Thursday, March 10, 2011

(၈၆) သွေးဖြင့်ဆေးကြောသုတ်သင်ခြင်း

ကျယ်ပြောပြီး ကြီးကျယ်ခန့်ငြားသော ခြံဝင်းကြီးဖြစ်၏။

ဤခြံဝင်းကြီးသည် အခြားသော ကြွယ်ဝချမ်းသာသူများ၏ ခြံဝင်းကျယ်ကြီးနှင့် ဘာမျှမခြားနားပါ။

သို့သော် ထိုခြံဝင်းကြီးထဲသို့ ခြေတစ်လှမ်းချလိုက်သည်နှင့် သေမင်း၏ရနံ့များကို ရုတ်ချည်းရှူရှိုက်ခံစားသွားရမည်ဖြစ်၏။

လောင်ရှောင်း၄ယွန်သည် ခြံဝင်းရှေ့လှေကားများပေါ်သို့ပင် ရောက်ရှိနေခဲ့လေပြီ။

အရာအားလုံးသည် သေခြင်းတရား၏အရိပ်အငွေ့များဖုံးလွှမ်းနေပြီး ကြောက်လန့်စရာကောင်းလောက်အောင် တိတ်ဆိတ်ငြိမ်သက်နေ၏။ ခြံဝင်းထဲတွင် မည်သည့်သက်ရှိလူသားတစ်ယောက်မျှ မတွေ့ရပါ။ သို့သော် လောင်ရှောင်း၄ယွန် ပထမဆုံးလှေကားထစ်ပေါ်သို့ ခြေချလိုက်မိသည်နှင့် လူတစ်အုပ်ထွက်ပေါ်လာတော့သည်။

လူ ၁၈ ယောက်... အဝါရောင်ဝတ်စုံများ ဝတ်ဆင်ထားကြသည်။ ထိုသူများ၏မျက်နှာများကို လောင်ရှောင်း၄ယွန် မတွေ့နိုင်ပါ။

ထိုအချက်ကသူ့အတွက် အရေးမကြီးပါ။ ထိုသူများ၏မျက်နှာများကို တစ်ယောက်ချင်းလိုက်ကြည့်နေပြီး မည်သူကတော့ ဘယ်သူဘယ်ဝါဖြစ်သည်ဆိုသည်ကို ခွဲခြားနေဖို့ သူ့ထံတွင်အချိန်မရှိပါ။ ထို့ပြင် ရွှေဒင်္ဂါးဂိုဏ်း၏ ဂိုဏ်းဝင်များသည် တစ်ယောက်နှင့်တစ်ယောက် ဆင်တူစွာရှိနေတတ်ကြသည်မဟုတ်ပါလား။



သူတို့အားလုံးထံတွင် ပါးစပ်ပေါက်များလည်းမပါရှိကြပါ။ အဘယ်ကြောင့်ဆိုသော် သူတို့စကားပြောဆိုရန် မလိုအပ်သောကြောင့်ဖြစ်၏။ သူတို့သာစကားပြောဆိုလာကြမည်ဆိုပါကလည်း သူတို့၏စကားသံများသည် စန့်ကွမ်းကျင်းဟုန်၏ စကားသံများသာဖြစ်နေလိမ့်မည်ဖြစ်၏။

သူတို့ထံတွင် မျက်စိများလည်းမပါရှိကြပါ။ အဘယ်ကြောင့်ဆိုသော် သူတို့မြင်တွေ့စရာမလို၍ဖြစ်၏။ သူတို့မြင်တွေ့နေသမျှအရာအားလုံးသည် စန့်ကွမ်းကျင်းဟုန်က သူတို့ကိုမြင်စေချင်သည့်အရာများသာဖြစ်၏။

သူတို့ထံတွင် နားရွက်သေးသေးလေးများ တစ်စုံစီပိုင်ဆိုင်ထားကြ၏။ အဘယ်ကြောင့်ဆိုသော် သူတို့ကြားရမည့်တစ်ခုတည်းသော အသံမှာ စန့်ကွမ်းကျင်းဟုန်၏အမိန့်ပင်ဖြစ်၏။

သူတို့ထံတွင် အသက်ဝိညာဉ်များလည်း မရှိနေကြပါ။ ထို့ကြောင့်သူတို့သည် လွန်စွာမှပင်လျင်မြန်ကြလေသည်။ ခဏလေးအတွင်း၌ပင် လောင်ရှောင်း၄ယွန်ကို ဝိုင်းရံထားလိုက်ကြ၏။

လောင်ရှောင်း၄ယွန် အသက်ပြင်းပြင်းတစ်ချက်ရှူပြီး ပြောဆိုလိုက်၏။ “ကြည့်ရတာ ရွှေဒင်္ဂါးဂိုဏ်းရဲ့ ဌာနချုပ်က ဒီမှာရှိနေတာကိုး...”

