စွန်းရှောင်းဟုန်-“ဘာဖြစ်လို့လဲ။”
လီဆွန်းဟွာ-“ဘာဖြစ်လို့လဲဆိုတော့ သူအောင်နိုင်ခဲ့တယ်လေ။ သူလိုချင်တဲ့ရည်မှန်းချက်ကို အပြည့်အဝရရှိနိုင်ခဲ့တယ်။ သူ့အတွက် နောက်ထပ်ကြိုးစားရယူစရာဆိုလို့ ဘာမှမကျန်ရှိတော့ဘူး။ ဒါပေမဲ့ ရှုံးနိမ့်သွားရသူအတွက်တော့ အရင်ကထက်တောင်မှ ပိုပြီးကြိုးစားလာဦးမယ်။”
စွန်းရှောင်းဟုန်က နှုတ်ခမ်းများဖိကိုက်ထားပြီး မေးမြန်းလိုက်၏။ “အောင်နိုင်မှုဆိုတဲ့ အရသာက သိပ်ပြီးတော့မချိုဘူးပေါ့လေ... ဟုတ်လား။”
လီဆွန်းဟွာ အတန်ကြာမျှ တိတ်ဆိတ်သွားခဲ့ရပြန်သည်။ ထို့နောက် ပြုံးရယ်ပြီး သူပြောဆိုလိုက်၏။ “အောင်နိုင်မှုဆိုတာဟာ ကြာရှည်ထိန်းသိမ်းထားနိုင်ဖို့ အင်မတန်မှ ခက်ခဲနေပေမယ့်လည်း အနည်းဆုံးတော့ ကျရှုံးသွားတာထက် ပိုကောင်းနေပါသေးတယ်။”
အောင်မြင်မှုနှင့် အောင်နိုင်မှုတို့သည် အမှန်တကယ်ကျေနပ်နိုင်မှုနှင့် ပျော်ရွှင်မှုတို့ကို မဆောင်ကြဉ်းပေးလာနိုင်ကြပါ။
အမှန်တကယ်ပျော်ရွှင်ရမှုဆိုသည့် ခံစားချက်ကို ဒုက္ခကျရောက်ခံစားနေရချိန်တွင်သာ ခံစားသိရှိနိုင်လေသည်။
သင့်ဘဝတွင် ထိုသို့သောပျော်ရွှင်ရသည့် ခံစားချက်မျိုးကို ခံစားမိခဲ့သည်ဆိုပါက သင်ရှင်သန်နေထိုင်နေရသည်မှာ အလဟသတ်မဖြစ်ခဲ့ဟု ခံယူနိုင်၏။
မဏ္ဍပ်များသည် လူတို့ခွဲခွာကြသောအခါ နှုတ်ဆက်ကြသောနေရာများ ဖြစ်ကြ၏။ ခွဲခွာရခြင်းဆိုသည်မှာ ခံစားရခက်သော ခံစားမှုလည်းဖြစ်ပြန်သည်။
ထို့ကြောင့် မဏ္ဍပ်ဆိုသောအသံကိုကြားလိုက်တိုင်း မပျော်ရွှင်နိုင်သော ခံစားမှုများကို ဆောင်ကြဉ်းသယ်ဆောင်လာကြောင်း သိရှိခံစားနိုင်မည်ဖြစ်သည်။
မိုးတိတ်သွားပြီးခဲ့သလို မြက်ပင်များသည်လည်း စိုစိုစွတ်စွတ် ထိုးထိုးထောင်ထောင် ပြန်ဖြစ်လာကြ၏။
လမ်း၏တစ်ဘက်တွင်ရှိနေသော မဏ္ဍပ်အပြင်ဘက်တွင် ငယ်ရွယ်နုပျိုသော မောင်နှံနှစ်ဖော်တို့ ခွဲခွာရန်နှုတ်ဆက်နေကြ၏။
သူရဲကောင်းဆန်သူလူငယ်လေးနှင့် သံယောဇဉ်ကြီးမားသူ မိန်းမငယ်လေးတစ်ယောက်... သူတို့သည် ချစ်သူများလည်းဖြစ်ကြ၏။ သူသည် ချစ်ခြင်းမေတ္တာ၏ အေးမြသောအရိပ်အောက်တွင် ဝမ်းသာကြည်နူးစွာ ပျော်ရွှင်နေရမည်ဖြစ်သည်။ အဘယ်ကြောင့် ခွဲခွာရန်ဆုံးဖြတ်ချက်ချထားပါသနည်း။
သူ၏ဘေးနားတွင် ဓားတစ်ချောင်းလည်းရှိနေ၏။ မည်မျှပင်ထက်မြည့်သော ဓားတစ်လက်ဖြစ်နေပါစေ... ငယ်ရွယ်နုပျိုသူများ၏ ချစ်ခြင်းနှင့် သံယောဇဉ်ကိုတော့ ခုတ်ဖြတ်နိုင်မည်မဟုတ်ပါ။ သူ၏မျက်လုံးများသည် မျက်ရည်များကျဆင်းလာမှုကြောင့် နီရဲနေရ၏။
“မင်း ကျုပ်နောက်ကိုလိုက်လာခဲ့တာ ဒီနေရာထိရောက်လာခဲ့ပြီးပြီ။ ပြန်သွားပါတော့ကွယ်။”
မိန်းကလေးက ခေါင်းလေးငုံ့ပြီး ပြောဆိုလိုက်သည်။ “ရှင်ဘယ်တော့မှ ပြန်လာမှာလဲဟင်...”
