လီဆွန်းဟွာက ရုတ်တရက် မေးမြန်းလိုက်၏။ “ကျုပ်တို့တွေ မနေ့ကတည်းက ထွက်လာခဲ့ကြတာ မဟုတ်လား။”
စွန်းရှောင်းဟုန်-“မနေ့ညကလေ... ခုလိုအချိန်မျိုးလောက်မှာ ထွက်လာခဲ့ကြတာ။ ဘာဖြစ်လို့လဲ။”
လီဆွန်းဟွာ-“ကျုပ်တို့ ဒီနေရာကို ဘယ်အချိန်မှာ ရောက်လာခဲ့ကြတာလဲ။”
စွန်းရှောင်းဟုန်-“နေမွန်းတည့်ကျော်ကျော်လောက်မှာ ရောက်လာခဲ့ကြတယ်။ ညနေတောင်မစောင်းသေးဘူး။”
လီဆွန်းဟွာ-“ကျုပ်တို့ဘယ်လိုလုပ်ပြီး ရောက်လာခဲ့ကြတာလဲ။”
စွန်းရှောင်းဟုန်-“ကျမတို့ မြင်းလှည်းစီးလာခဲ့ကြတယ်။ ပြီးတော့ မနက်ထိ ကိုယ်ဖော့ပညာနဲ့ ပြေးလာခဲ့ကြတယ်။ ပြီးတော့ မြင်းစီးလာခဲ့ကြတယ်လေ။”
လီဆွန်းဟွာ-“ဒါဆိုရင် ကျုပ်တို့အလာတုန်းကလိုပဲ ပြန်သွားကြမယ်ဆိုရင် ဟိုကို ညနေစောင်းလောက်တောင်မှ ရောက်နိုင်မှာ မဟုတ်ဘူး။”
စွန်းရှောင်းဟုန်က ပြန်လည်ဖြေဆိုလိုက်၏။ “မှန်တယ်။”
လီဆွန်းဟွာ-“လောလောဆယ်မှာ ကျုပ်တို့တွေ တစ်ရေးမှလည်း မအိပ်ရသေးဘူး။ ကျုပ်တို့မှာ မနေ့တုန်းကလောက်တောင် အင်အားတွေ မကျန်ရှိတော့ဘူး။ ဒါကြောင့်မို့လို့ မနေ့ကလိုမျိုး ကျုပ်တို့တွေ ခရီးသွားနိုင်တော့မှာ မဟုတ်ဘူး။”
စွန်းရှောင်းဟုန်-“ဒါပေမဲ့ မနေ့တုန်းက ကျမရှင့်ကို မီအောင်မလိုက်နိုင်ခဲ့ဘူး။ ရှင့်ရဲ့လျင်မြန်မှုကတော့ ရှင့်ဓားပျံလိုပါပဲ။ ဒါကြောင့်မို့လည်း ဘိုးဘိုးကပြောတာပေါ့။ ရှင့်ရဲ့လျင်မြန်မှုဟာ ရှင့်ဓားပျံအတိုင်းပဲတဲ့။”
လီဆွန်းဟွာ-“ကျုပ်တို့တွေ ခုချက်ချင်းထွက်ခွာသွားကြမယ်ဆိုရင်တောင်မှ စန့်ကွမ်းကျင်းဟုန်နဲ့ ချိန်းထားတဲ့အချိန်ကို ရောက်အောင်သွားနိုင်မယ်မထင်ဘူး။”
စွန်းရှောင်းဟုန်တစ်ယောက် တိတ်ဆိတ်ငြိမ်သက်သွားခဲ့ရတော့သည်။
လီဆွန်းဟွာက ခေါင်းမော့လာခဲ့ပြီး စွန်းရှောင်းဟုန်ကို စိုက်ကြည့်နေလိုက်သည်။ “ကျုပ်ကို ခုချက်ချင်းထွက်ခွာသွားဖို့ မင်းတိုက်တွန်းသင့်တယ်။ ကျုပ် ဒီချိန်းဆိုမှုကို ပျက်ကွက်လို့မဖြစ်ဖူးဆိုတာလည်း မင်းသိပါတယ်။”
စွန်းရှောင်းဟုန်သည် တစ်ဘက်သို့လှည့်သွားလိုက်ပြီး နှုတ်ခမ်းကို ဖိကိုက်ထားလိုက်ကာ လီဆွန်းဟွာ၏ အကြည့်များမှ ရှောင်ပုန်းနေလိုက်၏။
အတော်လေးကြာသောအခါမှ သူမထံမှ နူးညံ့ငြင်သာသော စကားသံထွက်ပေါ်လာ၏။ “ရှင် ကျမကိုကတိတစ်ခုပဲ ပေးစေချင်တယ်။”
လီဆွန်းဟွာ-“ဘာများလဲ။”
စွန်းရှောင်းဟုန်-“ဒီတစ်ကြိမ်တော့ ကျမတို့ မြင်းလှည်းနဲ့ပဲ ဟိုရောက်သည်ထိ ခရီးသွားကြမယ်။ ခြေလျင်ခရီးမသွားရဘူး... ပြီးတော့ မြင်းလည်းမစီးရဘူး။”
လီဆွန်းဟွာ-“လမ်းခရီးမှာ ကျုပ်ကိုအနားယူစေချင်လို့လား။”
စွန်းရှောင်းဟုန်-“မှန်တယ်။ ခုလောလောဆယ်မှာ ရှင်အနားမယူခဲ့ဘူးဆိုရင် စန့်ကွမ်းကျင်းဟုန်နဲ့ တွေ့တဲ့အချိန်မှာ ရှင်ပင်ပန်းနေလောက်ပြီ။ ရှင်ကြမ်းပြင်ပေါ်လဲကျလုနီးနီး အားအင်မျိုးနဲ့ စန့်ကွမ်းကျင်းဟုန်ကို ရင်ဆိုင်တိုက်ခိုက်နိုင်မှာ မဟုတ်ဘူး။”
