Thursday, March 10, 2011

(၇၇) တိမ်လွှာစံအိမ်တော်၏လျှို့ဝှက်ချက်

လီဆွန်းဟွာက ပြုံးပြီးပြောဆိုလိုက်၏။ “ဒါ ဘဝပဲလေ... တစ်ခါတစ်ရံမှာ ထောင်ချောက်ဆင်ထားမှန်း သိသိကြီးနဲ့ ထောင်ချောက်ထဲကို လျှောက်ဝင်သွားရတတ်တယ်မဟုတ်လား။”

အဘိုးအိုစွန်း-“မှန်တယ်။ ကျုပ် အလေးထားတဲ့လူတစ်ယောက်အတွက်ဆိုရင် ထောင်ချောက်ထဲကို ကျုပ်လည်း ဝင်မိမှာပဲ။”

စွန်းရှောင်းဟုန်သည် ခြေတစ်ချက်ဆောင့်ပြီး ကျန်လူနှစ်ဦးကို ကြည့်ကာ ပြောဆိုလိုက်၏။ “ဘိုးဘိုးတို့နှစ်ယောက်က ထောင်ချောက်ထဲကို ဝင်သွားပေမယ့် ကျမကတော့ ဘယ်တော့မှ ဝင်ရောက်သွားမှာ မဟုတ်ဘူး။”

အဘိုးအိုစွန်း-“ဒါပေမဲ့ ဒီထောင်ချောက်ထဲကို မင်းဝင်သွားခဲ့ပါပြီ။ ဒီဆံချည်မျှင်စတွေဟာ လင်ရှီးယင်ရဲ့ ဆံပင်တွေ မဟုတ်ဘူးလို့ မင်း သံသယရှိနေပေမယ့်လည်း စိတ်တော့လှုပ်ရှားသွားခဲ့ရတယ်မဟုတ်လား။ မင်းသာ အခုချိန်မှာ လူတစ်ယောက်နဲ့ တိုက်ခိုက်ရမယ်ဆိုရင်... အဲဒီလူဟာ မင်းထက် သိုင်းပညာ နိမ့်ကျနေတယ်ပဲထားဦး... မင်းရှုံးနိမ့်သွားမှာ သေချာတယ်။ ဘာဖြစ်လို့လဲဆိုတော့ မင်းရဲ့ တည်ငြိမ်မှုတွေ မရှိနိုင်တော့လို့ပဲ။”

စွန်းရှောင်းဟုန်-“ဒါပေမဲ့... ဒါပေမဲ့...”



သူမသာ ဤအခြေအနေမျိုးကို ကြုံတွေ့ခဲ့ရပါက မည်သို့ကိုင်တွယ်ဖြေရှင်းရမည်မှန်း သူမကိုယ်တိုင်လည်း မသိနိုင်ပါ။

စန့်ကွမ်းကျင်းဟုန်၏ ရည်ရွယ်ချက်သည် လီဆွန်းဟွာကို စိတ်လှုပ်ရှားသွားစေရန်ဖြစ်၏။ ထိုဆံပင်များသည် လင်ရှီးယင်၏ ဆံပင်များဖြစ်ကြောင်း လီဆွန်းဟွာ ယုံသည်ဖြစ်စေ၊ မယုံသည်ဖြစ်စေ... ဤအကြောင်းကို လီဆွန်းဟွာ စဉ်းစားမိနေသရွေ့ စန့်ကွမ်းကျင်းဟုန်၏ ရည်ရွယ်ချက် အောင်မြင်ပါသည်။

ဤအကြောင်းအရာကို မစဉ်းစားဘဲ လီဆွန်းဟွာ မည်ကဲ့သို့ နေနိုင်ပါမည်နည်း။

လင်ရှီးယင်သည် သူ့ဘဝတစ်ခုလုံးကို စိုးမိုးခြယ်လှယ်ထားခဲ့သူတစ်ယောက် မဟုတ်ပါလား။ အဘယ်ကြောင့် လင်ရှီးယင်ကို သူ မေ့ပျောက်ပစ်နိုင်ပါမည်နည်း။

ထိုဆံပင်များသည် လင်ရှီးယင်၏ ဆံပင်များ မဟုတ်ကြောင်းကို လီဆွန်းဟွာ သိခဲ့သည်ဆိုဦး... သူ့စိတ်တွင်း၌ ရှုပ်ထွေးနောက်ကျိနေဆဲ ရှိနေမည်ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် စန့်ကွမ်းကျင်းဟုန်သည် သူ့ကို လင်ရှီးယင် အကြောင်း စဉ်းစားစေမိခဲ့သည်မဟုတ်ပါလား။

ပြဿနာမှာ ထိုဆံပင်များသည် လင်ရှီးယင်၏ ဆံပင်များ ဟုတ်သည်မဟုတ်သည်ဆိုခြင်းထက် လီဆွန်းဟွာ မည်ကဲ့သို့သော လူစားမျိုး ဖြစ်သနည်းဆိုသည်ပင်...

ထိုနည်းလမ်းသည် လီဆွန်းဟွာကို ရင်ဆိုင်နိုင်ရန် အကောင်းဆုံး နည်းလမ်းလည်း ဖြစ်နေပြန်၏။ အခြားလူတစ်ယောက်ကို ဤနည်းလမ်းဖြင့် ရင်ဆိုင်မည်ဆိုပါက အောင်မြင်ချင်မှ အောင်မြင်နိုင်ပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ထိုသူသည် လီဆွန်းဟွာကဲ့သို့ နက်နက်ရှိုင်းရှိုင်း တွေးချင်မှ တွေးတတ်မည်ဖြစ်သည်။

ထို့ကြောင့် စန့်ကွမ်းကျင်းဟုန်သည် ကြောက်စရာ အကောင်းဆုံး ပြိုင်ဖက်တစ်ယောက် ဖြစ်နေသည်မဟုတ်ပါလား။

လူတစ်ယောက်ချင်းစီနှင့် မည်သို့ ရင်ဆိုင်ရမည်မှန်း စန့်ကွမ်းကျင်းဟုန် သိနေလေသည်။ သူ၏ ထိုးနှက်တိုက်ခိုက်သည့် နည်းလမ်းများက မေးခွန်းများစွာရှိနေမည်... သို့မဟုတ် ရူးကြောင်ကြောင် ဖြစ်နေလိမ့်မည်။ သို့သော် ထိုးနှက်ချက်တိုင်း၏ အကျိုးသက်ရောက်မှုသည်ကား အမြဲတမ်း အောင်မြင်နေမည်ဖြစ်၏။

