Thursday, March 10, 2011

(၈၈) အနိုင်နှင့်အရှုံး

အားဖေပြန်လဲကျသွားခဲ့ရပြီး သူ၏ခြေထောက်များ ကောက်ကွေးသွားခဲ့ရတော့၏။ ရုတ်တရက်ခံစားမိလိုက်သည်မှာ သူ့အတွက် ဘာမျှော်လင့်ချက်မှ မရှိတော့သလို ဘာမှလည်းမတတ်နိုင်တော့ပါ။ သူ့ကိုရူးသွပ်သွားစေနိုင်လောက်သည့် ခံစားမှုများလည်း ဖြစ်ပါသည်။

ထိုတိုက်ပွဲထဲသို့ သူဝင်ပါနိုင်လာရန်မှာ ဘာမှအသုံးမဝင်တော့ပါ။

လီဆွန်းဟွာသည် ဤတံခါးကြီးနောက်ကွယ်တွင် ရှိနေပြီး ဖြည်းညင်းစွာ နှိပ်စက်ညှင်းပန်းခံနေရမည်ဖြစ်သည်။

သူလုပ်နိုင်သည့်တစ်ခုတည်းသောအလုပ်မှာ တံခါးအပြင်ဘက်တွင် စောင့်ဆိုင်းနေခြင်းသာဖြစ်၏။

သို့သော် သူတို့နှစ်ယောက် ဘာကိုစောင့်နေကြသနည်း။ စန့်ကွမ်းကျင်းဟုန် တံခါးဖွင့်ပြီး ထွက်လာမည့်အချိန်ကို စောင့်နေကြခြင်းလော...

စန့်ကွမ်းကျင်းဟုန် ဤတံခါးကြီးကို တွန်းဖွင့်ထွက်လာချိန်တွင် ဤလောကကြီး၌ လီဆွန်းဟွာတစ်ယောက် မရှိတော့ဘူးဟူသည့် အဓိပ္ပါယ်ပင်ဖြစ်နေသည် မဟုတ်ပါလော...

သူတို့ဘာကို စောင့်ဆိုင်းနေကြသနည်း။ သေခြင်းတရားကို စောင့်ဆိုင်းနေကြခြင်းလော...

သူတို့ကို စန့်ကွမ်းကျင်းဟုန် လုံးဝအလွတ်ပေးမည်မဟုတ်ပါ။ တံခါးဝမှ စန့်ကွမ်းကျင်းဟုန် ထွက်ပေါ်လာသည့်အချိန်သည် သူတို့နှစ်ယောက်၏ သေမိန့်ချခံချိန်ပင်ဖြစ်၏။



စွန်းရှောင်းဟုန်က ရုတ်တရက်ပြေးလာပြီး အားဖေကိုခြေထောက်မှ ဆွဲယူလိုက်သည်။

စွန်းရှောင်းဟုန်-“ရှင်ထွက်ပြေးတော့...”

အားဖေ-“မင်း... မင်းကျုပ်ကို ထွက်ပြေးခိုင်းနေတာလား။”

စွန်းရှောင်းဟုန်-“ရှင်လုပ်နိုင်တာ ဘာတစ်ခုမှမရှိတော့ဘူး။ ကျမ...”

အားဖေ-“မင်းကျတော့ရော...”

စွန်းရှောင်းဟုန် နှုတ်ခမ်းနှစ်လွှာကို တင်းစေ့စွာဖိကိုက်ထားပြီး ခေါင်းငုံ့ပြောဆိုလိုက်၏။ “ဒါပေမဲ့... ကျမက ရှင်နဲ့မတူဘူးလေ။”

အားဖေ-“ဘာမတူတာလဲ။”

စွန်းရှောင်းဟုန်-“ဟိုးအရင်ကတည်းက ကျမဆုံးဖြတ်ထားခဲ့ပါတယ်။ သူသာသေသွားခဲ့မယ်ဆိုရင် ကျမတစ်ယောက်တည်း အသက်ဆက်ပြီးရှင်သန်ကျန်နေမှာမဟုတ်ဘူးလို့...”

အားဖေ-“ကျုပ်မှာ သူနဲ့အတူလိုက်သေဖို့ ရည်ရွယ်ချက်မရှိဘူး။”

စွန်းရှောင်းဟုန်-“ဒါကြောင့် ရှင့်ကိုထွက်သွားခိုင်းနေတာပေါ့။”

အားဖေ-“ကျုပ်ထွက်ပြေးဖို့ ရည်ရွယ်ချက်လည်းမရှိဘူး။”

စွန်းရှောင်းဟုန်-“ဘာဖြစ်လို့လဲ။”

အားဖေ-“ဘာဖြစ်လို့လဲဆိုတာ မင်းသိသင့်ပါတယ်။”

စွန်းရှောင်းဟုန်-“သူ့အတွက် ရှင်လက်စားချေပေးချင်နေတာ ကျမသိပါတယ်။ ဒါပေမဲ့... အခုချက်ချင်းကြီးမဟုတ်လည်း ရပါတယ်။ လက်စားချေတယ်ဆိုတာ စောင့်နေနိုင်ပါသေးတယ်။...”

အားဖေ-“ကျုပ်မှာ စောင့်ဆိုင်းဖို့ရည်ရွယ်ချက်လည်းမရှိဘူး။”

စွန်းရှောင်းဟုန်-“ရှင်မစောင့်နိုင်တော့ဘူးဆိုရင်... ပြီးတော့...”

အားဖေ-“ပြီးတော့ ဘာဖြစ်လဲ...”

စွန်းရှောင်းဟုန်၏ နှုတ်ခမ်းလွှာများတွင် သွေးများစို့ထွက်လာရတော့၏။

ထို့နောက် သူမက ပြတ်သားစွာပြောဆိုလိုက်၏။ “ပြီးတော့... ရှင့်မှာ သေစရာတစ်ခုတည်းပဲ ကျန်ရှိတော့တယ်။”

ဝါးဓားပေါ်တွင် စွန်းထင်နေသော သွေးစများကို အားဖေငေးကြည့်နေ၏။

သွေးစများသည် ခြောက်သွေ့၍ပင်နေပြီ။

စွန်းရှောင်းဟုန်-“ရှင်အရှုံးမပေးဘဲ ထပ်ပြီးကြိုးစားကြည့်ချင်နေတာကို ကျမသိပါတယ်။ ဒါပေမဲ့လည်း ဒီအချိန်မှာ ဘာမှအသုံးမဝင်တော့ပါဘူး။”

