သူ၏အဖော်မွန် ဓားမှာသူ့ဘေးနားတွင် မရှိနေပါ။
အတွင်းသို့ ဝင်ဝင်လိုက်ခြင်းပင် နီရဲနေသောနှင်းကို သူတွေ့လိုက်ရ၏။
အတွင်းသို့ဝင်ဝင်လိုက်ခြင်းပင် ဖူဟောင်ရွှယ်ကို သူတွေ့လိုက်ရ၏။
ဤနေရာသို့ လူပေါင်းစုံ မကြာခဏဆိုသလို ရောက်လာတတ်လေသည်။ လူတန်းစားပေါင်းစုံ၊ အလွှာပေါင်းစုံဖြစ်၏။ သို့သော် သူလိုလူတစ်ယောက်အဖို့တော့ ဤနေရာသည် ရောက်လာခဲ့သင့်သည့်နေရာတစ်ခု မဟုတ်ပါ။ အဘယ်ကြောင့်ဆိုသော် သူ့ကိုမည်သူမှ ကြိုဆိုခြင်းမရှိကြသောကြောင့်ဖြစ်၏။
ဤနေရာသည် အလွန်ထူးဆန်းသော နေရာလည်းဖြစ်၏။
ဆောင်းဦး၏ နှောင်းပိုင်းကာလများပင် ချဉ်းနင်းဝင်ရောက်လာပြီဖြစ်သော်လည်း နွေးနွေးထွေးထွေးရှိနေသော ဤနေရာလေးသည် နွေဦး၏အငွေ့အသက်လေးများဖြင့် သက်ဝင်လှုပ်ရှားနေ၏။
ညအမှောင်ထုထဲသို့ ချဉ်းနင်းဝင်ရောက်လာပြီဖြစ်သော်လည်း အခန်းတွင်းတွင်တော့ နေ့ခင်းဘက်တွင် လင်းထိန်နေသော နေမင်းကြီး၏အလင်းရောင်များလို လင်းထိန်နေ၏။
ဤနေရာသည် အရက်ဆိုင်မဟုတ်ပါ။ သို့သော် လိုချင်သည့်အရက်မျိုးစုံကို ရနိုင်၏။
ဤနေရာသည် လောင်းကစားရုံတစ်ခုမဟုတ်ပါ။ သို့သော် လောင်းကစားမှုများ တင်းကြမ်းပြုလုပ်နေကြ၏။
ဤနေရာသည် ပြည့်တန်ဆာအဆောင်တစ်ခု မဟုတ်ပါ။ သို့သော် ဤနေရာတွင် ရှိနေသော အမျိုးသမီးများက ယောက်ျားသားများ၏ လိုအင်ဆန္ဒများကို ပြည့်ဝစွာဖြည့်ဆည်းပေးကြရန် စောင့်စားနေကြ၏။
ဤနေရာတွင် နာမည်မရှိပါ။ သို့သော် မိုင်ပေါင်းရာချီတစ်ဝိုက်အတွင်း ဤနေရာသည် အကျော်ကြားဆုံးသော နေရာတစ်ခုဖြစ်၏။
ခန်းမကြီးထဲတွင် စားပွဲခုံပေါင်း ၁၈ ခု စီတန်းထားရှိထား၏။ ထိုစားပွဲတိုင်းတွင် ဝင်ထိုင်နိုင်ပြီး အရသာကောင်းမွန်လှသော အစားအစာများကို မှာကြားစားသောက်နိုင်ကြ၏။ သို့သော် အခြားအရာများအတွက် ပို၍ပျော်ရွှင်ချင်ပါမူ နောက်ထပ်တံခါးချပ်များကို ဖွင့်ဝင်သွားရန် လိုအပ်လေသည်။
ဝင်ပေါက်တံခါးမကြီး၏ ဘေးတစ်ဘက်တစ်ချက်စီတွင် တံခါးချပ်ပေါင်း ၁၈ ချပ်စီတန်းနေ၏။
မည်သည့်တံခါးချပ်များကို တွန်းဖွင့်ပြီးဝင်ရောက်သွားသည်ဖြစ်စေ… နောင်တရစရာအကြောင်းမရှိသလို စိတ်ပျက်သွားစရာ အကြောင်းလည်း လုံးဝမရှိနိုင်ပါ။
ခန်းမကြီး၏အနောက်ဘက်တွင် ခနော်နီခနော်နဲ့ ဖြစ်နေသောလှေကားထစ်များ ရှိနေကြ၏။
သို့သော် ထိုလှေကားများသည် မည်သည့်နေရာကို ရောက်ရှိစေမှန်း မည်သူမှမသိသလို အပေါ်သို့ မည်သူမှလည်း မရောက်ဘူးကြပါ။
လိုအပ်မှုမှန်သမျှသည် အောက်ထပ်များ၌ပင် ရရှိနိုင်ကြသည်မဟုတ်ပါလား။
လှေကားထစ်များ၏အဆုံးတွင် စားပွဲငယ်လေးတစ်လုံးရှိ၏။ ထိုစားပွဲငယ်လေးတွင် သပ်ရပ်စွာဝင်စားထားသော သက်လတ်ပိုင်းလူတစ်ယောက် ခန့်ငြားစွာထိုင်နေ၏။
အခြားအရာများကို သူလုပ်ဆောင်နေသည်ဟု မည်သူမျှ မတွေ့စဖူး။ သူ မတ်တတ်ထရပ်လာသည်ဟုလည်း မည်သူမျှမတွေ့ဖူးကြချေ။ သူထိုင်နေသော ထိုင်ခုံသည် ကျယ်ဝန်းကြီးမားလှပြီး အလွန်ဇိမ်ခံလို့ကောင်းမည့်ပုံရှိသည်။
အနီရောင်သစ်သားဖြင့် ပြုလုပ်ထားသော တုတ်ထောက်တံနှစ်ချောင်း သူထိုင်နေသော ထိုင်ခုံဘေးတွင် ထောင်ထား၏။
ဝင်လာကြသူများနှင့် ထွက်သွားကြသူများကို သူနည်းနည်းလေးမှ ဂရုစိုက်ကြည့်ရှုနေခြင်းမရှိပါ။ သူ၏ဦးခေါင်းကိုမော့ပြီး ထိုသူများ၏လှုပ်ရှားမှုများကို ကြည့်ရှုရန်ဆန္ဒ သူ့ထံတွင်လုံးဝမရှိနေပါ။
သူသည် ဤနေရာ၏ ပိုင်ရှင်ပင်ဖြစ်လေသည်။
ထူးဆန်းပြီးလျှို့ဝှက်သော နေရာ၏ပိုင်ရှင်သည်လည်း ထူးဆန်းပြီးလျှို့ဝှက်ရမည်မဟုတ်ပါလား။
ဖူဟောင်ရွှယ်၏လက်ထဲတွင် သူ၏ဓားမော့ကို ကိုင်ဆောင်ထား၏။
အလွန်ထူးခြားဆန်းကြယ်သော ဓားမော့တစ်လက်ပင်ဖြစ်သည်။ ဓားအိမ်က မည်းနက်နေသလို ဓားလက်ကိုင်ရိုးကလည်း မည်းနက်နေ၏။
သူသည် အစားအသောက်များ မှာကြားစားသောက်နေခြင်းဖြစ်၏။ အရွက်ကြော်များနှင့် ထမင်းများကို ပါးလုပ်ပါးလောင်း စားနေသော်လည်း ဖြည်းညင်းစွာ ဝါးမြိုနေခြင်းလည်းဖြစ်၏။
အဘယ်ကြောင့်ဆိုသော် သူ့ထံတွင် လက်တစ်ဘက်တည်းသာ အားလပ်နေ၍ဖြစ်၏။
သူ၏ဘယ်ဘက်လက်က ဓားမော့ကို ကော်ကပ်ထားသလို ဆုပ်ကိုင်ထား၏။ သူဘာပဲလုပ်လုပ် သူ၏ထိုလက်တစ်ဘက်က ဓားအိမ်ကနေ ဖယ်ခွာသွားမည်မဟုတ်ပါ။
သူ၏ မည်းနက်နေသောဓားမော့၊ ဝတ်ဆင်ထားသည့် မည်းနက်နေသော ဝတ်ရုံ၊ သူ၏မည်းနက်နေသော မျက်ဝန်းများ… ထိုအနက်ရောင်များက အလင်းထုတ်လွှတ်ပေးနိုင်လောက်သည်ထိ မည်းနက်တောင်ပြောင်နေကြလေသည်။
ထို့ကြောင့် ဝင်ပေါက်တံခါးမကြီးနှင့် အဝေးဆုံးဖြစ်သောနေရာတွင် သူရွေးထိုင်နေခြင်းလည်းဖြစ်၏။
ဖူဟောင်ရွှယ်သည် တံခါးပေါက်မှလှမ်းဝင်လာသောသူ့ကို တွေ့မြင်လိုက်သည့် ပထမဦးဆုံးသူလည်းဖြစ်၏။ သူသည်လည်း ဖူဟောင်ရွှယ်၏လက်ထဲတွင် ကိုင်ဆောင်ထားသော ဓားမော့ကို တွေ့မြင်လိုက်ရ၏။
သို့သော်… လွတ်လပ်သောသစ်ရွက်များသည် ဓားကိုင်ဆောင်ခြင်းမရှိကြပါ။
ရဲ့ခိုင်သည် ဘယ်တုန်းကမှ ဓားကိုင်ဆောင်သူတစ်ယောက်မဟုတ်ခဲ့…
+++++
ဆောင်းဦးကာလ၏ အနှောင်းပိုင်းကာလ… ညဉ့်နက်နေပြီဖြစ်သည်။
ဤအဆောက်အဦသာ မီးများလင်းထိန်သည့် တစ်ခုတည်းသောအဆောက်အဦဖြစ်၏။
