Thursday, March 10, 2011

(၇၄) အရက်ရောဆုံးလူ

မီးများငြိမ်းသတ်လိုက်ပြီဖြစ်သည်။

သို့သော်အိမ်ငယ်လေးထဲတွင် နောက်ထပ်မီးတစ်မျိုး တောက်လောင်နေ၏။

ခုတင်ဘေးတွင် ခြေတံရှည်လေးတစ်ခု တွဲလောင်းချထား၏။ ထိုခြေတံလေး သည် လရောင်အောက်တွင် အလွန်လှပနေတော့၏။

သူမသည် ခြေတံလေးကို ခုတင်အောက်သို့ ကွေးသွင်းထားပြီး ချမ်းတုန်နေပုံရ သည်။

အားဖေသည် လေးညှို့ကို အသားကုန်ဆွဲတင်ထားသလို ခံစားနေရ၏။

ပစ်မည့်မြှားတံက ထိုလေးညှို့ပေါ်တွင် အဆင့်သင့်တင်ထားပြီးဖြစ်၏။ ပစ်မှတ် ကို အလူးအလဲ လိုက်ရှာနေသလိုမျိုးလည်းဖြစ်နေပြန်သည်။

အတွေ့အကြုံရှိသူတစ်ယောက်အဖို့ တင်းကြပ်နေမှုများကို ထုတ်လွှတ်မပေးဘဲ အပြင်းအထန် အံကြိတ်ခံစားနေရမှုသည် လွန်စွာခံစားရခက်သော ခံစားမှုတစ်ရပ် ဖြစ်ကြောင်း သိရှိနိုင်လေသည်။

လင်ရှန်းအာသည် အတွေ့အကြုံများစွာရှိသူဖြစ်၏။


သူမသည် အားဖေကို အတင်းပင် တွန်းထိုးရုန်းကန်ထွက်နေရ၏။ “ခဏ... ခဏလေးနေပါဦး...”

အားဖေက စကားပြန်မပြောပါ။ လှုပ်ရှားမှုများဖြင့်သာ ပြန်ဖြေဆိုလိုက်သည်။

သူ မစောင့်နိုင်တော့ပါ။ သူသည်းခံပြီး မအောင့်အီးနိုင်တော့ပါ။

လင်ရှန်းအာသည် နှုတ်ခမ်းတစ်စုံကို ဖိကိုက်ထားပြီး အားဖေ၏ နီရဲနေသော မျက်လုံးများကို စိုက်ကြည့်နေ၏။

“ရှင်... ရှင် ဘာဖြစ်လို့ ကျမကို ဘာမှမမေးသေးတာလဲ။”

အားဖေ-“ဘာကိုမေးရမှာလဲ။”

လင်ရှန်းအာ-“စန့်ကွမ်းကျင်းဟုန်နဲ့ ကျမတို့...”

အားဖေ၏ လှုပ်ရှားနေမှုများက ရုတ်ချည်းပင် ရပ်တန့်သွားခဲ့ရသည်မှာ တစ်စုံ တစ်ယောက်က သူ့ကို ဆောင့်ကန်လိုက်သည့်အတိုင်းပင်။

လင်ရှန်းအာ-“အဲဒီကိစ္စက ရှင့်ကို ဘာမှစိတ်မလှုပ်ရှားစေလို့လား။”

အားဖေချွေးပြန်နေရလေပြီ။ ချွေးပြန်နေခြင်းသည် လူတစ်ယောက်၏ ပျော့ညံ့မှု ကို ဖော်ပြနေခြင်းပင်မဟုတ်ပါလား။

လင်ရှန်းအာသည် အားဖေ၏ ပျော့ကွက်ကို တည့်တည့်ကြီးကိုင်မိထားသူဖြစ် သွားလေတော့သည်။

“ရှင် အဲဒီကိစ္စကို စိတ်ခုနေမယ်ဆိုတာ ကျမသိနေပါတယ်။ ဘာဖြစ်လို့လဲဆို တော့ ရှင်က ကျမကို သိပ်ချစ်တယ်မဟုတ်လား။”

သူမ၏လေသံလေးက စိတ်ပျက်အားလျော့နေသော လေသံလေးဖြစ်သော်လည်း မျက်ဝန်းများကတော့ ညှို့အားပြင်းထန်စွာ စွဲဆောင်မှုရှိနေဆဲပင်။ သူမကိုကြည့်ရ သည်မှာ ကြွက်တစ်ကောင်ကို ခုန်အုပ်ပြီး ဖမ်းမိထားသော ကြောင်မလေးတစ်ကောင် လိုဖြစ်နေ၏။ သူမသည် စန့်ကွမ်းကျင်းဟုန်က သူမကို ဖမ်းမိထားသောအခါကြည့် သောအကြည့်များဖြင့် အားဖေကို စိုက်ကြည့်နေ၏။

