စွန်းရှောင်းဟုန် ခဏမျှစဉ်းစားနေလိုက်ပြီး မေးမြန်းလိုက်ပြန်သည်။ “ဒါဆိုရင် သူ့ကိုတိုက်ခိုက်အနိုင်ယူနိုင်ဖို့ ကျမတို့မှာ ဘာတွေလုပ်ဆောင်ရမှာလဲ။”
အားဖေထံတွင် ထိုမေးခွန်းအတွက် အဖြေမရှိပါ။
စန့်ကွမ်းကျင်းဟုန်ကို တိုက်ခိုက်အနိုင်ယူနိုင်ရန်အတွက် မည်သည့်အရာများလိုအပ်ကြောင်း အားဖေသိနေသော်လည်း သူ၏နှုတ်ဖျားမှ မည်သည့်အဖြေမျှ မထွက်လာနိုင်ခဲ့ပါ။
လောကကြီးတွင် ပါးစပ်ကနေမထွက်ပေါ်လာနိုင်သော စကားလုံးပေါင်းများစွာ ရှိနေကြပါသည်။
စွန်းရှောင်းဟုန်က သက်ပြင်းချပြီး ပြောဆိုလိုက်၏။ “စန့်ကွမ်းကျင်းဟုန်အပြင် တခြားလူတွေအများကြီးနဲ့ ရှင်ရင်ဆိုင်တွေ့ဆုံရဦးမှာပဲ။”
အားဖေ-“ကျုပ်သိချင်တာက စန့်ကွမ်းကျင်းဟုန် ဒီနေရာကို ပြန်ရောက်လာပြီဆိုတာ မင်းဘက်က သေချာလို့လား။”
စွန်းရှောင်းဟုန်-“ကျမခန့်မှန်းထားသလောက်တော့ သေချာပါတယ်။”
အားဖေ-“ဘာကြောင့်လဲ။”
စွန်းရှောင်းဟုန်-“ဘာကြောင့်လဲဆိုတော့ ဒီနေရာမှာ သူလုပ်ချင်တာအားလုံးကို လူမသိသူမသိ လုပ်နိုင်နေတယ်လေ။”
အားဖေ-“လီဆွန်းဟွာကို တိုက်ခိုက်အနိုင်ယူနိုင်တယ်ဆိုတာ သိပ်ကိုဂုဏ်ရှိတဲ့အလုပ်မဟုတ်လား။ ဘာဖြစ်လို့ တခြားလူတွေကို သူမမြင်စေချင်ရတာလဲ။”
စွန်းရှောင်းဟုန်-“လူတစ်ယောက်ဟာ သူလုပ်နေတဲ့အလုပ်တစ်ခုကို တကယ်ပဲစိတ်ပါလက်ပါနဲ့ ပျော်ရွှင်စွာလုပ်ကိုင်ဆောင်ရွက်နေတဲ့အချိန်မှာ တခြားသူတွေမြင်တွေ့သွားမှာ စိုးရိမ်တတ်တာသဘာဝပါပဲ။”
အားဖေ-“ကျုပ်နားမလည်နိုင်တော့ဘူး။”
စွန်းရှောင်းဟုန်-“အစားအသောက်တွေထဲမှာ ရှင်ဘာကိုအကြိုက်ဆုံးလဲ။”
အားဖေ-“ဘာကိုလဲဆိုတာ သေသေချာချာကြီးတော့မရှိပါဘူး။ အားလုံးကိုကြိုက်နှစ်သက်ပါတယ်။”
စွန်းရှောင်းဟုန်-“ကျမအကြိုက်ဆုံးကတော့ သစ်ကြားသီးပဲ။ သစ်ကြားသီးတွေ စားလိုက်ရတဲ့အချိန်တိုင်းဟာ ကျမအတွက်တော့ နတ်ပြည်ရောက်နေသလိုပါပဲ။ အထူးသဖြင့် ဆောင်းညချမ်းချမ်းတွေမှာပေါ့။ အခန်းထဲမှာ တစ်ယောက်တည်းပုန်းပြီး သစ်ကြားသီးတွေကို ခွဲစားနေရတာလောက် ဇိမ်ရှိတာမရှိတော့ဘူး။”
သူမက တခစ်ခစ်ရယ်မောနေပြီး ဆက်ပြောလိုက်၏။ “ဒါပေမဲ့ ကျမသစ်ကြားသီးစားနေတာကို မိသားစုဝင် တစ်ယောက်ယောက်က အနားမှာထိုင်ပြီးကြည့်နေခဲ့ရင် စားနေရတဲ့အရသာ ဘယ်ပျောက်သွားမှန်းတောင်မှ မသိတော့ဘူး။”
