Wednesday, March 9, 2011

(၇၀) မိန်းမတစ်ယောက်၏ အဆိပ်ပြင်းထန်သောနှလုံးသား

ချိုမြိန်သာယာပြီး နူးညံ့သောအသံလေးက လူတစ်ယောက်ကို လူသတ်သမား တစ်ယောက်ဖြစ်လာစေရန် လှုံ့ဆော်ပေးနိုင်စွမ်းရှိ၏။

လီဆွန်းဟွာက လှည့်မကြည့်ခဲ့ပါ။ လုဖုန်းရှန်းကတော့ အသံကြားသည်နှင့် ရုတ်တရက် ရူးသွပ်စွာထပြေးထွက်သွား၏။

ကြည့်ရသည်မှာ တစ္ဆေသရဲတစ်ကောင်ကို သူမြင်တွေ့ခဲ့သည့်အလား။

ထိုအသံရှင်သည် မည်သူဖြစ်မှန်း လီဆွန်းဟွာ လှည့်မကြည့်ဘဲနှင့် သိနေပါ သည်။

ထိုအသံရှင် ပြောခဲ့သောစကား၏အဓိပ္ပါယ်ကို သူအပြည့်အဝ နားလည်ခဲ့ပါ သည်။

“အားဖေသည် မိသားစုမရှိသောသူတစ်ယောက်ဖြစ်၏။”

လီဆွန်းဟွာ တွေဝေငေးငိုင်သွားရလေတော့သည်။ လက်သီးဆုပ်ပြီး သူပြောဆို လိုက်၏။ “မင်းကိုဒီနေရာမှာ လာတွေ့လိမ့်မယ်လို့ ကျုပ်လုံးဝမထင်ထားဘူး။ ဒီလို နေရာမျိုးကိုလည်း မင်းလာလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။”

ထိုအမျိုးသမီးသည် လင်ရှန်းအာပင်ဖြစ်နေလေသည်။


သူမက ရယ်မောပြောဆိုလိုက်သည်။ “ဒီလိုနေရာမျိုးတွေကို ကျမလာလေ့လာ ထမရှိပါဘူး။ ဒါပေမဲ့ ဒီလိုနေရာမျိုးကိုလာမှသာ ရှင့်ကိုတွေ့နိုင်မှာမဟုတ်လား။ ရှင့် ကိုလိုက်ရှာဖို့ဆိုရင် ဘယ်နေရာပဲဖြစ်ဖြစ် ကျမသွားရဲပါတယ်။”

လီဆွန်းဟွာက အေးစက်စွာပြောဆိုလိုက်သည်။ “မင်းကျုပ်ကို လာမရှာခဲ့သင့် ဘူး။ ခုတော့ မင်းနောင်တကောင်းကောင်းရ ရတော့မယ်။”

လင်ရှန်းအာ-“နောင်တရမယ်... ဟုတ်လား။ ဘာဖြစ်လို့ကျမက နောင်တရရမှာ လဲ။ ကျမတို့က မိတ်ဟောင်းဆွေဟောင်းတွေမဟုတ်လား။ ရှင်ဒီနေရာမှာရှိနေတာ သိပြီးတဲ့နောက်တော့ ကျမက ဘာဖြစ်လို့ရှင့်ကို ဝင်မတွေ့ရမှာလဲ။ ရှင်ဘယ်လိုနေလဲ ဆိုလောက်လေး သတင်းဝင်မေးခွင့်လေးတော့ ရှိသင့်တာပေါ့။”

သူမ၏စကားသံများက ပို၍ပင်ညုတုတုခရာတာတာဖြစ်လာခဲ့ပြီး ဆက်ပြောဆို လိုက်ပြန်သည်။ “အခုတလော ကျမ ရှင့်အကြောင်းတွေချည်းပဲ စဉ်းစားနေမိတယ် ဆိုတာသိရဲ့လား။”

လီဆွန်းဟွာ-“မင်း လုဖုန်းရှန်းနဲ့ အားဖေကို ဘယ်လိုဆက်ဆံခဲ့တယ်ဆိုတာ ကျုပ်သိနေတယ်ဆိုတာကိုလည်း မင်းသိထားသင့်တယ်။”

