Thursday, March 10, 2011

(၈၃) နက်ရှိုင်းသောချစ်ခြင်းမေတ္တာ

အတန်ကြာသောအခါမှ လင်ရှန်းအာ အံကြိတ်ပြီး ပြောဆိုလိုက်၏။ “နင် ဒီနေ့လုပ်စရာ ဘာအရေးကြီးတာများ ရှိနေလို့လဲ။”

စွန်းရှောင်းဟုန်-“မိန်းမသားတစ်ယောက်ဟာ သူချစ်တဲ့ယောက်ျားတစ်ယောက်ကို အပြည့်အဝထောက်ခံတယ်ဆိုရင် သူနဲ့အတူလိုက်သေစရာမလိုအပ်သလို သူ့အတွက်လည်း သေပေးစရာမလိုအပ်ပါဘူး။ ဒါ့အပြင် နောက်ထပ်လုပ်နိုင်တာကတော့ သူ့ကိုအားပေးပြီး စိတ်ချမ်းသာအောင် ထားပေးနိုင်ရမယ်။ ဒါမှသာ သူလုပ်မယ့်အလုပ်တွေကို စိတ်ဖြောင့်ဖြောင့်နဲ့ လုပ်ကိုင်ဆောင်ရွက်နိုင်တော့မှာပေါ့။ သူဟာ အဲ့ဒီမိန်းမရဲ့ဘဝမှာ အလွန်အရေးပါသူတစ်ယောက်အဖြစ် ဆက်ဆံနိုင်ရမယ်။ ဒါမှသာသူ့ကို ပစ်ပယ်မထားဘူးဆိုတာ သူသိသွားပြီး စိတ်ချမ်းသာတော့မှာပေါ့။”

လင်ရှန်းအာက ခနဲ့လိုက်၏။ “ဟုတ်ရဲ့လား။”

စွန်းရှောင်းဟုန်-“ဒါ့အပြင် ကျမသူ့အတွက် ဘာများလုပ်ပေးနိုင်ဦးမှာလဲ။”

သူမအတွက် ပြောစရာစကားမကျန်ရှိတော့ပါ။ ဆက်ပြောစရာလည်း မလိုအပ်တော့ပါ။

ဤမျှနှင့်ပင် လုံလောက်ပါသည်။

သူမလို မိန်းမသားတစ်ယောက်၏ ချစ်ခြင်းကိုခံရသူ ယောက်ျားတစ်ယောက်အတွက် ဘဝတွင် ဘာမှမလိုအပ်တော့လောက်အောင် ပြီးပြည့်စုံပြီး နှစ်သိမ့်ကျေနပ်စရာ ကောင်းလွန်းလှပါသည်။



စွန်းရှောင်းဟုန်-“ရှင်ကျမကို စိတ်ဆိုးဒေါသထွက်အောင် လာဆွနေတယ်ဆိုတာသိပါတယ်။ ကျမရှင့်ကို ဗွေမယူပါဘူး။ ဘာကြောင့်လဲဆိုတော့ ကျမရှင့်ကို ရုတ်တရက်ကြီး သနားလာလို့ပေါ့။”

လင်ရှန်းအာ-“နင်ကကျုပ်ကို သနားတယ်... ဟုတ်လား။ ဘာအတွက် သနားရတာလဲ။”

စွန်းရှောင်းဟုန်-“ရှင့်ကိုယ်ရှင်ထင်နေတာက ရှင်ဟာသိပ်ကိုငယ်ရွယ်တယ်၊ ချောမောလှပတယ်၊ ဉာဏ်ကောင်းထက်မြက်ပြီး လောကကြီးမှာရှိနေတဲ့ ယောက်ျားတိုင်းဟာ ရှင့်ခြေဖျားအောက်မှာ ညွတ်တွားခစားနေကြရတယ်လို့ ယူဆထားတယ်မဟုတ်လား။ ဒါကြောင့်မို့လို့ ရှင့်ကိုတကယ်ချစ်တဲ့သူ... ရှင့်အပေါ်မှာ တကယ်အလေးထားတဲ့သူကို တွေ့နေပါလျက်နဲ့ သူ့ကိုရှင်တန်ဖိုးမထားတတ်ခဲ့ဘူး။ ဒါတင်မကသေးဘူး... သူ့ကို အဝေးတစ်နေရာထိ လွင့်သွားအောင် မောင်းထုတ်ခဲ့ပြီး သူ့ကိုလည်း ငတုံးငအတစ်ယောက်လို ဆက်ဆံခဲ့သေးတယ်။ ဒါပေမဲ့ တစ်နေ့ကျရင် ရှင်နားလည်လာပါလိမ့်မယ်။ ရှင့်အပေါ်မှာ တကယ်ချစ်မြတ်နိုးတဲ့သူဆိုတာ မရှိသလောက် ရှားပါးပါလားဆိုတာ... ချစ်ခြင်းမေတ္တာအစစ်အမှန်ဆိုတာ ငယ်ရွယ်နုပျိုမှု၊ ချောမောလှပမှုတွေနဲ့ ဝယ်ယူလို့မရနိုင်ဘူး။”

စွန်းရှောင်းဟုန်က နူးညံ့စွာဆက်ပြောနေပြန်သည်။ “အဲဒီအချိန်ကိုရောက်လာတဲ့တစ်နေ့ကျရင် ရှင့်ဆီမှာဘာမှမကျန်ရှိတော့ဘူးဆိုတာ သိလာလိမ့်မယ်။ ရှင့်ဘဝကြီးဟာ ဗလာနတ္ထိအခွံကြီးသက်သက် ကျန်နေခဲ့မယ်ဆိုတာ ရှင်နားလည်လာလိမ့်မယ်။ အဲဒီအချိန်ကျရင် သနားစရာအကောင်းဆုံးသူဟာ ရှင်ကိုယ်တိုင်ပဲ ဖြစ်နေလိမ့်မယ်။”

လင်ရှန်းအာ-“နင်... ကျုပ်အဲ့ဒီအခြေအနေကို ရောက်နေပြီလို့ နင်ထင်နေတယ်ပေါ့။”

သူမ၏စကားသံက တုန်ခါနေ၏။ သူမ၏ခန္ဓာကိုယ်သည်လည်း တုန်ခါနေ၏။ သူမ စိုးရွံ့နေခြင်းလော... အေးခဲသွားခြင်းလော... သို့တည်းမဟုတ် ကြောက်ရွံ့နေသည်လော...

