Wednesday, March 9, 2011

(၆၉) စစ်မှန်သော လူကြီးလူကောင်း

အဘယ်ကြောင့်ဆိုသော် စန့်ကွမ်းကျင်းဟုန်၏ တစ်ဦးတည်းသောသား အသတ် ခံလိုက်ရသည်ဖြစ်သောကြောင့် သူသည် ဒေါသတဟုန်းဟုန်းထွက်နေရလေသည်။ လီဆွန်းဟွာကို သေသေကြေကြေ တိုက်ခိုက်လိုက်ချင်၏။ ဒီနေ့ပင် တိုက်ခိုက်လိုက် ချင်၏။...

လီဆွန်းဟွာသည် စန့်ကွမ်းကျင်းဟုန်၏စကားမဆုံးခင် ဖြတ်ပြောလိုက်၏။ “ ခင်ဗျားသိပ်ပြီး တိုက်ခိုက်ချင်နေတယ်ဆိုရင် ကျန်တဲ့အချိန်တိုင်းမှာ ကျုပ်ဘက်က အဆင်သင့်ရှိနေပါ့မယ်။ ဒါပေမဲ့ ဒီနေ့တော့မဟုတ်ဘူး။”

စန့်ကွမ်းကျင်းဟုန်-“ဘာဖြစ်လို့လဲ။”

လီဆွန်းဟွာက စိတ်မကောင်းခြင်းကြီးစွာဖြင့် ဖြေဆိုလိုက်သည်။ “ဒီနေ့တော့ ကျုပ်... အရက်သောက်ချင်နေတာပဲသိတယ်။”

လီဆွန်းဟွာ၏ အကြည့်များက အခေါင်းတွင်းမှ လူသေအလောင်းဆီရောက်ရှိ သွားပြီး ပြောဆိုလိုက်ပြန်သည်။ “တချို့အရာတွေက ရင်ဆိုင်တိုက်ခိုက်မှုနဲ့ ဘယ်လို မှ ဖြေရှင်းလို့မရနိုင်ဘူး။ ဘာမှလည်းလုပ်လို့မရနိုင်ဘူး။ အရက်သောက်ဖို့ကလွဲရင် ဘာမှ မလုပ်နိုင်တာလည်း ဖြစ်ချင်ဖြစ်နေနိုင်တယ်။ ဒီနေ့ဟာ အဲလိုမျိုးနေ့တစ်နေ့ပဲ။”

သူ၏စကားလုံးများက ခံစားချက်အပြည့်ဖြင့် ပြောဆိုခဲ့ခြင်းဖြစ်၏။ လူတိုင်း တော့ နားလည်ချင်မှ နားလည်နိုင်မည်။


သို့သော် စန့်ကွမ်းကျင်းဟုန်ကတော့ သေသေချာချာကြီးကို နားလည်သဘော ပေါက်နေခဲ့ပါသည်။

အဘယ်ကြောင့်ဆိုသော သူကိုယ်တိုင်မည်သို့ခံစားနေရမှန်း သူ့အပြင်ဘယ်သူ များသိရှိနိုင်ကြပါမည်နည်း။ သူ၏စိတ်ထဲမှ ဤခံစားချက်များနှင့် လီဆွန်းဟွာကို တိုက်ခိုက်မည်ဆိုပါက သူ့ကိုသူလက်တစ်ဘက် နောက်ပြန်ကြိုးတုတ်ပြီး တိုက်ခိုက် နေသည်နှင့် တူနေပေမည်။

သူ၏ရန်သူအပေါ် သူ့ဘက်မှ အလွန်မမျှတသော အရှုံးပေးမှုလည်းဖြစ်နေပေ မည်။

လီဆွန်းဟွာသည် ဤအချက်ကိုအခွင့်ကောင်းယူပြီး စန့်ကွမ်းကျင်းဟုန်ကို စိန် ခေါ်တိုက်ခိုက်နိုင်ပါသည်။ သို့သော် သူမလုပ်ပါ။ ဤကဲ့သို့သော အခွင့်အရေးမျိုးက တစ်သက်တွင်တစ်ခါသာရနိုင်သော အခွင့်အရေးမျိုးလည်းဖြစ်၏။ ဤကဲ့သို့သော အခွင့်အရေးမျိုး နောက်တစ်ကြိမ်ရရှိရန်မှာ လုံးဝမဖြစ်နိုင်တော့ချေ။

စန့်ကွမ်းကျင်းဟုန်သည် အတန်ကြာမျှ တိတ်ဆိတ်နေခဲ့ပြီးမှ ပြန်လည် မေးခွန်း ထုတ်လိုက်သည်။ “ဒါဆိုရင် ဘယ်အချိန်ဖြစ်မလဲ။”

လီဆွန်းဟွာ-“ကျုပ်ပြောခဲ့ပြီးပြီပဲ။ ခင်ဗျားကြိုက်တဲ့အချိန် ချိန်းဆိုနိုင်ပါတယ် လို့။”

စန့်ကွမ်းကျင်းဟုန်-“ကျုပ် မင်းကိုဘယ်နေရာမှာ လာရှာရမှာလဲ။”

လီဆွန်းဟွာ-“ခင်ဗျားကျုပ်ကို လာရှာစရာမလိုပါဘူးဗျာ။ ဖိတ်ခေါ်မှုတစ်ခုသာ လုပ်လိုက်ပါ၊ ကျုပ်အရောက်လာပါ့မယ်။”

စန့်ကွမ်းကျင်းဟုန်-“ကျုပ်ရဲ့ဖိတ်ခေါ်မှုကို မင်းကကြားနိုင်မှာမို့လား။”

လီဆွန်းဟွာက ရယ်မောပြောဆိုလိုက်လေတော့သည်။ “ခေါင်းဆောင်ကြီးစန့် ကွမ်းရဲ့စကားတစ်ခွန်းဆိုရင် သိုင်းလောကကြီးတစ်ခုလုံး နားဆင်နေကြပါတယ်။ ခင်ဗျားဆီကဖိတ်ခေါ်မှုကို မကြားစရာအကြောင်းမရှိပါဘူး။”

စန့်ကွမ်းကျင်းဟုန်သည် အတန်ကြာမျှ တိတ်ဆိတ်သွားခဲ့ရ၏။ ပြီးနောက်မှ သူ့ စကားသံ ထွက်ပေါ်လာခဲ့လေသည်။ “မင်းအရက်သောက်ချင်တယ်ဆိုရင် ဒီမှာ အရက်တွေ ရှိနေပါတယ်။”

လီဆွန်းဟွာက ရယ်မောပြီးမေးမြန်းလိုက်၏။ “ကျုပ်က ဒီအရက်တွေကို သောက်ဖို့ ထိုက်တန်တဲ့လူတစ်ယောက်ဖြစ်နေလို့လား။”

စန့်ကွမ်းကျင်းဟုန်-“မင်းသာ ဒီအရက်သောက်ဖို့မတန်ဘူးဆိုရင် ဒီအရက်ကို သောက်ဖို့ ထိုက်တန်တဲ့သူ ရှိတော့မှာမဟုတ်ဘူး။”

စန့်ကွမ်းကျင်းဟုန်သည် အရက်ခွက်ကြီးနှစ်ခွက်ကို ကိုယ်တိုင်ငဲ့ယူပြီး တစ်ခွက် ကို လီဆွန်းဟွာသို့ ကမ်းပေးလိုက်၏။ “မင်းအတွက် ကျုပ်အရက်တစ်ခွက်သောက် ပါ့မယ်။”

လီဆွန်းဟွာကလည်း မဆိုင်းမတွပင် ထိုအရက်ခွက်ကို တစ်ဂွပ်တည်းမော့ချ လိုက်၏။ သူ၏မျက်နှာတွင် တောက်ပသောအပြုံးတစ်ခုပေါ်ထွက်လာပြီး ပြောဆို လိုက်သည်။ “ကောင်းလိုက်တဲ့အရက်။ အရသာသိပ်ရှိတဲ့ အရက်တစ်ခွက်ပါပဲ။”

စန့်ကွမ်းကျင်းဟုန်၏ အရက်ခွက်သည်လည်း ပြောင်သလင်းခါသွားခဲ့လေပြီ။ သူ့အကြည့်များက လက်ထဲမှအရက်ခွက်ကို ငေးစိုက်ကြည့်နေကြပြီး ပြောဆိုလိုက် သည်။ “ဒီအရက်တစ်ခွက်ဟာ နှစ် ၂ဝ တွင်းမှာသောက်တဲ့ ကျုပ်ရဲ့ပထမဆုံးအရက် ခွက်ပဲ။”

‘ခွမ်း’

အရက်ခွက်သည် ကြမ်းပြင်ပေါ်သို့ ပေါက်ချခွဲခြင်း ခံလိုက်ရ၏။

စန့်ကွမ်းကျင်းဟုန်သည် ခေါင်းတလားရှိရာသို့ လျှောက်သွားလိုက်ပြီး သား ဖြစ်သူ၏ အလောင်းကိုပွေ့ယူလိုက်၏။ ပြီးနောက် စကားတစ်လုံးမျှမဆိုတော့ဘဲ လျှောက်ထွက်သွားလေတော့သည်။

စန့်ကွမ်းကျင်းဟုန် တိတ်ဆိတ်စွာထွက်ခွာသွားသည်ကို လီဆွန်းဟွာ ငေးကြည့် နေလိုက်၏။ သူ၏နှုတ်ဖျားမှ တိုးတိုးတိတ်တိတ်ညည်းတွားသံ ထွက်ပေါ်လာခဲ့ရ လေသည်။ “စန့်ကွမ်းကျင်းဟုန်ဟာ စန့်ကွမ်းကျင်းဟုန်မှပဲဖြစ်နိုင်တယ်ဆိုပေမယ့် ဘာဖြစ်လို့များ မိတ်ဆွေတစ်ယောက်မဖြစ်နိုင်ရတာလဲ။”

ပြီးနောက် နောက်ထပ်အရက်တစ်ခွက် ငဲ့ထည့်ပြီးသောက်လိုက်ပြန်သည်။ ပြီး နောက်အော်ဟစ်ပြောဆိုလိုက်၏။ “လူကြီးလူကောင်းတစ်ယောက်ရဲ့ ချစ်သူက ဘာ ဖြစ်လို့သူ့ကို သစ္စာဖောက်ခဲ့ရတာလဲ။”

‘ခွမ်း’

သူ၏အရက်ခွက်သည်လည်း ကြမ်းပြင်ပေါ်၌ အစိတ်စိတ်အမွှာမွှာ ကွဲကြေသွား ခဲ့ရလေတော့သည်။

အခန်းတွင်းရှိလူတိုင်းပင် သူတို့ကိုသူတို့ သစ်သားရုပ်များဖြစ်သွားခဲ့ကြ၏။ တံခါးပေါက်မှ လီဆွန်းဟွာထွက်ခွာသွားသောအချိန်မှပင် အားလုံး သက်ပြင်းချနိုင် ကြလေတော့သည်။