တံခါးပေါက်များသည် လွန်စွာကျဉ်းမြောင်းလှ၏။ ဆောင်းဦးနှောင်းလေတိုက်ခတ်လာမှုကြောင့် လွင့်ပျံလာသော ဖုန်မှုန့်များထဲသို့ တံခါးဝများတွင်ချိတ်ဆွဲထားသော မီးအိမ်များ၏ အလင်းရောင်များ ထိုးဖောက်ဝင်ရောက်သွားခဲ့ကြ၏။ ဂန္ဓမာပန်းများ၏ ပွင့်ဖတ်များနှင့် ရနံ့များသည်လည်း တိုက်ခတ်လာသည့်လေနှင့်အတူ လွင့်ပြန့်လာခဲ့၏။ ထိုပွင့်ဖတ်များသည် မည်သည့်နေရာက ခရီးစထွက်လာခဲ့မှန်း မသိနိုင်ကြသလို လေက မည်သည့်နေရာထိ သယ်ဆောင်သွားမည်ဆိုသည်ကိုလည်း သိနိုင်ကြမည်မဟုတ်ပါ။
လူ့ဘ၀ကြီးသည်လည်း ဂန္ဓမာပန်းပွင့်ဖတ်များလိုပင် ဖြစ်သည်မဟုတ်ပါလား။ ဖြစ်ပေါ်လာမည့် ကံတရားအကြောင်းကို သိနိုင်သူဟု မည်သူကများကြွေးကြော်ရဲပါမည်နည်း။
ထို့ကြောင့် အနာဂါတ်ကာလဆိုသည်အတွက် စိုးရိမ်ထိတ်လန့်နေစရာမလိုအပ်ချေ။
ဂန္ဓမာပန်းများသည်သာ အနာဂါတ်ကာလကို ကြိုတင်သိရှိနိုင်မည်ဆိုလျှင် သူတို့ထံ၌ အမုန်းတရားများ လက်ဆုပ်လက်ကိုင် ထားရှိထားကြမည်မဟုတ်ပါ။ အဘယ်ကြောင့်ဆိုသော် သူတို့၏ဘဝများက လေးစားအားကျစရာကောင်းခဲ့ပြီးဖြစ်သလို တောက်ပသောအချိန်များကိုလည်း ပိုင်ဆိုင်ခဲ့ကြပြီးလေပြီ။
ထိုအချက်သည် လုံလောက်သည်ထက်ပင် ပိုနေပါသေး၏။
လမ်း၏အဆုံးတစ်ဘက်တွင် ပြုန်းတီးပျက်စီးနေသော လွင်တီးခေါင်ကြီး တမျှော်တခေါ်ကြီး ရှိနေပြီး အခြားတစ်ဘက်တွင်လည်း ထိုနည်း၎င်းပင်ဖြစ်၏။
အဆောက်အဦလေးတွင် ချိတ်ဆွဲထားသည့် တစ်ခုတည်းသောမီးအိမ်လေးသည် လွင်တီးခေါင်ကြီးထဲတွင် လင်းလက်တောက်ပနေသော စိန်ပွင့်တစ်ပွင့်ကဲ့သို့ပင်။
ကောင်းကင်ပြင်ကျယ်ကြီးသည် သဲမြေဝါများကို အဖော်ပြုနေသလို သဲမြေဝါများသည်လည်း ကောင်းကင်ကြီးကို အဖော်ပြန်ပြုနေကြပြန်သည်။ လူသားများသည် ထိုအရာနှစ်ခုကြား ကမ္ဘာမြေအဆုံးတွင် ရပ်တန့်နေကြလေသည်။
ရဲ့ခိုင်ကိုလည်း ကမ္ဘာမြေအဆုံးတစ်နေရာမှ ရောက်လာခဲ့သူတစ်ယောက်လို ထင်မြင်ယူဆနေကြ၏။
အမှောင်ထုထဲ၌ လင်းထိန်နေသော ထိုမီးရောင်လေးရှိရာသို့ လမ်းကျဉ်းလေးတစ်လျှောက် သူလျှောက်လိုက်လာ၏။ ထို့နောက် လမ်းအလယ်ခေါင်တည့်တည့်တွင် ထိုင်ချလိုက်ပြီး သူ၏ခြေထောက်တစ်ဘက်ကို အပေါ်သို့ ထောင်မြှောက်ထားလိုက်ပြန်၏။
သူစီးထားသော ဘွတ်ဖိနပ်မှာ သားရေဘွတ်ဖိနပ်ဖြစ်ပြီး ကန္တာရထဲက နိုမက်လူမျိုးများ (လွင်ပြင်ကျယ်ကြီးများတွင် ပြန့်ကျဲသွားလာပြီး အိမ်မွေးတိရိစ္ဆာန်များ ကျောင်းမွေးကြသူများ) ၏ဖိနပ်များလိုဖြစ်၏။ ထိုဖိနပ်များသည် သိုးကျောင်းသားများဝတ်ဆင်သော ဖိနပ်များနှင့် တစ်ပုံစံထဲဖြစ်၏။ လေတိုက်လျှင်လွင့်ပါသွားနိုင်လောက်အောင် ပေါ့ပါးသော်လည်း အကြမ်းပတမ်းခံနိုင်လွန်းသော ဖိနပ်များလည်းဖြစ်ပြန်သည်။
ယခုသော် သူ၏ဖိနပ်ခုံအောက်ခြေသည် ပေါက်ပြဲနေပြီး သူ့ခြေဖဝါးများသည်လည်း သွေးစက်လက်စွန်းထင်းနေရ၏။ သူသည် ခေါင်းကိုခါရမ်းပြီး ခြေဖဝါးများမှ ဒဏ်ရာများကို ကြည့်နေသည်မှာ ဖိနပ်စုတ်သွားခြင်းကို စိတ်ပျက်နေခြင်းမဟုတ်ဘဲ သူ့ခြေဖဝါးများကိုသာ စိတ်ပျက်လက်ပျက်ဖြစ်နေပုံမျိုးဖြစ်၏။
“ဘာဖြစ်လို့ ငါ့ရဲ့ဒီခြေဖဝါးတွေက တခြားသူတွေရဲ့ခြေဖဝါးတွေလိုပဲ စုတ်ပြတ်သတ်နေရတာလဲ...”
ပြီးနောက် သဲတစ်ဆုပ်ကို ကော်ယူပြီး သူ့ခြေဖဝါးများထဲသို့ ဖြူးပက်လိုက်၏။
“မင်းတို့တတွေ ဘာမှာအသုံးမကျတဲ့နောက်တော့ မင်းတို့ကို ကောင်းကောင်းကြီး ဒဏ်ခတ်ရဦးတော့မှာပဲ။”
သူသည် တည့်မတ်စွာ မတ်တတ်ရပ်လိုက်၏။ သို့မှသာ ခြေဖဝါးများတွင်း ဖြူးထားသောသဲများ ဒဏ်ရာများနှင့် ကြိတ်ပွတ်သွားမည်ဖြစ်လေသည်။
ပြီးနောက်တော့ သူပြုံးနေလိုက်၏။
သူ၏အပြုံးသည် လေထုထဲတွင် ပြန့်လွင့်နေသော သဲမှုန်များကို စူးရှစွာထိုးဖောက်ဝင်ရောက်နေသော နေရောင်ခြည်ကဲ့သို့ စူးစူးရှရှ ညှို့အားပြင်းပြင်းရှိလှ၏။
လေထဲတွင် မီးအိမ်ငယ်လေး ရှေ့နောက်ယိမ်းထိုးနေ၏။
လေတစ်ချက်ဝေ့လာခဲ့ရာ ဂန္ဓမာပန်းပွင့်ဖတ်များ လွင့်ပျံလာကြ၏။ ထိုပွင့်ဖတ်များကို သူဖမ်းယူလိုက်သည်။
ပွင့်ဖတ်များတွင် ဘာမှမကျန်ရှိနေတော့ပါ။ အချို့ပွင့်ဖတ်လွှာများသည်သာ ပင်စည်သေးသေးလေးများတွင် ကျန်နေခဲ့၏။
သူ၏အဝတ်အစားများကို သုတ်ခါလိုက်၏။ ထိုအဝတ်အစားများသည် ပစ်ထုတ်ပစ်ခဲ့သင့်သည်မှာ ကြာလှပြီဖြစ်၏။ ပြီးနောက် သူဖမ်းဆုပ်ထားခဲ့သော ဂန္ဓမာပန်းပွင့်ကြွေလေးကို သူ့အင်္ကျီအပေါက်ထဲသို့ ထိုးသွင်းလိုက်ပြန်သည်။
သူ့ကိုကြည့်ရသည်မှာ လူကုံထံကြီးတစ်ယောက်က အလွန်မှပင်ရှားပါးအဖိုးတန်လှသော ဝတ်ရုံကြီးကို ဝတ်ဆင်ထားပြီး အနီရင့်ရောင်တောက်တောက် လှပသောပန်းပွင့်တစ်ပွင့်ဖြင့် ဝတ်ရုံကြီးကို တန်ဆာဆင်ထားသလိုမျိုး ဟိတ်ဟန်ရှိနေ၏။
ထိုအရာများအားလုံး လုပ်ဆောင်ပြီးသွားချိန်တွင် သူ့ကိုကြည့်ရသည်မှာ လွန်စွာမှပင် နှစ်ထောင်းအားရ ကျေနပ်နေသူတစ်ယောက်ကဲ့သို့ ဖြစ်နေပုံရသည်။
နောက်ထပ်အပြုံးတစ်ခု သူ့ထံမှထွက်ပေါ်လာပြန်သည်။
တံခါးများက ပိတ်ထားကြ၏။
သူသည် ခေါင်းမော့ ရင်ကော့ပြီး တံခါးချပ်များဆီ လျှောက်လှမ်းလာကာ တွန်းဖွင့်ဝင်ရောက်လာခဲ့၏။
ထိုအချိန်တွင်ပင် ဖူဟောင်ရွှယ်ကို သူတွေ့မြင်လိုက်ရခြင်းဖြစ်၏။
ဖူဟောင်ရွှယ်နှင့် သူ၏မည်းနက်နေသော ဓားမော့တို့ကို သူမြင်တွေ့လိုက်ခြင်းဖြစ်၏။
ဓားမော့သည် သူ၏လက်ထဲတွင် ဆုပ်ကိုင်ထား၏။ ဓားကိုင်သောလက်က သွေးဆုတ်ဖြူရော်နေသော်လည်း ကိုင်ဆောင်ထားသည့် ဓားမော့မှာမူ မည်းနက်တောင်ပြောင်နေ၏။