ယောက်ျားလေး-“ကျုပ်လည်းမသိဘူး။ တစ်နှစ်၊ နှစ်နှစ်လောက်နေရင် ပြန်လာချင်လည်းပြန်လာမှာပေါ့။”
မိန်းကလေး၏ပါးပြင်ပေါ်သို့ မျက်ရည်များစီးကျလာခဲ့ပြီး ပြောဆိုလိုက်၏။ “ရှင်ကျမကို ဘာဖြစ်လို့ ဒီလောက်အကြာကြီးခွဲထားခဲ့မှာလဲ။ ရှင်ဘာဖြစ်လို့ ထွက်သွားရတာလဲ။”
ယောက်ျားလေးသည် ခန္ဓာကိုယ်ကို တည့်မတ်စွာထားပြီး ပြောဆိုလိုက်၏။ “ကျုပ်မင်းကိုပြောခဲ့ပြီးပါပြီကောလား... သူတို့အားလုံးကို ကျုပ်တိုက်ခိုက်အနိုင်ယူပြီးမှ ပြန်လာပါ့မယ်လို့...”
သူ၏မျက်လုံးများက အဝေးတစ်နေရာသို့ ငေးကြည့်နေပြီး မျက်လုံးများထဲတွင် တောက်ပမှုများ ပြည့်လျှံနေကာ ဆက်ပြောလိုက်ပြန်သည်။ “လက်နက်စာရင်းစာအုပ်ထဲမှာ ရှိနေသူတွေအားလုံး... စန့်ကွမ်းကျင်းဟုန်၊ လီဆွန်းဟွာ၊ ကော့စွန်းယန်၊ လုဖုန်းရှန်း... သူတို့အားလုံးကို သိစေချင်တာက ကျုပ်ဟာသူတို့အားလုံးထက် ပိုတော်တယ်... ပိုပြီးသန်စွမ်းတယ်ဆိုတာပဲ... ပြီးမှသာ...”
မိန်းကလေး-“ပြီးတော့ကော ဘာဖြစ်လဲ။ ကျမတို့အခုပျော်ရွှင်နေကြတာပဲမဟုတ်လား။ သူတို့အားလုံးကို ရှင်တိုက်ခိုက်အနိုင်ယူပြီးတဲ့နောက်ကော ရှင်ကိုယ်တိုင်ပျော်ရွှင်နေရမယ်လို့ အာမခံနိုင်လို့လား။”
ယောက်ျားလေး-“ကျုပ်ပျော်ချင်မှ ပျော်ရွှင်နိုင်လိမ့်မယ်။ ဒါပေမဲ့ ဒီကိစ္စဟာ ကျုပ်လုပ်ကိုလုပ်မှဖြစ်မယ့်ကိစ္စမို့ပါ။”
မိန်းကလေး-“ဘာဖြစ်လို့လဲ..”
ယောက်ျားလေး-“ဘာဖြစ်လို့လဲဆိုတော့ ကျုပ်ဘဝကြီးရဲ့တစ်ဝက်လောက်ကို ဘာအဓိပ္ပါယ်မှမရှိဘဲ မကုန်ဆုံးသွားချင်ဘူး။ ကျုပ်ရဲ့နာမည်ကျော်ကြားလာအောင် လုပ်ချင်နေသေးတယ်။ စန့်ကွမ်းကျင်းဟုန်နဲ့လီဆွန်းဟွာတို့လို အောင်မြင်ကျော်ကြားချင်တယ်။ ကျုပ်လုပ်ရင်တကယ်ဖြစ်နိုင်တယ်ဆိုတာလည်း ကျုပ်ကိုယ်တိုင်သိနေပါတယ်။”
သူ၏လက်သီးများကို ကျစ်ကျစ်ပါအောင်ဆုပ်ထားလိုက်၏။ သူသည် ဤမျှပင်ခိုင်မာစွာဆုံးဖြတ်ထားခဲ့လေသည်။
မိန်းကလေးသည် သူ့ကိုချစ်ခင်လေးစားစွာ ကြည့်နေ၏။ သူမ၏မျက်ဝန်းများတွင် မဖော်ပြနိုင်သော ကြင်နာမှုများနှင့် နွေးထွေးမှုများပြည့်လျှံနေလေသည်။ “ရှင်အောင်မြင်လာနိုင်မယ်ဆိုတာ ကျမယုံကြည်ပါတယ်။ ရှင်ဘယ်လောက်ပဲကြာပါစေ... ကျမရှင့်ကို ဒီနေရာကနေပဲ စောင့်နေပါ့မယ်နော်။”
သူတို့၏နှလုံးသားများက ခွဲခွာခြင်းကြောင့် ကြေကွဲနေကြရ၏။ ထိုမျှမကသေးပါ... အောင်မြင်မှုကြောင့် ရရှိလာနိုင်သော ပျော်ရွှင်မှုများကြောင့်လည်း ကြိုပြီးဝမ်းသာနေကြရ၏။
မှန်ပါသည်... သူတို့နှစ်ယောက်စလုံး မည်သူ့ကိုမျှ သတိမထားမိခဲ့ကြပါ။
