Thursday, March 10, 2011

(၇၅) အသက်ရှင်သန်ခြင်းနှင့် သေခြင်းအကြား

ထိုဖြည်းညင်းစွာပြောလိုက်သော စကားသံသည် အနိမ့်အမြင့်မရှိသလို အသက် ကင်းမဲ့နေသော အသံလည်းဖြစ်၏။ ရှန်းဆောင်သည် ထိုအသံနှင့် ရင်းနှီးလွန်းနေ သည်ဟု ခံစားမိလိုက်သည်။ ထိုအသံရှင်သည် ကျင်းဝူမင်းမှလွဲ၍ မည်သူဖြစ်နိုင်ပါ ဦးမည်နည်း။

ကျင်းဝူမင်း...

ရှန်းဆောင်သည် သူ၏ဦးခေါင်းကိုဖြည်းညင်းစွာ နောက်သို့လှည့်ကြည့်လိုက် ရာ ကျင်းဝူမင်းဖြစ်နေကြောင်း တွေ့လိုက်ရ၏။

ကျင်းဝူမင်း၏ အဝတ်အစားများက စုတ်ပြတ်နေပြီး လူသည်လည်း ပင်ပမ်းနွမ်း နယ်နေပုံရသည်။ သို့သော် သူ၏မျက်လုံးများ...

ထိုမျက်လုံးသေများက အေးစက်စွာရှိနေကြဆဲ။ ထိုမျက်လုံးများက လူတစ် ယောက်၏သွေးများကို အေးခဲသွားစေနိုင်၏။

ရှန်းဆောင်သည် ကျင်းဝူမင်း၏မျက်လုံးများမှတဆင့် သူ၏လက်မောင်းကို ကြည့်လိုက်သည်။


ကျင်းဝူမင်း၏ဘယ်ဘက်လက်သည် အဝတ်စတစ်စဖြင့် ရစ်သိုင်းထား၏။ ထိုလက်၏အရောင်မှာ သင်္ချိုင်းကုန်းမှ ထွက်ပေါ်လာသော ပြာမှုန်ရောင်ရှိနေသည့် မီးခိုးရောင်ဖျော့ဖျော့ လက်တစ်ဘက်ဖြစ်နေလေသည်။

ထိုလက်တစ်ဘက်သည် လူသတ်သော လက်တစ်ဘက်ဖြစ်ခဲ့ဖူး၏။ ယခုတော့ ထိုလက်ကိုကြည့်ခြင်းအားဖြင့် လူအများ အော့အန်ချင်စိတ်များ ပေါက်လာခဲ့ရလေ တော့သည်။

ရှန်းဆောင်သည် ပေါ့ပါးစွာရယ်မောပြောဆိုလိုက်တော့၏။ “ကျုပ်က လူသတ် တာကို နားမလည်ဘူးပဲထားလိုက်ပါတော့။ ဒါပေမဲ့ ကျုပ်လူသတ်နိုင်ပါသေးတယ်။ ဆရာကျင်းကတော့ လူသတ်တာကို အပြည့်အဝနားလည်ထားခဲ့ပေမယ့် စိတ် မကောင်းစရာတစ်ခုက လူသတ်တယ်ဆိုတာ ပါးစပ်နဲ့ ပြောလို့ရတဲ့အလုပ်တစ်ခု မဟုတ်ပါဘူး။ လက်တွေ့သတ်နိုင်မှ ဖြစ်တာပါ။”

ကျင်းဝူမင်း၏မျက်လုံးသူငယ်အိမ်များက ကျုံ့ဝင်သွားခဲ့ရ၏။ သူသည် ရှန်း ဆောင်ကို စိုက်ကြည့်နေပြီး ဖြည်းညင်းစွာ ပြောဆိုလိုက်သည်။ “မင်း ကျုပ်လက်ကို မမြင်နိုင်ဘူးလား။”

ရှန်းဆောင်-“လောကကြီးမှာ လက်တွေအများကြီးရှိနေပါတယ်။ ကျုပ်မြင်နေရ တဲ့လက်တစ်ဘက်ကတော့ လူသတ်နိုင်တဲ့လက်မဟုတ်ဘူး။”

ကျင်းဝူမင်း-“ကျုပ်ရဲ့ ညာဘက်လက်က လူမသတ်နိုင်ဘူးလို့ ထင်နေလား။”

ရှန်းဆောင်-“လူတွေအများကြီးရှိပါတယ်။ တချို့လူတွေက သတ်ဖြတ်ဖို့လွယ် ကူသလောက် တချို့တွေကိုတော့ ခက်ခက်ခဲခဲသတ်ဖြတ်ရတတ်တယ်။”

ကျင်းဝူမင်း-“မင်းက ဘယ်အမျိုးအစားထဲမှာပါလဲ။”

ရှန်းဆောင်သည် ခေါင်းငုံ့ပြီး အေးစက်စွာပြောဆိုလိုက်သည်။ “မင်းမသတ်နိုင် တဲ့ လူစားမျိုးပေါ့။”

ရှန်းဆောင်၏မျက်လုံးများက မုန်းတီးမှုများပြည့်လျှံနေပြီး ကျင်းဝူမင်းမှ စတင် တိုက်ခိုက်လာစေရန် မျှားခေါ်နေသလိုမျိုး ဖြစ်နေကြသည်။ သူ့ကိုကြည့်ရသည်မှာ ကျင်းဝူမင်းကိုသတ်ရန် အကြောင်းရှာနေပုံရသည်။

ကျင်းဝူမင်းက ရုတ်တရက်ပင် အူလှိုက်သည်းလှိုက်ရယ်မောလိုက်တော့သည်။

စန့်ကွမ်းကျင်းဟုန်လိုပင်... ကျင်းဝူမင်း ရယ်မောနေပြီဆိုလျှင် သူ မရယ်မော သောအချိန်များထက် လွန်စွာမှပင် ကြောက်မက်ထိတ်လန့်ဖွယ်ရာကောင်းနေ၏။

ကျင်းဝူမင်း-“မင်းကိုကြည့်ရတာ ကျုပ်ကိုမုန်းတီးနေပုံရတယ်။”

ရှန်းဆောင်က အံကြိတ်ပြီး ပြောဆိုလိုက်သည်။ “မင်းကိုမမုန်းတဲ့သူ ဒီလောက ကြီးမှာ မရှိသလောက်ပါပဲ။”

ကျင်းဝူမင်း-“မင်းကကျုပ်ကို သတ်ချင်နေတယ်ပေါ့လေ။”

ရှန်းဆောင်-“မင်းကိုသတ်ချင်နေတာ ကျုပ်တစ်ယောက်တည်းမဟုတ်ဘူး။”