လီဆွန်းဟွာက သူမကို ပြုံး၍ကြည့်နေလိုက်၏။ “ကောင်းပြီလေ... ဒီတစ်ခေါက်တော့ မင်းစကားကို ကျုပ်နားထောင်ပါ့မယ်။ ကျုပ်တို့တွေ မြင်းလှည်းနဲ့ပဲ ခရီးဆက်ကြတာပေါ့။”
စွန်းရှောင်းဟုန်ထံမှ ပျော်ရွှင်မှုများ ချက်ချင်းထွက်ပေါ်လာခဲ့ရလေတော့သည်။ “မြင်းလှည်းထဲကို အရက်တွေလည်း ယူဆောင်လာနိုင်ပါသေးတယ်။ ရှင်အိပ်မပျော်ဘူးဆိုရင် ကျမရှင်နဲ့အတူတူအဖော်လုပ်ပြီး အရက်သောက် လိုက်ပါလာပါ့မယ်။”
လီဆွန်းဟွာ-“ကျုပ်အရက်စသောက်ပြီဆိုတာနဲ့ အိပ်ပျော်သွားဖို့များပါတယ်။”
စွန်းရှောင်းဟုန်က ပြုံးပြီးပြောဆိုလိုက်၏။ “ကောင်းတယ်။ လမ်းခရီးမှာ ရှင်သာကောင်းကောင်းအနားရပါစေ၊ စန့်ကွမ်းကျင်းဟုန်ဟာ ရှင့်ပြိုင်ဘက်တစ်ယောက် ဘယ်တော့မှ ဖြစ်လာမှာမဟုတ်ပါဘူး။”
လီဆွန်းဟွာက ပြုံးနေပြီး တုံ့ပြန်ပြောဆိုလိုက်၏။ “မင်းကျုပ်အပေါ်မှာ တကယ်ပဲယုံကြည်မှုတွေ ပြင်းထန်လှချည်လား။”
စွန်းရှောင်းဟုန်သည် လီဆွန်းဟွာ၏မျက်လုံးများထဲသို့ စိုက်ကြည့်နေပြီး ပြောဆိုလိုက်၏။ “သိပ်ယုံကြည်တာပေါ့။ မဟုတ်ရင် ကျမ ရှင့်ကို...”
သူမ၏မျက်နှာပြင်ထက်တွင် ရှက်သွေးဖြာသွားပြီး အပြင်ဘက်သို့ ပေါ့ပါးပျော်ရွှင်စွာ ပြေးထွက်သွားခဲ့တော့၏။ “ကျမ မြင်းလှည်းသွားရှာနေတုန်းမှာ ရှင်အရက်အိုးတွေ ပြင်ဆင်ထားလိုက်ပါလား။ အချိန်ရမယ်ဆိုရင်လည်း ရှင်သူ့ကိုသွားတွေ့လိုက်ပါ။ ကျမ မနာလိုမဖြစ်ဘူးဆိုတာ ကတိပေးပါတယ်။”
သူမပြေးထွက်သွားစဉ်တွင် သူမ၏ကျစ်ဆံမြီးလေးနှစ်ချောင်းက လေထဲတွင်တလွင့်လွင့် ဖြစ်နေပြီး ခဏချင်းမပင် မြင်ကွင်းမှ ပျောက်ကွယ်သွားတော့သည်။
လီဆွန်းဟွာသည် သူမကို အပြင်ဘက်ထိလိုက်ပို့ပေးခဲ့ပြီး တံခါးဝမှတစ်ဆင့် ဖြည်းလေးစွာ ပြန်ဝင်လာခဲ့တော့သည်။
ခပ်မြင့်မြင့်တစ်နေရာသို့ သူကြည့်လိုက်သောအခါ နံရံထက်၌ အခန်းတစ်ခန်း၏ ပြတင်းပေါက်လေးတစ်ခုကို ခပ်ဝါးဝါး တွေ့နေရ၏။
ထိုအခန်းထဲ၌ မီးရောင်လင်းနေ၏။
အခန်းထဲမှသူကော... ဘယ်လိုနေမည်နည်း။
သူမ၏အချစ်ဆုံး သားတော်မောင်အတွက် အင်္ကျီအဝတ်အစားများ ချုပ်လုပ်ပေးနေမည်လော။...
မိခင်တစ်ယောက်၏ ချစ်ခြင်းမေတ္တာဆိုသည်မှာ မဆုံးနိုင်သောချည်မျှင်ချည်စများလိုပင်။
သို့သော် အထီးကျန်ဆန်မှုလောက်တော့ မရှည်လျားပါ။ ဤကမ္ဘာထဲတွင် အထီးကျန်ဆန်မှုလောက် ရှည်လျားသောအရာ မရှိနိုင်တော့ပါ။
တစ်နှစ်ပြီးတစ်နှစ်၊ တစ်လပြီးတစ်လ... မချုပ်လုပ်နိုင်သော ချည်မျှင်စများ... မယက်လုပ်နိုင်သော အထီးကျန်ဆန်မှုများ..
သူမသည် သူမ၏ဘဝကြီးကိုမြှုပ်နှံထားခဲ့ပြီးဖြစ်၏။ ထိုအခန်းလေးသည် သူမ၏ဂူသင်္ချိုင်းလည်းဖြစ်ပြန်၏။
လူတစ်ယောက်... မိန်းမတစ်ယောက်... ငယ်ရွယ်နုပျိုမှုများလည်းမရှိတော့ပြီ... ချစ်ခြင်းမေတ္တာလည်းမရှိတော့ပြီ... ပျော်ရွှင်မှုများလည်း ဆိတ်သုန်းခဲ့ပြီ... သူမအတွက် အသက်ရှင်သန်ခြင်းသည် ဘာအဓိပ္ပါယ်များ ရှိနေပါသေးသနည်း။
“ရှီးယင်... ရှီးယင်... မင်းခံစားနေရတဲ့ ဒုက္ခတွေ သိပ်များလွန်းနေပါလားကွယ်...”
