Wednesday, March 9, 2011

(၇၂) မကောင်းမဆိုး လူ့မနော

သူတို့နှစ်ယောက်လုံးသည် ကိုယ်ထိလက်ရောက်တိုက်ခိုက်ခဲ့ကြသည် မဟုတ် သော်လည်း စွန်းရှောင်းဟုန်နှင့် လင်ရှန်းအာတို့ တိုက်ကွက်နှစ်ကွက် ဖလှယ်ခဲ့ပြီး ဖြစ်၏။

ထိုရင်ဆိုင်ယှဉ်ပြိုင်မှုသည် မာယာတိုက်ပွဲဖြစ်၏။ လက်ရုံးရည်တိုက်ပွဲမဟုတ် ချေ။

ပထမတစ်ပွဲတွင် လင်ရှန်းအာ အနိုင်ရခဲ့ပါသည်။

အဘယ်ကြောင့်ဆိုသော် မိန်းမများ၏ အားနည်းချက်ကို လင်ရှန်းအာ နားလည် ခဲ့သောကြောင့် ထိုအချက်ကို ကောင်းကောင်းကြီးအသုံးချခဲ့ပြီး အနိုင်ရခဲ့ခြင်းဖြစ်၏။

ဒုတိယတစ်ပွဲတွင် စွန်းရှောင်းဟုန်သည် အောင်နိုင်သူဖြစ်ခဲ့၏။

သူမအနိုင်ရခဲ့သည်မှာလည်း ထိုနည်း၎င်းပင်ဖြစ်၏။

မိန်းမများသည် သံသယများတတ်ကြောင်း သူမသိရှိခဲ့၏။ အရာရာကို သံသယ မျက်လုံးများဖြင့်ကြည့်တတ်သော မိန်းမတို့၏ အတွင်းစိတ်သန္တာန်ကို သူမသိရှိခဲ့၍ အနိုင်ရခဲ့ခြင်းဖြစ်၏။

သံသယများသူတစ်ယောက်အတွက် အကြောက်တရားဆိုသည်မှာ ကပ်ပါလာ တတ်မြဲမဟုတ်ပါလား။


စွန်းရှောင်းဟုန်သာ ယောက်ျားတစ်ယောက်ဖြစ်ခဲ့ပါက လင်ရှန်းအာကို သတ် ခဲ့ပေလိမ့်မည်။

လင်ရှန်းအာသာ ယောက်ျားတစ်ယောက်ဖြစ်ခဲ့ပါက စွန်းရှောင်းဟုန် ဘာပဲပြော ခဲ့ ပြောခဲ့ လှည့်ထွက်သွားခဲ့မည်ဖြစ်သည်။

သူတို့နှစ်ယောက်သည် အမျိုးသမီးများဖြစ်နေကြသောကြောင့် ယခုလိုမျိုး ရလာဒ်ထွက်ပေါ်လာခဲ့ခြင်းပင်။

ယောက်ျားသားများနှင့် မိန်းမသားများ တစ်စုံတစ်ခုကို တူညီစွာလုပ်ကိုင်ဆောင် ရွက်ကြတော့မည်ဆိုလျှင် မည်သည့်အရာပင်ဖြစ်နေပေ့စေ၊ လုပ်ကိုင်ဆောင်ရွက် သည့်နည်းလမ်းများကတော့ တူညီနိုင်ကြမည်မဟုတ်။ ရလာဒ်သည်လည်း တူညီ နိုင်မည်မဟုတ်။

ရင်ဆိုင်တိုက်ခိုက်မှုသည်လည်း ထိုနည်း၎င်းပင်ဖြစ်၏။

မိန်းမများရင်ဆိုင်တိုက်ခိုက်ကြပြီဆိုလျှင် ယောက်ျားများရင်ဆိုင်တိုက်ခိုက်ကြ သလို လေးနက်ပြင်းထန်ခြင်းရှိကြမည်မဟုတ်။ စိတ်လှုပ်ရှားစရာလည်း ကောင်းချင် မှကောင်းမည်ဖြစ်သည်။ သို့သော် ယောက်ျားများ၏တိုက်ပွဲများနှင့်ယှဉ်လိုက်သော် သူတို့၏တိုက်ပွဲများသည် ရှုပ်ထွေးနူးညံ့သိမ်မွေ့ပြီး စိတ်ဝင်စားစရာလည်း လွန်စွာ မှပင် ကောင်းလှ၏။

အဘယ်ကြောင့်ဆိုသော သူတို့၏တိုက်ခိုက်မှုများတွင် အံ့အားသင့်စရာလှည့် ကွက်ပေါင်းများစွာပါရှိသောကြောင့်ဖြစ်လေသည်။

မိန်းမများ၏ ကွက်ပြောင်းကွက်ရွှေ့များသည် သိုင်းပညာရပ်၏ကွက်ပြောင်း ကွက်ရွှေ့များနှင့် လုံးဝမတူညီချေ။ သိုင်းပညာရပ်နှင့်ယှဉ်ကြည့်လိုက်လျှင်ပင် သူ တို့၏ ကွက်ပြောင်းကွက်ရွှေ့များက ပို၍မြန်ဆန်နေတတ်ပြီး ရှုတ်ထွေးသိမ်မွေ့တတ် လေသည်။

သနားစရာကောင်းသည့်အချက်မှာ သူတို့၏ကွက်ပြောင်းကွက်ရွှေ့များကို သာ မန်မျက်လုံးများဖြင့် မမြင်တွေ့နိုင်ချေ။

တစ်စုံတစ်ယောက်သည် မိန်းမများ၏စိတ်အတွင်းမှ ကွက်ပြောင်းကွက်ရွှေ့များ ကို မြင်နိုင်ခဲ့သည်ဆိုလျှင် မိန်းမများ၏ ရင်ဆိုင်ယှဉ်ပြိုင်တိုက်ခိုက်မှုများသည် ယောက်ျားများ၏ ရင်ဆိုင်ယှဉ်ပြိုင်တိုက်ခိုက်မှုများထက် အပုံကြီးသာလွန် စိတ် ဝင်စားဖွယ်ကောင်းကြောင်း သိနိုင်မည်ဖြစ်သည်။

မိန်းမများသည် မိန်းမများသာဖြစ်၏။ ယောက်ျားများနှင့်အမြဲတမ်းပင် ကွာခြား နေကြမည်ဖြစ်သည်။

ဤအချက်ကိုငြင်းပယ်သူသည် အရူးတစ်ယောက်သာဖြစ်ပေလိမ့်မည်။

ဤဒဿနသည် ယုတ္တိဗေဒဆန်နေရုံမကသေး၊ လွန်စွာမှပင်လည်း ရိုးရှင်းလှ ၏။

ထူးဆန်းအံ့ဩဖို့ကောင်းသည်မှာ ဤအချက်ကိုနားမလည်နိုင် သဘောမပေါက် နိုင်သူများ လောကကြီးတွင် ရှိနေကြသေးခြင်းပင်တည်း။

စွန်းရှောင်းဟုန်သည် လီဆွန်းဟွာကို ရှေ့သို့ဆွဲခေါ်သွားနေသည်။

လင်ရှန်းအာက သူတို့နောက်မှ လိုက်ပါလာ၏။

စွန်းရှောင်းဟုန်-“ကျမတို့လမ်းကျမတို့သွားမယ်၊ ရှင့်လမ်းရှင်သွားပါလား။ ဘာ ဖြစ်လို့ နောက်ကနေ တကောက်ကောက်လိုက်နေရတာလဲ။”

လင်ရှန်းအာ-“ကျုပ်... ကျုပ်လည်း အားဖေကို တွေ့ချင်တာပေါ့။”

စွန်းရှောင်းဟုန်-“ရှင်ကသူ့ကိုဘာဖြစ်လို့ တွေ့ချင်နေရသေးတာလဲ။ ဘာလဲ... သူ့ကိုနှိပ်စက်ညှင်းပမ်းရတာ အားမရသေးလို့လား။”

လင်ရှန်းအာ-“ကျုပ်... ကျုပ်...”