လူအချို့က အချင်းချင်း တီးတိုးတီးတိုး ပြောဆိုနေကြ၏။

“လီဆွန်းဟွာကတော့ လီဆွန်းဟွာပါပဲ။ ဒီလောကကြီးထဲမှာ စန့်ကွမ်းကျင်း ဟုန်ကိုယ်တိုင် ဂုဏ်ပြုအရက်တိုက်ရတဲ့သူဟာ လီဆွန်းဟွာတစ်ယောက်တည်းပဲ ရှိ လိမ့်မယ်။”

“သူတို့နှစ်ယောက် မတိုက်ခိုက်ခဲ့ကြတာတော့ စိတ်မကောင်းစရာပဲ။”

“ဘာကြောင့်မှန်းတော့မသိဘူးဗျ။ သူတို့နှစ်ယောက်ကိုကြည့်ရတာ တော်တော် လေးဆင်တူကြတယ်။”

“လီဆွန်းဟွာနဲ့ စန့်ကွမ်းကျင်းဟုန်တို့က တူညီနေကြတယ်... ဟုတ်လား။ ခင် ဗျားရူးနေလား။”

“သူတို့နှစ်ယောက်ရဲ့ ဟိတ်ဟန်အမူအရာတွေက မတူညီကြပေမဲ့... သူတို့နှစ် ယောက်လုံး... နှစ်ယောက်စလုံးဟာ လူတွေမဟုတ်ကြဘူး။ သူတို့ပြုလုပ်နိုင်တဲ့အရာ တွေကို သာမန်လူသားတွေ မပြုလုပ်နိုင်ကြဘူး။”

“အခုမှပဲ ခင်ဗျားရဲ့စကားက ယုတ္တိရှိလာတော့တယ်။ သူတို့နှစ်ယောက်စလုံးဟာ သာမန်လူသားတွေမဟုတ်ကြဘူး။ တစ်ယောက်က... သူတော်စင်... နောက်တစ် ယောက်ကတော့ မိစ္ဆာပဲ...”

အကြင်နာတရားနှင့် မကောင်းမှုကြားထဲတွင် ရှိနေသော ခြားနားချက်ဆိုသည် မှာ ပါးလွှာလှပါသည်။ သူတော်စင်ဖြစ်ခြင်းနှင့် မိစ္ဆာဖြစ်ခြင်းသည် ထိုအရာနှစ်ခု အကြားတွင်ရှိနေလေသည်။

“မှန်တယ်။ လီဆွန်းဟွာသာ လီဆွန်းဟွာ မဟုတ်ခဲ့ဘူးဆိုရင် သူဟာ စန့်ကွမ်း ကျင်းဟုန်ဖြစ်သွားလိမ့်မယ်။”

+++++

အားဖေ နောက်သို့လှည့်မကြည့်သေးပါ။

လင်ရှန်းအာသည် သူမထိုင်နေသောထိုင်ခုံကို တံခါးပေါက်ဝသို့ ရွှေ့ထိုင်လိုက် သည်။ အားဖေ ထွက်ခွာသွားရန် မဖြစ်နိုင်တော့ပါ။

သူမသည် ထိုနေရာ၌ ထိုင်နေသည်မှာ အတော်လေးကြာမြင့်သွားလေပြီ။

အားဖေသည်လည်း ယခင်နေရာ၌ပင်ရှိနေဆဲဖြစ်ပြီး ငြိမ်သက်နေဆဲ။

အားဖေမတ်တတ်ရပ်နေပုံမှာ အတော်လေးရယ်စရာကောင်းနေ၏။

လင်ရှန်းအာက တခစ်ခစ်ရယ်မောပြီး ပြောဆိုလိုက်သည်။ “အဲဒီလိုမျိုးမတ်တတ် ရပ်နေရတာ မညောင်းဘူးလား။ ထိုင်ချလိုက်ပါလား။ ကျမဘေးမှာ ခုံလွတ်တစ်ခု ရှိနေတယ်... လာထိုင်ပါလား။”

“ရှင်မထိုင်ချင်ဘူးဆိုတာ ကျမသိပါတယ်။ ရှင်ဒီနေရာမှာ ထိုင်နိုင်မှာလည်း မဟုတ်ပါဘူးလေ။ ရှင်မှမကြိုက်နှစ်သက်တာ။”

“ဒါဖြင့်ရင်လည်း ဘာဖြစ်လို့မထွက်သွားသေးတာလဲ။”

“ကျမက တံခါးဝမှာ ပိတ်ထိုင်ထားတယ်ဆိုပေမယ့် ရှင်ကျမကို ရှောင်ကွင်းပြီး ထွက်သွားနိုင်ပါသေးတယ်။ အဲလိုမှမဟုတ်ဘူးဆိုရင်လည်း ပြတင်းပေါက်ကနေ ခုန် ထွက်သွားနိုင်ပါသေးတယ်။ သူခိုးလေးတစ်ယောက်လို ခုန်ထွက်သွားလို့ ရပါ တယ်။”

“ရှင်ကြောက်နေလို့မဟုတ်လား။ ရှင်ကျမကို သေစေချင်နေပေမယ့် ရှင့်လက် ဖျားနဲ့တောင် မထိရက်ဘူးမဟုတ်လား။ ကျမကို ဝင်တိုက်ပြီး တိုက်တွန်းထွက်သွား ဖို့ဆိုရင် ပိုပြီးတော့တောင်မဖြစ်နိုင်သေးတယ်။ ဘာဖြစ်လို့လဲဆိုတော့ ရှင့်စိတ်ထဲမှာ ကျမကို ချစ်နေတုန်းပဲမဟုတ်လား။ ကျမပြောတာမှန်ရဲ့လား။”

သူမ၏အသံလေးသည် ယခင်ကအတိုင်းပင် ကရုဏာသံ၊ အကြင်နာသံအပြည့် ရှိနေသည်။

သူမ၏ရယ်မောသံလေးသည် ယခင်ကထက်ပင်ပို၍ နူးညံ့ချိုအီနေသေး၏။

အဘယ်ကြောင့်ဆိုသော် သူမသည် ယောက်ျားများဒုက္ခခံစားနေရသည်ကို ကြည်နူးနေတတ်သူတစ်ယောက်ဖြစ်၏။ ယောက်ျားတိုင်းကို သူမကြောင့် ခံစားနေ ကြစေချင်သည်။

သနားစရာကောင်းသည်မှာ ခံစားနေရသူယောက်ျားတိုင်းသည် သူမကို ချစ်နှစ် သက်သူများသာ ဖြစ်နေကြလေသည်။

အားဖေ၏မျက်နှာပေါ်မှ နာကျည်းခံစားချက်များကို သူမ မတွေ့နိုင်သော်လည်း အားဖေ၏ လည်ပင်းကြောကြီးများ ထောင်ထနေသည်ကိုတော့ တွေ့နိုင်နေသေး၏။

သူမအတွက်တော့ ဤအရာသည် ပျော်ရွှင်မှုတစ်ခုဖြစ်၏။ ထိုနေရာ၌ပင် ထိုင် နေပြီး အားဖေကို ပျော်ရွှင်စွာစောင့်ကြည့်နေ၏။ ထိုအချိန်သည် သူမအတွက် အရက်တစ်ခွက်ငဲ့သောက်လိုက်သကဲ့သို့ပင် အရသာရှိလွန်းလှပေသည်။

ရုတ်တရက် သူမထိုင်နေသော ခုံသည် ကန်ထုတ်ခြင်းကိုခံလိုက်ရပြီး သူမသည် လည်းခုံနှင့်အတူ လွင့်ပျံထွက်သွားရတော့သည်။

စန့်ကွမ်းကျင်းဟုန်သည် သားဖြစ်သူအလောင်းကို ပွေ့ပိုက်ပြီးရောက်ရှိလာခဲ့လေ သည်တကား။...

မိမိထိုင်နေသောခုံကို အောက်မှပင့်ကန်ခြင်းခံလိုက်ရမည်ဆိုပါက နှလုံးသားများ ပြောင်းပြန်လွင့်ထွက်သွားသလို ခံစားမိကြပေမည်။

သို့သော် လင်ရှန်းအာသည် မည်သည့်စကားမျှ ပြောဆိုခြင်းမရှိသလို မတုန် မလှုပ် တုံနှိဘာဝေ ရှိနေ၏။ ယခုအချိန်၌ သူမဘာပဲလုပ်လုပ် ပေါကြောင်ကြောင် အမူအရာများသာဖြစ်နေမည်ဆိုသည်ကို သိနေ၏။

စန့်ကွမ်းကျင်းဟုန်သည် အားဖေ၏ လည်ပင်းကြောကြီးများ ထောင်ထနေသည် ကို ကြည့်နေလေသည်။

စန့်ကွမ်းကျင်းဟုန်-“မင်း ဒီဘက်လှည့်ပြီး သူဘယ်သူလဲဆိုတာ လှည့်ကြည့် စမ်းပါဦး။”

အားဖေက လှည့်မလာခဲ့သေးပါ။ သို့သော် သူ၏လည်ပင်းကြောကြီးများသည် ပေါက်ထွက်တော့မည့်အလား ပို၍ပင် ထောင်ထလာ၏။ နောက်ဆုံးတွင်မှ ဖြည်း ဖြည်းလေးလှည့်လာခဲ့ပြီး စန့်ကွမ်းကျင်းဟုန်၏လက်ထဲ၌ ပွေ့ထားသူကို ကြည့် လိုက်လေတော့သည်။

အားဖေ၏မျက်လုံးများက ယခုမှပင် ပြုတ်ထွက်လာတော့မည့်အလား ဖြစ်နေကြ ရ၏။

စန့်ကွမ်းကျင်းဟုန်-“မင်းသူ့ကို မှတ်မိတယ်မဟုတ်လား။”

အားဖေက ခေါင်းညိတ်ပြလိုက်သည်။

စန့်ကွမ်းကျင်းဟုန်-“သူသေသွားခဲ့တာကိုလည်း မင်းမြင်ခဲ့ရတယ်မဟုတ်လား။ ဒါကြောင့်မို့လို့ ခုချိန်မှာ လူသေကောင်ကိုတွေ့လိုက်ရတော့ မင်းမအံ့ဩတော့တာ ပေါ့။”

အားဖေက ခဏမျှတိတ်ဆိတ်သွားခဲ့ပြီးမှ ပြောဆိုလိုက်သည်။ “မှန်တယ်။ သူသေသွားခဲ့တာ ကျုပ်သိနေပြီးသားပဲ။”

စန့်ကွမ်းကျင်းဟုန်-“သူသေသွားခဲ့တာကို မင်းကဘယ်လိုလုပ်ပြီး သိနေရတာ လဲ။”

အားဖေ-“ဘာဖြစ်လို့လဲဆိုတော့ သူ့ကိုသတ်လိုက်တဲ့သူက ကျုပ်ဖြစ်နေလို့ပဲ။”

ထိုစကားကို အားဖေသည် ပေါ့ပေါ့ပါးပါးပင် ပြောဆိုခဲ့ခြင်းဖြစ်၏။ သူ မျက် တောင်တစ်ချက်ပင်မခတ်ခဲ့ချေ။ ဖြစ်ပေါ်လာမည့် နောက်ဆက်တွဲအကျိုးဆက်များ က မည်မျှပြင်းထန်ကြီးမားကြောင်း မသိရှိခဲ့သည့်အလား။...

