အဘိုးအိုစွန်းက ရှင်းပြလိုက်သည်။ “ဘာဖြစ်လို့လဲဆိုတော့ ကျမ်းစာအုပ်ထဲမှာ ပါရှိတာတွေက သိုင်းပညာရပ်တွေတင် မကသေးဘူး... အဆိပ်အမျိုးမျိုး အသုံးပြုတဲ့ပညာရပ်တွေ၊ ရုပ်ပြောင်းရုပ်လွှဲပညာရပ်တွေ၊ ပိုးမွှားအဆိပ်ကောင်တွေကို အမိန့်ပေးခိုင်းစေနိုင်တဲ့ မြောင်နယ်ဘက်က ပညာရပ်တွေ၊ ပါရှားဘက်ကလာတဲ့ စိတ်ညှို့ထိန်းချုပ်တတ်တဲ့ ပညာရပ်တွေပါ ပါရှိနေတယ်။”
အဘိုးအိုစွန်းက သက်ပြင်းချပြီး စကားဆက်လိုက်၏။ “အဲဒီလိုကျမ်းစာအုပ်မျိုးသာ မတော်လောဘသားတွေရဲ့ လက်ထဲကို ကျရောက်သွားခဲ့မယ်ဆိုရင် မတွေးဝံ့စရာပဲ။”
လီဆွန်းဟွာ-“မှန်တယ်။ လူသားတွေအတွက် ဘေးအန္တရာယ်အကြီးကြီး ကျရောက်သွားနိုင်တယ်။”
အဘိုးအိုစွန်း-“ဒါပေမဲ့ ဒီကျမ်းစာအုပ်ကြီးဟာ သူ့ဘဝတစ်သက်တာ သွေးချွေးနဲ့ရင်းပြီး ရှာဖွေလေ့လာထားခဲ့တဲ့ ပညာရပ်တွေ ပါရှိနေတာကြောင့် သူ့အနေနဲ့ အလွယ်တကူ မဖျက်ဆီးပစ်ရက်ပြန်ဘူး။ ဒါကြောင့်မို့လို့ သူ သိုင်းလောကကနေ အနားမယူခင်အချိန်လေးမှာ အယုံကြည်စိတ်အချရဆုံးလူတစ်ယောက်ကို ဒီကျမ်းစာအုပ်ကြီး ပေးထားခဲ့ချင်တယ်။”
ထိုစကားကို ကြားလိုက်ရပြီးနောက် ကွင်းစပြတ်နေသော အချက်များကို တဖြည်းဖြည်း ဆက်စပ်မိလာပြီး တိမ်လွှာစံအိမ်တော်ထဲတွင် ရှိနေသည့် သိုင်းကျမ်းဆိုသည်မှာ ဤ ‘လင်ဟွာစွယ်စုံကျမ်း’ ပင်ဖြစ်ကြောင်း လီဆွန်းဟွာ သဘောပေါက် နားလည်လာခဲ့မိတော့သည်။
သို့သော် သူ့ထံတွင် နားမလည်နိုင်မှုများ ကျန်ရှိနေသေး၏။ ထိုကျမ်းစာအုပ်ကြီးကို ဝမ်လင်ဟွာက မည်သူ့ကို စိတ်ချယုံကြည်စွာ ပေးအပ်ထားချင်ခဲ့သနည်း။...
အဘိုးအိုစွန်း-“သူက မင်းကိုယုံကြည်စိတ်ချစွာ ပေးအပ်ထားချင်ခဲ့တာ။”
လီဆွန်းဟွာ၏မျက်နှာပေါ်တွင် လွန်စွာမှပင် အံ့အားသင့်မှုများ ဖြစ်ပေါ်လာခဲ့ရပြီး မေးမြန်းလိုက်မိတော့၏။ “ကျနော့်ကို.. ဟုတ်လား။”
အဘိုးအိုစွန်း-“မင်းကို လင်ဟွာစွယ်စုံကျမ်းကြီး စိတ်ချယုံကြည်စွာ အပ်နှံထားခဲ့ရုံမကသေးဘူး... သူ့မှာ နောက်ထပ်ရည်ရွယ်ချက်တစ်ခုလည်း ရှိနေခဲ့သေးတယ်။ အဲဒါကတော့ မင်းအနေနဲ့ ဒီကျမ်းစာအုပ်ကြီးကို ထိန်းသိမ်းစောင့်ရှောက်ပေးရုံမကသေးဘူး... ဉာဏ်အလွန်ထက်မြက်ပြီး သနားကြင်နာစိတ်ရှိတဲ့ တပည့်တစ်ယောက်ကို မင်းအနေနဲ့ ရှာဖွေပြီး ဒီကျမ်းစာအုပ်ထဲက ပညာရပ်တွေကို လက်ဆင့်ကမ်းသင်ကြားပေးစေချင်ခဲ့တယ်။ ဒါမှသာ ဝမ်လင်ဟွာရဲ့ နာမည်နဲ့သမိုင်း တွင်ကျန်ရစ်ခဲ့မှာပေါ့။”
လီဆွန်းဟွာ-“ဒါပေမဲ့ ဒီအကြောင်းတွေကို ကျနော် လုံးဝမသိခဲ့ရပါလား။”
အဘိုးအိုစွန်း-“ဘာဖြစ်လို့လဲဆိုတော့ အဲဒီအချိန်တုန်းက မင်းက ခရီးထွက်ဖို့ ပြင်ဆင်နေခဲ့ပြီးပြီလေ။”
လီဆွန်းဟွာ-“လွန်ခဲ့တဲ့ ၁၂ နှစ်... ဟုတ်တာပေါ့။ အဲဒီတုန်းက ကျနော် နယ်ခြားဒေသကို ခရီးထွက်ခဲ့တယ်။ ပြီးတော့ ဒဏ်ရာတွေနဲ့ ပြန်ရောက်လာခဲ့ရတယ်။ လောင်ရှောင်း၄ယွန်သာ ကျနော့်ကို မကယ်တင်ခဲ့ဘူးဆိုရင်... ကျနော်...”
ထိုနေရာသို့အရောက်တွင် လည်ပင်းထဲ၌ တစ်စုံတစ်ခုဖြင့် ထိုးကန့်ထားသလိုဖြစ်နေရပြီး သူ မည်သို့မျှ စကားမဆက်နိုင်တော့ပါ။
ထိုအရာသည် သူ၏ဘဝတွင် ဘယ်တော့မှ မေ့ပျောက်၍ရနိုင်မည့်အရာတစ်ခု မဟုတ်ချေ။
ထိုအဖြစ်အပျက်ကြောင့်ပင် သူ၏ဘဝတစ်ခုလုံး စုတ်ပြတ်သတ်သွားခဲ့ရပြီး ပျော်ရွှင်မှုအားလုံး ဆိတ်သုဉ်းခဲ့ကာ အထီးကျန်ဝမ်းနည်းပူဆွေးမှုများသာ ရရှိလာခဲ့ရသည် မဟုတ်ပါလား။
အဘိုးအိုစွန်း-“ဝမ်လင်ဟွာဟာ မင်းနဲ့မတွေ့သွားခဲ့ပေမယ့် လင်ရှီးယင်ကိုတော့ တွေ့သွားခဲ့တယ်။ အဲဒီအချိန်တုန်းက သူဟာ အရေးတကြီး ထွက်သွားရတော့မယ့်အချိန်ဖြစ်နေလို့ မင်းပြန်အလာကို မစောင့်နိုင်ခဲ့ဘူး။ ဒါကြောင့် ဒီကျမ်းစာအုပ်ကြီးကို လင်ရှီးယင်ကို အပ်နှံခဲ့တာပေါ့။”
ယောက်ျားတစ်ယောက်နှင့် မိန်းမတစ်ယောက်၏ ဆက်ဆံရေးကို ဝမ်လင်ဟွာလောက် သိနိုင်သူတစ်ယောက် ဤလောကတွင် ထပ်မရှိနိုင်တော့ချေ။ လီဆွန်းဟွာနှင့် လင်ရှီးယင်တို့၏ ဆက်ဆံရေးသည် ဝမ်းကွဲမောင်နှမများအဆင့်ထက် ပိုနေကြောင်း ဝမ်လင်ဟွာ ကောင်းစွာ သိရှိနိုင်ခဲ့လေသည်။
သို့သော် လင်ရှီးယင်သည် ဤအကြောင်းအရာများကို လီဆွန်းဟွာအား ဘယ်တုန်းကမှ မပြောပြခဲ့သနည်း။...
