အခန်းထဲတွင် မည်သည့်အရောင်မျှမခြယ်မှုန်းထားပါ။ မည်းမှောင်နေ၏။
ညနေခင်း၏နေရောင်ခြည်အလင်းတန်းများသည်ပင် အခန်းတွင်း၌ မီးခိုးရောင်သို့ ပြောင်းလဲသွားကြ၏။
ညနေ နေပင်မဝင်သေးပါ… သူမသည် အနက်ရောင်နတ်ကွန်းရှေ့တွင် ဒူးထောက်ထိုင်ချနေပြီးဖြစ်၏။
အနက်ရောင်ခန်းစီးစများလည်း ဆွဲချိတ်ထား၏။ မည်သည့်နတ်ဘုရားကို ပူဇော်ပသနေသည်မှန်း မတွေ့နိုင်သလို သူမ၏မျက်နှာသွင်ပြင်သည်လည်း မည်သို့ရှိမှန်း မည်သူမျှမတွေ့နိုင်ပါ။
သူမ၏မျက်နှာကို ဇာပုဝါအနက်တစ်ထည်ဖြင့် ဖုံးအုပ်ထား၏။ သူမဝတ်ဆင်ထားသော အနက်ရောင်တောက်တောက် ဝတ်ရုံအဆုံးတွင် အနားစများစုတ်ပြတ်သတ်နေပြီး ကြမ်းပြင်ပေါ်ပုံကျနေ၏။ သူမ၏ဝတ်ရုံထဲမှ ထွက်ပေါ်လာနိုင်သည်ဆို၍ လက်သည်းရှည်များရှိနေသော အိုမင်းနေသည့်လက်များသာဖြစ်ကြသည်။
သူမသည် ပူဇော်ပသသော ဂါထာကိုရွတ်ဆိုနေချိန်၌ လက်များကိုပွေ့ပိုက်ထားနေ၏။ သို့သော် သူမသည် ကံကောင်းစေရန်၊ သို့မဟုတ် လာဘ်လာဘတိုးပွားစေရန် ဆုတောင်းနေခြင်းမဟုတ်… ကျိန်ဆဲနေခြင်းသာဖြစ်၏။
နတ်များကိုကျိန်ဆဲနေ၏။ ကမ္ဘာလောကကြီးကို ကျိန်ဆဲနေ၏။ ပြီးနောက် မိုးကောင်းကင်နှင့် မြေပြင်ကြား ရှိရှိသမျှသော အရာတို့ကို ကျိန်ဆဲနေ၏။
သူမ၏နောက်နားတွင် အနက်ရောင်ဝတ်ဆင်ထားသော အသက်ငယ်ရွယ်သည့် ချာတိတ်ကလေးတစ်ယောက် တိတ်ဆိတ်ငြိမ်သက်စွာ ဒူးထောက်နေ၏။ ကြည့်ရသည်မှာ ထိုချာတိတ်လေးသည် သူမနောက်နားတွင် လွန်လေပြီးသောနှစ်ပေါင်းများစွာကပင် ဤအတိုင်းရှိနေခဲ့သည်ဟု ထင်ရနိုင်သည်။ တကယ်တမ်းပြောရလျှင် ချာတိတ်ကလေးသည် သူမ၏နောက်နားတွင် ကမ္ဘာကြီးပျက်သုဉ်းမည့်နေ့ထိ ဒူးထောက်ထိုင်နေဆိုလည်း ထိုင်နေမည့်ပုံရှိသည်။
ညနေစောင်း၏နေရောင်ခြည်များက သူ့မျက်နှာပေါ်ထိုးကျလာခဲ့ကြသည်။ သူ့မျက်နှာလေးက ချောမောလွန်းနေပြီး အပြစ်ကင်းစင်နေလေသည်။ သို့သော် သူ့ကိုကြည့်ရသည်မှာ တောင်ထိပ်ဖျားပေါ်မှ ရေခဲများဖြင့် ထုလုပ်ထားသူတစ်ယောက်လို အေးစက်မာကျောနေ၏။
ညနေစောင်းနေရောင်ခြည်၏ အပူရှိန်လျော့နည်းသွားသလို အလင်းရောင်သည်လည်း မတောက်ပနိုင်တော့ပါ။ လေစိမ်းများ တဝီဝီတိုက်ခတ်လာခဲ့တော့သည်။
ရုတ်တရက် သူမ မတ်တတ်ထရပ်လိုက်ပြီး နတ်ကွန်းရှေ့တွင်ကာထားသော ခန်းစီးစများကို ဆွဲဖြဲလိုက်တော့၏။ သူမ၏လက်တွင်းသို့ မည်းနက်တောက်ပြောင်နေသော သံဗူးရှည်တစ်ခု ရောက်ရှိလာခဲ့၏။
ထိုအရာကို သူမ ပူဇော်ပသနေခြင်းများလား…
သူမ အသက်ရှူသွင်းလိုက်ပြီး ရှိသမျှအားကုန်ဖြင့် ထိုသံဗူးရှည်ကို ဆုပ်ကိုင်ထားရာ သူမ၏လက်များမှ သွေးကြောများ၊ ကြွက်သားများ ထောင်ထထွက်လာနေတော့သည်။ သူမ၏လက်များက မထိန်းနိုင်မသိမ်းနိုင် တုန်ခါနေကြ၏။
နတ်ကွန်းစင်ပေါ်တွင် ဓားမော့တစ်လက်ရှိနေ၏။ ဓားအိမ်က မည်းနက်တောင်ပြောင်နေသလို ဓားလက်ကိုင်ရိုးသည်လည်း မည်းနက်တောင်ပြောင်နေ၏။