အဆောင်တွင်းရှိ မိန်းမငယ်လေးများအားလုံး ကြောက်ရွံ့ထိတ်လန့်မှုကြောင့် အသားများ တဆတ်ဆတ်တုန်နေကြရ၏။

လင်ရှန်းအာသည်ပင်လျှင် ထခုန်မိမတတ် အံ့ဩတုန်လှုပ်သွားခဲ့ရ၏။ ထိုအချိန် ခဏလေးတွင် သူမ၏နှလုံးသားထဲတွင် တစ်စုံတစ်ခုကို တုန်လှုပ်စွာခံစားမိလိုက် လေသည်။ ဝမ်းနည်းမှုလိုလို... ကရုဏာသက်မိသလိုလို...

အားဖေအတွက် ဤခံစားမှုများ သူမ မည်သည့်အတွက်ကြောင့်ခံစားနေရမှန်း သူမကိုယ်တိုင်ပင် မသိရှိနိုင်တော့ပါ။

သို့သော် သူမသိထားတာတစ်ခုတော့ရှိနေ၏။ စန့်ကွမ်းကျင်းဟုန်သာ တိုက် ခိုက်ခဲ့မည်ဆိုပါက အားဖေ အတောင်ပေါက်ပျံသန်းနိုင်စေဦး... လွတ်မြောက်လိမ့် မည်မဟုတ်။

စန့်ကွမ်းကျင်းဟုန်သည် အားဖေကို အချိန်မရွေးတိုက်ခိုက်နိုင်သည်။

ပြီးနောက် လင်ရှန်းအာသည် အားဖေ၏မျက်လုံးများကို ကြည့်လိုက်ရာ လူသေ ကောင်မျက်လုံးများဖြစ်နေသည်ကို အံ့အားသင့်စွာ တွေ့လိုက်ရလေတော့သည်။

အလွန်တရာမှ နုံအသော မျက်လုံးသေများလည်းဖြစ်၏။

“ဒီလူဟာ ရူးသွားရုံမကသေးဘူး၊ အရက်လည်း မတရားမူးနေသေးတယ်။ ဘယ်သူကများ ဒီလိုအဖြစ်အပျက်ကို ဝန်ခံရဲပါ့မလဲ။ သူတော့သွားပါပြီ။ မျှော်လင့် ချက်မရှိနိုင်တော့ပါဘူး။ အို... သူသေတာရှင်တာ ငါနဲ့ဘာဆိုင်တာမှတ်လို့... ငါဘာ ဖြစ်လို့ ဒီအကြောင်းတွေ တွေးနေရတာလဲ။”

လင်ရှန်းအာသည် တစ်ဘက်သို့လှည့်သွားပြီး အားဖေကို ကျောပေးထားလိုက် တော့သည်။

စန့်ကွမ်းကျင်းဟုန်က အားဖေကို အမြန်ဆုံးနည်းဖြင့် သတ်ပါစေဟု ဆုတောင်း နေလိုက်သည်။ သို့မှသာ ထိုအတွေးများက သူမထံမှ လွင့်ပျောက်သွားမည်ဖြစ်၏။

သို့သော် သူမကိုသူမ မမေးဝံ့သော မေးခွန်းများရှိနေလေသည်။ “အားဖေရဲ့ သေရေးရှင်ရေးကိုသာ ငါဂရုမစိုက်ဘူးဆိုရင် ဒီအတွေးတွေက ငါ့ကိုဘာဖြစ်လို့လာ နှောင့်ယှက်နေကြရတာလဲ။”

စန့်ကွမ်းကျင်းဟုန်က မတိုက်ခိုက်ခဲ့သေးပါ။

သူသည် အားဖေ၏မျက်ဝန်းများကို စူးစူးစိုက်စိုက် စိုက်ကြည့်နေဆဲ။ သူနားမ လည်နိုင်သော ပြဿနာများ၏အဖြေကို အားဖေ၏မျက်လုံးများထဲတွင် ရှာဖွေနေ သည်။

သို့သော် သူဘာမှ မတွေ့ရပါ။

ထိုမျက်လုံးတစ်စုံသည် အသက်ရှင်သန်နေသူတစ်ယောက်၏ မျက်လုံးများ မဟုတ်ကြချေ။

ထိုမျက်လုံးများကို တစ်နေရာတွင်တွေ့ခဲ့ဖူးသည်ဟု စန့်ကွမ်းကျင်းဟုန် စဉ်းစား နေမိ၏။ ထိုမျက်လုံးများကို သူရင်းရင်းနှီးနှီး တွေ့ခဲ့ဖူးပါသည်။

သူမြင်တွေ့ခဲ့ဖူးသည်မှာ သေချာသည်။

ကျင်းဝူမင်း၏ဓားကို ဆွဲယူပြီး အားဖေကို ပေးခဲ့စဉ်တုန်းက ကျင်းဝူမင်း၏ မျက်လုံးများသည် ဤမျက်လုံးများကဲ့သို့ဖြစ်သွားခဲ့ရသည်မဟုတ်ပါလား။

စန့်ကွမ်းကျင်းဟုန် လူတစ်ယောက်၏အသက်ကို နှုတ်ယူခဲ့စဉ်က ထိုသူ၏ဗလာ ချည်မျက်လုံးများသည် ဤအတိုင်းပင် ရှိခဲ့ကြသည်မဟုတ်ပါလား။ ခံစားချက်မဲ့ သောမျက်လုံးသေများ... အသက်မဲ့သော မျက်လုံးသေများ... အရာအားလုံးဘာမျှ မကျန်ရှိတော့သော မျက်လုံးသေများ...

အားဖေက စောင့်ဆိုင်းနေ၏။ တိတ်ဆိတ်စွာ စောင့်ဆိုင်းနေ၏။

စန့်ကွမ်းကျင်းဟုန်က ရုတ်တရက် မေးမြန်းလိုက်၏။ “မင်းသေဖို့စောင့်နေတာ လား။”

အားဖေက ဘာမှပြန်မပြောခဲ့ပါ။

စန့်ကွမ်းကျင်းဟုန်-“သူ့ကိုမင်းသတ်တယ်လို့ ဝန်ခံခဲ့တာဟာ ကျုပ်က မင်းကို ပြန်သတ်အောင် ဝန်ခံခဲ့တာမဟုတ်လား။”

အားဖေက ဆိတ်ငြိမ်နေဆဲ။

စန့်ကွမ်းကျင်းဟုန်၏မျက်နှာထက်တွင် ကောက်ကျစ်သော အပြုံးတစ်ခုထွက် ပေါ်လာခဲ့ပြီး အော်ခေါ်လိုက်သည်။ “စည်းကမ်းထိန်းသိမ်းရေးမှူး‘လု’..”

ထိုစကားထွက်ပေါ်လာအပြီးတွင် လူတစ်ယောက်ရုတ်ချည်း ထွက်ပေါ်လာခဲ့၏။

ထိုသူသည် ဤနေရာ၌တစ်ချိန်လုံး ပုန်းကွယ်နေခဲ့သည်ကို မည်သူမျှမသိရှိခဲ့ပါ။ မည်သည့်နေရာ၌ ပုန်းကွယ်နေကြောင်းကိုလည်း မသိရှိနိုင်ကြပါ။ စန့်ကွမ်းကျင်း ဟုန်နှင့် နီးကပ်စွာ ထိုသူပုန်းအောင်းနေနိုင်မှန်း မည်သူမျှ မယုံကြည်နိုင်ကြပါ။ သို့ သော် ထိုသူသည် လူမမြင်အောင် ပုန်းကွယ်နေနိုင်သည်ဆိုပါက နောက်ထပ် ပုန်း ကွယ်နေသူများ အမြောက်အများ ရှိနေနိုင်သေးသည်မဟုတ်ပါလော။

လူမမြင်နိုင်သူတစ်ယောက်သည် တစ္ဆေသရဲတစ်ကောင်သာဖြစ်ပေလိမ့်မည်။

စန့်ကွမ်းကျင်းဟုန်သွားသည့်နောက် ဤတစ္ဆေသရဲသည် အရိပ်လို လိုက်ပါနေ မည်ဖြစ်သည်။

စန့်ကွမ်းကျင်းဟုန်၏အမိန့်သည် ဖုတ်သွင်းအမိန့်ဖြစ်၏။ စန့်ကွမ်းကျင်းဟုန် တစ်ယောက်တည်းသာ တစ္ဆေသရဲများကို အမိန့်ပေးထွက်ပေါ်စေနိုင်၏။

စည်းကမ်းထိန်းသိမ်းရေးမှူးလုသာ တစ္ဆေသရဲတစ်ကောင်ဖြစ်သည်ဆိုပါက သူ သည် ဆာလောင်မွတ်သိပ်နေသော တစ္ဆေသရဲတစ်ကောင်တော့ဟုတ်မည်မထင်။

သူ့ကိုကြည့်ရသည်မှာ လုံးဝန်းသော ဘောလုံးတစ်လုံးနှင့်တူ၏။ သို့သော် လှုပ် ရှားမှုများကတော့ အံ့မခန်းလျင်မြန်သွက်လက်လှလေသည်။ မည်သည့်နေရာက ထွက်ပေါ်လာခဲ့မှန်းမသိ အမိန့်ကို ချက်ချင်းပြန်ဖြေဆိုလိုက်သည်။ “ကျနော်မျိုး အဆင်သင့်ရှိနေပါတယ် ခေါင်းဆောင်ကြီး။”

စန့်ကွမ်းကျင်းဟုန်သည် အားဖေကို စူးစူစိုက်စိုက်ကြည့်နေဆဲပင်။

စန့်ကွမ်းကျင်းဟုန်-“သူကသေချင်နေတယ်။ ကျုပ်တို့က သူ့ကိုမသေစေရဘူး။”

စည်းကမ်းထိန်းသိမ်းရေးမှူးလု-“နားလည်ပါပြီခင်ဗျာ။”

စန့်ကွမ်းကျင်းဟုန်-“သေခြင်းတရားအပြင် ကျန်တာအားလုံး ကျုပ်တို့သူ့ကို ပေးမယ်။”

စည်းကမ်းထိန်းသိမ်းရေးမှူးလု-“နားလည်ပါပြီခင်ဗျာ။”