သစ်တော၏အရိပ်အာဝါသအောက်တွင် လူသားနှစ်ဦးက သူတို့ကို အာရုံစူးစိုက်စွာဖြင့် ငေးကြည့်နေလေသည်။
ယောက်ျားလေးလုပ်သူသည် သူ၏ပထမဆုံးခြေလှမ်းကျဲကြီးကို စတင်လှမ်းလိုက်သောအချိန်၌ စွန်းရှောင်းဟုန်က သက်ပြင်းချပြီး ပြောဆိုလိုက်၏။ “စန့်ကွမ်းကျင်းဟုန်ရဲ့ အဖြစ်ဆိုးကို ဒီကောင်လေးသာသိခဲ့မယ်ဆိုရင် သူ့ချစ်သူကိုပစ်ပြီးထွက်ခွာသွားဖို့ ဒီလောက်အလျင်လိုမှာမဟုတ်ဘူး။”
လူတစ်ယောက်သည် နာမည်ကျော်ကြားလာသည်ဆိုပါက သူဘာဆက်လုပ်မည်နည်း။
စွန်းရှောင်းဟုန်သည် လီဆွန်းဟွာကို လှည့်ကြည့်နေပြီး မျက်ရည်စက်လက်ဖြင့် ပြောဆိုလိုက်ပြန်သည်။ “သူဟာ ရှင့်လိုပဲ အောင်မြင်ကျော်ကြားချင်နေတယ်။ ဒါပေမဲ့... ရှင်... ရှင်ကောသူ့ထက်တောင်မှ ပိုပြီးပျော်ရွှင်နေရလို့လား။ ကျမ... ကျမထင်ထားတာကတော့... ရှင်သာသူ့နေရာမှာဆိုရင် အခုသူလုပ်သလိုမျိုး လုပ်မှာမဟုတ်ဘူးထင်တယ်။”
လီဆွန်းဟွာ၏အကြည့်များက တရွေ့ရွေ့ထွက်ခွာသွားနေသော ယောက်ျားလေးကို ငေးကြည့်နေပြီး ပြန်ဖြေဆိုလိုက်၏။ “ကျုပ်သာ သူ့နေရာမှာဆိုရင်လည်း သူလုပ်သလိုလုပ်ခဲ့မိမှာပဲ။”
စွန်းရှောင်းဟုန်-“ရှင်...”
လီဆွန်းဟွာ-“လူသားတွေမှာ ရည်ရွယ်ချက်တွေ ရည်မှန်းချက်တွေဆိုတာ ရှိနေရမယ်။ တစ်ခါတစ်ခါကျရင် ကျုပ်တို့တွေဟာ အရာအားလုံးကို လက်လွတ်ဆုံးရှုံးခံပြီး တစ်စုံတစ်ရာကိုရယူလိုမှုနဲ့ တကောက်ကောက်လိုက်နေကြပြန်တယ်။ ရလာဒ်ကဘာပဲဖြစ်ဖြစ်... အောင်မြင်ခြင်းပဲဖြစ်စေ... ကျရှုံးမှုပဲဖြစ်စေ... ဘာမှအရေးမကြီးတော့ပါဘူး။”
သူ၏နှုတ်ခမ်းထောင့်စွန်းမှ ဂုဏ်ယူဝံ့ကြွားသော အပြုံးလေးတစ်ခု တစ်စွန်းတစ်စထွက်ပေါ်လာပြီး တောက်ပစွာပြောဆိုလိုက်၏။ “တချို့လူတွေကတော့ ဒီအချက်ကိုရူးသွပ်မှုလို့ သတ်မှတ်ပေမယ့် ဒီလိုမျိုးခိုင်ခိုင်မာမာဆုံးဖြတ်ထားတဲ့ ဆုံးဖြတ်ချက်တွေသာမရှိခဲ့ဘူးဆိုရင် ကျုပ်တို့ရဲ့ကမ္ဘာကြီးဟာ ဘယ်လိုမျိုးဖြစ်သွားနိုင်လဲ... စဉ်းစားကြည့်စမ်း...”
စွန်းရှောင်းဟုန်၏အမူအရာများသည်လည်း ခုနတုန်းကမိန်းကလေး၏ ကြင်နာနားလည်မှုနှင့် လေးစားယုံကြည်မှုတို့လို ဖြစ်လာခဲ့ကြတော့သည်။ သူမသည် မဏ္ဍပ်ဘေးတွင်ရှိနေခဲ့သော မိန်းကလေးလိုပင် သူမ၏ချစ်သူအပေါ်တွင် လွန်စွာမှပင် ဂုဏ်ယူမိလေသည်။
အဝေးတစ်နေရာတွင်ရပ်တန့်နေသော အားဖေသည် သူတို့ထံသို့လျှောက်လှမ်းလာ၏။
သို့သော် စွန်းရှောင်းဟုန်သည် လီဆွန်းဟွာ၏လက်ကို တင်းကြပ်စွာဆုပ်ကိုင်ထားဆဲရှိနေသည်။ သူမ လက်မလွှတ်နိုင်ပါ။ သူမ မရှက်နိုင်တော့ပါ။ သူမ၏ချစ်ခင်မြတ်နိုးမှုသည် ဖုံးကွယ်ထားရမည့်အရာတစ်ခုမဟုတ်ဟု ခံယူထား၏။
