မီးအိမ်အောက်တွင်ရပ်နေသည့် လူတစ်ယောက်သည် ကျယ်လောင်စွာဟိန်းထွက်နေသော အသံကြီးဖြင့် ရယ်မောနေ၏။ အသံကြောင့် မီးအိမ်ပေါ်တွင် တင်နေသော ဖုန်မှုန့်များ သူ့မျက်နှာပေါ်သို့ လွင့်ကျလာခဲ့၏။
သို့သော် သူမမှုပါ။
ဘာပဲဖြစ်နေဖြစ်နေ ရဲ့ခိုင်သည် ဘာမထီသူတစ်ယောက်ဖြစ်ပုံရသည်။
ထို့ကြောင့်ပင် တစ်နေ့ညကတည်းက ဝတ်ဆင်ထားသော ညစ်တီးညစ်ပတ် စုတ်စုတ်ပြတ်ပြတ် အဝတ်အစားများကို ဆက်၍ဝတ်ဆင်ထားခြင်းလည်းဖြစ်၏။ သူသွားလေရာနောက်သို့ သစ်ရွက်ပုတ်နံ့လိုလို၊ တိရစ္ဆာန်အညစ်အကြေးနံ့လိုလို၊ လူသေကောင် အလောင်းပုတ်နံ့များလိုလို၊ ဆိုးဝါးသော အနံ့အသက်များ တောက်လျှောက် လိုက်ပါနေကြသည်။
သို့သော် သူ ယခု ရပ်နေဟန်မှာ သူ့ကိုယ်မှ ထုတ်လွှတ်နေသော အနံ့အသက်ဆိုးများကို ရှူရှိုက်မိသူတိုင်း အားရနှစ်ထောင်းဖြစ်နေကြစေရန် မျှော်လင့်ထားသူလိုမျိုး ဖြစ်နေ၏။
သူ၏အင်္ကျီတွင် ရှိနေသော အပေါက်ထဲမှ တစ်စုံတစ်ခု တွဲလောင်းထွက်နေ၏။ ထိုအရာသည် တစ်နေ့ညတုန်းက ရှိနေခဲ့သော ဂန္ဓမာပန်းပွင့်လေးတော့ မဟုတ်ချေ။ ပုလဲပန်းရင်ထိုးလေးတစ်ခုဖြစ်၏။
မည်သည့် မိန်းမငယ်လေးဆီကနေ ဖြုတ်ယူလာခဲ့မှန်း မည်သူသိနိုင်မည်နည်း။
ရိုးတံများတွင် တွယ်ကပ်နေသော ပန်းပွင့်များကို သူဘယ်တုန်းကမှ မခူးယူခဲ့ဖူး။ သို့သော် မိန်းမငယ်လေးများ၏ ဆံကေသာထက်မှ အသုံးအဆောင်ပစ္စည်းလေးများကို ဖြုတ်ယူဖို့တော့ သူ ဝန်မလေးပါ။
အဝေးတစ်နေရာသို့ ငေးကြည့်နေသော ဖူဟောင်ရွှယ်၏အကြည့်များက သူ့ထံသို့ စိုက်စိုက်မတ်မတ် ရောက်ရှိလာခဲ့၏။
လမ်းမ၏ အလယ်တည့်တည့်တွင် ရှိနေသော ဝတ်ရုံဖြူဝတ်ဆင်ထားသူထံ ရဲ့ခိုင် ရောက်ရှိလာခဲ့လေပြီ။ သူ့ခြေလှမ်းများက ဘယ်ညာ ယိမ်းထိုးနေကြ၏။ ဒဏ္ဍာရီထဲမှ နာမည်ကျော် ကဗျာဆရာတစ်ယောက်ဖြစ်သူ၊ မြစ်ပြင်မှ လမင်းကို ဆယ်ယူရန်ကြိုးစားခဲ့သူ.. ‘တိုင်ပို’ လိုမျိုး အရက်မူးနေခြင်းဖြစ်ပုံရသည်။
သို့သော် မျက်လုံးများ ဖွင့်လိုက်သည်နှင့်တပြိုင်နက် သိမ်းငှက်ပစ်သူရဲကောင်းကြီး ဂျင်ဂျစ်ခန် ထက်ပင် သူ့အကြည့်များက စူးရှနေသေး၏။
မျက်လုံးများ မှေးစင်းထားပြီး ဝတ်ရုံဖြူဝတ်ဆင်ထားသူကို ရဲ့ခိုင် မေးမြန်းလိုက်သည်။
“ခင်ဗျား မနေ့ညကတည်းက ဒီနေရာမှာ မတ်တတ်ရပ်နေခဲ့တာမဟုတ်လား။”
“ဟုတ်ပါတယ်။”
အဖြူရောင်ဝတ်ဆင်ထားသူ ပြန်ဖြေလိုက်၏။
ရဲ့ခိုင်-
“ဒီနေ့လည်း ခင်ဗျား ဒီနေရာမှာပဲ ရှိနေသေးတာပဲ။”
“မှန်တယ်။”
“ခင်ဗျား ဘာကို စောင့်နေတာလဲ။”
“မင်းကို စောင့်နေတာပါ။”
“ကျုပ်ကို စောင့်နေတာလား။ ကျုပ်က ဘာကောင်မှ မဟုတ်တာ။ ဘာဖြစ်လို့ စောင့်နေရတာလဲ။”
ရဲ့ခိုင် ခပ်ပြုံးပြုံးလေး မေးမြန်းလိုက်သည်။
“တတိယသခင်ကြီးရဲ့ အမြင်မှာ မင်းလောက် သူရဲကောင်းအငွေ့အသက်ပြည့်ဝသူ တစ်လောကလုံး မရှိနိုင်လို့ပေါ့။”
အဖြူရောင်ဝတ်ဆင်ထားသူ ပြန်လည်ဖြေကြားလိုက်၏။
ရဲ့ခိုင် သဘောကျစွာ ရယ်မောလိုက်တော့သည်။
“ကျုပ်ကိုယ်ကျုပ် သူရဲကောင်းတစ်ယောက်ဖြစ်နေမှန်း ဒီနေ့ကျမှပဲ သိလိုက်ရတော့တယ်။ နေစမ်းပါဦး… ခင်ဗျားတို့ရဲ့ တတိယသခင်ကြီးဆိုတာ ဘယ်လိုလူစားမျိုးလဲဗျ။”
“သူရဲကောင်းတွေကို လေးစားဂုဏ်ယူတတ်သူ တစ်ယောက်ပါ။”
အဖြူရောင်ဝတ်ဆင်ထားသူက ပြန်လည်ဖြေကြားလိုက်၏။
ရဲ့ခိုင်-
“အတော်ပဲဗျာ… အဲဒီလိုလူမျိုးနဲ့မှ ကျုပ်ကလည်း တွေ့ချင်နေတာ။ သူဘယ်မှာလဲဗျ။ ကျုပ်ကို အရက်တစ်ခွက်လောက် တိုက်ခွင့်ပေးချင်လို့ပါ။”
ရဲ့ခိုင်သာ တစ်စုံတစ်ယောက်ကို အရက်ဝယ်တိုက်ခွင့် ပေးခဲ့သည်ဆိုလျှင် ထိုသူ့ကို သူ တော်တော်လေး မျက်နှာသာပေးခြင်းကြောင့်ပင်ဖြစ်မည်။
အဖြူရောင်ဝတ်ဆင်ထားသူ-
“ဒီနေ့ည သူနဲ့အတူ အရက်နည်းနည်းလောက် သောက်ရအောင် မင်းကို ဖိတ်ကြားခဲ့ပါလို့ တတိယသခင်ကြီး ကျုပ်ကို မှာကြားထားပါတယ်။”
ရဲ့ခိုင်-
“အရက်နည်းနည်းလေးဆိုရင်တော့ ကျုပ် စိတ်မဝင်စားဘူး။ အလျှံပယ်သောက်ရမယ်ဆိုရင်တော့ ကျုပ် အရောက်လာခဲ့ပါ့မယ်။”
အဖြူရောင်ဝတ်ဆင်ထားသူ-
“မြင်းတစ်သောင်းဌာနရဲ့ မြေတိုက်ခန်း အရက်သိုလှောင်ရုံကြီးဟာ အိုးပေါင်း ၃၀၀၀ တိတိ အနက်ရှိပါတယ်။ မင်းကြိုက်သလောက် သောက်နိုင်ပါလိမ့်မယ်။”
ရဲ့ခိုင်သည် သွားဖြီးလေးနှင့် သဘောကျစွာပြုံးနေ၏။
“ဒါဆိုရင်… ကျုပ်ကို မောင်းထုတ်ချင်ရင်တောင်မှ ခင်ဗျားတို့အတွက် မလွယ်ကူတော့ဘူးလို့သာ မှတ်လိုက်ပေတော့။”
အဖြူရောင်ဝတ်ဆင်ထားသူ-
“ကျေးဇူးတင်ပါတယ်။”
ရဲ့ခိုင်-
“ကျုပ်လာခဲ့ပါ့မယ်လို့ သဘောတူထားပြီးပြီလေ… ခင်ဗျား ဒီမှာ ဘာရပ်လုပ်နေသေးတာလဲ။”
အဖြူရောင်ဝတ်ဆင်ထားသူ-
“ကျုပ်ကို ဖိတ်ကြားခိုင်းလိုက်တာ လူ ၆ ယောက်ကိုပါ။ အခုထိ ၅ ယောက်ပဲ ဖိတ်ကြားနိုင်ခဲ့သေးတယ်။”
ရဲ့ခိုင်-
“ဒါကြောင့်မို့ ခင်ဗျား မထွက်သွားနိုင်သေးဘူးပေါ့။”
“မှန်တယ်။”
ရဲ့ခိုင်-
“ခင်ဗျား မဖိတ်ကြားနိုင်ခဲ့တာ ဘယ်သူများလဲဗျ။”
အဖြေစကားကိုပင် မစောင့်တော့ဘဲ ရဲ့ခိုင် ရယ်မောနေလေတော့သည်။
“ဘယ်သူလဲဆိုတာ ကျုပ်သိပါတယ်။ အဲဒီလူဟာ သူများကို အရက်မတိုက်ချင်ရုံမကသေးဘူး၊ သူ့ကို အရက်တိုက်ရင်လည်း မကြိုက်ဘူးနဲ့တူတယ်။”
အဖြူရောင်ဝတ်ဆင်ထားသူသည် မဲ့ပြုံးလေးသာ ပြုံးပြနိုင်လေသည်။
ရဲ့ခိုင်-
“ခင်ဗျား ဒီနေရာမှာ ၃ ရက် ၃ ည မတ်တတ်ရပ်စောင့်နေလည်း သူလိုက်လာမှာ မဟုတ်ဘူး။ ဒီလောကကြီးထဲမှာ သူ့ကို စွဲဆောင်နိုင်တဲ့အရာ ရှိသေးရဲ့လားဆိုတာတောင် မသေချာဘူးဗျ။”