အားဖေ-“ဒါဆိုရင် မင်းလည်းဒီမှာ စောင့်နေပြီး သူနဲ့အတူလိုက်သေဖို့ကိစ္စမှာကော ဘာအသုံးဝင်တာများ ရှိနေလို့လဲ။”

စွန်းရှောင်းဟုန်အတွက် ဤမေးခွန်းကို ပြန်ဖြေစရာအဖြေမရှိနေပါ။

အားဖေ-“လောကကြီးမှာ တချို့အရာတွေဟာ လုပ်ရင်ဘာမှမထူးခြားဘူးဆိုတာကို သိနေပေမယ့် ဘာပဲဖြစ်ဖြစ် လုပ်ကြရတာပဲမဟုတ်လား။ ဒါကြောင့် မင်းဒီမှာစောင့်နေတာပေါ့။”

စွန်းရှောင်းဟုန်သည် သက်ပြင်းမောကြီးတစ်ချက်ချပြီး ရေရွတ်လိုက်မိတော့၏။ “ရှင်ဟာသူနဲ့ တဖြည်းဖြည်းတူလာပြီ။”

အားဖေသည်လည်း ငြိမ်သက်နေပြီး ဖြည်းညင်းစွာ ခေါင်းညိတ်ပြလိုက်မိ၏။

သူဝန်ခံပါသည်။ ထိုအချက်ကို သူလုံးဝမငြင်းဆန်နိုင်ပါ။

လီဆွန်းဟွာနှင့် တွေ့ဆုံပတ်သက်ခဲ့သူတိုင်းသည် သူ၏အများအကျိုးကြည့်သော၊ တစ်ကိုယ်ကောင်းမဆန်သော စိတ်ဓာတ် ကူးစက်ခံလာကြရမည်သာဖြစ်သည်။

သူသာလီဆွန်းဟွာကို မတွေ့ခဲ့ပါက လူသားထုကြီးပေါ်တွင် ထားရှိသော အားဖေ၏သဘောထားများ၊ ယုံကြည်မှုများ ဆိတ်သုဉ်းပျောက်ကွယ်ကောင်း ပျောက်ကွယ်ခဲ့မည်ဖြစ်၏။

“ဘယ်သူ့ကိုမှမယုံနဲ့။ ဘယ်သူ့ရဲ့ကရုဏာကိုမှမခံနဲ့။ မဟုတ်ရင် မင်းဘဝကြီးတစ်ခုလုံး ဒုက္ခတွေနဲ့ချည်း ရင်ဆိုင်ကြုံတွေ့သွားရလိမ့်မယ်။”

အားဖေ၏မိခင်သည် သူမ၏ဘဝတစ်လျှောက်လုံး ဝမ်းနည်းကြေကွဲမှုများနှင့် ကံဆိုးမိုးမှောင်ကျမှုများသာ ကြုံတွေ့ခဲ့ရ၏။ မိခင်ဖြစ်သူပြုံးသည်ကို အားဖေတစ်ခါမှ မတွေ့ခဲ့ဖူးပါ။ သူ့အသက်ငယ်ငယ်လေးအရွယ်တွင် သူမသေဆုံးခဲ့၏။ သူမဘဝ၏ မျှော်လင့်ချက်အားလုံး ပျက်ဆီးပျောက်ဆုံးခဲ့ရသောကြောင့်လည်း ဖြစ်နိုင်သည်။

“မေမေမှားသွားခဲ့ပြီ။ သားလေးကြီးပြင်းလာပြီး လူကြီးတစ်ယောက်ဖြစ်လာချိန်ထိ မေမေစောင့်သင့်တယ်။ ဒါပေမဲ့ မေမေဘယ်လိုမှ မစောင့်နိုင်တော့ဘူးကွယ်။ မေမေ... တအားပင်ပန်းနေရပြီ... မေမေ့မှာ သားလေးအတွက် ဘာမှချန်မထားပေးနိုင်ခဲ့တာ စိတ်မကောင်းဘူးကွယ်... ဒါပေမဲ့ ရိုးရိုးရှင်းရှင်းစကားတွေတော့ မေမေချန်ထားခဲ့ချင်ပါတယ်။ မေမေ့ဘဝတစ်သက်လုံး ဒုက္ခမျိုးစုံနဲ့ ကြုံတွေ့လာရပြီးမှ ရရှိလာခဲ့တဲ့ ဒီသင်ခန်းစာလေးတွေကို ဘယ်တော့မှမမေ့ရဘူးနော်... ဘယ်သူ့ကိုမှမယုံနဲ့။...”

မိခင်ဖြစ်သူ၏ စကားများကို အားဖေဘယ်တော့မှမမေ့ပါ။

တောကြီးမျက်မည်းထဲမှ လူ့လောကကို သူပြန်ရောက်လာခဲ့သည်မှာ လူတန်းစေ့နေထိုင်ရှင်သန်နိုင်ရန်အတွက် လုံးဝမဟုတ်။ မိခင်ဖြစ်သူ ခံစားခဲ့ရသော သောကဝေဒနာများနှင့် ဒုက္ခများအတွက် လူတွေကိုပြန်လက်စားချေချင်သောကြောင့် သူရောက်လာခဲ့ခြင်းဖြစ်၏။

သို့သော် လူတောသူတောထဲ ပြန်ဝင်ဝင်လာချင်း သူ့ဘဝတွင် ပထမဦးဆုံး ဆုံတွေ့ခဲ့ရသူမှာ လီဆွန်းဟွာ ဖြစ်နေ၏။

လီဆွန်းဟွာသူ့ကို ပြသသင်ကြားပေးခဲ့သည်မှာ- လူ့ဘဝကြီးတွင် အမြဲတမ်း သောကဝေဒနာများနှင့် ဒုက္ခများ၊ စိတ်မချမ်းသာစရာများဖြင့် ပြည့်နှက်နေသည်မဟုတ်။ သေခြင်းတရားဆိုသည်မှာလည်း အားဖေထင်ထားခဲ့သလို အကျည်းတန်ပြီး မလွန်ဆန်ရဲလောက်အောင် ကြောက်မက်ဖွယ်ကောင်းသောအရာမဟုတ်။ လီဆွန်းဟွာထံမှ သူများစွာ သင်ယူနိုင်ခဲ့၏။

လောကကြီးတွင် သမာဓိရှိသူများ၊ ဂုဏ်သိက္ခာရှိသူများနှင့် သစ္စာတရားရှိနေကြောင်း ဘယ်တုန်းကမှ သူလက်မခံခဲ့ချေ။