လီဆွန်းဟွာက ဆက်မပြောတော့ပါ။

သူများကိုခြောက်လှန့်သော စကားလုံးများဖြင့် သူအနိုင်မယူချင်ပါ။ ဘယ်တုန်း ကမှလည်း ထိုကဲ့သို့အနိုင်ယူရန် သူမပြုလုပ်ခဲ့ဘူး။ မလိုအပ်ဟုထင်သည်။

လင်ရှန်းအာ-“ဒါဆိုရင် လုဖုန်းရှန်းကိုချိုးလိုက်သလို အားဖေကို ကျမက ထပ် ပြီးချိုးလိုက်မယ်ဆိုရင်ကော ရှင်ဘာလုပ်မှာလဲ။ ကျမကို သတ်မှာလား။”

လီဆွန်းဟွာ-“မင်းကောင်းကောင်း နားလည်သင့်ပါတယ်။”

လင်ရှန်းအာ-“ကျမသိတာတော့ ရှင်ဟာ အားဖေကို ကျမနဲ့လမ်းခွဲဖို့အမြဲတမ်း တိုက်တွန်းခဲ့တယ်ဆိုတာပဲ။ အခုတော့ ကျမက အားဖေကိုအရင်ဆုံးလမ်းခွဲသူဖြစ် သွားပြီ။ ကျမရှင့်အလိုကို ဆောင်ရွက်ပေးနေတာပဲမဟုတ်လား။”

လီဆွန်းဟွာ-“မတူဘူး။”

လင်ရှန်းအာ-“ဘာက မတူတာလဲ။”

လီဆွန်းဟွာ-“ကျုပ်က မင်း အားဖေကိုအပြီးအပိုင် စွန့်ခွာသွားစေချင်တာ။ သူ့ ကိုဖျက်ဆီးခိုင်းစေချင်တာမဟုတ်ဘူး။”

လင်ရှန်းအာ-“ကျမက သူ့ကိုဖျက်ဆီးပစ်ခဲ့ပြီးပြီဆိုရင်ကော...”

လီဆွန်းဟွာသည် တစ်ဘက်လှည့်လာပြီး လင်ရှန်းအာ၏မျက်လုံးများထဲကို စိုက်ကြည့်နေပြီးမှ ပြောဆိုလိုက်သည်။ “ဒါဆိုရင်တော့ မင်းဒီနေရာကို ဒီနေ့လာခဲ့ တဲ့အတွက် နောင်တရသွားမှာသေချာတယ်။”

လီဆွန်းဟွာ၏ အမူအရာများက ပျင်းရိပျင်းတွဲအမူအရာများဖြင့် ပြောဆိုခဲ့ခြင်း ဖြစ်သော်လည်း လင်ရှန်းအာအတွက်တော့ ပြုံးပင်မပြုံးနိုင်တော့လောက်အောင် အင် အားကြီးမားသော ဖိအားကြီးတစ်ခု သူမပေါ်သို့ ပိကျလာသလို ခံစားနေရ၏။

သူမ မပြုံးနိုင်သောအဖြစ်သည် လွန်စွာမှပင် ရှားပါးလှ၏။

အပြုံးဆိုသည်မှာ သူမ၏အထက်မြက်ဆုံးလက်နက်တစ်ခုမဟုတ်ပါလား။ စန့် ကွမ်းကျင်းဟုန်နှင့်တွေ့သည့်အခါများတွင် သူမ၏အပြုံးသည် ဘာမျှအသုံးမဝင်နိုင် ခဲ့ချေ။ ဤတစ်ကြိမ်တွင်လည်း သူမ၏အပြုံးက အသုံးမဝင်တော့သော အချိန်များမှ တစ်ကြိမ်ဖြစ်၏။