အားဖေ-“စန့်ကွမ်းကျင်းဟုန်က လီဆွန်းဟွာကိုသတ်မယ့်ကိစ္စမှာ သူ့အတွက်သိပ်ပြီးနှစ်သက်ကျေနပ်စရာ ကောင်းတဲ့အလုပ်တစ်ခုကိုလုပ်နေတယ်လို့ မင်းထင်နေတာလား။”
စွန်းရှောင်းဟုန်-“ဒါကြောင့်မို့လို့ လီဆွန်းဟွာကို သူအမြန်ဆုံးနည်းနဲ့ သတ်နိုင်မှာမဟုတ်ဘူး။”
အားဖေ-“ဘာဖြစ်လို့လဲ။”
စွန်းရှောင်းဟုန်-“ကျမဆီမှာ သစ်ကြားသီးစေ့လေး တစ်စေ့ထဲပဲကျန်တော့တယ်ဆိုရင် ကျမအနေနဲ့ တတ်နိုင်သလောက် ဖြည်းဖြည်းလေးအရသာခံပြီး ဝါးနေမှာပဲ။ ဖြည်းဖြည်းလေးဝါးစားလေ ကျမအတွက်အရသာပိုရှိလာလေပဲ။ ဘာကြောင့်လဲဆိုတော့ စားလို့ကုန်သွားတဲ့အခါကျရင် နောက်ထပ်မရနိုင်တော့ဘူးဆိုတာကို သိနေလို့ပဲ။”
ထိုခံစားချက်သည် ဗလာနတ္ထိဖြစ်သော ခံစားချက်တစ်မျိုးလည်းဖြစ်၏။
သို့သော် သူမ၏နှုတ်ဖျားမှ ဗလာနတ္ထိဆိုသောစကားလုံး မထွက်ပေါ်လာနိုင်လောက်အောင် တစ်ဆို့နေရလေသည်။
သူမကဆက်ပြောနေလိုက်၏။ “စန့်ကွမ်းကျင်းဟုန်ရဲ့အမြင်မှာ လီဆွန်းဟွာဆိုတာ ဒီလောကကြီးထဲမှာ တစ်ယောက်တည်းပဲရှိတယ်။ လီဆွန်းဟွာကိုသတ်ပြီးလိုက်တဲ့နောက်... ကျမ နောက်ဆုံးစားခဲ့ရတဲ့ သစ်ကြားသီးစားအပြီးမှာ ခံစားခဲ့ရသလို သူလည်းခံစားမိမှာပဲ။ ဒါပေမဲ့ သေချာတာတစ်ခုကတော့ သူ့အတွက် မခံမရပ်နိုင်လောက်အောင်ကို ခံစားနေရလိမ့်မယ်ဆိုတာပဲ။”
အားဖေသည် သူ၏ခါးစီးကြိုးထဲသို့ ဝါးဓားများကို တစ်ချောင်းချင်းစီ ဖြည်းဖြည်းလေးထိုးသွင်းလိုက်၏။ သူ ရုတ်တရက်ပြုံးပြီး ပြောဆိုလိုက်သည်။ “ကျုပ်သူ့ကိုသတ်ပြီးချိန်မှာတော့ အဲဒီလောက်ကြီးခံစားရမယ်မထင်ဘူး။”
ထိုစကားများမပြီးဆုံးသေးခင်မှာပင် အားဖေတစ်ယောက် ခုန်ပျံထွက်သွားခဲ့ချေပြီ။
သူလျင်မြန်စွာ မပြေးနေပါ။ အဘယ်ကြောင့်ဆိုသော သူ့အတွက်သေသေချာချာ ပြင်ဆင်ထားချင်၍ဖြစ်၏။ စန့်ကွမ်းကျင်းဟုန်လိုလူမျိုးနှင့် ရင်ဆိုင်ရာတွင် သေချာစွာပြင်ဆင်မှုထားရှိခြင်းက သော့ချက်ဖြစ်၏။
ခြံဝင်းကျယ်ကြီးနှင့်နီးလာလေ... သူ၏ခြေလက်များရှိ အကြောအချင်အားလုံးကို လျှော့ချထားလာလေဖြစ်၏။ ထိုနည်းသည် သူ့အတွက်အကောင်းဆုံးသော ပြင်ဆင်မှုပင်ဖြစ်သည်။
နောက်ဆုံးတွင် လှေကားထစ်များရှိရာသို့ သူရောက်ရှိလာခဲ့တော့၏။
ရုတ်တရက်... မည်သည့်နေရာများကမှန်း မခန့်မှန်းနိုင်သော လူတစ်အုပ်ထွက်ပေါ်လာကြ၏။ အဝါရောင်ဝတ်ဆင်ထားကြသောလူပေါင်း ၁၈ ယောက်တိတိဖြစ်သည်။