ကျင်းဝူမင်း-“ဒါပေမဲ့ မင်းအခုချိန်ထိ စောင့်ဆိုင်းနေခဲ့တယ်မဟုတ်လား။”

ရှန်းဆောင်-“အကောင်းဆုံး အခွင့်အရေးပေါ်လာတဲ့အချိန်ကို စောင့်နေတာပါ။ ဒီအချက်ကို မင်းပိုပြီးနားလည်မှာပါ။”

ကျင်းဝူမင်း-“ကြည့်ရတာ မင်းအတွက်အခွင့်အရေးပေါ်လာပြီနဲ့တူတယ်။”

ရှန်းဆောင်-“မှန်တယ်။”

ကျင်းဝူမင်းက သက်ပြင်းချပြီး ပြောဆိုလိုက်သည်။ “သနားစရာကောင်းတာက မင်း ကျုပ်ရဲ့လျှို့ဝှက်ချက်ကြီးတစ်ခုကို မသိသေးတာပဲ။”

ရှန်းဆောင်က စိတ်လှုပ်ရှားစွာ မေးမြန်းလိုက်၏။ “ဘာလျှို့ဝှက်ချက်ကိုပြော တာလဲ။”

ကျင်းဝူမင်း-“ကျုပ်ရဲ့ညာဘက်လက်ကလည်း လူသတ်နိုင်တယ်။ ဘယ်ဘက် လက်နဲ့ ယှဉ်လိုက်ရင် ပိုပြီးတော့တောင် မြန်ဆန်နေသေးတယ်။”

ကျင်းဝူမင်း၏ နောက်ဆုံးစကားထွက်ပေါ်လာအပြီးတွင် သူ၏ဓားက ရှန်း ဆောင်၏လည်မျိုကို ထိုးဖောက်ဝင်ရောက်သွားပြီးဖြစ်နေ၏။

ကျင်းဝူမင်း၏ဓားမည်သည့်နေရာမှ ထွက်ပေါ်လာခဲ့မှန်း မည်သူမျှမမြင်တွေ့ခဲ့ ရသလို ရှန်းဆောင်၏လည်မျိုကို မည်သို့ထိုးဖောက်သွားမှန်းကိုလည်း မမြင်တွေ့ခဲ့ ကြရပါ။

လူတိုင်းတွေ့မြင်လိုက်ကြရသည်မှာ လင်းလက်သွားသောဓားရိပ်တစ်ရိပ်သာ ဖြစ်ပြီး လည်မျိုမှပန်းထွက်လာသော သွေးများကိုသာဖြစ်၏။ ဂစ်ဂစ်အသံများဖြင့် ရှန်းဆောင်၏ အသက်ရှုမှုများ ရပ်တန့်သွားခဲ့တော့သည်။ သူ၏မျက်လုံးများက မျက်လုံးအိမ်များထဲမှ ပြူးထွက်လာကြသည်။

မိစ္ဆာဦးခေါင်းဓားမော့နှင့် သေမင်းတံခါးဝဓားသမားတို့၏မျက်လုံးများသည် လည်းပြူးထွက်လာနေကြသည်။

ထိုလူနှစ်ယောက်သည် တံခါးဝသို့ဖြည်းဖြည်းလေး တိတ်ဆိတ်စွာဆုတ်ခွာသွား နေကြ၏။

ကျင်းဝူမင်းသည် သူ၏ဦးခေါင်းကိုလှည့်မကြည့်ဘဲ အေးစက်စွာပြောဆိုလိုက် သည်။ “မင်းတို့ ကျုပ်ရဲ့လျှို့ဝှက်ချက်ကိုတွေ့ပြီးနောက်မှတော့ ထွက်ပြေးနိုင်မယ် ထင်နေကြသေးလား။”

နောက်ထပ်အေးစိမ့်သော ဓားရိပ်များလွှမ်းသွားပြန်သည်။

ကြမ်းပြင်ပေါ်တွင် သွေးများအိုင်ထွန်းနေ၏။ မီးအိမ်မှမီးရောင်အောက်တွင် ထို သွေးစက်များက အနီရောင်ပုလဲလုံးလေးများ စီကျထားသလိုဖြစ်နေကြသည်။

အစွမ်းအထက်ဆုံးဆေးဝါးများသည် ခါးသက်သောအရသာရှိသကဲ့သို့ အပြင်း ထန်ဆုံးအဆိပ်များသည်လည်း ချိုသာသောအရသာ ရှိနေတတ်သည်မဟုတ်ပါလား။

လူ့လောကကြီး၏ တချို့အရာများသည် ထူးဆန်းအံ့ဩဖွယ်ရာများ ပြည့်နှက် နေကြသည်မဟုတ်ပါလား။ ကြောက်စရာအကောင်းဆုံး၊ အော့နှလုံးနာစရာအ ကောင်းဆုံးဆိုသည့်အရာများသည် ရှုထောင့်တစ်မျိုးမှ ကြည့်ရှုပါက လွန်စွာမှပင် လှပသော၊ ကျက်သရေရှိသောအရာများအဖြစ် မြင်တွေ့ကြရပေမည်။

ထို့ကြောင့် လူသတ်သောဓားသည် လွန်စွာမှပင် လင်းလက်တောက်ပြောင်နေသ ကဲ့သို့ ထွက်ပေါ်လာရသော သွေးများသည်လည်း ထူးဆန်းစွာ နီရဲနေကြလေတော့ သည်။

ထို့ကြောင့် ဆိုရိုးတစ်ခုရှိလေသည်။

“လှပခြင်းနှင့်ကံတရားဆိုသည်မှာ မျက်စိတစ်မှိတ်လျှပ်တစ်ပျက်အတွင်း၌သာ ရှိနေ၏။ စစ်မှန်သောအစွမ်းအစကတော့ အမြဲတမ်းတည်ရှိနေမည်ဖြစ်သည်။”

‘စစ်မှန်သောအစွမ်းအစ’ သည် ဘယ်တုန်းကမှ မလှပခဲ့ဖူးပါ။

လူသတ်သောဓားတစ်လက်သည် ဟင်းရွက်လှီးသင်သော ဓားတစ်လက်နှင့် အတူတူပင်ဖြစ်၏။ ထိုဓားနှစ်မျိုးလုံးပင် သံမဏိဖြင့်ပြုလုပ်ထား၏။ မေးစရာမေး ခွန်းမှာ- ထိုဓားများကို သင် နက်နက်နဲနဲ ကြည့်ဖူးပါသလား။

သို့ရာတွင် တချို့သူများက ပြောကြသည်မှာ- “အလှအပတရားကိုသာ ခဏ လေးဆုပ်ကိုင်ထားချင်တယ်။ အမြဲတည်မြဲတတ်တဲ့အရာတွေကတော့ စောင့်စားနိုင် ပါသေးတယ်။ အဲဒီအရာတွေဟာ ကျုပ်တို့အတွက်မဟုတ်ဘူး။”

