Wednesday, March 9, 2011

(၇၁) မာယာတိုက်ပွဲ

ခေါက်ဆွဲဆိုင်လေး၏အဖီလေးတွင် ချိတ်ဆွဲထားသော မီးအိမ်လေးတွင် ဖ ယောင်းတိုင်မီးခိုးငွေ့များကြောင့် မီးခိုးမှိုင်းများဖြင့် မည်းတူးနေ၏။

မီးရောင်မှိန်မှိန်အောက်တွင် ဝိုင်းစက်ပြူးကျယ်သော မျက်လုံးများရှိနေပြီး ကျစ် ဆံမြီးနှစ်ဘက်ချထားသူ မိန်းမပျိုလေးတစ်ယောက် ရပ်နေ၏။

လီဆွန်းဟွာ အံ့ဩဝမ်းသာစွာဖြင့် အော်ခေါ်လိုက်၏။ “မိန်းကလေးစွန်း...”

စွန်းရှောင်းဟုန်-“ယောက်ျားတွေက မိန်းမတွေကို ရိုက်ပုတ်ညှင်းဆဲနေတာ တွေ့ရရင် ကျမ သိပ်မုန်းတာပဲ။ ဒါပေမဲ့ ဒီတစ်ကြိမ်တော့ ကြည့်ရတာသိပ်ပြီး အရသာရှိလိုက်တာ။”

လင်ရှန်းအာ-“ကျမလည်း သူ့အရိုက်အပုတ်ကိုခံရတာ သိပ်အရသာရှိတာပဲ။”

လင်ရှန်းအာသည် လီဆွန်းဟွာ၏လက်မောင်းကို မှီတွယ်ဖက်ထားပြီး ပြောဆို နေပြန်၏။ “မင်း မနာလိုဖြစ်နေရတယ်ဆိုရင် ကျမတို့နဲ့လာပြီး အရက်အတူတူ သောက်လိုက်ပါလား။ အရက်တစ်ခွက်က မနာလိုမှုတွေကို ဖြေဖျောက်ပေးနိုင်ပါ လိမ့်မယ်။”

စွန်းရှောင်းဟုန်သည် တကယ်ကြီးပင် လျှောက်လှမ်းလာခဲ့ပြီး လီဆွန်းဟွာ၏ လက်ထဲမှအရက်ခွက်တွင်းသို့ အရက်များငဲ့ထည့်ပြီး တစ်ဂွပ်တည်းမော့သောက် လိုက်သည်။


သူမသည် လျှာတစ်လစ်လေးထုတ်ပြီး မျက်လုံးများကို မှေးစဉ်းကာ ပြုံးပြီး ပြောဆိုနေ၏။ “အပေါစားအရက်ကို အများကြီးသောက်ပြီးပြီဆိုရင် အကောင်းစား အရက်နဲ့ မခွဲခြားနိုင်တော့ဘူးဆိုပေမယ့် ပထမဆုံးတစ်ခွက်ကတော့ မျိုချဖို့ အင်မ တန်ခက်ခဲတာပဲ။”

လင်ရှန်းအာကလည်း ပြုံးပြီးပြောဆိုလိုက်သည်။ “နောက်တစ်ကြိမ် မိန်းကလေး စွန်းသာ ကျမတို့အိမ်ကိုအလည်လာမယ်ဆိုရင် ကျမတို့က သူ့ကိုကျမတို့ဆီမှာရှိတဲ့ အကောင်းဆုံးဆိုတဲ့အရက်နဲ့ ဧည့်ခံမှာပါ။”

သူမသည် လီဆွန်းဟွာကို ပြုံးပြီးမော့ကြည့်နေကာ ပြောဆိုလိုက်သည်။ “ကျမ ပြောတာမှန်တယ်မဟုတ်လားဟင်...”

လီဆွန်းဟွာပင် ဘာမျှပြန်မဖြေရသေးခင် စွန်းရှောင်းဟုန်က ဝင်ရောက်ပြောဆို လိုက်သည်။ “ရှင်ပြုံးတာသိပ်လှတာပဲ။ ကျမဟာ မိန်းမသားဖြစ်နေတာတောင်မှ ရှင့် အပြုံးကို ငေးမကြည့်ဘဲကိုမနေနိုင်ပါလား။”

လင်ရှန်းအာက ရယ်မောပြောဆိုလိုက်တော့သည်။ “ချာတိတ်မလေး... မင်းဟာ မိန်းမတစ်ယောက်မဖြစ်သေးပါဘူးကွာ။ မင်းဟာ ကလေးလေး... ချာတိတ်မလေးပဲ ရှိပါသေးတယ်။”

စွန်းရှောင်းဟုန်-“ရှင်အခုရယ်နိုင်တုန်းတော့ ရယ်ထားလိုက်ဦးပေါ့လေ။ နောက် ဆိုရင် ရှင်ရယ်နိုင်တော့မှာ မဟုတ်တော့ပါဘူး။”

လင်ရှန်းအာ-“ဟမ်...”

စွန်းရှောင်းဟုန်-“ဘာဖြစ်လို့လဲဆိုတော့ သူကရှင့်ကို ဘာကတိမှပေးမှာမဟုတ် လို့ပဲ။”

လင်ရှန်းအာ-“အမ်...”

