စန့်ကွမ်းကျင်းဟုန်၏လက်များက လှုပ်ခတ်သွားသည်ဟုပင် မထင်ရ။ တူတစ်စုံ မပျံဝဲသွားခင် သူ၏လက်သည် စားပွဲကို ပေါ့ပါးစွာဖိချလိုက်သည်ဟုသာ ကျန်လူ များက ခန့်မှန်းမိလိုက်ကြသည်။ ပြီးနောက် စီမင်းယုသည် မလှုပ်နိုင်မရှားနိုင်ဖြစ် သွားခဲ့ပြီး ကြမ်းပြင်ပေါ်တွင် လဲကျနေပေပြီ။
စန့်ကွမ်းကျင်းဟုန်-“သူ့ကိုခေါ်သွားပြီး သေသေချာချာစစ်ဆေးလိုက်ကြစမ်း။”
အဝါရောင်ဝတ်ဆင်ထားသူများက စီမင်းယု၏ ခန္ဓာကိုယ်ကို မ’ယူသွားကြလေ တော့သည်။
စီမင်းယု၏ နှုတ်ဖျားက တစ်စုံတစ်ခုကို ပြောချင်နေပုံရသော်လည်း ကြောက် လန့်တုန်လှုပ်နေလွန်းသောကြောင့် မည်သည့်အသံမျှ မထွက်ပေါ်လာခဲ့ရချေ။
စန့်ကွမ်းကျင်းဟုန်-“မင်းစားထားခဲ့တဲ့ အစားအစာတွေသာ မင်းဗိုက်ထဲမှာတွေ့ ရမယ်ဆိုရင် ကျုပ်အသက်နဲ့လဲပြီး ပြန်လျော်ပေးမယ်။ အကြောင်းအရာမခိုင်လုံဘဲ မင်းဘယ်တော့မှ မသေစေရဘူး။”
မည်သူမျှ စကားမဟရဲကြပါ။ မည်သူမျှ မလှုပ်ရှားရဲကြပါ။
အခန်းတွင်းရှိလူတိုင်းပင် သံချောင်းများခုထားသော ထိုင်ခုံပေါ်တွင် တက်ထိုင် နေကြရသလိုမျိုး ဖြစ်နေကြရ၏။ လူတိုင်း၏ ဝတ်ရုံများတွင် ချွေးအေးများဖြင့် စိုရွဲ နေလေတော့သည်။
အဝါရောင်ဝတ်ဆင်ထားသူတစ်ယောက် ပြန်ရောက်လာပြီး စန့်ကွမ်းကျင်းဟုန် ကို အစီရင်ခံနေ၏။ “ကျနော်တို့ သူ့ကိုသေသေချာချာ ရှာဖွေကြည့်ပြီးပါပြီ။”
စန့်ကွမ်းကျင်းဟုန်-“ဘာတွေ့ခဲ့လဲ။”
အဝါရောင်ဝတ်ဆင်ထားသူ-“ဘာမှမတွေ့ခဲ့ပါဘူးခင်ဗျာ။ သူ့ဗိုက်က ဟောင်း လောင်းကြီးဖြစ်နေပါတယ်။”
စန့်ကွမ်းကျင်းဟုန်-“ကောင်းတယ်။”
စန့်ကွမ်းကျင်းဟုန်၏ မျက်လုံးများက အခန်းတွင်းရှိလူအားလုံးကို ဝေ့ကြည့်နေ လိုက်သည်။ “ကျုပ်ရှေ့မှာလိမ်ညာပြောတဲ့သူဟာ သူ့လိုပဲဒုက္ခခံစားသွားရမယ်။ အား လုံး နားလည်ကြတယ်မဟုတ်လား။”
လူအားလုံးက ခေါင်းညိတ်ပြလိုက်ကြသည်။
စန့်ကွမ်းကျင်းဟုန်-“ကဲ... ဗိုက်မဆာတဲ့သူ ဘယ်သူရှိသေးလဲ။”
လူတိုင်းပင် ပြိုင်တူဖြေဆိုလိုက်ကြတော့သည်။ “ဗိုက်ဆာပါတယ်။ ကျုပ်တို့ ဗိုက်ဆာပါတယ်။”
သူတို့အားလုံးသည် စားပွဲပေါ်မှ အစားအသောက်များကို သူ့ထက်ငါဦးအောင် အလုအယက် နှိုက်ယူနေကြသည်။ ဝါးပင်မဝါးစားကြတော့ဘဲ အလုအယက် ပါးစပ် တွင်းသို့ သွတ်သွင်းမျိုချနေကြလေတော့သည်။
ရုတ်တရက်... တစ်ကိုယ်လုံးစိုရွှဲနေသောလူတစ်ယောက် အခန်းဝ၌ ရပ်တန့်လာ ၏။ သူ၏မျက်လုံးများက သွေးရောင်နီရဲနေကြပြီး ဆံပင်များရှုပ်ပွနေကြ၏။ သူ သည် တစ်ယောက်တည်း အခေါက်ခေါက်အခါအခါ ရေရွတ်နေ၏။ “ခရမ်းရောင် ဝတ်ထားတဲ့လူ... ခရမ်းရောင်ဝတ်ထားတဲ့လူ...”
အားဖေ...
လောင်ရှောင်း၄ယွန်က ချက်ချင်းပင် မတ်တတ်ထရပ်လိုက်သည်။
အားဖေ၏အကြည့်များက လောင်ရှောင်း၄ယွန်ထံ ရောက်ရှိလာကြပြီး ရေရွတ် နေပြန်သည်။ “ခင်ဗျားကိုး...”
