Wednesday, March 9, 2011

(၆၆) အရှက်ကွဲခံခြင်း

မည်သည့်အတွက်ကြောင့် ထိုအခန်းထဲမှ ထွက်ပြေးလာခဲ့မှန်း အားဖေမသိ။

သူထွက်ပြေးသွားခဲ့ချိန်ထိ စန့်ကွမ်းကျင်းဟုန်သည် တစ်ချိန်လုံး သူ့ကို အေး စက်သော အကြည့်များဖြင့် ကြည့်နေခဲ့လေသည်။

လင်ရှန်းအာက နူးညံ့စွာပြောဆိုလိုက်သည်။ “ကျမနှလုံးသားထဲမှာ ရှင်တစ် ယောက်ပဲ ရှိနေတော့တယ်။ ရှင်ယုံကြည်လောက်ပါပြီနော်။”

စန့်ကွမ်းကျင်းဟုန်-“ကျုပ်ယုံသွားပါပြီ။”

ထိုစကားပြီးဆုံးသည်နှင့် စန့်ကွမ်းကျင်းဟုန်သည် လင်ရှန်းအာကို ခုတင်ပေါ် သို့ပစ်ချထားခဲ့ပြီး ပြတင်းပေါက်မှတစ်ဆင့် ခုန်ပျံကျော်လွှား ပြေးထွက်သွားလေ သည်။

လင်ရှန်းအာ၏ ခန္ဓာကိုယ်တစ်ခုလုံး ထုံကျင်သွားသလို ခံစားလိုက်ရ၏။

သို့သော် သူမ၏မျက်နှာပေါ်တွင်ရှိနေသည်က ဝမ်းသာကျေနပ်သောအမူအရာ များမဟုတ်ကြချေ။ ကြောက်ရွံ့ထိတ်လန့်နေသော အမူအရာများသာ ဖြစ်လေသည်။


ထိုအမူအရာများသည် အားဖေက သူမစိုးမိုးချယ်လှယ်သည့်အတိုင်း လိုက်မ လုပ်နိုင်ဟု သိလိုက်ရသည့်အချိန်တွင် သူမ၏မျက်နှာပေါ်၌ ပေါ်ထွက်လာခဲ့သော အမူအရာများနှင့် တစ်ပုံစံတည်းဖြစ်၏။ သို့သော် ထိုကြောက်ရွံ့တုန်လှုပ်မှုက သိပ် အကြာကြီး ရှိမနေခဲ့ပါ။

“ငါ ဘာလုပ်မိသွားခဲ့တာလဲ။ ငါ့အတွက် ဘာများအကျိုးအမြတ်ကျန်ခဲ့လဲ။”

“ဒီလောကကြီးထဲမှာ ဘယ်အရာက ယုံကြည်စိတ်အချရဆုံးဖြစ်မလဲ။”

သူမသည် မတ်တတ်ထရပ်လိုက်ပြီး အဝတ်အစားများကို ကောက်ယူလိုက်၏။ ပြီးနောက် ထိုအဝတ်အစားများကို သေသပ်စွာ ခေါက်နေလိုက်တော့သည်။

အဝတ်အစားများခေါက်၍ပြီးဆုံးသွားချိန်၌ သူမသည် ခုတင်ပေါ်တွင် ပြန်လှဲ ချပြီး လွတ်လပ်ပေါ့ပါးစွာ လဲလျောင်းနေလိုက်ပြန်သည်။ သူမ၏မျက်နှာပေါ်တွင် အလွန်တရာမှပင် ချိုသာသောအပြုံးတစ်ခု ထွက်ပေါ်လာပြန်၏။

ဘာပဲဖြစ်ခဲ့ဖြစ်ခဲ့ သူမကတော့ ထပ်မံကြိုးစားဦးမည်ဖြစ်လေသည်။

+++++

လမ်းကြားလေးက ခြံဝင်းတံခါးရှေ့တွင် အဆုံးသတ်သွား၏။

အားဖေသည် လမ်းကြားလေးမှတစ်ဆင့် ထွက်ပြေးလာခဲ့ခြင်းဖြစ်ပြီး ခြံဝင်းတံ ခါးရှေ့ရောက်သည်နှင့် လဲကျသွားတော့သည်။

ထိုနေရာ၌ လဲကျနေသည့်အတိုင်းပင် လဲလျောင်းနေ၏။ မတ်တတ်ထရပ်ရန် မကြိုးစားခဲ့သလို သူ့စိတ်ထဲတွင် ဘာမှလုပ်ချင်စိတ်လည်း မရှိနေတော့ပါ။

သူ့စိတ်ထဲတွင် ဘာမှမရှိနေတော့ဘဲ ဗလာနတ္ထိဖြစ်နေရလေသည်။

ထိုခံစားမှုများက ထူးဆန်းသောခံစားမှုလည်း ဖြစ်နေပြန်၏။

ဆောင်းဦးကာလ ကုန်လွန်သွားချေပြီ။ ခြောက်ကပ်နေသော မြေကြီးမှ သစ်ရွက် ကြွေများ၏ ရနံ့များကို ရရှိလိုက်သည်။

အားဖေသည် မှောက်လျက်လှဲလိုက်ပြီး မြေကြီးတစ်ဆုပ်လုံးကို ပါးစပ်နှင့်ကိုက် ယူပြီး မျိုချလိုက်သည်။