ထိုသူများသည် ရွှေဒင်္ဂါးဂိုဏ်း၏အရေးအပါဆုံးသော ဂိုဏ်းခွဲမှ ပထမဆုံးသော ခံစစ်ဖြစ်သည်။ ထို့ကြောင့် ထိုသူများ၏သိုင်းပညာသည် ထိပ်တန်းအဆင့်တွင် ရှိနေကြသည်။
အားဖေက အသက်ပြင်းပြင်းရှူရှိုက်ပြီး ပြောဆိုလိုက်၏။ “ကျုပ်လူမသတ်ချင်ဘူး။ ဒါပေမဲ့ ကျုပ်သွားမယ့်လမ်းကို ပိတ်ဆို့ထားသူမှန်မသမျှကိုတော့ အလွတ်ပေးမှာမဟုတ်ဘူး။”
အေးစက်သောစကားသံတစ်သံ ထွက်ပေါ်လာ၏။ “ကျုပ်တို့ မင်းကိုသိပါတယ်။ လမ်းပိတ်ထားတယ်ဆိုရင်ကော မင်းဘာများတတ်နိုင်ဦးမှာလဲ။”
အားဖေ-“ဒါဆိုရင်တော့ မင်းတို့သေကြပေါ့။”
ထိုအသံရှင်ကရယ်မောပြီး ခနဲ့လိုက်၏။ “မင်း ခွေးတစ်ကောင်ကိုတောင် မသတ်နိုင်ပါဘူးကွာ။”
အားဖေ-“ကျုပ် ခွေးတွေကိုမသတ်ဘူး။ ပြီးတော့ ခင်ဗျားဟာလဲ ခွေးတစ်ကောင်မဟုတ်ဘူး။”
မည်သည့်ဓားရိပ်မျှ မထွက်ပေါ်လာခဲ့ပါ။ အဘယ်ကြောင့်ဆိုသော် ဝါးဓားတွင် အရောင်ပြန်သော လင်းလက်မှုများ မရှိနေ၍ဖြစ်သည်။
သို့သော် ဝါးဓားသည် လူသတ်နိုင်သော ဓားတစ်လက်ဖြစ်၏။ အားဖေ၏လက်ထဲတွင် ကိုင်ဆောင်ထားသမျှ လူသတ်နိုင်၏။
ခုနလေးက စကားပြောဆိုနေသူ၏ ရယ်မောသံပင်မဆုံးသေး... အားဖေ၏ဓားက ထိုသူ၏လည်မျိုကို ထိုးဖောက်ဝင်ရောက်သွားတော့သည်။
ယခုသော် ဝါးဓားသည် အရောင်တောက်လာခဲ့ချေပြီ။
သွေးနီနီများဖြင့် အရောင်တောက်ပလာခဲ့ချေပြီ။
တရားသူကြီးစုတ်တံ၊ သံချိတ်ညီနောင်၊ သံကွင်း၉ကွင်းဓားမော့နှင့် အခြားလက်နက် ၅ မျိုးတို့သည် ပြင်းထန်သောအဟုန်ဖြင့် အားဖေထံသို့ တိုးဝင်လာခဲ့တော့၏။
ထက်မြည့်လှသော ဓားမော့နှစ်ချောင်းက အားဖေ၏လက်ထဲတွင်ကိုင်ဆောင်ထားသော ဝါးဓားကို ခုတ်ဖြတ်ရန်ဦးတည်လာခဲ့ကြ၏။
စွန်းရှောင်းဟုန် တော်တော်လေးစိုးရိမ်ပူပန်မိသွားခဲ့သည်။ အားဖေ၏ တိုက်ပွဲအတွေ့အကြုံများ သိပ်များများစားစားရှိလှသည်မဟုတ်။ နောက်ပြီး သူတိုက်ခိုက်ခဲ့သည်များမှာ တစ်ယောက်ချင်း မျက်နှာချင်းဆိုင် တိုက်ခိုက်ခဲ့ခြင်းများသာ ရှိခဲ့၏။ ဤကဲ့သို့သော အုပ်စုလိုက်ကြီးဖြင့် ဝိုင်းဝန်းတိုက်ခိုက်လာသော လူသတ်သမားများကို အားဖေ ဘယ်တုန်းကမှ မရင်ဆိုင်ခဲ့ဖူးချေ။
အားဖေ၏ဓားသည် တစ်ယောက်ချင်းအတွက်ဆိုလျှင် လွန်စွာလျင်မြန်နိုင်သည်ဖြစ်သော်လည်း လူအများနှင့်ဆိုလျှင် ယခင်တုန်းကလောက် လျင်မြန်နိုင်ပါဦးမည်လား...
