Thursday, March 10, 2011

(၈၅) ဘယ်သူ့အပြစ်လဲ

အပြင်ဘက်တွင် မိုးသည်းထန်စွာရွာသွန်းနေသော်လည်း အိမ်အတွင်းတွင်မူ သွေ့ခြောက်နေ၏။ အိမ်လေးထဲတွင် ပြတင်းပေါက်တစ်ခုတည်းရှိနေပြီး ခပ်မြင့်မြင့်နေရာတွင် တည်ရှိနေ၏။

ထိုပြတင်းပေါက်ကိုအမြဲ ပိတ်ထားခဲ့၏။ အခန်းတွင်းသို့ နေရောင်ခြည်များ ဝင်ရောက်ခဲ့ချိန်နည်းပါးခဲ့သလို မိုးစက်မိုးပေါက်များလည်း မဝင်ရောက်လာနိုင်ခဲ့ပါ။

နံရံများသည် ထူထပ်သောဆေးသားများ သုတ်ထားသောကြောင့် ဖြူဖွေးနေပြီး နံရံများကို အုတ်ခဲများဖြင့် ဆောက်လုပ်ထားခြင်းလော၊ သို့တည်းမဟုတ် သံမဏိဖြင့် ဆောက်လုပ်ထားခြင်းလောဆိုသည်ကိုမူ မည်သူမျှမပြောနိုင်ပါ။ တစ်ခုသောအရာကတော့ သေချာပါသည်... ထိုနံရံများသည် ထူထဲလွန်းသောကြောင့် အပြင်လောကကြီးနှင့် အဆက်အသွယ်ပြတ်နေသည်ဆိုသည်ကတော့ သေချာပေါက်ပင်။

အိပ်ယာနှစ်ခုနှင့် ကြီးမားသောစားပွဲကြီးတစ်ခုမှအပ အခန်းထဲတွင် မည်သည့်အရာမျှ မရှိနေပါ။ ထိုင်ခုံတစ်လုံးမျှ မရှိသလို ခွက်တစ်လုံးမျှလည်း မတွေ့နိုင်ပါ။

ထိုအဆောင်လေးနှင့်ပတ်ဝန်းကျင်တစ်ခုလုံးသည် တရားကျင့်ကြံအားထုတ်နေသော ရဟန်းတော်တစ်ပါးထက်ပင် ပို၍ရိုးရှင်းနေသေး၏။

သိုင်းလောက၏ အချမ်းသာဆုံး၊ ဩဇာအာဏာအကြီးမားဆုံးနှင့် အင်အားအရှိဆုံးလူတစ်ဦးဖြစ်သူ စန့်ကွမ်းကျင်းဟုန် ထိုအခန်းလေးတွင် နေထိုင်နေသည်ကို မည်သူမျှယုံကြည်နိုင်ကြမည်မဟုတ်ပါ။



သို့သော် လီဆွန်းဟွာအတွက်တော့ ဤအရာများသည် မထူးဆန်းတော့ပေ။

စန့်ကွမ်းကျင်းဟုန်သည် သူ၏အခြားတစ်ဘက်တွင်ရပ်နေပြီး အေးစက်စွာမေးမြန်းလိုက်၏။ “ဒီနေရာကို သဘောတွေ့ရဲ့လား။”

လီဆွန်းဟွာက အားတင်းပြုံးပြီး ပြန်ဖြေလိုက်သည်။ “အနည်းဆုံးတော့ ခြောက်သွေ့နေပါသေးတယ်။”

“မှန်တယ်။ ဒီနေရာလေးဟာ သိပ်ကိုခြောက်သွေ့နေတယ်။ ဒီနေရာမှာ မင်းရေတစ်စက်ကိုတောင် တွေ့နိုင်မှာမဟုတ်ဘူး။” စန့်ကွမ်းကျင်းဟုန်က ပြောဆိုလိုက်၏။ “လက်ဖက်ရည်၊ အရက်အပါအဝင် သောက်ရေတောင်မှ ဒီနေရာမှာတစ်ခါမှ ဧည့်မခံဖူးဘူး။ ဒီနေရာမှာ မျက်ရည်တစ်ပေါက်မှလည်း မကျဆင်းခဲ့ဖူးဘူး။”

လီဆွန်းဟွာ-“ဒီနေရာမှာ သွေးမြေကောခခဲ့ဖူးလား။”

စန့်ကွမ်းကျင်းဟုန်-“ဘယ်တုန်းကမှမရှိခဲ့ဖူးဘူး။ တစ်စုံတစ်ယောက်ဟာ ဒီနေရာမှာသေချင်တယ်ဆိုရင် သူတို့ခန္ဓာကိုယ်ထဲက သွေးတွေအားလုံးကုန်ခမ်းပြီး သွေ့ခြောက်သွားမှာသာ ဒီတံခါးပေါက်ကို ရောက်လာနိုင်မယ်။”

စန့်ကွမ်းကျင်းဟုန်က ဆက်ပြောလိုက်ပြန်သည်။ “ကျုပ်ဘယ်သူ့ကိုမှ မပေးဝင်ချင်ဘူးဆိုရင် သူတို့တွေသေသည်ဖြစ်စေ၊ ရှင်သည်ဖြစ်စေ ဒီနေရာကို ဘယ်နည်းနဲ့မှ ဝင်ရောက်လာနိုင်ကြမှာမဟုတ်ဘူး။”

လီဆွန်းဟွာ ခပ်ပါးပါးလေးရယ်မောနေလိုက်၏။ “အမှန်အတိုင်းပြောရရင် ဒီလိုနေရာမျိုးမှာ နေထိုင်နေရတာဟာ တော်တော်လေးကသိကအောက်နိုင်ပေမယ့် သေဖို့ဆိုရင်တော့ မဆိုးပါဘူး။”

စန့်ကွမ်းကျင်းဟုန်-“အိုး...”

