Thursday, March 10, 2011

(၈၄) ရုတ်တရက်ပွင့်လင်းလာသောအသိဉာဏ်

လင်ရှီးယင် တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်မှာ အတော်လေးကြာ၏။ ပြီးနောက် သူမ၏ခေါင်းမော့လာခဲ့၏။

သူမမျက်နှာပေါ်မှ အမူအရာများသည် ချက်ချင်းပင်ငြိမ်းချမ်းလာခဲ့ရပြန်သည်။ “နောင်အနာဂါတ်ကာလမှာ ကျမတို့နှစ်ယောက် ထပ်တွေ့ကြဖို့ဆိုတာ မဖြစ်နိုင်တော့ပါဘူး။”

စွန်းရှောင်းဟုန်က မျက်မှောင်ကြုတ်ပြီး မေးမြန်းလိုက်၏။ “ဘာဖြစ်လို့လဲ။”

လင်ရှီးယင်-“ဘာဖြစ်လို့လဲဆိုတော့ ကျမ... ဟိုးအဝေးကြီးတစ်နေရာကို ထွက်သွားတော့မယ်။”

စွန်းရှောင်းဟုန်-“ရှင်... ရှင်တကယ်ပဲ ထွက်သွားဖို့လိုအပ်လို့လား။”

လင်ရှီးယင်-“ကျမထွက်သွားမှဖြစ်မယ်။”

စွန်းရှောင်းဟုန်-“ဘာဖြစ်လို့လဲ။”

လင်ရှီးယင်-“ကျမရဲ့စိတ်ကို ဆုံးဖြတ်ထားပြီးသားဖြစ်နေလို့ပါ။”

ထိုအရာအတွက်တော့ စွန်းရှောင်းဟုန်ထံတွင် တားမြစ်ပိုင်ခွင့်မရှိတော့ပါ။



လင်ရှီးယင်က ပြုံးပြီးဆက်ပြောနေ၏။ “ကျမဘဝမှာ ကျမရဲ့အားအနည်းဆုံးအချက်က တွေဝေတုံ့ဆိုင်းမှုတွေပဲ။ အခုတစ်ကြိမ်ဟာ ကျမရဲ့ပထမဆုံးအကြိမ်ဖြစ်တဲ့ ပြတ်သားစွာဆုံးဖြတ်မှုတစ်ခုပဲ။ ကျမကို မတားမြစ်ကြဘူးလို့လည်း မျှော်လင့်ပါတယ်။”

စွန်းရှောင်းဟုန်-“ဒါပေမဲ့... ဒီတစ်ကြိမ်ဟာ ကျမတို့တွေ ပထမဆုံးအကြိမ်အဖြစ်တွေ့ဆုံရတာလေ။ အနည်းဆုံးတော့ ကျမကိုရှင်နဲ့နောက်တစ်ခေါက် ပေးတွေ့သင့်ပါတယ်။ ကျမမှာရှင့်ကိုပြောစရာစကားတွေ အများကြီးရှိနေသေးတယ်။”

လင်ရှီးယင် ခဏမျှစဉ်းစားနေပြီး ပြန်ဖြေဆိုလိုက်၏။ “ကောင်းပြီလေ... ကျမရှင့်ကို မနက်ဖြန်ကျရင် ဒီနေရာမှာပဲ လာတွေ့ပါ့မယ်။ မနက်စောစောအချိန်ပေါ့။”

ထိုမျှသာဖြစ်၏... လင်ရှီးယင်ထွက်ခွာသွားခဲ့ချေပြီ။

စွန်းရှောင်းဟုန်သည် လောကကြီးတွင် တစ်ယောက်တည်းကျန်ရစ်ခဲ့သူတစ်ယောက်လို ခံစားမိနေ၏။

သူမ တစ်ချိန်လုံးမျက်ရည်မကျအောင် ထိန်းချုပ်ထားခဲ့ရာ ယခုအချိန်တွင်တော့ မျက်ရည်များ မတားနိုင်မဆီးနိုင် ကျဆင်းလာခဲ့ရချေပြီ။

သူမသည်လည်း ပြတ်သားစွာဆုံးဖြတ်ထား၏။

လီဆွန်းဟွာသာ ရှင်သန်လွတ်မြောက်ခဲ့ပါက ဤနေရာသို့ သူ့ကိုမရောက်ရောက်အောင် ခေါ်လာမည်ဖြစ်သည်။

လီဆွန်းဟွာကို ပထမဆုံးအကြိမ်တွေ့သည့်အချိန်မှစ၍ သူမ၏ဘဝတစ်ခုလုံးကို သူ့ပေါ်တွင်သာ ပုံအပ်ထားခဲ့လေသည်။

ထိုဆုံးဖြတ်ချက်ကို မည်သည့်အကြောင်းနှင့်မျှ မပြောင်းလဲနိုင်ခဲ့ပါ။

ယခုသော် သူမသည် တစ်ကိုယ်ကောင်းဆန်လွန်းသူတစ်ယောက်လို ခံစားမိနေ၏။ ထို့ကြောင့် သူမ၏ပျော်ရွှင်မှုများကို စတေးပစ်တော့မည်ဟု ဆုံးဖြတ်ထားလေတော့သည်။

အဘယ်ကြောင့်ဆိုသော် လင်ရှီးယင်သည် သူ့ကို သူမထက်ပိုလိုအပ်သည်မဟုတ်ပါလား...

“သူတို့နှစ်ယောက် ခံစားလာခဲ့ကြရတာ သိပ်ကိုများလွန်းနေပြီ။ သူတို့နှစ်ယောက် ပျော်ရွှင်ကြည်နူးရမယ့်အချိန်ကို ရောက်လာပါပြီလေ။ သူတို့မှာ ပျော်ရွှင်ဖို့လည်းထိုက်တန်ကြပါတယ်။ ငါဘာပဲပေးဆပ်ရပေးဆပ်ရ သူတို့နှစ်ယောက်ကို ပြန်နီးစပ်အောင် အစွမ်းကုန်ကြိုးစားမယ်။”

“လင်ရှီးယင်ဟာ သူ့နှလုံးသားထဲမှာ အမြဲတမ်းစိုးမိုးထားသူဖြစ်တယ်။”

“လောင်ရှောင်း၄ယွန်အတွက်တော့... သူဟာလင်ရှီးယင်အတွက် လူကောင်းတစ်ယောက် ဘယ်တုန်းကမှ မဟုတ်ခဲ့ဘူး။”

“ငါကတော့...”

သူမအတွက်မစဉ်းစားရန် ဆုံးဖြတ်ထားလိုက်တော့၏။ နှုတ်ခမ်းများကို ဖိကိုက်ထားလိုက်ပြီး ကျဆင်းနေသော မျက်ရည်များကိုလည်း သုတ်လိုက်၏။ ပြီးနောက် တစ်ကိုယ်တည်းရေရွတ်လိုက်ပြန်သည်။ “ငါမငိုတော့ဘူး။ ငိုချင်ရင်တောင်မှ မျက်ရည်တွေကို မနက်ဖြန်ထိသိမ်းထားမယ်။ ဒီနေ့မှာ လုပ်စရာအလုပ်တွေအများကြီး ရှိနေသေးတယ်။”

သူမခေါင်းမော့လာခဲ့၏။

အရာအားလုံးသည် မည်းမှောင်နေ၏။ ညဉ့်နက်လေပြီ။

သိပ်ပြီးမည်းမှောင်သောညဉ့်ယံကုန်လွန်လျှင် လင်းရောင်ခြည်သမ်းသော နံနက်မိုးသောက်ချိန်ဆိုတာ ရောက်ရှိလာရန် မဝေးတော့ပါ။

တချို့လူတွေကပြောကြသည်။ ဤလောကကြီးတွင် လူ ၂ မျိုး ၂ စားသာရှိ၏။ လူကောင်းနှင့် လူဆိုး...