ရဲ့ခိုင်သည် ဓားမှတဆင့် သူလက်များ… သူ၏လက်များမှတဆင့် သူ၏မျက်နှာကို တဆင့်ပြီးတဆင့် ငေးကြည့်လိုက်သည်။
သွေးဆုတ်ဖြူရော်နေသော မျက်နှာတစ်ခုဖြစ်သော်လည်း မျက်လုံးများကတော့ မည်းနက်နေကြ၏။
ရဲ့ခိုင်၏မျက်လုံးများတွင်းမှ အပြုံးတစ်ခု ခုန်ပေါက်ပြီးထွက်သွားခဲ့၏။ သူမြင်တွေ့လိုက်ရသည့်အရာအားလုံးကို အထူးပင်နှစ်ခြိုက်ကျေနပ်သွားသလိုမျိုးဖြစ်၏။ ခြေလှမ်းကျဲကြီးများဖြင့် လှမ်းဝင်လာပြီး ဖူဟောင်ရွှယ်နှင့် မျက်နှာချင်းဆိုင် ထိုင်ခုံတွင် ဝင်ရောက်ထိုင်ချလိုက်၏။
ရဲ့ခိုင်က သူ့ကိုပြုံးပြီးကြည့်နေ၏။ “မင်းဘယ်တုန်းကမှ အရက်မသောက်တာလား။”
ဖူဟောင်ရွှယ်သည် သူ၏ဦးခေါင်းကို မော့မကြည့်လာသလို သူ၏စားသောက်နေခြင်းကိုလည်း မရပ်တန့်ခဲ့ပါ။
သူဝါးနေသော နောက်ဆုံးအလုတ်ကို မြိုချအပြီးတွင် ကိုင်ဆောင်ထားသည့် တူတစ်စုံကို စားပွဲပေါ်သို့ ဖြည်းညင်းစွာချထားလိုက်၏။ ပြီးနောက် ရဲ့ခိုင်ကို မော့ကြည့်လာခဲ့လေသည်။
ရဲ့ခိုင်၏အပြုံးက နေရောင်ခြည်များကဲ့သို့ နွေးထွေးတောက်ပလွန်းနေသည်။
ဖူဟောင်ရွှယ်၏သွေးဆုတ်ဖြူရော်နေသော မျက်နှာထက်တွင်မူ မည်သည့်အပြုံးတစ်စကိုမှ မတွေ့နိုင်ပါ။ အတော်လေးကြာသောအခါမှ သူ၏တုံ့ပြန်သံထွက်ပေါ်လာ၏။ “ငါအရက်မသောက်ဘူး။”
ရဲ့ခိုင်- “မင်းအရက်မသောက်ဘူးဆိုတော့… ငါ့ကိုအရက် ၂ ခွက်လောက် ဝယ်တိုက်ပါလား။”
ဖူဟောင်ရွှယ်- “ငါက မင်းကိုအရက်ဝယ်တိုက်ရမယ်… ဘာဆိုင်လို့လဲ…”
သူစကားကို ဖြည်းဖြည်းချင်းပြောဆိုနေ၏။ စကားလုံးတစ်လုံးတိုင်း တစ်လုံးတိုင်းကို မပြောခင်ကတည်းကပင် သေချာစွာ စဉ်းစားနေပြီးမှ ပြောဆိုနေသလိုမျိုးဖြစ်၏။ အဘယ်ကြောင့်ဆိုသော် သူပြောဆိုလိုက်သည့် စကားလုံးတိုင်းအတွက် လေးလံသောအထုပ်အပိုးများအဖြစ် သူတာဝန်ယူရမည်မဟုတ်ပါလား။
ထို့ကြောင့် အမှားအယွင်းဖြစ်သော စကားလုံးတစ်လုံးတလေမျှ မပါရှိအောင်ပြောဆိုရပေမည်။
“ဘာဆိုင်လို့လဲ… ဟုတ်လား… ဘာဆိုင်လို့လဲဆိုတော့ ငါ့မျက်လုံးထဲမှာ မင်းကိုသိပ်ပြီးကြည့်လို့ကောင်းနေတယ်။” ရဲ့ခိုင်က သက်ပြင်းချပြီးထပ်ဖြည့်ပြောလိုက်၏။ “မင်းကလွဲပြီး စိတ်ဝင်စားစရာကောင်းတဲ့သူတစ်ယောက်မှ ဒီနေရာမှာ ငါမတွေ့နေဘူး။”
ဖူဟောင်ရွှယ် ခေါင်းငုံ့သွားပြီး သူ၏လက်များကို ငေးစိုက်ကြည့်နေ၏။
သူစကားမပြောဆိုချင်သော အချိန်များတွင် ပြုလုပ်လေ့ရှိသော သူ၏အမူအကျင့်လည်းဖြစ်သည်။
ရဲ့ခိုင်- “မင်းငါ့ကို အရက်ဝယ်တိုက်မှာလား။”
ဖူဟောင်ရွှယ်သည် သူ၏လက်များကို ငေးစိုက်ကြည့်နေဆဲပင်…
ရဲ့ခိုင်- “ဒါဟာ မင်းရဲ့တစ်ခုတည်းသော အခွင့်အရေးနော်… မင်းလက်လွတ်ခံလိုက်လို့ရှိရင် သိပ်သနားစရာကောင်းသွားလိမ့်မယ်။”
ဖူဟောင်ရွှယ်သည် နောက်ဆုံးတွင် ခေါင်းမော့လာပြီး ဖြည်းညင်းစွာ ပြောဆိုလိုက်တော့၏။ “ငါ ဘယ်တော့မှ သနားစရာကောင်းတဲ့လူဖြစ်လာမှာ မဟုတ်ဘူး။”
ရဲ့ခိုင်က သဘောကျစွာရယ်မောနေလိုက်ပြီး ထိုစကားကို မှတ်ချက်ပေးလိုက်၏။ “မင်းကတော့ သိပ်ကိုခင်ဖို့ကောင်းတဲ့ လူတစ်ယောက်ပါလား… အမှန်အတိုင်းပြောရရင် ခုချိန်မှာ ငါ့ကို တစ်ယောက်ယောက်က ဒူးထောက်တောင်းပန်နေပြီး အရက်ဝယ်တိုက်ခဲ့မယ်ဆိုရင်တောင် သူတိုက်မယ့်အရက်ကို ငါတစ်စက်မှ တို့ထိမှာမဟုတ်ဘူး။”
အခန်းတွင်းတွင်ရှိနေသူအားလုံး နားများကန်းနေကြသလားအောက်မေ့ရလောက်အောင် သူ့စကားသံကြီးက ကျယ်လောင်စွာ ထွက်ပေါ်လာခဲ့၏။ သူ့စကားကို မကြားလိုက်ရန်ဆိုသည်မှာ ဘယ်လိုမှမဖြစ်နိုင်တော့ပေ။ ထိုစကားကို ကြားလိုက်သောအခါတွင်လည်း ထောင်းခနဲ စိတ်မတိုသွားရန်ဆိုသည်မှာ တော်တော်မလွယ်ကူသည့်ကိစ္စဖြစ်၏။
လူတော်တော်များများ မတ်တတ်ထရပ်လိုက်ကြ၏။ သူတို့ထဲမှ အလျင်မြန်ဆုံးသူသည် ခရမ်းရောင်ဝတ်ဆင်ထားသူ လူရွယ်တစ်ယောက်ဖြစ်၏။
ခါးသေးသေးသွယ်သွယ်ဖြင့် ကျယ်ပြန့်သောပခုံးကျယ်ကြီးများလည်းရှိ၏။ သူကိုင်ဆောင်ထားသောဓားမှာ အဖိုးထိုက်တန်လှသော ကျောက်မျက်ရတနာများဖြင့် စီခြယ်ထား၏။ ဓားအိမ်သည် အနီရင့်ရောင်တောက်တောက်ရှိနေပြီး သူဝတ်ဆင်ထားသော ဝတ်စုံဖြင့် လိုက်ဖက်ပနံသင့်နေ၏။
သူ၏လက်ထဲတွင် အရက်ခွက်တစ်ခွက်ကိုင်ဆောင်ထား၏။ အရက်ခွက်ထဲတွင် ခနဲ့တဲ့တဲ့ အပြုံးများပြည့်လျှံစွာ ထည့်ထားလေသည်။ ခန္ဓာကိုယ်ကို လျင်မြန်စွာလှည့်လိုက်ရာ ရဲ့ခိုင်၏ရှေ့သို့ တမဟုတ်ချင်း ရောက်ရှိလာခဲ့၏။ သို့သော် အရက်ခွက်ထဲမှ အရက်များ တစ်စက်မျှဖိတ်စင်သွားခြင်း မရှိခဲ့ချေ။
ထိုသူသည် ကောင်းမွန်ခန့်ငြားစွာ ဝတ်ဆင်ထားပြီး မာနကြီးလှသလို သူ၏သိုင်းပညာသည်လည်း ခမ်းနားထည်ဝါလွန်းနေ၏။ သနားစရာကောင်းသည်မှာ ထိုအရာကို ရဲ့ခိုင်က မမြင်တွေ့ခဲ့သလို ဖူဟောင်ရွှယ်သည်လည်း မြင်တွေ့ခဲ့ပုံမရ။
ခရမ်းရောင်ဝတ်လူရွယ်သည် မိမိကိုယ်ကိုယုံကြည်သော မာနကြီးသည့်အပြုံးတစ်ခု ပြုံးနေ၏။ အဘယ်ကြောင့်ဆိုသော် လူအားလုံးက သူ့ကိုအာရုံစိုက်နေကြကြောင်း တွေ့ရှိလိုက်ရ၍ဖြစ်၏။
ရဲ့ခိုင်၏ပခုံးကို ညင်သာစွာပုတ်ပြီး မေးမြန်းလိုက်၏။ “ခင်ဗျားကို ကျုပ်အရက်တစ်ခွက်လောက် တိုက်ပါရစေလား။”
“ငါမသောက်ဘူး။” ရဲ့ခိုင် ငြင်းပယ်လိုက်၏။
ခရမ်းရောင်ဝတ်ဆင်ထားသူလူရွယ်သည် ကျယ်လောင်စွာ ရယ်မောနေလေတော့သည်။ အခန်းတွင်းရှိလူများသည်လည်း ကျယ်လောင်စွာ ရယ်မောနေကြ၏။