စန့်ကွမ်းကျင်းဟုန်-“ကျုပ်တို့သူ့ကို အရက်ပေးမယ်။ မိန်းမတွေပေးမယ်။ သူက ပိုလိုအပ်လေ... ကျုပ်တို့ကသူ့ကို ပိုပြီးပေးမယ်။”

စည်းကမ်းထိန်းသိမ်းရေးမှူးလု-“နားလည်ပါပြီခင်ဗျာ။”

စန့်ကွမ်းကျင်းဟုန်သည် ခဏမျှ ရပ်နားနေပြီးမှ ဆက်ပြောလိုက်သည်။ “သူ ဘာပဲလိုလို... ကျုပ်တို့ဖြည့်ဆီးပေးမယ်။”

စည်းကမ်းထိန်းသိမ်းရေးမှူးလု-“နားလည်ပါပြီခင်ဗျာ။”

သူသည် အမိန့်တိုင်းကို မဆိုင်းမတွပင်အဖြေပြန်ပေးခဲ့၏။ သူ့မျက်လုံးများက ရုတ်တရက် လင်ရှန်းအာကို ဝေ့ကြည့်နေပြီး မေးမြန်းလိုက်သည်။ “ဘယ်သူ့ကိုမဆို ပေးရမှာလား ခေါင်းဆောင်ကြီးခင်ဗျာ။”

စန့်ကွမ်းကျင်းဟုန်-“သူလိုချင်တဲ့သူ ဘယ်သူမဆို ဖြည့်ဆီးပေးရမယ်။ သူက အဘွားအိုကြီးတစ်ယောက်လိုချင်တယ်ဆိုရင် အဘွားအိုကြီးတစ်ယောက်ရှာပေး လိုက်။”

စည်းကမ်းထိန်းသိမ်းရေးမှူးလုသည် ကောက်ကျစ်စွာပြုံးလိုက်ပြီး ပြောဆိုလိုက် သည်။ “ကျနော်မျိုး နားလည်ပါပြီခင်ဗျာ။ ခုချက်ချင်းပဲ အဘွားအိုကြီးတစ်ယောက် သူ့အတွက် အမြန်ဆုံးရှာလာပေးပါ့မယ်။”

လင်ရှန်းအာသည် သူမ၏နှုတ်ခမ်းကို ပြတ်လုမတတ်ဖိကိုက်ထား၏။ သူမ သည်ထိုစကားများကို သည်းမခံနိုင်လာတော့ဘဲ ပေါက်ကွဲပွင့်အံထွက်လာလေတော့ သည်။ “သူက ကျမကိုလိုချင်တယ်ဆိုရင်ကော...”

စန့်ကွမ်းကျင်းဟုန်က အေးစက်စက်ပြန်အဖြေပေးလိုက်သည်။ “ကျုပ်ပြောခဲ့ပြီး ပြီကော... သူကြိုက်တဲ့လူ ဘယ်သူ့ကိုမဆိုဖြည့်ဆီးပေးပါ့မယ်လို့။”

လင်ရှန်းအာ-“ဒါပေမဲ့... ကျမက... ကျမက သူများနဲ့မတူဘူးလေ။ ကျမကို ရှင် ပဲပိုင်ဆိုင်တယ်။ ရှင်ကလွဲလို့... ရှင်ကလွဲလို့ ကျမဘယ်သူနဲ့မှ...”

လင်ရှန်းအာသည် စန့်ကွမ်းကျင်းဟုန်ရှိရာသို့ မူနွဲ့စွာလေ Qmက်လှမ်းလာလေတော့ သည်။ သူမ၏မျက်နှာထက်တွင် လှပသောအပြုံးတစ်ခုဖြင့်...

သူမ၏အပြုံးက အချိုမြိန်ဆုံးသော အပြုံးဖြစ်၏။ သူမ၏ဟန်ပန်အမူအရာများ က စိတ်လှုပ်ရှားဖွယ်ကောင်းဆုံးဖြစ်နေ၏။

စန့်ကွမ်းကျင်းဟုန်သည် သူမကို တစ်ချက်လေးပင် စောင်းငဲ့ကြည့်ခြင်းမရှိချေ။ သူ့အနီးသို့ရောက်လာသော လင်ရှန်းအာ၏ပါးပြင်ပေါ်သို့ ရုတ်တရက်ဖြတ်ရိုက်ချ လိုက်ပြီး အေးစက်စွာပြောဆိုလိုက်သည်။ “မင်းကို လူတကာရနိုင်ပြီးတော့ သူ့ကျမှ ဘာဖြစ်လို့မရရမှာလဲ။”

လင်ရှန်းအာ၏ ခန္ဓာကိုယ်တစ်ခုလုံး ပျံဝဲထွက်သွားပြီး ခြံရှေ့ကွက်လပ်လေးတွင် ခွေခွေလေး လဲကျသွားတော့သည်။

စန့်ကွမ်းကျင်းဟုန်-“သူလိုချင်တာမှန်သမျှ ကျုပ်အားလုံးဖြည့်ဆီးပေးချင်တဲ့ ရည်ရွယ်ချက်က သူ့ကို မထွက်သွားစေချင်လို့ပဲ။ နောက် ၃ လကြာရင် သူဘယ်လို နေမလဲဆိုတာ ကျုပ်တွေ့ချင်တယ်။”

စည်းကမ်းထိန်းသိမ်းရေးမှူးလု-“နားလည်ပါပြီခင်ဗျာ။”

စန့်ကွမ်းကျင်းဟုန် လှည့်ထွက်သွားခဲ့လေတော့သည်။

အားဖေသည် အံကြိတ်နေပြီး လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားနေ လိုက်၏။

အားဖေ၏ အာခေါင်ခြစ်ပြီး အော်ဟစ်လိုက်သံ ထွက်ပေါ်လာ၏။ “ကျုပ် ခင် ဗျားရဲ့သားကို သတ်ခဲ့တာပဲ။ ဘာဖြစ်လို့ ကျုပ်ကိုမသတ်သေးတာလဲ။”

စန့်ကွမ်းကျင်းဟုန်သည် လျှောက်လှမ်းထွက်သွားသည်မှာ တံခါးအပြင်ဘက် သို့ပင် ရောက်ရှိနေပြီးဖြစ်၏။ သူသည် နောက်သို့လှည့်မကြည့်ဘဲ အေးစက်စွာ ပြောဆိုလိုက်သည်။ “ဘာဖြစ်လို့လဲဆိုတော့ ကျုပ်မင်းကို နာကျင်စွာ အသက်ရှင် သန်စေချင်တယ်။ မင်းသေရမှာကြောက်လာတဲ့အချိန်ထိ ကျုပ်မြင်ချင်သေးတယ်။”

အားဖေသည် ခါးကုန်းပြီး ခွေခွေလေးလဲကျသွားတော့သည်။ သူလဲကျသွား ခဲ့သည်မှာ ကြမ်းပြင်ပေါ်တွင် ဘောလုံးတစ်လုံးကဲ့သို့ ခွေခေါက်နေရလေသည်။ သူ့ ဝမ်းဗိုက်ကို ကျာပွတ်တစ်ချောင်းဖြင့် အရိုက်ခံလိုက်ရသလိုမျိုး လဲကျသွား၏။

ထိုကျာပွတ်သည် မမြင်ရသောကျာပွတ်တစ်ချောင်းဖြစ်ပြီး သူ့ကိုနာကျင်စွာ ရိုက်ချိုးခဲ့လေသည်။

စည်းကမ်းထိန်းသိမ်းရေးမှူးလုသည် အားဖေရှိရာသို့ လျှောက်လှမ်းလာပြီး တဟင်းဟင်းရယ်သံဖြင့် ပြောဆိုလိုက်သည်။ “မင်းရဲ့ဘဝမှာ ခွက်တစ်လုံးဘာမှမရှိ တော့ပဲ ဗလာချည်ဖြစ်သွားပြီဆိုတာနဲ့ ဘာဖြစ်လို့ လမင်းကိုမော့ကြည့်ပြီး ထပ် တောင်းဆိုချင်ရတာလဲ။ ဒါဟာဘဝပဲ။ စိတ်ထဲဘာမှ မထားထားနဲ့ ဟုတ်ပြီလား။”

သူသည် မိန်းမပျိုလေးများဘက်သို့လှည့်ကြည့်လိုက်ပြီး အော်ဟစ်အမိန့်ပေး လိုက်သည်။ “ဒီက သခင်လေးကို အရက်ငဲ့ပေးလိုက်ကြစမ်း။”

ထိုသူသည် စန့်ကွမ်းကျင်းဟုန်နှင့် စကားပြောဆိုသည့်အခါတွင် မျက်နှာတစ် မျိုးဖြစ်နေခဲ့ပြီး အားဖေနှင့် စကားပြောဆိုသည့်အခါတွင်မူ မျက်နှာနောက်တစ်မျိုး ဖြစ်နေပြန်၏။

ထိုမိန်းကလေးများနှင့် စကားပြောဆိုသည့်အခါတွင်လည်း နောက်ထပ်မျက်နှာ တစ်မျိုးဖြစ်သွားပြန်သည်။

လောကကြီးရှိ လူအများစုတွင် မျက်နှာအမျိုးမျိုးရှိနေကြ၏။ သူတို့၏မျက်နှာ အမူအရာများကို ပြောင်းလဲချင်သည်ဆိုပါက ဇာတ်သမားများ မျက်နှာဖုံးစွတ် လဲသည်နှင့်တူနေပြန်၏။ မျက်နှာဖုံးစွတ်လဲသည်ထက်ပင် ပို၍လွယ်ကူနေသေးသည် မဟုတ်ပါလား။

သူတို့ပြောင်းလဲမှုများများပြုလုပ်လေ... သူတို့၏ပင်ကိုမျက်နှာအမူအရာများ မည်သို့ရှိသည်ကို မြန်မြန်မေ့တတ်လေပင် ဖြစ်တော့သည်။

မျက်နှာဖုံးစွတ်ကို ကြာကြာတပ်ဆင်ထားလေ... ချွတ်ရခက်လေပင်...