ခြောက်ကပ်ကပ် မာကျောကျော မြေမှုန်များက သူ၏ဝမ်းဗိုက်တွင်းသို့ ရောက်ရှိ သွားတော့သည်။

သူ့ကိုကြည့်ရသည်မှာ ဆာလောင်မွတ်သိပ်နေမှုအား မြေကြီးစားပြီး အဆာဖြေ နေသည့်ပုံစံရှိသည်။

သူသည် အခွံကြီးသက်သက်ကျန်ရှိနေသော လူတစ်ယောက်ကဲ့သို့ဖြစ်နေ၏။ သူ့ထံတွင် စဉ်းစားတွေးခေါ်နိုင်စွမ်းလည်း မရှိတော့ပါ။ ခံစားချက်များလည်း မရှိ တော့ပါ။ ခန္ဓာကိုယ်လည်းမရှိတော့သလို ဝိဉာဉ်သည်လည်း ဘယ်ထွက်ပြေးသွား မှန်းမသိတော့။ နှစ် ၂၀ ကျော်ရှင်သန်နေထိုင်လာခဲ့ခြင်းသည် တစ်ခဏလေးအတွင်း ၌ပင် ဗလာချည်ကွက်လပ်ကြီး ဖြစ်သွားလေတော့သည်။

စန့်ကွမ်းကျင်းဟုန်သည် အားဖေကို လိုက်မီလာခဲ့၏။ အားဖေကို ခဏမျှ စိုက် ကြည့်ခဲ့ပြီး အားဖေ၏ခန္ဓာကိုယ်ပေါ်မှ ဖြတ်လျှောက်သွားလိုက်သည်။ ပြီးနောက် အားဖေရောက်နေသော နေရာနှင့်အနီးဆုံးအခန်းတစ်ခန်းမှ ဓားတစ်ချောင်းကို သွား ယူလိုက်သည်။

’ထန်း’...

ဓားသည် အားဖေ၏မှောက်လျက်လဲနေသော မျက်နှာရှေ့တည့်တည့်မြေကြီးပေါ် သို့ ကျလာခဲ့၏။

အေးစက်သော ဓားထိပ်ဖျားက အားဖေ၏ပါးပြင်ပေါ်၌ အစင်းရာတစ်ခုခြစ်သွား ခဲ့၏။ ပူနွေးသောသွေးစက်များက ပါးပြင်ပေါ်မှတစ်ဆင့် မြေကြီးပေါ်သို့ စီးကျနေ လေသည်။

စန့်ကွမ်းကျင်းဟုန်၏အသံက ဓားသွားထက်ပင်ပို၍ ထက်မြည့်နေသေးသည်။ “ဒါ မင်းရဲ့ဓားပဲ။”

အားဖေက လှုပ်ရှားမှုအလျင်းမရှိပါ။

စန့်ကွမ်းကျင်းဟုန်-“မင်းအခုအချိန်မှာ သေသွားခဲ့မယ်ဆိုရင် မင်းအတွက် ဘယ်သူမှ မျက်ရည်ကျမှာမဟုတ်ဘူး။ မင်းကို ဘယ်သူမှ သနားမှာလည်းမဟုတ် ဘူး။ ၃ ရက်အတွင်းမှာ မင်းရဲ့အသေကောင်ခန္ဓာကိုယ်ကြီးဟာ ပုတ်သိုးဆွေးမြည့် သွားပြီး ခွေးလေခွေးလွင့်တွေလိုပဲ ပစ်ထုတ်တာခံရလိမ့်မယ်။”

စန့်ကွမ်းကျင်းဟုန်က နှာခေါင်းရှုံ့ပြီးဆက်ပြောနေလိုက်ပြန်သည်။ “မိန်းမတစ် ယောက်အတွက်နဲ့ အသက်သေရမယ်ဆိုရင် အဲ့ဒီလူဟာ ခွေးဝဲစားတစ်ကောင် လောက်တောင်မှ တန်ဘိုးမရှိဘူးကွ။”

အားဖေက ရုတ်တရက် ထရပ်လိုက်ပြီး ဓားကိုကောက်ယူလိုက်သည်။

သူ၏မျက်လုံးများက သွေးရောင်နီရဲနေကြ၏။ သူ၏ပါးစပ်ထဲတွင် စောစော တုန်းက မျိုချထားခဲ့သော မြေကြီးမှုန်များ ရှိနေကြသေး၏။ သူ့ကိုကြည့်ရသည်မှာ တောရိုင်းတိရိစ္ဆာန်တစ်ကောင်လို ဖြစ်နေသည်။

စန့်ကွမ်းကျင်းဟုန်-“မင်း ကျုပ်ကိုသတ်ချင်နေတယ်မဟုတ်လား။ ဘာဖြစ်လို့ မတိုက်ခိုက်သေးတာလဲ။”

အားဖေ၏ လက်များတုန်ခါလာခဲ့ကြ၏။ သူ့လက်မောင်းမှ သွေးကြောကြီးများ ထောင်ထနေကြလေသည်။

စန့်ကွမ်းကျင်းဟုန်-“မင်း သူ့ကိုသွားသတ်မယ်ဆိုရင်လည်း ကျုပ်မတားပါ ဘူး။”

အားဖေသည် ရုတ်တရက် တစ်ဘက်သို့လှည့်သွား၏။

စန့်ကွမ်းကျင်းဟုန်က ခနဲ့တဲ့တဲ့မေးမြန်းလိုက်ပြန်သည်။ “မင်းမှာ လူသတ်ဖို့ တောင် သတ္တိမရှိတော့ဘူးလား။”

