လီဆွန်းဟွာ-“သူ့သိုင်းပညာကို ထုတ်ဖော်ပြသဖို့ မလိုအပ်ဘူး... ဟုတ်လား။”
စွန်းရှောင်းဟုန်-“သူဟာ ပြိုင်ဘက်ကင်းတစ်ယောက်ဖြစ်နေလို့ပဲ။”
လီဆွန်းဟွာ-“ဒါဆိုရင် စန့်ကွမ်းကျင်းဟုန်ကျတော့ရော...”
စွန်းရှောင်းဟုန်-“သူ...ကတော့...”
သူမ၏စကားကို ရုတ်တရက်ရပ်တန့်လိုက်၏။ သူမအတွက် တစ်စုံတစ်ခုများ စဉ်းစားမိသွား၍လော...
လီဆွန်းဟွာ-“မင်းရဲ့ဘိုးဘိုးဟာ စန့်ကွမ်းကျင်းဟုန်ရဲ့ လုပ်ရပ်တွေနဲ့ ရည်ရွယ်ချက်တွေကို အမြဲပဲရှုံ့ချခဲ့တယ်နော်။”
စွန်းရှောင်းဟုန်-“ဘိုးဘိုး... ဘိုးဘိုးဟာ စန့်ကွမ်းကျင်းဟုန်ရဲ့ လုပ်ရပ်တွေအတွက် စိတ်မချမ်းသာခဲ့ရဘူး။”
လီဆွန်းဟွာ-“ဒါပေမဲ့ စန့်ကွမ်းကျင်းဟုန်ကို သူရင်မဆိုင်ခဲ့ဘူး။”
စွန်းရှောင်းဟုန်က ခေါင်းငုံ့ထားပြီး တီးတိုးလေးဖြေဆိုလိုက်၏။ “မှန်တယ်... သူစန့်ကွမ်းကျင်းဟုန်ကို ရင်မဆိုင်ခဲ့ဘူး။”
လီဆွန်းဟွာ-“ဒါဆိုရင် သူဘာဖြစ်လို့ ဒီလောက်အကြာကြီး သည်းခံနေခဲ့တာလဲ။ မင်းပြောတော့မှ စန့်ကွမ်းကျင်းဟုန်ကို ရင်ဆိုင်တွေ့ဆုံဖို့ ဘာဖြစ်လို့ လက်ခံခဲ့တာလဲ။”
စွန်းရှောင်းဟုန်၏ နှုတ်ဖျားမှ မည်သည့်စကားသံမျှ မထွက်လာနိုင်တော့ပါ။ သူမ ဆွံ့အသွားရလေသည်။
လီဆွန်းဟွာ-“လူတစ်ယောက်ရဲ့သိုင်းပညာဟာ အမြင့်ဆုံးအဆင့်ကို ရောက်ရှိလာပြီဆိုရင် ကြောက်ရွံ့မှုတစ်ခု ဖြစ်ပေါ်လာတတ်တယ်။ အဲဒီကြောက်ရွံ့မှုက ဘာလဲဆိုတော့ သူများတွေ ကိုယ့်ကိုလိုက်မီလာမှာ စိုးရိမ်တဲ့ ကြောက်ရွံ့မှုပဲ။ အဲဒီလိုမျိုးအချိန်ရောက်လာရင် ထိပ်တိုက်ရင်ဆိုင်မှုတွေကို ရှောင်ရှားလာတော့တယ်။ အမှန်အတိုင်းပြောရရင် ရင်ဆိုင်တွေ့ဆုံရမယ့်အရာမှန်သမျှကို အတတ်နိုင်ဆုံး ရှောင်ရှားလာကြတော့တယ်။”
လီဆွန်းဟွာက ဆက်ပြောနေလိုက်သည်။ “ကိုယ်က ရှောင်ရှားလေ... မကြာခင်အချိန်အတွင်းမှာ မလုပ်ဆောင်နိုင်တော့လေ ဖြစ်သွားတော့တယ်။ တချို့တွေကျတော့ ဧကစာကျင့်ကြံဖို့ တောထွက်သွားတတ်ကြပြီး တချို့တွေကတော့ ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားတတ်ကြတယ်။ ဒါဟာ သမိုင်းတစ်လျှောက်မှာ ဖြစ်ခဲ့တဲ့အမှန်တရားတွေချည်းပဲ။ ဒါပေမဲ့ သိုင်းလောကရဲ့ နောက်ကြောင်းရာဇဝင်တွေကို လုံးဝမေ့ပျောက်သွားနိုင်ခဲ့ပြီး လူသားတစ်ယောက်ရဲ့ စိတ်ခံစားမှုတွေကို ပြီးပြည့်စုံစွာ မေ့ပျောက်ပစ်နိုင်မယ်ဆိုရင်တော့ အဲဒီသိုင်းရာဇာအတွက် လူ့လောကကြီးနဲ့ သက်ရှိလူသားတွေဟာ ဘာမှအရေးမပါတော့သလို ခံစားမိလာလိမ့်မယ်။”
စွန်းရှောင်းဟုန်၏ ခန္ဓာကိုယ်တစ်ခုလုံး တောင့်တင်းအေးစက်လာလေတော့သည်။ သူမ၏မျက်နှာထက်တွင် ချွေးအေးများ စိမ့်ထွက်လာ၏။
အဘယ်ကြောင့်ဆိုသော် သူမ၏ဘိုးဘိုးဖြစ်သူသည် စိတ်ခံစားချက်ကင်းမဲ့သူတစ်ယောက်၏အဆင့်သို့ ရောက်ရှိနေသည့် လူတစ်ဦးမဟုတ်မှန်း သူမ သိထား၍ပင်ဖြစ်၏။
အဘိုးအိုစွန်းသည် လူများစွာအတွက် ဂရုတစိုက်ရှိနေတုန်းပင်... သူ့မိသားစုကို အရေးထားနေတုန်းပင်ဖြစ်၏။
လီဆွန်းဟွာ-“ဒါပေမဲ့ ကျုပ်ပြောခဲ့တာတွေက မှားချင်လည်းမှားနေနိုင်ပါသေးတယ်။”
စွန်းရှောင်းဟုန်သည် သူမ၏ခန္ဓာကိုယ်ကို လီဆွန်းဟွာ၏ ရင်ခွင်တွင်းသို့ ရုတ်တရက်ပြေးဝင်သွားခဲ့ပြီး တင်းကြပ်စွာ ပွေ့ဖက်ထားလိုက်တော့သည်။
သူမ၏ခန္ဓာကိုယ်လေးက ချည်ထည်ယက်လုပ်ခံနေရသော ဝါဂွမ်းပုံလေးတစ်ခုလို လှုပ်ခါနေ၏။
သူမ ကြောက်လန့်နေခြင်းသာ... အလွန်အမင်းထိတ်လန့်တုန်လှုပ်နေခြင်းသာဖြစ်၏။
လီဆွန်းဟွာက သူမ၏ဆံနွယ်စများကို ညင်သာစွာဖြီးသင်ပေးလိုက်သည်။ သနားကြင်နာမှုကြောင့်လော... ကိုယ်ချင်းစာစိတ်ကြေင့်လော... သို့တည်းမဟုတ် ဝမ်းနည်းမှုကြောင့်လော...
စိတ်ခံစားချက်မရှိသူတစ်ယောက်သည် ဤအပြုအမူများကို ဘယ်တော့မှ လုပ်ဆောင်လိမ့်မည်မဟုတ်ချေ။
ထိုသို့သောလူစားမျိုးသည် ဘယ်သောအခါမှ အမှားအယွင်းပြုလုပ်မိမည်လည်းမဟုတ်...