လီဆွန်းဟွာ-“ဘာကြောင့်လဲဆိုတော့ ဒီနေရာဟာ သင်္ချိုင်းဂူတစ်ခုနဲ့ ဘာမှမထူးခြားလို့ပဲ။”

“မင်းက ဒီနေရာလေးကို နှစ်သက်နိုင်ပြီဆိုမှတော့ ကျုပ်မင်းကိုဒီနေရာမှာပဲ မြှုပ်နှံသင်္ဂြိုလ်ပေးပါ့မယ်။” စန့်ကွမ်းကျင်းဟုန်၏ မျက်နှာထက်တွင် လှောင်ပြောင်သောအပြုံးတစ်ခုပေါ်ထွက်လာခဲ့၏။ ပြီးနောက် ကြမ်းပြင်တစ်နေရာကို ခြေဖျားဖြင့်ညွှန်ပြပြီး စကားဆက်ပြောလိုက်၏။ “ကျုပ်မင်းကိုဒီနေရာမှာပဲ မြေမြှုပ်ပေးပါ့မယ်။ ဒါမှသာ ဒီနေရာကို နေ့စဉ်နေ့တိုင်း ကျုပ်တက်နင်းလိုက်တိုင်း ကျုပ်ရဲ့ခြေထောက်အောက်မှာ လီတွမ့်ဟွာ ရှိနေပါလားဆိုတဲ့အသိက ကျုပ်ကို သိပ်လန်းဆန်းတက်ကြွစေမှာသေချာတယ်။”

လီဆွန်းဟွာ၏ မျက်ခုံးမွှေးများ တွန့်သွားခဲ့ပြီး မေးမြန်းလိုက်၏။ “လန်းဆန်းတက်ကြွစေမယ်...ဟုတ်လား။”

စန့်ကွမ်းကျင်းဟုန်-“ကျုပ်သာ မလန်းဆန်းမတက်ကြွနေဘူးဆိုရင် သူတစ်ပါးရဲ့ခြေထောက်အောက်ကို ကျုပ်ရောက်သွားခဲ့မှာပေါ့။ ဒါပေမဲ့ မင်းရဲ့အဖြစ်ကို ကျုပ်တွေးမိလိုက်တိုင်း ကျုပ်လန်းဆန်းတက်ကြွနေမှာပါ။”

လီဆွန်းဟွာ-“ဒါပေမဲ့လူတစ်ယောက်ဟာ အမြဲတမ်း လန်းဆန်းတက်ကြွနေခဲ့မယ်ဆိုရင် တစ်ချိန်မှာ နာကျင်စွာခံစားရတော့မှာပဲ။ အဲဒီအတွက် ကျုပ်မှာဘာသံသယမှမရှိဘူး။”

စန့်ကွမ်းကျင်းဟုန်-“ကျုပ်ဘယ်တုန်းကမှ မနာကျင်ခဲ့ဖူးဘူး။ ကျုပ်ဘဝတစ်ခုလုံးမှာ ဘယ်တုန်းကမှ နာကျင်မှုဆိုတာ မရှိခဲ့ဖူးဘူး။”

လီဆွန်းဟွာ-“အဲဒါဘာဖြစ်လို့လဲဆိုတော့ ခင်ဗျားဘဝမှာ တစ်ခါမှမပျော်ရွှင်ခဲ့ဘူးလို့ပါ။... ကျုပ်တစ်ခါတစ်ခါကျရင် စဉ်းစားနေမိတယ်... ခင်ဗျားဘာအတွက် ရှင်သန်နေထိုင်နေတာလဲဆိုတာကို...”

စန့်ကွမ်းကျင်းဟုန်၏မျက်တောင်များ ပုတ်ခတ်သွားရပြီး နက်နဲစွာအတွေးဝင်သွားခဲ့ပုံရသည်။ အတော်လေးကြာမှ သူပြန်ပြောလိုက်၏။ “တချို့လူတွေအတွက် သူတို့တတွေဘာအတွက်ကြောင့် သက်ရှင်သန်နေထိုင်နေရတာလဲဆိုတာ သိချင်မှသိနိုင်မယ်။ ဒါပေမဲ့ အဆိုးဆုံးသူတွေကတော့ သူတို့တတွေ ဘာအတွက်ကြောင့်သေရမယ်ဆိုတာကို မသိနိုင်တဲ့ လူစားမျိုးတွေပဲ။”

လီဆွန်းဟွာ-“ဟမ်...”

စန့်ကွမ်းကျင်းဟုန်သည် သူ့ကိုစိုက်ကြည့်နေပြီးမှ ပြောဆိုလိုက်၏။ “မင်းလိုလူမျိုးပေါ့... မင်းဘာအတွက်သေရမှာလဲဆိုတာ ဘာမှမသိဘူးမဟုတ်လား။”

လီဆွန်းဟွာ-“တကယ်ဆိုရင် အဲဒီအကြောင်းတွေကို ကျုပ်ဘယ်တုန်းကမှ မစဉ်းစားခဲ့ဖူးဘူး။”

စန့်ကွမ်းကျင်းဟုန်-“မင်းမစဉ်းစားခဲ့ပါဘူး။”

လီဆွန်းဟွာ-“ဘာကြောင့်လဲဆိုတော့ သေခြင်းတရားဆိုတာဟာ ကျုပ်အတွက်အရေးပါတဲ့အရာတစ်ခု လုံးဝမဟုတ်ခဲ့ဘူး။”

စန့်ကွမ်းကျင်းဟုန်ကို စကားပြောခွင့်မပေးတော့ဘဲ သူဆက်ပြောနေလိုက်၏။ “ခင်ဗျားရဲ့အမြင်မှတော့ ဘာပဲဖြစ်ဖြစ် ကျုပ်ကို သေလူတစ်ယောက်အဖြစ် သဘောထားနေတယ်မဟုတ်လား။”

စန့်ကွမ်းကျင်းဟုန်-“မင်းကိုယ်မင်းတော့ ကောင်းကောင်းကြီးသိနေသေးပါလား...”

လီဆွန်းဟွာ-“ကျုပ်အတွက် သေခြင်းတရားဆိုတာကြီးဟာ ဘာမှအရေးမပါတော့တဲ့နောက် ဘာကိုများထပ်ပြီး စိုးရိမ်ပူပန်နေရဦးမှာလဲဗျာ။”

လီဆွန်းဟွာက ကြမ်းပြင်ပေါ်သို့ ရုတ်တရက်ထိုင်ချလိုက်ပြီး သက်တောင့်သက်သာ ခြေဆန့်လက်ဆန့် ထိုင်နေလိုက်တော့၏။ ပြီးနောက်ပြုံးပြီး ဆက်ပြောနေပြန်သည်။ “အခုချက်ချင်းထိုင်ချင်တယ်ဆိုရင် ကျုပ်ထိုင်ချနိုင်နေတယ်။ ကျုပ်မျက်လုံးတွေကို ပိတ်ထားချင်တယ်ဆိုရင် ချက်ချင်းပဲမှိတ်ထားနိုင်တယ်။ ခင်ဗျား ကျုပ်လိုလိုက်လုပ်နိုင်ပါ့မလား။”

စန့်ကွမ်းကျင်းဟုန်က လက်သီးကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်လေတော့သည်။

လီဆွန်းဟွာ-“ခင်ဗျားဘယ်လုပ်နိုင်ပါ့မလဲ။ ခင်ဗျားမှာ စိုးရိမ်ပူပန်စရာတွေ အများကြီးရှိနေတာကိုး... အနည်းဆုံးတော့ ခင်ဗျားကျုပ်ကို စိုးရိမ်နေတယ်မဟုတ်လား။”