အဖြူရောင်ဝတ်ဆင်ထားသူက သက်ပြင်းမောတစ်ချက် ချလိုက်၏။
ရဲ့ခိုင်-
“သူ့ကို ဖိတ်ကြားချင်တယ်ဆိုရင်တော့ တစ်နည်းပဲရှိတယ်။”
အဖြူရောင်ဝတ် ဆင်ထားသူ-
“ကျေးဇူးပြုပြီး ညွှန်ပြပေးပါလား။”
“လာစေချင်တဲ့နေရာ သူရောက်လာအောင် ဖိတ်ကြားနေလို့တော့ အလကားပဲ။ သူ့ကို ရန်လုပ်ပြီး ဆွပေးလို့ကတော့ မမေးလည်း လာမှာပဲ၊ မဖိတ်ကြားထားလည်း လာမှာပဲ။”
အဖြူရောင်ဝတ်ဆင်ထားသူ-
“အဲဒီလိုနည်းလမ်းကို ကျုပ် ဘယ်လိုလုပ်ပြီး သိနိုင်မှာလဲဗျာ။”
ရဲ့ခိုင်-
“ခဏစောင့်ကြည့်နေ… ဟုတ်ပြီလား။”
ခန္ဓာကိုယ် ရုတ်တရက် လှည့်ထွက်လိုက်ပြီး ဖူဟောင်ရွှယ်ရှိရာသို့ ရဲ့ခိုင် ခြေလှမ်းကျဲကြီးများဖြင့် ထွက်သွားလိုက်၏။
ဖူဟောင်ရွှယ်ကို ကြည့်ရသည်မှာ ရဲ့ခိုင် ရောက်အလာကို တစ်ချိန်လုံး စောင့်စားနေပုံရသည်။
ရဲ့ခိုင်သည် ဖူဟောင်ရွှယ်ရှေ့သို့ နီးကပ်စွာ လျှောက်လှမ်းသွား၏။ ပြီးနောက် မျက်နှာချင်းဆိုင်ပြီး ထူးဆန်းသော မျက်နှာပေးဖြင့် မေးမြန်းလိုက်သည်။
“ငါ ဘယ်သူလဲဆိုတာ မင်းသိလား။ မင်းနဲ့ငါ ဘယ်လို ပတ်သက်နေလဲဆိုတာရော သိလား။”
ဖူဟောင်ရွှယ်-
“မင်းက ဘယ်သူတုန်း။ ငါနဲ့ ဘယ်လို ပတ်သက်နေလို့တုန်း။”
သူ၏ ဖြူဆွတ်နေသော မျက်နှာပြင်ထက်တွင် မည်သည့် စိတ်ခံစားချက်မျှ မထွက်ပေါ်နေပါ။ သို့သော် ဓားမော့ကိုင်ဆောင်ထားသည့် ဘယ်ဘက်လက်တွင်တော့ သွေးကြောစိမ်းများ ထောင်ထလာ၏။
ရဲ့ခိုင်က ရယ်မောပြီး ပြောဆိုလိုက်သည်။
“မင်းသိချင်နေတယ်ဆိုရင်တော့… ဒီနေ့ည မြင်းတစ်သောင်းဌာနမှာ ငါ့ကိုလာတွေ့ကွာ။ အဲဒီကျမှ ပြောပြမယ်။”
ဖူဟောင်ရွှယ် စကားပြန်ပြောရန် ဟန်ပြင်လိုက်စဉ်မှာပင် ရဲ့ခိုင်သည် လျှင်မြန်စွာလှည့်ပြီး လျှောက်ထွက်သွားခဲ့ချေပြီ။ ဖူဟောင်ရွှယ် သူ့နောက်မှ လိုက်လာမည်စိုး၍ ခပ်သုတ်သုတ်လေး လျှောက်လှမ်းသွား၏။
သို့သော် ဖူဟောင်ရွှယ် လုံးဝမလှုပ်ရှားခဲ့ပါ။ မျက်လုံးကို အောက်သို့စိုက်ထားပြီး လက်ထဲတွင် ကိုင်ဆောင်ထားသည့် ဓားမော့ကို ကြည့်နေသည်မှာ သူငယ်အိမ်များပင် ကျဉ်းမြောင်းလာခဲ့၏။
ရဲ့ခိုင်သည် အဖြူရောင်ဝတ်ဆင်ထားသူထံ ပြန်ရောက်လာခဲ့လေပြီ။ ထိုသူ၏ ပခုံးကို ပုတ်ပြီး ပြောဆိုလိုက်၏။
“ခင်ဗျား ပြန်သွားလိုက်တော့။ မြင်းတစ်သောင်းဌာနကို သူ ဒီည အရောက်လာလိမ့်မယ်ဆိုတာ ကျုပ် အာမခံတယ်ဗျာ။”
အဖြူရောင်ဝတ်ဆင်ထားသူက မယုံကြည်နိုင်စွာ မေးမြန်းလိုက်၏။
“သူတကယ်ပဲ ရောက်လာမှာလား။”
ရဲ့ခိုင်-
“နောက်ဆုံးဗျာ… သူမလာဘူးဆိုရင်လည်း အားလုံး ကျုပ်အပြစ်လို့ပဲ သဘောထားလိုက်။ ခင်ဗျားရဲ့တာဝန်ကျေပြီ… ဟုတ်ပြီလား။”
“ကျေးဇူးတင်ပါတယ်။”
အဖြူရောင်ဝတ်ဆင်ထားသူက ရိုကျိုးစွာ ပြောဆိုလိုက်၏။
ရဲ့ခိုင်-
“ကျုပ်ကို ကျေးဇူးတင်ဖို့ မလိုပါဘူးဗျ။ ခင်ဗျားကိုခင်ဗျား ပြန်ပြီး ကျေးဇူးတင်ရမှာ။”
အဖြူရောင်ဝတ်ဆင်ထားသူသည် အံ့အားသင့်သွားခဲ့ပြီး မေးမြန်းလိုက်၏။
“ကျုပ်ကိုယ်ကျုပ် ပြန်ပြီး ကျေးဇူးတင်ရမယ်… ဟုတ်လား။”
“လွန်ခဲ့တဲ့နှစ် ၂၀ လောက်တုန်းက သိုင်းလောကကို တုန်လှုပ်သွားစေခဲ့တဲ့ နာမည်ကျော် ‘ဓားတစ်လက်၊ ပန်းတွေကြွေ’ တောင်မှာ ဒီနေရာမှာ တစ်ညနဲ့ တစ်နေ့လုံးလုံး မတ်တတ်ရပ် စောင့်နေနိုင်သေးတာ၊ ကျုပ်က သူ့ကို နည်းနည်းပါးပါးလေး ကူညီပေးခဲ့တာ စာမဖွဲ့လောက်ပါဘူးဗျာ။”
ရဲ့ခိုင် ပြုံးပြီး ဖြေဆိုလိုက်၏။
အဖြူရောင်ဝတ်ဆင်ထားသူသည် ရဲ့ခိုင်ကို ထူးဆန်းစွာ စိုက်ကြည့်နေ၏။ အတန်ကြာမှ စကားသံ ဖြည်းညင်းစွာ ထွက်ပေါ်လာခဲ့သည်။
“မင်းတော်တော်များများ သိထားပုံရတယ်။”
“ကံကောင်းချင်တော့… သိပ်အများကြီး မသိထားပါဘူး။” ရဲ့ခိုင် ပြန်ဖြေလိုက်သည်။
အဖြူရောင်ဝတ်ဆင်ထားသူသည် အလေးပြုပြီးနှုတ်ဆက်ပြုံးပြလိုက်သည်။
“ကျုပ်တို့ ညကျမှ တွေ့ကြရအောင်။”
ရဲ့ခိုင်-
“သေချာပေါက်တွေ့မယ်။”
အဖြူရောင်ဝတ်ဆင်ထားသူက ဦးညွှတ်လိုက်ပြီး ဖြည်းညင်းစွာ လှည့်ထွက်သွားတော့သည်။ မြေကြီးပေါ်တွင် စိုက်ဝင်နေသော အလံတိုင်အား ဆွဲယူပြီး အလံကို ရစ်ပတ်လိုက်၏။ အလံတိုင်ကို တစ်ချက်မျှ ဆောင့်လိုက်ရုံဖြင့် သူ့ခန္ဓာကိုယ်တစ်ခုလုံး လေထဲသို့ မြောက်တက်သွားခဲ့၏။
တစ်ချိန်တည်းမှာပင် အနီးရှိ မြင်းဇောင်းထဲမှ မြင်းတစ်ကောင် ကဆုန်ပေါက် ပြေးထွက်လာသည်။
အဖြူရောင်ဝတ်ဆင်ထားသူသည် မြင်းကုန်းနှီးပေါ်သို့ တည့်မတ် တိကျစွာ ကျရောက်သွားခဲ့လေသည်။
ရှည်လျားသောဟီသံကြီးဖြင့် မြင်းကြီးသည် မီတာ ၃၀ ခန့်အကွာအဝေးသို့ ဒုန်းစိုင်း ပြေးထွက်သွားခဲ့တော့သည်။
မြင်းဒုန်းစိုင်းစီးထွက်သွားပြီး မြင်ကွင်းမှ တဖြည်းဖြည်း ဝေးကွာသွားသော အဖြူရောင်ဝတ်ဆင်ထားသူကို ရဲ့ခိုင် ငေးကြည့်နေ၏။ ပြီးနောက် သက်ပြင်းရှိုက်လိုက်ပြီး တစ်ကိုယ်တည်း တီးတိုးရေရွတ်လိုက်သည်။
“မြင်းတစ်သောင်းဌာနဟာ တကယ်တော့ ကျားရဲသိုက် နဂါးတွင်းကြီးပါလား။ ထိပ်သီးသိုင်းသမားတွေ ပေါများချက်ကတော့…”
သူသည် လက်နှစ်ဘက်ကို မြှောက်ထားပြီး ဟားသန်းနေလိုက်၏။ ဖူဟောင်ရွှယ်ဘက်သို့ လှည့်ကြည့်လိုက်သောအခါ… သူ့မြင်ကွင်းတွင် မရှိနေတော့ချေ။
+++++
ကောင်းကင်ကြီးသည် ပြာလဲ့နေ၏။ သဲမြေများကတော့ အဝါရောင်ဖြစ်သည်။
အဝါရောင်သဲမြေများနှင့် ပနံတင့်နေသော ကောင်းကင်ပြာ… ကောင်းကင်ပြာကို အဖော်ပြုထားသော အဝါရောင်သဲမြေများ…
အဝေးတစ်နေရာတွင် ကြီးမားသောအလံကြီးတစ်ခု လေထဲ၌ တလူလူလွင့်နေ၏။
လွင့်နေသောအလံသည် ကမ္ဘာမြေကြီး၏ အဆုံးတစ်နေရာတွင် ရှိနေသည့်အလား…