သို့သော် ကံတရားသည် ဘယ်အတွက်ကြောင့်များ စိတ်ထားနူးညံ့ပျော့ပြောင်းပြီး အကြင်နာတရားကြီးမားသူများကိုမှ ရွေး၍ ပြင်မရသည့်အမှားအယွင်းများ ပြုလုပ်စေခဲ့သနည်း။
အစွဲအလမ်းကြီးမားသူတစ်ယောက်သည် စွဲလမ်းမှုကြီးမားခြင်းကြောင့် မှားယွင်းနေပါသလော...
စွန်းရှောင်းဟုန်၏ ခန္ဓာကိုယ်လေးသည် တစ်ချက်မျှ တွန့်လိမ်သွားခဲ့ပြီး မျက်ရည်များ စီးကျနေတော့၏။ “ကျေးဇူးပြု... ကျေးဇူးပြုပြီး ကျမတို့ ခရီးမြန်မြန်ဆက်လိုက်ကြရအောင်နော်။ ကျမတို့သာ အဲဒီနေရာကို ဘယ်နည်းနဲ့ပဲအမြန်ရောက်ပါစေ... ကျမအားလုံးကို ပေးဆပ်ပါ့မယ်။”
မြင်းလှည်း၏ပြတင်းပေါက်မှ မြင်းဟီသံများကြားလိုက်ကြရ၏။ သူတို့သည် မြင်းအုပ်တစ်အုပ်အတွင်းတွင် ရောက်ရှိနေကြခြင်းသာ...
ယခုအချိန်တွင် လီဆွန်းဟွာ လုပ်နိုင်သောတစ်ခုတည်းသောအလုပ်မှာ မြင်းကောင်းမြင်းသန့်နှစ်ကောင်ကို ရွေးချယ်လိုက်ခြင်းပင်ဖြစ်၏။
လီဆွန်းဟွာသည် မိန်းမကျမ်းကျေသူတစ်ယောက်ဟု လူသိများသော်လည်း မြင်းကောင်းမြင်းသန့် ရွေးချယ်သည့်နေရာတွင်လည်း ကျွမ်းကျင်သူတစ်ယောက်ဖြစ်နေပြန်သေး၏။ လူတစ်ယောက်အဖို့ ထိုအရာနှစ်ခုလုံးကို ကျွမ်းကျင်ပိုင်နိုင်ရန် မလွယ်ကူပါ။
အဘယ်ကြောင့်ဆိုသော် မြင်းများနှင့် မိန်းမများသည် နားလည်ရန်ခက်ခဲလွန်းသော သတ္တဝါများ ဖြစ်နေသောကြောင့်ဖြစ်၏။
မြင်းအုပ်ထဲမှ အမြန်ဆုံးမြင်းနှစ်ကောင်ကို လီဆွန်းဟွာ ရွေးချယ်လိုက်၏။
အချောလှဆုံးအမျိုးသမီးတစ်ယောက်သည် ချစ်စရာအကောင်းဆုံး အမျိုးသမီးတစ်ယောက် ဖြစ်ချင်မှဖြစ်မည်။ အမြန်ဆုံးပြေးနိုင်သော မြင်းကောင်းတစ်ကောင်သည်လည်း အသန်စွမ်းဆုံး မြင်းဖြစ်ချင်မှဖြစ်မည်။ အချောမောဆုံး မိန်းမများထံတွင် ရိုးသားမှုကင်းမဲ့နေသကဲ့သို့ အမြန်ဆုံးပြေးနိုင်သောမြင်းများတွင်လည်း သက်လုံကောင်းမှု လျော့နည်းနေတတ်လေသည်။
မြင်းနှစ်ကောင် လဲကျသွား၏။
လူသားနှစ်ဦးသည် အသက်လုပြီး ပြေးလွှားနေကြ၏။
ညနေစောင်းနေက တဖြည်းဖြည်း ဝင်စပြုလာပေပြီ။
လူသားနှစ်ဦးသည် အတတ်နိုင်ဆုံး ခွန်အားကုန်သုံးပြီး ပြေးလွှားနေကြသည်။ ပတ်ဝန်းကျင်ရှိလူများ သူတို့ကို ဘာပဲထင်နေထင်နေ သူတို့ဂရုမစိုက်နိုင်အား... သူတို့၏ခန္ဓာကိုယ်များက မည်မျှမောပန်းနေသည်ကိုလည်း ဂရုမစိုက်နိုင်အားပါ။
သူတို့အတွက် မည်သည့်အရာကမျှ အရေးမကြီးတော့ချေ။
ညသည် တဖြည်းဖြည်း မှောင်စပြုလာပေပြီ။
လမ်းပေါ်တွင် လူတစ်ယောက်မျှ မရှိတော့ပါ။
ကောင်းကင်ပေါ်တွင်လည်း ကြယ်ရောင်လရောင် ပျောက်ကွယ်နေ၏။ လမ်းတစ်လျှောက် မည်သည့်အလင်းရောင်မျှ ထွန်းလင်းမနေပါ။
မှောင်မည်းနေသော သစ်တောအုပ်တစ်ခုသည် လမ်းဘေးတွင်ရှိနေပြီး ထိုသစ်တောအုပ်ထဲမှ မဏ္ဍပ်တစ်ခု၏ခေါင်တိုင်ကို ရေးရေးလေးမြင်နေရ၏။
ထိုနေရာသည် တိုက်ခိုက်ရန် ချိန်းဆိုထားသည့်နေရာပင် မဟုတ်ပါလား။
ညဉ့်မှောင်မှောင်ကြီးထဲတွင် အဝေးတစ်နေရာမှ မီးအလင်းရောင်လေးတစ်ခု ထွက်ပေါ်လာ၏။
ထိုမီးအလင်းရောင်လေးက ပို၍လင်းထိန်လာလေ လူတစ်ယောက်၏ ကောက်ကြောင်းကို ပိုပြီးထင်ရှားစွာ တွေ့လာရလေဖြစ်၏။
စွန်းရှောင်းဟုန်သည် သက်ပြင်းမောကြီးချလိုက်ပြီး သူမ၏ခန္ဓာကိုယ်တစ်ခုလုံး ပုံလဲကျမတတ်ဖြစ်သွားတော့သည်။
သူမ ဤမျှကြာကြာ အမြန်ဆုံးပြေးနိုင်ခဲ့သည်မှာ နတ်ကောင်းနတ်မြတ်များ၏ စောင်မမှုကြောင့်လား... သို့တည်းမဟုတ် ကြောက်ရွံ့ထိတ်လန့်မှုများကြောင့်လားဆိုတာ မသိနိုင်တော့ပါ။
ကြောက်ရွံ့ထိတ်လန့်မှုများက လူတစ်ယောက်၏ ငုတ်လျှိုးနေသော စွမ်းအင်များကို ထွက်ပေါ်လာစေလေသည်။
ယခုလောလောဆယ်တွင် သူမ တွေ့လိုက်ရ၏။ သူမ တွေ့မြင်ချင်နေခဲ့သောအရာကို တွေ့မြင်လိုက်ရ၏။ သူမ၏ အသက်ရှူသံပြင်းပြင်းများက ချက်ချင်းပင် ရပ်တန့်သွားတော့သည်။