အားဖေက တုန်ခါနေသောလေသံဖြင့် မေးမြန်းလိုက်၏။ “မင်း.. သူနဲ့အတူနေ ခဲ့လား၊ မနေခဲ့ဘူးလား။”

လင်ရှန်းအာက သက်ပြင်းချသံလေးဖြင့် ပြန်ဖြေဆိုလိုက်သည်။ “သိပ်ပြီးဆိုးရွား တဲ့ကြောင်ကြီးတစ်ကောင်က ဖမ်းဆီးထားမှုကို ခံထားရတဲ့ သနားစရာကောင်းတဲ့ ကြွက်ကလေးတစ်ကောင်ကို ရှင်သိမှာပေါ့။ ဘာဖြစ်သွားခဲ့လဲဆိုတာ ရှင်မေးနေစရာ လိုသေးလို့လား။”

အားဖေသည် ရုတ်ချည်းပင် ကြိုးပြတ်လဲကျသွားရတော့သည်။ ဒေါသထွက် လွန်းသဖြင့် အသားတဆတ်ဆတ်တုန်နေရပြီး မည်သည့်ကြွက်သားမျှ မလှုပ်ရှား နိုင်အောင်ဖြစ်နေရ၏။

လင်ရှန်းအာသည် အားဖေကို ငုံ့ကြည့်နေပြီး သူမ၏မျက်လုံးများမှ မျက်ရည် စက်များ ကျဆင်းလာနေ၏။

လင်ရှန်းအာ-“အဲဒီကိစ္စကြီးက ရှင့်ကိုစိတ်ဆိုးဒေါသထွက်စေမယ်ဆိုတာ ကျမ သိပါတယ်။ ဒါပေမဲ့လည်း ရှင့်ကိုဖုံးကွယ်ထားလို့မှမရတာ။ ရှင့်ကိုသန့်ရှင်းတဲ့ ကျမရဲ့ခန္ဓာကိုယ်ကို ပေးအပ်ချင်ပါတယ်။ ဒါပေမဲ့...”

သူမသည် အားဖေ၏ရင်ခွင်တွင်းသို့ မှောက်လျက်တိုးဝင်လာပြီး မျက်ရည် စက်လက်ဖြင့် ပြောဆိုနေပြန်၏။ “စောင့်စားခဲ့ရတာတွေကို ကျမသိပ်ပြီးနောင်တ ရမိတာပဲ။ အားလုံးဟာ ရှင့်အတွက်ချည်းပဲဆိုပေမယ့်... အခုတော့ ကျမ...”

အားဖေက ရုတ်တရက် အော်ဟစ်ပြောဆိုလိုက်၏။ “ဖြစ်ပျက်ခဲ့သမျှအားလုံးဟာ ကျုပ်အတွက်ကြောင့်ဖြစ်ခဲ့ရတယ်ဆိုတာ ကျုပ်သိတယ်။ ဒါကြောင့်မို့မင်းရဲ့အပျိုရည် ပြန်စစ်လာအောင် ကျုပ်စွမ်းဆောင်မယ်။”

လင်ရှန်းအာ-“ဒါပေမဲ့... ဒီကိစ္စကြီးက ပြန်ပြင်ယူလို့မှမရတာ...”

အားဖေ-“ပြန်လုပ်ယူလို့ရတယ်။ ကျုပ်မှာနည်းလမ်းရှိတယ်။”

အားဖေသည် လက်သီးဆုပ်ထားပြီး ဒေါသတကြီးပြောဆိုလိုက်၏။ “စန့်ကွမ်း ကျင်းဟုန်ကို ကျုပ်သတ်လိုက်ရင်... မင်းကိုဖျက်ဆီးခဲ့တဲ့လူကို ကျုပ်သတ်လိုက်ရင် မင်းပြန်ပြီး သန့်ရှင်းလာမှာပါ။...”

