Wednesday, March 9, 2011

(၇၃) လှောင်အိမ်နှင့်နှောင်ကြိုးများ

အိမ်ငယ်လေးအတွင်း၌ လွန်စွာမှပင်ပူလောင်နေ၏။ မီးဖိုကြီး ၄ ခုဖြင့် ရေနွေး အိုးကြီး ၄ လုံးတည်ထားလေသည်။

မီးတောက်မီးလျှံများကြောင့် အိမ်ခေါင်မိုးနှင့် နံရံများသို့ နီရဲတောက်ပစွာ လင်း လက်နေသော အပူရှိန်များဟတ်နေကြသည်။

အားဖေ၏မျက်နှာတစ်ပြင်လုံးသည်လည်း နီရဲနေပြီး သူ၏ခန္ဓာကိုယ်သည် လည်းနီရဲနေရ၏။

အားဖေသည် ရေနွေးအိုးကြီး ၄ လုံးအလယ်တွင်ထိုင်နေ၏။ သူ၏ခန္ဓာကိုယ် အပေါ်ပိုင်းတစ်ခုလုံး ဗလာကျင်းနေပြီး ဝတ်ဆင်ထားသော စုတ်ပြတ်နေသည့် ဘောင်းဘီရှည်သည်လည်း ချွေးများစိုရွှဲနေ၏။

အားဖေသည် ချွေးထွက်လွန်နေပြီး အသက်ကိုပြင်းစွာ ရှူရှိုက်နေရပုံရသည်။

သူ၏ခန္ဓာကိုယ်တစ်ခုလုံး အားအင်ပြတ်လတ်သူတစ်ယောက်ကဲ့သို့ဖြစ်နေပြီး အချိန်မရွေးယိုင်လဲကျနိုင်ဟန်ရှိနေလေသည်။

တစ်ခေါင်းလုံး ဆံပင်များဖြူဖွေးနေသော အဘိုးအိုတစ်ယောက်သည် အခန်း ထောင့်တွင် ထိုင်နေကာ ဆေးတံဖွာရှိုက်နေ၏။

သူ၏နှာခေါင်းထိပ်ဖျားတွင် ဆေးတံဖွာလိုက်တိုင်း ထွက်ပေါ်လာသော မီးခိုးငွေ့ များ ရစ်သိုင်းနေပြီး ဆေးတံငွေ့များက အခန်းထောင့်တွင် မြူနှင်းများ ရစ်သိုင်းခြုံထားသလို လုံးနေသည်။

အဘိုးအိုသည် တကယ်ပင် တမူထူးခြားသော လူတစ်ယောက်ဖြစ်လေသည်။


သူမည်သည့်နေရာမှ လာခဲ့သည်ကိုလည်းကောင်း၊ မည်သည့်နေရာသို့ ဆက် သွားမည်ကိုလည်းကောင်း မည်သူမျှမသိနိုင်ချေ။

အမှန်အတိုင်းပြောရမည်ဆိုလျှင် သူမည်သူမည်ဝါမှန်း မည်သူမျှ မသိကြချေ။ သူသည် ဆင်းရဲသော ပုံပြောအဘိုးအိုတစ်ယောက်လည်း ဖြစ်နေနိုင်၏။

သူသည် ကောင်းကင်ဘုံမှ သူတော်စင်ကြီးတစ်ယောက်လည်း ဖြစ်နေနိုင်၏။

မည်သို့ပင်ဆိုစေ အိမ်ထဲခြေတစ်လှမ်းဝင်လိုက်သည်နှင့် ပထမဆုံး သတိထား မိမည်မှာ ထိုအဘိုးအိုကိုပင်ဖြစ်လေသည်။

အားဖေ၏မျက်လုံးများက မှိတ်ထားကြပြီး အိမ်ထဲသို့ဝင်ရောက်လာသူများကို သတိမထားမိခဲ့ချေ။

စွန်းရှောင်းဟုန်သည် အံ့အားသင့်သွားခဲ့ပြီး အာမေဋိတ်သံလေးဖြင့် မေးမြန်း လိုက်၏။ “ဘိုးဘိုး... ဘာလုပ်နေတာလဲ။”

အဘိုးအိုစွန်း-“သူ့ကို ရေနွေးငွေ့ပေါင်းနေတာလေ။”

စွန်းရှောင်းဟုန်က မျက်လုံးလေးပြူးပြီး မေးမြန်းလိုက်ပြန်သည်။ “ရေနွေးငွေ့ ပေါင်းနေတယ်.. ဟုတ်လား။ သူက ပေါက်စီလည်းမဟုတ်၊ ဂဏန်းကောင်လည်းမ ဟုတ်၊ ဘာဖြစ်လို့သူ့ကို ရေနွေးငွေ့ပေါင်းနေရတာလဲ။”

အားဖေကိုကြည့်ရသည်မှာ တကယ်ပင် ရေနွေးငွေ့ပေါင်းခံထားရသော ဂဏန်း တစ်ကောင်ကဲ့သို့ဖြစ်နေရ၏။

အဘိုးအိုစွန်းက ပြုံးပြီးပြောပြလိုက်သည်။ “သူ့ကိုဘာဖြစ်လို့ ရေနွေးငွေ့ပေါင်း နေရတာလဲဆိုတော့ သူ့ခန္ဓာကိုယ်ထဲက အရက်ခိုးအရက်ငွေ့တွေကို တွန်းထုတ်ပစ် လိုက်နိုင်အောင်လို့ပေါ့ကွယ်။ ဒါမှလည်း သူမြန်မြန်အမူးပြေမယ်မဟုတ်လား။”

အဘိုးအို၏မျက်လုံးများက လီဆွန်းဟွာဘက်သို့လှည့်လာပြီး ဆက်ပြောနေ လိုက်ပြန်သည်။ “သူ့ကိုရေနွေးငွေ့ပေါင်းခံရခြင်းရဲ့ နောက်တစ်ချက်ကတော့ သူ့ရဲ့ သွေးထဲကသတ္တိတွေ အပြင်ကိုရုန်းကန်ထွက်လာပြီး စိတ်သစ်လူသစ်တစ်ယောက် ပြန်ဖြစ်လာအောင်လို့ပေါ့။”

လီဆွန်းဟွာက ပြုံးပြီး ပြန်ပြောလိုက်၏။ “ဒါဆိုရင်တော့ ကျနော်လည်း ရေ နွေးငွေ့ပေါင်းခံမှ ဖြစ်လိမ့်မယ်နဲ့တူတယ်။ ဒါပေမဲ့ ကျနော်ကြောက်တာတစ်ခုက ခန္ဓာကိုယ်ထဲမှာရှိတဲ့ အရက်တွေသာကုန်သွားမယ်ဆိုရင် ကျနော့်ခန္ဓာကိုယ်ကြီးဟာ အခွံကြီးဗလာသက်သက်ကျန်ခဲ့တော့မှာကိုပဲ။”

အဘိုးအိုစွန်း-“ဒါဆိုရင် မင်းရဲ့အဲ့ဒီခန္ဓာကိုယ်ထဲမှာ အရက်ကလွဲပြီး ဘာမှရှိမ နေဘူးပေါ့လေ။”

