လင်ရှန်းအာ-“အားလုံးဟာ ရှင့်ကြောင့်ပဲဆိုတာ ကျမစောစောစီးစီး သိထားခဲ့ဖို့ကောင်းတယ်။ သူကျမကို ဒီနေရာကို ခေါ်လာခဲ့တဲ့ရည်ရွယ်ချက်က ရှင့်လက်နဲ့ကျမကို သတ်စေချင်လို့ပဲ။ အဲဒါမှသာ သူစိတ်ချမ်းသာမယ်မဟုတ်လား။”
စန့်ကွမ်းကျင်းဟုန်-“ကျုပ်လက်နဲ့သေရတော့မယ်ဆိုတော့ မင်းလည်းစိတ်မချမ်းသာဘူးလား။”
လင်ရှန်းအာ-“ရှင်ကျမကို ဘယ်လိုသတ်မှာလဲဆိုတာပေါ်မှာ မူတည်ပါတယ်။ အမြန်သေတဲ့နည်းမဟုတ်မှာတော့ သေချာတယ်။ ဘာကြောင့်လဲဆိုတော့ ဖြည်းဖြည်းလေးနဲ့ သေသွားတာကမှ သတ်တဲ့သူကို ကျေနပ်မှုအပြည့်အဝ ပေးနိုင်မယ်မဟုတ်လား။”
လင်ရှန်းအာက ရုတ်တရက် ရယ်မောနေလိုက်၏။ “ကျမတို့ ဒီအခွင့်အရေးကို တစ်ကြိမ်တည်းပဲရနိုင်မယ်။ ကျမ ဘယ်လောက်ပဲ နာကျင်မှုကို ခံစားရပါစေ... အားလုံးအတွက်တန်ပါတယ်။”
စန့်ကွမ်းကျင်းဟုန်က အေးစက်စွာပြောဆိုလိုက်၏။ “မင်းသာဖြည်းညင်းစွာ သေသွားခဲ့မယ်ဆိုရင် နောက်ထပ်စကားတွေ အများကြီး မင်းပြောနိုင်ဦးမှာပဲ။ စကားပြောဆိုခြင်းဟာ ခပ်မြန်မြန်သေသွားစေနိုင်သလို နာကျင်မှုတွေကိုလည်း လျော့နည်းသွားစေတယ်မဟုတ်လား။”
လင်ရှန်းအာ-“ရှင်ကျမကို မြန်မြန်သေစေတဲ့နည်းနဲ့ သတ်မှာမဟုတ်ပါဘူး။ နာကျင်မှုကို တမြည့်မြည့်ခံစားပြီး သေဆုံးသွားရသူတစ်ယောက်ကို ရှင်အရသာခံကြည့်တတ်တယ်မဟုတ်လား။ ကျမရှင့်ကို ကောင်းကောင်းမွန်မွန် ဆက်ဆံခဲ့ပါတယ်။ ဟုတ်တယ်ဟုတ်... ကျမ ခက်ခဲပင်ပန်းစွာရှာဖွေထားခဲ့တဲ့ စည်းစိမ်ဥစ္စာတွေအားလုံး ရှင့်ကို ယုံကြည်စွာအပ်နှံခဲ့ပါတယ်။ ရှင့်လူတွေနဲ့ ကျမကို သတ်ခိုင်းခဲ့တုန်းက ကျမကို ရှင့်မြင်ကွင်းထဲကနေ ပျောက်ကွယ်သွားစေချင်လို့ပဲမဟုတ်လား။”
စန့်ကွမ်းကျင်းဟုန်-“မင်းပြောတာမှန်တယ်။ မင်းဟာ အခုချိန်မှာတစ်ပြားမှတောင်မတန်တော့ဘူး။ ဒါကြောင့်မို့လို့ မင်းကို ကျုပ်လက်နဲ့သတ်ဖို့တောင် မထိုက်တန်တော့ဘူး။”
ပြီးနောက်သူ လင်ရှန်းအာကို လီဆွန်းဟွာဘက်သို့ ပြင်းထန်စွာကန်ထုတ်လိုက်၏။
ဤတစ်ကြိမ်တော့ လင်ရှန်းအာတစ်ယောက် စကားမပြောဆိုနိုင်တော့ပါ။ သူမ၏ပေရေညစ်ပတ်နေသော အဝတ်စိုများက အရေပြားတွင်းသို့ နစ်ဝင်သွားကြတော့၏။
သူမ၏လှပလွန်းသော ပုံရိပ်လေးသည် ဖော်ပြရန်ခက်ခဲလွန်းလောက်အောင်ကို စုတ်ပြတ်သတ်သွားရတော့သည်။
အဆုံးသတ်ခြုံငုံပြောရလျှင် သူမသည် အလှပဆုံးသော မိန်းမတစ်ယောက်ဖြစ်၏။ သူမသည် လွန်စွာမှစွဲဆောင်မှုကောင်းရုံမကသေး အလွန်လည်းဉာဏ်ထက်မြက်လှ၏။
သူမ၏ဘဝကို ကောင်းစွာတည်ဆောက်နေထိုင်နိုင်ခဲ့ပါသည်။
ယခုတော့ သူမအတွက် ကောင်းမွန်စွာပင် မသေဆုံးနိုင်တော့ပါ။
သူမသည် တိမ်လွှာများကြားတွင် ရှိနေသင့်သော နတ်သမီးတစ်ပါးဖြစ်ခဲ့၏။ ယခုတော့ ရွံ့ဗွက်အိုင်ထဲတွင် လူးလွန့်နေရသော ခွေးဝဲစားတစ်ကောင်လို ဖြစ်နေရလေသည်။
မည်သည့်အတွက်ကြောင့် ဤသို့ဖြစ်သွားခဲ့ရသနည်း။
သူမထံတွင် ရှိနေခဲ့သည့်အရာများကို တန်ဖိုးမထားတတ်ခဲ့ခြင်းကြောင့်လော...