စွန်းရှောင်းဟုန်-“ကျမတို့ရှင့်ကို အားဖေနဲ့ မပေးတွေ့နိုင်ဘူး။ ပေးတွေ့စရာ ဘာအကြောင်းမှလည်း မရှိဘူး။ ရှင်လိုက်လာလို့အပိုပဲ။”

လင်ရှန်းအာ-“ကျုပ် သူ့ကိုအဝေးကနေပဲကြည့်နေမှာပါ။ သူ ကျုပ်ကိုတွေ့ချင် တာ မတွေ့ချင်တာသူ့အပိုင်းပါ။”

စွန်းရှောင်းဟုန်က အေးစက်စွာပြောဆိုလိုက်သည်။ “ရှင့်ဆုံးဖြတ်ချက်ပဲလေ။ ရှင် ကျမတို့နောက်ကို လိုက်နေရင်လည်း ကျမတို့ဘာမှမတတ်နိုင်ဘူး။ တစ်ခုတော့ ရှိတယ်... ရှင်ကျမတို့နောက်ကို လိုက်လာပြီး နောက်မှနောင်တမရနဲ့။”

လင်ရှန်းအာ-“ကျုပ်လုပ်သမျှအရာအားလုံးကို နောင်တမရတတ်ပါဘူး။”

စွန်းရှောင်းဟုန်က ရုတ်တရက်ရယ်မောပြောဆိုလိုက်သည်။ “ကြည့်ပါလား။ ကျမရှင့်ကို မပြောခဲ့ဘူးလား။ သူကျမတို့နောက်ကို လိုက်လာပါလိမ့်မယ်လို့။ ကျမ ရဲ့ တွေးထင်ချက်တွေက ကွက်တိကြီးကို မှန်နေတော့တာပါပဲလား။”

ထိုစကားက လီဆွန်းဟွာကို ဦးတည်ပြောဆိုလိုက်ခြင်းဖြစ်၏။

လီဆွန်းဟွာက ပြုံးပြီးပြန်လည်ပြောဆိုလိုက်သည်။ “မင်းနဂိုတည်းက သူ့ကို လိုက်လာစေချင်ခဲ့တာမဟုတ်လား။”

စွန်းရှောင်းဟုန်-“သိပ်ဟုတ်တာပေါ့ရှင်။”

လီဆွန်းဟွာ-“ဘာဖြစ်လို့လဲ။”

စွန်းရှောင်းဟုန်-“သူ့ကိုကျမ ဘယ်လိုကိုင်တွယ်ရမှန်းမသိခဲ့ဘူး။ ကျမလုပ်နိုင် တာတစ်ခုပဲရှိတော့တယ်။ သူ့ကိုအချိန်စောင့်ပြီးအကဲခတ်ရုံပဲတတ်နိုင်မယ်။ သူ သာကျမတို့နောက်ကို လိုက်မလာခဲ့ဘူးဆိုရင် သူ့ကိုဘယ်လိုလုပ်ပြီး အကဲခတ်နိုင် တော့မှာလဲ။”

လီဆွန်းဟွာ-“မင်းသူ့ကို စောင့်စရာမလိုပါဘူး။ သူ့ကိုတိုက်ခိုက်ခဲ့လိုက်ရင် ပြီးရော... သူဘာပဲပြောပြော မင်းနားမထောင်ဘဲနေခဲ့သင့်တယ်။”

စွန်းရှောင်းဟုန်-“ယောက်ျားတွေမှာ ဆိုရိုးစကားတစ်ခုရှိတယ်မဟုတ်လား။ ‘ကတိတစ်လုံးဆိုတာ ရွှေပိဿာပေါင်းများစွာထက်ပိုပြီး တန်ဘိုးကြီးတယ်’ တဲ့။ မိန်း မတွေလည်း ကတိပေးပြီးရင် လေလည်လိုက်သလိုပဲ ဖောက်ဖျက်တတ်ကြလိမ့်မယ် လို့များ ရှင်ထင်နေလား။”

လီဆွန်းဟွာ-“ဒါပေမဲ့... သူလိုက်လာမယ်မှန်း မင်းဘယ်လိုလုပ်ပြီးသိနေခဲ့တာ လဲ။”

စွန်းရှောင်းဟုန်-“ဘာဖြစ်လို့လဲဆိုတော့ သူ့မှာ ကျမတို့ရဲ့ကာကွယ်စောင့်ရှောက် မှု လိုအပ်နေတယ်လေ။ လီတွမ့်ဟွာနောက်ကနေ လိုက်နေသူတစ်ယောက်ကိုသတ်ဖို့ ဆိုရင် လူသတ်သမားက နှစ်ခါပြန်လောက်စဉ်းစားရတော့မယ်မဟုတ်လား။”

စွန်းရှောင်းဟုန်က ပြုံးပြီးဆက်ပြောနေလိုက်ပြန်သည်။ “ဒါကြောင့်မို့လည်း ဆို ရိုးရှိတာပေါ့။ ‘ကျားယောင်ဆောင်သောမြေခွေး’... နောက်တစ်မျိုးလည်း ပြောလို့ရ သေးတယ်။ ‘လူနောက်မှာလိုက်ပုန်းနေတဲ့ခွေး’...”

လီဆွန်းဟွာ-“မင်းပြောခဲ့တဲ့ ဆိုရိုးနှစ်ခုလုံးက ကြားရတာနားဝ မသက်သာ လိုက်တာကွာ။”

စွန်းရှောင်းဟုန်-“အဲဒီလိုမျိုးအလုပ်လုပ်တော့မယ်ဆိုရင် ဘယ်လောက်ပဲကြားရ တာမသက်သာ.. မသက်သာ... ငြိမ်ပြီးနားထောင်နေလိုက်ဖို့ပဲရှိတယ်။”

သူတို့ပြောသမျှစကားအားလုံးကို လင်ရှန်းအာလုံးစေ့ပတ်စေ့ ကြားနေခဲ့ရပါ သည်။

စွန်းရှောင်းဟုန်က တမင်တကာပင် ထိုစကားများကိုသူမ ကြားအောင် ပြောခဲ့ ခြင်းမဟုတ်ပါလား။

သို့သော် လင်ရှန်းအာအတွက်တော့ ဘာမှမကြားရသလိုပင် ဟန်ဆောင်နေ လိုက်၏။ သူမသည် မည်သည့်ချေပစကားကိုမျှလည်း ပြန်မပြောခဲ့ပါ။

သူမကိုကြည့်ရသည်မှာ ရုတ်တရက်ကြီး ဆွံ့အနားမကြားသူတစ်ယောက်ဖြစ် သွားခဲ့ရသလိုပင်။

ဆွံ့အနားမကြား... ငတုံးတစ်ယောက်အဖြစ် ဟန်ဆောင်ရသည်မှာ လွယ်ကူ သောအလုပ်တော့မဟုတ်ချေ။

စွန်းရှောင်းဟုန်သည် ချက်ချင်းစကားလမ်းကြောင်းလွှဲလိုက်၏။ “စန့်ကွမ်းကျင်း ဟုန်နဲ့ လောင်ရှောင်း၄ယွန်တို့ ဘာတွေဖြစ်ခဲ့ကြလဲဆိုတာ ရှင်သိတယ်မဟုတ်လား။”

လီဆွန်းဟွာ-“ကျုပ်ကြားခဲ့ပါတယ်။ အဲဒါကြောင့်မို့လည်း မင်းနဲ့ မင်းဘိုးဘိုး တို့ အဲ့ဒီနေရာကို လာခဲ့ကြတာမဟုတ်လား။”

စွန်းရှောင်းဟုန်-“မှန်တယ်။ အဲဒီမှာ လူတွေအများကြီးတွေ့လိမ့်မယ်ဆိုတာ ကျမတို့သိထားလို့ သွားခဲ့ကြတာပါ။”

သူမသည် လီဆွန်းဟွာကို လှည့်ကြည့်နေပြီးမှ ဆက်၍ပြောနေလိုက်၏။ “အ ရေးအကြီးဆုံးကတော့ အဲ့ဒီနေရာကို ရှင်ရောက်လာလိမ့်မယ်လို့ ကျမထင်ထားခဲ့ လို့ပဲ။”

လီဆွန်းဟွာက သူမကိုပြန်လှည့်ကြည့်လိုက်၏။ သူ့နှလုံးသားထဲတွင် နွေးထွေး မှုတစ်ခု ရုတ်ချည်းစီးဆင်းသွားလေသည်။ အခုလေးပင် အရက်တစ်ခွက်သောက် လိုက်ရသလိုမျိုးလည်း ခံစားလိုက်ရ၏။

ထိုခံစားမှုမျိုးကို လီဆွန်းဟွာ မခံစားခဲ့ရသည်မှာ နှစ်ပေါင်းတော်တော်လေး ကြာညောင်းခဲ့လေပြီ။

စွန်းရှောင်းဟုန်သည်လည်း တိမ်လွှာထဲမှ နတ်ပြည်ရောက်နေသကဲ့သို့ ခံစားနေ ရ၏။ အဘယ်ကြောင့်ဆိုသော် လီဆွန်းဟွာက သူမ၏မျက်လုံးများသို့ ပြန်လည် စိုက်ကြည့်နေခြင်းကြောင့်ဖြစ်၏။

အတော်လေးကြာသောအခါမှ လီဆွန်းဟွာထံမှ စကားသံထွက်ပေါ်လာ၏။ “မင်းနဲ့ မင်းဘိုးဘိုးတို့သာ မရောက်လာခဲ့ကြဘူးဆိုရင် ခုချိန်လောက်ဆို ကျုပ်...”