လီဆွန်းဟွာ-“ပြောရမယ်ဆိုရင် ကျုပ်ကခင်ဗျားထက် အများကြီးတောင်မှ ပိုပြီးသက်တောင့်သက်သာရှိနေပါသေးတယ်။”

စန့်ကွမ်းကျင်းဟုန်က ပြုံးပြီးပြောဆိုလိုက်၏။ “မင်းကိုကျုပ် စိုစိုရွှဲရွှဲနဲ့ ရွှံ့ဗွက်ထဲမှာ မသေစေရဘူးလို့ ကတိပေးခဲ့ပြီးမှတော့ မင်းရဲ့အင်္ကျီတွေ ခြောက်သွေ့သွားတဲ့အခါမှ ကျုပ်တိုက်ခိုက်မယ်လို့ စိတ်ကူးထားခဲ့တာ... အခုတော့ ကျုပ်စိတ်ပြောင်းသွားပြီ။”

လီဆွန်းဟွာ-“အိုး...”

စန့်ကွမ်းကျင်းဟုန်-“ကျုပ်မင်းကို အဝတ်အစားသစ်တစ်စုံပေးရုံတင်မကသေးဘူး... မင်းသောက်ဖို့ အကောင်းစားအရက်တစ်အိုးကိုပါ စီမံပေးဦးမယ်။ ဘာကြောင့်လဲဆိုတော့ မင်းပါးစပ်ကထွက်လာခဲ့တဲ့ စကားတွေဟာ ကျုပ်နားထဲမှာ သိပ်ကိုချိုမြိန်လွန်းနေလို့ပဲ။ လူသေတစ်ယောက်ရဲ့ ပါးစပ်ကနေထွက်ပေါ်လာတဲ့ ဒီလိုစကားလုံးလေးတွေဟာ ကျုပ်အတွက်သိပ်ကိုအရသာရှိလွန်းနေတယ်။”

+++++

လောင်ရှောင်း၃ယွန်သည် အိပ်ယာပေါ်တွင် ခွေခွေလေးအိပ်ပျော်နေ၏။ အခန်းထဲတွင် ရွှံ့ဗွက်များဖြင့်ပေပွနေသော ခြေရာများလည်း ရှိနေ၏။

မီးအိမ်လေးကထွန်းထားသော်လည်း မှိန်တိန်တိန်မီးရောင်များက တည်းခိုခန်းကို ပို၍မှေးမှိန်နေစေပြီး အသက်ကင်းမဲ့နေသလိုမျိုးလည်း ဖြစ်စေ၏။

တံခါးတစ်ချပ်ဖြည်းညင်းစွာပွင့်သွားခဲ့ပြီး လင်ရှီးယင် တိတ်ဆိတ်စွာ ဝင်ရောက်လညခဲ့၏။

မိခင်တစ်ယောက်၏ခြေလှမ်းများသည် အစဉ်အမြဲ တိုးတိတ်နေတတ်ပါသည်။ ကလေးငယ်စဉ်တုန်းကဆိုလျှင် မိခင်များသည် ကလေးကိုချီပိုးချော့သိပ်ရင်း တစ်ညလုံးလျှောက်ရမည်ဆိုလည်း အသံမထွက်အောင် လျှောက်လှမ်းကြမည်ဖြစ်၏။

သို့သော် လောင်ရှောင်း၃ယွန်သည် ကလေးတစ်ယောက်မဟုတ်တော့ပါ။ သူသည် အခြားအရွယ်ရောက်ပြီးသူများထက်ပင် ပို၍ရင့်ကျက်နေသေးသည် မဟုတ်ပါလား။ သို့သော် သူအိပ်မောကျနေပုံလေးသည် ပီဘိကလေးငယ်တစ်ယောက် အိပ်မောကျနေပုံမျိုးဖြစ်၏။

သူ၏မျက်နှာလေးသည် ငယ်ရွယ်နုပျိုနေပြီး သွေးဆုတ်ဖြူရော်နေရ၏။ သူဘာပဲလုပ်ခဲ့လုပ်ခဲ့ သူသည် အထီးကျန်ဆန်သော အကူအညီမဲ့နေသော ကလေးငယ်တစ်ယောက်သာဖြစ်၏။ သူ၏ပတ်ဝန်းကျင်တွင် ရှိနေသော ကမ္ဘာကြီးတစ်ခုလုံးအကြောင်းကို မျက်စိသူငယ်နားသူငယ်ဖြင့် နားမလည်နိုင်သေးသော ကလေးတစ်ယောက်ဖြစ်၏။

လင်ရှီးယင် ခုတင်ဘေးသို့လျှောက်လှမ်းလာပြီး သားဖြစ်သူအား ငေးကြည့်နေမိ၏။ သူမ၏နှလုံးသားထဲတွင် ထူးခြားသော ခါးသီးမှုများကိုလည်း ခံစားနေရ၏။

ဤသည်မှာ သူမ၏တစ်ဦးတည်းသောသားဖြစ်၏။ သူမ၏ရင်သွေးဖြစ်၏။ သူမအတွက် ဖြေသိမ့်စရာတစ်ဦးတည်းသောသူလည်းဖြစ်၏။

အတိတ်တုန်းကဆိုလျှင် သားဖြစ်သူနှင့်ခွဲခွာရမည့်အစား အသေသာခံသွားလိုက်ပေမည်။

ယခုသော်...

လင်ရှီးယင်က မီးအိမ်လေးကို မြှောက်ယူလာပြီး သားဖြစ်သူကို နောက်တစ်ကြိမ် ငေးမောကြည့်ရှုနေပြန်၏။

“မေမေ့ကို အချိန်ကြာကြာလေး ကြည့်ခွင့်ပေးပါကွယ်။ နောက်ဆိုရင် မေမေ...”

သူမသည် နောက်ဆိုသောကာလကို မတွေးချင်ပါ။ မတွေးဝံ့ပါ။

သူမ၏နူးညံ့သော မျက်ဝန်းတစ်စုံမှ မျက်ရည်ပေါက်များ ကျဆင်းလာတော့၏။

လောင်ရှောင်း၃ယွန်၏မျက်လုံးများ မှိတ်ထားနေသော်လည်း သူ၏မျက်ဝန်းများတွင် မျက်ရည်စများ စိုစွတ်လာလေတော့သည်။

သူ၏ခန္ဓာကိုယ်လေးက လှုပ်ခါလာရ၏။ ချမ်းအေးသောကြောင့်များလား... သို့တည်းမဟုတ် အိပ်မက်ဆိုးများကြောင့်လား...