နောက်ဆုံးတွင် သူမသည် မြေကြီးပေါ်သို့ ရုပ်ကြိုးပြတ်လဲကျသွားတော့သည်။
လီဆွန်းဟွာသည် စိတ်ချလက်ချ သက်ပြင်းမချရဲသေး။
မီးရောင်များ လင်းလိုက်မှိန်လိုက်ဖြစ်နေသည်ကို သူတွေ့နေရ၏။ မီးအလင်းအမှောင်ဖြစ်နေသည့် စည်းချက်မှာ ထူးဆန်းနေ၏။ တစ်ခါတစ်ရံတွင် အလွန်လင်းလက်နေပြီး တစ်ခါတစ်ခါ မှိန်သွားသည့်အပြောင်းလဲမှာ လျင်မြန်လွန်းလှသည်။
ရုတ်တရက် မီးရောင်လင်းလက်လာသည်မှာ မီးအိမ်တစ်ခု လင်းထိန်စွာ ထွန်းညှိထားသလိုဖြစ်၏။
ထိုနေ့က အခြားမြို့တစ်မြို့၏ မြို့ပြင်ဇရပ်ပျက်ကြီးတွင် ထိုမီးရောင်မျိုးကို လီဆွန်းဟွာမြင်တွေ့ခဲ့ရဖူး၏။
ထိုနေ့က အဘိုးအိုစွန်းသည် ဇရပ်ပျက်ကြီးအတွင်းတွင် သူ၏ဆေးတံကြီးကို ဖွာရှိုက်နေခဲ့၏။
အဘိုးအိုစွန်းမှလွဲ၍ ဤမျှတောက်ပသော မီးရောင်ထွက်ရန် ဖွာရှိုက်နိုင်သူနောက်တစ်ယောက် လီဆွန်းဟွာ မတွေ့ဖူးချေ။
လီဆွန်းဟွာ၏မျက်ဝန်းများထဲမှ ပူနွေးသောမျက်ရည်စများ စိုစွတ်လာခဲ့၏။
စွန်းရှောင်းဟုန်သည် ကြမ်းပြင်ပေါ်၌ လဲကျနေဆဲဖြစ်ပြီး ငိုရှိုက်နေကာ ဖြည်းဖြည်းလေးထရပ်လာခဲ့၏။
ထိုမျက်ရည်များက ဝမ်းသာလွန်း၍ကျသော မျက်ရည်များဖြစ်ပြီး ကျေးဇူးတင်ခြင်းများ ထုံမွှမ်းနေ၏။
ကံတရားသည် သူမလုပ်ကိုင်ခဲ့သည့် အမှားကြီးတစ်ခုကို အကာအကွယ်ပေးထားသလိုမျိုးလည်း ခံစားနေရ၏။
လီဆွန်းဟွာက သူမကိုတွဲထူပေးလိုက်ပြီး နှစ်ယောက်သား မီးလင်းနေသောနေရာသို့ လျှောက်လှမ်းသွားကြတော့သည်။
မဏ္ဍပ်ထဲတွင် မီးခိုးများမိုးမွှန်နေ၏။ လူတစ်ယောက်သည် အလယ်လောက်တွင် ထိုင်နေ၏။
ဆေးတံမီးခိုးငွေ့များက စွန်းရှောင်းဟုန်အတွက် နှာခေါင်းယဉ်နေပြီဖြစ်၏။
သူမ၏ရင်ထဲတွင် နွေးထွေးသွားသလိုခံစားလိုက်ရပြီး လီဆွန်းဟွာကို တွဲထားသောလက်ကိုဖြုတ်လိုက်တော့၏။ ပြီးနောက် မဏ္ဍပ်ထဲသို့အပြေးလေး လှမ်းဝင်သွားတော့သည်။
သူမသည် အဘိုးဖြစ်သူ၏ရင်ခွင်ထဲသို့ ကလေးတစ်ယောက်လို တိုးခွေ့ဝင်ရောက်သွားလိုနေပြီး သူမအဘိုး၏လက်ကို ဆွဲကိုင်ကာ သူမအတွက် အဘိုးဖြစ်သူသည်မည်မျှ အရေးပါကြောင်း ပတ်ချွဲနပ်ချွဲ ပြောပြလိုနေ၏။
သူမသည် မအောင့်အီးနိုင်တော့ဘဲ လှမ်းအော်ပြောလိုက်တော့သည်။ “ဘိုးဘိုး... ကျမတို့ပြန်လာပြီ... ကျမတို့ ပြန်လာခဲ့ပါပြီ။”
ထို့နောက် လူတစ်ယောက်၏ အနိမ့်အမြင့်မရှိသော အသံထွက်ပေါ်လာလေတော့သည်။ “သိပ်ကောင်းတယ်။ ကျုပ်ဒီနေရာမှာ မင်းတို့ကို စောင့်နေခဲ့တာ။”
အသံသည် အေးစက်နေ၏။ လိုဏ်သံပေါက်နေပြီး အဝေးတစ်နေရာမှ လာသလိုလည်းဖြစ်နေ၏။ အသံတွင် အနိမ့်အမြင့် အတက်အကျ လုံးဝမရှိချေ။ အသံတွင် စိတ်ခံစားချက်များလည်း မပါရှိပါ။
စွန်းရှောင်းဟုန် တုန်လှုပ်စွာ ရပ်တန့်သွားရတော့သည်။ ခုနလေးက သူမခံစားခဲ့ရသော နွေးထွေးမှုများသည် ရေခံတမျှ အေးစက်စွာ ပြောင်းလဲခံစားလိုက်ရ၏။ မည်မျှလောက်တောင်အေးခဲသွားသနည်းဆိုသော် သူမ၏နှလုံးသား တစ်ခုလုံးပင် အေးခဲသွားသည်ဟု ခံစားလိုက်ရ၏။
အသံသည် တုတ်တံတစ်ချောင်းဖြင့် မိုးကောင်းကင်ပေါ်မှ ကမ္ဘာမြေကြီးပေါ်ရှိသူမကို အားကုန်ရိုက်ချလိုက်သလိုမျိုး ဖြစ်၏။
ရုတ်တရက်... မီးအိမ် ၄ ခုလင်းလက်လာခဲ့၏။
အဝါရောင်မီးအိမ် ၄ လုံး ဝါးလုံးများထိပ်မှ ထွက်ပေါ်လာ၏။
မီးရောင်ဝါဝါအောက်တွင် လူတစ်ယောက် ထိုင်နေသည်။ သူ့ကိုကြည့်ရသည်မှာ ရွှေချောင်းတစ်ချောင်းလို အေးစက်နေ၏။ ရွှေချောင်းတစ်ချောင်းလို ထီးထီးကြီးရှိနေ၏။ သူ၏နှလုံးသားသည်ပင် ရွှေချောင်းတစ်ချောင်းလို မာကျောအေးစက်နေပုံရသည်။
သူသည် ဆေးတံဖွာရှိုက်နေလေသည်။
သူဖွာရှိုက်နေသော ဆေးတံသည် အဘိုးအိုစွန်းဖွာရှိုက်လေ့ရှိသည့် ဆေးတံလည်းဖြစ်နေပြန်သည်။
သူသည် စန့်ကွမ်းကျင်းဟုန် ဖြစ်နေလေသည်တကား...
