Thursday, March 10, 2011

(၇၉) သစ္စာဘက်တော်သားမိတ်ဆွေ

ကုန်းစွန်းယုက နောက်တစ်ကြိမ် ကျယ်လောင်စွာမာန်သွင်းပြီး ထယ်ကျွမ်ကျား၏ ခန္ဓာကိုယ်ပေါ်သို့ ကာကွယ်ပေးထားလိုက်သည်။ “ကျုပ်တို့မှားသွားခဲ့ပြီ။ သူဟာ... လုံးဝမဖြစ်နိုင်...”

ကုန်းစွန်းယု၏အသံသည်လည်း ကွယ်ပျောက်သွားရပြန်၏။

နောက်ထပ်လှံတံတစ်ချောင်း ကုန်းစွန်းယု၏ နောက်ကျောသို့ ထိုးစိုက်ခြင်းကို ခံလိုက်ရသောကြောင့်ဖြစ်၏။

လှံတံဖြင့် ထိုးလိုက်သူက သူ၏လှံတံကိုဆွဲနှုတ်သွားခဲ့ပြန်၏။ နံရံပေါ်ရှိ ကျောက်မီးတိုင်များ၏ မှေးမှိန်သော အလင်းရောင်အောက် မြေအောက်ဥမင်အတွင်းတွင် မှုန်မွှားနေ၏။

ပန်းနုရောင် မြူမှုန်များဖြစ်၏။

သွေးမြူမှုန်များလည်းဖြစ်၏။

နဂိုကရှိခဲ့သောလူ ၂၆ ယောက်တို့တွင် ၁၆ ယောက် ကျဆုံးခဲ့ချေပြီ။

သွေးသံရဲရဲသတ်ဖြတ်မှုက ဤမျှနှင့်ရပ်တန့်မည့်ပုံမပေါ်။ အင်အားကြီးသူနှင့် အားနည်းသူနှစ်ဘက်တို့သည် သိသိသာသာကြီး ကွဲပြားလာလေတော့သည်။



သူ၏ခန္ဓာကိုယ်ပေါ်၌ ဒဏ်ရာ ၆ ချက်ခန့်ရရှိထားသူ ဆေးရောင်းသူထံမှ အက်ကွဲသောအသံထွက်ပေါ်လာ၏။ “ထယ်ကျွမ်ကျား သေသွားခဲ့ပြီပဲ။ ကျုပ်တို့ ဒီနေရာကနေ အမြန်ဆုံးထွက်ခွာသွားကြရအောင်လား။”

ဤရှုံးနိမ့်နေသောတိုက်ပွဲတွင် သူတို့ဘက်မှ လူ ၃ ယောက်သာကျန်ရှိတော့သည်။ သူတို့မည်မျှကြာကြာ တောင့်ခံထားနိုင်ပါဦးမည်နည်း။

လက်ထဲတွင် ပေါက်ဆိန်ကိုင်ဆောင်ထားသူ ‘တောင်ဖြိုပေါက်ဆိန်’ က အံကြိတ်ပြီးမေးမြန်းလိုက်သည်။ “ဒုတိယအစ်ကိုကြီး... ကျုပ်တို့တွေ ဆုတ်ခွာသွားကြရတော့မှာလား။”

မျက်မမြင်လူကြီးက ပြန်ပြောလိုက်သည်။ “ဆုတ်ခွာသွားရမယ်... ဟုတ်လား။ မြေပြန့်သမာဓိ ၈ ဖော်ဟာ အသက်သာ အသေခံသွားမယ်။ ဘယ်တော့မှ ဆုတ်ခွာပြေးရိုးထုံးစံမရှိဘူး။ ဆုတ်ခွာမယ်ပြောတဲ့လူကို ကျုပ်အရင်ဆုံး တိုက်ခိုက်ရလိမ့်မယ်။”

အဝါရောင်ဝတ်ဆင်ထားသူတစ်ယောက်က အေးစက်စက်ရယ်မောပြီး ပြောဆိုလိုက်၏။ “ကောင်းတယ်။ ခင်ဗျားတို့တတွေ သိပ်ကိုသတ္တိရှိနေကြပါလား။ ဒီနေ့တော့ ခင်ဗျားတို့ရဲ့ လိုအင်ဆန္ဒကို ဖြည့်ဆီးပေးရ...”

သူ၏အသံသည် တစ်ဝက်တစ်ပျက်ဖြင့် ပြတ်တောက်သွားခဲ့ရ၏။ သူ၏မျက်လုံးများက ငါးအသေကောင်တစ်ကောင်လို ပြူးထွက်လာကြလေသည်။

သူသည် လျင်မြန်စွာ သေဆုံးသွားခြင်း ဖြစ်လေသည်တကား။ သူထွက်နိုင်ခဲ့သော တစ်ခုတည်းသောအသံမှာ လည်မျိုမှ ထွက်ပေါ်လာသော ‘ဂစ်ဂစ်’ အသံများသာ ဖြစ်လေတော့သည်။

သူ၏အသက်ရှုမှုများက မရပ်တန့်သွားသေးပါ။ သို့သော် သူ၏စကားကိုမူ ပြီးဆုံးအောင် ဆက်မပြောနိုင်ခဲ့ချေ။ သူသည် ကြိုးစားပမ်းစား စကားပြောချင်နေသော်လည်း မည်သည့်အသံမျှ မထွက်ပေါ်လာခဲ့ပါ။ အဘယ်ကြောင့်ဆိုသော် သူ၏ လည်မျိုတွင် စိုက်ဝင်နေသည့်အရာမှာ ဓားပျံတစ်လက်ဖြစ်နေလေသည်။

၇ လက်မခန့်ရှည်သောဓားပျံ...

ရှောင်းလီဓားပျံ...

လှုပ်ရှားမှုအားလုံး ငြိမ်သက်သွားခဲ့ရပြီး လူတိုင်း၏အကြည့်များက ထိုဓားပျံပေါ်တွင် စိုက်ရောက်နေကြ၏။

ထိုဓားပျံသည် မည်သည့်နေရာမှ ရုတ်တရက် ထွက်ပေါ်လာခဲ့မှန်း မည်သူမျှမသိနိုင်ကြပါ။ သို့သော် မည်သူ ရောက်လာသည်ဆိုခြင်းကိုတော့ အားလုံးနားလည်လိုက်ကြ၏။

မြေအောက်ဥမင်တွင်းရှိ လူအားလုံးပင် ပါးစပ်အဟောင်းသား ဖြစ်နေကြရ၏။

လီဆွန်းဟွာသည် သူတို့၏ရှေ့တွင် မားမားမတ်မတ် ရပ်တန့်နေလေသည်။

သို့သော် မည်သူမျှ လီဆွန်းဟွာကို လှည့်မကြည့်ရဲချေ။ သူတို့၏ဦးခေါင်းများ လှည့်ကြည့်လိုက်သည်နှင့် တပြိုင်နက် ဝိဉာဉ်ခြွေသော ဓားပျံတစ်လက်က သူတို့၏လည်မျိုများသို့ စိုက်ရောက်လာမည်ကို စိုးရွံ့နေကြ၏။

အဝါရောင်ဝတ်ဆင်ထားသူများသည် ရွှေဒင်္ဂါးဂိုဏ်း၏ လက်ရွေးစဉ်သိုင်းသမားများဖြစ်ကြ၏။ သူတို့ထဲတွင် တစ်ယောက်မျှ သေရမည်ကို ကြောက်သွေးပါသူများ မပါရှိကြပါ။ သို့သော် ယခုအချိန်တွင် သူတို့အားလုံးသည် ပင်ပန်းနွမ်းနယ်သလိုဖြစ်နေပြီး အားအင်များရုတ်ချည်းဆုတ်ယုတ်သွားသလိုလည်း ခံစားနေကြရ၏။ လူသေကောင်များနှင့် မြင်မကောင်းအောင် စီးထွက်နေသော သွေးများကို သူတို့မြင်တွေ့ခဲ့ကြပြီးပြီဖြစ်သည်။