လီဆွန်းဟွာ ရုတ်ချည်းပင် ခါးကုန်းပြီး ချောင်းဆိုးနေလိုက်၏။ သူဆိုးထုတ်လိုက်သည်များက သွေးများသာ...
သူမကို ဘယ်အတွက်ကြောင့် သူ မတွေ့ချင်ရပါမည်နည်း။
သူ၏ခန္ဓာကိုယ်က ဤဆိုင်ငယ်လေးထဲတွင် ရှိနေသော်လည်း သူ၏နှလုံးသားကမူ ထိုအခန်းလေးထဲသို့ လွင့်ပျံရောက်ရှိနေ၏။
သူ၏နှလုံးသားက ထိုအခန်းငယ်လေးထဲသို့ လွင့်ပျံရောက်ရှိနေသော်လည်း သူ၏ခန္ဓာကိုယ်မှာမူ ဤဆိုင်ငယ်လေးထဲ၌ပင် ရှိနေရသည်မဟုတ်ပါလား။
ထိုနေရာသို့ သူမသွားရဲပါ။ သူမသွားနိုင်ပါ။ သူ့ဘဝတွင် သူမကိုနောက်ဆုံးတွေ့ဆုံခြင်း ဖြစ်မည်ဆိုလျှင်တောင် သူမသွားတွေ့နိုင်ပါ။ သူမကို တွေ့ဆုံခြင်းသည် သူမကို မတွေ့ဆုံခြင်းနှင့်အတူတူပင်ဖြစ်၏။ သူမကို တွေ့ဆုံပြီးနောက် သူဘာများ ဆက်လုပ်နိုင်ပါသေးသနည်း။
သူမသည် သူ့အတွက်မဟုတ်တော့ပါ။ သူမထံတွင် ယောက်ျားတစ်ယောက်ရှိနေသလို သားတစ်ယောက်လည်း ရှိနေလေသည်။ ပြီးနောက် သူမသည် သူမ၏ကိုယ်ပိုင်ကမ္ဘာငယ်လေးထဲတွင် သီးသန့်ရှိနေလေသည်။
ထိုကမ္ဘာလေးထဲတွင် သူမသည် သီးခြားစွာနေထိုင်နေ၏။
သူမသည် သူ့အတွက်ဖြစ်ခဲ့ဖူးပါသည်။ သို့သော် ယခုအချိန်တွင် သူမကို အကြည့်လေးတစ်ချက်တောင်မှ သူစောင့်ငဲ့ပြီး မကြည့်သင့်တော့ပါ။
လီဆွန်းဟွာသည် နှုတ်ခမ်းထောင့်စွန်းမှ သွေးစများကို သုတ်သင်လိုက်ပြီး ပါးစပ်ထဲသို့ ပြန်မျိုချရန်ကြိုးစားလိုက်၏။
သွေးသည်ပင် ခါးသီးနေ၏။ ခါးသက်သော သွေးများပင်။
“ရှီးယင်... ရှီးယင်... မင်းသာအန္တရာယ်ကင်းပြီး ငြိမ်းငြိမ်းချမ်းချမ်းရှိနေမယ်ဆိုရင် ကျုပ်ကျေနပ်ပါပြီ။ ငရဲပြည်ပဲဖြစ်ဖြစ် နတ်ပြည်ပဲဖြစ်ဖြစ် နောင်ဘဝကြရင် ကျုပ်တို့တွေပြန်ဆုံတွေ့ကြမယ်လို့ ကျုပ်မျှော်လင့်ပါတယ်။”
သို့သော် ရှီးယင်တစ်ယောက် ငြိမ်းချမ်းစွာ ရှိနေပါရဲ့လား။
အရိုးကွဲမတတ်တိုက်ခတ်လာသောလေ... သူ့ကိုကြည့်ရသည်မှာ ဂန္ဓမာပန်းတစ်ပွင့်ထက်တောင် ပို၍နူးညံ့နေသေး၏။
တိုက်ခတ်လာသော အနောက်လေအောက်တွင် လီဆွန်းဟွာ ထီးထီးကြီးရပ်တန့်နေ၏။ တိုက်ခတ်လာသောလေက သူ့ကိုများ သယ်ဆောင်သွားနိုင်မည်လားဟု သူ အတွေးပွားနေသည်လား။
အချိန်အတော်လေးကြာသောအခါ စွန်းရှောင်းဟုန်ပြန်ရောက်လာ၏။ သူမသည် သူ့ကိုအူကြောင်ကြောင်ကြည့်နေပြီး မေးမြန်းလိုက်၏။ “ရှင်... ရှင်သူ့ကိုသွားမတွေ့ခဲ့ဘူးလား။”
လီဆွန်းဟွာက ခေါင်းရမ်းပြလိုက်ပြီး မေးမြန်းလိုက်သည်။ “မင်း မြင်းလှည်းသွားရှာတာ ရခဲ့ရဲ့လား။”
စွန်းရှောင်းဟုန်-“မြင်းလှည်းက ဟိုးအရှေ့မှာစောင့်နေပါတယ်။ ရှင်သူ့ကိုတကယ်ပဲ သွားမတွေ့တော့ဘူးဆိုရင် ကျမတို့ ခရီးဆက်လိုက်ကြရအောင်လား။”
လီဆွန်းဟွာ-“လာ.. သွားကြစို့...”