လင်ရှန်းအာသည် ဆိုးသွမ်းသူစာရင်းထဲတွင် ထည့်ထားနိုင်သူတစ်ယောက်ဖြစ်၏။ သို့သော် လင်ရှီးယင်နှင့် စွန်းရှောင်းဟုန်တို့အတွက်ကျတော့ရော...

သူတို့နှစ်ဦးစလုံးသည် လူကောင်းများဖြစ်ကြသော်လည်း မတူညီစွာ ကွဲပြားခြားနားကြပါသည်။

ပြဿနာများနှင့် ဒုက္ခများကြုံတွေ့လာရပါက လင်ရှီးယင်သည် တစ်ဘက်သတ်သည်းခံသူတစ်ယောက်ဖြစ်ပြီး သူမဆောင်ရွက်နိုင်သည်မှာ ကြိတ်မှိတ်သည်းခံခြင်းသာဖြစ်၏။

မိန်းမတစ်ယောက်၏ အကောင်းဆုံးဂုဏ်ကျက်သရေမှာ သည်းခံနိုင်မှုဟု သူမခံယူထား၏။

သို့သော် စွန်းရှောင်းဟုန်သည် ခြားနားသူတစ်ယောက်ဖြစ်၏။ သူမသည် အမြဲတမ်း တွန်းလှန်သွားမည့်သူဖြစ်သည်။

မတရားမှုတစ်စုံတစ်ရာအတွက် ပြင်းထန်စွာဆန့်ကျင်ပြီး တိုက်ခိုက်ရယူတတ်သူဖြစ်သည်။

သူမသည် စိတ်ဓာတ်ပြတ်သားသူ၊ ဉာဏ်ကောင်းထက်မြက်သူ၊ သတ္တိရှိပြီးရဲရင့်သူ၊ ပြီးနောက် မိမိကိုယ်ကို ယုံကြည်မှုအပြည့်အဝရှိသူတစ်ယောက်ဖြစ်၏။ ချစ်ခြင်းမေတ္တာကို ထုတ်ဖော်ပြသရန် ရှက်ရွံ့တတ်သူတစ်ယောက် မဟုတ်သလို မုန်းတီးရန်လည်း တွန့်ဆုတ်တတ်သူတစ်ယောက်မဟုတ်ချေ။ သူမ၏စိတ်နှင့်ခန္ဓာကိုယ်တစ်ခုလုံးတွင် မှေးမှိန်နေခြင်းဆိုသည့် အမည်းစက်တစ်ခုမျှ မရှိနေပါ။

အဘယ်ကြောင့်ဆိုသော် သူမလိုလူစားမျိုးများ ရှိနေခြင်းကြောင့် လူသားဘဝကြီးသည် တစ်ခေတ်ပြီးတစ်ခေတ် တိုးတက်ပြောင်းလဲနေရသည်မဟုတ်ပါလား။

“ပုခက်လွှဲသောလက်သည် ကမ္ဘာကိုကိုင်စိုးသောလက်ဖြစ်၏...”

ထိုဆိုရိုးစကားသည် သူမလိုလူမျိုးကို ညွှန်းဆိုခြင်းသာဖြစ်၏။

+++++

“ငါသူ့ကို ပြန်သွားတွေ့တဲ့အခါ ဘာပဲဖြစ်ဖြစ် သူငါ့ဆီကိုတွားသွားပြီး ပြန်ရောက်လာမှာပဲ။”

“ငါမရှိရင်... သူဘယ်လိုမှ ဆက်လက်ရှင်သန်နေနိုင်မှာ မဟုတ်ဘူး။”

လင်ရှန်းအာတစ်ယောက် မိမိကိုယ်ကို ဤမျှထိယုံကြည်နေပါသလား။...

သူမအတွက် ထိုယုံကြည်ချက်သည် မထူးဆန်းတော့ပါ။ အဘယ်ကြောင့်ဆိုသော် အားဖေသည် သူမကိုရူးသွပ်စွာ ချစ်မြတ်နိုးနေသူတစ်ယောက်မဟုတ်ပါလား...

သို့သော် အားဖေ ဘယ်ရောက်နေသနည်း။

“သူအဲဒီအိမ်လေးထဲမှာပဲ ရှိနေဦးမှာသေချာတယ်။ အဲဒါငါတို့နှစ်ယောက်ရဲ့ အိမ်လေးပဲ။ ငါ့ပစ္စည်းတွေ အိမ်လေးထဲမှာ ရှိနေသေးတယ်။ ငါ့အငွေ့အသက်တွေ အိမ်လေးထဲမှာ ရှိနေသေးတယ်။”

“ငါပြန်အလာကို သူ အိမ်လေးထဲမှာ စောင့်နေလိမ့်မယ်။”

ထိုအတွေးများကြောင့် လင်ရှန်းအာ ရုတ်ချည်းပင် ပေါ့ပါးသွက်လက်လာ၏။

“ပြီးခဲ့တဲ့ရက်တွေအတွင်းမှာ သူဘာမှလုပ်နေခဲ့မှာမဟုတ်ဘူး။ အရက်ထိုင်သောက်နေလိမ့်မယ်။ အိမ်ထဲမှာလည်း ရှုပ်ပွနေလိမ့်မယ်။ လူသေအလောင်းကောင်တွေတောင် နေရာမရွှေ့ရသေးဘူးနဲ့တူတယ်။”

ထိုအကြောင်းအရာကို တွေးလိုက်မိသည်နှင့် လင်ရှန်းအာ မျက်တောင်ပင်မခတ်ရဲတော့ပါ။

“ဒါပေမဲ့ ငါ့ကိုတွေ့လိုက်တာနဲ့ တပြိုင်နက် ငါလိုအပ်သမျှ သူအကုန်လုံးဖြည့်ဆီးပေးလိမ့်မယ်။ ငါ့လက်ချောင်းလေးတောင် ထောင်ပြီးခိုင်းစရာမလိုဘူး။”

လင်ရှန်းအာ စိတ်လက်ပေါ့ပါးသွားခဲ့ရ၏။ သူမလိုမိန်းမတစ်ယောက်သည် ကျောက်တောင်အောက်ကို ပြုတ်ကျသွားသည်ဆိုဦး ပြေးပုန်းစရာ တစ်နေရာတော့ ရှိနေသေးတတ်၏။ သူမပြန်အလာကို စိတ်ရှည်စွာ စောင့်စားနေသူတစ်ယောက်ရှိနေခြင်းကို စဉ်းစားမိလိုက်သောအခါ လင်ရှန်းအာ အလွန်အမင်းဝမ်းသာပျော်ရွှင်သွားရ၏။

“အရင်တုန်းက ငါသူ့အပေါ်မှာ တော်တော်လေးရက်ရက်စက်စက် ဆက်ဆံခဲ့တာပဲ။ သူ့ကိုချောင်ပိတ်မိနေအောင်ကို လုပ်ခဲ့မိပါလား။ အခုအချိန်ကစပြီး သူ့ကိုအကောင်းဆုံးဆက်ဆံရတော့မယ်။”

“ယောက်ျားတွေဆိုတာ ကလေးငယ်လေးတွေလိုပဲ... သူတို့ငြိမ်သက်ပြီး ပြောစကားနားထောင်စေချင်ရင် ချိုချဉ်ကျွေးရတယ်မဟုတ်လား။”

ရုတ်တရက် သူမ၏နှလုံးသားတစ်ခုလုံး နွေးထွေးသွားသလိုခံစားလိုက်ရ၏။

“သူ့အကြောင်းကိုစဉ်းစားစမ်း... သူ့မှာမကြိုက်စရာ ဘာအချက်မှမရှိဘူး။ ငါတွေ့ဖူးသမျှယောက်ျားတွေအားလုံးထက် သူဟာသာလွန်နေသေးတယ်။”

လင်ရှန်းအာ သတိထားမိလာသည့်အချက်မှာ သူမထံတွင် အားဖေအတွက် ခံစားချက်ချစ်ခြင်းမေတ္တာများ ရှိနေကြောင်းကိုပင်။