မြင်းတစ်သောင်းဌာနသည်လည်း ကမ္ဘာမြေကြီး၏ အဆုံးတစ်နေရာတွင် ရှိနေသည့်အလား…
အပြောကျယ်လှသော လွင်ပြင်ရိုင်းများဖြစ်သည်။ မြင်းခွာများ နင်းခြေထားသောကြောင့် ရှည်လျားဖြောင့်တန်းနေသော လမ်းကလေးတစ်ခု ဖြစ်ပေါ်နေ၏။ ထိုလမ်းကလေးသည် ကြီးကျယ်ခမ်းနားလှသော အလံဖြူကြီးရှိရာသို့ ဦးတည်သွား၏။ အလံ၏ အောက်တွင်တော့ ‘မြင်းတစ်သောင်းဌာန’ တည်ရှိနေသည်။
လမ်း၏ဘေးတစ်ဘက်တွင်ရှိနေသော လွင်တီးခေါင် ကွင်းပြင်ကြီးထဲတွင် ဖူဟောင်ရွှယ် ရပ်တန့်နေ၏။ အချိန်မည်မျှကြာသွားသည်မသိ ထိုအလံကို စိုက်ကြည့်နေသည်။ နောက်ဆုံးတွင် တဖြည်းဖြည်းချင်း လှည့်ထွက်သွားခဲ့တော့သည်။
တထောင်းထောင်းထနေသော အဝါရောင်ဖုန်လုံးကြီးထဲမှ အနီမျှင်တန်းလေးတစ်ခု တိုးထွက်လာသည်။ ဖူဟောင်ရွှယ်ထံသို့ ကြယ်ပျံတစ်ခုအလား လှစ်ခနဲ တိုးဝင်လာသလိုမျိုးလည်းဖြစ်၏။
အုန်းခွံရောင် မြင်းညိုကြီးတစ်ကောင်ဖြစ်သလို စီးနင်းလာသူသည်လည်း နီရဲနေသော အဝတ်အစားများ ဝတ်ဆင်ထားသည်။
နောက်ကျောဘက်မှ မြင်းခွာသံများ ကြားလိုက်ရချိန်တွင် ဖူဟောင်ရွှယ် ခြေလှမ်း ၃ လှမ်းခန့် လှမ်းထွက်ခဲ့ရရုံရှိသေးသည်။
နောက်သို့ သူ လှည့်မကြည့်ခဲ့ပါ။ ခြေလှမ်းအနည်းငယ်လှမ်းပြီးချိန်တွင် မြင်းနှင့် မြင်းစီးသူသည် သူ့ကိုလျင်မြန်စွာ ဖြတ်ကျော်သွားပြီးဖြစ်၏။
မြင်းစီးလာသူသည် နောက်သို့ တစ်ချက်မျှ စောင်းငဲ့ကြည့်လိုက်ရာ စူးရှတတောက်ပနေသော မျက်ဝန်းတစ်စုံက ဖူဟောင်ရွှယ်၏ လက်ထဲတွင် ဆုပ်ကိုင်ထားသော ဓားမော့ကို သတိထားမိသွားခဲ့၏။ မြင်းဇက်ကြိုးကို ဖြူဖွေးနေသော လက်ကလေး တစ်စုံဖြင့် ဆွဲရပ်လိုက်သည်။
မြင်းလိမ္မာတစ်ကောင်ဖြစ်သလို လှပသော မိန်းမပျိုလေးတစ်ယောက် စီးနင်းလာခြင်းလည်းဖြစ်၏။
သို့သော် ဖူဟောင်ရွှယ်ကို ကြည့်ရသည်မှာ ထိုအရာအား သတိထားမိပုံမပေါ်။ သူမကြည့်ချင်ဘူးဆိုလျှင် သူ့မျက်လုံးများက မည်သည့်အရာကိုမျှ မမြင်တွေ့နိုင်ပါ။
တောက်ပရွှန်းစိုသော မျက်ဝန်းပိုင်ရှင်လေးက ဖူဟောင်ရွှယ်ကို စူးစူးစိုက်စိုက် ကြည့်နေပြီး မေးမြန်းလိုက်သည်။
“ရှင်ကိုး… ဆရာဟွာ မဖိတ်ကြားနိုင်ခဲ့ဘူးဆိုတဲ့လူပါလား။”
သူမသည် အလွန်လှပသလို အသံကြည်ကြည်လေးက ပို၍ပင် စွဲဆောင်မှု ရှိနေသေး၏။
ဖူဟောင်ရွှယ် မကြားခဲ့ပါ။
မြင်းစီးလာသူက မျက်ခုံးလေးများ ပင့်ပြီး အသံစူးစူးလေးဖြင့် အော်ပြောလိုက်သည်။
“ဒီမှာ… သေသေချာချာ နားထောင်စမ်းပါ။ ဖိတ်ကြားထားတဲ့အတိုင်း ဒီနေ့ည မပေါ်လာခဲ့ဘူးဆိုရင်၊ ရှင်ဟာ ကြက်ဥပုတ်တွေနားမှာ တဝီဝီဝဲပျံနေတဲ့ ခြင်ကောင်တစ်ကောင်ဖြစ်တယ်လို့ပဲ မှတ်ယူလိုက်မယ်။ ပြီးတာနဲ့ ကျမကိုယ်တိုင် ရှင့်ကိုသတ်ပြီး ရှင့်ရဲ့အသုံးမကျတဲ့ ခန္ဓာကိုယ်ကြီးကို ခွေးကျွေးပစ်လိုက်မယ်။”
သူမ၏လက်ထဲမှ ကျာပွတ်တစ်ချောင်း ဖူဟောင်ရွှယ်၏ မျက်နှာဆီသို့ မြွေတစ်ကောင်အလား ပေါက်ထွက်လာခဲ့သည်။ သူ့ထံဝင်ရောက်လာသည့်အရာကိုလည်း ဖူဟောင်ရွှယ် မြင်တွေ့ခဲ့ပုံမရချေ။ မျက်နှာနားရောက်ခါနီးတွင် ‘ရွှပ်’ ကနဲ မြည်သံနှင့်အတူ သူ၏ပါးပြင်ထက်တွင် အနီရောင် အစင်းကြောင်းတစ်ခု ထင်သွားခဲ့၏။
မည်သည့် နာကျင်ခံစားရမှုမျှ ဖူဟောင်ရွှယ် မပြသခဲ့ပါ။ သို့သော် ဓားကိုင်ဆောင်ထားသော လက်ဖျံတွင်မူ သွေးကြောစိမ်းများ ထောင်ထလာခဲ့၏။
“အလကားလူ… သစ်ဆွေးတုံးကြီး…”
မြင်းစီးလာသူက ခနဲ့စကား ပြောလိုက်၏။
သူမ၏ရယ်မောသံလေးက ကွင်းပြင်ထဲသို့ ထွက်ပြေးသွားသော မြင်းကြီးနှင့်အတူ တရွေ့ရွေ့ဝေးကွာသွားတော့သည်။ အနီရောင် အမျှင်တန်းတစ်ခု မြင်ကွင်းမှ တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့၏။
ဖူဟောင်ရွှယ် လက်တစ်ဘက်ကို မြှောက်ပြီး ပါးပြင်ပေါ်မှ ဒဏ်ရာလေးကို စမ်းကြည့်လိုက်သည်။ သူ့တစ်ကိုယ်လုံး တုန်ခါနေသည်။
သူ၏ခန္ဓာကိုယ်တစ်ခုလုံး တုန်ခါနေ၏။ ဓားမော့ကိုင်ဆောင်ထားသည့် လက်တစ်ဘက်မှလွဲ၍ တစ်ကိုယ်လုံး တုန်ခါနေ၏။ ထိုလက်တစ်ဘက်သည် ကျောက်တောင်ကြီးတစ်ခုအလား တည်ငြိမ်စွာ ရှိနေလေသည်။
+++++
ရဲ့ခိုင် ဟားသန်းနေဆဲ…
တစ်စုံတစ်ယောက်ကသာ သူ့ကို စောင့်ကြည့်နေခဲ့မည်ဆိုလျှင် ယနေ့တစ်နေ့လုံး သူသည် အကြိမ်ပေါင်း ၄၀ ခန့် ဟားသန်းခဲ့ပြီးဖြစ်ကြောင်း သိရှိနိုင်ကြမည်ဖြစ်သည်။
သည်လောက် ဟားသန်းနေတာတောင်မှ အိပ်ယာဝင်ဖို့ မစဉ်းစားသေး။
အရှေ့ဘက်လျှောက်သွားလိုက်၊ အနောက်ဘက်လျှောက်သွားလိုက်၊ ဘယ်ဘက်ကို ငေးကြည့်လိုက်၊ ညာဘက်သို့ လှည့်ကြည့်လိုက်၊ မျောက်မူးလဲ အလုပ်လုပ်နေ၏။ အရာအားလုံးသည် သူ့အတွက် စိတ်ဝင်စားစရာချည့် ဖြစ်နေကြသည့်အလား…
သို့သော် အိပ်ဖို့ကိုတော့ လုံးဝစိတ်ဝင်စားပုံမပြ။
ရဲ့ခိုင်သည် ကုန်စုံဆိုင်လေးမှ ထွက်လာပြီးသည်နှင့် လမ်း၏တစ်ဘက်တွင် ရှိနေသော ခေါက်ဆွဲဆိုင်ငယ်လေးသို့ ဦးတည်လိုက်၏။
လူမျိုးစုံ၊ အလွှာမျိုးစုံနှင့် စကားပြောရခြင်းကို ရဲ့ခိုင် အလွန်နှစ်သက်၏။ သို့သော်… ဘာကြောင့်မှန်းမသိ၊ ဤနေရာတွင် ရှိနေကြသော ဆိုင်ပိုင်ရှင်အားလုံးလိုလိုသည် သူ့အတွက်တော့ ထူးဆန်းနေလေ၏။
အမှန်အတိုင်းပြောရလျှင် ထူးဆန်းနေသူမှာ သူကိုယ်တိုင်ပင် ဖြစ်ပေလိမ့်မည်။
ရဲ့ခိုင်သည် ဘယ်တုန်းကမှ လမ်းမြန်မြန်လျှောက်ခြင်းမရှိ။ သို့သော် လမ်းလျှောက်ဟန်မှာ ဖူဟောင်ရွှယ်နှင့် ကွဲပြားခြားနားလှသည်။
ဖူဟောင်ရွှယ်သည် ဒုက္ခိတတစ်ယောက်ဖြစ်၍ လမ်းလျှောက်နှေးသော်လည်း သူ၏ဟန်ပန်အမူအရာမှာ လှံတစ်ချောင်း စိုက်ထောင်ထားသလို တည့်မတ်နေ၏။