သို့သော် သူ့ဘဝကြီးတွင် လီဆွန်းဟွာသည် များစွာစိုးမိုးမှုရှိခဲ့ပြီး သူစံထားရသူတစ်ယောက် ဖြစ်လာခဲ့၏။ သူ့အပေါ် သူ၏မိခင်ထက်ပင်ပို၍ စိုးမိုးနိုင်ခဲ့၏။

အဘယ်ကြောင့်ဆိုသော် လီဆွန်းဟွာ သင်ကြားပြသခဲ့သည်မှာ ‘မေတ္တာတရား’ ဖြစ်၏။ အာဃာတနှင့် မုန်းတီးနာကျည်းမှုများ မဟုတ်ခဲ့ချေ။

လူတစ်ယောက်အတွက် မုန်းတီးနေခြင်းထက် မေတ္တာထားရှိနိုင်ခြင်းက အစဉ်အမြဲပို၍ လွယ်ကူနေမည်ဖြစ်သည်။

သို့သော် ယခုအချိန်တွင် သူ့ထံ၌ရောက်ရှိနေသော အမုန်းမီးလျှံများကို ဘယ်လိုမှမငြိမ်းသတ်နိုင်တော့ပါ။

သူ၏မုန်းတီးမှုများသည် ပေါက်ကွဲထွက်လာရလေတော့သည်။ ထိုပေါက်ကွဲမှုမှ ဖျက်ဆီးချင်စိတ်များ ဝင်လာခဲ့ရ၏။ အခြားသူများကို ဖျက်ဆီးချင်လာမိ၏။ သူ့ကိုယ်သူဖျက်ဆီးချင်လာမိ၏။ အရာအားလုံးကို ဖျက်ဆီးချင်လာမိ၏။

လူ့ဘဝကြီးသည် လုံးဝတရားမျှတမှုမရှိဟု တကယ်ပင်ခံစားနေရ၏။ လီဆွန်းဟွာလို လူသားတစ်ယောက် ဤကဲ့သို့ပင် သေဆုံးသွားရတော့မည်လား။...

စွန်းရှောင်းဟုန်က သက်ပြင်းမောကြီးချပြီး ဝမ်းနည်းကြေကွဲစွာ ပြောဆိုလိုက်သည်။ “ကျမတို့ အပြင်မှာစောင့်နေကြတာ စန့်ကွမ်းကျင်းဟုန်သာ သိသွားခဲ့မယ်ဆိုရင် သူသိပ်ပြီးဝမ်းသာကျေနပ်နေတော့မှာပဲ။”

အားဖေ အံကြိတ်ပြီး အော်ဟစ်လိုက်လေတော့သည်။ “ဒါဆိုရင်လည်း သူ့ကိုပေးပျော်လိုက်ပါ။ သူပျော်ရွှင်နေပါစေ။ ဒီလူ့လောကကြီးမှာ လူကောင်းတွေပဲ ဒုက္ခခံစားနေကြရတယ်မဟုတ်လား။ ပျော်ရွှင်မှုဆိုတာ လူဆိုးလူမိုက်တွေအတွက်ပဲ ဖြစ်နေရတယ်မဟုတ်လား။”

ရုတ်တရက်...

အသံတစ်သံ ကျယ်လောင်စွာထွက်ပေါ်လာခဲ့၏။

“မင်းမှားသွားပြန်ပြီ။”

ထိုသံတံခါးချပ်ကြီးများသည် လွန်စွာထူထပ်ပြီး လေးလံလှသော်လည်း ထိုတံခါးများကို ဆွဲဖွင့်သည်ဖြစ်စေ၊ ဆွဲပိတ်လိုက်သည်ဖြစ်စေ မည်သည့်အသံတစ်သံမျှ မထွက်ပေါ်လာခဲ့ပါ။

ထို့ကြောင့် ထိုတံခါးချပ်များ ဆွဲပွင့်လာခဲ့ချိန်တွင် မည်သူမှသတိမထားမိကြခြင်းဖြစ်၏။

ထိုတံခါးတွင်းမှ လူတစ်ယောက် ဖြည်းညင်းစွာလျှောက်ထွက်လာ၏။

ထိုသူသည် လီဆွန်းဟွာ ဖြစ်နေလေသည်။...

သူ့ကိုကြည့်ရသည်မှာ အလွန်ပင်ပန်းနွမ်းနယ်နေပြီး စုတ်ပြတ်သပ်နေ၏။ သို့သော် သူရှင်သန်လျက်ရှိနေပါသေးသည်။

အားလုံးအတွက် အရေးအကြီးဆုံးအချက်မှာ သူရှင်သန်နေဖို့ပင်ဖြစ်သည်မဟုတ်ပါလား။

အားဖေနှင့် စွန်းရှောင်းဟုန်တို့နှစ်ယောက်သည် သူ့ကိုမယုံကြည်နိုင်စွာ ငေးမောကြည့်ရှုနေကြ၏။ သူတို့၏အကြည့်များတွင် မယုံကြည်နိုင်ခြင်းများ ပြည့်နှက်နေကြပြီး မျက်ရည်များလည်း စီးကျနေကြပြန်၏။

ထိုမျက်ရည်များသည် ပျော်ရွှင်မှုကြောင့် ကျဆင်းလာသောမျက်ရည်စက်များပင်။ ပျော်ရွှင်ကြည်နူးခြင်းနှင့် ဝမ်းနည်းကြေကွဲခြင်းတို့တွင် မျက်ရည်များမှလွဲပြီး ဖော်ပြစရာ စကားလုံးများမရှိကြပါ။ လုပ်ဆောင်နိုင်စရာဆို၍လည်း ဘာမှမရှိနိုင်ပါ။ သူတို့နှစ်ယောက်စလုံးသည် ငေးကြောင်ပြီးကျောက်ရုပ်များလို ရပ်တန့်နေကြ၏။

လီဆွန်းဟွာ၏မျက်ဝန်းများတွင်လည်း မျက်ရည်ပူများဖြင့် လင်းလက်နေလေသည်။ လီဆွန်းဟွာသည် ပြုံးနေပြီး သူတို့ကိုပြောဆိုလိုက်၏။ “မင်းပြောခဲ့တာမှားတယ်။ ဒီလောကကြီးမှာရှိတဲ့ လူကောင်းတွေခံစားနေကြရတဲ့ ဒုက္ခတွေဆိုတာ လူမသိသူမသိ တိတ်ဆိတ်ငြိမ်သက်ပြီး ဘယ်တော့မှမခံစားကြရဘူး။ လူဆိုးလူမိုက်တွေ ခံစားနေကြရတဲ့ နာကျင်မှုတွေကတော့ သူတို့ရဲ့ပျော်ရွှင်မှုတွေကိုထက်တောင် ကြီးကျယ်နေသေးတယ်။”