မဏ္ဍပ်ထဲတွင် ဆေးတံဖွာရှိုက်နေသူသည် စန့်ကွမ်းကျင်းဟုန် ဖြစ်နေလေသည်။
အသည်းခိုက်မတတ်အေးခဲလှသောလေက ခပ်ပြင်းပြင်းတိုက်ခတ်လာ၏။ အေးစိမ့်သော မိုးသီးမိုးပေါက်များက တဗြောက်ဗြောက် ရွာသွန်းချလာတော့သည်။
မည်သည့်အချိန်ကတည်းက အငြိုးကြီးစွာဖြင့် မိုးရွာသွန်းခဲ့မှန်း မည်သူမျှမသိနိုင်ခဲ့ကြ။
စွန်းရှောင်းဟုန်သည် မိုးရေစက်ထဲတွင် ရပ်တန့်နေ၏။ သူမ၏ခန္ဓာကိုယ်တစ်ခုလုံး ကျောက်ရုပ်တစ်ရုပ်လို မတုန်မလှုပ် ရပ်တန့်ငြိမ်သက်နေ၏။
သူမသည် အားရပါးရဖြဲအော်လိုက်ချင်သော်လည်း အော်ဟစ်ရန် အားအင်တစ်စက်မျှ မကျန်ရှိတော့ပါ။ သူမသည် မဏ္ဍပ်ထဲသို့ ပြေးဝင်သွားလိုက်ချင်သော်လည်း သူမ၏ခန္ဓာကိုယ်က မလှုပ်ရှားတော့ပါ။
သူမ၏ရင်ဘတ်တစ်ခုလုံး လှုပ်ခါနေပြီး အော့အန်ချင်စိတ်များ ဖြစ်ပေါ်နေရ၏။
သို့သော် သူမထံတွင် မျက်ရည်တစ်စက်မျှ မကျဆင်းခဲ့ပါ။
လီဆွန်းဟွာသည် ပထမတုန်းကတော့ စွန်းရှောင်းဟုန်နောက်နားမှ ဖြည်းညင်းစွာ လျှောက်ပါလာခဲ့ပြီး စွန်းရှောင်းဟုန် ရပ်တန့်လိုက်သောအခါတွင်လည်း သူ မရပ်တန့်ခဲ့ပါ။ မဏ္ဍပ်ရှိရာသို့ မှန်ကန်တည်ငြိမ်သော ခြေလှမ်းများဖြင့် လျှောက်လှမ်းသွားနေ၏။
သို့သော် သူ့အသက်ရှူသံများက ရပ်တန့်သွားသလိုမျိုး ခံစားနေရ၏။
သူသည် မဏ္ဍပ်ထဲသို့ ဖြည်းညင်းစွာလျှောက်သွားလိုက်ပြီး စန့်ကွမ်းကျင်းဟုန်နှင့် မျက်နှာချင်းဆိုင် ရပ်တန့်လိုက်၏။
စန့်ကွမ်းကျင်းဟုန်သည် လီဆွန်းဟွာကို လှည့်မကြည့်ခဲ့ပါ။ သူ၏အကြည့်များက ဖွာရှိုက်နေသော ဆေးတံပေါ်တွင်သာ အာရုံစိုက်ထား၏။
“မင်းလာတာ နောက်ကျတယ်။”
အတန်ကြာသောအခါမှ လီဆွန်းဟွာထံမှ ပြန်လည်ဖြေကြားသံ ထွက်ပေါ်လာ၏။ “မှန်တယ်။ ကျုပ်နောက်ကျသွားတယ်။”
လီဆွန်းဟွာ၏ နှုတ်ခမ်းတစ်ခုလုံး သွေ့ခြောက်နေသလိုမျိုး ခံစားနေရ၏။ သူ့လျှာသည် သံမဏိကိုယ်ထည်တစ်ခုနှင့် ပွတ်တိုက်ပြီးမှ စကားသံထွက်ပေါ်လာသလိုမျိုးလည်း ခံစားနေရ၏။ စကားလုံးများဖြင့် ဖော်ပြရန်ခက်ခဲသော ခံစားမှုတစ်ရပ်ဖြစ်၏။
ကြောက်ရွံ့ထိတ်လန့်သောကြောင့် ထွက်ပေါ်လာသော ခံစားမှုလေလား။
စန့်ကွမ်းကျင်းဟုန်-“နောက်ကျတာက မလာတာထက်တော့ ပိုကောင်းပါသေးတယ်။”
လီဆွန်းဟွာ-“ကျုပ်တစ်ချိန်မဟုတ်တစ်ချိန် ရောက်လာခဲ့မယ်ဆိုတာ ခင်ဗျားသိပါတယ်။”
စန့်ကွမ်းကျင်းဟုန်-“ရောက်လာသင့်တဲ့သူက နောက်ကျပြီးမှ ရောက်လာတယ်။ မရောက်လာသင့်တဲ့လူကတော့ စောစောစီးစီး ရောက်လာခဲ့တယ်။”
ထိုစကားကိုပြောကြားလိုက်ပြီးနောက် သူတို့နှစ်ယောက်လုံး တိတ်ဆိတ်ငြိမ်သက်သွားတော့သည်။ သူတို့သည် မျက်နှာချင်းဆိုင် ရပ်တန့်နေကြပြီး ခန္ဓာကိုယ်များမှ ကြွက်သားတစ်ခုမျှ မလှုပ်ရှားလောက်အောင်ကို ငြိမ်သက်နေကြ၏။
သူတို့နှစ်ယောက်စလုံးသည် အကောင်းဆုံးသော အခွင့်အရေးပေါ်ထွက်လာချိန်ကို စောင့်စားနေကြခြင်းဖြစ်၏။
သူတို့သာ လှုပ်ရှားခဲ့ပါက နောက်ပြန်ဆုတ်ရန် မည်သို့မျှ မဖြစ်နိုင်တော့ချေ။
+++++
မိုးသက်မုန်တိုင်းအောက် မှောင်မည်းနေသော သစ်တောအုပ်ထဲတွင် အခြားလူနှစ်ယောက်လည်း ရောက်ရှိနေကြ၏။ မျက်လုံးအပိုနှစ်စုံ ရောက်ရှိနေကြ၏။
ထိုမျက်လုံးနှစ်စုံသည် လီဆွန်းဟွာနှင့် စန့်ကွမ်းကျင်းဟုန်တို့နှစ်ယောက်ကို အာရုံစူးစိုက်နေကြ၏။
မျက်လုံးတစ်စုံသည် နူးညံ့သိမ်မွေ့နေပြီး ရေပြင်ကဲ့သို့ငြိမ်သက်နေ၏။ ညအမှောင်ထဲတွင် တောက်ပနေသည်မှာ ကောင်းကင်မှ ကြယ်များလင်းလက်နေသလိုမျိုးဖြစ်၏။ လူ့လောကကြီးတစ်ခုလုံးကို မွှေနှောက်ရှာဖွေဦး... ထိုသို့သော လှပသည့် မျက်ဝန်းတစ်စုံကို တွေ့ရှိရန် အလွန်ခက်ခဲပေလိမ့်မည်။
နောက်မျက်ဝန်းတစ်စုံကတော့ မျက်လုံးသေများဖြစ်၏။ ညဉ့်အမှောင်ထုထဲ၌ပင် အသက်မဲ့နေ၏။ ငရဲပြည်တစ်ခုလုံးကို မွှေနှောက်ရှာဖွေဦး... ထိုသို့ကြောက်မက်ဖွယ် မျက်ဝန်းတစ်စုံကို တွေ့နိုင်မည်မထင်ပါ။
