Thursday, March 10, 2011

(၇၆) ပြောင်မြောက်သော ထိုးနှက်ချက်

အဘိုးအိုစွန်းက လေးနက်သောလေသံဖြင့် ပြောဆိုလိုက်သည်။ “စန့်ကွမ်းကျင်းဟုန် မနက်ဖြန်ကျရင် အစောကြီး ရောက်လာလိမ့်မယ်။”

စွန်းရှောင်းဟုန်-“ဘာဖြစ်လို့လဲ။”

အဘိုးအိုစွန်း-“ဘယ်သူမဆို အရင်ဆုံးရောက်နှင့်တဲ့သူက တိုက်ကွင်းရဲ့ အကောင်းဆုံးနေရာကို ရွေးချယ်နိုင်မယ်။ စန့်ကွမ်းကျင်းဟုန်က ဒီအခွင့်အရေးကို လက်လွတ်ဆုံးရှုံးခံမှာမဟုတ်ဘူး။”

စွန်းရှောင်းဟုန်-“လီဆွန်းဟွာက ဘာဖြစ်လို့သူ့အရင်ရောက်အောင် မလာနိုင်ရမှာလဲ။”

အဘိုးအိုစွန်း-“အရင်ဆုံးရောက်လာမယ့်သူနေရာကို သူမလုချင်လို့လည်းဖြစ်နေနိုင်တယ်။ ဒါမှမဟုတ် သူ့မှာ အခြား အကြောင်းအရာတစ်ခုခုတော့ ရှိနေမှာပေါ့။”

အဘိုးအိုစွန်းက ဟက်ခနဲရယ်မောသံတစ်ချက်ပြုပြီး ပြောဆိုလိုက်သည်။ “လီတွမ့်ဟွာဟာ သာမန်လူတစ်ယောက်မဟုတ်ဘူးကွယ့်။ တစ်ခါတစ်ခါကျရင် ဘိုးဘိုးတောင်မှ သူဘာလုပ်မယ်မှန်း မှန်းဆရခက်တယ်။”

စွန်းရှောင်းဟုန်-“ဟုတ်ပါပြီလေ... ကျမမြင်သလောက်ကတော့ ဒီနေရာမှာ ဘာမှ ထူးထူးခြားခြားမရှိနေပါဘူး။ ဘယ်နေရာက ဘယ်အကွက်အကွင်းက အကောင်းဆုံးရွေးချယ်မှုလဲဆိုတာ ဘယ်သူမှပြောနိုင်မယ်မထင်ဘူး။”



အဘိုးအိုစွန်း-“မြေးလေးပြောတဲ့နေရာက သူအခုရပ်နေတဲ့နေရာပဲကွယ့်။”

စွန်းရှောင်းဟုန်-“သူရပ်နေတဲ့နေရာက ဘာများထူးခြားနေရလို့လဲ ဘိုးဘိုးရယ်။”

အဘိုးအိုစွန်း-“စန့်ကွမ်းကျင်းဟုန်သာ အဲ့ဒီနေရာမှာ ရပ်နေမယ်ဆိုရင် လီဆွန်းဟွာက သူ့နဲ့ တိုက်ရိုက်မျက်နှာမူရာ အရပ်မှာ ရှိနေလိမ့်မယ်။”

စွန်းရှောင်းဟုန်က ခေါင်းညိတ်ပြလိုက်သည်။ “အင်းအင်...”

အဘိုးအိုစွန်း-“ချိန်းဆိုထားတဲ့အချိန်က နေဝင်ချိန်တည့်တည့်ကြီးမှာ ချိန်းဆိုထားတယ်မဟုတ်လား။”

စွန်းရှောင်းဟုန်-“ဪ... ကျမသိပြီ။ အဲဒီနေရာမှာ ရပ်နေတဲ့သူက နေကို ကျောပေးထားသလိုဖြစ်နေလိမ့်မယ်။ ဒါကြောင့်မို့လို့ နေထိုးမှုကသူ့ကိုဘာမှ ဖြစ်စေမှာမဟုတ်ဘူး။ သူနဲ့မျက်နှာချင်းဆိုင်ရပ်နေသူကတော့ နေကို မျက်နှာချင်းဆိုင် ရပ်နေတဲ့သူဖြစ်သွားပြီ။ သူမျက်တောင်လေးတစ်ချက်ခတ်လိုက်တာနဲ့ သူ့ရဲ့ပြိုင်ဘက်က သူ့ကိုတိုက်ခိုက်ဖို့ အခွင့်ကောင်းရသွားမှာပေါ့။”

အဘိုးအိုစွန်း-“မှန်လိုက်လေကွယ်။”

စွန်းရှောင်းဟုန်-“ဒါပေမဲ့ စန့်ကွမ်းကျင်းဟုန်က ဘာအတွက်ကြောင့် အဲဒီနေရာကို ရွေးချယ်မှာလဲ။”

အဘိုးအိုစွန်း-“ဒီနေရာမှာ လီဆွန်းဟွာ ရပ်နေမှသာ ဒီနေရာရဲ့ပျော့ကွက်တွေကို တွေ့လာနိုင်မှာပေါ့။ ပြီးတာနဲ့ နောက်တစ်နေရာကို သူရွေးချယ်လာနိုင်လိမ့်မယ်။”

အဘိုးအိုစွန်းက ဆက်ပြောနေပြန်သည်။ “ဟိုးဘက်က သစ်တောအုပ်လေးထဲကို ကြည့်လိုက်စမ်း... ညနေ နေဝင်ချိန်ရဲ့ နေရောင်က အဲဒီသစ်တောအုပ်ထဲက မြူနှင်းလေးတွေတင်နေတဲ့ သစ်ရွက်လေးတွေကနေ ရောင်ပြန်ဟပ်နေတာကို တွေ့ရလိမ့်မယ်။ ဒါကြောင့်မို့လို့ နေကိုကျောပေးထားပေမယ့်လည်း အဲဒီရောင်ပြန်ဟပ်မှုတွေကို ခံရဦးမှာပဲ။”

ယခုအချိန်တွင် လီဆွန်းဟွာသည် သူတို့နှင့်ဆန့်ကျင်ဘက်ခြမ်းတည့်တည့်တွင် ရှိနေသော သစ်ပင်လေးသို့ လျှောက်သွားနေ၏။

စွန်းရှောင်းဟုန်၏အကြည့်များက လီဆွန်းဟွာသွားသည့်နောက်ကို မျက်ခြေမပြတ်လိုက်လံ ကြည့်ရှုနေ၏။ ရုတ်တရက်ပင် ရောင်ပြန်ဟတ်သောအလင်းရောင်တစ်ခုက သူမ၏အကြည့်များကို ဝေဝါးသွားစေ၏။ ထိုသစ်ပင်တွင်ရှိနေသော သစ်ရွက်များက အခြားသစ်ပင်များရှိသစ်ရွက်များထက် အေးခဲနေသောသစ်ရွက်များ ပိုရှိနေသလို နေရောင်ခြည်၏ ရောင်ပြန်ဟတ်မှုသည်လည်း အစူးရှဆုံးဖြစ်နေ၏။