စွန်းရှောင်းဟုန်သည် တိုက်ပွဲတွင်းသို့ ခုန်ဝင်သွားပြီး အားဖေကို အကူအညီပေးချင်စိတ်များ ဖြစ်ပေါ်နေမိတော့သည်။
သို့သော် သူမ ဘာမှမလှုပ်ရှားနိုင်သေးခင်တွင်ပင် လူ ၃ ယောက်လဲကျသွားသည်ကို မြင်တွေ့လိုက်ရ၏။
ဓားမော့နှစ်လက်သည် အားဖေ၏ဝါးဓားကို ခုတ်ဖြတ်သွားကြောင်း သူမ၏မျက်စိနှင့် တပ်အပ်ကြီးမြင်တွေ့ခဲ့ရပါသည်။ သို့သော် လဲကျသွားသူများသည် အားဖေမဟုတ်ဘဲ ထိုသူများသာဖြစ်နေကြောင်းကိုတော့ သူမသဲကွဲစွာမမြင်တွေ့နိုင်ခဲ့ပါ။
တရားသူကြီးစုတ်တံကိုင်ဆောင်ထားသူသာ ဘာဖြစ်သွားခဲ့မှန်းကို သိနိုင်ခဲ့၏။
သူ၏သွေးကြောပိတ် ထိုးနှက်တိုက်ခိုက်ချက်များသည် လွန်စွာမှပင် တိကျလှသလို အားအင်လည်း ပြင်းထန်လွန်းသည်။ အားဖေကို သူ့လက်နက်ဖြင့် ထိထိမိမိကြီး ထိုးပိတ်မိသွားသည်ဟု သူယုံကြည်ထားခဲ့၏။
သို့သော် သူ၏သံမဏိစုတ်တံသည် အားဖေကို ထိတော့မည့်ဆဲဆဲတွင် သူ့ထံ၌အားအင်များ ရုတ်တရက် ပျောက်ဆုံးသွားခဲ့ကြောင်းကို ခံစားလိုက်ရလေသည်။
ဝါးဓားသည် သူ၏လည်မျိုကို ထိုးဖောက်ဝင်ရောက်ခဲ့သောကြောင့်ဖြစ်၏။
အားဖေသည် သူ့ထက်အလွန်လျင်မြန်ခြင်းမရှိခဲ့ပါ။ သို့သော် နှာတစ်ဖျားလေးလောက်တော့ လျင်မြန်နိုင်ခဲ့ပါသည်။
ထိုနှာတစ်ဖျားသော လျင်မြန်မှုလေးက လုံလောက်ပါသည်။
စွန်းရှောင်းဟုန်သည် တိုက်ပွဲတွင်းသို့ ခုန်ပျံဝင်ရောက်လာခဲ့ပြီဖြစ်သည်။ သူမ၏ခန္ဓာကိုယ်လေးသည် လိပ်ပြာတစ်ကောင် ပျံဝဲနေသလို လူးလွန့်ပြီး တိုက်ခိုက်နေ၏။
သိုင်းလောက၏ အမျိုးသမီးသိုင်းသမားများတွင် များသောအားဖြင့် ကိုယ်ဖော့ပညာနှင့် လက်နက်ပုန်းပစ်ပညာရပ်များကို ကျွမ်းကျင်ကြသူများသည်။ ထိုပညာရပ်များတွင် ကျွမ်းကျင်မှုအနည်းငယ်သာလိုအပ်ပြီး အားအင်စိုက်သုံးစရာ သိပ်မလိုအပ်ချေ။ အတွင်းအားအလွန်သန်မာပြီး လက်ဝါးစောင်းသိုင်းပညာဖြင့် တိုက်ခိုက်တတ်သော အမျိုးသမီးများကို တွေ့ရခဲ၏။
စွန်းရှောင်းဟုန်သည်လည်း ခြွင်းချက်မဟုတ်ပါ။
သူမ၏လက်နက်ပုန်းများကို အလွန်လျင်မြန်လှသောနှုန်းဖြင့် ပစ်လွှတ်နေ၏။ သူမ၏လှုပ်ရှားမှုများကို ပို၍ပင်မြန်ဆန်နေသေး၏။ သူမ၏ခြေရွှေ့ကွက်များက လွန်စွာမှပင်ရှုပ်ထွေးနေပြီး သူမကိုဖမ်းမိနိုင်ရန် အလွန်ပင်ခက်ခဲမည်ဖြစ်သည်။
အားဖေ၏ဓားသည် တစ်ယောက်ချင်းရင်ဆိုင်တိုက်ခိုက်ရာတွင် လျင်မြန်တိကျလွန်းမည်ဖြစ်သော်လည်း လူအုပ်စုကြီးကို တိုက်ခိုက်ရာတွင် တိကျလျင်မြန်မှုများ မရှိနိုင်တော့ဟု စွန်းရှောင်းဟုန် ယုံကြည်ထားဆဲဖြစ်၏။