မြင်းလှည်းသည် လမ်းခရီးတွင် ရှေ့နောက်ယိမ်းထိုးနေ၏။ လီဆွန်းဟွာ၏လက်ထဲတွင် ကိုင်ထားသော အရက်ခွက်သည်လည်း ယိမ်းထိုးနေရ၏။
ထိုအရက်သည် အကောင်းစား နှစ်ချို့အရက်လည်းဖြစ်၏။
မြင်းလှည်းကိုကြည့်ရသည်မှာ သူ့လက်ထဲတွင်ရှိနေသော အရက်ထက်ပင် ပို၍အိုမင်းနေသေး၏။ ဆွဲနေသော မြင်းများသည် မြင်းလှည်းထက်ပင် ပိုပြီးအိုမင်းနေသေး၏။
လီဆွန်းဟွာက သူ့ခေါင်းကို ခါရမ်းပြီးပြောဆိုလိုက်၏။ “ဒီလှည်းကိုဆွဲနေတဲ့မြင်းတွေသာ ကွမ်ယင်မယ်တော်ရဲ့ အနီရောင်မြည်းတွေ ဖြစ်ခဲ့မယ်ဆိုရင် ဒီမြင်းလှည်းအိမ်ကြီးက တကယ့်ကို ရှေးဟောင်းပစ္စည်းတစ်ခု ဖြစ်သွားလောက်တယ်။ ဒီလိုမျိုး မြင်းလှည်းတစ်စီး မင်းတွေ့အောင်ရှာနိုင်ခဲ့တာ အံ့ဩစရာပဲ။”
စွန်းရှောင်းဟုန်က မရယ်မောဘဲမနေနိုင်ဖြစ်သွားခဲ့ရ၏။ သူမက မေးလေးမော့ပြီး မေးမြန်းလိုက်၏။ “ကျမစီစဉ်လာတာကို ရှင်သဘောမကျဘူးပေါ့လေ။”
လီဆွန်းဟွာ-“မဟုတ်ရပါဘူးဗျာ... ကျုပ်သဘောကျပါတယ်။ သိပ်ပြီးကိုသဘောကျပါတယ်။”
သူ၏မျက်လုံးများကို မှိတ်ထားပြီး ပြောဆိုလိုက်၏။ “ဒီမြင်းလှည်းထဲကို ခြေတစ်လှမ်းဝင်ခဲ့ပြီးတာနဲ့ ဟိုးအရင်တုန်းက အကြောင်းတွေ ကျုပ်သွားစဉ်းစားမိလာတယ်။”
စွန်းရှောင်းဟုန်-“အိုး... ရှင်ဘာတွေများ စဉ်းစားမိလာလို့လဲ။”
လီဆွန်းဟွာ-“ကျုပ်ငယ်ငယ်တုန်းက ဆော့ကစားခဲ့တဲ့ သစ်သားမြင်းရုပ်လေးကို သတိရလာမိလို့ပါ။ အဲဒီမြင်းရုပ်လေးပေါ်မှာ ရှေ့နောက် ခုလိုပဲခုန်ပေါက်နေခဲ့တယ်။”
သူ၏စကားပင်မဆုံးသေး သူ့ပါးစပ်ထဲသို့ တစ်စုံတစ်ခု သွတ်သွင်းခြင်းကို ခံလိုက်ရ၏။
စွန်းရှောင်းဟုန်က ပြုံးပြီးပြောဆိုလိုက်၏။ “ဒီစွန်ပလွန်သီးတွေစားပြီးတာနဲ့ အိပ်ပြီးအနားယူလိုက်တော့... ဟုတ်ပြီလား။”
လီဆွန်းဟွာ-“ကျုပ်သာ တကယ်တမ်းအိပ်ပျော်သွားခဲ့ပြီး အကြာကြီးမနိုးထလာခဲ့ရင် သိပ်ကောင်းမှာပဲ... ဒါပေမဲ့...”
စွန်းရှောင်ဟုန်က သူ့စကားကို ဖြတ်ပြောလိုက်သည်။ “ဒီမြင်းလှည်းကို ကျမတွေ့အောင်ရှာလာခဲ့တာ ရှင့်ကို ကောင်းကောင်း အနားယူစေချင်လို့ဆိုတာသိလား။ ရှင် ကောင်းကောင်းအနားယူပြီးသွားရင် ကျမတို့ မြင်းလှည်းနောက်တစ်စီး ပြောင်းစီးနိုင်သေးတယ်။”
လီဆွန်းဟွာက လက်ထဲမှအရက်ခွက်ကို ကုန်စင်အောင်မော့သောက်ပြီး ပြောဆိုလိုက်တော့သည်။ “ဒါဆိုရင်လည်း နောက်ထပ် အရက်နည်းနည်းတော့ ကျုပ်သောက်မှဖြစ်လိမ့်မယ်။ ဒါမှသာ ကျုပ်ကောင်းကောင်း အိပ်ပျော်နိုင်မယ်ထင်တယ်။”
သူ့လက်ထဲမှ အရက်ခွက်သည် ယိမ်းထိုးနေသလို ကျစ်ဆံမြီးလေးနှစ်ချောင်းသည်လည်း ယိမ်းထိုးနေ၏။
သူမ၏ မျက်ဝန်းများက မြင်းလှည်းအပြင်ဘက်မှ သောက်ရှူးကြယ်များလို လင်းလက်နေ၏။
ထိုသော်ရှူးကြယ်များက အိပ်မက်တစ်ခုလိုပင်...
လီဆွန်းဟွာသည် မူးယစ်ရီဝေသော အခြေအနေသို့ ရောက်ရှိသွားတော့သည်။
လှပသောညဉ့်ယံတစ်ခုအောက်... အလွန်လှပသော အဖော်တစ်ယောက်ရှိနေသောအချိန်တွင် သူမှမမူးယစ်လျှင် မည်သူများ မူးယစ်နိုင်ပါတော့မည်နည်း။
အရက်မူးပြီးနောက် သူအိပ်မပျော်ဘဲ နေနိုင်ပါဦးမည်လား။
လီဆွန်းဟွာက လှဲချလိုက်ပြီးသူ့ခြေထောက်တစ်ဘက်ကို မျက်နှာချင်းဆိုင် ထိုင်ခုံပေါ်သို့တင်ထားပြီး ရေရွတ်ပြောဆိုလိုက်၏။ “ပညာရှိတွေနဲ့ သူရဲကောင်းတွေဟာ အထီးကျန်ဆန်မှုကိုသာ အဖော်ပြုနေရပြီး သူတို့အတွက် အရက်ကလွဲပြီး ဘာအဖော်မှ မရှိခဲ့ကြဘူး... ဒါပေမဲ့ ဒီလိုညမျိုးကို မူးအောင်သောက်ပစ်လိုက်တာတော့ သိပ်ပြီးစိတ်ဓာတ်ကျစရာ ကောင်းလွန်းလှပါတယ်လေ...”