အဘိုးအိုစွန်း-“မင်း အခုနားလည်သွားပြီမဟုတ်လား။”

စွန်းရှောင်းဟုန်က ဘာမှပြန်မပြောခဲ့ချေ။

လီဆွန်းဟွာသည် ရုတ်ချည်းပင် သစ်ပင်ပေါ်သို့ ခုန်ပျံတက်သွားလိုက်၏။ သူ၏ခန္ဓာကိုယ်တစ်ခုလုံးက သစ်ပင်ပေါ်သို့မြှားတစ်စင်း ပစ်လွှတ်လိုက်သလို လျင်မြန်စွာ ထောင်တက်သွားပြီး သစ်ကိုင်းများ၊ သစ်ရွက်များအားလုံးနီးပါးကို သူ့ခန္ဓာကိုယ်ဖြင့် ပွတ်တိုက်သွား၏။

အဘိုးအိုစွန်း-“သိုင်းလောကမှာရှိတဲ့လူတိုင်းပဲ ‘ရှောင်းလီဓားပျံ၊ လက်ခွင်းထွက်ရင် ဘယ်တော့မှမလွဲ’ ဆိုတာကိုသိနေကြတယ်။ ဒါပေမဲ့ သူ့ရဲ့ကိုယ်ဖော့ပညာက သိုင်းလောကမှာ အတော်ဆုံးအဆင့်ရှိနေပြီး သူလိုလူ များများစားစားမရှိနိုင်ဘူးဆိုတာကိုတော့ ဘယ်သူမှ သိကြမှာမဟုတ်ပါလား။”

စွန်းရှောင်းဟုန်-“အဲဒီသစ်ပင်မှာ သူဘာလုပ်နေတာလဲ ဘိုးဘိုး။”

အဘိုးအိုစွန်း-“အဲဒီသစ်ပင်မှာရှိနေတဲ့သစ်ကိုင်းမှန်သမျှကို သူလိုက်စစ်နေတာ။ အဲဒီအတွက် ရည်ရွယ်ချက်နှစ်ခုရှိတယ် မြေးလေးရဲ့။”

စွန်းရှောင်းဟုန်-“ရည်ရွယ်ချက်နှစ်ခု... ဟုတ်လားဘိုးဘိုး။”

အဘိုးအိုစွန်း-“ပထမဆုံးအနေနဲ့ သစ်ကိုင်းတွေကို စန့်ကွမ်းကျင်းဟုန်က ထစ်ထားသလားဆိုတာကို ဆန်းစစ်ကြည့်နေတာပေါ့။”

စွန်းရှောင်းဟုန်-“သစ်ကိုင်းတွေကို ထစ်ထားတယ်... ဘာကိုဆိုလိုတာလဲ။”

အဘိုးအိုစွန်း-“သူ စန့်ကွမ်းကျင်းဟုန်နဲ့ရင်ဆိုင်နေတဲ့အချိန်မှာ အဲ့ဒီသစ်ကိုင်းကျိုးကျလာရင် ဘာဖြစ်သွားမလဲ။”

စွန်းရှောင်းဟုန်-“အဲ့ဒီသစ်ကိုင်း ကျိုးကျလာမှတော့ သစ်ကိုင်းကျိုးတွေ ကျိုးကျလာမှာပေါ့။”

အဘိုးအိုစွန်း-“ဘယ်နေရာကို ကျိုးကျလာမှာလဲ။”

“မြေကြီးပေါ်ကို ပြုတ်ကျလာမှပေါ့။” စွန်းရှောင်းဟုန်သည် အဘိုးအိုစွန်း ဘာကိုဆိုလိုချင်မှန်း ရုတ်တရက် တွေးမိလိုက်ပြီး ဆက်ပြောနေလိုက်သည်။ “ဒါမှမဟုတ်ရင် သူ့မြင်ကွင်းကို ပိတ်ပြီးကျိုးကျလာမှာပေါ့။ ဒါမှမဟုတ်ရင် သူ့ခေါင်းပေါ်တည့်တည့် ကျိုးကျလာမှာပေါ့။ အဲ့ဒီလို ဖြစ်လာခဲ့ရင် သူ့ရဲ့အာရုံစုစည်းမှုတွေ ပျက်ပြားသွားနိုင်တယ်။ အာရုံစုစည်းမှု နည်းနည်းလေးပျက်ပြားသွားရင်တောင် စန့်ကွမ်းကျင်းဟုန်အတွက် အခွင့်ကောင်း အများကြီးရသွားနိုင်တယ်။”

အဘိုးအိုစွန်း-“အဲ့ဒါတင်မကသေးဘူး... အကယ်၍ သူ့မှာတခြားရွေးချယ်စရာမရှိတော့ဘူးဆိုရင် အဲ့ဒီသစ်ပင်ပေါ်ကို သူ တက်ရတော့မယ်။ အဲ့ဒီသစ်ပင်ဟာ သူတို့ရဲ့တိုက်ပွဲနေရာဖြစ်သွားခဲ့မယ် ဆိုရင်ကော...”

စွန်းရှောင်းဟုန်-“ဒါဆိုရင်တော့ အဲ့ဒီသစ်ပင်ကို တစ်လက်မမကျန် စစ်ဆေးကြည့်ရှုဖို့ သူ လုပ်ရတော့မှာပေါ့။ မြေကြီးပေါ်မှာ သူ စစ်ဆေးနေသလိုမျိုးပေါ့။”

အဘိုးအိုစွန်း-“မင်း နားလည်လာပြီပဲ။”

စွန်းရှောင်းဟုန်-“ကျမ နားလည်သွားပါပြီ။ တိုက်ပွဲတစ်ပွဲအတွက် ဒီလောက်ပြင်ဆင် လေ့လာရမယ်မှန်း ဘယ်သူကများ ထင်ထားမှာလဲ ဘိုးဘိုးရယ်။”

အဘိုးအိုစွန်း-“ဘာပဲလုပ်သည်ဖြစ်စေ အမြင့်ဆုံးအဆင့်ကို ရောက်သွားပြီဆိုရင် ဒီလိုပဲ ပြင်ဆင်လေ့လာမှုတွေ ပြုလုပ်ကြရမှာပဲ။ ဒီလိုပဲ ခက်ခဲနက်နဲမှုတွေနဲ့ ကြုံတွေ့ရမှာပဲ။ ဇာပန်းထိုးသည်ဖြစ်စေ၊ ထမင်းဟင်းချက်သည်ဖြစ်စေ... ဒီလိုမျိုး ပြုလုပ်ကြရမှာပဲကွယ့်။”