ထိုအချိန်လေးမတိုင်မီက ရှန်းဆောင်သည် ကျော်ကြားသော ‘ဥက္ကာပျံသံမဏိတူ’ တစ်လက်ဖြစ်ခဲ့၏။ ရွှေဒင်္ဂါးဂိုဏ်း နံပါတ် ၈ ဂိုဏ်းခွဲ၏ ဂိုဏ်းခွဲမှူးဖြစ်ခဲ့၏။

ယခုတော့သူသည် လူသေကောင်တစ်ယောက်သာ ဖြစ်နေလေတော့သည်။ အ ခြားလူသေကောင်များနှင့် ထူးမခြားနားသော လူသေကောင်တစ်ယောက်သာ ဖြစ် သွားလေသည်။

ကျင်းဝူမင်းက ရှန်းဆောင်၏ လူသေအလောင်းကို ငုံ့ကြည့်နေ၏။ သူ၏မျက် နှာအမူအရာများက ထူးဆန်းစွာပြောင်းလဲနေ၏။ သူ့ကိုကြည့်ရသည်မှာ လူသေ အလောင်းကို လုံးဝမမြင်တွေ့ဖူးသည့်လူတစ်ယောက်အလား လူသေကောင်ကြီးကို စိုက်ကြည့်နေ၏။

ကျင်းဝူမင်းအတွက် ‘သေခြင်းတရား’ ဆိုသည်ကို ပထမဆုံးအကြိမ် သတိပြုမိ ခြင်းကြောင့်လော။...

လူတစ်ယောက်သည် လူ့လောကနှင့် ကင်းကွာသွားရခြင်းကြောင့် ‘သေခြင်းတ ရား’ ကိုခံစားမိနေခြင်းလော။...

လင်ရှန်းအာက သက်ပြင်းရှည်ကြီးချလိုက်၏။

သူမသည် ထိုသက်ပြင်းကို တစ်ချိန်လုံးအောင့်ထားခဲ့ရပြီး ယခုမှသာချနိုင်တော့ ၏။

သူမသည် ကျင်းဝူမင်းကို ပြုံးပြီးပြောဆိုလိုက်သည်။ “ရှင် ကျမကို လာကယ် တင်လိမ့်မယ်လို့ ဘယ်လိုမှမထင်ထားခဲ့ဘူး။”

ကျင်းဝူမင်းက ခေါင်းမမော့ဘဲ အေးစက်စွာ ပြန်လည်မေးခွန်းထုတ်လိုက်သည်။ “ကျုပ် မင်းကိုလာကယ်တာလို့ မင်းထင်နေလား။”

လင်ရှန်းအာက ခေါင်းညိတ်ပြီး ဖြေဆိုလိုက်သည်။ “ရှင့် ရည်ရွယ်ချက်ကို ကျမ သိနေပါတယ်။”

ကျင်းဝူမင်းသည် ဖြည်းဖြည်းလေး ခေါင်းမော့လာပြီး မေးမြန်းလိုက်သည်။ “ မင်းဘာသိထားလို့လဲ။”

လင်ရှန်းအာ-“ရှင်ကျမကို ကယ်တင်လိုက်တာဟာ စန့်ကွမ်းကျင်းဟုန်က ကျမ ကို သေစေချင်နေလို့ပေါ့။”

ကျင်းဝူမင်းသည် လင်ရှန်းအာ၏ မျက်လုံးများထဲ စိုက်ကြည့်နေ၏။

လင်ရှန်းအာ-“ရှင်သူ့ကို မုန်းတယ်။ ဒါကြောင့်မို့လို့ သူဘာပဲလုပ်လုပ် ရှင် နောက်ကနေ လိုက်ဖျက်ဆီးနေတာပေါ့။”

ကျင်းဝူမင်းသည် သူမကိုစိုက်ကြည့်နေဆဲပင်။

လင်ရှန်းအာ-“ခုတော့ ရှင်ဘယ်လိုလူစားလဲဆိုတာ ကျမ သိသွားပြီ။ စန့်ကွမ်း ဖေဟာလည်း ရှင့်လက်ချက်ကြောင့် သေခဲ့ရတယ်ဆိုတာ ကျမ ခန့်မှန်းမိသွားပြီ။”

ကျင်းဝူမင်းသည် သူ၏ဓားသို့ အကြည့်ပြောင်းပြီးပြောဆိုလိုက်သည်။ “မင်းသိ ထားတာတွေ သိပ်များနေပြီ။”

လင်ရှန်းအာက ရယ်မောပြောဆိုလိုက်သည်။ “ရှင်ကျမကို မသတ်ဘူးဆိုတာကို လည်း ကျမ သိထားတယ်။ ဘာကြောင့်လဲဆိုတော့ ရှင်ကျမကို သတ်လိုက်ရင် စန့်ကွမ်းကျင်းဟုန်ဖြစ်စေချင်တဲ့အတိုင်း လုပ်ပေးလိုက်သလိုဖြစ်နေတော့မှာပေါ့။”

သူမသည် ချိုသာစွာပြုံးပြနေပြီး ဆက်ပြောနေပြန်သည်။ “ရှင်ကျမကို အသက် ရှင်သန်ခွင့်ပေးရုံမကသေးဘူး၊ ကျမကို ရှင်နဲ့အတူတူတောင် ခေါ်သွားရလိမ့်ဦး မယ်။”

ကျင်းဝူမင်း-“မင်းကို ခေါ်သွားရမယ်... ဟုတ်လား။”

လင်ရှန်းအာ-“ဘာကြောင့်လဲဆိုတော့ စန့်ကွမ်းကျင်းဟုန်လက်ချက်နဲ့ ကျမကို မသေစေချင်ဘူးဆိုရင်၊ ရှင့်ရဲ့လျှို့ဝှက်ချက်ကို မပေါက်ကြားစေချင်ဘူးဆိုရင်၊ ရှင့် အတွက်အခြားရွေးချယ်စရာ ဘာမှမရှိဘူး။ ကျမကို ခေါ်သွားရမှာပဲ။”

သူမ၏စကားသံလေးက ညှို့ငင်အားပြင်းထန်လာပြီး စွဲဆောင်မှုအားကောင်းစွာ ဖြင့် ပြောဆိုလိုက်တော့၏။ “ကျမ ရှင်နဲ့စိတ်တူသဘောတူ လိုက်ပါချင်ပါတယ်။ ရှင်ဘယ်သွားသွား ကျမ နောက်ကနေ ကောက်ကောက်ပါအောင်လိုက်လာပါ့မယ် ရှင်။”