အားဖေသည် ခါးကုန်းပြီး အော့အန်နေရလေတော့သည်။

စန့်ကွမ်းကျင်းဟုန်၏ အကြည့်များက ရုတ်ချည်းပင်နူးညံ့သိမ်မွေ့လာခဲ့ကြ၏။ “အခုချိန်မှာ အသက်ရှင်နေထိုင်ရတာ သေသွားတာထက်တောင်မှ ပိုဆိုးဦးမယ်ဆို တာ ကျုပ်သိပါတယ်။ ဒါပေမဲ့ အခုချိန်မှာ မင်းသေသွားမယ်ဆိုရင် ထွက်ပြေးသွား တာနဲ့အတူတူပဲ။ မင်းဟာ သူရဲဘောကြောင်သူတစ်ယောက်မဟုတ်ဘူးဆိုတာ ကျုပ် သိနေပါတယ်။”

ပြီးနောက် စန့်ကွမ်းကျင်းဟုန်က ဆက်ပြောလိုက်ပြန်သည်။ “နောက်ပြီးတော့ မင်းကျုပ်ကို ကတိပေးထားခဲ့တာကိုလည်း အခုချိန်ထိ မလုပ်ပေးရသေးဘူး။”

အားဖေသည် အော့အန်နေမှုများ ရပ်တန့်သွားသော်လည်း အသက်ဝအောင် မနည်းရှုရှိုက်နေရလေသည်။

စန့်ကွမ်းကျင်းဟုန်က လှည့်ထွက်သွားရင်း ပြောဆိုလိုက်သည်။ “မင်းအသက် ရှင်နေထိုင်ဖို့ သတ္တိရှိသေးတယ်ဆိုရင် ကျုပ်နောက်ကိုလိုက်ခဲ့။”

အားဖေက စန့်ကွမ်းကျင်းဟုန်သွားရာနောက်သို့ လိုက်မသွားခင် သူဘာများ အန်ထုတ်ခဲ့သနည်းဟု လှမ်းကြည့်လိုက်သည်။

ပြီးခဲ့သည့်တစ်ချိန်လုံး သူမျက်ရည်တစ်စက်မျှ မကျခဲ့ပါ။

မျက်ရည်မကျသူများသည် ကျစရာဆို၍ သွေးများသာ ရှိသည်မဟုတ်ပါလား။

အားဖေသည် မိမိကိုယ်ကို သွေးထွက်သံယိုဖြစ်ရန် ယတိပြတ်ဆုံးဖြတ်ချက် ချ ထားပြီးဖြစ်၏။

ခြံရှေ့ကွက်လပ်လေးတွင် မိုးမခပင်ကြီးတစ်ပင် ထီးထီးကြီးရှိနေပြီး ဆောင်းလေ ကို အံတုကာ တေးသံသာများသီဆိုနေ၏။ မိုးမခပင်ကြီး၏ တေးသံသည် လူ့ဘဝ ၏တိုတောင်းမှု၊ လူသားများ၏ ရူးသွပ်မှု၊ အသက်ရှင်သန်နေထိုင်ခြင်း၏ အဖိုးမ ဖြတ်နိုင်သော တန်ဘိုးရှိမှုတို့ကို သီဆိုနေသည့်အလား။...

အဆောင်တွင်း၌ မီးရောင်များ ထွန်းလင်းနေကြသည်။

တံခါးပေါက်မှ မီးအလင်းရောင်များ စန့်ကွမ်းကျင်းဟုန်၏ ရင်ဘတ်ပေါ်သို့ ထိုး ကျနေ၏။

စန့်ကွမ်းကျင်းဟုန်က နောက်သို့လှည့်ပြီး အားဖေ၏ပခုံးကိုပုတ်လိုက်သည်။ “ မင်းရင်ကော့ပြီးအထဲကို ဝင်သွားစမ်း။ ပြီးတာနဲ့ မင်းစိတ်တွေကို ဖြေလွှတ်ပေးလိုက် စမ်းပါ။”

ထိုအဆောင်ငယ်လေးထဲ၌ မည်သည့်အရာများက အားဖေကို စောင့်ဆိုင်းနေကြ ပါသနည်း။

ဤနေရာသို့ အားဖေကို မည်သည့်အတွက်ကြောင့် စန့်ကွမ်းကျင်းဟုန် ခေါ်လာ ခဲ့ရသနည်း။

အားဖေ ဂရုမစိုက်ပါ။

လူတစ်ယောက်၏ နှလုံးသားသည် သေဆုံးပြီးဖြစ်ပါက မည်သည့်အရာများကို ကြောက်ရွံ့တုန်လှုပ်ရဦးမည်နည်း။

အဆောင်ငယ်လေးထဲ၌ လူသား ၇ ယောက်ရှိနေကြ၏။

အလွန်လှပသော မိန်းမငယ်လေးများ ၇ ယောက်ရှိနေကြ၏။

အပြုံးပန်းလေး ၇ ပွင့်က အားဖေကို ဖိတ်ခေါ်နေကြ၏။ လိုချင်တတ်မက်မှု များဖြင့် ပြည့်လျှံနေသော မျက်လုံးလှလှလေး ၇ စုံက အားဖေကို စိုက်ကြည့်နေကြ ၏။