သူမ၏ချစ်သူအပေါ် ချစ်ခင်မြတ်နိုးမှုများကို တစ်လောကလုံးကြားအောင် အော်ပြောလိုက်ပါဆိုလျှင်လည်း အော်ပြောလိုက်ရန် ဝန်မလေးပါ။
အားဖေ-“သူလာမယ်လို့ ကျနော်တော့မထင်ဘူး။”
သူတို့အားလုံးသည် လင်ရှီးယင်အလာကို စောင့်ဆိုင်းနေကြခြင်းဖြစ်၏။
လင်ရှီးယင်နှင့် လောင်ရှောင်း၄ယွန်တို့ဘာဖြစ်ခဲ့ကြသည်ဆိုသည်ကို သူတို့လုံးဝမသိရှိခဲ့ကြပါ။ စန့်ကွမ်းကျင်းဟုန်၏ အဖြစ်ဆိုးကို မသိနိုင်ခဲ့သော လူငယ်ယောက်ျားလေးကဲ့သို့ပင်။
တချို့အရာများသည် မသိလေပိုကောင်းလေဖြစ်၏။
လင်ရှီးယင်၏အကြောင်းကို စဉ်းစားမိလိုက်သည်နှင့် လီဆွန်းဟွာ၏လက်ကိုဆုပ်ကိုင်ထားသော စွန်းရှောင်းဟုန်၏ လက်များ ပြေလျော့လာခဲ့ကြ၏။
သို့သော် သူမသည်ထိုလက်များကို တင်းကြပ်စွာပြန်လည်ဆုပ်ကိုင်ထားလိုက်ပြန်၏။ နဂိုတုန်းကထက်ပင် ပို၍တင်းကြပ်စွာဆုပ်ကိုင်ထားလိုက်၏။ “သူကျမကို ဒီနေရာမှာပဲချိန်းခဲ့တာပဲ။ သူလာမှာပါ။”
အားဖေ-“သူမလာတော့ပါဘူး။”
စွန်းရှောင်းဟုန်-“ဘာဖြစ်လို့လဲ။”
အားဖေ-“သူဒီနေရာကို လာစရာမလိုတော့ဘူးလို့ သူ့ကိုယ်သူသိထားခဲ့လို့ပေါ့။”
စွန်းရှောင်းဟုန်သည် ထိုမေးခွန်းကို မေးမြန်းခဲ့သူဖြစ်၏။ သို့သော် အားဖေ၏အဖြေစကားကို ကြားလိုက်ရပြီးနောက် လီဆွန်းဟွာကိုသာ ကြည့်နေမိလေသည်။
လီဆွန်းဟွာသည်လည်း စွန်းရှောင်းဟုန်၏လက်ကို မလွှတ်တမ်းဆုပ်ကိုင်ထားနေ၏။
အတိတ်ကာလတုန်းကဆိုလျှင် လင်ရှီးယင်၏နာမည်ခေါ်သံကြားလိုက်တိုင်း ဖိအားပြင်းထန်သော ကြေကွဲမှုများ ခံစားခဲ့ရပြီး သူ၏ခန္ဓာကိုယ်တစ်ခုလုံးကို မမြင်ရသော နှောင်ကြိုးများဖြင့်တုပ်နှောင်ထားသလိုလည်း ခံစားခဲ့ရ၏။
သူ့ဘဝတစ်လျှောက်လုံး ဤဝမ်းနည်းကြေကွဲမှုများကို ထမ်းရွက်ထားခဲ့လေသည်။
သို့သော် ယခုအချိန်တွင် သူ၏ဝမ်းနည်းကြေကွဲမှုများက အရင်တုန်းကလောက် မပြင်းထန်တော့ပါ။ မည်သည့်အရာကများ သူ၏အနှောင်အဖွဲ့များမှ ရုန်းထွက်စေခဲ့ပါသနည်း။
လင်ရှီးယင်ကြောင့် ခံစားခဲ့ရသည့် သူ့ခံစားချက်များက နက်ရှိုင်းလွန်းပါသည်။
စွန်းရှောင်းဟုန်နှင့် တွေ့ဆုံခဲ့သည်မှာ တိုတောင်းသောအချိန်ကာလလေးသာ ရှိနေခဲ့သေးသော်လည်း သူတို့နှစ်ယောက်စလုံးသည် အခက်ခဲဆုံးဟုဆိုနိုင်သော ဘဝ၏ကြမ်းတမ်းခက်ထန်မှုများကို အထီးကျန်စွာ ဖြတ်သန်းခဲ့ကြ၏။ သေရေးရှင်ရေးအတွက်ပင် လက်တွဲပြီးရဲရင့်စွာကျော်လွှားနိုင်ခဲ့ကြ၏။
ဤအနှောင်အဖွဲ့က ပို၍များခိုင်မာခဲ့စေသည်လား...