စွန်းရှောင်းဟုန်က သူ့ကိုဖြတ်ပြောလိုက်သည်။ “စန့်ကွမ်းကျင်းဟုန် အဲ့ဒီအ ခေါင်းထဲမှာ ဝင်အိပ်နေရလောက်ပြီ။”

လီဆွန်းဟွာက ရယ်မော၍သာနေလိုက်တော့သည်။ သူ ဘာစကားမျှ ဆက် မပြောခဲ့ပါ။

စန့်ကွမ်းကျင်းဟုန်နှင့် သူသည် တစ်နေ့မဟုတ်တစ်နေ့ မျက်နှာချင်းဆိုင် ရင် ဆိုင်ကြရပေလိမ့်မည်။ သို့သော် ထိုအကြောင်းကို သူမပြောချင်ပါ။

ထိုအကြောင်းကို စဉ်းလည်းမစဉ်းစားချင်ပါ။ သူသာ ထိုအကြောင်းကို စဉ်းစား နေခဲ့မည်ဆိုလျှင် စိုးရိမ်ပူပန်စိတ်များ ဝင်ရောက်လာမည်ဖြစ်သည်။ စိုးရိမ်ပူပန်မှု ကြောင့် သူ့အာရုံများထွေပြားသွားနိုင်သည်။ အာရုံထွေပြားသွားပါက သူ့အောင်မြင် မှုရာခိုင်နှုန်းသည် ပါးပါးလေးသာကျန်ရှိတော့မည်ဖြစ်သည်။

စွန်းရှောင်းဟုန်-“စန့်ကွမ်းကျင်းဟုန်လိုလူစားမျိုးနဲ့ ရင်ဆိုင်တိုက်ခိုက်တဲ့နေရာ မှာ ဘာဂုဏ်မှထိန်းသိမ်းနေစရာမလိုဘူး။ စန့်ကွမ်းဖေရဲ့မျက်နှာကို စန့်ကွမ်းကျင်း ဟုန်မြင်လိုက်တဲ့အချိန်မှာသာ ရှင်သူ့ကိုတိုက်ခိုက်ခဲ့မယ်ဆိုရင် ရှင်သူ့ကိုသေချာ ပေါက်သတ်နိုင်ခဲ့လိမ့်မယ်။”

လီဆွန်းဟွာ-“မသေချာသေးပါဘူးကွာ။”

စွန်းရှောင်းဟုန်-“ဘာဖြစ်လို့လဲ။ ကိုယ့်သားအရင်းတစ်ယောက်လုံး အသတ်ခံ သေဆုံးခဲ့တာကို မြင်တွေ့လိုက်ရတဲ့လူတစ်ယောက်အဖို့ စိတ်ဓာတ်ပြိုကွဲသွားခဲ့ပြီမ ဟုတ်လား။”

လီဆွန်းဟွာ-“သွေးဆိုတာ ရေထက်ပိုပျစ်ပါတယ်။ စန့်ကွမ်းကျင်းဟုန်မှာလည်း လူသားဆန်တဲ့ စိတ်ဓာတ်လေးအနည်းငယ်တော့ ကျန်ရှိနေပါသေးတယ်။”

စွန်းရှောင်းဟုန်-“ဒါဆိုရင် ရှင်ကဘာဖြစ်လို့ မတိုက်ခိုက်ခဲ့ရတာလဲ။ သူက ရှင့် ရဲ့သည်းခံညှာတာမှုတွေကို ပြန်ပေးမယ့်လူစားမျိုးမဟုတ်ဘူးဆိုတာ ရှင်သိဖို့ကောင်း တယ်။”

လီဆွန်းဟွာ-“သူနဲ့ကျုပ်က ဒီလောကကြီးထဲမှာ အတူတကွယှဉ်တွဲပြီး မရှိနေ သင့်ဘူးဆိုတာ ကျုပ်သိသလို ကျုပ်တို့နှစ်ယောက်ကြားမှာလည်း ဂုဏ်သိက္ခာတို့ စည်းကမ်းစောင့်ထိန်းမှုတို့ဆိုတာ မလိုအပ်ပါဘူး။”

စွန်းရှောင်းဟုန်-“ဒါဖြင့်ရင်... ရှင်...”

လီဆွန်းဟွာက သူမ၏စကားကို ရယ်မောပြီး ဖြတ်ပြောလိုက်၏။ “ကျုပ်သူ့ကို မတိုက်ခိုက်ခဲ့တာက အသင့်တော်ဆုံး၊ အကောင်းဆုံးအခွင့်အရေးကို စောင့်ဆိုင်းနေ ဆဲမို့လို့ပါ။”

စွန်းရှောင်းဟုန်-“ကျမထင်တာကတော့ အဲ့ဒီအချိန်တုန်းက ရှင့်အတွက် အ ကောင်းဆုံးအခွင့်အရေးဖြစ်ခဲ့တာပဲ မဟုတ်ဘူးလား။”

လီဆွန်းဟွာ-“မင်းထင်ထားတာ မှားတယ်။”

စွန်းရှောင်းဟုန်-“ဟမ်...”

“ကိုယ့်ရင်သွေး သားအရင်းခေါက်ခေါက်တစ်ယောက် အသတ်ခံသွားခဲ့ရတာကို မြင်တွေ့လိုက်ရတဲ့လူတစ်ယောက်အဖို့ အာရုံပြန့်လွင့်ပြီး စိတ်လှုပ်ရှားသွားရတာမှန် ပေမယ့် ဝမ်းနည်းမှုတွေနဲ့တဟုန်းဟုန်းတောက်လောင်နေတဲ့ ဒေါသတွေလည်း ထွက် ပေါ်လာမှာအမှန်ပဲ။ ကျုပ်သာ သူ့ကိုတိုက်ခိုက်ခဲ့မယ်ဆိုရင် သူ့ရဲ့ဒေါသအားလုံး ကျုပ်အပေါ်ကို လွှဲချလိုက်တော့မှာပေါ့။” လီဆွန်းဟွာက ရှင်းပြလိုက်သည်။

ပြီးနောက် သက်ပြင်းချပြီး ဆက်ပြောနေပြန်၏။ “လူတစ်ယောက်အဖို့ ဆုံးရှုံးရ မှုတစ်ခုကြောင့် သိပ်ပြီးဝမ်းနည်းနေရတဲ့အခါမျိုးမှာ သူ့အင်အားဟာ ပုံမှန်ထက် အဆပေါင်းများစွာ သန်စွမ်းလာနိုင်တယ်။ သူ့ရဲ့သတ္တိကလည်း သာမန်အချိန်ထက် ပိုပြီးရဲရင့်လာလိမ့်မယ်။ စန့်ကွမ်းကျင်းဟုန်သာ အဲ့ဒီလိုအခြေအနေမျိုးနဲ့ ကျုပ်ကို တိုက်ခိုက်လာခဲ့မယ်ဆိုရင် သူ့ရဲ့တိုက်ခိုက်မှုတွေကို ကျုပ်ကာကွယ်နိုင်မယ်မထင် ဘူး။”