လင်ရှီးယင် အနီးသို့တိုးကပ်သွားပြီး ခြင်ထောင်အောက်မှ သားဖြစ်သူကို ထိတွေ့ပွေ့ဖက်လိုက်ချင်စိတ်များကို မနည်းကြီး ထိန်းချုပ်ထားနေရ၏။

ရုတ်တရက် သူမတွေ့လိုက်ရသည်မှာ ခြုံစောင်များစိုရွှဲနေပြီး လောင်ရှောင်း၃ယွန် တစ်ကိုယ်လုံးလည်း စိုရွှဲနေကြောင်း သိရှိလိုက်ရတော့၏။

လင်ရှီးယင် ခဏမျှအံ့အားသင့်သွားခဲ့သော်လည်း ခုတင်ဘေးတွင် ထိုင်ချလိုက်ပြီး တီးတိုးလေးပြောဆိုလိုက်၏။ “မင်းလည်း အပြင်ထွက်ခဲ့သေးတယ်မဟုတ်လား။”

လောင်ရှောင်း၃ယွန်၏ မျက်လုံးများနှင့် ပါးစပ်ပေါက်က တင်းကြပ်စွာပိတ်ထားဆဲ...

လင်ရှီးယင်-“မင်း မေမေ့နောက်ကို လိုက်ချောင်းခဲ့တယ်မဟုတ်လား။”

လောင်ရှောင်း၃ယွန်တစ်ယောက် မအောင့်အီးနိုင်တော့ဘဲ ခေါင်းညိတ်ပြလိုက်မိတော့၏။

လင်ရှီးယင်-“ဒါဆိုရင် မေမေပြောခဲ့တဲ့စကားတွေအားလုံး မင်းကြားခဲ့ရတယ်ပေါ့။”

လောင်ရှောင်း၃ယွန်သည် ခြုံစောင်အောက်မှ ဆီစိမ်စက္ကူဖြင့် ထုပ်ပိုးထားသောအထုပ်တစ်ထုပ်ကို ရုတ်တရက် ဆွဲထုတ်လိုက်တော့သည်။ “ယူသွားလိုက်...”

လင်ရှီးယင်သည် မျက်မှောင်ကျုံ့ပြီးမေးမြန်းလိုက်၏။ “ဒါကဘာလဲ...”

လောင်ရှောင်း၃ယွန်-“ဒါဘာလဲဆိုတာ မေမေမသိတော့ဘူးတဲ့လား။ ဒီဟာကိုလိုချင်လို့ မေမေပြန်လာခဲ့တာမဟုတ်လား။”

လင်ရှီးယင်၏မျက်နှာထက်တွင် လွန်စွာဝမ်းနည်းကြေကွဲနေသော အမူအရာများထွက်ပေါ်လာခဲ့ပြီးမှ ပြန်ဖြေဆိုလိုက်သည်။ “မေမေ... ပြန်လာတာ သားလေးကိုတွေ့ချင်လို့ပါကွယ်။”

လောင်ရှောင်း၃ယွန်-“ဒီဟာအတွက်မဟုတ်ဘူးဆိုရင် ကျနော့်ကို မေမေလာတွေ့ပါဦးမလား။”

သူ၏မျက်လုံးများ ရုတ်တရက်ပွင့်လာခဲ့ပြီး မိခင်ဖြစ်သူကို ငေးစိုက်ကြည့်နေလိုက်၏။

လောင်ရှောင်း၃ယွန်၏မျက်နှာထက်တွင်လည်း ဝမ်းနည်းကြေကွဲနေပြီး စကားသံဆို့နင့်စွာ ထွက်ပေါ်လာရ၏။ “မေမေ ထွက်ခွာသွားဖို့ ဆုံးဖြတ်ခဲ့ပြီးပြီမဟုတ်လား။ ဒီဟာကို ပြန်လာယူတဲ့အကြောင်းကလွဲရင် မေမေထွက်သွားခဲ့တာ ကြာလှပေါ့။”

လင်ရှီးယင်-“မင်းပြောတာမှန်ပါတယ်။ မေမေအဝေးကြီးတစ်နေရာကို ထွက်သွားဖို့ဆုံးဖြတ်ခဲ့ပါတယ်။ ဒါပေမဲ့... အခု မေမေပြန်လာတာက...”

လောင်ရှောင်း၃ယွန်သည် မိခင်၏စကားကို ဖြတ်ပြောလိုက်၏။ “မေမေ ကျနော့်ကို ရှင်းပြစရာမလိုပါဘူး။ မေမေဘယ်ကိုသွားမလဲဆိုတာ ကျနော်သိပါတယ်။”

လင်ရှီးယင်-“မင်းသိနေတယ်လား။”

လောင်ရှောင်း၃ယွန်-“မေမေ လီဆွန်းဟွာကို သွားကယ်တင်မလို့မဟုတ်လား။”

လင်ရှီးယင်သည် နောက်တစ်ကြိမ် အံ့အားသင့်သွားခဲ့ရပြန်၏။

လောင်ရှောင်း၃ယွန်-“ဒီ လင်ဟွာစွယ်စုံကျမ်းနဲ့ လီဆွန်းဟွာကို သွားကယ်တင်မလို့မဟုတ်လား။”

သူ၏လက်ထဲတွင် ထိုကျမ်းစာအုပ်ထုပ်ကြီးကို ကိုင်ထားပြီး စိတ်ဆိုးစွာ မေးမြန်းလိုက်၏။ “ဘာဖြစ်လို့ မယူသေးတာလဲ။ ဘာဖြစ်လို့ မေမေမထွက်သွားသေးတာလဲ။”

လင်ရှီးယင်၏ခန္ဓာကိုယ်တစ်ခုလုံး ယိုင်ထိုးနေပြီး သူမကိုယ်သူမ ဟန်ချက်မထိန်းနိုင်တော့ပါ။

လောင်ရှောင်း၃ယွန်-“ဒီလင်ဟွာစွယ်စုံကျမ်းကြီးကိုသာ ပြလိုက်မယ်ဆိုရင် စန့်ကွမ်းကျင်းဟုန် ထွက်လာပြီး မေမေ့ကိုလာတွေ့မှာပဲ။ သူလည်း သိုင်းပညာရပ်ကို အရူးအမူးလေ့လာလိုက်စားသူတစ်ယောက်ဆိုတော့ ဒီကျမ်းစာအုပ်ထဲမှာပါတဲ့ သိုင်းပညာတွေကို စပ်စုလေ့လာချင်မှာပဲ။”

