‘ဗုန်း’
တံခါးကို ပြင်းထန်စွာဆောင့်ပိတ်လိုက်သံ ထွက်ပေါ်လာခဲ့ပြီး အတွင်းမှ ချက် ချလိုက်သံလည်း ကြားလိုက်ရ၏။
အားဖေသည် တံခါးကို အားကုန်ထုရိုက်နေ၏။
အတန်ကြာသောအခါမှ အတွင်းဘက်က စကားသံတစ်သံထွက်ပေါ်လာသည်။ “ဘယ်သူလဲ...”
အားဖေ-“ကျုပ်ပါ...”
အသံရှင်-“ရှင်က ဘယ်သူလဲ။”
“ကျုပ်က ကျုပ်ပဲပေါ့။”
အတွင်းမှ တခစ်ခစ်ရယ်မောသံလေးများ ထွက်ပေါ်လာပြန်သည်။ “ဒီလူ ရူး သွားပြီ။”
“သူ့လေသံအရဆိုရင် သူကပဲ ဒီနေရာကို ပိုင်ဆိုင်သူလိုလို...”
“ဒါပေမဲ့ သူ့ကို ဘယ်သူကမှတ်မိနိုင်မှာလဲ။ မဟုတ်ဘူးလား။”
“အဲဒီလူက ဘယ်သူမှန်းမသိပါဘူးအေ... ကြည့်ရတာ သရဲအခြောက်ခံလာရတဲ့ လူနဲ့တူတယ်။”
ထိုအသံများသည် အားဖေအတွက်တော့ ရင်းရင်းနှီးနှီးရှိနေလေသည်။ မနေ့ည ကပင် ထိုအသံရှင်များသည် သူ့ကိုချိုသာစွာ ပြောဆိုခဲ့ပြီး ပြုစုစောင့်ရှောက်ခဲ့ကြ သေးသည်မဟုတ်ပါလား။ သူတို့ ဘာဖြစ်လို့များ ပြောင်းလဲသွားကြတာပါလိမ့်။...
အားဖေ ဒေါသများ မိုးမွှန်ထွက်လာရပြီး ဒေါသတကြီးဖြင့် တံခါးပေါက်ကို ဝင်ဆောင့်လိုက်တော့သည်။
တံခါးပွင့်သွားခဲ့ပြီး အလွန်လှပသော မျက်ဝန်း ၇ စုံက သူ့ကိုပြူးပြဲစိုက်ကြည့် နေကြ၏။
ထိုမျက်လုံးများသည် မနေ့ညတုန်းကတော့ ပျားရည်ကဲ့သို့ချိုသာသော အကြည့် များ ဖြစ်ခဲ့ကြသော်လည်း ယခု သူ့ကိုကြည့်နေသော အကြည့်များကမူ အငွေ့ပျံ ပျောက်ကွယ်သွားသော ချိုသာမှုများ၊ အေးခဲသောဒဏ်ကြောင့် အရည်မှအခဲဖြစ်သို့ ရုတ်ချည်းပြောင်းလဲသွားသော ရေခဲတုံးဆန်ဆန်အကြည့်များ ဖြစ်နေကြလေသည်။
အားဖေသည် အခန်းတွင်းသို့ တွန်းတိုက်ဝင်ရောက်လာပြီး အရက်အိုးတစ်အိုး ကို ကောက်ယူလိုက်သည်။ အိုးထဲတွင် အရက်တစ်စက်မျှ မရှိနေပါ။
“အရက်ဘယ်မှာလဲ...”
“ဒီနေရာမှာ ဘာအရက်မှ မရဘူး။”
“သွား... ကျုပ်ကို အရက်သွားယူလာပေးစမ်း။”
“ဘာဖြစ်လို့ယူလာပေးရမှာလဲ။ ဒါအရက်ချက်တဲ့ ကစော်အိမ်မဟုတ်ဘူး။”
အားဖေသည် သူ့ကိုခံပြောနေသည့် မိန်းကလေးရှိရာသို့ လျှောက်လှမ်းလာပြီး ထိုမိန်းကလေး၏ အင်္ကျီရင်ဘတ်ကို ဆွဲထားပြီး မေးမြန်းလိုက်သည်။ “မင်းတို့အား လုံး ကျုပ်ကိုမမှတ်မိတော့ဘူးလား။”
မျက်ဝန်းလှလှလေးတစ်စုံက အားဖေကို အေးစက်စက်စိုက်ကြည့်နေပြီး ပြန် လည်မေးခွန်းထုတ်လိုက်သည်။ “ရှင် ကျမကို မှတ်မိလို့လား။ ကျမ ဘယ်သူလဲဆို တာကော သိလို့လား။”
အားဖေ-“ကျုပ် တကယ်ပဲမနေ့ညက ဒီနေရာမှာ မရှိခဲ့ဘူးလား။”
နောက်အသံရှင်တစ်ယောက်က သူ့မေးခွန်းကို ဖြေဆိုလိုက်သည်။ “ဒီနေရာဟာ မနေ့ညက ရှင်ရောက်ခဲ့တဲ့နေရာမှန်ပါတယ်။ ဒါပေမဲ့ ရှင်ကတော့ မနေ့ညက ကျမ တို့တွေ့ခဲ့ရတဲ့လူ မဟုတ်တော့ဘူး။”
ထိုစကားသံချိုချိုလေးက အားဖေနှင့် လွန်စွာရင်းနှီးနေ၏။
အားဖေ၏ ခန္ဓာကိုယ်တစ်ခုလုံး ဆတ်ဆတ်ခါတုန်လှုပ်သွားခဲ့ရလေတော့သည်။
အားဖေသည် မျက်လုံးများကို တင်းကြပ်စွာပိတ်ထားလိုက်၏။ သူမကို သူလုံး ဝ မတွေ့ချင်ပါ။ သူမကို သူမကြည့်ရဲပါ။
သူမသည် သူ၏အိပ်မက်ထဲမှာပင် မေ့ပျောက်မရနိုင်သူဖြစ်၏။ သူမကို ငေး ကြည့်နေခွင့်လေးရဖို့ဆိုလျှင် သူ့ဘဝတစ်ခုလုံး၊ သူပိုင်ဆိုင်သမျှအရာအားလုံးကို စွန့် လွှတ်ခဲ့ပြီးဖြစ်သည်။
သို့သော် ယခုအချိန်တွင် ထိုမိန်းမကို ကြည့်မည့်အစား အသေသာခံလိုက်ချင် သည်။
သူမသည် အရင်ကလည်း ဤအတိုင်း၊ ယခုလည်း ဤအတိုင်းပင်။
အားဖေ... အားဖေကတော့ အရင်တုန်းကအတိုင်းမဟုတ်တော့ပြီ။ ပြောင်းလဲ သွားခဲ့ချေပြီ။
+++++
လူတိုင်းပင် ငြိမ်သက်စွာရှိနေကြဆဲ... လှုပ်ရှားမှုမှန်သမျှသည်လည်း တိတ် ဆိတ်စွာရှိနေဆဲ...