မိုးကပို၍သည်းထန်စွာ ရွာသွန်းလာတော့သည်။
ရွံ့ဗွက်ထဲမှ လူးလဲထလာခဲ့သော လင်ရှန်းအာကိုကြည့်ပြီး လီဆွန်းဟွာ ဝမ်းနည်းမှုနှင့် ကရုဏာသက်မှုများကို တပြိုင်နက်တည်း ခံစားလိုက်ရသည်။
လင်ရှန်းအာအတွက်မဟုတ်ပါ။ အားဖေအတွက်ဖြစ်၏။
ထိုအရာများသည် လင်ရှန်းအာကိုယ်တိုင် ယူဆောင်လာခဲ့သော ဝဋ်လည်မှုများဖြစ်၏။ သို့သော် အားဖေအတွက်ကော...
အားဖေသည် မည်သည့်အမှားအယွင်းမျှ ပြုလုပ်ခဲ့သူမဟုတ်ပါ။
မချစ်သင့်သူတစ်ယောက်ကို ချစ်ခဲ့မိခြင်းသာရှိ၏။ သို့သော် သူ၏ချစ်ခြင်းတွင်မူ အမှားအယွင်းမရှိပါ။
စန့်ကွမ်းကျင်းဟုန်က လီဆွန်းဟွာကို ကြည့်ပြီးပြောဆိုလိုက်၏။ “ကျုပ်သူ့ကို မသတ်ခဲ့တာက မင်းမှာသူ့ကိုသတ်ဖို့ ပိုပြီးခိုင်လုံတဲ့အကြောင်းအရာ ရှိနေမယ်လို့ထင်ထားခဲ့လို့ပါ။ သူဟာမင်းအတွက်ပဲ...”
လီဆွန်းဟွာ အတန်ကြာမျှတိတ်ဆိတ်ငြိမ်သက်သွားခဲ့ရ၏။ ပြီးနောက်သက်ပြင်းရှည်ကြီးချပြီး ဖြည်းညင်းစွာ ပြောဆိုလိုက်တော့သည်။ “ဒီတစ်ကြိမ်လည်း ခင်ဗျားကျုပ်ကို ခန့်မှန်းတာလွဲသွားပြန်ပြီ။”
အတန်ကြာတိတ်ဆိတ်နေခဲ့ပြီးမှ စန့်ကွမ်းကျင်းဟုန်က ခေါင်းညိတ်ပြီး ပြောဆိုလိုက်၏။ “မင်းပြောတာမှန်တယ်။ ကျုပ်မင်းကို ခန့်မှန်းတာလွဲသွားခဲ့တယ်။ မင်းသူ့ကို သတ်မှာမဟုတ်ဘူး။”
စန့်ကွမ်းကျင်းဟုန်က ဖြည်းဖြည်းလေးဆက်ပြောနေပြန်သည်။ “လူသတ်တယ်ဆိုတာ လူသတ်ချင်တဲ့စိတ် အပြည့်အဝ ထည့်ထားရတယ်။ မင်းအတွက် ကျုပ်ကိုရင်ဆိုင်ဖို့ အဲဒီစိတ်ကို တတ်နိုင်သမျှ စုဆောင်းထားရမယ်မဟုတ်လား။ ဒီလိုမျိုး မိန်းမတစ်ယောက်အတွက် ဘာဖြစ်လို့ ဖြုန်းတီးပစ်ရမှာလဲ။”
လီဆွန်းဟွာ-“သတ်ဖို့ဆိုရင် သေသင့်သူကိုပဲ သတ်ရမယ်။ သတ်ဖို့ နေရာမှန်လည်း လိုအပ်တယ်။”
စန့်ကွမ်းကျင်းဟုန်-“ဒီနေရာက တစ်ခုခုများ မှားယွင်းနေလို့လား။”
လီဆွန်းဟွာ-“ပထမတုန်းကတော့ မဟုတ်ခဲ့ဘူး။ အခုတော့ ဟုတ်နေတယ်။”
စန့်ကွမ်းကျင်းဟုန်-“ဒီနေရာက ဘာများမှားယွင်းနေလို့လဲ။”
လီဆွန်းဟွာ-“လူသိပ်ထူထပ်နေတယ်။”
စန့်ကွမ်းကျင်းဟုန်က ကျင်းဝူမင်းကိုရည်ရွယ်ပြီး မေးမြန်းလိုက်၏။ “သူဟာ မင်းအတွက် နောက်ကျောမလုံသလို ဖြစ်နေလို့လား။”
လီဆွန်းဟွာ-“မှန်တယ်...”