ရဲ့ခိုင်ကတော့ ပျင်းရိပျင်းတွဲ လမ်းလျှောက်နေသည်။ သူ၏ခန္ဓာကိုယ်၌ အရိုးတစ်ချောင်းမှ မရှိသူတစ်ယောက်အလား လမ်းလျှောက်နေ၏။ လက်ညှိုးလေးတစ်ချောင်းနှင့် ထိတွေ့လိုက်ရုံဖြင့် အချိန်မရွေး လဲကျသွားမည့်ဟန်ရှိသည်။
လမ်းမအလယ်ခေါင်တည့်တည့်မှ လျှောက်လှမ်းနေချိန်တွင် လျင်မြန်သော မြင်းတစ်စီး ကဆုန်ပေါက်ပြီး ပြေးဝင်လာနေ၏။
အုန်းခွံရောင် မြင်းညိုကြီးတစ်ကောင်ဖြစ်ပြီး မြင်းစီးလာသူသည် မက်မုံပန်းပွင့်များထက်ပင် ပို၍ လှပနေသေး၏။
ရဲ့ခိုင်နားသို့ မရောက်ခင်လေးတွင်ပင် စီးနင်းလာသူက အော်ဟစ်ပြောဆိုလိုက်သည်။
“ဟေ့… သည်မယ်… ရှင့်ကိုယ်ရှင် သေကြောင်းကြံနေတာလား။ လမ်းဖယ်ပေးစမ်း။”
ဦးခေါင်းကိုမော့ပြီး ရဲ့ခိုင် လှည့်ကြည့်လိုက်သည်။ ဖယ်ပေးချင်စိတ်တော့ ရှိနေပုံမပေါ်။
သူမအတွက် မြင်းကြီးကို ရပ်တန့်လိုက်ရုံမှလွဲပြီး ဘာမှ လုပ်နိုင်တော့ပုံမရ။ သို့သော် စီးနင်းလာသောမြင်းကို ရပ်တန့်လိုက်ရမည့်အစား မြေကြီးပေါ်တရွတ်တိုက်ဆွဲလာသော ကျာပွတ်ဖြင့် ရဲ့ခိုင်ကို လှမ်းရိုက်လိုက်သည်။
ဤတစ်ကြိမ်တော့ သူမ၏လှုပ်ရှားမှုများက ဖူဟောင်ရွှယ်တုန်းကထက်ပင် ရိုင်းစိုင်းနေသေး၏။
သို့သော် ရဲ့ခိုင်သည် လက်တစ်ဘက်ကို ပျင်းရိပျင်းတွဲ မြှောက်ပြီး ကျာပွတ်ကို ဆုပ်ဖမ်းထားလိုက်သည်။
သူ၏ဤလက်များသည် လျှို့ဝှက်ချက်များဖြင့် ဖုံးကွယ်ထားသော နတ်ဘုရားတစ်ပါး၏ တန်ခိုးဣဒ္ဒိပါဒ်များ ရှိနေသလိုမျိုးပင်။ မဖြစ်နိုင်ဘူးဟု ထင်ရသည့် အရာအားလုံးကို ထိုလက်နှစ်ဘက်က ဆောင်ရွက်နိုင်၏။
အနီရောင်ဝတ်ဆင်ထားသူ မိန်းမပျိုလေး၏မျက်နှာ နီတွတ်သွားခဲ့သည်မှာ မျက်နှာတစ်ခုလုံး အနီရောင်မျက်နှာချေတွင်းထဲ ကျရောက်သွားသူတစ်ယောက်လို ဖြစ်နေ၏။
ရဲ့ခိုင်သည် လက်ချောင်းကလေး ၃ ချောင်းတည်းဖြင့် ကျာပွတ်ကို ဖမ်းဆုပ်ထားခြင်းဖြစ်၏။ ဘယ်လောက်ပင် အားစိုက်ပြီး ဆွဲဆွဲ… သူမ ထိုကျာပွတ်ကို ဆွဲမထုတ်နိုင်ခဲ့ပါ။
သူမကိုကြည့်ရသည်မှာ ကြက်သေသေသွားသလို စိတ်မရှည်တော့ပုံလည်းရသည်။ သူမက စိတ်ဆိုးစွာဖြင့်-
“ရှင်… ရှင်ဘာလိုချင်လို့လဲ။”
သူမကို ရဲ့ခိုင် ခပ်စောင်းစောင်းလေး ကြည့်နေလိုက်သည်။ မျက်နှာထက်တွင်တော့ ပျင်းရိပျင်းတွဲ အမူအရာများ ရှိနေဆဲပင်။
“မဖြစ်စလောက် သင်ခန်းစာလေး ပြောချင်ရုံသက်သက်ပါ။”
အနီရောင်မိန်းကလေးသည် အံကြိတ်ပြီး တုံ့ပြန်လိုက်၏။
“ဘာမှလာမပြောနဲ့… မကြားချင်ဘူး။”
ရဲ့ခိုင်-
“နားမထောင်ချင်ဘူးဆိုလည်း နားမထောင်ဘဲ နေနိုင်ပါတယ်။ ဒါပေမဲ့ လမ်းခလယ်ခေါင်ကြီးမှာ မြင်းပေါ်က ပြုတ်ကျသွားတဲ့ မိန်းကလေးတစ်ယောက်ရဲ့ မြင်ကွင်းကတော့ ဘယ်လိုနည်းနဲ့မှ လှပမှာမဟုတ်ဘူး။”
အနီရောင်ဝတ်မိန်းကလေး၏ ကျာပွတ်ကိုင်ထားသော လက်သို့ အင်အားလှိုင်းတစ်ခု ရုတ်ချည်း တိုးဝင်လာသည်ကို ခံစားမိလိုက်သည်။ ထိုအားလှိုင်းကြောင့် အချိန်မရွေး မြင်းပေါ်မှ ပြုတ်ကျသွားနိုင်၏။ သူမ အလျှော့ပေးရပေတော့မည်။
“ရှင့်မှာ ပြောစရာရှိနေတယ်ဆိုရင်လည်း ခပ်မြန်မြန်ပြော… လေထနေတယ်ဆိုရင်လည်း အီးမြန်မြန်ပေါက်လိုက်… ဟုတ်ပြီလား။”
ရဲ့ခိုင် သဘောကျစွာ ရယ်မောလိုက်၏။
“မင်း ဒီလောက်ကြီး မရိုင်းစိုင်းသင့်ဘူး။ တခြားအချိန်တွေမှာဆိုရင် မင်းဟာ သိပ်ပြီး စွဲဆောင်မှုရှိတဲ့ မိန်းကလေးတစ်ယောက်ပါ။ ဒါပေမဲ့ ဒေါသထွက်နေချိန်မှာတော့ မင်းဟာ လူတိုင်းမုန်းတီးတဲ့ ကျားမကြီးတစ်ကောင် ဖြစ်သွားရော…”
အနီရောင်ဝတ်မိန်းကလေးသည် ဒေါသသံ ထိန်းပြီး ပြောလိုက်၏။
“ဒါပဲလား…”
ရဲ့ခိုင်-
“မြင်းနီလေးပဲဖြစ်ဖြစ်… ကျားမကြီးပဲဖြစ်ဖြစ် သူများကို တက်နင်းမိရင်တော့ မင်းမှာ တာဝန်အပြည့်ရှိတယ်နော်။”
အနီရောင်ဝတ်မိန်းကလေး ဒေါသထွက်သွားသည်မှာ မျက်နှာတစ်ခုလုံး ဆွတ်ဆွတ်ဖြူဖွေးသွားခဲ့၏။
“ကျမကို လွှတ်ပေးတော့…”
“တစ်ခုလောက် ကျန်သေးတယ်။”
ရဲ့ခိုင်က ပြုံး၍ပြောဆိုလိုက်သည်။
“ဘာလဲ…”
ရဲ့ခိုင်-
“ငါလို ယောက်ျားလေးတစ်ယောက်က မင်းလို မိန်းကလေးတစ်ယောက်နဲ့ တွေ့ပြီဆိုပါတော့… နာမည်လေးတောင် မမေးခဲ့ရဘူးဆိုရင် ငါ့ကိုယ်ငါတင်မကသေးဘူး မင်းလည်းပဲ ပြစ်မှုတစ်ခု ကျူးလွန်သလို ဖြစ်နေတော့မှာပေါ့။”
“ကျမ နာမည်ကို ဘာဖြစ်လို့ ပြောပြရမှာလဲ။”
“ဘာကြောင့်လဲဆိုတော့ မင်း မြင်းပေါ်ကနေ ပြုတ်ကျချင်မယ်မထင်ဘူး။”
မိန်းကလေး၏ မျက်နှာတွင် ရှက်သွေးဖြာသွားခဲ့ပြီး တစ်ဘက်သို့ လှည့်သွားခဲ့၏။
“ကောင်းပြီ… ကျမ ပြောပြမယ်။ မျိုးရိုးနာမည်က ‘ညီ’၊ နာမည်ကတော့ ကုကူ…”
သူ့လက်ကို ဖြေလွှတ်ပေးလိုက်ပြီး ရဲ့ခိုင် ပြုံးနေလိုက်သည်။
“ညီကုကူ… ညီ (သင့်ရဲ့)… ကုကူ (ဒေါ်လေး)… ဒီနာမည်က…”
ရဲ့ခိုင် သတိထားမိလိုက်ချိန်တွင် မိန်းကလေးနှင့် သူမ၏မြင်းကြီးသည် ခပ်ဝေးဝေးနေရာသို့ ရောက်ရှိသွားခဲ့ပြီဖြစ်၏။
မိန်းကလေး၏ ရယ်မောပြောဆိုလိုက်သံ အဝေးတစ်နေရာမှ ပျံ့လွင့်လာခဲ့၏။
“ဟင်း… အခုတော့ သိပြီမှုတ်လား… ကျမဟာ ရှင့်လို လိပ်ဥပုတ်ကြီးရဲ့ ဒေါ်လေးဆိုတာ…”
ရဲ့ခိုင် နောက်ကနေ လိုက်လာမည်စိုး၍ အတော်ဝေးဝေးသို့ရောက်မှ ရပ်တန့်လိုက်သည်။ ပြီးနောက် လမ်း၏တစ်ဘက်တွင် ရှိနေသော တံခါးပေါက်တစ်ခုထဲသို့ တွန်းဖွင့်ဝင်ရောက်သွားခဲ့လေသည်။
သူမ၏ပုံစံမှာ ထိုတံခါးပေါက်တွင်းသို့ ရောက်ရှိသွားသည်နှင့် တစ်လောကလုံး မည်သူမျှ သူမကို မခြိမ်းခြောက်နိုင်တော့သလို အမူအယာမျိုး ဖြစ်နေ၏။