ကျင်းဝူမင်းသည် အတန်ကြာမျှ တိတ်ဆိတ်နေခဲ့ရပြီး အားဖေဘက်သို့ စောင်းငဲ့ ကြည့်လိုက်၏။

ကျင်းဝူမင်းကိုကြည့်ရသည်မှာ ယခုမှပင် အားဖေရှိနေကြောင်း သိရှိသွားသူတစ် ယောက်လိုဖြစ်နေ၏။

အားဖေသည်ပင်လျှင် သူကိုယ်တိုင် ထိုနေရာတွင်ရှိနေမှန်း မသိသူတစ်ယောက် လို ဖြစ်နေရသည်မဟုတ်ပါလား။

လင်ရှန်းအာသည်လည်း အားဖေကို စောင်းငဲ့ကြည့်လိုက်၏။ သူမသည် အား ဖေရှိရာသို့ လျှောက်သွားလိုက်ပြီး အားဖေ၏ပါးပြင်ကို အနမ်းတစ်ခုချွေချပေးလိုက် သည်။

သူမ မည်သည့်စကားမျှ မပြောခဲ့ပါ။

သူမအတွက် ဘာစကားမှပြောစရာလည်း မလိုအပ်တော့ချေ။

လင်ရှန်းအာသည် ကျင်းဝူမင်းထွက်သွားရာနောက်သို့ ကောက်ကောက်ပါအောင် လိုက်သွားခဲ့ချေပြီ။

အားဖေ မလှုပ်ရှားပါ။

သူ့နှုတ်ခမ်းများက ခြောက်သွေ့နေကြ၏။

အားဖေ မလှုပ်ရှားပါ။

ပြတင်းပေါက်မှ အလင်းရောင်များ ထိုးဝင်လာ၏။ နံနက်မိုးသောက်ချိန်ပင် ကျော်လွန်လာခဲ့လေပြီ။

အားဖေသည် လုံးဝမလှုပ်ရှားဘဲရှိနေဆဲ...

ကြမ်းပြင်ပေါ်ရှိသွေးအိုင်အလယ်တွင် သူရပ်တန့်နေ၏။ သူ့ဘေးပတ်ဝန်းကျင် တွင် လူသေကောင်များသာ ရှိနေကြသည်။

အားဖေသည် သေခြင်းနှင့် အသက်ရှင်သန်ခြင်းအကြားတွင် ဆံချည်တစ်မျှင် လေးမျှသာ ကွာဝေးသောနေရာတွင် ရပ်နေခြင်းဖြစ်၏။

+++++

“(__)ရက်... အနောက်မုခ်အပြင်ဘက် ၁၀ လီအကွာ၊ မဏ္ဍပ်အနီးသစ်ပင် အောက်။”

“/စန့်ကွမ်းကျင်းဟုန်”

ဆောင်းတွင်းရောက်လာပေပြီ။ အနောက်လေက သစ်ရွက်ကြွေများအားလုံးကို မွှေ့ပြီး သယ်ဆောင်သွား၏။

စာလုံးများက သစ်ရွက်ကြွေများလို အဝါရောင်ခပ်ဖျော့ဖျော့ဖြင့် ရေးသားထား ၏။ ထိုအရောင်သည် ဖျော့တော့တော့ရှိပြီး ဆွေးမြည့်ပုတ်သိုးနေမှုကို သဏ္ဌာန် ဆောင်၏။ အသက်မဲ့သော၊ ကြောက်မက်ဖွယ်ကောင်းသော အဝါရောင်ခပ်ဖျော့ ဖျော့ဖြစ်သည်။

စာတွင် ထိုစာလုံးများသာပါရှိပြီး ရိုးရိုးရှင်းရှင်းလေး ရေးသားထားခဲ့ခြင်းဖြစ် ၏။ ထိုစာထဲ၌ စန့်ကွမ်းကျင်းဟုန် လူသတ်သောအခါတွင် ရိုးရိုးရှင်းရှင်းလေး သေသွားကြသလို အငွေ့အသက်များ ပါဝင်နေ၏။

ထိုစာကို တည်းခိုခန်းအလုပ်သမားလေးတစ်ယောက်က လာပို့ခဲ့ခြင်းဖြစ်၏။ ထို အလုပ်သမားလေးသည် ပွင့်နေသောစာထဲမှ စာများကိုဖတ်ပြီးနောက် လက်များတုန် ခါနေရသည်။

စွန်းရှောင်းဟုန်က ထိုစာကိုဦးစွာယူပြီး ဖတ်လိုက်သည်။ သူမသည်စာဖတ်နေ ရင်း အေးစက်သောသေမင်းအငွေ့အသက်များ သူမ၏လက်များမှတဆင့် ကျောရိုး တစ်လျှောက် စိမ့်ဝင်လာသလိုမျိုး ခံစားလိုက်ရသည်။ သူမ၏လက်ချောင်းထိပ်များ က ရုတ်ချည်းပင် အေးစက်လာကြလေတော့သည်။

“မနက်ဖြန်... မနက်ဖြန်ပဲ။”

စွန်းရှောင်းဟုန်က တီးတိုးရေရွတ်လိုက်သည်။ “ပြက္ခဒိန်ကိုကြည့်ရင် မနက်ဖြန် ဟာ နေ့ကောင်းရက်သာနေ့တစ်နေ့မဟုတ်ဘူး။ တစ်ခုခုတော့ မှားယွင်းနေသလိုပဲ။”

လီဆွန်းဟွာက ပြုံးပြီးပြောဆိုလိုက်သည်။ “လူသတ်ဖို့အတွက် ဘာဖြစ်လို့များ နေ့ကောင်းရက်သာ ရွေးနေရဦးမှာလဲ။”

စွန်းရှောင်းဟုန်က လီဆွန်းဟွာကို ငေးကြည့်နေပြီး ကျယ်လောင်စွာ ပြောဆို လိုက်သည်။ “ရှင်သူ့ကိုသတ်နိုင်လို့လား။”

လီဆွန်းဟွာ၏ပါးစပ် ပိတ်ထားလိုက်တော့၏။ သူ့မျက်နှာပြင်မှ အပြုံးများ သည်လည်း ဖြည်းညင်းစွာ ပျောက်ကွယ်သွားခဲ့ရ၏။

စွန်းရှောင်းဟုန်က ရုတ်တရက် ထရပ်လိုက်ပြီး အခန်းတွင်းမှ ထွက်သွားခဲ့၏။ သူမ ဘာသွားလုပ်နေမည်မှန်း လီဆွန်းဟွာ မမှန်းဆနိုင်ပါ။ သူမသည် အခန်းတွင်း သို့ မင်၊ စုတ်တံတစ်ချောင်းနှင့် စာရွက်အချို့ကို ကိုင်ဆောင်ပြီး ပြန်ပြေးဝင်လာ၏။