စွန်းရှောင်းဟုန်-“ဘာဖြစ်လို့လဲဆိုတော့ ရှင်လုပ်နိုင်တဲ့ဟာမှန်သမျှ ကျမလည်း လုပ်ပေးနိုင်ပါတယ်။”

လင်ရှန်းအာက သဘောကျစွာရယ်မောနေလိုက်တော့သည်။ “မင်းက ဘာများ လုပ်ပေးနိုင်မှာတဲ့လဲ။ ချာတိတ်မလေးဆိုတာ ချာတိတ်မလေးပါပဲကွာ။ သူတို့တတွေ ဘာမှ နားမလည်တာတွေကိုလည်း နားလည်သလိုလို ဟန်ဆောင်နေတတ်ကြသေး တယ်မဟုတ်လား။”

လင်ရှန်းအာက တခစ်ခစ်ရယ်မောနေပြီး ဆက်ပြောနေလိုက်ပြန်သည်။ “မင်း သာ မိန်းမတစ်ယောက်ဖြစ်ခဲ့မယ်ဆိုရင် မင်းလုပ်နိုင်တာတွေ အများကြီးရှိတယ်။ ဒါ ပေမဲ့ အောင်မြင်တာမအောင်မြင်တာ လုပ်ကိုင်ဆောင်ရွက်တဲ့ မင်းအပေါ်မှာပဲ မူတည်တယ်။ ကျုပ်ပြောတာ သဘောပေါက်ရဲ့လား။”

စွန်းရှောင်းဟုန်က မျက်တောင်များ ပုတ်ခတ်နေလိုက်သည်။ ပြီးနောက် နှုတ် ခမ်းကိုဖိကိုက်ထားပြီး ပြောဆိုလိုက်သည်။ “ကျမလုပ်ပေးနိုင်တာကတော့ သူ့ကို အားဖေရှိတဲ့နေရာကို ခေါ်သွားပေးနိုင်တယ်။”

လင်ရှန်းအာ-“မင်း... အားဖေရှိတဲ့နေရာကို သိနေတယ်ပေါ့။”

စွန်းရှောင်းဟုန်-“သိပ်သိတာပေါ့။ ပြီးတော့ အားဖေကို ဘယ်လိုကယ်တင်ရ မယ်ဆိုတာလဲ ကျမက သိနေသေးတယ်။”

လင်ရှန်းအာ-“အမ်..”

စွန်းရှောင်းဟုန်-“အားဖေကို ကယ်တင်နိုင်ဖို့က နည်းလမ်းတစ်ခုပဲရှိတယ်။”

လင်ရှန်းအာ-“ဘာများလဲကွယ်။”

စွန်းရှောင်းဟုန်-“ရှင့်ကိုသတ်ပစ်လိုက်ဖို့ပဲပေါ့။ အားဖေကို ကယ်တင်နိုင်ဖို့အ တွက် ကျမတို့ ရှင့်ကိုသတ်မှဖြစ်လိမ့်မယ်။ ရှင် ဒီလောကကြီးကနေ ပျောက်ကွယ် သွားတော့မှပဲ အားဖေအတွက် နာကျင်ခံစားမှုတွေ ပျောက်ကင်းနိုင်လိမ့်မယ်။”

လီဆွန်းဟွာသည် နောက်ထပ်အရက်တစ်ခွက်ကို တစ်ဂွပ်တည်းမော့ချပြီး သဘောကျစွာ ရယ်မောပြောဆိုလိုက်သည်။ “ကောင်းလိုက်တဲ့စကား...”

လင်ရှန်းအာက သက်ပြင်းတစ်ချက်ချပြီး ပြောဆိုလိုက်သည်။ “ရှင်ဟာလည်း အားဖေအတိုင်းဖြစ်နေပါလားဆိုတာ ကျမဖြင့်ယုံတောင်မယုံနိုင်တော့ဘူး။ မိန်းမ တစ်ယောက်ရဲ့ပါးစပ်က ထွက်လာတဲ့စကားတွေက မယုံကြည်ရဘူးဆိုတာ ရှင်မသိ ဘူးလား။ သူကရှင့်ကို အားဖေဆီကိုခေါ်သွားပေးနိုင်လိမ့်မယ်လို့ ရှင်တကယ်ကြီး ထင်နေတာလား။”

လီဆွန်းဟွာ-“လောကကြီးမှာရှိတဲ့ လိမ်ညာတတ်တဲ့ယောက်ျားအများစုဟာ ရိုး သားတဲ့ မိခင်တွေက မွေးဖွားသန့်စင်ပြီး ကြီးပြင်းအောင်စောင့်ရှောက်ခဲ့တယ်ဆိုတာ မင်းမမေ့သင့်ဘူး။”

စွန်းရှောင်းဟုန်-“မှန်လိုက်တာ။ လောကကြီးမှာရှိတဲ့ မိန်းမတိုင်းဟာ ရှင့်လိုမျိုး ကြီးပဲ ထင်မနေနဲ့။”

လင်ရှန်းအာ-“ကောင်းပြီလေ... ဒါဖြင့်ရင်လည်း မေးရသေးတာပေါ့။ အခု အားဖေဘယ်မှာလဲ။”

စွန်းရှောင်းဟုန်-“သူဟာအခု ကျမရဲ့ဘိုးဘိုးနဲ့အတူရှိနေတယ်။ ကျမဘိုးဘိုးက သူ့ကို စန့်ကွမ်းကျင်းဟုန်လက်ထဲကနေ ကယ်ထုတ်သွားခဲ့ပြီးပြီ။”

လင်ရှန်းအာသည် ရယ်မောနေပြီး လီဆွန်းဟွာကို ကြည့်နေလိုက်သည်။ “ဒီ အလိမ်ဆင်လေးကို ရှင်ယုံသလား။ စန့်ကွမ်းကျင်းဟုန်လက်ထဲကနေ ဘယ်သူက များကယ်ထုတ်သွားနိုင်မှာတဲ့လဲ။”

လီဆွန်းဟွာက ပြုံးပြီးပြန်ဖြေလိုက်သည်။ “ဒီလောကကြီးမှာ တစ်ယောက် တည်းပဲရှိတယ်။ သူကတော့ ဒီကမိန်းကလေးရဲ့ ဘိုးဘိုးဖြစ်တဲ့ ဆရာကြီးစွန်းပဲ။”