အဘိုးအိုစွန်းသည် လီဆွန်းဟွာဘက်သို့ လှည့်ကြည့်လိုက်ပြီး ဆက်ပြောနေလိုက်သည်။ “သူတို့နှစ်ယောက်ရဲ့တိုက်ပွဲက မနက်ဖြန်ဆိုပေမယ့် သူတို့နှစ်ယောက် ရင်ဆိုင်တွေ့ဆုံပြီးကတည်းက တိုက်ပွဲဟာ အစပြုခဲ့ပြီးပြီ။ ဘာအချက်တွေက စကားပြောသလဲဆိုတော့ သူတို့နှစ်ယောက်ရဲ့ စေ့စပ်သေချာမှု၊ သည်းခံမှုနဲ့ ဗဟုသုတကြွယ်ဝမှုတွေက တိုက်ပွဲရဲ့အဖြေကို ပေးလိမ့်မယ်။ သူတို့နှစ်ယောက်ထဲက အနိုင်ရသူဟာ ဒီအချိန်လေးမှာတင် အဆုံးအဖြတ်ကို ပေးလိမ့်မယ်။ ဒါပေမဲ့ တိုက်ပွဲစမှာက မနက်ဖြန်ဖြစ်နေတယ်။ မနက်ဖြန်ကျရင် ဘယ်သူနိုင်ပြီး ဘယ်သူရှုံးမလဲဆိုတာ အဖြေထွက်ပေါ်လာလိမ့်မယ်။”

စွန်းရှောင်းဟုန်-“ဒါပေမဲ့ အားလုံးမြင်တွေ့ကြရမှာကတော့ မနက်ဖြန်ရဲ့ တိုက်ပွဲအဆုံးအဖြတ်ကိုပဲ။ အချိန်လေးတစ်ချိန် အတွင်းမှာရှိနေတဲ့ စေ့စပ်သေချာမှုတွေကို မဟုတ်ဘူး။ ဆိုရိုးစကားတစ်ခုရှိနေတယ်မဟုတ်လား... ‘ထိပ်သီးတွေရဲ့ တိုက်ပွဲ အဆုံးအဖြတ်ဟာ တစ်ကွက်တည်းသော လှုပ်ရှားမှု’ လို့ဆိုပေမယ့် မတိုက်ခိုက်ခင် အချိန်လေးမှာ ဒီလောက်တောင်မှ ပြင်ဆင်လေ့လာမှုတွေ ပြုလုပ်ထားကြရမယ်မှန်း ဘယ်သူက သိနိုင်ကြမှာလဲ။ အားလုံး မြင်တွေ့ကြရမှာက အဲ့ဒီအချိန်လေး တစ်ချိန်တည်းမှာ ရောက်ရှိလာမယ့် အဆုံးအဖြတ်ကို မဟုတ်လား။”

အဘိုးအိုစွန်း၏ မျက်နှာပေါ်တွင် စိတ်မသက်သာသော အရိပ်အယောင်များ ထွက်ပေါ်လာခဲ့ရ၏။ မီးခြစ်ကျောက်ကလေးကို မီးခတ်လိုက်ပြီး သူ၏ဆေးတံကို မီးညှိလိုက်သည်။ သူ၏မျက်လုံးအကြည့်များက ဖွာရှိုက်လိုက်သော ဆေးတံမီးပွားများကိုသာ အာရုံစိုက်နေပြီး စကားပြောဆိုလိုက်၏။ “သိုင်းပညာရပ်ကို ပေါက်မြောက် အောင်မြင်သွားတဲ့ ထိပ်သီးသိုင်းသမားတစ်ယောက်ရဲ့ဘဝဟာ သိပ်ပြီးအထီးကျန်ဆန်လွန်းပါတယ်လေ။ လူတွေ တွေ့ရတာကတော့ သူတို့ရဲ့ အောင်မြင်ကျော်ကြားမှုတွေနဲ့ အားရကျေနပ်စရာကောင်းလှတဲ့ ဘဝတွေကိုပေါ့ကွယ်။ သူတို့ ဘယ်လောက်တောင်မှ ဒုက္ခခံခဲ့ကြရတယ်ဆိုတာ ဘယ်သူမှ မသိမြင်နိုင်ခဲ့ပါဘူး။ ဘာကြောင့်လဲဆိုတော့ ဘယ်သူမှ သူတို့ကို အပြည့်အဝ နားမလည်ပေးနိုင်ကြလို့ပဲ။”

စွန်းရှောင်းဟုန်သည် ခေါင်းငုံ့ထားလိုက်ပြီး သူမ၏ အင်္ကျီလက်စများကို လိပ်ကစားနေကာ ပြောဆိုလိုက်၏။ “ဒါပေမဲ့ သူတို့တတွေမှာ သူတို့ကို နားလည်ပေးနိုင်မယ့်သူ တစ်ဦးတစ်ယောက်လေးတောင်မှ မလိုအပ်တော့ဘူလား။”

လီဆွန်းဟွာသည် သူ၏အင်္ကျီကို ခါထုတ်လိုက်ပြီး သစ်ပင်ပေါ်တွင် ချိတ်တင်ထားသော ခြေထောက်တစ်စုံအား တွန်းကန်လိုက်ရာ မဏ္ဍပ်ရှေ့သို့ ငြင်သာစွာ ကျဆင်းလာခဲ့၏။

အဘိုးအိုစွန်းက မီးခိုးတစ်ရှိုက်မျှ ဖွာထုတ်လိုက်ပြီး ပြောဆိုလိုက်၏။ “လူတိုင်းက လီဆွန်းဟွာကို ပေါ့ပေါ့နေ ပေါ့ပေါ့စား လေလွင့်သိုင်းသမားတစ်ယောက်လို့ မြင်နေကြတယ်။ ဒါပေမဲ့ သူ့ရဲ့ တိကျစေ့စပ်သေချာမှုတွေကို ဘယ်သူကများ မြင်တွေ့ခဲ့ဖူးမှာလဲ။ သိပ်ပြီးအရေးကြီးလာပြီဆိုရင် အချက်အလက် သေးသေးမွှားမွှားလေးကအစ မလွတ်ရအောင် စေ့စပ်သေချာသူ တစ်ယောက်ဆိုတာ ဘယ်သူသိနိုင်မှာတုန်း။”

စွန်းရှောင်းဟုန်က သက်ပြင်းချသံနှင့်အတူ ပြောဆိုလိုက်၏။ “အဲဒါဘာကြောင့်လဲဆိုတော့ သူ့ဘဝမှာ လွှတ်ချခဲ့တဲ့အရာတွေ သိပ်များနေလို့ ဖြစ်မှာပေါ့။”

သူမသည် ခေါင်းမော့လာပြီး ရုတ်တရက် မေးမြန်းလိုက်၏။ “အခုလို အခြေအနေမျိုးနဲ့ ဘယ်သူက နိုင်မယ်လို့ ဘိုးဘိုးထင်လဲ။”

အဘိုးအိုစွန်း-“ဒီမေးခွန်းကို ဘယ်သူမှ ဖြေဆိုနိုင်လိမ့်မယ်လို့ ဘိုးဘိုးတော့ မထင်ဘူး။”

စွန်းရှောင်းဟုန်သည် သူမ၏ နှုတ်ခမ်းကို ဖိကိုက်ထားလိုက်တော့သည်။

သူမ၏ စိတ်ကစဉ့်ကလျားဖြစ်နေသည့် အချိန်တိုင်းတွင် နှုတ်ခမ်းကို ဖိကိုက်ထားတတ်လေသည်။ ပို၍ စိတ်လှုပ်ရှားလေ နှုတ်ခမ်းကို ပို၍ ဖိကိုက်ထားတတ်လေဖြစ်၏။