လီဆွန်းဟွာက သက်ပြင်းချပြီးမှ ပြောဆိုလိုက်သည်။ “ကျနော့်ရဲ့ဗိုက်ထဲမှာ တော့ ဆုံးရှုံးသွားခဲ့ရတဲ့အခွင့်အလမ်းတွေနဲ့ ပြည့်နေနိုင်ပါတယ်။”

အဘိုးအိုစွန်းက သဘောကျစွာရယ်မောလိုက်တော့သည်။ “ကောင်းလိုက်တဲ့ စကား။ မင်းရဲ့အဲ့ဒီဗိုက်ထဲမှာ အသိပညာဗဟုသုတတွေသာ အပြည့်ရှိမနေဘူးဆိုရင် ခုနကပြောလိုက်တဲ့စကားတွေ ဘယ်ထွက်လာနိုင်လိမ့်မလဲ။ ဒါလောက် တွေးစရာ ကောင်းတဲ့စကားတွေ မင်းရဲ့ပါးစပ်ကဘယ်လိုလုပ်ပြီး ခုန်ပေါက်ထွက်လာနိုင်မှာ လဲ။”

အဘိုးအိုသည် ရယ်မောနေခြင်းကို ရုတ်တရက်ရပ်တန့်လိုက်ပြီး လေးနက်စွာ ပြောဆိုလိုက်သည်။ “တကယ်တမ်းပြောရရင် ကျုပ် မင်းကိုရေနွေးငွေ့နဲ့ ပေါင်းခံပစ် ချင်တာတော့အမှန်ပဲ။ မင်းရဲ့အဲ့ဒီခန္ဓာကိုယ်ကြီးထဲမှာ အရက်နဲ့ အသိပညာဗဟုသုတ တွေကလွဲလို့ နောက်ထပ်ဘာများရှိနေနိုင်သေးလဲဆိုတာ ကျုပ်သိပ်သိချင်တာပဲ။ ကောင်းကင်ဘုံက ဘုရားသခင်ကိုယ်တော်မြတ်ကြီးဟာ မင်းလိုလူစားမျိုးကို ဘာ တွေနဲ့ ဖန်ဆင်းခဲ့လဲဆိုတာလည်း ကျုပ်သိပ်သိချင်နေတယ်။”

စွန်းရှောင်းဟုန်-“အဲဒါပြီးတော့ရော...”

အဘိုးအိုစွန်း-“အဲဒါပြီးတော့ သူ့ခန္ဓာကိုယ်ထဲက ထွက်လာတဲ့အရာအားလုံးကို စုပုံထားပြီး ဒီလောကကြီးထဲမှာရှိတဲ့ လူတွေအားလုံးကို နည်းနည်းစီမျှဝေ ပေးလိုက် ချင်တယ်။”

စွန်းရှောင်းဟုန်-“အဲဒါဆိုရင် လူတိုင်းလူတိုင်းက သူနဲ့ နည်းနည်းဆင်တူသူ တွေဖြစ်သွားကြမှာပေါ့။”

အဘိုးအိုစွန်း-“နည်းနည်းဆင်တူရုံမကသေးဘူး၊ အများကြီးပိုတူနိုင်လေကောင်း လေပဲ။”

စွန်းရှောင်းဟုန်-“အဲဒါဆိုရင် ဒီလောကကြီးထဲမှာရှိတဲ့လူတွေအားလုံး သူနဲ့တူ သူတွေချည်းဖြစ်ကုန်တော့မှာပေါ့။”

အဘိုးအိုစွန်း-“သူနဲ့တူသူတွေဖြစ်ကုန်ကြတော့ရော... ဘာများမှားသွားမှာမို့လဲ မြေးလေးရယ်။”

စွန်းရှောင်းဟုန်-“တစ်ခုခုတော့ လွဲမှားနေမှာပေါ့လို့။”

အဘိုးအိုစွန်း-“ဘာကများ လွဲမှားမှာမို့လဲ။”

စွန်းရှောင်းဟုန်သည် ခေါင်းကိုငုံ့၍သာထားပြီး ဘာစကားမျှ ဆက်မပြောတော့ ချေ။

ဤမြေးအဖိုးနှစ်ယောက်တို့သည် စကားပြောဆိုရာတွင် အချင်းချင်းအပြန်အ လှန် ပြောဆိုလေ့ရှိကြသည်။ တစ်ယောက်ကမေးခဲ့လျှင် ကျန်တစ်ယောက်က ပြန် ဖြေဆိုတတ်၏။ ထို့ကြောင့် နားထောင်နေသူတိုင်းသည် သူတို့နှစ်ယောက်ကို စကားဖြတ်ပြောဆိုရန် အခွင့်အလမ်းသာလိမ့်မည်မဟုတ်ချေ။

ယခုတော့ လီဆွန်းဟွာအတွက် စကားဖြတ်ပြောဖို့ အခွင့်အရေးပေါ်ပေါက်လာခဲ့ လေပြီ။

လီဆွန်းဟွာ-“ဆရာကြီး... ကျနော်နဲ့တူတဲ့လူတွေသာ တစ်လောကလုံး ဖြစ် သွားကြမယ်ဆိုရင် လူတန်းစားတစ်မျိုးပဲ သဘောကျ ကျေနပ်ကြလိမ့်မယ်ထင် တယ်။”

အဘိုးအိုစွန်း-“ဘယ်လိုလူတွေများလဲ...”

လီဆွန်းဟွာ-“အရက်ချက်ရောင်းသူတွေပေါ့။”

အဘိုးအိုစွန်းက ပြုံးပြီးပြန်ပြောဆိုလိုက်သည်။ “ကျုပ်မြင်တွေ့ရသလောက်က တော့ လူတစ်မျိုးကပဲ သဘောတူမှာမဟုတ်ဘူး။”

စွန်းရှောင်းဟုန်-“ဘယ်သူလဲ။”

ထိုစကားကိုပြောခဲ့ပြီးနောက် သူမသည် ထိုစကားကို ပြန်ရုတ်သိမ်းလိုက်ချင် မိသွား၏။

သူမ၏ ဘိုးဘိုးက ဘာပြောတော့မည်ဆိုသည်ကို သူမ သိနေသည်မဟုတ်ပါ လား။

အဘိုးလုပ်သူသည် မြေးဖြစ်သူကို ပြုံးပြီးကြည့်နေလိုက်ပြီးမှ ပြောဆိုလိုက်၏။ “မင်းပဲပေါ့ကွယ်။”

စွန်းရှောင်းဟုန်၏ မျက်နှာပြင်တစ်ခုလုံး နီတွတ်သွားခဲ့ပြီး ခေါင်းငုံ့ထားကာ မေးမြန်းလိုက်၏။ “ဘာ... ဘာဖြစ်လို့ ကျမကသဘောမတူရမှာလဲ။”

အဘိုးအိုစွန်းက ပြုံးပြီးပြောဆိုနေ၏။ “ဒီလောကကြီးထဲမှာ လူတွေအားလုံးဟာ သူနဲ့တူသူတွေချည်းဖြစ်သွားတော့ မင်းဘယ်သူ့ကိုရွေးချယ်ရမှန်း ဘယ်သိနိုင်တော့ မှာလဲကွယ့်။”

စွန်းရှောင်းဟုန်သည် ရုတ်တရက်ပင် တစ်ဘက်သို့လှည့်ထွက်သွားလိုက်ပြီး သူမ၏ ရှက်ရွံ့နေသောမျက်နှာလေးကို ပုန်းကွယ်ထားရန် ကြိုးစားနေလိုက်တော့ သည်။ သူမ၏မျက်နှာတစ်ခုလုံးသည် မီးတောက်မီးလျှံများလို နီတွတ်နေတော့၏။

သူမ၏နှလုံးသားကော နွေးထွေးနီတွတ်နေပြီလား။...