အဘယ်ကြောင့်ဆိုသော် စန့်ကွမ်းကျင်းဟုန်သည် စစ်တပ်တစ်တပ်၏ တိုက်ခိုက်မှုဗျူဟာကို ကျွမ်းကျင်ပိုင်နိုင်စွာ အသုံးချနိုင်သူတစ်ယောက် ဖြစ်နေလေသည်။

“ရန်သူ၏စိတ်ဓာတ်ကို အရင်ဆုံးဖြိုခွဲပစ်ရမည်။”

လီဆွန်းဟွာသည် ကြမ်းပြင်ပေါ်သို့ ခြေပစ်လက်ပစ် ထိုင်ချလိုက်၏။

လီဆွန်းဟွာ မည်သည့်စကားမျှ မပြောသော်လည်း အဘိုးအိုစွန်းနှင့် စွန်းရှောင်းဟုန်တို့ နှစ်ယောက်သိထားကြသည်မှာ- တိမ်လွှာစံအိမ်တော်သို့ လီဆွန်းဟွာ မည်သည့်နည်းနှင့်မဆို မရောက်ရောက်အောင် သွားလိမ့်မည်ဖြစ်ပြီး လင်ရှီးယင်၏ အခြေအနေကို သွားစုံစမ်းမည်ဆိုခြင်းကိုတည်း...

ခရီးမထွက်ခင် သူ၏စိတ်ညစ်ညူးနေမှုများကို အတွေးထဲမှ အတတ်နိုင်ဆုံး မောင်းထုတ်ပစ်ရမည်ဖြစ်၏။

အရေးကြီးသော ဆုံးဖြတ်ချက်များ ပြုလုပ်သည့်အခါတိုင်း လီဆွန်းဟွာသည် စိတ်နှင့်ခန္ဓာကိုယ်ကို အရင်ဆုံး အနားပေးပြီး ပျော့ပြောင်းသွားအောင် လုပ်ဆောင်တတ်၏။

ဤသည်မှာ သူ၏အမူအကျင့်တစ်ခုဖြစ်၏။

အလွန်ကောင်းသော အမူအကျင့်လည်းဖြစ်၏။

စွန်းရှောင်းဟုန်သည် လီဆွန်းဟွာကို စူးစူးစိုက်စိုက် အကဲခတ်နေ၏။ သူမ၏အတွေးထဲတွင်-

“လင်ရှီးယင်ကို သူလုံးဝ မမေ့ပျောက်နိုင်သေးပါလား။ သူ့ဘဝမှာ လင်ရှီးယင်ကလွဲလို့ ဘယ်သူ့ကိုမှ အစားထိုးနိုင်မှာ မဟုတ်ပါဘူးလေ... ငါတောင်မှ အဲဒီနေရာကို တစ်သက်လုံး ရနိုင်ပါ့မလား။”

စွန်းရှောင်းဟုန်၏ မျက်လုံးများက နီရဲလာခဲ့ကြပြီး မအောင့်အီးနိုင်စွာပင် မေးမြန်းလိုက်တော့သည်။ “ရှင် သွားမှကို ဖြစ်မှာလား။”

လီဆွန်းဟွာက သူမ၏အမေးကို ပြန်မဖြေခဲ့ပါ။

အဘိုးအိုစွန်း-“သူသွားမှ ဖြစ်လိမ့်မယ်။ အဲဒီကို သွားလိုက်မှသာ သူ့စိတ်ကိုသူ ဖြေသိမ့်နိုင်လိမ့်မယ်။”

စွန်းရှောင်းဟုန်-“လင်ရှီးယင် အဲဒီမှာ တကယ်မရှိနေရင်ကော...”

လီဆွန်းဟွာ၏ မျက်လုံးအရောင်များက ညဉ့်၏အမှောင်ထုထက်ပင် ပို၍ မည်းမှောင်သွားခဲ့၏။ “ဘာပဲဖြစ်ဖြစ် ကျုပ် သွားမှကိုဖြစ်မယ်။ နောက်ကျမှ ဖြစ်လာမယ့်အရေးကို နောက်ကျမှပဲ စဉ်းစားဆုံးဖြတ်တော့မယ်။”

စွန်းရှောင်းဟုန်-“ရှင်သာ ပြန်သွားမယ်ဆိုရင် စန့်ကွမ်းကျင်းဟုန်ရဲ့ ထောင်ချောက်ထဲကို လုံးဝသက်ဆင်းသွားသလို ဖြစ်နေတော့မှာပေါ့။”

လီဆွန်းဟွာ-“ဟမ်...”

စွန်းရှောင်းဟုန်-“စန့်ကွမ်းကျင်းဟုန်ရဲ့ အကြီးမားဆုံး ရည်ရွယ်ချက်က ရှင့်ကို တိမ်လွှာစံအိမ်တော်ကို သွားစေချင်တာပဲ။ တိုက်ပွဲကို ချိန်းဆိုထားချိန်က မနက်ဖြန်နော်... တိမ်လွှာစံအိမ်တော်ဟာ ဒီနေရာနဲ့ နီးနီးလေးမှာ ရှိနေတာမဟုတ်ဘူး။ ရှင်သာ ဒီခရီးကို အသွားအပြန်လုပ်ခဲ့ပြီး အားအင်ကုန်ခန်းသွားချိန်မှာ သူကတော့ အားအင်အပြည့်အဝစုစည်းပြီး စောင့်ဆိုင်းနေလိမ့်မယ်။”

လီဆွန်းဟွာ-“တချို့အရာတွေက မင်းမလုပ်သင့်ဘူးဆိုတာ သိနေလျက်နဲ့ ဘာပဲဖြစ်ဖြစ် လုပ်ရမယ်ဆိုတာလည်း သိနေရတယ် မဟုတ်လား။”

စွန်းရှောင်းဟုန်-“ဒါပေမဲ့ ရှင် အဲဒီကို သွားမယ်ဆိုရင် ဘာမှမတိုက်ခိုက်ရသေးဘဲ ရှင့်အသက်ကို စန့်ကွမ်းကျင်းဟုန်လက်ထဲ ဝကွက်အပ်လိုက်သလို ဖြစ်နေတော့မှာပေါ့။ ရှင့်ဘဝမှာ လင်ရှီးယင်ဟာ ဒီလောက်တောင်မှ အရေးပါနေသလား။ ရှင့်အသက်ထက်တောင်မှ သူက ပိုပြီးအရေးကြီးနေလို့လား။”

လီဆွန်းဟွာသည် ခဏမျှ တိတ်ဆိတ်သွားခဲ့ပြီး စွန်းရှောင်းဟုန်ကို အကြာကြီး စိုက်ကြည့်နေလေသည်။