အားဖေ၏မျက်လုံးများက မှုန်ဝါးနေကြပြီး အရက်ခိုးများဖြင့် ရီဝေနေကြသော် လည်း သူ၏လက်တွင် ဓားတစ်လက် ကိုင်ဆောင်ထားလေသည်။
အားဖေ၏လက်ထဲတွင် ဓားတစ်လက်ရှိနေသရွေ့ လောင်ရှောင်း၄ယွန်အဖို့ နေမထိထိုင်မသာဖြစ်နေရလေသည်။
လောင်ရှောင်း၄ယွန်သည် နောက်သို့ခြေလှမ်းအနည်းငယ်ဆုတ်သွားခဲ့၏။
အားဖေက သူ့နောက်သို့ လိုက်လျှောက်လှမ်းလာနေ၏။
သူ့လက်ထဲမှဓားသည် ဟိုဟိုသည်သည် လှုပ်ရမ်းနေ၏။ သူ၏ခြေလှမ်းများနှင့် လွယ်ထားသောဓားသည်လည်း ယိုင်ထိုးနေကြ၏။
သို့သော် အားဖေဓားကိုင်ပြီး လျှောက်လှမ်းလာသည်ကိုတွေ့လိုက်ရသော လောင်ရှောင်း၄ယွန်သည် ရုတ်တရက် လှည့်ထွက်ပြေးလေတော့သည်။
အားဖေက ခုန်ပျံကျော်လွှားပြီး လောင်ရှောင်း၄ယွန် နောက်သို့လိုက်နေ၏။ သူ ခုန်ပျံသွားစဉ်၌ သူ့ထံမှဆိုးရွားစူးရှလှသော အရက်နံ့များကို လူတိုင်းပင် ရရှိလိုက် ကြ၏။
လောင်ရှောင်း၃ယွန်သည် မျက်စိမျက်နှာပျက်ဖြစ်သွားခဲ့ပြီး သူထိုင်နေသော ထိုင်ခုံကို အားဖေရှေ့သို့တွန်းပို့လိုက်ရာ အားဖေသည် ထိုခုံနှင့်တိုက်မိပြီး ဝမ်းလျား မောက် လဲကျသွားတော့သည်။ သူ၏လက်ထဲတွင် ကိုင်ဆောင်ထားသော ဓားသည် လည်း ကြမ်းပြင်ပေါ်သို့ ကျသွားခဲ့ရ၏။
သူသည် လက်ထဲမှ ဓားကိုပင် မြဲမြံအောင်မကိုင်ဆောင်နိုင်တော့ပါတကား။
လောင်ရှောင်း၄ယွန်သည် အလွန်အံ့ဩသွားခဲ့ရသလို အတော်လေး ဝမ်းသာ သွားခဲ့ရ၏။ နောက်ပြန်လှည့်လာပြီး ကျနေသော ဓားကိုကောက်ယူလိုက်သည်။ ဓား ရောင်တစ်ချက်လင်းလက်သွားခဲ့ပြီး ဓားထိပ်ဖျားဖြင့် အားဖေ၏ နောက်စေ့ကို ထိုး ချိန်ထားလိုက်လေတော့သည်။
သို့သော် သူကိုင်ဆောင်ထားသောဓားသည် ရှေ့သို့တစ်လက်မခန့်မျှပင် မတိုး ထွက်လာခဲ့ပါ။
အဘယ်ကြောင့်ဆိုသော် လောင်ရှောင်း၄ယွန်၏မျက်လုံးထောင့်မှ စန့်ကွမ်းကျင်း ဟုန်၏ မျက်နှာအမူအရာကို တွေ့လိုက်ရသောကြောင့် ဖြစ်လေသည်။
စန့်ကွမ်းကျင်းဟုန်၏ မျက်နှာသည် ကြောက်မက်ဖွယ်ရာကောင်းလောက်အောင် တည်ငြိမ်နေသော မျက်နှာသေမျိုး ဖြစ်နေ၏။ သူ၏ထိုင်ခုံတွင်ပင် ထိုင်နေပြီး တစ် လက်မလေးပင် ရွေ့လျားခြင်းမရှိ။
စန့်ကွမ်းကျင်းဟုန်က မလှုပ်ရှားသောကြောင့် မည်သူမျှ မလှုပ်ရှားရဲကြချေ။
လောင်ရှောင်း၄ယွန်-“ဒီလူဟာ အစ်ကိုကြီးရှိနေတာတောင်မှ လာပြီးစော်ကား မော်ကား ပြုလုပ်ရဲသေးတယ်။ သူ့ကို ကျနော် သတ်လိုက်ရမလား။”
စန့်ကွမ်းကျင်းဟုန်သည် အတန်ကြာမျှ တိတ်ဆိတ်နေခဲ့ပြီးနောက် အေးစက်စွာ ပြောဆိုလိုက်၏။ “အပြင်ဘက်မှာ ခွေးတစ်ကောင်ကို ခင်ဗျားမြင်ခဲ့ရလား။”
လောင်ရှောင်း၄ယွန်-“မြင်ခဲ့တယ်ထင်တာပဲ။”
စန့်ကွမ်းကျင်းဟုန်-“ဒီလူ့ကိုသတ်မယ်လို့ ဆုံးဖြတ်ထားတယ်ဆိုရင် သူ့အစား ခွေးကိုသွားသတ်လိုက်ပါလား။”
လောင်ရှောင်း၄ယွန်-“အစ်ကိုကြီးဆိုလိုတာက ဒီလူဟာ ခွေးတစ်ကောင်လောက် တောင်မှ တန်ဘိုးမရှိဘူးလို့ ပြောလိုက်တာလား။”
စန့်ကွမ်းကျင်းဟုန်က ပြန်လည်မေးခွန်းထုတ်လိုက်သည်။ “ခင်ဗျားကျတော့ ရော...”
လောင်ရှောင်း၄ယွန်သည် အံ့အားသင့်စွာ ပြန်လည်မေးမြန်းလိုက်၏။ “ကျနော့် ကို... ဟုတ်လား။”
စန့်ကွမ်းကျင်းဟုန်-“သူက ခွေးတစ်ကောင်လောက်တောင် အဆင့်အတန်းမရှိ ဘူး။ ခင်ဗျားကတော့ ပိုတောင်ဆိုးနေသေးတယ်။ ခွေးတွေတောင် သူ့ကိုတွေ့ရင် ထွက်မပြေးတတ်ကြဘူး။”
လောင်ရှောင်း၄ယွန်တစ်ယောက် ကြက်သေသေသွားလေတော့သည်။
စန့်ကွမ်းကျင်းဟုန်သည် လူအုပ်ထဲသို့ မျက်လုံးဝေ့ကြည့်လိုက်ပြီး မေးမြန်း လိုက်သည်။ “ခင်ဗျားတို့ထဲမှာ ခွေးတစ်ကောင်နဲ့ ညီအစ်ကိုဖွဲ့ချင်တဲ့လူများ ရှိနေ သေးလား။”
လူတိုင်းပင် တညီတညွတ်တည်း ပြန်ဖြေလိုက်ကြသည်။ “မရှိကြပါဘူး။”
စန့်ကွမ်းကျင်းဟုန်-“သူတို့တောင်မှ မဖွဲ့ချင်သေးတာ၊ ကျုပ်ဆိုရင်တော့ ဝေလာ ဝေးပဲ။”
စန့်ကွမ်းကျင်းဟုန်သည် လောင်ရှောင်း၄ယွန်ကို စိုက်ကြည့်နေပြီးမှ ပြောဆို လိုက်သည်။ “ခင်ဗျားနဲ့ ဒီခွေးလေခွေးလွင့်နဲ့ တော်တော်လေးလိုက်ဖက်ကြတယ်။ သူနဲ့ပဲ ညီအစ်ကိုလုပ်လိုက်ပါလား။”
သူ့စကားလုံးများက ပြန်နှုတ်ယူ၍မရပါ။ မည်သူက ဤနှိမ့်ချမှုကို သည်းခံနိုင် ပါမည်နည်း။
လောင်ရှောင်း၄ယွန်၏ မျက်နှာတစ်ပြင်လုံး ချွေးသီးချွေးပေါက်များ ယိုစိမ့်လာ ခဲ့ရပြီး ထစ်ငေါ့စွာ ပြောဆိုလိုက်သည်။ “ခင်ဗျား... ခင်ဗျားကြီး...”