အားဖေ ဓားကိုအသုံးပြုနေပုံမှာ လွန်စွာမှာပင် သီးခြားဆန်နေ၏။ သိုင်းလောကရှိ ဓားသိုင်းပညာရပ်များနှင့်စာလျှင် လုံးဝခြားနားနေသည်။
အဘယ်ကြောင့်ဆိုသော် သူ၏လှုပ်ရှားမှုတိုင်းတွင် ဓားဖြင့်ခုတ်ဖြတ်ခြင်း၊ ဝိုက်ခုတ်ခြင်းများလုံးဝမပါရှိချေ။ ဓားဖြင့်ထိုးသွင်းခြင်းသာဖြစ်၏။
ထိုးသွင်းခြင်းဆိုသည်မှာ ရှေ့သို့ဆက်တိုက်ထိုးသွင်းနေရမည်ဖြစ်၏။
သို့သော် ထူးဆန်းနေသည်မှာ အားဖေသည် မည်သည့်ဦးတည်ချက်ကိုမဆို သူ့ဓားဖြင့်ထိုးသွင်းနိုင်နေ၏။ မည်သည့်ခန္ဓာကိုယ်အနေအထားနှင့်မဆို ထိုးသွင်းနိုင်နေ၏။
သူ့ထိုးသွင်းချက်များက သူ၏ရင်ဘတ်ဆီမှလည်း ထွက်ပေါ်လာနိုင်၏။ သူ၏ခြေထောက်များမှလည်း ထွက်ပေါ်လာနိုင်သလို သူ၏နားရွက်အနောက်နားမှပင် ထွက်ပေါ်လာနိုင်နေသေး၏။
ရှေ့သို့ထိုးသွင်းနိုင်သလို နောက်ပြန်လည်း ထိုးသွင်းနိုင်၏။ ဘယ်ဘက်သို့ထိုးသွင်းနိုင်သလို ညာဘက်သို့လည်း ရုတ်ချည်းထိုးသွင်းနိုင်နေပြန်သည်။
ရုတ်တရက်... အားဖေ၏နောက်ကျောဘက်သို့ လူတစ်ယောက်လူးလှိမ့်ဝင်လာခဲ့သည်။ ထိုသူ၏ ဓားချက်များက လူးလှိမ့်နေရင်းပင် လင်းလက်စွာထွက်ပေါ်လာပြန်သည်။
‘မြေလူးဓားမော့သိုင်း’
ထိုဓားမော့သိုင်းပညာကို လေ့ကျင့်နိုင်ရန် လွန်စွာမှပင် ခက်ခဲလှသည်။ သို့သော် လေ့ကျင့်ပေါက်မြောက်နိုင်ခဲ့မည်ဆိုလျှင် လွန်စွာမှပင် ကြောက်မက်ဖွယ်ကောင်းသော ပညာရပ်လည်းဖြစ်နေပြန်သည်။
သို့သော် အားဖေ၏နောက်စေ့တွင် မျက်လုံးများပါရှိနေသည့်အလား... သူ့ရှေ့သို့ထိုးသွင်းလာသော လှံတံကိုရှောင်လိုက်ပြီး သူ့ခါးကြား... သိပ်ကိုကျဉ်းမြောင်းသော ထောင့်လေးမှ ဝါးဓားကို နောက်ပြန်ထိုးသွင်းလိုက်ရာ မြေလူးဓားမော့ဖြင့် လူးလှိမ့်ဝင်လာသူ၏ လည်မျိုကို ထိုးဖောက်သွားခဲ့ပြန်သည်။
ထိုအချိန်လေးတွင် လှံတံသိုင်းသမားနောက်မှ လူတစ်ယောက် ခုန်ပျံဝင်ရောက်လာပြန်သည်။ သူ၏လက်နှစ်ဘက်လုံးတွင် လက်နက်တစ်ခုစီကိုင်ဆောင်ထားပြီး ‘တောင်ဖြိုတွန်းတိုက်ဟန်’ ဖြင့် အားဖေကို အပေါ်စီးမှ တိုက်ခိုက်လာခဲ့၏။ သူ့လှုပ်ရှားမှုက ထူးခြားဆန်းပြားသလို သူ့လက်နက်ကလည်း ထူးဆန်းလွန်းနေသည်။
သူကိုင်ဆောင်ထားသော လက်နက်များသည် ‘မီးငှက်တောင်ပံဖြန့်သံတုတ်တို’ များဖြစ်နေကြ၏။
ထိုလက်နက်မျိုးသည် အလွန်ရှားပါးသောလက်နက်မျိုးလည်းဖြစ်၏။ တုတ်တံ၏ကိုယ်ထည်နေရာတွင် လိုင်းကြောင်းများ ထွင်းထုထားပြီး တွန့်ကွေးနေ၏။ တုတ်တံတိုဖြင့် ရန်သူကိုတွန်းထုတ်နိုင်သလို ကျန်တွန့်ကွေးနေသော တစ်ဘက်ဖြင့် ရန်သူကိုချိတ်ဆွဲယူသွားနိုင်သေး၏။
ထိုတုတ်တံဖြင့် အတိုက်ခိုက်ခံရသူသည် တစ်စစီစုတ်ပြတ်သွားမည်ဖြစ်သည်။