တစ်စုံတစ်ယောက်က မေးမြန်းလိုက်၏။ “ခင်ဗျားကဘယ်သူလဲ။ ဒီကိုဘာလာလုပ်တာလဲ။”

လောင်ရှောင်း၄ယွန်-“ကျုပ်လူတစ်ယောက်ကိုလာရှာတာပါ။”

တစ်စုံတစ်ယောက်-“ခင်ဗျားကဘယ်သူ့ကို လာရှာတာလဲ။”

လောင်ရှောင်း၄ယွန်-“မင်းတို့ရဲ့ခေါင်းဆောင်ကြီး စန့်ကွမ်းကျင်းဟုန်ပြန်ရောက်ပြီလား။”

စန့်ကွမ်းကျင်းဟုန်ဆိုသော စကားလုံးသည် သူတို့အတွက်ညှို့ဓာတ်ပြင်းလွန်းလှသည်။ ထိုစကားလုံးကို ကြားကြားလိုက်ခြင်းပင် သူတို့၏ခန္ဓာကိုယ်များအားလုံး တောင့်တင်းတည့်မတ်သွားကြတော့၏။

“ခေါင်းဆောင်ကြီးပြန်ရောက်လာပါပြီ... ခင်ဗျားက...”

လောင်ရှောင်း၄ယွန်-“ကျုပ်သူနဲ့တွေ့ချင်တယ်။ ကျုပ်ဆီမှာ သူ့ကိုပေးစရာပစ္စည်းတစ်ခုလည်း ရှိနေတယ်။”

“ဒီနေရာမှာခဏလောက်စောင့်နေပါ။ ခေါင်းဆောင်ကြီးမှာ ဧည့်သည်တွေနဲ့တွေ့ဆုံစကားပြောဖို့ အချိန်မရှိသေးပါဘူး။”

လောင်ရှောင်း၄ယွန်က သက်ပြင်းချပြီး မေးမြန်းလိုက်၏။ “အထဲမှာ လီဆွန်းဟွာရှိနေလို့လား။”

“ဟုတ်တယ်။”

လောင်ရှောင်း၄ယွန်-“ဒါဆိုရင်တော့ ကျုပ်သူ့ကိုခုချက်ချင်းတွေ့မှဖြစ်မယ်။”

“ဧည့်သည်တော်ကြီးရဲ့နာမည်လေး တဆိတ်လောက်သိပါရစေလား။”

“ကျုပ်ရဲ့မျိုးရိုးနာမည်က ‘လောင်’၊ ကျုပ်ဆီမှာသိပ်ပြီးအရေးကြီးတဲ့ပစ္စည်းတစ်ခု ခေါင်းဆောင်ကြီးကို ပေးဖို့ရှိနေတယ်။ ခင်ဗျားတို့သာ ဒီကိစ္စကို နှောင့်နှေးကြန့်ကြာစေခဲ့မယ်ဆိုရင် ဖြစ်လာတဲ့ပြဿနာတွေအားလုံး ခင်ဗျားတို့ခေါင်းပေါ်မှာ ကျရောက်သွားလိမ့်မယ်။”

“ခင်ဗျားရဲ့မျိုးရိုးနာမည်က ‘လောင်’၊ ပြီးခဲ့တဲ့ရက်တွေတုန်းက ခေါင်းဆောင်ကြီးနဲ့ သွေးသောက်ညီအစ်ကိုဖွဲ့ခဲ့တာ ခင်ဗျားလား။”

လောင်ရှောင်း၄ယွန်-“ဟုတ်တယ်။”

သူ၏ ‘ဟုတ်တယ်’ ဆိုသောစကားထွက်ပေါ်လာပြီးပြီးချင်းပင် သူ့ထံသို့ အေးစိမ့်သောဓားလှိုင်းများ ဝင်ရောက်လာခဲ့တော့၏။

ဓားမော့တစ်လက်နှင့် ဓားရှည်နှစ်လက်တို့သည် လင်းလက်စွာဖြင့် သူ့ထံလျင်မြန်စွာ တိုးဝင်လာခဲ့ကြ၏။

လောင်ရှောင်း၄ယွန် ထိတ်လန့်တကြား အော်ဟစ်မေးမြန်းလိုက်၏။ “ဒါဘာသဘောလဲကွ...”