စွန်းရှောင်းဟုန်က ထိုမေးခွန်းကို ပြန်မဖြေတော့ပါ။ လင်ရှန်းအာ၏ ဖြူဖတ်ဖြူရောင်ဖြစ်နေသောမျက်နှာ၊ ဗွက်အလူးလူးဖြစ်နေသော ခန္ဓာကိုယ်ကိုသာ အေးစက်စက်စိုက်ကြည့်နေလိုက်၏။ လင်ရှန်းအာ၏ အသွင်အပြင်များက သူမပြန်ဖြေဆိုမည့် အဖြေထက်ပင် ပိုထိတ်လန့်တုန်လှုပ်စရာကောင်းနေသည် မဟုတ်ပါလား။

လင်ရှန်းအာက ရုတ်တရက် ကျယ်လောင်စွာ ရယ်မောလိုက်၏။ “နင်ပြောတာမှန်တယ်။ ကျုပ်သူ့ကိုတကယ်ပဲ နှိမ့်ချဆက်ဆံခဲ့တယ်။ သူ့ကိုငတုံးငအတစ်ယောက်လိုပဲ ဆက်ဆံခဲ့တယ်။ ဒါပေမဲ့ ကျုပ်သာခုနေပြန်သွားကြည့်ပါလား... သူကျုပ်ရှေ့မှောက်ကို တွားသွားပြီးတောင် ပြန်လာလိမ့်ဦးမယ်။”

စွန်းရှောင်းဟုန်-“ဒါဆိုရင်လည်း သွားပြီးစမ်းသပ်ကြည့်ပါလား။”

လင်ရှန်းအာ-“ကျုပ်မရှိဘဲ သူ့ဘဝကြီးဆက်မရှင်သန်နိုင်ဘူးဆိုတာ သွားပြီးစမ်းသပ်ကြည့်စရာမလိုအပ်ပါဘူး။ ကျုပ်သိနေပါတယ်။”

သူမ၏ပါးစပ်က သွားပြီးစမ်းသပ်ကြည့်စရာမလိုပါဘူးဟု ပြောနေခဲ့သော်လည်း သူမ၏ခန္ဓာကိုယ်ကတော့ ရုတ်ချည်းပင် ပြေးထွက်ပျောက်ကွယ်သွားတော့၏။

လင်ရှန်းအာသည် အားသွန်ခွန်စိုက် ပြေးလွှားနေ၏။ သူမ၏တစ်သက်တာတွင် ရှိသမျှအားကုန်သုံးပြီး ပြေးလွှားနေ၏။ အလျင်မြန်ဆုံး ပြေးလွှားနေ၏။ အဘယ်ကြောင့်ဆိုသော် ယခုအချိန်သည် သူမအတွက် နောက်ဆုံးအခွင့်အရေးပင် မဟုတ်ပါလား။ ဤအခွင့်အရေးကို သူမ လက်လွတ်ဆုံးရှုံးသွားခဲ့ပါက သူမအတွက် ပြီးဆုံးသွားပေပြီ။ စွန်းရှောင်းဟုန်သည် ထိုနေရာ၌ တုံနှိဘာဝေ ရပ်နေပြီး နောက်ဆုံးကျမှ တစ်ဘက်သို့လှည့်ထွက်သွားရန် ဟန်ပြင်လိုက်၏။

မြေကြီးသည် မိုးစက်မိုးပေါက်များကြောင့် မည်းနက်စွာဗွက်ထနေ၏။ မိုးစက်မိုးမှုန်များအကြားတွင် လူတစ်ဦးဖြည်းဖြည်းချင်း ထွက်ပေါ်လာ၏။

ထိုသူသည် ယခုမှသာ ရောက်လာခဲ့ခြင်းလော... သို့တည်းမဟုတ် ရောက်နေသည်မှာ အချိန်ကြာမြင့်လှပြီလော... မည်သူမှမသိပါ။

စွန်းရှောင်းဟုန် ပထမဆုံး သတိပြုမိသည်မှာ သူမ၏မျက်လုံးများကိုဖြစ်၏။

သူမ၏မျက်လုံးများသည် တောက်ပြောင်မနေပါ။ သူမဘဝတွင် အကြိမ်ပေါင်းများစွာ ငိုကြွေးခဲ့ရသောကြောင့်လည်း ဖြစ်နိုင်၏။ ထို့ကြောင့် မျက်လုံးများတွင် အရောင်မှေးမှိန်နေလေသည်။ သို့သော် တိတ်ဆိတ်ငြိမ်သက်နေပြီး ဝမ်းနည်းကြေကွဲမှုများကို သယ်ဆောင်လာသော သူမ၏ဟန်ပန်ကို တွေ့မြင်ရသူ ယောက်ျားတိုင်း မျက်ရည်လည်သွားလောက်၏။

ပြီးနောက် သူမ၏မျက်နှာလေးကို စွန်းရှောင်းဟုန် တွေ့လိုက်ရလေသည်။

သူမ၏မျက်နှာလေးသည် အလွန်အမင်းချောမောလှပသည်ဟုမဆိုနိုင်။

သူမ၏မျက်နှာလေးသည် သွေးဆုတ်ဖြူရော်နေသည်မှာ နှစ်ပေါင်းများစွာ နေရောင်မထိတွေ့ရသူတစ်ယောက်ကဲ့သို့ ဖြစ်နေ၏။

သို့သော် ဘာကြောင့်မှန်းတော့မသိ... ထိုမျက်နှာလေးကို စွန်းရှောင်းဟုန် တွေ့လိုက်ရသည့် တစ်ဒင်္ဂအချိန်လေးတွင် ထိုအမျိုးသမီးသည် ဤကမ္ဘာပေါ်တွင် အချောမောဆုံး အလှပဆုံးအမျိုးသမီးတစ်ယောက်ဖြစ်နေသလို ခံစားမိလိုက်ရ၏။

သူမ၏ဆံနွယ်စများက ရှုပ်ပွနေပြီး အဝတ်အစားများသည်လည်း မိုးရေကြောင့် ရွှဲရွှဲစိုနေရ၏။ သူမသည် စိတ်သောကများကို ပြင်းထန်စွာခံစားထားရကြောင်း မြင်ရုံနှင့်သိနိုင်လေသည်။ သို့သော် ထူးဆန်းသည်မှာ သူမကို တွေ့လိုက်ကြရသူတိုင်း ဤကဲ့သို့ ထင်မြင်ယူဆမိကြမည်မဟုတ်ချေ။

သူမသည် ငယ်ရွယ်နုပျိုနေဆဲ... သိမ်မွေ့လှပနေဆဲဖြစ်၏။

မည်သည့်အခြေအနေတွင်မဆို သူမ၏သီးသန့်ဖြစ်နေသော ဟန်ပန်အမူအရာများက လူတိုင်း၏ဘဝင်ကို ကိုင်လှုပ်နိုင်စွမ်းရှိနေပြီး သူမထံတွင် ခုခံကာကွယ်ရန် မစွမ်းသာသော အားအင်များရှိနေသည်ဟု ခံစားမိကြပေလိမ့်မည်။

ထိုသူ့ကို စွန်းရှောင်းဟုန် လုံးဝမတွေ့ဖူးပါ။ သို့သော် အကြည့်တစ်ချက်လေးအောက်တွင် ထိုသူ မည်သူဖြစ်ကြောင်းကိုတော့ ခန့်မှန်းမိလိုက်နိုင်၏။

လင်ရှီးယင်...