အားဖေ အံ့အားသင့်သွားလေတော့သည်။

စန့်ကွမ်းကျင်းဟုန်က တဟင်းဟင်းရယ်မောနေပြီးမှ ပြောဆိုလိုက်သည်။ “သူ တစ်ယောက်တည်းသာ လောကကြီးထဲမှာ အလှဆုံးမိန်းမတစ်ယောက် ဟုတ်သေးရဲ့ လား။”

မိန်းမပျိုလေးများသည် အားဖေကို ဆွဲယူသွားကြပြီး တခစ်ခစ်ရယ်မောနေကြ လေသည်။

သူတို့၏ အမွှေးနံ့သာများနှင့်အတူ အရက်နံ့သင်းသင်းလေးကိုလည်း ရရှိနေရ ၏။

အခန်းထောင့်တွင် သစ်သားသေတ္တာကြီးများ စုပုံထား၏။

စန့်ကွမ်းကျင်းဟုန်သည် သေတ္တာတစ်လုံးကိုဖွင့်လိုက်ရာ လင်းဝင်းတောက်ပ သောရောင်စဉ်တန်းများ သေတ္တာထဲမှ ထွက်ပေါ်လာကြလေသည်။

ထိုသေတ္တာထဲ၌ အဖိုးတန်ပုလဲများ၊ ကျောက်မျက်ရတနာများ တောင်ပုံရာပုံ ရှိနေကြလေသည်။

စန့်ကွမ်းကျင်းဟုန်-“ဒီလိုသေတ္တာတစ်လုံးနဲ့ဆိုရင် မိန်းမချောပေါင်း ရာချီပြီး ဝယ်ယူလို့ရတယ်။”

မိန်းမပျိုလေးတစ်ယောက်မှ ပြောဆိုလိုက်သည်။ “ကျမတို့ရဲ့နှလုံးသားက ဟော ဒီက သခင်လေးဆီမှာပဲ ရှိနေပါတယ်ရှင်။ ကျမတို့ကို ဝယ်ယူစရာမလိုအပ်ပါဘူး။”

စန့်ကွမ်းကျင်းဟုန်က သဘောကျစွာရယ်မောပြီး ပြောဆိုလိုက်သည်။ “ကြည့် စမ်း။ သူတစ်ယောက်တည်း မင်းကိုစကားချိုချိုလေးတွေ ပြောတတ်တာမဟုတ်ဘူး။ မိန်းမတိုင်းဟာ မွေးကတည်းက ပါးစပ်ထဲမှာ ပျားရည်သောက်ပြီးမှ မွေးလာခဲ့ကြ တာချည့်ပဲ။”

နောက်မိန်းမပျိုလေးတစ်ယောက်က တခစ်ခစ်ရယ်မောပြီး ပြောဆိုလိုက်ပြန် သည်။ “ကျမတို့က အမှန်အတိုင်း ပြောနေကြတာပါရှင်။”

စန့်ကွမ်းကျင်းဟုန်-“အမှန်တရားဆိုတာ လိမ်ညာမှုပဲ။ အလိမ်အညာဆိုတာ အမှန်တရားပဲ။ ဘာမှခြားနားချက်မရှိဘူး။”

စန့်ကွမ်းကျင်းဟုန်သည် အားဖေရှိရာသို့ ဖြည်းဖြည်းလေးလှမ်းလျှောက်လာပြီး မေးမြန်းလိုက်သည်။ “မင်းသေချင်နေသေးလား။”

အားဖေသည် အနီးတွင်ရှိနေသော အရက်အိုးကို အိုးလိုက်ကြီးမပြီး မော့သောက် လိုက်သည်။ ပြီးနောက် သဘောကျစွာပြုံးပြီး ပြောဆိုလိုက်လေတော့သည်။ “သေ ရမယ်။ ဟုတ်လား။ ဘယ်သူကသေချင်နေလို့လဲ။”

စန့်ကွမ်းကျင်းဟုန်-“ကောင်းတယ်။ မင်းသာ ကိုယ့်ကိုကိုယ်ရှင်သန်ချင်နေသ ရွေ့ ဒီအခန်းထဲမှာရှိသမျှအားလုံးဟာ မင်းအတွက်ချည်းပဲ။”

အားဖေသည် မိန်းမပျိုလေးတစ်ယောက်ကို သူ့လက်မောင်းဖြင့် ပွေ့ဖက်ယူ လိုက်သည်။

သူသည် ထိုမိန်းကလေးကို အားစိုက်ပြီး ဖြစ်ညှစ်ထားသောကြောင့် မိန်းကလေး ၏ခါးရိုးကျိုးသွားတော့မလိုထင်ရ၏။

စန့်ကွမ်းကျင်းဟုန်သည် တိတ်ဆိတ်စွာထွက်ခွာသွားပြီး တံခါးကိုဆွဲပိတ်သွားခဲ့ ၏။

အဆောင်ငယ်လေးတွင်းမှ ရယ်မောနေသံများ ဆက်တိုက်ပင် ထွက်ပေါ်လာလေ တော့သည်။

စန့်ကွမ်းကျင်းဟုန်သည် အဆောင်ရှေ့ ကွက်လပ်လေးသို့ လက်နှစ်ဘက်ပိုက် ပြီး လျှောက်လှမ်းလာ၏။ ကောင်းကင်ပြင်ကိုမော့ကြည့်နေပြီးမှ တီးတိုးလေး ရေ ရွတ်လိုက်လေသည်။ “မနက်ဖြန် ရာသီဥတုအလွန်ကောင်းမှာ သေချာတယ်။”

သာယာသော ရာသီဥတုကို စန့်ကွမ်းကျင်းဟုန် အလွန်နှစ်သက်၏။

ရာသီဥတုကောင်းလေ၊ သွေးချောင်းစီးလေဖြစ်ပြီး လူများလည်း မြန်မြန်သေ တတ်ကြလေသည်။

သာယာလှပသော ရာသီဥတုလေးပင်။...