သူ အံကြိတ်ပြီးဆက်ပြောနေလိုက်၏။ “ဒီအခွင့်အရေးကို အသုံးချပြီး သူ့ကိုကယ်တင်ဖို့ ကြိုးစားချင်နေတာမဟုတ်လား။ ဘာကြောင့်လဲဆိုတော့ စန့်ကွမ်းကျင်းဟုန်လိုလူစားမျိုးနဲ့ ဆက်ဆံရတာ မလွယ်ကူမှန်း မေမေသိထားတယ်မဟုတ်လား။ ဒါကြောင့်မို့လို့ မေမေ့ရဲ့ရည်ရွယ်ချက်က တတ်နိုင်သလောက် အချိန်ဆွဲထားဖို့ပဲ။ အချိန်ဆွဲထားနိုင်လေ... လီဆွန်းဟွာ တစ်ယောက် ခဏကြာကြာအသက်ရှူနိုင်လေဖြစ်သွားမှာပဲ။ အဲဒီအချိန်မှာ အားဖေက သူ့ကိုအင်တိုက်အားတိုက် လာကူညီလိမ့်မယ်။”

လင်ရှီးယင်ထံတွင် ပြောစရာစကားများ မရှိတော့ပါ။

လောင်ရှောင်း၃ယွန်သည် ဉာဏ်ကောင်းထက်မြက်သော ကလေးတစ်ယောက်ဖြစ်၏။ သူမတွေးနေသည်များအားလုံးကို ထိုးဖောက်မြင်တွေ့နိုင်နေ၏။

ယခုတော့ သူမအတွက်ပြောစရာ စကားလုံးများမရှိတော့ချေ။

လောင်ရှောင်း၃ယွန်-“လီဆွန်းဟွာဟာ မေမေ့အပေါ်မှာ အင်မတန်မှ ကောင်းခဲ့ပါတယ်။ သွေးရင်းသားရင်းဖြစ်တဲ့ ကျနော့်ကို ထားသွားခဲ့ရမယ်ဆိုရင်တောင်... မေမေ့ရဲ့အသက်ကိုစွန့်ရမယ်ဆိုရင်တောင် မေမေ့လုပ်ရပ်ကို ဘယ်သူမှ အပြစ်ပြောမှာမဟုတ်ပါဘူး။”

လောင်ရှောင်း၃ယွန်သည် ပြောနေရင်းခန္ဓာကိုယ်တစ်ခုလုံး တုန်ခါလာရတော့၏။ “ဒါပေမဲ့ တခြားလူတွေအတွက်ကော မေမေစဉ်းစားပေးခဲ့ရဲ့လား... ကျနော့်အတွက်ကော မေမေစဉ်းစားပေးခဲ့ရဲ့လား... ကျနော်ဟာ မေမေ့သားပါ... ကျနော်...”

လင်ရှီးယင်၏နှလုံးသားတစ်ခုလုံး အပ်ဖျားလေးဖြင့် တဆွဆွထိုးဆွလိုက်သလို ခံစားလိုက်ရ၏။ သူမသည် သားဖြစ်သူ၏လက်ကလေးကို ဆွဲယူလာခဲ့ပြီး ဝမ်းနည်းစွာပြောဆိုလိုက်တော့သည်။ “သား... သားလေးကို မေမေအမြဲပဲ ထည့်စဉ်းစားပေးခဲ့တာပေါ့ကွယ်... သားလေးဟာ...”

လောင်ရှောင်း၃ယွန်က သူမကိုအဝေးသို့တွန်းထုတ်လိုက်ပြီး အော်ဟစ်ပြောဆိုလိုက်၏။ “ကျနော့်အတွက် မေမေစဉ်းစားပေးတယ်ဆိုတာမှန်ပါတယ်။ မနက်ဖြန်ကျရင် သူတို့နဲ့သွားတွေ့ပြီး ကျနော့်ကိုသူတို့လက်ထဲ ဝကွက်အပ်ခဲ့မယ်မဟုတ်လား။ မေမေကတော့ ကိုယ့်ဘဝကိုစွန့်ပြီး အဝေးတစ်နေရာကို ထွက်သွားတော့မှာပါ။ သူတို့ကလည်း ကျနော့်ကို ကောင်းမွန်စွာစောင့်ရှောက်ပေးကြမှာပါ။”

သူဆက်ပြောနေလိုက်၏။ “ဒါပေမဲ့ မေမေ သူ့ကိုကယ်တင်နိုင်လိမ့်မယ်ဆိုတာ သေချာလို့လား။ မေမေသာသူ့ရှေ့မှောက်မှာ သေသွားခဲ့မယ်ဆိုရင် သူ့စိတ်ဓာတ်တွေ ပြိုကွဲသွားတော့မှာပေါ့။ အားဖေ အင်တိုက်အားတိုက်နဲ့ ရောက်လာနိုင်ခဲ့ဦးတောင်မှ သူ့အသက်ရှင်နေမယ်လို့ မပြောနိုင်ပါဘူး။”

လင်ရှီးယင်၏ခန္ဓာကိုယ်တစ်ခုလုံးလည်း တုန်ခါနေရတော့၏။

လောင်ရှောင်း၃ယွန်-“သူရှင်သန်လွတ်မြောက်လာနိုင်တယ်ပဲ ထားလိုက်ပါဦး... ကျနော့်ကို ကောင်းမွန်စွာ စောင့်ရှောက်ပေးနိုင်တယ်ပဲ ထားလိုက်ပါဦး... ကျနော်ကတော့ သူ့နောက်ကို ဘယ်နည်းနဲ့မှ မလိုက်သွားနိုင်ဘူး။ သူ့ကို မြင်တောင်မှ မမြင်ချင်ဘူး။”

လင်ရှီးယင်ကတုန်လှုပ်စွာ မေးမြန်းလိုက်၏။ “ဘာဖြစ်လို့များလဲကွယ်...”

လောင်ရှောင်း၃ယွန်-“ဘာဖြစ်လို့လဲဆိုတော့ ကျနော်သူ့ကို မုန်းတယ်။”

လင်ရှီးယင်-“ဒါပေမဲ့ မင်းကိုယ်တိုင်တောင်မှ သင်ခန်းစာရခဲ့...”