လင်ရှန်းအာသည် မျက်နှာအမူအရာများ ပျက်သွားခဲ့ရပြီး ပြောဆိုလိုက်ပြန် သည်။ “ကောင်းပြီလေ... ဒါဖြင့်ရင်လည်း ကျမကိုယ်တိုင်လိုက်ကြည့်ချင်တယ်။”

စွန်းရှောင်းဟုန်-“မဖြစ်နိုင်ဘူး။ အားဖေက ရှင့်ကိုလုံးဝမတွေ့ချင်ဘူး။”

စွန်းရှောင်းဟုန်က အေးစက်စွာ ဆက်ပြောနေလိုက်ပြန်သည်။ “ဒါတင်မကသေး ဘူး။ ကျမတို့မှာ ရှင့်ကိုအသက်ဆက်ရှင်သန်ဖို့ အခွင့်အရေးလည်း မပေးနိုင်တော့ ဘူး။”

လင်ရှန်းအာ-“မင်းက ကျုပ်ကို သေစေချင်နေတယ်ပေါ့လေ။”

စွန်းရှောင်းဟုန်-“ရှင်သေသွားခဲ့သင့်တာ ကြာလှပြီပဲ။”

လင်ရှန်းအာ-“ဒါပေမဲ့ ကျုပ်ကိုဘယ်သူကများ သတ်ရက်မယ်လို့များ မင်းထင် နေလို့လဲ။”

စွန်းရှောင်းဟုန်-“ရှင့်ကိုသတ်နိုင်တဲ့လူတစ်ယောက် ကျမမရှာနိုင်ဘူးလို့များ ထင်နေလို့လား။”

လင်ရှန်းအာ-“ဒီလောကကြီးမှာ ကျုပ်ကိုသတ်ရက်တဲ့ယောက်ျားဆိုလို့ တစ် ယောက်တည်းပဲရှိတယ်။ ဒါတောင်မှ သူ့အနေနဲ့ လှုပ်တောင်မလှုပ်ရဲသေးဘူး။”

သူမ၏အကြည့်များက လီဆွန်းဟွာထံရောက်ရှိလာခဲ့ပြီး ဆက်ပြောနေလိုက်ပြန် သည်။ “ဘာကြောင့်လဲဆိုတော့ သူသာကျုပ်ကိုသတ်လိုက်ရင် အားဖေက သူ့ကိုတစ် သက်လုံးမုန်းသွားတော့မယ်ဆိုတာ သိထားလို့ပဲ။”

စွန်းရှောင်းဟုန်-“ကျမဟာ ယောက်ျားတစ်ယောက်မဟုတ်ဘူးဆိုတာ ရှင်မေ့ ထားခဲ့တာကိုး... ပြီးတော့ အားဖေက မုန်းသည်ဖြစ်စေ မမုန်းသည်ဖြစ်စေ ကျမက ဂရုစိုက်မယ့်လူမဟုတ်ဘူး။”

လင်ရှန်းအာသည် သဘောကျစွာဖြင့် အူလှိုက်သည်းလှိုက်ရယ်မောနေလိုက် တော့သည်။ “ချာတိတ်မလေး... ဒီနေရာဟာ ယှဉ်ပြိုင်တိုက်ခိုက်တဲ့နေရာလို့တော့ ကျုပ်ကိုမပြောလိုက်ပါနဲ့ကွယ်။ မင်းက ကျုပ်ကို စိန်ခေါ်ချင်တယ်ပေါ့လေ။”

“ရှင်ပြောတာမှန်လိုက်တာ..” စွန်းရှောင်းဟုန်က ပြောလိုက်သည်။ “ရှင်ကနေရာ ရွေးနိုင်တယ်။ ကျမကတော့ အချိန်ကိုရွေးမယ်။”

လင်ရှန်းအာ-“ဘယ်အချိန်လို့များ မင်းကရွေးချယ်ထားတာလဲ။”

စွန်းရှောင်းဟုန်-“အခုပဲ။”

ရင်ဆိုင်တိုက်ခိုက်မှုများကို ယောက်ျားများသာပြုလုပ်ကြသည်မဟုတ်၊ တစ်ခါ တစ်ရံတွင် မိန်းမများလည်း ပြုလုပ်ကြလေသည်။

သို့သော် မိန်းမများသည် ယောက်ျားများကဲ့သို့ ယှဉ်ပြိုင်ကြပါသလား။

စွန်းရှောင်းဟုန်-“ကျမက အချိန်ကိုရွေးပြီးသွားပြီ။ ဘယ်နေရာလဲဆိုတာသာ ရှင်ရွေးလိုက်တော့။”

လင်ရှန်းအာသည် ခဏမျှစဉ်းစားနေလိုက်ပြီး ပြောဆိုလိုက်သည်။ “နေရာရွေး ချယ်စရာသိပ်မလိုပါဘူး။ ဒီနေရာမှာပဲ ကောင်းပါတယ်။ တစ်ခုတော့ရှိတယ်...”

စွန်းရှောင်းဟုန်-“ဘာလဲ...”

လင်ရှန်းအာ-“ကျုပ်တို့ဘယ်လို ယှဉ်ပြိုင်ကြမှာလဲ။”

စွန်းရှောင်းဟုန်-“ယှဉ်ပြိုင်မှုဆိုမှတော့ ယှဉ်ပြိုင်မှုပဲပေါ့။ ဘယ်နှစ်မျိုးလောက် များ ရှိနေသေးလို့လဲ။”

လင်ရှန်းအာ-“အိုး... သိပ်ရှိတာပေါ့။ စာပေပညာယှဉ်ပြိုင်တာ၊ သိုင်းပညာယှဉ် ပြိုင်တာ၊ လက်နက်ယှဉ်ပြိုင်တာ၊ ကိုယ်ဖော့ပညာယှဉ်ပြိုင်တာ၊ အဆိပ်ပညာယှဉ် ပြိုင်တာ... စသဖြင့်ပေါ့။ ကျုပ်တို့က မိန်းမသားတွေဖြစ်နေတော့ ကျုပ်တို့ရဲ့ယှဉ်ပြိုင် ပွဲဟာ နူးညံ့သိမ်မွေ့မှဖြစ်မယ်။”