အဘယ်ကြောင့်ဆိုသော် သူတို့ထံတွင် မျက်နှာဖုံးစွတ်များ များများရှိသည်ဟု ထင်လေ... သူတို့စိတ်တိုင်းကျ ပြုမူဆောင်ရွက်နိုင်လေဖြစ်၏။

သို့သော် ကံကောင်းတာတစ်ခုတော့ ရှိနေပါသေးသည်။ လောကကြီးတွင် မျက် နှာတစ်မျိုးတည်းရှိသူ လူတန်းစားများရှိနေသေးခြင်းပင်တည်း။ ထိုသူများထံတွင် မျက်နှာဖုံးစွတ်မရှိသလို သူတို့၏မျက်နှာများသည် ပင်ကိုယ်မျက်နှာများပင် ဖြစ်နေ ကြသည်။

မည်သည့် အခြေအနေရောက်ရောက်... မည်သည့်ရှုံးနိမ့်မှုများနှင့် ရင်ဆိုင်တွေ့ရ တွေ့ရ... ထိုသူတို့၏မျက်နှာအမူအရာများက ပြောင်းလဲသွားမည်မဟုတ်ပါ။

ထိုသူတို့သည် ငိုချင်လျှင်ငိုချလိုက်မည်ဖြစ်ပြီး ရယ်မောချင်လျှင်လည်း ရယ်မော နေမည်ဖြစ်သည်။ အသက်ရှင်သန်နေထိုင်ချင်သေးသည်ဆိုလျှင် ရှင်သန်နေထိုင်နေ မည်ဖြစ်ပြီး သေချင်လျှင်လည်း အချိန်မရွေးသေဆုံးသွားကြမည်ဖြစ်၏။

သေခြင်းတရားနှင့်ရင်ဆိုင်ရချိန်များတွင်ပင် သူတို့မည်သူဖြစ်ကြောင်းကို အ ငြင်းပွားကြမည်မဟုတ်ချေ။

ဤသည်မှာ စစ်မှန်သော လူကြီးလူကောင်း အကျင့်စရိုက်ပင်မဟုတ်ပါလော။

ထိုကဲ့သို့သော လူစားမျိုးသာ လောကကြီးတွင်မရှိခဲ့ဘူးဆိုပါက အသက်ရှင်သန် နေထိုင်ရခြင်းသည် လွန်စွာမှာပင် စိတ်ပျက်အားလျော့စရာကောင်းနေပေလိမ့်မည်။

ကမ္ဘာလောကကြီးသည်လည်း ထိုသူများသာမရှိခဲ့လျှင် မည်သို့ပြောင်းလဲသွား မည်နည်းဆိုသည်ကို မည်သူမျှမသိနိုင်ကြချေ။

အရက်ရောက်လာပေပြီ။

စည်းကမ်းထိန်းသိမ်းရေးမှူးလုသည် အရက်တစ်ခွက်ငဲ့ထည့်ပေးပြီး ပြောဆို လိုက်သည်။ “သောက်လိုက်စမ်း... အရက်များများမူးလေ... ဒီလောကကြီးမှာရှိတဲ့ မိန်းမတွေအားလုံးဟာ အတူတူနဲ့အနူနူပဲဆိုတာ ပိုပြီးသိမြင်လာလိမ့်မယ်။”

အားဖေက အံကြိတ်ပြီး ပြောဆိုလိုက်၏။ “အားလုံးအတူတူမဟုတ်နိုင်ဘူး။”

စည်းကမ်းထိန်းသိမ်းရေးမှူးလုက ရယ်မောပြီး မေးမြန်းလိုက်သည်။ “ဒါဆိုရင် မင်းက ဘယ်သူ့ကို လိုချင်လို့လဲ။”

အားဖေ၏မျက်လုံးများက ဒေါသခိုးများ လျှံထွက်လာပြီး ဖြည်းညင်းစွာပြောဆို လိုက်လေတော့သည်။ “ကျုပ် ခင်ဗျားရဲ့မိန်းမကို လိုချင်တယ်။”

+++++

ည...

ညဈေးတန်း...

ညဈေးတန်းသည် အသက်ဝင်လှုပ်ရှားနေ၏။ လူပေါင်းစုံကို ညဈေးတန်းတွင် တွေ့နိုင်လေသည်။

သို့သော် လီဆွန်းဟွာသည် ကမ္ဘာလောကကြီးတွင် နောက်ဆုံးကျန်ခဲ့သူတစ် ယောက်လို ခံစားနေမိ၏။ သူကိုယ်တိုင်မှလွဲပြီး မည်သည့်ဝိဉာဉ်မျှ ရှင်သန်ခြင်း မရှိတော့သလို ခံစားနေရ၏။

အဘယ်ကြောင့်ဆိုသော် သူခင်မင်တန်ဘိုးထားသော လူတိုင်းပင် သူနှင့်ဝေးကွာ သွားခဲ့ကြ၏။ အလွန်ဝေးကွာသွားကြသလို ခံစားနေရ၏။ သူတို့သည် သူမမှတ်မိ နိုင်တော့လောက်အောင် ပြောင်းလဲသွားကြလေသည်။ သူတို့ ရှင်သန်နေလျက်ရှိနေ ခြင်းကိုပင် သူမသိတော့သလိုမျိုး ခံစားနေရ၏။

လောင်ရှောင်း၄ယွန်နှင့် သားဖြစ်သူတို့ ကွယ်ပျောက်သွားခဲ့ပြီဆိုခြင်းကို သူ ကြားသိလိုက်ရသည်။ သို့သော်...

လင်ရှီးယင်တစ်ယောက်ကော...

စကားလုံးဖြင့်ဖော်ပြ၍မရနိုင်သော၊ ခြေရာခံ၍မရနိုင်သော လွမ်းမောတမ်းတ ခြင်းများ၊ ဆွတ်ပျံ့ကြေကွဲခြင်းများသာ ကျန်ရှိတော့လေသည်။

“အချိန်သည်သာ အကောင်းဆုံးကုသပေးနိုင်သော သမားတော်ကြီးဆိုပေမယ့် ဒဏ်ရာအချို့ကတော့ ပျောက်ကင်းဖို့ ငြင်းဆန်နေဦးမှာပဲ။”

ထိုကဗျာလေး၏ အဓိပ္ပါယ်က ရိုးရှင်းလွန်းလှသော်လည်း ခံစားချက်များ၊ စိတ် လှုပ်ရှားရမှုများကတော့ သမုဒ္ဒရာကြီးထက်ပင် နက်ရှိုင်းကျယ်ပြန့်နေသေး၏။

သို့သော် ထိုခံစားရမှုများကို ခံစားနေကြရသည့်လူများမှလွဲ၍ ကျန်လူများသည် ထိုခံစားချက်များက မည်မျှလောက်တောင်မှ ခါးသီးနာကျင်ရကြောင်း သိမှသိပါ လေစ။...

အဝေးတစ်နေရာမှ ပုလွေသံတစ်သံ ဆွတ်ပျံ့ကြည်နူးစွာ ပြန့်လွင့်လာခဲ့၏။

အထီးကျန်သောပုလွေသံက ညဉ့်ကောင်းကင်ယံကြီးကို တိုင်တည်ပြောဆိုနေသ လိုလို...

“ငါတို့တတွေ ဘာဖြစ်လို့ ဒီလောက်တောင်မှ အသည်းနုကြတာလဲ။”

“ငါတို့တတွေ ဘာဖြစ်လို့ ဒီလောက်တောင်မှ အချစ်ကြီးတတ်ကြတာလဲ။”

ပန်းပွင့်လေးများသည် နုဖတ်လွန်းလျှင် ခပ်မြန်မြန် အကြွေစောတတ်ကြသည် မဟုတ်ပါလား။

အချစ်ကြီးသူတစ်ယောက် ချစ်ဒုက္ခကိုခံစားနေရပါက လုံးပါးပါးလာကြရသည် မဟုတ်ပါလား။

သူသည်လည်း ချောက်ကမ်းပါးစွန်းတွင်ရောက်ရှိနေသူတစ်ယောက် မဟုတ်ပါ လား။ အဘယ်ကြောင့် သူယခုအချိန်ထိ လုံးပါးမပါးရသေးသနည်း။

လူတစ်ယောက်နှင့် ရွှေရောင်အရက်အိုးတစ်လုံး... ထိုသူသည်ဘာကြောင့်များ အရက်ဆိပ်မတက်ရပါသနည်း။

မူးယစ်ရီဝေနေသောမျက်လုံးတစ်စုံက အခြားစုံတွဲများ ဖြတ်လျှောက်လာသည် ကို ငေးကြည့်နေ၏။

သို့သော် ထိုအရာသည် မှောင်မည်းတိတ်ဆိတ်နေသော အခန်းတွင်းမှ မျက်ရည် များ၏အတိတ်ကာလကို မေ့ပျောက်နိုင်စွမ်းမရှိပါ။

“ပုလွေမှုတ်နေတဲ့သူဟာ သူကိုယ်တိုင်က တော်တော်လေးအထီးကျန်ဆန်နေရ ပြီးပြီ။ ဘာဖြစ်လို့များ သူ့မျက်ရည်စတွေကို တခြားသူတွေဆီ အရောက်ပို့ဆောင် ပေးနေရတာပါလိမ့်။”

လီဆွန်းဟွာသည် အရက်ခွက်ကို တစ်ဂွပ်တည်း မော့သောက်လိုက်၏။ သူ သည် ရုတ်တရက်ပင် သူ၏လက်ထဲမှအရက်ခွက်နှင့် တူတစ်စုံကို စားပွဲပေါ်သို့ စည်းချက်ညီစွာ ခေါက်နေပြီး သီချင်းတစ်ပုဒ်ကို ဖြည်းညင်းစွာ သီဆိုနေလိုက်၏။

“ပန်းပွင့်တွေ စိတ်မလှုပ်ရှားဘဲ ဖူးပွင့်လာကြတယ်...

မကြာခင်မှာပဲ သူတို့တတွေ သေဆုံးကြရတော့မယ်...

အကြင်နာတရားမရှိကြတဲ့သူတွေ...

နောက်ဆုံးမှာတော့ ပင်ပန်းလွန်းပြီး လုံးပါးပါးကြရတော့မယ်...

အချစ်မရှိရင်...

ဘဝကြီးဟာ ဘာအရသာမှ ရှိတော့မှာမဟုတ်ပါဘူးကွယ်...

အတိတ်အမှောင်ထုထဲက အထီးကျန်မျက်ရည်စက်များဟာ...

မျက်ရည်တစ်စက်မှ မထွက်ခြင်းထက်တော့ ပိုကောင်းနေပါသေးတယ်ကွယ်...”