မိန်းမပျိုလေးတစ်ယောက်၏ နွေဦးမီးလျှံလေးသာဖြစ်လေသည်။

အဘိုးအိုစွန်းသည် ခပ်သောသောလေးရယ်မောနေပြီး ဆေးတံနောက်တစ်ဖွာ ရှူ ရှိုက်နေလိုက်တော့၏။

လင်ရှန်းအာသည် အခန်းတွင်းတွင်ရောက်ရှိနေမှန်း သူသိမြင်ပုံမရခဲ့ချေ။ လင် ရှန်းအာကို သူဥပက္ခာပြုထားခြင်းလည်းဖြစ်နိုင်၏။ အဘယ်ကြောင့်ဆိုသော် လင် ရှန်းအာရှိနေသည့်ဘက်သို့ သူတစ်ချက်လေးပင် စောင့်ငဲ့ကြည့်ခြင်းမရှိခဲ့ချေ။ သူ၏ ဆေးတံ၌ ဆေးများကုန်သွားသည်ကိုလည်း သူသတိထားမိပုံမပေါ်။

တစ်အိမ်လုံး ရုတ်ချည်းပင်ဆိတ်ငြိမ်သွားခဲ့ရတော့၏။ ထွက်ပေါ်နေသောအသံ ဆို၍ မီးဖိုကြီးများမှ ထင်းစများ၏ မီးလောင်ကျွမ်းနေသော တခြစ်ခြစ်အသံများသာ ရှိနေလေတော့သည်။

လင်ရှန်းအာသည် အားဖေရှေ့မှောက်သို့ လျှောက်လှမ်းလာ၏။

အားဖေမှလွဲ၍ အခန်းတွင်းရှိ မည်သူ့ကိုမျှ သူမ မလှည့်ကြည့်ခဲ့ချေ။

အရှိန်ပြင်းစွာ တောက်လောင်နေသောမီးလျှံငွေ့များက သူမ၏မျက်နှာပေါ်သို့ ဟတ်လာခဲ့၏။ သူမ၏မျက်နှာလေးသည် တစ်ခြမ်းဖြူ တစ်ခြမ်းနီဖြစ်နေရ၏။ မျက် နှာနီနေသောအချိန်တွင် သူမကိုကြည့်ရသည်မှာ နတ်သမီးလည်လေးတစ်ပါးနှင့်တူ နေပြီး မျက်နှာဖြူသွားသောအချိန်တွင်မူ အဖော်မဲ့တစ္ဆေတစ်ကောင်နှင့် တူနေပြန် သည်။

လူတိုင်းလူတိုင်းတွင် မျက်နှာ နှစ်မျိုးနှစ်စားရှိနေတတ်သည်မဟုတ်ပါလား။ တချို့အချိန်များတွင် လှပချိုသာနေတတ်ပြီး တချို့အချိန်များတွင် ပုတ်သိုးနေတတ် ကြသည်။

လင်ရှန်းအာအတွက်တော့ မည်သည့်အချိန်ပဲကြည့်ကြည့် သူမသည် လှပကျော့ ရှင်းနေလေသည်။

သူမသာ နတ်သမီးတစ်ပါးသာဖြစ်ခဲ့မည်ဆိုပါက နတ်ပြည်တစ်ပြည်လုံးတွင် အ ချောမောဆုံး နတ်သမီးတစ်ပါးဖြစ်ပေလိမ့်မည်။ သူမသာ ဝိဉာဉ်တစ်ကောင်ဖြစ်ခဲ့ မည်ဆိုပါကလည်း အပါယ်ဘုံတွင် အချောမောဆုံးတစ္ဆေတစ်ကောင်ဖြစ်နေမည်မှာ သေချာသည်။

သို့သော် အားဖေကိုကြည့်ရသည်မှာ စိတ်ဒုံးဒုံးချထားပုံရသည်။ လင်ရှန်းအာ မည်သူပင်ဖြစ်နေပေ့စေ၊ သူဘယ်တော့မှ လှည့်မကြည့်တော့ဟု ဆုံးဖြတ်ထားပုံရ သည်။

လင်ရှန်းအာက သက်ပြင်းချပြီး ပြောဆိုလိုက်တော့သည်။ “ကျမ ဒီနေရာကို အဝေးကြီးကနေ လာခဲ့ရတာဟာ ရှင့်ကို အချက်နှစ်ချက်ပြောပြချင်လို့ပါ။ ရှင်နား ထောင်ချင်တာ မထောင်ချင်တာကတော့ ရှင့်အပိုင်းပါ။”

အားဖေကိုကြည့်ရသည်မှာ နားထောင်နေဟန်လုံးဝမရှိ။

သို့သော် ဘာကြောင့်များ အားဖေ၏ခန္ဓာကိုယ်တစ်ခုလုံးသည် ရေခဲတုန်းတစ် တုံးလို အေးခဲတောင့်တင်းနေရသနည်း။

လင်ရှန်းအာ-“အဲဒီနေ့က ကျမရှင့်ကို အရမ်းနာကျင်ခံစားအောင်လုပ်ခဲ့တာမှန် ပါတယ်။ ဒါပေမဲ့လည်း ကျမဘာမှမတတ်နိုင်ခဲ့ပါဘူး။ ကျမ ရှင့်ကိုစန့်ကွမ်းကျင်း ဟုန်လက်ထဲမှာ မသေစေချင်ခဲ့ဘူး။ အဲဒီနည်းလမ်းဟာ စန့်ကွမ်းကျင်းဟုန်က ရှင့် ကို အလွတ်ပေးခဲ့ဖို့ တစ်ခုတည်းသောနည်းလမ်းဖြစ်နေလို့ပါ။”

အားဖေကို ကြည့်ရသည်မှာ နားစွင့်နေခြင်းလုံးဝရှိပုံမရ။

သို့သော် ဘာကြောင့်များ သူ့လက်သီးများကို တင်းကြပ်စွာဆုပ်ထားရသနည်း။

လင်ရှန်းအာ-“ကျမ ဒီနေရာကို အဝေးကြီးကလိုက်လာခဲ့ရတာဟာ ရှင်နားလည် အောင် တောင်းပန်ဖို့လာခဲ့တာမဟုတ်သလို ရှင် ခွင့်လွှတ်အောင် လာပြောတာလည်း မဟုတ်ပါဘူး။ ကျမနဲ့ရှင် နှစ်ယောက်သား ဘယ်လိုမျိုး အခက်အခဲဒုက္ခတွေကို ကျော်ဖြတ်ခဲ့ကြ...”