လီဆွန်းဟွာရှေ့တွင် ရပ်နေသော်လည်း သူမ၏ခံစားမှုများက စန့်ကွမ်းကျင်း ဟုန်ရှေ့မှောက် ရောက်ရှိနေသလို ခံစားနေရပြန်၏။ လူတစ်ယောက်၏ မိမိကိုယ် ကို ယုံကြည်အားထားမှုများ ပျက်စီးသွားသည့်အခါခံစားရသော ခံစားချက်များကို ထိုသူ၏အပြုံးတွင် တွေ့နိုင်သည်မဟုတ်ပါလား။

အတန်ကြာသောအခါတွင်မှ လင်ရှန်းအာက ခေါင်းခါရမ်းပြပြီး ပြောဆိုလိုက် သည်။ “ကျမကို ရှင်ဘာမှမလုပ်ဘူးဆိုတာ ကျသိနေပါတယ်ရှင်။”

လီဆွန်းဟွာ-“မင်းကြည့်ရတာ သိပ်ကိုသေချာနေပါလား။”

လင်ရှန်းအာ-“သိပ်သေချာတာပေါ့ရှင်။”

လီဆွန်းဟွာ-“ကျုပ်ကိုကျုပ်တောင်မှ မသေချာဘူး။ တစ်ခါတစ်ရံဆို ကျုပ်လုပ် တဲ့အလုပ်တွေကို ကျုပ်လုပ်ခဲ့တာမှ ဟုတ်ပါလေစလို့တောင် ထင်ခဲ့ရတယ်။”

လင်ရှန်းအာ-“ရှင်သာ ကျမကိုနောင်တရအောင် လုပ်ခဲ့မယ်ဆိုရင် ရှင်ကိုယ်တိုင် ပိုပြီး နောင်တရသွားမှာပေါ့။”

လီဆွန်းဟွာ-“ရှင်းစမ်းပါဦး။”

လင်ရှန်းအာ-“ရှင် အားဖေကို နောက်တစ်ကြိမ် ထပ်တွေ့ချင်သေးတယ်ဆိုရင်.. .”

လီဆွန်းဟွာက စိတ်လှုပ်ရှားစွာ မေးမြန်းလိုက်လေတော့သည်။ “သူဘယ်မှာရှိ နေလဲဆိုတာ မင်းသိလား။”

လင်ရှန်းအာ-“သိပ်သိတာပေါ့ရှင်။”

လင်ရှန်းအာ၏ နဂိုရ်မူလအပြုံးများ ယုံကြည်စိတ်ချစွာ ပြန်လည်ပြုံးလာနိုင် ခဲ့ပြီး ပြောဆိုလိုက်သည်။ “ကျမထင်တာတော့ ကျမဟာ ဒီလောကကြီးမှာ ရှင့်ကို အားဖေဆီရောက်အောင် လမ်းညွှန်ပြနိုင်မယ့် တစ်ဦးတည်းသောသူဆိုတာပဲ။ နောက် ပြီး အားဖေကို ကယ်တင်ဖို့လည်း ကျမဟာ တစ်ဦးတည်းသောသူပဲ။ ဘာဖြစ်လို့လဲ ဆိုတော့ သူ့ကို ကျမက ဖျက်ဆီးနိုင်ခဲ့မှတော့ ပြန်ကယ်တင်ဖို့ဆိုတာ သိပ်ပြီးမခက် ခဲလှပါဘူးလေ။”

လီဆွန်းဟွာ၏ အမူအရာများ ပြောင်းလဲသွားခဲ့ရ၏။

လီဆွန်းဟွာ သိလိုက်ရသည်မှာ ဤတစ်ကြိမ်တွင် လင်ရှန်းအာ လိမ်ပြောနေ ခြင်းမဟုတ်ဆိုသည်ကိုပင်။

လင်ရှန်းအာ လိမ်လည်ပြောဆိုသည့်အခါများတွင် အလွန်ကြောက်မက်ဖွယ် ကောင်းလှ၏။ သူမ အမှန်အတိုင်းပြောဆိုနေသည့်အခါများတွင်မူ ပို၍ပင်ကြောက် မက်ဖွယ်ကောင်းနေသေးလေသည်။ အဘယ်ကြောင့်ဆိုသော် သူမလိုလူတစ်ယောက် ထံမှ အမှန်အတိုင်းထွက်ပြောလာအောင်ဆိုလျှင် ပေးရမည့်လျော်ကြေးတန်ဘိုးက အရမ်းပင်ကြီးမြင့်ပေလိမ့်မည်။