သူ၏လေသံက ကျယ်လောင်ပြတ်သားလှသော်လည်း မည်သူမျှနားမထောင်နေကြပါ။ သူ့ကိုတုံ့ပြန်စကားပြောဆိုရန်လည်း မည်သူမျှဂရုမစိုက်ကြပါ။

လောင်ရှောင်း၄ယွန်သည် ကျယ်လောင်စွာမာန်သွင်းပြီး လက်သီးများ မိုးစက်မိုးပေါက်များလို ပစ်လွှတ်လိုက်တော့၏။

သူ၏သိုင်းပညာမနိမ့်ပါ။ သူ၏လက်သီးများသည်လည်း အားအင်ပြင်းထန်လွန်းပြီး လျင်မြန်လှပါသည်။ လက်သီးတစ်လုံးချင်းစီတွင် ကျားတစ်ကောင်၏ ပုတ်ခတ်အားများ ပါဝင်ခဲ့ပါသည်။

သို့သော် သူ့ထံတွင်လက်သီးတစ်စုံသာ ရှိနေလေသည်။

ရန်သူ့ထံတွင် လက်နက်ပေါင်း ၂ဝ ခန့်ရှိနေ၏။ အမျိုးအစားလည်းစုံလင်လှသည်။ ချိတ်ကြီးတစ်ချောင်းအပါအဝင် ဓားရှည်ညီနောင်၊ ကျာပွတ်ညီနောင်နှင့် စုတ်တံညီနောင်တို့ ပါဝင်ကြလေသည်။

စုတ်တံသည်အတိုဆုံးလက်နက်ဖြစ်၏။ သို့သော်အန္တရာယ်အကြီးဆုံးသော လက်နက်လည်းဖြစ်နေပြန်သည်။ စုတ်တံလက်နက်ဖြင့် တိုက်ခိုက်နေသူမှာ ဒဏ္ဍာရီလိုကျော်ကြားလှသော ‘အသက်သခင်ဓား’ ၏မျိုးဆက်သစ်ဖြစ်၏။ ထိုဓားသမားသည် ဓားဖြင့်တိုက်ခိုက်ခဲ့သော်လည်း သွေးကြောပိတ်ပညာရပ်ကို ဦးစားပေးသောဓားပညာဖြစ်ခဲ့၏။ ထိုသူသည် လက်နက်စာရင်းတွင် ရှန်းဆောင်၏ ‘မိုးသက်မုန်တိုင်းဥက္ကာပျံတူနှစ်လက်’ ထက်အောက်မကျသောအဆင့်တွင် ရှိနေလေသည်။

ဓားသည် ‘ထင်းရှူးဓား’ ဖြစ်ပြီး ဓားပညာရပ်က လှုပ်ရှားမှုသိုင်းကွက်များကို အဓိကထား၏။ ထိုဓား၏လှုပ်ရှားမှုများမှာ ပြင်းထန်လွန်းလှပြီး ဓားလမ်းကြောင်း၏ဦးတည်ရာများက ဓားသွားသည့်အတိုင်းလိုသလို လှုပ်ရှားနိုင်၏။

ဓားသိုင်းပညာရပ်ကို လေ့လာလိုက်စားကြသူများအားလုံးတွင် သူ့ထက်သာလွန်သူ ၁ဝ ဦးထက်မပိုနိုင်ပါ။

အရက်စက်ဆုံးမှာ ဓားမော့သမားဖြစ်၏။

‘သံကိုးကွင်းဓားမော့’ ၏သံကွင်းသံများက ဝိညာဉ်ခြွေသံများလည်းဖြစ်၏။ ဓားမော့သမား၏ ၇ ကွက်မြောက်သော တိုက်ကွက်အရောက်တွင် လောင်ရှောင်း၄ယွန်တစ်ယောက် ဓားမော့၏ ဓားရိပ်များအောက်တွင် ပိတ်မိနေလေတော့သည်။