လီဆွန်းဟွာ-“ဆရာကြီးက ဒီသတင်းကို ဘယ်နေရာကနေ ကြားလာခဲ့ရတာလဲ။ စိတ်ချယုံကြည်ရတဲ့နေရာကလား။”
အဘိုးအိုစွန်း-“သိပ်ပြီး စိတ်ချယုံကြည်ရပါတယ်။”
စွန်းရှောင်းဟုန်သည် မအောင့်အီးနိုင်တော့ဘဲ ဝင်ရောက်ပြောဆိုလိုက်တော့၏။ “ဒီသတင်းကို ဒုတိယဘဒွေးတော် ကိုယ်တိုင် ပြောပြခဲ့တာ။ သူရဲကောင်းဝမ်က တိမ်လွှာစံအိမ်တော်ထဲမှာ လင်ရှီးယင်နဲ့ စကားပြောနေချိန်မှာ ဒုတိယဘဒွေးတော်ဟာ အပြင်မှာ ရပ်စောင့်နေခဲ့တယ်။”
သူမက သက်ပြင်းချပြီး စကားဆက်လိုက်ပြန်သည်။ “အဲဒီနေ့ရက်ကစပြီးတော့ ဒုတိယဘဒွေးတော်ဟာ အဲဒီနေရာကနေ ခြေတစ်ဖဝါးမှ မခွာခဲ့တာ ခုချိန်ထိပဲ။”
လီဆွန်းဟွာ-“ကျုပ် အခြေအနေကို စောင့်ကြည့်လေ့လာဖို့ ဝမ်လင်ဟွာက သူ့ကိုခိုင်းခဲ့တာလား။”
အဘိုးအိုစွန်း-“သူရဲကောင်းဝမ်လင်ဟွာက မင်းကိုဒီလောက်ကြီးလေးတဲ့ တာဝန်ကြီး ပေးခိုင်းခဲ့ချင်မှတော့ မင်းကို အပြည့်အဝ ယုံကြည်ခဲ့လို့ပေါ့။ မင်းကို ဘာသံသယမှ မရှိခဲ့ပါဘူး။ ဒါပေမဲ့ အဲဒီအချိန်တုန်းက မင်းရဲ့သိုင်းပညာကို သူ စိတ်မချနိုင်ခဲ့သေးဘူး။ ဒီသတင်းသာ ပေါက်ကြားသွားခဲ့မယ်ဆိုရင် သိုင်းလောကသားတွေ မင်းဆီကို မဖိတ်ခေါ်ဘဲ ရောက်လာကြမှာကို သူစိုးရိမ်ခဲ့တယ်။ ဒါကြောင့်မို့လို့ ကျုပ်ရဲ့ဒုတိယသားကို မင်းအတွက် အကူအညီရအောင် အဲဒီနေရာမှာ စောင့်ခိုင်းထားခဲ့တာပေါ့။”
စွန်းရှောင်းဟုန်-“ကျမရဲ့ ဒုတိယဘဒွေးတော်ဟာ သိုင်းလောကမှာ ကျင်လည်ကျက်စားရင်း တစ်နေ့တော့ သူရဲကောင်းဝမ်က ကယ်တင်စောင့်ရှောက်ပေးခဲ့တယ်။ ကျမရဲ့ဘဒွေးတော်ဟာ ကျေးဇူးသိတတ်သူတစ်ယောက် ဖြစ်နေတော့ သူရဲကောင်းဝမ်က အကူအညီတောင်းခံလာတာနဲ့ ဘာမှမငြင်းဆိုတော့ဘဲ လွယ်လွယ်ကူကူပဲ အကူအညီပေးခဲ့တယ်။”
အဘိုးအိုစွန်းက ဖြည့်စွက်ပေးလိုက်၏။ “နောက်ကျတော့ လင်ရှီးယင်က မင်းကို ဒီကျမ်းစာအုပ်ကြီး မပေးခဲ့တာကို သူသိသွားခဲ့တယ်။ အဲဒီအချိန်မှာ မင်းကလည်း နယ်ခြားဒေသကို အပြီးအပိုင်ထွက်ခွာသွားခဲ့ပြီဆိုတော့ သူ သိပ်ပြီး စိုးရိမ်ပူပန်သွားခဲ့ပြီး အဲဒီနေရာကနေ ဘယ်ကိုမှ မထွက်သွားတော့ဘဲ စောင့်ရှောက်ပေးနေခဲ့တာ ကနေ့ထိပဲ။”
လီဆွန်းဟွာ-“ဒုတိယသူရဲကောင်းစွန်းဟာ အင်မတန်မှ ကတိစကားတည်ကြည်သူတစ်ယောက်ပါ။ သူတစ်ပါး တောင်းခံလာတဲ့ အကူအညီကို သူ့ကိစ္စရပ်လိုမျိုး လုပ်ကိုင်ဆောင်ရွက်ပေးခဲ့တယ်။ ဒါပေမဲ့...”
လီဆွန်းဟွာက သက်ပြင်းချပြီး စကားပြန်ဆက်လိုက်၏။ “လင်ရှီးယင်က ကျနော့်ကို ဒီကျမ်းစာအုပ်ကြီး မပေးခဲ့မှန်း ဒုတိယသူရဲကောင်းစွန်းက ဘယ်လိုလုပ်ပြီး သိနေရတာလဲ။ ကျနော်တောင်မှ ဒီအကြောင်းတွေ အခုမှသိရတာလေ။”
အဘိုးအိုစွန်းက သူ၏ဆေးတံကို တစ်ဖွာဖွာရှိုက်ပြီး ပြောဆိုလိုက်၏။ “မင်းတောင်မှ မသိနိုင်တဲ့ ကိစ္စကို ကျုပ်က ဘယ်လိုလုပ်ပြီး သိနိုင်ဦးမှာလဲ။”
လီဆွန်းဟွာတွင် နောက်ထပ်ပြောစရာ စကားများ မကျန်ရှိတော့ပါ။
သူ့ကို ဤသို့အရေးကြီးသော အကြောင်းအရာများကို လင်ရှီးယင် ကွယ်ဝှက်ထားခဲ့လိမ့်မည်ဟု ဘယ်တုန်းကမှ မထင်ထားခဲ့ချေ။
အဘိုးအိုစွန်း-“ဝမ်လင်ဟွာဟာ လူတစ်ယောက်ကို အလွယ်တကူ သတ်နိုင်ရုံမကသေးဘူး... လူတစ်ယောက်ရဲ့အသက်ကို ကယ်တင်နိုင်တဲ့ နည်းလမ်းတွေလည်း သူတတ်မြောက်ထားခဲ့သေးတယ်။ သူ့ရဲ့ဆေးပညာရပ်က သိုင်းလောကမှာ ရှာမှရှားဆိုတဲ့ အထဲမှာပါတယ်။ တချို့တွေ ပြောကြတာကတော့ သူ့ဆေးပညာရပ်တွေဟာ သေခါနီး လူတစ်ယောက်ရဲ့ အသက်ကိုတောင် ဆွဲဆန့်နိုင်ပြီး အရိုးတွေ အသားတွေကိုတောင်မှ ပြန်လည်ဖန်တီးယူနိုင်တဲ့ ပညာရပ်လို့ အဆိုရှိတယ်။”
စွန်းရှောင်းဟုန်-“လောင်ရှောင်း၃ယွန်ဟာ လင်ရှီးယင်ရဲ့ တစ်ဦးတည်းသောသားမဟုတ်လား။ မိခင်တစ်ယောက်ဟာ သားဖြစ်သူအတွက် ဘာမဆို လုပ်ပေးမှာပဲ။ ကျမစိုးရိမ်နေတာက လင်ရှီးယင်ဟာ သူ့သားကို ကျမ်းစာအုပ်ထဲက ပညာရပ်တွေ...”