လီဆွန်းဟွာသည် မိမိ၏လက်ချောင်းထိပ်များကို ပွတ်သပ်နေ၏။ အဘယ် ကြောင့်ဆိုသော် သူ့လက်ချောင်းထိပ်များသည် ရုတ်တရက်ထုံကျင်လာခဲ့ကြသော ကြောင့်ပင်။ “ကောင်းပြီလေ... မင်းဘာလိုချင်တာလဲ။”

လင်ရှန်းအာသည် သူ့ကို စိုက်၍သာကြည့်နေပြီး မည်သည့်စကားမျှ ပြောဆို ခြင်းမရှိပါ။

လီဆွန်းဟွာ-“မင်းဘာလိုချင်တယ်ဆိုတာ သေသေချာချာ ပြောပြပါ။”

လင်ရှန်းအာကပြုံးပြီး ပြောဆိုလိုက်တော့သည်။ “ဒီလောကကြီးထဲမှာ ကျမလို ချင်တဲ့အရာတွေမှ အများကြီးပဲ... ဒါပေမဲ့ ခုချိန်မှာတော့ ကျမအတွက် ရှင့်ကိုအချိန် ကြာကြာလေး စိုက်ကြည့်နေချင်တာပဲသိတယ်။”

သူမသည် နှုတ်ခမ်းများဖိကိုက်ထားပြီး ပြောဆိုလိုက်သည်။ “ဘာကြောင့်လဲဆို တော့ ရှင်ဒေါသထွက်တာ ကျမတစ်ခါမှ မတွေ့ဖူးဘူး။ လီဆွန်းဟွာ တကယ်ဒေါသ ထွက်နေပြီဆိုရင် ဘယ်လိုနေမှန်း ကျမသိချင်နေခဲ့တာကြာပြီ။ အခုလိုအချိန်မျိုးလေး ဟာ ကျမရဲ့ရှေ့ကိုရောက်လာပြီဆိုတော့ ဒီအချိန်လေးကိုလက်လွတ်ခံလို့ ဘယ်ဖြစ် လိမ့်မလဲ။”

လီဆွန်းဟွာသည် နောက်သို့လှဲထိုင်ချလိုက်ပြီး ဖယောင်းတိုင်မီးကို သူ့မျက်နှာ နားသို့ ဆွဲယူလာလိုက်၏။ ပြီးနောက် အရက်တစ်ခွက် ငဲ့ထည့်နေလေသည်။

လင်ရှန်းအာက ကြည့်ချင်နေပါသည်ဆိုမှတော့ ကြည့်ပါစေတော့။ သူမ သူ့ကို ကြည်ကြည်လင်လင်ပြတ်ပြတ်သားသား မြင်သွားစေချင်၏။

“မိန်းမတွေလိုချင်လာပြီဆိုရင် အားလုံးဖြည့်ဆီးပေးလိုက်ပါ။ ခဏလေးအတွင်း မှာပဲ သူတို့လိုချင်တောင့်တတဲ့အရာတွေဟာ သူတို့ထင်ထားသလောက် မကြီးကျယ် ဘူးဆိုတာ သိလာကြလိမ့်မယ်။”

“ဘာကြောင့်လဲဆိုတော့  အရာတစ်ခုအပေါ်မှာ မိန်းမတစ်ယောက်ရဲ့ စိတ်ဝင်စား မှုက သိပ်ကိုတိုတောင်းလွန်းလှတယ်။ ဒါပေမဲ့ သူတို့လိုချင်တဲ့အရာကို သင် မပေး ခဲ့ဘူးဆိုရင် သူတို့ရဲ့စိတ်ဝင်စားမှုကို ပိုပြီးမီးတိုက်ပေးသလိုဖြစ်နေလိမ့်မယ်။”