စွန်းရှောင်းဟုန်၏ မျက်ဝန်းများတွင် မျက်ရည်စများ ခိုတွဲနေပြီး လီဆွန်းဟွာ၏ အကြည့်များကို ရှောင်ဖယ်သွားခဲ့၏။

လီဆွန်းဟွာ-“ကျုပ် မင်းကို နားလည်စေချင်တာကတော့ ကျုပ်နေရာမှာ မင်းဖြစ်နေခဲ့မယ်ဆိုရင် မင်းလည်း ကျုပ်လိုပဲ ထပ်တူထပ်မျှ လုပ်ဆောင်မိမှာပဲ။ လင်ရှီးယင်နေရာမှာ မင်းဖြစ်နေခဲ့ရင်လည်း မင်းအတွက် ကျုပ် ဒီလိုမျိုး ထပ်တူထပ်မျှ လုပ်ကိုင်ဆောင်ရွက်ပေးမှာပဲ။”

စွန်းရှောင်းဟုန်သည် လီဆွန်းဟွာ ပြောခဲ့သော စကားများကို မကြားခဲ့သည့်အလား မည်သည့် တုံ့ပြန်မှုကိုမျှ မပြသခဲ့ချေ။

သို့သော် သူမ ငိုကြွေးနေလေပြီ။

မိန်းမတစ်ယောက်သည် ယောက်ျားတစ်ယောက်ကို ချစ်မိပြီဆိုပါက သူမသာလျှင် ထိုယောက်ျား၏နှလုံးသားထဲတွင် တစ်ဦးတည်းသောသူ ဖြစ်လိုသည်မှာ ဓမ္မတာပင်ဖြစ်သည် မဟုတ်ပါလား။ သူ့စိတ်ထဲတွင် အခြားမိန်းမတစ်ယောက်၏ ပုံရိပ်များ မရှိနေစေချင်ပါ။

သို့သော် မည်သို့ပင်ဖြစ်စေ လင်ရှီးယင်ကတော့ လီဆွန်းဟွာ၏ နှလုံးသားပုံရိပ်အဖြစ် ရှိနေဆဲပင်ဖြစ်၏။

စွန်းရှောင်းဟုန်သည် ထိုနေရာ၌ပင် အဓိပ္ပါယ်မဲ့စွာ ရပ်နေမိ၏။ သူမ ယခုအချိန်၌ မည်သို့ ခံစားနေရသနည်း။ ချိုသာပါရဲ့လား... ခါးသီးစွာ ခံစားနေရပါလား... သို့မဟုတ် ချဉ်တူးတူး ခံစားနေရပါလား...

အဘိုးအိုစွန်းက သက်ပြင်းချပြီး ပြောဆိုလိုက်သည်။ “ဒီအလုပ်က သူသွားလုပ်မှကို ဖြစ်မှာဆိုတော့ သူ့ကို ပေးသွားလိုက်ပါကွယ်။”

စွန်းရှောင်းဟုန်က ဖြည်းလေးစွာ ခေါင်းညိတ်ပြလိုက်ပြီး သူမ၏မျက်နှာထက်တွင် အပြုံးတစ်ခု ထွက်ပေါ်လာခဲ့၏။ ထိုအပြုံးသည် ခါးသက်သောအပြုံးဖြစ်သော်လည်း အပြုံးသည်အပြုံးသာဖြစ်၏။

စွန်းရှောင်းဟုန်က မျက်ရည်စက်လက်ဖြင့် ပြောဆိုလိုက်၏။ “ကျမ သိပ်ပြီးထုံအလွန်းပါလားဆိုတာ ခုချက်ချင်းလေးမှာပဲ သိလိုက်ရတယ်။ လင်ရှီးယင်ကို သူသိခဲ့တာ ကြာလှပြီပဲ။ သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးဟာ ကျမနဲ့မတွေ့ခင် အချိန်အကြာကြီးကတည်းက ရှိနေခဲ့တယ်ဆိုတာ ကျမ မေ့သွားတယ်။ စိတ်ညစ်စရာသာဖြစ်ကြေးဆိုရင် လင်ရှီးယင်ကသာ စိတ်ညစ်ရမယ့်သူဖြစ်ရမှာ... ကျမ မဟုတ်ဘူး။”

အဘိုးအိုစွန်းက ရယ်မောပြောဆိုလိုက်၏။ “လူတစ်ယောက်ဟာ သူ့ကိုယ်သူ ထုံအသူတစ်ယောက်လို့ ဝန်ခံခဲ့ပြီဆိုရင် အဲဒီလူဟာ အတော် ဆုံးလူတစ်ယောက် ဖြစ်လာပြီလို့သာ မှတ်ထားလိုက်ပေတော့။”

စွန်းရှောင်းဟုန်-“ဒါပေမဲ့... ကျမအနေနဲ့ တစ်ခုတော့ လုပ်မှကိုရမယ်။”

အဘိုးအိုစွန်း-“ဘာများလဲကွယ့်။”

စွန်းရှောင်းဟုန်-“ကျမ သူနဲ့အတူလိုက်သွားမှဖြစ်မယ်။ ကျမ လိုက်ကိုလိုက်သွားမှ ဖြစ်မယ်။”

အဘိုးအိုစွန်းသည် လီဆွန်းဟွာဘက်သို့ လှည့်ကြည့်နေပြီးမှ ပြောဆိုလိုက်၏။ “ကောင်းပြီလေ... ဒါပေမဲ့...”

လီဆွန်းဟွာက ပြုံးပြီးပြောဆိုလိုက်တော့သည်။ “သူကိုယ်တိုင်က လိုက်မှကိုဖြစ်မယ်လို့ ပြောခဲ့ပြီးမှတော့ သူ လိုက်ကိုလိုက်လာမှ ဖြစ်လိမ့်မယ်။”

အဘိုးအိုစွန်းက သဘောကျစွာ ရယ်မောလိုက်တော့သည်။ “မိန်းမတွေနဲ့ အငြင်းမပွားဖို့ဆိုတာကို ကျုပ် နှစ်ပေါင်း ၆၀ ကျော်လောက်မှ သိလာခဲ့ရတာ။ ကြည့်ရတာ မင်းက ဒီအချက်ကို စောစောစီးစီးပဲ သိနေပါလား။”

လီဆွန်းဟွာသည် ရုတ်တရက် ထရပ်လိုက်ပြီး ပြောဆိုလိုက်၏။ “ကျုပ်တို့ သွားမယ်ဆိုမှတော့ ခပ်မြန်မြန်လေး သွားကြရင်ကောင်းမယ်။ မင်းအဆင်သင့်...”