အားဖေအတွက် နောက်သို့လှချပြီး ထိုတိုက်ခိုက်လာမှုကို မြေပြင်တွင် လူးလှိမ့်ရှောင်တိမ်းသွားစရာ တစ်နည်းထဲသာကျန်ရှိနေတော့၏။
သို့သော် သူထိုသို့ရှောင်တိမ်းသွားခဲ့ပါက လက်ဦးမှုရယူထားသော သူ၏တိုက်ခိုက်မှုအားလုံးကို ဆုံးရှုံးသွားရမည်ဖြစ်ပြီး နောက်ထပ် လက်နက်ပေါင်းစုံ သူ့ထံသို့တစ်ပြုံကြီး ဝင်ရောက်လာနိုင်၏။
ပြီးနောက် ထိုတိုက်ခိုက်လာသူကိုလည်း သူထိပ်တိုက်ရင်ဆိုင်နိုင်ရန် မဖြစ်နိုင်ပါ။ ‘မီးငှက်တောင်ပံဖြန့်သံတုတ်တို’များက သူ့ဝါးဓားအပါအဝင် သူ့ခန္ဓာကိုယ်တစ်ခုလုံးကို တစ်စစီစုတ်ဖြဲသွားပေလိမ့်မည်။
ထိုအခြင်းအရာကို မြင်တွေ့နေကြသူတိုင်းအတွက် အားဖေသည် ရှောင်တိမ်းသွားရမည်ဟု ထင်မြင်ယူဆထားကြ၏။
သို့သော် အားဖေကိုကြည့်ရသည်မှာ ကြံရာမရဖြစ်သွားပြီး သူ၏ခန္ဓာကိုယ်တစ်ခုလုံး လေထဲသို့ပျံတက်သွားခဲ့၏။
စွန်းရှောင်းဟုန်၏ မျက်စိထောင့်မှ ထိုအခြင်းအရာကို မြင်တွေ့ခဲ့ပြီး အာမေဋိတ်သံဖြင့် လှမ်းအော်ရန် နှုတ်ခမ်းများလှုပ်ခတ်သွားခဲ့ရသည်။
တစ်ချိန်ထဲမှာပင် အားဖေ၏ဝါးဓားသည် သူ၏ပေါင်ခွကြားမှ အောက်သို့စိုက်ဆင်းလာပြီး မီးငှက်တောင်ပံဖြန့်သံတုတ်ညီနောင်သည်လည်း အပေါ်သို့ ထောင်တက်လာခဲ့၏။
‘ရွှပ်’
အားဖေ၏ဝါးဓားထိပ်ဖျားက သံတုတ်လက်နက်ကိုင်ဆောင်သူ၏ လည်မျိုကို ထိုးဖြတ်သွားပြန်သည်။
မီးငှက်တောင်ပံဖြန့်သံတုတ်ညီနောင်သည် အားဖေ၏နောက်ကျောဘက်သို့ လက်မအနည်းငယ်သာ ကွာဝေးတော့သည်။ သို့သော် လက်နက်ကိုင်ဆောင်သူသည် သူ၏လည်ပင်းမှ ထူးဆန်းသောခံစားမှုများ ထွက်ပေါ်လာခဲ့ရပြီး မြေကြီးပေါ်သို့ လဲကျသွားတော့၏။ သူ့ထံတွင် ရှိသမျှအားကိုအသုံးပြုပြီး သူ၏လက်နက်များကို နောက်ထပ်တစ်လက်မပင် ရှေ့သို့ထပ်မတိုးနိုင်တော့ပါ။
သူ၏ခန္ဓာကိုယ်တစ်ခုလုံး၏ ကြွက်သားများ တွန့်ဆိုင်းသွားခဲ့ရပြီး သူ၏မျက်လုံးများသည်လည်း မျက်လုံးအိမ်ထဲမှ ပြူးထွက်လာကြသည်။ သူ၏ခြေထောက်တစ်ခုလုံး အေးစက်သွားခဲ့ပြီး သူ၏ဒွာရပေါက်များမှ သေးများ၊ ချေး(ချီး)စိမ်းများ ပန်းထွက်လာကြသည်။ သူ၏ခြေထောက်များသည်လည်း တွန့်လိမ်ကောက်ကွေးသွားခဲ့ကြပြီး မြေကြီးပေါ်တွင် ခွေခွေလေးလဲကျသွားတော့သည်။
သူ၏မျက်နှာထက်တွင် လွန်စွာကြောက်လန့်နေသော အမူအရာများသာ ထွက်ပေါ်နေလေ၏။
ဤလောကကြီးထဲတွင် ဤမျှလျင်မြန်ပြီး တိကျသေသပ်သော ဓားတစ်လက်ပိုင်ရှင် ရှိနေကြောင်းကို သူမယုံကြည်နိုင်ပါ။
သို့သော် ယခုအချိန်တွင်တော့ သူမငြင်းဆန်နိုင်တော့ပါ။