လောင်ရှောင်း၃ယွန်သည် သူ့ဖခင်လက်ထဲမှ ဓားကိုရုတ်တရက်ဆွဲလုယူခဲ့ပြီး ပြောဆိုလိုက်သည်။ “ဒါတွေအားလုံးဟာ ကျနော့်ရဲ့အကြံအစည်တွေချည်းပဲ။ ကျနော် နဲ့ ကျနော့်ဖခင်အပေါ်မှာ ဒီလောက်အရှက်ရစရာကောင်းလိမ့်မယ်လို့ ဘယ်တုန်းကမှ မထင်ထားခဲ့ပါဘူး။ ကျနော့်ရဲ့မှားယွင်းမှုကို ဘယ်လိုမှပြန်ပြင်လို့မရတော့ပါဘူး။ ကျနော့်ခန္ဓာကိုယ်ထဲက သွေးဆိုးသွေးညစ်တွေကို ဖောက်ထုတ်ပစ်မှသာ ကျနော့် ဖခင်ရဲ့ကျေးဇူးကို ပြန်ဆပ်ရာရောက်ပါလိမ့်မယ်။ ကျနော့်ရဲ့မိခင်လည်း ဒီနေရာမှာ မရှိနေတော့ ကျနော့်ရဲ့ အသက်ရှင်သန်ရေး၊ သေရေးကို မဆုံးဖြတ်နိုင်သေးပါဘူး ခင်ဗျာ။”
လောင်ရှောင်း၃ယွန်သည် ရုတ်ချည်းပင် လက်ထဲမှဓားဖြင့် သူ့လက်ကို လက် ကောက်ဝတ်မှ ခုတ်ဖြတ်ချလိုက်လေတော့သည်။
မည်သူမျှ မတားဆီးရဲကြပါ။
လောင်ရှောင်း၃ယွန်သည် နာကျင်လွန်းလှသောကြောင့် မျက်နှာရှုံ့မဲ့နေရလေ သည်။ သူသည် အံကြိတ်ပြီး နာကျင်မှုကို အသားတဆတ်ဆတ်တုန်စွာခံယူနေရင်း စန့်ကွမ်းကျင်းဟုန်ထံ လျှောက်လှမ်းလာ၏။ ပြီးနောက် သူ၏လက်ပြတ်ကြီးကို စန့်ကွမ်းကျင်းဟုန်ထံ ကမ်းပေးရင်း ပြောဆိုလိုက်သည်။ “ခေါင်းဆောင်ကြီး ကျေ နပ်ပါပြီလား ခင်ဗျာ။”
စန့်ကွမ်းကျင်းဟုန်၏ မျက်နှာအမူအရာများက မည်သို့မျှမပြောင်းလဲခဲ့ဘဲ လောင်ရှောင်း၃ယွန်ကို စူးစူးစိုက်စိုက်ကြည့်နေပြီး ပြောဆိုလိုက်သည်။ “မင်းက ဒီ လက်တစ်ဘက်နဲ့ မင်းတို့သားအဖရဲ့အသက်တွေနဲ့ အလဲအလှယ်လုပ်ချင်တယ်ပေါ့။”
လောင်ရှောင်း၃ယွန်-“ကျနော်... ကျနော်...”
လောင်ရှောင်း၃ယွန်သည် မည်သည့်စကားမျှ မဆက်နိုင်တော့ဘဲ နာကျင်မှု၊ သွေးထွက်လွန်ခဲ့မှုတို့ကြောင့် မူးမေ့လဲကျသွားတော့၏။
လောင်ရှောင်း၄ယွန်၏ ရင်ထဲတွင်ဗလောင်ဆူစွာ ခံစားနေရသော်လည်း မည် သည့် ခံစားချက်ကိုမျှ မထုတ်ဖော်ရဲခဲ့ချေ။ ထိုနေရာ၌ပင် တုံနှိဘာဝေ ရပ်နေ၏။
စန့်ကွမ်းကျင်းဟုန်-“ခင်ဗျားရဲ့သားမျက်နှာနဲ့ ခင်ဗျားတို့နှစ်ယောက်ကို ကျုပ် ရှင်သန်ခွင့်ပေးလိုက်မယ်။ ခင်ဗျားတို့နှစ်ယောက်ကို ကျုပ် နောက်တစ်ကြိမ်မမြင် မိစေနဲ့။”
အားဖေ လဲကျနေရာမှ မတ်တတ်ထလာခဲ့လေသည်။
ဘာဖြစ်သွားခဲ့မှန်းမသိဘဲ အူကြောင်ကြောင်ဖြစ်နေပုံရသည်။ သူသည် အနား ပတ်ဝန်းကျင်တွင်ရှိနေသူများကိုလည်း အူကြောင်ကြောင်လိုက်ကြည့်နေ၏။ သူ၏ မျက်လုံးများက စားပွဲပေါ်၌တင်ထားသော အရက်အိုးအရောက်တွင် ရပ်တန့်သွား ၏။ ပြီးနောက် အရက်အိုးရှိရာသို့ယိုင်တိယိုင်တိုင် လှမ်းလျှောက်လာပြီး အရက်အိုး ကိုဆွဲယူလိုက်သည်။
အားဖေသည် အရက်အိုးကို သူ၏ရင်ခွင်ထဲတွင် တင်းကြပ်စွာထွေးပွေ့ထား သည်မှာ သူ့ဘဝတစ်ခုလုံး ဤအရက်အိုးပေါ်တွင် တည်မှီနေသည်ဟုထင်ရလောက် သည်။
‘ခွမ်း’
အရက်အိုးသည် ရုတ်ချည်းကွဲထွက်သွားခဲ့ရပြီး အရက်များ ဖိတ်စင်ကျကုန် တော့သည်။
အရက်အိုးကွဲကို ကိုင်ထားရင်း အားဖေ၏လက်များက တုန်ရီနေကြလေသည်။
စန့်ကွမ်းကျင်းဟုန်-“ဒီအရက်က လူသောက်တဲ့အရက်။ မင်းနဲ့မတန်ဘူး။”
စန့်ကွမ်းကျင်းဟုန်က ကြမ်းပြင်ပေါ်သို့ ငွေတုံးတစ်တုံးပစ်ချပေးပြီး ပြောဆို လိုက်သည်။ “မင်းအရက်ဆက်သောက်ချင်နေသေးတယ်ဆိုရင် အပြင်မှာသွားဝယ် သောက်ချည်။”
အားဖေ၏ဦးခေါင်းမော့လာပြီး စန့်ကွမ်းကျင်းဟုန်ကို စိုက်ကြည့်နေလိုက်သည်။ ပြီးနောက် လျှောက်ထွက်သွားလိုက်တော့သည်။
သူ့ခြေထောက်အောက်တွင်တော့ ငွေတုံးလေးတစ်တုံးရှိနေ၏။
ထိုငွေတုံးလေးကို အကြာကြီး အားဖေစိုက်ကြည့်နေ၏။ ပြီးနောက်ခါးကုန်းပြီး ကောက်ယူရန်ဟန်ပြင်လိုက်သည်။
စန့်ကွမ်းကျင်းဟုန်၏မျက်နှာပေါ်တွင် ခနဲ့တဲ့တဲ့အပြုံးတစ်ခု ထွက်ပေါ်လာလေ တော့သည်။
သူပြုံးနေသောအခါတွင် ကျန်သည့်အချိန်များထက် မာန်ပိုတင်ကာ ပို၍ကြည့် ကောင်းနေပေသည်။
ရုတ်တရက်... အေးစိမ့်သောဓားရိပ်တစ်ခု ထွက်ပေါ်လာခဲ့၏။
ဓားပျံတစ်လက်သည် လျှပ်စီး၏လျင်မြန်ခြင်းဖြင့် ငွေတုံးလေးပေါ်တွင် စိုက်ဝင် နေပြီး ကြမ်းပြင်ထဲသို့ ကျွံဝင်သွားသည်ထိ ထိုးဖောက်သွားခဲ့၏။