ထိုအချက်ကို သူမဖုံးကွယ်ထားချင်ပါ။ ကျင်းဝူမင်းသည် သူ့ကိုမတိုက်ခိုက်ခဲ့ဖူးပဲထားဦး... သူ့အတွက် စိုးရိမ်ရသူတစ်ဦး ဖြစ်နေသေး၏။
အဘယ်ကြောင့်ဆိုသော် ကျင်းဝူမင်း၏ဓားသည် အချိန်မရွေးထွက်ပေါ်လာနိုင်သေး၏။ စန့်ကွမ်းကျင်းဟုန်နှင့် ကျင်းဝူမင်းတို့နှစ်ယောက်၏ ပူးပေါင်းတိုက်ခိုက်မှုကို ခုခံနိုင်မည့်သူ ဤလောကကြီးတွင် တစ်ယောက်မျှ မရှိနိုင်ပါ။
စန့်ကွမ်းကျင်းဟုန်က မျက်ခုံးရှုံ့ပြီး ပြောဆိုလိုက်၏။ “မင်းဘာကိုဆိုလိုတာလဲဆိုတာ ကျုပ်သိတယ်။ အခုတော့ သူရောက်လာခဲ့ပြီ။ သူ့ကိုထွက်သွားပါလို့လည်း ဘယ်သူမှမပြောနိုင်ဘူး။ မှန်တယ်မဟုတ်လား။”
သူ၏နောက်ဆုံးစကားသည် ကျင်းဝူမင်းကို ရည်ရွယ်ပြီး မေးမြန်းလိုက်ခြင်းဖြစ်၏။
ကျင်းဝူမင်း-“မှန်တယ်။”
သူသည် ခပ်လှမ်းလှမ်းနေရာတွင် ရပ်နေသော်လည်း ကျင်းဝူမင်းနှင့် စန့်ကွမ်းကျင်းဟုန်တို့နှစ်ယောက်တွင် တစ်ဦးတည်းသော လူတစ်ယောက်လို လူတိုင်းရိပ်မိလိုက်ကြသည်။ ဖြိုခွဲဖျက်ဆီး၍မရနိုင်သော စုစည်းအင်အားစု တစ်ခုဖြစ်၏။
လီဆွန်းဟွာက သက်ပြင်းချလိုက်၏။ ရုတ်တရက် အားဖေကို သူသတိရမိလာ၏။ အားဖေသာ ဤနေရာတွင် ရှိနေခဲ့ပါက...
စန့်ကွမ်းကျင်းဟုန်က လီဆွန်းဟွာ၏စိတ်တွင်းမှ အတွေးများကို ကောင်းမွန်စွာခန့်မှန်းမိနေပါသည်။ “အားဖေသာ ရှိနေခဲ့ရင် မင်းအတွက်မျှော်လင့်ချက် ရှိနိုင်သေးတယ်။ အခုတော့... သူဟာ တော်တော့်ကိုစိတ်ပျက်ဖို့ ကောင်းတာပဲ။”
လီဆွန်းဟွာ-“အားဖေပေါ်မှာ ကျုပ်ဘယ်တုန်းကမှ စိတ်မပျက်ခဲ့ဖူးဘူး။ ဘယ်လိုပဲလဲကျခဲ့လဲကျခဲ့... တစ်ချိန်မှာ သူပြန်ထလာမယ်လို့ ယုံကြည်ထားတယ်။”
စန့်ကွမ်းကျင်းဟုန်-“သူ့ကို အဲဒီလိုမျိုးလူတစ်ယောက်လို့ မင်းထင်နေလား။”
လီဆွန်းဟွာက ယုံကြည်မှုအပြည့်ဖြင့် ပြန်ဖြေလိုက်၏။ “သိပ်ဟုတ်တာပေါ့။”
စန့်ကွမ်းကျင်းဟုန်-“ဟုတ်ပါပြီ... မင်းပြောတာမှန်တယ်ပဲ ထားလိုက်ပါတော့။ အားဖေပြန်ရှင်သန်လာတဲ့အချိန်မှာ မင်းကတော့ မြေကြီးပေါ်မှာ လဲကျနေလောက်ပြီ။ ဒီတစ်ကြိမ်လဲကျသွားရင် မင်းဘယ်တော့မှ ပြန်မထစေရဘူးဆိုတာ ကျုပ်ကတိပေးတယ်။”
လီဆွန်းဟွာ-“အခု...”
စန့်ကွမ်းကျင်းဟုန်-“အခုချိန်မှာ မင်းဘက်ကအနိုင်ရဖို့ အခွင့်အရေးမှုန်မှုန်လေးတောင်မရှိဘူး။”
လီဆွန်းဟွာက ရုတ်တရက် ရယ်မောပြောဆိုလိုက်၏။ “ဒါဆိုရင်တော့ ကျုပ်ကို နေရာရွေးဖို့ ဦးစားပေးသင့်တာပေါ့။ ကျုပ်က သေရတော့မယ့်သူဆိုတော့ ကိုယ်သေမယ့်နေရာလေးလောက်တော့ ရွေးချယ်ခွင့်ပေးသင့်ပါတယ်။”
စန့်ကွမ်းကျင်းဟုန်-“မင်းပြောတာမှားနေတယ်။ လူသတ်နိုင်တဲ့သူဆီမှာပဲ ရွေးချယ်ခွင့်ရှိတယ်။ အသတ်ခံရမယ့်သူဆီမှာတော့ ဘာရွေးချယ်ခွင့်မှ မရှိဘူး။ ဒါပေမဲ့...”