စုတ်တံသည် အကောင်းစားစုတ်တံတစ်ချောင်းဖြစ်သလို စာရွက်များသည်လည်း ပထမတန်းစား စာရွက်များသာဖြစ်၏။

စွန်းရှောင်းဟုန်သည် လီဆွန်းဟွာကို ကြည့်ခဲ့ခြင်းမရှိဘဲ တိုးတိုးလေး ပြောဆို လိုက်သည်။ “ရှင်ပြောပါ၊ ကျမလိုက်ရေးပါ့မယ်။”

လီဆွန်းဟွာက အနည်းငယ်အံ့အားသင့်သွားခဲ့ပြီး မေးမြန်းလိုက်၏။ “ကျုပ်က ဘာကိုပြောရမှာလဲ။”

စွန်းရှောင်းဟုန်-“ရှင့်မှာ မသေခင်မှာကြားသွားစရာတွေ၊ မပြီးပြတ်သေးတဲ့ လုပ်ဆောင်စရာတွေများ ရှိနေသေးလား။”

သူမ၏အသံက တည်ငြိမ်နေသော်လည်း စုတ်တံကိုင်ထားသော လက်က တုန် ခါနေရ၏။

လီဆွန်းဟွာက ပြုံးပြီးပြောဆိုလိုက်သည်။ “ကျုပ်ကိုအခုချက်ချင်းကြီး ပြောစေ ချင်နေတာလား။ ကျုပ်မှမသေသေးတာ။”

စွန်းရှောင်းဟုန်-“ရှင်သေသွားခဲ့ပြီးရင် ကျမကိုဘာမှ မှာကြားနိုင်တော့မှာမ ဟုတ်ဘူး။”

သူမ၏ဦးခေါင်းက တစ်ချိန်လုံးငုံ့ထားခဲ့ပြီး စုတ်တံကိုင်ထားသောလက်ကို စိုက် ကြည့်နေခဲ့၏။ သို့သော် လီဆွန်းဟွာ၏ ငေးကြည့်နေမှုများကိုတော့ သူမ မရှောင် ဖယ်နိုင်ခဲ့ပါ။

သူမ၏မျက်လုံးများတွင် မျက်ရည်များ စို့ထွက်လာကြပြီး နှုတ်ခမ်းကိုဖိကိုက် ထားကာ ပြောဆိုလိုက်သည်။ “ရှင် မှာချင်တာကို မှာကြားနိုင်ပါတယ်။ ဥပမာ- အားဖေအတွက်ပေါ့။ သူ့ကို ရှင်ဘာများပြောချင်ခဲ့တာရှိနေလဲ။ ဒါမှမဟုတ် အားဖေ အတွက် ကျမကိုလုပ်ခိုင်းချင်တာများ ရှိနေလား။”

လီဆွန်းဟွာ၏မျက်ဝန်းများတွင် နာကျင်ကြေကွဲမှုများ ထွက်ပေါ်လာခဲ့ရပြီး သက်ပြင်းရှိုက်ကာ ပြောဆိုလိုက်သည်။ “ဘာမှမရှိပါဘူး။”

စွန်းရှောင်းဟုန်-“ဘာမှမရှိဘူး။ တကယ်ပဲ ဘာမှပြောစရာမရှိတော့ဘူးလား။”

လီဆွန်းဟွာ-“ကျုပ် သူ့ကိုလူမသတ်ဖို့ တားမြစ်နိုင်ပေမယ့် လူတစ်ယောက်ကို မချစ်နှစ်သက်ဖို့ကိုတော့ မတားမြစ်နိုင်ပါဘူး။”

စွန်းရှောင်းဟုန်-“တစ်စုံတစ်ယောက်က သူ့ကိုသေစေချင်နေတယ်ဆိုရင်ကော ...”

လီဆွန်းဟွာက ခါးသီးစွာရယ်မောနေပြီးမှ ပြောဆိုလိုက်သည်။ “ဒီအချိန်မှာ သူ့ ကို ဘယ်သူကများ သတ်ချင်ဦးမှာလဲ။”

စွန်းရှောင်းဟုန်-“စန့်ကွမ်းကျင်းဟုန်...”

လီဆွန်းဟွာ-“စန့်ကွမ်းကျင်းဟုန်က သူ့ကိုလွှတ်ပေးလိုက်ခဲ့မှတော့ နောက်ထပ် ထပ်ပြီး သတ်ချင်တော့မှာမဟုတ်ပါဘူး။ မဟုတ်ရင် အားဖေသေသွားတာ ကြာလှ ပြီ။”

စွန်းရှောင်းဟုန်-“ဒါပေမဲ့ နောင်တစ်ချိန်ကျရင်ကော...”

လီဆွန်းဟွာသည် ပြတင်းပေါက်မှ အပြင်ဘက်အဝေးတစ်နေရာကို ငေးကြည့် နေပြီး ပြောဆိုလိုက်သည်။ “အိပ်မက်ရှည်ကြီးမက်နေသူတစ်ယောက်ဟာ တစ်ချိန် ချိန်မှာတော့ နိုးထလာရမှာပဲ။ အဲဒီအချိန်ကိုရောက်လာခဲ့ရင် သူဟာအရာအားလုံး ကို နားလည်သဘောပေါက်လာလိမ့်မယ်။ အခုချိန်မှာ ကျုပ်သူ့ကိုပြောသမျှစကား တွေဟာ ဘာမှအရာဝင်မှာမဟုတ်ပါဘူး။”

စွန်းရှောင်းဟုန်သည် အတန်ကြာမျှ တိတ်ဆိတ်သွားခဲ့ရပြီးမှ စကားသံ ပြန် ထွက်ပေါ်လာပြန်သည်။ “သူမအတွက်ကော...”

စွန်းရှောင်းဟုန်ကို ကြည့်ရသည်မှာ ရှိသမျှအားအင်အကုန်လုံးကို စုစည်းပြီးမှ ထိုစကားကို ပြောထွက်ခဲ့ပုံရသည်။

စွန်းရှောင်းဟုန်ပြောသော ‘သူမ’ ဆိုသည်မှာ မည်သူ့ကိုရည်ညွှန်းပြောဆိုခဲ့မှန်း လီဆွန်းဟွာ သိနေပါသည်။

လီဆွန်းဟွာ၏မျက်လုံးများထဲ၌ နာကျင်ကြေကွဲမှုများ ပိုမိုထွက်ပေါ်လာခဲ့ရပြီး ရုတ်တရက် လျှောက်ထွက်သွားကာ ပြတင်းပေါက်များကို ဖွင့်လိုက်တော့သည်။

စွန်းရှောင်းဟုန်က ခေါင်းငုံ့ထားဆဲရှိနေပြီး တိုးတိတ်စွာ မေးမြန်းလိုက်၏။ “ရှင်... ရှင် သူ့အတွက် ဘာများမှာကြားခဲ့ချင်သေးလဲ။...”