စွန်းရှောင်းဟုန်-“ရှင်ကဘယ်လိုများ ယှဉ်ပြိုင်ချင်သေးလို့လဲ။”

လင်ရှန်းအာ-“ဒီယှဉ်ပြိုင်မှုကို ကျုပ်ရွေးချယ်နိုင်တယ်လို့များ မင်းဆိုလိုလိုက် တာလား။”

လီဆွန်းဟွာက ရုတ်တရက်ဝင်ရောက်ပြောဆိုလိုက်သည်။ “သူ အဆိပ်ပညာနဲ့ ယှဉ်ပြိုင်လိမ့်မယ်။”

စွန်းရှောင်းဟုန်သည် သူ့ကိုပြန်ပြုံးပြပြီး ပြောဆိုလိုက်သည်။ “အဆိပ်ပညာဆို လည်း ပြဿနာမရှိပါဘူး။ ကျမရဲ့နံပါတ် ၇ ဘဒွေးလေးက အဆိပ်ပညာရှင်တစ် ယောက်ပါ။ သူ့ရဲ့အဆိပ်ပညာဟာ အဆိပ်၅မျိုးကလေးဆိုးရဲ့ပညာထက်တော့ အောက်မကျပါဘူး။ ဒါပေမဲ့ သူဟာအဆိပ်ပညာကိုအသုံးပြုပြီး လူတွေကို ကယ်တင် ပေးနေသူပါ။ လူမသတ်ပါဘူး။”

လင်ရှန်းအာ-“သူသာ အဆိပ်ပညာကိုအသုံးပြုပြီး လူတွေကို ကုသကယ်တင် ပေးနေတယ်ဆိုရင် သူ့အစွမ်းအစက သေးမှာမဟုတ်ဘူး။ အဆိပ်ကို အသုံးပြုပြီး လူ ကယ်တင်ပေးတယ်ဆိုတာ အဆိပ်နဲ့လူသတ်တာထက် အများကြီး ပိုအစွမ်းထက်ပါ တယ်။”

လင်ရှန်းအာသည် သဘောကျစွာရယ်မောပြောဆိုလိုက်၏။ “ကြည့်ရတာ ကျုပ် မင်းနဲ့ အဆိပ်ပညာ ပြိုင်လို့မဖြစ်တော့ဘူးနဲ့တူတယ်။”

စွန်းရှောင်းဟုန်-“ရှင်ကြိုက်တဲ့နည်း ရွေးချယ်နိုင်ပါတယ်။”

စွန်းရှောင်းဟုန်ကိုကြည့်ရသည်မှာ သူမကိုသူမ ယုံကြည်စိတ်ချမှုပြည့်ဝစွာ ရှိနေ သောကြောင့် လီဆွန်းဟွာ ဘာမှဝင်မပြောတော့ပါ။ ဆရာကြီးစွန်း၏ မြေးတပည့် တစ်ယောက်၏ အစွမ်းအစများကို သူမြင်တွေ့ချင်ပါသေးသည်။

လင်ရှန်းအာသည် လီဆွန်းဟွာဘက်သို့လှည့်ကြည့်ပြီး ပြောဆိုလိုက်၏။ “ဆရာ လေး လီတွမ့်ဟွာလိုလူရှေ့မှာ ကျမတို့သိုင်းပညာယှဉ်ပြိုင်ကြမယ်ဆိုရင် ရယ်စရာ ကြီးဖြစ်နေမှာပေါ့။ ဟုတ်တယ်မဟုတ်လား။”

စွန်းရှောင်းဟုန်-“ဒါဆိုရင် ရှင်ကဘာယှဉ်ပြိုင်ချင်လို့လဲ။”

လင်ရှန်းအာ-“ကျုပ်တို့တွေက မိန်းမသားတွေဖြစ်နေတော့... မိန်းမသားတွေ ပြိုင်သလိုပဲ ယှဉ်ပြိုင်ကြတာပေါ့။”

စွန်းရှောင်းဟုန်-“မိန်းမတွေမှာလည်း သီးသန့်ယှဉ်ပြိုင်မှုတွေ ရှိနေသေးတယ် တဲ့လား။”

လင်ရှန်းအာ-“သိပ်ရှိတာပေါ့။”

စွန်းရှောင်းဟုန်-“ဘာများလဲ ပြောစမ်းပါဦး။”

လင်ရှန်းအာ-“ယောက်ျားတွေဟာ မိန်းမတွေထက် ကိုယ်ကာယပိုပြီး သန်စွမ်း ကြတယ်။ ဒါပေမဲ့ တချို့အရာတွေဟာ မိန်းမတွေပဲပြုလုပ်နိုင်ကြပြီး ယောက်ျားတွေ အတွက်ပြုလုပ်နိုင်ဖို့ အိပ်မက်တောင်မက်ဝံ့ကြမှာမဟုတ်ဘူး။”

စွန်းရှောင်းဟုန်-“ဘယ်လိုမျိုးတွေလဲ ပြောပါဦး။”

လင်ရှန်းအာ-“ဥပမာ... ကလေးမွေးတာမျိုးပေါ့...”

စွန်းရှောင်းဟုန်-“ကလေးမွေးတာ... ဟုတ်လား။”

လင်ရှန်းအာ-“မှန်တယ်။ ကလေးမွေးတယ်ဆိုတာ မိန်းမတွေရဲ့သီးသန့် အစွမ်း တစ်မျိုးပဲ။ မိန်းမတိုင်းရဲ့ အောင်မြင်မှုသရဖူလည်းဖြစ်နေပြန်သေးတယ်။ ကလေးမ မွေးနိုင်တဲ့ မိန်းမတွေဆိုရင် နှိမ့်ချခံကြရတယ်။ ကျုပ်ပြောတာ မှန်တယ်မဟုတ် လား။”

စွန်းရှောင်းဟုန်သည် မျက်နှာအပျက်ပျက်ဖြင့် ထစ်ငေါ့စွာပြောဆိုလိုက်၏။ “ ရှင်... ရှင်... ဒီနည်းနဲ့...”