အရာအားလုံးတိတ်ဆိတ်ငြိမ်သက်သွားခဲ့ရတော့သည်။ တိတ်ဆိတ်ငြိမ်သက်နေသော အသံသာ ကျန်ရှိနေတော့၏။
လီဆွန်းဟွာ အိပ်မောကျသွားခဲ့ချေပြီ။
စွန်းရှောင်းဟုန်သည် သူ့ကိုကြင်နာမှုများဖြင့် ပြည့်လျှံနေသော အကြည့်များဖြင့် စိုက်ကြည့်နေ၏။ ခဏကြာသောအခါ သူမသည် သူ့ဆံနွယ်စများကို သူမ၏လက်ချောင်းလေးများဖြင့် ဖြီးသင်ပေးပြီး တိုးတိုးလေး ပြောဆိုလိုက်၏။ “အိပ်ပါ... ငြိမ်းငြိမ်းချမ်းချမ်းသာ အိပ်နေပါတော့ရှင်။ ရှင်နိုးထလာတဲ့အချိန်ကျရင် ရှင်ခံစားနေရတဲ့ စိတ်ဓာတ်ကျဆင်းမှုတွေ၊ ဝမ်းနည်းပူဆွေးမှုတွေ၊ ဒုက္ခတွေအားလုံးဟာ အတိတ်မှာကျန်ခဲ့တော့မှာပါ။ အဲဒီအချိန်ကိုရောက်လာခဲ့ရင် ကျမရှင့်ကို ဒီထက်အရက်ပိုမပေးသောက်တော့ပါဘူး။”
သူမ၏မျက်လုံးများက တောက်ပကြည်လင်နေကြပြီး ပျော်ရွှင်မှုများ လွှမ်းခြုံထားလေသည်။
သူမသည် ငယ်ရွယ်သူတစ်ယောက်သာဖြစ်၏။
ငယ်ရွယ်သူများသည် လောကကြီးကို အမြဲတမ်းအကောင်းမြင်တတ်ကြသည်။ သူတို့တွေးထင်ထားသည့်အတိုင်း ဖြစ်လာမည်ဟုလည်း ထင်မှတ်ထားကြပြန်၏။
စွန်းရှောင်းဟုန် နားမလည်ခဲ့သည့်အချက်မှာ သူမ တွေးထင်ထားသလိုမျိုး ဖြစ်လာလိမ့်မည်မဟုတ်မှန်း မသိခဲ့ခြင်းပင်။ အနာဂတ်တွင် ဖြစ်ပျက်လာမည့်အရာများသည် လူသားများတွေးထင်ထားသကဲ့သို့ ဖြစ်ချင်မှဖြစ်လာမည်ဖြစ်သည်။ သူမ၏ တွေးထင်ထားချက်များနှင့် ရလာဒ်များသည် မည်မျှလောက် ဝေးကွာခဲ့မည်မှန်းသာ သိခဲ့ပါမူ သူမ၏ ဝတ်ရုံတစ်ခုလုံး မျက်ရည်များဖြင့် ရွှဲစိုသွားလောက်ပေမည်။
မြင်းလှည်းမောင်းသမားသည်လည်း သူ၏အရက်ကို ငုံသောက်ပြီး မောင်းနှင်နေ၏။
သူ့ကိုကြည့်ရသည်မှာ အလျင်စလိုဖြစ်ပုံမရ။
အဘယ်ကြောင့်ဆိုသော် သူ့မြင်းလှည်းကိုငှားလာသူ မိန်းမပျိုလေးက ခပ်ဖြည်းဖြည်း မောင်းနှင်ရန် ညွှန်ကြားခဲ့သောကြောင့်ဖြစ်၏။
“ရှင် ဖြည်းဖြည်းမှန်မှန်သာ မောင်းနှင်သွားပါ။ ကျမတို့ အလျင်မလိုပါဘူး။”
မြင်းလှည်းမောင်းသမားသည် တစ်ကိုယ်တည်းပြုံးနေမိ၏။ သူသာ ဤမြင်းလှည်းထဲတွင် သူ့ချစ်သူနှင့် ခရီးဆက်နေမည် ဆိုပါကလည်း အလျင်လိုမည်မဟုတ်ပါ။
လီဆွန်းဟွာ၏ဘဝကို သူအားကျမိ၏။ လီဆွန်းဟွာသည် လောကကြီးတွင် ကံအကောင်းဆုံးလူသားတစ်ယောက်ဟု သူယုံကြည်နေမိ၏။
သို့သော် လီဆွန်းဟွာနှင့် စွန်းရှောင်းဟုန်တို့နှစ်ယောက် ရင်ဆိုင်ကြုံတွေ့မည့်အရာများကိုသာ သူသိရှိနိုင်ခဲ့ပါက သူ့လက်ထဲမှ အရက်ခွက် လွတ်ကျကွဲသွားပေလိမ့်မည်။
နောက်တစ်နေ့ ရောက်လာပေပြီ။
လီဆွန်းဟွာ နိုးထလာခဲ့သောအချိန်တွင် မြင်းလှည်းတွင်းသို့ နေရောင်များ ထိုးဝင်နေချိန်ဖြစ်၏။
သူမည်မျှကြာကြာအိပ်ပျော်သွားခဲ့မှန်း မသိရှိနိုင်ခဲ့ပါ။ သူအလွန်ပင်ပန်းသွားသောကြောင့်လား။ သို့တည်းမဟုတ် သောက်ခဲ့သော အရက်များကြောင့်လား။
လီဆွန်းဟွာသည် သူသောက်ခဲ့သောအရက်ခွက်ကို ကောက်ယူနမ်းကြည့်လိုက်ပြီး ဖြည်းညင်းစွာ ပြန်ချထားလိုက်၏။