ရဲ့ခိုင်သည်လည်း ရယ်မောနေပြီးမှ ပြောဆိုလိုက်၏။ “မင်းငါ့ရှေ့မှာ ဒူးထောက်ပြီးတောင်းပန်တာတောင်မှ မင်းတိုက်တဲ့အရက်ကို ငါသောက်မှာမဟုတ်ဘူး။”
“ငါဘယ်သူလဲဆိုတာ မင်း မသိသေးဘူးနဲ့တူတယ်။” ခရမ်းရောင်ဝတ်ဆင်ထားသူ လူရွယ်ကကြိမ်းဝါးလိုက်သည်။
ရဲ့ခိုင်- “ငါဘယ်လိုလုပ်ပြီးသိနိုင်မှာလဲ… ပြောရမယ်ဆိုရင် မင်းကို လူတစ်ယောက်လို့တောင် ငါမသိနိုင်ဘူး။”
လူရွယ်၏မျက်နှာပြင်ထက်မှ အပြုံးများ အေးခဲသွားခဲ့၏။ သူ၏လက်ချောင်းများက ဓားလက်ကိုင်ရိုးကို တင်းကြပ်စွာ ဆုပ်ကိုင်ထားလိုက်တော့၏။
“ချတ်”
ဓားဆွဲထုတ်ခဲ့ချေပြီ…
သို့သော် သူ၏လက်ထဲတွင် ကိုင်ဆောင်ထားသည်မှာ သူ့ဓားလက်ကိုင်ရိုးသာဖြစ်နေလေသည်။
ဓား၏ကိုယ်ထည်ကတော့ ဓားအိမ်ထဲတွင် ကျန်ရစ်ခဲ့ရ၏။
သူ၏ဓားကိုဆွဲထုတ်ခဲ့ချိန်၌ ရဲ့ခိုင်၏လက်တစ်ဘက် လျင်မြန်စွာထွက်ပေါ်လာခဲ့ပြီး ဓားကိုယ်ထည်ပြားကို ဖိညှပ်ထားခဲ့ရာ ဓားလက်ကိုင်ရိုးမှ တစ်လက်မလောက်အကွာတွင် ကျိုးပြတ်သွားခဲ့၏။ ထို့နောက် လူရွယ်က ဓားကိုမာန်ပါပါဖြင့် အားကုန်ဆွဲထုတ်ခဲ့ရာ လက်ကိုင်ရိုးသာ သူ၏လက်ထဲတွင် ပါရှိလာရလေသည်။ ဓားကိုယ်ထည်ကတော့ ဓားအိမ်တွင်းသို့ ပြန်လျှောဝင်သွားခဲ့၏။
လူရွယ်သည် သူ၏လက်ထဲတွင် ကိုင်ဆောင်ထားသည့်အရာကို တွေ့လိုက်ရပြီးနောက် မယုံကြည်နိုင်လောက်သော အမူအရာများ ထွက်ပေါ်လာခဲ့ရ၏။
ခန်းမကြီးထဲတွင် ရယ်သံများတိတ်ဆိတ်သွားတော့သည်။ မည်သူမျှ မရယ်မောနိုင်ကြတော့ပါ။ အမှန်အတိုင်းပြောရမည်ဆိုလျှင် လူတိုင်းပင် အသက်များအောင့်ထားကြလေသည်။
အသံတစ်သံတည်းသာ ထွက်ပေါ်နေ၏။
ဒိုးဇက်များရောမွှေနေသံဖြစ်သည်။
သူတစ်ယောက်တည်းသာ အခန်းထဲတွင် ဘာဖြစ်ခဲ့မှန်း မသိရှိခဲ့သူတစ်ယောက်အလား ရှိနေ၏။
ဖူဟောင်ရွှယ်ကိုယ်တိုင် ဘာဖြစ်သွားခဲ့သည်ကို မြင်တွေ့ခဲ့ရသော်လည်း သူ၏အမူအရာများက မပြောင်းလဲခဲ့ရပါ။
ရဲ့ခိုင်က ဖူဟောင်ရွှယ်ကို ပြုံးပြီးကြည့်နေ၏။ “တွေ့တယ်မဟုတ်လား… ငါလိမ်မပြောခဲ့ပါဘူး။”
ရဲ့ခိုင်- “မင်းငါ့ကို အရက်ဝယ်တိုက်တော့မယ်မဟုတ်လား။”
ဖူဟောင်ရွှယ်သည် ခေါင်းကိုဖြည်းညင်းစွာ ခါရမ်းနေပြီး စကားလုံးတစ်လုံးချင်းစီ ပြောဆိုလိုက်ပြန်၏။ “ငါဝယ်မတိုက်ဘူး။”
သူမတ်တတ်ထရပ်လိုက်၏။ ပြီးနောက် တည့်မတ်စွာရပ်နေလိုက်၏။ ဤအကြောင်းအရာများကို ဆက်မဆွေးနွေးချင်တော့ပါ။
သို့သော် ခရမ်းရောင်ဝတ်ဆင်ထားသူ လူရွယ်ဘက်သို့ စောင်းငဲ့ကြည့်ပြီး ဖြည်းညင်းစွာ ပြောဆိုလိုက်၏။ “နောက်ထပ် ပိုက်ဆံအကုန်ခံပြီး ဒီထက်ကောင်းတဲ့ဓားတစ်လက် ထပ်မဝယ်ပါနဲ့တော့။ အမှန်အတိုင်းပြောရရင် မင်း ဓားကိုတောင် မကိုင်ဆောင်သင့်တော့ဘူး။ အလှဆင်ဖို့အတွက်သက်သက် ကိုင်ဆောင်တဲ့ဓားတစ်လက်ဟာ အန္တရာယ်များလွန်းလှပါတယ်လေ။”
ထိုစကားကို ဖြည်းညင်းစွာ၊ စိတ်ထားဖြူစင်စွာ သူပြောဆိုခဲ့ခြင်းဖြစ်၏။ အလွန်အဖိုးတန်သော စကားများပင်။
သို့သော် ခရမ်းရောင်ဝတ်ဆင်ထားသူ လူရွယ်၏နားထဲတွင်မူ ထိုစကားများသည် သံရည်ပူထိုးလောင်းလိုက်သကဲ့သို့ ခံစားသွားရ၏။
သူသည် ဖူဟောင်ရွှယ်ကို စိုက်ကြည့်နေလိုက်၏။ သွေးဆုတ်ဖြူရော်နေသော မျက်နှာတစ်ခုဖြစ်၏။
အထွက်တံခါးမကြီးသို့ ဖူဟောင်ရွှယ် ဦးတည်လိုက်၏။ သူစကားပြောဆိုသည်ထက်ပင် သူလမ်းလျှောက်သည်မှာ ပိုနှေးကွေးနေသေး၏။ သူ၏ကိုယ်နေဟန်ထားက ပို၍ပင် ထူးခြားနေသေး၏။
ဘယ်ဘက်ဖြင့် ခြေတစ်လှမ်းလှမ်းပြီး ညာခြေထောက်က တရွတ်တိုက်ဆွဲပါသွား၏။
“သူဟာ ဒုက္ခိတတစ်ယောက်ပါလား…”
ရဲ့ခိုင်သည် အံ့အားသင့်သွားပြီး သူ့အပေါ်တွင်လည်း စိတ်မကောင်းသလို ခံစားလိုက်ရ၏။
သို့သော် ထိုခံစားချက်များမှလွဲ၍ အခြားခံစားချက်များ မဖြစ်ပေါ်လာခဲ့ပါ။
ခရမ်းရောင်ဝတ်ဆင်ထားသူလူရွယ်သည် သူ၏လက်နှစ်ဘက်ကို ကျစ်ကျစ်ပါအောင် ဆုပ်ထား၏။ မီးတောက်မီးလျှံများ တောက်လောင်နေသလို ဖူဟောင်ရွှယ်ထွက်သွားခဲ့သည်ကို မတားဆီးခဲ့သော ရဲ့ခိုင်ကိုလည်း အားမလိုအားမရဖြစ်နေရ၏။
ရဲ့ခိုင်၏သိုင်းပညာသည် ထိပ်တန်းအဆင့်တွင်ရှိနေသော်လည်း ထိုဒုက္ခိတသည် တော်တော်လေး ထိတ်လန့်စရာ ကောင်းနေသေး၏။
ခရမ်းရောင်ဝတ်ဆင်ထားသူလူရွယ်က အချက်ပြလိုက်ရာ စားပွဲတစ်လုံးတွင်ထိုင်နေသော သူ့လူနှစ်ယောက် ဖြည်းညင်းစွာ ထရပ်လိုက်ကြပြီး နောက်ယောင်ခံလိုက်သွားမည့်ဟန် ရှိနေကြ၏။
ထိုအချိန်၌ပင် ခန်းမကျယ်ကြီးထဲမှ ထူးဆန်းသည့်စကားသံကြီး ပျံ့လွင့်ထွက်ပေါ်လာ၏။ “မင်းကတော့ သူများတွေကို ဝယ်မတိုက်ချင်ဘူး။ ဒါပေမဲ့ သူများတွေ ဝယ်တိုက်တဲ့အရက်ကော မင်းမှာသောက်ဖို့ အစီအစဉ်ရှိရဲ့လား။”
ထိုစကားသံသည် နူးညံ့ပြီး တိုးတိုးလေးပြောလိုက်သော်လည်း ခန်းမတွင်းရှိလူတိုင်း ပီသစွာကြားလိုက်ကြရ၏။
စကားသံသည် သူတို့၏နားထဲသို့ ကပ်ပြောလိုက်သလို ထွက်ပေါ်လာပြီး ဘေးနားတွင် လူတစ်ယောက်မျှ ရှိမနေပါ။
နောက်ဆုံးတွင်တော့ ခန့်ညားသပ်ရပ်စွာဝတ်ဆင်ထားသူ သက်လတ်ပိုင်းလူကြီးသည် ခေါင်းငဲ့ပြီး ရဲ့ခိုင်ဘက်သို့ စူးစူးစိုက်စိုက်ကြည့်နေကြောင်း အားလုံးတွေ့လိုက်ရ၏။
ရဲ့ခိုင်ကပြုံးပြီး ပြောဆိုလိုက်သည်။ “သူများက ကျုပ်ကိုအရက်ဝယ်တိုက်တာက သပ်သပ်… ကျုပ်က သူများတွေကို ပြန်ပြုစုတာက တခြားသပ်သပ်တစ်ခုပါ။”