သူမသည် စကားဆက်မပြောခင် သက်ပြင်းအရှည်ကြီးတစ်ချက်ချလိုက်ပြန်၏။ “ကျမရှင့်ကို ဒီအကြောင်းတွေကို ပြောပြနေတာဟာ ရှင့်စိတ်ထဲမှာ ပေါ့သွားအောင် လို့ပါ။ ကျမ ရှင်နဲ့ရှိနေခဲ့တဲ့တစ်ချိန်လုံးမှာ ရှင့်ဆီက ဘာမှမလိုချင်ခဲ့ပါဘူး။ ရှင် ပျော်ပျော်ရွှင်ရွှင်လေးနဲ့ အသက်ရှင်သန်နေထိုင်သွားမယ်ဆိုရင်ကို ကျမကျေနပ်ပါ ပြီ။ ကျမ... ကျမအတွက်ကတော့...”

စွန်းရှောင်းဟုန်က စကားပိတ်ပြောလိုက်သည်။ “ရှင်ပြောတာ တော်တော်များနေ ပြီ။”

လင်ရှန်းအာက ခါးသက်စွာ ပြုံးပြီးပြောဆိုလိုက်၏။ “မင်းပြောတာမှန်တယ်။ ကျမ စကားတွေအများကြီး ပြောခဲ့ပြီးသွားပြီ။”

သူမသည် မည်သည့်စကားမျှ ဆက်မပြောတော့ပါ။ လင်ရှန်းအာ နောက်သို့ လှည့်ပြီး တံခါးဝသို့ လျှောက်ထွက်သွားလေတော့သည်။

သူမသည် လျင်မြန်စွာလမ်းလျှောက်ခြင်းမရှိသလို နောက်သို့လှည့်ကြည့်ခြင်း လည်းလုံးဝမရှိခဲ့ချေ။

အားဖေသည် ငြိမ်သက်နေဆဲပင်။ သူ၏မျက်လုံးများက မှိတ်ထားဆဲ...

လင်ရှန်းအာ၏ မျက်လုံးများကတံခါးဝကို အာရုံစိုက်ကြည့်နေ၏။

လီဆွန်းဟွာသည် အသက်ကိုကြိတ်အောင့်ထားနေရသည်။

လင်ရှန်းအာသာ ထိုတံခါးပေါက်မှ ထွက်ခွာသွားခဲ့သည်ဆိုပါက အားဖေသည် သူမကို နောက်ထပ်ဘယ်တော့မှ တွေ့ဆုံတော့မည်မဟုတ်မှန်း သူသိထားလေသည်။

သူမကို အားဖေနောက်ထပ်မတွေ့သရွေ့ အားဖေ၏ဘဝကို ပြန်စနိုင်ပြီဖြစ်သည်။

လင်ရှန်းအာသည်လည်း ထိုအချက်ကို နားလည်နေပါသည်။ သူမသာ ဤတံ ခါးပေါက်မှ ထွက်သွားလိုက်သည်နှင့်တပြိုင်နက် ကမ္ဘာအပြင်ဘက်သို့ ထွက်ခွာ သွားသည်နှင့်တူမည်ဖြစ်သည်။

သူမ၏ခြေလှမ်းများက နှေးကွေးသွားခြင်းမရှိပါ။ သို့သော် သူမ၏မျက်ဝန်း ထောင့်တွင် ကြောက်ရွံ့တုန်လှုပ်မှုများ အရိပ်အယောင်သဲ့သဲ့လေးထွက်ပေါ်နေ၏။ အိမ်တွင်းတွင် နေ့ခင်းကဲ့သို့လင်းထိန်နေသော်လည်း အိမ်အပြင်ဘက်တွင်မူ မည်း မှောင်နေသောညဉ့်ယံသာ ရှိနေလေသည်။

ကောင်းကင်ပြင်ထက်၌ ကြယ်များလင်းလက်စွာတောက်ပနေကြသော်လည်း လင်ရှန်းအာသည် ကောင်းကင်ပြင်ထက်သို့ မော့ကြည့်ခြင်းအလျင်းမရှိ။

သူမအတွက် တန်ဘိုးထားသည့်အရာမှာ သိုင်းလောကမှ မူးရီရီဂုဏ်ဒြပ်များ၏ အလင်းရောင်များပင်ဖြစ်သည်။

သူမအတွက် ချီးမွမ်းမြှောက်ပင့်မှုနှင့် လက်ခုပ်ဩဘာသံများကိုသာ လိုအပ် သည်။ သူမသည် အကောင်းဆုံး၊ အဖိုးအတန်ဆုံး၊ အရှားပါးဆုံးဆိုသော ပစ္စည်း များကိုသာ မက်မော၏။ သူမသည် သူမကိုအချစ်ခံရခြင်းကို ချစ်သကဲ့သို့ အမုန်းခံ ရခြင်းကိုလည်း တွယ်တာမြတ်နိုးသူဖြစ်၏။

သူမအသက်ရှင်နေထိုင်ခဲ့သည်မှာ ထိုအရာများအတွက်သာဖြစ်လေသည်။

ထိုအရာများသာမရှိပါက လောကကြီးတွင် သူမ၏ရှင်သန်နေမှုသည် မြေကျွင်း ထဲရောက်သွားသူတစ်ယောက်၏ ရှင်သန်နေထိုင်မှုနှင့် တူနေပေလိမ့်မည်။

အပြင်ဘက်မှ အမှောင်ထုကတဖြည်းဖြည်း နီးကပ်လာချေပြီ။

လင်ရှန်းအာ၏မျက်ဝန်းများထဲမှ ကြောက်ရွံ့တုန်လှုပ်မှုများက တဖြည်းဖြည်း မုန်းတီးနာကျည်းမှုများသို့ ပြောင်းလဲလာကြ၏။

ထိုအချိန်လေး၌ သူမ၏အတွေးထဲတွင် ဤအခန်းတွင်းရှိလူအားလုံးကို သတ်ပစ် ချင်စိတ်များဖြစ်ပေါ်လာလေတော့သည်။

ထိုအချိန်လေး၌ပင်...