ထိုမြင်ကွင်းများကပင် သူတို့၏ရဲရင့်မှုနှင့် သတ္တိစိတ်များကို ယိုင်လဲသွားစေနိုင်လောက်၏။ တဖန်... ရှောင်းလီဓားပျံသည် သိုင်းလောကတွင်ကျော်ကြားနေသည်မှာ သာမန်ဓားပျံတစ်လက်အဖြစ် ကျော်ကြားနေခြင်းမဟုတ်။ ယမမင်းကြီး၏ နာမည်တော်လောက်နီးနီး ကျော်ကြားသော ဓားပျံဖြစ်သည်။

ရှောင်း(၁)လီ(၂)ဓား(၃)ပျံ(၄)... ဤစကားလုံး ၄ လုံးက သေခြင်းတရားနှင့် လွန်စွာမှပင် နီးစပ်သလိုမျိုးလည်း ခံစားမိနေကြ၏။

သူတို့သည် သေခြင်းတရားကို နဖူးတွေ့ဒူးတွေ့ ရင်ဆိုင်မိနေပြီး သေရသည့်ခံစားချက်ကို ယခုမှသာ နားလည်သဘောပေါက်လာသလိုမျိုးလည်း ခံစားနေကြရပြန်သည်။

သူတို့အဖော်ဖြစ်သူ၏ လူသေကောင်အလောင်းကြီးသည် သူတို့၏ခြေရင်း၌ပင် ရှိနေသေးသည်မဟုတ်ပါလား။

ပြီးခဲ့သည့် မျက်စိတစ်မှိတ်လျှပ်တစ်ပျက် အချိန်လေးအတွင်းက ထိုသူသည် ကောင်းမွန်စွာ အသက်ရှုလျက်ရှိနေခဲ့သေး၏။

ပြီးနောက် လွန်စွာမှပင် ထိတ်လန့်ဖွယ်ကောင်းသော ဓားပျံတစ်လက်က ထိုသူ၏ဝိဉာဉ်ကို ခြွေယူသွားခဲ့ပြီး ထိုသူသည်လည်း လူသေကောင်တစ်ကောင်အဖြစ် ဘဝတစ်ပါး ကူးပြောင်းသွားသည်မှ လျင်မြန်လွန်းလှသည်။

ထိုသူ၏ ဘဝကြီးသည် ဘာအဓိပ္ပါယ်မှ မရှိတော့သလိုမျိုးလည်း ဖြစ်သွား၏။ ထိုအချက်ကို သေသွားသူကိုယ်တိုင်ပင် သိချင်မှသိပေလိမ့်မည်။

မည်သည့်အရာမျှ ဤမြန်ဆန်သော ပြောင်းလဲမှုလောက် ကြောက်မက်ဖွယ်ရာမကောင်းပါ။ သူတို့ကြောက်ရွံ့နေသည်မှာ သေခြင်းတရားမဟုတ်... ဤလျှပ်တစ်ပျက်အပြောင်းအလဲကို ဖြစ်၏။

မျက်မမြင်လူကြီးက တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်၏။ “လီတွမ့်ဟွာ...”

မျက်မမြင်လူကြီးသည် မည်သည့်အရာမျှ မမြင်တွေ့နိုင်သလို မည်သည့်အသံမျှလည်း မကြားရခဲ့ပါ။ သို့သော် သူ့အနီးတစ်ဝိုက်တွင် လီဆွန်းဟွာ ရောက်ရှိနေကြောင်းကိုတော့ အာရုံခံစားမိခဲ့၏။ သေမင်း၏ ဝိဉာဉ်ခြွေအငွေ့အသက်များကို သူခံစားမိလေသည်။

လီဆွန်းဟွာက ပြန်ဖြေလိုက်၏။ “ဟုတ်ပါတယ်။”

မျက်မမြင်လူကြီးက သက်ပြင်းရှည်ကြီးချခဲ့ပြီး ဖြည်းညင်းစွာ ထိုင်ချလိုက်၏။

ကျင်းဖန်းပိုင်နှင့် သစ်ခုတ်သမားတို့သည်လည်း ဖြည်းညင်းစွာ ထိုင်ချလိုက်ကြ၏။ သူတို့ထိုင်ချလိုက်သည့်နေရာသည် ကုန်းစွန်းယုနှင့် ထယ်ကျွမ်ကျားတို့ လဲကျသေဆုံးခဲ့သော သွေးအိုင်ထဲတွင်ဖြစ်၏။ သူတို့၏မျက်လုံးများကို ကြည့်ရသည်မှာ သူတို့သည် နောက်တစ်ကမ္ဘာတွင် ရောက်ရှိနေကြသူများလို ဖြစ်နေကြ၏။

ထိုကမ္ဘာသစ်ထဲတွင် မည်သည့် လက်စားချေမှုများမှ မရှိနေသလို ဒုက္ခပင်လယ်ဝေနေရခြင်းများလည်း မရှိကြပါ။

လီဆွန်းဟွာက အဝါရောင်ဝတ်ဆင်ထားသူတစ်ဦးရှေ့သို့ ဖြည်းညင်းစွာ လျှောက်လှမ်းသွားလိုက်၏။

သူ၏လက်များက ဗလာချည်ဖြစ်နေပြီး မည်သည့်ဓားပျံတစ်လက်မျှ မကိုင်ဆောင်ထားချေ။

သို့သော် သူ၏မျက်လုံးများထဲ၌တော့ ဓားပျံပေါင်း မြောက်များစွာ ရှိနေကြသည်။

လီဆွန်းဟွာက ထိုသူများကို စိုက်ကြည့်နေပြီး မေးမြန်းလိုက်သည်။ “သူတို့နဲ့အတူ မင်းတို့ခေါ်လာခဲ့တဲ့သူ ဘယ်မှာလဲ။”

အဝါရောင်ဝတ်ဆင်ထားကြသူများသည် မိမိတို့၏ ခြေထောက်များကိုသာ ငုံ့ကြည့်နေကြ၏။

လီဆွန်းဟွာက သက်ပြင်းချသံနှင့်အတူ ပြောဆိုလိုက်သည်။ “ကျုပ်မင်းတို့ကို ဖိအားမပေးချင်သလို မင်းတို့ကလည်း ကျုပ်ကို ဖိအားပေးလာအောင် မလုပ်ကြဘူးလို့ မျှော်လင့်ထားတယ်။”

လီဆွန်းဟွာ၏ ဓားလွယ်ခုတ်နေရာတွင် ရပ်နေသော အဝါရောင်ဝတ်ဆင်ထားသူတစ်ဦး ရှေ့သို့ထွက်လာခဲ့၏။ ထိုသူ၏ မျက်နှာပေါ်တွင် ချွေးသီးချွေးပေါက်များ သီးနေပြီး ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်နေကာ ဖြေဆိုလိုက်တော့၏။ “ခင်ဗျားက ခါးကုန်းစွန်းကို ရှာနေတာလား။”

လီဆွန်းဟွာက တိုတိုတုတ်တုတ်ပင် ဖြေဆိုလိုက်၏။ “ဟုတ်တယ်။”