စွန်းရှောင်းဟုန်က သူ့ကိုပြုံးပြီးကြည့်နေ၏။ “ဒါဆိုရင် ရှင်ဟာ ကျမထင်ထား ခဲ့သလို မရိုးသားခဲ့ဘူးပေါ့လေ။ ပိုပြီးတော့တောင် လှည့်ဖျားနေတတ်သေးပါလား။”

လီဆွန်းဟွာကလည်း ပြုံးပြီးပြန်ဖြေလိုက်သည်။ “ကျုပ်သာ လူတိုင်းထင်နေကြ တဲ့ ရိုးသားပြီးဂုဏ်သိက္ခာရှိသူတစ်ယောက်ဖြစ်ခဲ့မယ်ဆိုရင် အကြိမ် ၈ဝ လောက် သေသွားခဲ့ပြီးတာ ကြာလှပေါ့။”

စွန်းရှောင်းဟုန်-“စန့်ကွမ်းကျင်းဟုန်သာ ရှင့်ရဲ့ရည်ရွယ်ချက်ကို သိခဲ့မယ်ဆိုရင် သူသောက်လိုက်တဲ့ အရက်တစ်ခွက်အတွက် သိပ်ပြီး နောင်တရနေတော့မှာပဲ။”

လီဆွန်းဟွာ-“သူဘယ်တော့မှ နောင်တရမှာမဟုတ်ပါဘူး။”

စွန်းရှောင်းဟုန်-“ဘာဖြစ်လို့လဲ။”

လီဆွန်းဟွာ-“ဘာဖြစ်လို့လဲဆိုတော့ ကျုပ်ရဲ့ရည်ရွယ်ချက်ကို သူကောင်း ကောင်းကြီး နားလည်သဘောပေါက်နေခဲ့လို့ပဲ။”

စွန်းရှောင်းဟုန်-“ဒါဖြင့်ရင် သူဘာဖြစ်လို့ ရှင်နဲ့အရက်အတူတူသောက်ခဲ့ရတာ လဲ။”

လီဆွန်းဟွာ-“သူ ကျုပ်နဲ့အရက်အတူတူသောက်ခဲ့တာက ကျုပ်ရဲ့ညှာတာ ထောက်ထားမှုတွေ၊ ကျုပ်ရဲ့တရားမျှတမှုတွေကို လေးစားလို့လုံးဝမဟုတ်ဘူး။ သူ့အ မြင်မှာ ဂုဏ်သိက္ခာရှိတဲ့အလုပ်တို့၊ တရားမျှတစွာကျင့်ကြံဆောင်ရွက်မှုတို့ကို လုပ် နေသူအားလုံးဟာ ငတုံးတွေချည်းပဲလို့ ယူဆထားပုံရတယ်။”

စွန်းရှောင်းဟုန်-“ဒါဆိုရင် ဘာအတွက်သောက်ခဲ့တာလဲ။”

လီဆွန်းဟွာ-“ဘာကြောင့်လဲဆိုတော့ သူ ကျုပ်ရဲ့ရည်ရွယ်ချက်ကို သိနေခဲ့လို့ပဲ။ ကျုပ် ငတုံးတစ်ယောက်မဟုတ်ဘူးဆိုတာကိုလည်း သူသိနေခဲ့တယ်။”

စွန်းရှောင်းဟုန်-“ရှင်ဟာ သူ့လိုလူတစ်ယောက်ပဲဆိုတာ သူသိနေခဲ့တယ်ပေါ့။ စောင့်ဆိုင်းနိုင်သူတစ်ယောက်၊ အကောင်းဆုံးဆိုတဲ့ အခွင့်အရေးကို စောင့်ဆိုင်းနေ သူတစ်ယောက်၊ အကောင်းဆုံးအခွင့်အရေးရမှ တိုက်ခိုက်တတ်တယ်ဆိုတာကို သိ လိုက်ရလို့ ရှင့်ကိုဂုဏ်ပြုအရက်သောက်ခဲ့တာပေါ့... ဟုတ်လား။”

လီဆွန်းဟွာ-“မှန်တယ်။”

စွန်းရှောင်းဟုန်-“ရှင်တို့နှစ်ယောက်ဟာ အသွင်တူလူနှစ်ယောက်ဖြစ်နေမှန်း သူ သိလိုက်ရလို့၊ ရှင့်ကို သူလေးစားတာပေါ့။ ကျမတို့တွေအားလုံး ကိုယ်နဲ့အသွင်တူ သူတွေကို လေးစားကြစမြဲမဟုတ်လား။ သေသေချာချာ နက်နက်နဲနဲတွေးကြည့်ရင် ကျမတို့တွေဟာ ကိုယ့်ကိုကိုယ်လေးစားနေကြသူတွေချည်းပါပဲလား။”

လီဆွန်းဟွာ-“ကောင်းလိုက်တဲ့ ဖွင့်ဆိုမှုလေးပါလား။ မင်းရဲ့အသက်အရွယ်လေး နဲ့ ဒီလိုမျိုး ဒဿနတွေကို နားလည်သဘောပေါက်နေနိုင်တာ ကျုပ်သိပ်ပြီးအံ့ဩမိ တာပဲ။”

စွန်းရှောင်းဟုန်-“ရှင်နဲ့ စန့်ကွမ်းကျင်းဟုန်တို့ဟာ တကယ်ပဲအသွင်တူတဲ့လူနှစ် ယောက်ဖြစ်နေကြတာလား။”

လီဆွန်းဟွာ-“တချို့အချက်တွေအရဆိုရင်... ဟုတ်တယ်လို့ပဲဖြေရလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ ကျုပ်တို့တွေဟာ မတူညီတဲ့ပတ်ဝန်းကျင်မှာ ကြီးပြင်းခဲ့ကြ ရပြီး မတူညီတဲ့လူတွေ၊ မတူညီတဲ့အဖြစ်အပျက်တွေနဲ့ ကြုံတွေ့ဆက်ဆံခဲ့ရလို့ မတူ ညီတဲ့လူနှစ်ယောက်ဖြစ်လာခဲ့ကြတယ်လို့လည်း ဆိုနိုင်ပါတယ်။”

လီဆွန်းဟွာက သက်ပြင်းချပြီး ဆက်ပြောနေပြန်၏။ “တချို့လူတွေကပြောကြ တယ်... လူ့သဘောမနောဟာ အကောင်းကြီးပဲတဲ့။ တချို့ကတော့ လူ့သဘောမနော ဟာ အဆိုးချည့်ပဲလို့ပြောကြပြန်တယ်။ ကျုပ်အနေနဲ့တော့ လူတွေဟာ မွေးဖွားလာ ကြကတည်းက ကောင်းတာလည်းမဟုတ်၊ ဆိုးတာလည်းမဟုတ် အဆိုးနဲ့အကောင်း နှစ်ခုဒွန်တွဲပြီး မွေးဖွားလာကြရတာပါ။ ကျုပ်တို့ဘယ်သူတွေလဲဆိုတာနဲ့ ကျုပ်တို့ရဲ့ ကောင်းခြင်းဆိုးခြင်းတွေအားလုံးဟာ ကျုပ်တို့နေ့တဓူဝလုပ်ကိုင်ဆောင်ရွက်ကြတဲ့ အမူအကျင့်တွေအပေါ်မူတည်ပြီး ပြောင်းလဲသွားကြတယ်လို့ပဲ ပြောချင်တယ်။”

စွန်းရှောင်းဟုန်-“ကြည့်ရတာ ရှင်ဟာသူများတွေကိုနားလည်သဘောပေါက်ရုံ တင်မကသေးဘူး၊ ကိုယ့်ကိုကိုယ်လည်း တော်တော်လေး နားလည်သဘောပေါက် ထားတာပဲ။”

လီဆွန်းဟွာ-“ကိုယ့်ကိုကိုယ် အပြည့်အဝနားလည်သဘောပေါက်ဖို့ဆိုတာ လွယ်ကူတဲ့အလုပ်တစ်ခုမဟုတ်ပါဘူး။”

သူ၏မျက်နှာအမူအရာများက မှေးမှိန်လာခဲ့ကြပြီး နာကျင်မှု၊ ဝမ်းနည်းကြေကွဲ မှုတို့ကို သူ့မျက်လုံးများထဲ၌တွေ့နိုင်လေသည်။