တရားသူကြီးစုတ်တံကလည်း လောင်ရှောင်း၄ယွန်၏သွေးကြောများကို ထိုးပိတ်လာခဲ့၏။

အသက်ရှူသံများပျောက်ဆုံးနေရပြီး နာကျင်စွာညည်းတွားလိုက်သံသာ ထွက်ပေါ်လာတော့သည်။

အဘယ်ကြောင့်ဆိုသော် လောင်ရှောင်း၄ယွန်၏ လည်ချောင်းကို ခုတ်ဖြတ်ခံလိုက်ရသောကြောင့်ဖြစ်၏။ သူကြိုးစားပမ်းစား ထုတ်လိုက်သောအော်သံများသည် ရင်ဝတွင်တစ်နေပြီး မည်သည့်အသံမျှ မထွက်ပေါ်လာနိုင်တော့ပါ။

ထိုနေရာတစ်ဝိုက်တွင် သွေးများသာ ပန်းထွက်နေ၏။

သူ၏လည်မျိုမှ သွေးများပန်းထွက်နေသည်မှာ စစ်ပွဲအတွင်းတွင် လေးသည်တော်များ၏မြှားချက်များ ပစ်လွှတ်လာသကဲ့သို့ ရှိနေ၏။

မြေကြီးပေါ်သို့ လောင်ရှောင်း၄ယွန် လဲကျသွားတော့သည်။

သူ၏ခန္ဓာကိုယ်တစ်ခုလုံးတွင် သွေးများမြင်မကောင်းအောင် စွန်းထင်းနေ၏။

သူ၏မျက်လုံးများ မှိတ်မသွားနိုင်ခင်လေးတွင်ပင် သေဆုံးသွားခဲ့ရ၏။

သူ့မျက်လုံးများက ထိုသူများကိုငေးစိုက်ကြည့်နေ၏။ မျက်လုံးများသည် မျက်လုံးအိမ်တွင်းမှ ပြူထွက်နေကြ၏။

သူသည်မိမိကိုယ်ကို သေလူအဖြစ်သဘောထားပြီးလာခဲ့သော်လည်း သူ့ကို စန့်ကွမ်းကျင်းဟုန်နှင့် ဘာအတွက်ကြောင်းများ မပေးတွေ့ကြပါသနည်း။ ခဏလေးလောက်တောင်မှ မပေးတွေ့နိုင်ကြတော့ဘူးလား။

အဘယ်ကြောင့်ဆိုသော် “လောင်ရှောင်း၄ယွန်ကို တွေ့တဲ့နေရာမှာသတ်...” ဆိုသည်မှာ စန့်ကွမ်းကျင်းဟုန်၏ တိုက်ရိုက်အမိန့်ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော မည်သူမျှထိုခြံဝင်းထဲသို့ ခြေတစ်လှမ်းချခွင့်မရှိခြင်းကြောင့်ဖြစ်၏။

ထိုသည်မှာလည်း စန့်ကွမ်းကျင်းဟုန် ထုတ်ထားသောဥပဒေဖြစ်၏။

စန့်ကွမ်းကျင်းဟုန်၏ အမိန့်တိုင်းသည် တောင်ကြီးတစ်တောင်လို ခိုင်ခံ့လှ၏။

‘လင်ဟွာစွယ်စုံကျမ်း’ သည်လည်းသွေးအိုင်ထဲတွင် နီရဲစိုရွှဲသွားတော့သည်။

ထိုစာအုပ်ကို မည်သူမျှလှည့်မကြည့်ကြပါ။

လောင်ရှောင်း၄ယွန်လိုလူတစ်ယောက် ယူလာသည့် (သို့) ပိုင်ဆိုင်သည့်အရာကို မည်သူကများ စိတ်ဝင်စားကြပါဦးမည်နည်း။

ထို့ကြောင့် ဤလျှို့ဝှက်သိုသိပ်လှသော လင်ဟွာစွယ်စုံကျမ်းကြီးသည်လည်း အခြားအခြားသော လျှို့ဝှက်သိုင်းကျမ်းများလိုပင် ပျောက်ကွယ်သွားခဲ့ရတော့၏။

ထိုအရာသည် လူသားတို့အတွက် ကောင်းသောအတိတ်နိမိတ်လေလား... သို့တည်းမဟုတ် ကံဆိုးခြင်းပင်လား...