ယခုအချိန်တွင် သူမသည် နှုတ်ခမ်းကို ပြတ်လုမတတ် ဖိကိုက်ထားမိ၏။

အဘိုးအိုစွန်းက မေးမြန်းလိုက်သည်။ “မင်း ဘယ်လိုထင်လို့တုန်း။”

စွန်းရှောင်းဟုန်-“ကြည့်ရတာ စန့်ကွမ်းကျင်းဟုန်က သူ့ကိုယ်သူ သိပ်ပြီးယုံကြည်စိတ်ချနေပုံရတယ်။”

အဘိုးအိုစွန်း-“မှန်တယ်။ ဘာကြောင့်လဲဆိုတော့ သူဟာ လိုချင်တာမှန်သမျှကို ရအောင် ယူနိုင်စွမ်းရှိနေခဲ့လို့ပဲ။ သူ့ရဲ့ တစ်ဦးတည်းသောသား သေဆုံးခဲ့ရမှုက သူ့စိတ်ကစဉ့်ကလျားဖြစ်မှုလို့တော့ ပြောနိုင်ပါတယ်။”

စွန်းရှောင်းဟုန်-“ကျင်းဝူမင်းလည်း ကျန်သေးတယ်လေ။ ကျင်းဝူမင်းထွက်ခွာသွားခဲ့ခြင်းဟာ စန့်ကွမ်းကျင်းဟုန်အတွက် ကြီးမားတဲ့ ဆုံးရှုံးမှုတစ်ခုလို့ ပြောနိုင်သေးတာပဲ။”

အဘိုးအိုစွန်း-“ဒါကြောင့်မို့လို့လည်း စန့်ကွမ်းကျင်းဟုန်က လီဆွန်းဟွာကို သိပ်မကြာခင်အချိန်အတွင်းမှာ စိန်ခေါ်ခဲ့တာပေါ့။ မဟုတ်ရင် သူ့ကိုယ်သူ ယုံကြည်စိတ်ချမှု ရှိတော့မှာ မဟုတ်ဘူး။”

အဘိုးအိုစွန်းသည် သက်ပြင်းမောကြီးချပြီး ပြောဆိုလိုက်ပြန်သည်။ “ဒါကြောင့်မို့လို့ ဒီတိုက်ပွဲဟာ လီဆွန်းဟွာနဲ့ စန့်ကွမ်းကျင်းဟုန်နှစ်ယောက်တည်းအတွက်တင်မကဘူး... သိုင်းလောကကြီးတစ်ခုလုံးရဲ့ အနာဂတ်အတွက်ပါ အရေးကြီးတဲ့ တိုက်ပွဲတစ်ပွဲ ဖြစ်လာလိမ့်မယ်။”

စွန်းရှောင်းဟုန်-“ဒီတိုက်ပွဲရဲ့ရလာဒ်က ဒီလောက်တောင်မှ ကြီးကျယ်နိုင်ပါ့မလား။”

အဘိုးအိုစွန်း-“ပထမဆုံးအချက်အနေနဲ့ စန့်ကွမ်းကျင်းဟုန်သာ ဒီတိုက်ပွဲမှာ နိုင်ခဲ့မယ်ဆိုရင် သူ့ကိုယ်သူယုံကြည်မှုတွေ ဆထက်တံဘိုး တိုးတက်လာလိမ့်မယ်။ သူ့ရဲ့လှုပ်ရှားမှုတွေက သိပ်ပြီးရဲရင့်လာပြီး သူ့ကို ဘယ်သူမှ ထိပ်တိုက်ရင်ဆိုင်ဝံ့ကြတော့မှာ မဟုတ်ဘူးလို့တောင် ဘိုးဘိုးထင်တယ်။ ”

စွန်းရှောင်းဟုန်၏ မျက်လုံးများက ချက်ချင်းပင် အရောင်တောက်လာခဲ့ပြီး ပြောဆိုလိုက်၏။ “တကယ်တမ်းပြောရရင် ဒီတိုက်ပွဲမှာ စန့်ကွမ်းကျင်းဟုန် နိုင်စရာအကြောင်းကိုမရှိဘူး။”

အဘိုးအိုစွန်း-“ဘာဖြစ်လို့လဲ...”

စွန်းရှောင်းဟုန်-“‘ရှောင်းလီဓားပျံ၊ လက်ခွင်းထွက်ရင် ဘယ်တော့မှမလွဲ..’ သူ့ဓားပျံက ဘယ်တုန်းကမှ မရှုံးနိမ့်ခဲ့ဖူးဘူး။”

အဘိုးအိုစွန်းက သက်ပြင်းရှိုက်သံနှင့်အတူ ပြောဆိုလိုက်၏။ “စန့်ကွမ်းကျင်းဟုန်လည်း ဘယ်တုန်းကမှ မရှုံးနိမ့်ခဲ့ဖူးဘူး။”

စွန်းရှောင်းဟုန်သည် ရယ်သံစွက်စွက်လေးဖြင့် အဘိုးလုပ်သူကို စကားဖြတ်ပြောလိုက်၏။ “စန့်ကွမ်းကျင်းဟုန် တစ်ခါလောက် ရှုံးနိမ့်ခဲ့ဖူးတယ်ဆိုတာ ဘိုးဘိုးမေ့သွားပြီလား။”

အဘိုးအိုစွန်းက အာမေဋိတ်သံပြုလိုက်သည်။

စွန်းရှောင်းဟုန်-“လို့ယန်မြို့အဝင်က ဇရပ်ပျက်လေးမှာလေ... ဘိုးဘိုးကို စန့်ကွမ်းကျင်းဟုန် ရှုံးနိမ့်ခဲ့ဖူးတယ် မဟုတ်လား။”

အဘိုးအိုစွန်းက တိတ်ဆိတ်ငြိမ်သက်နေလိုက်၏။

စွန်းရှောင်းဟုန်-“ဘိုးဘိုးဆီကနေ ကျမ ဘာတစ်ခုမှ မတောင်းဆိုခဲ့ဖူးပါဘူး။ ဒါပေမဲ့ အခုအချိန်မှာတော့ ကျမကို တစ်ခုလောက် တောင်းဆိုခွင့်ပြုပါ။”

အဘိုးအိုစွန်းသည် ဆေးတံမီးခိုးငွေ့များကို မှုတ်ထုတ်လိုက်ပြီး မီးခိုးရစ်သိုင်းခြုံထားလျက်ရှိနေဆဲမှာပင် မေးမြန်းလိုက်၏။ “ဘာများလဲကွယ်။”

စွန်းရှောင်းဟုန်-“ဘိုးဘိုးအနေနဲ့ လီဆွန်းဟွာကို ဘယ်လိုအကြောင်းနဲ့မှ မသေစေရဘူးလို့ ကျမကို ကတိပေးရမယ်။”