စွန်းရှောင်းဟုန်-“မိန်းမတွေအားလုံးဟာ တွေဝေငေးမောနေသူတွေချည်းလို့ ရှင်မထင်လိုက်ပါနဲ့။ တချို့မိန်းမတွေဟာ ယောက်ျားတွေလိုပဲ တုံးတိုက်တိုက်ကျားကိုက်ကိုက် လုပ်ကိုင်ဆောင်ရွက်တတ်ကြပါတယ်။ သူတို့သွားမယ်လို့ ပြောခဲ့ပြီးမှာတော့ သွားမှာပေါ့။”

အဘိုးအိုစွန်း-“မင်း အဲဒီနေရာကို ရောက်သွားပြီးရင် မင်းရဲ့ ဒုတိယဘဒွေးတော်ကို ဝင်ပြီးနှုတ်ဆက်လိုက်ပါဦး။ သူ့အခြေအနေ ဘယ်လိုရှိနေတယ်ဆိုတာလည်း လေ့လာခဲ့ဦး။”

“ဟုတ်ကဲ့..” စွန်းရှောင်းဟုန်က လီဆွန်းဟွာလက်ကို လှည့်ကြည့်ပြီး ပြောဆိုလိုက်၏။ “စံအိမ်တော်ဝင်းထဲကို သူနဲ့အတူတူ မလိုက်ပါလာစေချင်ဘူးဆိုရင်လည်း ကျမ ဒုတိယဘဒွေးတော်နဲ့အတူ သူ့ဆိုင်ထဲမှာပဲ စောင့်နေပါ့မယ်။”

လီဆွန်းဟွာက မေးမြန်းလိုက်သည်။ “သူရဲကောင်းစွန်းဟာ တိမ်လွှာစံအိမ်တော်အပြင်ဘက်မှာ နေထိုင်လာခဲ့တာ ၁၂ ကျော်ရှိနေပြီ။ ဘာကြောင့်လဲဆိုတာ မင်းသိလား။”

ထိုအချက်သည် ထူးဆန်းနေသည်ဟု လီဆွန်းဟွာ အမြဲတမ်းတွေးတောနေမိ၏။

လွန်ခဲ့သော ၁၂ နှစ်ဆိုသောအချိန်ကာလာသည် လီဆွန်းဟွာ သူ့စံအိမ်တော်မှ ထွက်ခွာသွားသည့်အချိန်နှင့် တစ်ချိန်တည်းလိုလို အချိန်ကာလည်းဖြစ်၏။ ထိုအချိန်တွင် ခါးကုန်းစွန်းသည် စံအိမ်တော်အပြင်ဘက်၌ အရက်ဆိုင်လေးဖွင့်ပြီး ရောက်ရှိလာခဲ့သော အချိန်လည်း ဖြစ်နေပြန်သည်။ မည်သို့ပင် စဉ်းစားစေကာမူ ဤဆက်ဆပ်မှုကို လီဆွန်းဟွာ မည်သို့မျှ နားမလည်နိုင်ပါ။

ခါးကုန်းစွန်းသည် လီမိသားစုနှင့် မည်သည့်ပတ်သက်မှုမျှ မရှိနေသလို လောင်ရှောင်း၄ယွန်နှင့်လည်း မည်သို့မျှ ပတ်သက်ဆက်နွယ်မှု မရှိနေနိုင်ပါ။ လင်ရှီးယင်သည်လည်း မိဘမဲ့တစ်ဦးဖြစ်ပြီး ငယ်စဉ်ကလေးဘဝကတည်းက လီမိသားစုက ခေါ်ယူမွေးစားခဲ့လေသည်။

သူမသည် အိမ်တွင်းအောင်းသူတစ်ယောက်ဖြစ်၏။ သူမ၏ ဘဝတစ်လျှောက်လုံးလိုလို တိမ်လွှာစံအိမ်တော်ပြင်ပသို့ မည်သည့်အခါကမျှ မထွက်ခဲ့ဖူးပါ။ သိုင်းလောက၏ ထိပ်သီးသိုင်းသမားများနှင့် ထိတွေ့ဆက်ဆံဖို့ဆိုသည်က ပို၍ပင် အလှမ်းဝေးနေသေး၏။

ခါးကုန်းစွန်းသည် တစ်စုံတစ်ယောက်၏ အမိန့်ကြောင့်သာ နေထိုင်ခဲ့ရသည်ဆိုပါက မည်သူကများ သူ့အား အမိန့်ပေးခဲ့သနည်း။ မည်သည့်အတွက်ကြောင့် တိမ်လွှာစံအိမ်တော် ဝန်းကျင်တွင် စောင့်ကြပ်စေခဲ့သနည်း။

ခါးကုန်းစွန်း စောင့်ရှောက်နေသည့်အရာမှာ မည်သည့်အရာများ ဖြစ်နေသနည်း။

လောကကြီးထဲတွင် ဤပဟေဠိပုစ္ဆာကို ဖြေဆိုနိုင်မည့်သူ တစ်ဦးတည်းသာ ရှိနေ၏။ ထိုသူသည် အဘိုးအိုစွန်းပင် ဖြစ်သည်မဟုတ်ပါလား။

အဘိုးအိုစွန်းက သူ့ကို ဤပဟေဠိအဖြေကို ဖြေဆိုပေးမည်ဟုလည်း လီဆွန်းဟွာ မျှော်လင့်ထား၏။

သို့သော် လီဆွန်းဟွာအတွက် စိတ်ပျက်အားလျော့စရာများ ဖြစ်ပေါ်လာခဲ့ရတော့သည်။

အဘိုးအိုစွန်းသည် သူ၏ဆေးတံထဲသို့ ဆေးတစ်ဖုံထည့်ပြီး မီးညှိဖွာရှိုက်နေလိုက်၏။

စွန်းရှောင်းဟုန်သည် အဘိုးဖြစ်သူအား တစ်ချက်စောင်းကြည့်လိုက်ပြီး ပြောဆိုလိုက်၏။ “ကျမကို တစ်စုံတစ်ခုသော အကြောင်းအရာက ထူးထူးဆန်းဆန်းဖြစ်နေစေတယ်။”

လီဆွန်းဟွာက သူမကိုကြည့်နေပြီး ဆက်ပြောလာမည့် စကားများကို စောင့်ဆိုင်းနေလိုက်သည်။

စွန်းရှောင်းဟုန်-“လောင်ရှောင်း၃ယွန် သူ့လက်ကိုသူ စန့်ကွမ်းကျင်းဟုန်ရှေ့မှာ ဖြတ်ခဲ့တာကို ရှင်သိတယ်နော်။”

လီဆွန်းဟွာက ခေါင်းညိတ်ပြီး သက်ပြင်းချလိုက်သည်။ “ဒီချာတိတ်ဟာ ထူးဆန်းတဲ့ကလေးတစ်ယောက်ပါ။ သူ့ လုပ်ကိုင်ဆောင်ရွက်မှုတွေ အားလုံးလိုလိုပဲ ထူးဆန်းနေတယ်။”

စွန်းရှောင်းဟုန်-“သူ့လက်ကို သူဖြတ်ပစ်တာက ကျမအတွက်တော့ မထူးဆန်းပါဘူး။”

လီဆွန်းဟွာ-“ဟမ်...”