သက်လတ်ပိုင်းလူ- “မှန်တယ်။ ခြားနားတဲ့ဟာ နှစ်ခုပဲရှိရမယ်။”
ရဲ့ခိုင်- “ကျုပ်သာ ပြုစုချင်တယ်ဆိုရင် ဒီအခန်းထဲမှာရှိနေတဲ့လူတွေအားလုံးကို ပြုစုမှာပါ။”
သူ၏ပြောဆိုနေသံမှာ ဤနေရာကို သူပိုင်ဆိုင်ထားသည့်အလား…
ခရမ်းရောင်ဝတ်ဆင်ထားသူလူရွယ်သည် အံကြိတ်ပြီး တံခါးဝသို့ ငေးကြည့်နေလိုက်၏။
ရဲ့ခိုင်က ပေါ့ပေါ့ပါးပါးပင် ပြောဆိုလိုက်ပြန်သည်။ “ဒါပေမဲ့ ကျုပ်တိုက်မယ့်အရက်ကို သောက်မယ်ဆိုရင်တော့ အားလုံးပဲ သောက်ကြရလိမ့်မယ်။ အားလုံးမူးသည်အထိ သောက်ကြရလိမ့်မယ်။”
လူရွယ်သည် သူ့ထံသို့လှည့်လာပြီး မေးမြန်းလိုက်၏။ “လူတွေကို အရက်ဝယ်တိုက်ချင်တယ်ဆိုရင် ငွေသားလိုတယ်ဆိုတာ သိတယ်မဟုတ်လား။”
ရဲ့ခိုင်- “ငွေသား… ဟုတ်လား။ ငါ့ကို ငွေသားကိုင်ဆောင်တတ်တဲ့လူလို့များ ထင်နေကြတာလား။”
လူရွယ်က ရယ်မောနေလိုက်၏။ “မင်းမှာ တကယ်ပဲမရှိတာလား။”
ရဲ့ခိုင်- “အရက်ဝယ်တိုက်ဖို့အတွက် ငွေသားရှိစရာမလိုပါဘူး။ ပဲစေ့တွေနဲ့လည်းဖြစ်တယ် မဟုတ်လား။”
လူရွယ်သည် အံ့ဩမင်တက်သွားသော မျက်နှာအမူအရာများ ထွက်ပေါ်လာခဲ့ပြီး မေးမြန်းလိုက်၏။ “ပဲစေ့… ဘယ်လိုပဲစေ့မျိုးလဲ…”
ရဲ့ခိုင်- “ဒီလိုမျိုး ပဲစေ့မျိုးတွေ…”
အညိုရောင်အိတ်တစ်လုံး သူ့လက်ထဲသို့ ရုတ်တရက်ရောက်ရှိလာခဲ့၏။ သူ့လက်ကို ညင်သာစွာလှုပ်ခါလိုက်ရာ ကြမ်းပြင်ပေါ်သို့ ပဲစေ့များ ပြန့်ကျဲကျလာခဲ့တော့သည်။ မျက်လှည့်ပြနေသလိုမျိုးပင်…
သို့သော် ထွက်ကျလာခဲ့သော ပဲစေ့များက ရွှေပဲစေ့များဖြစ်နေလေသည်။
လူရွယ်သည် ကြမ်းပြင်ပေါ်တွင် ပြန့်ကျဲနေသော ရွှေပဲစေ့များကို ငေးကြည့်နေ၏။ ပြီးနောက် ထိုနေရာသို့ လျှောက်သွားပြီး သူ၏မျက်နှာပြင်ထက်တွင် အားတင်းပြုံးနေလိုက်ကာ- “ငါနားမလည်နိုင်တာ တစ်ခုပဲရှိတယ်။”
လူရွယ်ကဆက်ပြောနေလိုက်သည်။ “မင်းက သူများတွေတိုက်တဲ့အရက်ကိုတော့ မသောက်ချင်ဘူး။ လူတကာကိုတော့ အရက်တိုက်ချင်နေတယ်။ ဘာများထူးထူးခြားခြား ခြားနားနေလို့လဲ။”
မျက်စိတစ်မှိတ်အတွင်းတွင် ရဲ့ခိုင်သည် သူ၏မျက်နှာရှေ့သို့ရောက်ရှိလာခဲ့ပြီး- “ခွေးတစ်ကောင်က မင်းရှေ့ကိုရောက်လာခဲ့ပြီး သူပါထားတဲ့ ချေး(ချီး)မင်းကိုလာကျွေးမယ်ဆိုပါတော့… မင်းစားမှာလား။”
လူရွယ်၏မျက်နှာတွင် အရောင်အမျိုးမျိုး ပြောင်းလဲသွားခဲ့ပြီး- “ငါ ဘယ်လိုလုပ်ပြီး စားမှာလဲ။”
ရဲ့ခိုင်- “ငါဆိုလည်းပဲ စားမှာမဟုတ်ဘူး။ ဒါပေမဲ့ ခွေးတွေကိုတော့ ကျွေးချင်သား…”
+++++
ဖူဟောင်ရွှယ်တံခါးဝသို့ ရောက်သွားချိန်တွင် တံခါးဝမှ မီးအိမ်နှစ်လုံး ရုတ်တရက် ပေါ်ထွက်လာ၏။
မီးအိမ်များကို ကိုင်ဆောင်ထားသူ ဝတ်စုံဖြူဝတ်ဆင်ထားသည့် လူနှစ်ယောက် လမ်းမအလယ်ခေါင်လောက်တွင် ရပ်စောင့်နေကြသည်။
ကျောက်တုံးလှေကားထစ်များကို တစ်ထစ်ချင်းစီ နင်းဆင်းလာသော ဖူဟောင်ရွှယ်သည် အောက်ရောက်လာသည်နှင့် ထိုသူနှစ်ယောက်၏အနောက်တွင် ရပ်နေသော တတိယလူတစ်ယောက်ရှိနေသေးကြောင်း တွေ့ရှိလိုက်၏။
သူတို့၏မီးအိမ်များသည် လေအဝေ့တွင် ယိမ်းနွဲ့နေကြပြီး လူ ၃ ယောက်သည် မလှုပ်မယှက်ဖြင့် ရပ်တန့်နေကြ၏။
မီးအိမ်၏အလင်းရောင်များက သူတို့၏ခန္ဓာကိုယ်များ၊ ဆံပင်များနှင့် အဝတ်အစားများအပေါ် ထွန်းလင်းတောက်ပနေ၏။ သဲဝါမြေများက သူတို့၏ခန္ဓာကိုယ်များပေါ်တွင်ပေကျံနေပြီး ညမှောင်မှောင်အောက်တွင် သူတို့သည် ကြောက်စရာကောင်းသော အငွေ့အသက်များ ထုတ်လွှတ်နေကြ၏။
သို့သော် ဖူဟောင်ရွှယ်သည် သူတို့ကိုဂရုမစိုက်ခဲ့ပါ။
သူလမ်းလျှောက်နေလျှင် သူ၏မျက်လုံးများက အဝေးတစ်နေရာသို့ အမြဲတမ်းကြည့်ရှုနေလေ့ရှိ၏။
သူချစ်နှစ်သက်သူတစ်ယောက် နောက်ဘဝမှ သူ့ကိုစောင့်မျှော်နေပြီး စောင့်ရှောက်ပေးနေခြင်းကြောင့်များလော…
သို့သော် မည်သည့်အတွက်ကြောင့် သူ့မျက်လုံးများက ဆွေးဆွေးမြည့်မြည့်နှင့် မထူးမခြားရှိနေရသနည်း။ သူ့မျက်လုံးများမှ စိတ်လှုပ်ရှားသော ခံစားချက်များထွက်ပေါ်လာသည်ဆိုပါက ထိုခံစားချက်များသည် အကြင်နာကရုဏာတရားများတော့ မဖြစ်နိုင်… နာကျင်မှု၊ မုန်းတီးမှုနှင့် ဝမ်းနည်းပူဆွေးမှုများသာ ဖြစ်ပေလိမ့်မည်။
လမ်းထိပ်သို့ သူထွက်သွားချိန်တွင် လူနှစ်ယောက်အနောက်ဘက်တွင် ကျောက်ရုပ်တစ်ရုပ်လို ရပ်တန့်နေသူက ရုတ်တရက် ပြောဆိုလိုက်၏။ “ဆရာလေး… ကျေးဇူးပြုပြီး ခဏလောက်ရပ်ပါဦး။”
ဖူဟောင်ရွှယ်သည် ရောက်နေသည့်နေရာ၌ ရပ်တန့်လိုက်၏။ တစ်စုံတစ်ယောက်က သူ့ကိုရပ်ခိုင်းလာလျှင် အမြဲတမ်း ရပ်ပေးလိုက်မည်ဖြစ်သည်။ မည်သူမည်ဝါဖြစ်နေစရာမလိုပါ။ ဘာအကြောင်းကြောင့်လဲဟုလည်း သူဘယ်တော့မှ မေးခွန်းမထုတ်တတ်ချေ။
ထိုလူသည် အလွန်တရာ ယဉ်ကျေးသိမ်မွေ့သူတစ်ယောက်ဖြစ်၏။ သို့သော် ခါးညွှတ်ပြီး အလေးပြုလိုက်ချိန်တွင်မူ သူ့မျက်လုံးများက ဓားမော့ကို စိုက်ကြည့်နေခဲ့ကြ၏။ သူ၏ကြွက်သားများအားလုံး တောင့်တင်းသွားခဲ့ပြီး ခန္ဓာကိုယ်တစ်ခုလုံး အန္တရာယ်အငွေ့အသက်များကို ခံစားလိုက်ရ၏။
ဖူဟောင်ရွှယ် မလှုပ်ရှားပါ။ သူ့လက်ထဲမှ ဓားမော့သည်လည်း မလှုပ်ရှားခဲ့ပါ။ သူ၏မျက်လုံးများက အဝေးတစ်နေရာသို့ ငေးမောကြည့်ရှုနေဆဲ…
ထိုအဝေးတစ်နေရာသည် ကျယ်ပြောသော အမှောင်ထုကြီးဖြစ်၏။