စွန်းရှောင်းဟုန်သည် သူမ၏အဘိုးရှေ့တွင် ရုတ်ချည်းပင် ဒူးထောက်ထိုင်ချလိုက်ပြီး ပြောဆိုလိုက်သည်။ “ဘိုးဘိုးဟာ ဒီကမ္ဘာမှာ စန့်ကွမ်းကျင်းဟုန်ကို ရင်ဆိုင်နိုင်တဲ့ တစ်ဦးတည်းသောသူပါ။ နောက်ပြီး ဘိုးဘိုးဟာ လီဆွန်းဟွာကို ကယ်တင်နိုင်တဲ့ တစ်ဦးတည်းသော ပုဂ္ဂိုလ်ပါ။ လီဆွန်းဟွာသာ သေသွားခဲ့မယ်ဆိုရင် ကျမ ဒီဘဝမှာ ဘယ်လိုမှ အသက်ဆက်ပြီး နေထိုင်နိုင်မှာမဟုတ်ဘူးဆိုတာ ဘိုးဘိုးသိမှာပါ။”

မီးခိုးငွေ့များ ပျယ်လွင့်သွားခဲ့လေပြီ။

သို့သော် အဘိုးအိုစွန်း၏ မျက်ဝန်းများတွင် မီးခိုးငွေ့များ ပြည့်လျှံလာလေတော့သည်။

ဆောင်းတွင်း၏ နှင်းငွေ့များ... မှုန်ဝါးဝါးနှင့် အေးစက်လှ၏။

သို့သော် အဘိုးအိုစွန်း၏ မျက်နှာပေါ်တွင် အပြုံးတစ်ပွင့် ဆင်မြန်းထား၏။

အဘိုးအိုစွန်း၏ အကြည့်များက အဝေးတစ်နေရာတွင် ရောက်ရှိနေပြီး စွန်းရှောင်းဟုန်၏ ဆံနွယ်စလေးများကို ပွတ်သပ်ပေးနေ၏။ “မြေးတွေအားလုံးထဲမှာ မင်းဟာ သိပ်ပြီးဆော့ကစားလွန်းတဲ့ မြေးတစ်ယောက်ပဲ။ မင်းသာ သေသွားခဲ့မယ်ဆိုရင် ဘိုးဘိုးရဲ့ မုတ်ဆိတ်မွှေးတွေနဲ့ ဆံပင်တွေကို ဘယ်သူကလာပြီး ဆွဲဆော့ကစားတော့မှာလဲ။”

စွန်းရှောင်းဟုန်သည် ဖြည်းညင်းစွာ ထရပ်လိုက်ပြီး မေးမြန်းလိုက်၏။ “ဒါဆိုရင် ဘိုးဘိုး ကတိပေးတယ်ပေါ့။”

အဘိုးအိုစွန်းက ခေါင်းညိတ်ပြလိုက်ပြီး အဖြေပေးလိုက်လေတော့သည်။ “ဘိုးဘိုးရဲ့ပါးစပ်က ဒီစကားထွက်လာမှာကို မင်း တစ်ချိန်လုံး စောင့်နေခဲ့တာမဟုတ်လား။”

စွန်းရှောင်းဟုန်သည် ရှက်သွေးဖြာသွားပြီး ပြန်လည်ဖြေဆိုလိုက်၏။ “မိန်းကလေးတစ်ယောက်ဟာ အသက်အရွယ် ရလာတဲ့အခါကျရင် မိသားစုအိမ်တွင်းမှာချည်း နေဖို့မသင့်တော့ဘူးဆိုတာ ဘိုးဘိုးသိသင့်ပါတယ်။ သူ့ရဲ့ဘဝကို တခြားသူတစ်ယောက်ဆီမှာ အပ်နှံရတော့မယ်မဟုတ်လား။”

အဘိုးအိုစွန်းက ရယ်မောပြောဆိုလိုက်၏။ “ဒါပေမဲ့ မင်းကသိပ်ပြီးအရှက်အကြောက်ကင်းတော့ သူများက မင်းကိုလိုချင်လား၊ မလိုချင်လားဆိုတာ ဘယ်လိုလုပ်ပြီး သိနိုင်မှာလဲ။”

စွန်းရှောင်းဟုန်သည် သူမ၏အဘိုးဖြစ်သူထံ လေးဘက်ထောက်တွားသွားလိုက်ပြီး နားနားကပ် တိုးတိုးလေးပြောဆိုလိုက်၏။ “ကျမ သိပါတယ်။ သူ ကျမကို မလိုချင်ဦးတောင်မှ ကျမမှာ သူလိုချင်လာအောင် လုပ်နိုင်တဲ့နည်းလမ်းတွေ ရှိနေပါသေးတယ်။”

အဘိုးအိုစွန်းသည် မြေးဖြစ်သူကို ကလေးငယ်တစ်ယောက်လို ပွေ့ဖက်ထားပြီး ကြင်နာစွာ ပြောဆိုလိုက်၏။ “မင်းဟာ ဘိုးဘိုးရဲ့ အချစ်ဆုံးမြေးတစ်ယောက်ဖြစ်တယ်ဆိုတာသိလား။ ဒါပေမဲ့ မင်းဟာ သိပ်ပြီးတော့ စွာလွန်းပြီး သတ္တိကောင်းလွန်းတော့ မင်းနဲ့စပ်အပ်မယ့် တခြားမိသားစုတစ်စုထဲကို ရောက်သွားပါ့မလားလို့ ဘိုးဘိုး စိုးရိမ်လိုက်ရတာ။ အခုတော့ မင်းတကယ်နှစ်သက်မယ့်သူကိုတွေ့နေပြီဆိုတော့ ဘိုးဘိုး မင်းအတွက်သိပ်ပြီး ဝမ်းသာတာပဲ။”

စွန်းရှောင်းဟုန်သည် တခစ်ခစ်ရယ်မောနေပြီး ပြောဆိုလိုက်တော့၏။ “သူ့ကိုတွေ့လိုက်ရတာ ကျမအတွက် သိပ်ကံကောင်းတာပဲ။ သူ့အတွက်လည်း ကျမလို မိန်းကလေးတစ်ယောက်ကို တွေ့ခဲ့ရတာ သိပ်ကံကောင်းပါတယ်။ ဒီလောကကြီးမှာ ကျမလို မိန်းကလေးမျိုး သိပ်ရှိတာမဟုတ်ဘူး။”

အဘိုးအိုစွန်းက အပြုံးလေးဖြင့် ပြန်လည်ပြောဆိုလိုက်၏။ “မင်းဟာ ဒီလောကကြီးမှာ ထူးထူးခြားခြားရှိနေတဲ့ တစ်ဦးတည်းသော မိန်းကလေးဖြစ်တယ်ဆိုတာ ဘိုးဘိုးယုံပါတယ်ကွယ်။”

စွန်းရှောင်းဟုန်သည် အဘိုးဖြစ်သူ၏ ပေါင်ပေါ်တွင် ထိုင်နေပြီး လွန်စွာမှပင် ဝမ်းသာကြည်နူးနေမိ၏။

အဘယ်ကြောင့်ဆိုသော် သူမထံတွင် အလွန်အားကျအတုယူဖွယ်ကောင်းသော အဘိုးတစ်ယောက် ရှိနေရုံမကသေး၊ သူမဘဝအတွက် လွန်စွာမှပင် လေးစားမြတ်နိုးရသူတစ်ယောက်ကိုလည်း တွေ့ဆုံထားခဲ့ရသည်မဟုတ်ပါလား။