ထိုအဝါရောင်ဝတ်ဆင်ထားသူထံမှ ထူးဆန်းသောအပြုံးတစ်ခု ထွက်ပေါ်လာခဲ့ပြီး ရုတ်တရက် ပြောဆိုလိုက်၏။ “ကောင်းပြီလေ... ခင်ဗျားကို သူရှိတဲ့နေရာ ကျုပ်ခေါ်သွားမယ်။ ကျုပ်နောက်ကသာ လိုက်ခဲ့ပေတော့။”

သူ၏လက်နက်သည် ကျားလက်သည်းကုတ်တံဖြစ်ပြီး ထိုစကားဆုံးလျှင်ဆုံးခြင်း သူ၏လက်တစ်ဘက်ကို မြှောက်လိုက်၏။ သံမဏိလက်သည်းများက သူ၏လည်မျိုကို ထိုးဖောက်ဖြတ်ဝင်သွားတော့သည်။

လီဆွန်းဟွာ ရောက်လာပြီးသည့်နောက် ပေါ်ထွက်လာခဲ့သော ထိုလျှပ်တစ်ပျက် ပြောင်းလဲမှုများကို သူသည်းမခံနိုင်တော့ပါ။ သေခြင်းတရားသည်သာ သူ့အတွက် အမြန်ဆုံးထွက်ပေါက်တစ်ခု ဖြစ်တော့သည်။

ထိုသူ၏ခန္ဓာကိုယ် ကြမ်းပြင်ပေါ်သို့ ဖြည်းဖြည်းလေးလဲကျသွားသည်ကို တွေ့လိုက်ရပြီးနောက် လီဆွန်းဟွာ လက်သီးနှစ်ဘက် ကျစ်ကျစ်ပါအောင် ဆုပ်ထားမိလိုက်၏။

“ခါးကုန်းစွန်းတစ်ယောက် သေဆုံးခဲ့ချေပြီ။”

အဝါရောင်ဝတ်ဆင်ထားသူ၏ အဖြေမှာ ဤသို့ပင်ဖြစ်၏။ သူ၏သေဆုံးခြင်းက လီဆွန်းဟွာအတွက် အဖြေပင်ဖြစ်၏။

သို့သော် လင်ရှီးယင်တစ်ယောက်ကော...

စိုးရွံ့ထိတ်လန့်သော အမူအရာလေးများ လီဆွန်းဟွာ၏ မျက်လုံးများထဲမှ ပြူထွက်လာကြ၏။ သူ၏အကြည့်များကို လူသေကောင်ဆီမှ ဖယ်ခွာလိုက်သောအခါတွင် မျက်လုံးသူငယ်အိမ်လေးများ ကျုံ့ဝင်သွားခဲ့ရ၏။

ပြီးနောက် ထယ်ကျွမ်ကျားထံမှ အသံထွက်ပေါ်လာသည်ကို သူ ရုတ်တရက် ကြားလိုက်ရပြန်သည်။ ထယ်ကျွမ်ကျား၏ မျက်နှာတစ်ခုလုံး သွေးချင်းချင်းနီရဲနေပြီး ချွေးများသွေးများဖြင့် ခန္ဓာကိုယ်တစ်ခုလုံး ပေပွနေ၏။ ထယ်ကျွမ်ကျား၏ အမြင်အာရုံများက မှုန်ဝါးနေခဲ့လေသည်။ “ယီမင်းတန်... ဒုတိယအစ်ကိုတော်... ယီ...”

ကျောက်တုံးတစ်တုံးကဲ့သို့ မလှုပ်မယှက် တည်ငြိမ်နေခဲ့သော မျက်မမြင်လူကြီး၏ မျက်နှာပြင် အရေပြားများ တွန့်ကွေးသွားခဲ့ပြီး အံကြိတ်ဖြေဆိုလိုက်၏။ “ကျုပ် ရှိနေတယ်။”

ထယ်ကျွမ်ကျား-“ကျနော့်ဆပ်ရမယ့်အကြွေးတွေ ပေးဆပ်ပြီးသွားပြီလား။”

ယီမင်းတန်-“မင်းရဲ့အကြွေးတွေ ကျေသွားပါပြီ။”

ထယ်ကျွမ်ကျား-“ကျနော် တစ်ခုလောက်ပြောချင်... ပါသေးတယ်။”

ယီမင်းတန်-“ပြောစရာရှိတာ ပြောပါ။”

ထယ်ကျွမ်ကျား-“ကျနော် အစ်ကိုကြီးဝမ်အပေါ်မှာ တာဝန်မကျေခဲ့ပေမယ့် ဘယ်တုန်းကမှ သစ္စာမဖောက်ခဲ့ဘူး။ ကျနော်...”

ယီမင်းတန်က သူ့စကားကို ဖြတ်ပြောလိုက်၏။ “မင်းဆက်ပြောစရာမလိုတော့ဘူး။ ကျုပ်နားလည်တယ်။”

ယီမင်းတန် တကယ်ပင်နားလည်ခဲ့ပါသည်။

မိတ်ဆွေများအပေါ်သစ္စာဖောက်သူတစ်ယောက်သည် ဘယ်သောအခါမျှ မိမိအသက်ကို စွန့်ပြီး ကူညီမည်မဟုတ်ပါ။

ထိုအချက်ကို ယီမင်းတန်သာမက ကျင်းဖန်းပိုင်နှင့် သစ်ခုတ်သမားတို့သည်လည်း နားလည်သဘောပေါက်ကြပါသည်။

သူတို့၏ နားလည်မှုများ လွန်စွာနောက်ကျခဲ့သည်မှာ စိတ်မကောင်းစရာပင်။

ယီမင်းတန်၏ မျက်ဝန်းများထဲမှ မျက်ရည်စက်များ စီးကျလာတော့သည်။ နှစ်ပေါင်းများစွာ မျက်စိကွယ်နေသူတစ်ဦးထံမှ မျက်ရည်စက်များ စီးကျလာခြင်းဖြစ်၏။

လီဆွန်းဟွာ မြင်တွေ့လိုက်ရပါသည်။ ရှင်းရှင်းလင်းလင်းပင် မြင်တွေ့လိုက်ရပါသည်။

မျက်မမြင်များသည်လည်း မျက်ရည်ထွက်တတ်ကြောင်းကို ပထမဦးဆုံးအကြိမ်အဖြစ် သူနားလည်ခဲ့ခြင်းပင်။

သူ၏မျက်ဝန်းတွင်လည်း မျက်ရည်ပူများ စီးကျလာလေသည်တကား...

သူ၏မျက်ရည်ပူများက ထယ်ကျွမ်ကျား၏ အေးစက်နေသော မျက်နှာပေါ်သို့ တပေါက်ပေါက် ကျဆင်းနေတော့၏။ လီဆွန်းဟွာက ဒူးထောက်ထိုင်ချပြီး ထယ်ကျွမ်ကျား၏ မျက်နှာပေါ်မှ သွေးစက်များနှင့် ချွေးသီးချွေးပေါက်များကို သုတ်သပ်ပေးလိုက်၏။

ထယ်ကျွမ်ကျား၏ မျက်လုံးများ ပွင့်လာခဲ့ရတော့သည်။ လီဆွန်းဟွာကို မြင်လျှင်မြင်ခြင်းပင် သူ့ထံမှ စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေသော စကားသံ ထွက်ပေါ်လာခဲ့၏။ “သခင်လေး... သခင်လေး... ရောက်လာခဲ့တယ်နော်...”