ရုတ်တရက်…
သူမသည် ဓားမော့ကိုဆွဲထုတ်လိုက်ပြီး သံဗူးရှည်လေးကို ထက်ပိုင်းခုတ်ဖြတ်လိုက်၏။
ထိုသံဗူးရှည်ထဲတွင် အနီရောင်ဖုန်မှုန့်ပုံများမှလွဲ၍ မည်သည့်အရာမျှမရှိနေပါ။
သူမသည် ထိုအမှုန်များကို လက်တစ်ဆုပ်စာ ကော်ယူပြီး မေးမြန်းလိုက်၏။ “ဒီဟာ ဘာလဲသိလား။”
မည်သူမှမသိနိုင်ပါ။ သူမကိုယ်တိုင်မှလွဲ၍ မည်သူမှမသိနိုင်ပါ။
“ဒီဟာတွေက အနီရောင်နှင်းတွေ… အနီရောင်နှင်းတွေ…”
သူမ၏စကားသံက ပြတ်သားလှသည်။ ဆောင်းညများတွင် ထွက်ပေါ်လာတတ်သော ငိုကြွေးသံလိုမျိုးလည်း ခါးသီးလှ၏။
“မင်းကိုမွေးတဲ့အချိန်တုန်းက ကျလာတဲ့နှင်းထုကြီးဟာ နီရဲနေခဲ့တယ်။ သွေးတွေနဲ့ နီရဲနေခဲ့ရတယ်…”
အနက်ရောင်ဝတ်ဆင်ထားသူ ချာတိတ်သည် ခေါင်းငုံ့ထားလိုက်တော့၏။
သူမသည် ချာတိတ်ကလေးထံသို့ လျှောက်လှမ်းလာပြီး ထိုအနီရောင်အမှုန့်များကို ဦးခေါင်းပေါ်သို့ ဖြူးချပေးနေလိုက်၏။ “မင်းသိထားရမှာက… ဒီနေ့ကစပြီး မင်းဟာနတ်ဘုရားတစ်ပါးဆိုတာပဲ။ ကလဲ့စားချေတဲ့ နတ်ဘုရားတစ်ပါး… မင်းဘာပဲလုပ်ဖို့ ဆုံးဖြတ်ခဲ့ဆုံးဖြတ်ခဲ့ ဘယ်တော့မှ နောင်တမရပါစေနဲ့။ မင်းသူတို့ကို ဘယ်လိုနည်းနဲ့ပဲ အပြစ်ဒဏ်ခတ်ခဲ့သည်ဖြစ်စေ သူတို့ခံထိုက်တယ်။”
သူမ၏အသံထဲ၌ လျှို့ဝှက်လွန်းသော ယုံကြည်မှုများပါဝင်လာခဲ့ပြီး ကောင်းကင်နှင့် မြေပြင်ပေါ်ရှိ ဝိညာဉ်တိုင်းနှင့် နတ်ဆိုးများအားလုံးကို အမိန့်ပေးခေါ်ယူနေသလိုရှိနေပြီး ချာတိတ်လေး၏ ဦးခေါင်းပေါ်သို့ သူမဖြူးချနေသော အနီရောင်အမှုန်များထဲသို့ ဝင်ခိုင်းပြီး သိဒ္ဓိတင်နေသလိုမျိုးပင်။
ပြီးနောက် သူမ၏လက်ဝါးနှစ်စုံကို လေထဲသို့မြှောက်ထားပြီး ကျယ်လောင်စွာ ဟစ်အော်လိုက်တော့၏။
“ဒီအချိန်လေးထိ ကျုပ်စောင့်နေခဲ့တာ ၁၈နှစ်ပြည့်သွားခဲ့ပြီ… ၁၈နှစ်တင်းတင်းပြည့်သွားခဲ့ပြီ။ အားလုံးကို အကောင်းဆုံးပြင်ဆင်ထားခဲ့ပြီးပြီ… မင်းဘာဖြစ်လို့ ထွက်မသွားသေးတာလဲ…”
ချာတိတ်လေးက ခေါင်းငုံ့ပြီး စကားပြန်ပြောရန်ကြိုးစားလိုက်၏။ “ကျနော်…”
သူမသည် ဓားမော့ကိုယူလာပြီး ချာတိတ်လေး၏ရှေ့သို့ ပစ်စိုက်ချလိုက်၏။ “မြန်မြန်ထွက်သွားလိုက်စမ်း… ဒီဓားမော့နဲ့ သူတို့အားလုံးရဲ့ခေါင်းတွေကို သွားဖြတ်ခုတ်လာခဲ့ချည်… တစ်ယောက်မှ မကျန်စေနဲ့။ မင်း မအောင်မမြင်ချင်းလည်း မပြန်လာနဲ့။ မဟုတ်ရင် မင်းကိုနတ်ဘုရားတွေက ကျိန်စာတိုက်လိမ့်မယ်။ ငါကိုယ်တိုင်လည်း ကျိန်ဆဲမိလိမ့်မယ်။”
လေတဝီးဝီးတိုက်နေ၏။
ချာတိတ်ကလေး အမှောင်ထုထဲသို့ တရွေ့ရွေ့ဝင်ရောက်ပျောက်ကွယ်သွားသည်ကို သူမ ငေးကြည့်နေ၏။
ချာတိတ်၏လက်ထဲတွင် ကိုင်ဆောင်ထားသော ဓားမော့သည်လည်း ညဉ့်အမှောင်ထုထဲတွင် တဖြည်းဖြည်း ငုတ်လျှိုးပျောက်ကွယ်သွားခဲ့သည်။
ဩကာသလောကကြီးတစ်ခုလုံး အမှောင်ထုကြီးက ဖုံးလွှမ်းလာလေတော့သည်။
0 comments:
Post a Comment