စွန်းရှောင်းဟုန်က သက်ပြင်းချပြီး ပြောလိုက်သည်။ “တစ်စုံတစ်ယောက်က မိမိ ကိုယ်ကို နားလည်သဘောပေါက်အောင်ကြိုးစားချင်တယ်ဆိုရင် ပထမဆုံးအနေနဲ့ ဝမ်းနည်းမှုတွေ၊ ဒုက္ခတွေကို အရင်ဆုံးခါးဆီးခံကြရမယ်မဟုတ်လား။”

လီဆွန်းဟွာ-“မင်းပြောတာမှန်ပါတယ်။”

စွန်းရှောင်းဟုန်-“ဒါဆိုရင်တော့ ကျမ ကိုယ့်ကိုကိုယ်ဘယ်တော့မှ နားလည် တော့မှာမဟုတ်ဘူး။ ကိုယ့်ကိုကိုယ် နားလည်လာလေ နာကျင်မှုတွေ တိုးလာလေ ဖြစ်သွားမှာပေါ့။ ကိုယ့်ကိုကိုယ်နားမလည်လေ ကျမအတွက်ပျော်ရွှင်မှုတွေ ပိုတိုးလာ မယ်... ဟုတ်တယ်မဟုတ်လား။”

ဤတစ်ကြိမ်တော့ လီဆွန်းဟွာက စကားလမ်းကြောင်းလွှဲလိုက်သူဖြစ်သွား တော့သည်။

လီဆွန်းဟွာ-“စန့်ကွမ်းကျင်းဟုန် ကျုပ်ကိုဂုဏ်ပြုအရက်တိုက်တဲ့အချိန်တုန်းက မင်းနဲ့ မင်းဘိုးဘိုးတို့ရှိနေကြသေးလား။”

စွန်းရှောင်းဟုန်-“အဲဒီအချိန်မှာ ကျမတို့ထွက်သွားခဲ့ကြပါပြီ။ ဒီအကြောင်းတွေ ကို သူများတွေကတဆင့် ပြန်ကြားခဲ့ရတာပါ။”

သူမကပြုံးပြီး ဆက်ပြောနေ၏။ “ရှင်နဲ့ စန့်ကွမ်းကျင်းဟုန်တို့နှစ်ယောက်က တော့ အရမ်းကိုနာမည်ကြီးတဲ့လူတွေ ဖြစ်သွားကြပြီ။ ရှင်တို့ရဲ့လှုပ်ရှားမှုမှန်သမျှ ဟာ အားလုံးအတွက်သတင်းဦးသတင်းထူးပဲ။ ဒီမြို့လေးတစ်မြို့တည်းတင် ကျမထင် တယ်... လူပေါင်းအနည်းဆုံး တစ်သိန်းလောက်တော့ ရှင်တို့အကြောင်းတွေကို ခုချိန်မှာ ပြောဆိုနေကြမှာအမှန်ပဲ။ ကျမပြောတာယုံလား။”

လီဆွန်းဟွာ-“ဒါကြောင့်မို့လို့ မင်းရဲ့ဘိုးဘိုးကို ကျုပ်သိပ်လေးစားတာပေါ့။ သူ့ ရဲ့လှုပ်ရှားမှုမှန်သမျှဟာ တိမ်လွှာတွေလိုပဲ လွင့်နေတတ်ပြီး သူ့အတွေးအခေါ်တွေ ကတော့ စီးဆင်းနေတဲ့ ရေအလျင်လိုပဲ။ သူဟာလွတ်မြောက်နေသူတစ်ယောက်ဖြစ် ပြီး သူလုပ်ချင်တာမှန်သမျှ ဘာမှအပူပင်အကြောင့်ကြမရှိဘဲ လုပ်ကိုင်ဆောင်ရွက် နိုင်တယ်။ ဒီလိုလူစားမျိုးကမှ တကယ့်လူချွန်လူကောင်းပါ။”

စွန်းရှောင်းဟုန်-“ရှင်ဟာတကယ်ပဲ အရာရာကိုထိုးထွင်းသိမြင်နေနိုင်ပါလား နော်။”

သူမသည် နောက်ထပ်စကားလမ်းကြောင်းလွှဲလိုက်ပြန်သည်။ “အဲဒီခေါင်းတ လားကြီးကို ဘယ်သူကပို့ခိုင်းခဲ့တာလဲဆိုတာ ရှင်သိလား။”

လီဆွန်းဟွာ-“ဘယ်သူမှန်းလို့တော့ ကျုပ်လည်းအတိအကျကြီး မခန့်မှန်းတတ် ဘူး။”

စွန်းရှောင်းဟုန်-“စန့်ကွမ်းဖေကိုသတ်ခဲ့တဲ့လူကပဲ ပို့ခိုင်းခဲ့တာလို့ ရှင်မထင်ဘူး လား။”

စန့်ကွမ်းဖေကို မည်သူသတ်ခဲ့မှန်း စွန်းရှောင်းဟုန် ခန့်မှန်းမိထားပုံရသည်။

သို့သော် လင်ရှန်းအာသည် ထိုသူမည်သူဖြစ်မှန်း မသိနိုင်ခဲ့ချေ။ ထို့ကြောင့် လီဆွန်းဟွာတို့ပြောစကားများကို ငြိမ်သက်စွာနားစွင့်ပြီး လိုက်ပါလာခဲ့၏။ သူတို့ ထဲမှ တစ်ယောက်ယောက်ကတော့ဖြင့် လူသတ်ကောင်အကြောင်းကို တစ်စွန်းတစ်စ လေးများ ပြောထွက်လာနိုးနိုးဖြင့် နားစွင့်နေ၏။

လီဆွန်းဟွာ-“လူသတ်ကောင်နဲ့ တစ်ယောက်တည်းဖြစ်ချင်လည်းဖြစ်နေနိုင်ပါ တယ်။ ဘာကြောင့်လဲဆိုတော့ စန့်ကွမ်းဖေကို မြှုပ်နှံထားတဲ့နေရာကို သိတဲ့လူဆိုလို့ လက်ချိုးရေလို့ရတယ်။”

စွန်းရှောင်းဟုန်-“အဲဒီလူက ဘာဖြစ်လို့ ဒီလိုမျိုးလုပ်ခဲ့တာလို့ ရှင်ထင်လဲ။”

လီဆွန်းဟွာ-“သူဟာ စန့်ကွမ်းကျင်းဟုန်ကို ခြောက်လှန့်ချင်လို့ဖြစ်နိုင်တယ်။”

စွန်းရှောင်းဟုန်-“အဲဒီလူက စန့်ကွမ်းကျင်းဟုန်ကို မုန်းတီးနေလို့လား။”

လီဆွန်းဟွာ အတန်ကြာမျှ တိတ်ဆိတ်သွားခဲ့ပြီးမှ ဖြေဆိုလိုက်သည်။ “အဲဒီလူ ဟာ စန့်ကွမ်းကျင်းဟုန်ကို မမုန်းတီးဘူးလို့လည်း ပြောလို့ရတယ်။ အဲဒီလိုလုပ်ခဲ့ တာဟာ စန့်ကွမ်းကျင်းဟုန် အားအင်ချည့်နည့်သွားတဲ့အချိန်ကျမှ သူက စန့်ကွမ်း ကျင်းဟုန်ဘက်ကနေ ဝင်ကူညီပေးချင်လို့လည်း ဖြစ်နိုင်တာပဲ။”

စွန်းရှောင်းဟုန်-“ကျမတော့ နားမလည်နိုင်တော့ပါဘူး။ သူသာ စန့်ကွမ်းကျင်း ဟုန်ကို ကူညီချင်တယ်ဆိုရင် ဘာဖြစ်လို့တုန်လှုပ်သွားအောင် အရင်ဆုံးပြုလုပ်ခဲ့ရ တာလဲ။”

လီဆွန်းဟွာ-“အဲဒီလူဟာ စန့်ကွမ်းကျင်းဟုန်ချခဲ့တဲ့ ဆုံးဖြတ်ချက်အပေါ် နောင် တရသွားစေချင်လို့လည်း ဖြစ်နိုင်တာပဲ။”

စွန်းရှောင်းဟုန်-“လူတွေရဲ့ ရည်မှန်းချက်တွေ၊ တွန်းအားတွေဟာ ဒီကမ္ဘာကြီး ထဲမှာ ရှိနေတဲ့အရာအားလုံးထက် ခန့်မှန်းရပိုခက်ပါလားနော်။”