သူသည် လီဆွန်းဟွာကို စိုက်ကြည့်နေပြီး ပြောဆိုလိုက်၏။ “မင်းကိုတော့ ခြွင်းချက်ထားပေးလိုက်မယ်။ မင်းဟာ မိတ်ဆွေကောင်းတစ်ယောက်ဖြစ်နေရုံမကသေးဘူး... ပြိုင်ဘက်ကောင်းတစ်ယောက်လည်း ဖြစ်နေလို့ပဲ။”
လီဆွန်းဟွာ-“ကျေးဇူးတင်ပါတယ်။”
စန့်ကွမ်းကျင်းဟုန်-“ဒါဆိုရင် မင်းဘယ်မှာသေချင်လဲ။”
လီဆွန်းဟွာ-“လူတစ်ယောက်ဟာ လောကကြီးမှာ ဒုက္ခပေါင်းစုံခံစားနေရပြီးတဲ့နောက်တော့ သေတဲ့အချိန်မှာ သက်တောင့်သက်သာ သေချင်မှာပဲ။”
စန့်ကွမ်းကျင်းဟုန်-“သက်တောင့်သက်သာသေတယ်ဆိုတာ ဘယ်လိုမှမရှိနိုင်ဘူး။”
လီဆွန်းဟွာ-“မိုးမရွာတဲ့နေရာလေးတစ်နေရာဆိုရင် ကျုပ်အတွက်လုံလောက်ပါပြီ။ ပြီးတော့ သန့်ရှင်းတဲ့အဝတ်အစားသစ်တွေကိုလည်း ကျုပ်လဲချင်သေးတယ်။ ဒီလိုညစ်ပတ်ပေရေနေတဲ့နေရာကြီးမှာ စိုစွတ်စုတ်ပြတ်ပြီးတော့ မသေချင်ဘူး။”
သူပြုံးပြီး ဆက်ပြောနေလိုက်သည်။ “ရိုးရိုးသားသားဝန်ခံရရင် ကျုပ်ရေချိုးနေတဲ့အချိန်မှာတောင် ခန္ဓာကိုယ်ကို ခြောက်သွေ့နေတာပဲ ဖြစ်ချင်တယ်။”
စန့်ကွမ်းကျင်းဟုန်-“မင်းဟာ သေရမှာကို ကြောက်ရွံ့တတ်သူတစ်ယောက်မဟုတ်ဘူးလို့ ကျုပ်ကြားဖူးထားတယ်။ ဒါပေမဲ့ ကျုပ်မယုံကြည်ခဲ့ဘူး။ ဘာကြောင့်လဲဆိုတော့ ဒီလောကကြီးထဲမှာ သေရမှာကို မကြောက်တဲ့လူမရှိနိုင်ဘူးလို့ ကျုပ်ယုံကြည်ထားလို့ပဲ။... ဒါပေမဲ့ အခုတော့ ကျုပ်ရဲ့အမြင်တွေကို ပြောင်းရတော့မယ်။”
လီဆွန်းဟွာ-“အိုး...”
စန့်ကွမ်းကျင်းဟုန်-“သေရတော့မယ့်လူတစ်ယောက်ဟာ သေခါနီးအချိန်မှာတောင် ဒီစကားတွေ ပြောဆိုနိုင်သေးရင် အဲဒီလူဟာ အသက်ရှင်သန်ခြင်းနဲ့ သေခြင်းတရားကို တန်ဖိုးထားတတ်သူတစ်ယောက်လို့ မှတ်ယူနိုင်တယ်။ ဒါကြောင့်မို့လို့ ဒီအချက်ဟာ ထူးဆန်းလွန်းနေပါလားလို့ ကျုပ်ကိုယ်ကျုပ် တွေးနေမိတယ်။”
လီဆွန်းဟွာ-“ထူးဆန်းနေတယ်လား။”
စန့်ကွမ်းကျင်းဟုန်-“ကျုပ်တို့အကြောက်ဆုံးအရာဟာ သေခြင်းတရားပဲမဟုတ်လား။ မင်းသာ သေရမှာမကြောက်ဘူးဆိုရင် ဘာဖြစ်လို့ ခြောက်ခြောက်သွေ့သွေ့သေချင်ရတာတို့ စိုစိုစွတ်စွတ် သေရမှာကို မသေချင်ဘူးတို့ ပြောနေရသေးလဲ။”
သူသည် လီဆွန်းဟွာကို စိုက်ကြည့်နေပြီးမှ ပြောဆိုလိုက်တော့သည်။ “ဒါကြောင့်မို့လို့ မင်းဆီမှာ ဉာဏ်နီဉာဏ်နက် တစ်ခုခုတော့ ရှိနေရမယ်။ ဟုတ်တယ်မဟုတ်လား။”
လီဆွန်းဟွာ-“ဘာတွေများ ဖြစ်နိုင်လို့လဲ။”
စန့်ကွမ်းကျင်းဟုန်-“တချို့တွေကတော့ အချိန်ဆွဲနေတတ်ကြတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့သေရမှာကို သေချာပေါက်သိနေသူတွေဟာ တတ်နိုင်သလောက်အချိန်ဆွဲတတ်ကြတယ်။ မျှော်လင့်ချက်ရောင်ခြည်လေး တစ်မျှင်လောက်များ ထွက်ပေါ်လာလေမလားဆိုပြီး စောင့်ဆိုင်းနေတတ်ကြတယ်။ ဒါမှမဟုတ် မသေခင်အချိန်လေးမှာ ခဏလေးဖြစ်ဖြစ် အသက်ရှင်သန်နေထိုင်သွားချင်တတ်ကြတယ်။”