ခန်းမတွင်းရှိ စားပွဲ ၁၈ လုံးစလုံး လူသူကင်းရှင်းနေသည်။
လျှို့ဝှက်လွန်းသော ဆိုင်ပိုင်ရှင်တစ်ယောက်တည်းသာ သူ၏စားပွဲပေါ်ရှိ ဒိုးဇက် (မာကျန်) လေးများနှင့် ကစားနေသည်။
အပြင်ဘက်တွင် အလင်းရောင်ရှိနေသေး၏။ ဤနေရာသည် နေ့ခင်းဘက်တွင် မည်သည့်ဧည့်သည်ကိုမျှ လက်မခံချေ။
ဆိုင်ပိုင်ရှင်၏ စီးပွားရေးသည် သမာအာဇီ၀ လုပ်ငန်းမဟုတ်သော်လည်း တင်းကျပ်သော စည်းမျဉ်းစည်းကမ်းများတော့ ထုတ်ထားခဲ့၏။
ဤနေရာသို့ လာရောက်ချင်သည်ဆိုပါက ထိုစည်းကမ်းများကို လိုက်နာရပေလိမ့်မည်။
သူ၏နားသယ်စများ ဖြူဖွေးနေကြ၏။ မျက်နှာပြင်ထက်ရှိ အရေပြားတွန့်တိုင်းတွင် သူ၏ပျော်ရွှင်မှုများ၊ ဝမ်းနည်းမှုများ၊ မရေမတွက်နိုင်သော လျှို့ဝှက်ချက်များကို မြှုပ်နှံထားသည်။ သူ၏ လက်နှစ်ဘက်သည်ကား… မိန်းမငယ်လေးတစ်ယောက်၏ လက်များလိုပင် နူးညံ့လွန်းနေ၏။
ကြီးကျယ်ခမ်းနားလွန်းသော ဝတ်ရုံ တောက်တောက်ကြီးကိုလည်း ဝတ်ဆင်ထားသည်။
စားပွဲပေါ်တွင် ရွှေရောင်တောက်နေသော အိုးတစ်လုံး တင်ထား၏။ သူ့လက်ထဲရှိ အရက်ခွက်ထဲတွင် ရှိနေသော ဝါဖန့်ဖန့် သူရာရည်များသည် အဖိုးတန် ကျောက်မျက်တစ်လုံး၏ တောက်ပမှုမျိုးဖြင့် ကြည်လဲ့စွာတောက်ပနေ၏။
စားပွဲပေါ်တွင် ဒိုးဇက်တုံးလေးများကို ရှစ်မြှောင့်သဏ္ဌာန်ဖြစ်အောင် စီကစားနေ၏။
ခန်းမတွင်းသို့ မိန်းကလေး ဝင်ရောက်လာပြီးသည်နှင့် သူမ၏ ခြေသံများက ပို၍ပင် ပေါ့ပါးသွက်လက်လာကြတော့သည်။ ပျော်ရွှင်မြူးတူးစွာ လျှောက်လှမ်းသွားပြီး နှုတ်ဆက်လိုက်သည်။
“ကျန်းခန့်သာလို့ မာပါစ… ဘဒွေးတော်…”
ခပ်ကြမ်းကြမ်း ရိုင်းစိုင်းဆိုးသွမ်းခဲ့သော မိန်းမပျိုလေးသည် ခန်းမတွင်းသို့ ရောက်သွားသည်နှင့်တပြိုင်နက် လိမ္မာပြီး ယဉ်ကျေးသိမ်မွေ့သော မိန်းမပျိုလေးတစ်ယောက်အဖြစ်သို့ တမဟုတ်ချင်း ပြောင်းလဲသွားခဲ့၏။
ဆိုင်ပိုင်ရှင်သည် သူမကို လှည့်ကြည့်ခဲ့ခြင်း မရှိပါ။ ခေါင်းညိတ်ပြပြီး နှုတ်ဆက်လိုက်သည်။ ပြီးနောက် ပြုံးပြီး ပြောဆိုလိုက်သည်။
“ခုံယူထိုင်လေ…”
မိန်းကလေးသည် သူနှင့် မျက်နှာချင်းဆိုင်တွင် ထိုင်ချလိုက်၏။ သူမကိုကြည့်ရသည်မှာ တစ်စုံတစ်ခုကို ပြောကြားချင်နေပုံရသော်လည်း ဆိုင်ပိုင်ရှင်က လက်ကာပြထားလိုက်ပြီး-
“ခဏနေဦး…”
သူမထံမှ မည်သည့် စကားသံမျှ ထွက်ပေါ်လာခဲ့ခြင်းမရှိဘဲ နာခံစွာ ငြိမ်ငြိမ်လေး ထိုင်နေ၏။
ဆိုင်ပိုင်ရှင်သည် ရှစ်မြှောင့်ပုံ ဒိုးဇက်တုံးလေးများကို စူးစူးစိုက်စိုက်ကြည့်နေ၏။ ဖြူဖွေးနေပြီး ဘဝနာထားပုံရသော သူ၏ မျက်နှာပြင်ထက်တွင် လေးနက်သော အမူအရာများ ထွက်ပေါ်နေ၏။
အနီရောင်မိန်းကလေးသည် မစောင့်စားနိုင်တော့ဘဲ ရုတ်တရက် မေးမြန်းလိုက်၏။
“အဲဒီဒိုးဇက်တွေကနေ ထူးထူးဆန်းဆန်းအရာတွေ တကယ်ကြီး တွေ့မြင်ရတာလား။”
“အင်း…”
“ဒါဆိုရင် ဒီနေ့အတွက် ဘဒွေးတော် ဘာများ တွေ့ရှိထားလဲ။”
မိန်းကလေးက မျက်လုံးလေးများ ပြူးပြီး မေးမြန်းလိုက်သည်။
ဆိုင်ပိုင်ရှင်သည် ရွှေရောင်ခွက်ထဲမှ အရက်တစ်ငုံ သောက်လိုက်ပြီး-
“တချို့အရာတွေက မင်းအတွက် မသိတာဘဲ ကောင်းလိမ့်မယ်။”
မိန်းကလေး-
“သိသွားတော့ကော ဘာဖြစ်လာနိုင်လို့လဲ။”
ဆိုင်ပိုင်ရှင်-
“အင်္ဂဝိဇ္ဇာပညာရပ်တွေဆိုတာ နားလည်ဖို့ ခက်ခဲပါတယ်။ ကံမကောင်းရင် အညံ့တွေ ဝင်လာတတ်သေးတယ်။”
မိန်းကလေး-
“အညံ့တွေဝင်လာတယ်ပဲ ထားလိုက်ပါတော့… ကျမတို့အတွက် ရှောင်လွှဲလို့ရအောင် မလုပ်နိုင်တော့ဘူးတဲ့လား။”
ဆိုင်ပိုင်ရှင်၏ မျက်နှာအမူအရာသည် လွန်စွာမှ လေးနက်တည်ကြည်သွားခဲ့ပြီး ခေါင်းခါရမ်းလိုက်ကာ-
“တချို့အညံ့တွေက ရှောင်လွှဲလို့မရနိုင်ဘူး… ဘယ်လိုမှကို ရှောင်လွှဲလို့မရနိုင်ဘူး…”
မိန်းကလေးသည် ဒိုးဇက်တုံးလေးများကို ဝေခွဲမရစွာဖြင့် ငေးကြည့်နေလိုက်ပြီး တီးတိုးရေရွတ်လိုက်၏။
“ကျမ ကြည့်တာတော့ကြည့်နေတာပဲ… ဘာဖြစ်လို့ ဘာမှ မတွေ့ရတာလဲ။”
ဆိုင်ပိုင်ရှင်-
“မင်း မမြင်တွေ့နိုင်တဲ့အတွက် သိပ်ကိုကံကောင်းနေတာပေါ့ကွယ်။”
အနီရောင်မိန်းကလေးသည် ပို၍ပင် ဝေခွဲမရဖြစ်သွားသော်လည်း ပြုံးပြီး ပြောဆိုလိုက်၏။
“ဘဒွေးတော်ကို မနှောင့်ယှက်တော့ပါဘူး။ ကျမမေးချင်တာက… ဒီနေ့ည ဘဒွေးတော် အိမ်ကိုလာမှာလား။”
ဆိုင်ပိုင်ရှင်သည် မျက်မှောင်ကျုံ့ပြီး မေးမြန်းလိုက်၏။
“ဒီညလား…”
အနီရောင်မိန်းကလေး-
“ဒီညမှာ ဖေဖေ ဖိတ်ကြားထားတဲ့ အထူးဧည့်သည်တော်တွေ ရောက်လာကြလိမ့်မယ်။ အဲဒါ ဘဒွေးတော်ကော လိုက်လာချင်မလားလို့ မေးကြည့်တာပါ။ ခဏနေလောက်ဆိုရင် လာကြိုမယ့် မြင်းလှည်း ရောက်လာလိမ့်မယ်။”
ဆိုင်ပိုင်ရှင်-
“မလိုက်တော့တာပဲ ကောင်းမယ်ထင်တယ်။”
အနီရောင်မိန်းကလေး-
“ဘဒွေးတော် လိုက်လာမယ်မဟုတ်ဘူးဆိုတာ ဖေဖေလည်း သိထားပါတယ်။ ဒါနဲ့များတောင် ကျမကို ဒီကို တကူးတက လာပြီး ပြောခိုင်းခဲ့သေးတယ်။ ပြီးတော့ ဟို မကောင်းဆိုးဝါးကောင်လေးရဲ့ အရှက်ခွဲတာကိုလည်း ခံခဲ့ရသေးတယ်။ စိတ်ဆိုးလွန်းလို့ အသက်တောင်ထွက်မတတ်ပဲ… ဟွန်း…”
ရုတ်တရက်… အသံတစ်သံ ထွက်ပေါ်လာ၏။
“မကောင်းဆိုးဝါးကောင်လေးက ဒေါ်လေးကို အရင်ဆုံး ရန်ရှာတာ မဟုတ်ပါဘူး။ ဒေါ်လေးကသာ မကောင်းဆိုးဝါးကောင်လေးကို မြင်းနဲ့ နင်းသတ်ဖို့ ကြိုးစားခဲ့တာပါ။”
အနီရောင်ဝတ် မိန်းကလေး ကြက်သေသေသွားရတော့သည်။
တံခါးဝမှ ရဲ့ခိုင်သည် ပျင်းရိပျင်းတွဲဖြင့် သူမကို စိုက်ကြည့်နေ၏။