လီဆွန်းဟွာ-“မှန်တယ်။ လူတွေရဲ့စိတ်အထွေထွေနဲ့ လူ့မနောဟာ ဒီလောက ကြီးထဲမှာရှိတဲ့ အရှုပ်ထွေးအခက်ခဲဆုံးပုစ္ဆာနှစ်ပုဒ်ပဲ။ အင်အားအပြင်းထန်ဆုံးဆိုတဲ့ သိုင်းပညာရပ်ထက်တောင်မှ ပိုပြီးခက်ခဲနက်နဲနေသေးတယ်။”

လီဆွန်းဟွာက ရုတ်တရက် ဖြည့်စွက်ပြောဆိုလိုက်၏။ “ဒါပေမဲ့ လူ့မနောကို နားမလည်ဘူးဆိုရင် ဘယ်တော့မှ သိုင်းပညာရပ်တစ်ခုရဲ့ အထွဋ်အထိပ်ဆိုတဲ့အဆင့် ကို မရောက်နိုင်ဘူး။ ဘာကြောင့်လဲဆိုတော့ အရာအားလုံးဟာ လူ့သဘော၊ လူ့ဆန္ဒ၊ လူ့မနောနဲ့ တစ်နည်းမဟုတ်တစ်နည်း ပတ်သက်ဆက်နွယ်နေလို့ပဲ။ နောက်ဆုံးပြော ရရင် သိုင်းပညာရပ်တောင်မှ သက်ဆိုင်နေသေးတယ်။”

ထိုနက်နဲသောစကားများက စွန်းရှောင်းဟုန်အတွက် နားလည်သဘောပေါက် ရန် လေးနက်လှလေသည်။

သူမသည် လီဆွန်းဟွာပြောဆိုခဲ့သော စကားများကို နားလည်သည်လား၊ နား မလည်နိုင်သည်လား၊ သို့တည်းမဟုတ် နားလည်ရန်ကြိုးစားနေသည်လားတော့မသိ၊ အချိန်အကြာကြီး တိတ်ဆိတ်ငြိမ်သက်သွားခဲ့လေသည်။ အတော်ကြီးကြာမှ သူမထံ မှ စကားသံလေး ထွက်ပေါ်လာခဲ့၏။ “ကျမ ဘာမှ နားမလည်ရင်နေပါစေတော့။ ရှင့်ကို နားလည်ရင်ကို ကျမကျေနပ်ပါပြီရှင်။”

သူမ၏မျက်လုံးများက လီဆွန်းဟွာကို တစိုက်မတ်မတ်ကြည့်နေကြ၏။ သူမ ၏အကြည့်များတွင် ကျေးဇူးတင်ခြင်းများသာမက ယုံကြည်ကိုးစားမှုနှင့် လေးစား ချစ်ခင်မှုတို့ကိုပါ မြင်တွေ့နိုင်လေသည်။ သူမ၏အကြည့်များက ပြောဆိုနေကြသည် မှာ သူမ၏နှလုံးသားတံခါးပေါက်သည် လီဆွန်းဟွာတစ်ဦးတည်းအတွက်သာ ဖွင့် ပေးထားသည်ဟု...

လီဆွန်းဟွာ၏ နှလုံးသား ငြိမ့်ငြိမ့်လေးသိမ့်တုန်သွားခဲ့ရ၏။ သူမ၏မျက်နှာ လေးမှ ဆံနွယ်စလေးများကို ပင့်သပ်တင်ပေးလိုက်ချင်စိတ်များ တဖွားဖွားပေါ် ပေါက်လာခဲ့ရလေတော့သည်။

သို့သော်  ထိုလုပ်ဆောင်ချက်ကို သူမည်သို့ပြုလုပ်နိုင်ပါမည်နည်း။

သူလုံးဝမလုပ်နိုင်ပါ။

သူသည် တစ်ဘက်သို့ဖြည်းညင်းစွာ လှည့်သွားခဲ့ပြီး ချောင်းဆိုးနေလိုက်တော့ သည်။

စွန်းရှောင်းဟုန်သည် လီဆွန်းဟွာကို စောင့်စားနေ၏။ လီဆွန်းဟွာ၏ တုံ့ပြန် စကားကို မျှော်လင့်နေ၏။ သို့သော် သူမ၏မျက်လုံးအကြည့်များတွင် မျှော်လင့် ချက်အငွေ့အသက်လေးများ တဖြည်းဖြည်း လွင့်ပျောက်လာခဲ့ရတော့၏။ “ရှင့်ကို ကြည့်ရတာ တစ်စုံတစ်ယောက်က ရှင့်ကိုနားလည်ပေးမှာကို သိပ်ကြောက်နေပုံရ တယ်။ နားလည်ခံစားပေးမှုကိုလည်း မျက်ကွယ်ပြုလျစ်လျူရှုထားချင်ပုံရတယ်။”

စွန်းရှောင်းဟုန်-“ရှင်ဟာ မိန်းမတစ်ယောက်က ရှင့်ကိုချစ်သွားမိမှာကို သိပ် ကြောက်နေတယ်မဟုတ်လား။”

“ဘာကြောင့်လဲဆိုတော့ ရှင့်ကို လုံးဝဥဿုံနားလည်တဲ့မိန်းမတိုင်းဟာ ရှင့်ကို ချစ်မိသွားကြမှာချည်းပဲမဟုတ်လား။ ရှင်ဟာ သူတို့ရှင့်ကိုမချစ်စေချင်ရုံမကသေး ဘူး... ရှင့်အပေါ်မှာ မုန်းတီးနာကျည်းသွားမှာကိုပဲ လိုလားတယ်။ ကျမပြောတာ မှန်ရဲ့လား။”

လီဆွန်းဟွာက ရယ်မောပြီးပြောဆိုလိုက်သည်။ “အိုး... ခေတ်ကြီးပြောင်းလဲ သွားပါလား။ ဟိုအရင်တစ်ခေတ်ကဆိုရင် မိန်းမငယ်လေးတွေနှုတ်ဖျားက ‘အချစ်’ ဆိုတဲ့စကားလုံး ဘယ်တော့မှစမပြောဘူး။”

စွန်းရှောင်းဟုန်-“အခုခေတ်မိန်းကလေးတွေလည်း ပြောကြမှာမဟုတ်ပါဘူး။ ဒါပေမဲ့ ဘယ်ခေတ်ကာလမှာ မွေးဖွားခဲ့သလဲဆိုတာ ကျမဂရုမစိုက်ဘူး။ လွန်ခဲ့တဲ့ နှစ်ပေါင်းရာချီကတည်းကတို့၊ နောက်နှစ်ပေါင်း ထောင်ချီကြာလာတဲ့အခါမှတို့ ကျမ ဂရုမစိုက်ပါဘူး။ ကျမနှလုံးသားထဲမှာ ခံစားနေရတာကို ကျမနှုတ်ဖျားကနေ ပြော နေမှာပဲ။”

မည်သည့်ခေတ်ကာလပင်ဖြစ်စေ စွန်းရှောင်းဟုန်လို မိန်းကလေးမျိုးကတော့ ရှိနေမှာပဲဖြစ်သည်။

ထိုလူစားမျိုးသည် ချစ်ခြင်း၊ မုန်းခြင်းတို့ကို မပြောရဲမဆိုရဲဖြစ်ကြလိမ့်မည် မဟုတ်။

အဘယ်ကြောင့်ဆိုသော် သူတို့သည် လွန်စွာမှပင် ခေတ်ရှေ့ပြေးနေသော လူ တန်းစားတစ်ရပ်ဖြစ်နေသောကြောင့်ပင်။ လူတိုင်းကတော့ သူတို့ကို ရူးသွပ်နေပြီ လား၊ ထူးဆန်းလွန်းပါလားဟု ပြောဆိုကြပေမည်။

သို့သော် ထိုသို့သောလူစားမျိုးသည် လူတွေဘာပဲပြောနေပြောနေ သူတို့အတွက် စိတ်သောကရောက်ပြီး ခံစားနေကြမည့်လူများ မဟုတ်ကြချေ။

မြူနှင်းများကျနေသော ညဉ့်ယံဖြစ်၏။

ဆောင်းတွင်းရောက်နေပြီဖြစ်သော်လည်း မြူနှင်းများကျဆင်းနေပုံက နွေဦးရာ သီနှင့်တူနေပြန်၏။

ဤမြူနှင်းထုကြီး ဘယ်တော့မှ မပျောက်ကွယ်သွားပါစေနှင့်ဟု စွန်းရှောင်းဟုန် ဆုတောင်းနေမိ၏။

လီဆွန်းဟွာသည် အစတုန်းကတော့ အားဖေကိုတွေ့မြင်ရန် လွန်စွာမှပင် စိတ် အားထက်သန်ခဲ့သော်လည်း ယခုတော့ ဘာမှမဟုတ်သည့်အလား။

ဤနှစ်များအတွင်း သူ့ခံစားချက်များက ပို၍ပင်လေးလံလာခဲ့ရ၏။ သူ့စိတ် နှလုံးသားကို သံကြိုးများဖြင့်ချည်နှောင်ရစ်ပတ်ထားသလိုမျိုးလည်း ခံစားနေရ၏။ သူအသက်တောင်ရှုနိုင်ပါ့ဦးမလား။...