စွန်းရှောင်းဟုန်-“အဲဒီအချိန်တုန်းက စန့်ကွမ်းကျင်းဟုန်မှာ သူတို့သားအဖကိုသတ်ဖို့ ရည်ရွယ်ချက် ရှိနေခဲ့တယ်။ လောင်ရှောင်း၃ယွန် သူ့လက်သူဖြတ်ပစ်တာက သူတို့ကို မသတ်အောင်လို့ပဲ။ အဲဒီလိုလုပ်ခဲ့ခြင်းအားဖြင့် သူ့အသက်ကိုသူ ကယ်တင်ရာရောက်ခဲ့သလို သူ့အဖေရဲ့အသက်ကိုလည်း ကယ်တင်နိုင်ခဲ့တယ်။ သူ့ကိုသူလည်း ဂုဏ်သိက္ခာ အဖတ်ဆည်နိုင်ခဲ့တယ်။”

စွန်းရှောင်းဟုန်က သက်ပြင်းချပြီး စကားဆက်လိုက်ပြန်သည်။ “ဒီအချက်က ဘာကိုပြသနေသလဲဆိုတော့ သူဟာ အင်မတန်ဉာဏ်ကောင်းပြီး ထက်မြက်တဲ့ချာတိတ်လေးတစ်ယောက်ဖြစ်နေတယ်ဆိုတာပဲ။ ဒါပေမဲ့ သူဟာ အမြဲတမ်းလိုလို ဉာဏ်ကောင်းထက်မြက်ပြီး ဆင်ကြံကြံနေသူတစ်ယောက်ဖြစ်နေလို့ ဒီအချက်ကလည်း ကျမအတွက် မထူးဆန်းတော့ပါဘူး။”

လီဆွန်းဟွာ-“ဒါဆိုရင် ဘယ်အချက်က မင်းအတွက် ထူးဆန်းနေရလို့လဲ။”

စွန်းရှောင်းဟုန်-“သူ့ရဲ့သိုင်းပညာက ရှင့်ကြောင့်မို့လို့ ပျက်စီးသွားခဲ့ရတယ်မဟုတ်လား။ သူဟာ သာမန်လူတစ်ယောက် ထက်တောင်မှ ပိုပြီးအားနည်းနေသေးတယ်။ ဟုတ်တယ်မဟုတ်လား။”

လီဆွန်းဟွာ-“အဲဒီတုန်းက ကျုပ်ရဲ့လုပ်ရပ်ဟာ မှန်သလားဆိုတာ ကျုပ်အမြဲပဲ စဉ်းစားနေမိတယ်။”

စွန်းရှောင်းဟုန်-“လူတစ်ယောက်ရဲ့ အရိုးအဆစ်တွေဟာ တော်တော်လေးကို မာကျောခိုင်ခံ့ပါတယ်။ လက်ကောက်ဝတ်အား အလွန်သန်မာသူတစ်ယောက်မှသာ သူ့လက်ကိုသူ တစ်ချက်တည်းနဲ့ ခုန်ဖြတ်ပစ်နိုင်လိမ့်မယ်။ ဒါမှမဟုတ်ရင် အလွန်ထက်မြည့်တဲ့ ဓားရတနာတစ်လက်ကို အသုံးပြုမှသာ တစ်ချက်တည်းနဲ့ ခုတ်ဖြတ်ပစ်နိုင်မယ်။”

လီဆွန်းဟွာ-“သူအသုံးပြုခဲ့တဲ့ဓားက ဓားရတာနာတစ်လက်မဟုတ်တာတော့ သေချာတယ်။”

စွန်းရှောင်းဟုန်-“မှန်တယ်.. ဓားရတနာတစ်လက် လုံးဝမဟုတ်ဘူး။”

လီဆွန်းဟွာ-“ဒါပေမဲ့ သူဓားနဲ့ခုတ်လိုက်တဲ့အချိန်မှာ သူ့လက်တစ်ဘက်က ချက်ချင်းပြတ်ကျလာခဲ့တာပဲ။”

စွန်းရှောင်းဟုန်-“သူ့ကို ကြည့်ရတာ အားအင်လုံးဝထုတ်မသုံးခဲ့ဘူးလို့ မထင်ရဘူးလား။”

လီဆွန်းဟွာ-“မင်းဟာ ကျုပ်ထက်တောင်မှ ပိုပြီး စေ့စပ်သေချာနေပါသေးလား။ မင်းရှင်းပြလိုက်တော့မှ ဒီအချက်ဟာ တော်တော်လေး အံ့ဩဖို့ကောင်းတဲ့အချက်ဆိုတာ ကျုပ် စဉ်းစားမိတော့တယ်။”

စွန်းရှောင်းဟုန်-“သာမန်လူတစ်ယောက်အတွက်ဆိုရင် လက်တစ်ဘက်ပြတ်ပြီးသွားတာနဲ့ ခဏလေးကြာရင် မေ့လဲကျသွားမှာပဲ။ မတ်တတ်ရပ် လမ်းထလျှောက်ပြီး စကားပြောနိုင်မှာတောင်မဟုတ်ဘူး။”

လီဆွန်းဟွာ-“မှန်တယ်။ အလွန်သန်မာတဲ့လူတစ်ယောက်အတွက်တောင်မှ နာကျင်မှုကို ခံစားနိုင်ဖို့ဆိုတာ တော်တော်လေး ကြိုးစားယူရမယ်။ အတွင်းအားအခြေခံကောင်းတဲ့လူတစ်ယောက်အတွက်တော့ ဒီလောက်ကြီး မလိုအပ်ဘူး။”

စွန်းရှောင်းဟုန်-“ဒါပေမဲ့ လောင်ရှောင်း၃ယွန်ဟာ အတွင်းအားပျောက်ကွယ် ပျက်ဆီးနေတဲ့ ကလေးငယ်တစ်ယောက်ပဲ။ သူ ဘယ်လိုလုပ်ပြီး လက်ဖြတ်ခံရတဲ့ နာကျင်မှုကို ကြိတ်မှိတ်ခံစားနိုင်မှာလဲ။”

လီဆွန်းဟွာ စကားပြောဆိုခြင်းမရှိတော့ပါ။ သူ၏မျက်လုံးများက အရောင်တောက်ပလာပြီး မျက်လုံးအိမ်ထဲမှ မျက်လုံးများကို ဝေ့ကစားနေသည်မှာ တစ်စုံတစ်ခုကို သဘောပေါက်နားလည်သွားသည့်အလား...