မိန်းကလေး၏မျက်နှာ အရောင်ပြောင်းလဲသွားခဲ့ပြီး အော်ပြောလိုက်သည်။
“ရှင် ဒီနေရာကို လာရဲသေးတယ်ပေါ့လေ။”
ရဲ့ခိုင်-
“ဒီနေရာမှာ ရှိမနေသင့်တာ မင်းပါကွာ… ငါမဟုတ်ပါဘူး။”
အနီရောင်ဝတ် မိန်းကလေးသည် ခြေတစ်ချက်ဆောင့်ချလိုက်ပြီး တစ်ဘက်သို့ လှည့်ပြောလိုက်၏။
“ဘဒွေးတော်… ဒီလိုမျိုး အရူးစကားတွေ ပြောနေတဲ့သူ့ကို ဘာဖြစ်လို့ ခုချိန်ထိ ကန်မထုတ်သေးတာလဲ။”
ဆိုင်ပိုင်ရှင်သည် ခပ်မှန်မှန်လေး ပြုံးပြလိုက်ပြီး-
“ခဏနေဆိုရင် မှောင်တော့မယ်။ အိမ်ပြန်တော့… မဟုတ်ရင် နင့်ဖေဖေ စိတ်ပူနေလိမ့်မယ်။”
အနီရောင်ဝတ်မိန်းကလေးသည် လွန်စွာမှပင် စိတ်ဆိုးဒေါသထွက်လွန်းသောကြောင့် ဆူပူဆောင့်အောင့်ကာ တံခါးဝမှ ထွက်သွားလေတော့သည်။
ဆောင့်အောင့်ပြီး ခပ်မြန်မြန် လျှောက်ထွက်သွားသောကြောင့် ကြမ်းပြင်ပေါ်သို့ လဲကျမလိုပင် ဖြစ်သွားခဲ့သေး၏။
ရဲ့ခိုင်-
“သတိထားပြီးလျှောက်ပါ ဒေါ်လေးရယ်… ချော်လဲပြီး သေသွားရင်တော့ ဘယ်သူ့မှာမှ တာဝန်မရှိဘူးနော်…”
အပြင်ဘက်သို့ ထွက်သွားပြီးသည်နှင့် မိန်းကလေးသည် တံခါးကို ဆောင့်ပိတ်သွားခဲ့၏။ ခဏအကြာလေးတွင် တံခါးကို စေ့စေ့လေး ဟထားပြီး-
“ကျေးဇူးတင်ပါတယ် ငါ့ရဲ့ အစုတ်ပလုတ်တူလေးရယ်… ဒေါ်လေးက လွယ်လွယ်နဲ့တော့ မသေနိုင်သေးပါဘူး။”
သူမ၏စကားမဆုံးသေးခင်မှာပင် တံခါးကို ဆောင့်ပိတ်သွားခဲ့ပြန်၏။ အပြင်ဘက်မှ မြင်းဟီသံများ ကြားလိုက်ရပြီး လမ်းမပေါ်သို့ ခွာသံပြင်းပြင်းဖြင့် ထွက်ခွာသွားသော အသံများကိုလည်း ကြားလိုက်ရ၏။
ရဲ့ခိုင်သည် သဘောကျစွာ ပြုံးနေပြီး-
“ကောင်းလိုက်တဲ့မြင်းနီလေး… လှလိုက်တဲ့ ကျားမလေး…”
ဆိုင်ပိုင်ရှင်-
“မင်းပြောတာ တစ်ဝက်ပဲ မှန်သေးတယ်။”
ရဲ့ခိုင်-
“ဘယ်တစ်ဝက်လဲဗျ။”
ဆိုင်ပိုင်ရှင်-
“ဒီမှာ နေတဲ့သူတွေကတော့ သူနဲ့ သူ့မြင်းကို နာမည်ပြောင် ပေးထားခဲ့ကြတယ်။ သူ့ကို ကျားနီမလေး လို့ ခေါ်ပြီး စီးတဲ့မြင်းကိုတော့ အပါးတော်မြဲနီ လို့ ခေါ်ကြတယ်။”
ရဲ့ခိုင် စတင်၍ ရယ်မောနေသည်။
ဆိုင်ပိုင်ရှင်-
“နောက်ပြီး… သူဟာ မင်းကို ဖိတ်ကြားထားတဲ့ အိမ်ရှင်ရဲ့ တစ်ဦးတည်းသော သမီးလည်း ဖြစ်နေပြန်သေးတယ်။”
ရဲ့ခိုင်-
“ဒါဆိုရင် သူလေးက မြင်းတစ်သောင်းဌာနခေါင်းဆောင် တတိယသခင်ကြီးရဲ့ သမီးလေးပေါ့။”
ဆိုင်ပိုင်ရှင်က ခေါင်းညိတ်ပြီး ဖြေဆိုလိုက်၏။
“ဒါကြောင့် ဒီနေ့ည မင်းရဲ့ ခြေထောက်တွေကို ကျားနီမလေး မကိုက်ဖြတ်နိုင်အောင် သတိသာထားပေတော့ မောင်…”
ဤသူ့ကိုကြည့်ရသည်မှာ ထင်သလောက်ကြီး လျှို့ဝှက်ချက်များဖြင့် ပြည့်နှက်နေခြင်းမရှိကြောင်း ရဲ့ခိုင် ရုတ်ချည်းပင် နားလည်သွားမိ၏။
“တတိယသခင်ကြီးရဲ့ မျိုးရိုးနာမည်က ဘာလဲဗျ။”
ဆိုင်ပိုင်ရှင်-
“မား… မားဖန်းလင်…”
ရဲ့ခိုင်-
“မားဖန်းလင်… ဟုတ်လား။ သူ့ဆီမှာ ဘာဖြစ်လို့ မိန်းမဆန်တဲ့ နာမည်ကြီး မှည့်ထားရတာလဲ။”
ဆိုင်ပိုင်ရှင်-
“အဖေလုပ်သူရဲ့နာမည်က မားခုန်းချွင်၊ သမီးရဲ့ နာမည်က မားဖန်းလင် လို့ ခေါ်တယ်။”
အရာအားလုံးကို သိနေသည့် မျက်လုံးများဖြင့် ရဲ့ခိုင်ကို စိုက်ကြည့်နေပြီး ဆက်ပြောလိုက်၏။
“မင်းသိချင်တာ အဖေလုပ်သူရဲ့ နာမည်မဟုတ်ဘူး၊ သမီးလုပ်သူရဲ့ နာမည်ကို မေးချင်နေခဲ့တယ်ဆိုတာ ကျုပ်သိပါတယ်။ လေသံဖမ်းကြည့်လိုက်တာနဲ့ ဘာအဓိပ္ပါယ်နဲ့ မေးတာလဲဆိုတာလောက်တော့ ကျုပ် ကောင်းကောင်းကြီး ဖမ်းတတ်ပါသေးတယ်။”
ရဲ့ခိုင်-
“ဒီနေ့ညရဲ့ အိမ်ရှင်ဟာ ခင်ဗျားလောက်သာ ဉာဏ်နီဉာဏ်နက်များခဲ့မယ်ဆိုရင် ကျုပ်ဆိုတဲ့ ရဲ့ခိုင် အဲဒီကိုသွားဖို့အတွက် နောင်တရစရာအကြောင်းမရှိတော့ဘူး။”
ဆိုင်ပိုင်ရှင်-
“ရဲ့ခိုင်… ဟုတ်လား။”
“ရဲ့ ဆိုတာ သစ်ရွက်… အပင်တွေပေါ်မှာ ရှိနေတဲ့ သစ်ရွက်တွေမျိုးပေါ့… ခိုင် ဆိုတာကတော့ အဖွင့်… တံခါးဖွင့်တဲ့အခါမျိုးမှာ သုံးတဲ့စကား… ပျော်ရွှင်ခြင်း ဆိုတဲ့ အခြားအဓိပ္ပါယ်လည်း ရသေးတယ်။”
ဆိုင်ပိုင်ရှင်-
“တော်တော်လေး သီးခြားဖြစ်တဲ့ နာမည်ပါပဲ။”
ရဲ့ခိုင်-
“လောင်ပန်ရဲ့ နာမည်ကော… ဘယ်လိုခေါ်တုန်းဗျ။”
ဆိုင်ပိုင်ရှင်-
“ကျုပ်နာမည်က ရှောင်ပိုင်လိ လို့ခေါ်ပါတယ်။”
ရဲ့ခိုင်-
“ရှောင် ဆိုတာ ဝမ်းနည်းပူဆွေးခြင်း… ပိုင် ဆိုတာ ခွဲခွာခြင်း… လိ ဆိုတာကတော့ လမ်းခွဲခြင်း… ဆိုပါတော့။”
ရှောင်ပိုင်လိ-
“ကျုပ်ရဲ့နာမည်က ကံဆိုးတယ်လို့များ မင်းထင်လား။”
ရဲ့ခိုင်-
“ခင်ဗျားရဲ့နာမည်ကို ကံဆိုးတယ်လို့ မထင်ပါဘူး။ ဒါပေမဲ့ ကြားလိုက်ရသူတိုင်းတော့ စိတ်ဓာတ်ကျပြီး ဆွေးဆွေးမြည့်မြည့် ဖြစ်သွားကြမှာ သေချာတယ်။”
ရှောင်ပိုင်လိ-
“လူ့ဘ၀ကြီးမှာ အမြဲတမ်း လက်တွဲမဖြုတ်တဲ့ အဖော်ဆိုတာ မရှိပါဘူးကွာ။ တစ်ချိန်ချိန်ကျရင် ခွဲခွာကြရမှာပဲ မဟုတ်လား။ ဒီကနေ မင်းထွက်သွားလိုက်တာနဲ့ ခွဲခွာသွားတာပဲ မဟုတ်လား။ ဒါကြောင့်မို့ ကျုပ်ရဲ့နာမည်က အရမ်းကို လိုက်ဖက်တယ်လို့ ခံစားရတယ်။”
ရဲ့ခိုင်-
“လူရယ်လို့ စဖြစ်လာကတည်းက ခွဲခွာခြင်းဆိုတာ ဝမ်းနည်းပူဆွေးမှုကို ဖြစ်ပေါ်စေခဲ့တယ်လေ။ ခင်ဗျားက ဒီလောက်တောင်မှ သုန်မှုန်နေတဲ့နာမည်ကြီးကို ယူထားတယ်ဆိုတော့ အရက်တစ်ခွက်လောက် သောက်လိုက်ရင် ကောင်းမယ်ထင်တယ်။”
ရှောင်ပိုင်လိသည် သူ၏အရက်ခွက်ကို တစ်ဂွပ်တည်း မော့ချလိုက်၏။
“တကယ်ဆိုရင်… စိတ်ညစ်စရာ အကောင်းဆုံးဟာ ခွဲခွာခြင်း မဟုတ်ဘူး။ အတူတူရှိနေခြင်းကမှ ပိုပြီး စိတ်ညစ်ဖို့ကောင်းတာ။”