သူမ၏ဘဝထဲတွင် ရိုးသားစွာချစ်မြတ်နိုးသူတစ်ယောက်ကို ပြပါဆိုလျှင် ထိုသူသည် အားဖေသာဖြစ်ပေလိမ့်မည်။ ထိုအတွေးကို စဉ်းစားမိလာလေ... အားဖေကို ပိုင်ဆိုင်ရရှိထားခြင်းသည် သူမ အလွန်ကံကောင်းသည်ဟု ခံစားမိလာလေဖြစ်၏။

“ခုချိန်ကစပြီး ငါသူ့ကို အကောင်းဆုံးဆက်ဆံတော့မယ်။ သူလိုယောက်ျားမျိုးဟာ ဒီလောကကြီးထဲမှာ သိပ်ကိုရှားပါးသွားပြီ။ သူလိုယောက်ျား နောက်တစ်ယောက် တွေ့နိုင်ဖို့ဆိုတာ မဖြစ်နိုင်တော့ဘူး။”

ထိုအချက်ကိုတွေးမိလာလေ သူမ အားဖေကိုလက်မလွတ်နိုင်လာလေဖြစ်၏။

သူမ အားဖေကိုတွေ့စကတည်းက ချစ်မိနေခြင်းလည်းဖြစ်နိုင်၏။ သို့သော် သူမအပေါ်အားဖေချစ်သည့် အချစ်များက ပိုသာလွန်းသောကြောင့် အရာရာကို တောင့်တတိုင်းရနိုင်သည်ဟု သူမ ထင်မိလာခဲ့ခြင်းလည်းဖြစ်၏။

အားဖေသာ သူမကိုနှစ်နှစ်ကာကာမချစ်မြတ်နိုးခဲ့ပါက သူမကပင်ပြန်၍ အားဖေကိုပိုလိုအပ်နေဦးမည်ဖြစ်သည်။

ဤအရာသည် လူသားတို့၏အားနည်းချက်လည်းဖြစ်၏။ လူသားများ၏ တွန်းကန်ဆန့်ကျင်တတ်သော သဘောသဘာဝလည်းဖြစ်၏။

ထို့ကြောင့် ဉာဏ်ကောင်းထက်မြက်သူယောက်ျားများသည် သူတို့၏အချစ်ကို ထုတ်ဖော်မပြသတတ်ကြဘဲ စိတ်တွင်း၌သာ မျိုသိပ်ထားတတ်ကြလေသည်။

“အားဖေ... မစိုးရိမ်ပါနဲ့တော့ကွယ်... ခုချိန်ကစပြီး ရှင့်ကိုကျမ ဘယ်တော့မှမနှိပ်စက်တော့ပါဘူး။ ကျမရှင့်ဘေးမှာပဲ နေ့စဉ်နေ့တိုင်း ရှိနေပါတော့မယ်။ အတိတ်ကဖြစ်ခဲ့တာတွေအားလုံးကို မေ့ပျောက်ပစ်ပြီး ဘဝအသစ်ပြန်စကြရအောင်လား။”

“ကျမအပေါ်မှာ အရင်ကဆက်ဆံခဲ့သလို ရှင်ဆက်ဆံနေသရွေ့ ကျမရှင်ပြောတဲ့စကားမှန်သမျှ မြေဝယ်မကျ နားထောင်လိုက်နာပါ့မယ်။”

သို့သော် သူမကိုအရင်ကဆက်ဆံခဲ့သည့်အတိုင်း အားဖေ ဆက်ဆံပါဦးမည်လား။

ထိုအချက်သည် လင်ရှန်းအာအတွက် မသေချာပါ။ သူမ၏ယုံကြည်ချက်များ တဖြည်းဖြည်းလွင့်ပါးလာခဲ့ရချေပြီ။

ထိုခံစားမှုမျိုးကို သူမဘယ်တုန်းကမှ မခံစားခဲ့ဖူးပါ။ အဘယ်ကြောင့်ဆိုသော် သူမအတွက် အားဖေသည် ဤမျှအရေးပါနေကြောင်း ဘယ်တုန်းကမှ မစဉ်းစားခဲ့ဘူးသောကြောင့်ဖြစ်၏။ အားဖေ သူမကိုကောင်းမွန်စွာ ဆက်ဆံသည်ဖြစ်စေ... မည်သို့ပဲဆက်ဆံသည်ဖြစ်စေ သူမ ဂရုမစိုက်နိုင်တော့ပါ။

လူတစ်ဦးတစ်ယောက်အတွက် တစ်စုံတစ်ခုကို လိုချင်တပ်မက်လွန်းနေပါက ထိုအရာပျောက်ကွယ်သွားမည်ကိုလည်း အစိုးရိမ်ရဆုံး ဖြစ်လာတတ်သည်မဟုတ်ပါလား။

ထိုလိုချင်တပ်မက်မှုလောဘသည် လူသားတို့၏ အားနည်းချက်လည်း ဖြစ်နေပြန်သည်မဟုတ်ပါလား။

ဝမ်းနည်းစရာကောင်းသည်မှာ ပို၍လိုချင်တပ်မက်လေ... စိတ်မကျေနပ်မှုများက ပို၍ကြီးမားလာလေဖြစ်၏။

လင်ရှန်းအာ ခေါင်းမော့လိုက်သောအခါ အဝေးတစ်နေရာမှ အိမ်ငယ်လေးကို ထီးထီးကြီးတွေ့လိုက်ရ၏။

အိမ်လေးအတွင်းတွင် မီးရောင်များလင်းလက်နေသေး၏။

တစ်နေရာအရောက်တွင် သူမ ရပ်တန့်ပြီး အင်္ကျီစတစ်စကို ဆွဲဖြဲလိုက်၏။ ပြီးနောက်ထိုအင်္ကျီစဖြင့် သူမမျက်နှာတွင် ပေကျံနေသော ရွံ့ဗွက်များကို မိုးရေစက်များနှင့်အတူ သုတ်သင်လိုက်၏။ ပြီးနောက်သူမ၏ ဆံနွယ်စများကို လက်သည်းထိပ်လေးများဖြင့် ညင်သာစွာဖြီးသင်လိုက်ပြန်သည်။

သူမကို ဤသို့စုတ်ပြတ်နေပုံမျိုးဖြင့် အားဖေမတွေ့စေချင်ပါ။

အဘယ်ကြောင့်ဆိုသော် အားဖေကိုလက်လွှတ်ဆုံးရှုံးရန် သူမထံ၌ အားအင်ဟူ၍မရှိတော့သောကြောင့်ဖြစ်၏။

အိမ်လေးအတွင်းတွင် မီးရောင်များထိန်လင်းနေ၏။

စားပွဲပေါ်တွင် ဖယောင်းတိုင်မီးတစ်တိုင် ထွန်းညှိထား၏။

ဖယောင်းတိုင်ဘေးတွင် ဆန်ပြုတ်ပန်းကန်ကြီးတစ်ပန်းကန် ရှိနေ၏။

လင်ရှန်းအာတွေးထင်ထားခဲ့သလို အိမ်လေးသည် ရှုပ်ပွမနေပါ။ လူသေအလောင်းကောင်များ မတွေ့ရသလို သွေးကွက်များသည်လည်း ရေဖြင့်ဆေးကြောထားသဖြင့် အရာပင်မထင်နေပါ။ အရာအားလုံးသည် ပြောင်လက်သန့်ရှင်းနေ၏။

အားဖေသည် စားပွဲတစ်ဘက်တွင် ထိုင်နေပြီး ဆန်ပြုတ်ပန်းကန်ကြီးထဲမှ ဆန်ပြုတ်များကို ဖြည်းညင်းစွာ မှုတ်သောက်နေ၏။

သူသည် အစားစားတိုင်း ဖြည်းညင်းစွာသုံးဆောင်လေ့ရှိ၏။ အဘယ်ကြောင့်ဆိုသော် နောက်ထပ်တစ်နပ်အတွက် မသေချာသောကြောင့်ဖြစ်၏။ ထို့ကြောင့် အလုတ်တိုင်းကို အရသာခံပြီးဖြည်းညင်းစွာ စားသုံးလေ့ရှိ၏။

သို့သော် သူ့ကိုကြည့်ရသည်မှာ ယခုဆန်ပြုတ်ကို အရသာရှိစွာသုံးဆောင်နေပုံလုံးဝမရှိ။

သူ၏မျက်နှာတစ်ပြင်လုံး သုန်မှုန်နေပြီး မစားမဖြစ်၍သာ စားနေရပုံရသည်။

အဘယ်ကြောင့် ဇွတ်မှိတ်ပြီး စားသောက်နေရသနည်း။ သူ့အသက်ရှင်သန်ရေးအတွက် မစားမဖြစ်၍သာ စားသောက်နေရခြင်းကြောင့်လော။...