မြင်းလှည်းသည် ရှေ့နောက်ယိမ်းထိုးနေဆဲ... ဖြည်းဖြည်းလေးခရီးဆက်နေဆဲ... ဟိုနေရာရပ်လိုက် သည်နေရာရပ်လိုက်နှင့် ကြည့်ရသည်မှာ မြင်းလှည်းမောင်းသူသည် အရက်မူးနေဟန်တူ၏။
စွန်းရှောင်းဟုန်သည် လီဆွန်းဟွာ၏ ပေါင်ပေါ်တွင် အိပ်မောကျနေ၏။
သူမ၏ဆံနွယ်စရှည်များက ရေတံခွန်တစ်ခုလို သူ့ပေါင်ပေါ်တွင် တွဲကျနေ၏။
လီဆွန်းဟွာ မြင်းလှည်းပြတင်းပေါက်မှ အပြင်ဘက်သို့ထွက်ကြည့်လိုက်သောအခါ မြင်းလှည်း၏ အရိပ်ကိုပင် မတွေ့ခဲ့ချေ။
နေမွန်းတည့်ချိန်ကြီးဖြစ်၏။
အတန်ငယ်လှမ်းသောနေရာသို့အရောက်တွင် ရွာလေးတစ်ရွာ၏နာမည်ကို ရေးထိုးထားသော ကျောက်တိုင်တစ်တိုင်ကို တွေ့လိုက်ရ၏။
စန့်ကွမ်းကျင်းဟုန်နှင့် ချိန်းဆိုထားသော အချိန်သည် အလွန်နီးကပ်လာပြီဖြစ်၏။ ၆ နာရီသာသာလေးသာ ကျန်ရှိတော့သည်။
သို့သော် သူသည် လမ်းခရီးတစ်ဝက်ကျိုးရုံသာ ရှိနေသေး၏။
လီဆွန်းဟွာ၏ လက်များ အေးခဲလာသလို ခံစားနေရတော့သည်။
သူ့အတွက် စိုးရိမ်ပူပန်မှု၊ ဝမ်းနည်းကြေကွဲမှုနှင့် ဒုက္ခရောက်ခဲ့သည့်အချိန်များ ရှိခဲ့သလို ပျော်ရွှင်ပြီး စိတ်မတိုသော အချိန်များလည်း ရှိခဲ့ဖူးပါသည်။
သို့သော် ယခုအချိန်တွင် သူစိတ်ဆိုးလုနီးနီးဖြစ်နေရလေသည်။
စွန်းရှောင်းဟုန်သည် သူ၏လှုပ်ခါနေမှုများကြောင့် လန့်နိုးလာခဲ့ရ၏။ သူမ မော့ကြည့်လိုက်သောအခါ လီဆွန်းဟွာ၏ မျက်နှာထားတင်းတင်းကို ရင်ဆိုင်မိသွားခဲ့သည်။ ထိုမျက်နှာသွင်ပြင်မျိုးကို သူမတစ်ခါမှ မတွေ့ခဲ့ဖူးပါ။
သူမသည် ခေါင်းငုံ့ထားပြီး တီးတိုးလေးပြောဆိုလိုက်၏။ “ရှင်ကျမကို စိတ်ဆိုးနေတာလား။”
လီဆွန်းဟွာ၏ပါးစပ် ပိတ်ထား၏။ စေ့တင်းစွာ ပိတ်ထားနေ၏။
စွန်းရှောင်းဟုန်-“ရှင်ကျမကို စိတ်ဆိုးနေလည်း ဒီအလုပ်ကိုကျမလုပ်မိမှာပဲ။ ရှင်ကျမကို ဆူပူကြိမ်းမောင်းပြီး ရိုက်နှက်လည်း ကျမဗွေမယူပါဘူး။ ကျမလုပ်ခဲ့တာဟာ ရှင့်ကောင်းစားရေးအတွက်ဆိုတာ ရှင်သိနေသရွေ့ပေါ့။”
လီဆွန်းဟွာက သက်ပြင်းရှည်ကြီးချလိုက်၏။ သူ၏ခန္ဓာကိုယ်တစ်ခုလုံးကို ဖြေလျှော့ထားလိုက်ပြီး သူ့စိတ်သည်လည်း နူးညံ့ပျော့ပြောင်းလာလေတော့သည်။
စွန်းရှောင်းဟုန် ပြုမူဆောင်ရွက်ခဲ့သည်များသည် သူ့ကောင်းစားရေးအတွက်ဖြစ်မှန်း သူသိနေပါသည်။
သူမ ဘာများအမှားလုပ်မိခဲ့သနည်း။ သူမ လုပ်ကိုင်ဆောင်ရွက်ခဲ့သည်များသည် သူ့ကောင်းစားရေးအတွက် ဖြစ်နေသမျှ သူမအပေါ်တွင် သူစိတ်ဆိုးနိုင်ပါမည်လား။
လီဆွန်းဟွာ-“မင်းဘာတွေ တွေးနေလဲဆိုတာ ကျုပ်သိပါတယ်။ ကျုပ်မင်းကို အပြစ်မမြင်ပါဘူး။ ဒါပေမဲ့ ကျုပ်ဘာတွေ တွေးနေလဲဆိုတာကော မင်းသိရဲ့လား။”
စွန်းရှောင်းဟုန်-“ရှင်... ရှင်ဘာတွေ စဉ်းစားနေလဲဆိုတာ ကျမမသိဘူးလို့များ ထင်နေလို့လား။”
လီဆွန်းဟွာ-“ကျုပ်ဘာတွေ စဉ်းစားနေလဲဆိုတာ မင်းသိခဲ့မယ်ဆိုရင် ကျုပ်နဲ့ စန့်ကွမ်းကျင်းဟုန်တို့ရဲ့ ရင်ဆိုင်တွေ့ဆုံမှုကို ဘာဖြစ်လို့ ဟန့်တားချင်ရတာလဲ။ နောင်တစ်ချိန်ကျရင်ကော... ကျုပ်တို့မတွေ့တော့ဘူးလို့ မင်းပြောနိုင်လို့လား။ မနက်ဖြန်တောင်မှ တွေ့ချင်တွေ့ကြဦးမယ်။”