အားဖေ၏စကားများက ရှေ့ဆက်မပြောနိုင်တော့ချေ။ အဘယ်ကြောင့်ဆိုသော် အပြင်ဘက်မှ အေးစက်စွာရယ်မောလိုက်သော လှောင်ရယ်သံများကြောင့်ဖြစ်လေ သည်။

“ဒီပုံအတိုင်းဆိုရင် မင်း လူပေါင်းမြောက်များစွာကို သတ်ဖို့သာ ပြင်ဆင်ထား လိုက်တော့။”

နောက်ထပ်အသံတစ်သံက ပြောဆိုလိုက်ပြန်သည်။ “အဲဒီစောက်ခွေးမရဲ့ခန္ဓာ ကိုယ်က ဘယ်တုန်းကမှ မသန့်ရှင်းခဲ့ဖူးဘူး။ မင်းကလွဲလို့ သူ့ကိုကြည့်မိတဲ့ ယောက်ျားတိုင်းလိုလို သူနဲ့ အိပ်ဖူးကြတဲ့လူတွေချည်းပဲ။”

တတိယစကားသံက ဖြည့်စွက်ပြောလိုက်ပြန်သည်။ “မင်းသာ အဲဒီကောင်မနဲ့ အိပ်စက်ခဲ့ဖူးသူတွေတိုင်းကို လိုက်သတ်ရမယ်ဆိုရင် တစ်ရက်ကို လူအယောက် ၈၀ လောက်သတ်ဦးတောင်မှ မင်းအိုသွားသည်ထိ သတ်လို့ကုန်မှာမဟုတ်သေးဘူး။”

အိမ်ငယ်လေးတွင် ပြတင်းပေါက် ၃ ခုရှိ၏။ ထိုပြတင်းပေါက်အသီးသီးတွင် လူ ၃ ယောက်စီ ရှိနေကြလေသည်။

အသံများက မတူညီကြသော်လည်း ထိုသူတို့၏အသံများတွင် ခြောက်ခြားဖွယ် ရာကောင်းသော လေသံများပါရှိကြလေသည်။

ထိုအေးစက်စက် အသံတုန်တုန်များကို ကြားလိုက်ရသူတိုင်း အော့အန်သွားကြ ရမည်ဖြစ်သည်။

အားဖေက လူးလဲထလိုက်ပြီး လင်ရှန်းအာကို စောင်တစ်ထည်ဖြင့် ဖုံးအုပ်ပေး ထားလိုက်၏။ သူသည် ခေါင်းအုန်းတစ်လုံးကို ဆောင့်ကန်လိုက်ရာ စားပွဲပေါ်တွင် ထွန်းထားသော ဖယောင်းတိုင်မီး ငြိမ်းသွားရ၏။ အားဖေက စူးရှသောအသံဖြင့် မေး မြန်းလိုက်၏။ “အပြင်ဘက်က ဘယ်သူတွေလဲ။”

အားဖေသည် အပြင်ဘက်သို့တဟုန်ထိုး ပြေးထွက်သွားရန် စိတ်ကူးထားမိသော် လည်း လင်ရှန်းအာဘေးတွင် စောင့်နေရန်သာ ဆုံးဖြတ်ထားလိုက်သည်။

ပြတင်းပေါက်အပြင်ဘက်တွင် ရှိနေသူ ၃ ယောက်ထံမှ ကျယ်လောင်စွာ ရယ်မောလိုက်သောအသံများ ထွက်ပေါ်လာသည်။

“ဟားဟားဟား... အဲဒီကောင်မရဲ့ ကိုယ်လုံးတီးကို ကျုပ်တို့မြင်တွေ့သွားမှာ ကြောက်နေလို့လား။”

“ကောင်မက သူ့ကိုယ်လုံးတီးကို ယောက်ျားတွေရဲ့အကြည့်ခံနေကြပါ။ မကြည့် ကြရင်သာ သူ နေမထိထိုင်မသာဖြစ်နေရဦးမယ်။”

‘ဝုန်း..”

ပြတင်းပေါက် ၃ ခုလုံး ဆောင့်ကန်ဖွင့်ခြင်းကို ခံလိုက်ကြရ၏။

အလင်းတန်း ၃ ခုက လင်ရှန်းအာ၏ ခန္ဓာကိုယ်ပေါ်သို့ ထိုးကျလာခဲ့၏။

ထိုအလင်းရောင်များက မီးပုံးပျံမီးအိမ်ငယ်လေးများ ဖြစ်ကြလေသည်။

ထိုမီးအိမ်လေးများ၏ အလင်းရောင်ကိုသာတွေ့နိုင်ပြီး ထိုမီးအိမ်လေးများ ကိုင် ဆောင်ထားသူများ၏ မျက်နှာများကို မတွေ့နိုင်ချေ။

အလင်းရောင်များက လင်းထိန်နေကြသောကြောင့် မျက်လုံးကိုဖွင့်ကြည့်ရန်ပင် မနည်းကြိုးစားရမည်ဖြစ်သည်။

လင်ရှန်းအာသည် သူမ၏မျက်လုံးများကို လက်များဖြင့် ကွယ်ထားလိုက်၏။ သူမကို ဖုံးထားသော ဂွမ်းစောင်သည် ဖြည်းညင်းစွာလျောကျသွားရတော့သည်။ သူမ၏ ခြေတံလေးများ၊ ပေါင်တံသွယ်သွယ်လေးများ... ပြီးနောက်...