သစ်တောထဲတွင် တစ္ဆေသရဲများ မကောင်းဆိုးဝါးများ ခိုအောင်းနေသည်ဆိုဦး... ယခုလောက်ဆို ထွက်ပြေးသွားလောက် ကြပေပြီ။
ထိုမျက်ဝန်းတစ်စုံသည် တစ္ဆေသရဲများနှင့် မကောင်းဆိုးဝါးများကို ကြောက်ဒူးတုန်စေလောက်၏။
လင်ရှန်းအာနှင့် ကျင်းဝူမင်းတို့သည် ထိုနေရာသို့ စောစီးစွာရောက်နှင့်နေကြပြီးဖြစ်၏။ မည်သူမျှမမြင်အောင် သူတို့ ပုန်းကွယ်နေကြခြင်းသာဖြစ်သည်။ လင်ရှန်းအာသည် ကျင်းဝူမင်းဘေးတွင်ရှိနေပြီး သူ့လက်မောင်းသားများကို ဖြစ်ညှစ်ဆုပ်ကိုင်ထား၏။
ကျင်းဝူမင်းထံမှ မည်သည့်အသံမျှ မထွက်ပေါ်လာသလို သူ၏ကြွက်သားများသည်လည်း မလှုပ်မရှားရှိနေကြ၏။
လင်ရှန်းအာ-“ရှင် သူ့ကိုသတ်ချင်ရင် ဒီအချိန်လောက် ကောင်းတဲ့အခွင့်အရေးမျိုး နောက်တစ်ကြိမ်မရနိုင်တော့ဘူး။”
ကျင်းဝူမင်း-“တခြားလူတစ်ယောက်က သူ့ကိုသတ်လိမ့်မယ်။ ကျုပ်ဘာမှ လှုပ်ရှားစရာမလိုအပ်ဘူး။”
လင်ရှန်းအာ-“ကျမပြောနေတာ လီဆွန်းဟွာကိုသတ်ဖို့မဟုတ်ဘူး။”
ကျင်းဝူမင်း-“ဒါဖြင့် ဘယ်သူ့ကိုပြောနေတာလဲ။”
လင်ရှန်းအာ-“စန့်ကွမ်းကျင်းဟုန်... စန့်ကွမ်းကျင်းဟုန်ကို သတ်လိုက်။”
သူမသည် ထိုစကားကို စိတ်လှုပ်ရှားမှုအပြည့်ဖြင့် ပြောလိုက်သလို သူမ၏လက်သည်းများက ကျင်းဝူမင်း၏ အသားထဲသို့ စိုက်ဝင်သွားကြရ၏။
ကျင်းဝူမင်းသည် ငြိမ်သက်စွာရှိနေဆဲဖြစ်သလို နာကျင်မှုကို ခံစားရပုံလည်းမရှိ။
သို့သော် သူ၏မျက်လုံးများထဲ၌ မီးတောက်နေ၏။ ငရဲပြည်မှမီးများ တောက်လောက်ကျွမ်းနေ၏။
လင်ရှန်းအာ-“သူဟာအခုအချိန်မှာ လီဆွန်းဟွာတစ်ယောက်တည်းကိုပဲ အာရုံစိုက်နေတယ်။ တခြားသူတစ်ယောက်နဲ့ ရင်ဆိုင်တိုက်ခိုက်နိုင်ဖို့ သူ့မှာအာရုံခွဲထားနိုင်မှာမဟုတ်ဘူး။ ပြီးတော့ ရှင့်ညာဘက်လက်ရဲ့ လျှို့ဝှက်ချက်ကိုလည်း သူမသိသေးဘူး။ ရှင်သူ့ကို အလွယ်တကူသတ်နိုင်မှာပါ။”
ကျင်းဝူမင်းက တိတ်ဆိတ်ငြိမ်သက်နေဆဲ...
လင်ရှန်းအာ-“ရှင်ဟာ ရွှေဒင်္ဂါးဂိုဏ်းဖွဲ့စည်းပုံနဲ့ အတွင်းရေးတွေကို အသိဆုံးလူတစ်ယောက်ပါ။ စန့်ကွမ်းကျင်းဟုန်သာ သေသွားခဲ့မယ်ဆိုရင် ရှင်ဟာ နောက်ခေါင်းဆောင်ကြီးဖြစ်သွားလိမ့်မယ်။”
လင်ရှန်းအာက ချောင်းတစ်ချက်ဟန့်လိုက်၏။
သူမ၏ချောင်းဟန့်သံက နားဝင်မချိုပါ။ ကိုယ်ဝန်လွယ်ထားသော ခွေးမတစ်ကောင်၏ ကိန်ကိန်မြည်သံလိုမျိုး ဖြစ်နေ၏။
လင်ရှန်းအာ-“ရှင်အဲ့ဒီနေရာကို မလိုချင်ဘူးဆိုရင်တောင်မှ သူရှင့်အပေါ်မှာလုပ်ခဲ့တဲ့ လုပ်ရပ်အားလုံးအတွက်တော့ အနည်းဆုံး ပြန်ပေးဆပ်သင့်ပါတယ်။ ဒါမှ သူသေသွားပြီး ငရဲပြည်ရောက်သွားရင် ရှင့်အပေါ်မှာ သူဆက်ဆံခဲ့တာတွေကို နောင်တရနေရလိမ့်မယ်။”
ကျင်းဝူမင်း၏မျက်လုံးများသည် ငရဲပြည်မှ မီးလျှံများ တောက်လောင်နေဆဲရှိနေ၏။ ထိုမီးလျှံများက တငွေ့ငွေ့ဖြင့် အရှိန်ပြင်းထန်စွာ လောင်ကျွမ်းလာနေ၏။
လင်ရှန်းအာ-“သွား... မြန်မြန်... ဒီအခွင့်အရေးကို လက်လွတ်သွားရင် နောင်တရမယ့်သူဟာ သူမဟုတ်ဘဲ ရှင်ဖြစ်သွားလိမ့်မယ်။”
ကျင်းဝူမင်းက ခေါင်းညိတ်ပြီး ပြန်ဖြေလိုက်လေတော့သည်။ “ကောင်းပြီ... ကျုပ်သွားမယ်။”
လင်ရှန်းအာ-“မြန်မြန်... ကျမ ရှင့်ကိုဒီနေရာမှာ စောင့်နေမယ်။ ရှင်သာအောင်မြင်ခဲ့မယ်ဆိုရင် ကျမဟာ ရှင့်အတွက်တစ်သက်လုံး ဖြစ်စေရမယ်။”
ကျင်းဝူမင်း-“မင်းကျုပ်ကို စောင့်နေစရာမလိုပါဘူး။”
လင်ရှန်းအာက အံ့အားသင့်စွာ မေးမြန်းလိုက်၏။ “ဘာဖြစ်လို့လဲ။”
ကျင်းဝူမင်း-“ဘာကြောင့်လဲဆိုတော့ မင်းကျုပ်နဲ့အတူလိုက်ခဲ့ရမှာမို့ပေါ့။”
လင်ရှန်းအာသည် တစ်စုံတစ်ခုတော့ လွဲမှားနေကြောင်း ရိပ်မိသွားတော့သည်။
ကျင်းဝူမင်းက သူမ၏လက်ကောက်ဝတ်ကို ဖမ်းဆုတ်ကိုင်လိုက်ချိန်တွင် သူမ၏မျက်ဝန်းများထဲ၌ ကြောက်ရွံ့တုန်လှုပ်မှု အရိပ်အယောင် နည်းနည်းလေးဖြတ်သန်းသွား၏။