လောင်ရှောင်း၃ယွန်က သူမ၏စကားကိုဖြတ်ပြောလိုက်ပြန်၏။ “ကျနော့်ရဲ့သိုင်းပညာကို ဖျက်ဆီးခဲ့လို့ ကျနော်သူ့ကိုမုန်းတာမဟုတ်ဘူး။”

လင်ရှီးယင်-“ဒါဆိုရင် မင်းသူ့ကိုဘာအကြောင်းနဲ့ မုန်းတီးနေရတာလဲ။”

လောင်ရှောင်း၃ယွန်-“ကျနော်သူ့ကိုမုန်းတာ ကျနော့်ရဲ့အဖေမဖြစ်ခဲ့လို့... သူဘာဖြစ်လို့ ကျနော့်အဖေမဖြစ်ခဲ့ရတာလဲ။ ကျနော်ကကော ဘာဖြစ်လို့သူ့သားတစ်ယောက်မဖြစ်ခဲ့ရတာလဲ။ သူသာကျနော့်အဖေဖြစ်ခဲ့မယ်ဆိုရင် သူဘယ်ကိုမှ ထွက်သွားခဲ့မှာမဟုတ်ဘူး။ မေမေလည်း ဘယ်ကိုမှထွက်သွားစရာမလိုဘူး။ အရာအားလုံး ဘယ်လောက်တောင်မှ ပျော်ဖို့ကောင်းလိုက်မလဲ... ဟီး... ဟီး...”

လောင်ရှောင်း၃ယွန်တစ်ယောက် ကြမ်းပြင်ပေါ်သို့ ရုတ်ကြိုးပြတ်လဲကျသွားခဲ့ပြီး လူးလိမ့်ငိုကြွေးနေတော့၏။

လင်ရှီးယင်၏နှလုံးသားတစ်ခုလုံး တစ်စစီကျိုးပဲ့သွားခဲ့၏။ သူမ၏ခန္ဓာကိုယ်တစ်ခုလုံးလည်း အပိုင်းပိုင်းအစစ ကြေမွသွားခဲ့ရ၏။

သူမသည် ဟန်ချက်မထိန်းနိုင်တော့ပါ။ မတ်မတ်မရပ်နိုင်တော့ပါ။ သူမ၏နောက်တွင်ရှိနေသော ထိုင်ခုံပေါ်သို့ ခြေပစ်လက်ပစ် ပြုတ်ကျသွားတော့၏။

“ဒီကလေးဟာ သူ့ရင်သွေးလေးသာဖြစ်ခဲ့မယ်ဆိုရင်... သူသာငါ့လင်ယောက်ျားဖြစ်ခဲ့မယ်ဆိုရင်...”

သူမအတွက် ထိုအတွေးများက သိပ်ပြီးစိတ်ကူးယဉ်ဆန်လွန်းနေပါသည်။ ဘယ်တုန်းကမှလည်း မတွေးရဲခဲ့ပါ။ သို့သော် သူမနှလုံးသား၏ နက်ရှိုင်းသောနေရာတစ်နေရာတွင်တော့ ထိုလိုအင်ဆန္ဒကို မတောင့်တဘဲရှိနိုင်ပါ့မလား။...

သာယာပျော်ရွှင်သော အိမ်ထောင်ရေးမရှိသည့် မိဘနှစ်ပါးမှမွေးဖွားလာခဲ့သော ကလေးတစ်ယောက်အတွက် ပျော်ရွှင်မှုဆိုသည်မှာ ဆိတ်သုဉ်းနေမည်ဖြစ်ပြီး ခံစားရမှုများကလည်း ပြင်းထန်လွန်းနေပါမည်။

သို့သော် အမှားလုပ်မိသူများသည် မိဘနှစ်ပါးသာဖြစ်ပြီး ကလေးထံတွင် ဘာအပြစ်မှမရှိပါ။ လောင်ရှောင်း၃ယွန်လေးသည် ဘယ်အငြိုးကြောင့်များ ဤဒုက္ခများကို လာခံစားနေရပါသနည်း။

လင်ရှီးယင် သူမကိုယ်သူမ အားတင်းထရပ်လိုက်ပြီး သားဖြစ်သူဘေးနားသို့ လျှောက်လာနေ၏။ မျက်ရည်များက မိုးသီးမိုးပေါက်များလို ကျဆင်းနေ၏။ “သားလေး... မေမေ သားလေးကို... တွက်ဆထားတာမှားသွားခဲ့ပြီကွယ်... မေမေအမှားကြီးမှားသွားခဲ့ပြီ... မေမေတို့လို မိဘနှစ်ပါးကြောင့် သားလေးမှာ ခံစားနေလိုက်ရတာကွယ်... မေမေ...”

ထိုအချိန်တွင်...

ပြတင်းပေါက်မှ လွန်စွာဝမ်းနည်းကြေကွဲနေသော အသံတစ်သံပြန့်လွင့်လာခဲ့၏။

“မင်းဘာတစ်ခုမှမမှားခဲ့ဘူး။ အားလုံးဟာ ငါ့အပြစ်တွေချည်းပဲ။”

လောင်ရှောင်း၄ယွန်...

လောင်ရှောင်း၄ယွန်၏ စုတ်ပြတ်သတ်နေသော ယခုပုံစံကို မြင်တွေ့လိုက်ရပါက မည်သူမျှ ယုံကြည်နိုင်ကြမည်မဟုတ်ပါ။

သူသည် တံခါးဝတွင် ရပ်တန့်နေ၏။ အခန်းတွင်းသို့ဝင်လာရန် မဝံ့မရဲဖြစ်နေပုံလည်းရသည်။

လောင်ရှောင်း၃ယွန်၏ ဦးခေါင်းထောင်လာခဲ့ပြီး နှုတ်ခမ်းတလှုပ်လှုပ်ဖြင့် “ဖေဖေ” ဟုခေါ်ဆိုရန်ပြင်နေ၏။

သို့သော် သူ့နှုတ်ဖျားမှ မည်သည့်စကားမျှ မထွက်ပေါ်လာနိုင်ခဲ့ပါ။

လောင်ရှောင်း၄ယွန်က သက်ပြင်းကြီးတစ်ချက်ချလိုက်တော့၏။ “ငါ့ကိုဖခင်တစ်ယောက်အဖြစ်နဲ့တောင် မင်းမသတ်မှတ်ချင်တော့ဘူးဆိုတာ ငါနားလည်ပါတယ်။”

သူသည် လင်ရှီးယင်ဘက်သို့လှည့်လာခဲ့ပြီး ပြောဆိုလိုက်၏။ “ကျုပ်ကို လင်ယောက်ျားတစ်ယောက်အနေနဲ့ မင်းလည်းပဲ မသတ်မှတ်ချင်ဘူးဆိုတာ ကျုပ်သိနေပါတယ်။ ကျုပ်ရဲ့ဘဝကြီးဟာ ဘာမှအဓိပ္ပါယ်မရှိတော့ပါဘူးလေ...”

လင်ရှီးယင်-“ရှင်...”