သူမသည် ဂွမ်းစောင်ကို ပြန်ခြုံထားရန် ဘယ်တော့မှ စိတ်မကူးထားသည့် အလား။ သူမသည် လူကြည့်ခံရမည်ကို လုံးဝကြောက်ရွံ့သူတစ်ယောက်မဟုတ် ချေ။...

အားဖေက အံကြိတ်ပြီး သူ့အင်္ကျီများကို ချွတ်ပေးလိုက်ကာ လင်ရှန်းအာသို့ ပစ် ပေးလိုက်သည်။ “ဒီအင်္ကျီနဲ့ ဖုံးထားလိုက်စမ်း။”

လင်ရှန်းအာ၏ မျက်လုံးများက အားဖေဘက်သို့စောင်းငဲ့ကြည့်လာပြီး မေးမြန်း လိုက်သည်။ “ဘာလဲ... ရှင်က ကျမကိုကြည့်ရမှာ ရှက်နေလို့လား။”

တစ်ကိုယ်လုံး ကိုယ်လုံးတီးဖြစ်နေချိန်တွင်တောင်မှ လင်ရှန်းအာသည် အလှပ ဆုံး ပြုံးနေနိုင်သေး၏။

သူမသည် သူမ၏အစွမ်းအထက်ဆုံးသော လက်နက်နှစ်စုံကို ထုတ်သုံးနေပြီ ဖြစ်သည်။

အားဖေက ကြမ်းပြင်ပေါ်တွင်ရှိနေသော ထိုင်ခုံတစ်လုံးကို ရိုက်ချိုးလိုက်ပြီး ခုံကျိုးကိုလက်ထဲတွင် တင်းကြပ်စွာဆုပ်ကိုင်ထားကာ ပြောဆိုလိုက်သည်။ “အိမ်ထဲ ကိုခြေတစ်လှမ်းဝင်လာတဲ့သူ သေရလိမ့်မယ်။”

အသံ ၃ သံကရယ်မောနေကြပြန်သည်။ ယခုအချိန်တွင်တော့ အသံများသည် တံခါးပေါက်မှ ထွက်ပေါ်လာကြခြင်းဖြစ်၏။

“သူကလူသတ်ဦးမလို့တဲ့။”

“သူ့ ဒီအခြေအနေနဲ့ လူသတ်ဖို့ မေ့ထားလိုက်တာပဲ ကောင်းလိမ့်မယ်။”

“သူ လူသတ်နိုင်ပါသေးတယ်။ လူတစ်ယောက်တော့ အနည်းဆုံးသတ်နိုင်ပါ သေးတယ်။ သူကိုယ်သူ သတ်သေမယ်ဆိုရင်ပေါ့။”

‘ဝုန်း’...

ထူထပ်သော တံခါးပေါက်သည် အပိုင်းပိုင်းကျိုးပြတ်သွားရလေတော့သည်။

သစ်သားစများက အခန်းတွင်းသို့ ပလူပျံဝင်ရောက်လာခဲ့ကြ၏။

အဝါရောင်ဝတ်ဆင်ထားသူ ၃ ယောက် အခန်းတွင်းသို့ ဝင်ရောက်လာခဲ့ကြ၏။

လူ ၃ ယောက်စလုံးပင် ဝါးခမောက်များကို မေးစေ့အောက်ထိ ခပ်ငိုက်ငိုက် ဆောင်းထားကြ၏။

ထိုပုံစံသည် ရွှေဒင်္ဂါးဂိုဏ်း၏ အဆင့်မြင့်ဂိုဏ်းဝင်များသာ ပြုလုပ်သော ဟန်ပန် အမူအရာများလည်း ဖြစ်နေပြန်သည်။

ပထမလူထံတွင် ရွှေရောင်သံကြိုးတစ်ချောင်း လက်တွင်ရစ်ပတ်ထား၏။ သံ ကြိုး၏ ထိပ်တွင်ကြီးမားသော သံတူကြီးတစ်ချောင်း တပ်ဆင်ထား၏။

ဒုတိယနှင့် တတိယလူတို့သည် ဓားမော့နှင့် ဓား ကိုင်ဆောင်သူများဖြစ်ကြ သည်။

မိစ္ဆာဦးခေါင်းဓားမော့နှင့် သေမင်းတံခါးဝဓားသမားတို့ဖြစ်သည်။

သူတို့၏လက်နက် ၃ စုံလုံးသည် တာထွက်ရန်အဆင်သင့်ဖြစ်နေကြ၏။ အချိန် မရွေး လူသတ်နိုင်လေသည်။