လင်ရှန်းအာသည် မျက်ရည်ကျသောအလုပ်ကို လုံးဝမနှစ်သက်ပါ။ သူမ၏ဒဿနမှာ- မျက်ရည်ကျရသော မိန်းမများသည် အားအင်ချိနည့်သူများဖြစ်နေရုံမကသေး... ဦးနှောက်မရှိသည့် ငတုံးငအများလည်း ဖြစ်နေသည်ဟု အမြဲတမ်းခံယူထားခဲ့၏။
ထို့ပြင် သူမထံတွင် ယောက်ျားများအား လိုရာစေခိုင်းနိုင်သော နည်းလမ်းကောင်းများ ရှိနေသည်မဟုတ်ပါလား။
ယခုသော် လွန်စွာနာကျင်လွန်းလှသောကြောင့် သူမ မျက်ရည်ကျနေရလေပြီ။
သူမ၏လက်ကောက်ဝတ်မှ အရိုးများ၏တဖျစ်ဖျစ်မြည်သံများကိုပင် အတိုင်းသားကြားနေရ၏။ “ကျမ ဘာများအမှားလုပ်ခဲ့မိလို့လဲ။ ရှင်ဘာဖြစ်လို့ ကျမကို ဒီလိုမျိုးဆက်ဆံရတာလဲ။”
ကျင်းဝူမင်း-“မင်းရဲ့ဘဝတစ်လျှောက်လုံးမှာ အမှားကြီးတစ်ခု ကျူးလွန်ခဲ့တယ်။”
လင်ရှန်းအာ-“ဘာအမှားလဲ။”
ကျင်းဝူမင်း-“လူတိုင်းက အားဖေမင်းကိုချစ်သလိုမျိုး ချစ်လိမ့်မယ်လို့ မယူဆထားခဲ့သင့်ဘူး။”
+++++
သစ်တောအုပ်ကိုကျောပေးပြီး လီဆွန်းဟွာ ရပ်နေခြင်းဖြစ်၏။
ကျင်းဝူမင်းနှင့် လင်ရှန်းအာတို့ သစ်တောထဲမှထွက်ပေါ်လာကြသည်ကို သူမတွေ့ခဲ့ရပါ။ သူသည် စန့်ကွမ်းကျင်းဟုန်တစ်ဦးတည်းကိုသာ အာရုံစိုက်နေခြင်းဖြစ်၏။ သို့သော် စန့်ကွမ်းကျင်းဟုန်၏ မျက်နှာပြင်ထက်မှ ထူးဆန်းအံ့ဩဖွယ်ရာ အမူအရာများထွက်ပေါ်လာသည်ကို ရုတ်တရက် တွေ့မြင်လိုက်ရ၏။
စန့်ကွမ်းကျင်းဟုန်၏ အာရုံစုစည်းမှုများ ရုတ်တရက်ပြိုကွဲသွားခဲ့ချေပြီ။
သူ့ပြိုင်ဘက်တစ်ယောက်အပေါ် ထိုကဲ့သို့သော အခွင့်အရေးမျိုး ဘယ်တုန်းကမှ မပေးခဲ့ဖူးပါ။ ထိုကဲ့သို့သော အဖွင့်ဟာကွက်မျိုးကိုလည်း နောက်တစ်ကြိမ် ဘယ်တော့မှ ပြုလုပ်တော့မည်မဟုတ်ပါ။
သို့သော် လီဆွန်းဟွာက မတိုက်ခိုက်ခဲ့ပါ။ သူ၏ဓားပျံသည် လက်ထဲမှာပင် ရှိနေသေး၏။
အဘယ်ကြောင့်ဆိုသော် ကြောက်လန့်ဖွယ်ကောင်းသော သတ်ရိပ်ဖြတ်ရိပ်တစ်ခု သူ၏နောက်ကျောဘက်မှ တိုးဝင်လာသည်ကို ခံစားမိလိုက်သောကြောင့်ဖြစ်၏။
သူ၏ဓားပျံသည် လက်ချည်းဖြင့် ပစ်ခတ်ရသောဓားပျံမဟုတ်။ သူ၏ဓားပျံပစ်လွှတ်သောအခါ ခန္ဓာကိုယ်ထဲရှိ အားအင်ကုန်သုံးပြီး အာရုံစူးစိုက်မှုအပြည့်ဖြင့် ပစ်လွှတ်ခြင်းဖြစ်၏။ သူသာ ယခုအချိန်တွင် ဓားပျံကိုပစ်လွှတ်ခဲ့မည်ဆိုပါက သူ့နောက်ဘက်မှ တိုက်ခိုက်လာမည့် တိုက်ခိုက်မှုကို ဘယ်လိုမှ ရှောင်တိမ်းနိုင်မည်မဟုတ်ပါ။
လီဆွန်းဟွာ၏ခြေလှမ်းများက ၇ လှမ်းခန့်လျှောတိုက်ထွက်သွား၏။ ပြီးနောက် ကျင်းဝူမင်းကို သူတွေ့လိုက်ရတော့သည်။
ကျင်းဝူမင်းသည် သူ၏နောက်ကျောဘက်တည့်တည့်တွင် ရပ်နေ၏။
ပြီးနောက် လင်ရှန်းအာကို သူတွေ့လိုက်ရပြန်သည်။ လင်ရှန်းအာ၏မျက်နှာပေါ်မှ ဤမျှစိတ်ညစ်ညူးနေရမှုများကို သူတစ်ခါမှ မတွေ့ခဲ့ဖူးပါ။
မိုးက သည်းထန်စွာရွာသွန်းလာခဲ့၏။
မိုးစက်များအောက်တွင် လူအားလုံးစိုရွှဲနေကြလေသည်။
မဏ္ဍပ်ထောင့်များတွင် ထွန်းညှိထားသော မီးအိမ်များ၏ အလင်းရောင်များသည်ပင် ညဉ့်အမှောင်ထုအောက်တွင် ပို၍ မှေးမှိန်နေရ၏။
ကျင်းဝူမင်းသည် အမှောင်ထုထဲတွင် ရပ်နေ၏။ သူ့ကိုကြည့်ရသည်မှာ အရိပ်တစ်ခုလိုဖြစ်၏။ ဤနေရာတွင် မရှိနေသော အရိပ်တစ်ခုဖြစ်၏။
သို့သော် လီဆွန်းဟွာက သူ၏အကြည့်များကို စန့်ကွမ်းကျင်းဟုန်မှ ကျင်းဝူမင်းသို့ ပြောင်းကြည့်လိုက်၏။
စန့်ကွမ်းကျင်းဟုန်သည်လည်း သူ၏အကြည့်များကို လီဆွန်းဟွာမှတစ်ဆင့် ကျင်းဝူမင်းထံသို့ ပို့လွှတ်လိုက်၏။
အဘယ်ကြောင့်ဆိုသော် ဤတိုက်ပွဲ၏အနိုင်အရှုံးသည် သူတို့နှစ်ယောက်လက်ထဲတွင် မရှိနေတော့ဘဲ ကျင်းဝူမင်းထံတွင်သာ မူတည်နေတော့ကြောင်း နှစ်ယောက်စလုံး သိလိုက်ကြလေသည်။
ကျင်းဝူမင်း စတင်၍ရယ်မောနေ၏။ ကျယ်လောင်စွာ ရယ်မောနေ၏။
သူ၏ဘဝတစ်လျှောက်လုံးတွင် ဤမျှလောက် သဘောကျစွာတစ်ခါမှ မရယ်မောခဲ့ဘူးပါ။