စွန်းရှောင်းဟုန်နှင့်တွေ့ခဲ့ရသည်မှာ သိပ်မကြာသေးသောကာလကပင်ဖြစ်သော် လည်း သူ့စိတ်ထဲတွင် အေးချမ်းနေရ၏။

သူနားလည်ထားသည်မှာ စွန်းရှောင်းဟုန်သည် သူ့ကိုနားလည်ပေးနိုင်သည့်နေ ရာတွင် သူထင်မှတ်ထားသည်ထက် အဆပေါင်းများစွာပိုပြီး နားလည်ပေးနိုင်ခြင်း ပင်ဖြစ်သည်။

မိမိကို အပြည့်အဝနားလည်ပေးနိုင်သောသူနှင့် ဖြတ်သန်းရသောအချိန်များ သည် ဘဝတွင် တန်ဘိုးအရှိဆုံးအချိန်များဖြစ်ကြောင်း သေချာပေါက်အမှန်ပင်ဖြစ် တော့သည်။

သို့သော် လီဆွန်းဟွာ ထွက်ပြေးချင်လာလေတော့သည်။

“ရှင့်ကိုချစ်တဲ့မိန်းမတစ်ယောက်က ရှင့်ကိုချစ်လာစေမယ့်အစား ရှင့်အပေါ်မှာ နာကျည်းမုန်းတီးသွားမှာကိုပဲ လိုလားနေတယ်မဟုတ်လား။”

လီဆွန်းဟွာ၏ နှလုံးသားတစ်ခုလုံး နာကျင်လာခဲ့ရတော့၏။

နာကျည်းမုန်းတီးသွားမှာကို သူလိုလားခဲ့ခြင်းမဟုတ်ပါ။ အချစ်ခံရမှာကို သူ ကြောက်ရွံ့နေခြင်းသာဖြစ်၏။

လူတိုင်းလူတိုင်းပင် စိတ်ခံစားမှုအကန့်လေးများ ရှိတတ်ကြသည်မဟုတ်ပါ လား။ ထိုအကန့်လေးများမှ ထွက်လာအောင်မည်သူမျှ မစွမ်းဆောင်နိုင်ကြပါ။ သူတို့ကိုယ်တိုင် ထွက်ချင်မှသာ ရနိုင်ပေသည်။

လီဆွန်းဟွာသည်လည်း ဤအတိုင်းပင်ဖြစ်သလို အားဖေသည်လည်း ထိုနည်း ၎င်းပင်ဖြစ်၏။

စိတ်ခံစားမှုအကန့်လေးများက အမြဲတမ်းပင် ရှိနေကြမည်လား။... သေတွင်းထဲ ရောက်သည်ထိ ထိုကြေကွဲခံစားမှုများက လိုက်ပါလာခဲ့ကြမည်လား။...

စွန်းရှောင်းဟုန်သည် ရုတ်တရက်ရပ်တန့်လိုက်ပြီး ပြောဆိုလိုက်သည်။ “ကျမ တို့ရောက်ပြီ။”

လမ်းကလေးသည် လွင်တီးခေါင်ကြီးတွင် ရှိနေ၏။ လမ်း၏ဘေးတစ်ဘက်တွင် သေးငယ်သော အိမ်ငယ်လေးတစ်လုံးလည်း ရှိနေ၏။ ထိုအိမ်ငယ်လေးမှ မီးအိမ် အလင်းရောင်လေးများ ထွက်ပေါ်နေ၏။

ထွက်ပေါ်လာသော မီးအလင်းရောင်များက လွန်စွာမှပင် လင်းထိန်လှပေသည်။ ဤသို့သော အိမ်ငယ်လေးထဲမှ ထိုသို့သော မီးအလင်းရောင်များ ထွက်ပေါ်လာစရာ အကြောင်းမရှိချေ။

စွန်းရှောင်းဟုန်သည် လင်ရှန်းအာဘက်သို့လှည့်ပြီး မေးမြန်းလိုက်သည်။ “ဒီနေ ရာလေးကို ရှင်မှတ်မိတယ်မဟုတ်လား။”

လင်ရှန်းအာ မမှတ်မိဘဲဘယ်နေလိမ့်မည်နည်း။ ဤအိမ်လေးသည် သူမနှင့် အားဖေတို့၏ အိမ်လေးပင်မဟုတ်ပါလား။

သူမသည် နှုတ်ခမ်းများကို ဖိကိုက်ထားပြီး ခေါင်းညိတ်ပြလိုက်သည်။ ပြီး နောက် လမ်းလေးအတိုင်း တရွတ်တိုက်လျှောက်သွားတော့၏။

လင်ရှန်းအာ-“အားဖေဒီနေရာကို ပြန်ရောက်နေတာလား။”

စွန်းရှောင်းဟုန်-“ရှင် အထဲကိုဝင်ပြီး သူ့ကိုတွေ့ချင်နေသေးတာလား။”

လင်ရှန်းအာ-“ကျမ... ကျမသွားတွေ့လို့ရမလား။”

စွန်းရှောင်းဟုန်-“ဒါရှင့်အိမ်ပဲလေ။ ရှင်သာဝင်သွားချင်လို့ကတော့ ဘယ်သူ့ဆီ ကမှ ခွင့်တောင်းနေစရာမလိုပါဘူး။”

လင်ရှန်းအာသည် ခေါင်းငုံ့ထားပြီး ပြောဆိုလိုက်၏။ “ဒါပေမဲ့...”

စွန်းရှောင်းဟုန်-“ဒါပေမဲ့ အခုတော့အရင်လိုမဟုတ်တော့ဘူး။ ဘယ်သူ့အပြစ် လဲဆိုတာ ရှင်သိဖို့ကောင်းတယ်။”

စွန်းရှောင်းဟုန်က ပြုံးပြီးအေးစက်စွာပြောဆိုလိုက်သည်။ “ရှင့်အတွက် ပျော်ရွှင် ငြိမ်းချမ်းစွာ နေထိုင်လို့ရခဲ့ရဲ့သားနဲ့ ရှင်မနေနိုင်ခဲ့ဘူး။ ဒီအိမ်လေးဟာ ရှင့်အတွက် မလုံလောက်ခဲ့ဘူး။ အိမ်လေးထဲမှာရှိနေတဲ့လူဟာလည်း ရှင့်အတွက် အကောင်းဆုံး မဟုတ်ခဲ့ဘူး။”

လင်ရှန်းအာသည် ကြက်လည်လိမ်ထားသလိုဖြစ်နေပြီး ပြောဆိုလိုက်၏။ “ကျမ မှားခဲ့တာ ကျမသိပါတယ်။ ကျမ အသက်ရှင်သန်နေထိုင်နိုင်ခဲ့တဲ့တစ်ခုတည်းသော အကြောင်းအရာက အားဖေက ကျမကို ကာကွယ်စောင့်ရှောက်ပေးထားခဲ့လို့ပဲ။ အားဖေသာ ကျမအနားမှာမရှိခဲ့ရင် ကျမ အသတ်ခံခဲ့ရတာ ကြာလှပါပြီ။”