လီဆွန်းဟွာသည် သူမ၏စကားကို ဖြတ်ပြောလိုက်၏။ “ဘာမှမရှိပါဘူး။ တကယ်ကို ဘာမှမရှိတာ။”

စွန်းရှောင်းဟုန်-“ဒါပေမဲ့... ရှင်...”

လီဆွန်းဟွာ-“သူအသက်ရှင်နေသမျှ ကာလပတ်လုံးမှာ သူ့ကိုစောင့်ရှောက် ကြည့်ရှုပေးနေမယ့် လူတစ်ယောက်တော့ အနည်းဆုံးရှိနေမှာပဲ။ သူသေသွားတော့ လည်း သူ့ကိုမြေမြှုပ်သင်္ဂြိုလ်ပေးမယ့်လူ ရှိမှာပါပဲ။ သူ ကျုပ်ကိုမလိုအပ်ပါဘူး။ ကျုပ်သေသွားမှသာ သူ့အတွက်အကျိုးရှိမှာပါ။”

သူ့စကားသံများက လွန်စွာမှပင် တည်ငြိမ်နေသော်လည်း စွန်းရှောင်းဟုန်ဘက် သို့လှည့်လာခဲ့ခြင်း လုံးဝမရှိချေ။

သူဘာကိုကြောက်ရွံ့ပြီး လှည့်မလာခဲ့သနည်း။

စွန်းရှောင်းဟုန်သည် လီဆွန်းဟွာ၏ ပါးလျလျကိုယ်လုံးလေးကို နောက်မှ ကြည့်ရှုနေမိ၏။ စာရွက်များပေါ်သို့ မျက်ရည်တစ်စက် ကျဆင်းလာတော့သည်။

သူမသည် မျက်ရည်များကို တိတ်ဆိတ်စွာသုတ်လိုက်ပြီး ပြောဆိုလိုက်သည်။ “ ဒါပေမဲ့ ရှင့်မှာ ပြောစရာစကားတော့ အနည်းနဲ့အများရှိနေမှာပဲ။ ရှင်ဘာဖြစ်လို့ ကျမကို မပြောချင်ရတာလဲ။”

လီဆွန်းဟွာ-“မင်းကကျုပ်ကို ဘာပြောစေချင်လို့တုန်း။”

စွန်းရှောင်းဟုန်-“ရှင်ပြောသမျှစကားတွေကို ကျမမှတ်ထားပါ့မယ်။ ရှင်သေပြီး သွားတဲ့နောက် ရှင်မှာကြားခဲ့တာတွေကို တစ်ခုပြီးတစ်ခု လိုက်ဖြည့်ဆီးပေးပါ့မယ်။ ပြီးတော့...”

လီဆွန်းဟွာသည် လျင်မြန်စွာနောက်သို့လှည့်လာပြီး မေးမြန်းလိုက်သည်။ “ပြီး တော့ကော... ပြီးတော့ မင်းဘာလုပ်မှာလဲ။”

စွန်းရှောင်းဟုန်-“ပြီးတော့ ကျမလည်း လိုက်သေမှာပေါ့။”

သူမသည် တည့်မတ်စွာရပ်နေပြီး လီဆွန်းဟွာကို စိုက်ကြည့်နေ၏။ သူမသည် တခြားနေရာများသို့ ကြည့်ရှုနေခြင်းမရှိသလို အမူအရာများကိုလည်း ဖုံးကွယ်ထား ခြင်းမရှိနေပါ။ လီဆွန်းဟွာကိုသာ တည့်တည့်ကြီး ကြည့်ရှုနေ၏။

လီဆွန်းဟွာ-“ဘာဖြစ်လို့... ဘာဖြစ်လို့ မင်းကသေချင်နေရတာလဲ။”

စွန်းရှောင်းဟုန်-“သေခြင်းတရားကို ကျမရှောင်လွှဲလို့မရပါဘူး။ ရှင်မရှိတော့တဲ့ နောက် အသက်ရှင်သန်နေရခြင်းဟာ သေသွားရတာထက် ပိုဆိုးရမှာပါရှင်။”

သူမသည် မျက်တောင်မခတ်ဘဲ လီဆွန်းဟွာ၏ မျက်လုံးများထဲသို့ စိုက်ကြည့် နေဆဲပင်။

သူမ၏ချစ်ခြင်းမေတ္တာတရားက တည်ငြိမ်ရင့်ကျက်နေ၏။ သူမ၏စိတ်ကို အ ပြီးတိုင်ဆုံးဖြတ်ထားကြောင်း အမူအရာများက ဖော်ပြနေ၏။

လီဆွန်းဟွာ၏ရင်ထဲတွင် ရှတတခံစားချက်တစ်ခု ဖြစ်ပေါ်လာခဲ့ရပြီး ခါးကုန်း ကာ အဆက်မပြတ် ချောင်းဆိုးနေရတော့သည်။

သူ၏ချောင်းဆိုးနေမှု ရပ်တန့်သွားသောအခါမှ စွန်းရှောင်းဟုန်က သက်ပြင်း ချပြီးပြောဆိုလိုက်သည်။ “ရှင်ကျမကို အသက်ဆက်ရှင်သန်နေစေချင်သေးတယ် ဆိုရင် ရှင်သေလို့မဖြစ်ဘူး။ စန့်ကွမ်းကျင်းဟုန်က ရှင့်ကိုသက်သက်မဲ့ယှဉ်ပြိုင်ချင် နေတာပါ။ ရှင့်ကြောင့်မို့လို့ သူ့စိတ်တွေဂယောင်ခြောက်ခြား ဖြစ်နေရပုံရတယ်။”

သူမသည် ရုတ်တရက် ပြေးလာပြီး လီဆွန်းဟွာ၏လက်ကို ဆုပ်ကိုင်ထားကာ ပြောဆိုလိုက်တော့သည်။ “ကျမတို့ ထွက်ပြေးလို့ရတယ်။ ကျမတို့ အဝေးကြီးကို ထွက်ပြေးကြရအောင်လား။ အရာအားလုံးကို မေ့ထားလိုက်ကြရအောင်။ ကျမ... ရှင့် ကို ကျမတို့အိမ်ကိုခေါ်သွားမယ်လေ။ အဲဒီနေရာကို ဘယ်သူမှမသိသလို စန့်ကွမ်း ကျင်းဟုန်က ရှင့်နောက်ကို လိုက်ရှာချင်တယ်ဆိုဦး အဲဒီနေရာကို သူဘယ်တော့မှ ရှာလို့တွေ့မှာမဟုတ်ဘူး။”