စန့်ကွမ်းကျင်းဟုန်က သက်ပြင်းချပြီး ပြောဆိုလိုက်သည်။ “မင်းဆက်ပြီး ရယ်နေပါ။ မင်းမှာရယ်မောနေဖို့ အခွင့်အရေး အပြည့်ရှိနေတာကိုး။”
ကျင်းဝူမင်း-“ခင်ဗျား ဘာဖြစ်လို့မရယ်နေတာလဲ။”
စန့်ကွမ်းကျင်းဟုန်-“ကျုပ်ရယ်လို့ မထွက်ဘူး။”
ကျင်းဝူမင်း-“ဘာဖြစ်လို့များလဲ။”
စန့်ကွမ်းကျင်းဟုန်-“ဘာကြောင့်လဲဆိုတာ မင်းသိပါတယ်။”
ကျင်းဝူမင်း-“ခင်ဗျားပြောတာမှန်တယ်။ အဲဒီအကြောင်းကို ကျုပ်သိနေတယ်။”
ကျင်းဝူမင်းသည် အရယ်ရပ်ပြီး ခန္ဓာကိုယ်ကို တည့်မတ်စွာရပ်နေလိုက်၏။ “ဘာကြောင့်လဲဆိုတော့ ကျုပ်ဟာ ဒီတိုက်ပွဲရဲ့ အဆုံးအဖြတ်ကို ပေးနိုင်တဲ့သူဖြစ်နေလို့ပဲ။ ခင်ဗျားတို့နှစ်ယောက်စလုံး ကျုပ်ကို မတိုက်ခိုက်ရဲကြပါဘူး။”
ကျင်းဝူမင်းပြောသည်မှာ အလွန်မှန်ကန်နေ၏။ မည်သူမျှ သူ့ကိုမတိုက်ခိုက်ရဲကြပါ။
စန့်ကွမ်းကျင်းဟုန်သာ သူ့ကိုတိုက်ခိုက်ခဲ့မည်ဆိုပါက လီဆွန်းဟွာကို ဟာကွက်ကြီးတစ်ခု ဖွင့်ပေးလိုက်သလို ဖြစ်သွားပေလိမ့်မည်။ စန့်ကွမ်းကျင်းဟုန်အတွက် လီဆွန်းဟွာကို ထိုအခွင့်အရေး ဘယ်တော့မှ ပေးမည်မဟုတ်ပါ။
လီဆွန်းဟွာသည်လည်း အတူတူပင်ဖြစ်၏။
ကျင်းဝူမင်း-“ကျုပ် လီဆွန်းဟွာကိုသတ်ဖို့ ခင်ဗျားကို ကူညီနိုင်သလို ခင်ဗျားကိုသတ်ဖို့ လီဆွန်းဟွာကိုလည်း အကူအညီပေးနိုင်တယ်။”
စန့်ကွမ်းကျင်းဟုန်-“ကျုပ်ယုံတယ်။”
ကျင်းဝူမင်း-“ခင်ဗျားက ဘာကိုယုံတာလဲ။ ကျုပ်ဟာ ဘာမှအသုံးမကျတော့တဲ့ ဒုက္ခိတတစ်ယောက်ပါ။”
စန့်ကွမ်းကျင်းဟုန်-“လူတိုင်းလူတိုင်းပဲ တစ်ကြိမ်တစ်ခါတော့ ကောက်ချက်ချ မှားတတ်ကြပါတယ်။”
ကျင်းဝူမင်း-“ခင်ဗျားဘယ်လိုလုပ်ပြီး သိနိုင်မှာလဲ။ ကျုပ်ဟာ ဒုက္ခိတတစ်ယောက် ဖြစ်ချင်လည်းဖြစ်နေနိုင်တာပဲ။”
စန့်ကွမ်းကျင်းဟုန်-“မင်းရဲ့ညာဘက်လက်က ဘယ်ဘက်လက်ထက်တောင်မှ ပိုသန်နေသေးတယ်။”
ကျင်းဝူမင်း-“ခင်ဗျား ဘယ်လိုလုပ်ပြီးပြောနိုင်တာလဲ။”
စန့်ကွမ်းကျင်းဟုန်-“လင်ရှန်းအာဟာ အားနွဲ့တဲ့မိန်းမတစ်ယောက်မဟုတ်ဘူး။ သူ့လက်ကို လက်တစ်ဘက်တည်းနဲ့ ထိန်းချုပ်ဆုပ်ကိုင်ထားဖို့ဆိုတာ လူတိုင်းအတွက် လွယ်ကူတဲ့အလုပ်တစ်ခုမဟုတ်ဘူး။”
ကျင်းဝူမင်းက ဖြည်းညင်းစွာ ခေါင်းညိတ်ပြလိုက်၏။ “ခင်ဗျားပြောနိုင်သားပဲ။ ခုလိုသိပ်နောက်ကျပြီးမှ သိလိုက်ရတဲ့အတွက် ခင်ဗျားမရှက်ဘူးလား။”
စန့်ကွမ်းကျင်းဟုန်-“ဒီအချက်ကို သိနေရုံမကသေးဘူး။ ကျုပ်အမှားကြီးတစ်ခုကို ကျူးလွန်ခဲ့တယ်ဆိုတာလည်း သိနေတယ်။”
ကျင်းဝူမင်း-“ခင်ဗျားကျုပ်ကို လုပ်ထားခဲ့တာတွေကို နောင်တရနေပြီပေါ့လေ။”
စန့်ကွမ်းကျင်းဟုန်-“မှန်တယ်။ ကျုပ်မင်းအပေါ်မှာ ပြုမူဆောင်ရွက်ခဲ့တာတွေကို နောင်တအကြီးအကျယ်ရနေတယ်။ အမှန်က ကျုပ်မင်းကို သတ်ပစ်ခဲ့ရမှာ။”
ကျင်းဝူမင်း-“ခင်ဗျားဘာဖြစ်လို့ မသတ်ခဲ့တာလဲ။”
စန့်ကွမ်းကျင်းဟုန်-“ကျုပ် မင်းကိုမသတ်ရက်ခဲ့လို့ပေါ့။”
ကျင်းဝူမင်း၏မျက်နှာပေါ်တွင် ထူးဆန်းသောအမူအရာများ ထွက်ပေါ်လာခဲ့ရလေတော့သည်။ “ခင်ဗျားလိုလူမျိုးမှာ လူမသတ်ရက်တဲ့အခါဆိုတာ ရှိသေးလို့လား။”
စန့်ကွမ်းကျင်းဟုန်-“ကျုပ်ဟာလူသားတစ်ဦးပါ။”
ကျင်းဝူမင်း-“ဒါဆိုရင် ကျုပ်က ခင်ဗျားကိုမသတ်တော့ဘူးလို့များ ထင်နေတာလား။”
စန့်ကွမ်းကျင်းဟုန်သည် လင်ရှန်းအာကို စောင်းကြည့်နေပြီး မေးမြန်းလိုက်၏။ “သူက မင်းအနေနဲ့ ကျုပ်ကို တကယ်ကြီး သတ်စေချင်နေတယ်မဟုတ်လား။”
ကျင်းဝူမင်း-“မှန်တယ်။”
စန့်ကွမ်းကျင်းဟုန်-“ဒါပေမဲ့ မင်းသာကျုပ်ကို တကယ်တမ်းသတ်ချင်ခဲ့ရင် သူ့ကိုဒီနေရာအထိ ခေါ်လာမှာမဟုတ်ဘူး။”
လင်ရှန်းအာသည် ရုတ်တရက် အူလှိုက်သည်းလှိုက် ရယ်မောနေလေတော့သည်။
သူမသည် မြေကြီးပေါ်သို့ လူးလိမ့်ချပြီး ခွေခေါက်ရယ်မောနေ၏။ ထိုမြင်ကွင်းသည် အလွန်ထူးဆန်းသော မြင်ကွင်းတစ်ခုလည်းဖြစ်၏။