ထိုနေရာရှိ အရပ်မျက်နှာအားလုံးတွင် ရုတ်တရက်ကြီး တိတ်ဆိတ်ငြိမ်သက်သွားကြ၏။
မီးငှက်တောင်ပံဖြန့်သံတုတ်ညီနောင်လက်နက် ကိုင်ဆောင်သူ၏အဖြစ်ကို လူတိုင်းပင် ပါးစပ်အဟောင်းသားဖြင့် ငေးကြောင်ကြည့်နေကြ၏။ ထိုသူ့ထံမှထွက်ပေါ်လာသော ပြင်းထန်ဆိုးရွားသည့် အနံ့ဆိုးများကိုလည်း လူတိုင်းရှူရှိုက်မိနေကြသည်။
တချို့လူများသည် သူတို့၏ဝမ်းဗိုက်ထဲမှ ပျို့တက်လာသော အရာများကို မထိန်းသိမ်းနိုင်ကြတော့ဘဲ ကွေးကောက်စွာ အော့အန်နေကြတော့သည်။
ထိုသူများ အော့အန်နေကြသည်မှာ ဆိုးရွားသောအနံ့ဆိုးများကြောင့်မဟုတ်ချေ။ ကြောက်ရွံ့ထိတ်လန့်လွန်းသောကြောင့် ဖြစ်၏။ ‘သေခြင်းတရား’ ဆိုသည်မှာ ဘယ်လောက်အထိကြောက်မက်ဖွယ်ကောင်းကြောင်း သူတို့ မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ကြသည်မဟုတ်ပါလား။
သူတို့သည် သေရမှာကိုကြောက်ရွံ့တတ်သူများလည်း မဟုတ်ကြပါ။ သို့သော် ဤနည်းဖြင့်တော့ အသေမခံနိုင်ကြချေ။ သိပ်ကို ရက်စက်လွန်းနေ၏။
အားဖေ နောက်ထပ်လှုပ်ရှားမှုတစ်ခုမှ မပြုလုပ်ခဲ့ချေ။ သူ့နားတွင် ဝိုင်းနေသောလူအုပ်ထဲမှ တိုးထွက်လိုက်၏။
အဝါရောင်ဝတ်ဆင်ထားသူ ၉ ဦးတိတိကျန်ရှိနေပြီး သူတို့ကိုအားဖေ ဖြတ်ကျော်ထွက်သွားသည်ကို ငေးစိုက်ကြည့်နေကြ၏။
တစ်ယောက်သောသူက ခါးကုန်းပြီးထိုးအန်နေ၏။ နောက်တစ်ယောက်က ကျယ်လောင်စွာ အော်ဟစ်ငိုကြွေးနေသည်။ နောက်တစ်ယောက်ကတော့ မြေကြီးပေါ်လဲကျသွားခဲ့ပြီး သူ၏ခန္ဓာကိုယ်တစ်ခုလုံး တွန့်လိမ်ကောက်ကွေးနေတော့၏။
သူတို့ထဲမှ လူတစ်ယောက်သည် အနီးဆုံးအိမ်သာသို့ ပြေးထွက်သွားခဲ့ပြန်၏။
စွန်းရှောင်းဟုန်သည်လည်း မအော့အန်ဘဲ... မငိုကြွေးဘဲ နေနိုင်ပါမည်လော... သူမ၏နှလုံးအိမ်ထဲတွင် ကြောက်ရွံ့ထိတ်လန့်မှုများသာ ရှိနေရသည်မဟုတ်... ဝမ်းနည်းစိုးရိမ်စိတ်များလည်း ပေါ်ပေါက်နေရလေသည်။ လူသားတစ်ယောက်၏ဘဝနှင့် အသက်ရှင်သန်မှုကြီးသည် မည်မျှလောက်တောင်မှ တန်ဖိုးမရှိဘဲ ရွံ့ရှာစက်ဆုတ်ဖွယ်ကောင်းနေကြောင်း သူမကိုယ်တိုင် မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ရသည်မဟုတ်ပါလား။
အားဖေသည် ရှေ့သို့သာလျှောက်သွားနေ၏။ သူ့လက်ထဲတွင်ကိုင်ဆောင်ထားသည်မှာ ဝါးဓားတစ်ချောင်း...
ဝါးဓား၏ဓားထိပ်ဖျားမှ သွေးများတစက်စက် ယိုစီးကျနေ၏။
ထိုဓားသည် လူတစ်ယောက်၏အသက်ကို နှုတ်ယူသွားနိုင်ရုံမကသေး... လူတစ်ယောက်၏ မာနနှင့် ဂုဏ်သိက္ခာကိုပါ ချွတ်ယူသွားနိုင်လေသည်။
ဓားသည် ရက်စက်လွန်းပြီး ကရုဏာမဲ့လွန်းလှ၏။
သို့သော် ဓားကိုင်ဆောင်သူသည်ကော...