သူသည် သူမကိုစကားဆက်ခွင့်မပေးတော့ဘဲ ဆက်ပြောနေလိုက်၏။ “ဒါပေမဲ့ ကျုပ်ဘဝမှာ ဖခင်ကောင်းတစ်ယောက်ဖြစ်အောင်လို့ သိပ်ပြီးကြိုးစားခဲ့တယ်။ လင်ယောက်ျားကောင်းတစ်ယောက်ဖြစ်အောင်လို့လည်း ကြိုးစားခဲ့တယ်။ ဒါပေမဲ့ ကျုပ်မအောင်မြင်ခဲ့ဘူး။ ကျုပ်လုပ်ခဲ့သမျှတွေအားလုံးဟာ အလွဲအမှားတွေချည်းပဲ ဖြစ်ခဲ့ရပါလားကွာ...”

လင်ရှီးယင်က သူ့ကိုစိုက်ကြည့်နေ၏။

လောင်ရှောင်း၄ယွန်သည် အမြဲတမ်းလိုလို တည်ကြည်မာကျောသော လူတစ်ယောက်ဖြစ်ခဲ့၏။ သူ့ထံတွင် အားအင်များ ပြည့်နေပြီး အမြဲတမ်းဖျတ်လတ်တက်ကြွနေခဲ့၏။

ယခုသော်...

လင်ရှီးယင်၏နှလုံးသားထဲ၌ သနားကြင်နာသော စိတ်ကလေးများ ရုတ်တရက် ကိန်းအောင်းလာခဲ့ပြီး ပြောဆိုလိုက်တော့သည်။ “ကျမလည်း ရှင့်အပေါ်မှာ မှားခဲ့ပါတယ်။ ကျမဟာ ဇနီးမယားကောင်းတစ်ယောက် မဟုတ်ခဲ့ဘူး။”

လောင်ရှောင်း၄ယွန် ရယ်မောနေ၏။ ကြေကွဲစွာရယ်မောနေ၏။ “ဒါလည်းပဲ မင်းရဲ့အမှားမဟုတ်ပါဘူး။ အားလုံးဟာ ကျုပ်အပြစ်တွေချည်းပဲ။ ကျုပ်ဘဝမှာ မင်းကိုမတွေ့ခဲ့ရဘူးဆိုရင်... လီဆွန်းဟွာကို မတွေ့ခဲ့ရဘူးဆိုရင်... ဒီအကြောင်းတွေ ဖြစ်လာစရာဘာအကြောင်းမှမရှိဘူး။ အားလုံးရဲ့ဘဝတွေ ပျော်ရွှင်ကြည်နူးနေကြမှာပဲ။”

ထိုအဖြစ်အပျက်များကြောင့် သူ့ကံတရားတစ်ခုလုံး ပြောင်းလဲသွားခဲ့ရသည်လော...

သူသာ လီဆွန်းဟွာနှင့်မတွေ့ခဲ့ပါက ယခုလောင်ရှောင်း၄ယွန်ဆိုသူတစ်ယောက် ဖြစ်လာပါမည်လော...

လင်ရှီးယင်က ငိုရှိုက်သံဖြင့် ပြောဆိုလိုက်၏။ “ရှင်ဘာပဲလုပ်ခဲ့လုပ်ခဲ့... ရှင်လုပ်ခဲ့သမျှအားလုံးဟာ ရှင့်မိသားစုကို ကာကွယ်ပေးဖို့အတွက်ပဲ။ ဒါကြောင့်မို့လို့... အားလုံးရဲ့အပြစ်တွေ... ရှင့်တစ်ယောက်တည်းဆီမှာမရှိနေဘူး။ ကျမရှင့်ကို အပြစ်မပြောပါဘူး။”

လောင်ရှောင်း၄ယွန်-“ကျုပ်တို့နှစ်ယောက်လုံးမှာ ဘာမပြစ်မှမရှိဘူးဆိုမှတော့ ဘယ်သူ့အပြစ်လဲ...”

လင်ရှီးယင်သည် ပြတင်းပေါက်မှ မိုးသည်းညကို ငေးမေကြည့်ရှုနေပြီး ရေရွတ်နေမိ၏။ “ဘယ်သူ့အပြစ်လဲ... ဘယ်သူ့အပြစ်လဲ...”

သူမထံတွင် အဖြေမရှိနေပါ။

မည်သူ့ထံတွင်မှ အဖြေမရှိနေပါ။

လူ့လောကကြီးရှိ အချို့အရာများသည် လူသားများဖြေဆိုနိုင်ရန် အဖြေမရှိနေနိုင်ပါ။ ဘယ်တော့မှလည်း နားလည်သဘောပေါက်နိုင်ကြမည်မဟုတ်ပါ။

လောင်ရှောင်း၄ယွန်-“အစတုန်းကတော့ ကျုပ်မင်းတို့သားအမိကို လာတွေ့ဖို့အစီအစဉ်မရှိပါဘူး။ မင်းတို့ထွက်သွားခဲ့ကြပြီးမှတော့ ကျုပ်ကိုထားသွားခဲ့တယ်ဆိုတာ ကျုပ်သိပါတယ်။ ဒါကြောင့်မို့လို့ မင်းတို့ကို မသွားပါနဲ့လို့ကျုပ်မတားမြစ်ခဲ့သလို နေပါလို့လည်း မပြောရက်ခဲ့ပါဘူး။ ဒါပေမဲ့...”

သူသည် သက်ပြင်းမောကြီးတစ်ချက်ချလိုက်ပြီး မျက်ရည်များလည်း စီးကျလာတော့၏။ “ကျုပ်ရဲ့လုပ်ရပ်တွေအားလုံးဟာ မင်းကိုနာကျင်စေခဲ့မယ်ဆိုတာ ကျုပ်သိနေပါတယ်။ ပြီးတော့ မင်းကိုလည်း စိတ်ပျက်သွားစေခဲ့မှာပဲ။ ဒါပေမဲ့ ကျုပ်ဘယ်လိုမှ မနေနိုင်ပါဘူး... မင်းတို့သားအမိနှစ်ယောက်နောက်ကို တိတ်တိတ်လေး နောက်ယောင်ခံလိုက်လာခဲ့မိတယ်။ ကျုပ်ရဲ့မျက်လုံးတွေထဲမှာ မင်းရဲ့အရိပ်ကလေးကို အဝေးတစ်နေရာကနေ ကြည့်နေရရင်ပဲ ကျေနပ်ပါပြီ... ကျုပ်ကျေနပ်ပါပြီ...”

လင်ရှီးယင်သည် မထိန်းနိုင်မသိမ်းနိုင် ငိုကြွေးသွားခဲ့မိပြီး ဝမ်းနည်းစွာပြောဆိုလိုက်တော့၏။ “တော်ပါတော့ရှင်... တော်ပါတော့... ကျေးဇူးပြုပြီး ဆက်မပြောပါနဲ့တော့...”