သူမလိုမိန်းမသားတစ်ယောက်သာ လီဆွန်းဟွာလိုလူမျိုး၏ နှလုံးသားကို ကိုင်လှုပ်နိုင်စွမ်းရှိမည်ဖြစ်ပြီး သူမအပေါ်တွင်လည်း လီဆွန်းဟွာအနေနှင့် နှစ်နှစ်ကာကာ ချစ်မြတ်နိုးစေရန် စွမ်းဆောင်နိုင်မည်ဖြစ်သည်။

စွန်းရှောင်းဟုန် သက်ပြင်းရှည်ကြီးချမိလိုက်လေတော့သည်။

“လူတိုင်းက လင်ရှန်းအာကို အချောမောဆုံးမိန်းမတစ်ယောက်လို့ ဘာဖြစ်လို့ထင်နေကြတာလဲ။ ဒီမိန်းမကမှ လောကကြီးထဲမှာ အချောအလှဆုံး မိန်းမတစ်ယောက်ပါ။ သူငယ်ငယ်တုန်းကဆိုရင်ကို မပြောနဲ့ဦး အခုလိုအသက်အရွယ်မှာတောင် လင်ရှန်းအာ သူ့ကိုဘယ်နည်းနဲ့မှ ယှဉ်ပြိုင်နိုင်မှာမဟုတ်ဘူး။”

မိုးရွာနေသော ညဉ့်မှောင်မှောင်ကြောင့်လည်း ဖြစ်ချင်ဖြစ်မည်။ စွန်းရှောင်းဟုန်သည် မိန်းမသားတစ်ယောက် ဖြစ်နေသောကြောင့်လည်း ဖြစ်ချင်ဖြစ်မည်။ သို့သော် ထိုအတွေးများသည် သူမ၏ခေါင်းထဲသို့ မဖိတ်ခေါ်ဘဲ ဝင်ရောက်လာလေတော့၏။

မိန်းမတစ်ယောက်က မိန်းမတစ်ယောက်ကို ကြည့်ရှုခံစားရာတွင် ယောက်ျားတစ်ယောက်၏ ကြည့်ရှုခံစားပုံနှင့် လွန်စွာ ခြားနားမည်ဖြစ်၏။

လင်ရှီးယင်သည်လည်း စွန်းရှောင်းဟုန်ကို ငေးကြည့်နေပါသည်။ သူမက ဖြည်းညင်းစွာ လျှောက်လှမ်းလာပြီး တိုးတိုးလေး မေးမြန်းလိုက်၏။ “ရှင်... ရှင်ဟာ မိန်းကလေးစွန်း... ဟုတ်ပါတယ်နော်။”

စွန်းရှောင်းဟုန်က ခေါင်းညိတ်ဖြေဆိုလိုက်ပြီး ပြန်နှုတ်ဆက်လိုက်၏။ “ရှင်ဘယ်သူလဲဆိုတာ ကျမသိပါတယ်။ ရှင့်အကြောင်းတွေ သူ့ဆီကနေအမြဲပဲ ကြားနေခဲ့ရပါတယ်။”

လင်ရှီးယင်က ပြုံးပြလိုက်၏။ အလွန်ဝမ်းနည်းကြေကွဲသော အပြုံးလည်းဖြစ်နေပြန်သည်။

စွန်းရှောင်းဟုန်ပြောခဲ့သော ‘သူ’ဆိုသည်မှာ မည်သူ့ကို ရည်ညွှန်းပြီးပြောဆိုခဲ့မှန်း သူမ သိနေပါသည်။

စွန်းရှောင်းဟုန်-“ရှင် ဒီနေရာကိုရောက်နေတာ တော်တော်လေးတောင်ကြာနေပြီထင်တယ်။”

လင်ရှီးယင်က ခေါင်းငုံ့ထားပြီး ပြန်ဖြေဆိုလိုက်၏။ “သူ ရင်ဆိုင်တိုက်ပွဲတစ်ခုရှိတယ်လို့ ကျမကြားခဲ့ရတယ်။ ကျမ သူ့ကို စကားလေးနည်းနည်းပါးပါး လာပြောချင်လို့ ထွက်လာခဲ့တာပါ။ ဒါပေမဲ့ ကျမ အိမ်အပြင်မထွက်တာ နှစ်ပေါင်းတော်တော်လေး ကြာခဲ့ပြီဆိုတော့ ဒီကိုလာရင်းနဲ့ လမ်းမှာလမ်းပျောက်နေခဲ့သေးတယ်။”

သူမသည် ခပ်ပါးပါးလေးပြုံးနေပြီး စကားဆက်လိုက်၏။ “ဒါပေမဲ့လည်း ရပါတယ်။ သူ့ကိုကျမပြောချင်တဲ့စကားတွေကို ရှင့်ကိုပဲပြောပြလိုက်တော့မယ်။”

သူမ၏စကားသံက နူးညံ့ပျော့ပြောင်းလွန်းပြီး ကြွေကျတော့မတတ်ဖြစ်နေ၏။ ကြည့်ရသည်မှာ စကားလုံးတစ်လုံးတိုင်းအတွက် သေချာစဉ်းစားပြီးမှ ပြောဆိုခဲ့ခြင်းဖြစ်နိုင်သည်။

သူမပြောဆိုခဲ့သော စကားလုံးတိုင်းသည် ကြည်လင်ပြတ်သားနေပြီး လေယူလေသိမ်း တိကျလွန်းလှသည်။ သူမပြောဆိုနေသည်ကို ကြားလိုက်ကြရသူတိုင်း သူမသည် ထူးထူးခြားခြား မိန်းမတစ်ယောက်ဖြစ်ပြီး နှလုံးသားကင်းမဲ့နေသော မိန်းမတစ်ယောက်လည်း ဖြစ်နေပြန်သည်ဟု ထင်မှတ်သွားနိုင်၏။

သို့သော် စွန်းရှောင်းဟုန်ကတော့ သူမကိုအပြည့်အဝနားလည်နေပါသည်။ သူမ၏စကားသံများက အေးစက်ပြီး မာကျောကျော နှလုံးသားကင်းမဲ့သောအသံများ ဖြစ်နေသော်လည်း ထိုအချက်များသည် သူမ၏ဘဝတစ်သက်စာလုံး ခံစားလာခဲ့ရသော နာကျည်းကြေကွဲ ဝမ်းနည်းပူဆွေးမှုများကြောင့် ဖြစ်လာရသည်ဆိုခြင်းကို စွန်းရှောင်းဟုန် အပြည့်အဝ နားလည်ပေးနိုင်ပါသည်။

စွန်းရှောင်းဟုန် သူမအတွက် သနားကြင်နာမှုများ၊ ကိုယ်ချင်းစာမှုများကို ခံစားနေရပြီး သူမကိုချိုသာစွာ ပြောဆိုလိုက်၏။ “သူရှင့်ကိုအမြဲပဲ တွေ့ချင်နေခဲ့တယ်ဆိုတာ ကျမသိပါတယ်။ ရှင်ဒီနေရာကိုတောင် ရောက်လာခဲ့ပြီးမှပဲ.. သူပြန်လာမယ့်အချိန်ကိုစောင့်ပြီး နောက်တစ်ခေါက်လောက်တွေ့ဖို့ ကြိုးစားကြည့်ပါလား။”

လင်ရှီးယင်-“ကျမ... ကျမမစောင့်နိုင်တော့ဘူး...”