+++++

တိုက်ခတ်လာသောလေထဲတွင် ဖုန်မှုန့်တထောင်းထောင်းထနေ၏။ ရှည်လျား သောလမ်းသွယ်လေးလည်းဖြစ်သည်။

နေရောင်ချည်က တောက်ပပူနွေးနေပြီး ကမ္ဘာမြေကိုအားအင်ပြည့်ဝစွာ လွှမ်းခြုံ ထားလေသည်။

တိမ်လွှာတည်းခိုခန်းမှ မြင်းစီးသမားတစ်ယောက် လျင်မြန်စွာထွက်ပေါ်လာ၏။ သူ့ထံတွင် မျက်ခုံးမွှေးထူထူများရှိနေပြီး မျက်လုံးဝိုင်းဝိုင်းနှင့် လွန်စွာမှပင် သတ္တိ ကောင်းသူတစ်ယောက်၏ဟန်ပန်အမူအရာများ ရှိနေ၏။ သူသည် အဝါရောင်အိတ် တစ်လုံးကို စလွယ်သိုင်းလွယ်ထား၏။ သူ၏ကျယ်ပြန့်သော ရင်အုံကြီးဖြင့် ဖုန်ထူ ထူတိုက်ခတ်နေသောလေကို ကြိုဆိုနေပြီး နေပူပူအောက်တွင် မြင်းစီးလာနေခြင်း လည်း ဖြစ်သည်။

သူ၏အာရုံထဲ၌ တစ်ခုတည်းသောအရာသာ ရှိနေ၏။

“အားဖေကို ပြန်ခေါ်လာခဲ့။ ခရမ်းရောင်နဲ့ အနီရောင်ဝတ်ထားတဲ့လူနှစ်ယောက် ကို သူသတ်ရလိမ့်မယ်။”

ဤသည်မှာ စန့်ကွမ်းကျင်းဟုန်၏ တိုက်ရိုက်အမိန့်ဖြစ်သည်။

ရွှေဒင်္ဂါးဂိုဏ်းဝင်များအတွက် စန့်ကွမ်းကျင်းဟုန်၏ အမိန့်မှလွဲပြီး မည်သည့်အ ရာမျှ သူတို့ခေါင်းထဲတွင် မထည့်ထားနိုင်။

+++++

လောင်ရှောင်း၄ယွန်၏ မျက်နှာအရောင်သည် သူဝတ်ဆင်ထားသော ခရမ်း ရောင်ရင့်ရင့်ဝတ်စုံအတိုင်းပင် ရှိနေ၏။

သို့သော် သူအရက်သောက်သုံးထားခြင်းမရှိပါ။

ဩဇာအာဏာဆိုသည်မှာ တချို့လူများကို အရက်ကဲ့သို့ပင် ယစ်မူးစေသည်မ ဟုတ်ပါလား။

သူတို့သားအဖနှစ်ယောက်ကို စန့်ကွမ်းကျင်းဟုန်ကိုယ်တိုင် လာရောက်ကြိုဆို ခဲ့ပါသည်။ ဤအခမ်းအနားသည် မည်မျှလောက်ကြီးကျယ်ခမ်းနား လိုက်ပါမည် နည်းဟုလည်း သူ အတွေးပွားနေမိ၏။

သိုင်းလောကရှိ သူသိသမျှသိုင်းသမားအားလုံးကို ဤအခမ်းအနားသို့ ဖိတ်ကြား လိုက်ချင်ပါသည်။ သူ၏ဂုဏ်သိက္ခာဘယ်လောက်တောင်မှ မြင့်တက်သွားပါသနည်း ဆိုသည်ကို ကြွားလုံးထုတ်လိုက်ချင်ပါသည်။

သနားစရာကောင်းသည်မှာ ယနေ့အခမ်းအနားကို တက်ရောက်လာကြသူများ က လူနည်းစုသာဖြစ်လေသည်။

မည်သူမျှ မလိုအပ်သော ပြဿနာများထဲ လက်ဝင်လျှိုရဲကြသည်မဟုတ်ချေ။

သူ၏ဗိုက်ထဲသို့ အရက် ၃ ခွက်မျှ ဝင်ရောက်သွားခဲ့ပြီးဖြစ်၏။ လောင်ရှောင်း၄ ယွန်၏ မျက်နှာသွင်ပြင်က အရင်တုန်းကထက်ပင်ပို၍ နီမြန်းလာခဲ့၏။ သူသည် အရက်ခွက်ကို မြှောက်ပြီး စန့်ကွမ်းကျင်းဟုန်ကို ဂုဏ်ပြုလိုက်သည်။ “အစ်ကိုကြီး ရဲ့ ရည်ရွယ်ချက်ကောင်းကို ကျနော်ဘယ်လို ကျေးဇူးပြန်ဆပ်ရမယ်မှန်းတောင်မှ မသိတော့ပါဘူး။ အစ်ကိုကြီးရဲ့ သနားကြင်နာမှုကို ကျနော် ဘယ်တော့မှ မမေ့ပါ ဘူးခင်ဗျာ။ အစ်ကိုကြီးကို ဒီအရက်ခွက်နဲ့ ဂုဏ်ပြုပါရစေ...ကိုင်း...”