စွန်းရှောင်းဟုန်သည် သူ့ထံအပြေးလေးလှမ်းသွားခဲ့ပြီး သူ့ရင်ခွင်ထဲခေါင်းအပ်ထားကာ တရှိုက်ငင်ငင် ငိုကြွေးနေလေတော့သည်။

ပျော်ရွှင်မှုများကြောင့် ငိုကြွေးနေရပြီးကျဆင်းလာသော မျက်ရည်စက်များကို သူမဘယ်လိုမှမထိန်းချုပ်နိုင်တော့ပါ။

အတော်လေးကြာသောအခါမှ အားဖေသက်ပြင်းချလိုက်ပြီး တစ်ချိန်လုံးချုပ်တီးထားရသော မေးခွန်းကို မေးမြန်းလိုက်၏။ “စန့်ကွမ်းကျင်းဟုန်ကော...”

လီဆွန်းဟွာက စွန်းရှောင်းဟုန်၏ဆံနွယ်စလေးများကို သပ်တင်ပေးနေပြီး တီးတိုးဖြေဆိုလိုက်၏။ “သူအခုလောက်ဆိုရင် သိပ်ကိုခံစားနေရလောက်ပြီပေါ့။ ဘာကြောင့်လဲဆိုတော့ တစ်ခုတည်းသောအမှားကို သူကျူးလွန်ခဲ့လို့ပဲ။”

အားဖေ-“သူဘာအမှားများ ကျူးလွန်ခဲ့လို့လဲ။”

လီဆွန်းဟွာ-“တကယ်တမ်းပြောရမယ်ဆိုရင် ကျုပ်ကိုသတ်နိုင်တဲ့အခွင့်အရေးတွေ သူ့မှာအများကြီးပိုင်ဆိုင်နိုင်ခဲ့ပါတယ်။ ကျုပ်ကို ချောင်ပိတ်မိအောင် တွန်းပို့နိုင်ခဲ့ပြီး ကျုပ်ဘယ်လိုမှမခုခံမကာကွယ်နိုင်အောင် သူတိုက်ခိုက်နိုင်ခဲ့တဲ့ အခွင့်အရေးတွေအများကြီး ပိုင်ဆိုင်ခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီအခွင့်အရေးတွေအားလုံးကို သူလက်လွှတ်ဆုံးရှုံးခံခဲ့တယ်။”

သို့သော် စန့်ကွမ်းကျင်းဟုန်လိုလူမျိုးတစ်ယောက်က ရရှိခဲ့သည့်အခွင့်အရေးတိုင်းကို ဘာကြောင့်များ လက်လွှတ်ဆုံးရှုံးခံခဲ့ပါသနည်း။

စွန်းရှောင်းဟုန်က မအောင့်အီးနိုင်တော့ဘဲ မေးမြန်းလိုက်တော့သည်။ “ဘာဖြစ်လို့လဲဟင်...”

လီဆွန်းဟွာ၏မျက်နှာက ပြုံးနေ၏။ “ဘာဖြစ်လို့လဲဆိုတော့ သူလောင်းကစားလုပ်ခဲ့လို့ပေါ့။”

စွန်းရှောင်းဟုန်၏မျက်လုံးများတွင် ကြယ်ရောင်များလင်းလက်သွားသလို တောက်ပသွားခဲ့ပြီး ပြောဆိုလိုက်၏။ “ရှောင်းလီဓားပျံ၊ လက်ခွင်းထွက်ရင် ဘယ်တော့မှမလွဲ... ဆိုတာကို သူမယုံကြည်ခဲ့ဘူးမဟုတ်လား။”

လီဆွန်းဟွာ-“သူမယုံကြည်ခဲ့ဘူး။ ဘယ်သူ့ကိုမှ သူမယုံကြည်ခဲ့ဘူး။ ဘယ်အရာကိုမှ သူမယုံကြည်ခဲ့ဘူး။ ဒီလောကကြီးမှာ သူယုံကြည်တာဆိုလို့ ဘာမှမရှိနိုင်ဘူး။”

စွန်းရှောင်းဟုန်-“ဒါဆိုရင်... ရလာဒ်က...”

လီဆွန်းဟွာ-“သူရှုံးနိမ့်သွားခဲ့တယ်။”

သူရှုံးနိမ့်သွားခဲ့တယ်...

အလွန်ရိုးရှင်းသော စကားတစ်ခွန်းဖြစ်၏။

အနိုင်နှင့်အရှုံးကို မျက်စိတစ်မှိတ်လျှပ်တစ်ပျက်အချိန်လေးက အဆုံးအဖြတ်ပေးခဲ့၏။

သို့သော် ထိုအချိန်ခဏလေး၏အစိတ်အပိုင်းလေးတစ်ခုကို စဉ်းစားခံစားကြည့်မည်ဆိုလျှင် ဘယ်လောက်တောင်မှ တောက်ပနေပါသလဲ... ဘယ်လောက်တောင်မှ ကြီးကျယ်ခမ်းနားခဲ့ပါသလဲ...

ထိုလျှပ်တစ်ပျက်အချိန်လေးက သိုင်းလောကကြီးတစ်ခုလုံး၏ ကံကြမ္မာကိုအဆုံးအဖြတ်ပေးခဲ့လေသည်။

ထိုဓားပျံ၏ ဓားအလင်းရောင်တစ်ချက်လေးက မည်မျှလောက်တောင်မှ ရင်သပ်ရှုမောဖြစ်ခဲ့ရမည်လဲ... မည်မျှလောက်တောင်မှ ထိတ်လန့်ကြောက်ရွံ့စရာဖြစ်ခဲ့ရမည်လဲ... မည်မျှလောက်တောင်မှ တောက်ပခဲ့ပါမည်လဲ...