ညမှောင်လာလေပြီ။

အထီးကျန်သောလူတစ်ယောက် တစ်တိုင်တည်းသော ဖယောင်းတိုင်ကိုမျက်နှာမူပြီး ဆန်ပြုတ်ကိုဖြည်းညင်းစွာ မှုတ်သောက်နေ၏။

သင့်မျက်လုံးများဖြင့် သင်ကိုယ်တိုင်မမြင်တွေ့ခဲ့ရပါက ဤမြင်ကွင်းသည် မည်မျှလောက် ဝမ်းနည်းကြေကွဲဖွယ်ရာ မြင်ကွင်းဖြစ်ကြောင်း ခံစားသိရှိနိုင်မည်မဟုတ်ပါ။

တံခါးကဖြည်းဖြည်းလေး ပွင့်သွားတော့၏။

လင်ရှန်းအာသည် တံခါးပေါက်ဝတွင်ရပ်ပြီး သူ့ကိုငေးကြည့်နေ၏။

အားဖေ၏မျက်နှာလေးကို တွေ့လိုက်သည့်အချိန်ခဏလေးအတွင်းတွင် သူမ၏ရင်ဘတ်တစ်ခုလုံး နွေးထွေးသွားသလို ခံစားမိလိုက်၏။ ထိုနွေးထွေးမှုသည် သူမ၏ခန္ဓာကိုယ်တစ်ခုလုံးသို့ ပြန့်နှံ့သွားလေတော့သည်။

သူမထံတွင် ထိုသို့သောခံစားချက်မျိုး ရှိနေကြောင်းကို သူမကိုယ်တိုင်ပင် မယုံကြည်နိုင်လောက်အောင်ဖြစ်နေရ၏။

အဘယ်ကြောင့်ဆိုသော် သူမ၏သွေးသည် အမြဲတမ်းအေးစက်နေတတ်သည်မဟုတ်ပါလား။

လူတစ်ယောက် အိမ်တွင်းသို့ဝင်ရောက်လာခြင်းကို အားဖေသတိထားမိပုံမရ။ သူ၏ခေါင်းသည် ငုံ့ထားမြဲငုံ့ထားနေပြီး ဆန်ပြုတ်များကို ဖြည်းညင်းစွာမှုတ်သောက်နေဆဲ။ ဆန်ပြုတ်သည်သာ သူ့အတွက် စိတ်ဝင်စားစရာတစ်ခုတည်းသော အရာအလားရှိနေ၏။

သို့သော် သူ၏မျက်နှာပေါ်မှကြွက်သားများ တင်းမာသွားခဲ့ရ၏။

လင်ရှန်းအာသည် အနူးညံ့ဆုံးလေသံဖြင့် ခေါ်လိုက်သည်။ “ရှောင်းဖေ...”

သူမ၏လေသံက နူးညံ့ချိုသာနေဆဲ... အရင်ကအတိုင်းပင် မပြောင်းမလဲရှိနေဆဲ...

အားဖေခေါင်းထောင်လာပြီး သူမကိုစိုက်ကြည့်နေ၏။

သူ၏မျက်လုံးများက စူးရှတောက်ပြောင်နေဆဲ... မျက်ရည်များကြောင့်ပင်လော...

လင်ရှန်းအာ၏မျက်ဝန်းများတွင်လည်း မျက်ရည်စများစိုစွတ်နေ၏။ “ရှောင်းဖေ... ကျမပြန်လာခဲ့ပါပြီ။”

အားဖေက မလှုပ်ရှားခဲ့သလို မည်သည့်စကားမျှလည်း မပြောဆိုခဲ့ပါ။

သူ့ကိုကြည့်ရသည်မှာ ရေခဲတုံးတစ်ခုအတွင်း အေးခဲနေသူတစ်ယောက်လိုဖြစ်နေပြီး မလှုပ်နိုင်မရှားနိုင်ဖြစ်နေရသလိုမျိုး ဖြစ်နေ၏။

သူမသည် အားဖေရှိရာသို့ ဖြည်းညင်းစွာလျှောက်လှမ်းလာပြီး ပြောဆိုလိုက်၏။ “ရှင်ကျမကို စောင့်စားနေမယ်ဆိုတာ ကျမသိနေပါတယ်။ ဘာကြောင့်လဲဆိုတော့ ရှင်ဟာ ဒီလောကကြီးမှာ ကျမအပေါ်အစစ်အမှန် ကောင်းသူတစ်ယောက်ဆိုတာ ကျမနားလည်သွားပါပြီ။”

ဤတစ်ကြိမ်တွင် သူမ လိမ်ပြောနေခြင်းမဟုတ်ပါ။

သူမ၏နှလုံးသားမှ စီးဆင်းလာသော စကားအမှန်များသာဖြစ်၏။ အားဖေအပေါ် သူမ ထားရှိသောခံစားချက်များက အစစ်အမှန်များလည်းဖြစ်ကြ၏။

လင်ရှန်းအာ-“ကျမကိုအားလုံးက အသုံးချခဲ့တယ်ဆိုတာ ကျမသိလိုက်ပါပြီ။ ကျမကလည်း သူတို့ကိုအသုံးပြန်ချခဲ့တယ်လေ။ သူတို့ကျမကို အသုံးချခဲ့တာကို ကျမစိတ်မဆိုးခဲ့ပါဘူး။ ဒါပေမဲ့ ကျမရှင့်အပေါ် ဘယ်လောက်ပဲဆိုးဆိုးဝါးဝါး ဆက်ဆံခဲ့ဆက်ဆံခဲ့... ရှင်ကတော့ ကျမအပေါ်မှာ စစ်စစ်မှန်မှန် ချစ်သူတစ်ယောက်ဆိုတာ ကျမသိလာရပါပြီ။”

အားဖေ၏အမူအရာများ ပြောင်းလဲသွားသည်ကို သူမ မတွေ့ခဲ့ပါ။

အဘယ်ကြောင့်ဆိုသော် သူမသည် အားဖေအနီးသို့ နီးကပ်စွာတိုးကပ်လာသောကြောင့်ဖြစ်၏။ အလွန်နီးကပ်လာသောကြောင့် သူမမြင်တွေ့ခဲ့သင့်သည့်အရာများကို မမြင်တွေ့နိုင်ခဲ့ချေ။

လင်ရှန်းအာ-“ကျမဆုံးဖြတ်လိုက်ပါပြီ။ ကျမရှင့်ကို ဘယ်တော့မှမလှည့်ဖြားတော့ပါဘူး။ ကျမရှင့်ကို ဘယ်တော့မှမနှိပ်စက်တော့ပါဘူး။ ရှင်လိုချင်သမျှ ရှင်တောင်းဆိုသမျှ အရာအားလုံးကို ကျမနားထောင်ပါတော့မယ်။ ကျမလိုက်နာပါ့မယ်။ ကျမကတိပေး...”

‘ချွတ်’...