လင်ရှန်းအာ-“ကျုပ်တို့ ဘယ်သူက ကလေးများများနဲ့ မြန်မြန်မွေးနိုင်လဲဆိုတာ ယှဉ်ပြိုင်ကြမယ်လေ။”

စွန်းရှောင်းဟုန်က ဒေါသတကြီး အော်ဟစ်လိုက်လေတော့သည်။ “ရှင်ရူးနေ လား။ ကျမတို့ဘယ်လိုလုပ်ပြီး ဒီလိုမျိုးယှဉ်ပြိုင်နိုင်မှာလဲ။”

လင်ရှန်းအာ-“ဒီလိုမျိုးမပြိုင်နိုင်ဘူးလို့ မင်းကိုဘယ်သူပြောလဲ။ ဘာလဲ မင်း ကလေးမမွေးနိုင်လို့လား။”

စွန်းရှောင်းဟုန်၏မျက်နှာတစ်ပြင်လုံး နီတွတ်သွားတော့သည်။ ထိုစကားကို သူမ မငြင်းပယ်နိုင်သလို လက်လည်းမခံနိုင်ပါ။

လင်ရှန်းအာ-“ဒီယှဉ်ပြိုင်နည်းက အချိန်သိပ်ကြာလွန်းတယ်လို့ မင်းယူဆရင် လည်း ကျုပ်တို့တခြားနည်းနဲ့ ယှဉ်ပြိုင်ကြသေးတာပေါ့။”

စွန်းရှောင်းဟုန်-“ကောင်းတယ်... တခြားနည်းနဲ့ပဲ ယှဉ်ပြိုင်ကြမယ်။”

လင်ရှန်းအာ-“ယောက်ျားတွေအားလုံး ကြိုက်နှစ်သက်တဲ့နည်းတစ်နည်းတော့ ရှိနေပါသေးတယ်။ ဒါပေမဲ့ အစွမ်းအထက်ဆုံးဆိုတဲ့ မိန်းမတွေတောင် လုပ်ဖို့လက် တွန့်ကြရတဲ့နည်းတစ်နည်းကျန်သေးတယ်။”

သူမသည် သဘောကျစွာရယ်မောပြောဆိုလိုက်ပြန်၏။ “မိန်းမတိုင်းလုပ်နိုင်တဲ့ ယှဉ်ပြိုင်မှုကို မင်းကမပြိုင်ချင်ဘူးဆိုတော့ မိန်းမအနည်းငယ်သာ စွန့်စွန့်စားစား လုပ်နိုင်တဲ့နည်းနဲ့ ယှဉ်ပြိုင်ကြတာပေါ့။”

စွန်းရှောင်းဟုန်-“ကျမကို အရင်ပြောပြဦး။ ပြီးမှပြိုင်မပြိုင် ကျမဆုံးဖြတ်မယ်။”

လင်ရှန်းအာ-“ကျုပ်တို့တွေ အဝတ်အစားချွတ်လိုက်ကြမယ်လေ... ကိုယ်လုံးတီး ဘယ်သူကအရင်ဆုံးချွတ်နိုင်လဲ... အရင်ဆုံးချွတ်နိုင်တဲ့သူအနိုင်ပဲ။ ကျုပ်သာရှုံးနိမ့် သွားမယ်ဆိုရင် ကျုပ်ခေါင်းကိုမင်းဖြတ်ယူသွားနိုင်ပါတယ်။”

သူတို့သည် ညဈေးတန်းထဲတွင်ရောက်နေကြခြင်းဖြစ်၏။ လူအများသည် အ ခြားလူများ၏ အရေးကိစ္စများကို စိတ်မဝင်စားဟုဆိုသော်လည်း မိန်းမနှစ်ယောက် အဝတ်အစားများ ချွတ်ပြနေခြင်းကိုတော့ လှည့်မကြည့်ဘဲ၊ ဝိုင်းအုံမကြည့်ဘဲတော့ နေနိုင်ကြမည်မဟုတ်ပါ။

စွန်းရှောင်းဟုန်၏ မျက်နှာတစ်ပြင်လုံး နီရဲလာခဲ့ပြီး နှုတ်ခမ်းများကို ပြတ်လုမ တတ်ဖိကိုက်ထားကာ ပြောဆိုလိုက်သည်။ “ဉာဏ်အကောင်းဆုံးဆိုတဲ့ ယောက်ျား တွေတောင် မိန်းမတွေနဲ့ အလောင်းအစားမလုပ်နိုင်ကြဘူးဆိုတာ မထူးဆန်းတော့ ပါဘူး။ ရှင့်လိုမိန်းမတစ်ယောက်က ညစ်ညစ်ပတ်ပတ်နည်းတွေနဲ့ အနိုင်ယူနေတတ် သေးလို့ကိုး...”