အားဖေသည် ရုတ်ချည်းပင် တည့်မတ်စွာ မတ်တတ်ရပ်လိုက်သည်။ သူ့ကို ကြည့်ရသည်မှာ ဆာလောင်မွတ်သိပ်နေသော ဝံပုလွေတစ်ကောင်က အမဲကောင်များ ကို တွေ့လိုက်ရသကဲ့သို့ ထင်မှတ်ရ၏။

သူ၏တုံ့ပြန်လှုပ်ရှားမှုများက နှေးကွေးသွားလာရပြီး အင်အားချိနည့်နေသော် လည်း သူ၏သားရဲဗီဇများကမူ မပျောက်ပျက်သွားသေးချေ။

အားဖေသည် သွေးနံ့များကို ရှူရှိုက်မိနေပြီးဖြစ်၏။

လင်ရှန်းအာက တခစ်ခစ်ရယ်မောနေပြီး ပြောဆိုလိုက်သည်။ “အိုး... ‘မိုးမုန် တိုင်းကြယ်ပျံညီနောင်’ နဲ့ ‘ဂိုဏ်းခွဲမှူးရှန်းဆောင်’ တို့ပါလား။ ဂုဏ်ယူပါတယ်။ ကျမ ဂုဏ်ယူပါတယ်ရှင်။”

ရှန်းဆောင်-“မင်းထင်တာမမှားဘူး။”

လင်ရှန်းအာက သက်ပြင်းချသံနှင့်အတူ ပြောဆိုလိုက်သည်။ “စန့်ကွမ်းကျင်း ဟုန်က ကျမကိုဒီလောက် မြန်မြန်သတ်ချင်နေမှန်း မသိခဲ့ပါဘူး။”

ရှန်းဆောင်-“အသုံးမကျတော့တဲ့လူတွေအဖို့ သေစရာတစ်လမ်းပဲ ကျန်တော့ တယ်။”

လင်ရှန်းအာ-“ရှင်ပြောတာမှားနေတယ်။ စန့်ကွမ်းကျင်းဟုန် ကျမကို သတ်ချင် တာ အဲဒီရည်ရွယ်ချက်ကြောင့်မဟုတ်ဘူး။”

ရှန်းဆောင်-“ဟမ်..”

လင်ရှန်းအာ-“သူကျမကို သေစေချင်နေတာ ကျမ နောက်ထပ်ယောက်ျားတစ် ယောက်နဲ့ တွေ့သွားပြီး သူ့ဂုဏ်သိက္ခာကျဆင်းသွားမှာ ကြောက်လို့ပါ။”

ရှန်းဆောင်က အေးစက်စွာပြောဆိုလိုက်သည်။ “ခေါင်းဆောင်ကြီးစန့်ကွမ်းရဲ့ အမိန့်ဆိုတာ ရှင်းပြနေစရာမလိုဘူး။ တာဝန်ကျေဖို့ပဲလိုတယ်။”

လင်ရှန်းအာသည် အားဖေကို ငဲ့ကြည့်နေပြီးမှ ပြောဆိုလိုက်သည်။ “ရှင်တို့ ၃ ယောက် ဒီနေရာကို ခိုးကြောင်ခိုးဝှက်ဝင်လာခဲ့ကြတာ သူကကျမကို မကာကွယ်ပေး နိုင်တော့ဘူးလို့ ထင်နေကြလို့မဟုတ်လား။”

ရှန်းဆောင်-“သူကြိုးစားကြည့်နိုင်ပါတယ်လေ။”

ဓားမော့ကိုင်ဆောင်ထားသူက ဝင်ရောက်ပြောဆိုလိုက်သည်။ “သူကြိုးစားကြည့် စရာမလိုအပ်ပါဘူး။”

လင်ရှန်းအာ-“ဟမ်..”

ဓားမော့ကိုင်ဆောင်ထားသူက အေးစက်စွာ ပြောဆိုလိုက်သည်။ “သူ့ရှေ့မှာတင် သူကမင်းကို မကာကွယ်ပေးနိုင်တော့ဘူးလို့ မင်းပါးစပ်ကပြောခဲ့ပြီးမှတော့ သူ့အနေ နဲ့ ကြိုးစားစရာမလိုတော့ပါဘူး။”

လင်ရှန်းအာက ရယ်မောပြောဆိုလိုက်သည်။ “ရှင်ပြောတာမှန်တယ်။ သူဟာ သူ့ကိုယ်သူတောင်မှ ကာကွယ်နိုင်ပါဦးမလားမသိဘူး။ ကျမက သူ့ကိုအခက်အခဲ ဖြစ်အောင်လုပ်ခိုင်းသလိုများ ဖြစ်နေမလား။.. ဒါပေမဲ့တစ်ခုတော့ရှိတယ်...”