စန့်ကွမ်းကျင်းဟုန်က အေးစက်စွာပြောဆိုလိုက်သည်။ “ကျုပ် ဘယ်တုန်းကမှ အရက်မသောက်တတ်ဘူး။”

နောက်နားတွင်ရပ်နေသော လောင်ရှောင်း၃ယွန်က လက်ဖက်ရည်တစ်ပန်းကန် ငဲ့ထည့်ပြီး စန့်ကွမ်းကျင်းဟုန်သို့ ကမ်းပေးလိုက်၏။ “ဒါဆိုရင်လည်း ဒီလက်ဖက် ရည်လေးတော့ သုံးဆောင်လိုက်ပါဦး ဘကြီးတော်ခင်ဗျာ။”

စန့်ကွမ်းကျင်းဟုန်-“ကျုပ် လက်ဖက်ရည်လည်းမသောက်ဘူး။”

လောင်ရှောင်း၄ယွန်က ခြောက်ကပ်ကပ်ရယ်မောပြီး မေးမြန်းလိုက်သည်။ “ဒါ ဆိုရင် အစ်ကိုကြီးက ဘာသောက်တတ်တာတုန်းဗျ။”

စန့်ကွမ်းကျင်းဟုန်-“ရေ”

လောင်ရှောင်း၄ယွန်ထံမှ အံ့အားသင့်မှုများထွက်ပေါ်လာခဲ့ပြီး မယုံကြည်နိုင်စွာ ထပ်မံမေးမြန်းလိုက်ပြန်သည်။ “အစ်ကိုကြီးက ရေပဲသောက်တယ်။ ဟုတ်လား။”

စန့်ကွမ်းကျင်းဟုန်-“ရေဆိုတာ အင်မတန်မှ အေးမြပါတယ်။ ရေပဲသောက်တဲ့ လူတိုင်းမှာ သန့်ရှင်းကြည်လင်တဲ့စိတ်ဓာတ် ရှိနေတတ်ကြတယ်။”

လောင်ရှောင်း၃ယွန်သည် ချက်ချင်းပြေးသွားပြီး ခွက်တစ်ခွက်ကို ယူဆောင် လာပေးလိုက်ပြန်သည်။ ဤခွက်သည် ရေထည့်ထားသောခွက်တစ်ခွက်သာဖြစ်၏။

စန့်ကွမ်းကျင်းဟုန်-“ရေကို ဆာမှပဲ ကျုပ်သောက်တယ်။ အခုတော့ ကျုပ် ရေမဆာသေးဘူး။”

လောင်ရှောင်း၄ယွန်ကို ကြည့်ရသည်မှာ တော်တော်လေး နေမထိထိုင်မသာ ဖြစ် နေပုံရသည်။

လောင်ရှောင်း၃ယွန်က တည်ငြိမ်စွာပြောဆိုလိုက်သည်။ “ဒါဆိုရင်လည်း ဘ ကြီးတော်အစား ကျနော်ပဲ ဒီရေခွက်ကို သောက်သုံးလိုက်ပါရစေလား။”

စန့်ကွမ်းကျင်းဟုန်-“မင်းထည့်ထားတဲ့ခွက်ဖြစ်နေမှတော့ မင်းပဲသောက်လိုက် ပေါ့။”

လောင်ရှောင်း၃ယွန်သည် သူငဲ့ထည့်ထားခဲ့သော အရက်ခွက်၊ လက်ဖက်ရည် ခွက်နှင့် ရေခွက် အားလုံးတို့ကို တပြိုင်နက်တည်း သောက်ချလိုက်လေတော့သည်။

လောင်ရှောင်း၃ယွန်-“ဟိုအရင်ခေတ်တုန်းကတော့ သွေးသောက်ညီအစ်ကိုဖွဲ့ကြ တယ်ဆိုရင် တကယ်ပဲသွေးဖောက်ပြီးမှ သွေးသောက်ပြီး ညီအစ်ကိုဖွဲ့လေ့ရှိကြ တယ်။ ဘကြီးတော်နဲ့ ဖေဖေတို့ဟာ ပညာတတ်ပြီး ထက်မြက်သူတွေဖြစ်ကြလို့ ဒီလိုမျိုး ပြစားတဲ့အလေ့အထတွေကိုလုပ်ဖို့ မလိုအပ်ပါဘူး။ ဒါပေမဲ့ အမွှေးတိုင် ထွန်းပြီး တိုင်တည်ပူဇော်တဲ့ အလေ့အထလေးကိုတော့ မမေ့ထားကြရင်ကောင်းမယ် ထင်တယ်။”

စန့်ကွမ်းကျင်းဟုန်-“အမွှေးတိုင်ထွန်းပြီး ဘာကိုပူဇော်ပသရမှာလဲ။”

လောင်ရှောင်း၃ယွန်-“ကောင်းကင်နဲ့ မြေကြီးကိုတိုင်တည်ကြတာပါ။ ကောင်း ကင်အထက်မှာ ရှိနေကြတဲ့ နတ်ဘုရားတွေကို တိုင်တည်ပူဇော်ကြတာပါခင်ဗျာ။”