သူမ ဆက်မပြောနိုင်တော့ပါ။
သူမဘာဆက်ပြောမည်ကို လီဆွန်းဟွာ သိနေပါသည်။ သူမဆက်ပြောချင်သည့်အကြောင်းအရာများကို လူတိုင်းပင် ခန့်မှန်းနိုင်ကြပါသည်။
လင်ရှီးယင်သည် သူမ၏သားဖြစ်သူအား လင်ဟွာစွယ်စုံကျမ်းကို ပေးခဲ့မည်မှာ သေချာသည်။ ထိုကျမ်းစာအုပ် သူမ လက်ထဲတွင်ရှိနေကြောင်းကို လျှို့ဝှက်ထားခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီမဟုတ်ပါလား။
သို့သော် သူ့ကို ဘာဖြစ်လို့များ ဒီအကြောင်းတွေကို မပြောပြခဲ့ပါလိမ့်ဟု လီဆွန်းဟွာ ဆက်ပြီးစဉ်းစားနေမိ၏။
သူမကို ပထမဆုံးအကြိမ် တွေ့ခဲ့စဉ်တုန်းက သူမသည် ကလေးသာသာ အရွယ်လေးသာ ရှိနေခဲ့သေး၏။
ထိုနေ့က နှင်းများကျဆင်းနေ၏။
ဝင်းခြံထဲတွင် ရှိနေသော မက်မုံပင်များက လန်းဆန်းစွာ ဖူးပွင့်နေကြ၏။ မက်မုံပင်များအောက်ရှိ နှင်းထုကြီးသည် ဘာအရောင်မှ ခြယ်သထားခြင်းမရှိဘဲ ငွေရောင်တောက်ပစွာ ဖြူဖွေးနေ၏။
ထိုအချိန်တုန်းက လီဆွန်းဟွာသည် မက်မုံပင်တစ်ပင်အောက်တွင် နှင်းလူရုပ်တစ်ရုပ် ထုလုပ်နေချိန်လည်းဖြစ်၏။ သူသည် အနီးအနားတွင်ရှိနေသော အမည်းနက်ဆုံးဆိုသည့် မီးသွေးခဲနှစ်ခဲကို ရှာဖွေနေ၏။ ထိုမီးသွေးခဲများဖြင့် နှင်းလူရုပ်ကို မျက်လုံးနှစ်လုံးတပ်ပေးရန်ဖြစ်သည်။
ထိုအချိန်လေးသည် သူ့ဘဝတွင် အပျော်ရွှင်ဆုံးသော အချိန်လေးလည်း ဖြစ်ခဲ့၏။
နှင်းလူရုပ် ပြုလုပ်ရခြင်းကို သူ နှစ်သက်သောကြောင့်မဟုတ်ပါ။ နှင်းလူရုပ်ပြုလုပ်အပြီး နှင်းလူရုပ်၏ မျက်နှာပေါ်တွင် မျက်လုံးနှစ်လုံးတပ်ပေးရချိန်ကို သူ အလွန်နှစ်သက်မိ၏။ ထို ဝဝကစ်ကစ် အသက်မဲ့သော နှင်းလူရုပ်လေးသည် မျက်လုံးနှစ်လုံး တပ်ပေးချိန်မှစ၍ အသက်ဝင်လာသည်ဟု သူခံစားရ၏။ ထို့ကြောင့် ထိုအရာသည် သူ့အတွက် လွန်စွာမှပင် ပျော်ရွှင်စရာကောင်းသော ကစားနည်းတစ်နည်းလည်း ဖြစ်ခဲ့လေသည်။
သူသည် ပြုလုပ်ဖန်တီးရသော အရာအားလုံးကို ချစ်မြတ်နိုးပြီး ဖျက်ဆီးရမည်ကိုတော့ လက်တွန့်တတ်သည်မှာ ငယ်ဘဝကတည်းကပင်ဖြစ်၏။
သူ့အတွက် အသက်ရှင်သန်ခြင်းဆိုသည်မှာ အလွန်တရာမှ နှစ်လိုဖွယ်ကောင်းသောအရာလည်းဖြစ်၏။
ပြီးနောက် နှင်းလူရုပ်ကလေးကို တိတ်တိတ်လေး တွန်းလှဲပစ်တတ်သည်မှာလည်း သူ့အကျင့်တစ်မျိုးပင်။ အဘယ်ကြောင့်ဆိုသော် သူ၏ပျော်ရွှင်မှုများကို တခြားလူတစ်ယောက်က လာလုသွားမည်ကို စိုးရိမ်သောကြောင့်ဖြစ်၏။ သို့သော် ထိုစဉ်တုန်းက သူနားမလည်ခဲ့သေးသည်မှာ အချို့သော ပျော်ရွှင်မှုများကို မည်သူမျှ မခိုးယူနိုင်ဆိုသော အချက်ပင်။
နောင်များတွင်မှ သူနားလည်လာခဲ့သည်မှာ ပျော်ရွှင်မှုသည် ရတနာရွှေတိုက်တစ်ခုနှင့်တူ၏။ သူများကို ပျော်ရွှင်မှု ပိုပေးနိုင်လေ... သူ့အတွက် ပျော်ရွှင်မှု ပိုကျန်ရစ်ခဲ့လေဖြစ်ကြောင်းကို သူနားလည်လာခဲ့ရ၏။
ဒုက္ခရောက်ခြင်းသည်လည်း ထို့အတူပင်ဖြစ်၏။
သူ၏ဒုက္ခခံစားနေရမှုများကို တခြားသူများကို ဝေမျှပေးပါကလည်း သူ့ထံတွင် ပိုပြီးခံစားလာရသည်ကို နားလည်သဘောပေါက်လာခဲ့၏။
နှင်းလူရုပ်ကလေး၏ မျက်နှာလေးသည် ဝိုင်းစက်နေ၏။
နှင်းလူရုပ်၏ မျက်နှာဝိုင်းစက်စက်လေးပေါ်ရှိ မည်သည့်နေရာတွင် မျက်လုံးများ တပ်ဆင်ပေးရမည်မှန်း သူ စဉ်းစားနေ၏။ အလွန်နာမကျန်းဖြစ်နေသော မိခင်ဖြစ်သူ... ဘယ်တုန်းကမျှ အိပ်ယာထဲက မထလာတတ်သူ သူ၏ မိခင်သည် ချာတိတ်မလေးတစ်ယောက်နှင့် သူ နှင်းလူရုပ်ပြုလုပ်နေသည့်နေရာသို့ လျှောက်လှမ်းလာနေ၏။ ထို ချာတိတ်မလေးသည် အနီရောင်ဝတ်စုံလေးကို ဝတ်ဆင်ထား၏။
ထိုအနီရောင်သည် လွန်စွာမှပင် တောက်ပြောင်သော အနီရောင်ဖြစ်၏။ အနီရောင်ရင့်ရင့် မက်မုံပန်းပွင့်များထက်ပင် တောက်ပြောင်နေသေး၏။
သို့သော် ချာတိတ်မလေး၏ မျက်နှာသည် ဖြူဖတ်ဖြူရော်ဖြစ်နေ၏။ နှင်းပွင့်များထက်ပင် ပို၍ဖြူရော်နေသေး၏။
အနီရောင်နှင့် အဖြူရောင်များသည် လီဆွန်းဟွာ၏ စိတ်ကြိုက်အရောင်များဖြစ်သည်။ အဖြူရောင်ဆိုသည်မှာ သန့်ရှင်းခြင်းကို သရုပ်ဆောင်ပြီး အနီရောင်သည် သနားကြင်နာခြင်းကို ဖော်ဆောင်၏။
သူမကို ပထမဆုံးအကြိမ်တွေ့စဉ်တုန်းက သူမအပေါ်တွင် လွန်စွာမှ သနားကြင်နာသွားပြီး မဖော်ပြနိုင်သော သံယောဇဉ်ကြိုးတစ်ချောင်း တွယ်ငြိသွားခဲ့လေသည်။ သူမသည် တိုက်ခတ်နေသည့် လေအေးတွင် မျောပါသွားမည်ကို စိုးရိမ်မိခဲ့ပြီး သူမ၏လက်ကလေးကို သူ သွားဆွဲယူလာခဲ့လေသည်။
သူ၏မိခင်က သူ့ကိုရှင်းပြနေ၏။ “ဒါ မင်းဒေါ်လေးရဲ့ သမီးလေးပဲ။ မင်းဒေါ်လေးကတော့ အဝေးကြီးဆိုတဲ့နေရာတစ်ခုကို ထွက်ခွာသွားနေလို့ ခုလောလောဆယ်တော့ သမီးလေးက မေမေတို့နဲ့အတူနေလိမ့်မယ်။”
“သားလေးက ညီမလေးတစ်ယောက်လောက် လိုချင်တယ်လို့ အမြဲပူဆာနေခဲ့တယ်မဟုတ်လား... အခုတော့ မင်းအတွက် မေမေ ညီမလေးတစ်ယောက်ကို ရှာတွေ့ထားပြီ။ မင်း သူ့အပေါ်မှာ ကောင်းကောင်းမွန်မွန် ဆက်ဆံရမယ်နော်။ ညီမလေးကို စိတ်ဆိုးအောင် မလုပ်ရဘူး။”
သို့သော် ထိုအချိန်တုန်းက သူ့မိခင်ပြောခဲ့သော စကားများကို သူကောင်းစွာ မကြားခဲ့ပါ။
အဘယ်ကြောင့်ဆိုသော် ထိုချာတိတ်မလေးသည် သူ့ဘေးနားသို့ ပြေးလာခဲ့ပြီး သူပြုလုပ်နေသော နှင်းလူရုပ်ကို စိတ်ဝင်တစား ငေးမောကြည့်ရှုနေလေသည်။
ချာတိတ်မလေးက မေးမြန်းလိုက်၏။ “သူ့ဆီမှာ ဘာဖြစ်လို့ မျက်လုံးတွေ မရှိနေတာလဲ။”
သူကပြန်ပြောလိုက်၏။ “မင်း သူ့ကို မျက်လုံးလေးတွေ မတပ်ပေးချင်ဘူးလား။”
ချာတိတ်မလေးက ခေါင်းညိတ်ပြလိုက်၏။
လီဆွန်းဟွာက သူမကို အမည်းနက်ဆုံးသော မီးသွေးခဲနှစ်တုံး လှမ်းပေးလိုက်၏။
ထိုအချိန်သည် သူ့ဘဝတွင် ပျော်ရွှင်မှုကို အခြားသူတစ်ယောက်နှင့် ဝေမျှခံစားဖူးသော ပထမဆုံးအကြိမ်လည်းဖြစ်၏။
ထိုအချိန်မှစ၍ အရာအားလုံးကို သူမနှင့် ဝေမျှခံစားတတ်လာလေသည်။ ဧည့်သည်များက ပေးထားခဲ့သော မုန့်များကိုပင် သူ့အင်္ကျီအိပ်ကပ်ထဲတွင် ဝှက်ထားတတ်ပြီး သူမနှင့်တွေ့ဆုံသည့်အခါတွင်မှ တစ်ယောက်တစ်ဝက်ဆီ ဝေစားတတ်လာ၏။
သူမ၏ မျက်ဝန်းများထဲမှ ထွက်ပေါ်လာသော ပျော်ရွှင်မှုလေးများကို သူ တွေ့နေရသရွေ့ ပျော်ရွှင်မှုဆိုသည်မှာ ဤလောကကြီးရှိ မည်သည့်အရာနှင့်မျှ အစားထိုးမရနိုင်သောအရာဖြစ်ကြောင်း သူ ခံစားမိလာခဲ့၏။
သူ့အတွက်တော့ သူ့အသက်ကိုပင် သူမအတွက် ဝေမျှပေးလိုက်ချင်ပါသည်။
သူမသည်လည်း သူ့လိုပင်ဖြစ်ကြောင်း သူသိနေပါသည်။ သူယုံကြည်မိပါသည်။
သူတို့နှစ်ယောက် ခွဲခွာနေကြရသည့်အချိန်များတွင်ပင် သူ၏စိတ်အတွင်းတစ်နေရာတွင် သူမသည် သူ့အတွက် ဝမ်းနည်းမှု၊ ဝမ်းသာပျော်ရွှင်ရမှု၊ လျှို့ဝှက်ချက်... အရာအားလုံး ဝေမျှပေးနိုင်သူတစ်ယောက်အဖြစ် သတ်မှတ်ထား၏။ ထိုအချက်ကို သူယုံကြည်ခဲ့၏။ ယခုအချိန်အတိုင်ခင်လေးထိ ယုံကြည်ခဲ့၏...