စွန်းရှောင်းဟုန် ယူကြုံးမရစွာခံစားနေရသည့်အချက်မှာ ထိုလျှပ်တစ်ပျက်အချိန်လေးကို မိမိ၏မျက်စိဖြင့် ကိုယ်တွေ့မတွေ့နိုင်ခဲ့ရခြင်းပင်ဖြစ်၏။

သူမအတွက် မျက်မြင်ကိုယ်တွေ့ဖြစ်ခဲ့စရာမလိုပါ။ ထိုလျှပ်တစ်ပျက်အချိန်ကလေးကို တွေးကြည့်ရုံဖြင့် သူမ၏အသက်ရှူမှု ရပ်ဆိုင်းသွားနိုင်၏။

ကြယ်ကြွေသည့်အချိန်များသည်လည်း သိပ်ကိုတောက်ပပြီး လှပလွန်းပါသည်။

ညဉ့်၏မည်းမှောင်နေသော ကောင်းကင်ယံကို ကြွေကျလာသောကြယ်ပျံများ၏ အလင်းရောင်က ထိန်ဝင်းသွားစေသည်မှာ ထိုအရာကိုမြင်တွေ့လိုက်ကြရသူအားလုံး၏ စိတ်ခံစားမှုများကို လင်းလက်တောက်ပသွားစေသကဲ့သို့ပင်ဖြစ်၏။

သို့သော် ကြယ်ပျံများ၏ လင်းလက်တောက်ပမှုသည်ပင် ထိုဓားပျံ၏လင်းလက်တောက်ပခဲ့မှုကို မီနိုင်အံ့မထင်။

ကြယ်ပျံများ၏အလင်းတန်းများသည် တိုတောင်းလှ၏။ အချိန်တိုလေးအတွင်း၌သာ ကြယ်ကြွေခြင်းဖြစ်ပေါ်နိုင်၏။

သို့သော် ထိုဓားပျံ၏လင်းလက်တောက်ပမှုကတော့ ကမ္ဘာတည်သရွေ့ လင်းလက်တောက်ပနေဦးမည်ဖြစ်သည်။

တံခါးပွင့်သွားခဲ့ချေပြီ။

မည်သူမျှ အပြင်လောကကြီးနှင့် တံခါးတွင်းမှကမ္ဘာငယ်လေးကို မခြားထားနိုင်တော့ချေ။

သင်သည် ဤလောကကြီးနှင့်အဆက်အသွယ်ဖြတ်တောက်ထားလိုသည်ဆိုမူ သင့်ကိုဤလောကကြီးက ပထမဆုံးအဆက်အသွယ်ဖြတ်တောက်ထားခြင်းခံခဲ့ရသောကြောင့်ပင်ဖြစ်မည်။

ထိုတံခါးပေါက်များတွင်းသို့ အားဖေလျှောက်ဝင်သွားလိုက်၏။

သူ၏အကြည့်များကို ဖမ်းစားလိုက်သော ပထမဦးဆုံးအရာသည် ထိုဓားပျံဖြစ်၏။ ထိုလျှို့ဝှက်လွန်းသော ဓားပျံတစ်ချောင်းဖြစ်၏။

ရှောင်းလီဓားပျံ...

ဓားပျံသည် စန့်ကွမ်းကျင်းဟုန်၏လည်မျိုတစ်ခုလုံးကို ထိုးဖောက်ဝင်ရောက်နေခြင်းမရှိပါ။ သို့သော် သူ့အသက်ကိုနှုတ်ယူခဲ့ရန်တော့ စွမ်းဆောင်နိုင်ခဲ့ပါသည်။

ဓားပျံ၏ဓားသွားထိပ်က စန့်ကွမ်းကျင်းဟုန်၏ လည်စေ့ကိုထိုးဖောက်သွားခဲ့ပြီး သူ၏မေးရိုးသို့ ဓားထိပ်ဖျားထောင်ပြီး အပေါ်ဘက်သို့ထိုးဖောက်ဝင်ရောက်နေ၏။ မယုံကြည်နိုင်လောက်အောင် ကျဉ်းမြောင်းလွန်းသောထောင့်မှ ဓားပျံကိုပစ်လွှတ်ခဲ့ခြင်းပင်။

စန့်ကွမ်းကျင်းဟုန်၏မျက်နှာထက်တွင် မယုံကြည်နိုင်မှုများ၊ အံ့အားထိတ်လန့်မှုများသည် ဓားပျံ၏ဝိညဉ်ခြွေနှုတ်ခဲ့ခြင်းကို ခံခဲ့ရသူတိုင်း၏ အမူအရာမျိုးဖြစ်နေ၏။

လူ့အသက်တစ်ချောင်းဆိုသည်မှာ ညီတူညီမျှဖြစ်စွာ ဖန်ဆင်းခဲ့ခြင်းဖြစ်၏။ အထူးသဖြင့် သေခြင်းတရားနှင့် ရင်ဆိုင်ကြုံတွေ့သည့်အချိန်များတွင် အားလုံးညီတူညီမျှပင်ဖြစ်ကြ၏။ သို့သော် တချို့သူများသည် မိမိတို့ကိုယ်တိုင် သေခြင်းတရားနှင့် နဖူးတွေ့ဒူးတွေ့ တွေ့ကြုံမှသာ ထိုအချက်ကို နားလည်သဘောပေါက်နိုင်ကြမည်ဖြစ်သည်။

စန့်ကွမ်းကျင်းဟုန်၏မျက်နှာအမူအရာများက မယုံကြည်နိုင်မှုများ၊ သံသယရှိမှုများ၊ အံ့ဩထိတ်လန့်မှုများ ပြည့်နှက်နေ၏။

သူသည်လည်း တခြားသူများလိုပင်... ထိုဓားပျံသည် ဤမျှလောက်မြန်ဆန်နိုင်မည်ဆိုခြင်းကို မယုံကြည်ခဲ့ပါ။

အားဖေသည်ပင်လျှင် ထိုအချက်ကိုမယုံကြည်နိုင်ခဲ့ပေ။ ထိုဓားပျံကို မည်သို့ပစ်လွှတ်နိုင်ခဲ့မှန်း သူစဉ်းစား၍လုံးဝမရခဲ့ပါ။

လီဆွန်းဟွာကို မည်သို့ဖြစ်ပျက်ခဲ့ပုံအသေးစိတ် မေးမြန်းခဲ့ချင်သော်လည်း လီဆွန်းဟွာက သူ့ကိုရှင်းပြလိမ့်မည်မဟုတ်မှန်း သူသိနေပါသည်။

လျှပ်တစ်ပျက်လင်းလက်တောက်ပခဲ့သော ထိုဓားပျံ၊ လျင်မြန်လွန်းလှသော ထိုဓားပျံအကြောင်းကိုရှင်းပြရန် မည်သည့်ဘာသာစကားမှ မရှိနိုင်ပါ။

“သူရှုံးနိမ့်သွားခဲ့တယ်။”