စန့်ကွမ်းကျင်းဟုန်-“မင်းပြောတဲ့ နတ်ဘုရားဆိုသူတွေက ကျုပ်ကိုမှလာပြီး မတိုင်တည်ကြတာ၊ ကျုပ်ကဘာလို့သူတို့ကို သွားတိုင်တည်ရဦးမှာလဲ။”

လောင်ရှောင်း၃ယွန်-“မှန်ပါတယ်ခင်ဗျာ။ ဘာကြီးတော်ဟာ အကျော်ကြားဆုံး အာဏာအရှိဆုံး သူရဲကောင်းကြီးတစ်ယောက်ပါ။ နတ်ဘုရားတွေကတောင် ဘကြီး တော်ကို ပြန်ပြီးအခစားဝင်ကြရဦးမယ်။”

စန့်ကွမ်းကျင်းဟုန်-“ကျုပ်မှ သူတို့ကိုမလေးစားတာ။ သူတို့ကဘာဖြစ်လို့ ကျုပ်ကို လေးစားရဦးမှာလဲ။”

လောင်ရှောင်း၃ယွန်သည် ဘာဆက်ပြောရမည်မှန်းမသိနိုင်တော့ဘဲ ချောင်း ၂ ခါ လောက်ဆိုးနေရလေတော့သည်။ ပြီးမှ အထစ်ထစ်အငေါ့ငေါ့ဖြင့် ပြောဆိုလိုက် ၏။ “ဒါဆိုရင်... ဘကြီးတော်ဆိုလိုတာက...”

စန့်ကွမ်းကျင်းဟုန်သည် လောင်ရှောင်း၃ယွန်ကို စူးစူးစိုက်စိုက်ကြည့်နေပြီး မေး မြန်းလိုက်၏။ “ကျုပ်နဲ့ညီအစ်ကိုဖွဲ့မှာက မင်းအဖေလား... ဒါမှမဟုတ်မင်းလား။”

လောင်ရှောင်း၃ယွန်-“ကျနော့် ဖခင်နဲ့ပါခင်ဗျာ။”

စန့်ကွမ်းကျင်းဟုန်-“ဒါဆိုရင် နောက်ဆုတ်သွားပြီး ပါးစပ်ပိတ်နေလိုက်စမ်း။”

လောင်ရှောင်း၃ယွန်သည် စန့်ကွမ်းကျင်းဟုန်ကို လေးစားစွာဦးညွတ်အရိုအသေ ပေးလိုက်ပြီး နောက်သို့ တဖြည်းဖြည်း ဆုတ်သွားလိုက်တော့သည်။ သူ၏မျက်နှာ ပြင်ထက်တွင်တော့ လေးစားကြည်ညိုသော မျက်နှာထားက လုံးဝမပြောင်းလဲသွား ခဲ့ပါ။

လောင်ရှောင်း၄ယွန်၏ မျက်နှာပေါ်တွင် တစ်စုံတစ်ခုကို တွေးထင်မိလိုက်ပုံရှိနေ ပြီး မျက်နှာထားတည်တည်ဖြင့် ပြောဆိုလိုက်သည်။ “ကျနော့်ရဲ့ ဒီသားကတော့ ဘာ မှကို မသိတတ်ဘူးဗျာ။ အစ်ကိုကြီး စိတ်မရှိပါနဲ့ခင်ဗျာ။”

စန့်ကွမ်းကျင်းဟုန်သည် စားပွဲကိုရုတ်တရက်ထုရိုက်ပြီး စူးရှစွာပြောဆိုလိုက် သည်။ “မင်းမှာ ဒီလိုသားမျိုးတစ်ယောက်ရှိနေမှတော့ ဘယ်လိုလုပ်ပြီး မင်းအမွေကို ဆက်ခံနိုင်ဦးမှာလဲ။”

ပြီးနောက် သက်ပြင်းချပြီး ငြင်သာစွာ ပြောဆိုလိုက်ပြန်သည်။ “ကျုပ်ရဲ့သားမ ဖြစ်နေတာ သိပ်ဆိုးတာပဲ။”

လောင်ရှောင်း၄ယွန်သည် ထိုနေရာ၌ ကြောင်ပြီးထိုင်နေမိ၏။ သူဘာပြန်ပြောရ မည်မှန်းလည်း မသိတော့ချေ။

လူတစ်ယောက်သည် စန့်ကွမ်းကျင်းဟုန်ရှိရာသို့ ပေါ့ပါးသွက်လက်စွာ လျှောက်လှမ်းလာ၏။ ထိုသူ့ထံတွင် မျက်ခုံးမွှေးထူထူထဲထဲနှင့် ဝိုင်းစက်သောမျက် လုံးများ ရှိနေကြလေသည်။ စန့်ကွမ်းကျင်းဟုန်၏ အနောက်နားသို့ ရောက်ရှိလာ သည်နှင့် တိုးတိုးလေးကပ်ပြောလိုက်သည်။ “ပြောခိုင်းလိုက်တဲ့အမိန့်ကို ပြောပြီး သွားပါပြီခင်ဗျာ... ဒါပေမဲ့...”