+++++
ကျဉ်းမြောင်းသော လမ်းသွယ်လေးဖြစ်၏။ မနေ့တနေ့က ကျဆင်းခဲ့သော နှင်းများကျန်ရှိနေသေး၏။
နှင်းများက အရည်ပျော်ကျနေပေပြီ။ မြေကြီးသည် ရွှံ့ဗွက်ပေါက်နေပြီး စိုစွတ်နေ၏။ နံရံဘေးနားတွင် ခြောက်သွေ့သော လူသွားလမ်းကြောင်းလေးတစ်ခု ရှိနေသော်လည်း လီဆွန်းဟွာသည် စိုစွတ်နေသော ဗွက်ပေါက်နေသည့် နှင်းရည်များပေါ်တွင် တမင်ပင် လမ်းလျှောက်နေ၏။ သူ့ခြေထောက်ကို ထိတွေ့လာသော ညင်သာနူးညံ့သည့် နှင်းစိုစို ရွှံ့ဗွက်များ၏ အထိအတွေ့များကို သူနှစ်သက်နေမိ၏။
ဘာကြောင့်မှန်းမသိ ထိုဗွက်တောထဲတွင် လမ်းလျှောက်နေရခြင်းက သူ့စိတ်ကို တည်ငြိမ်အေးချမ်းစေ၏။
အတိတ်ကာလတုန်းကဆိုလျှင် ရွှံ့ဗွက်များကို သူမုန်းတီးခဲ့လေသည်။ ရွှံ့ဗွက်များပေါ်တွင်ဖြတ်လျှောက်မည့်အစား ကွေ့ပတ်ပြီး လျှောက်သွားလေ့ရှိ၏။
ယခုတော့ သူ ရုတ်တရက် နားလည်လာခဲ့သည်မှာ ရွှံ့ဗွက်များတွင် နှစ်လိုဖွယ်ကောင်းသော အချက်များ ရှိနေသည်ဆိုခြင်းကိုပင်တည်း။ ရွှံ့ဗွက်များသည် သူ့ခြေထောက်များအား ပျော့စိစိဖြင့်တိုးဝင်လာပြီး ခြေချောင်းများနှင့် ခြေထောက်တစ်ခုလုံးကို နူးညံ့မှုများဖြင့် ရစ်သိုင်းခြုံထားသည်ဟု သူ ခံစားမိနေ၏။
လောကကြီးရှိ အချို့လူသားများသည်လည်း ရွှံ့ဗွက်များကဲ့သို့ပင် မဟုတ်ပါလား။ အခြားသူများ၏ မုန်းတီးမှုနှင့် စိတ်ဆိုးဒေါသထွက်မှုများကို ခံစားနေကြရပြီး ထိုသူများအပေါ်တွင် ဘယ်သောအခါမျှ ရန်ငြိုးမထားသလို ခုခံကာကွယ်မှုလည်း မပြုလုပ်ကြချေ။
ဤကမ္ဘာမြေကြီးပေါ်တွင်သာ ရွှံ့ဗွက်များနှင့် မြေကြီးများ မရှိနေပါက အစေ့များ မည်ကဲ့သို့ အညှောင့်ပေါက်လာကြမည်နည်း။ သစ်ပင်ပန်းမန်လ်များ မည်ကဲ့သို့ ပေါက်ရောက်လာကြမည်နည်း။
ရွှံ့ဗွက်များနှင့် မြေကြီးများသည် မုန်းတီးမှုများနှင့် စိတ်ဆိုးဒေါသထွက်မှုများကို မည်သည့်အခါမျှ ထုတ်ဖော်ပြသခြင်း မရှိကြချေ။ အဘယ်ကြောင့်ဆိုသော် သူတို့၏ ကိုယ်ပိုင်တန်ဖိုးကို နားလည်နေသောကြောင့်ပင်ဖြစ်၏။
လီဆွန်းဟွာသည် သက်ပြင်းရှည်ကြီးတစ်ချက်ချလိုက်ပြီး ခေါင်းမော့ထားလိုက်၏။
နံရံကြီးသည် သန့်ရှင်းထားသလို တောက်ပြောင်နေပြီး ခါးကုန်းစွန်း၏ ဆိုင်းဘုတ်မှာမူ အိုမင်းဟောင်းနွမ်းနေ၏။
လီဆွန်းဟွာ ရပ်တန့်နေသည့်နေရာမှ မည်သူ့ကိုမျှ မတွေ့ရပါ။
ညဉ့်ယံသည် မည်းမှောင်နေသလို သူ့ထံတွင်လည်း ဖယောင်းတိုင်မီးများ မပါရှိလာပါ။
“ညဉ့်ယံရောက်ရှိလာလျှင် အိမ်ငယ်လေးအတွင်းမှ အထီးကျန်ဆန်သော မီးရောင်လေးများ ထွန်းညှိထားလေမည်လား။”
လီဆွန်းဟွာ၏ အတွေးများက ရောက်တတ်ရာရာများ စဉ်းစားမိနေပြီး သူမတွေးချင်သောအကြောင်းအရာများကို တွေးတောမိလာ၏။ လွန်ခဲ့သည့် ၂ နှစ်လုံးလုံး ခါးကုန်းစွန်း၏ ဆိုင်ငယ်လေးရှိ ထောင့်စားပွဲတွင် သူထိုင်နေလေ့ရှိပြီး ထိုအထီးကျန်ဆန်သော မီးရောင်လေးကို ငေးမောကြည့်ရှုနေခဲ့လေသည်။
ခါးကုန်းစွန်းသည် တစ်ချိန်လုံး သူ့ကို အဖော်လုပ်ပေးနေခဲ့သလို မည်သည့်စကားတစ်ခွန်းမှလည်း မပြောဆိုခဲ့ပါ။
စွန်းရှောင်းဟုန်သည်လည်း သက်ပြင်းချပြီး ပြောဆိုလိုက်၏။ “ညစာစားချိန်မရောက်သေးတော့ စားသောက်သူတွေ တစ်ယောက်မှ ရှိနေဘူးနဲ့တူတယ်။ ဒုတိယဘဒွေးတော် ဘာတွေများလုပ်နေပါလိမ့်။ စားပွဲသုတ်တဲ့အလုပ်နဲ့ အလုပ်များ ရှုပ်နေလားမသိဘူး။”
ခါးကုန်းစွန်းသည် စားပွဲသုတ်သောအလုပ်ကို မလုပ်နေပါ။
သူဘယ်သောအခါမျှ စားပွဲသုတ်နိုင်တော့မည်မဟုတ်ပါ။
စားပွဲပေါ်တွင် ရှိနေသော လက်တစ်ဘက်ကို သူတို့နှစ်ယောက်လုံး မြင်တွေ့လိုက်ကြရ၏။
ထိုလက်တစ်ဘက်သည် စားပွဲသုတ်သောအဝတ်စကို တင်းကြပ်စွာ ဆုပ်ကိုင်ထား၏။
ဆိုင်အဝင်တံခါးပေါက်မှာ ပိတ်ထားဆဲရှိနေပြီး သူတို့တံခါးခေါက်သော်လည်း ပြန်ထူးမည့်သူ မရှိပါ။ သူတို့ အော်ခေါ်နေကြသော်လည်း ပြန်ထူးမည့်သူ တစ်ယောက်မျှ မရှိနေပါ။
စွန်းရှောင်းဟုန်သည် လီဆွန်းဟွာထက်ပင် ပို၍စိတ်ပူလာခဲ့ပြီး တံခါးကို ဆောင့်ကန်ဖွင့်လိုက်၏။ ထိုသောအခါတွင်မှ စားပွဲပေါ်ရှိ လက်ပြတ်ကြီးကို သူမ မြင်တွေ့ခဲ့ရခြင်းဖြစ်၏။
လက်ပြတ်ကြီးသည် လက်ကောက်ဝတ်နေရာမှ ခုတ်ဖြတ်ခံထားရခြင်းဖြစ်၏။
စွန်းရှောင်းဟုန်သည် ပါးစပ်အဟောင်းသားဖြင့် အံ့အားသင့်သွားပြီး စားပွဲဘေးသို့ အပြေးလေး လှမ်းသွားခဲ့၏။
ထိုစားပွဲသည် လွန်ခဲ့သည့် ၂ နှစ်လုံးလုံး လီဆွန်းဟွာ ထိုင်ပြီး အရက်သောက်ခဲ့သော စားပွဲလည်း ဖြစ်နေပြန်သည်။