လီဆွန်းဟွာ-“ဒါက ကျုပ်ရဲ့အကြောင်းပြချက်လို့ ခင်ဗျားထင်နေတယ်ပေါ့။”
စန့်ကွမ်းကျင်းဟုန်-“ဘယ်ကလာဟုတ်ရမှာလဲ။ ကျုပ်မင်းကို ဘယ်တုန်းကမှ လျှော့မတွက်ခဲ့ဘူး။ မင်းအတွက် ဘာအခွင့်အရေးမှမရှိနိုင်တော့ဘူးဆိုတာ မင်းသိထားတယ်။ ဒီလောကကြီးမှာ မင်းကိုကယ်တင်နိုင်မယ့်သူ ဘယ်သူမှလည်း မရှိနိုင်တော့ဘူး။ နောက်ပြီးတော့ မင်းဟာ သေရမှာကိုကြောက်တတ်သူတစ်ယောက် မဟုတ်ဘူးဆိုတာကိုလည်း ကျုပ်သိထားသေးတယ်။”
လီဆွန်းဟွာ-“ဒါဆိုရင်လည်း ကျုပ်ဘာလုပ်နေတယ်လို့များ ခင်ဗျားထင်နေတာလဲ။”
စန့်ကွမ်းကျင်းဟုန်-“မင်းဟာ သူတို့နှစ်ယောက်ကို လွတ်လမ်းရှာနေတယ်လို့ ကျုပ်မြင်တယ်။ ဘာကြောင့်လဲဆိုတော့ မင်းကိုမသတ်ခင် ဘယ်သူ့ကိုမှ ကျုပ်သတ်မှာမဟုတ်ဘူးဆိုတာ မင်းသိထားတယ်။ လူတစ်ယောက်ဟာ စားကောင်းသောက်ဖွယ် ပွဲတော်ကြီးစောင့်နေတာသိမယ်ဆိုရင် နံပြားတစ်ချပ်လောက်ကိုတော့ စာမဖွဲ့နေတော့ဘူး။”
လီဆွန်းဟွာက ပြုံးပြီးပြောဆိုလိုက်၏။ “တော်တော်ဆိုးတဲ့ ဥပမာပဲ။”
စန့်ကွမ်းကျင်းဟုန်-“ဟုတ်ချင်လည်းဟုတ်လိမ့်မယ်။ ဒါပေမဲ့ သိပ်တော့မထူးခြားပါဘူး။”
လီဆွန်းဟွာ၏အပြုံးက အားတင်းထားပြီး လုပ်ယူထားသော အပြုံးတစ်ခုဖြစ်နေ၏။ “ဒါပေမဲ့ သူတို့နှစ်ယောက်ရဲ့ သေရေးရှင်ရေးကို ခင်ဗျားတကယ်ပဲ ဂရုစိုက်မှာမို့လို့လား။”
စန့်ကွမ်းကျင်းဟုန်-“ကျုပ်ဂရုစိုက်စရာမလိုပါဘူး။”
ထိုအရာသည် စန့်ကွမ်းကျင်းဟုန်အတွက် တကယ်ပင်အရေးမစိုက်သော အကြောင်းအရာဖြစ်၏။
သူတို့နှစ်ယောက်(လင်ရှန်းအာနှင့် စွန်းရှောင်းဟုန်) ရှင်သန်နေလည်း သူ့အတွက်အနှောင့်အယှက်မဖြစ်လာနိုင်ပါ။
သူသာ သူတို့ကိုသတ်ချင်လျှင် အချိန်မရွေးသတ်နိုင်လေသည်။
လီဆွန်းဟွာသည် စွန်းရှောင်းဟုန်ကို လုံးဝလှည့်မကြည့်ရဲပါ။
ဘာပဲဖြစ်ဖြစ် သူမသည် ယခုအချိန်ထိ ရှင်သန်နေသေးသည်မဟုတ်ပါလား။ သူမသည် အသက်ရှူလျက်ပင် ရှိနေသေး၏။
သူ့အတွက် ထိုအရာသည် လုံလောက်နေပါပြီ။
သူမအတွက် သူဘာများလုပ်ပေးနိုင်ပါဦးမည်နည်း။
စန့်ကွမ်းကျင်းဟုန်-“ကျုပ်ပြောခဲ့ပြီးပြီပဲ... မင်းအတွက်တော့ ခြွင်းချက်အနေနဲ့ လိုက်လျောပါ့မယ်လို့။ ဘာကြောင့်လဲဆိုတော့ မင်းဟာ တခြားလူတွေနဲ့မတူဘဲ ထူးခြားနေတဲ့လူတစ်ယောက်ဖြစ်နေလို့။”
စန့်ကွမ်းကျင်းဟုန်က ခဏနားပြီးမှ ဆက်ပြောလိုက်သည်။ “မင်းရဲ့ဘဝတစ်လျှောက်လုံးမှာ သန့်သန့်ရှင်းရှင်း နေထိုင်လာခဲ့တော့ ကျုပ်အနေနဲ့အနည်းဆုံးလုပ်ပေးနိုင်တာကတော့ မင်းကို ရွံ့ဗွက်ထဲမှာ ခွေးဝဲစားတစ်ကောင်လို မသေစေရဘူး။”
သေခြင်းတရား... သူမည်သို့သေဆုံးရမည်နည်း။... မည်သည့်နေရာတွင် သေဆုံးရမည်နည်း။...
မည်သည့်အရာမျှ အရေးမကြီးတော့ပါ။
တကယ်တမ်းအရေးပါသည့်အရာမှာ ငြိမ်းငြိမ်းချမ်းချမ်း သေဆုံးသွားဖို့ပင်...
သို့သော် စွန်းရှောင်းဟုန်အတွက်ကတော့ရော...