ထိုအချက်သည် မိန်းမများ၏ ပြဿနာအများကြီးထဲမှ တစ်ခုဖြစ်၏။ လွန်ခဲ့ သောနှစ်ပေါင်းထောင်ချီကတည်းကပင် သူတို့၌ဤပြဿနာရှိခဲ့ကြ၏။ နောင်နှစ် ပေါင်းထောင်ချီကြာလာသောအခါတွင်လည်း သူတို့ထံတွင် ဤပြဿနာ ရှိမြဲရှိနေဦး မည်ဖြစ်သည်။

ထူးဆန်းအံ့ဩစရာကောင်းသည့်အချက်တစ်ချက်မှာ နှစ်ပေါင်းများစွာအတွင်း ယောက်ျားလက်တစ်ဆုပ်စာလောက်သာ မိန်းမများ၏ ဤပြဿနာကို နားလည်ခဲ့ ကြလေသည်။

လီဆွန်းဟွာသည် ထိုနေရာ၌ အေးအေးဆေးဆေးထိုင်နေပြီး အရက်ကိုဇိမ်ခံစုပ် သောက်နေ၏။

လင်ရှန်းအာက သူ့ကိုပြုံးပြီးပြောဆိုလိုက်သည်။ “ရှင်ဟာတကယ်ပဲ ထူးဆန်း တဲ့လူတစ်ယောက်ပဲ။ ရှင့်စကားလုံးတွေက ထူးဆန်းနေကြရုံမကသေးဘူး၊ ရှင့်အမူ အရာတွေကလည်း ထူးဆန်းနေလိုက်ကြတာ... ရှင့်ရဲ့အရက်သောက်ပုံတောင်မှပဲ ထူးဆန်းနေသေးတယ်။ ကျမတကယ်ပဲ ရှင့်လက်ထဲက အရက်ခွက်လေးဖြစ်လိုက် ချင်တယ်။ ဘာကြောင့်လဲဆိုတော့ ရှင်ဟာမိန်းမတွေကို ဆက်ဆံတဲ့နေရာမှာ ရှင့် လက်ထဲက အရက်ခွက်ကို ဆက်ဆံပုံဆက်ဆံနည်းအတိုင်း နူးညံ့သိမ်မွေ့မှုမှ ရှိပါ့ မလားဆိုတာ သိချင်လို့ပါ။”

လီဆွန်းဟွာက နားထောင်၍သာနေလိုက်သည်။

လင်ရှန်းအာ-“တကယ်တမ်းပြောရရင် ရှင်မိန်းမတွေကို ဆက်ဆံတဲ့ ဆက်ဆံ ရေးက ပိုပြီးတော့တောင် ထူးဆန်းနေသေးတယ်။ မိန်းမတွေဘာတွေးနေလဲဆိုတာ ရှင်အမြဲသိနေပုံရတယ်။ အဲ့ဒီမိန်းမတွေလိုချင်တဲ့ပုံစံအတိုင်းလည်း ရှင်အမြဲပဲ ကျင့် ကြံဆောင်ရွက်နေထိုင်ခဲ့တယ်။ ... ရှင်ဘာမှမလုပ်နေဦးတောင်မှ သူတို့ကိုရှင့်ငါးမြှား ချိတ်မှာ လာဟပ်အောင် စွမ်းဆောင်နိုင်နေသေးတယ်။”

လင်ရှန်းအာက သက်ပြင်းတစ်ချက်ချပြီး ဆက်ပြောနေပြန်သည်။ “အဆိပ်ပြင်း ထန်တဲ့ မိန်းမမျိုးတွေတောင် ရှင်နဲ့တွေ့ပြီးသွားရင် ဘာမှမလုပ်နိုင်ကြတော့ပါလား နော်။”