ရဲ့ခိုင် သံယောင်လိုက်မိသွားသည်။
“အတူတူရှိနေခြင်း…”
ရှောင်ပိုင်လိ-
“အတူတူသာ မတွေ့ဆုံခဲ့ဘူး၊ မရှိနေခဲ့ဘူးဆိုရင် ခွဲခွာခြင်းဆိုတာ ဘယ်လိုအပ်တော့မှာလဲ။”
ရဲ့ခိုင် အတန်ကြာမျှ တိတ်ဆိတ်ငြိမ်သက်သွားခဲ့၏။ ပြီးနောက် တစ်ယောက်တည်း တတွတ်တွတ် ရေရွတ်နေလိုက်သည်။
“အတူတူသာ မတွေ့ဆုံခဲ့ဘူး၊ မရှိနေခဲ့ဘူးဆိုရင် ခွဲခွာခြင်းဆိုတာလည်း မရှိနိုင်တော့ဘူး… အတူတူသာ မတွေ့ဆုံခဲ့ဘူး၊ မရှိနေခဲ့ဘူးဆိုရင် ခွဲခွာခြင်းဆိုတာလည်း မရှိနိုင်တော့ဘူး…”
ထိုစကားများကို အကြိမ်ကြိမ် ရေရွတ်နေသော ရဲ့ခိုင်သည် ထိုစကားကို ငြိတွယ်သွားပုံရသည်။
ရှောင်ပိုင်လိ-
“ဒါကြောင့်မို့ မင်းပြောခဲ့တာလည်း မှားတယ်။ မင်းလည်းပဲ အရက်တစ်ခွက်တော့ သောက်ရမယ်။”
ရဲ့ခိုင် လျှောက်သွားလိုက်ပြီး ခွက်တစ်လုံးထဲသို့ အရက်များ ငဲ့ထည့်လိုက်ကာ တစ်ဂွပ်တည်း မော့ချလိုက်သည်။ သောက်ပြီးသည်နှင့် သူ၏မျက်နှာပေါ်တွင် ကြီးမားသော အပြုံးကြီးတစ်ခု ထွက်ပေါ်လာကာ-
“ခုနလေးက ကျုပ်သာ မမှားခဲ့ဘူးဆိုရင်၊ ဒီအရက်ခွက်လည်း ဘယ်နားနေမှန်းတောင် သိမှာမဟုတ်ဘူး။ ဒါကြောင့်မို့ မှားယွင်းခြင်းဆိုတာ တစ်ခါတစ်ခါကျတော့ သိပ်ကို ကောင်းနေပြန်ရော…”
ရုတ်တရက်…
အပြင်ဘက်မှ လှည်းဘီးသံများနှင့် မြင်းဟီသံများ ထွက်ပေါ်လာ၏။ တံခါး၀ရှေ့တွင် ရထားလုံးတစ်စီး ရောက်ရှိနေလေပြီ။
ရှောင်ပိုင်လိ သက်ပြင်းချပြီး ပြုံးပြလိုက်သည်။
“ကျုပ်တို့တတွေ ခွဲခွာခြင်းတွေ၊ ထွက်သွားခြင်းတွေ ပြောခဲ့ကြတယ်။ အခုတော့ ဒီအချိန်ကို တကယ်ပဲ ရောက်ရှိလာခဲ့ပါပေါ့လား။ မြင်းတစ်သောင်းဌာနရဲ့ ဧည့်ကြို ရထားလုံး ရောက်လာပြီ။”
ရဲ့ခိုင်-
“ကျုပ်တို့သာ ဘယ်တော့မှ မခွဲခွာကြရဘူးဆိုရင်၊ ဘယ်လိုလုပ်ပြီး နောက်ထပ် ပြန်ဆုံတွေ့နိုင်ကြတော့မှာလဲ။”
လက်ထဲမှခွက်ကိုချထားပြီး နောက်သို့လုံးဝလှည့်မကြည့်ဘဲ လျှောက်ထွက်သွားလိုက်သည်။
လှည့်ထွက်သွားသော ရဲ့ခိုင်ကို ရှောင်ပိုင်လိ ကြည့်နေရာမှ အော်ပြောလိုက်သည်။
“ကျုပ်တို့သာ ဘယ်တော့မှ မခွဲခွာကြရဘူးဆိုရင်၊ ဘယ်လိုလုပ်ပြီး နောက်ထပ် ပြန်ဆုံတွေ့နိုင်ကြတော့မှာလဲ?… သနားစရာကောင်းတာကတော့ တချို့လူတွေဟာ ခွဲခွာပြီးသွားကြရင် ဘယ်တော့မှ ပြန်မတွေ့နိုင်ကြတော့ဘူး။”
မြင်း ၈ ကောင်ဆွဲသည့် ထည်ဝါလှသော ရထားလုံးကြီးတစ်စီး ဆိုင်ရှေ့တွင် ရပ်တန့်ထား၏။
နှင်းကဲ့သို့ ဖြူဖွေးနေသော အဝတ်အစားများ ဝတ်ဆင်ထားသူတစ်ယောက်သည် တက်ရောက်လာကြမည့် ဧည့်သည်တော်များကို ထွက်ကြိုနေ၏။
ရထားလုံး ခေါင်မိုးပေါ်မှ တလူလူလွင့်နေသော အလံကြီးပေါ်တွင် “ကွမ်တောင်းမြင်းတစ်သောင်းဌာန” ဟု ရေးထား၏။
ရဲ့ခိုင် ရောက်လာသည်နှင့် ဝတ်စုံဖြူဝတ်ဆင်ထားသူက နှုတ်ဆက်လိုက်သည်။
“ကြိုဆိုပါတယ်ဗျာ… ခင်ဗျားဟာ အရင်ဦးဆုံး ရောက်လာသူပါပဲ။ ကျေးဇူးပြုပြီး အထဲကို တက်သွားလိုက်ပါ။”
ထိုသူသည် ဟွာမင်းတျန် ထက် ပို၍ငယ်ရွယ်ပုံရသော်လည်း အသက် ၄၀ ဝန်းကျင်ခန့်တော့ ရှိပြီဖြစ်သည်။ မျက်နှာဝိုင်းဝိုင်းနှင့် မုတ်ဆိတ်မွှေးငုတ်တိုများလည်းရှိ၏။ သူ၏မျက်နှာထက်တွင် မပြုံးနေဦးတောင်မှ ခင်မင်နှစ်လိုဖွယ်ကောင်းသူတစ်ယောက်ဖြစ်၏။
ရဲ့ခိုင်က သူ့ကို ကြည့်ပြီး မေးမြန်းလိုက်သည်။
“ခင်ဗျားက ကျုပ်ကို သိလို့လား။”
အဖြူရောင်ဝတ်ဆင်ထားသူ-
“ကျုပ်တို့ တွေ့ဖူးခဲ့ကြမယ်လို့တော့ မထင်ဘူးဗျ။”
ရဲ့ခိုင်-
“ခင်ဗျားက ကျုပ်ကို မသိမှတော့ ကျုပ်ဟာ မြင်းတစ်သောင်းဌာနက ဖိတ်ကြားထားသူမှန်း ဘယ်လိုလုပ်ပြီး သိနိုင်ရတာလဲ။”
“ခင်ဗျား ဒီကိုရောက်လာခဲ့တာ ညနေခင်းတစ်ခုလေးသာ ရှိပေမယ့် ကျော်ကြားမှုကတော့ နယ်ခြားဒေသတစ်ခုလုံးကို ပျံ့နှံ့သွားခဲ့ပါပြီ။ အဲဒါအပြင်… ခင်ဗျားသာ ကျော်ကြားတဲ့ သူရဲကောင်းတစ်ယောက် မဟုတ်ခဲ့ဘူးဆိုရင် အချောအလှဆုံး မိန်းကလေးတစ်ယောက်ရဲ့ ပုလဲရင်ထိုးလေးကို ရင်ဘတ်မှာ ဘယ်ချိတ်ဆွဲထားပါ့မလဲ… ဟုတ်တယ်ဟုတ်…”
ရဲ့ခိုင်-
“ဒီ ပုလဲရင်ထိုးလေးကို ခင်ဗျား မှတ်မိနေတယ်ပေါ့လေ။”
အဖြူရောင်ဝတ်ဆင်ထားသူ-
“အဲဒီရင်ထိုးလေးက ကျုပ် သူ့ကိုပေးခဲ့တဲ့ လက်ဆောင်လေးပေါ့။”
ထိုသူက သက်ပြင်းချပြီး ဆက်ပြောလိုက်သည်။
“မေတ္တာရေးနဲ့ ပတ်သက်လာရင် ကျုပ်ဟာ ဘာမျှော်လင့်ချက်မှ ရှိသူတစ်ယောက် မဟုတ်ပေမယ့်၊ မိန်းကလေးတစ်ယောက်ရဲ့ အပြုံးပန်းကိုတော့ ဆွတ်ခူးနိုင်ခဲ့တယ် ထင်တာပဲ။”
ရဲ့ခိုင်က ရယ်မောပြီး ထိုသူ၏ပခုံးကို ပုတ်ကာ ပြောဆိုလိုက်သည်။
“ကျုပ်ကို လူတွေ ချီးမွမ်းခဲ့ကြတာ အကြိမ်ပေါင်း မနည်းတော့ပါဘူး။ ကျုပ် ပျော်ရွှင်လာအောင် စွမ်းဆောင်နိုင်တဲ့ ချီးမွမ်းမှုကိုပြပါဆိုရင်တော့ ဒီတစ်ကြိမ်ဟာ ပထမဆုံးအကြိမ် ဖြစ်လိမ့်မယ်။”
ရထားလုံးသည် သက်တောင့်သက်သာရှိလှပြီး ခိုင်ခံ့လှသည်။ လူ ၈ ယောက်ခန့် သက်တောင့်သက်သာ ထိုင်နိုင်အောင်လည်း ကျယ်ဝန်း၏။
သို့သော် ရဲ့ခိုင်သည် တစ်ယောက်တည်းသော ရောက်လာသူ ဖြစ်နေလေသည်။
ဟွာမင်းတျန်ကို တွေ့ခဲ့ပြီးသည့်နောက် မြင်းတစ်သောင်းဌာနသည် ကျားရဲသိုက်၊ နဂါးတွင်းကြီးတစ်ခု ဖြစ်နေမှန်း ရဲ့ခိုင် သိပြီးဖြစ်သော်လည်း၊ ဤဝတ်စုံဖြူနှင့်လူကို တွေ့ပြီးသောအခါ မြင်းတစ်သောင်းဌာနမှ လူများသည် ထိပ်သီးပညာရှင်များကို သိနေရုံမကသေး… သူတို့ကို ဘယ်နေရာတွင် အသုံးချရမည်ဆိုသည်ကိုလည်း ကောင်းစွာသိထားကြောင်း ထပ်၍ သိခဲ့ရပြန်သည်။