သူမသည် လီဆွန်းဟွာကို တွေ့ဆုံရန်လိုက်လာခဲ့ခြင်းဖြစ်၏။ ဤနေရာသို့ရောက်လာခဲ့သောအချိန်တွင် လီဆွန်းဟွာ၏ နဘေးတွင် တစ်စုံတစ်ယောက် ရှိနေခဲ့သည်ကိုလည်း တွေ့လိုက်ရပြန်သည်။ သူမကိုယ်ယောင်ဖျောက် ပုန်းကွယ်နေခဲ့သည်မှာ လီဆွန်းဟွာကို မြင်တွေ့လိုက်သည့်အချိန်တွင် သူမ၏စိတ်ကို သူမမထိန်းသိမ်းနိုင်တော့မည်ကို စိုးရွံ့သောကြောင့်လည်းဖြစ်၏။

အဘယ်ကြောင့်ဆိုသော် လီဆွန်းဟွာကို လူချင်းတွေ့လိုက်ရသည်နှင့်တပြိုင်နက် သူမ၏စိတ်ဓာတ် ပြိုကွဲသွားမည်ဖြစ်ကြောင်းကို သူမကိုယ်တိုင် သိရှိနေသောကြောင့်ဖြစ်၏။

လင်ရှီးယင်က ထိုခံစားချက်များကို ထုတ်ဖော်မပြောခဲ့သော်လည်း သူမဘယ်လိုခံစားနေရကြောင်းကိုမူ စွန်းရှောင်းဟုန် သိနေပါသည်။

စွန်းရှောင်းဟုန်-“လူတစ်ယောက်ရဲ့စကားကို မျက်စိပိတ်ပြီး ယုံကြည်နားထောင်တဲ့သူတွေကို ကျမလုံးဝနားမလည်နိုင်ဘူး။ ပြီးတော့ အဲဒီပြောဆိုသူကို ကိုယ့်ရဲ့ဘဝတစ်ခုလုံး ပြောင်းလဲသွားအောင် ပုံအပ်ပေးခဲ့သေးတယ်။ ရှင့်ဘဝမှာ တစ်စုံတစ်ယောက်ရဲ့စကားကို နားထောင်ခဲ့တယ်ဆိုတာ ကျမသိပါတယ်။ ဒါဟာ သူ့ကိုကြောက်လို့မဟုတ်ဘဲ သူ့ကိုသိပ်ချစ်လွန်းလို့သာ လုပ်ဆောင်ခဲ့တယ်ဆိုတာလည်း ကျမသိနေပါတယ်။ သူလုပ်ဆောင်သမျှအရာအားလုံးဟာ ရှင့်အတွက်ပဲဆိုတာကိုလည်း ရှင်သိနေခဲ့တယ်။”

လင်ရှီးယင်သည် တစ်ချိန်လုံး မိမိကိုယ်ကို ထိန်းချုပ်ထားနိုင်ခဲ့သော်လည်း ယခုအချိန်တွင်မူ သူမ၏ချုပ်တီးနိုင်မှု စွမ်းအားများ ကွယ်ပျောက်သွားရချေပြီ။

သူမ၏မျက်ဝန်းများမှ မျက်ရည်ပူများ စီးဆင်းလာခဲ့တော့၏။

အဘယ်ကြောင့်ဆိုသော် စွန်းရှောင်းဟုန် ပြောခဲ့သမျှစကားလုံးတိုင်းသည် သူမနှလုံးသားတည့်တည့်သို့ အပ်တစ်ချောင်းစိုက်ဝင်လာပြီး ထိုးမွှေလိုက်သလို ခံစားမိနေခြင်းကြောင့်ဖြစ်၏။

သူမကိုယ်တိုင် မိမိကိုယ်ကို မေးခွန်းပြန်ထုတ်မိ၏။ “ငါ့မှာ ဘာမှလည်းမရှိတော့ဘူး။ အရာအားလုံး ပျောက်ဆုံးသွားခဲ့ရပြီး လင်ရှန်းအာလိုမျိုး ဖြစ်နေရပြီ။ ဒါ ဘယ်သူ့အပြစ်လဲ။ အတိတ်ကာလတုန်းက ငါမှားယွင်းခဲ့လို့ပဲလား။”

သူမသည် လီဆွန်းဟွာကို မေ့ပျောက်ပစ်ဖို့ ကြိုးစားခဲ့ဖူး၏။ လီဆွန်းဟွာကို မုန်းတီးနာကျည်းခဲ့၏။

သူမဘဝ၏ ကြေကွဲဝမ်းနည်းမှုများက လီဆွန်းဟွာကြောင့်ပင်လော...

ယခုတော့ သူမနားလည်လိုက်သည်မှာ အမှားလုပ်ခဲ့သူသည် လီဆွန်းဟွာမဟုတ်ဘဲ သူမကိုယ်တိုင်ဖြစ်နေခြင်းကိုပင်။

“ငါဘာဖြစ်လို့ သူ့စကားကို နားထောင်ခဲ့ရတာလဲ။ ငါဘာဖြစ်လို့ သူ့မျက်နှာကိုစေ့စေ့ကြည့်ပြီး ကျမချစ်မြတ်နိုးတာ ရှင့်တစ်ယောက်တည်းကိုပဲ။ ရှင်ကလွဲလို့ ဘယ်ယောက်ျားကိုမှ ကျမလက်မထပ်နိုင်ဘူးလို့ ငါဘာဖြစ်လို့ မပြောရဲခဲ့တာလဲ။”

စွန်းရှောင်းဟုန်က နူးညံ့သိမ်မွေ့စွာ ပြောဆိုလိုက်၏။ “ရှင်တို့နှစ်ယောက်ကြားမှာ ဘာတွေဖြစ်ပျက်ခဲ့လဲဆိုတာ ကျမ သေသေချာချာကြီးမသိပါဘူး။ ဒါပေမဲ့ ကျမသိထားတာကတော့...”

လင်ရှီးယင်က သူမ၏စကားကို ဖြတ်ပြောလိုက်၏။ “ဒါပေမဲ့ အခုတော့ကျမသိသွားပြီ။ ကျမရှင့်ကို မြင်တွေ့လိုက်ပြီးမှ အမှားပြုလုပ်ခဲ့သူဟာ ကျမပဲဆိုတာ သိသွားပြီ။”

စွန်းရှောင်းဟုန်က စပ်စုမေးမြန်းလိုက်၏။ “ဘာဖြစ်လို့လဲ။”

လင်ရှီးယင်-“ကျမသာ ရှင့်လိုသတ္တိရှိခဲ့မယ်၊ ရဲရဲရင့်ရင့် ဆုံဖြတ်နိုင်ခဲ့မယ်၊ စိတ်ဓာတ်ကြံ့ခိုင်နိုင်ခဲ့မယ်ဆိုရင် ဒီအဖြစ်မျိုးတွေ ဖြစ်လာစရာဘာအကြောင်းမှ မရှိဘူး။”

စွန်းရှောင်းဟုန်-“ဒါပေမဲ့... ရှင်...”