အားဖေ၏လက်ထဲတွင်ကိုင်ဆောင်ထားသော ဝါးတူသည်ထက်ပိုင်းကျိုးသွားခဲ့၏။

လင်ရှန်းအာသည် သူ့လက်ကိုဆွဲယူလာပြီး သူမ၏ရင်ဘတ်ပေါ်တွင် ဖိတင်ပေးထားလိုက်၏။

သူမ၏စကားသံလေးက ပျားရည်ထက်ပင်ချိုမြိန်နေသေး၏။

“အရင်တုန်းက ကျမရှင့်အပေါ်မှာ တကယ်ပဲမှားခဲ့ပါတယ်။ အနာဂါတ်ကာလမှာ ကျမပြန်ပြီးပေးဆပ်ပါ့မယ်။ အကောင်းဆုံးပြန်ပေးဆပ်ပါ့မယ်။ ကျမရှင့်ကိုသိစေချင်တာကတော့ ရှင်ဟာကျမအပေါ်မှာ အကောင်းမွန်ဆုံးဆက်ဆံခဲ့တယ်။ အဲဒီအချက်ကလေးက ကျမအတွက်လုံလောက်ပါပြီ။”

သူမ၏ရင်သားနှစ်မွှာသည် နူးညံ့ပြီးနွေးထွေးနေ၏။

သူမ၏ရင်သားများအပေါ်လက်တင်ထားမိသူတိုင်း မည်သူမျှ လက်ပြန်ရုတ်နိုင်ကြမည်မဟုတ်ပါ။

သို့သော် အားဖေသည် သူ၏လက်ကိုရုတ်တရက် ဆွဲဖယ်သွားခဲ့၏။

လင်ရှန်းအာ၏မျက်ဝန်းများထဲ၌ အံ့အားသင့်မှုများ ပေါ်ထွက်လာခဲ့ရလေတော့သည်။ “ရှင်... ရှင်... ကျမကို မလိုချင်တော့ဘူးလား။”

အားဖေသည် သူမကိုတိတ်ဆိတ်စွာ စိုက်ကြည့်နေ၏။ သူ၏အကြည့်များက လင်ရှန်းအာကို ပထမဆုံးအကြိမ် တွေ့ဖူးသူတစ်ယောက် ကြည့်နေသည့်အကြည့်များအလား...

“ကျမပြောခဲ့တာတွေအားလုံးဟာ အမှန်တွေချည်းပါ။ အရင်တုန်းက ကျမဟာ ယောက်ျားတွေနဲ့အတူတူနေခဲ့ဖူးပေမယ့်... ဘယ်သူ့ကိုမှ ကျမမခံစားခဲ့ရဘူး... အားလုံးဟာ အတုအယောင်တွေချည်းပဲ။ ဒါပေမဲ့... ရှင့်အပေါ်မှာတော့...”

သူမ၏စကား ရုတ်တရက်ရပ်တန့်သွားခဲ့ရ၏။ အားဖေ၏မျက်နှာအမူအရာများကို တွေ့လိုက်ရသောကြောင့်ဖြစ်သည်။

အားဖေကိုကြည့်ရသည်မှာ အော့အန်ချင်နေပုံရသည်။

လင်ရှန်းအာ နောက်သို့ခြေလှမ်း ၂ လှမ်းဆုတ်သွားခဲ့ပြီး ထိတ်လန့်တုန်လှုပ်စွာ ပြောဆိုလိုက်၏။ “ရှင်... ရှင်... ကျမအမှန်အတိုင်းပြောတာကို မကြိုက်ဘူးပေါ့... ကျမရှင့်ကို ထပ်ပြီးလိမ်ညာပြောဆိုစေချင်နေတာလား။”

အားဖေသည် သူမ၏မျက်လုံးများထဲသို့ စူးစူးစိုက်စိုက် စိုက်ကြည့်နေခဲ့သည်မှာ တော်တော်လေးကြာသွားခဲ့၏။ “တစ်စုံတစ်ခုဟာ သိပ်ပြီးထူးဆန်းနေတယ်လို့ ကျုပ်ခံစားမိနေတယ်။”

လင်ရှန်းအာ-“ဘာများလဲ...”

အားဖေ ဖြည်းညင်းစွာထရပ်လာခဲ့၏။ ပြီးနောက် စကားကိုပီသစွာ တစ်လုံးချင်း ဖြည်းညင်းစွာပြောဆိုလိုက်၏။ “မင်းလိုမိန်းမမျိုးကို ကျုပ်ဘာကြောင့် ချစ်မိခဲ့တာလဲ။”

လင်ရှန်းအာ၏ခန္ဓာကိုယ်တစ်ခုလုံး အေးခဲသွားရလေတော့သည်။

အားဖေ နောက်ထပ်စကားတစ်ခွန်းမျှ မပြောတော့ပါ။

သူ့အတွက် နောက်ထပ်စကားပြောဆိုရန်လည်း မလိုအပ်တော့ပါ။ ထိုဝါကျတစ်ကြောင်းက လုံလောက်ပါပြီ။

ထိုဝါကျတစ်ကြောင်းက လင်ရှန်းအာကို အဆုံးမရှိသောချောက်ကမ်းပါးကြီးထဲသို့ ကျရောက်သွားစေပါပြီ။

အားဖေ ဖြည်းညင်းစွာ လျှောက်ထွက်သွား၏။

လူတစ်ယောက်သည် ဒုက္ခများကို ခါးစီးခံနေရမည်ဆိုလျှင်၊ နာကြည်းမှုများကို ခါးစီးခံနေရမည်ဆိုလျှင်၊ အရှက်ခွဲသိက္ခာချမှုများကို ဆက်တိုက်ခါးစီးခံခဲ့ရမည်ဆိုလျှင်... ထိုသူသည် အဆုံးအစွန်ထိ သည်းခံနိုင်ခဲ့သည်ဆိုဦး... တစ်ချိန်တွင်တော့ ပြန်လည်တွန်းကန်သွားမည်ဖြစ်၏။

လူတစ်ယောက်သည် အလိမ်အညာခံရခြင်းကို သည်းခံနိုင်ကောင်း သည်းခံနိုင်မည်ဖြစ်သော်လည်း အရှက်ခွဲခံရခြင်းကိုတော့ သည်းခံနိုင်မည်မဟုတ်ပါ။ ထိုအချက်သည် မိန်းမများအတွက်လည်း မှန်ကန်နေပြီး ယောက်ျားများအတွက်လည်း မှန်ကန်နေပါသည်။

ဇနီးမယားတစ်ယောက်အတွက် မှန်ကန်နေသလို လင်ယောက်ျားတစ်ယောက်အတွက်လည်း မှန်ကန်နေပါသည်။

လင်ရှန်းအာသည် သူမ၏နှလုံးသား နစ်မြုပ်သွားသလိုမျိုး ခံစားနေရ၏။ အဆုံးမရှိသော အောက်ခြေသို့ နစ်မြုပ်သွားသလိုမျိုးဖြစ်၏။

အားဖေသည် တံခါးကို ဖွင့်ထွက်နေပြီဖြစ်၏။

လင်ရှန်းအာသည် သူမ၏ခန္ဓာကိုယ်တစ်ခုလုံးကို အားဖေ၏ခြေရင်းတွင် တွယ်ကပ်နေလိုက်၏။ အားဖေ၏အင်္ကျီလက်စကို ဆွဲကိုင်ထားပြီး ရှိုက်ငင်သံဖြင့် အော်ဟစ်ငိုယိုနေ၏။ “ရှင်... ကျမကိုဒီအတိုင်းပဲ ထားသွားခဲ့တော့မှာလား... ရှင်ဟာကျမအတွက် နောက်ဆုံးကျန်ရှိနေတဲ့ ပိုင်ဆိုင်မှုလေးပါ...”