ခဏအကြာတွင် အဖြူရောင်ဝတ်ဆင်ထားသူသည် တဖြည်းဖြည်း ပျော့ပြောင်းလာ၏။ ထိုသူက ပြုံးပြီး- “ကျေးဇူးပြုပြီး ကျုပ်ရဲ့မေးခွန်းကို ခွင့်လွှတ်ပေးပါ။ ခင်ဗျား ဒီကို ဒီနေ့ပဲရောက်လာခဲ့တာလား။”
ဖူဟောင်ရွှယ်- “ဟုတ်ပါတယ်။”
သူ၏အဖြေစကားက တစ်ခွန်းတည်းသာဖြစ်သော်လည်း အကြာကြီးနေမှ၊ သေချာစွာစဉ်းစားပြီးမှ ဖြေဆိုခဲ့ခြင်းဖြစ်၏။
“ခင်ဗျား ဘယ်ကနေလာခဲ့တာလဲ။” အဖြူရောင်ဝတ်ဆင်ထားသူက မေးမြန်းလိုက်ပြန်သည်။
ဖူဟောင်ရွှယ်၏မျက်လုံးများက သူ့ဓားမော့ကို ငုံ့ကြည့်နေလိုက်၏။
အတန်ကြာသောအခါမှ အဖြူရောင်ဝတ်ဆင်ထားသူသည် အားတင်းပြုံးပြီး မေးမြန်းလိုက်ပြန်သည်။ “ခင်ဗျား ဒီမှာခဏပဲနေပြီး ပြန်ထွက်သွားတော့မှာလား။”
ဖူဟောင်ရွှယ်- “ဖြစ်နိုင်ပါတယ်။”
“မထွက်သွားဘူးဆိုတာလည်း ဖြစ်နိုင်တာပဲ။” အဖြူရောင်ဝတ်ဆင်ထားသူက မှတ်ချက်ချလိုက်ပြန်၏။
ဖူဟောင်ရွှယ်- “ဒါလည်းဖြစ်နိုင်ချေတစ်ခုပဲ။”
အဖြူရောင်ဝတ်ဆင်ထားသူ- “ခင်ဗျား မထွက်သွားသေးဘူးဆိုရင်တော့ ကျုပ်တို့ရဲ့တတိယသခင်ကြီးက မနက်ဖြန်မှာ သူနဲ့တွေ့ဆုံဖို့ ဖိတ်ကြားခိုင်းလိုက်ပါတယ်။”
ဖူဟောင်ရွှယ်- “တတိယသခင်ကြီး?”
အဖြူရောင်ဝတ်ဆင်ထားသူက တဟင်းဟင်းဖြင့် ဖြေဆိုလိုက်၏။ “မြင်းတစ်သောင်းဌာနရဲ့ ခေါင်းဆောင်ကြီး၊ တတိယသခင်ကြီးကို ပြောတာပါ။”
ဤတစ်ကြိမ်တွင်တော့ သူ၏တဟင်းဟင်းရယ်သံကဟန်လုပ်နေခြင်းမဟုတ်ဘဲ တကယ်ပင်တင်းမာနေခြင်းဖြစ်၏။
တတိယသခင်ကြီးကို မသိသူတစ်ယောက်ရှိနေသေးသည်ဆိုလျှင် လူရယ်စရာကြီးဖြစ်နေပေလိမ့်မည်။
သို့သော် ဖူဟောင်ရွှယ်အတွက်တော့ မည်သည့်အရာမျှ ရယ်မောစရာအဖြစ် မမြင်မိပါ။
အဖြူရောင်ဝတ်ဆင်ထားသူသည် နောက်ထပ်မရယ်မောနိုင်တော့ပါ။ ချောင်းတစ်ချက်ဟန့်ထုတ်လိုက်ပြီး- “တတိယသခင်ကြီးက ခင်ဗျားကိုမရရအောင် ဖိတ်ကြားခဲ့ရမယ်လို့ မှာကြားခဲ့ပါတယ်။ ဒါမှမဟုတ်ရင်တော့…”
ဖူဟောင်ရွှယ်- “ဒါမှမဟုတ်ရင် ဘာဖြစ်မှာလဲ။”
အဖြူရောင်ဝတ်ဆင်ထားသူ- “ဒါမှမဟုတ်ရင် ကျုပ်သူ့ကိုဘယ်လို မျက်နှာပြန်ပြရမှာလဲ။ ဒီနေရာမှာပဲ မတ်တတ်ရပ်နေပြီး ဘယ်မှမထွက်သွားရုံဘဲ ရှိတော့တာပေါ့။”
ဖူဟောင်ရွှယ်- “ခင်ဗျားက ဒီနေရာမှာ ဒီလိုပဲမတ်တတ်ရပ်ပြီး စောင့်နေတော့မယ်ပေါ့။”
အဖြူရောင်ဝတ်ဆင်ထားသူ- “မှန်ပါတယ်။ ကျုပ်ရဲ့ဖိတ်ကြားချက်ကို ခင်ဗျားလက်မခံမချင်းပေါ့…”
အဖြူရောင်ဝတ်ဆင်ထားသူက စကားဆက်ပြောရန်ကြိုးစားလိုက်စဉ်မှာပင် ဖူဟောင်ရွှယ်သည် တစ်ဘက်သို့လှည့်ပြီး လျှောက်ထွက်သွားနေပြီဖြစ်၏။
သူ၏ဘယ်ဘက်ခြေထောက်က ရှေ့သို့တစ်လှမ်းလှမ်းပြီး ညာဘက်ခြေထောက်က တရွတ်တိုက်ဆွဲပါသွားခဲ့၏။ သူ၏ညာဘက်ခြေထောက်သည် တည့်မတ်စွာရှိနေပြီး မလှုပ်ရှားနိုင်ဟု ထင်ရ၏။
အဖြူရောင်ဝတ်ဆင်ထားသူ၏ မျက်နှာထက်တွင် အရောင်အမျိုးမျိုး ပြောင်းလဲနေပြီး သူ၏ခန္ဓာကိုယ်သည်လည်း တောင့်တင်းလာခဲ့တော့သည်။ သို့သော် ညဉ့်အမှောင်ထုထဲသို့ ဖူဟောင်ရွှယ်၏ပုံရိပ် နစ်ဝင်ပျောက်ဆုံးသွားခဲ့သော်လည်း သူကတော့ရပ်နေဆဲ… တစ်စက်ကလေးမှတောင် မလှုပ်ရှားခဲ့ပါ။
သဲလေပွေတစ်ခုတိုက်ခတ်လာ၏။ သို့သော် သူမျက်တောင်ပင်မခတ်ခဲ့ချေ။
မီးအိမ်ကိုင်ဆောင်ထားသူတစ်ယောက်က မအောင့်အီးနိုင်တော့ဘဲ မေးမြန်းလိုက်၏။ “ကျနော်တို့တွေ သူ့ကို ဒီအတိုင်းပဲလွှတ်ပေးလိုက်တော့မှာလား။”
အဖြူရောင်ဝတ်ဆင်ထားသူသည် ပါးစပ်ကိုစေ့နေအောင်ပိတ်ထားပြီး မည်သည့်စကားမျှ ပြန်မပြောခဲ့ချေ။ သူ၏နှုတ်ခမ်းထောင့်စွန်းမှ သွေးစို့ထွက်လာရ၏။ သို့သော် မျက်စိတစ်မှိတ်အတွင်းမှာပင် တိုက်ခတ်လာသောလေက ထိုသွေးစက်လေးကို သယ်ယူသွားခဲ့၏။
ဖူဟောင်ရွှယ် လုံးဝလှည့်မကြည့်ခဲ့ပါ။
သူလမ်းစလျှောက်ပြီဆိုသည်နှင့် ဘယ်တော့မှ နောက်ပြန်လှည့်ကြည့်ခြင်းမရှိ။
+++++
လေက ပြင်းထန်စွာတိုက်ခတ်လာ၏။ မည်းမှောင်နေသော လမ်းကြားလေးထဲရှိ ဝါးခြံစည်းရိုးများသည် လေအတိုက်တွင် လွင့်ပါတော့မည်ကဲ့သို့ ယိမ်းယိုင်နေကြ၏။ သူသည် နောက်ဆုံးခြံစည်းရိုးသို့လျှောက်သွားပြီး တံခါးပေါက်အနီးတွင် မတ်တတ်ရပ်နေ၏။
အတွင်းဘက်မှ မည်သည့်အသံမျှ မထွက်ပေါ်လာပါ။ ကြည့်ရသည်မှာ အပြင်ဘက်ထက်ပင်ပို၍ မှောင်မည်းနေသေး၏။
ဖူဟောင်ရွှယ်သည် အထဲသို့ဝင်သွားသော်လည်း ဘာသံမှမထွက်ပေါ်လာခဲ့ချေ။ ပြီးနောက် သူ့နောက်ဘက်တွင်ရှိနေသော တံခါးကိုခန္ဓာကိုယ်လှည့်ပြီး ပိတ်လိုက်၏။
သူသည် အမှောင်ထုထဲတွင် ကျင့်သားရနေပြီဖြစ်၏။
အမှောင်ထုထဲမှ လက်တစ်ဘက်ထွက်ပေါ်လာပြီး သူ့လက်ကိုဆွဲကိုင်ထားလိုက်၏။ ထိုလက်ကလေးသည် နွေးထွေးသော၊ နူးညံ့သိမ်မွေ့သော လက်ကလေးတစ်ဘက်ဖြစ်၏။
ဖူဟောင်ရွှယ်သည် ထိုနေရာ၌ပင် ရပ်တန့်နေ၏။ သူ့လက်များကိုဆုပ်ကိုင်လာသော ထိုလက်ကလေး၏ ငြင်သာမှုများကို ငြိမ်ခံနေ၏။ ထိုအကိုင်ခံနေရသောလက်သည် သူ၏ဓား မကိုင်ဆောင်ထားသော လက်တစ်ဘက်ဖြစ်၏။
ပြီးနောက် ချက်ချင်းလိုလို အမှောင်ထုထဲမှ အသံတစ်သံထွက်ပေါ်လာ၏။ “ကျမစောင့်နေခဲ့တာ သိပ်ကိုကြာရှည်လွန်းပါပြီ။”
ထိုအသံသည် ချိုသာသော၊ နူးညံ့သော ငယ်ရွယ်နုပျိုသောအသံလေးဖြစ်၏။
မိန်းကလေးတစ်ယောက်၏အသံဖြစ်၏။
ဖူဟောင်ရွှယ်က ခေါင်းကိုဖြည်းလေးစွာ ညိတ်ပြလိုက်ပြီး- “မင်းစောင့်နေခဲ့တာ တော်တော်လေးကြာပြီ။”
မိန်းကလေး- “ရှင် ဘယ်တုန်းကရောက်လာခဲ့တာလဲ။”
ဖူဟောင်ရွှယ်- “ဒီနေ့ညနေစောင်းမှ...”