ခေါင်မိုးပေါ်မှ ဖုန်မှုန့်အချို့ ကြမ်းပြင်ပေါ်သို့ ကျလာခဲ့၏။
လေတိုက်ခတ်၍ ကျလာခဲ့သည်လော... သို့တည်းမဟုတ် မရဏမင်း၏အငွေ့အ သက်များကြောင့် ကျဆင်းလာခဲ့ခြင်းလော...
စန့်ကွမ်းကျင်းဟုန်က ရုတ်တရက် ခြေတစ်လှမ်း လှမ်းထုတ်လိုက်သည်။
လီဆွန်းဟွာကတော့ မလှုပ်မရှား တည်ငြိမ်စွာရှိနေဆဲ။
ရုတ်တရက်... စကားသံတစ်သံ ထွက်ပေါ်လာ၏။ “လှုပ်ရှားဖို့ဆိုတာ မလှုပ်ရှား ခြင်းပဲ။ မလှုပ်ရှားဖို့ဆိုတာလည်း လှုပ်ရှားခြင်းပဲ။ နားလည်လားကွယ့်။”
အသံသည် အိုမင်းရင့်ကျက်နေသော သူအိုတစ်ယောက်၏အသံဖြစ်၏။ အခန်း တွင်းရှိလူတိုင်းပင် ထိုအသံကို ကြည်လင်ပြတ်သားစွာ ကြားလိုက်ကြရလေသည်။
သို့သော် အသံမည်သည့်နေရာမှ ထွက်ပေါ်လာခဲ့မှန်း မည်သူမျှမသိနိုင်ကြချေ။
နောက်ထပ်အသံလေးတစ်သံက ရယ်သံလေးစွက်ပြီး ထွက်ပေါ်လာပြန်သည်။ “ဒါဆိုရင် တိုက်ခိုက်ဖို့အတွက် မတိုက်ခိုက်တာပေါ့။ မတိုက်ခိုက်ဖူးဆိုတာကလည်း တိုက်ခိုက်မှုပဲပေါ့၊ ဟုတ်လား။ ဒါဖြင့်ရင် ဘာဖြစ်လို့များ တိုက်ခိုက်နေကြသေးတာ လဲ မသိဘူးနော်။”
ထိုအသံသည် ငယ်ရွယ်နုပျိုနေပြီး လွန်စွာမှပင် ချိုသာအေးမြလေသည်။
သို့သော် ထိုအသံရှင်ကိုလည်း မည်သူမျှ မတွေ့နိုင်ကြပါ။
အဘိုးအို-“သူတို့နှစ်ယောက် တိုက်ခိုက်နေကြတာ အမှန်တော့ တကယ့်သိုင်း ပညာရပ်ရဲ့ အနှစ်သာရကို မသိကြသေးလို့ပဲ။”
မိန်းမငယ်လေးက ခစ်ခနဲ ရယ်မောပြီး ပြောဆိုလိုက်ပြန်သည်။ “ဘိုးဘိုးပြော တာ သူတို့နှစ်ယောက်က သိုင်းပညာရပ်ရဲ့အနှစ်သာရကို မသိသေးလို့တိုက်ခိုက်နေ ကြတယ်လို့ ဆိုလိုလိုက်တာလား။ သူတို့ပြောတုန်းကတော့ သူတို့တတွေ ကောင်း ကောင်းကြီး နားလည်သဘောပေါက်ခဲ့ကြသလိုပါပဲလား။”
ထိုစကားနှစ်ခွန်း အပြန်အလှန်ပြောခဲ့သည်ကို ကြားလိုက်ရပြီးနောက် အခန်း တွင်းရှိလူတိုင်းပင် မျက်နှာအမူအရာများ ပျက်ယွင်းသွားခဲ့ကြလေတော့သည်။ လီ ဆွန်းဟွာနှင့် စန့်ကွမ်းကျင်းဟုန်တို့ကတော့ နဂိုရ်အတိုင်းပင် တည်ငြိမ်စွာရှိနေကြ ဆဲ။
သူတို့နှစ်ယောက်ကို သိုင်းပညာရပ်အကြောင်း နားမလည်ဟု ထိုအသံရှင်က ပြောဆိုခဲ့လေသည်။
သူတို့နှစ်ယောက်သာ သိုင်းပညာရပ်၏ အနှစ်သာရ သဘောတရားများကို နား မလည်ကြဆိုပါက ဤကမ္ဘာလောကကြီးတွင် မည်သူကများ နားလည်နိုင်ကြပါဦး မည်နည်း။
အဘိုးအို-“သူတို့ထင်နေကြတာက လက်နက်က လက်ထဲမှာမရှိနေဘူး၊ နှလုံး သားထဲမှာပဲ ရှိနေတယ်... ဒီအချက်ဟာ သိုင်းပညာရပ်ရဲ့ အမြင့်မားဆုံးအဆင့်လို့ ထင်နေကြတယ်။ တကယ့်သိုင်းပညာရပ်ရဲ့ အနှစ်သာရနဲ့ သူတို့တွေ တော်တော်လေး အလှမ်းဝေးနေကြပါသေးတယ်ကွယ်။”
မိန်းမငယ်လေး-“တော်တော်လေး အလှမ်းဝေးနေသေးတယ်... ဟုတ်လားဘိုး ဘိုး..”