သို့သော် အားဖေသည် လုံးဝလှည့်မကြည့်ခဲ့ချေ။

လင်ရှန်းအာဆွဲကိုင်ထားသော အင်္ကျီကိုဖြည်းညင်းစွာ ချွတ်ချလိုက်၏။

သူသည် မိုးစက်များအောက်တွင် ရင်ဘတ်ဟောင်းလောင်းဖြင့် လမ်းလျှောက်နေ၏။

မိုးစက်များက အေးစက်လှသည်။

သို့သော် မိုးစက်များသည် အလွန်သန့်ရှင်းနေလေသည်။

လင်ရှန်းအာကို သူလက်လွှတ်ခဲ့ချေပြီ။ သူ့နှလုံးသားထဲတွင် ချည်နှောင်မိနေသော နှောင်ကြိုးများကို နောက်ဆုံးတွင် ရုန်းထွက်နိုင်ခဲ့ချေပြီ။ ဝတ်ပြီးသားအင်္ကျီအဟောင်းတစ်ထည်ကို လွှင့်ပစ်လိုက်သလိုမျိုးလည်း ခံစားနေရ၏။

လင်ရှန်းအာသည် အားဖေချွတ်ထားခဲ့သော အင်္ကျီလေးကို ရင်ဝယ်ပိုက်ပြီး ကျန်ရစ်ခဲ့၏။ အဘယ်ကြောင့်ဆိုသော် သူမထံတွင် ဆုပ်ကိုင်ထားစရာ ဤအင်္ကျီလေးမှလွဲ၍ ဘာမှမကျန်ရှိတော့ကြောင်း သိလိုက်ရ၍ဖြစ်သည်။

စွန်းရှောင်းဟုန် ပြောခဲ့သောစကားများကို ပြန်အမှတ်ရလာမိ၏။

“နောက်ဆုံးကျရင်... ရှင့်ဆီမှာဘာမှကျန်ရှိတော့မှာ မဟုတ်ဘူးဆိုတာခံစားလာရလိမ့်မယ်။ ရှင့်ဘဝကြီးတစ်ခုလုံး ဗလာနတ္ထိ ဟာလာဟင်းလင်းကြီး ဖြစ်သွားလိမ့်မယ်။”

သူမ၏မျက်ရည်စက်များက မိုးစက်များနှင့်အတူ တသောသော စီးကျလာလေတော့သည်။

ဤအချိန်ရောက်မှ သူမသိလိုက်ရသည်မှာ သူမသည် အားဖေကိုတစ်ချိန်လုံး ချစ်ကြိုက်ခဲ့သည်ဆိုခြင်းကိုတည်း။

အားဖေကို နှိပ်စက်ကလူပြုခဲ့သည်မှာ သူမ အားဖေကိုချစ်၍ဖြစ်၏။ ထို့ပြင် အားဖေကလည်း သူမကိုသိပ်ချစ်နေလွန်း၍ဖြစ်၏။

“ဘာကြောင့်များ မိန်းမတွေဟာ သူတို့တွေသိပ်ချစ်တဲ့ ယောက်ျားတွေကို နှိပ်စက်ကလူပြုချင်ကြရတာလဲ။”

အားဖေသည် သူမအတွက် မည်မျှအရေးပါသူတစ်ယောက်ဖြစ်ခဲ့မှန်း ယခုအချိန်မှသာ သူမ သိရှိခံစားမိလိုက်၏။

အဘယ်ကြောင့်ဆိုသော် ယခုလေးတွင်ပင် အားဖေကို ဆုံးရှုံးလိုက်ရသည်မဟုတ်ပါလား။

မိန်းမများသည် အရာရာကို အဘယ်ကြောင့်များ ပေါ့ပေါ့တန်တန် သဘောထားကြရသနည်း။... သူတို့လက်လွတ်ဆုံးရှုံးသွားချိန်မှသာ ဆုံးရှုံးရမှုသည် အလွန်အရေးပါသော ဆုံးရှုံးမှုဖြစ်ကြောင်း နားလည်သဘောပေါက်လာကြတော့၏။

ယောက်ျားများသည်လည်း ထိုနည်း၎င်းပင်ဖြစ်၏။

လင်ရှန်းအာတစ်ယောက် ရူးသွပ်စွာရယ်မောနေပြီး အားဖေ၏အင်္ကျီတစ်ခုလုံးကို ဆွဲဆုတ်နေ၏။

“ငါ ဘာကိုကြောက်နေရဦးမှာလဲ... ငါငယ်ရွယ်သေးတယ်... ငါချောမောလှပနေသေးတယ်။ ငါလိုချင်နေသရွေ့ ငါလိုချင်သလောက် ယောက်ျားတွေကို ရနိုင်နေသေးတယ်။... တစ်နေ့ကို ယောက်ျား ၁ဝ ယောက်လောက်တောင် ရနိုင်နေသေးတာပဲ... ဟားဟားဟားဟား...”

သူမ ရယ်မောနေ၏။ သို့သော် သူမ၏ရယ်မောနေသံက မျက်ရည်ကျသည်ထက်ပင် ပိုပြီးဝမ်းနည်းကြေကွဲဖွယ်ရာ ကောင်းနေတော့သည်။

အဘယ်ကြောင့်ဆိုသော် သူမ သိထားသည်မှာ ယောက်ျားဆိုသည့် ပုရိသများသည် လိုချင်လျှင် လွယ်ကူစွာရနိုင်သော်လည်း ‘အချစ်စစ်’ ဆိုသည်မှာ ငယ်ရွယ်နုပျိုမှုနှင့် အလှအပများဖြင့် ဝယ်ယူ၍မရနိုင်ဆိုခြင်းကိုပင်။

လင်ရှန်းအာ၏ ကံတရားသည် မည်သို့ရောက်ရှိလာမည်နည်း။

ဘယ်သူမှမသိပါ။

သူမသည် ဤလောကကြီးထဲမှ ထူးဆန်းစွာ ပျောက်ကွယ်သွားခဲ့လေသည်။

+++++
+++++
+++++
+++++
+++++
+++++
+++++

မိုးစက်မိုးပေါက်များက ရေခဲတမျှ အေးစက်လွန်းလှသည်။

မိုးစက်အေးအေးများက အားဖေ၏ဦးခေါင်းမှ ခြေဖျားအထိ တစ်ကိုယ်လုံး ရွှဲစိုသွားသော်လည်း လန်းဆန်းလတ်ဆတ်စွာ ခံစားနေရ၏။ အဘယ်ကြောင့်ဆိုသော် မိုးရေစက်အေးအေးများက သူ့ကိုအသက်မဲ့နေသော သစ်သားတုံးတစ်တုံး မဟုတ်ကြောင်း သိလာစေ၍ဖြစ်၏။ ၂ နှစ်အတွင်းတွင် ဤတစ်ကြိမ်သည် သူ့အားအသက်ဝင်လှုပ်ရှားလာစေသလိုမျိုး ခံစားနေရ၏။

ထို့ပြင် သူသည်ပေါ့ပါးလတ်ဆတ်နေရ၏။ လေးလံစွာထမ်းရွက်ထားသော ဝန်ထုပ်ဝန်ပိုးကြီးတစ်ခု ရုတ်တရက် ပြုတ်ကျသွားသလိုမျိုးဖြစ်၏။

အဝေးတစ်နေရာမှ သူ့နာမည်ကို အော်ခေါ်နေသံတစ်သံကို သူကြားလိုက်ရ၏။ “အားဖေ...”

ထိုအသံလေးသည် မိုးစက်များအောက်တွင် အလွန်တိုးညင်းစွာထွက်ပေါ်လာ၏။ လွန်ခဲ့သည့်ရက်များကဆိုလျှင် ထိုအသံကို သူကြားမိမည်မဟုတ်ပါ။

ယခုအချိန်တွင်မူ သူ့မျက်လုံးများက မကန်းနေကြတော့ပါ။ သူ့အကြားအာရုံများက မကန်းနေကြတော့ပါ။

သူရပ်ပြီး မေးမြန်းလိုက်၏။ “ဘယ်သူလဲ...”

လူတစ်ယောက်သူ့ထံသို့ ပြေးလွှားလာနေ၏။ လေထဲတွင် ကျစ်ဆံမြီးလေးနှစ်ချောင်း တဝဲဝဲလွင့်ပျံနေပြီး ကြီးမားဝိုင်းစက်သော မျက်ဝန်းနက်ကြီးတစ်စုံ၏ ပိုင်ရှင်ဖြစ်သည်။

ထိုသူသည် အလွန်လှပသော မိန်းမငယ်လေးတစ်ယောက်ဖြစ်သော်လည်း သူမကိုကြည့်ရသည်မှာ စုတ်ပြတ်သပ်နေပြီး ပင်ပန်းနွမ်းနယ်လွန်းနေ၏။

စွန်းရှောင်းဟုန် အားဖေကို ရှာတွေ့ခဲ့ပါပြီ။

သူမသည် အားဖေရှိရာသို့ ပြေးလာခဲ့ပြီး မောပန်းစွာ အသက်ရှူနေရ၏။ “ရှင်ကျမကို မမှတ်မိတော့ဘူးလား...”