လီဆွန်းဟွာသည် ထိုင်လျက် နားထောင်နေဆဲပင်။

လင်ရှန်းအာ-“ကျမရှင့်ကို တွေ့လိုက်တဲ့အချိန်တိုင်းဟာ ကျမအတွက်တော့ စိတ် ဝင်စားစရာနေ့ရက်တွေချည်းပါပဲ။ ဒါပေမဲ့ သေသေချာချာပြန်စဉ်းစားကြည့်လိုက် တော့ ကျမအတွက်သာ စိတ်ဝင်စားဖို့ကောင်းတဲ့နေ့ရက်တွေဖြစ်ခဲ့ရတာ ရှင်ကတော့ စကားတစ်ခွန်းမှတောင် မဟခဲ့ဘူး။”

တစ်ခါတစ်ရံတွင် စကားအများကြီးပြောဆိုနိုင်သူများသည် စကားတစ်လုံးမှမ ပြောဆိုကြသူများ ဖြစ်နေကြလေသည်။

သနားစရာကောင်းသည်မှာ ထိုအချက်ကို နားလည်သဘောပေါက်သူ အင်မ တန်မှ နည်းပါးလွန်းနေခြင်းပင်တည်း။

လင်ရှန်းအာ-“ဒါပေမဲ့ ဒီတစ်ကြိမ်တော့ ကျမ ရှင့်ထောင်ချောက်ထဲကို အကျမခံ တော့ပါဘူး။ ရှင်စကားပြောတာကို ကျမကြားချင်တယ်။”

လီဆွန်းဟွာ-“မင်း ကျုပ်ကိုကြည့်လို့ဝပြီဆိုရင် ကျုပ်ပြောမှာပေါ့။”

လင်ရှန်းအာ-“ကျမကြည့်လို့ဝသွားပါပြီ။”

လီဆွန်းဟွာ-“ဒါဆိုရင် နောက်ထပ်ဘာများ မင်းထပ်လိုချင်သေးလဲ။”

လင်ရှန်းအာက သူ့ကိုအဓိပ္ပါယ်ပါပါ စိုက်ကြည့်နေ၏။ သူမ၏အကြည့်များ တွင် သွားများနှင့် ပါးစပ်ပေါက်တစ်ခုသာပါရှိမည်ဆိုပါက လီဆွန်းဟွာကို အ ကောင်လိုက်ပင် မျိုချသွားနိုင်လေသည်။

လင်ရှန်းအာကဲ့သို့သော မိန်းမတစ်ယောက်က သင့်ကိုဤသို့စိုက်ကြည့်နေမည် ဆိုပါက အလွန်မှပင် ပျော်ရွှင်စရာကောင်းမည်ဖြစ်ပြီး နေရထိုင်ရလည်း အလွန်ခက် ခဲစွာ ခံစားနေရမည်ဖြစ်၏။ သူမ၏အကြည့်များက သင့်ကိုရူးသွပ်သွားအောင် စွမ်း ဆောင်နိုင်လေသည်။

လီဆွန်းဟွာတစ်ယောက်တည်းသာ ဤအကြည့်များ၏ ဒဏ်ကိုခံနိုင်ရည်စွမ်းရှိ ၏။

လင်ရှန်းအာ-“ကျမဘာမှ မလိုချင်ပါဘူး။ ကျမ ရှင့်ကိုပဲလိုချင်တယ်။”

လီဆွန်းဟွာ-“မင်းက ကျုပ်ကိုလိုချင်တယ်...”

လင်ရှန်းအာ-“အားဖေအတွက် ရှင့်ကိုအစားထိုးပြီးလိုချင်တယ်လို့ပြောတာ။ ဘာလဲ... မတရားဘူးလို့ထင်နေလို့လား။”

လီဆွန်းဟွာ-“မထင်ပါဘူး။”

လင်ရှန်းအာ-“ရှင်က ဘာကိုမတရားဘူးလို့ထင်နေလို့လဲ။ အားဖေဟာ ကျမ အပိုင်မဟုတ်တော့ဘူးလို့ ထင်နေတာလား။”

လီဆွန်းဟွာ-“ဟုတ်တယ်။ မင်းသူ့ကိုဖျက်ဆီးပစ်ခဲ့ပြီးမှတော့...”