လီဆွန်းဟွာ၏ မျက်နှာတစ်ခုလုံး ဖြူဖွေးသွားတော့သည်။ ထိုလက်တစ်ဘက်ကို သူမှတ်မိနေ၏။ ၂ နှစ်လုံးလုံး သူ့ကို အကြိမ်ပေါင်းများစွာ အရက်ငဲ့ထည့်ပေးခဲ့သောလက်...
သူအရက်မူးလာသည့်အခါများတွင် ထိုလက်တစ်ဘက်က သူ့အိပ်ခန်းဆီသို့ တွဲခေါ်ပေးခဲ့၏။
သူဖျားနာနေစဉ်အချိန်တုန်းက ဤလက်တစ်ဘက်ဖြင့် ဆေးဝါးများ ဖျော်စပ် တိုက်ကျွေးခဲ့၏။
သို့သော် ယခုတော့ ထိုလက်တစ်ဘက်သည် ခြောက်သွေ့ရှုံ့တွနေသော အသားပုတ်တစ်ခု ဖြစ်သွားခဲ့ချေပြီ။ သွေးများက အေးခဲခြောက်သွေ့နေပြီး အကြောများက ရှုံ့တွနေ၏။ စားပွဲသုတ်သည့် အဝတ်စကို ဆုပ်ကိုင်ထားသော လက်ချောင်းများက တင်းကြပ်စွာ ဆုပ်ကိုင်ထားသည်မှာ အသက်ရှင်သန်ရေးအတွက် ရေနစ်သူ ကောက်ရိုးတစ်မျှင်ကို တွယ်ဆုပ်ထားသလိုပင်။
သူ စားပွဲသုတ်နေစဉ်၌ တစ်စုံတစ်ယောက်က သူ့လက်ကို ဖြတ်ပစ်လိုက်ခြင်းလော...
စားပွဲသည် သန့်ရှင်းတောက်ပြောင်နေ၏။
ထိုစားပွဲကို သုတ်သင်သန့်ရှင်းနေချိန်၌ ခါးကုန်းစွန်းသည် လီဆွန်းဟွာအကြောင်းကိုများ စဉ်းစားမိနေသလား...
လီဆွန်းဟွာ၏ ရင်ဘတ်ထဲတွင် လွန်စွာမှ နာကျင်အောင့်သက်သွားမိခဲ့၏။
စွန်းရှောင်းဟုန်၏ မျက်နှာပြင်ထက်သို့ မျက်ရည်များ တစ်ပေါက်ပေါက် ကျဆင်းလာခဲ့ပြီး လီဆွန်းဟွာကို မေးမြန်းလိုက်၏။ “အဲဒါဘယ်သူ့လက်လဲဆိုတာ ရှင်သိလား။”
လီဆွန်းဟွာက ဖြည်းလေးစွာ ခေါင်းညိတ်ပြလိုက်သည်။
သူမသည် ဆိုင်တွင်းသို့ လျင်မြန်စွာ ပြေးဝင်သွား၏။ ဆိုင်ငယ်လေးသည် လူသူတိတ်ဆိတ်စွာ ခြောက်ကပ်နေ၏။ မည်သည့်အရာမျှ မရှိနေပါ။
စွန်းရှောင်းဟုန် နောက်ဖေးဘက်မှ ပြန်ထွက်လာချိန်တွင် လီဆွန်းဟွာသည် ထိုင်နေကြစားပွဲတွင် တွေဝေမိန်းမောစွာ ထိုင်လျှက်ရှိနေပြီး သူ့အကြည့်များက ထိုလက်တစ်ဘက်ပေါ်တွင်သာ ရှိနေ၏။
ခါးကုန်းစွန်း၏ လက်ချောင်း ၄ ချောင်းက စားပွဲသုတ်သောအဝတ်စကို တင်းကြပ်စွာ ဆုပ်ကိုင်ထားပြီး ကျန်တစ်ချောင်းတည်းသော လက်ချောင်းကမူ ဆိုင်၏ပြတင်းပေါက်နေရာကို မြှားတစ်စင်းကဲ့သို့ တည့်မတ်စွာ ညွှန်ပြနေ၏။
ထိုပြတင်းပေါက်သည် ပွင့်နေလေသည်။
လီဆွန်းဟွာက ထိုပြတင်းပေါက်ဘက်သို့ ကြည့်နေ၏။
စွန်းရှောင်းဟုန်သည်လည်း လီဆွန်းဟွာကြည့်နေသော ပြတင်းပေါက်ကို လိုက်ကြည့်နေ၏။ ရုတ်တရက် သူတို့နှစ်ယောက်လုံး ပြတင်းပေါက်မှ ပြိုင်တူခုန်ထွက်လိုက်ကြရာ အချင်းချင်း တိုက်မိကြကုန်၏။
အပြင်ဘက်တွင်တော့ အရိုးကွဲမတတ် အေးခဲနေ၏။ ရေတံလျှောက်တွင်းရှိရေများပင် အေးခဲပြီးရေခဲဖြစ်နေ၏။
ထိုနေရာတွင် လမ်းကျဉ်းလေးတစ်ခုရှိနေ၏။ ထိုလမ်းကျဉ်းလေးကို လမ်းကျဉ်းလေးဟုပင် မခေါ်ဆိုနိုင်ပါ။ လွန်စွာမှပင် ကျဉ်းမြောင်းသော လမ်းသွယ်လေးတစ်ခုဖြစ်၏။
ထိုလမ်းသွယ်လေးအတိုင်း သူတို့နှစ်ယောက်လုံး လျှောက်သွားရာ လမ်းဆုံးတွင် တံခါးသေးသေးလေးတစ်ခုကို တွေ့လိုက်ကြ၏။ ထိုတံခါးပေါက်လေးသည် မည်သည့်အိမ်ကို သွားသောဝင်ပေါက်ဖြစ်မှန်း သူတို့မသိနိုင်ကြပါ။ ထိုတံခါးလေးကို အသုံးမပြုသည်မှာ အချိန်အတော်ကြာခဲ့ပြီဖြစ်၏။
ဤလမ်းသွယ်လေးသည် လမ်းဆုံးတစ်ခုလည်း ဖြစ်နေပြန်၏။
ထိုတံခါးပေါက်ကို သော့ခတ်ထားခြင်းမရှိပါ။ တံခါးလက်ကိုင်နေရာတွင်တော့ သွေးလက်ဝါးတစ်ခု ထင်ကျန်နေ၏။ ထိုလက်ဝါးရာသည် သွေးထွက်များသော လက်တစ်ဘက်မှ ထွက်ပေါ်လာသော လက်ဝါးရာဖြစ်ပုံရသည်။
စွန်းရှောင်းဟုန်သည် ထိုတံခါးပေါက်သို့ လျင်မြန်စွာပြေးသွားပြီး စူးစမ်းလေ့လာနေ၏။ ပြီးနောက် လီဆွန်းဟွာ ရှိနေရာသို့ ပြန်လျှောက်လာခဲ့ပြီး လီဆွန်းဟွာကို စိုက်ကြည့်နေလိုက်သည်။
သူမ၏နှုတ်ခမ်းနှစ်လွှာက ပြင်းထန်စွာဖိကိုက်ထားခြင်းကြောင့် သွေးစို့နေ၏။ “ဒီနေရာကို ရှင်ရောက်လာလိမ့်မယ်ဆိုတာ စန့်ကွမ်းကျင်းဟုန် တွက်ဆထားခဲ့ပြီးဖြစ်ပုံရတယ်။”
လီဆွန်းဟွာက ဘာစကားမှ ပြန်မပြောခဲ့ပါ။
စွန်းရှောင်းဟုန်-“ရှင် တိမ်လွှာစံအိမ်တော်ကို အရင်ဆုံးသွားမှာမဟုတ်ဘူးဆိုတာ သူသိထားတယ်။ ဘာကြောင့်လဲဆိုတော့ ရှင် လောင်ရှောင်း၄ယွန်နဲ့ မတွေ့ချင်လို့ပဲ။ ဒုတိယဘဒွေးတော်ရဲ့ ဆိုင်ထဲကို ရှင်အရင်ဆုံး ဝင်ရောက်လာမယ်ဆိုတာလည်း သူသိထားပုံရတယ်။”
လီဆွန်းဟွာသည် တိတ်ဆိတ်မြဲ တိတ်ဆိတ်နေ၏။
စွန်းရှောင်းဟုန်-“ဒါတွေအားလုံးဟာ ရှင့်အတွက် တမင်ဆင်ထားတဲ့ ထောင်ချောက်တွေချည်းပဲ။”
လီဆွန်းဟွာက ပါးစပ်ကို စေ့စေ့ပိတ်ထား၏။
စွန်းရှောင်းဟုန်-“ဒါကြောင့်မို့ ဒီတံခါးပေါက်ကနေ ရှင်မဝင်သွားသင့်ဘူး။”
လီဆွန်းဟွာက ရုတ်တရက် မေးမြန်းလိုက်၏။ “မင်းကျတော့ရော...”