လီဆွန်းဟွာက ဘာမှပြန်မပြောခဲ့ပါ။ သူ့နှုတ်ဖျားမှ မည်သည့်စကားသံမျှ ထွက်ပေါ်လာခဲ့ခြင်းမရှိပါ။

လီဆွန်းဟွာသည် စွန်းရှောင်းဟုန်ကို စိုက်ကြည့်၍သာနေ၏။

အေးစိမ့်သော လေအေးများတိုက်ခတ်လာခဲ့၏။ အခန်းတွင်း၌ မီးခိုးငွေ့များ ဖုံး အုပ်လာခဲ့ပြီး မြင်ကွင်းတစ်ခုလုံးကို မီးခိုးငွေ့များဖြင့် ရစ်သိုင်းထား၏။

အဘိုးအိုစွန်း၏ ပညာရှိလေသံက အခန်းတွင်းမှ ထွက်ပေါ်လာခဲ့၏။ “မင်း ဘာ ပဲပြောပြော သူ မင်းပြောတဲ့အတိုင်းလုပ်မှာမဟုတ်ဘူး။”

စွန်းရှောင်းဟုန်သည် ကြမ်းပြင်ပေါ်တွင် ခြေတစ်ချက်ဆောင့်ချလိုက်ပြီး စိတ် ညစ်ညူးစွာ ပြောဆိုလိုက်သည်။ “သူလိုက်မလုပ်ဘူးလို့ ဘိုးဘိုးဘာကြောင့် ပြော နိုင်ရတာလဲ။”

အဘိုးအိုစွန်း-“သူသာရှောင်ပြေးတတ်တဲ့လူတစ်ယောက်ဆိုရင် မင်းသူ့အပေါ်မှာ ထားရှိတဲ့ခံစားချက် သဘောထားတွေ ခုလိုထားရှိနိုင်မှာမဟုတ်တော့ဘူး။”

စွန်းရှောင်းဟုန်သည် တစ်ဘက်သို့လှည့်သွားခဲ့ပြီး မျက်နှာကို လက်ဖဝါးများ နှင့်အုပ်ထားလိုက်တော့၏။

လီဆွန်းဟွာက သက်ပြင်းချသံနှင့်အတူ ပြောဆိုလိုက်သည်။ “ဆရာကြီး...”

အဘိုးအိုစွန်းက သူ့စကားကို ဖြတ်ပြောလိုက်၏။ “မင်းဘာပြောချင်နေလဲဆို တာ ကျုပ်သိပါတယ်။ ဒါပေမဲ့... ကျုပ်သူ့ကို လူမသတ်ဖို့ပဲ တားမြစ်နိုင်မယ်။ လူ တစ်ယောက်ကို မချစ်မြတ်နိုးဖို့တော့ မတားမြစ်နိုင်ဘူး။”

‘ချစ်ခြင်းမေတ္တာတရား’

ထိုအရာသည် လောကကြီးတွင် တားမြစ်နိုင်သည့်အရာတစ်ခု မဟုတ်ချေ။

လီဆွန်းဟွာ ချောင်းဆိုးနေရ၏။ အရင်တုန်းကထက် ပိုမိုပြင်းထန်စွာ ချောင်း ဆိုးနေရ၏။

+++++

“ အနောက်မုခ်အပြင်ဘက် ၁၀ လီအကွာ၊ မဏ္ဍပ်အနီးသစ်ပင်အောက်။”

ထိုမဏ္ဍပ်ကြီးသည် တိုင် ၈ တိုင်ပါရှိသော မဏ္ဍပ်ကြီးဖြစ်၏။ သစ်တောအုပ် လေး၏အပြင်ဘက်ရှိ တောင်ခြေလေးတွင် တည်ရှိနေသည်။

သစ်တောတွင်းတွင် သစ်ရွက်ခြောက်များဖြင့် ခြောက်ကပ်ကပ်ကြီးဖြစ်နေ၏။ မဏ္ဍပ်၏တိုင်များတွင်သုတ်ထားသော ဆေးများက ကွာကျ၍ပင်နေ၏။

အနောက်ဘက်မှ တိုက်ခတ်လာသောလေအေးက အရိုးကွဲလောက်အောင် စိမ့်နေ ၏။ လွင်ပြင်ကျယ်ကြီးကတော့ တိတ်ဆိတ်ငြိမ်သက်စွာ တည်ရှိနေလေသည်။

လီဆွန်းဟွာသည် သစ်တောတွင်းတွင် ခေါက်တုံ့ခေါက်ပြန်လမ်းလျှောက်နေ၏။ သူသည် မြေကြီးနေရာ တစ်လက်မမျှမကျန်အောင် လျှောက်လှမ်းနေသည်။

“မနက်ဖြန်... မနက်ဖြန်ပဲ...”

အနောက်ဘက်တွင် နေကွယ်သွားချေပြီ။ နေ့တစ်နေ့၏ နေ့တာ ကုန်ဆုံးသွားခဲ့ ပြန်ပြီ။

နောက်တစ်ရက် နေဝင်ချိန်တွင် စန့်ကွမ်းကျင်းဟုန်နှင့် လီဆွန်းဟွာတို့နှစ် ယောက်ကြားတွင်ရှိနေသော အငြိုးအတေးများအားလုံး ဤနေရာ၌ ပေးချေကြမည် ဖြစ်သည်။

ဤတိုက်ပွဲသည် သိုင်းလောက၏ အပြောင်မြောက်ဆုံးတိုက်ပွဲလည်း ဖြစ်ပေ လိမ့်မည်။

လီဆွန်းဟွာသည် သက်ပြင်းရှည်ကြီးချခဲ့ပြီး ခေါင်းမော့လာခဲ့၏။ ညနေစောင်း ဝင်လုဆဲဆဲဖြစ်နေသော နေမင်းကြီးက သူ၏ရောင်ဝါများကို အတတ်နိုင်ဆုံး၊ အလှ ပဆုံး ထုတ်လွှတ်ပေးနေ၏။

သို့သော် သေရမည့်လူတစ်ယောက်အတွက် ဤနေဝင်ချိန်သည် ဘဝနေဝင်ချိန် ကဲ့သို့ဖြစ်နေပြီး ဤမျှလောက် သာယာလှပနိုင်ပါဦးမည်လော။

အဘိုးအိုစွန်းနှင့် စွန်းရှောင်းဟုန်တို့သည် မဏ္ဍပ်ထဲတွင် တိတ်ဆိတ်ငြိမ်သက်စွာ ထိုင်စောင့်နေကြ၏။ စွန်းရှောင်းဟုန်က ရုတ်တရက် ကောက်ကာငင်ကာ မေးမြန်း လိုက်၏။ “တိုက်ပွဲတိုက်မယ့်အချိန်ကိုတောင်မရောက်သေးဘူး။ သူကဘာဖြစ်လို့ ဒီနေရာကို အစောကြီးလာကြည့်နေရတာလဲ။”