စန့်ကွမ်းကျင်းဟုန်၏လက်ချောင်းများက တစ်စုံတစ်ခုကိုဆုပ်ကိုင်ထားသလို တင်းကြပ်စွာဆုပ်ကိုင်ထား၏။ ထိုအဖြစ်အပျက်များ ဖြစ်ပျက်ခဲ့သည်ကို သူလုံးဝမယုံကြည်ချင်ပါ။

စိတ်မကောင်းစရာကောင်းသည်မှာ စန့်ကွမ်းကျင်းဟုန်သည် နောက်ဘယ်တော့မှ ဘယ်အရာကိုမျှ မဆုပ်ကိုင်ထားနိုင်တော့ခြင်းပင်ဖြစ်၏။

အားဖေ၏မျက်နှာပြင်တစ်ခုလုံး မည်းမှောင်သွားခဲ့၏။ ထိုသူ့အပေါ်တွင် သနားကြင်နာစိတ်များ သူ့ထံမှထွက်ပေါ်လာခဲ့ရ၏။ မည်သည့်အတွက်ကြောင့် သူဤသို့ခံစားနေရမှန်းကိုလည်း သူမသိနိုင်တော့ပါ။

စန့်ကွမ်းကျင်းဟုန်ကို သနားတာဖြစ်ချင်မှဖြစ်မည်။ သူ့ကိုယ်သူသနားနေခြင်းလည်းဖြစ်နိုင်၏။

အဘယ်ကြောင့်ဆိုသော် သူသည်လူသားတစ်ဦးဖြစ်၏။ စန့်ကွမ်းကျင်းဟုန်သည်လည်း လူသားတစ်ဦးဖြစ်ခဲ့၏။ လူသားတိုင်းတွင် တူညီသောဝမ်းနည်းကြေကွဲမှုများ ခဏလေးလောက်သောအချိန်လေးတွင် ထွက်ပေါ်လာတတ်ပါသည်။

အားဖေအတွက် မရှုံးနိမ့်ခဲ့ရသော်လည်း သူဘာအတွက်သက်ပြင်းရှိုက်နေရပါသနည်း။ သူ့အတွက်ဘာများ အကျိုးအမြတ်ထွက်လာခဲ့ပါသနည်း။

အတန်ကြသောအခါမှ အားဖေ၏ဦးခေါင်းလှည့်လာခဲ့တော့သည်။

ပြီးနောက် ကျင်းဝူမင်း၏ငေးကြောင်စွာကြည့်နေသော အကြည့်များကို ဆုံတွေ့လိုက်ရ၏။

လူစိမ်းများဝင်ရောက်လာခဲ့သည်ကို ကျင်းဝူမင်းတစ်ယောက် လုံးဝသတိထားခဲ့မိပုံမရ။ သူသည် အားဖေ၏နောက်တွင် တစ်ချိန်လုံးရပ်တန့်နေခဲ့သော်လည်း တခြားကမ္ဘာတစ်ခုထဲတွင် ရပ်တန့်နေသကဲ့သို့ရှိနေ၏။

သူ၏အကြည့်များက စန့်ကွမ်းကျင်းဟုန်ကို ငေးကြည့်နေသော်လည်း တကယ်တမ်းတွင် သူ့ကိုယ်သူငေးကြည့်နေခြင်းသာဖြစ်၏။

ဝိညဉ်သည်ခန္ဓာကိုယ်မှ ပျောက်ကွယ်သွားခဲ့ပါပြီဆိုမှတော့ ပုံရိပ်ဆိုသည်မှာ အဘယ်မှာလျှင်ထင်ကျန်ခဲ့နိုင်ပါမည်နည်း။

ဘာပဲဖြစ်ဖြစ် ကျင်းဝူမင်းရှိနေသည့်နေရာတိုင်းတွင် လူတိုင်းအတွက် သေမင်း၏အရိပ်အငွေ့များ ဖုံးလွှမ်းနေသည်ဟု ခံစားမိနေကြမည်ဖြစ်သည်။

သို့သော် ယခုအချိန်တွင်မူ သူ၏သေမင်းအငွေ့အသက်များ ပျောက်ဆုံးနေလေတော့သည်။

အခန်းတွင်းသို့ အားဖေဝင်ရောက်လာစဉ်ကတည်းက ဤအခန်းထဲတွင် နောက်ထပ်သက်ရှိလူသားတစ်ယောက်ရှိနေခဲ့မှန်း လုံးဝမသိရှိခဲ့ရပါ။

ကျင်းဝူမင်းသည် အသက်ရှင်သန်နေလျက်ရှိနေသော်လည်း အခွံလွတ်ကြီးတစ်ခုသာဖြစ်နေ၏။ ဓားသွားမရှိတော့သော ဓားတစ်လက်ကဲ့သို့ သူ့ဘဝကြီးသည်လည်း ဘာအဓိပ္ပါယ်မှမရှိတော့ပါ။

အားဖေ၏သက်ပြင်းချသံများကို ဝမ်းတွင်း၌ပင်တိုးတိတ်စွာ ထွက်ပေါ်လာ၏။ ကျင်းဝူမင်း မည်သို့ခံစားနေရမည်ဖြစ်ကြောင်း သူကောင်းစွာနားလည်သဘောပေါက်နေပါသည်။

အဘယ်ကြောင့်ဆိုသော် သူသည်လည်း ထိုခံစားချက်မျိုးကို ထပ်တူထပ်မျှခံစားခဲ့ရဖူးသည်မဟုတ်ပါလား။

အတန်ငယ်ကြာသောအခါမှ ကျင်းဝူမင်းသည် စန့်ကွမ်းကျင်းဟုန်၏ အလောင်းကိုမယူလိုက်သည်။

အခန်းထဲတွင်ရှိနေသော လူအားလုံးကို အကြည့်လေးတစ်ချက်မျှတောင်မှ လှည့်ကြည့်ခဲ့ခြင်းမရှိပါ။ တံခါးပေါက်ဝသို့သာ ဖြည်းညင်းစွာလျှောက်သွားနေ၏။

အားဖေ-“မင်းလက်စားမချေတော့ဘူးလား။”

ကျင်းဝူမင်းသည် လှည့်ကြည့်လာခဲ့ခြင်းမရှိသလို ခြေလှမ်းများရပ်တန့်သွားခဲ့ခြင်းလည်းမရှိပါ။

အားဖေ အေးစက်စွာရယ်မောလိုက်၏။ “မင်းကြောက်နေလို့လား။”

ကျင်းဝူမင်းသည် သူရောက်နေသောနေရာ၌ ရုတ်တရက်ရပ်တန့်လိုက်၏။

အားဖေ-“မင်းရဲ့ခါးကြားထဲမှာ မင်းရဲ့ဓားရှိနေသေးတာပဲ။ ဆွဲထုတ်ရမှာသိပ်ကြောက်နေလို့လား။ မင်းခါးကြားထဲက ဓားကအလှပြဖို့ချိတ်ထားတာလား။”