လင်ရှန်းအာ-“သူရှင့်ကို ဘယ်သတ်ရက်မှာလဲ။ ရှင်သာသေသွားခဲ့ရင် သူလည်းပဲ အသက်ရှင်နေနိုင်တော့မှာ မဟုတ်ဘူး။ သူဟာရှင့်အတွက် အသက်ရှင်သန်နေတယ်ဆိုတာ ကျမခုမှပဲ နားလည်သွားတော့တယ်။ သူဒီကိုလာခဲ့တာဟာ ရှင့်အတွက် သူဟာအသုံးဝင်နေဆဲဆိုတာ အသိအမှတ်ပြုစေချင်လို့ပဲ။ ဒါပေမဲ့ တခြားလူတွေရှေ့မှာတော့ သူဟာ ဘာမှအသုံးကျသူတစ်ယောက် မဟုတ်တော့ဘူး။”
စန့်ကွမ်းကျင်းဟုန်-“ဒါပေမဲ့ မင်းကိုသတ်ဖို့ကတော့ သူ့အတွက်သိပ်ကိုလွယ်ကူလွန်းပါတယ်။”
လင်ရှန်းအာ-“သူကျမကို သတ်ချင်မယ်လို့များ ရှင်ထင်နေတာလား။ ... ရှင်ကျမကို သေစေချင်ခဲ့တုန်းက သူဟာ ကျမကို ကယ်တင်ခဲ့တယ်။ ဘာဖြစ်လို့လဲသိလား။”
စန့်ကွမ်းကျင်းဟုန်က အေးစက်စွာပြောဆိုလိုက်၏။ ဘာကြောင့်လဲဆိုတော့ ကျုပ်ရဲ့ရှေ့မှောက်မှာ မင်းကိုသတ်ချင်လို့နေမှာပေါ့။”
လင်ရှန်းအာ-“ရှင်ပြောတာမှားနေတယ်။ သူက ရှင့်ရှေ့မှာကျမကို သတ်ချင်တာမဟုတ်ဘူး။ ကျမကို ရှင့်လက်နဲ့ ကိုယ်တိုင်သတ်စေချင်တာ။”
လင်ရှန်းအာက ရယ်မောပြီးဆက်ပြောနေ၏။ “ကျမနဲ့ရှင် အတူတူနေခဲ့ကြတုန်းက သူဟာရူးသွပ်စွာ မနာလိုဖြစ်ခဲ့ရတယ်။ အဲဒီတုတ်းကတော့ သူမနာလိုဖြစ်ရခြင်းဟာ ကျမကြောင့်လို့ထင်ခဲ့တယ်။ အခုတော့ ကျမသိလိုက်ပါပြီ။ သူမနာလိုဖြစ်ရခြင်းဟာ ရှင့်ကြောင့်ပဲ။ ရှင်မျက်နှာသာပေးတဲ့ ဘယ်သူ့ကိုမဆို သူသည်းမခံနိုင်ဘူး။ ရှင့်ရဲ့သွေးဖြစ်တဲ့ ရှင့်သားအရင်းတောင်မှ မလွတ်ဘူး။ ဒါနဲ့ ရှင့်သားကို ဘယ်သူသတ်ခဲ့တာလဲသိလား။”
စန့်ကွမ်းကျင်းဟုန်က ခံစားချက်မဲ့စွာ ပြောဆိုလိုက်၏။ “ကျုပ်အတွက်သူ လူသတ်နေသရွေ့ ဘယ်သူ့ကိုပဲသတ်သတ် မရေးမကြီးပါဘူး။”
လင်ရှန်းအာ၏မျက်နှာထက်မှ အပြုံးများ ပျောက်ကွယ်သွားတော့သည်။ သူမသည်သက်ပြင်းရှည်ကြီးချပြီး ပြောဆိုလိုက်တော့၏။ “ကျမဟာ ယောက်ျားတွေကို နားလည်နိုင်ခဲ့တယ်လို့ အမြဲတမ်းပဲတွေးမိခဲ့တယ်။ ဒါပေမဲ့ ရှင်တို့နှစ်ယောက် ဘာတွေစဉ်းစားနေလဲဆိုတာ ကျမ လိုက်မမီတော့ဘူး။ ရှင်တို့နှစ်ယောက်ကြားမှာရှိတဲ့ ဆက်ဆံရေးကိုလည်း ကျမနားမလည်နိုင်တော့ဘူး။”
သူမသည် အေးစက်စွာရယ်မောနေပြီး ဆက်ပြောနေလိုက်ပြန်၏။ “ကျမသိတာကတော့ အဲဒီအရာဟာ ဘာပဲဖြစ်ဖြစ် ရွံ့မုန်းစရာသိပ်ကောင်းတဲ့အရာဆိုတာတော့ သိထားတယ်။ ရှင်တို့နှစ်ယောက် ဘာပဲပြောပြော ကျမ ဘာမှမကြားဘူးလို့ပဲ သဘောထားလိုက်တော့မယ်။”
စန့်ကွမ်းကျင်းဟုန်-“မင်းဟာ နည်းနည်းလေးပဲ သိသလောက် စကားတော့ အများကြီးပြောခဲ့ပါလား။”
လင်ရှန်းအာ-“ကျမဘာပဲပြောပြော ရှင်သူ့ကိုသတ်ဖို့အတွက်တော့ ကျမမဖျောင်းဖြနိုင်တော့ဘူးမဟုတ်လား။”
စန့်ကွမ်းကျင်းဟုန်-“မင်းဘာမှ မတတ်နိုင်တော့ပါဘူး။”
လင်ရှန်းအာသည် ကျင်းဝူမင်းဘက်သို့လှည့်ပြီး မေးမြန်းလိုက်ပြန်သည်။ “သူ့ကိုသတ်ဖို့ကိုလည်း ရှင့်ကို ဘယ်လိုပြောပြော မရနိုင်တော့ဘူးမဟုတ်လား။”
ကျင်းဝူမင်း-“မှန်တယ်။”
လင်ရှန်းအာက သက်ပြင်းတစ်ချက်ချပြီး ညည်းတွားလိုက်၏။ “ကြည့်ရတာ ကျမရှင်တို့လက်ထဲမှာ သေရတော့မယ်နဲ့တူပါတယ်။ မေးခွန်းကတော့ ရှင့်လက်ချက်နဲ့လား... ဒါမှမဟုတ် သူ့လက်ချက်နဲ့ သေရမှာလား။”
ကျင်းဝူမင်းက ဘာမှမပြောတော့ပါ။
သူ၏လက်တစ်ဘက်ကို မြှောက်ပြီး မြေကြီးပေါ်တွင်လဲကျနေသော လင်ရှန်းအာကို စန့်ကွမ်းကျင်းဟုန်ခြေထောက်ရှေ့သို့ တွန်းထုတ်လိုက်သည်။
လင်ရှန်းအာက အားအင်သုံးပြီး ရုန်းကန်လှုပ်ရှားခြင်းမရှိခဲ့သလို အားတင်းပြီး ထရပ်ရန်လည်း မကြိုးစားတော့ပါ။ သူမ လုံးဝမလှုပ်ရှားခဲ့ပါ။ သူမသည် မြေကြီးပေါ်တွင် ဘောလုံးတစ်လုံးလို လိမ့်ထွက်သွားတော့သည်။
သို့သော် သူမသည် မိန်းမတစ်ယောက်ဖြစ်၏။
မိန်းမတစ်ယောက်ကို မလှုပ်ရှားနိုင်အောင်... အာခံကာပြန်ခြင်းမပြုနိုင်အောင် ပြုလုပ်နိုင်ကောင်း ပြုလုပ်နိုင်မည်ဖြစ်သော်လည်း ပါးစပ်ပိတ်နေရန်တော့ ပြုလုပ်ရန်မလွယ်ကူပါ။
0 comments:
Post a Comment