မိန်းကလေး- “ရှင် ဒီနေရာကို တန်းမလာခဲ့ပါဘူး။”
ဖူဟောင်ရွှယ်- “ကျုပ်မလာခဲ့ဘူး။”
မိန်းကလေး- “ဒီနေရာကို ရှင်ဘာဖြစ်လို့ တန်းတန်းမတ်မတ် မလာခဲ့တာလဲ။”
ဖူဟောင်ရွှယ်- “အခု ကျုပ်ရောက်လာပြီမဟုတ်လား။”
မိန်းကလေးက နူးညံ့စွာပြောဆိုလိုက်၏။ “ရှင်ပြောတာမှန်တယ်။ ရှင် ဒီနေရာကို ရောက်လာခဲ့ပြီ။ ရှင်ရောက်လာခဲ့တယ်ဆိုတာနဲ့ စောင့်နေရတာတွေအားလုံး ထိုက်တန်ပါတယ်။”
သူမ ဘယ်လောက်ကြာကြာ စောင့်နေခဲ့ပါသနည်း။…
သူမ ဘယ်သူနည်း။ ဘာဖြစ်လို့ စောင့်နေရပါသနည်း။
ဘယ်သူမှမသိပါ။ သူတို့နှစ်ယောက်မှလွဲ၍ ဤကမ္ဘာပေါ်တွင် သိနိုင်သူနောက်တစ်ယောက်မရှိနိုင်တော့ပါ။
ဖူဟောင်ရွှယ်- “အားလုံး ပြင်ဆင်ထားပြီးပြီလား။”
မိန်းကလေး- “အားလုံးပြင်ဆင်ထားပြီးပါပြီ။ ရှင် နောက်ထပ်လိုအပ်တာရှိရင် ကျမကိုပြောပါ။”
ဖူဟောင်ရွှယ် မည်သည့်စကားမျှ မပြောဆိုတော့ပါ။
မိန်းကလေးက ပို ၍ပင် ရင်းနှီးကျွမ်းဝင်နေသေး၏။ “ရှင် ဘာလိုအပ်နေသလဲဆိုတာ ကျမသိပါတယ်။ ကျမ သိနေပါတယ်…”
သူမ၏လက်များက အမှောင်ထုထဲတွင် လိုက်ရှာနေပြီး သူ၏အင်္ကျီကျယ်သီးများကို ဖြုတ်ပေးနေ၏။
သူမ၏ ပျော့ပြောင်းနူးညံ့ပြီး ကျွမ်းကျင်မှုရှိသောလက်များဖြင့်…
ချက်ချင်းဆိုသလိုပင် ဖူဟောင်ရွှယ်သည် ကိုယ်လုံးတီးဖြစ်သွားရတော့၏။
ဤအခန်းထဲတွင် လေမတိုက်နေပါ။ သို့သော် သူ၏အရေပြားများက ကြက်သီးမွှေးညင်းများ ထောင်ထနေပြီး တဆတ်ဆတ် တုန်ခါနေ၏။
မိန်းကလေး၏အသံလေးသည် အိပ်မက်မက်နေသလိုမျိုး နူးညံ့စွာ ထွက်ပေါ်လာ၏။ “ရှင်ဟာ ကလေးတစ်ယောက်ပဲ ဖြစ်နေခဲ့တယ်။ အခုတော့ ရှင့်ကို လူကြီးတစ်ယောက်ဖြစ်အောင် ပြောင်းပေးရတော့မယ်။ ဘာကြောင့်လဲဆိုတော့ တချို့အရာတွေက အရွယ်ရောက်ပြီး ယောက်ျားသားတစ်ယောက်သာ ပြုလုပ်နိုင်တဲ့အရာတွေ ဖြစ်နေလို့ပါ။”
သူမ၏နှုတ်ခမ်းများက သူ့ရင်ဘတ်ကို ထိတွေ့လာသောအချိန်တွင် နူးညံ့စိုစွတ်နေကြောင်း ခံစားမိလိုက်၏။
သူမ၏လက်များက လိုက်လံရှာဖွေနေလေသည်………
ဖူဟောင်ရွှယ် ခုတင်ပေါ်သို့လဲကျသွားတော့၏။ သို့သော် သူကိုင်ဆောင်ထားသော ဓားမော့မှာမူ သူ့ဘယ်ဘက်လက်ထဲတွင် ဆုပ်ကိုင်ထားဆဲပင်…
ထိုဓားမော့သည် သူ၏ဘဝတစ်စိတ်တစ်ပိုင်းဖြစ်၏။ သူ၏ခန္ဓာကိုယ်အစိတ်အပိုင်းဖြစ်၏။
လူနှင့်ဓားကို ဘယ်တော့မှ ခွဲထားနိုင်မည်မဟုတ်ပါ။
+++++
မနက်ခင်း၏နေရောင်ခြည်များသည် ပြတင်းပေါက်မှ ဖြာဝင်လာ၏။ သူသည် အိပ်ချင်မူးတူးရှိနေဆဲဖြစ်သော်လည်း သူ၏ဓားမော့မှာမူ လက်ထဲတွင် ဆုပ်ကိုင်ထားဆဲ…
အခန်းနှစ်ခန်းသာရှိ၏။ အနောက်ဘက်တွင် ရှိနေသာအခန်းသည် မီးဖိုချောင်ဖြစ်၏။
မွှေးပျံ့သင်းကြိုင်သော ရနံ့များ ထိုအခန်းတွင်းမှ ထွက်ပေါ်လာ၏။
မျက်နှာဖြူဖတ်ဖြူရော်နှင့် ဆံပင်များဖြူဖွေးနေသော အဘွားအိုတစ်ယောက်သည် ကြော်ပြီးသားကြက်ဥကြော်များကို သေသေချာချာဂရုစိုက်လှန်ပြီး ပန်းကန်ပြားထဲသို့ ထည့်လိုက်၏။
သူမ၏ဟန်အမူအရာမှာ တုန်ချည့်နေပြီး အရေပြားများသည်လည်း ရွတ်တွနေကြ၏။
သူမ၏လက်များက အိုမင်းလွန်းနေပြီး ကြမ်းတမ်းလွန်းနေသည်မှာ အလုပ်ကြမ်းများကို တစ်သက်လုံး လုပ်ကိုင်ဆောင်ရွက်ခဲ့ရသောကြောင့်ပင်လား...