စွန်းရှောင်းဟုန်-“ကျမအတွက်က အရေးမကြီးပါဘူး။ ကျမကိုသတ်ဖို့ စန့်ကွမ်းကျင်းဟုန်ဆီမှာ အစီအစဉ်မရှိနေဘူး။”
လီဆွန်းဟွာ-“ဒါဆိုရင် မင်းကျတော့ ဝင်သွားလို့ရတယ်ပေါ့။”
စွန်းရှောင်းဟုန်-“ကျမ မဝင်သွားနိုင်စရာ ဘာအကြောင်းမှမရှိဘူး။”
လီဆွန်းဟွာက သက်ပြင်းရှည်ကြီးတစ်ချက်ချပြီးမှ ပြောဆိုလိုက်၏။ “မင်းကိုကြည့်ရတာ စန့်ကွမ်းကျင်းဟုန်က ကျုပ်ကို နားလည်သလိုမျိုး ကျုပ်အပေါ်အပြည့်အဝ နားမလည်သေးဘူးထင်တယ်။”
စွန်းရှောင်းဟုန်-“အိုး...”
လီဆွန်းဟွာ-“သူသာ ကျုပ်အတွက် ထောင်ချောက်ဆင်ထားခဲ့မယ်ဆိုရင် ဒီတံခါးပေါက်ကနေ ကျုပ်သေချာပေါက် ဝင်ရောက်သွားမှာပဲဆိုတာ သိနေလိမ့်မယ်။ ကျုပ်ခြေထောက်နှစ်ဘက်လုံးကို ခုတ်ဖြတ်ခံထားရရင်တောင် တွားသွားပြီး ဒီတံခါးပေါက်ကနေ ဝင်သွားဦးမှာပဲ။”
စွန်းရှောင်းဟုန်သည် လီဆွန်းဟွာကို စိုက်ကြည့်နေပြီး သူမ၏ပါးပြင်ပေါ်သို့ မျက်ရည်ပူများ စီးကျလာခဲ့တော့၏။
သူမသည် ရုတ်တရက်ပင် လီဆွန်းဟွာကို သိုင်းဖက်လိုက်၏။ သူမ၏ မျက်ရည်ပူများက လီဆွန်းဟွာ၏ ပါးပြင်ပေါ်သို့ စီးကျလာရတော့သည်။
သူမသည် လီဆွန်းဟွာ၏ပါးပြင်ပေါ်မှ သူမ၏မျက်ရည်စက်များကို သုတ်ပေးလိုက်၏။ လီဆွန်းဟွာ၏ မောပန်းနွမ်းနယ်မှုများကို သုတ်ပေးလိုက်သကဲ့သို့ပင်။ အဘယ်ကြောင့်ဆိုသော် ယောက်ျားတစ်ယောက်အတွက် အလွန်မောပန်းနွမ်းနယ်ရသည့်အရာတစ်ခု လောကကြီးတွင် ရှိနေ၏။ ချစ်သူ၏ မျက်ရည်စများပင်ဖြစ်သည်။
လီဆွန်းဟွာ၏ တောင့်တင်းနေသော ခြေလက်များက ပျော့ပြောင်းလာခဲ့ကြသည်။ နောက်ဆုံးတွင် သူသည်လည်း မစောင့်စီးနိုင်တော့ဘဲ သူမကို သိုင်းဖက်ထားလိုက်တော့၏။
လူသားနှစ်ဦးသည် တစ်ယောက်ကိုတစ်ယောက် တင်းကြပ်စွာ ပွေ့ဖက်ထားကြလေသည်။
အဘယ်ကြောင့်ဆိုသော် ဤပွေ့ဖက်ထားမှုသည် သူတို့နှစ်ယောက်ကြားတွင် ပထမဆုံးအကြိမ်ဖြစ်သလို နောက်ဆုံးအကြိမ်လည်း ဖြစ်ကောင်းဖြစ်နိုင်၏။
လမ်းသွယ်လေးထဲသို့ နေမင်းကြီးသည် နေရောင်မဖြာပေးချင်သလိုရှိနေ၏။ ထိုနေရာလေးသည် တော်တော်လေးကို အလင်းရောင်ဖျော့နေပြီး တိတ်ဆိတ်ခြောက်သွေ့နေ၏။
တံခါးနောက်တွင်တော့ ပို၍ပင် မည်းမှောင်နေသေး၏။
သူတို့ ထိုတံခါးကို ဖွင့်လိုက်သည်နှင့် အော့အန်ချင်စရာကောင်းလှသော ညှီနံ့များက လှိုင်ထွက်လာခဲ့လေတော့သည်။
ထိုအနံ့များသည် သွေးထွက်သံယိုဖြစ်မှုများမှ ထွက်ပေါ်လာသော ညှီစို့စို့အနံ့များလည်းဖြစ်နေ၏။
ထို့နောက် ထူးဆန်းအံ့ဩဖွယ်ကောင်းသော အသံများကို သူတို့ကြားလိုက်ကြရ၏။ ထိုအသံသည် တိရိစ္ဆာန်တစ်ကောင် သေခါနီးအချိန်တွင် အားကုန်ဖြဲအော်ပြီး အသက်ပြင်းစွာရှူရှိုက်လိုက်သောအသံကဲ့သို့ဖြစ်၏။ ငရဲပြည်မှ ငရဲသားများ ဇောင်းပေးလွှတ်ခံရခြင်းကြောင့် ထွက်ပေါ်လာသော အသံများပင်လော...