အားဖေ ကြက်သီးမွေးညင်းထလာခဲ့ရပြီး သူ၏ခေါင်းကိုမော့ကြည့်လိုက်ရာ ခန္ဓာကိုယ်တစ်ခုလုံး အေးခဲသွားခဲ့ရလေတော့သည်။
တံခါးဝတွင်ရပ်နေသောလူထံမှ စကားသံထွက်ပေါ်လာ၏။ “ဒီနေရာမှာရှိတဲ့အ ရက်က အပြင်ကအရက်တွေထက် ပိုကောင်းပါတယ်။ မင်းအရက်သောက်ချင်တယ် ဆိုရင် ကျုပ်အရက်ငဲ့ပေးပါ့မယ်။”
စားပွဲပေါ်၌ အရက်တစ်အိုး ကျန်ရှိနေသေး၏။
ထိုသူသည် စားပွဲသို့လျှောက်သွားပြီး အရက်တစ်ခွက်ငဲ့ပြီးနောက် အားဖေရှိရာ သို့ ပြန်လျှောက်လှမ်းလာပြီး ထိုအရက်ခွက်ကို ကမ်းပေးလိုက်သည်။
မည်သူမျှ ဘာစကားမှ မဟခဲ့ကြချေ။ လူအားလုံး အသက်ရှုရန်ပင် မေ့လျော့ နေကြသလားဟု ထင်မှတ်ရ၏။
စန့်ကွမ်းကျင်းဟုန်သည်လည်း ဘာစကားမှ မပြောခဲ့ပါ။
စန့်ကွမ်းကျင်းဟုန်က နောက်မှဝင်ရောက်လာသူကို တိတ်ဆိတ်စွာ ကြည့်နေ လိုက်၏။
ထိုသူသည် အရပ်မမြင့်သလို အရပ်လည်းမနိမ့်ပါ။ သူဝတ်စားထားသည့် အဝတ်အစားများက မွဲခြောက်နေ၏။ သူ့ကိုကြည့်ရသည်မှာ အားအင်ဖျော့တော့နေ သော သက်လတ်ပိုင်းလူတစ်ယောက်ဟု ထင်ရသည်။
သို့သော် ထိုသူကအရက်ငဲ့ထည့်ပေးနေသည်ကို စန့်ကွမ်းကျင်းဟုန် စောင့်ကြည့် နေ၏။ အားဖေဆီသို့ အရက်ခွက်လှမ်းပေးသည်ကိုလည်း ဤအတိုင်းပင် စောင့် ကြည့်နေ၏။ တားဆီးခြင်းမပြုလုပ်ခဲ့သလို မည်သည့်ခံစားချက်ကိုမှလည်း မပြသ ခဲ့ချေ။
စန့်ကွမ်းကျင်းဟုန်၏ အမိန့်ကို မည်သူကများ ဆန့်ကျင်ရဲကြပါမည်နည်း။ စန့်ကွမ်းကျင်းဟုန်က မလှုပ်ရှားဘူးဆိုလျှင် မည်သူကလှုပ်ရှားရဲပါမည်နည်း။
သို့သော် ထိုသူသည် စန့်ကွမ်းကျင်းဟုန်ကို ရှိသည်ဟုပင်ဂရုမစိုက်ခဲ့ချေ။
အားဖေ၏လက်နားသို့ အရက်ခွက်ရောက်ရှိလာလေတော့သည်။
အားဖေသည် အရက်ခွက်ကို ကလေးတစ်ယောက်လို ငေးကြည့်နေ၏။ သူ၏ မျက်ဝန်းများမှ မျက်ရည်စက်နှစ်စက် အရက်ခွက်ထဲသို့ ကျဆင်းသွားခဲ့ရတော့ သည်။
သူသည် သွေးသာအထွက်ခံမည်၊ မျက်ရည်ဆိုသောအရာကို သိမ်းဆည်းထား တတ်သူတစ်ယောက်ဖြစ်၏။
သက်လတ်ပိုင်းလူထံမှလည်း မျက်ရည်များဝေ့ကျလာခဲ့၏။ သူ၏မျက်ဝန်း ထောင့်များမှ မျက်ရည်များ စီးကျလာနေ၏။ သို့သော် သူ၏နှုတ်ခမ်းထက်တွင် တော့ နွေးထွေးသော၊ မိတ်ဆွေကောင်းဆန်သော အပြုံးတစ်ခုက မပြောင်းလဲစွာ တွဲခိုနေလေသည်။
ထိုမိတ်ဆွေဆန်သော၊ နွေးထွေးသောအပြုံးတစ်ခုက သက်လတ်ပိုင်းလူကို လွန် စွာတောက်ပပြီး အလင်းရောင်များဖြာထွက်နေသူတစ်ယောက်သို့ ပြောင်းလဲသွားစေ လေသည်။ အပြုံးတစ်ခုက ဤမျှလောက် အင်အားကြီးပြင်းထန်မှန်း မည်သူတစ်ဦး တစ်ယောက်မျှ မထင်ထားခဲ့ချေ။
ထိုသူသည်လည်း မည်သည့်စကားမျှ ပြောဆိုခဲ့ခြင်းမရှိပါ။
သူ၏နွေးထွေးသောအပြုံးနှင့် လင်းလက်တောက်ပနေသော မျက်ဝန်းတစ်စုံတို့ က စကားလုံးများဖြင့် ဖော်ပြ၍မရနိုင်ချေ။
အားဖေ၏လက်များက အထိန်းအကွပ်မဲ့စွာ တုန်ခါလာခဲ့ကြတော့သည်။ အား ဖေသည် ရုတ်တရက် ကျယ်လောင်စွာအော်ဟစ်လိုက်ပြီး အရက်ခွက်ကို ကြမ်းပြင် ပေါ်သို့ ပစ်ပေါက်ခွဲလိုက်သည်။ ပြီးနောက် ချာခနဲလှည့်ကာ ပြေးထွက်သွားလေ တော့သည်။
သက်လတ်ပိုင်းလူသည် အားဖေနောက်သို့လိုက်ရန် ဟန်ပြင်လိုက်သည်။
စန့်ကွမ်းကျင်းဟုန်-“ခဏနေဦး။”
သက်လတ်ပိုင်းလူသည် အတော်လေးလှမ်းလှမ်းသို့လျှောက်လှမ်းခဲ့ပြီးမှ ရပ်တန့် လိုက်သည်။
စန့်ကွမ်းကျင်းဟုန်-“မင်းထွက်သွားချင်တယ်ဆိုမှတော့ ဘာဖြစ်လို့ရောက်လာ ခဲ့ရသေးတာလဲ။ ရောက်လာပြီးမှတော့ ဘာဖြစ်လို့ထွက်သွားချင်ရပြန်တာလဲ။”
သက်လတ်ပိုင်းလူသည် အတန်ကြာမျှ စဉ်းစားနေပြီးနောက် ပြောဆိုလိုက် သည်။ “ခင်ဗျားပြောတာမှန်တယ်။ ကျုပ်ရောက်လာခဲ့ပြီးပြီပဲ။ ဘာဖြစ်လို့ထွက်သွား ရဦးမှာလဲ။”
သက်လတ်ပိုင်းလူသည် တစ်ချိန်လုံး စန့်ကွမ်းကျင်းဟုန်ကို ကြည့်ခဲ့ခြင်းမရှိ။ ယခုမှသာ ခေါင်းလှည့်ကြည့်လိုက်လေတော့သည်။
သူ၏မျက်လုံးအကြည့်များက စန့်ကွမ်းကျင်းဟုန်၏ မျက်ဝန်းအကြည့်များနှင့် ဆုံတွေ့လိုက်ရတော့သည်။
မီးတောက်နေသောမျက်ဝန်းအကြည့်များ...