အဘိုးအိုစွန်း-“ထိပ်သီးပညာရှင်တွေရဲ့တိုက်ပွဲတိုင်းမှာ တစ်ယောက်ရဲ့သိုင်းပညာ ကောင်းမှု၊ အတွင်းအားသန်စွမ်းမှု၊ ပျော့ညံ့ကွက်တွေကို ရှာဖွေရုံသာမကသေးဘူး... ရာသီဥတု၊ ပတ်ဝန်းကျင်အနေအထားနဲ့ လူတွေကိုလည်း ထည့်တွက်ကြရတယ် မြေးလေးရဲ့။ စန့်ကွမ်းကျင်းဟုန်က ဒီနေရာကို ရွေးချယ်ခဲ့ပြီးတဲ့နောက်တော့ သူ့ဆီ မှာ ခိုင်လုံတဲ့အကြောင်းတစ်ခုတော့ ရှိနေမှာသေချာတယ်။”

စွန်းရှောင်းဟုန်-“အဲဒါဘာလဲဟင်...”

အဘိုးအိုစွန်း-“စန့်ကွမ်းကျင်းဟုန်အတွက် ဒီနေရာဟာ ရင်းနှီးကျွမ်းဝင်ပြီးသား ဖြစ်နေလိမ့်မယ်။ သူဒီနေရာကို စောစောကြိုလာထားခဲ့ပြီး ထောင်ချောက်တွေတောင် ဆင်ထားနိုင်သေးတယ်ကွယ့်။”

စွန်းရှောင်းဟုန်-“ဒါဆိုရင် လီဆွန်းဟွာက ဒီနေရာကို ကြိုလာထားပြီး စန့်ကွမ်း ကျင်းဟုန်က ထောင်ချောက်တွေဆင်ထား၊ မထား လာလေ့လာနေတာပေါ့။”

အဘိုးအိုစွန်း-“မှန်တယ်။ ဟိုးတစ်ခေတ်တုန်းက စစ်သူကြီးတွေဟာ အရေးကြီး တဲ့စစ်ပွဲတွေ မဆင်နွှဲရသေးခင် ပတ်ဝန်းကျင်အနေအထားကို အရင်ဦးဆုံးလေ့လာ ထားတတ်ကြတယ်။ ဘယ်လိုတိုက်ပွဲမျိုးပဲဖြစ်ဖြစ် မြေအနေအထားကို အရင်ဆုံးလေ့ လာထားတဲ့သူတွေအတွက် သေချာပေါက် တပန်းသာရတယ်မဟုတ်လား။”

စွန်းရှောင်းဟုန်-“သူက ဘာဖြစ်လို့ အဲဒီနေရာမှာ ခေါက်တုံ့ခေါက်ပြန် လမ်း သလားနေတာလဲ။”

အဘိုးအိုစွန်းက သဘောကျစွာ ရယ်မောပြီး ရှင်းပြလိုက်သည်။ “အဲဒီခေါက်တုံ့ ခေါက်ပြန်လမ်းသလားနေတာမှာလည်း အသုံးကျတဲ့ ရည်ရွယ်ချက်ရှိနေလို့ပေါ့ ကွယ်။”

စွန်းရှောင်းဟုန်-“ဟမ်...”

အဘိုးအိုစွန်း-“သူခေါက်တုံ့ခေါက်ပြန်လမ်းလျှောက်နေတယ်ဆိုတာ မြေအနေ အထားရဲ့ လက်မအစိတ်အပိုင်းတိုင်းဟာ ဘယ်လိုနေမလဲဆိုတာ သိချင်လို့ပေါ့။ ပျော့သလား၊ ပွယောင်းယောင်းဖြစ်နေလား၊ ဒါမှမဟုတ်လှိုင်းတွန့်လေးတွေဖြစ်နေ လားဆိုတာ သိချင်နေလို့ပေါ့။”

စွန်းရှောင်းဟုန်-“အဲဒါက ဘာများအသုံးကျမှာမို့လို့လဲ။”

အဘိုးအိုစွန်း-“ဘာဖြစ်လို့လဲဆိုတော့ မြေကြီးရဲ့အနေအထားဟာ တစ်နေရာနဲ့ တစ်နေရာ မတူညီနိုင်ဘူး။ ကိုယ်ဖော့ပညာကို ထုတ်သုံးရတဲ့အချိန်မှာ မြေကြီးအနေ အထားက တော်တော်လေးအရေးပါတယ်။ လူတစ်ယောက်ဟာ အား ၇/၁၀ ဆနဲ့ ခုန်ပျံတက်မယ်ဆိုရင် မြေကြီးအစိုမှာ ၇ မီတာလောက် အပေါ်ကိုရောက်နိုင်ပြီး မြေ ကြီးအမာမှာတော့ ၁၀ မီတာလောက်ထိ ရောက်နိုင်တယ်။”

စွန်းရှောင်းဟုန်-“ဒါလောက်ကြီးလည်း ကွာခြားချက်ကြီးမားတာလဲမဟုတ်ဘဲ နဲ့...”

အဘိုးအိုစွန်းက သက်ပြင်းချသံနှင့်အတူ ပြောဆိုနေ၏။ “အဆင့်လွန်သိုင်းသ မားတွေ တိုက်ခိုက်ကြပြီဆိုရင် သူတို့အတွက် အမှားလေးတစ်ခုက တစ်လက်မထက် ပိုလို့မရလို့ပေါ့ကွယ်။”

လီဆွန်းဟွာသည် မဏ္ဍပ်ရှေ့သို့ ရုတ်တရက်လျှောက်လှမ်းလာ၏။ နေဝင်နေ သော အနောက်ဘက်ရှိ သစ်တောအုပ်ထဲသို့ မျက်နှာမူပြီး စူးစမ်းကြည့်ရှုနေ၏။ သူ့ မျက်နှာပေါ်မှ စိတ်လှုပ်ရှားနေမှုများက မည်သည့်အရာကို စဉ်းစားပြီးမှ ထိုစိတ် လှုပ်ရှားမှုများ ထွက်ပေါ်လာရကြောင်းကို မည်သူမှ မသိနိုင်ချေ။

စွန်းရှောင်းဟုန်က မအောင့်အီးနိုင်တော့ဘဲ တိုးတိုးလေး မေးမြန်းလိုက်ပြန် သည်။ “အခု သူ အဲဒီနေရာမှာရပ်ပြီး ဘာလုပ်နေပြန်တာလဲ။”

0 comments:

Post a Comment