အဘိုးအို-“အနည်းဆုံးတော့ လီ(ရှေးတရုတ်မိုင်)ပေါင်း ၁၈၀၀၀ လောက်အလှမ်းဝေး နေပါသေးတယ်။”
မိန်းမငယ်လေး-“ဒါဆိုရင် သိုင်းပညာရပ်တွေရဲ့ အမြင့်ဆုံးအဆင့်ကဘာကို ပြောတာလဲဟင်။”
အဘိုးအို-“လက်ထဲမှာလည်း လက်နက်မရှိဘဲ ဗလာချည်ဖြစ်နေရမယ်။ နှလုံး သားထဲမှာလည်း ဘာမှမရှိဘဲ ဗလာချည်ဖြစ်နေရမယ်လို့ နားလည်နိုင်ကြမယ်ဆိုရင် တော့ သူတို့တွေ တကယ့်အနှစ်သာရကို ဖမ်းမိဖို့ သိပ်မဝေးတော့ပါဘူး။”
မိန်းမငယ်လေး-“သိပ်မဝေးတော့ဘူး... ဟုတ်လားဘိုးဘိုး။ အဲဒီအဆင့်ထက် မြင့်မားတဲ့ နောက်တစ်ဆင့် ရှိနေသေးတယ်ပေါ့။”
အဘိုးအို-“မှန်တယ်။ သိုင်းပညာရပ်ရဲ့ အမြင့်မားဆုံးအဆင့်ရှိနေသေးတယ်။”
ပြီးနောက် အဘိုးအိုက ရှင်းပြနေလိုက်သည်။ “သိုင်းပညာရပ်ရဲ့ အထွဋ်အထိပ် အဆင့်ဆိုတာက- အရာအားလုံးဟာ ဘာမှမရှိတဲ့ ဗလာချည်နယ်ထဲကနေ ရုန်းကန် ထကြွလာခြင်းပဲ။ လက်နက်လည်းမရှိသလို လူလည်းမရှိတော့ဘူး။ လက်နက်ကော လူကော နှစ်ခုလုံးကို မေ့ပျောက်ပစ်နိုင်ရမယ်။ ဒီလိုအဆင့်ကမှ တကယ့်ဗလာနယ် အဆင့်... တကယ့်အထွဋ်အထိပ်အဆင့်ကွယ့်။”
ထိုစကားကိုကြားလိုက်ရသော လီဆွန်းဟွာနှင့် စန့်ကွမ်းကျင်းဟုန်တို့နှစ် ယောက်သည် မျက်နှာအမူအရာများ မပျက်သွားအောင် ထိန်းသိမ်းလိုက်ကြရလေ တော့သည်။
မိန်းမငယ်လေး-“ဘိုးဘိုးပြောတာ ကြားလိုက်ရတော့ ကျမ ဇာတ်လမ်းလေးတစ် ပုဒ်ကို ပြန်အမှတ်ရလာမိတယ်။”
အဘိုးအို-“ဘာများလည်းကွယ်..”
မိန်းမငယ်လေး-“ဇင်ဗုဒ္ဓဘာသာမှာ ဇာတ်လမ်းလေးတစ်ပုဒ်ရှိခဲ့ဖူးတယ်။ ဇင်ဗုဒ္ဓ ဘာသာရဲ့ ပဥ္စမနာယကခေါင်းဆောင်ဘုန်းတော်ကြီး ရှန်ရှုက သဘောတရားတစ်ခု ကို ဖွင့်ဆိုခဲ့တယ်။ ‘ခန္ဓာကိုယ်က ဗောဓိညောင်ပင်လိုဖြစ်နေရမယ်၊ စိတ်နှလုံးသားက မှန်ရဲ့အလင်းလိုဖြစ်နေရမယ်။ အချိန်တိုင်း အချိန်တိုင်းမှာ မိမိကိုယ်ကို သန့်ရှင်းစင် ကြယ်စွာ ထားရှိနေရမှာဖြစ်ပြီး ဖုန်မှုန်တစ်စက်မျှ အတင်မခံရဘူး။’ တဲ့... ဒီသဘော တရားကိုက အင်မတန်မှ မြင့်မားလှတဲ့ ဉာဏ်ပွင့်မှုဖြစ်နေခဲ့ပြီးပြီ။”
အဘိုးအို-“မှန်တယ်။ ဒီသဘောတရားက ‘လက်ထဲမှာလက်နက်မရှိနေဘူး၊ နှလုံးသားထဲမှာတော့ ရှိနေတယ်’ ဆိုတဲ့သဘောတရားနဲ့ အတူတူပဲ။ ဒီလိုအဆင့်ရ ဖို့ဆိုတာ လွယ်ကူတဲ့ကိစ္စတော့မဟုတ်ဘူးကွယ့်။”
မိန်းမငယ်လေး-“ဒါပေမဲ့ ဆဋ္ဌမနာယကခေါင်းဆောင်ဘုန်းတော်ကြီး ဟွေးနန် က ဒီထက်တောင်မှ ပိုပြီးနက်ရှိုင်းတဲ့ သဘောတရားတစ်ခုကို ဖွင့်ဆိုခဲ့ပြန်တယ်။ ‘ဗောဓိညောင်ပင်မရှိသလို မှန်ရဲ့အလင်းရောင်လည်း မရှိနေဘူး။ ဘာမှမရှိဘူး။ ဗလာနတ္ထိဖြစ်တယ်။ ဒါကြောင့်မို့ ဘယ်ဖုန်မှုန်မှအတက်ခံစရာ မရှိတော့ဘူး’ တဲ့။ ဒါကြောင့်မို့လို့ ဇင်ဗုဒ္ဓဘာသာမှာ သူဟာ အထွန်းတောက်ဆုံး သူတော်စင်တစ်ပါး အဖြစ် ကိုးကွယ်ခြင်းကို ခံခဲ့ရတာပေါ့။”
အဘိုးအို-“မှန်တယ်။ ဒါဟာအမြင့်ဆုံးသော ဉာဏ်ပွင့်မှုပဲ။ ဒီအဆင့်ကို ရောက် သွားတဲ့လူတစ်ယောက်ဟာ နတ်ဘုရားတွေ၊ ဘယ်တော့မှ မသေနိုင်တော့တဲ့ ထွက် ရပ်ပေါက်ပုဂ္ဂိုလ်တွေနဲ့ အတူတူရှိနေလိမ့်မယ်။”