စွန်းရှောင်းဟုန်-“ဒါပေမဲ့ မနက်ဖြန်ရောက်လာတာနဲ့ အရာအားလုံး ပြောင်းလဲသွားမှာပါ။”
လီဆွန်းဟွာ-“မနက်ဖြန်မှာ ဘာတွေများ ပြောင်းလဲသွားမှာမို့လဲ။”
စွန်းရှောင်းဟုန်-“မနက်ဖြန်ရောက်ရင် စန့်ကွမ်းကျင်းဟုန် သေနေလောက်ပြီ။ ဒီညတောင်မှ သူကျော်လွန်နိုင်ပါ့မလား မသိဘူး။”
သူမပြောဆိုနေသည့် ဟန်မူရာများက လွန်စွာမှထူးဆန်းနေ၏။ သူမပြောဆိုခဲ့သောအရာများကို ပိုင်ပိုင်နိုင်နိုင် အပိုင်တွက်ချက်ပြီးမှ ပြောဆိုခဲ့ခြင်းဖြစ်နေသလိုမျိုးလည်းဖြစ်၏။
သူမ ပိုင်ပိုင်နိုင်နိုင်ပြောဆိုနိုင်ရလောက်အောင် ဘာများလျှို့ဝှက်ချက်ရှိနေသနည်းဆိုသည်ကို လီဆွန်းဟွာ မတွေးတတ်တော့ပါ။
စွန်းရှောင်းဟုန်-“ရှင်ဒီနေ့ မရောက်လာနိုင်လို့လည်း ဘယ်သူကမှ အပြစ်ပြောကြမှာမဟုတ်ပါဘူး။ ပြီးတော့ ဒါတွေအားလုံးဟာ စန့်ကွမ်းကျင်းဟုန်ဘက်ကချည်း စီစဉ်ဆောင်ရွက်ခဲ့တာချည်းပဲ။ သူသာ ရှင့်ကို တိမ်လွှာစံအိမ်တော်ကို မသွားခိုင်းခဲ့ဘူးဆိုရင် ရှင်ဒီလောက်နောက်ကျစရာ ဘာအကြောင်းမှမရှိဘူး။”
လီဆွန်းဟွာသည် တွေဝေစဉ်းစားနေဆဲဖြစ်ပြီး သူ၏အမူအရာများက ပြောင်းလဲလာခဲ့၏။
စွန်းရှောင်းဟုန်၏ အတွေးများသည်လည်း ပေါ့ပါးလာခဲ့ပြီး လီဆွန်းဟွာဘေးနားသို့ တိုးကပ်လာကာ တီးတိုးပြောဆိုလိုက်၏။ “စန့်ကွမ်းကျင်းဟုန်သာ သေသွားခဲ့မယ်ဆိုရင် ဘယ်သူမှ...”
လီဆွန်းဟွာက သူမ၏စကားကို ဖြတ်မေးလိုက်၏။ “မင်းရဲ့ဘိုးဘိုးက ဒီလိုလုပ်ဖို့ ပြောခဲ့တာလား။”
စွန်းရှောင်းဟုန်က မျက်တောင်များပုတ်ခတ်နေပြီး ပျော်ရွှင်စွာပြောဆိုလိုက်၏။ “သူပြောခဲ့တာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။”
လီဆွန်းဟွာ-“သူ ကျုပ်အစား စန့်ကွမ်းကျင်းဟုန်နဲ့ ရင်ဆိုင်တွေ့တော့မယ်ပေါ့။”
စွန်းရှောင်းဟုန်-“မှန်တယ်။ စန့်ကွမ်းကျင်းဟုန်သာ ဘိုးဘိုးကိုတွေ့လိုက်ရင် ကြောင်ကိုတွေ့လိုက်ရတဲ့ ကြွက်တစ်ကောင်လို ဖြစ်သွားမှာသေချာတယ်။ ဘိုးဘိုးဟာ စန့်ကွမ်းကျင်းဟုန်ကို ရင်ဆိုင်နိုင်တဲ့ တစ်ဦးတည်းသော လူတစ်ယောက်လို့ ကျမထင်တယ်။”
သူမသည် လီဆွန်းဟွာ၏လက်ကို ဆုပ်ကိုင်ထားပြီး စကားဆက်ပြောရန် ကြိုးစားလိုက်သော်လည်း လီဆွန်းဟွာ၏ လက်များက ရေခဲတမျှ အေးစက်နေခြင်းကို ရုတ်ချည်း ခံစားမိသွား၏။
လူတစ်ယောက်သည် ကြောက်ရွံ့ထိတ်လန့်မှုများ မရှိနေခဲ့ပါက သူ၏လက်တစ်စုံသည် ဘယ်အတွက်ကြောင့် ရေခဲတမျှ အေးစက်နေရပါမည်နည်း။
သို့သော် လီဆွန်းဟွာ ဘာကို ကြောက်ရွံ့နေပါသနည်း။
လီဆွန်းဟွာ၏ မျက်နှာအမူအရာများကို တွေ့ခဲ့ပြီးနောက် ထိုမေးခွန်းကိုမေးမြန်းရန် သူမ မဝံ့မရဲဖြစ်သွားလေတော့သည်။
လီဆွန်းဟွာက သူမကို မေးမြန်းလိုက်၏။ “မင်းရဲ့ဘိုးဘိုးက သူ့သဘောဆန္ဒနဲ့သူ သွားရင်ဆိုင်တာလား... ဒါမှမဟုတ် မင်းအတွက်ကြောင့်လား။”
စွန်းရှောင်းဟုန်-“အဲဒီအချက်က... အရေးပါလို့လားဟင်...”