+++++
သို့သော် လင်ရှီးယင်သည် ထွက်ခွာပျောက်ဆုံးသွားခဲ့ပြီးဖြစ်၏။
အားဖေပြောခဲ့သည်မှာ မှန်ပါသည်။ သူမ မလာခဲ့ပါ။ သူမအတွက်လာတွေ့စရာ ဘာအကြောင်းမှမရှိ၍ဖြစ်၏။
လောင်ရှောင်း၃ယွန်က မေးမြန်းခဲ့လေသည်။ “မေမေသွားမတွေ့ရင်နေပါ။ သူတို့ကို သွားတွေ့ဖို့ သားကိုတစ်ခါလောက်တော့ ခွင့်ပေးပါလား။”
လင်ရှီးယင်က သူမ၏သားကို မေးခွန်းပြန်ထုတ်လိုက်၏။ “သားက ဘာဖြစ်လို့သူတို့ကို တွေ့ချင်နေရတာလဲ။”
လောင်ရှောင်း၃ယွန်က အံကြိတ်ပြီးပြန်ဖြေလိုက်သည်။ “အနည်းဆုံးတော့ ကျနော့်ဖေဖေ ဘာအတွက်ကြောင့် သေသွားခဲ့ရတယ်ဆိုတာ သူတို့ကိုရှင်းရှင်းလင်းလင်း သိစေချင်တယ်။”
လောင်ရှောင်း၄ယွန်သည် အတိတ်ကဘာပဲလုပ်ခဲ့လုပ်ခဲ့... သူ့ခန္ဓာကိုယ်ထဲမှသွေးများဖြင့် ဆေးကြောသန့်စင်ခဲ့ပြီးဖြစ်၏။
သားတစ်ယောက်ဖြစ်သူအတွက် ဤအရာကို သိစေချင်မည်မှာ မထူးဆန်းပေ။
သို့သော် လင်ရှီးယင်သည် ထိုကဲ့သို့မခံစားမိပါ။ “သူလုပ်ကိုင်ဆောင်ရွက်ခဲ့တာတွေအားလုံးဟာ လုပ်ကိုင်ဆောင်ရွက်ခဲ့သင့်တယ်ထင်လို့ လုပ်ခဲ့တာတွေချည်းပဲ။ သူ့ကို လူတွေကခွင့်လွှတ်ကြပါစေဆိုပြီး လုပ်ပေးခဲ့တာမဟုတ်ဘူး။ ကျန်တဲ့လူတွေအားလုံးကိုလည်း သိစေချင်ခဲ့တာမဟုတ်ဘူး။”
သူမသည်ခဏမျှ ရပ်တန့်လိုက်ပြီး ဆက်ပြောနေလိုက်၏။ “သူ့ရဲ့အကြွေးတွေကို အပြည့်အဝပေးဆပ်သွားခဲ့ရုံမကသေးဘူး... မေမေတို့မိသားစု တင်ရှိနေတဲ့အကြွေးတွေကိုပါ ပေးဆပ်သွားခဲ့တာပါ။ မေမေတို့နှစ်ယောက် ပျော်ပျော်ရွှင်ရွှင် နေထိုင်သွားကြတဲ့ကာလတစ်လျှောက်လုံး သူအသေဖြောင့်ပါပြီကွယ်။”
လီဆွန်းဟွာကို သူမသွားမတွေ့ချင်သည်မှာ သွားတွေ့လိုက်သည်နှင့် နှစ်ဦးနှစ်ဘက် ဝမ်းနည်းပူဆွေးမှုများသာ ရရှိကြမည်ကို သိနေသောကြောင့်ဖြစ်၏။
လောင်ရှောင်း၄ယွန်၏ ရုပ်အလောင်းကိုလည်း သူတို့ရှာဖွေသယ်ယူလာရန်မကြိုးစားတော့ပါ။ အဘယ်ကြောင့်ဆိုသော် ရွှေဒင်္ဂါးဂိုဏ်းသည် ရုပ်အလောင်းများဖျောက်ဖျက်ရာတွင် လျင်မြန်လွန်းလှပြီး ပျောက်ပျက်သွားအောင် ဖျောက်နိုင်ကြသည်ကို သိရှိထားသောကြောင့်ဖြစ်၏။
သူတို့သာ သွားရှာခဲ့မည်ဆိုလျှင်လည်း ဝမ်းနည်းပူဆွေးမှုများသာ ရရှိခဲ့ကြပေမည်။ ဤသည်မှာ စွန်းရှောင်းဟုန်အနေနှင့် ပထမဆုံးနားလည်ခဲ့သော အချက်ဖြစ်၏။ သူမအဘိုးဖြစ်သူ၏ရုပ်အလောင်းကို ဘယ်တော့မှ ရှာဖွေရန်မကြိုးစားတော့ပါ။
လူ့ဘဝကြီးတွင် တချို့အရာများသည် ကျွန်ုပ်တို့၏ထိန်းချုပ်မှုအောက်တွင်မရှိနေပါ။ မည်သူမှလည်း မထိန်းချုပ်ထားနိုင်ခဲ့ပါ။
ထိုအရာများသည် ခံစားရခက်သောအရာများ ဖြစ်နေသော်လည်း ဆက်လက်ရှင်သန်ရပ်တည်နေနိုင်ရန်သာ ကြိုးစားသွားတော့ရုံရှိသည်။ အတိတ်ကိုအတိတ်မှာပင် ထားခဲ့ကြရပေမည်။
သူတို့ ဆက်လက်ရှင်သန်နေထိုင်နိုင်ရန် ဆုံးဖြတ်ခဲ့ကြလေသည်။ သေခြင်းတရားဆိုသည်မှာ အဖြေမဟုတ်... သေခြင်းတရားသည် အရာအားလုံး၏အဖြေမဟုတ်ပါ။
+++++
မဏ္ဍပ်ထဲတွင် နောက်ထပ်လူတစ်စု နှုတ်ဆက်ခွဲခွာနေကြပြန်၏။
ဤတစ်ကြိမ်တွင်တော့ နှုတ်ဆက်နေသူမှာ အားဖေဖြစ်နေသည်။ သူသည် ပင်လယ်ရပ်ခြားဒေသများသို့ သွားရောက်လိုပြီး မသေဆေးရှာဖွေလိုသည်ဟုလည်း ပြောဆိုနေပြန်သည်။
သူအမှန်အတိုင်း ပြောနေခဲ့ခြင်းမဟုတ်ပါ။ သို့သော် လီဆွန်းဟွာက သူ့ကိုဘာမှမမေးမြန်းခဲ့။
အဘယ်ကြောင့်ဆိုသော် အားဖေ၏ဇစ်မြစ်သည် နဂိုကတည်းက လျှို့ဝှက်လွန်းလှသည်။ လီဆွန်းဟွာ၏ရှေ့မှောက်တွင်တောင်မှ ဤအကြောင်းအရာများကို သူမပြောဆိုခဲ့။ သို့သော် လီဆွန်းဟွာက လွန်လေပြီးသော သူရဲကောင်းများဖြစ်ကြသည့် ရှန်လန်း၊ ရှောင်းမို့အာ၊ ဝမ်လင်ဟွာ၊ ကျုချီချီ စသူတို့နှင့် လွန်လေပြီးသော သူရဲကောင်းများအကြောင်းကို ပြောဆိုခဲ့သည့်အကြိမ်တိုင်း အားဖေ၏မျက်နှာပြင်ထက်တွင် အလွန်ထူးခြားသော အမူအရာများ ထွက်ပေါ်လာစမြဲ။
အားဖေနှင့် ရှေ့တစ်ခေတ်က သူရဲကောင်းများတွင် ဆက်စပ်မှုများရှိနေခဲ့၍လော...