အကြည့်နှစ်ခု ဆုံဆည်းလိုက်သည်နှင့် မီးတောက်မီးလျှံများ ထွက်ပေါ်လာခဲ့ ကြလေတော့သည်။
အသံတိတ်ဖြစ်သော၊ ပုံသဏ္ဌာန်မရှိသော မီးတောက်မီးလျှံများဖြစ်လေသည်။ မည်သူမျှ မျက်စိနှင့်တတ်အပ်မမြင်တွေ့ကြသော်လည်း ထိုမီးလျှံများ၏အငွေ့ အသက်များကို ခံစားမိလိုက်ကြလေသည်။
အခန်းတွင်းရှိလူအားလုံး၏ အသည်းနှလုံးများက သူတို့၏ခန္ဓာကိုယ်တွင်းမှ ခုန်ပေါက်ထွက်လာကြသလို ခံစားမိနေကြ၏။
စန့်ကွမ်းကျင်းဟုန်၏မျက်လုံးအကြည့်များက နတ်ဆိုးတစ်ပါး၏ မျက်လုံး အကြည့်နှင့်တူ၏။ သူ၏အကြည့်များက လူတစ်ယောက်၏ ဝိဉာဉ်ကို အချိန်မရွေး နှုတ်သိမ်းသွားနိုင်လေသည်။
ထိုသက်လတ်ပိုင်းလူ၏ မျက်လုံးအကြည့်များက ကျယ်ပြောလှသောမဟာ သမုဒ္ဒရာကြီးနှင့်တူ၏။ အတိုင်းအဆမရှိကျယ်ပြောလွန်းလှပြီး ကြည်လင်လတ် ဆတ်စွာစိမ်းလဲ့နေ၏။ ကျယ်ပြောမှုက လောကထဲရှိ နတ်ဆိုးများ၊ မိစ္ဆာများ အားလုံးကို ဝါးမျိုထားနိုင်သော ကျယ်ပြောမှုဖြစ်လေသည်။
စန့်ကွမ်းကျင်းဟုန်၏ မျက်လုံးများက ဓားတစ်လက်ဖြစ်သည်ဆိုပါက သက် လတ်ပိုင်းလူ၏မျက်လုံးများက ဓားအိမ်တစ်ခုဖြစ်လေသည်။
ထိုမျက်လုံးတစ်စုံကိုတွေ့လိုက်ရပြီးသည့်နောက် လူတိုင်းကတွေးနေကြသည်မှာ ထိုသူသည် သာမန်သက်လတ်ပိုင်းလူတစ်ယောက်မဟုတ် ဆိုခြင်းကိုတည်း။
အချို့လူများက သူဘယ်သူလဲဆိုတာ ခန့်မှန်း၍ပင်ရနေ၏။
စန့်ကွမ်းကျင်းဟုန်၏အသံက တိတ်ဆိတ်မှုကို ဖြိုခွဲထွက်ပေါ်လာခဲ့လေတော့ သည်။ “မင်းရဲ့လက်နက် ဘယ်မှာလဲ။”
ထိုသူသည် လက်ကောက်ဝတ်ကို တစ်ချက်မျှလှုပ်ခါလိုက်ရာ သူ၏လက် ချောင်းများကြားတွင် ဓားပျံတစ်လက် တမဟုတ်ချင်း ထွက်ပေါ်လာသည်။
ရှောင်းလီဓားပျံ...
ထိုဓားပျံကို မြင်တွေ့ခဲ့ရပြီးသည့်နောက် လူတိုင်းပင် သူတို့၏တွေးထင်ချက်များ မှန်ကန်ခဲ့ကြောင်း သိရှိသွားကြလေတော့သည်။
ထိုသူသည် လီဆွန်းဟွာ ဖြစ်နေလေသည်တကား...
လီဆွန်းဟွာ ရောက်ရှိလာခဲ့ချေပြီ...