စွန်းရှောင်းဟုန်-“လက်ဖြတ်အပြီးမှာ သူ့အနေနဲ့ ဘာမှမခံစားရသလိုဘဲ လက်ပြတ်ကြီးကိုတောင် ကောက်ကိုင်ပြီး စန့်ကွမ်းကျင်းဟုန်ဆီ လျှောက်သွား စကားပြောနေလိုက်သေးတယ်။ သာမန်လူတစ်ယောက်က ဒီလိုမျိုး ပြုလုပ်နိုင်ခဲ့ပါ့မလား။”

လီဆွန်းဟွာ-“သူ့ရဲ့သိုင်းပညာကို ပြန်လေ့ကျင့်ယူနိုင်ခဲ့ပြီး ချိနည့်သူတစ်ယောက်လို ဟန်ဆောင်နေတယ်လို့ မင်း ဆိုလိုချင်တာလား။”

စွန်းရှောင်းဟုန်-“ကျမလည်း မပြောတတ်တော့ဘူး။”

လီဆွန်းဟွာ-“သူ့သိုင်းပညာကို ဖျက်ဆီးခဲ့တုန်းက ကျုပ် အားခပ်ပြင်းပြင်း အသုံးပြုခဲ့တာပဲ။ အတွင်းအား ပြန်လည်ပြည့်ဝလာဖို့ဆိုတာ ဘယ်လိုနည်းနဲ့မှ မဖြစ်နိုင်ဘူး။ တစ်ခုတော့ရှိတယ်...”

လီဆွန်းဟွာသည် စွန်းရှောင်းဟုန်ကို စိုက်ကြည့်နေပြီးမှ စကားဆက်လိုက်သည်။ “သိုင်းလောကမှာ ပြန့်လွင့်နေတဲ့ ကောလာဟလတွေသာ အမှန်ဖြစ်ခဲ့မယ်ဆိုရင် တိမ်လွှာစံအိမ်တော်ထဲမှာ တကယ်ပဲ အစွမ်းထက်တဲ့ သိုင်းကျမ်းတစ်စောင် ရှိနေတာ သေချာတယ်။ လောင်ရှောင်း၃ယွန်ဟာ တစ်နည်းနည်းနဲ့ ဒီသိုင်းကျမ်းကို ရရှိသွားခဲ့ပြီး လေ့ကျင့်နိုင်ခဲ့မယ်ဆိုရင်တော့...”

စွန်းရှောင်းဟုန်-“ကျမ မပြောတတ်တော့ဘူး။”

လီဆွန်းဟွာ-“ဒုတိယသူရဲကောင်းစွန်း တိမ်လွှာစံအိမ်တော် ပြင်ပမှာ စောင့်ရှောက်ပေးနေခဲ့တာ ဒီသိုင်းကျမ်းနဲ့ တစ်နည်းမဟုတ်တစ်နည်း ပတ်သက်ဆက်နွယ်နေတယ် မဟုတ်လား။”

စွန်းရှောင်းဟုန်-“ဒါလည်း ကျမ မသိဘူး။”

အဘိုးအိုစွန်း-“မင်း သူ့ကို သိစေချင်နေမှတော့ ပြောပြလိုက်ပါတော့လား။”

စွန်းရှောင်းဟုန်သည် အဘိုးဖြစ်သူကို လှည့်ကြည့်ပြီးမှ ဖြေဆိုလိုက်၏။ “ကျမကို အဆူခံရမှာ ကြောက်လို့ပေါ့။”

အဘိုးအိုစွန်းသည် သဘောကျစွာ ရယ်မောပြောဆိုလိုက်၏။ “မိန်းမတစ်ယောက်ဆီက လျှို့ဝှက်ချက်တစ်ခုကို မပေါက်ကြားစေချင်ရင် အကောင်းဆုံးနည်းလမ်းက သူ့ကို ဘာမှမပြောပြတာပဲ။”

စွန်းရှောင်းဟုန်-“ဒါပေမဲ့ ကျမ ဘာမှ မပြောပြခဲ့ဘူးနော်။”

အဘိုးအိုစွန်း-“ဒါပေမဲ့ မင်းရဲ့နည်းလမ်းက ပိုပြီးတော့တောင် ကောင်းနေသေးတယ်။ မင်းကိုယ်တိုင်တော့ ဘာမှ ပြောပြစရာမလိုတော့ဘူး။ ဘိုးဘိုးကိုပဲ အားလုံးဖွင့်ပြောစေချင်နေတယ်မဟုတ်လား။”

စွန်းရှောင်းဟုန်-“ကျမ... ကျမ ပြောပြခဲ့မယ်ဆိုရင်လည်း သူ့တစ်ယောက်တည်းကိုပဲ ပြောပြမှာပါ။ သူက အပြင်လူမှ မဟုတ်တာ။”

“သူက အပြင်လူမှ မဟုတ်တာ...”

ထိုစကားကို ကြားလိုက်ရပြီးနောက် လီဆွန်းဟွာ မည်သို့ခံစားသွားရသည်မှန်းကိုပင် ကိုယ့်ကိုကိုယ် မသိနိုင်တော့ချေ။

သူ့အတွက် ဤမိသားစုအပေါ်တွင် အကြွေးတင်နေသည်မှာ ဆပ်၍ပင်မကုန်နိုင်အောင် ဖြစ်နေသည်ကို သူမသိမဟုတ်... သိနေပါသည်။ မည်ကဲ့သို့ ပြန်လည်ပေးဆပ်ရမည်မှန်းပင် မဆုံးဖြတ်တတ်အောင် ဖြစ်နေရလေသည်။

မိန်းမတစ်ယောက်သည် သူ့ကို အပြင်လူတစ်ယောက်မဟုတ်ဟု ဆိုလာပါက သူမသည် သူ့အပေါ်တွင် တစ်သမှတ်တည်းသော သဘောထား ထားရှိနေမှန်း ပေါ်လွင်စေ၏။ သူသာ ခြေထောက်များရှည်ထွက်လာပြီး မြင်းတစ်ကောင်အဖြစ် ပြောင်းလဲသွားမည်ဆိုဦး ဤမေတ္တာနှောင်ကြိုးမှ ဘယ်တော့မှ ရုန်းထွက်နိုင်မည်မဟုတ်ပါ။