လင်ရှီးယင်-“အခုတော့ကျမသိလိုက်ပါပြီ။ ကျမဟာ သူ့ရဲ့ဇနီးကောင်း ဘယ်တော့မှဖြစ်လာတော့မှာမဟုတ်ပါဘူး။ ရှင်သာ သူ့အတွက်အသင့်တော်ဆုံး ဇနီးကောင်းတစ်ယောက်ပါ။”

စွန်းရှောင်းဟုန် သူမ၏ခေါင်းကိုငုံ့ထားလိုက်လေတော့သည်။ “ကျမ... ကျမ...”

လင်ရှီးယင်က သူမကိုစကားပြောခွင့်မပေးတော့ဘဲ ဆက်၍ပြောဆိုနေလိုက်၏။ “ဘာကြောင့်လဲဆိုတော့ ရှင်တစ်ဦးတည်းကသာ သူ့ကိုအားပေးချွေးသိပ်နိုင်မယ်။ သူဘာပဲလုပ်လုပ် သူ့အပေါ်မှာ ရှင်ထားရှိတဲ့ အားကိုးအားထားမှုနဲ့ ယုံကြည်ကိုးစားမှုတို့က ဘယ်တော့မှ ပြောင်းလဲသွားမှာမဟုတ်ဘူး။ ကျမကတော့...”

သူမသည် သက်ပြင်းတစ်ခု တိုးတိတ်စွာချလိုက်ပြီး မျက်ရည်များ စီးကျလာလေတော့၏။

စွန်းရှောင်းဟုန်သည်လည်း တိတ်ဆိတ်ငြိမ်သက်သွားခဲ့၏။ အတန်ကြာမှ သူမသည် ရယ်မောပြုံးရွှင်လာပြီး ပြောဆိုလိုက်၏။ “ဒါပေမဲ့ အနာဂတ်ကာလမှာတော့ ရှင်သူ့ကိုတွေ့ဖို့အခွင့်အရေးတွေ အများကြီးရှိနေမှာပါ။ အတိတ်ကာလတုန်းက ရှင်တို့နှစ်ယောက်ကြားမှာ ဘာပဲဖြစ်ခဲ့ဖြစ်ခဲ့ နောက်ဆိုရင် ရှင်တို့နှစ်ယောက်...”

လင်ရှီးယင်က သူမ၏စကားကို ဖြတ်ပြောလိုက်၏။ “သူ့ဆီမှာ အဲဒီလိုမျိုးအခွင့်အရေး ရှိနေသေးတယ်လို့ ရှင်ထင်နေလား။”

စွန်းရှောင်းဟုန်-“သိပ်ရှိနေတာပေါ့။”

စွန်းရှောင်းဟုန်ကပြုံးပြီး ဆက်ပြောနေ၏။ “သူဟာမျှော်လင့်ချက်ကင်းမဲ့နေသူတစ်ယောက်လို့ အားလုံးကထင်ထားကြတယ်။ ကိုယ့်ကိုယ်ကို ယုံကြည်မှုကင်းမဲ့နေသူတစ်ယောက်အတွက် ဘာမျှော်လင့်ချက်များ ရှိနေဦးမှာလဲ။”

လင်ရှီးယင်-“ဒါမှန်တယ်။”

စွန်းရှောင်းဟုန်-“ဒါပေမဲ့ သူဒီလိုမျိုးလုပ်နေတာဟာ စန့်ကွမ်းကျင်းဟုန်ကို မျှားခေါ်နေတာဖြစ်ပြီး စန့်ကွမ်းကျင်းဟုန်ရဲ့ ကာကွယ်သတိထားမှုတွေ လျော့ကျလာအောင်လုပ်ဆောင်နေတယ်ဆိုတာ ကျမသိပါတယ်။ စန့်ကွမ်းကျင်းဟုန်က သူ့ရန်သူကို ပေါ့ပေါ့တန်တန် သဘောထားလာမယ်ဆိုရင် သတိမထားတဲ့ပေါ့လျော့မှုတွေ ထွက်ပေါ်လာမှာပဲ။”

စွန်းရှောင်းဟုန်၏မျက်လုံးများက အရောင်တောက်လာခဲ့ပြီး အားထက်သန်စွာ ဆက်ပြောနေလိုက်၏။ “စန့်ကွမ်းကျင်းဟုန်သာ ပေါ့လျော့လာတဲ့တစ်ချိန်... သူ့ဓားပျံက စန့်ကွမ်းကျင်းဟုန်ရဲ့အသက်ကို နှုတ်ယူသွားလိမ့်မယ်။”

လင်ရှီးယင်က သက်ပြင်းချသံနှင့်အတူ ပြောဆိုလိုက်၏။ “သူ့ဆီမှာ ကိုယ့်ကိုကိုယ်ယုံကြည်မှုတွေ သိပ်ပြီးထားနိုင်ခဲ့တာ ရှင်သူ့ကို သိပ်ပြီးယုံကြည်လွန်းလို့ပဲ။ ရှင့်ရဲ့အားပေးမှုနဲ့ ယုံကြည်ကိုးစားမှုတွေဟာ သူ့အတွက် သိပ်ကိုအရေးပါတယ်။ ရှင်ကိုယ်ရှင်တောင်မှ ဒီလောက်အရေးပါနေသူတစ်ယောက် ဖြစ်နေလိမ့်မယ်ဆိုတာ သိနိုင်မှာမဟုတ်ဘူးလို့ ကျမထင်တယ်။”

စွန်းရှောင်းဟုန်က ခေါင်းငုံ့ထားပြီး ပြန်ဖြေဆိုလိုက်၏။ “ကျမသိနေပါတယ်။”

သူမသည် လီဆွန်းဟွာအပေါ်တွင်သာ ယုံကြည်ကိုးစားသည်မဟုတ် သူမကိုယ်သူမလည်း အင်မတန်မှ ယုံကြည်ထား၏။

လင်ရှီးယင်သည် စွန်းရှောင်းဟုန်ကို ငေးကြည့်နေပြီး ဖော်မပြနိုင်သော ခံစားမှုများခံစားနေရ၏။ အားကျခြင်းလား... မနာလိုဖြစ်ခြင်းလား... ကိုယ့်ကိုကိုယ်သနားနေမိခြင်းလား... သို့တည်းမဟုတ် လီဆွန်းဟွာအတွက် အမှန်တကယ်ပင် ဝမ်းသာကြည်နူးမိနေခြင်းလား... မသိတော့ပါ။

လီဆွန်းဟွာ၏ ဘဝတစ်ဝက်လောက်သည် လဲကျနေခဲ့ရ၏။ သူ့နှလုံးသားသည်လည်း ခံစားလွန်းနေသဖြင့် ပင်ပမ်းလွန်းပါသည်။ စွန်းရှောင်းဟုန်လို မိန်းမတစ်ယောက်ကသာ သူ့ကိုနှစ်သိမ့်ပေးနိုင်မည်ဖြစ်သည်။ ဤတစ်ကြိမ်တွင် စန့်ကွမ်းကျင်းဟုန်ကို သူအနိုင်ရခဲ့သည်ပဲထားဦး... နောင်အနာဂါတ်ကာလာတွင် သူထပ်ပြီးလဲမကျနိုင်ဘူးဟု မည်သူပြောနိုင်မည်နည်း။