အပြင်ဘက်အခန်းသည် တောက်ပြောင်စွာရှင်းလင်းထားပြီး နေသာထိုင်သာရှိလှ၏။ အရာအားလုံးပင် သူ့နေရာနှင့်သူ ရှိနေကြ၏။ အိပ်ယာပေါ်တွင်ရှိနေသော အိပ်ယာခင်းဖုံက မာကျောပြီး တောင့်တင်းလှသည်။
ဖူဟောင်ရွှယ်ကိုကြည့်ရသည်မှာ အိပ်မောကျနေပုံရသည်။
သို့သော် အဘွားအို မီးဖိုချောင်မှ ခြေတစ်လှမ်းထွက်လာလာခြင်းပင် သူ၏မျက်လုံးများ ရုတ်တရက် ပွင့်လာခဲ့ကြ၏။
သူတို့နှစ်ယောက်သည် ဤအိမ်လေးတွင်ရှိသော နှစ်ယောက်တည်းသော လူသားများဖြစ်ကြ၏။
ကြင်နာနူးညံ့သော မိန်းကလေး ဘယ်ရောက်သွားပါသနည်း။
အမှောင်ထုထဲသို့ သူမ ပျောက်ဆုံးပျောက်ကွယ်သွားခြင်းဖြစ်ပါသလား…
သို့တည်းမဟုတ် သူမသည် ညမှောင်မှောင်များတွင် ပြုစားတတ်သော စုန်းကဝေမလေးများ ဖြစ်နေပါ၏လော…
အဘွားအိုကိုတွေ့လိုက်သည်နှင့် ဖူဟောင်ရွှယ်၏မျက်နှာပေါ်တွင် မည်သည့်အမူအရာများမှ မထွက်ပေါ်လာခဲ့ပါ။ ဘာစကားမှ မပြောခဲ့သလို မည်သည့်မေးခွန်းမှလည်း မမေးမြန်းခဲ့ချေ။
သူအဘယ်ကြောင့် မေးခွန်းများ မမေးခဲ့ရသနည်း။
မနေ့ညတုန်းက အဖြစ်အပျက်များသည် အိပ်မက်တစ်ခုလို သူမှတ်ယူထားခဲ့ခြင်းကြောင့်လော…
ဒယ်အိုးပြားဖြင့်ကြော်ထားသော ကြက်ဥကြော်များဖြစ်၏။ လတ်ဆတ်သော ပဲတောင့်စိမ်း၊ မျှစ်စို့များနှင့် ဆားဖြူးထားသော မြေပဲဆံများလည်း ပန်းကန်ပြားအတွင်းတွင် ရှိနေကြ၏။
အဘွားအိုသည် အစားအစာပန်းကန်များကို စားပွဲပေါ်တင်ထားလိုက်ပြီး ပြုံး၍ပြောဆိုလိုက်၏။ “မနက်စာက ၅ ပြားကျပါတယ်။ တည်းခိုခကတော့ ၂ မူးနဲ့ ၇ ပြားကျပါတယ်။ တစ်လအတွက်ဆိုရင် အားလုံး ငွေသား ၁၀ တုံးကျပါတယ်။ ဒီလိုနေရာမျိုးအတွက် တော်တော်လေးပေါပါတယ်။”
ဖူဟောင်ရွှယ်က အိတ်ကလေးတစ်လုံးကို ထုတ်ယူပြီး စားပွဲပေါ်တင်ထားပေးလိုက်၏။ “ကျနော် ဒီမှာ ၃ လလောက်နေမှာပါ။ ဒါအားလုံး ငွေတုံး ၅၀ ရှိပါတယ်။”
အဘွားအို- “ငွေတုံး ၂၀ တောင်ပိုနေသေး…”
ဖူဟောင်ရွှယ်- “ကျနော်သေဆုံးသွားခဲ့ရင် ခေါင်းတလားတစ်လုံးလိုအပ်ကောင်းလိုအပ်ပါလိမ့်မယ်။”
အဘွားအိုက ရယ်မောလိုက်ပြီး- “မင်းမသေခဲ့ဘူးဆိုရင်ကော…”
ဖူဟောင်ရွှယ်- “အဲဒါဆိုရင်တော့ အဘွားသေတဲ့အခါမှာသုံးမယ့် အခေါင်းအတွက်ပဲ သိမ်းထားလိုက်ပါတော့။”
+++++
လမ်းကျဉ်းလေး၏အပြင်ဘက်တွင် ရှည်လျားသော လမ်းမကြီးတစ်ခုရှိနေ၏။
တိုက်ခတ်နေသောလေကြမ်းများက ငြိမ်သက်သွားခဲ့ချေပြီ။
လမ်းမပေါ်သို့ နေရောင်ခြည်များ ပက်ဖြန်းထားပြီး သဲဝါမြေများက အရောင်တောက်နေကြ၏။
လမ်းမပေါ်တွင် လူများဥဒဟို လှုပ်ရှားသွားလာနေကြ၏။ သူ့မြင်ကွင်းတွင်း ပထမဆုံးဝင်ရောက်လာသူမှာ အဖြူရောင်ဝတ်ဆင်ထားသူဖြစ်သည်။
မနေ့ညတုန်းက ရပ်နေခဲ့သောနေရာ၌ပင် ရပ်တန့်နေဆဲဖြစ်သည်။ သူ၏ကိုယ်နေဟန်ထားက လုံးဝမပြောင်းလဲခဲ့ပါ။
သူ၏ နှင်းများလိုဖြူဖွေးနေသော ဝတ်ရုံရှည်မှာ သဲများဖုံးအုပ်ထားသောကြောင့် ဝါထိန်နေပြီး ဆံပင်များသည်လည်း ဝါထိန်နေ၏။ သို့သော် သူ၏မျက်နှာကတော့ ဖြူဖတ်ဖြူရော်ဖြစ်နေရလေသည်။
သူ သည်းခံနေခြင်းဖြစ်၏။
သူ့ကို စူးစမ်းကြည့်ရှုနေသော မျက်လုံးပေါင်းများစွာရှိနေကြ၏။ သူတို့၏ငေးကြည့်မှုများက ကျဲကျဲတောက်ပူနေသော နေထက်ပင် ပိုပြီးခံစားရခက်ခဲနေရ၏။
သည်းခံခြင်းဆိုသည်မှာ နာကျင်မှုတစ်မျိုးပင်ဖြစ်သော်လည်း တစ်ခါတစ်ရံတွင် ကျွမ်းကျင်မှုတစ်မျိုးလည်း ဖြစ်နေတတ်ပြန်သည်။
ထိုကျွမ်းကျင်မှုကို လေ့ကျင့်ပေါက်မြောက်နိုင်ကြသူများသည် မိမိလိုချင်ရာကို ရအောင်ယူနိုင်သူများဖြစ်လာကြ၏။
ထိုသူ့ထံသို့ ဖူဟောင်ရွှယ်လျှောက်လာသော်လည်း သူ၏အကြည့်များက အဝေးတစ်နေရာသို့သာ ငေးမောကြည့်ရှုနေ၏။
လေထုထဲတွင် ဖုန်မှုန့်များ တထောင်းထောင်းထသွားခဲ့၏။
မြင်းခွာသံများ တဖြောင်းဖြောင်းမြည်ဟီးထွက်လာ၏။ လမ်းတစ်လျှောက်တွင် မြင်း ၇ ကောင် စီတန်းပြီးလာနေကြသည်။
မြင်းစီးသူများသည် လွန်စွာမှကျွမ်းကျင်သူများလည်းဖြစ်ကြ၏။ အဖြူရောင်ဝတ်ဆင်ထားသူရှေ့ရောက်သည်နှင့် သူတို့၏ နောက်ကျောတွင် လွယ်သိုင်းထားသော ဓားများကိုလက်များဖြင့် ဆုပ်ကိုင်ထားလိုက်ကြပြီး မြင်းပေါ်တွင် တည့်မတ်စွာထိုင်နေကြပြီး တညီတညာတည်း အလေးပြုလိုက်ကြ၏။
ဤအလေ့အထသည် သူတို့အတွက် လွန်စွာမှပင် အရေးကြီးသောအလေ့အထဖြစ်၏။
သူတို့၏နှုတ်ဆက်မှုများကြောင့် ထိုအဖြူရောင်ဝတ်ဆင်ထားသူသည် ရာထူးကြီးထဲမှ တစ်ယောက်ဖြစ်နိုင်မှန်း ချက်ချင်းပင် သိရှိနိုင်ကြလေသည်။
ဤသို့သော ဒုက္ခခံစားနေရမှုများကို သူခံစားရန်မလိုအပ်ပါချေ။ သို့သော် သူသည်တည်ငြိမ်စွာ မတ်တတ်ရပ်နေပြီး ကြိတ်မှိတ်ခံစားနေ၏။
မည်သူမဆို စိတ်မချမ်းမသာစွာ မိမိကိုယ်ကို ညှင်းပန်းနှိပ်စက်နေပါက အကြောင်းတစ်ခုတော့ ရှိရမည်မဟုတ်ပါလား။
မြင်းစီးလာကြသူများ၏ ဓားရောင်များ လင်းလက်သွားခဲ့ပြီး မျက်စိတစ်မှိတ်အတွင်း၌ပင် ထိုသူများ သူ့မြင်ကွင်းမှ ပျောက်ကွယ်သွားတော့သည်။
ရုတ်တရက် နောက်ဆုံး၌ရှိနေသော မြင်းစီးသူသည် သူ၏မြင်းကိုပဒတ်ထောင်အောင် ဆွဲယူထားပြီး ခွာသံပြင်းပြင်းဖြင့် ပြန်လှည့်လာ၏။
မြင်းစီးသူသည် မြင်းကုန်းနှီးပေါ်တွင် ရှိနေပြီး သူ၏လက်တစ်ဘက်က အဖြူရောင်ရစ်ပတ်ထားသော အမည်းရောင်သံတုတ်တစ်ချောင်းကို မ’ယူလိုက်၏။
မြင်းသည် လျင်မြန်စွာပြေးလွှားလာနေစဉ်မှာပင် သူ၏လက်ထဲမှ တုတ်တံကို အဖြူရောင်ဝတ်ဆင်ထားသူထံသို့ ပစ်လွှတ်လိုက်ရာ အဖြူရောင်ဝတ်ဆင်ထားသူ၏ဘေးတည့်တည့် မြေကြီးပေါ်စိုက်ဝင်သွားခဲ့၏။
တုတ်တံကို ရစ်ပတ်ထားသည့် အဖြူရောင်အရာသည် လေထဲတွင် ပြန့်ကားလာပြီး တြိဂံအလံတစ်ခုအဖြစ်သို့ ရုတ်ချည်းပြောင်းလဲသွားခဲ့လေ၏။
အလံပေါ်တွင် အနီရောင်ရင့်ရင့်ဖြင့် ရေးထားသော စာတမ်းကိုတွေ့နိုင်၏။
“ကွမ်တောင်းမြင်းတစ်သောင်းဌာန”
ခန့်ငြားလှသောအလံကြီးက ပြန့်ကားသွားပြီး အဖြူရောင်ဝတ်ဆင်ထားသူကို အရိပ်မိုးပေးနေ၏။
သို့သော် မြင်းစီးလာသူမှာ သူ၏အဖော် ၆ ယောက်ရှိရာသို့ မြင်းကိုးဒုန်းစိုင်း စီးသွားခဲ့ရာ မြင်ကွင်းမှ ချက်ချင်းပျောက်ကွယ်သွားတော့သည်။
လူနှင့်မြင်းသည် အလောတကြီးရောက်လာခဲ့သလို အလောတကြီး ပျောက်ကွယ်သွားခဲ့၏။
တောက်ပသောနေခြည်က တလူလူလွင့်နေသောအလံပေါ်တွင် လင်းလက်စွာထိုးကျနေ၏။
လမ်းမပေါ်မှ မျက်လုံးဒါဇင်ပေါင်းများစွာတို့သည် အေးခဲတောင့်တင်းသွားခဲ့ကြပြီး ပါးစပ်အဟောင်းသားနှင့် ချီးမွမ်းဩဘာပေးကြဖို့ပင် မေ့လျော့နေကြ၏။
လူတစ်ယောက်က ရုတ်တရက် ကျယ်လောင်စွာရယ်မောလိုက်ပြီး ချီးမွမ်းပြောဆိုလိုက်၏။
“ကွမ်တောင်းမြင်းတစ်သောင်းဌာန… ကြီးကျယ်ခမ်းနားလိုက်တဲ့ ကွမ်တောင်းမြင်းတစ်သောင်းဌာနပါလား…”
0 comments:
Post a Comment