အားဖေက သူမ၏စကားကိုဖြတ်ပြောလိုက်၏။ “ကျုပ်မင်းကိုမှတ်မိပါတယ်။ လွန်ခဲ့တဲ့ ၂ နှစ်လောက်တုန်းက မင်းကိုပထမဆုံးအကြိမ် တွေ့ခဲ့ဖူးတယ်။ မင်းသိပ်ပြီး ပုံပြောကောင်းတယ်။ လွန်ခဲ့တဲ့ ၂ ရက်လောက်တုန်းကလည်း မင်းကိုတွေ့ခဲ့ပါသေးတယ်။ ဒါပေမဲ့ မင်းဘာစကားတစ်ခွန်းမှ မပြောခဲ့ဘူး။”

စွန်းရှောင်းဟုန်က ပြုံးနေလိုက်၏။ “ကြည့်ရတာ ရှင့်ရဲ့မှတ်ဉာဏ်တွေက ကောင်းကောင်းအလုပ်လုပ်နေသေးတာပဲ။”

သူမသည် စိတ်ချမ်းသာစွာ ခံစားလိုက်ရ၏။ အဘယ်ကြောင့်ဆိုသော် အားဖေ ရပ်နေ၍ဖြစ်သည်။ တည့်မတ်စွာရပ်နေပြီး မြင့်မားစွာ ရပ်နေ၍ဖြစ်သည်။

“တချို့လူတွေအတွက် ဘယ်နှစ်ကြိမ်ပဲ လဲကျခဲ့ပါစေ... ပြန်ထရပ်လာနိုင်ကြတယ်။”

လီဆွန်းဟွာနှင့် အားဖေတို့နှစ်ယောက်သည် အနိုင်မခံအရှုံးမပေး ဝိညာဉ်များဖြစ်ကြသည်ဟု သူမခံစားနေရ၏။

သူမဘာမေးလာမည်ကို အားဖေသိနေ၏။

သို့သော် သူမဘာမှမမေးမြန်းခဲ့ပါ။ သူမ ဘယ်ကနေစပြောရမည်မှန်းလည်း မသိနိုင်တော့ပါ။

အားဖေ-“မင်းကျုပ်ကို ပွင့်ပွင့်လင်းလင်း မေးမြန်းပြောဆိုနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ မင်းဟာ လီဆွန်းဟွာရဲ့ မိတ်ဆွေဖြစ်နေလို့ပဲ။”

စွန်းရှောင်းဟုန်-“ရှင်သူ့ကို တွေ့ခဲ့ပြီးပြီလား။”

အားဖေ-“တွေ့ခဲ့ပြီးပြီ။”

စွန်းရှောင်းဟုန်-“သူဘယ်မှာလဲ။”

အားဖေ-“သူနဲ့ကျုပ် ဘာမှမဆိုင်တော့ဘူး။ ဘာကြောင့်သူ့အကြောင်းတွေ ကျုပ်ကိုလာမေးနေတာလဲ။”

အတိတ်ကာလတုန်းက လင်ရှန်းအာအကြောင်း မေးမြန်းလာခဲ့လျှင် အားဖေသည် ခါးသီးစွာ တုံ့ပြန်တတ်ခဲ့သည်မဟုတ်ပါလား။ ထိုနာမည်က သူ့အတွက် ကျိန်စာများတိုက်ထားသလိုပင်။

သို့သော် ယခုအချိန်တွင် သူ့ကိုကြည့်ရသည်မှာ တည်ငြိမ်နေ၏။

စွန်းရှောင်းဟုန်က သူ့ကိုစိုက်ကြည့်နေပြီး စိတ်သက်သာစွာ သက်ပြင်းချလိုက်မိတော့၏။ “ရှင်တကယ်ပဲ နှောင်ကြိုးတွေကနေ ရုန်းထွက်လာနိုင်ခဲ့ပြီပေါ့။”

အားဖေ-“နှောင်ကြိုးတွေ... ဟုတ်လား။”

စွန်းရှောင်းဟုန်-“လူတိုင်းလူတိုင်းမှာ နှောင်ကြိုးကိုယ်စီရှိနေကြပါတယ်။ ဒါပေမဲ့ လူနည်းစုကသာ အဲဒီနှောင်ကြိုးတွေကနေ ရုန်းထွက်လွတ်မြောက်နိုင်ကြတယ်။”

အားဖေ-“ကျုပ်နားမလည်တော့ဘူး။”

စွန်းရှောင်းဟုန်-“ရှင်နားလည်စရာမလိုအပ်တော့ပါဘူး။ ရှင်ရုန်းထွက်လာနိုင်ခဲ့ရင်ပဲ တော်ပါပြီ။”

အားဖေသည် အတန်ကြာမျှ စဉ်းစားနေပြီးနောက် ရုတ်တရက် ပြောဆိုလိုက်၏။ “ကျုပ်နားလည်သွားပြီ။”

စွန်းရှောင်းဟုန်-“ရှင်တကယ်ပဲ နားလည်သွားတာလား။ ဒါဆိုရင် ကျမရှင့်ကိုမေးမယ်။ အဲဒီနှောင်ကြိုးတွေကနေ ရှင်ဘယ်လိုရုန်းထွက်လာနိုင်ခဲ့တာလဲ။”

အားဖေ ခဏမျှတိတ်ဆိတ်ငြိမ်သက်သွားခဲ့ပြီး ပြုံးရယ်၍ပြောဆိုလိုက်၏။ “ကျုပ်မှာ ရုတ်တရက် အသိဉာဏ်ပွင့်လင်းလာခဲ့လို့ပေါ့။”

‘ရုတ်တရက်ပွင့်လင်းလာသောအသိဉာဏ်’...

ကြားရသည်မှာ လွယ်ကူသယောင်ထင်ရသော်လည်း တကယ်တမ်းလုပ်ကြည့်မည်ဆိုလျှင် အင်မတန်ခက်ခဲသောအရာဖြစ်၏။

ဗုဒ္ဓဘုရားရှင်ကိုယ်တော်မြတ်ကြီး ဗောဓိညောင်ပင်အောက်တွင် ဗုဒ္ဓအဖြစ်သို့ရောက်ခဲ့ခြင်းမှာ ထို ‘ရုတ်တရက်ပွင့်လင်းလာသောအသိဉာဏ်’ ကြောင့်ပင်မဟုတ်ပါလား။

ဘုရားလောင်းသည် ထိုအသိဉာဏ်ပွင့်လင်းလာအောင် ၉ နှစ်ကျော်မျှ တရားကျင့်ကြံအားထုတ်ခဲ့ရလေသည်။

ဘာပဲဖြစ်ဖြစ်... သင်သည် ရုတ်တရက်အသိဉာဏ်ပွင့်လင်းလာခဲ့ပါက သင်၏စိတ်ထဲတွင် ရှုပ်ထွေးနောက်ကျိနေမှုများ ပပျောက်သွားမည်ဖြစ်၏။ သို့သော် ထိုအချိန်သို့မရောက်သေးခင်တွင်တော့ ခက်ခဲပင်ပန်းစွာ ရုန်းကန်ကြိုးစားနေရမည် ဖြစ်လေသည်။

စွန်းရှောင်းဟုန်-“ဒီလိုမျိုးအသိဉာဏ်ပွင့်လင်းလာခဲ့ဖို့ ရှင်တော်တော်လေး ဒုက္ခခံခဲ့ရမှာပဲနော်...”