ထိုအချက်များကြောင့်ပင် ပင်လယ်ရပ်ခြားဒေသများသို့ သူရွက်လွှင့်သွားချင်နေပါသလော...
လီဆွန်းဟွာလုံးဝ မမေးမြန်းခဲ့ပါ။
အဘယ်ကြောင့်ဆိုသော် လူတစ်ယောက်၏အတိတ်ဆိုသည်မှာ ဘာမှအရေးမကြီးဟု သူခံယူထားသောကြောင့်ဖြစ်၏။ လူသားများသည် ခွေးများမဟုတ်ကြသလို မြင်းများလည်းမဟုတ်ကြပါ။ သူတို့၏မျိုးရိုးဗီဇများက ဘာမှအရေးမကြီးချေ။
မည်သူဖြစ်ချင်ပါသနည်းဆိုသည်မှ ကျွန်ုပ်တို့၏အဆုံးအဖြတ်သာဖြစ်၏။
ထိုအရာသည်သာ အရေးအကြီးဆုံးဖြစ်၏။
မိတ်ဆွေများ ခွဲခွာကြပြီဆိုလျှင် နှုတ်ဆက်နေကြသည်မှာ မပြီးနိုင်တော့ချေ။ ဆုမွန်ကောင်းများ တောင်းလိုက်ကြသည်မှာလည်း ပေါက်ပေါက်ဖောက်နေသလိုမျိုးဖြစ်၏။ ဝမ်းနည်းမှုနှင့် စိတ်လှုပ်ရှားမှုများသည်လည်း အလျှံပယ်ပင်ဖြစ်သည်။ သို့သော် အားဖေနှင့် လီဆွန်းဟွာတို့နှစ်ယောက်ကြားတွင်မူ ကောင်းမွန်သောခွဲခွာမှုသာရှိ၏။ ဝမ်းနည်းမှုများ လုံးဝမပါရှိကြချေ။
အဘယ်ကြောင့်ဆိုသော် ကျန်တစ်ယောက်သည် ပျော်ရွှင်စွာဖြင့် သူ့ဘဝကြီးကိုသူဖြတ်သန်းသွားမည်ဆိုသည်ကို နှစ်ယောက်စလုံး သိရှိနေကြ၍ဖြစ်၏။ နောင်အနာဂါတ်ကာလတွင်လည်း သူတို့နှစ်ယောက်ပြန်ဆုံကြရန် များစွာသော အခွင့်အရေးများ ရှိနေပါသေးသည်။
အထူးသဖြင့် လီဆွန်းဟွာ၏လက်ကို အားဖေတွေ့လိုက်ပြီးသည့်နောက်ဖြစ်သည်။ ထိုလက်ကိုတွေ့လိုက်ပြီးသည့်နောက် အားဖေတစ်ယောက် စိတ်ချလက်ချခံစားသွားရတော့သည်။
လီဆွန်းဟွာ၏လက်သည် စွန်းရှောင်းဟုန်၏လက်ကလေးကို တင်းကြပ်စွာဆုပ်ကိုင်ထားဆဲပင်။
ထိုလက်တစ်ဘက်သည် ဓားပျံကိုကိုင်ဆောင်ခဲ့သည်မှာ အလွန်ကြာငြောင်းလှပြီဖြစ်သလို အရက်ခွက်ကို ကိုင်ဆောင်ခဲ့သည်မှာလည်း အလွန်ကြာငြောင်းလှပြီဖြစ်၏။ ဓားပျံသည် အေးစက်လွန်းလှသလို အရက်ခွက်သည်လည်း အေးစက်လွန်းလှပါသည်။ ထိုလက်တစ်ဘက်သည် နွေးထွေးမှုရှိသောအရာကို ကိုင်ဆောင်ရန်အချိန်တန်ပြီဖြစ်၏။
မိမိချစ်သူ၏လက်များထက် မည်သည့်အရာကများ ပိုပြီးနွေးထွေးစေနိုင်ပါသနည်း။
စွန်းရှောင်းဟုန်သည် အခြားသူများထက် ထိုလက်များကို ပို၍တန်ဖိုးထားမည်ဆိုသည်ကို အားဖေသိရှိနေပါသည်။ ထိုလက်များတွင် တိုက်ပွဲများမှရရှိလာခဲ့သော ဒဏ်ရာဒဏ်ချက်များ များပြားလွန်းလှသော်လည်း အချိန်တန်လျှင်တော့ သူ့ဟာသူ ပြန်လည်ကုသပျောက်ကင်းသွားမည်ဖြစ်၏။
အားဖေအတွက်ကော...