မည်သူမျှသူ့ကို တိုက်ခိုက်အနိုင်မယူနိုင်သော်လည်း သူကိုယ်တိုင် သူ့ကိုသူလဲကျသွားအောင် တိုက်ခိုက်နိုင်သေးသည် မဟုတ်ပါလား။

လင်ရှီးယင် သက်ပြင်းချပြီး ပြောဆိုလိုက်တော့သည်။ “သူရှင့်ကို တွေ့ဆုံနိုင်ခဲ့တာ ဘုရားသခင်ရဲ့ ကောင်းချီးတော်ကြောင့်လို့ပဲ မှတ်ယူရလိမ့်မယ်။ သူ့ဒုက္ခတွေက သိပ်ပြီးပြင်းထန်လွန်းပါတယ်လေ။ သူပျော်ရွှင်စွာ ဘဝကိုဖြတ်သန်းသွားသင့်နေပါပြီ။ ဒါပေမဲ့...”

လင်ရှီးယင်က ရုတ်တရက်ဖြတ်မေးလိုက်၏။ “ကျင်းဝူမင်းကော... စန့်ကွမ်းကျင်းဟုန်ကို သူအနိုင်တိုက်နိုင်တယ်ပဲထားဦး.. သူတို့နှစ်ယောက် ပူးပေါင်းတိုက်ခိုက်မှုတွေကိုတော့ သူခံနိုင်မှာမဟုတ်ဘူး။”

စွန်းရှောင်းဟုန်-“ကျင်းဝူမင်း တိုက်ခိုက်လာလိမ့်မယ်မထင်ဘူး။ စန့်ကွမ်းကျင်းဟုန်က သူဘယ်တော့မှ မရှုံးနိမ့်နိုင်ဘူးလို့ သိပ်ကိုယုံကြည်ထားတယ်။ ကျင်းဝူမင်းကို ဘယ်တော့မှ အကူအညီတောင်းမှာမဟုတ်ဘူး။ အဲဒီအချိန်ကျမှ ကျင်းဝူမင်း တိုက်ခိုက်လာခဲ့မယ်ဆိုရင်လည်း သိပ်ကိုနောက်ကျသွားပြီ။”

သူမပြောသည့် စကားလုံးတိုင်းသည် အမှန်တရားချည်းဖြစ်၏။ ထိုအချက်သည် လီဆွန်းဟွာ၏ တစ်ခုတည်းသော မျှော်လင့်ချက် အလင်းရောင်ခြည်လေးဖြစ်သလို တစ်ခုတည်းသော အခွင့်အရေးလည်းဖြစ်၏။

မေးစရာမေးခွန်းရှိနေသည်မှာ- မည်သူက ထိုအခွင့်အရေးကို ကောင်းကောင်းကြီး အသုံးချနိုင်သူဖြစ်မည်နည်း။

လင်ရှီးယင်-“ကျင်းဝူမင်းသာ မတိုက်ခိုက်ခဲ့ရင် သူ့အတွက်နောက်ထပ်အခွင့်အရေး ရှိနေသေးတယ်လို့ ရှင်ဆိုလိုချင်တာလား။”

စွန်းရှောင်းဟုန်-“မှန်တယ်။”

လင်ရှီးယင်-“ကျင်းဝူမင်းမတိုက်ခိုက်ဘူးလို့ ရှင်ဘယ်လိုလုပ်ပြီး သေသေချာချာပြောနိုင်ရတာလဲ။”

“ကျမလည်း မသေချာပါဘူး။” စွန်းရှောင်းဟုန်က ဆက်ပြောနေလိုက်၏။ “ဒါပေမဲ့ ကျမ သေသေချာချာသိထားတာ တစ်ခုကတော့ နောက်ထပ် ၂ နာရီအတွင်းမှာ သူတို့ထဲက တစ်ယောက်မှ လှုပ်ရှားကြမှာမဟုတ်ဘူးဆိုတာပဲ။”

လင်ရှီးယင်-“ရှင်ပြောတာမှန်တယ်လို့ပဲထားလိုက်ပါဦး။ ဒီအချိန် ၂ နာရီလေးအတွင်းမှာ တစ်စုံတစ်ခုဖြစ်လာနိုင်တယ်ဆိုတာ ကျမတို့ဘယ်လိုလုပ်ပြီး သိနိုင်မှာလဲ။”

စွန်းရှောင်းဟုန်-“တစ်စုံတစ်ခု သေချာပေါက်ဖြစ်လာမှာပါ။”

လင်ရှီးယင် မေးမြန်းလိုက်ပြန်၏။ “ဘာဖြစ်လာမှာလဲ။”

စွန်းရှောင်းဟုန်-“အားဖေ...”

လင်ရှီးယင် ဘာစကားမျှမပြောခဲ့သော်လည်း သူမ၏မျက်နှာအမူအရာများက စိတ်ပျက်အားလျော့နေကြောင်းကို သိသာစွာမြင်တွေ့နိုင်၏။

အားဖေကို လူတိုင်းပင် စိတ်ပျက်အားလျော့နေကြသည်မဟုတ်ပါလား။

စွန်းရှောင်းဟုန်-“သူ့ကိုဘယ်သူကမှ မယုံကြည်နိုင်ကြတော့တာ ဘာကြောင့်လဲဆိုတော့ သူ့ခန္ဓာကိုယ်မှာ လေးလံတင်းကြပ်တဲ့ နှောင်ကြိုးတွေ တုပ်နှောင်ခံထားနေရလို့ပဲ။”

လင်ရှီးယင်-“နှောင်ကြိုးတွေ... ဟုတ်လား။”

စွန်းရှောင်းဟုန်-“ဟုတ်တယ်... နှောင်ကြိုးတွေ... အဲဒီနှောင်ကြိုးတွေကနေ အားဖေလွတ်မြောက်သွားအောင် လူတစ်ယောက်ပဲ စွမ်းဆောင်နိုင်တယ်။”

လင်ရှီးယင်-“ဘယ်သူလဲ။”

စွန်းရှောင်းဟုန်-“ခေါင်းလောင်းသံမြည်လာဖို့ ခေါင်းလောင်းတီးမယ့်သူ ရှိရမယ်မဟုတ်လား။”

လင်ရှီးယင်-“လင်ရှန်းအာကို ပြောတာလား...”