အားဖေကိုကြည့်ရသည်မှာ ထိုအကြောင်းကို ဆက်မပြောချင်တော့ဟန် ရှိနေလေသည်။ “ကျုပ်ကိုလာရှာဖို့ လီဆွန်းဟွာ လွှတ်လိုက်တာလား။”

စွန်းရှောင်းဟုန်-“မဟုတ်ဘူး။”

အားဖေ-“သူဘယ်မှာလဲ။”

စွန်းရှောင်းဟုန် တိတ်ဆိတ်ငြိမ်သက်သွားရတော့သည်။ သူမ၏အပြုံးများသည်လည်း ပျောက်ကွယ်သွားခဲ့ချေပြီ။

အားဖေ အလောတကြီးမေးမြန်းလိုက်၏။ “သူဘာဖြစ်နေလို့လဲ...”

စွန်းရှောင်းဟုန်၏ အမူအရာများက ထိတ်လန့်တုန်လှုပ်သွားခဲ့ပြီး ပြန်ဖြေဆိုလိုက်၏။ “အမှန်အတိုင်းပြောရရင် သူဘယ်နေရာမှာ ရောက်နေမှန်း ကျမအမှန်တကယ်မသိပါဘူး။ သူသေပြီလား ရှင်သန်နေလျက် ရှိနေသေးလားဆိုတာလည်း ကျမ မသိနိုင်ဘူး။”

အားဖေ၏မျက်နှာထက်တွင် အရောင်များပြောင်းလဲသွားခဲ့ရတော့၏။ “မင်းဘာကိုဆိုလိုတာလဲ...”

စွန်းရှောင်းဟုန်-“ကျမသူ့ကို ရှာတွေ့နိုင်မယ်ဆိုတာတော့ သေချာပါတယ်။ ဒါပေမဲ့... သူ့အသက်...”

အားဖေ-“သူ့အသက်... ဘာဖြစ်နေလို့လဲ...”

စွန်းရှောင်းဟုန်က သူ့ကိုစိုက်ကြည့်နေပြီးမှ တစ်လုံးချင်း ပီသစွာပြောဆိုလိုက်တော့၏။ “သူ့ရဲ့သေရေးရှင်ရေးဟာ ရှင့်လက်ထဲမှာပဲ ရှိနေတော့တယ်။”

(ဒီအခန်းမှာ ကုလုံက ရှေ့မှာတစ်ချိန်လုံး လင်ရှန်းအာကို အမွှန်းတင်အသားပေးလာခဲ့သမျှ ကျနော် +++++ ပြထားတဲ့နေရာတွေမှာ လင်ရှန်းအာ ဘယ်လိုမျိုး ဘဝပျက်သွားခဲ့ရတယ်ဆိုတာ ခပ်ရေးရေးလေးဖော်ပြခဲ့ပေမယ့် သွားရည်တမြားမြားနဲ့ စော်ပလော်တီးခဲ့တယ်လို့ထင်တယ်။ သူမူးနေခဲ့တာလည်း ဖြစ်နိုင်တာပဲ...


ကုလုံရဲ့ဒီစာအုပ်ကို ဘာသာပြန်ခဲ့စဉ်တစ်လျှောက်လုံးမှာ ကုလုံရဲ့လေယူလေသိမ်းကို တတ်နိုင်သလောက် အနီးစပ်ဆုံးဖြစ်အောင် ကြိုးစားပြန်ဆိုခဲ့သလို ဝါကျတစ်ကြောင်းမှ ဖြုတ်ချန်ထားပြီး မပြန်ဆိုခဲ့ပါဘူး။ ဒါပေမယ့် ဒီအခန်းမှာတော့ လင်ရှန်းအာ ဘဝပျက်သွားရပုံခပ်ရေးရေးကို စာမျက်နှာနှစ်မျက်နှာလောက် ထိန်ချန်ပြီး ပြန်ဆိုခဲ့ပါတယ်။ ကျနော် လင်ရှန်းအာကို သနားလို့လား... လုံးဝမဟုတ်ပါ။ ကုလုံကို စော်ကားပြီး ထိန်ချန်ထားခဲ့တာလား... လုံးဝမဟုတ်ပါ။ ဘာသာပြန်ရတာ ပျင်းလာလို့လား... လုံးဝမဖြစ်နိုင်ပါ။ ဒါဆိုရင် ဘာကြောင့် စာမျက်နှာနှစ်မျက်နှာ ထိန်ချန်ထားခဲ့ရတာလဲ...


ဒီစာအုပ် (အထူးသဖြင့်) ဒီအခန်းကိုရေးနေခဲ့စဉ်ကာလက ကုလုံမှာ နောက်ထပ်ဓားပျံမျိုးဆက်သစ် ဇာတ်လမ်းအဆက်တွေ ရေးဖို့ဆန္ဒရှိခဲ့၊ မရှိခဲ့ဆိုတာ ကျနော်မသိနိုင်ပါ။ ဒါပေမယ့် ဓားပျံဒုတိယမျိုးဆက် ရဲ့ခိုင်ရဲ့ အကြီးမားဆုံးပြိုင်ဘက်ဖြစ်လာမယ့် အမျိုးသမီးဟာ စန့်ကွမ်းကျင်းဟုန်နဲ့လင်ရှန်းအာတို့နှစ်ယောက် ပေါင်းပြီးမှရခဲ့တဲ့သမီးဖြစ်ကြောင်း၊ ထိုမိန်းကလေးကို ကျင်းဝူမင်းက ငယ်စဉ်ကတည်းက ထိန်းသိမ်းစောင့်ရှောက်ပေးခဲ့ပြီး အသက်အရွယ်ရလာတဲ့အချိန်မှာ အားဖေကနေ ရဲ့ခိုင်ကို ဆက်လက်ထိန်းသိမ်းစောင့်ရှောက်ပေးဖို့ အပ်နှံခဲ့တာဖြစ်ကြောင်း တတိယစာစဉ်တွဲမှာ ဖော်ပြထားခဲ့ပါတယ်။


ဒါဆိုရင် ကျနော့်အမြင်မှာ လင်ရှန်းအာဘဝ စုတ်ပြတ်သတ်သွားလောက်အောင် မပျက်စီးခဲ့သင့်ဘူးလို့ မြင်တယ်။ မဟုတ်ရင် ဒီကလေးကို ဘယ်လိုမွေးနိုင်ပါ့မလဲ... ဇာတ်လမ်းဇာတ်ကွက် အဆက်အစပ်မိအောင်... နောက်ထပ်ဓားပျံစာစဉ်တွေဖတ်ရင် အဆက်အစပ်မိအောင်သာ စေတနာထားပြီး ထိန်ချန်ခဲ့ပေမယ့် ကျနော့်စိတ်ထဲမှာတော့ အပြစ်တစ်ခုကိုကျူးလွန်မိထားသလို ခံစားနေရဆဲပါ။ 


ထူးဆန်းတာတစ်ခုလည်း ရှိနေပါသေးတယ်။ ကုလုံက ဓားပျံစာစဉ်တွဲ တတိယပိုင်းကို အရင်ဆုံးရေးသားခဲ့ပြီး နောက်နှစ်နှစ်လောက်ကြာမှ ဓားပျံစာစဉ်တွဲ ဒုတိယပိုင်းကို ရေးသားခဲ့တာပါ။ ဆိုတော့ နောက်စာစဉ်တစ်ခုကို ဘာသာပြန်ဖို့ စဉ်းစားလိုက်တိုင်း ဒုတိယဇာတ်လမ်းတွဲကို ပြန်ရမလား... ဒါမှမဟုတ် တတိယဇာတ်လမ်းတွဲကို ပြန်ရမလားဆိုတာ တော်တော်လေးဦးနှောက်ခြောက်စရာပါ။ နောက်ဆုံးတော့ အားလုံးအဆက်အစပ်မိသွားအောင် အစဉ်လိုက်အတိုင်းဖြစ်သွားအောင် ဓားပျံစာစဉ်တွဲ ဒုတိယပိုင်းကို ပြန်ဆိုဖို့ ဆုံးဖြတ်ထားပါတယ်။)

0 comments:

Post a Comment