သူ၏လက်များက မယုံကြည်နိုင်လောက်အောင်ပင် တည်ငြိမ်နေကြသည်မှာ ဗလာနယ်ထဲတွင် အေးခဲသွားသော ရေခဲချောင်းများကဲ့သို့ပင်။
သူ၏လက်ချောင်းများက ရှည်လျားပြီး သေးသွယ်ကြသော်လည်း လက်သည်း များကိုမူ သေသပ်စွာတိညှပ်ထား၏။
ထိုလက်တစ်စုံသည် ဓားကိုင်မည့်အစား စုတ်တံတစ်ချောင်းသာ ကိုင်ဆောင် သင့်သည့် လက်များလည်းဖြစ်နေကြပြန်သည်။ သို့သော် သိုင်းလောကတွင် ထို လက်တစ်စုံသည် တန်ဘိုးအရှိဆုံး၊ ကြောက်မက်ဖွယ်ရာအကောင်းဆုံး လက်တစ်စုံ လည်းဖြစ်နေပြန်၏။
ဓားပျံသည်လည်း အလွန်ရိုးရှင်းသော ဓားပျံတစ်လက်သာဖြစ်၏။ သို့သော် ထို သူ့လက်ထဲရောက်ရှိသွားပါက ကြောက်စရာအကောင်းဆုံး ဓားပျံဖြစ်သွားလေတော့ သည်။
စန့်ကွမ်းကျင်းဟုန်သည် ဖြည်းညင်းစွာထရပ်ပြီး လီဆွန်းဟွာရှိရာသို့ လျှောက် လှမ်းလာ၏။ ပြီးနောက် လီဆွန်းဟွာနှင့် မျက်နှာချင်းဆိုင် ရပ်တန့်လိုက်လေသည်။
သူတို့နှစ်ယောက်ကြားရှိ အကွာအဝေးသည် ၇ မီတာလောက်သာကျန်ရှိတော့ သည်။
စန့်ကွမ်းကျင်းဟုန်၏ လက်များကတော့ ဝတ်ရုံထဲတွင် ထည့်ထားဆဲရှိနေကြ သည်။
စန့်ကွမ်းကျင်းဟုန်သည် လွန်ခဲ့သည့်နှစ် ၂၀ ခန့်ကပင် သူ၏ ‘နဂါးမီးငှက်သံ ကွင်းမောင်နှံ’ ဖြင့် သိုင်းလောကကို စိုးမိုးနိုင်ခဲ့၏။ ‘လက်နက်စာရင်းစာအုပ်’ တွင် သူ၏လက်နက်က နံပါတ် ၂ ချိတ်၏။ ရှောင်းလီဓားပျံထက် တစ်ဆင့်မြင့်သော နေရာတွင် ရှိလေသည်။
နှစ်ပေါင်း ၂၀ ကျော်လွန်လာခဲ့သည့်တိုင် မည်သူမျှ သူ၏လက်နက်ကို မမြင် တွေ့ဖူးခဲ့ပါ။
သိုင်းလောကရှိ သိုင်းသမားတိုင်းပင် စန့်ကွမ်းကျင်းဟုန်၏ လက်နက် မည်မျှ အစွမ်းထက်ကြောင်း၊ မည်မျှကြောက်မက်ဖွယ်ရာ ပြင်းထန်ကြောင်းသိထားကြသော် လည်း သူ၏လက်နက်ထုတ်သုံးတိုက်ခိုက်သည်ကို မည်သူမျှ မျက်မြင်ကိုယ်တွေ့ မမြင်တွေ့ဖူးခဲ့ကြပါ။
သူ၏လက်ထဲတွင် သံကွင်းလက်နက် ရှိနေပါ၏လော...
လူအားလုံး၏အကြည့်များက လီဆွန်းဟွာ၏ ဓားပျံမှ စန့်ကွမ်းကျင်းဟုန်၏ လက်နှစ်ဘက်ဆီသို့ ရောက်ရှိသွားကြရသည်။
စန့်ကွမ်းကျင်းဟုန်၏ လက်နှစ်ဘက်သည် နောက်ဆုံးမတော့ သူ၏ဝတ်ရုံထဲမှ ထွက်ပေါ်လာခဲ့ကြလေတော့သည်။
သူ့လက်နှစ်ဘက်လုံးက ဗလာချည်ဖြစ်နေလေသည်။
လီဆွန်းဟွာ-“ခင်ဗျားရဲ့သံကွင်းတွေ...”
စန့်ကွမ်းကျင်းဟုန်-“သူတို့ဒီမှာရှိနေကြပါတယ်။”
လီဆွန်းဟွာက ထပ်မေးလိုက်ပြန်သည်။ “ဘယ်မှာလဲ။”
စန့်ကွမ်းကျင်းဟုန်-“ကျုပ်နှလုံးသားထဲမှာ...”
လီဆွန်းဟွာက ရေရွတ်လိုက်မိတော့၏။ “နှလုံးသားထဲမှာ...”
စန့်ကွမ်းကျင်းဟုန်-“သံကွင်းတွေက ကျုပ်လက်ထဲမှာ မရှိနေပါဘူး။ ကျုပ် နှလုံးသားထဲမှာတော့ ရှိနေပါတယ်။”
လီဆွန်းဟွာ ရုတ်တရက် မျက်မှောင်ကျုံ့သွားခဲ့ရ၏။
စန့်ကွမ်းကျင်းဟုန်၏ သံကွင်းများသည် မမြင်တွေ့ရသောအရာများ ဖြစ်နေကြ ပါလား။
ထိုလက်နက်တစ်စုံကို မမြင်တွေ့နိုင်သောကြောင့် ထိုသံကွင်းများသည် နေရာ တိုင်းတွင် ရှိနေနိုင်လေသည်။ သင်၏မျက်စိရှေ့တွင် ရှိနေနိုင်၏။ သင်၏လည် မျိုဝတွင် ရှိနေနိုင်၏။ သင်၏ဝိဉာဉ်၌ပင် ရှိနေနိုင်လေသည်။
ထိုလက်နက်တစ်စုံသည် သင်၏ခန္ဓာကိုယ်တစ်ခုလုံးကို တစ်စစီ ဆုတ်ဖြဲခဲ့ပြီး လျှင်ပင် ထိုလက်နက်များ မည်သည့်နေရာမှ ပေါ်ထွက်လာခဲ့မှန်း သင်မသိနိုင်ချေ။
“သံကွင်းတွေက ကျုပ်လက်ထဲမှာ မရှိနေပါဘူး။ ကျုပ်နှလုံးသားထဲမှာတော့ ရှိနေပါတယ်။”
ဤသည်မှာ သိုင်းပညာရပ်၏ အထွဋ်ထိပ်ဆုံးသော အဆင့်ဖြစ်၏။
ထိုအဆင့်သည် နတ်ဘုရားများနှင့် ပရလောကသားများ၏အဆင့်ဖြစ်၏။
သို့သော် မည်သူမျှ နားမလည်နိုင်ကြပါ။ လီဆွန်းဟွာမှလွဲ၍ မည်သူမျှ နားမ လည်နိုင်ကြချေ။
လူတိုင်းပင် စိတ်ပျက်လက်ပျက် ဖြစ်သွားကြ၏။