လောင်ရှောင်း၄ယွန်က ခေါင်းညိတ်ပြလိုက်၏။ “ကျုပ်ဘာမှဆက်မပြောသင့်တော့ဘူး။ ကျုပ်အခုပြောခဲ့သမျှ အားလုံးဟာလည်း သိပ်ကိုနောက်ကျနေခဲ့ပြီ။”

လင်ရှီးယင်-“ကျမအပေါ်မှာ သူ့ကျေးဇူးတွေသိပ်များလွန်းနေတယ်ဆိုတာ ရှင်လည်းသိပါတယ်။ ကျမ... ကျမ သူဒီအတိုင်းသေသွားမှာကိုတော့ လက်ပိုက်ပြီးမကြည့်နေနိုင်ဘူး။”

လောင်ရှောင်း၄ယွန်-“ကျုပ်လည်းပဲ သူ့အပေါ်ပေးဆပ်စရာတွေရှိနေပါတယ်။ မင်းထက်တောင်မှ ပိုနေသေးတယ်။ ဒါကြောင့်မို့လို့ ကျုပ်တစ်ယောက်တည်းပဲ လုပ်ရမယ့်အလုပ်ကလေးတွေရှိနေသေးတယ်။”

သူ့ကိုကြည့်ရသည်မှာ ခိုင်မာစွာဆုံးဖြတ်ထားပုံရပြီး ရှေ့သို့လျင်မြန်စွာ တိုးဝင်လာခဲ့တော့၏။

လင်ရှီးယင်-“ရှင်... ရှင်ဘာလုပ်မလို့လဲ... ရှင်... ရှင်...”

လောင်ရှောင်း၄ယွန်သည် သူမ၏သွေးကြောများကို လျင်မြန်စွာထိုးပိတ်လိုက်၏။ မင်းသေလို့မဖြစ်ဘူး။ မင်းမသေရဘူး။ ကျုပ်သာသေသင့်တဲ့သူဖြစ်တယ်။ ကျုပ်အသက်ရှင်နေသမျှကာလပတ်လုံး အားလုံးပဲ စိတ်မချမ်းမသာဖြစ်နေကြရမယ်။ ကျုပ်သေသွားခဲ့မယ်ဆိုရင် အားလုံးအတွက်ကောင်းဖို့ဖြစ်လာမှာပါ။”

သူသည် လင်ဟွာစွယ်စုံကျမ်းကြီးကို ဆတ်ခနဲကောက်ယူပြီး ခြေလှမ်းကျဲကြီးများဖြင့် ထွက်ခွာသွားလေတော့သည်။

အဝေးတစ်နေရာမှ သူ၏အသံသည် ကျယ်လောင်စွာလွင့်ပျံ့လာခဲ့၏။ “သား... မင်းမေမေကို ကောင်းကောင်းဂရုစိုက်လိုက်ပါကွာ။ မင်းရဲ့ ဒီသောက်သုံးမကျတဲ့ ဖခင်အတွက်တော့... မင်းငါ့ကို အဖေလို့မသတ်မှတ်လည်းဘဲ ဘာမှအရေးမကြီးတော့ပါဘူးကွာ...”

လောင်ရှောင်း၃ယွန်၏မျက်လုံးများက ဝိုင်းစက်စွာ ပြူးထွက်နေကြပြီး အပြင်ဘက်မှ မိုးရေစက်များကို ငေးကြည့်နေ၏။

သူမငိုတော့ပါ။

သို့သော် သူ၏မျက်ဝန်းများထဲတွင် ရှိနေသော ဝမ်းနည်းကြေကွဲမှုများကတော့ မျက်ရည်ကျသည်ထက်ပင်ပို၍ ဝမ်းနည်းနေရလေသည်။

အချိန်မည်မျှကြာသွားခဲ့သည်မသိ... သူ၏ကျယ်လောင်စွာ အာခေါင်ခြစ်အော်လိုက်သောအသံကြီး ထွက်ပေါ်လာခဲ့တော့သည်။ “ကျနော်လက်ခံတယ်။ သတ်မှတ်တယ်။ ဖေဖေဟာ ကျနော့်ရဲ့တစ်ဦးတည်းသော ဖခင်ပဲ။ ဖေဖေ့တစ်ယောက်တည်းကိုပဲ ဖခင်တစ်ယောက်အနေနဲ့ ကျနော်သတ်မှတ်နိုင်မယ်။ ဖေဖေကလွဲလို့ တခြားသူဘယ်သူမှ မရှိနိုင်တော့ဘူး... ဘယ်သူမှမရှိနိုင်တော့ဘူး...”

ထိုသည်မှာ ကလေးတစ်ယောက်က ဖခင်တစ်ယောက်ကို ပြသခဲ့သော တမ်းတမှုဖြစ်၏ ထိုသံယောဇဉ်သည် ဖခင်တစ်ယောက်နှင့် သားတစ်ယောက်တို့၏ မြဲမြံစွာချည်နှောင်ထားသောကြိုးတစ်ချောင်းဖြစ်ပြီး မည်သည့်အရာမျှ အစားထိုးလဲလှယ်၍မရနိုင်ပါ။

သနားစရာကောင်းသည်မှာ ဖခင်လုပ်သူသည် ဤစကားများကို မကြားနိုင်တော့ချေ။

လူသားတိုင်းတွင် ရုတ်တရက်ခံစားနားလည်လာသော သဘောပေါက်မှုများ ရှိနေတတ်လေသည်။

လောင်ရှောင်း၃ယွန်သည် ချောင်ပိတ်ခံခဲ့ရသူတစ်ယောက် ဖြစ်ခဲ့ခြင်းကြောင့် ဤသို့နားလည်သဘောပေါက်လာခဲ့သည်လော... သို့တည်းမဟုတ် သူ၏ရင်ထဲမှ စစ်မှန်သော မေတ္တာတရားတို့မှ အရင်းတည်ပြီး ပေါက်ဖွားလာခဲ့သော နားလည်သဘောပေါက်မှုများ ဖြစ်နေခဲ့ပါသလော...

သွေးဆိုသည်မှာ ရေထက်ပျစ်နှစ်၏။

သွေးသည်သာ အရှက်ရမှုများနှင့် မုန်းတီးနာကျည်းမှုများကို လျှော်ပေးနိုင်၏။

အသက်ရှင်သန်ခြင်းသည် သွေးကြောင့်ပင် တဖြည်းဖြည်းနှင့် အဆုံးသတ်ရပေမည်။

သို့သော် အသက်ရှင်သန်ခြင်းသည် သွေးကြောင့်ပင် အစပြုခဲ့ရသည်လည်း မဟုတ်ပါလား။

0 comments:

Post a Comment