သို့သော် အသံသည် တကယ်ပင် မြေကြီးအောက်မှ ထွက်ပေါ်လာခဲ့ခြင်းဖြစ်၏။
သူတို့နှစ်ယောက်အောက်တွင် လူပေါင်း ၂၀ ကျော်ခန့်ရှိနေကြပြီး သွားကြိတ်သံ မာန်သွင်းသံများဖြင့် အသက်ရှင်သန်ရေးအတွက် တစ်ယောက်ကိုတစ်ယောက် တိရိစ္ဆာန်များလို တိုက်ခိုက်နေကြ၏။
မည်သူမျှ ပါးစပ်ဟပြီး စကားပြောဆိုနေကြခြင်းမရှိကြပါ။ ဓားသွားဖြင့် ထောက်ထားခံရသူများ စကားမပြောဝံ့ကြသလိုမျိုးလည်းဖြစ်၏။
မူလတုန်းကတော့ လူပေါင်း ၂၆ ယောက်တိတိရှိခဲ့၏။ ၉ ယောက်မှာ ကျဆုံးသွားခဲ့ပြီဖြစ်သည်။ ကျန်သည့် ၁၇ ယောက်မှာ နှစ်ဖွဲ့ကွဲပြီး တစ်ဘက်ဆီရှိနေကြသည်။ အင်အားတောင့်တင်းသူများဘက်တွင် အင်အားချိနည့်သူများထက် အရေအတွက်ပိုများနေ၏။
၁၂ ယောက်တိတိရှိပြီး အားလုံးပင် အဝါရောင်ဝတ်စုံများ ဝတ်ဆင်ထားကြ၏။ ထိုသူများအားလုံးသည် ထူးဆန်းသော လက်နက်များကို ကိုင်ဆောင်ထားကြ၏။ တစ်ယောက်သောသူထံတွင် သံပေသီးလက်နက်တစ်ခု ကိုင်ဆောင်ထား၏။
အခြားတစ်ဘက်ရှိလူစုတွင် နဂိုက လူ ၉ ယောက်ရှိနေခဲ့သော်လည်း ယခုတော့ ၅ ယောက်သာ ကျန်ရှိတော့သည်။ တစ်ယောက်သောသူသည် မျက်မမြင်တစ်ယောက်ဖြစ်၏။
အနီရောင်ခါးစီးကြိုးနှင့် ထွားကြိုင်းသန်မာသော လူထွားကြီးတစ်ယောက်လည်း ရှိနေ၏။ သူ့ထံတွင်မည်သည့် လက်နက်မျှ မကိုင်ဆောင်ထားပါ။
သူ၏ခန္ဓာကိုယ်သည် သူ၏လက်နက်ပင်ဖြစ်၏။
အေးစိမ့်သော ဓားရောင်တစ်ချက် လင်းလက်သွားခဲ့ပြီး ငါးအကြေးခွံဓားမော့တစ်ချောင်းသည် ထိုလူထွားကြီး၏ ပခုံးတစ်ဘက်ကို ဖြတ်ခုတ်လာခဲ့၏။ သစ်တုံးများကို ခုတ်ထွင်းလိုက်သော ပေါက်ဆိန်သွားလိုပင် လူထွားကြီးကို ဓားသွားက ခုတ်ဖြတ်လိုက်ရာ သူ၏ပခုံးရိုးကြားတွင် စိုက်ဝင်နေ၏။
အဝါရောင်ဝတ်ဆင်ထားသူသည် သူ၏ဓားကို ပြန်ဆွဲနှုတ်နေသော်လည်း ဓားကိုလုံးဝဆွဲနှုတ်၍မရဘဲဖြစ်နေ၏။ လူထွားကြီးသည် အဝါရောင်ဝတ်ဆင်ထားသူ၏ ရင်ဝကို လက်ဝါးတစ်ချက်ရိုက်ထုတ်လိုက်ရာ ထိုသူသည် လေထဲတွင် ဝဲပျံထွက်သွားရတော့သည်။
အရိုးကျိုးကြေသံများကိုပင် အတိုင်းသားကြားလိုက်ကြရ၏။
သို့သော် လူထွားကြီးသည် သူ၏ဘယ်ဘက်လက်တစ်ဘက်ကို မမြှောက်နိုင်တော့ပါ။ ရုတ်တရက် ကျယ်လောင်စွာ အော်ဟစ်ပြောဆိုလိုက်၏။ “ခင်ဗျားတို့အရင်ထွက်ပြေးနှင့်ကြ။ ကျုပ်သူတို့ကို တားထားလိုက်မယ်။ မြန်မြန်...”
မည်သူမျှ မထွက်ပြေးကြသလို မည်သူမျှလည်း သူ့စကားကို အရေးမစိုက်ကြပါ။
ကြမ်းပြင်ပေါ်တွင်လဲကျနေသူတစ်ယောက် ရုတ်တရက်ထလာပြီး အက်ကွဲတုန်ခါနေသောအသံဖြင့် အော်ပြောလိုက်၏။ “ကျုပ်တို့ ထွက်ပြေးလို့မဖြစ်ဘူး။ ဒီနေရာမှာ ကျုပ်တို့သေသွားကြမယ်ဆိုရင်တောင်မှ သူ့ကိုတော့ အပါခေါ်သွားမှ ဖြစ်လိမ့်မယ်။”
သူတို့အားလုံးသည် မြေအောက်ဥမင်လိုဏ်ခေါင်းတစ်ခုတွင်းတွင် ရှိနေကြပြီး ကျောက်မီးတိုင်များသည် တစ်နှစ်ပတ်လုံး ထွန်းညှိထားပုံရသည်။
ကျောက်မီးတိုင်များသည် နံရံတွင်းတွင် စိုက်ထား၏။ မီးရောင်မှိန်မှန်အောက်တွင် တွေ့လိုက်ရသည်မှာ သွေးအိုင်ထဲမှ ထပြောလိုက်သူသည် ကြီးမားထွားကြိုင်းသော မိန်းမဝကြီးတစ်ယောက်ဖြစ်နေပြီး သူမ၏မျက်နှာပေါ်တွင် ဓားဒဏ်ရာကြီးတစ်ခု ပါးစပ်ပေါက်ထိ ကန့်လန့်ဖြတ်ရှိနေ၏။
သူမ၏ညာဘက်မျက်လုံးတစ်ဘက် ကွယ်နေပြီး ကျန်ရှိနေသည့် ဘယ်ဘက်မျက်လုံးဖြင့် လူထွားကြီးကို စူးစူးစိုက်စိုက် ကြည့်နေ၏။
ထိုအကြည့်များတွင် မည်သည့်အရာမျှ မပါရှိဘဲ လက်စားချေမှုများသာ ပြည့်လျှံနေ၏။ သေရွာပါသယ်ယူသွားမည့် လက်စားချေမှုများလည်း ဖြစ်နေပြန်သည်။
“အမျိုးသမီး သားသတ်သမား ဝမ်ကတော်”
ထိုလူထွားကြီးသည် မည်သူများ ဖြစ်နေနိုင်ပါသနည်း။ ထိုသူသည် နှစ်ပေါင်းများစွာ ပျောက်ကွယ်နေခဲ့သော ထယ်ကျွမ်ကျား ဖြစ်နေပါသလော...