ထယ်ကျွမ်ကျားသည် ဝမ်းသာလုံးဆို့ပြီး မတ်တတ်ရပ်ရန် ကြိုးစားလိုက်သော်လည်း ပြန်လဲကျသွားခဲ့၏။

လီဆွန်းဟွာက သူ့နဘေးတွင် ဒူးထောင်ထိုင်ချနေပြီး နူးညံ့စွာ ပြောဆိုလိုက်သည်။ “ကျုပ်ရောက်လာခဲ့ပါပြီ။ ကျုပ်တို့တတွေ စကားပြောစရာ အချိန်တွေအများကြီး ကျန်နေပါသေးတယ်။”

ထယ်ကျွမ်ကျားက နာကျင်မှုများကို အောင့်အီးသည်းခံနေရသော အပြုံးမျိုးဖြင့် ပြုံးနေပြီး ခေါင်းကိုခါရမ်းပြလိုက်သည်။ “ကျနော် စိတ်အေးလက်အေး သေလို့ရပြီ။ ကျနော့်မှာ ဘာမှပြောစရာမကျန်တော့ဘူး။”

လီဆွန်းဟွာက မျက်ရည်စက်လက်ဖြင့် ပြောဆိုလိုက်၏။ “ဒါပေမဲ့ ခင်ဗျားမှာ ပြောရမယ့်စကားတွေ ရှိနေပါသေးတယ်။ အစ်ကိုကြီးဝမ်ကို ခင်ဗျားသစ္စာမဖောက်ခဲ့တဲ့အကြောင်းကို ဘာဖြစ်လို့ မရှင်းပြတော့တာလဲ။ ခင်ဗျား ဘာဖြစ်လို့ နှစ်ပေါင်းများစွာ ထိန်ချန်ထားခဲ့ရတာလဲ။”

ထယ်ကျွမ်ကျား-“ကျနော် ထိန်ချန်ထားခဲ့တာ ကျနော့်အတွက်မဟုတ်ပါဘူး။”

လီဆွန်းဟွာ-“ဒါဆိုရင် ဘယ်သူ့အတွက်လဲ။”

ထယ်ကျွမ်ကျားက သူ၏ခေါင်းကို တစ်ဘက်ပြီးတစ်ဘက် ခါရမ်းပြလိုက်သည်။

သူ၏ခြေလက်များက အကြောဆွဲ ဆန့်ငင်နေကြလေပြီ။ သို့သော် သူ၏မျက်နှာပြင်ထက်တွင်တော့ တည်ငြိမ်ပြီး ငြိမ်းချမ်းသောအပြုံးတစ်ခုက နှုတ်ခမ်းထောင့်စွန်းမှ ထွက်ပေါ်လာခဲ့၏။

သူ၏သေဆုံးခြင်းသည် လွန်စွာမှပင် ငြိမ်းချမ်းလှလေသည်။

လူ့လောကကြီးတွင် အခက်ခဲဆုံးအရာတစ်ခုမှာ ငြိမ်းငြိမ်းချမ်းချမ်း သေဆုံးခြင်းဖြစ်၏။

လီဆွန်းဟွာသည် ထယ်ကျွမ်ကျားဘေးတွင် ဒူးထောက်ထိုင်ချနေပြီး သူ့တစ်ကိုယ်လုံး ထုံကျင်စွာခံစားနေရ၏။

ထယ်ကျွမ်ကျား မည်သူ့အတွက်ကြောင့် သေဆုံးခဲ့ရခြင်းကို လီဆွန်းဟွာ သိပါသည်။

တိမ်လွှာစံအိမ်တော်သို့ လီဆွန်းဟွာ မရောက်လာမီလေးတွင် ထယ်ကျွမ်ကျား ရောက်လာခဲ့ပုံရသည်။ ပြီးနောက် စန့်ကွမ်းကျင်းဟုန်က သူ့ကိုခြုံခိုတိုက်ခိုက်မည့်အစီအစဉ်ကို သိသွားခဲ့ပြီး ဤမြေအောက်ဥမင်ထဲထိ လိုက်လာခဲ့ပုံရသည်။ လီဆွန်းဟွာအတွက် အန္တရာယ်သာ ကျရောက်လာခဲ့မည်ဆိုပါက ထယ်ကျွမ်ကျားအတွက် မသွားရဲသည့်နေရာဆိုတာ မရှိ။

သို့သော် စန့်ကွမ်းကျင်းဟုန်၏ ထောင်ချောက်ကို သူဘယ်လိုနည်းနှင့် စုံစမ်းသိရှိသွားခဲ့သနည်း။...

ထယ်ကျွမ်ကျားနှင့် ဝမ်တန်ကျိတို့နှစ်ဦးကြားတွင် မည်သည့်လျှို့ဝှက်ချက်များ ရှိနေခဲ့သနည်း။ သူသေဆုံးရတော့မည့် အချိန်ထိတောင်မှ ထိုလျှို့ဝှက်ချက်ကို ဖုံးကွယ်သွားခဲ့လေသည်။

လီဆွန်းဟွာက စို့နင့်ကြေကွဲစွာ ရေရွတ်လိုက်၏။ “ခင်ဗျား ဘာကိုထိန်ဝှက်ထားခဲ့တာလဲဗျာ။ ခင်ဗျားအတွက်ကတော့ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ စိတ်ကင်းကင်းရှင်းရှင်း သေသွားခဲ့ပေမယ့် ခင်ဗျားရဲ့ဘဝကြီး ဒီလိုမျိုးဇာတ်သိမ်းသွားခဲ့ရတဲ့ အချက်ကိုမသိဘဲနဲ့ ကျုပ်ဘယ်လိုလုပ်ပြီး ကျန်ရစ်ခဲ့ရမှာလဲ။”

ကျင်းဖန်းပိုင်က ရုတ်တရက် အော်ဟစ်ပြောဆိုလိုက်၏။ “သူဘာတွေ ထိန်ဝှက်သွားခဲ့သလဲဆိုတာ ကျနော်သိတယ်။”

လီဆွန်းဟွာ-“ခင်ဗျား... ခင်ဗျားတကယ်သိတာလား။”

ကျင်းဖန်းပိုင်၏မျက်နှာသည် အမြဲလိုမည်းမှောင်နေသော်လည်း ယခုအချိန်တွင်တော့ စိမ်းလဲ့လဲ့အရောင် တောက်နေ၏။

ကျင်းဖန်းပိုင်က အံကြိတ်ပြောဆိုလိုက်သည်။ “မိတ်ဆွေတွေအတွက် ပေးဆပ်ကူညီခဲ့တဲ့ အစ်ကိုကြီးဝမ်ရဲ့ စေတနာနဲ့ သစ္စာတရားဟာ သိုင်းလောကမှာ ကျော်ကြားလှပါတယ်။ ခင်ဗျားလည်း ဒီအကြောင်းတွေကို ကြားဖူးပါလိမ့်မယ်။”

လီဆွန်းဟွာ-“ကျုပ်သိပါတယ်။”

ကျင်းဖန်းပိုင်-“သူ့ရဲ့ မိတ်ဆွေတစ်ယောက်သာ ဖြစ်နေပေ့စေ၊ ဘာပဲတောင်းဆိုလာတောင်းဆိုလာ အစ်ကိုကြီးဝမ် ငြင်းပယ်ခဲ့တာ တစ်ခုမှမရှိခဲ့ဘူး။ ဒါကြောင့်မို့လည်း သူ့အသုံးစရိတ်တွေက ကြီးမားခဲ့ရတာပေါ့။ ဒါပေမဲ့ အစ်ကိုကြီးဝမ်ဟာ ခင်ဗျားလိုမဟုတ်ဘူး။ သူ့ဆီမှာ ရွှေနန်းတော်ရဲ့ မှူးမတ်ဖခင်တစ်ယောက် မရှိခဲ့ဘူး။”