ပုလွေသံသည် တဖြည်းဖြည်းနှင့် တိုးတိတ်သွားရလေတော့သည်။ ရုတ်တရက် ပင် ရယ်မောသံများ ထွက်ပေါ်လာခဲ့ကြ၏။

ထိုရယ်မောသံများတွင် မည်သည့်အရသာများ ပါရှိနေပါသနည်း။

အားဖေ ဘယ်လိုနေနေမည်နည်း။

လီဆွန်းဟွာသည် နေ့တစ်ဝက်လောက် အားဖေကို ပြင်းထန်စွာ ရှာဖွေခဲ့၏။ အားဖေ၏ သတင်းအစအနများကို လိုက်လံစုဆောင်းခဲ့၏။

သို့သော် အားဖေကို မည်သူမျှမသိကြပါ။ အားဖေဘယ်ကို ထွက်ပြေးသွားမှန်း လည်း မည်သူမျှ မမြင်တွေ့ခဲ့ကြပါ။

အားဖေသည် ရွှေဒင်္ဂါးဂိုဏ်း၏ အဖွဲ့ချုပ်ဌာနတွင်ရောက်ရှိနေမည်မှန်း လီဆွန်း ဟွာ မည်ကဲ့သို့ သိရှိနိုင်ပါမည်နည်း။

နောက်ဆုံး ထိုနေရာ၌ အားဖေရှိနေသည်ကို သိနိုင်သည်ပဲထားဦး... မည်သည့် အဆောင်၊ မည်သည့်နေရာတွင် သွားရှာရမည်မှန်း သူမသိနိုင်ပါ။

မီးအိမ်လေးများက လေအဝေ့တွင် ယိမ်းယိုင်နေကြ၏။ သူ့လက်ထဲမှ အရက် ခွက်သည်လည်း လှုပ်ခါနေရ၏။

ထူပျစ်ပျစ်နှင့် မည်းတူးနေသောအရက်ဖြစ်သည်။ မီးအိမ်များကလည်း အမှောင် ထဲတွင် ခပ်မှိန်မှိန်လင်းလက်နေကြ၏။

လီဆွန်းဟွာသည် ခေါက်ဆွဲဆိုင်သေးသေးလေးတစ်ဆိုင်ထဲတွင် အရက်သောက် နေခြင်းဖြစ်၏။

လမ်းတစ်လမ်းလုံးပင် ဤသို့ဆိုင်ငယ်လေးများ စီတန်းစွာရှိနေကြသည်။ ဤနေ ရာသို့ လာရောက်ကြသူများသည် သာမန်လက်လုပ်လက်စားများသာဖြစ်၏။ သူ့ကို မည်သူမျှ မသိသလို သူကလည်း မည်သူ့ကိုမှမသိရှိပါ။

ဤနေရာဒေသလေးကို သူနှစ်သက်နေမိ၏။ ခြောက်ကပ်ပြီး တိတ်ဆိတ်ငြိမ် သက်နေသော်လည်း ဤနေရာလေးသည် သူ့အတွက်တော့ လွတ်မြောက်ရာနယ်မြေ တစ်ခုဖြစ်၏။

အောင်မြင်ခြင်း၊ ကျရှုံးခြင်း၊ ပျော်ရွှင်မှု၊ ဝမ်းနည်းပူဆွေးမှု... စသည့်အရာအား လုံးသည် ဤနေရာလေးရှိလူသားများနှင့် လားလားမျှမသက်ဆိုင်။ လက်ထဲတွင် အရက်တစ်ခွက်သာရှိနေဖို့လိုသည်။ ကျန်တာအားလုံး ငြိမ်းငြိမ်းချမ်းချမ်းပင်။

ဤနေရာလေးတွင် ခန့်ငြားကြီးကျယ်သော ရယ်မောသံများ၊ နောင်ကျဉ်သော သီချင်းသံများ လုံးဝမရှိ။

ညဉ့်ယံသည် ငြိမ်းချမ်းနေ၏။ ညဉ့်ယံသည် ဘာအရသာမှမရှိ...

တစ်စုံတစ်ယောက်၏ အော်ဟစ်ဆဲဆိုသံများ ထွက်ပေါ်လာသည်။

“အရက်သမားစုတ်... အရှက်မရှိတဲ့ကောင်... အရက်သောက်ပြီး ပိုက်ဆံမပေး ဘူးပေါ့လေ။ မင်းဗိုက်ထဲမှာ အရက်ရောက်သွားခဲ့ပြီးဖြစ်နေဦး... အဲ့ဒီအရက်တွေ ပြန်အန်ထုတ်ပေးစမ်း။”

လီဆွန်းဟွာသည် အသံထွက်ပေါ်လာရာသို့ လှည့်ကြည့်မိလိုက်တော့၏။

သူသည် လျင်မြန်စွာလှည့်ကြည့်လိုက်ခြင်းမှာ ‘အရက်သမား’ဆိုသောစကားကို ကြားလိုက်ရခြင်းကြောင့်လည်းဖြစ်၏။

လူတစ်ယောက်သည် အရက်အိုးကို တင်းကြပ်စွာပွေ့ဖက်ထားနေသည်ကို တွေ့ လိုက်ရ၏။ ထိုသူသည် မည်မျှပင် ကန်ကြောက်ရိုက်ပုတ်ခြင်းကို ခံနေရသည်ဖြစ်စေ လက်ထဲမှ အရက်အိုးကိုမလွတ်တမ်း ဖက်တွယ်ထားပြီး အိုးထဲမှအရက်ကိုပင် တိတ် တိတ်လေး စုပ်သောက်နေသေး၏။

ခါးတွင် ဆီချေးများပေကျံနေသော လက်နှီးစုတ်တစ်စကို ထိုးထားသူအဘိုးကြီး တစ်ယောက်သည် အော်ဟစ်ဆဲဆိုနေပြီး ကြမ်းပြင်ပေါ်လဲကျနေသော ထိုအရက်သ မားကို ရိုက်မောင်းပုတ်မောင်း လုပ်နေ၏။

လီဆွန်းဟွာသည် သက်ပြင်းတစ်ချက်ချလိုက်ပြီး ထိုနေရာသို့လျှောက်သွား လိုက်သည်။ “သူ့ကိုပေးသောက်လိုက်ပါ။ သူသောက်သမျှ ကျုပ်ရှင်းပေးပါ့မယ်။”

ဆဲဆိုနေခြင်းများ၊ ထုရိုက်နေခြင်းများ ချက်ချင်းပင် ရပ်တန့်သွားခဲ့တော့သည်။

ငွေဆိုသည်မှာ လူတစ်ယောက်၏လက်များကို ကြိုးတုတ်နှောင်ထားနိုင်ပြီး လူ တစ်ယောက်၏ ပါးစပ်ပေါက်ကိုလည်း ပိတ်ဆို့သွားစေနိုင်သည်။

ကြမ်းပြင်ပေါ်တွင်လဲကျနေသူသည် မတ်တတ်ရပ်ရန်မနည်းပင် ကြိုးစားနေရ ၏။ အရက်အိုးကို နှုတ်ခမ်းပေါ်သို့ မ’တင်ပြီး မော့သောက်နေပြန်သည်။ အရက်များ က သူ၏တစ်ကိုယ်လုံးပေါ်သို့ ဖိတ်စင်ကျသွားခဲ့သောကြောင့် လူသည်လည်း ရွှဲစို သွားခဲ့ရလေတော့သည်။ သို့သော် သူ့ကို ကြည့်ရသည်မှာ ဘာကိုမှ ဂရုစိုက်ပုံမရ။

ကြည့်ရသည်မှာ သူ့ကိုယ်သူအရက်အိုင်ထဲတွင် နစ်မြုပ်ချင်နေပုံရသည်။

“ဝမ်းနည်းစရာ အတိတ်အကြောင်းတွေမရှိခဲ့ဘူးဆိုရင် ဒီလူဘာဖြစ်လို့ဒီလိုဖြစ် နေမှာလဲ။”

“အဲဒီလူသာ ခံစားတတ်တဲ့လူတစ်ယောက်မဟုတ်ခဲ့ရင် ဘာဖြစ်လို့ဝမ်းနည်းပူ ဆွေးမှုတွေကို ခံစားနေရမှာလဲ။”

လီဆွန်းဟွာသည် ရုတ်တရက်ပင် သနားကြင်နာစိတ်များ ပေါ်ပေါက်လာခဲ့ရပြီး ထိုသူ့နားကို သွားစကားပြောဆိုလိုက်သည်။ “တစ်ယောက်တည်း စားသောက်နေရ တာ သိပ်ပြီးအထီးကျန်လွန်းပါတယ်ဗျာ။ ကျုပ်စားပွဲမှာ မှာထားတဲ့အစားအသောက် တွေလည်းရှိနေပါတယ်။ အရက်လည်းရှိနေပါတယ်။ ကျုပ်နဲ့အတူတူလာစားပါ လား။”

ထိုသူသည် အရက်နောက်တစ်ခွက်ကို မော့သောက်ပြီး ထခုန်ရပ်ကာ လီဆွန်း ဟွာကို အော်ဟစ်ပြောဆိုလိုက်၏။ “မင်းကိုမင်း ဘာထင်နေလို့လဲကွ.. ဟေ.. မင်း က ကျုပ်နဲ့အရက်အတူတူသောက်ရအောင် ထိုက်တန်တဲ့လူမဟုတ်သေးဘူး။ ကျုပ် ကိုမင်းနောက်ထပ်အရက်အိုး ၃၀၀ ဝယ်တိုက်လည်းပဲ ကျုပ်ကတော့ မင်းနဲ့အတူတူ အရက်မသောက်နိုင်သေးဘူး။ နားလည်လား။”

ထိုစကားပြောအပြီးတွင် ထိုသူသည် သူ၏လက်နှစ်ဘက်ဖြင့် ကိုယ့်လည်ပင်းကို ကိုယ် ဖြစ်ညှစ်ထားလိုက်၏။

လီဆွန်းဟွာသည် အတော်လေးအံ့အားသင့်သွားပုံရပြီး ထိုသူ့ကို ပြောဆိုလိုက် သည်။ “ခင်ဗျား... ခင်ဗျားကိုး...”