လီဆွန်းဟွာ-“သိပ်ပြီးအရေးပါတာပေါ့...”
စွန်းရှောင်းဟုန်-“ဘိုးဘိုးကို စန့်ကွမ်းကျင်းဟုန်နဲ့ ရင်ဆိုင်တွေ့ဆုံဖို့ တိုက်တွန်းခဲ့တာ ကျမပါ။ ဘာကြောင့်လဲဆိုတော့ စန့်ကွမ်းကျင်းဟုန်လိုလူမျိုးအတွက် ဘယ်သူကပဲသတ်သတ် အရေးမကြီးပါဘူး။ သူ့ကို သတ်နိုင်တဲ့သူဟာ ရှင်ဖြစ်ရမယ်လို့ ဘယ်သူမှမသတ်မှတ်ထားပါဘူး။”
လီဆွန်းဟွာက သူမ၏စကားကို ထောက်ခံကြောင်း ခေါင်းညိတ်ပြနေသော်လည်း သူ၏အမူအရာများက ထူးဆန်းစွာ ပြောင်းလဲနေ၏။
သူ့ကိုကြည့်ရသည်မှ ကြောက်ရွံ့ထိတ်လန့်နေသည်ထက် ဝမ်းနည်းကြေကွဲမှုက ပိုနေသည်ဟု ထင်ရ၏။
စွန်းရှောင်းဟုန်က မအောင့်အီးနိုင်တော့ဘဲ မေးမြန်းလိုက်သည်။ “ရှင်သိပ်စိတ်ပူနေလား။”
ထိုမေးခွန်းကို လီဆွန်းဟွာပြန်ဖြေရန်မလိုအပ်တော့ပါ။ သူ၏အမူအရာများက သူ၏အဖြေစကားပင်ဖြစ်၏။
စွန်းရှောင်းဟုန်-“ရှင်ဘာဖြစ်လို့ ဒီလောက်တောင်မှ စိုးရိမ်သောကရောက်နေရလဲဆိုတာ ကျမမစဉ်းစားတတ်တော့ဘူး။ ဘိုးဘိုးများ...”
လီဆွန်းဟွာက သက်ပြင်းချပြီး တိုးတိတ်စွာ ပြောဆိုလိုက်တော့သည်။ “ကျုပ်စိုးရိမ်နေတာက မင်းအတွက်ပါကွယ်။”
စွန်းရှောင်းဟုန်-“ရှင်က ကျမကိုစိုးရိမ်နေတယ်... ဘာဖြစ်လို့လဲ။”
လီဆွန်းဟွာ-“လူတိုင်းပဲ တစ်သက်မှာတစ်ခါလောက်တော့ မှားယွင်းခဲ့ဖူးကြတယ်။ တချို့အမှားတွေက ပြန်ပြင်လို့ရပေမယ့် တချို့အမှားတွေကတော့ ဘယ်တော့မှ ပြန်မပြင်နိုင်တော့ဘူး။”
သူ၏မျက်လုံးများထဲတွင် ဝမ်းနည်းကြေကွဲမှုများ ဖုံးလွှမ်းနေပြီး နက်နက်ရှိုင်းရှိုင်း နာကျင်ခံစားနေရမှုများ ပေါ်ထွက်နေ၏။
လီဆွန်းဟွာက သူမကို စိုက်ကြည့်ပြီးပြောဆိုလိုက်၏။ “မင်းသာ ပြင်မရတဲ့အမှားတစ်ခုကို လုပ်ခဲ့မိမယ်ဆိုရင် မင်းရဲ့ရည်ရွယ်ချက်တွေ ဘယ်လိုပဲကောင်းကောင်း... အဲဒီအမှားအတွက် တစ်သက်လုံး ခံစားနေရတော့မှာပဲ။ တခြားလူတွေက မင်းကိုခွင့်လွှတ်နိုင်ကြပေမယ့် မင်းကိုယ်မင်း ဘယ်တော့မှ ခွင့်လွှတ်နိုင်မှာမဟုတ်ဘူး။ ဒါဟာ သိပ်ပြီး ကြောက်လန့်စရာကောင်းတဲ့ စိတ်ခံစားမှုတစ်မျိုးပဲ။”
ထိုခံစားချက်ကို လီဆွန်းဟွာ ကောင်းစွာနားလည်ပါသည်။
အဘယ်ကြောင့်ဆိုသော် သူ့ဘဝတွင် ပြုလုပ်ခဲ့မိသော အမှားတစ်ခုကြောင့် ဘဝတစ်ခုလုံးစာ ပေးဆပ်နေရသည် မဟုတ်ပါလား။
စွန်းရှောင်းဟုန်က သူ့ကိုပြန်လည်စိုက်ကြည့်နေပြီး ထူးဆန်းသော ထိတ်လန့်တုန်လှုပ်မှုများကို ခံစားနေရ၏။ “ကျမ လုပ်ခဲ့တာ တစ်ခုခုများမှားယွင်းနေတယ်လို့ ရှင်ထင်နေလို့လား။”
လီဆွန်းဟွာက အတန်ကြာမျှ တိတ်ဆိတ်နေခဲ့ပြီး သူမကို မေးခွန်းထုတ်လိုက်၏။ “မင်းဘိုးဘိုးနောက်ကို တစ်သက်လုံး လိုက်နေခဲ့တာလား။”
စွန်းရှောင်းဟုန်က ခေါင်းညိတ်ပြီးဖြေဆိုလိုက်သည်။
လီဆွန်းဟွာက ထပ်မံမေးမြန်းလိုက်ပြန်သည်။ “မင်းဘိုးဘိုး သူ့ရဲ့သိုင်းပညာထုတ်သုံးတာ တွေ့ဖူးလား။”
စွန်းရှောင်းဟုန်က တုန်လှုပ်စွာ ဖြေကြားလိုက်၏။ “ကျမ... မတွေ့ခဲ့ဖူးဘူးထင်တာပဲ။”
0 comments:
Post a Comment