သူမသည် ဖြည်းညင်းစွာ မတ်တတ်ရပ်လိုက်ပြီး မီးရောင်အောက်တွင် ကိုယ်လုံး တီး နေပြလိုက်ပြီး ပြောဆိုလိုက်သည်။ “ကျမကိုယ်ကျမ မကာကွယ်နိုင်တော့ဘူး လို့များ ရှင်တို့တွေ ထင်နေကြတာလား။”

သူမ၏ရင်သားနှစ်မွှာက ရှေ့သို့ပြူထွက်လာကြသည်။ သူမ၏ ခြေတံများက ဘေးသို့ ချဲချထား၏။

မီးအိမ်၏ မီးရောင်အောက်တွင် သူမ၏အသားအရည်က ဖြူဖွေးနေသော နို့နှစ် ရောင် ရှိနေလေသည်။

သူမ၏ခန္ဓာကိုယ်သည် ဂုဏ်ယူစရာအလွန်ကောင်းသော ခန္ဓာကိုယ်လည်း ဖြစ် နေသေးသည်မဟုတ်ပါလား။

အားဖေ၏မျက်နှာတစ်ပြင်လုံး နာကျင်မှုများခံစားနေရသောကြောင့် ရှုံ့မဲ့နေရ ၏။ သူ၏နဖူးပြင်မှ ပဲစေ့လုံးခန့်ရှိသော ချွေးပေါက်ကြီးများ ယိုစီးကျလာလေတော့ သည်။

လင်ရှန်းအာ၏လက်များက သူမ၏ခန္ဓာကိုယ်ကို ပွတ်သပ်ကိုင်တွယ်နေပြီး ရမ္မက်ထန်နေသောလေသံလေးဖြင့် မေးမြန်းလိုက်သည်။ “ရှင်တို့ ၃ ယောက် ကျမ ကိုသတ်ပစ်မယ်ဆိုရင် သိပ်ပြီးမှားသွားမှာပေါ့။ မဟုတ်ဘူးလား။”

ရှန်းဆောင်က သက်ပြင်းချသံနှင့်အတူ ပြောဆိုလိုက်သည်။ “တချို့အရာတွေကို ရရှိဖို့ မိန်းမတွေ သူတို့ရဲ့ခန္ဓာကိုယ်ကို အသုံးချတတ်တာတွေ ရှိပါတယ်။ သူတို့တ တွေ ရေမွှေးနံ့သာတွေကို ကြည့်ရှုနေချိန်မျိုးတို့၊ သိပ်ပြီးအဖိုးတန်တဲ့ အဝတ်အစား တွေကို ကြည့်ရှုနေကြချိန်မျိုးတို့မှာ သူတို့မှာ ရှက်ရကြောက်ရမှန်း မသိနိုင်ကြတော့ ဘူး။ မင်းကတော့ သူတို့နဲ့ကွာခြားလွန်းပါတယ်လေ။”

လင်ရှန်းအာ-“သိပ်မှန်တာပေါ့။ ကျမက သူတို့နဲ့ ကွာခြားတာပေါ့။”

ရှန်းဆောင်-“မင်းကတော့ သူတို့တွေထက်တောင်မှ ပိုရက်ရောနေပါသေးလား။ မင်းရဲ့ခန္ဓာကိုယ်ကိုအသုံးချပြီး သေးငယ်တဲ့အရာလေးတွေအတွက်တောင်မှ ပေးဆပ် နေသေးတယ်။ မင်းသာ စိတ်ကောင်းဝင်နေမယ်ဆိုရင် တံခါးပေါက်လာဖွင့်ပေးတဲ့ အိမ်စေတစ်ယောက်ကိုတောင်မှ မင်းအတူနေရဲသေးတယ်လေ။”

လင်ရှန်းအာ-“ရှင်က ကျမကိုအခကြေးငွေ သတ်မှတ်ပေးစေချင်တာလား။”

လင်ရှန်းအာသည် ရှန်းဆောင်ထံသို့ ဖြည်းညင်းစွာ လျှောက်လှမ်းသွားတော့၏။ “လာပါ.. လာယူလိုက်ပါ။ ကျမက ရှင့်ကိုအခကြေးငွေ အနည်းငယ်ပေးမယ်ဆိုရင် တောင်မှ ဘယ်သူမှ ကန့်ကွက်မယ့်သူရှိမှာမဟုတ်ပါဘူး။”