ထိုသူသည် ကြမ်းပြင်ပေါ်သို့အရက်အိုးကို ပေါက်ခွဲချပြီး ရုတ်ချည်းပင် ထွက် ပြေးသွားလေတော့သည်။

လီဆွန်းဟွာသူ ထိုသူ့နောက်မှလိုက်နေရင်း တကြော်ကြော် အော်ခေါ်နေ၏။ “ ခဏလေးစောင့်ပါဦး... ခဏလောက်စောင့်ပါဦး... မိတ်ဆွေ... ခင်ဗျားကျုပ်ကို မမှတ်မိတော့ဘူးလား။”

ထိုသူသည် လျင်မြန်စွာထွက်ပြေးနေပြီး ပြန်အော်ပြောလိုက်၏။ “ကျုပ် မင်းကို လည်းမသိဘူး... မင်းတိုက်တဲ့အရက်ကိုလည်း ကျုပ်မသောက်နိုင်ဘူး။”

လူနှစ်ယောက်သည် တစ်ယောက်ကရှေ့မှပြေးနေပြီး တစ်ယောက်ကနောက်မှ အသည်းအသန်လိုက်နေရာ ရုတ်ချည်းပင် အားလုံး၏မြင်ကွင်းမှ ကွယ်ပျောက်သွား ခဲ့၏။

ထိုမြင်ကွင်းကို တွေ့မြင်လိုက်ရသူတစ်ယောက်အတွက် သူတို့ကိုရူးနှမ်းနေကြ သူများဟု အထင်ရောက်သွားနိုင်၏။

“ပိုက်ဆံမပေးဘဲ အရက်ခိုးသောက်တဲ့လူက ရူးနေတာပဲ။ သူ့ကို အရိုက်အပုတ် ခံနေရတာတောင် အရက်ကို ဆက်သောက်နေသေးတယ်။ ပိုက်ဆံရှင်းပေးမယ့်လူ လည်းပေါ်လာရော... ထွက်ပြေးသွားပြန်ပြီ။”

“အရက်ဝယ်တိုက်တဲ့လူလည်း အရူးတစ်ယောက်ပဲ။ သူ့ပိုက်ဆံတွေလည်း သုံး ဖြုန်းသွားသေးတယ်။ သူဝယ်တိုက်တဲ့အရက်အိုးကိုလည်း ပေါက်ခွဲသွားသေးတယ်၊ ဒါတောင်မှ ဟိုလူ့ကို မိတ်ဆွေလို့ နောက်ကနေ လိုက်ခေါ်နေတုန်း။ ဘယ်လိုလူတွေ မှန်းမသိပါဘူး။ ကျုပ်တော့ ဒီလိုလူမျိုးတွေ တစ်ယောက်မှကို မတွေ့ဖူးဘူး။”

မှန်ပါသည်။ သူ့အတွက် ထိုသို့သောလူစားမျိုးကို မတွေ့ဖူးခဲ့သည်မှာ မှန်ပါ သည်။ အဘယ်ကြောင့်ဆိုသော် ထိုလူစားမျိုးများကို တွေ့ဖူးရန် အလွန်ခက်ခဲသည် မဟုတ်ပါလား။

ထွက်ပြေးနေသူသည် မည်သူများဖြစ်နေပါသနည်း။

လီဆွန်းဟွာကို တွေ့တွေ့ချင်းပင် သူဘာကြောင့် ထွက်ပြေးသွားရသနည်း။

အခြားလူများအတွက်တော့ သိချင်မှသိနိုင်ပေမည်။ သို့သော် လီဆွန်းဟွာအ တွက်တော့ ဒီလိုနေရာမျိုး၌၊ ဒီလိုပတ်ဝန်းကျင်မျိုး၌ ထိုသူ့ကို တွေ့လိုက်ရလိမ့်မည် ဟု လုံးဝမထင်မှတ်ထားခဲ့ချေ။

ထိုသူ့ကို လီဆွန်းဟွာ ပထမဆုံးအကြိမ်တွေ့ဖူးခဲ့သည်မှာ ဈေးဆိုင်ကြီးတစ်ဆိုင် ၏ ခေါင်မိုးအောက်၌ဖြစ်၏။ ထိုလမ်းထဲတွင်လည်း လူများစွာ ရှုပ်ယှက်ခတ်နေခဲ့ သည်။

သူ၏အဝတ်အစားများက နှင်းကဲ့သို့ဆွတ်ဆွတ်ဖြူဖွေးနေခဲ့၏။ လူအများကြား တွင် သူသည် ကြက်များကြားမှ ကြိုးကြာတစ်ကောင်ကဲ့သို့ရှိနေခဲ့၏။

ထိုသူ၏ရှေ့တွင် တစ်ကမ္ဘာလုံးရှိ ရွှေများတောင်ပုံရာပုံလာချပေးထားဦး ထိုသူ သည် သူစကားမပြောချင်သူများကို အဖက်လုပ်ပြီး စကားပြန်ပြောမည့်သူတစ် ယောက်မဟုတ်ခဲ့ချေ။

ယခုတော့ ဘာမဟုတ်သည့်အရက်အိုးလေးတစ်အိုးအတွက်ပင် လူအများ၏ အစော်ကားကို ခံခဲ့သည်မှာ ရွှံ့ထဲတွင်ရှိနေသော ဝက်တစ်ကောင်ကို အရိုက်အနှက် ခံနေရသကဲ့သို့ပင်။

လီဆွန်းဟွာအတွက် ယခင်ကသူသိခဲ့သူနှင့် ယခုသူတွေ့နေရသူသည် လူတစ် ယောက်တည်းဖြစ်နေမှန်း မည်သို့မျှ မယုံကြည်နိုင်အောင် ဖြစ်နေရ၏။ သူမယုံ ကြည်နိုင်သလို ယုံလည်းမယုံကြည်ချင်ပါ။

သို့သော် အမှန်တရားကို ဖုံးကွယ်ထား၍မရနိုင်ချေ။

သူ့ရှေ့မှောက် ရွှံ့ထဲတွင်လဲကျနေသူသည် တစ်ခါက လွန်စွာအဆင့်အတန်းမြင့် ခဲ့ပြီး မာနအလွန်ကြီးခဲ့သူ လုဖုန်းရှန်းဖြစ်နေလေသည်။

မည်သည်ကများ သူ့ကိုဤသို့ ပြောင်းလဲသွားစေခဲ့ပါသနည်း။ သူ၏အပြောင်း အလဲများက လွန်စွာမှပင် လျင်မြန်လှပြီး ကြောက်စရာကောင်းသော အပြောင်းအလဲ ဖြစ်ခဲ့ရသည်မဟုတ်ပါလား။

လမ်းမပေါ်မှအလင်းရောင်များက တဖြည်းဖြည်းမှုန်ဝါးသွားခဲ့ပြီး ကြယ်ရောင် များသာ ရှိနေရ၏။

လုဖုန်းရှန်းက ပြေးလွှားနေခြင်းကို ရုတ်တရက် ရပ်တန့်လိုက်သည်။

အဘယ်ကြောင့်ဆိုသော် သူသည်လည်း အားဖေကဲ့သို့ပင်။ မိမိကိုယ်ကို လွတ် မြောက်အောင် ထွက်ပြေးနေခြင်းမဟုတ်ပါလော။...

လောကကြီးတွင် မိမိကိုယ်ကို လွတ်မြောက်အောင်ထွက်ပြေးနေကြသူများ အများအပြားရှိနေကြပါသည်။ သို့သော် မည်သူမျှ မလွတ်မြောက်နိုင်ကြပါ။

လီဆွန်းဟွာသည် သူ့နောက်နားခပ်ဝေးဝေးတစ်နေရာတွင် ရပ်တန့်လိုက်၏။ သူသည်လည်း ခါးကုန်းပြီး ချောင်းဆိုးနေရပြန်သည်မဟုတ်ပါလား။ လီဆွန်းဟွာ မိမိကိုယ်ကို ပြန်သတိထားမိလာခဲ့သည်မှာ သူ့အနေနှင့် ယခင်ကလောက် ကြိမ်ဖန်များစွာ ချောင်းမဆိုးတော့သော်လည်း လည်ချောင်းယားပြီး ချောင်းဆိုး လိုက်တိုင်းပင် ခက်ခဲစွာဆိုးနေရခြင်းဆိုသည်ကိုတည်း။

ဤသည်မှာလည်း ချစ်ဒုက္ခခံစားနေရခြင်းနှင့် အတူတူပင်ဖြစ်ပါသလော။..

လူတစ်ယောက်သည် မိမိချစ်နှစ်သက်သူနှင့် တဖြည်းဖြည်းဝေးကွာလာခဲ့ရသည် နှင့်အမျှ မေ့ပျောက်လာနိုင်သည်ဟုမဆိုနိုင်ပေ။ သူ၏မှတ်ဉာဏ်ထဲတွင် နက်နဲစွာ ထိုးထွင်းထားခဲ့သော လွမ်းဆွတ်ခံစားမှုများသာ ဖြစ်၏။

လီဆွန်းဟွာ၏ ချောင်းဆိုးနေခြင်းရပ်တန့်သွားသောအခါမှ လုဖုန်းရှန်းက မေး မြန်းလိုက်သည်။ “ခင်ဗျား ကျုပ်ကိုဘာဖြစ်လို့ ထွက်ပြေးခွင့်မပေးရတာလဲ။”

လုဖုန်းရှန်းသည် သူ၏ဟန်ပန်အမူအရာများကို ပြန်လည်ရယူရန်ကြိုးစားပြီး ပြောဆိုလိုက်၏။ သူအောင်မြင်ပါသည်။

သို့သော် သူ၏အသံသည် ရေခဲမြစ်ထဲကျဆင်းသွားသော ယုန်ငယ်လေးတစ် ကောင်ကို ဆယ်ယူပြီး ထိုယုန်ငယ်လေးထံမှ ထွက်ပေါ်လာသောအသံကဲ့သို့ဖြစ်နေ ရ၏။

လီဆွန်းဟွာက မည်သို့မျှ ပြန်မပြောခဲ့ချေ။ သူ့စကားလုံးများကြောင့် လုဖုန်း ရှန်းကို စိတ်မထိခိုက်စေချင်ပါ။

အဘယ်ကြောင့်ဆိုသော် ထိုမေးခွန်းကို ပြန်ဖြေသည့်မည်သည့်အဖြေမဆို လု ဖုန်းရှန်းအား စိတ်ထိခိုက်စေမည်ဖြစ်၏။

လုဖုန်းရှန်း-“ကျုပ် ခင်ဗျားအပေါ်မှာ ဘာအကြွေးမှလည်း မတင်ရှိခဲ့ဘူး။ ခင် ဗျားအတွက်လည်း ဘာမှလုပ်ပေးစရာမလိုခဲ့ဘူး။ ဘာဖြစ်လို့များ ကျုပ်ကိုလုပ်ခိုင်း ခဲ့ရတာလဲ။”

လီဆွန်းဟွာသည် နောက်ဆုံးတော့လည်း သက်ပြင်းချသံနှင့်အတူ စကားသံ ထွက်ပေါ်လာခဲ့ရလေတော့သည်။ “ကျုပ်ကသာ ခင်ဗျားအပေါ်မှာ အကြွေးတင်ရှိနေ သူပါ။”

လုဖုန်းရှန်း-“ဘာပဲဖြစ်ဖြစ် ခင်ဗျား ကျုပ်ကိုပြန်ဆပ်စရာမလိုပါဘူး။”

လီဆွန်းဟွာ-“ကျုပ် ခင်ဗျားအပေါ်မှာတင်ရှိနေတဲ့အကြွေးကို ဘယ်လိုနည်းနဲ့မှ ပြန်မဆပ်နိုင်ပါဘူးဗျာ။ ဒါပေမဲ့ အနည်းဆုံးတော့ ကျုပ်ခင်ဗျားကို အရက်ဝယ်တိုက် ပါရစေလား။”

လုဖုန်းရှန်းသည်လည်း ယခုမှပင် ခပ်သဲ့သဲ့ရယ်မောလာနိုင်တော့၏။ “ကျုပ် မမေ့သေးပါဘူး။ ခင်ဗျားကျုပ်ကို တစ်ခါပြောခဲ့ဖူးတယ်လေ။”