စွန်းရှောင်းဟုန်က အေးစက်စွာမေးမြန်းလိုက်၏။ “အားဖေက ရှင့်ကို အရင် တုန်းကအတိုင်း ကာကွယ်စောင့်ရှောက်ပေးဦးမယ်လို့ ရှင်ထင်နေလား။”

လင်ရှန်းအာသည်ငိုယိုနေပြီး ပြောဆိုလိုက်၏။ “ကျမ... မသိဘူး။ ကျမ သူ့ကို လည်းအပြစ်မတင်ပါဘူး။”

သူမသည် ခေါင်းမော့ပြီး သတ္တိရှိစွာပြောဆိုလိုက်လေတော့သည်။ “ကျမ သူ့ကို ခဏလေးပဲ တွေ့ချင်တာပါ။ ပြီးတော့ စကား ၂ ခွန်းတည်းပဲ ပြောခဲ့ချင်တယ်။ ပြီး တာနဲ့ ကျမထွက်သွားပါ့မယ်။ ကျမတောင်းဆိုတာ သိပ်မများပါဘူး။ ရှင်တို့ကျမ ကို ခွင့်ပြုမယ်မဟုတ်လားဟင်။”

စွန်းရှောင်းဟုန်-“ကျမကရှင့်ကို ခွင့်မပေးချင်တာမဟုတ်ပါဘူး။ ဒါပေမဲ့ရှင်ပြော တဲ့စကားတွေက ယုံရခက်လွန်းတယ်။”

လင်ရှန်းအာ-“ကျမ စကားနှစ်ခွန်းပြည့်လို့မှ မထွက်သွားဘူးဆိုရင် ရှင်ကျမကို မောင်းထုတ်နိုင်ပါတယ်။”

စွန်းရှောင်းဟုန်သည် တိတ်ဆိတ်သွားခဲ့ရပြီး လီဆွန်းဟွာကို လှမ်းကြည့်လိုက် ၏။

လီဆွန်းဟွာသည် တစ်ချိန်လုံးငြိမ်သက်နေခဲ့ပြီး သူ့မျက်နှာတွင် မည်သည့်ခံ စားချက်မျှ မရှိနေချေ။

သို့သော် သူ့စိတ်နှလုံးသားကတော့ တစ်စစီပြန့်ကျဲနေ၏။

သူ၏အကြီးမားဆုံး အားနည်းချက်သည် အလွန်ခွင့်လွှတ်တတ်ခြင်းပင်ဖြစ် သည်။ တစ်ခါတစ်ရံအချိန်များတွင် သူ့ဘက်ကခွင့်မလွှတ်ပေးသင့်သည့်ကိစ္စများ တွင် သူ၏သနားကြင်နာစိတ်များကြောင့် ခွင့်လွှတ်ပေးခဲ့သည်ချည်းပင်ဖြစ်၏။

သူ၏အားနည်းချက်ကို လူတော်တော်များများက သိထားကြသည်။ လူအတော် များများသည် ထိုအားနည်းချက်ကို အခွင့်အရေးယူခဲ့ကြလေသည်။

သူကိုယ်တိုင် သိနေသော်လည်း ဤအကျင့်ကို မပြောင်းလဲနိုင်ပါ။

တစ်စုံတစ်ယောက်က သူ့အပေါ်တွင် အကြိမ်ပေါင်းတစ်သောင်းလောက် ဆိုးခဲ့ သည်ဆိုဦး...ထိုသူ့အပေါ်တွင် တစ်ကြိမ်လောက်ပြန်ဆိုးဖို့ သူမလုပ်ချင်ပါ။ တစ်ခါ တစ်ခါတွင် လူတစ်ယောက်က သူ့ကိုဖြားယောင်းလိမ်ညာနေသည်ကို သိနေပါလျက် နှင့် သူကိုယ်တိုင်ကိုက အလိမ်အညာခံခဲ့၏။

အဘယ်ကြောင့်ဆိုသော် သူယုံကြည်ထားသည်မှာ တစ်စုံတစ်ယောက်သည် သူ့ အပေါ်တစ်ကြိမ်တည်းလောက်သာ ရိုးသားခဲ့မည်ဆိုလျှင် သူအနစ်နာခံရကြိုးနပ်ပေ ပြီဟု...

လီဆွန်းဟွာသည် ထိုသို့သော လူစားမျိုးဖြစ်၏။ သူ့ကို လူကြီးလူကောင်းဟုပင် ခေါ်ရမလား... ငနုံငအတစ်ယောက်ဟုပင်ခေါ်ရမလား... အနည်းဆုံးဝန်ခံရလျှင် သူလိုလူမျိုးသည် ရှာမှရှား တစ်ယောက်ဆိုတစ်ယောက်ဆိုသော လူစားမျိုးဖြစ် ကြောင်းကိုတည်း။

အနည်းဆုံးတော့ သူ့ထံတွင် နောင်တရမှုများလုံးဝမရှိကြောင်းကိုလည်း ဝန်ခံ ကြရမည်ဖြစ်သည်။

လီဆွန်းဟွာသည် သူ့ကြောင့် သူများကို ချွေးထွက်ခဲ့စေခြင်းမရှိခဲ့သလို သူ့ လက်ကြောင့် သူများ သွေးထွက်သံယိုဖြစ်ခဲ့မှုများလည်း အင်မတန်မှပင် နည်းပါး ခဲ့၏။ ချွေးထွက် သွေးထွက်သောအလုပ်များကို သူသာလျှင် လုပ်ပေးလိုက်ချင်သော လူစားမျိုးဖြစ်၏။

သို့သော် သူလုပ်ကိုင်ဆောင်ရွက်သည့်အရာအများစုသည် လူအများကို မျက် ရည်ကျစေသောအရာများလည်းဖြစ်နေပြန်၏။

ထိုမျက်ရည်များသည် လေးစားကြည်ညို၍၊ သို့တည်းမဟုတ် ကျေးဇူးတင်၍ ကျဆင်းလာသော မျက်ရည်များပင်။

စွန်းရှောင်းဟုန်သည် စိတ်တွင်းမှ သက်ပြင်းချလိုက်၏။

လီဆွန်းဟွာသည် လင်ရှန်းအာ၏တောင်းဆိုချက်ကို ငြင်းပယ်နိုင်မည်မဟုတ် မှန်း သူမ သိနေပါသည်။ သူ့ဘဝတွင် မည်သူ့ကိုမျှ ငြင်းပယ်ခဲ့လိမ့်မည်မဟုတ် ကြောင်းကိုလည်း သူမယုံကြည်ထားမိပြန်၏။

လင်ရှန်းအာ-“ဒီတစ်ကြိမ်ဟာ ကျမသူ့ကို တွေ့တဲ့နောက်ဆုံးအကြိမ်ပဲဖြစ်မှာပါ။ အားဖေသာ ရှင်တို့နှစ်ယောက်က ကျမနဲ့သူ့ကို ပေးမတွေ့ခဲ့တာသိသွားရင် သူရှင်တို့ နှစ်ယောက်လုံးကို တစ်သက်လုံး မုန်းတီးနာကျည်းသွားတော့မှာပဲ။”

စွန်းရှောင်းဟုန်က နှုတ်ခမ်းများကို ဖိကိုက်ထားပြီး ပြောဆိုလိုက်သည်။ “ရှင်သူ့ ကို စကားနှစ်ခွန်းပဲ ပြောရမှာနော်။ ပြောပြီးပြီးချင်း ရှင်ထွက်သွားရမယ်။”

လင်ရှန်းအာက ပြုံးပြီးပြောဆိုလိုက်၏။ “ကျမကို မနေစေချင်တဲ့နေရာမှာ ကျမ စောင့်နေမှာတဲ့လား။ ရှင်တို့နှစ်ယောက် ကျမကို မောင်းထုတ်သည်ထိ ကျမ စောင့် နေမှာတဲ့လား။ ဒီတစ်ခုလေးသာ ကျမကို ကတိပေးပါ။ ကျမသေချင်သေသွားပါစေ.. သေပျော်ပါပြီရှင်။”

လီဆွန်းဟွာက သက်ပြင်းချပြီး ပြောဆိုလိုက်လေတော့သည်။ “သူ့ကိုပေးဝင် လိုက်ပါ။ စကားနှစ်ခွန်းလောက်နဲ့တော့ အားဖေကို မထိခိုက်လောက်ပါဘူး။”

0 comments:

Post a Comment