ရှန်းဆောင်သည် ထိုနေရာ၌ သစ်ပင်တစ်ပင်အလား မားမားမတ်မတ် ရပ်နေဆဲ။

လင်ရှန်းအာသည် ရှန်းဆောင်၏ရှေ့သို့ ရောက်လာခဲ့ပြီး သူ၏လည်ပင်းကို ပါး စပ်ဖြင့် စုပ်နမ်းချင်စိတ်များ ဖြစ်ပေါ်နေရ၏။

ရှန်းဆောင်က ရုတ်တရက် တိုက်ခိုက်လာလေတော့သည်။ သူ၏သံတူကြီးက လင်ရှန်းအာ၏ ရင်ဝသို့ ထုနှက်လိုက်၏။

လင်ရှန်းအာ၏ခန္ဓာကိုယ်တစ်ခုလုံး လေထဲတွင်ပျံဝဲသွားရပြီး ခုတင်ပေါ်သို့ ခွေ ခွေလေးကျသွားရတော့သည်။

ရှန်းဆောင် ဆောင်းထားသောဝါးခမောက်သည်လည်း ပြုတ်ထွက်သွားရပြီး သူ ၏မျက်နှာကို ထင်ရှားစွာ မြင်တွေ့နေရ၏။

သွေးဆုတ်ဖြူရော်နေသော မျက်နှာဖြူမျိုးဖြစ်ပြီး မျက်ရစ်အတွန့်လေးများ တွေ့ နိုင်၏။ သို့သော် အမွှေးအမြင်များ တစ်ပင်မှပေါက်နေခြင်းမရှိသော မျက်နှာလည်း ဖြစ်သည်။

လင်ရှန်းအာသည် ရုတ်တရက်ပင် ရယ်မောပြောဆိုလိုက်သည်။ “စန့်ကွမ်းကျင်း ဟုန်က ကျမကိုသတ်ဖို့ ရှင့်ကိုရွေးချယ်ခဲ့တာ ခုမှပဲသိတော့တယ်။ ရှင်က ယောက်ျား မဟုတ် မိန်းမမဟုတ်တဲ့သူပဲ။ ရှင်ဟာ ယောက်ျားတစ်ပိုင်း မိန်းမတစ်ပိုင်း အရူးတစ် ယောက်ပဲ။”

ရှန်းဆောင်သည် လင်ရှန်းအာကို စူးစူးစိုက်စိုက်သာ စိုက်ကြည့်နေပြီး ဘာ စကားမျှ ပြန်မပြောခဲ့ချေ။ သူ၏မျက်နှာပေါ်၌လည်း မည်သည့်ခံစားချက်မျှ မပေါ် ထွက်ခဲ့ပါ။ အတော်လေးကြာသောအခါမှ အားဖေဘက်သို့လှည့်ပြီး ပြောဆိုလိုက် သည်။ “မင်းထွက်သွားရင် ကောင်းလိမ့်မယ်။”

အားဖေ-“ထွက်သွားရမယ်.. ဟုတ်လား။”

ရှန်းဆောင်-“ဒီခွေးမကို ကာကွယ်စောင့်ရှောက်ပေးချင်သေးတယ်လို့တော့ မ ပြောပါနဲ့တော့ကွာ။”

အားဖေကို ဖြည်းညင်းစွာ ခေါင်းငုံ့ထားလိုက်တော့သည်။

ရှန်းဆောင်-“မင်းထွက်သွားသင့်ပြီ။ ကျုပ်ဒီကောင်မကို သတ်နေတဲ့အချိန်မှာ မင်းကို မမြင်စေချင်ဘူး။”

အားဖေ-“ဘာဖြစ်လို့လဲ။”

ရှန်းဆောင်က အေးစက်စူးရှစွာ ပြောဆိုလိုက်၏။ “မင်းအော့အန်သွားလိမ့်ရ မယ်။”

အားဖေသည် တိတ်ဆိတ်ငြိမ်သက်သွားရပြီး ခေါင်းငုံ့ထားလိုက်ပြန်သည်။

လင်ရှန်းအာသည်လည်း ရယ်မောနေခြင်းများ ရပ်တန့်သွားရလေပြီ။ ဤအချိန် တွင် သူမ မရယ်မောနိုင်တော့ပါ။

ထိုအချိန်လေး၌ပင် အားဖေ၏တိုက်ခိုက်မှု ထွက်ပေါ်လာလေတော့သည်။

အားဖေ၏ သားရဲဗီဇများက စူးရှထက်မြက်နေဆဲ...