လမ်းအဆုံးတွင် ကြီးမားသောတံခါးကြီးတစ်ချပ် အားဖေရှေ့၌ ပိတ်ဆို့နေ၏။
တံခါးသည် တင်းစေ့စွာပိတ်ဆို့ထား၏။ အတွင်းဘက်ကို ပြင်ပလောကနှင့် အဆက်အသွယ်ဖြတ်ထားသလိုမျိုးလည်း ဖြစ်နေပြန်သည်။
ထိုနေရာသည် စန့်ကွမ်းကျင်းဟုန်၏ သီးသန့်အဆောင်ဖြစ်၏။ စန့်ကွမ်းကျင်းဟုန်သည် အထဲတွင်ရှိနေသလို လီဆွန်းဟွာသည်လည်း ရှိနေ၏။
စန့်ကွမ်းကျင်းဟုန် မထွက်လာသေးပါ။ ထို့ကြောင့် လီဆွန်းဟွာသည်လည်း မသေဆုံးခဲ့ရသေးပါ။
စွန်းရှောင်းဟုန်သည် စိတ်လှုပ်ရှားစွာ ခံစားနေရပြီး တံခါးရှေ့သို့ပြေးသွားလိုက်တော့သည်။
သို့သော် တံခါးရှေ့ရောက်သည်နှင့် သူမ၏ခန္ဓာကိုယ်တစ်ခုလုံး တောင့်တင်းအေးစက်သွားတော့သည်။
တံခါးကြီးသည် သံမဏိဖြင့်ဆောက်လုပ်ထားခြင်းဖြစ်ပြီး အနည်းဆုံးတစ်ပေခန့်အထူရှိ၏။ ဤလောကထဲတွင် မည်သူမျှ တံခါးကြီးကို မချိုးဖျက်နိုင်ပါ။
သေချာသည်မှာ စန့်ကွမ်းကျင်းဟုန်သည် သူတို့ဝင်လာနိုင်ရန် အထဲမှတံခါးဖွင့်ပေးလိမ့်မည်မဟုတ်ပါ။
စွန်းရှောင်းဟုန် ရုတ်တရက် မိုက်ခနဲဖြစ်သွား၏။ သူမသည် လေထဲတွင်ရောက်ရှိနေပြီး အဆုံးမဲ့သော ချောက်ကမ်းပါးကြီးထဲသို့ ပြုတ်ကျနေသလိုမျိုး ခံစားနေရ၏။
သူမသည် မတ်မတ်မရပ်နိုင်တော့ဘဲ တံခါးကြီးရှေ့တွင် ပုံလျက်သားလဲကျသွားတော့သည်။ ပြီးနောက် မျက်ရည်ပူများ စီးကျလာခဲ့တော့၏။
သူမ၏အစီအစဉ်များ လုံးဝအသုံးမဝင်ခဲ့တော့ချေ။ သူမကြိုးစားခဲ့သမျှ ဘာမှအရာမထင်ခဲ့ရတော့ပါ။
အစကတည်းက တစ်စုံတစ်ခုမှားယွင်းနေခဲ့ရလျှင် မည်မျှကောင်းလိုက်ပါမည်နည်း။ သို့သော် ဤမျှနီးကပ်စွာ ရောက်လာနိုင်ခဲ့ပြီးမှ မကျော်လွှားနိုင်သော အဟန့်အတားကြီးနှင့် ကြုံတွေ့လိုက်ရသောအခါတွင်မူ သူမနှလုံးသား ကွဲကြေသွားရတော့သည်။
ထိုသို့သော အဖြစ်အပျက်မျိုးက ခံစားရန်အလွန်ခက်ခဲသော အဖြစ်အပျက်မျိုးလည်းဖြစ်ပြန်၏။
တံခါးရှေ့တွင် ငြိမ်သက်စွာရပ်နေသော အားဖေထံမှ တောရိုင်းတိရိစ္ဆာန်တစ်ကောင်လို မာန်ဖီသံကြီး ဟိန်းထွက်လာခဲ့ပြီး တံခါးဆီသို့ ပြင်းထန်သောအဟုန်ဖြင့် ပြေးဝင်သွားလေသည်။
တံခါးမှ အားဖေပြန်လည်လွင့်စင်လာခဲ့ပြီး တံခါးရှေ့ ကြမ်းပြင်ပေါ်တွင် လဲကျသွားခဲ့ရ၏။ အားဖေ အလျှော့မပေးသေးပါ။ နောက်တစ်ကြိမ်ပြန်ထလာပြီး သူ့လက်ထဲတွင်ကိုင်ဆောင်ထားသော ဝါးဓားဖြင့် တံခါးကြီးကို အားကုန်သုံးထိုးစိုက်လိုက်ပြန်၏။
ဝါးဓား ကျိုးသွားခဲ့လေတော့သည်။
ဤလောကထဲရှိ မည်သည့်ဓားတစ်လက်မျှ ထိုတံခါးကြီးကို မထိုးဖောက်နိုင်ပါ။ ဝါးဖြင့်ပြုလုပ်ထားသော ဓားတစ်လက်ဆိုပါက ပို၍အလှမ်းဝေးနေသေး၏။
0 comments:
Post a Comment