မိန်းမငယ်လေး-“ဒါဆိုရင် ဘိုးဘိုးခုနလေးက ကျမကိုပြောပြခဲ့တဲ့ သဘောတ ရားတွေက ဇင်ဗုဒ္ဓဘာသာရဲ့ သင်ကြားမှုတွေပဲပေါ့... ဟုတ်လား။”
အဘိုးအိုက ပြန်ဖြေလိုက်သည်။ “ဒီကမ္ဘာလောကကြီးမှာ လူတစ်ယောက်ဟာ အမြင့်ဆုံးသောအဆင့်ကို ရောက်သွားပြီဆိုရင် သဘောတရားတွေအားလုံးဟာ အတူ တူပဲဆိုတာ သိမြင်လာလိမ့်မယ်။”
မိန်းမငယ်လေး-“ဒါဆိုရင် ကျမတို့ဘာပဲလုပ်လုပ် ‘ပစ္စည်းမရှိသလို၊ လူလည်း မရှိ’ ဆိုတာကို စံနမူနာထားပြီး လုပ်ကြရမှာပေါ့။ ဒါမှလည်း အမြင့်ဆုံးဆိုတဲ့ အထွဋ်အထိပ်အဆင့်ကို ရောက်နိုင်မှာပေါ့... ဟုတ်လားဘိုးဘိုး။”
အဘိုးအို-“မှန်လိုက်လေကွယ်။”
မိန်းမငယ်လေး-“ကျမ နားလည်သွားပါပြီရှင်။”
အဘိုးအို-“သနားစရာကောင်းတာကတော့ ‘လက်နက်က လက်ထဲမှာမရှိနေဘူး၊ နှလုံးသားထဲမှာတော့ ရှိနေတယ်’ ဆိုတဲ့အဆင့်ကို ရောက်နေကြသူတွေက သူတို့ကို သူတို့ ဟုတ်လှပြီဆိုပြီး ဂုဏ်ယူဝင့်ကြွားနေကြလေရဲ့။ သူတို့မသိသေးတဲ့အချက်က သူတို့ဟာ အပေါ်ယံအလွှာတစ်ခုကို ရောက်ရှိနေကြပြီး အောက်မှာ နက်ရှိုင်းလှတဲ့ အဆင့်တွေ ရှိနေသေးတယ်ဆိုတာကို မသိကြသေးတာပဲကွဲ့။”
မိန်းမငယ်လေး-“ဒါဆိုရင် ဘိုးဘိုးပြောတဲ့လူတွေက သူတို့ကိုသူတို့ အမြင့်ဆုံး အဆင့်ကို ရောက်နေကြပြီလို့ ထင်ထားမှတော့ နောက်ထပ်အဆင့်တွေကို ဘယ် တော့မှ ရောက်ရှိအောင်မြင်နိုင်ကြတော့မှာ မဟုတ်ဘူးပေါ့။”
အဘိုးအို-“မင်းပြောတာတွေအားလုံး အမှန်တွေချည်းပါပဲကွယ်။”
စန့်ကွမ်းကျင်းဟုန်က ရုတ်တရက် ပြောဆိုလိုက်သည်။ “ဆရာကြီးစွန်းလား...”
မည်သည့်တုံ့ပြန်သံမှ မထွက်ပေါ်လာခဲ့ပါ။
စန့်ကွမ်းကျင်းဟုန်-“ဆရာကြီးစွန်းရောက်လာခဲ့ပြီးမှတော့ ဘာဖြစ်လို့ကိုယ်ထင် မပြသေးတာလဲ။”
မည်သည့်တုံ့ပြန်သံမျှ မထွက်ပေါ်လာခဲ့ချေ။
ပြတင်းပေါက်မှ လေတိုက်ခတ်လာသောကြောင့် အခန်းတွင်းရှိ ခန်းစီးစများ လှုပ်ယိမ်းနေကြ၏။
လီဆွန်းဟွာနှင့် စန့်ကွမ်းကျင်းဟုန်တို့သာ တိုက်ခိုက်ကြမည်ဆိုလျှင် သူတို့ အားတားဆီး ဖြန်ဖြေပေးနိုင်မည့်သူ လောကကြီးတွင် မရှိနိုင်ပါ။
သို့သော် မြေးအဖိုးနှစ်ယောက်၏ အပြန်အလှန်ပြောခဲ့သော စကားများက အခန်းတွင်းရှိ အေးစက်ငြိမ်သက်မှုများကို ဖြိုခွင်းခဲ့လေသည်။
လီဆွန်းဟွာနှင့် စန့်ကွမ်းကျင်းဟုန်တို့သည် မျက်နှာချင်းဆိုင်ရပ်လျက်ရှိနေကြ ဆဲ။ သူတို့၏ရပ်နေဟန်များက နဂိုရ်မူလ ရင်ဆိုင်နေခဲ့သည့်အတိုင်း မပြောင်းမလဲ ဘဲ ရှိနေကြသည်။ သို့သော် အခန်းတွင်းရှိလူအားလုံးသည် ယခုမှပင်အသက်ရှူလာ နိုင်ကြတော့သလို ခံစားမိလိုက်ကြ၏။ အခန်းတွင်း၌ ပိတ်ဆို့ငြိမ်သက်နေခဲ့သော သေမင်းတမန် အငွေ့အသက်များက ယခုမှပင် လျော့ပါးသွားသလိုလည်း ခံစားမိနေ ကြ၏။
လေထုထဲတွင် တစ်ချိန်လုံး ပျံ့လွင့်နေခဲ့သော မရဏသေမင်းအငွေ့အသက်များ လွင့်ပျောက်ပျယ်သွားခဲ့ချေပြီ။