သူသည် အကောင်းဆုံးအခွင့်အရေးရချိန်ကို အသုံးချနိုင်ခဲ့လေသည်။

ကံဆိုးသည်မှာ သူ၏တုံ့ပြန်လှုပ်ရှားမှုများက နှေးကွေးနေရပြီး အားအင်လည်း ချိနည့်နေရသည့်အချိန်တွင်မှ တိုက်ခိုက်ရခြင်းဖြစ်၏။

ရွှေရောင်တစ်ချက် လင်းလက်သွားပြီး သံတူကြီးတစ်လက် ထွက်ပေါ်လာခဲ့ တော့၏။

အားဖေ၏လက်ထဲတွင် ကိုင်ဆောင်ထားသော ထိုင်ခုံကျိုးစများက လေထဲသို့ ပလူပျံလွင့်ထွက်သွားရတော့သည်။

ရှန်းဆောင်က အေးစက်စွာပြောဆိုလိုက်သည်။ “ကျုပ်ကိုပေးခဲ့တဲ့အမိန့်က သူ့ကိုသတ်ဖို့။ မင်းကိုမဟုတ်ဘူး။ မင်းအခုချိန်ထိ အသက်ရှင်နေသေးတာ ကျုပ်အ နေနဲ့ ဘာမှခြေလွန်လက်လွန်မဖြစ်ချင်လို့ဆိုတာသိထား။”

အားဖေသည် လက်ထဲတွင် ကျန်ရှိနေသေးသော သစ်သားပိုင်းစနှစ်ခုကို တင်း ကြပ်စွာဆုပ်ကိုင်ထားဆဲရှိနေ၏။ သေခါနီးလူတစ်ယောက် တစ်စုံတစ်ခုကို တင်း ကြပ်စွာ ဖက်တွယ်ထားဆဲရှိနေသလိုပင်။

သို့သော် ထိုမျှော်လင့်ချက်သည် မည်သည့်မျှော်လင့်ချက်များ ဖြစ်နေပါသ နည်း။

အားဖေသည် သူသတ်သမားတစ်ယောက်ဖြစ်ခဲ့ဖူး၏။

ယခုသော် သူ လူမသတ်နိုင်တော့ပါ။ အခြားသူများကပင် သူ့ကိုသတ်ရန် မထိုက်တန်တော့သလိုအမူအရာမျိုး ပြနေကြသည်မဟုတ်ပါလား။

ဤအချက်သည် ဘာကိုပြသနေသနည်းဆိုသော် အားဖေသည် ထိုသူတို့၏ အမြင်တွင် အသုံးမကျသူတစ်ယောက်ဖြစ်နေသည်ဆိုခြင်းပင်တည်း။ သူအသက်ရှင် သန်နေသည်ဖြစ်စေ၊ သေဆုံးသွားသည်ဖြစ်စေ.. ဘာမှစိတ်ဝင်စားစရာမကောင်း တော့ပါ။

“လူတစ်ယောက်အဖို့ ပြန်လည်ထမြောက်လာဖို့ဆိုတာ အင်မတန်ခက်ခဲပါ တယ်။ ပြန်လဲကျသွားဖို့ကတော့ သိပ်ကိုလွယ်ကူလွန်းနေတယ်။”

လီဆွန်းဟွာကို သွားကယ်စဉ်တုန်းက အဖြစ်အပျက်များကို အားဖေပြန်အမှတ် ရလာခဲ့၏။ ကျင်းဝူမင်းနှင့် သူဓားချင်းယှဉ်ခုတ်ခဲ့သည့်အချိန်များကို ပြန်အမှတ်ရ နေမိ၏။

ထိုစဉ်တုန်းက မည်သူမျှ သူ့ကို ပေါ့ပေါ့တန်တန် သဘောမထားခဲ့ကြချေ။

ယခုတော့...

ထိုအဖြစ်အပျက်များက လွန်ခဲ့သော ရက်အနည်းငယ်တုန်းက ဖြစ်ပျက်ခဲ့သည် များသာဖြစ်၏။ သို့သော် အားဖေအတွက်မူ အလွန်ဝေးကွာသော အချိန်ကာလများ က ဖြစ်ပျက်ခဲ့သလို ခံစားနေရ၏။

ရှန်းဆောင်၏ စကားသံသည်လည်း အဝေးတစ်နေရာမှ ထွက်ပေါ်လာသလို ခံ စားနေရ၏။

“မင်းကြည့်ချင်တယ်ဆိုရင်လည်း စောင့်ကြည့်နိုင်ပါတယ်။ တကယ့်လူသတ်သ မားတစ်ယောက်က လူဘယ်လိုသတ်လဲဆိုတာ မင်းကို ကျုပ်ပြပါ့မယ်။”

ရုတ်တရက် အေးစိမ့်သော စကားသံတစ်သံက အခန်းတွင်းသို့ ထိုးဖောက်စိမ့် ဝင်လာခဲ့၏။ “မင်းက လူသတ်သမားတစ်ယောက်လား။ ကျုပ်တော့မထင်ဘူး။”

0 comments:

Post a Comment