လီဆွန်းဟွာသည် တစ်ချိန်လုံး စွန်းရှောင်းဟုန်ဘက်သို့ လှည့်မကြည့်ခဲ့ပါ။ သူလှည့်မကြည့်ရဲပါ။
အဘယ်ကြောင့်ဆိုသော် သူ၏အာရုံစုစည်းထားမှုများကို မပြိုကွဲချင်သောကြောင့် ဖြစ်လေသည်။
သို့သော် ယခုသူသွားရတော့မည်။ စွန်းရှောင်းဟုန်အတွက် လီဆွန်းဟွာကို ဤတစ်ကြိမ်သည် နောက်ဆုံးအကြိမ် တွေ့ဆုံခြင်းဖြစ်နိုင်သည်ဆိုခြင်းကို သိရပေမည်။ သူသည် တိုင်းတစ်ပါးသို့ အလည်သွားရောက်ရမည်မဟုတ်ပါ။ သူသည် ဤလောကကြီးမှ ထွက်ခွာသွားရတော့မည့် လူတစ်ယောက်ဖြစ်နေ၏။
စွန်းရှောင်းဟုန် ဤတစ်ကြိမ်တွင် သူ့နောက်သို့ မည်သို့လိုက်ပါလာနိုင်ပါတော့မည်နည်း။
လီဆွန်းဟွာထိတ်လန့်နေသည့်အချက်မှာ စွန်းရှောင်းဟုန် သူ့နောက်လိုက်လာမည်ဆိုခြင်းကိုပင်။ သူသေသွားခဲ့လျှင် သူမသည်လည်း လိုက်သေမည်ဖြစ်၏။
သူမသာ ဤသို့လုပ်ခဲ့မည်ဆိုပါက သူသည်သူမကို မေ့သွားအောင် သွေးကြောပိတ်ခဲ့ကောင်း ပိတ်ခဲ့လိမ့်မည်။ ပြီးနောက် တဖြည်းဖြည်းချင်း သူမ နားလည်သဘောပေါက်လာသည်ထိ သူမပါဘဲ ဘဝခရီးကိုဆက်လျှောက်လှမ်းသွားရန် နားချကောင်းနားချလိမ့်မည်ဖြစ်သည်။
ထိုမြင်ကွင်းသည် အလွန်ဝမ်းနည်းကြေကွဲဖွယ်ကောင်းသော မြင်ကွင်းတစ်ခု ဖြစ်ပေလိမ့်မည်။
ထိုအခြေအနေသို့ မရောက်ရှိလာပါစေနှင့်ဟု လီဆွန်းဟွာဆုတောင်းနေမိ၏။ သူမအတွက် ကြီးမားသောဝန်ထုပ်ဝန်ပိုးကြီး တစ်ခုကို ထမ်းရွက်ထားရသည်မဟုတ်ပါလား။ နောက်ထပ် ဝန်ထုပ်ဝန်ပိုးတစ်ခုကို ထပ်ပြီးမထမ်းရွက်စေချင်တော့ပါ။ မဟုတ်လျှင် သူမ၏စိတ်ဓာတ်များ တစ်စစီပြိုကွဲသွားနိုင်သည်။
သူမသည် စိတ်ဓာတ်ခိုင်မာသော အမျိုးသမီးတစ်ယောက်ဖြစ်သော်ငြားလည်း သူမ၏နှလုံးသားကတော့ လွန်စွာမှပင် နူးညံ့လွန်းနေသည်။
စွန်းရှောင်းဟုန်သည် လီဆွန်းဟွာ တွေးထင်ထားသလိုမျိုး မလုပ်ဆောင်ခဲ့ပါ။ သူမသည် သူ့ထံသို့ပင် မလျှောက်လှမ်းလာခဲ့ချေ။ သူ့ကိုလည်း မနှုတ်ဆက်ခဲ့ချေ။
ဘာအတွက်ကြောင့်များပင်နည်း။
လီဆွန်းဟွာ စိတ်မထိန်းနိုင်တော့ဘဲ နောက်သို့လှည့်ကြည့်မိလိုက်တော့သည်။
စွန်းရှောင်းဟုန်သည် မူးမေ့မသွားသလို သူမရပ်နေရာမှ ဘယ်ကိုမှ မရွေ့လျားခဲ့ပါ။
သို့သော် သူမ၏အကြည့်များက လီဆွန်းဟွာထံတွင် စူးစူးစိုက်စိုက် ရောက်ရှိနေ၏။
သူမ၏မျက်နှာထားက အလွန်အမင်းခံစားနေရသူတစ်ယောက်လိုမျိုး ဖြစ်နေသော်လည်း သူမ၏မျက်ဝန်းများထဲတွင်တော့ နွေးထွေးယုံကြည်မှုအပြည့်ရှိနေ၏။ သူမသည် ဘာစကားတစ်ခွန်းမှ မပြောခဲ့သော်လည်း သူမ၏မျက်လုံးများက ပြောနေကြသည်မှာ-“ဒီကိစ္စဟာ ရှင်ဆောင်ရွက်ရမှ ဖြစ်မယ်ဆိုတော့ ကျေးဇူးပြုပြီး အာရုံစူးစိုက်ဆောင်ရွက်ပါ။ ကျမကြောင့်မို့လို့ ရှင်စိတ်အနှောင့်အယှက် မဖြစ်စေရပါဘူး။ ကျမနားလည်ပါတယ်။ ရှင့်ကိုကျမ မတားတော့ပါဘူး။ ရှင့်အပေါ်မှာ ကျမအပြည့်အဝယုံကြည်ပါတယ်ရှင်။”
လီဆွန်းဟွာသည် သူမကိုတစ်ချက်လေးမျှသာ စောင်းငဲ့ကြည့်ခဲ့သော်လည်း သူ့ထံတွင်ရှိနေသော စိုးရိမ်ပူပန်မှု ဝန်ထုပ်ဝန်ပိုးကြီးသည် ချက်ချင်းလျှောကျ ပျောက်ကွယ်သွားရတော့၏။