ကျင်းဝူမင်း ရုတ်တရက်ပြန်လှည့်လာခဲ့တော့သည်။

အလောင်းကောင်ကြီးသည် ကြမ်းပြင်ပေါ်တွင်ချထားခံနေရပြီး ကျင်းဝူမင်း၏ဓားသည်လည်း ထွက်ပေါ်လာခဲ့ရတော့၏။

အားဖေ၏လည်မျိုသို့ ဓားရောင်တစ်ချက်လင်းလက်သွားခဲ့၏။

ကျင်းဝူမင်းသည် လျင်မြန်နေဆဲပင်။ ယခင်ကအတိုင်းလျင်မြန်နေဆဲပင်။ သို့သော် ဘာကြောင့်မှန်းတော့မသိ... သူ၏ဓားသည် ရန်သူ၏လည်မျိုနှင့် ၁ ပေခန့်အကွာအရောက်တွင် အားဖေ၏ဝါးဓားကသူ၏လည်မျိုကို လာထောက်မိနေတော့၏။

အားဖေသည် ဝါးဓား ၃ လက်ပြုလုပ်ခဲ့သည်။ ဤတစ်လက်သည် ဒုတိယဝါးဓားဖြစ်၏။

အားဖေသည် ကျင်းဝူမင်းကိုကြည့်နေပြီး ဖြည်းဖြည်းလေးပြောဆိုလိုက်၏။ “မင်းဟာမယုံကြည်နိုင်လောက်အောင်ကို လျင်မြန်နေပါသေးတယ်။ ဒါပေမဲ့ မင်းလူမသတ်နိုင်တော့ဘူး။ ဘာဖြစ်လို့လဲသိလား။”

ကျင်းဝူမင်းသည် သူ၏ဓားကိုအောက်ချထားလိုက်တော့၏။

အားဖေ-“ဘာကြောင့်လဲဆိုတော့ မင်းဟာ၊ မင်းရန်သူထက်တောင်မှ ပိုပြီးသေချင်နေသေးတယ်။ ဒါကြောင့်မို့လို့ မင်းဘယ်တော့မှ လူသတ်နိုင်မှာမဟုတ်တော့ဘူး။”

ကျင်းဝူမင်း၏မျက်လုံးသေများတွင် လွန်စွာမှဝမ်းနည်းကြေကွဲနေသော အရိပ်အယောင်များထွက်ပေါ်လာခဲ့ကြ၏။ အတော်လေးကြာသောအခါတွင်မှ ပြန်ဖြေဆိုလိုက်၏။ “မှန်တယ်။”

အားဖေ-“ငါမင်းကိုသတ်နိုင်တယ်။”

ကျင်းဝူမင်း-“မှန်တယ်။”

အားဖေ-“ဒါပေမဲ့ မင်းကိုငါမသတ်ဘူး။”

ကျင်းဝူမင်းက မေးမြန်းလိုက်၏။ “မင်းငါ့ကိုမသတ်ဘူး... ဟုတ်လား။”

အားဖေ-“ငါမင်းကိုမသတ်တာ ဘာကြောင့်လဲဆိုတော့ မင်းဟာကျင်းဝူမင်းဖြစ်နေလို့။”

ကျင်းဝူမင်း၏မျက်နှာတစ်ခုလုံး ရှုံ့တွသွားရတော့သည်။

ထိုစကားများသည် သူအားဖေကို ပထမဆုံးအကြိမ်တွေ့စဉ်တုန်းကပြောခဲ့သော စကားမျှနှင့် ထပ်တူဖြစ်နေ၏။ ယနေ့... သူ၏စကားများသည် အားဖေ၏စကားများ ပြန်ဖြစ်သွားခဲ့ကြလေပြီ။

ထိုစကားများကို ထပ်ခါတလဲလဲ သူစဉ်းစားနေ၏။ သူ၏မျက်လုံးများထဲမှ မီးတောက်မီးလျှံများ ထွက်ပေါ်လာခဲ့၏။ ထိုမီးတောက်မီးလျှံများသည် ငြိမ်းသက်နေသည့်ပြာပုံတစ်ခုမှ ချက်ချင်းမီးထတောက်လာသလိုမျိုး ထွက်ပေါ်လာသော မီးလျှံများလည်းဖြစ်ကြ၏။

အားဖေက သူ့ကိုစိုက်ကြည့်ပြီး ပြောဆိုလိုက်သည်။ “မင်းသွားနိုင်ပြီ။”

ကျင်းဝူမင်း-“ကျုပ်သွားရတော့မှာလား။”

အားဖေ-“မင်းငါ့ကို တစ်ချိန်တုန်းက ဒီအခွင့်အရေးမျိုး ပေးခဲ့ဖူးတယ်။ ငါအခုမင်းကို ဒီအခွင့်အရေးပြန်ပေးလိုက်ပြီ။ မင်းရဲ့နောက်ဆုံးသော အခွင့်အရေးပဲ။”

ကျင်းဝူမင်းထွက်ခွာသွားသည်ကို အားဖေငေးပြီးကြည့်နေ၏။ သူ၏ရင်ထဲ၌ ထူးဆန်းပြီးမဖော်ပြနိုင်သော ခံစားမှုများ တလိပ်လိပ်လှိုက်တက်လာလေတော့သည်။

“သွားတစ်ချောင်းအတွက် သွားတစ်ချောင်း... သွေးကြွေးအတွက်သွေးကြွေးဖြင့်သာ ပြန်ဆပ်ရသည်မဟုတ်ပါလား။”

ကျင်းဝူမင်းသူ့ကိုပေးခဲ့သော အခွင့်အရေးကို သူအပြည့်အဝပြန်ဆပ်ခဲ့ပြီးပြီဖြစ်၏။

လူတစ်ယောက်၏နှလုံးသား သေဆုံးသွားခဲ့ရပြီဆိုလျှင် ထိုသူ့အတွက် ၂ ခုတည်းသောအရာကသာ သူ၏အသက်ရှင်သန်ရေးကို အသက်ဆက်ပေးနေမည်ဖြစ်၏။