အားဖေက ရုတ်တရက်မတ်တတ်ထရပ်ပြီး အော်ဟစ်ဟန့်တားလိုက်၏။ “ခဏ လေးစောင့်ပါဦး။”

ထိုရိုးရှင်းသောစကားလုံးလေးများက လူပေါင်းများစွာ၏ ကံကြမ္မာကိုပြောင်းလဲ ပစ်လိမ့်မည်မှန်း မည်သူကများ ကြိုသိနေနိုင်ပါမည်နည်း။

ထိုအချိန်လေး၌ပင် လင်ရှန်းအာသည်လည်း နောက်ထပ်လူတစ်ယောက်အဖြစ် လုံးဝပြောင်းလဲသွားခဲ့ရပြန်၏။

သူမ၏မျက်လုံးများထဲတွင် ချစ်ရည်ရွှန်းလဲ့လာပြီး မိမိကိုယ်ကိုယုံကြည်မှု၊ ဂုဏ် ယူဝံ့ကြွားမှုများ ပြည့်လျှံလာခဲ့ရ၏။ သူမသည် မယုံကြည်နိုင်လောက်အောင်လှပ သော မိန်းမချောတစ်ယောက်အဖြစ်သို့ ရုတ်ချည်းပင် ပြောင်းလဲသွားတော့သည်။

အမှန်အတိုင်းပြောရလျှင် သူမ၏ဘဝတစ်သက်တာလုံးတွင် ယခုအချိန်လောက် ချောမောလှပစွာရှိနေခဲ့ခြင်းမျိုး တစ်ခါမျှမရှိဖူးခဲ့ချေ။

ဂုဏ်ယူဝံ့ကြွားမှုနှင့် ယုံကြည်မှုတို့သည် မိန်းမများ၏ မျက်နှာချေများပင်ဖြစ် နေသည်မဟုတ်ပါလား။

ဂုဏ်ယူဝံ့ကြွားမှုနှင့် မိမိကိုယ်ကိုယုံကြည်မှုမရှိသော အမျိုးသမီးများသည် မည် မျှပင်ချောမောလှပနေစေကာမူ သံလိုက်ဓာတ်ကဲ့သို့ ညှို့အားပြင်းသော စွဲဆောင်မှု များသူတို့ထံတွင် ရှိနေမည်မဟုတ်ကြချေ။

တစ်နည်းအားဖြင့်ပြောရလျှင် ယောက်ျားများအတွက် အောင်မြင်ကျော်ကြားမှု မရှိသူသည် စွဲဆောင်မှုမရှိသူဖြစ်နေခြင်းနှင့် ဆင်တူ၏။

အောင်မြင်ကျော်ကြားမှုဆိုသည်မှာလည်း ယောက်ျားများ၏ မျက်နှာချေတစ်မျိုး ပင်မဟုတ်ပါလား။

လင်ရှန်းအာ ရပ်တန့်သွား၏။ သူမ၏ဦးခေါင်းကို နောက်ပြန်လှည့်ကြည့်ခြင်း မရှိသော်လည်း သက်ပြင်းတစ်ချက်ကို ညင်သာစွာချလိုက်၏။

သူမ၏သက်ပြင်းချသံသည် တိုးတိုးလေးဖြစ်သော်လည်း အလွန့်အလွန်ဝမ်း နည်းကြေကွဲပြီး ခံစားချက်ပြင်းထန်နေမှုများ ပါဝင်လေသည်။

သူမ၏နှုတ်ဖျားမှ ဤကဲ့သို့သော ခါးသီးချိုသာမှုများဖြင့် ပြည့်နေသည့် သက် ပြင်းချသံတစ်စုံ ထွက်ပေါ်လာလိမ့်မည်ဟု မည်သူကများ ထင်ထားပါမည်နည်း။ သူမကိုကြည့်ရသည်မှာ အလွန့်အလွန်ချောမောလှပနေသော မိန်းမပျိုလေးတစ် ယောက်ဖြစ်နေခြင်းကြောင့် ဤသို့ ဝမ်းနည်းပူဆွေးမှုများ လုံးဝမရှိနိုင်ဟု ထင်ထား ကြပေမည်။

လီဆွန်းဟွာ စိတ်ဓာတ်များ ကျဆင်းပြိုကွဲသွားရလေတော့သည်။

ဤလောကကြီးရှိ သာယာနာပျော်ဖွယ်ကောင်းသော မည်သည့်တေးသံမျှ လင် ရှန်းအာ၏ သက်ပြင်းချသံလို ယောက်ျားသားတစ်ယောက်ကို ညှို့ငင်နိုင်စွမ်းရှိမည် မဟုတ်ကြောင်းကို သူသိထားလေသည်။ ဆောင်းဦးတွင်ကြွေကျခဲ့သော သစ်ရွက် ကြွေသံဖွဖွလေးများ၊ မြစ်ချောင်းများ၏ ရေအလျင်စီးသံများ၊ ကျေးငှက်သာရကာ လေးများ၏ ချိုအေးသော ဂီတသံလေးများ၊ လရောင်အောက်တွင် ရှိနေသော ကွင်း ပြင်ကြီးထဲ၌ အေးအေးငြိမ့်ငြိမ့်တိုက်ခတ်လာသော လေပြည်လေညင်းလေးများ၏ အသံလေးများ... အားလုံးတို့သည် လင်ရှန်းအာ၏ ဆွေးဆွေးမြည့်မြည့်ချလိုက် သော ဤသက်ပြင်းချသံလေးနှင့် မည်သို့မျှနှိုင်းယှဉ်၍မရနိုင်ပါ။

အားဖေသည် သူ့ကိုတစ်ချက်လေးမျှ ငဲ့ကြည့်လာပြီး သူ့မျက်ဝန်းများကပြောဆို နေသည်များကို ကြားယောင်ပါစေဟုသာ လီဆွန်းဟွာမျှော်လင့်နေမိတော့သည်။

သို့သော် အားဖေ၏အကြည့်များက လင်ရှန်းအာထံတွင်ပင် စိုက်ရောက်နေပြီး သူ၏နားများက လင်ရှန်းအာမှလွဲ၍ မည်သည့်အသံကိုမျှ ကြားပုံမရ။

လင်ရှန်းအာ-“ကျမ ပြောစရာရှိတာတွေ ပြောခဲ့ပြီးသွားပါပြီ။ ကျမ ဒီနေရာမှာ ဆက်နေလို့ မဖြစ်တော့ပါဘူး။”

အားဖေ-“ဘာဖြစ်လို့မဖြစ်နိုင်ရမှာလဲ။”

လင်ရှန်းအာ-“ဘာဖြစ်လို့လဲဆိုတော့ ကျမ ကတိတစ်ခုပေးထားခဲ့တယ်။ ကျမ ရှင့်ကို စကားနှစ်ခွန်းပဲပြောမယ်လို့... ပြီးတာနဲ့ ကျမ ဒီနေရာကနေ ချက်ချင်းထွက် သွားပါ့မယ်ဆိုတဲ့ ကတိပေးထားခဲ့တယ်။”

အားဖေ-“မင်းက ထွက်သွားချင်နေတယ်ပေါ့။”

လင်ရှန်းအာ-“ကျမ မထွက်သွားချင်ဦးတောင်မှ တစ်စုံတစ်ယောက်က ကျမကို မောင်းထုတ်လိမ့်မယ်။”

အားဖေ-“ဘယ်သူလဲ။ ဘယ်သူကများ မင်းကိုမောင်းထုတ်ဦးမှာလဲ။”

အားဖေ၏မျက်လုံးများတွင် ရဲရင့်တည်ကြည်သောအကြည့်များ ပြည့်လွှမ်းလာ ပြီး ကျယ်လောင်စွာပြောဆိုလိုက်တော့သည်။ “မင်းက ဘာဖြစ်လို့သူများတွေက မင်း ကိုမောင်းထုတ်တာကို ခံရဦးမှာလဲ။ ဒါမင်းရဲ့အိမ်။”

လင်ရှန်းအာသည် နောက်သို့ပြန်လှည့်လာပြီး အားဖေ၏မျက်ဝန်းများကို စိုက် ကြည့်နေလိုက်၏။

