မင်း ထွက်သွားတော့မယ်ပေါ့လေ။”

ဖူဟောင်ရွှယ်သည် နောက်သို့ လှည့်မကြည့်ဘဲ ပြန်ဖြေလိုက်၏။
“လူတွေ အရက်ခွက်ကို ဓားနဲ့ခုတ်ဖြတ်တာကို ကြည့်ဖို့ ကျုပ်လာခဲ့တာမဟုတ်ဘူး။”

ကုန်းစွန်းတွမ့်-
“မင်း အထဲကို ဝင်သွားချင်တယ်ဆိုရင် မင်းရဲ့ဓားမော့ကို ထားခဲ့ရလိမ့်မယ်။ ပြန်ထွက်သွားမယ်ဆိုရင်လည်း ထားခဲ့ရမှာပဲ။”

ဖူဟောင်ရွှယ်၏ ခြေလှမ်းများက ရပ်တန့်သွားခဲ့ကြ၏။ စိုစွတ်နေသော အင်္ကျီအောက်ရှိ သူ၏ခန္ဓာကိုယ် ကြွက်သားများအားလုံး ရုန်းကန်ထွက်လာကြတော့သည်။

ခဏကြာတော့မှ ပြန်မေးလိုက်သည်။
“ဘယ်သူကပြောခဲ့တဲ့ စကားတွေလဲ။”

ကုန်းစွန်းတွမ့်က ပြန်ဖြေလိုက်သည်။
“ငါ့ရဲ့ ဓားမော့က ပြောခဲ့တဲ့စကားတွေပေါ့။”

ဖူဟောင်ရွှယ်က ပြန်ပြောလိုက်သည်။
“ကျုပ်ရဲ့ ဓားမော့ပြောတာကျတော့ တစ်မျိုးပါလား။”

ကုန်းစွန်းတွမ့်၏ ကြွက်သားများသည်လည်း တင်းမာလာခဲ့ကြ၏။ သူသည် စူးရှအက်ကွဲသော အသံကြီးဖြင့် မေးမြန်းလိုက်သည်။
“မင်းရဲ့ဓားမော့က ဘာတွေများ ပြောနေလို့လဲ။”

ဖူဟောင်ရွှယ်-
“ဓားမော့ဆိုတာ လူရှိမှသာ ရှိနိုင်တယ်။ လူကလည်း ဓားမော့ရှိမှသာ ရှိနိုင်တယ်။”

ကုန်းစွန်းတွမ့်-
“မင်းရဲ့ဓားမော့ကို ငါက ဒီနေရာမှာပဲ ချန်ထားခိုင်းခဲ့ချင်တယ် ဆိုရင်ကော…”

ဖူဟောင်ရွှယ်-
“ဓားမော့ကျန်နေခဲ့မှတော့ လူလည်းကျန်နေခဲ့မှာပေါ့။”

ကုန်းစွန်းတွမ့်-
“ကောင်းတယ်… သိပ်ကိုကောင်းတယ်။”

သူသည် စကားတစ်ဝက်တပျက် ပြောဆိုနေဆဲမှာပင် သူ၏ဓားမော့က ငွေရောင်သက်တံများလို ဖြာထွက်လာခဲ့တော့၏။ ထိုဓားရိပ်များက ဖူဟောင်ရွှယ်၏လက်ကို ဦးတည်သွားနေလေသည်။

ဖူဟောင်ရွှယ်သည် နောက်ပြန်လှည့်ကြည့်လာခြင်းမရှိ… သူ့ဓားမော့သည်လည်း ဓားအိမ်ထဲမှ ထွက်လာခဲ့ခြင်းမရှိ… လူသည်လည်း လှုပ်ရှားခဲ့ခြင်းအလျင်းမရှိ…

ဖူဟောင်ရွှယ်၏လက်ကို ကုန်းစွန်းတွမ့်၏ ဓားမော့က ခုတ်ဖြတ်တော့မည့်ဆဲဆဲတွင် အသံတစ်သံက ဟန့်တားလိုက်၏။
“ရပ်လိုက်စမ်း…”

ငွေရောင်ဓားရိပ်များ ရုတ်ချည်းဆိုသလိုပင် ပျောက်ကွယ်သွားခဲ့သည်။ ဓားသွားသည် ဖူဟောင်ရွှယ်၏ လက်ကောက်ဝတ်မှ ၅ လက်မအကွာတွင် ရပ်တန့်နေ၏။ သို့သော် ဓားကိုကိုင်ဆောင်ထားသည့် ကုန်းစွန်းတွမ့်၏ လက်များက တည်ငြိမ်လွန်းလှသည်။ ဓားသွားသည် ရပ်နေရာမှ တစ်လက်မပင် နေရာမရွေ့ဘဲ ရှိနေ၏။

ကုန်းစွန်းတွမ့်သည် သူ၏ဓားကိုင်လက်ကို ချွေးသီးချွေးပေါက်များ ထွက်နေသော မျက်နှာကြီးဖြင့် စိုက်ကြည့်နေ၏။

သူ၏ဓားမော့ကို ဓားအိမ်ထဲမှ ထွက်ပေါ်လာသည်ဆိုသည်နှင့် တားဆီးနိုင်သူမှာ ဤလောကကြီးထဲတွင် တစ်ယောက်တည်းသာရှိ၏။

0 comments:

Post a Comment