လင်ရှန်းအာ-“ယောက်ျားတိုင်းကို အခွင့်အရေးယူဖို့ဆိုတာ မိန်းမတိုင်းရဲ့ရပိုင် ခွင့်ပဲလေ။ ယောက်ျားတစ်ယောက်ကို အခွင့်အရေးမယူတတ်တဲ့မိန်းမဆိုတာ ငနုံငအ တစ်ယောက်ဖြစ်ရင်ဖြစ်၊ မဟုတ်ရင် သိပ်ရုပ်ဆိုးနေလို့ပဲဖြစ်ရမယ်။”

စွန်းရှောင်းဟုန်-“ကျမက ယောက်ျားတစ်ယောက်မဟုတ်ဘူး။”

လင်ရှန်းအာ-“ကျုပ် မင်းအပေါ်မှာ ဘယ်တုန်းကမှ အခွင့်အရေးမယူခဲ့ပါဘူး။ ကျုပ်တို့ဘယ်လိုနည်းနဲ့ပဲပြိုင်ပြိုင် ရတယ်လို့ပြောခဲ့တာ မင်းပါ။”

စွန်းရှောင်းဟုန်-“ဒါပေမဲ့ ကျမမသိခဲ့တာက ရှင်ဟာ ညစ်တီးညစ်ပတ်နည်း လမ်းနဲ့ ယှဉ်ပြိုင်ခဲ့မယ်ဆိုတာပဲ။”

လင်ရှန်းအာ-“ဒါကတော့ ကိုယ့်ဒေါသနဲ့ကိုယ်ပဲလေ။ မင်းကကျုပ်ကိုသတ်ချင် နေတယ်မဟုတ်လား... ဘာဖြစ်လို့ချက်ချင်းမတိုက်ခိုက်ခဲ့ရတာလဲ။ မင်းကိုဘယ်သူ ကများ ဟောင်ဖွာဟောင်ဖွာနဲ့ ဟိုလိုပြိုင်ကြစို့ ဒီလိုပြိုင်ကြစို့လို့ ပြောခိုင်းခဲ့လို့ တုန်း။”

လင်ရှန်းအာသည် အတောမသတ်အောင်ရယ်မောနေပြီးမှ ဆက်၍ပြောဆိုလိုက် သည်။ “ဒါပေမဲ့လည်း မင်းအပြစ်ချည့်ပဲမဟုတ်ပါဘူးလေ။ ပါးစပ်မဟောင်ဖွာတဲ့ မိန်းမဆိုတာ ကျုပ်မတွေ့ဖူးသလောက်ပါပဲ။”

ထို့ကြောင့် ယှဉ်ပြိုင်ခြင်းဆိုသည်မှာ ယောက်ျားများနှင့်သာ သင့်လျော်လေ သည်။

အဘယ်ကြောင့်ဆိုသော် ယှဉ်ပြိုင်ခြင်းဆိုသည်မှာ လက်သီးများဖြင့် ဖြေရှင်းကြ သည်ချည်းဖြစ်ပြီး ပါးစပ်များဖြင့် ဖြေရှင်းရနိုင်သောအရာမဟုတ်ချေ။ စကားများ များပြောလေ... မိမိကိုယ်ကို ယုံကြည်မှု နည်းပါးလာရလေမဟုတ်ပါလား။

မည်သည့်အချိန်တိုင်းပင်ကြည့်ကြည့် စကားများရန်ဖြစ်နေကြသူနှစ်ယောက်ကို တွေ့ခဲ့ရသည်ဆိုပါစို့။ ထိုသူတို့သည် တစ်ယောက်နှင့်တစ်ယောက် စကားများစွာ ဆဲဆိုနေကြသည်ကို တွေ့ရပါက ထိုရန်ဖြစ်မှုသည် များသောအားဖြင့် ဘယ်တော့မှ ကိုယ်ထိလက်ရောက်မဖြစ်လာတတ်ပါ။

သို့သော် ဆိုရိုးစကားတစ်ခုရှိသည်မဟုတ်ပါလား။ ‘လူကြီးလူကောင်းဆန်သူတို့ သည် နှုတ်ဖြင့်သာတိုက်ခိုက်တတ်ကြပြီး လက်ပါခြင်းမရှိကြ။’

ဆောင်းလေက တသုန်သုန်တိုက်ခတ်နေ၏။ အနောက်ဘက်သို့ ညနေစောင်း နေဝင်သွားခဲ့ပြီဖြစ်သည်။ အမျိုးသမီးနှစ်ယောက်သည် မျက်နှာခြင်းဆိုင်ရပ်နေကြပြီး စကားတစ်လုံးမျှ မပြောကြဘဲ သေရေးရှင်ရေးဆုံးဖြတ်ချက်တစ်ခုကို ချနိုင်ရန် ကြိုးစားနေကြ၏။

ဤမြင်ကွင်းမျိုးကို မည်သူကများ မြင်တွေ့ဖူးပါသနည်း။

ကြားပင်ကြားဖူးကြမည်မဟုတ်။

“မိန်းမဆိုသည်မှာ မိန်းမသာဖြစ်သည်။”

လောကကြီးတွင် ယောက်ျားများနှင့် မိန်းမများ တူညီကြသည်ဆိုသော်လည်း တချို့အရာများကို မိန်းမများ ဘယ်တော့မှ ဆောင်ရွက်နိုင်ကြမည်မဟုတ်ပါ။

ထိုအလုပ်များကို ကြိုးစားလုပ်ဆောင်ကြသော မိန်းမများသည် နောင်ကျဉ်မှု များသာရရှိကြမည်ဖြစ်၏။

“မိန်းမဆိုသည်မှာ မိန်းမသာဖြစ်သည်။”

မိန်းမများကို မည်သူမျှ နားလည်သဘောပေါက်ကြမည်မဟုတ်ပါ။

လင်ရှန်းအာ၏အပြုံးက အဆုံးစွန် ချစ်စရာကောင်းပြီး ချိုသာနေလေသည်။

သူမ၏အပြုံးကိုတွေ့လိုက်ရပြီးနောက် လီဆွန်းဟွာ ကင်းမြီးကောက်ပြာကို ရုတ်တရက်သတိရမိသွား၏။

ကင်းမြီးကောက်ပြာသည် အများကနှိမ့်ချကြည့်ခံရသော မိန်းမတစ်ယောက်ဖြစ် သော်ငြားလည်း သူမထံတွင် သူမတူသောကိုယ်ကျင့်တရားများ ရှိနေခဲ့သည်။