ထိုသူသည် အမှန်တကယ်ပင် ထယ်ကျွမ်ကျားဖြစ်နေလေသည်။
ထယ်ကျွမ်ကျားတစ်ယောက်မှလွဲ၍ မည်သူ့ထံတွင် ဤမျှလောက်မာကျောသော အရိုးများ ရှိနေနိုင်ပါမည်နည်း။
ဝမ်ကတော်သည် သူမ၏ခြေထောက်ပေါ်တွင် ရပ်တည်နေနိုင်ရန် မနည်းပင်ကြိုးစားနေရပြီး ထယ်ကျွမ်ကျားကို ခပ်စေ့စေ့ကြည့်ကာ မောက်မာစွာ ပြောဆိုလိုက်၏။ “ဒီလူက ကျုပ်တို့အတွက်ပဲ။ သူ့ကို ဘယ်သူမှ လက်ဖျားနဲ့တောင် မတို့ကြနဲ့။”
‘ရွှမ်း’
နောက်ထပ် အေးစိမ့်သောဓားငွေ့တစ်ခု ထွက်ပေါ်လာခဲ့ပြီး သူမသည် ကြမ်းပြင်ပေါ်သို့ နောက်တစ်ကြိမ် လဲကျသွားပြန်သည်။
ဤတစ်ကြိမ်တွင်တော့ သူမ ဘယ်တော့မှ ပြန်ထလာနိုင်တော့မည်မဟုတ်ပါ။
သူမ၏မျက်လုံးများက ပြူးကျယ်စွာပွင့်နေပြီး ထယ်ကျွမ်ကျားကို စိုက်ကြည့်နေကြ၏။
သူမသည် နာကျင်မှုကင်းမဲ့စွာ ကြောက်ရွံ့မှုကင်းမဲ့စွာ သေဆုံးသွားခဲ့ရခြင်းဖြစ်၏။
အဘယ်ကြောင့်ဆိုသော် သူမထံတွင်ရှိနေခဲ့သည့် တစ်ခုတည်းသောအရာမှာ လက်စားချေမှုပင်ဖြစ်သည်။ လက်စားချေရန်မှလွဲ၍ သူမထံတွင် မည်သည့်ခံစားချက်မျှ မရှိနေခဲ့ပါ။
နောက်ထပ်ဝင်ရောက်လာသော ဓားချက်တစ်ချက်ကြောင့် ထယ်ကျွမ်ကျား အံကြိတ်ထားလိုက်၏။ သူ၏ခြေထောက်ကို ဆောင့်ချလိုက်ပြီး အော်ဟစ်ပြောဆိုလိုက်ပြန်သည်။ “ခင်ဗျားတို့အားလုံး မထွက်သွားကြသေးဘူးလား။ ခင်ဗျားတို့အားလုံး သေသွားကြရင် ကျုပ်ကို ဘယ်သူကလာပြီး လက်စားချေတော့မှာလဲ။”
မျက်မမြင်လူကြီးက အေးစက်စွာရယ်မောပြောဆိုလိုက်၏။ “ကျုပ်တို့တွေ သေသွားခဲ့ရင်တောင်မှ မင်းရဲ့ဝိဉာဉ်ကို ကျုပ်တို့တွေ အပါခေါ်သွားမှာပါ။”
သူသည် မျက်စိမြင်ရသူများထက် သိုင်းပညာပိုကောင်းနေသော်လည်း မျက်မမြင်တစ်ယောက်သည် မျက်မမြင်တစ်ယောက်သာဖြစ်၏။ ရန်သူ၏တည်နေရာနှင့် တိုက်ခိုက်လာသော တိုက်ခိုက်ချက်များကို နားနှစ်ဘက် အစွမ်းကုန်ဖွင့်ထားပြီး အာရုံစိုက်နေရ၏။
သို့သော် စကားပြောဆိုနေစဉ်အတွင်းတွင်တော့ သူ့နားနှစ်ဘက်က သိပ်ပြီးအစွမ်းမထက်နိုင်တော့ပါ။ သူ၏စကားပင် မဆုံးသေး... ကျားလက်သည်းတစ်စုံက သူ့ရင်ဝကို ဒဏ်ရာအကြီးကြီးတစ်ခုရအောင် ထိုးဖွင့်သွားခဲ့လေသည်။
ကျားလက်သည်းကို လှန်ပြီးကော်ယူလိုက်ရာ အသားစများနှင့် သွေးများပန်းထွက်လာကြ၏။
ထယ်ကျွမ်ကျားတစ်ယောက် မြင်လိုက်ရသည့်မြင်ကွင်းကြောင့် အော့အန်ချင်စိတ်များ ပေါက်သွားခဲ့ရ၏။
သူသည် လူသတ်ခဲ့ဖူးသော်လည်း ဤမျှလောက်တော့ မရက်စက်ခဲ့ဖူးချေ။ သူ၏အရိုးများက မာကျောလွန်းလှသော်လည်း သူ၏နှလုံးသားကတော့ လွန်စွာမှပင် နူးညံ့ပျော့ပြောင်းလေသည်။
ယခုတော့ သူ၏လက်များသည်လည်း ပျော့ပြောင်းလာခဲ့ကြပြီး နောက်ထပ် လူမသတ်နိုင်တော့ပါ။
ထယ်ကျွမ်ကျားက ရုတ်တရက် အော်ဟစ်ပြောဆိုလိုက်၏။ “ခင်ဗျားတို့ရဲ့လက်ထဲမှာ ကျုပ်သေသွားခဲ့မယ်ဆိုရင်ကော...”
မျက်မမြင်လူကြီးက အေးစက်စွာ ရယ်မောပြောဆိုလိုက်၏။ “ဒီနေရာမှာ ဖြစ်ပျက်ခဲ့တာတွေက ကျုပ်တို့နဲ့ဘာမှ မသက်ဆိုင်ဘူး။ ကျုပ်တို့ဒီကိုရောက်လာခဲ့တာ မင်းကြောင့်ပဲ။”
နောက်ထပ်လူတစ်ယောက်၏ အက်ကွဲတုန်ခါနေသော အသံကြီး ထွက်ပေါ်လာပြန်သည်။ “မြေပြန့်သမာဓိရှင် ၈ ဖော်က မင်းကိုသူတို့လက်နဲ့မှ မသတ်နိုင်ခဲ့ဘူးဆိုရင် ကျုပ်တို့ရဲ့သေဆုံးမှုတွေဟာ အလဟသတ်ဖြစ်သွားတော့မှာပေါ့။”
ထိုသူ၏မျက်နှာတွင် ကျောက်ပေါက်မာများ ပြည့်နှက်နေ၏။ ထိုသူသည် ဓားမော့နှစ်လက်ကို သိုင်းလွယ်ထား၏။ အရှည်တစ်လက်၊ အတိုတစ်လက်ဖြစ်ပြီး မြောက်ပိုင်းဂိုဏ်းခွဲ၏ တပည့်ဖြစ်သူ ‘ယင်ယန်ဓားမော့’ ကုန်းစွန်းယု ဖြစ်လေသည်။
ထယ်ကျွမ်ကျားက ရုတ်တရက် အော်ဟစ်ရယ်မောလိုက်တော့သည်။ ဤအချိန်မျိုးတွင် ဘယ်အတွက်ကြောင့်များ သူရယ်မောနေရပါသနည်း။
သူ၏ရယ်မောလိုက်သံကြီးက ဤနေရာတွင်ရှိနေသူအားလုံးကို ဆံပင်များထောင်ထသွားစေ၏။ “ဒါဆိုရင် ခင်ဗျားတို့က ကျုပ်ကို ခင်ဗျားတို့လက်နဲ့ပဲ သတ်ချင်ကြတယ်ပေါ့... ဒါက လွယ်ပါတယ်။”
ထယ်ကျွမ်ကျားသည် သူ၏အကောင်းကျန်ရှိနေသေးသော လက်တစ်ဘက်ကို နောက်သို့ဝေ့ယမ်းလိုက်ရာ အဝါရောင်ဝတ်ဆင်ထားသူတစ်ယောက် နောက်သို့ဆုတ်သွားခဲ့ရ၏။ ပြီးနောက် သူသည် ရုတ်တရက်ပင် ကုန်းစွန်းယု၏ ဓားဖျားထိပ်သို့ လျင်မြန်စွာ တိုးဝင်သွားခဲ့တော့သည်။
ထယ်ကျွမ်ကျား၏ ရင်ဝတွင်းသို့စိုက်ဝင်သွားသော သူ၏ဓားမော့တိုကို စိုက်ကြည့်ပြီး ကုန်းစွန်းယု ငေးကြောင်သွား၏။
ထယ်ကျွမ်ကျားက တည်ငြိမ်စွာရပ်တည်နေရန် ကြိုးစားနေရပြီး အသက်ပြင်းစွာရှူရှိုက်ပြီး ပြောဆိုလိုက်၏။ “ကျုပ် ပေးဆပ်စရာရှိတဲ့အကြွေးတွေအားလုံး ကျေအောင်ဆပ်ပြီးသွားပြီ။ ခင်ဗျားတို့ဘာဖြစ်လို့ မထွက်သွားသေးတာလဲ။”
ကုန်းစွန်းယု၏ မျက်နှာထက်တွင် ဝေခွဲမရနိုင်ဟန်များ ဖြစ်ပေါ်လာခဲ့ပြီး ရုတ်တရက်မာန်သွင်းလိုက်ကာ ထယ်ကျွမ်ကျား၏ ရင်ဝမှ သူ့ဓားကိုဆွဲနှုတ်လိုက်၏။
ကုန်းစွန်းယု၏ရင်ဝသို့ သွေးမိုးများ ပန်းထွက်လာခဲ့တော့လေသည်။
ကုန်းစွန်းယု၏ ကျယ်လောင်စွာမာန်သွင်းသံကြီးက ရုတ်တရက်ပင် ရပ်တန့်သွားခဲ့ရပြီး ကြမ်းပြင်ပေါ်သို့ ပုံလျက်သား လဲကျသွားရ၏။ သူ၏နောက်ကျောတွင်တော့ ၃ ပေခန့်ရှည်သော ပန်းဖွားလှံတံတစ်ချောင်း စိုက်ဝင်နေလေသည်။
လှံသွားထိပ်ဖျားတွင်ရှိနေသော အနီရောင်ပန်းဖွားများက တလှုပ်လှုပ်ရှိနေတုန်းပင်။
ထယ်ကျွမ်ကျားသည်လည်း လဲကျသွားရတော့၏။ သူ၏နှုတ်ဖျားမှ တစ်ခုတည်းသော စကားကိုသာ ထပ်တလဲလဲရေရွတ်နေ၏။
“ကျုပ်ပေးဆပ်စရာရှိတဲ့အကြွေးတွေအားလုံး ကျေအောင်ဆပ်ပြီးသွားပြီ။ ခင်ဗျားတို့ဘာဖြစ်လို့ မထွက်သွားသေးတာလဲ။”
သူ့ရင်ဝသို့စိုက်ဝင်လာသော နောက်ထပ်လှံတစ်စင်းကို မကာကွယ်ခဲ့သလို ရှောင်တိမ်းခြင်းလည်းမရှိခဲ့ပါ။
0 comments:
Post a Comment