ကျမ်းစာအုပ်သည် လောင်ရှောင်း၄ယွန်၏ အလောင်းနှင့်အတူ သယ်ဆောင်သွားခြင်းခံလိုက်ရတော့၏။

ရွှေဒင်္ဂါးဂိုဏ်း၏ ဂိုဏ်းဝင်များသည် လူသေအလောင်းဖျောက်ဖျက်ပစ်ရာတွင် လွန်စွာမှနာမည်ကျော်ကြားကြသည်။ အကျွမ်းကျင်ဆုံးသောသူများလည်း ဖြစ်ကြ၏။ သူတို့ထံတွင် အလွန်ရိုးရှင်းပြီး ထူးခြားသောအလောင်းဖျောက်ဖျက်နည်းများ ရှိနေ၏။

လူသားများသည် ထူးခြားသူများမဟုတ်ပါလား။

လူသားများသည် သူတို့လိုချင်သောအရာများကို အသည်းအသန်လိုက် အချိန်ကုန်ခံကာ လိုက်ရှာတတ်ကြသော်လည်း သူတို့လိုချင်သောအရာသည် သူတို့၏နှာတစ်ဖျားအကွာတွင် ရှိနေသောအခါတွင်မူ မည်သူမျှမသိဘဲကျော်လွှားသွားကြလေတော့သည်။

ထိုအချက်သည် လူသားများ၏ ရူးသွပ်မှုပေလော... သို့တည်းမဟုတ် အသိဉာဏ်ထက်မြက်မှုပေလော...

+++++

အားဖေ၏လက်ထဲတွင် ဓားတစ်လက်မျှ မရှိနေပါ။

သို့သော် ထိုအချက်သည် သူ့အတွက်အရေးမကြီးတော့ပါ။ အဘယ်ကြောင့်ဆိုသော် သူ့ထံတွင် ရဲရင့်မှုနှင့် မိမိကိုယ်ကို ယုံကြည်မှုများ တဟုန်ထိုးဖြစ်ပေါ်လာခဲ့သောကြောင့်ဖြစ်၏။

လမ်း၏ဘေးတစ်ဘက်တွင် ဝါးတောတစ်ခုရှိနေ၏။ သူရပ်တန့်နေသောနေရာသည် ရွှေဒင်္ဂါးဂိုဏ်း၏ ခြံဝင်းကြီးကို လှမ်းမြင်နိုင်လောက်သောနေရာတွင်ဖြစ်၏။

အားဖေသည် ဝါးပင်တစ်ပင်ကို ရိုက်ချိုးလိုက်ပြီး ဝါးပင်၏အလယ်ကို ၃ ခြမ်းခွဲလိုက်၏။ အသွားတစ်ဘက်ကို ချွန်မြနေအောင် ကျောက်တုံးဖြင့် ပွတ်တိုက်သွေးလိုက်ပြီး ကျန်တစ်ဘက်ကို အဝတ်စတစ်စဖြင့် ရစ်ပတ်ထားလိုက်သည်။

သူ၏လှုပ်ရှားမှုများက လျင်မြန်လွန်းလှပြီး မလိုအပ်သော အားအင်ကုန်ဆုံးမှုများလည်း မပါရှိခဲ့ချေ။

သူ၏လက်များက လွန်စွာမှပင် တည်ငြိမ်နေကြ၏။

စွန်းရှောင်းဟုန်သည် သူ့နဘေးမှ တစ်ချိန်လုံးအကဲခတ်နေပြီး ထူးဆန်းပြီး စိတ်ဝင်စားစရာကောင်းလွန်းသည်ဟု ခံစားမိနေ၏။

သို့သော် သူမထံတွင် သံသယများရှိနေ၏။ သူမသည် ဝါးဓားတစ်ချောင်းကို ကောက်ယူကြည့်ပြီး လက်ထဲတွင် ချိန်ဆကြည့်လိုက်သောအခါ မိုးမခရွက်တစ်ရွက်လို ပေါ့ပါးလွန်းနေ၏။

သူမ၏စိတ်တွင်းမှ သံသယများကြီးထွားလာခဲ့ပြီး မိမိကိုယ်ကို မေးမြန်းမိသည်မှာ-“ဒီဓားမျိုးနဲ့ စန့်ကွမ်းကျင်းဟုန်ကို ရင်ဆိုင်နိုင်ဖို့ဆိုတာ ဖြစ်နိုင်ပါ့မလား။”

0 comments:

Post a Comment