လူအားလုံးနီးပါး ထိုလက်နက်တစ်စုံကို မျက်မြင်ကိုယ်တွေ့ မြင်တွေ့ဖူးချင်ကြ ၏။ သို့မှသာ ထိုလက်နက်များ၏ ပြင်းထန်သောစွမ်းအားကို မြင်တွေ့နိုင်မည်ဖြစ် ၏။ သို့သော် သူတို့မြင်တွေ့ချင်သည့် လက်နက်တစ်စုံသည် မမြင်တွေ့နိုင်သော အရာဖြစ်နေခဲ့မှန်း မည်သူကမျှော်မှန်းထားပါသနည်း။
ထိုအချိန်ခဏလေး၌ စန့်ကွမ်းကျင်းဟုန်၏ စူးရှတောက်ပသော မျက်လုံး အကြည့်များက လီဆွန်းဟွာကို ဖိနှိပ်လွှမ်းမိုးထားလေသည်။
စန့်ကွမ်းကျင်းဟုန်-“လွန်ခဲ့တဲ့ ၇ နှစ်လောက်ကတည်းက ကျုပ်ရဲ့လက်တွေဟာ ဘာမှ ကိုင်ဆောင်စရာမလိုတော့ဘူး။”
လီဆွန်းဟွာ-“ကျုပ်ဂုဏ်ယူပါတယ်ဗျာ။”
စန့်ကွမ်းကျင်းဟုန်-“မင်းသိနေတယ်ပေါ့။”
လီဆွန်းဟွာ-“နူးညံ့သိမ်မွေ့ပြီးလှပလိုက်တဲ့စကား... သံကွင်းမရှိရင် လူလည်း မရှိတော့ဘူး။ ဘာသဲလွန်စမှလည်း မကျန်ရှိနိုင်တော့ဘူး။ မဖောက်ထွက်နိုင်စရာ ဘာအဆီးအတားမှလည်း မရှိနိုင်တော့ဘူး။”
စန့်ကွမ်းကျင်းဟုန်က ကျူးရင့်လိုက်၏။ “သိပ်ပြီးစိတ်ကျေနပ်စရာကောင်းလိုက် တာ။ မင်းဒီသဘောတရားကို နားလည်သားပဲ။”
“သိရှိနိုင်ခြင်းဆိုတာ မသိရှိစေဖို့ပဲ။ နားမလည်ခြင်းဆိုတာလည်း နားလည်စေ ဖို့ပဲ။”
သူတို့နှစ်ယောက်သည် တာအိုရသေ့နှစ်ပါး ဂါထာများဖွက်ပြီး အချင်းချင်း စကားနိုင်လုနေကြသည်နှင့်တူ၏။
သူတို့နှစ်ယောက်မှလွဲ၍ အခန်းထဲရှိမည်သူမျှ ထိုစကားများကို နားမလည်နိုင် ကြချေ။
သူတို့ နားမလည်နိုင်ကြပါ။ ထို့ကြောင့် ပို၍ပင်ကြောက်မက်ဖွယ်ရာ ကောင်း လာခဲ့ရတော့၏။
လူအားလုံးသည် ရုတ်ချည်း ထရပ်လိုက်ကြပြီး အခန်းထောင့်သို့ တရွေ့ရွေ့ လျှောက်ထွက်သွားကြတော့သည်။
စန့်ကွမ်းကျင်းဟုန်သည် လီဆွန်းဟွာကို စိုက်ကြည့်နေပြီး ပြောဆိုလိုက်သည်။ “လီဆွန်းဟွာကတော့ လီဆွန်းဟွာပါပဲ။”
လီဆွန်းဟွာက ပြန်တုံ့ပြန်လိုက်သည်။ “စန့်ကွမ်းကျင်းဟုန်ကလည်း စန့်ကွမ်း ကျင်းဟုန်မှပဲ ဖြစ်နိုင်ပါတယ်။”
စန့်ကွမ်းကျင်းဟုန်-“မင်းဟာ တတိယတန်းမင်းမှုထမ်း တွမ့်ဟွာတစ်ယောက် ဖြစ်ခဲ့တယ်၊ ပညာတတ်တယ်၊ ဗဟုသုတကြွယ်ဝတယ်၊ နာမည်ကြီးသလောက် ထင်ရှားကျော်ကြားပြီး လူတိုင်းလေးစားရတဲ့ မင်းမှုထမ်းကောင်းတစ်ယောက် ဖြစ် နိုင်ခဲ့ပါရက်နဲ့ ဘာဖြစ်လို့ သိုင်းလောကထဲမှာ လေလွင့်သွားလာနေရတာလဲ။”
လီဆွန်းဟွာ-“ကျုပ် လာချင်သလိုလာတယ်။ သွားချင်သလိုသွားမယ်။”
စန့်ကွမ်းကျင်းဟုန်-“မင်းဒီကနေ ထွက်သွားလို့ရမယ်လို့ကော ထင်နေသေး လား။”
လီဆွန်းဟွာသည် ခဏမျှစဉ်းစားနေပြီးမှ ဖြေဆိုလိုက်သည်။ “ကျုပ်မထွက်သွား နိုင်သလို ထွက်သွားဖို့ဆန္ဒလည်းမရှိဘူး။”
စန့်ကွမ်းကျင်းဟုန်-“သိပ်ကောင်းတယ်။ မင်းစပြီး လှုပ်ရှားနိုင်ပြီ။”
လီဆွန်းဟွာ-“ကျုပ်ရဲ့ လှုပ်ရှားမှုတွေက ဒီနေရာမှာ ရှိနေပါတယ်။”
စန့်ကွမ်းကျင်းဟုန်သည် ဝေခွဲမရဖြစ်သွားခဲ့ရပြီး မေးမြန်းလိုက်ပြန်သည်။ “ဘယ်မှာလဲ။”
လီဆွန်းဟွာ-“နှလုံးသားထဲမှာ... ကျုပ်ရဲ့လှုပ်ရှားမှုတွေက ဓားပျံထဲမှာမရှိနေ ဘူး။ နှလုံးသားထဲမှာတော့ ရှိနေတယ်။”
စန့်ကွမ်းကျင်းဟုန်၏ မျက်လုံးအိမ်များသည်လည်း ကျုံ့ဝင်သွားခဲ့ရလေတော့ သည်။
စန့်ကွမ်းကျင်းဟုန်၏ လက်နက်ကိုမမြင်တွေ့ကြသူများသည် လီဆွန်းဟွာ၏ လှုပ်ရှားမှုများကိုလည်း မမြင်တွေ့နိုင်တော့ပါ။
သို့သော် သံကွင်းရောက်လာသည်နှင့်တပြိုင်နက် လှုပ်ရှားမှုသည်လည်း ထွက် ပေါ်လာပေလိမ့်မည်။
လူတိုင်းပင် လက်နက်နှင့် လှုပ်ရှားမှုတို့ကို မမြင်တွေ့နေရသော်လည်း ဤနေရာ တွင် ရောက်ရှိနေကြောင်းကို ခံစားမိနေကြ၏။
သူတို့သည် ထောင့်တစ်နေရာတွင် တိတ်ဆိတ်ငြိမ်သက်စွာ ရပ်နေကြသော် လည်း သူတို့အတွက် သေရေးရှင်ရေးအတွက် ရုန်းကန်ရင်ဆိုင်နေကြရသည်ဟု ခံစားနေကြရ၏။ အသက်ရှူရှိုက်မှုတစ်ခုအတွင်းမှာ ဆုံးဖြတ်နိုင်သော သေရေးရှင် ရေးဖြစ်၏။