အဘယ်ကြောင့်ဆိုသော် စွန်းရှောင်းဟုန်သည် လွန်စွာမှ စိတ်ဓာတ်ခိုင်မာပြတ်သားသော မိန်းမတစ်ယောက်ဖြစ်သည်ဟု သူနားလည်လိုက်သောကြောင့်ဖြစ်၏။ သူ့ကို သူမ ဘယ်တော့မှ စိတ်အနှောင့်အယှက်ဖြစ်အောင် ပြုလုပ်မည်မဟုတ်ပါ။ သူ့ကို စကားတစ်ခွန်းမှ မပြောခဲ့သော်လည်း သူမ၏အကြည့်များကြောင့် သူသိလိုက်ရသည်မှာ သူမသည် သူမရှိဘဲလည်း ဘဝကို ဆက်လက်ရုန်းကန်ရှင်သန် နေထိုင်သွားမည်ဆိုခြင်းကိုတည်း။
သူမလိုအပ်နေသည့် တစ်ခုတည်းသောအရာမှာ အားပေးမှုတစ်ခုတည်းသာဖြစ်၏။
လီဆွန်းဟွာသည် စကားလုံးများဖြင့် ဖော်မပြနိုင်လောက်အောင် ကျေနပ်နှစ်သိမ့်သွားမိ၏။ အဘယ်ကြောင့်ဆိုသော် စွန်းရှောင်းဟုန်သည် သူ့အပေါ် အဘယ်မျှနားလည်ပြီး ထောက်ပံ့ပေးနိုင်သော မိန်းမတစ်ယောက်ဖြစ်နေခြင်းကို သိရှိလိုက်ရသောကြောင့်ဖြစ်၏။
သူရုတ်တရက်နားလည်လိုက်သည်မှာ စွန်းရှောင်းဟုန်ကို တွေ့ခဲ့ရခြင်းကြောင့် သူသည် လောကတွင် အလွန်ကံကောင်းသော လူသားတစ်ယောက်ဖြစ်နေခြင်းကိုတည်း။
လီဆွန်းဟွာ ထွက်ခွာစပြုနေလေပြီ။ သူ၏ခြေလှမ်းများက ပို၍ခိုင်ခံ့စွာ၊ သူလာစဉ်တုန်းကထက်ပင် ပို၍မြဲမြံစွာ လျှောက်လှမ်းနေတော့၏။
သူတရွေ့ရွေ့ထွက်ခွာသွားသည်ကို စွန်းရှောင်းဟုန် ငေးကြည့်နေမိ၏။ အတန်ကြာသောအခါမှ သူမသည် လင်ရှန်းအာကို စောင်းငဲ့ကြည့်လိုက်မိ၏။
လင်ရှန်းအာသည် ရွံ့ဗွက်ထဲမှ လူးလွန့်ရုန်းကန်ကာ ထလာနေ၏။
သူမသည် မိမိကိုယ်ကို ဘဝင်အခန့်သားဖြင့် မော်ကြွားစွာ ထရပ်လာခဲ့၏။ သို့သော် သူမသရုပ်ဆောင်နေသည့် အမူအရာများအားလုံးသည် ဟန်ဆောင်မှုများသာဖြစ်နေကြောင်းကို သူမကိုယ်တိုင်သိရှိနေ၏။ အဘယ်ကြောင့်ဆိုသော် သူမ၏လုပ်ဆောင်မှုတိုင်းသည် သနားစရာကောင်းလွန်းနေသောကြောင့်လည်းဖြစ်ပြန်၏။
စွန်းရှောင်းဟုန်သည် လင်ရှန်းအာကို ခံစားမှုကင်းမဲ့နေသော အကြည့်များဖြင့် ကြည့်နေလိုက်သည်။
ခံစားမှုကင်းမဲ့သောအကြည့်များဖြင့် အကြည့်ခံရသူသည် အလွန်ခံစားရခက်ကြောင်းကို ခံစားဖူးသူတိုင်းသိရှိနိုင်ကြ၏။
လင်ရှန်းအာက အေးစက်စွာ ရယ်မောပြောဆိုလိုက်၏။ “နင် ကျုပ်ကိုနှိမ့်ချပြီး ကြည့်နေတယ်ဆိုတာ သိပါတယ်။ ဒါပေမဲ့ နင့်အဖြစ်ဟာ ကျုပ်ထက်တောင်မှ ဆိုးဝါးနေပါသေးတယ်။ ဘာဖြစ်လို့လဲသိလား။”
စွန်းရှောင်းဟုန်-“ကျမ မသိဘူး။”
လင်ရှန်းအာ-“နင့်အဘိုးကို သူသတ်ခဲ့ပြီးပြီ။ အခုလည်း လီဆွန်းဟွာကို သူသတ်တော့မယ်။ ဒါပေမဲ့ နင်လုပ်နိုင်တာကတော့ ဒီနေရာမှာ သစ်သားတုံးတစ်တုံးလို ရပ်နေတာပဲ။”
စွန်းရှောင်းဟုန်-“ဒါဆိုရင် ကျမက ဘာလုပ်နေရမှာတုန်း။”
လင်ရှန်းအာ-“နင့်ကိုယ်နင် ပြန်မေးကြည့်သင့်တယ်။ နင့်ကိုယ်နင် ဘာကိုခံစားနေရမှန်း မသိဘူးလို့တော့ ကျုပ်ကို လာမပြောပါနဲ့။”
စွန်းရှောင်းဟုန်-“ကျမ သိပါတယ်။”
လင်ရှန်းအာ-“ဒါဆိုရင် နင် ကိုယ့်ကိုကိုယ် မကျေမနပ်ဖြစ်နေရမယ်။ ခံစားနေရမယ်။ ပြီးတော့ နာကျည်းမုန်းတီးနေရမယ်။”
စွန်းရှောင်းဟုန်-“ကျမ မခံစားနေရလဘူးလို့ ရှင့်ကိုဘယ်သူကပြောနေလို့လဲ။ လူတစ်ယောက်ဟာ နာကျင်ခံစားနေရမယ်ဆိုရင် စကားလုံးတွေနဲ့ ဖော်ပြစရာမလိုအပ်ဘူး... သူ့ရဲ့အမူအရာတွေက အားလုံးကို ဖော်ပြနေတယ် မဟုတ်လား။”