လုဖုန်းရှန်း၏လက်က တုန်လှုပ်နေရ၏။ သူ၏လက်တုန်ခါနေသောကြောင့် လက်ထဲတွင်ကိုင်ထားသော အရက်ခွက်သည်လည်း တုန်ခါနေရ၏။

သူသည် အရက်ခွက်ကို လက်နှစ်ဘက်ဖြင့်ဆုပ်ကိုင်ထားသော်လည်း အရက် များက ခွက်အပြင်သို့ ဖိတ်စဉ်နေဆဲပင်။

လွန်ခဲ့သောရက်အနည်းငယ်ခန့်က ထိုလက်များသည် ကြောက်မက်ဖွယ်ကောင်း လှသော လူသတ်လက်နက်များဖြစ်ခဲ့ကြ၏။

မည်သည့်အကြောင်းကြောင့် ပြောင်းလဲသွားခဲ့ရသည်ဖြစ်စေ၊ အံ့ဩမှုကတော့ လီဆွန်းဟွာကို တုန်လှုပ်သွားစေခဲ့၏။

မည်သည့်အရာမှန်း လီဆွန်းဟွာကိုယ်တိုင်ပင် မသိနိုင်လောက်အောင် အံ့ဩ တုန်လှုပ်နေရ၏။

လုဖုန်းရှန်းသည် အရက်ခွက်ထဲသို့ နောက်ထပ်အရက်ငဲ့ထည့်နေ၏။

‘ခွမ်း’

သူ့လက်ထဲမှ အရက်အိုး ကျကွဲသွားလေတော့သည်။

သူ၏မျက်လုံးများက မိမိလက်ကိုမိမိပြန်စိုက်ကြည့်နေကြ၏။ စိုက်ကြည့်နေ သည်မှာ မျက်တောင်ပင်မခတ်။ ပြီးနောက် ကြောက်မက်ဖွယ်ရာ ဝမ်းခေါင်းသံကြီး ဖြင့် အော်ဟစ်လိုက်ပြီး သူ၏လက်ချောင်းများကို ပါးစပ်တွင်းသို့ သွတ်ထည့်လိုက် လေတော့သည်။

လက်ချောင်းများကို သွတ်သွင်းလိုက် ပါးစပ်ဖြင့်ကိုက်လိုက် လုပ်နေ၏။

သူ့ပါးစောင်ထောင့်မှ သွေးများယိုစီးကျလာလေတော့သည်။

နဂိုရ်တုန်းကတော့ လီဆွန်းဟွာသည် သူ့ကိုမတားမြစ်ရန် ဆုံးဖြတ်ထား၏။ သို့ သော်ယခုအခြေအနေက မတားဆီး၍မရတော့သောကြောင့် သူ့ပါးစပ်တွင်းမှ လက် ချောင်းများကို အတင်းဝင်လုကာ ဆွဲထုတ်ပေးလိုက်သည်။

လုဖုန်းရှန်းသည် ရူးသွပ်စွာအော်ဟစ်ပြောဆိုနေ၏။ “ကျုပ်ကို လွှတ်စမ်း။ ကျုပ် ကိုလွှတ်ပေးလိုက်စမ်းပါ။ ဒီလက်တွေကို ပြတ်ထွက်သွားအောင် ကိုက်ပစ်လိုက်ချင် တယ်။ ကျုပ်ပါးစပ်နဲ့ကိုက်ပြီး ဝါးစားပစ်လိုက်ချင်တယ်။”

ထိုလက်တစ်ဘက်သည် တစ်ချိန်တုန်းကသူ၏ ဂုဏ်အယူရဆုံး၊ တန်ဘိုးအရှိ ဆုံးလက်တစ်ဘက်ဖြစ်ခဲ့လေသည်။ သို့သော် လူတစ်ယောက်သည် နောင်တရနောင် ကျဉ်မှုများနှင့်ကြုံတွေ့လာရပါက သူတန်ဘိုးထားသည့်အရာအားလုံးကို ဖျက်လို ဖျက်စီးလုပ်တတ်ချင်လာသည်မှာ အဆိုးဟုပြော၍တော့မရနိုင်ပါချေ။

အဘယ်ကြောင့်ဆိုသော် ဖျက်ဆီးပစ်လိုက်ခြင်းသာ စိတ်နာကျင်ခံစားရမှုများကို သက်သာစေသည်မဟုတ်ပါလား။

စေ့စေ့စပ်စပ် ဖျက်ဆီးချေမွခြင်းသည်သာ အကောင်းဆုံးထွက်ပေါက်တစ်ခု ဖြစ် နေရသည်မဟုတ်ပါလား။

လီဆွန်းဟွာသည် မျက်နှာအပျက်ပျက်ဖြင့် ပြောဆိုလိုက်သည်။ “လူတစ် ယောက်က ခင်ဗျားကို ဒီလိုဘဝမျိုးရောက်အောင် တွန်းပို့ခဲ့တယ်ဆိုရင် သေသင့်တဲ့ လူက သူပဲ။ ဘာဖြစ်လို့ ကိုယ့်ကိုကိုယ်ဖျက်ဆီးနေရတာလဲ။”

လုဖုန်းရှန်းမှ ပြန်အော်ပြောလိုက်သည်။ “ကျုပ်က သေသင့်တဲ့လူ။ သေသင့် တာကျုပ်ပါဗျ။”

သူသည် ရှိသမျှအားကုန်သုံးပြီး လီဆွန်းဟွာ၏ချုပ်ကိုင်ထားမှုမှ ရုန်းထွက် လိုက်သည်။ သို့သော် သူသာနောက်ပြန်လန်လဲကျသွားပြီး မြေကြီးပေါ်တွင် ပက် လက်လန်လဲကျနေ၏။

လုဖုန်းရှန်းက ပြန်ရပ်ရန်မကြိုးစားတော့ပဲ ဤအတိုင်းပင်လဲကျနေပြီး သည်း ထန်စွာ ငိုကြွေးနေလေတော့သည်။

နောက်ဆုံးတွင် လီဆွန်းဟွာကို ဖြစ်ပျက်သမျှ ဖြစ်ကြောင်းကုန်စင်ကို ပြောပြ နေလေတော့၏။

လီဆွန်းဟွာကြားနေရသော ဇာတ်လမ်းလေးက လုဖုန်းရှန်း၏ ဇာတ်လမ်းဖြစ် သည်။ ပြောပြနေသူသည်လည်း လုဖုန်းရှန်းပင်ဖြစ်နေ၏။ သူမြင်တွေ့နေရသူသည် လည်း လုဖုန်းရှန်းပင်ဖြစ်နေ၏။ သို့သော် သူ့အတွေးထဲတွင် ပေါ်လာသည်မှာ အားဖေဖြစ်နေလေသည်။

လီဆွန်းဟွာ၏ နှလုံးသားတစ်ခုလုံး ဆုပ်ကိုင်ဖြစ်ညှစ်ထားခြင်းခံရသလို ခံစား နေရ၏။

အားဖေသည်လည်း ဤကဲ့သို့ ထပ်တူထပ်မျှ ခံစားနေရပါသလား။

အားဖေသည်လည်း ဤကဲ့သို့ ပြောင်းလဲသွားခဲ့ပါသလား။

လီဆွန်းဟွာသည် အစတုန်းကတော့ လုဖုန်းရှန်းကို မည်သည့်စကားမျှ မပြော ဆိုတော့ရန် ဆုံးဖြတ်ထားခဲ့သော်လည်း မနေနိုင်မထိုင်နိုင် ပြောမိလိုက်ပြန်သည်။ “ ခင်ဗျား ဘာဖြစ်လို့ ဒီနေရာမှာအချိန်ဖြုန်းနေရတာလဲ။”

လုဖုန်းရှန်း-“ကျုပ်ဒီနေရာမှာ မနေလို့ ဘယ်နေရာမှာသွားနေရမှာလဲ။”

လီဆွန်းဟွာ-“ခင်ဗျားမိသားစုရှိတဲ့နေရာကို ပြန်သွားပေါ့။ ခင်ဗျားမိသားစုနဲ့ အတူတူပြန်နေပေါ့။”

လုဖုန်းရှန်း-“မိသားစု....”

လီဆွန်းဟွာ-“ခင်ဗျားကိုကြည့်ရတာ ရောဂါဝေဒနာခံစားနေရသူတစ်ယောက်နဲ့ တူတယ်။ ဒီအတွက် ကုသနည်းကတော့ နှစ်နည်းပဲရှိတယ်။”

လုဖုန်းရှန်း-“ကုသနည်း ၂ နည်း... ဟုတ်လား။”

လီဆွန်းဟွာ-“ပထမဦးဆုံးကုသနည်းကတော့ မိသားစု။ ဒုတိယကုသနည်းက တော့ အချိန်ပဲ။ ခင်ဗျားသာ အိမ်ပြန်သွားမယ်ဆိုရင်...”

လုဖုန်းရှန်း-“ကျုပ် အိမ်မပြန်ဘူး။”

လီဆွန်းဟွာ-“ဘာဖြစ်လို့လဲ။”

လုဖုန်းရှန်း-“ဘာဖြစ်လို့လဲဆိုတော့... ကျုပ်အိမ်မဟုတ်တော့လို့ပေါ့။”

လီဆွန်းဟွာ-“မိသားစုဆိုတာ မိသားစုပဲ။ ဘယ်တော့မှ ပြောင်းလဲသွားမှာ မဟုတ်ဘူး။ ဒါကြောင့်မို့လို့ မိသားစုဆိုတာ အရေးအကြီးဆုံးပဲ။”

လုဖုန်းရှန်း-“ကျုပ်ရဲ့မိသားစုဝင်တွေ မပြောင်းလဲဘူးပဲထားပါတော့။ ကျုပ်က တော့ ပြောင်းလဲသွားခဲ့ပြီ။ ကျုပ်ဟာ အရင်တုန်းက ကျုပ်မဟုတ်နိုင်တော့ဘူး။”

လီဆွန်းဟွာ-“ခင်ဗျားသာ ကိုယ့်အိမ်ကိုယ်ပြန်ပြီး အေးအေးဆေးဆေး သက် တောင့်သက်သာ အနားယူလိုက်မယ်ဆိုရင် ဟိုအရင်တစ်ချိန်တုန်းက လုဖုန်းရှန်း ဆို တဲ့ဘဝကို ပြန်ရလာမှာ သေချာပါတယ်ဗျာ။”

သူသည် ဆက်ပြောလိုက်ရန် ဟန်ပြင်လိုက်သော်လည်း နောက်မှ ပေါ်ထွက်လာ သောစကားသံတစ်သံကြောင့် ပြောမည့်စကားများ ရပ်တန့်သွားခဲ့ရ၏။ “မိသားစု မရှိတဲ့ လူတစ်ယောက်အဖို့ကော... ဒီကုသနည်းက ကုသလို့ပျောက်ကင်းနိုင်ပါ့မ လား။”

0 comments:

Post a Comment