မှူးကြီးမတ်ရာ၊ သူဌေးသူကြွယ်များ၏ ဧည့်ကြိုတော်များပင်လျှင် ဤလူလောက် စကားပြောညက်ပြီး သွက်လက်ချက်ချာမှု ရှိနိုင်ကြမည်မဟုတ်ချေ။
ဤလိုလူတစ်ယောက်ကို သစ္စာရှိ လူယုံတစ်ယောက်အဖြစ် ထားထားနိုင်သူသည် ဘယ်လိုနည်းနှင့်မှ သာမန်လူတစ်ယောက် မဖြစ်နိုင်ချေ။ လွန်စွာမှပင် ထက်မြက်လွန်းသူတစ်ယောက် ဖြစ်ရပေမည်။
မြင်းတစ်သောင်းဌာန၏ တတိယသခင်ကြီးဆိုသည်မှာ မည်သည့်လူစားမျိုးဖြစ်ကြောင်း ရဲ့ခိုင် တွေ့ချင်လှပေပြီ။ ထို့ကြောင့် လောဆော်လိုက်၏။
“တခြားဧည့်သည်တွေရော…”
အဖြူရောင်ဝတ်ဆင်ထားသူ-
“တစ်ယောက်ကတော့ ခင်ဗျားကိုယ်တိုင် ဖိတ်ကြားခဲ့တဲ့ ဧည့်သည် ဖြစ်လိမ့်မယ်။”
ရဲ့ခိုင်-
“အဲဒီအတွက်တော့ စိတ်မပူပါနဲ့ဗျာ။ သူ မရောက်ရောက်အောင် လာမှာဖြစ်သလို လမ်းလည်း ပျောက်မှာ မဟုတ်ပါဘူး။ ကျုပ် မေးနေတာက တခြား ဧည့်သည် ၄ ယောက်ကိုပါ။”
အဖြူရောင်ဝတ်ဆင်ထားသူ-
“ခုချိန်ဆို သူတို့ ရောက်သင့်နေကြပြီ။”
ရဲ့ခိုင်-
“သူတို့ မရောက်လာကြသေးဘူးလေ။”
အဖြူရောင်ဝတ်ဆင်ထားသူသည် ရုတ်တရက် ပြုံးပြီး ပြောဆိုလိုက်တော့၏။
“ဒါကြောင့်မို့လို့ ကျုပ်တို့ အရင်သွားနှင့်လိုက်ကြရအောင်လား။ သူတို့ အဲဒီကိုလာဖို့ကံပါတယ်ဆိုရင် ရောက်လာကြမှာပါ။”
+++++
ညအမှောင်ထုတွင်းသို့ ချဉ်းနင်းဝင်ရောက်လာခဲ့ချေပြီ။
ကွင်းပြင်ကျယ်ကြီးတွင်းမှ လွင်ပြင်ရိုင်းများသည် ပို၍ပင် လူသူကင်းရှင်းနေပြီး ကျယ်ပြောလွန်းလှသည်။
‘မြင်းတစ်သောင်းဌာန’ ၏ ခမ်းနားသော အလံကြီးမှာ အမှောင်ထဲရှိ လူသူအရောက်အပေါက် အနည်းဆုံး ထောင့်တစ်နေရာတွင် ထီးထီးကြီး ရှိနေသည်။
ရဲ့ခိုင်နှင့် မျက်နှာချင်းဆိုင်ထိုင်နေသူ၊ ဝတ်စုံဖြူနှင့်လူက ပြုံးပြလိုက်သည်။
သူ၏အပြုံးသည် ဘယ်တော့မှ ညောင်းညာပင်ပန်းသွားမည့်အပြုံးမျိုး မဟုတ်ချေ။
တိတ်ဆိတ်နေသော ညဉ့်ယံတွင် ပေါ်ထွက်လာသော မြင်းခွာသံများက မိုးကြိုးပစ်သံအလား ကျယ်လောင်လွန်းလှသည်။
ရဲ့ခိုင်က သက်ပြင်းချပြီး ပြောလိုက်သည်။
“ဒီနေ့ည ရောက်လာသူဟာ ကျုပ်တစ်ယောက်တည်း ဖြစ်နေမယ်ဆိုလို့ကတော့ ဘယ်တော့မှ ပြန်ထွက်လာနိုင်မယ် မထင်ဘူး။”
အဖြူရောင်ဝတ်ဆင်ထားသူသည် နားတွင်းသို့ လက်ညှိုးထိုးပြီး တစ်စုံတစ်ခုကို ကော်ထုတ်လိုက်ပုံဖြင့် မေးမြန်းလိုက်၏။
“ဘာဖြစ်လို့ အဲဒီလို ထင်ရတာလဲ။”
ရဲ့ခိုင်-
“ကျုပ်ကြားဖူးတာတော့ မြင်းတစ်သောင်းဌာနမှာရှိတဲ့ မြေတိုက်အရက်ခန်းကြီးမှာ အရက်အိုးပေါင်း ၃၀၀၀ ကျော်လောက်ရှိတယ်ဆိုပဲ။ အရက်သောက်ဖို့ ကျုပ်တစ်ယောက်တည်း ရောက်လာခဲ့တယ်ဆိုရင် မနက်လည်းရောက်ရော… ကျုပ်အသက်လည်း ရှိနိုင်တော့မယ်မထင်ဘူး။”
အဖြူရောင်ဝတ်ဆင်ထားသူ-
“ဒီအတွက်တော့ မစိုးရိမ်ပါနဲ့ဗျာ။ မြင်းတစ်သောင်းဌာနမှာ အရက်သောက်နိုင်သူတွေ ဒီလောက်ကြီးလည်း မရှားပါဘူးဗျ။ ခင်ဗျားနဲ့ တစ်ခွက်တစ်ဖလားလောက် ကျုပ်ကိုယ်တိုင် အဖော်လုပ်ပေးပါ့မယ်။”
ရဲ့ခိုင်-
“ဒီလောက်တောင် ထိပ်သီးတွေ ပေါများနေမှတော့ ကျုပ်ရဲ့အသက်ဟာလည်း ရှင်သန်စရာလမ်း မမြင်တော့ပါဘူး။”
ရဲ့ခိုင်က ဆက်ပြောလိုက်သည်။
“အရက်သောက်နိုင်တဲ့ ထိပ်သီးတွေကို ဆိုလိုတာပါ။ ရှိသမျှလူအားလုံးလာပြီး ကျုပ်ကို ဂုဏ်ပြုအရက် တိုက်ကြမှတော့ ကျုပ် အသက် မပါသွားဘူးဆိုရင် ဘုရားမတာပဲ။”
“တတိယသခင်ကြီး ခင်ဗျားကို ဒီနေ့ည ဖိတ်ကြားခဲ့တဲ့ ရည်ရွယ်ချက်က သူရဲကောင်းတစ်ယောက်နဲ့ တွေ့ဆုံခင်မင်ချင်ရုံ သက်သက်ပါ။ ဧည့်ခံပွဲမှာ အရက်လည်း ပါတော့ပါမှာပေါ့။ ခင်ဗျားကို အရက်သောက်ဖို့ သူတိုက်တွန်းခဲ့ဦးတောင်မှ ခင်ဗျား အရက်မူးသွားစေဖို့ဆိုတဲ့ ရည်ရွယ်ချက် ကျုပ်တို့မှာ မရှိဘူးဆိုတာ သိစေချင်ပါတယ်။”
အဖြူရောင်ဝတ်ဆင်ထားသူက မျက်နှာထိမျက်နှာထားဖြင့် ပြောဆိုလိုက်သည်။
ရဲ့ခိုင်-
“ဒါပေမဲ့ နည်းနည်းတော့ ကြောက်နေသေးတာပဲလေ။”
အဖြူရောင်ဝတ်ဆင်ထားသူ-
“ဘာကိုလဲ…”
ရဲ့ခိုင်-
“ခင်ဗျားတို့အားလုံးဝိုင်းပြီး ကျုပ်ကိုအရက်တိုက်ကြမှာကိုပေါ့။”
အဖြူရောင်ဝတ်ဆင်ထားသူက သဘောကျစွာ ရယ်မောလိုက်တော့သည်။
ထိုအချိန်၌ပင် လွင်ပြင်ရိုင်းများထဲမှ သီချင်းသံတစ်သံ ပျံ့လွင့်လာခဲ့၏။
အသံတွင် ဝမ်းနည်းကြေကွဲမှုအပြည့်ရှိနေပြီး စာသားများက ရှေးဟောင်း လျှို့ဝှက်ကျမ်းစာများမှ ဖြစ်ပုံရသည်။ သို့သော် စကားလုံးတိုင်း ပီပီသသကြီး ထွက်ပေါ်လာခဲ့၏။
“ကောင်းကင်ပေါ်ကသိကြားမင်း
မြေပြင်ပေါ်က ဘဝရှင်မင်းတြားကြီး…
မျက်လုံးထဲက သွေးတွေ ထွက်ကုန်ပြီ
လရောင်လည်း မသာနိုင်တော့ပါ…
မြင်းတစ်သောင်းဌာနကို ဝင်ရောက်သွားတာနဲ့
ဓားမော့တွေနဲ့ ဧည့်ခံကြတယ်
အူအထွေးလိုက်ပြတ်ကုန်ကြတယ်…
ကောင်းကင်ပေါ်ကသိကြားမင်း
မြေပြင်ပေါ်က ဘဝရှင်မင်းတြားကြီး…
မျက်ရည်များက သွေးလိုပဲ
အူအထွေးလိုက်ပြတ်ကုန်ကြတယ်…
မြင်းတစ်သောင်းဌာနကို ဝင်ရောက်သွားတာနဲ့
အိမ်ပြန်ဖို့ စိတ်မကူးပါနဲ့တော့…”
အသံသည် စူးရှလှပြီး ဝမ်းနည်းသံပေါက်နေ၏။ လျှို့ဝှက်ကျမ်းစာ ရွတ်ဆိုသံလိုပင်မကသေး… ညဉ့်နက်ကြီးတွင် ထွက်ပေါ်လာတတ်သော စုန်းကဝေများ၏အသံလိုလည်း ဆွဲဆွဲငင်ငင်ရှိလှ၏။
အဖြူရောင်ဝတ်ဆင်ထားသူ၏ အမူအရာများ ပျက်ယွင်းသွားခဲ့ရသည်။ ရထားလုံးတံခါးကို လက်တစ်ဘက်ဖြင့် တွန်းဖွင့်လိုက်ပြီး-
“ခွင့်လွှတ်ပါဗျာ…”
ထိုစကားပင်မဆုံးသေး… သူ၏ခန္ဓာကိုယ်သည် တံခါးဝမှတဆင့် ခုန်ပျံထွက်သွားခဲ့၏။ မျက်စိတစ်မှိတ်အတွင်းမှာပင် အစအနရှာမရအောင် ပျောက်ကွယ်သွားခဲ့လေတော့သည်။
0 comments:
Post a Comment