လင်ရှန်းအာ-“နင်ဘာများ ဖော်ပြခဲ့လို့လဲ။ နင်ဘာများ လုပ်နိုင်ခဲ့လို့လဲ။”
စွန်းရှောင်းဟုန်-“ခုချိန်မှာ ကျမဘာများလုပ်နိုင်ဦးမှာလဲ။”
လင်ရှန်းအာ-“လီဆွန်းဟွာ သူ့သေတွင်းထဲကိုသူ ခုန်ဆင်းသွားတာ နင်တွေ့နေရဲ့သားနဲ့ ဘာဖြစ်လို့ မတားမြစ်ခဲ့တာလဲ။ နင် တားခဲ့သင့်တယ်။”
စွန်းရှောင်းဟုန်က သက်ပြင်းချပြီး ပြောဆိုလိုက်၏။ “သူ့ကိုကျမ တားမြစ်နိုင်ခဲ့မယ်လို့များ ရှင်ထင်နေလား။ သူ့ကိုကျမ အဲဒီလိုတားမြစ်ခဲ့မယ်ဆိုရင် သူ့စိတ်ဓာတ်ပြိုကွဲသွားခဲ့မှာပေါ့။ သူ မြန်မြန်တောင်မှ သေသွားနိုင်သေးတယ်။”
လင်ရှန်းအာ-“ဒါပေမဲ့... နင်... နင်မျက်ရည်တစ်စက်မှတောင် မကျခဲ့ဘူးမဟုတ်လား။”
စွန်းရှောင်းဟုန်က အတန်ကြာမျှ တိတ်ဆိတ်သွားခဲ့ပြီးမှ ပြန်လည်ပြောဆိုလိုက်၏။ “ကျမသိပ်ပြီးငိုချင်နေခဲ့တာပေါ့။ မျက်ရည်လည်ရွဲနဲ့ ငိုချင်နေခဲ့တာပါ။ ဒါပေမဲ့ ခုချိန်မှာတော့ မငိုနိုင်သေးဘူး။”
လင်ရှန်းအာ-“နင်ဘာကိုစောင့်နေတာလဲ။”
စွန်းရှောင်းဟုန်-“မနက်ဖြန်...”
လင်ရှန်းအာ-“မနက်ဖြန်ဆိုတာရောက်လာတာနဲ့ နောက်ထပ်မနက်ဖြန်တွေအများကြီး ရောက်လာဦးမှာပဲ။”
စွန်းရှောင်းဟုန်-“မနက်ဖြန်ဆိုတာရှိနေသေးသရွေ့ မျှော်လင့်ချက်ဆိုတာ ရှိနိုင်သေးတယ်လေ။”
သူမသည် ဖြည်းညင်းစွာ စကားဆက်လိုက်၏။ “ကျမ အမှားကြီးတစ်ခုကျူးလွန်ခဲ့မိပေမယ့် အတိတ်ဆိုတာ အတိတ်မှာကျန်ခဲ့ပြီပဲ။ ကျမဒီလိုမနေလို့ ဘယ်လိုနေရဦးမှာလဲ။ ကျမအသည်းအသန်ငိုကြွေးချင်နေပေမယ့်လည်း မနက်ဖြန်ထိတော့ စောင့်နေဦးမှာပဲ။ ဘာကြောင့်လဲဆိုတော့ ကျမမှာ ဒီနေ့အတွက်လုပ်ဆောင်စရာလေးတွေ ရှိနေသေးတယ်။”
အရူးများသာ မနက်ဖြန်အတွက် ငိုကြွေးနေကြမည်ဖြစ်၏။
သတ္တိရှိရဲရင့်သူများအတွက်တော့ အတိတ်မှအမှားများကို ပစ္စုပ္ပန်တွင်ရင်ဆိုင်နေမည်ဖြစ်ပြီး အတိတ်ကာလမှ အမှားများအတွက် ငိုကြွေးနေကြမည်မဟုတ်ပါ။
မျက်ရည်များသည် အရှက်ရစရာများကို သုတ်သင်ပစ်ရန်မစွမ်းဆောင်နိုင်သလို အတိတ်ကာလမှ အမှားများကိုလည်း မချေဖျက်နိုင်ပါ။ အတိတ်ကာလမှ အမှားများကို သိမြင်လာသူတစ်ယောက်အတွက် အကောင်းဆုံးလုပ်ဆောင်နိုင်သည်မှာ ယနေ့မှစ၍ အတိတ်မှအကြောင်းအရာများအားလုံးကို မေ့ပျောက်ပစ်ပြီး အားလုံးအသစ်ပြန်စနိုင်ခြင်းပင်ဖြစ်၏။
လင်ရှန်းအာတစ်ယောက် တိတ်ဆိတ်ငြိမ်သက်သွားတော့သည်။
စွန်းရှောင်းဟုန်ကို သူမပြောခဲ့သော စကားများသည် စွန်းရှောင်းဟုန်ကို စိတ်ဆိုးဒေါသထွက်လာစေရန် ပြောဆိုခဲ့ခြင်းဖြစ်၏။ အဘယ်ကြောင့်ဆိုသော် စွန်းရှောင်းဟုန်က သူမကို နှိမ့်ချသောအကြည့်များဖြင့် ကြည့်ခဲ့သည်ဟု ထင်နေခဲ့သောကြောင့်လည်းဖြစ်၏။ ထို့ကြောင့် စွန်းရှောင်းဟုန်ကိုယ်တိုင် မိမိကိုယ်ကို သေးသိမ်သွားစေရန် ပြောဆိုခဲ့ခြင်းဖြစ်၏။
သို့သော် သူမ၏ကြိုးစားမှုများ အရာမထင်ခဲ့ပါ။
စွန်းရှောင်းဟုန်သည် သူမထင်ထားသည်ထက်ပင်ပို၍ စိတ်ဓာတ်ကြံ့ခိုင်ပြတ်သားနေသေးသည် မဟုတ်ပါလော...
0 comments:
Post a Comment