သူမထံတွင် ပြည့်စုံသော မိသားစုတစ်စုရှိနေပြီး အားကျအတုယူဖွယ်ကောင်းသော ချစ်ခြင်းမေတ္တာတရားတို့ ထုံမွှမ်းနေရလေသည်။ မိန်းကလေးတစ်ယောက်အတွက် နောက်ထပ်ဘာများ တောင်းဆိုစရာ ကျန်ရှိနေပါသေးသနည်း။

ဤလောကကြီးတွင် သူမသည် အပျော်ဆုံးလူသားတစ်ယောက်အဖြစ် ခံစားနေရ၏။

အနာဂတ်ကာလသည် သူအတွက် လွန်စွာမှပင် ပြီးပြည့်စုံနေသည်ဟုလည်း ခံစားနေရ၏။

နေ့တစ်နေ့၏ အလင်းရောင်များ ပျောက်ကွယ်သွားပြီး ညတစ်ည၏ အမှောင်ထုက နေရောင်ခြည်ကို ဝါးမျိုလာခဲ့တော့၏။

သို့သော် ဤအရာများကို စွန်းရှောင်းဟုန်တစ်ယောက် သတိထားမိပုံမပေါ်။

“ချစ်ခြင်းမေတ္တာဆိုသည်မှာ လူတစ်ယောက်ကို မျက်ကန်းတစ်ယောက်ဖြစ်စေ၏။”

ထိုဆိုရိုးစကားသည် လွန်စွာမှ အိုမင်းဟောင်းနွမ်းနေသော ဆိုရိုးဖြစ်သော်လည်း နောက်ကွယ်မှ အမှန်တရားသည် ဘယ်တော့မှ ပျက်သုဉ်းသွားမည်မဟုတ်ပါ။

စွန်းရှောင်းဟုန်သာ ယခုအချိန်တွင် မျက်လုံးများကို ဖွင့်ကြည့်ခဲ့မည်ဆိုပါက သူမ ဘိုးဘိုး၏ မျက်ဝန်းများတွင် လွန်စွာမှပင် ဝမ်းနည်းကြေကွဲနေသော အရိပ်အယောင်များ ရှိနေသည်ကို တွေ့ရမည်ဖြစ်သည်။ ထိုဝမ်းနည်းကြေကွဲမှုများကို တခြားသူတစ်ယောက်က တွေ့မြင်နိုင်သည်ဆိုဦး... မည်သည့်အကြောင်းကြောင့် ဆိုသည်ကိုတော့ သိနိုင်မည်မဟုတ်ပါ။

ညဉ့်ရောက်လာပေပြီ။ အေးစက်သော လေအေးတစ်ချက် တိုက်ခတ်သွား၏။

သစ်ပင်များ၏ သစ်ကိုင်းများ၊ သစ်ရွက်များ အချင်းချင်း ပွတ်တိုက်သံများမှလွဲ၍ အရာအားလုံး ဆိတ်ငြိမ်နေ၏။

လီဆွန်းဟွာတစ်ယောက် ဘယ်ရောက်နေသနည်း...

စွန်းရှောင်းဟုန်သည် စိုးရိမ်ပူပန်သွားပြီး လှမ်းအော်ခေါ်လိုက်၏။ “ရှင်အပေါ်မှာ ဘာလုပ်နေတာလဲ။ မဆင်းလာခဲ့သေးဘူးလား။”

မည်သည့် တုံ့ပြန်သံမျှ မကြားရပါ။

လီဆွန်းဟွာ ဘယ်နေရာသို့ ရောက်ရှိနေသနည်း...

မဏ္ဍပ်အပေါ်တွင် ကြောက်စရာကောင်းသော ထောင်ချောက်တစ်ခု ရှိနေသည်လား... ထိုထောင်ချောက်ထဲသို့ လီဆွန်းဟွာ ကျရောက်သွားခဲ့ပြီလား...

မဏ္ဍပ်ခေါင်မိုးသည် အနီရောင် အုပ်ကြွပ်ပြားများ မိုးထားပြီး ရွှေရောက်ခေါင်တိုင်တစ်ခုလည်း ရှိနေ၏။

ထိုခေါင်တိုင် အပေါ်တည့်တည့်တွင် သံဗူးလေးတစ်ဗူး တင်ထား၏။

ထိုသံဗူးလေးသည် အလွန်ရိုးရှင်းသော သံဗူးလေးတစ်ဗူးဖြစ်၏။ မည်သည့်ဆေးရောင်မျှ မခြယ်ထားပါ။ သံဗူးလေးထဲတွင် လျှို့ဝှက်မြှားတံများ ထွက်ပေါ်လာနိုင်သော အံဝှက်များလည်း မရှိနေပါ။

“သို့သော်... မဏ္ဍပ်၏ ခေါင်တိုင်ပေါ်တွင် ထိုသံဗူးလေး ဘာအတွက်ကြောင့် ရောက်ရှိနေရသနည်း။”

သံဗူးထဲတွင်တော့ ဆံချည်မျှင်များ ရှိနေ၏။

ဆံချည်မျှင်များသည် နက်မှောင်ပြီး ရှည်လျားလှ၏။ သာမန် ဆံချည်မျှင်များ ဖြစ်ဟန်မတူ။

လီဆွန်းဟွာသည် ထိုဆံချည်မျှင်များကို အဓိပ္ပါယ်မဲ့စွာ ငေးကြည့်နေသည်မှာ မည်မျှကြာသွားပြီမသိ။

စွန်းရှောင်းဟုန်က သူ့ကို အော်ခေါ်စဉ်တုန်းကလည်း သူ ဘာမျှ ကြားဟန်မတူ။

ထို ထူးခြားသော ဆံချည်မျှင်များတွင် မည်သည့်လျှို့ဝှက်ချက်များ ရှိနေသနည်း။

စွန်းရှောင်းဟုန် မတွေးတတ်တော့ပါ။

မည်သူမျှလည်း စဉ်းစားနိုင်ကြမည်မဟုတ်ချေ။

လီဆွန်းဟွာ၏ အမူအရာများက လွန်စွာမှပင် လေးနက်တည်ကြည်နေပြီး မျက်ဝန်းများတွင် အနီရောင်သဲ့သဲ့ သမ်းနေသည်ကို တွေ့နိုင်၏။

လီဆွန်းဟွာကို ဤပုံစံမျိုးဖြင့် စွန်းရှောင်းဟုန် တစ်ခါမျှ မတွေ့ခဲ့ဖူးချေ။ အရက်သောက်နေစဉ်အခါများတွင်ပင် လီဆွန်းဟွာ၏ မျက်လုံးများမှာ ကြည်လင်တောက်ပနေဆဲ ရှိနေခဲ့သည်မဟုတ်ပါလား။

မည်သည့်အရာကများ လီဆွန်းဟွာကို ဤပုံစံသို့ ပြောင်းလဲသွားစေသနည်း။

သူတို့သည် ဆံချည်မျှင်များကို မဏ္ဍပ်ထဲရှိ ကျောက်တုံးတစ်တုံးပေါ်တွင် တင်ထားလိုက်၏။

စွန်းရှောင်းဟုန်သည် မအောင့်အီးနိုင်တော့ဘဲ မေးမြန်းလိုက်တော့သည်။ “ဒါ ဘယ်သူ့ဆံပင်တွေလဲ။”