လင်ရှန်းအာ-“မှန်တယ်... ဘာဖြစ်လို့လဲဆိုတော့ ကျမဟာ သူ့နှလုံးသားကို ဖျက်ဆီးချေမွခဲ့တဲ့အတွက် သူဟာ ကျမအတွက် ထာဝရဖြစ်သွားလိမ့်မယ်။ အခုချိန် မှာသာ သူ့ကိုကျမက ပြန်ကယ်တင်လိုက်မယ်ဆိုရင် သူဟာကျမအပိုင်ဘယ်တော့မှ ဖြစ်လာမှာမဟုတ်တော့ဘူး။”

လီဆွန်းဟွာ ထိုသဘောတရားကို နားလည်ပါသည်။ သူနားလည်နေသော ကြောင့်လည်း နာကျင်စွာ ခံစားနေရသည်မဟုတ်ပါလား။

လင်ရှန်းအာက ရယ်မောပြောဆိုလိုက်သည်။ “ရှင်ကကျမကို အားဖေကိုကယ် တင်ပေးစေချင်တယ်ဆိုရင် ကျမအတွက် အားဖေနေရာမှာ ရှင်ကိုယ်တိုင် အစားထိုး ပေးဖို့တော့လိုလိမ့်မယ်။ ဒီကိစ္စကို ရှင်သဘောမတူဘူးဆိုရင် အားဖေကိုနောက်ထပ် တွေ့ဖို့ ဘယ်တော့မှ မစဉ်းစားနဲ့တော့။”

လီဆွန်းဟွာသည် အရက်ကိုဖြည်းညင်းစွာ စုပ်သောက်နေလိုက်ပြီး လင်ရှန်းအာ ထံ လျှောက်လှမ်းသွားလိုက်၏။ “ကြည့်ရတာ ကျုပ်သဘောမတူလို့မဖြစ်တော့ဘူး နဲ့တူတယ်။ ဟုတ်ရဲ့လား။”

လင်ရှန်းအာသည် ချိုအီစွာမြှူဆွယ်နေပြီး ပြောဆိုလိုက်သည်။ “ရှင်နောင်တမရ စေရဘူးလို့ ကျမကတိပေးပါတယ်...”

သူမ၏စကားသံက ရုတ်တရက် ရပ်တန့်သွားရ၏။

လီဆွန်းဟွာ၏ လက်တစ်ဘက်က သူမ၏ပါးပြင်ပေါ်သို့ ဖြတ်ရိုက်ချလိုက် သောကြောင့်ဖြစ်သည်။

လင်ရှန်းအာသည် ထိုရိုက်ချက်ကို မရှောင်တိမ်းခဲ့ပါ။ ထိုရိုက်ချက်ကို သူမသည် ကျေကျေနပ်နပ်ကြီး ခံယူလိုက်ပြီး လီဆွန်းဟွာ၏ ရင်ခွင်ထဲသို့ သူမကိုယ်သူမ တစ် ကိုယ်လုံး ပစ်ဝင်လိုက်ပြီး တအင့်အင့် ငြီးငြူနေလိုက်၏။

“ရှင် ကျမကိုရိုက်ချင်လား... ရိုက်လိုက်စမ်းပါရှင်။ ရှင်သာသဘောတူမယ်ဆိုရင် ကျမကို နေ့တိုင်းရိုက်မယ်ဆိုရင်လည်း ကျမ ကျေကျေနပ်နပ်ကြီး အရိုက်ခံပါ့မယ် ရှင်။ ညတိုင်းရိုက်မယ်ဆိုရင်လည်း ကျမ ကျေကျေနပ်နပ်ကြီး အရိုက်ခံပါ့မယ်။”

ရုတ်တရက်... အခန်းအပြင်ဘက်မှ လူတစ်ယောက်၏ လက်ခုပ်လက်ဝါးတီးပြီး ရယ်မောပြောဆိုလိုက်သံ ထွက်ပေါ်လာ၏။ “ကောင်းလိုက်တာ... ခုလိုမျိုး သူပြော ခဲ့မှတော့ နောက်တစ်ကြိမ်လောက် သူ့ကိုထပ်ရိုက်လိုက်စမ်းပါ။”

0 comments:

Post a Comment