စွန်းရှောင်းဟုန်-“မှန်လိုက်လေ... အားဖေအတွက် လင်ရှန်းအာဟာ သူ့အချစ်နဲ့မထိုက်တန်သူတစ်ယောက်ဆိုတာ သိလိုက်ရတဲ့အချိန်ကျရင် သူ့ကိုယ်မှာတုပ်နှောင်ခံထားရတဲ့ နှောင်ကြိုးအားလုံး ကြိုးထုံးပြေသွားလိမ့်မယ်။”

လင်ရှီးယင် ခဏမျှတိတ်ဆိတ်နေခဲ့ပြီးမှ ပြောဆိုလိုက်၏။ “ရှင်ပြောတာ မှန်နိုင်ပါတယ်။ ဒါပေမဲ့ သူလဲကျနေခဲ့တာ တော်တော်လေးကိုကြာခဲ့ပြီ။ ခုလိုအချိန်တိုလေးအတွင်ူးမှာ ပြန်ထလာနိုင်ပါ့မလား။”

စွန်းရှောင်းဟုန်-“တခြားအရာတွေအတွက်ဆိုရင်တော့ ထာလာနိုင်ချင်မှ ထာလာနိုင်လိမ့်မယ်။ ဒါပေမဲ့ လီဆွန်းဟွာ အတွက်ဆိုရင်တော့ မုချထလာနိုင်မှာပါ။”

သူမသည် ဖြည်းညင်းစွာ ဆက်ပြောလိုက်၏။ “ကျမတို့တတွေ ကိုယ်ခင်တွယ်တဲ့သူတွေအပေါ်မှာ ပြုမူဆောင်ရွက်ကြတဲ့အခါ တစ်ခါတစ်ခါကျရင် သာမန်အချိန်မျိုးမှာ မလုပ်နိုင်တဲ့အလုပ်တွေကိုတောင်မှ လုပ်နိုင်ကြသေးတယ်မဟုတ်လား။”

လင်ရှီးယင် သက်ပြင်းမောကြီးချလိုက်တော့၏။ “ဒါဆိုရင်တော့...”

စွန်းရှောင်းဟုန်-“အခုလောလောဆယ်မှ ကျမ အားဖေကိုမတွေ့တွေ့အောင် လိုက်ရှာရလိမ့်မယ်။ ပြီးတော့ ဖြစ်ပျက်ခဲ့တာတွေအားလုံးကိုလည်း သူ့ကိုပြောပြရဦးမယ်။”

လင်ရှီးယင်-“ခဏနေပါဦး... ကျမရှင့်ကိုပြောစရာလေးတွေ ကျန်နေသေးတယ်။”

စွန်းရှောင်းဟုန်-“ဘာများလဲ။”

လင်ရှီးယင်-“ကျမဟာ အပြင်ကိုထွက်ခဲပါတယ်။ ဒါပေမဲ့ အပြင်မှာဖြစ်ပျက်နေသမျှအားလုံးနီးပါးကို ချက်ချင်းပဲ သိနေနိုင်ခဲ့တယ်။ ဒီအချက်က ထူးဆန်းတယ်လို့များ ရှင်မထင်ဘူးလား။”

စွန်းရှောင်းဟုန်က ပြုံးပြီးပြန်ဖြေလိုက်၏။ “မထူးဆန်းပါဘူး။ ရှင့်မှာ သိပ်ကိုဉာဏ်ကောင်းထက်မြက်တဲ့ သားတစ်ယောက် ရှိနေခဲ့တာကိုး။”

လင်ရှီးယင်က ခေါင်းငုံ့ထားပြီး ပြောဆိုလိုက်၏။ “ဘာပဲဖြစ်ဖြစ် သူဟာကျမရဲ့တစ်ဦးတည်းသောသားပါ။ အမြဲတမ်း ကျမရဲ့သားတစ်ယောက်ဖြစ်နေမှာပါ။ ကျမမှာ ပိုင်ဆိုင်တာဆိုလို့ သူတစ်ယောက်ပဲကျန်ရှိတော့တယ်လေ... ဒါကြောင့်မို့လို့ ကျမသားလေးကို ခွင့်လွှတ်ပေးဖို့ သူ့ကိုကျေးဇူးပြုပြီး ရှင်ပြောပေးပါနော်...”

စွန်းရှောင်းဟုန်-“သူ့ဘဝမှာ ဘယ်သူ့ကိုမှ အမုန်းမထားခဲ့ဘူးဆိုတာ ရှင်သိဖို့ကောင်းတယ်။”

လင်ရှီးယင်သည် အတန်ကြာမျှ တိတ်ဆိတ်ငြိမ်သက်သွားခဲ့ရ၏။ သူမပြောချင်နေသော စကားများရှိနေသော်လည်း ဘယ်ကဘယ်လို စပြောရမည်မှန်းမသိဖြစ်နေရ၏။

ထို့ကြောင့် စွန်းရှောင်းဟုန်က စကားလမ်းကြောင်းပေးလိုက်သည်။ “လင်ဟွာစွယ်စုံကျမ်း အကြောင်းပြောချင်နေတာလား။”

လင်ရှီးယင်သည် အလွန်အမင်းအံ့အားသင့်သွားခဲ့ပြီး မေးမြန်းလိုက်တော့၏။ “ဒီအကြောင်းတွေကို ရှင်သိနေတယ်...”

စွန်းရှောင်းဟုန်က ပြုံးပြီးဖြေဆိုလိုက်သည်။ “သူ့ကိုဒီအကြောင်းတွေကို ပြောပြခဲ့တဲ့ ပထမဦးဆုံးသူဟာ ကျမပါ။ ကျမရဲ့ ဒုတိယဘဒွေး...”

လင်ရှီးယင်-“အိုး... ဟုတ်တာပေါ့။ သူရဲကောင်းဝမ် အိမ်ကိုလာခဲ့တုန်းက ဆရာစွန်းလည်း လိုက်ပါလာခဲ့တယ်။”

စွန်းရှောင်းဟုန်-“ဒါဆိုရင် ကျမ်းစာအုပ်က ရှင့်ဆီမှာတကယ်ပဲ ရှိနေခဲ့တာပေါ့။”

လင်ရှီးယင်-“ကျမဆီမှာ တစ်ချိန်လုံးရှိနေခဲ့ပါတယ်။ ဒါပေမဲ့ ကျမသူ့ကို ဒီအကြောင်းတွေလုံးဝဖွင့်မပြောပြခဲ့မိဘူး။”

စွန်းရှောင်းဟုန်က မေးမြန်းလိုက်၏။ “ဘာဖြစ်လို့လဲ။”

လင်ရှီးယင်-“ဘာဖြစ်လို့လဲဆိုတော့ အဲဒီအချိန်တုန်းက ကျမစဉ်းစားမိတာက သိုင်းပညာရပ်ဆိုတာ သူ့အတွက်ဘာမှ အကျိုးမရှိဘူး။ သူ့ကိုတောင်မှ ဒုက္ခပြန်ပေးနိုင်သေးတယ်လို့ ထင်ထားခဲ့မိတယ်။ သူ့ရဲ့သိုင်းပညာရပ်တွေ ပိုပြီးမြင့်မားလာလေလေ... သူ့အတွက်ပြဿနာတွေပိုပြီး ရှုပ်ထွေးလာလေလေဖြစ်သွားနိုင်တယ်။ ဒါကြောင့်မို့...”