အဘိုးအိုစွန်းက လေးနက်တည်ကြည်သော လေသံဖြင့် ပြောဆိုလိုက်၏။ “တိမ်လွှာစံအိမ်တော်ထဲမှာ တကယ်ပဲ သိုင်းကျမ်းတစ်အုပ်ရှိနေပါတယ်။ ကောလာဟလ မဟုတ်ပါဘူး။”

လီဆွန်းဟွာ-“ဘယ်သူ့သိုင်းကျမ်းလဲ... ကျနော်လည်း ဘာမှ မသိရပါလား။”

အဘိုးအိုစွန်းက သူ၏ဆေးတံကို မီးညှိဖွာရှိုက်လိုက်ပြီး မီးခိုးငွေ့များကို အရပ်လေးမျက်နှာသို့ မှုတ်ထုတ်လိုက်၏။ “ဝမ်လင်ဟွာဆိုတဲ့ လူတစ်ယောက်ရဲ့နာမည်ကို မင်းကြားဖူးလား။”

လီဆွန်းဟွာ-“သိုင်းလောသားအားလုံးလိုလိုပဲ ဒီနာမည်ကို ကြားဖူးကြမယ်ဆိုတာ သေချာပါတယ်။ ကျနော် ဘာဖြစ်လို့ မကြားဖူးရမှာလဲ။”

အဘိုးအိုစွန်း-“ဝမ်လင်ဟွာဟာ သူရဲကောင်းရှန်လန်းရဲ့ ကြောက်စရာအကောင်းဆုံး ရန်သူတော်ကြီးပေါ့။ နောက်ဆုံးမှာတော့ သူတို့နှစ်ယောက်ဟာ အလွန်ခင်မင်တဲ့ မိတ်ဆွေရင်းတွေ ဖြစ်သွားခဲ့ကြတယ်။ ဘာကြောင့်လဲဆိုတော့ ဝမ်လင်ဟွာဟာ အကောင်းနဲ့အဆိုးကြားမှာ ရှိနေတဲ့ လူတစ်ယောက်ဖြစ်နေခဲ့လို့ပဲ။ တစ်ခါတစ်ရံမှာ လှည့်ဖျားတတ်ပေမယ့် လူယုတ်မာတစ်ယောက်တော့ လုံးဝမဟုတ်ခဲ့ဘူး။ လောဘကြီးပြီး ဆိုးသွမ်းတတ်ပေမယ့် သမာဓိရှိပြီး သစ္စာဘက်တော်သားတစ်ယောက်လည်း ဖြစ်နေပြန်သေးတယ်။ သူရဲကောင်းရှန်လန်းကို ခဏခဏ ဒုက္ခပေးခဲ့ပေမယ့်လည်း သူရဲကောင်းရှန်လန်းက သူ့ကို အမြဲပဲ ခွင့်လွှတ်နားလည်ပေးခဲ့တယ်။”

လီဆွန်းဟွာ-“ကျနော်ကြားဖူးတာတော့ ဝမ်လင်ဟွာဟာ သူရဲကောင်းရှန်လန်းနဲ့ ပင်လယ်ထဲက ကျွန်းတစ်ကျွန်းမှာ ဇာတ်မြှုပ်သွားခဲ့တာ တော်တော်လေးတောင် ကြာခဲ့ပြီပဲ။”

အဘိုးအိုစွန်း-“မှန်တယ်။ သူရဲကောင်းရှန်လန်းက ဝမ်လင်ဟွာကို နောက်ဆုံးမှာ ပြုပြင်ပြောင်းလဲပေးခဲ့တယ်။”

အဘိုးအိုစွန်းသည် သက်ပြင်းချသံနှင့်အတူ ပြောဆိုလိုက်ပြန်၏။ “လူတစ်ယောက်ကို သတ်ဖို့ဆိုတာ သိပ်လွယ်ပါတယ်။ လူတစ်ယောက်ကို ပြုပြင်ပြောင်းလဲပေးဖို့ဆိုတာကတော့ အင်မတန်ခက်ခဲတဲ့ အလုပ်တစ်ခုပါ။ သူရဲကောင်းရှန်လန်းဟာ တစ်ယောက်ဆိုတစ်ယောက် သူရဲကောင်းတစ်ယောက်ပါ။ မင်းသာ သူတို့နဲ့ခေတ်ပြိုင်မွေးဖွားခဲ့မယ်ဆိုရင် မင်းတို့နှစ်ယောက်ဟာ အင်မတန်မှ အားကျဂုဏ်ယူစရာကောင်းတဲ့ မိတ်ဆွေတွေဖြစ်လာကြမယ်ဆိုတာ ကျုပ်ပြောရဲပါတယ်။”

အဘိုးအိုစွန်း၏ မျက်လုံးများထဲမှ သူရဲကောင်းရှန်လန်းအပေါ် လေးစားကြည်ညိုမှုများ ပြည့်လျှံနေသည်ကို လီဆွန်းဟွာ ငေးကြည့်နေရလေသည်။ သို့သော် သူမသိသေးသည့်အချက်မှာ နောင်တစ်ခေတ်တွင် သူ၏သူရဲကောင်း မှတ်ကျောက်ဂုဏ်နှင့် သမိုင်းတွင်ရစ်မည့် နာမည်ကို လူအများက လေးစားကြည်ညိုခံရမည့်အရေးကိုဖြစ်၏။ ထိုဂုဏ်ဒြပ်သည် သူရဲကောင်းရှန်လန်းရရှိခဲ့သည့် ဂုဏ်ဒြပ်ထက် မည်သည့်နည်းနှင့်မျှ နိမ့်ကျမည်မဟုတ်ပါ။

အဘိုးအိုစွန်း-“သူရဲကောင်းရှန်လန်းဟာ ပါရမီရှင်တစ်ယောက်ပါ။ ဝမ်လင်ဟွာကလည်း သာမန်လူတစ်ယောက်တော့ မဟုတ်ဘူး။ မဟုတ်ရင် သူရဲကောင်းရှန်လန်းရဲ့ ကြောက်စရာအကောင်းဆုံး ပြိုင်ဖက်တစ်ယောက် ဘယ်လိုလုပ်ပြီး ဖြစ်လာခဲ့ရမှာလဲ။”