မည်သူမျှ အဖြေမပေးကြပါ။

မည်သူမျှလည်း မဖြေနိုင်ကြပါ။

ထိုဆံပင်များသည် လောကထဲရှိ လူသားများ၏ ဆံပင်များနှင့် ဘာမျှမခြားနားပါ။

စွန်းရှောင်းဟုန်-“ဆံချည်မျှင်တွေက ရှည်လျားနေတော့ မိန်းမတစ်ယောက်ရဲ့ ဆံပင်တွေများ ဖြစ်နေမလား။”

သူမပြောဆိုလိုက်သည်က မသေချာသော ခန့်မှန်းချက်တစ်ခုဖြစ်နေမှန်း သူမ သိနေပါသည်။ အဘယ်ကြောင့်ဆိုသော် ယောက်ျားများတွင်လည်း ရှည်လျားသော ဆံပင်များ ရှိနေနိုင်သည်မဟုတ်ပါလား။

အဘယ်ကြောင့်ဆိုသော် ဆိုရိုးစကားတစ်ခု ရှိနေသည်မဟုတ်ပါလား။ “ခန္ဓာကိုယ်ဆိုသည်မှာ မိဘများက ပေးထားခဲ့သော အကောင်းဆုံး လက်ဆောင်ပစ္စည်းဖြစ်၏။ တန်ဘိုးထားပါ။”

သင်၏ ဆံပင်များကို ဖြတ်လိုက်မည်ဆိုလျှင် သင်၏ မိဘနှစ်ပါးကို စော်ကားရာရောက်နေမည်မဟုတ်ပါလား။

မိန်းကလေးများက ယောက်ျားလေးဟန်ဆောင်ကြရာ နောက်ဆုံးတွင် ရှည်လျားသော ဆံပင်များကြောင့် ဟန်ဆောင်မှုများ ပေါ်သွားခဲ့သည့် ဇာတ်လမ်းများလည်း ရှိနေခဲ့သည် မဟုတ်ပါလား။

ထိုဇာတ်လမ်းများသည် ကလေးများအတွက် အိပ်ယာဝင်ပုံပြင်များ အဖြစ်သာ ရှိနေခဲ့ကြသော်လည်း ထူးဆန်းစွာပင် ယနေ့ထိ လက်ဆင့်ကမ်း ပြောဆိုနေကြသေးလေသည်။

စွန်းရှောင်းဟုန်က ခြေတစ်ချက်စောင့်ပြီး ပြောဆိုလိုက်၏။ “ဘာပဲဖြစ်ဖြစ်... အဲဒါဟာ ဆံချည်မျှင်စတွေပဲ။ ဘာများ ထူးဆန်းနေတာရှိလို့လဲ။”

အဘိုးအိုစွန်း-“ရှိနေတယ်...”

စွန်းရှောင်းဟုန်-“ဘာကများ ထူးဆန်းနေလို့လဲ။”

အဘိုးအိုစွန်း-“ထူးဆန်းနေတာတစ်ခု ရှိနေတယ်။ တော်တော်လေး ထူးဆန်းနေတယ်။”

စွန်းရှောင်းဟုန်-“ဘာကများ ထူးဆန်းနေတာလဲ။”

“အားလုံးပဲ ထူးဆန်းနေတယ်။” အဘိုးအိုစွန်းက ပြောဆိုလိုက်၏။ “ဘာဖြစ်လို့ သံဗူးထဲမှာ ဆံချည်မျှင်တွေ ရှိနေရတာလဲ။ ဒီသံဗူးလေးက ဘယ်လိုလုပ်ပြီး မဏ္ဍပ်ပေါ်က ခေါင်တိုင်ပေါ်ကို ရောက်လာခဲ့ရတာလဲ။ ဘယ်သူက လာတင်ထားခဲ့တာလဲ။ ဘာရည်ရွယ်ချက် ရှိလို့လဲ။”

စွန်းရှောင်းဟုန် တိတ်ဆိတ်ငြိမ်သက်သွားခဲ့ရတော့သည်။

အဘိုးအိုစွန်းသည် သက်ပြင်းတစ်ချက်ရှိုက်ပြီး ပြောဆိုလိုက်၏။ “ကျုပ်ထင်တာ မမှားဘူးဆိုရင် ဒါ စန့်ကွမ်းကျင်းဟုန်ရဲ့ လက်ချက်ဖြစ်လိမ့်မယ်။”

စွန်းရှောင်းဟုန်-“စန့်ကွမ်းကျင်းဟုန်... ဟုတ်လား... သူ ဘာရည်ရွယ်ချက်နဲ့ ဒီလိုမျိုး လုပ်ခဲ့ရတာလဲ။”

အဘိုးအိုစွန်း-“ဘာကြောင့်လဲဆိုတော့ ဒီဆံချည်မျှင်တွေကို လီဆွန်းဟွာ တွေ့သွားစေချင်လို့ပေါ့။”

စွန်းရှောင်းဟုန်-“ဒါပေမဲ့... ဒါပေမဲ့...”

အဘိုးအိုစွန်း-“လီဆွန်းဟွာ ဒီနေရာကို အရင်လာပြီး လေ့လာအကဲခတ်လိမ့်မယ်ဆိုတာ သူသိထားပုံရတယ်။ လီဆွန်းဟွာက မဏ္ဍပ်ခေါင်မိုးပေါ်ကိုလည်း တက်ရှာလိမ့်မယ်ဆိုတာကိုလည်း သူခန့်မှန်းထားခဲ့တယ်။ ဒါကြောင့်မို့လို့ ခေါင်တိုင်ပေါ်မှာ ဒီသံဗူးလေးကို တင်ထားခဲ့တာပေါ့။”

စွန်းရှောင်းဟုန်-“ဒီသံဗူးကို ခေါင်တိုင်ပေါ်မှာ တင်ထားခဲ့တော့ရော ဘာဖြစ်လာမှာမို့လဲ။ သံဗူးထဲမှာရှိနေတဲ့ ဆံချည်မျှင်တွေကို လီဆွန်းဟွာ တွေ့သွားတော့ရော ဘာဖြစ်လာမှာမို့လဲ။ ဒါရူးကြောင်ကြောင် အလုပ်တစ်ခုပဲ မဟုတ်လား။”

ထိုစကားများကို ပြောခဲ့ပြီးချိန်၌ စွန်းရှောင်းဟုန် သိလိုက်ရသည်မှာ သူမ၏ တွေးထင်ချက်များက မှားယွင်းနေသည် ဆိုခြင်းကိုတည်း။ လွန်စွာမှပင် မှားယွင်းနေခဲ့၏။ သို့သော် မည်သည့်အရာက မှားယွင်းနေခဲ့ကြောင်းကိုမူ သူမ မပြောတတ်ပါချေ။

စန့်ကွမ်းကျင်းဟုန်သည် အကြောင်းမဲ့ ရူးကြောင်ကြောင်အလုပ်မျိုးကို ပြုလုပ်တတ်သူတစ်ယောက်မဟုတ်ချေ။