တစ်ခုကတော့ ချစ်ခြင်းမေတ္တာတရားဖြစ်ပြီး ကျန်တစ်ခုကတော့ အမုန်းတရားဖြစ်၏။

အားဖေအသက်ရှင်သန်နေနိုင်သည်မှာ ချစ်ခြင်းမေတ္တာတရားကြောင့်ဖြစ်၏။ ယခုသော် ကျင်းဝူမင်း၏အသက်ကို မုန်းတီးနာကျည်းမှုများဖြင့် ဆက်လက်ရှင်သန်စေချင်နေမိ၏။

သူ့ရင်ထဲမှ စိတ်ရင်းစေတနာမှန်မှာ ကျင်းဝူမင်းကို ဆက်လက်ရှင်သန်နေစေလိုခြင်းသာဖြစ်၏။

ဤအရာသည် တကယ်ပင်လက်စားချေမှုဖြစ်ခဲ့သည်ဆိုပါက တစ်ကိုယ်ကောင်းလုံးဝမဆန်သည့် လက်စားချေမှုသာ ဖြစ်ပေလိမ့်မည်။ လက်စားချေမှုအားလုံးသည် ဤအတိုင်းသာဖြစ်ခဲ့ပါက လူသားတို့၏သမိုင်းတစ်လျှောက်လုံး မည်မျှတောင်မှ လှပသာယာခဲ့ပါမည်လဲ။ မည်မျှလောက်တောင်မှ တောက်ပြောင်ခဲ့ပါမည်လဲ။ လူသားများသည်လည်း တစ်သက်လုံးရှင်သန်နေထိုင်သွားနိုင်ကြမည်ဖြစ်၏။

မည်သို့ပင်ဆိုစေ... လက်စားချေလိုက်ရခြင်းသည် အင်မတန်မှ စိတ်ကျေနပ်စရာကောင်းလှ၏။

သို့သော် ယခုအချိန်တွင် အားဖေတကယ်တမ်းပျော်ရွှင်ကြည်နူးနေပါ၏လော။...

သူပင်ပန်းနွမ်းနယ်နေရ၏။ အလွန်ပင်ပန်းစွာ ခံစားနေရ၏။ သူ့လက်ထဲမှဝါးဓားသည်လည်း ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားတော့၏။

စွန်းရှောင်းဟုန်သည် အားဖေကို တိတ်ဆိတ်ငြိမ်သက်စွာ တစ်ချိန်လုံးစောင့်ကြည့်နေခဲ့၏။ ယခုမှသာ သူမထံမှ သက်ပြင်းရှိုက်သံ ထွက်ပေါ်လာနိုင်လေတော့သည်။

“လူတစ်ယောက်ကိုသတ်ပစ်ဖို့ဆိုတာ အင်မတန်မှလွယ်ကူပါတယ်။ ဒါပေမဲ့ လူတစ်ယောက်ကို ဆက်လက်ရှင်သန်သွားဖို့ ဖျောင်းဖြရန်ဆိုတာကတော့ အင်မတန်ခက်ခဲလှပါတယ်။”

ထိုစကားများသည် လီဆွန်းဟွာ၏စကားများဖြစ်၏။

မည်သည့်အကြောင်းအရာကြောင့်ပင်ဖြစ်စေ၊ မည်သူ့ကိုမဆို မည်သည့်အခြေအနေမျိုးတွင်ဖြစ်စေ သူချဉ်းကပ်သောနည်းလမ်းမှာ ချစ်ခြင်းမေတ္တာဖြင့်ဖြစ်သည်။ အမုန်းတရားဖြင့်မဟုတ်ချေ။ အဘယ်ကြောင့်ဆိုသော် အမုန်းတရားကြောင့် ပျက်စီးခြင်းများသာ ရရှိနိုင်ကြသည်ကို သူနားလည်သဘောပေါက်ထားခဲ့၏။ ချစ်ခြင်းမေတ္တာတရားတွင်တော့ ဆက်လက်ရှင်သန်နေထိုင်နိုင်ရန် ဘဝတစ်လျှောက်လုံးအတွက် အင်အားများရှိနေလေသည်။

သူ၏ချစ်ခြင်းမေတ္တာတရားသည် ဤမျှလောက်ကို နက်ရှိုင်းကြီးကျယ်နေပါသည်။ သူ၏တစ်ကိုယ်ကောင်းမဆန်သောစိတ်ဓာတ်သည် ဤမျှလောက်ကို ခမ်းနားလှပါသည်။

စွန်းရှောင်းဟုန်သည် အားဖေကိုကြည့်နေရင်းက လီဆွန်းဟွာနှင့်ပိုပြီးတူလာသလိုမျိုး ခံစားမိနေ၏။

သူမသည် လီဆွန်းဟွာကို မော့ကြည့်နေမိလေတော့သည်။

လီဆွန်းဟွာသည်လည်း ပင်ပမ်းနွမ်းနယ်နေပုံရ၏။ အဘယ်မျှပင်ပမ်းနေရသလဲဆိုသော် သူ့ထံမှစကားတစ်လုံးမှ မထွက်ပေါ်လာနိုင်တော့သည်ထိ ပင်ပမ်းနေရ၏။

သူမသည် လီဆွန်းဟွာကို မော့ကြည့်နေဆဲ... ပြီးနောက်ကြည်လင်စွာပြုံးပြီး ပြောဆိုလိုက်တော့သည်။ “ရှင်တို့နှစ်ယောက်ဟာ ဒီလောကကြီးထဲမှာရှိနေတဲ့ အတော်ဆုံးသိုင်းသမားနှစ်ယောက်ကို တိုက်ခိုက်အနိုင်ယူခဲ့ကြပြီးကာစပဲရှိသေးတယ်။ သိုင်းလောကရဲ့အကြီးမားဆုံး၊ ဩဇာအာဏာစက်အပြင်းဆုံး သိုင်းဂိုဏ်းကြီးကို တိုက်ခိုက်အနိုင်ယူနိုင်လိုက်ကြပြီ။ အရာအားလုံးဟာ ရှင်တို့နှစ်ယောက်ရဲ့လက်ထဲကို ရောက်ရှိလာခဲ့ကြပြီ။ ရှင်တို့နှစ်ယောက်စလုံး အတိုင်းမသိ ဝမ်းသာကျေနပ်နေကြရမှာပါ။ ဒါပေမဲ့ ရှင်တို့နှစ်ယောက်စီမှာ ပျော်ရွှင်မှုတစ်စက်ကလေးမှတောင် မတွေ့ရပါလား။ ရှင်တို့နှစ်ယောက်ကိုကြည့်ရတာ ရှုံးနိမ့်သွားသူတွေဟာ ရှင်တို့နှစ်ယောက်ဖြစ်နေကြသလိုပဲ။”

0 comments:

Post a Comment