ကင်းမြီးကောက်ပြာ အသေစောခဲ့ရခြင်းကို လီဆွန်းဟွာ ရုတ်တရက်ကြေကွဲ သွားခဲ့ရလေသည်။

စွန်းရှောင်းဟုန်၏ နီတွတ်နေသောမျက်နှာပြင်သည် အစိမ်းရောင်သို့ ပြန် ပြောင်းသွားပြီဖြစ်၏။

လင်ရှန်းအာ-“ကျုပ်တို့ နေရာ၊ အချိန်၊ ယှဉ်ပြိုင်နည်း အားလုံးရွေးချယ်ပြီးသွား ပြီနော်။ ဆက်ပြီးပြိုင်တာမပြိုင်တာ မင်းအလုပ်ပဲ။”

စွန်းရှောင်းဟုန်က ခေါင်းခါရမ်းပြလိုက်သည်။

လင်ရှန်းအာ-“မင်းက မပြိုင်ချင်တော့ဘူးဆိုတော့လည်း ကျုပ်သွားတော့မယ်။”

စွန်းရှောင်းဟုန်-“ဒါဆိုလည်း ထွက်သွားပေါ့။”

သူမက သက်ပြင်းတစ်ချက်ချပြီး ပြောဆိုလိုက်သည်။ “ရှင့်ရဲ့ကံဆိုးမှုကိုပဲ အပြစ်ပုံချရတော့မှာပဲ။”

လင်ရှန်းအာ-“မင်းရဲ့ကံဆိုးမှုကိုပြောတာလား။ ဒါမှမဟုတ် ကျုပ်ရဲ့ကံဆိုးမှုလို့ ပြောလိုက်တာလား။”

စွန်းရှောင်းဟုန်-“ရှင့်ကံဆိုးမှုကိုပြောတာ။”

လင်ရှန်းအာက မနေနိုင်စွာမေးမြန်းလိုက်၏။ “ဘာဖြစ်လို့ ကျုပ်ကကံဆိုးရဦး မှာလဲ။”

စွန်းရှောင်းဟုန်-“ကျမရဲ့နှုတ်က ရှင့်ကိုရက်ရက်စက်စက်ပြောခဲ့ပေမယ့် ကျမသာ တကယ်တမ်းရှင့်ကို တိုက်ခိုက်ခဲ့မယ်ဆိုရင် ဒီလောက်ရက်စက်ခဲ့မှာမဟုတ်ဘူး။ ကျမမှာ ရှင့်ကို သတ်ဖို့ ရည်ရွယ်ချက်လုံးဝမရှိပါဘူး။ ရှင့်ကိုဒဏ်ရာလေးနည်းနည်း ပါးပါးရအောင် တိုက်ခိုက်ပြီး သင်ခန်းစာပေးချင်ရုံသက်သက်ပါ။”

လင်ရှန်းအာ-“ဒါဆိုရင် ကျုပ်ကံကောင်းတယ်လို့ မင်းဆိုလိုလိုက်တာပေါ့လေ။”

စွန်းရှောင်းဟုန်-“ကျမသာ ရှင့်ကိုဒဏ်ရာရအောင်တိုက်ခိုက်ခဲ့မယ်ဆိုရင် နောက် ထပ်လူတစ်ယောက် ရှင့်ကိုလာသတ်လိမ့်မယ်။ အဲ့ဒီအချိန်ကျရင် သူ့ကိုမတိုက်ခိုက် အောင် ကျမက ရှင့်ကိုကာကွယ်စောင့်ရှောက်ပေးရတော့မယ်။ ဟုတ်တယ်မဟုတ် လား။”

သူမက ရယ်မောပြီး ဆက်ပြောနေလိုက်သည်။ “ဒါပေမဲ့ အခုအချိန်မှာ တစ်စုံ တစ်ယောက်က ရှင့်ကို လာသတ်မယ်ဆိုရင် ကျမအတွက် ဘာမှခံစားရမှာမဟုတ် တော့ပါဘူးလေ။”

စွန်းရှောင်းဟုန်၏စကားပင်မဆုံးသေး လင်ရှန်းအာသည် ဘေးဘီပတ်ဝန်းကျင် ကို လှည့်ပတ်ကြည့်ရှုနေလေတော့သည်။

တချို့အချိန်များတွင် လင်ရှန်းအာ၏ တုံ့ပြန်မှုနှုန်းက လီဆွန်းဟွာတို့၊ အားဖေ တို့ထက် နှေးကွေးခြင်းမရှိပါ။

သူမသည် အရပ်ရှစ်မျက်နှာလုံးကို စေ့စေ့စပ်စပ် သေချာစွာ လိုက်လံကြည့်ရှုနေ ၏။ အမှောင်ထဲသို့လည်း လိုက်လံကြည့်ရှုနေ၏။

သို့သော် မည်သူ့ကိုမှ လင်ရှန်းအာ မတွေ့ရပါ။

စွန်းရှောင်းဟုန်သည် လီဆွန်းဟွာ၏လက်ကိုဆွဲပြီး ထွက်သွားလိုက်လေတော့ သည်။ “လာ.. သွားကြစို့။ သူများကိုသတ်ဖြတ်တာတွေ ကျမမမြင်ချင်ပါဘူး။”

လင်ရှန်းအာ-“ကျုပ်ကို လူတစ်ယောက်ယောက်ကများ လိုက်သတ်နေတယ်လို့ မင်းဆိုလိုချင်တာလား။”

စွန်းရှောင်းဟုန်-“ကျမ အဲ့ဒီလိုများ ပြောခဲ့မိလို့လား။”

လင်ရှန်းအာ-“အဲ့ဒီလူဘယ်မှာလဲ။ မင်းသူ့ကို တွေ့ခဲ့သေးလား။”