အဘိုးအိုစွန်း၏ အကြည့်များက လီဆွန်းဟွာထံတွင် ရှိနေပြီး ရုတ်တရက် မေးမြန်းလိုက်၏။ “ဒီဆံချည်မျှင်တွေဟာ ဘယ်သူ့ဆံပင်တွေလဲဆိုတာ မင်းသိနေတယ်မဟုတ်လား။”

လီဆွန်းဟွာသည် အတော်ကြာကြာလေး ငြိမ်သက်နေခဲ့ပြီးမှ သက်ပြင်းချသံနှင့်အတူ ပြန်ဖြေလိုက်သည်။ “ကျနော် သိပါတယ်။”

အဘိုးအိုစွန်း-“ဒါပေမဲ့... မင်းသေသေချာချာ သိလို့လား။”

အဘိုးအိုစွန်း၏ မေးမြန်းလိုက်သံက စူးရှထက်မြက်သော ဓားသွားတစ်လက်ကဲ့သို့ ရှိနေသောကြောင့် လီဆွန်းဟွာသည် ထစ်ငေါ့စွာ ပြန်ဖြေလိုက်၏။ “ကျနော်..”

အဘိုးအိုစွန်း-“မင်း မသေချာတော့ဘူး မဟုတ်လား။”

လီဆွန်းဟွာ၏ အဖြေစကားကို မစောင့်တော့ဘဲ အဘိုးအိုစွန်းက ဆက်ပြောနေလိုက်သည်။ “စန့်ကွမ်းကျင်းဟုန် ဒီလိုမျိုး လုပ်ခဲ့တာဟာ ဒီဆံပင်တွေက လင်ရှီးယင်ရဲ့ ဆံပင်တွေလို့ မင်းကို ထင်သွားစေချင်လို့။ ပြီးတော့ လင်ရှီးယင်ဟာ သူ့လက်ထဲမှာ ကျရောက်နေပြီဆိုတာ မင်းကို သိစေချင်လို့။ ဒါမှလည်း မင်းစိတ်တွေ ကစဉ့်ကလျားဖြစ်သွားမယ်။ အဲဒီအခါကျမှသာ မင်းကို သူသတ်နိုင်တော့မှာပေါ့။ ဘာဖြစ်လို့ သူ့လှည့်စားမှုထဲကို ဝင်သွားရမှာလဲ။”

စွန်းရှောင်းဟုန်က ဖြည့်စွက်ပြောလိုက်၏။ “မှန်တယ်။ လင်ရှီးယင်သာ သူ့လက်ထဲကို ကျရောက်နေပြီဆိုမှတော့ ရှင့်ရှေ့ကို လူကိုယ်တိုင်ခေါ်လာပြပြီး ခြိမ်းခြောက်တော့မှာပေါ့။”

လီဆွန်းဟွာ-“ဘာဖြစ်လို့လဲဆိုတော့ အဲဒီလိုအလုပ်မျိုး သူ မလုပ်နိုင်ဘူး။ တခြားလူတွေ လုပ်နိုင်ပေမယ့် စန့်ကွမ်းကျင်းဟုန် အနေနဲ့ မလုပ်နိုင်ဘူး...”

စွန်းရှောင်းဟုန်-“ဘာဖြစ်လို့လဲ။”

လီဆွန်းဟွာ-“ဘာဖြစ်လို့လဲဆိုတော့ လီဆွန်းဟွာကို တိုက်ခိုက်အနိုင်ယူဖို့ ဒီလိုမျိုး အောက်တန်းကျတဲ့ နည်းလမ်းတွေကို စန့်ကွမ်းကျင်းဟုန် အသုံးပြုခဲ့မယ်ဆိုတာ လူတွေ သိသွားတဲ့အခါကျရင် သူ့ကို ဝိုင်းဟားကြတော့မှာပေါ့။”

စွန်းရှောင်းဟုန်-“ဒါပေမဲ့ သူ ရှင့်ကို စကားတစ်ခွန်းမှတောင် မပြောခဲ့ဘူးမဟုတ်လား။ သူ လုပ်ခဲ့တာလေးက ရှင့်ကို ဆံချည်မျှင်စလေးတွေ တွေ့သွားစေတာပဲလေ။”

လီဆွန်းဟွာ-“ဒါကြောင့်မို့လို့ သူ့ရဲ့ ထိုးနှက်ချက်က သိပ်ပြီးအရာရောက်သွားခဲ့တာပေါ့။”

စွန်းရှောင်းဟုန်-“ဒီဆံပင်တွေဟာ လင်ရှီးယင်ရဲ့ဆံပင်တွေလို့လည်း အတတ်မပြောနိုင်ပါဘူး။”

လီဆွန်းဟွာ-“ဟုတ်ချင်လည်းဟုတ်မယ်... မဟုတ်ချင်လည်း မဟုတ်နိုင်ဘူး။ ဘယ်သူမှ သေချာပေါက် မပြောနိုင်ကြပါဘူး။”

စွန်းရှောင်းဟုန်-“ကောင်းပြီလေ... ဒါဆိုရင်လည်း ဒီဆံပင်တွေကို ရှင်မမြင်တွေ့ခဲ့ဘူးလို့ပဲ သဘောထားလိုက်ပေါ့။ စိတ်ထဲမှာလည်း ဘာမှ မထားထားနဲ့တော့။ ဒါဆိုရင် သူ့ထိုးနှက်ချက်က ဘာမှ အရာရောက်တော့မှာ မဟုတ်ဘူး။”

လီဆွန်းဟွာ-“ကျုပ် မြင်တွေ့သွားခဲ့ပြီးပြီလေ... အဲဒါက အဆိုးဆုံးအခြေအနေကို ရောက်သွားပြီပေါ့။”

စွန်းရှောင်းဟုန်-“အဲဒါဘာကြောင့်လဲဆိုတော့ စန့်ကွမ်းကျင်းဟုန်က စကားတစ်ခွန်းမှ မပြောခဲ့ဘဲ  ရှင့်ကို သံသယဝင်သွားစေခဲ့လို့ပဲမဟုတ်လား။ ဘာကြောင့်လဲဆိုတော့ သူလိုလူတစ်ယောက်က ဒီလိုမျိုး အောက်တန်းကျတဲ့ နည်းကို အသုံးပြုလိမ့်မယ်ဆိုတာ ရှင့်ကို သံသယရှိစေချင်တာလည်းပါတယ်။ သူ့ရဲ့ ရည်ရွယ်ချက်ကို ရှင် သေသေချာချာ သိနေတာတောင်မှ သူ့ရဲ့ထောင်ချောက်ထဲကို ရှင် ဝင်ဦးမှာပဲ မဟုတ်လား။”

လီဆွန်းဟွာသည် သက်ပြင်းမောကြီးတစ်ခု ချလိုက်ပြီး စိတ်ညစ်ညူးစွာ ပြောဆိုလိုက်တော့သည်။ “ဘာဖြစ်လို့များ ဒီလိုမျိုး အခြေအနေတွေနဲ့ချည်း ကျုပ် လာကြုံတွေ့နေရတာလဲ။”

0 comments:

Post a Comment