စွန်းရှောင်းဟုန်-“ရှင်သူ့ကို ဒီအချိန်ထိဖွင့်မပြောပြသေးတာ သူ့ကိုသာမန်လူတစ်ယောက်အဖြစ် မြင်ချင်လို့... ပြီးတော့ သာမန်လူတစ်ယောက်အဖြစ် ဘဝကိုရပ်တည်သွားစေချင်လို့ မဟုတ်လား။”

လင်ရှီးယင် ညှိုးငယ်စွာပြောဆိုလိုက်တော့၏။ “အဲဒါဟာ ကျမရဲ့အကြီးမားဆုံး ဆန္ဒတစ်ခုပဲ... ဒါပေမဲ့ကျမပြောတာကို ဘယ်သူမှယုံကြည်ကြမှာမဟုတ်ပါဘူး။”

စွန်းရှောင်းဟုန်-“ကျမရှင့်ကိုယုံကြည်ပါတယ်။”

သူမသည် သက်ပြင်းရှိုက်ပြီး ဆက်ပြောနေလိုက်၏။ “ကျမသာ ရှင့်နေရာမှာဆိုရင်လည်း ဒီလိုမျိုးတစ်ပုံစံထဲ လုပ်မိခဲ့မှာပါပဲ။”

မိန်းမတစ်ယောက်၏ ခံစားချက်ကို အခြားမိန်းမတစ်ယောက်သာ သဘောပေါက်နားလည်နိုင်၏။

မိန်းမတစ်ယောက်သည် သူမ ချစ်နှစ်သက်သော ယောက်ျားတစ်ယောက်ကို မည်ကဲ့သို့အကောင်းဆုံးဖြစ်စေချင်သည် ဆိုသည်ကိုလည်း မိန်းမတစ်ယောက်သာ နားလည်ပေးနိုင်၏။ တခြားလူများ၏အမြင်တွင် လင်ရှီးယင်၏လုပ်ရပ်သည် ရူးသွပ်ကောင်းရူးသွပ်နေမည်ဖြစ်သော်လည်း စွန်းရှောင်းဟုန်အတွက်တော့ သူမလုပ်ကိုင်ဆောင်ရွက်ခဲ့သည်များက သူမအတွက် အလိုအပ်ဆုံးအရာကို လုပ်ကိုင်ဆောင်ရွက်ခဲ့သည်မှန်း နားလည်ပေးနိုင်လေသည်။

လင်ရှီးယင်-“ဒါပေမဲ့ ကျမသူ့ကိုထိန်ချန်ထားခဲ့တာကို နောင်တရလို့မဆုံးဖြစ်နေရပြီ။ ကျမသူ့ကို ထိန်ချန်မထားခဲ့သင့်ဘူး။”

စွန်းရှောင်းဟုန်-“ဒါပေမဲ့ ရှင်ထိန်ချန်ထားခဲ့တယ်ဆိုတာလည်း သူ့ကောင်းစားရေးအတွက်ပဲမဟုတ်လား။”

လင်ရှီးယင်-“သူသာ လင်ဟွာစွယ်စုံကျမ်းထဲက သိုင်းပညာရပ်တွေ လေ့ကျင့်ပေါက်မြောက်နိုင်ခဲ့မယ်ဆိုရင် စန့်ကွမ်းကျင်းဟုန်နဲ့ ကျင်းဝူမင်းတို့နှစ်ယောက်ပေါင်းပြီး သူ့ကိုတိုက်ခိုက်တာတောင်မှ သူ့ကိုနိုင်နိုင်မှာမဟုတ်ဘူး။”

စွန်းရှောင်းဟုန်-“ဒါကြောင့်မို့လို့ ရှင်နောင်တရနေရတယ်ပေါ့။ ဒါကြောင့်မို့လို့ သူ့အနေနဲ့ ရှင့်ကိုခွင့်လွှတ်စေချင်တယ်ပေါ့။”

လင်ရှီးယင်က ခေါင်းညိတ်ဖြေဆိုလိုက်၏။ “အဲဒီအတွက် သူကျမကို အပြစ်ပြောမှာမဟုတ်ဘူးဆိုတာကိုလည်း သိနေပါတယ်။ ဒါပေမဲ့... အဲဒီအကြောင်းနဲ့ပတ်သက်ပြီး သူ့ကိုကျမ မတောင်းပန်ရရင် ဒီတစ်သက် ကျမဘယ်လိုမှ ဆက်ပြီးရှင်သန်နေထိုင်နိုင်တော့မှာ မဟုတ်ဘူး။”

စွန်းရှောင်းဟုန်-“ဒါပေမဲ့... ရှင်မှားသွားပြီ။”

လင်ရှီးယင်က အံ့အားသင့်စွာ မေးမြန်းလိုက်၏။ “ကျမ မှားသွားတယ်... ဟုတ်လား။”

စွန်းရှောင်းဟုန်-“သူသာ လင်ဟွာစွယ်စုံကျမ်းထဲက သိုင်းပညာရပ်တွေကို လေ့ကျင့်ခဲ့မယ်ဆိုရင် ခုချိန်မှာ စန့်ကွမ်းကျင်းဟုန်ကို ယှဉ်ပြိုင်အနိုင်ယူနိုင်မှာ မဟုတ်သေးဘူး။”

လင်ရှီးယင်-“ဘာဖြစ်လို့လဲ။”

စွန်းရှောင်းဟုန်-“အားဖေရဲ့ဓားဟာ ဘာကြောင့်မို့လို့ ဒီလောက်တောင်မှ ကြောက်စရာကောင်းနေတာလဲဆိုတာ ရှင်သိလား။”

လင်ရှီးယင်-“ဘာဖြစ်လို့လဲဆိုတော့... သူ...”

စွန်းရှောင်းဟုန်-“သူဟာသိပ်ကို လျင်မြန်လွန်းတယ်။ ဘာဖြစ်လို့လဲဆိုတော့ အခြားလူတွေအားလုံးထက် ဓားကိုပိုပြီး အာရုံစူးစိုက်လေ့ကျင့်ခဲ့လို့ပဲ။ လီဆွန်းဟွာအတွက်လည်း အတူတူပဲ။ သူသာတခြားသိုင်းပညာရပ်တွေကို လေ့လာလိုက်စားခဲ့မယ်ဆိုရင် သူ့ဓားပျံအပေါ်မှာ ထားရှိထားတဲ့ အာရုံစူးစိုက်မှုတွေ လျော့နည်းသွားလိမ့်မယ်။ အဲဒီအခါမှာ သူ့ဓားပျံဟာ ဒီလောက်မြန်ချင်မှ မြန်နိုင်တော့မယ်။”

လင်ရှီးယင်က ခေါင်းငုံ့ထားပြီး တောင်းပန်ပြောဆိုလိုက်၏။ “ဘာပဲဖြစ်ဖြစ်ပါ... ကျမရဲ့တောင်းပန်မှုလေး သူ့ကိုရှင်ပြောပေးပါလို့ ကျမအနူးအညွတ် တောင်းဆိုချင်ပါတယ်။”

စွန်းရှောင်းဟုန်-“ရှင်တို့နှစ်ယောက်အတွက် မကြာခင်အချိန်လေးမှာ တွေ့ဆုံဖို့အခွင့်အရေးရှိနေသားပဲ။ အဲဒီအချိန်ကျမှ ရှင်ကိုယ်တိုင် သူ့ကိုပြောပြလိုက်ပါလား။”

0 comments:

Post a Comment