လီဆွန်းဟွာ ပြုံးမိသွားတော့သည်။

ကျင်းဖန်းပိုင်-“ဒါကြောင့်မို့လို့ သူဟာအမြဲတမ်းပဲ ငွေပြတ်ပြီးဆင်းရဲနေရတယ်။ မိတ်ဆွေအပေါင်းအသင်းများပြီး ဆင်းရဲတဲ့လူတစ်ယောက်အတွက် မိတ်ဆွေတွေ တောင်းခံလာတဲ့ အကူအညီပေးနိုင်ဖို့ဆိုတာ တခြားနည်းလမ်းတွေ အသုံးပြုပြီး အကြွေးဆပ်ရတော့မယ် မဟုတ်လား။”

သစ်ခုတ်သမားက မေးမြန်းလိုက်၏။ “အစ်ကိုကြီးဝမ်က ဒုစရိုက်လုပ်ငန်းတွေ လုပ်ကိုင်ခဲ့တယ်လို့ ခင်ဗျားဆိုလိုတာလား။”

ကျင်းဖန်းပိုင်-“မှန်တယ်။ ဒီအကြောင်းအရာတွေကို ကျုပ် နားစွန်နားဖျားကြားခဲ့ရတယ်။ ဒါပေမဲ့ အမှန်တရားကို ကျုပ် ထုတ်ဖော်မပြောရဲခဲ့ဘူး။ ဘာကြောင့်လဲဆိုတော့ အစ်ကိုကြီးဝမ် လုပ်ကိုင်ဆောင်ရွက်ခဲ့သမျှတွေအားလုံးဟာ မလိုအပ်ဘဲ လုပ်တဲ့အလုပ်တစ်ခုမှ မရှိခဲ့လို့ပဲ။”

ကျင်းဖန်းပိုင်က ကျယ်လောင်စွာ ဆက်ပြောနေပြန်သည်။ “ဒါပေမဲ့ အစ်ကိုကြီးဝမ် လုယူတိုက်ခိုက်ခဲ့တဲ့လူတွေဟာလည်း ဝဋ်ပြန်လည်ကြတာပဲ။ သူတို့အတွက် ဆုံးရှုံးရတာ တန်ပါတယ်။ အစ်ကိုကြီးဝမ် လုပ်ခဲ့တဲ့အလုပ်တွေဟာ ဥပဒေဘောင် အပြင်ဘက်ကအလုပ်ဆိုပေမယ့် သူ့ရဲ့သိက္ခာနဲ့ သစ္စာတရားကို ထိခိုက်မယ့်အလုပ်တွေမဟုတ်ခဲ့ဘူး။”

ယီမင်းတန်-“ဒါဆိုရင် အစ်ကိုကြီးဝမ်နဲ့ ထယ်ကျွမ်ကျားတို့ ဘယ်လိုပတ်သက်ခဲ့တာလဲ။”

ကျင်းဖန်းပိုင်-“အစ်ကိုကြီးဝမ်ရဲ့ လုပ်ငန်းတွေကို တဖြည်းဖြည်းနဲ့ လူတွေရိပ်မိလာတဲ့အခါမှာ သူ့လုပ်ငန်းတွေကို စပ်စုလာကြတော့တယ်။ ထယ်ကျွမ်ကျားရဲ့ ရင်းနှီးတဲ့မိတ်ဆွေတစ်ယောက်ဟာ နန်းတော်ထဲက အိမ်တော်ထိန်းတစ်ယောက် ဖြစ်ခဲ့ပြီး ဒီအမှုတွေကို စုံစမ်းဖို့ စေလွှတ်ခြင်းခံရသူလည်း ဖြစ်နေပြန်တယ်။ သူတို့နှစ်ယောက်စလုံးပဲ အစ်ကိုကြီးဝမ် အပေါ်မှာ သံသယတွေ ဝင်ခဲ့ကြပေမယ့် အစ်ကိုကြီးဝမ်မှာ တိုက်ရိုက်အပြစ်ရှိသလားဆိုတာကိုတော့ မဆုံးဖြတ်နိုင်ခဲ့ဘူး။”

သစ်ခုတ်သမား-“ဒါကြောင့်မို့လို့ ထယ်ကျွမ်ကျားက အစ်ကိုကြီးဝမ်နဲ့ မိတ်ဆွေတွေဖြစ်ခဲ့ကြတာကိုး။ ပြီးတော့မှ အစ်ကိုကြီးဝမ်ရဲ့ လုပ်ငန်းတွေကို လေ့လာစုံစမ်းမယ်... ပြီးတော့ သက်သေအထောက်အထားတွေ ရှာမယ်ပေါ့။”

ကျင်းဖန်းပိုင်-“အဲဒီလိုဖြစ်ခဲ့မယ်လို့ ကျုပ်ထင်တယ်။”

ပြီးနောက် ကျင်းဖန်းပိုင်က စကားဆက်လိုက်ပြန်သည်။ “ထယ်ကျွမ်ကျားက ဒီလျှို့ဝှက်ချက်ကြီးကို ဘယ်လိုမှ ထုတ်ဖော်မပြောဆိုနိုင်ခဲ့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ အစ်ကိုကြီးဝမ်က သူ့အပေါ်မှာ သိပ်ကောင်းခဲ့တာကိုး။ နောက်ဆုံးကျတော့ သူနဲ့အစ်ကိုကြီးဝမ်တို့ဟာ အလွန်ရင်းနှီးတဲ့ မိတ်ဆွေတွေဖြစ်သွားခဲ့ကြတယ်။ ဒါကြောင့်မို့လို့ အစ်ကိုကြီးဝမ် ဂုဏ်သိက္ခာကျမယ့် အကြောင်းအရာတွေကို အစ်ကိုကြီးဝမ်သေပြီးနောက်ပိုင်းမှာ သူထုတ်မပြောခဲ့တာပေါ့။ ပြီးတော့ အားလုံးရဲ့ အငြိုးတေးတွေနဲ့ စွပ်စွဲချက်တွေကို သူကိုယ်တိုင်ခံယူခဲ့တယ်။ သူထွက်ပြေးနေခဲ့တာ သူ့အတွက်ကြောင့်မို့လို့ လုံးဝမဟုတ်နိုင်ဘူး။”

ယီမင်းတန်-“ဒါပေမဲ့ မင်း စောစောကတည်းက ဒီအကြောင်းတွေ ကျုပ်တို့ကို ဘာဖြစ်လို့ မပြောပြခဲ့တာလဲ။”

ကျင်းဖန်းပိုင်-“ကျနော်က ပြောပြရမယ်တဲ့လား။ အစ်ကိုကြီးဝမ်ဟာ ကျနော့်အပေါ်မှာ ညီအရင်းတစ်ယောက်လို အလွန်ပဲ ကောင်းမွန်ခဲ့တာ... ထယ်ကျွမ်ကျားတောင်မှ သေသည်အထိ ဖွင့်မပြောသွားသေးတာ ကျနော်က ဘာဖြစ်လို့ ဖွင့်ပြောပြရမှာလဲ။”

ယီမင်းတန်-“ကောင်းလိုက်တာ... မင်းဟာ အစ်ကိုကြီးဝမ်ရဲ့ မိတ်ဆွေကောင်းတစ်ယောက်ပဲ။ မိတ်ဆွေစစ်မိတ်ဆွေမှန် တစ်ယောက်ပဲ...”