လီဆွန်းဟွာသည် သက်ပြင်းရှည်ကြီးတစ်ချက်ချပြီး ပြောဆိုလိုက်သည်။ “နဂါး တွေဟာ သူတို့ရဲ့အမောက်ပဲ ထောင်ပြလေ့ရှိကြပြီး သူတို့အမြီးကိုတော့ ဖွက်ထား တတ်ကြတယ်။ ဆရာကြီးစွန်းဟာ ကျုပ်တို့ရှေ့မှာပဲ ရှိနေပါသေးတယ်။”
စန့်ကွမ်းကျင်းဟုန်က အေးစက်စွာပြောဆိုလိုက်သည်။ “လူတိုင်းပဲ အံ့မခန်းသ ဘောတရားတွေ ထုတ်ပြောနိုင်ကြပါတယ်။ တစ်ခုပဲရှိတယ်... ပြောသလိုကော စွမ်း ရဲ့လားလို့ မေးလိုက်ချင်တယ်။”
လီဆွန်းဟွာက ရယ်မောပြောဆိုလိုက်ပြန်၏။ “ဒီလိုမျိုးသဘောတရားတစ်ခု ပြောဆိုနိုင်ဖို့ဆိုတာ လွယ်တဲ့အလုပ်တစ်ခုမဟုတ်ပါဘူး။”
သူ၏စကားပင်မဆုံးသေး အပြင်ဘက်မှ ဆူညံသံများထွက်ပေါ်လာခဲ့၏။
အဆောင်ရှေ့ကွင်းပြင်လေးသို့ အခေါင်းသယ်လာသူ ၄ ယောက် ဝင်ရောက်လာ ခဲ့ကြ၏။
ခေါင်းတလားသည် အသစ်စက်စက်ဖြစ်၏။ အခေါင်းပေါ်တွင်သုတ်ထားသော ဆေးများက စိုစွတ်နေဆဲ ရှိနေသေး၏။
လူ ၄ ယောက်သည် အခေါင်းကို ခန်းမကြီးရှိရာသို့ သယ်ဆောင်လာနေကြ၏။
အဝါရောင်ဝတ်ဆင်ထားသူ အစောင့်တစ်ယောက်က သူတို့ကို တားဆီးလိုက် သည်။ “မင်းတို့တွေလာခဲ့ကြတဲ့နေရာမှားနေပြီ။ ပြန်လှည့်ထွက်သွားကြစမ်း။”
အခေါင်းသယ်လာသူတစ်ယောက်က ပြန်မေးလိုက်၏။ “ခေါင်းဆောင်ကြီး စန့် ကွမ်းရှိနေပါလားခင်ဗျာ။”
အစောင့်-“ခေါင်းဆောင်ကြီး စန့်ကွမ်းနဲ့တွေ့ရအောင် မင်းတို့မှာ ဘာကိစ္စရှိနေ လို့လဲ။”
အခေါင်းသယ်လာသူ-“ဒါဆိုရင် ကျုပ်တို့လာခဲ့တဲ့နေရာ မမှားဘူးပေါ့။ ဒီအခေါင်းက ခေါင်းဆောင်ကြီးစန့်ကွမ်းအတွက်ပါ။”
အဝါရောက်ဝတ်ဆင်ထားသူအစောင့်သည် လွန်စွာမှ စိတ်ဆိုးဒေါသထွက်သွား လေတော့သည်။ “မင်းတို့ပြဿနာရှာဖို့လာခဲ့တယ်ဆိုရင်တော့ ဒီအခေါင်းကြီးက မင်းတို့ ၄ ယောက်နဲ့ပဲ ထိုက်တန်လိမ့်မယ်။”
အခေါင်းသယ်လာသူ-“ဒီအခေါင်းက အလွန်တရာမှ တန်ဘိုးကြီးရှားပါးလှတဲ့ နန်းမူသစ်သားနဲ့ ပြုလုပ်ထားတာပါခင်ဗျာ။ ကျနော်တို့နဲ့ မထိုက်တန်ပါဘူး။”
အဝါရောင်ဝတ်ဆင်ထားသူအစောင့်သည် ထိုအခေါင်းသယ်လာသူများကို ပြေး ထိုးရန်ဟန်ပြင်လိုက်၏။
စန့်ကွမ်းကျင်းဟုန်က ရုတ်တရက်ပြောဆိုလိုက်သည်။ “ဒီအခေါင်းကိုယူလာခဲ့ ပေးဖို့ မင်းတို့ကိုဘယ်သူက ညွှန်ကြားခဲ့တာလဲ။”
စန့်ကွမ်းကျင်းဟုန်၏အသံကို ကြားလိုက်ရသည်နှင့် အစောင့်၏လှုပ်ရှားမှုများ က ရုတ်ချည်းပင် ရပ်တန့်သွားခဲ့ရလေသည်။
အခေါင်းသယ်လာသူသည် လွန်စွာမှပင် ကြောက်ရွံ့ထိတ်လန့်သွားခဲ့ပုံရပြီး အသံတုန်တုန်ဖြင့် ဖြေဆိုလိုက်သည်။ “ကျနော်တို့ကို ဆရာကြီးဆန်းဆိုသူက ငွေ သား ၄၀၀ ပေးပြီးမှ ဒီခန်းမဆောင်ကြီးရှိတဲ့နေရာကို ညွှန်ပြပေးခဲ့ပါတယ်။ ခေါင်း ဆောင်ကြီးစန့်ကွမ်းကိုယ်တိုင်လက်ခံမှသာ ပေးရမယ်လို့လဲမှာကြားခဲ့ပါသေးတယ် ခင်ဗျာ။”
စန့်ကွမ်းကျင်းဟုန်က မေးမြန်းလိုက်သည်။ “မျိုးရိုးနာမည်‘ဆန်း’တဲ့လား။ သူက ဘယ်လိုလူမျိုးလဲ။”