သူ့ထံတွင်လည်း ဒဏ်ရာအမာရွတ်များ ရှိနေပါသည်။
သို့သော် ထိုအကြောင်းကို သူဘယ်တော့မှ ပြန်မပြောချင်တော့ပါ။
“အတိတ်ကိုအတိတ်မှာပဲထားခဲ့...”
ထိုစကားသည် ကြားလိုက်ရခြင်းတွင် အလွန်ရိုးရှင်းလှသော်လည်း ထိုစကားအတိုင်း ပြုမူဆောင်ရွက်နိုင်ကြသူများမှာ လက်ချိုးရေတွက်၍ရအောင်ပင် နည်းပါးကြ၏။
သို့သော် အားဖေနှင့် လီဆွန်းဟွာတို့သည် အတိတ်ကိုချန်ထားခဲ့နိုင်သူများဖြစ်ကြလေသည်။
အားဖေက ရုတ်တရက်ပြောဆိုလိုက်၏။ “၃ နှစ်ကြာတဲ့အခါ ကျနော်တကယ်ပြန်လာပါ့မယ်။”
သူသည် သူတို့နှစ်ယောက်၏လက်များကို ကြည့်နေပြီး ဆက်ပြောနေလိုက်ပြန်၏။ “ကျနော်ပြန်လာတဲ့အချိန်ကျရင် ခင်ဗျားတို့နှစ်ယောက် ကျနော့်ကို အရက်ကောင်းတိုက်ပြီး ပြုစုကြရလိမ့်မယ်။”
လီဆွန်းဟွာ-“ဒီအတွက်တော့ ဘာမှမပူနဲ့။ ဒါပေမဲ့ ၃ နှစ်ဆိုတဲ့အချိန်ဟာ သိပ်ကိုကြာလွန်းပါတယ်ကွာ။”
အားဖေ-“ဒါပေမဲ့ ကျနော်သောက်ချင်တဲ့အရက်က သိပ်ပြီးသီးသန့်ဆန်လွန်းတယ်နော်။ ခင်ဗျားတို့နှစ်ယောက် ဒီအရက် ကျနော့်ကို တိုက်နိုင်ပါ့မလားလို့တောင် သံသယဝင်နေမိတယ်။”
စွန်းရှောင်းဟုန်-“ရှင်ကဘာအရက်ကို သောက်ချင်နေလို့လဲ။”
အားဖေ-“ခင်ဗျားတို့နှစ်ယောက်ရဲ့ မင်္ဂလာအရက်ပေါ့ဗျာ။”
မင်္ဂလာအရက်... ဟုတ်ပါသည်... မင်္ဂလာအရက်ပင်ဖြစ်သင့်သည်မဟုတ်ပါလား။...
မင်္ဂလာအရက်ဆိုသည်မှာ မင်္ဂလာဆောင်မှသာလျှင် ဂုဏ်ပြုသောက်သုံးကြသည်မဟုတ်ပါလား။ ထိုမင်္ဂလာပွဲသည်လည်း နောက် ၃ နှစ်လောက်တော့ အချိန်ပေးရပေမည်။ ၃ နှစ်ဆိုသောအချိန်သည် သူမ၏အဘိုးဖြစ်သူအတွက် ခံစားကြကွဲနေရမှုများကို ဖြေဖျောက်ပေးနိုင်သောအချိန်ထက်ပင် ပိုနေပါသေးသည်။
စွန်းရှောင်းဟုန် ရှက်သွေးဖြာသွားလေတော့သည်။
အားဖေ-“ကျနော် အရက်မျိုးစုံသောက်ခဲ့ဖူးပါတယ်။ ခင်ဗျားတို့နှစ်ယောက် ကျနော့်ကိုစိတ်ပျက်အောင် မလုပ်ကြဘူးလို့ဘဲ ယူဆထားလိုက်တော့မယ်။”
စွန်းရှောင်းဟုန်၏မျက်နှာလေးက ပို၍ပင်နီတွတ်လာခဲ့ရ၏။ သူမသည် ခေါင်းကိုငုံ့ထားလိုက်တော့သည်။ သို့သော် လီဆွန်းဟွာကိုတော့ မျက်ထောင့်လေးကပ်ပြီး ခိုးကြည့်နေပါသေးသည်။
လီဆွန်းဟွာ၏အမူအရာများက ပို၍ပင်ထူးခြားနေသေးတော့၏။ ‘မင်္ဂလာအရက်’ ဆိုသောစကားလုံးက သူမကာကွယ်နိုင်လောက်အောင်ပင် ထိုးနှက်ခဲ့လေသည်။ အတန်ကြာမျှ တိတ်ဆိတ်နေခဲ့ပြီး ပြောဆိုလိုက်၏။ “ကျုပ် လူတွေကိုအရက်သောက်ဖို့ ဖိတ်ခေါ်ခဲ့ဖူးပါတယ်။ အရက်မျိုးစုံနဲ့လည်း ဧည့်ခံခဲ့ဖူးပါတယ်။ ဒါပေမဲ့ ဘယ်သူ့ကိုမှ မင်္ဂလာအရက်သောက်ဖို့ မဖိတ်ခေါ်ခဲ့ဖူးဘူး။ ဘာကြောင့်လဲသိလား။”
အားဖေသိနေပါသည်။ သို့သော် လီဆွန်းဟွာသည် သူ့ကိုစကားပြောခွင့်မပေးတော့ဘဲ ဆက်ပြောနေလိုက်ပြန်၏။ “မင်္ဂလာအရက်ဆိုတာ သိပ်ပြီးတန်ဖိုးကြီးလွန်းလို့ပါ။”