ယီမင်းတန်၏ မျက်နှာပေါ်တွင် အေးစက်စက်အပြုံးတစ်ခုရှိနေသော်လည်း သူ၏ခန္ဓာကိုယ်ကတော့ တုန်ခါနေလေသည်။

ကျင်းဖန်းပိုင်-“ဒီကိစ္စမှာ ထယ်ကျွမ်ကျားအတွက် လုံးဝမတရားဘူးဆိုတာ ကျနော်သိပါတယ်။ ဒါပေမဲ့ ကျနော် ဘာမှ မတတ်နိုင်ဘူး။ ဘာမှလည်းလုပ်ပေးလို့မရဘူး။”

သူ၏စကားသံက တဖြည်းဖြည်း တိမ်ဝင်သွားခဲ့ပြီး ရုတ်တရက် ဓားမော့တစ်ချောင်းကို ကောက်ယူလိုက်၏။ ထိုဓားမော့သည် ထယ်ကျွမ်ကျား၏အသက်ကို နှုတ်ယူသွားသော ဓားတစ်လက်လည်းဖြစ်၏။ ဓားလက်ကိုင်ရိုးကို ပြောင်းပြန်ဆုပ်ကိုင်ထားပြီး ထယ်ကျွမ်ကျားရင်ဝတွင် စိုက်ဝင်ခဲ့သောနေရာတည့်တည့်၊ သူ့ရင်ဝသို့ ထိုးစိုက်လိုက်လေတော့သည်။

ကျင်းဖန်းပိုင်သည် နာကျင်မှုဝေဒနာကို ခံစားနေရသော်လည်း ထယ်ကျွမ်ကျား သေဆုံးခဲ့စဉ်ကအတိုင်း သူ၏မျက်နှာပေါ်တွင် ငြိမ်းချမ်းအေးမြသော အပြုံးတစ်ခု တွဲခိုနေ၏။ “ကျနော် ထယ်ကျွမ်ကျားအပေါ်မှာ အကြွေးတင်ခဲ့တာ သိပ်များခဲ့ရတယ်။ အခုတော့ ပေးဆပ်စရာရှိတာအကုန်လုံး ပေးဆပ်ခဲ့ပြီးသွားပါပြီ။”

သူသည်လည်း ငြိမ်းချမ်းစွာ သေဆုံးသွားခဲ့ခြင်းဖြစ်၏။

လူ့လောကကြီးတွင် အခက်ခဲဆုံးအရာတစ်ခုမှာ ငြိမ်းငြိမ်းချမ်းချမ်း သေဆုံးခြင်းဖြစ်၏။

ယီမင်းတန်သည် ရူးသွပ်နေသူတစ်ယောက်လို ရုတ်တရက် ရယ်မောလိုက်၏။ “ကောင်းလိုက်တာ... မင်းကတော့ အမှန်တရားကို သတ္တိရှိရှိထုတ်ဖော်ပြောခဲ့ပြီး သူ့ကိုဆပ်စရာရှိတဲ့အကြွေးကိုလည်း ရဲရဲဝံ့ဝံ့ပေးဆပ်သွားခဲ့ပါလား။ မင်းဟာ ကျုပ်ရဲ့ မိတ်ဆွေစစ်မိတ်ဆွေကောင်းတစ်ယောက်ပါပဲ။ အနည်းဆုံးတော့ ကျုပ်တို့ မြေပြန့်သမာဓိ ၈ ဖော်ဟာ သူရဲဘောကြောင်ပြီး ကျုပ်တို့ကိုယ်ကျုပ်တို့ ဂုဏ်သိက္ခာကျဆင်းစေမယ့်အလုပ်မျိုးတွေ ဘယ်တော့မှမလုပ်ဘူး။”

သူ၏ရယ်မောနေသံကြီးက ကျယ်လောင်စွာ အော်ဟစ်ငိုယိုနေသံပေါက်နေ၏။

သစ်ခုတ်သမားသည် ထယ်ကျွမ်ကျား၏ ခန္ဓာကိုယ်ရှေ့တွင် ဒူးထောက်ထိုင်ချပြီး တစ်ချက်မျှ ဦးညွတ်လိုက်၏။ ပြီးနောက် ယီမင်းတန်ဘက်သို့လှည့်လာပြီး တောင်းဆိုလိုက်သည်။ “ဒုတိယအစ်ကိုတော်... ကျနော် အရင်သွားနှင့်မယ်။”

ယီမင်းတန်၏ ရယ်မောနေသံက ရုတ်ချည်းပျောက်ကွယ်သွားခဲ့ပြီး အေးစက်စက်ဟန်အမူအရာများ ပြန်လည်ထွက်ပေါ်လာခဲ့ပြန်သည်။ “ကောင်းပြီ... မင်းသွားနှင့်...”

သစ်ခုတ်သမား-“ကျနော် စောင့်နေမယ်။”

သူ၏ပေါက်ဆိန်သွားသည် မြှောက်တက်သွားခဲ့ပြီး သွေးများပန်းထွက်လာလေတော့၏။ သူသည်လည်း ခပ်မြန်မြန် သေဆုံးသွားခဲ့ခြင်းဖြစ်သလို သူ၏သေဆုံးခြင်းသည်လည်း ငြိမ်းချမ်းလှလေသည်။

ကိုယ့်မျက်စိနှင့် တပ်အပ်မမြင်တွေ့ခဲ့ရပါက လောကကြီးတွင် ဤသို့ သေဖို့လုံးဝမကြောက်ရွံ့သူများ ရှိနေသေးပါလားဆိုသည်ကို လီဆွန်းဟွာ ယုံကြည်နိုင်မည်မဟုတ်ပါ။

ယီမင်းတန်သည် လီဆွန်းဟွာဘက်သို့လှည့်လာသောအခါတွင် မည်သည့်ခံစားချက်မျှ မရှိနေပါ။ “ကျုပ်မသွားသေးတာက ခင်ဗျားကို ပြောပြရမယ့် အကြောင်းကိစ္စတစ်ခု ရှိနေသေးလို့ပဲ။”

လီဆွန်းဟွာက ခေါင်းညိတ်ပြလိုက်သည်။

ယီမင်းတန်-“ကျုပ်တို့ ဒီနေရာမှာ ပုန်းအောင်းနေခဲ့တာ အချိန်တော်တော်ကြာခဲ့ပြီဆိုတာ ခင်ဗျားသိမယ်လို့ ကျုပ်ထင်တယ်။ ဒီနေရာကို ထယ်ကျွမ်ကျား တစ်နေ့မဟုတ်တစ်နေ့ ရောက်လာလိမ့်မယ်ဆိုတာ ကျုပ်တို့ မှန်းဆထားခဲ့တယ်။ ဒါကြောင့်မို့လည်း ဒီနေရာမှာ ဖြစ်ပျက်ခဲ့သမျှတွေအားလုံးနီးပါး ကျုပ်တို့သိခဲ့ကြတယ်။”

ယီမင်းတန်က ဖြည်းညင်းစွာ ဆက်ပြောဆိုလိုက်၏။ “စန့်ကွမ်းကျင်းဟုန်ရဲ့ ထောင်ချောက်ကို ကျုပ်တို့တွေ အစောကြီးကတည်းက သိနေခဲ့ပါတယ်။ လောင်ရှောင်း၄ယွန်လည်း သိနေခဲ့တယ်။ အဲဒီလိုလူမျိုးနဲ့ ဘာဖြစ်လို့ ခင်ဗျားမိတ်ဆွေဖွဲ့ခဲ့လဲဆိုတာတော့ ကျုပ်မစဉ်းစားတတ်တော့ဘူး။”