အခေါင်းသယ်လာသူများမှ တစ်ယောက်က ဖြေဆိုလိုက်သည်။ “ယောက်ျားတစ် ယောက်ပါပဲ။ အသက်သိပ်မကြီးသေးသလို သူ့အသက်ကိုလည်း မခန့်မှန်းနိုင်ပါ ဘူး။ ငွေကြေးကိုလည်း ရက်ရောစွာပေးခဲ့ပါသေးတယ်။ ကျနော်တို့ သူ့ကိုမြင်တွေ့ ဖို့တောင် အခွင့်အရေးမရရှိခဲ့ပါဘူးခင်ဗျာ။”
အခေါင်းထမ်းလာသူနောက်တစ်ယောက်က ဆက်ပြောနေပြန်သည်။ “မနေ့ည သန်းခေါင်ယံအချိန်ကြီးမှာ ကျနော်တို့ဆီကို သူရောက်လာခဲ့ပါတယ်။ ထွန်းထားတဲ့ ဖယောင်းတိုင်ကိုလည်း မှုတ်ငြိမ်းသွားခဲ့ပြီးမှ ကျနော်တို့ကို စကားပြောဆိုခဲ့တာပါ။ ဒါကြောင့် သူဘယ်လိုရှိလဲဆိုတာ ကျနော်တို့ မတွေ့ခဲ့ရပါဘူးခင်ဗျာ။”
စန့်ကွမ်းကျင်းဟုန်သည် ခေါင်းငုံ့စဉ်းစားနေလိုက်ပြီး ထိုသူများကို မည်သည့် မေးခွန်းမျှ ထပ်မမေးတော့ပါ။
ထိုသူများထံမှ မည်သည့်အဖြေစကားမျှ ထပ်ကြားရလိမ့်မည်ဟုလည်း သူမထင် ထားပါ။
အခေါင်းထမ်းလာသူတစ်ယောက် ပြောဆိုလိုက်သည်။ “ဒီအခေါင်းကြီးကိုသယ် လာရတာ တော်တော်လေး လေးပင်နေပါတယ်။ အထဲမှာတစ်ခုခုတော့ရှိနေနိုင်ပါ တယ်ခင်ဗျာ။”
စန့်ကွမ်းကျင်းဟုန်-“အခေါင်းကို ဖွင့်လိုက်ကြစမ်း။”
အခေါင်းသည် တင်းကြပ်စွာ ပိတ်ဆို့ထားခြင်းမရှိသောကြောင့် ရိုက်နှံထားသော သံချောင်းများကို အလွယ်တကူပင် နှုတ်ဖွင့်နိုင်လေ၏။
ထိုအခေါင်းတွင်းရှိအရာကိုတွေ့လိုက်ရသည့်နောက် စန့်ကွမ်းကျင်းဟုန်၏ မျက် နှာအမူအရာများ ပထမဆုံးအကြိမ်အဖြစ် ပြောင်းလဲသွားလေတော့သည်။
သို့သော်သူ၏မျက်နှာအမူအရာများက လုံးဝမပြောင်းလဲခဲ့ချေ။ သူ၏မျက်ခုံး များနှင့် နှုတ်ခမ်းများက အရင်အတိုင်းပင်ရှိနေကြသေးသည်။
သို့သော် သူ၏မျက်နှာသွင်ပြင်ကတော့ သေချာပေါက်ပြောင်းလဲသွားခဲ့လေ သည်။
မည်မျှလောက်တောင် ပြောင်းလဲသွားရသနည်းဆိုသော် စန့်ကွမ်းကျင်းဟုန် သည် သီးခြားနောက်တစ်ယောက်အဖြစ်သို့ ပြောင်းလဲသွားခဲ့ရ၏။ မျက်နှာဖုံးစွတ် ထားသော လူတစ်ယောက်အဖြစ်သို့ ပြောင်းလဲသွားခဲ့ရ၏။
သူ၏မျက်နှာပေါ်မှ အမူအရာသွင်ပြင်များကို ယခုအချိန်တွင် မည်သူ့ကိုမျှ မမြင်တွေ့စေချင်ပါ။
လူ့လောကကြီးတွင် မျက်နှာဖုံးစွတ်ထားသူ မြောက်များစွာရှိနေပါသည်။ ပုံမှန် အတိုင်းဆိုလျှင်တော့ ထိုသူများမျက်နှာဖုံးစွတ်ထားသည်ဟု သင်မပြောနိုင်ပါ။ သို့ သော် အလွန်အရေးကြီးသည့်အချိန်များတွင်မူ သူတို့၏မျက်နှာဖုံးများ ကျွတ်ကျလာ ရတော့လေသည်။
တချို့က ထိုမျက်နှာဖုံးများကို ဝမ်းနည်းပူဆွေးမှုအတွက် စွတ်ထားကြ၏။ တချို့ က အပြုံးတုများ ဆင်မြန်းထားတတ်ကြပြီး တချို့ကျတော့ သူတို့၏ဟန်မူရာများကို ဖုံးကွယ်ထားတတ်ကြ၏။
ပြီးနောက် တချို့အတွက် ထိုမျက်နှာဖုံးများသည် သူတို့၏ကြောက်ရွံ့တုန်လှုပ် မှုများကို ဖုံးကွယ်ထားတတ်ကြလေသည်။
စန့်ကွမ်းကျင်းဟုန်အတွက်ရော... ဘာကိုဖုံးကွယ်ထားပါသနည်း။
အခေါင်းထဲတွင် လူသေအလောင်းတစ်လောင်းရှိနေ၏။
ထိုလူသေအလောင်းသည် တခြားလူမဟုတ်ချေ။ စန့်ကွမ်းကျင်းဟုန်၏ တစ်ဦး တည်းသောသားဖြစ်သူ စန့်ကွမ်းဖေ၏ အလောင်းဖြစ်နေလေသည်တကား...