သူမ၏မျက်လုံးများတွင် မျက်ရည်များစို့နေပြီး သာယာနူးညံ့သော ရေကြည် ပေါက်လေးများ ကျဆင်းလာသလို သူမ၏ပါးပြင်ပေါ်သို့ တစ်လိမ့်ချင်း ကျဆင်း လာလေတော့သည်။

အတော်လေးကြာသောအခါမှ လင်ရှန်းအာက သက်ပြင်းရှိုက်သံနှင့်အတူ ပြော ဆိုလိုက်သည်။ “ဒါကျမရဲ့ အိမ်ဟုတ်သေးလို့လား။”

အားဖေ-“သိပ်ဟုတ်တာပေါ့။ မင်းနေချင်နေသေးသရွေ့ ဒီအိမ်ဟာမင်းရဲ့အိမ်ပဲ။”

လင်ရှန်းအာ၏ ခြေလှမ်းများက တဖြည်းဖြည်းရွေ့လျားလာခဲ့ကြ၏။ သူမကို ကြည့်ရသည်မှာ ယခုချက်ချင်းပင် အားဖေ၏ရင်ခွင်ထဲသို့ ပြေးဝင်သွားပြီး မျက်နှာ အပ်ငိုကြွေးလိုက်ချင်ပုံပေါက်နေ၏။ သို့သော် သူမက ရုတ်တရက်ရပ်တန့်ပြီး အား ဖေကို ပြောဆိုလိုက်သည်။ “ကျမ သိပ်နေချင်တာပေါ့ရှင်။ ဒါပေမဲ့... ဒါပေမဲ့ တ ခြားသူတွေက ကျမကို ပေးနေပါ့မလား။”

အားဖေက အံကြိတ်ပြီး ပြောဆိုလိုက်သည်။ “သဘောမတူတဲ့လူတွေ ထွက်သွား နိုင်တယ်။”

အားဖေကိုကြည့်ရသည်မှာ လီဆွန်းဟွာ၏အကြည့်များကို ရှောင်ဖယ်ထားပြီး အခြားသူများ၏ စိတ်စေတနာများကိုလည်း ငြင်းပယ်ထားပုံရသည်။

အဘိုးအိုစွန်းသည် အားဖေ၏သွေးသားများ ဆူပွက်လာအောင် ရေနွေးငွေ့ ပေါင်းခံပေးရကျိုးနပ်ပါသည်။ အားဖေ၏ သတ္တိများ သူ၏သွေးကြောများထဲမှ စိမ့် ထွက်လာကြရုံမကသေး၊ ထိုရေနွေးငွေ့ပေါင်းခံခဲ့ခြင်းကြောင့် သူ၏ငုတ်လျှိုးနေခဲ့ သော ချစ်စိတ်များသည်လည်း ပြန်လည်ထွက်ပေါ်လာရလေတော့သည်။

လူတစ်ယောက်၏ခန္ဓာကိုယ်သည် ပင်ပန်းနွမ်းနယ်လွန်းနေသည်ဆိုပါက သူ၏ စိတ်လှုပ်ရှားမှုများသာ ရုန်းကန်လှုပ်ရှားနိုင်ကြမည်ဖြစ်လေသည်။

အားဖေ၏အကြည့်များက လင်ရှန်းအာထံမှ ဖယ်ခွာသွားခြင်းမရှိဘဲ ဆက်၍ ပြောဆိုနေလိုက်၏။ “ဒီအိမ်မှာ ဘယ်သူကမှ မင်းကိုမမောင်းထုတ်နိုင်ဘူး။ မင်းက သာ သူများတွေကို မောင်းထုတ်နိုင်တယ်။”

လင်ရှန်းအာသည် ပြုံးနေပြီး မျက်ရည်စက်လက်ဖြင့် ပြောဆိုလိုက်သည်။ “ကျမ ရှင်နဲ့အတူတူပြန်နေချင်ပါတယ်။ ဒါပေမဲ့... ဒါပေမဲ့... သူတို့တွေလည်း ရှင့်ရဲ့မိတ် ဆွေတွေမဟုတ်လား။...”

အားဖေ-“မင်းနဲ့မိတ်ဆွေမဖွဲ့ချင်တဲ့သူ ဘယ်သူမဆိုကျုပ်ရဲ့မိတ်ဆွေ မဟုတ် ဘူး။”

သူမသည် အားဖေ၏ပွေ့ဖက်မှုများသို့ တိုးဝင်သွားလိုက်ပြီး တီးတိုးလေး ပြော ဆိုလိုက်၏။ “ရှင့်ရဲ့ဒီစကားကိုကြားလိုက်ရတဲ့အတွက် ကျမကျေနပ်သွားပါပြီရှင်။ ကျမကို ဘယ်သူတွေဘာပြောပြော... ဘယ်သူတွေ ဘယ်လိုပဲဆက်ဆံဆက်ဆံ... ဘယ်သူတွေ ဘာပဲထင်နေထင်နေ... ကျမဂရုမစိုက်တော့ဘူး။”

တံခါးသည် ပွင့်နေဆဲဖြစ်၏။

လီဆွန်းဟွာသည် တံခါးပေါက်မှ ဖြည်းလေးစွာ လျှောက်ထွက်သွားပြီး ညဉ့် အမှောင်ထုအောက်သို့ ထွက်သွားလိုက်တော့သည်။

စွန်းရှောင်းဟုန်က သူ့နောက်သို့ကောက်ကောက်ပါအောင် လိုက်သွားခဲ့၏။ သူမသည် နှုတ်ခမ်းများကို ဖိကိုက်ထားပြီးပြောဆိုလိုက်သည်။ “ကျမတို့ ဒီအတိုင်း ပဲ ထွက်သွားတော့မှာလား။”

လီဆွန်းဟွာက မည်သည့်စကားမျှ ပြန်မပြောခဲ့ပါ။ မည်သည့်စကားမျှလည်း ပြောရန်လည်း မလိုအပ်တော့ပါ။

စွန်းရှောင်းဟုန်သည် ခြေလှမ်းကျဲကြီးဖြင့် ဒေါသကြီးစွာလျှောက်ထွက်လာပြီး ပြောဆိုနေ၏။ “သူဟာ ဒီလိုလူစားမျိုးဖြစ်နေလိမ့်မယ်လို့ ကျမတော့ မယုံကြည် နိုင်လောက်အောင်ပါပဲ။ လင်ရှန်းအာလို မိန်းမမျိုးကို သူမို့လို့ ဒီလိုမျိုးဆက်ဆံနေရ သေးတယ်။ ကျေးဇူးကန်းတဲ့လူ... အချစ်အတွက်သာသိပြီး မိတ်ဆွေတွေအပေါ်မှာ သစ္စာမရှိတဲ့လူ...”