စွန်းရှောင်းဟုန်သည် သူမ၏အမေးကို ပြန်ဖြေခြင်းမပြုတော့ပါ။

လင်ရှန်းအာကိုကြည့်ရသည်မှာ တော်တော်လေး စိတ်လေခြောက်ခြားလာပုံရ သည်။ “ဒီနေရာမှာ ဘယ်သူ့ကိုမှလည်းမတွေ့မိပါလား။”

စွန်းရှောင်းဟုန်က အေးစက်စွာ ပြောဆိုလိုက်၏။ “ရှင်ဘယ်တွေ့မှာလဲ။ ရှင် တွေ့လိုက်ရတဲ့အချိန်ရောက်ရင် သိပ်နောက်ကျသွားပြီ။”

လင်ရှန်းအာ-“ကျုပ်တောင်မှ မတွေ့ရတဲ့လူတွေကို မင်းကဘာဖြစ်လို့တွေ့နေရ တာလဲ။”

စွန်းရှောင်းဟုန်-“ဘာဖြစ်လို့လဲဆိုတော့ သူတို့သတ်ချင်တဲ့လူက ကျမမှမဟုတ် တာ။”

စွန်းရှောင်းဟုန်က ပြုံးပြီးဆက်ပြောနေလိုက်၏။ “သူတို့ကရှင့်ကို ဘယ်တွေ့စေ ချင်မှာလဲ။ သူတို့သာရှင့်ကို တွေ့မြင်သွားမယ်ဆိုရင် ရှင့်ကိုသတ်ဖို့ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်တော့မှာလဲ။”

လင်ရှန်းအာ-“သူတို့... သူတို့ဆိုတာ ဘယ်သူတွေလဲ။”

စွန်းရှောင်းဟုန်-“ရှင့်နောက်ကိုလိုက်နေတဲ့လူတွေ ဘယ်သူတွေလဲဆိုတာ ကျမ ဘယ်လိုလုပ်ပြီးသိနိုင်မှာတုန်း။ ရှင်ပိုသိမှာပေါ့။”

လင်ရှန်းအာသည် ရှိရှိသမျှ အရပ်မျက်နှာများကို လိုက်လံကြည့်ရှုနေလေတော့ သည်။ သူမ၏မျက်လုံးများထဲတွင်တော့ စိတ်ခြောက်ခြားပြီး ကြောက်လန့်တုန်လှုပ် မှုများ ပြည့်နှက်လျက်ရှိနေလေသည်။

လင်ရှန်းအာ ကြောက်တတ်သည့်အရာဆိုသည်မှာ အင်မတန်မှ ရှားပါးလှပါ သည်။

အဘယ်ကြောင့်ဆိုသော် သူမကိုသတ်ရန်လာသူတိုင်းကို သူမအနေနှင့် ဖြား ယောင်းသိမ်းသွင်းနိုင်သည်ဟု ယုံကြည်ထားခြင်းကြောင့်ဖြစ်၏။

သို့သော် ယခုအချိန်တွင် လူသတ်သမားကို သူမ မမြင်တွေ့နိုင်သလို လူသတ် သမားသည်လည်း သူမကို မတွေ့မြင်ချင်ပါ။ ထို့ကြောင့် သူမ၏ အားအထားရဆုံး လက်နက်တို့မှာ ဘာမှအသုံးမဝင်တော့လေပြီ။

စွန်းရှောင်းဟုန်-“ရှင့်ကိုသတ်ချင်နေတဲ့လူဘယ်သူဆိုတာ ရှင်မသိနိုင်ဘူးလို့ တော့မငြင်းဆိုလိုက်ပါနဲ့ရှင်။ ဘာကြောင့်လဲဆိုတော့ ရှင့်ကိုသေစေချင်နေတဲ့သူတွေ က ဒုနဲ့ဒေးမဟုတ်လား။”

လင်ရှန်းအာသည် ကယောင်ခြောက်ခြားဖြစ်နေပြီး ချွေးစေးများကို သုတ်နေ လိုက်တော့၏။

သူမ၏လှုပ်ရှားမှုမှန်မျှတို့သည် လွန်စွာမှပင် နူးညံ့သိမ်မွေ့နေဆဲ၊ ကဗျာဆန်စွာ လှပကျော့ရှင်းနေဆဲဖြစ်၏။

သို့သော် ယခု သူမချွေးသုတ်နေပုံက အင်မတန်မှပင် သနားစရာ၊ ရယ်မောစရာ ကောင်းနေ၏။

လူတစ်ယောက်ကို ခြောက်လှန့်ချင်သည်ဆိုပါက ထိုလူ၏စိတ်တွင်းသို့ ကြောက်စိတ်များ ထည့်သွင်းပေးလိုက်ခြင်းက အကောင်းဆုံးနည်းလမ်းဖြစ်၏။ ဤ နည်းဖြင့် လက်တစ်ချောင်းပင် ထောင်စရာမလိုဘဲ ထိုသူ့ကို ထိတ်လန့်တုန်လှုပ် သွားစေနိုင်လေသည်။

လီဆွန်းဟွာသည် စွန်းရှောင်းဟုန်ကို ကြည့်လိုက်ပြီး ရယ်မောချင်စိတ်ကို မထိန်းသိမ်းနိုင်တော့ချေ။

စွန်းရှောင်းဟုန်သည် ချာတိတ်တစ်ယောက်မဟုတ်တော့မှန်း သူရုတ်တရက် သိမြင်လာတော့၏။ မည်သို့ပင်ကြည့်ကြည့် သူ့အမြင်တွင် စွန်းရှောင်းဟုန်သည် အရွယ်ရောက်ပြီး မိန်းမပျိုတစ်ယောက်ဖြစ်နေလေတော့သည်။

အရွယ်ရောက်ပြီးမိန်းမတစ်ယောက်ကသာ အရွယ်ရောက်ပြီးမိန်းမတစ်ယောက် ကို ယှဉ်ပြိုင်အနိုင်ယူနိုင်သည်မဟုတ်ပါလား။...

0 comments:

Post a Comment