စန့်ကွမ်းဖေအသတ်ခံရတုန်းက လီဆွန်းဟွာ မြင်တွေ့ခဲ့ပါသည်။
စန့်ကွမ်းဖေကို ကျင်းဝူမင်း သတ်ခဲ့သည်ကိုမြင်တွေ့ခဲ့ရုံမကသေး... စန့်ကွမ်းဖေ အလောင်းကောင်ကို မြေမြှုပ်ပေးခဲ့သည်ကိုလည်း မြင်တွေ့ခဲ့ရပါသည်။
အဘယ်ကြောင့် ဤအလောင်းကောင်သည် ထိုအခေါင်းထဲ၌ ရှိနေရပါသနည်း။
မည်သူကများ ထိုအလောင်းကောင်ကို တူးဖော်ခဲ့ပါသနည်း။
မည်သူက ဤနေရာသို့ ပို့ဆောင်ခိုင်းခဲ့ပါသနည်း။ မည်သည့်ရည်ရွယ်ချက်များ ရှိနေပါသနည်း။
လီဆွန်းဟွာ၏မျက်လုံးများက လင်းလက်သွားပြီး အတွေးထဲတွင် နစ်မြုပ်သွား လေတော့သည်။
စန့်ကွမ်းကျင်းဟုန်၏ မျက်နှာပေါ်တွင် တပ်ဆင်ထားသော မျက်နှာဖုံးသည် လည်း ပို၍ပင်ထူထပ်သိပ်သည်းလာခဲ့၏။ သူသည် အတန်ကြာမျှ ငြိမ်သက်နေခဲ့ ပြီးမှ လီဆွန်းဟွာကို ပြောဆိုလိုက်သည်။
“မင်း သူ့ကိုမြင်တွေ့ဖူးတယ်မဟုတ်လား။”
လီဆွန်းဟွာက ခေါင်းညိတ်ဖြေဆိုလိုက်သည်။
စန့်ကွမ်းကျင်းဟုန်-“အခုလိုမျိုးမြင်တွေ့လိုက်ရတာ ဘာကြောင့်လဲလို့ မင်းထင် လဲ။”
အလောင်းကောင်ကိုကြည့်ရသည်မှာ သန့်ရှင်းစွာပြင်ဆင်ထားပုံရသည်။ ယခုမှ မြေကြီးတွင်းမှ ထုတ်သယ်လာသော အလောင်းကောင်နှင့် လုံးဝမတူချေ။ အလောင်း ကောင်သည် သန့်ရှင်းတောက်ပြောင်သော အဝတ်အစားသစ်များ ဝတ်ဆင်ထား၏။ ဖုန်တစ်စက်မျှ မတွေ့နိုင်သလို သွေးတစ်စက်မျှလည်း စွန်းပေနေခြင်းမရှိပါ။
သို့သော် ဓားဒဏ်ရာတစ်ခုကိုတော့ ထင်းထင်းကြီး မြင်တွေ့နိုင်လေသည်။
ဓားဒဏ်ရာသည် အလောင်းကောင်၏ လည်မျိုတွင်ရှိနေ၏။ ၇၀ ရာခိုင်နှုန်း လောက် ထိုးဖောက်ဝင်ရောက်ခဲ့သော ဒဏ်ရာဖြစ်၏။
လီဆွန်းဟွာ-“သူဟာ နာကျင်ခံစားမှုမရှိဘဲ သေဆုံးခဲ့ရတယ်ထင်တာပဲ။”
စန့်ကွမ်းကျင်းဟုန်-“သူ့သေဆုံးရခြင်းဟာ အလွန်မြန်ခဲ့တယ်လို့ မင်းဆိုလို တာလား။”
လီဆွန်းဟွာ-“သေဆုံးခြင်းဆိုတာ မနာကျင်ပါဘူး။ သေဖို့စောင့်ဆိုင်းနေရခြင်း သာ နာကျင်တာပါ။ အဲ့ဒီဒုက္ခတွေ သူခံစားခဲ့ရမှာမဟုတ်ဘူးဆိုတာတော့ သေချာ ပါတယ်။”
စန့်ကွမ်းဖေကို ကြည့်ရသည်မှာ ငြိမ်းချမ်းစွာတရားရနေသူတစ်ယောက်နှင့်တူ နေ၏။ သူ့ကိုကြည့်ရသည်မှာ အိပ်ပျော်နေသောလူတစ်ယောက်နှင့်လည်း တူ နေပြန်သည်။
သူသေဆုံးခဲ့စဉ်က သူ၏မျက်နှာပေါ်မှ ကြောက်ရွံ့ထိတ်လန့်ခြင်းများကို တစ်စုံ တစ်ယောက်မှ ပယ်ဖျက်ပေးခဲ့ပုံရသည်။
စန့်ကွမ်းကျင်းဟုန်၏မျက်နှာထက်တွင် မျက်နှာဖုံးတစ်ခုစွတ်ထားသော်လည်း သူ၏မျက်လုံးများကိုတော့ မဖုံးကွယ်ထားနိုင်ခဲ့ပါ။
ထိုမျက်လုံးများက မီးတောက်မီးလျှံများ ပေါ်ထွက်နေကြ၏။ ထိုမျက်လုံးအ ကြည့်များက လီဆွန်းဟွာကို စိုက်ကြည့်နေကြလေသည်။
စန့်ကွမ်းကျင်းဟုန်-“သူ့ကို လျင်လျင်မြန်မြန်သတ်နိုင်တဲ့လူ ဒီလောကကြီးထဲ မှာ သိပ်မရှိလှဘူး။”
လီဆွန်းဟွာ-“သိပ်မရှိပါဘူး။ ၅ ယောက်ထက်တောင်မပိုနိုင်ဘူး။”