အကယ်၍ လူနှစ်ယောက်ထံတွင် ရှိနေသော ဉာဏ်စွမ်းဉာဏ်စထက်မြက်မှုနှင့် စွမ်းရည်သတ္တိတို့သည် မတူညီကြပါက သူတို့နှစ်ယောက်သည် ရန်သူအဖြစ်ထက် မိတ်ဆွေဖြစ်သွားနိုင်ဖို့ ပိုပြီးရာခိုင်နှုန်းများ၏။ ထို့ကြောင့် စန့်ကွမ်းကျင်းဟုန်သည် လီဆွန်းဟွာ၏ အကြီးမားဆုံးပြိုင်ဘက်ရန်သူတော်ကြီး ဖြစ်နေရသည်မဟုတ်ပါလား။

လီဆွန်းဟွာ-“ကျနော်ကြားဖူးတာကတော့ ဝမ်လင်ဟွာဟာ သိုင်းလောကမှာ တမူထူးတဲ့ ပညာရှင်တစ်ယောက်ဆိုတာပဲ။ သိုင်းပညာရပ်တင်မကသေးဘူး... စာပေပညာနဲ့ အခြားပညာရပ်တွေမှာပါ သူမတူအောင် ထူးချွန်တယ်လို့ ကြားဖူးတယ်။ သူ့ရဲ့ ပညာရပ်များဆိုင်ရာ ဗဟုသုတတွေဟာ အလွန်ပဲကျယ်ပြန့်နက်ရှိုင်းပြီး လေးနက်လွန်းတဲ့အတွက် သိုင်းလောကမှာ ပြိုင်စံရှားတစ်ယောက်ဖြစ်ခဲ့တယ် မဟုတ်လား။”

အဘိုးအိုစွန်း-“မှန်တယ်။ ဝမ်လင်ဟွာဟာ သိုင်းပညာရပ်တွေတင်မကဘူး... ဗေဒင်ပညာနဲ့ နက္ခတ်ဆန်းပညာရပ်၊ ဂီတနဲ့ တီးမှုတ်တဲ့တူရိယာမျိုးစုံ၊ ကျားကစားခြင်း၊ စာပေပညာနဲ့ ပန်းချီပညာရပ်များမှာပါ သူမတူအောင် ထူးချွန်တယ်။ ဆေးပညာရပ်မှာလည်း အလွန်ထူးချွန်ခဲ့ပြီး မျက်နှာလွှဲပြောင်းတတ်တဲ့ပညာရပ်မှာတော့ သူ့ကိုမီတဲ့သူမရှိဘူး။ သူတတ်ခဲ့တဲ့ ပညာရပ်တွေကို လူ ၁၀ ယောက်လောက်ခွဲပြီး လေ့လာမယ်ဆိုရင်တောင်မှ သူ့ကိုမမီသေးဘူး။”

အဘိုးအိုစွန်းက သက်ပြင်းချပြီး စကားဆက်လိုက်ပြန်သည်။ “သူ့ရဲ့လေ့လာလိုက်စားမှုတွေက သိပ်ပြီးကျယ်ပြန့်နက်ရှိုင်းလွန်းတော့ သိုင်းပညာရပ်ဘက်ကို အလေးမပေးနိုင်ခဲ့ဘူး။ သူလိုဉာဏ်ကောင်းထက်မြက်တဲ့ လူတစ်ယောက်ဟာ နောက်ဆုံးတော့လည်း သူရဲကောင်းရှန်လန်းလက်ထဲမှာ ကျရှုံးသွားခဲ့ရတာပဲ။ ဘာကြောင့်လည်းဆိုတော့ သိုင်းပညာရပ်ကို ဇောက်ချပြီး မလေ့ကျင့်ခဲ့လို့ပဲ။”

လီဆွန်းဟွာသည် အားဖေကို ရုတ်တရက် သတိရမိသွား၏။

အားဖေ၏ ထက်မြက်မှုသည် ဝမ်လင်ဟွာ၏ ထက်မြက်မှုထက် သာလွန်နေပါသလား။... အဘယ်ကြောင့်ဆိုသော် အားဖေ စိတ်ဝင်တစား တစိုက်မတ်မတ် လေ့လာလိုက်စားခဲ့သည်မှာ ဓားပညာရပ်ဖြစ်၏။ သူ၏ဓားသည် နယ်ပယ်ဘောင်ခတ်မှုများကို ကျော်လွန်ပြီး နောင်တစ်ချိန်တွင် အတိုင်းအဆမဲ့အဆင့်ထိရောက်သွားနိုင်သည်။

“ဝမ်းနည်းစရာကောင်းသည်မှာ ဉာဏ်ကောင်းထက်မြက်သူများသည် ထုံအလွန်းသော အရာများကို အမြဲတမ်းပြုလုပ်မိတတ်ကြသည်မဟုတ်ပါလား။”

လီဆွန်းဟွာသည် သက်ပြင်းမောကြီးချလိုက်ပြီး ဤအကြောင်းအရာများကို ဆက်မစဉ်းစားချင်တော့ပါ။

အဘိုးအိုစွန်း-“သူရဲကောင်းရှန်လန်းကြောင့် ပြောင်းလဲသွားပြီးတဲ့နောက် ဝမ်လင်ဟွာ သူ့ကိုယ်သူ နားလည်လာခဲ့တာက သူလိုက်စားခဲ့တဲ့ ပညာရပ်တွေဟာ သိပ်ကိုကျယ်ပြန့်နက်ရှိုင်းလွန်းလှပြီး ရောထွေးနေရုံမကသေးဘူး... အထက်လမ်းကျတဲ့ ပညာရပ်တွေလည်း မဟုတ်ဘူးဆိုတာ သိမြင်လာခဲ့တယ်။ ပထမတော့ သူ့ရဲ့ ‘လင်ဟွာစွယ်စုံကျမ်း’ ကြီးကို မီးရှို့ဖို့ကြိုးစားခဲ့သေးတယ်။”

လီဆွန်ဟွာ အံ့အားသင့်သွားခဲ့ရ၏။ “လင်ဟွာစွယ်စုံကျမ်း... ဟုတ်လား။”

အဘိုးအိုစွန်း-“မှန်တယ်။ အဲဒီစွယ်စုံကျမ်းကြီးမှာ သူ့တစ်သက်တာ စုဆောင်းလေ့လာခဲ့သမျှ ပညာရပ်တွေ အကုန်လုံးကို စုပေါင်းပြုစုထားခဲ့တယ်။”

လီဆွန်းဟွာ-“သူ ဘာဖြစ်လို့ အဲဒီကျမ်းစာအုပ်ကြီးကို မီးရှို့ပစ်ချင်ရတာလဲ။”

0 comments:

Post a Comment