ထိုအချက်ကို ပြန်လည်ဖြေကြားရန် လီဆွန်းဟွာထံတွင် စကားလုံးမရှိနေပါ။

ယီမင်းတန်-“ဒီလုပ်ကြံမယ့် ထောင်ချောက်အကြောင်းကို လောင်ရှောင်း၄ယွန်ဆီကနေ ထယ်ကျွမ်ကျား သိလာခဲ့တယ်။ လောင်ရှောင်း၄ယွန်က တမင်သက်သက် ဒီသတင်းကိုဖြန့်ခဲ့တာ ဘာကြောင့်လဲဆိုတော့ ထယ်ကျွမ်ကျားကို သူ့သေတွင်းထဲ ပို့စေချင်လို့ပဲ။ ဒါပေမဲ့ လောင်ရှောင်း၄ယွန် အတွက်မှားသွားခဲ့တာက ထယ်ကျွမ်ကျားနောက်ကို ကျုပ်တို့တွေ လိုက်လာခဲ့လိမ့်မယ်မှန်း သူမသိနိုင်ခဲ့ဘူး။ တခြားသူတွေရဲ့လက်ချက်နဲ့ ထယ်ကျွမ်ကျားကို ကျုပ်တို့ မသေစေချင်ဘူး။”

ယီမင်းတန်က ဆက်ပြောနေပြန်သည်။ “ဒါပေမဲ့ မိန်းကလေးလင်အတွက်တော့... သူ့အတွက်တော့ အန္တရာယ်ကင်းနေဆဲပါပဲ။ စန့်ကွမ်းကျင်းဟုန်ရဲ့လက်ထဲကိုလည်း မရောက်သွားခဲ့ပါဘူး။ ခင်ဗျားသာ တိမ်လွှာစံအိမ်တော်ကို သွားတွေ့မယ်ဆိုရင် သူ့ကို အဲဒီမှာ ဘေးကင်းရန်ကင်းတွေ့ရမှာပါ။”

လီဆွန်းဟွာ၏ ရင်ထဲတွင် နွေးထွေးသောလှိုင်းတစ်ခု ဖြတ်စီးသွား၏။ ထိုအရာသည် ကျေးဇူးတင်ခြင်းကြောင့်လော... ဒါမှမဟုတ် ပျော်ရွှင်မှုကြောင့်လော...

ယီမင်းတန်-“အခုတော့ ကျုပ်တို့အားလုံးကြားမှာ ရှိနေခဲ့တဲ့ ရန်ငြိုးတွေလည်း ပေးချေခဲ့ပြီးပါပြီ။ ကျုပ်တို့အားလုံးကို ခင်ဗျား မြေမြှုပ်ပေးလိမ့်မယ်လို့ ကျုပ်မျှော်လင့်ပါတယ်။ နောင်တစ်ချိန်မှာ တစ်စုံတစ်ယောက်က မြေပြန့်သမာဓိ၈ဖော် အကြောင်းကို မေးမြန်းလာခဲ့မယ်ဆိုရင် သူတို့ဘဝမှာ အမှားတွေလုပ်ခဲ့ကြပေမယ့် အဲဒီအမှားတွေအတွက် အပြည့်အဝ ပေးဆပ်ပြီးသွားပြီလို့ ခင်ဗျားပြန်ဖြေပေးမယ်ဆိုတာ ကျုပ်မျှော်လင့်ချင်ပါတယ်။”

ကျန်ရှိနေသေးသော အဝါရောင်ဝတ်ဆင်ထားသူများသည် တိတ်ဆိတ်စွာ ဆုတ်ခွာစပြုနေကြပြီဖြစ်၏။

သူတို့တိတ်ဆိတ်စွာ ထွက်ခွာသွားနေသည်ကို လီဆွန်းဟွာ တွေ့နေသော်လည်း မတားဆီးခဲ့ပါ။

ယီမင်းတန်ကိုတားဆီးဖို့လည်း သူ့ထံတွင် အစီအစဉ်မရှိ။

အဘယ်ကြောင့်ဆိုသော် ယီမင်းတန်သည် ဤအဖြစ်မျိုးများ ဖြစ်ပွားခဲ့ပြီးနောက် အသက်ဆက်ရှင်သန် နေထိုင်နိုင်တော့မည် မဟုတ်ချေ။

လူတစ်ယောက်အတွက် ငြိမ်းချမ်းစွာ သေဆုံးခွင့်ရနေခါမှ မည်သည့်အရာများကို ထပ်တောင်းဆိုစရာ လိုနေပါသေးသနည်း။

သူတို့အတွက် သေခြင်းတရားဆိုသည်မှာ အလကားဖြစ်၏။

ယခုတော့ ကြမ်းပြင်ပေါ်ရှိ သွေးအိုင်များနှင့် အလောင်းကောင်များကိုကြည့်ပြီး လီဆွန်းဟွာ ကြက်သီးတဖြန်းဖြန်း ထလာမိတော့သည်။ အဘယ်ကြောင့်ဆိုသော် ရက်စက်ကြမ်းကြုတ်မှုနှင့် လက်စားချေမှုတို့၏ ကြောက်မက်ဖွယ်ရာ ကောင်းပုံများကို မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ရသောကြောင့်ဖြစ်လေသည်။

ရန်ငြိုးအာဃာတ မည်မျှပင်ကြီးမားခဲ့သည်ဆိုစေကာမူ ယခုတော့ အားလုံးငြိမ်းချမ်းသွားလေပြီ။

ယီမင်းတန် ပြောခဲ့သည်များက အမှန်တရားချည်းဖြစ်၏။ သူတို့၏ဘဝတစ်လျှောက်တွင် အမှားကြီးမှားခဲ့သော်လည်း သူတို့သည် ဂုဏ်သိက္ခာရှိစွာ၊ သမာဓိရှိစွာ၊ ငြိမ်းငြိမ်းချမ်းချမ်း သေဆုံးခဲ့ကြသည်မဟုတ်ပါလား။

လောကကြီးတွင် သူတို့လိုသေနိုင်သည့်လူစားမျိုး လက်တစ်ဆုပ်စာသာ ရှိလေသည်။

လီဆွန်းဟွာ၏ ခြေလက်များက အေးခဲပြီး တုန်လှုပ်နေကြ၏။ သူ၏ရင်ဘတ်ထဲတွင်တော့ မီးတောက်မီးလျှံတစ်ခု လောင်မြိုက်နေသလိုမျိုး ပူလောင်နေ၏။

သူ သွေးအိုင်ထဲသို့ ဒူးထောင်ထိုင်ချလိုက်သည်။

ထိုသွေးများသည် ယောက်ျားကောင်း ယောက်ျားမြတ်တို့၏ သွေးများဖြစ်၏။

သူသည် ထိုနေရာ၌ ငြိမ်သက်စွာ ဒူးထောက်ထိုင်နေ၏။ အပြုံးတုများဖြင့် အသက်ရှင်သန်နေသူများထက် ဤလူသေများနှင့် အဖော်ပြုနေပေးရန် ပို၍စိတ်ဆန္ဒရှိနေလေသည်။

“ယောက်ျားကောင်းယောက်ျားမြတ်တို့မည်သည် ပျော်ရွှင်မှုကြောင့် မတုန်လှုပ်ခဲ့ရသလို သေဆုံးခြင်းကြောင့်လည်း ဘယ်တော့မှ တုန်လှုပ်ကြမည်မဟုတ်။”

လူတစ်ယောက်သည် နောင်တကင်းစွာ ငြိမ်းငြိမ်းချမ်းချမ်း သေဆုံးခဲ့သည်ဆိုပါက သေခြင်းတရားကို ဘာများကြောက်ရွံ့ ထိတ်လန့်နေစရာ လိုသေးသနည်း။

စွန်းရှောင်းဟုန်သည် တစ်ချိန်လုံး အခန်းတွင်းသို့ မဝင်လာခဲ့ပါ။ သူမ ကြောက်ရွံ့သောကြောင့် မဝင်လာခဲ့ခြင်းမဟုတ်... သို့သော် ဤမျှသူရဲကောင်းဆန်သော မြင်ကွင်းမျိုးကို သူမ မကြည့်ရက်သောကြောင့် မဝင်လာခဲ့ခြင်းဖြစ်သည်။ ယောက်ျားများသည် မိန်းမများနှင့် ကွာခြားကြောင်း ယခုတော့ သူမ နားလည်သွားခဲ့ပေပြီ။

မိန်းမတစ်ယောက်ဖြစ်နေခြင်းက သူမအတွက်တော့ ဘုရားပေးသည့် ဆုလာဒ်တစ်ခုဟုပင် မှတ်ယူထား၏။

+++++

ည...