စန့်ကွမ်းကျင်းဟုန်-“မင်းက အဲ့ဒီ ၅ ယောက်ထဲမှာ တစ်ယောက်အပါအဝင်ပဲ။”
လီဆွန်းဟွာက ခေါင်းညိတ်ပြပြီး ဖြေဆိုလိုက်သည်။ “မှန်တယ်။ ကျုပ်က အဲ့ဒီ ၅ ယောက်ထဲမှာပါသလို ခင်ဗျားလည်းပါနေတာပဲ။”
စန့်ကွမ်းကျင်းဟုန်-“ကျုပ်က ဘာဖြစ်လို့သူ့ကိုသတ်ရမှာလဲ။”
လီဆွန်းဟွာ-“မှန်တယ်။ ခင်ဗျားက ဘာဖြစ်လို့သတ်ရမှာလဲ။ ကျုပ် ခင်ဗျားကို သိစေချင်တာတစ်ခုပဲရှိတယ်။ ဘာလဲဆိုတော့ သူ့ကိုသတ်နိုင်တဲ့လူတွေဟာ သူ့ကို သတ်ချင်တဲ့လူတွေ ဟုတ်ချင်မှဟုတ်လိမ့်မယ်။ သူ့ကိုသတ်ခဲ့တဲ့လူတွေဟာလည်း သူ့ကို သတ်နိုင်တဲ့လူတွေ ဟုတ်ချင်မှဟုတ်လိမ့်မယ်ဆိုတာပဲ။”
လီဆွန်းဟွာက ထပ်မံပြောဆိုလိုက်ပြန်သည်။ “ဒီလောကကြီးထဲမှာဖြစ်ပျက်နေ တဲ့အရာတော်တော်များများဟာ ကျုပ်တို့တတွေ ဘယ်လိုမှ မထိန်းချုပ်နိုင်ကြဘူး။ ဘယ်လိုဆက်ဖြစ်မယ်ဆိုတာကိုလည်း ကျုပ်တို့တွေမသိနိုင်ကြဘူး။”
လီဆွန်းဟွာ၏ အကြည့်များက နူးညံ့သိမ်မွေ့လာခဲ့ရ၏။ သနားကြင်နာသော အကြည့်များအဖြစ်သို့ ပြောင်းလဲသွားခဲ့လေသည်။ ထိုအကြည့်များသည် စန့်ကွမ်း ကျင်းဟုန်၏ မျက်နှာဖုံးအောက်က မယုံကြည်နိုင်မှုများ၊ ဝမ်းနည်းပူဆွေးမှုများကို ထိုးဖောက်မြင်နိုင်စွမ်းသော အကြည့်များလည်း ဖြစ်နေပြန်၏။
စန့်ကွမ်းကျင်းဟုန်သည် သူကသာအမြဲတမ်း လူတကာအပေါ် အနိုင်ယူဗိုလ်ကျ စိုးမိုးချယ်လှယ်ခဲ့သူဖြစ်၏။
ယခုတော့ သူသည်သာ အနိုင်ကျင့်ခံလိုက်ရသူဖြစ်သွားရပြန်၏။ မည်သူကသူ့ ကို အနိုင်ကျင့်သွားမှန်း၊ အနိုင်ယူသွားမှန်း သူကိုယ်တိုင်ပင်မသိနိုင်တော့ချေ။
သွေးဆိုသည်မှာ ရေထက်ပိုပျစ်နှစ်၏။ သားဆိုသည်မှာ အမြဲတမ်း ‘သား’ သာ ဖြစ်လေသည်။
မည်သူကြီးပင်ဖြစ်နေစေဦး မိမိရင်သွေးတစ်ယောက် လက်လွှတ်ဆုံးရှုံးသွားရ ခြင်းသည် သေးငယ်သောအမှုတစ်ခုမဟုတ်ချေ။
စန့်ကွမ်းကျင်းဟုန်ကို ကြည့်ရသည်မှာ နေမထိထိုင်မသာဖြစ်နေပုံရသည်။ သူ့ မျက်နှာပြင်ထက်တွင် အမြဲတမ်းရှိနေခဲ့သော အေးခဲမှုများက တဖြည်းဖြည်းအငွေ့ပျံ ပျောက်ကွယ်သွားသလိုလည်း ဖြစ်နေပုံရသည်။
လီဆွန်းဟွာ၏ သနားကြင်နာသော ကိုယ်ချင်းစာအကြည့်များက သံတူတစ် လက်နှင့်တူ၏။ စန့်ကွမ်းကျင်းဟုန်၏ မျက်နှာတွင် တပ်ဆင်ထားသော သံမဏိ မျက်နှာဖုံးကို ထုရိုက်ဆွဲခွာပစ်သော သံတူတစ်လက်နှင့် တူနေလေသည်။
စန့်ကွမ်းကျင်းဟုန်သည် သူ၏သည်းခံနိုင်မှုအတိုင်းအတာ ကုန်ဆုံးသွားပြီဖြစ် သောကြောင့် ရုတ်တရက်ပင် ပေါက်ကွဲသံများဖြင့် အော်ဟစ်ပြောဆိုလိုက်သည်။ “ မင်းနဲ့ကျုပ်ကြားမှာ ရင်ဆိုင်တွေ့ဆုံမှုဆိုတာက ရှောင်လွှဲလို့မရဘူး။”
လီဆွန်းဟွာက ခေါင်းညိတ်သဘောတူကြောင်းပြသပြီး ပြောဆိုလိုက်သည်။ “မှန်တယ်။ ရှောင်လွှဲလို့မရနိုင်ပါဘူး။”
စန့်ကွမ်းကျင်းဟုန်-“ဒီနေ့...”
0 comments:
Post a Comment