အားဖေ-“သိပ်ပြီးတန်ဖိုးကြီးတယ်... ဟုတ်လား။”
လီဆွန်းဟွာက ပြုံးပြီးပြောဆိုနေ၏။ “ဘာကြောင့်လဲဆိုတော့ ယောက်ျားတစ်ယောက်ဟာ သူ့မိတ်ဆွေတွေကို မင်္ဂလာအရက်သောက်ဖို့ ဖိတ်ခေါ်ခဲ့ပြီဆိုမှတော့ သူ့ဘဝတစ်လျှောက်လုံး အဲဒီအရက်အတွက် ဖြည်းဖြည်းလေးပြန်လည်ပေးဆပ်မယ်လို့ ကတိခံထားရလို့ပေါ့ကွာ။ ခက်တာက ကျုပ်ဆိုတဲ့လူမျိုးဟာ မိတ်ဆွေတွေကို ဘယ်တော့မှ စိတ်မချမ်းမသာမဖြစ်စေချင်ဘူး။”
စွန်းရှောင်းဟုန်သည် ရှက်ရယ်လေးရယ်နေလိုက်ပြီး လီဆွန်းဟွာ၏ရင်ခွင်ထဲသို့ မျက်နှာအပ်ထားလိုက်တော့၏။
အားဖေ သဘောကျစွာရယ်မောနေလေသည်။
ဤသို့ရယ်မောလိုက်ခြင်းကြောင့် သူ့ကိုယ်သူပြန်လည်နုပျိုသွားသလိုလည်း ခံစားလိုက်ရ၏။ သူ၏ခန္ဓာကိုယ်ထဲတွင် ရဲရင့်မှုများနှင့် မိမိကိုယ်ကို ယုံကြည်မှုများ ရုတ်ချည်းတိုးပွားလာသလိုလည်း ခံစားမိလိုက်၏။ လူ့ဘဝကြီးတစ်ခုလုံးကို မေတ္တာတရားဖြင့် ရှုမြင်တတ်လာသူတစ်ယောက်လိုလည်း ခံစားမိနေပြန်သည်။
သစ်ဆွေးတုံးတစ်တုံးသည်ပင် သူ့အမြင်တွင် သက်ရှိထင်ရှားရှိလာခဲ့၏။ အဘယ်ကြောင့်ဆိုသော် ထိုသစ်ဆွေးတုံးကြီး ပြန်ရှင်သန်လာခဲ့ချိန်တွင် သစ်ပင်ငယ်လေးများ ရှင်သန်ကြီးထွားလာကြမည်ကို သိရှိနေခဲ့သောကြောင့်ဖြစ်၏။
ရိုးသားစွာရယ်မောခြင်း၏ အင်အားကြီးမားမှုကို သူဘယ်တုန်းကမှမဆန်းစစ်ခဲ့ဖူးချေ။
လီဆွန်းဟွာကို သူအားကျနေရုံမကသေး... သူကိုယ်တိုင်လည်း ကံအကောင်းဆုံးလူတစ်ယောက်အဖြစ် ခံစားနေရလေသည်။ အဘယ်ကြောင့်ဆိုသော် လူတစ်ယောက်အတွက် နှစ်ပေါင်းများစွာ ချုပ်တီးထားခဲ့ရသော ရယ်မောပျော်ရွှင်မှုများ ထွက်ပေါ်လာရန်ဆိုသည်မှာ မလွယ်ကူပါ။ ပြီးနောက် တခြားသူများအတွက် ရယ်မောနိုင်စေရန် ဖန်တီးပေးနိုင်ဖို့ဆိုသည်မှာ ပို၍ပင်မလွယ်ကူပါ။
‘မြွေတစ်ကောင်၏ခြေထောက်များကိုပုံဆွဲခြင်း’ ဆိုသည်မှာ မဖြစ်နိုင်သည့်အရာကို ရည်ညွှန်းပြောဆိုခြင်းဖြစ်ပြီး အလွန်ရူးပေါနေခြင်း၏ သင်္ကေတလည်းဖြစ်၏။
သို့သော် ဤလူ့ဘဝကြီးသည် လွန်စွာမှပင် စိတ်ညစ်ညူးဖွယ်ရာများနှင့် ပြည့်နှက်နေရသည်မဟုတ်ပါလား။ ဘာကြောင့်မို့ ရယ်မောသံလေးများ ထွက်ပေါ်လာအောင် မစွမ်းဆောင်ကြရပါမည်နည်း။
ရယ်မောခြင်းဆိုသည်မှာ ရေမွှေးကဲ့သို့ဖြစ်၏။ မိမိကိုယ်တိုင်ပျော်ရွှင်ကြည်နူးရသလို အခြားသူများကိုလည်း ပျော်ရွှင်ကြည်နူးစေသည်မဟုတ်ပါလား။
တခြားလူများပျော်ရွှင်လာစေရန် နည်းနည်းလေးရူးပေါပေါဖြစ်သွားတော့ရော ဘာအရေးနည်း။...
“အကြင်နာဓားရှင်၊ ကရုဏာမဲ့ဓား”
ပြီးဆုံးပါပြီ...
စိုင်းနော်
ဇန်နဝါရီ ၁၊ ၂၀၁၁။
နယူးယောက်။
thank you so much my brother.
ReplyDelete