ဆိုင်ငယ်လေးအတွင်းတွင် တစ်ခုတည်းသော မီးရောင်သာ လင်းလက်နေပြီး လူနှစ်ယောက် ရှိနေကြ၏။

မီးအလင်းရောင်က ခပ်မှိန်မှိန်ဖြစ်နေပြီး လူသားနှစ်ဦးသည် ပို၍ပင် မှေးမှိန်နေကြ၏။

မီးအလင်းရောင်က လီဆွန်းဟွာ၏ မျက်နှာပေါ်သို့ တိုက်ရိုက်ထိုးကျနေ၏။ လီဆွန်းဟွာ၏ရှေ့တွင် အရက်ခွက်လည်း ရှိနေ၏။ သို့သော် သူ့ကိုကြည့်ရသည်မှာ အရက်ခွက်ကို မြှောက်ယူဖို့အားအင်များ ကုန်ခန်းနေသည်ဟုပင် ထင်ရ၏။ သူပြုလုပ်နေသည့် တစ်ခုတည်းသောအလုပ်မှာ အရက်ခွက်ကို စိုက်ကြည့်နေခြင်းပင်။

မီးတောက်များက လေအဝှေ့တွင် ကခုန်ယိမ်းယိုင်သွားကြသည်။

အချိန်မည်မျှကြာသွားခဲ့သည်မသိ... လီဆွန်းဟွာက သက်ပြင်းချပြီး ပြောဆိုလိုက်သည်။ “ကျုပ်တို့သွားစို့...”

စွန်းရှောင်းဟုန်-“ကျမ... ကျမ.. ရှင်နဲ့လိုက်ခဲ့ရမှာလား။”

လီဆွန်းဟွာ-“ကျုပ်တို့တွေ အတူလာခဲ့ကြတာပဲ... အတူတူပဲ သွားကြတာပေါ့။”

စွန်းရှောင်းဟုန်က မေးမြန်းလိုက်၏။ “ကျမတို့ ထွက်သွားတော့မှာလား။ ရှင် တိမ်လွှာစံအိမ်တော်ကို မသွားတော့ဘူးလား။”

လီဆွန်းဟွာက ခေါင်းခါပြလိုက်သည်။

စွန်းရှောင်းဟုန်-“ဒါပေမဲ့ ကျမတို့ ဒီကိုလာခဲ့ကြတဲ့ရည်ရွယ်ချက်က တိမ်လွှာစံအိမ်တော်ကို သွားဖို့မဟုတ်ဘူးလား။”

လီဆွန်းဟွာ-“အခုအချိန်မှာ သွားဖို့မလိုအပ်တော့ပါဘူး။”

စွန်းရှောင်းဟုန်-“ဘာဖြစ်လို့လဲ။”

လီဆွန်းဟွာသည် မီးရောင်ကို စိုက်ကြည့်နေပြီး ဖြေဆိုလိုက်၏။ “ယီမင်းတန်ပြောခဲ့တဲ့စကားအရ သူ့မှာ ဘာအန္တရာယ်မှ မရှိနိုင်တော့ဘူး။ ကျုပ်အတွက် ဒီလောက်လေးနဲ့တင် လုံလောက်ပါပြီ။”

စွန်းရှောင်းဟုန်-“ယီမင်းတန်ရဲ့ စကားတစ်ခွန်းကြောင့် ရှင်စိတ်ချမ်းသာသွားပြီပေါ့လေ။”

လီဆွန်းဟွာ-“ယီမင်းတန်ဟာ စိတ်ချယုံကြည်ရတဲ့ လူတစ်ယောက်ပါ။”

စွန်းရှောင်းဟုန်က မျက်တောင်များ ပုတ်ခတ်နေပြီး မေးမြန်းလိုက်၏။ “ဒါပေမဲ့... ရှင် သူ့ကို မတွေ့ချင်တော့ဘူးလား။”

လီဆွန်းဟွာသည် အတန်ကြာမျှ တိတ်ဆိတ်သွားခဲ့ပြီး ပြန်ဖြေလိုက်သည်။ “သူ့ကိုတွေ့မြင်နေရတာဟာ သူ့ကိုမတွေ့မြင်နေရသလိုပါပဲ။ သူ့အတွက်အန္တရာယ်ကင်းနေပြီဆိုမှတော့ ကျုပ် သူ့ကိုသွားတွေ့စရာအကြောင်း မရှိတော့ပါဘူး။”

စွန်းရှောင်းဟုန်-“ဒါပေမဲ့ ရှင်ဒီကိုရောက်လာခဲ့ပြီးမှတော့ သွားတွေ့လိုက်တော့ကော ဘာဖြစ်သွားမှာမို့လဲ။”

လီဆွန်းဟွာ တိတ်ဆိတ်ငြိမ်သက်သွားပြန်သည်။ ပြီးနောက် သူ ရုတ်တရက်ပြုံးပြီး ပြောဆိုလိုက်၏။ “ကျုပ် ရုတ်တရက်ကြီး ပျော်ရွှင်လာရတယ်။ ကျုပ်ရဲ့စိတ်တွေ နဂိုအခြေအနေကို ပြန်ရောက်လာမှာတော့ သူ့ကိုသွားတွေ့တာ မတွေ့တာက အရေးမကြီးတော့ပါဘူး။”

စွန်းရှောင်းဟုန်က သက်ပြင်းချပြီး ပြုံးနေလိုက်တော့သည်။ “ရှင်ဟာ တကယ်ထူးဆန်းတဲ့လူတစ်ယောက်ပဲ။ ရှင် လုပ်သမျှအလုပ်တွေကို တခြားလူတွေ ဘယ်လိုမှနားလည်နိုင်မှာမဟုတ်ဘူး။”

လီဆွန်းဟွာက ပြန်ဖြေဆိုလိုက်သည်။ “မင်းလည်း မကြာခင်မှာ နားလည်လာမှာပါ။”

စွန်းရှောင်းဟုန်သည် လီဆွန်းဟွာကို တွေဝေငေးမောစွာစိုက်ကြည့်နေပြီးမှ ပြောဆိုလိုက်၏။ “ဒါပေမဲ့ သူတို့တွေကို ကောင်းကောင်းမွန်မွန် မြေမြှုပ်ပြီးသည်ထိတော့ ရှင်စောင့်နေသင့်တယ်။”

လီဆွန်းဟွာ-“သူတို့တတွေ စောင့်နိုင်ပါတယ်။ စန့်ကွမ်းကျင်းဟုန်ကတော့ မစောင့်နိုင်ဘူး။”

လီဆွန်းဟွာသည် ချိုသာသည်လည်းမဟုတ် ခါးသီးသည်လည်းမဟုတ်သော အပြုံးမျိုး ပြုံးနေလိုက်၏။ “လူသေတွေဟာ အသက်ရှင်နေတဲ့လူတွေထက် ပိုပြီးစိတ်ရှည်ကြတယ်လို့ မင်းမထင်ဘူးလား။”

0 comments:

Post a Comment