လီဆွန်းဟွာက သက်ပြင်းရှည်ကြီးချပြီး ပြောဆိုလိုက်၏။ “မင်းသူ့ကို အထင် မှားနေတာပါ။”

စွန်းရှောင်းဟုန်-“ဘယ်လိုမျိုး အထင်မှားနေတာလဲ။ သူဟာ အဲ့ဒီလိုလူစားမျိုး မဟုတ်ဘူးလို့ ရှင်ဆိုလိုချင်တာလား။”

လီဆွန်းဟွာ-“သူဟာ အဲလိုလူစားမျိုး လုံးဝမဟုတ်ရပါဘူးကွာ။”

စွန်းရှောင်းဟုန်-“သူသာ အဲလိုလူစားမျိုး မဟုတ်ခဲ့ဘူးဆိုရင် ဘာဖြစ်လို့ အဲဒီ လိုအလုပ်မျိုးကို လုပ်ခဲ့ရတာလဲ။ ပြောစမ်းပါဦး။”

လီဆွန်းဟွာ ဘာပြန်ဖြေရမှန်းမသိတော့အောင် ဖြစ်သွား၏။ “ဘာဖြစ်လို့လဲ... ဘာဖြစ်လို့လဲဆိုတော့...”

သူမည်သို့ဆက်ပြောရမှန်း မသိနိုင်ဖြစ်နေရချိန်တွင်မှ အဘိုးအိုစွန်းက သူ့ စကားကို ဆက်ပေးလိုက်သည်။

“ဘာဖြစ်လို့လဲဆိုတော့ သူ့ကိုယ်သူစိတ်မထိန်းထားနိုင်တော့လို့ပေါ့ကွယ်။” အဘိုးအိုစွန်းက သက်ပြင်းချသံဖြင့် ပြောဆိုလိုက်၏။

စွန်းရှောင်းဟုန်-“ဘာဖြစ်လို့ သူ့ကိုယ်သူမထိန်းနိုင်ရတာလဲ။ သူ့ကို ဘယ်သူ ကမှလဲ ဓားထောက်ပြီး ခြိမ်းခြောက်နေတာမဟုတ်... ဘယ်သူမှလည်း သူ့ကိုတုတ် နှောင်ထားတာမဟုတ်...”

အဘိုးအိုစွန်း-“မင်းပြောတာမှန်ပါတယ်ကွယ်။ သူ့ကိုဘယ်သူကမှ မတုတ်နှောင် ထားပါဘူး။ သူ့ကိုယ်သူသာ တုတ်နှောင်ထားတာပါ။”

အဘိုးအိုစွန်းက သက်ပြင်းချပြီး ဆက်ပြောနေပြန်၏။ “တကယ်တမ်းပြောရမယ် ဆိုရင် ဒီလောကကြီးမှာရှိတဲ့လူတိုင်းပဲ လှောင်အိမ်လေးထဲမှာ အကျဉ်းကျနေပြီး ကိုယ့်ကိုကိုယ် တုတ်နှောင်ထားကြသူတွေချည့်ပါပဲ။”

စွန်းရှောင်းဟုန်-“အိုး... ကျမဆီမှာတော့ ဒါမျိုးတွေမရှိပါဘူးနော်။”

အဘိုးအိုစွန်း-“မင်းမှာမရှိဘူးလို့ထင်နေတာကတော့ မင်းဟာငယ်ရွယ်တဲ့ ချာ တိတ်မလေးတစ်ယောက်ဖြစ်နေလို့ပါ။ မင်းဘာမှ နားမလည်သေးပါဘူးလေ။”

စွန်းရှောင်းဟုန်က စကားသံမြှင့်ပြီး ပြောဆိုလိုက်၏။ “ကျမက ချာတိတ်တစ် ယောက်ဆို ထားလိုက်ပါတော့။ သူ့ကျတော့ရော...”

သူမသည် လီဆွန်းဟွာကို လက်ညှိုးထိုးပြီး ပြောဆိုနေ၏။ “သူကျတော့ ချာ တိတ်တစ်ယောက်မဟုတ်တော့ဘူး။ သူ့ဆီမှာ ဘာလှောင်အိမ်မှမရှိသလို ဘာတုတ် နှောင်မှုမှလည်း မတွေ့ရပါလား။”

အဘိုးအိုစွန်း-“သူ့မှာ သိပ်ရှိတာပေါ့ကွယ်။”

စွန်းရှောင်းဟုန်သည် လီဆွန်းဟွာကို စိုက်ကြည့်နေပြီး မေးမြန်းလိုက်၏။ “ရှင့် ဆီမှာအဲဒါတွေ ရှိနေတယ်ဆိုတာ တကယ်လား။”

လီဆွန်းဟွာက ပြုံးပြီးဖြေဆိုလိုက်သည်။ “ကျုပ်ဆီမှာရှိနေတာတော့ ဝန်ခံရလိမ့် မယ်။”

အဘိုးအိုစွန်း-“သူဟာ ဘယ်တော့မှ စိတ်ထဲထားတတ်သူတစ်ယောက်မဟုတ် ဘူး။ လူတွေက သူ့အပေါ်ဘယ်လောက်ပဲနှိပ်စက်နေကြပါစေ၊ ဘယ်လောက်ပဲ လှည့် ဖြားနေကြပါစေ၊ သူကတော့ ဘာမှကိုမခံစားရတာ။ သူ့လိုလူမျိုးက ဘာတွေစဉ်းစား လာမလဲဆိုတော့ အဲဒီလိုဖြစ်နေရခြင်းဟာ သူ့သတ္တိတွေကြောင်လာလို့လားလို့ ကိုယ့် ကိုကိုယ်ပြန်မေးလာတတ်ကြတယ်။”

လီဆွန်းဟွာက ပြုံးနေ၏။

အဘိုးအိုစွန်း-“ဒါပေမဲ့ သူ့မိတ်ဆွေတွေ အန္တရာယ်တောထဲ ကျရောက်နေပြီဟေ့ ဆိုတာနဲ့ မိတ်ဆွေတွေကို ကယ်တင်ဖို့ သူ့မှာရှိတဲ့အရာအားလုံးကိုစွန့်လွှတ်နိုင် တယ်။ ဓားတောင်ကိုကျော်ရမလား၊ မီးပင်လယ်ကိုပဲဖြတ်ရမလား... တစ်ချိန်တည်း မှာတင် သူလုပ်ပေးနိုင်တယ်။”

အဘိုးအိုစွန်းက သက်ပြင်းချပြီး ဆက်ပြောနေပြန်သည်။ “ဘာကြောင့်လဲဆို တော့ မိတ်ဆွေဆိုတာ သူ့ရဲ့လှောင်အိမ်ဖြစ်နေလို့ပေါ့။ ဒီလိုမျိုးလှောင်အိမ်ကသာ သူ့ ကိုငုတ်လျှိုးရာကနေ ပြန်ပေါ်ထွက်လာစေတယ်... ဒီလိုမျိုး လှောင်အိမ်ကသာ သူ့ သွေးသားထဲမှာ ရှိနေတဲ့ သတ္တိခွန်အားတွေကို ပွက်ပွက်ဆူလာစေတယ်။”

စွန်းရှောင်းဟုန်-“ဒါဆိုရင် လောင်ရှောင်း၄ယွန်လိုလူကျတော့ရော... သူ့ဆီမှာ ကော လှောင်အိမ်ရှိနေလား။”

အဘိုးအိုစွန်း-“သိပ်ရှိတာပေါ့။”