အခန်းတွင်းရှိလူအားလုံးသည် အခန်းထောင့်နေရာသို့ ရောက်ရှိလာခဲ့ကြသော် လည်း မရဏသေမင်း၏အငွေ့အသက်များကို ရှူရှိုက်နေကြရလေသည်။
လူတိုင်းပင် သူတို့၏နှလုံးသားများကို ဖြစ်ညှစ်ဆုပ်ကိုင်ခြင်းခံထားရသလို ခံစားနေကြရ၏။
+++++
အားဖေ၏ခန္ဓာကိုယ်တွင်းမှ သွေးများပွက်ပွက်ဆူနေရ၏။
သူပြေးထွက်လာခဲ့ချိန်တွင် ဘာစဉ်းစားပြီးပြေးထွက်လာခဲ့မှန်း မသိခဲ့ချေ။ သူ ဘာဆက်လုပ်ရမည်မှန်းလည်း မသိတော့ချေ။
သူသည် အမှန်တရားမှ ထွက်ပြေးနေခြင်းသာဖြစ်၏။
မည်သည့်နေရာသို့ ပြေးလွှားနေမည်နည်း။ မည်မျှကြာကြာ ပုန်းအောင်းနေမည် နည်း။
သူအမြဲတမ်း မထွက်ပြေးနိုင်ပါ။ အဘယ်ကြောင့်ဆိုသော် သူထွက်ပြေးနေခြင်း သည် မိမိကိုယ်တိုင်ထံမှ လွတ်မြောက်ရန်ထွက်ပြေးနေခြင်းဖြစ်နေသောကြောင့်ပင်။
+++++
လီဆွန်းဟွာနှင့် စန့်ကွမ်းကျင်းဟုန်တို့သည် အချင်းချင်း စူးစူးစိုက်စိုက် ကြည့် နေကြ၏။ မည်သည့်အသံမျှမထွက်ပေါ်လာခဲ့သလို မည်သူမှလည်း လှုပ်ရှားမှုမပြု လုပ်ခဲ့ကြချေ။
အခန်းတွင်းရှိလူအားလုံး ကြားနေကြရသည်မှာ မိမိတို့၏နှလုံးခုန်သံများကို မိမိ တို့ ပြန်ကြားနေကြခြင်းသာဖြစ်၏။ လူတိုင်းခံစားမိနေကြသောအရာမှာ မိမိတို့၏ လက်မောင်းရင်းမွှေးညင်းများမှ စိမ့်ထွက်လာသော ချွေးစေးများကိုပင်တည်း။
ဤအချိန်၌ သူတို့ထဲမှတစ်ယောက်သာ လှုပ်ရှားမှုတစ်ခု ပြုလုပ်ခဲ့မည်ဆိုပါက ထိုလှုပ်ရှားမှုသည် ကမ္ဘာမြေသိမ့်တုန်စေသောလှုပ်ရှားမှု ဖြစ်သွားပေလိမ့်မည်။
ဤထိပ်တိုက်ရင်ဆိုင်မှုသည် အချိန်မရွေး ပေါက်ကွဲထွက်လာနိုင်၏။ အချိန် မရွေးကျိုးပြတ်သွားနိုင်၏။
တစ်ချိန်တည်းမှာပင် ရုတ်ချည်း ရပ်တန့်သွားနိုင်၏။
ထိုတစ်ချိန်တည်းအပြီးတွင် သူတို့နှစ်ယောက်ထဲမှ တစ်ယောက်တော့ လဲကျ သွားရမည်ဖြစ်သည်။
သို့သော် မည်သူက လဲကျသူဖြစ်သွားပါမည်နည်း။
“ရှောင်းလီဓားပျံ၊ လက်ခွင်းထွက်ရင်၊ ဘယ်တော့မှမလွဲ...”
နှစ် ၂၀ အတွင်း လီတွမ့်ဟွာ၏ ဓားပျံမှ လွတ်မြောက်လာသူ မည်သူမျှမရှိသေး ပါ။
သို့သော် စန့်ကွမ်းကျင်းဟုန်၏ သံကွင်းလက်နက်များက လက်နက်စာရင်းတွင် ရှောင်းလီဓားပျံထက် နံပါတ်စဉ်ပိုမြင့်နေသောကြောင့် ပိုပြီးများ အစွမ်းထက်နေမ လား။
သူတို့နှစ်ယောက်လုံးသည် ထိုနေရာ၌ပင် ရပ်ပြီး အေးခဲနေကြသည်။
နှစ်ယောက်စလုံးသည် မိမိကိုယ်ကို ယုံကြည်မှုအပြည့်ဖြင့် မျက်လုံးအရောင်များ က စူးရှတောက်ပနေကြ၏။
ဤအခန်းထဲတွင်ရှိနေသော လူများထဲမှ အနည်းဆုံးတစ်ယောက်လောက်တော့ ဖြင့် ဤ ထိပ်တိုက်ရင်ဆိုင်ပွဲ၏ ရလာဒ်ကို မခန့်မှန်းနိုင်ကြတော့ဘူးတဲ့လား။..
+++++
အားဖေသည် မြေကြီးပေါ်သို့ ပစ်လဲကျသွားခဲ့ပြန်သည်။ သူသည် အသက်ပြင်း စွာရှူရှိုက်နေရ၏။ အတော်လေးကြာသောအခါမှ မည်သည့်နေရာကိုရောက်နေ ကြောင်း ပတ်ဝန်းကျင်ကို လှည့်ကြည့်လိုက်သည်။
သူသည် ခြံရှေ့ကွက်လပ်ပြင်ငယ်လေးတွင် ရောက်ရှိနေခြင်းသာ။
ကွက်လပ်ငယ်လေး၏အလယ်လောက်တွင် မိုးမခပင်ကြီးတစ်ပင် ထီးထီးကြီး ရှိနေပြီး ဆောင်းလေအဝေ့တွင် ယိမ်းယိုင်နေရ၏။
အဆောင်ငယ်လေး၏ ခေါင်မိုးထက်တွင် အလံတစ်ခုတလူလူလွင့်နေ၏။ တံခါးများကိုတော့ တင်းကြပ်စွာ ပိတ်ထားလေသည်။ အဆောင်ငယ်လေးထဲမှ မည် သည့်အသံမျှမကြားရဘဲ တိတ်ဆိတ်ငြိမ်သက်နေ၏။
ဤနေရာလေးတွင် သူအရက်မူးနေစဉ်တုန်းက နားခိုခဲ့ဖူးသည်။
ဤနေရာလေးသို့ မည်ကဲ့သို့ပြန်ရောက်လာခဲ့မှန်းလည်း သူ့ကိုသူမသိတော့။
တံခါး ရုတ်တရက်ပွင့်လာခဲ့၏။ တံခါးပေါက်မှ ချောမောလှပသောမျက်နှာလေး တစ်ခု ပြူထွက်လာသည်။ အားဖေကို တွေ့လိုက်သည်နှင့် ထိုမျက်နှာလေးသည် အဆောင်တွင်းသို့ ပြန်လည်ဝင်ရောက် ပျောက်ကွယ်သွားလေတော့သည်။
ထိုမိန်းမပျိုလေးသည် အားဖေကို အဖော်လုပ်ပေးခဲ့သော မိန်းကလေး ၇ ယောက်ထဲမှ တစ်ယောက်ဖြစ်၏။
0 comments:
Post a Comment