စွန်းရှောင်းဟုန်-“သူ့လှောင်အိမ်က ဘာလဲ။”

အဘိုးအိုစွန်း-“ငွေကြေးနဲ့အာဏာ”

စွန်းရှောင်းဟုန်-“ဒါပေမဲ့ လီဆွန်းဟွာကို သတ်ချင်တဲ့သူ့စိတ်ထားဟာ ငွေကြေး နဲ့ အာဏာကြောင့်တော့ မဟုတ်နိုင်ဘူး။ လီဆွန်းဟွာလိုလူမျိုးက ငွေကြေးအာဏာ နဲ့ပတ်သက်ပြီး သူနဲ့အတိုက်အခံလုပ်မှာမဟုတ်ဘူးဆိုတာ သူသိထားတယ်။”

အဘိုးအိုစွန်း-“လီဆွန်းဟွာကို သတ်ချင်နေတဲ့သူ့ရဲ့တစ်ခုတည်းသော အ ကြောင်းအရင်းကတော့ သူ့နှလုံးသားထဲက လှောင်အိမ်ကြောင့်ပဲ။”

စွန်းရှောင်းဟုန်-“ဘာလှောင်အိမ်မျိုးလဲ။”

အဘိုးအိုစွန်းသည် လီဆွန်းဟွာဘက်သို့လှည့်ကြည့်နေပြီး စကားပြောဆိုနေ ခြင်းကို ရပ်တန့်လိုက်၏။

လီဆွန်းဟွာ၏ မျက်နှာသွင်ပြင်တစ်ခုလုံး ညဉ့်အမှောင်ထုထက်ပင် မည်းမှောင် နေရလေသည်။

စွန်းရှောင်းဟုန်သည် ချက်ချင်းပင် ထိုအဖြေကိုသိလိုက်ရ၏။

လောင်ရှောင်း၄ယွန်သည် လီဆွန်းဟွာကို အသည်းခိုက်အောင်မုန်းတီးသည်မှာ သံသယရှိ၍ဖြစ်သည်။ လီဆွန်းဟွာကို အားကျ၍ဖြစ်သည်။

သူလီဆွန်းဟွာအပေါ်တွင် မှားခဲ့သည်များအားလုံးကို လီဆွန်းဟွာက ဂလဲ့စား ပြန်ချေလိမ့်မည်ဟု လောင်ရှောင်း၄ယွန် သံသယဝင်နေ၏။

သူသည် လီဆွန်းဟွာ၏ ဂုဏ်သိက္ခာနှင့် ရက်ရောမှုတို့ကို အားကျမိ၏။ သူသာ ဆိုလျှင် လီဆွန်းဟွာကဲ့သို့ ဘယ်တော့မှ ဖြစ်လာနိုင်မည်မဟုတ်။

သံသယနှင့် အားကျမှုတို့သည် လောင်ရှောင်း၄ယွန်၏ လှောင်အိမ်များပင်ဖြစ် လေသည်။

လူ့လောကကြီးတွင်ရှိသော လူသားအများစုတို့တွင်လည်း ဤလှောင်အိမ်များ ရှိနေကြလေသည်။

အားဖေကျတော့ကော... အားဖေ၏လှောင်အိမ်သည် မည်သည့်အရာဖြစ်နေပါ သနည်း။

အဘိုးအိုစွန်းသည် ကောင်းကင်ပြင်ကိုမော့ကြည့်နေပြီး ပြောဆိုလိုက်၏။ “အား ဖေရဲ့ လှောင်အိမ်က လောင်ရှောင်း၄ယွန်နဲ့ အပြတ်အသတ်ကြီး ကွာခြားတယ်။ အား ဖေဟာ ချစ်ခြင်းမေတ္တာတရားရဲ့ တုတ်နှောင်မှုကို ခံထားရသူတစ်ယောက်ဖြစ်နေလို့ ပဲ။”

စွန်းရှောင်းဟုန်-“အချစ်ဆိုတာလည်း လှောင်အိမ်တစ်မျိုးပဲလား။”

အဘိုးအိုစွန်း-“သိပ်ဟုတ်တာပေါ့။ အဲ့ဒီလှောင်အိမ်ကမှ တခြားလှောင်အိမ်တွေ ထက်တောင် ပိုပြီးလေးလံနေသေးတယ်။”

စွန်းရှောင်းဟုန်-“အားဖေက လင်ရှန်းအာကို တကယ်ပဲချစ်မြတ်နိုးတာလား။ ကြည့်ရတာ လင်ရှန်းအာကို မရသေးတဲ့အတွက် သူချစ်နေမိတာများလား။”

ထိုမေးခွန်းကို မည်သူမျှ ပြန်မဖြေခဲ့ပါ။

အဘယ်ကြောင့်ဆိုသော် သူမ မေးလိုက်သောမေးခွန်းကို ကျန်လူနှစ်ယောက်က မည်သို့ပြန်ဖြေရမည်မှန်း မသိရှိကြသောကြောင့်ဖြစ်လေသည်။

စွန်းရှောင်းဟုန်က လီဆွန်းဟွာကို စိုက်ကြည့်နေပြီး ပြောဆိုလိုက်သည်။ “အား ဖေဟာ ရှင့်ရဲ့မိတ်ဆွေတစ်ယောက်ပါ။ သူ့ရဲ့လှောင်အိမ်ကနေ ဘယ်လိုမျိုး ရုန်းထွက် နိုင်အောင် ကူညီရမလဲဆိုတာ ရှင်မြန်မြန်စဉ်းစားပေးမှ ဖြစ်လိမ့်မယ်။”

လီဆွန်းဟွာသည် ဖြည်းဖြည်းလေး နောက်သို့ လှည့်ကြည့်လာလေတော့သည်။ ... ...

အိမ်ငယ်လေး၏ ပြတင်းပေါက်မှ ထွက်ပေါ်နေသော မီးရောင်များက မှုန်ဝါး ကွယ်ပျောက်သွားခဲ့လေပြီ။ အထီးကျန်သော အိမ်ငယ်လေးသည် မည်းမှောင်နေ သောညဉ့်ယံတွင် အနောက်လေတိုက်ခတ်မှုအောက်၌ ထီးထီးကြီး ကျန်ရစ်ခဲ့တော့ ၏။ အိမ်ငယ်လေးသည် အားဖေနှင့်တူ၏- ခေါင်းမာသည်၊ သို့သော် အဖိုးထိုက် တန်သည်။ ပြီးနောက် အထီးကျန်ဆန်သည်။...

လီဆွန်းဟွာ ခါးကုန်းပြီး ချောင်းဆိုးနေတော့သည်။

အားဖေကို လှောင်အိမ်ထဲမှထွက်လာအောင် မည်သူမျှမကူညီနိုင်မှန်း သူသိ ထား၏။

လှောင်အိမ်ထဲမှ လွတ်မြောက်အောင် လုပ်ပေးနိုင်သူသည် ဤလောကကြီးတွင် တစ်ဦးတည်းသာရှိ၏။ အားဖေကိုယ်တိုင်ပင်ဖြစ်လေသည်။

0 comments:

Post a Comment