စန့်ကွမ်းကျင်းဟုန်-“ဒါပေမဲ့ ဘာဖြစ်လဲ။”

ထိုသူ-“သူအရက်မူးနေပါတယ်ခင်ဗျာ။ အရက်အလွန်အကျွံမူးနေပါတယ်ခင် ဗျာ။”

စန့်ကွမ်းကျင်းဟုန်သည် မျက်ခုံးတွန့်နေပြီး ပြောဆိုလိုက်သည်။ “ရေခဲရေနဲ့ ပက်ပြီးနှိုးလိုက်။ ဒါမှအမူးမပြေသေးရင် သူ့ကိုသေးပေါက်ပြီးနှိုးလိုက်။”

“ဟုတ်ကဲ့”

ထိုသူ၏သည် အလေးစားဆုံး အကျိုးနွံဆုံးအမူအရာများဖြင့် ဦးညွှတ်အရို အသေပေးပြီး ထွက်ခွာသွားလေတော့သည်။

လူသေကောင်များမှလွဲ၍ မည်သူမဆို သေးပေါက်ခံရသည်နှင့် နိုးကြားလာကြ မည်ဖြစ်လေသည်။

လောင်ရှောင်း၄ယွန်သည် သူတို့ဘာအကြောင်းပြောနေခဲ့မှန်း မသိရှိသဖြင့် စပ် စုလိုက်၏။ “အစ်ကိုကြီး တစ်ယောက်ယောက်ကိုများ စောင့်နေတာလားခင်ဗျာ။”

စန့်ကွမ်းကျင်းဟုန်-“ကျုပ်စောင့်ဆိုင်းရမယ့်လူ မမွေးသေးဘူး။”

လောင်ရှောင်း၄ယွန်-“ခုလိုမျိုး လူစုံနေပြီဆိုတော့ ကျနော်တို့ အခမ်းအနား လေး...”

စန့်ကွမ်းကျင်းဟုန်က ရယ်မောသံဖြင့် သူ့စကားကို ဖြတ်ပြောလိုက်သည်။ “မင်းအသက် ဘယ်လောက်ရှိပြီလဲ။”

လောင်ရှောင်း၄ယွန်-“၅၁ နှစ်ရှိပါပြီ။”

စန့်ကွမ်းကျင်းဟုန်-“ခင်ဗျားက ကျုပ်ထက်တောင်မှ အသက်ကြီးနေတာပဲ။ ခင် ဗျားကို အစ်ကိုကြီးလို့ပဲ ခုချိန်ကနေစပြီးခေါ်မှ ဖြစ်တော့မယ်။”

လောင်ရှောင်း၄ယွန်၏ မျက်နှာအမူအရာများ ပျက်ယွင်းသွားခဲ့ပြီး ရုတ်တရက် မတ်တတ်ထရပ်လိုက်သည်။ “ဘယ်သူက အသက်ပိုကြီးတာ ပြဿနာမဟုတ်ပါဘူး ခင်ဗျာ။ ဘယ်သူက ပိုစွမ်းသလဲဆိုတာပဲ အရေးကြီးပါတယ်။ အစ်ကိုကြီးခင်ဗျာ... ကျနော့်ကို အနေကြပ်အောင် ကျေးဇူးပြုပြီး မပြုလုပ်ပါနဲ့လား။”

စန့်ကွမ်းကျင်းဟုန်-“ကောင်းပြီလေ။ ကျုပ်ကအစ်ကိုကြီးဆိုတော့ ခင်ဗျားက ကျုပ်ရဲ့စကားကို နားထောင်ရမှာပေါ့။”

လောင်ရှောင်း၄ယွန်က မဆိုင်းမတွပင် ဖြေဆိုလိုက်သည်။ “ဟုတ်ပါတယ်ခင် ဗျ။”

စန့်ကွမ်းကျင်းဟုန်-“ကောင်းတယ်။ လာ... ထိုင်ပြီး အရက်သောက်လိုက်ဦး။ နေဦး... ဟိုဘက်က ဧည့်သည်အတွက် အရက်အရင်သောက်လိုက်ဦး။”

စန့်ကွမ်းကျင်းဟုန်နှင့် တစ်စားပွဲတည်း ထိုင်ခွင့်ရသည်ဆိုလျှင်ပင် အင်မတန်မှ ဂုဏ်ရှိလှပြီဖြစ်သည်။ လူတိုင်းက လေးစားကြည်ညိုရသူတစ်ယောက် ချက်ချင်းဖြစ် သွားပေမည်။

စန့်ကွမ်းကျင်းဟုန်၏ တူတစ်စုံသည် စားပွဲပေါ်၌ ဤအတိုင်းပင် ချထားဆဲ ရှိနေ၏။ ထို့ကြောင့် လူတိုင်း၏ တူများသည် စားပွဲပေါ်မှ မ’ယူရန်လွန်စွာမှပင် လေးလံနေကြရတော့သည်။ မည်သူက အရင်ဦးဆုံး စားသောက်ရဲပါမည်နည်း။

စန့်ကွမ်းကျင်းဟုန်-“အစားအသောက်တွေကို ကောင်းမွန်စွာပြင်ဆင်ဧည့်ခံထား ပါတယ်။ ကျုပ်တို့သာ မစားကြဘူးဆိုရင် အလကားဖြစ်သွားလိမ့်မယ်။ အားလုံးပဲ စတင်သုံးဆောင်နိုင်ကြပါပြီ။”

ထိုစကားကိုကြားလိုက်ရပြီးနောက် ဝါးတူ ၇စုံ ၈ စုံခန့် လေထဲမြောက်တက်လာ ခဲ့ကြတော့သည်။

လောင်ရှောင်း၄ယွန်-“ငါးဟင်းက အင်မတန်မှ လတ်ဆတ်ပါတယ်။ အစ်ကိုကြီး နည်းနည်းလောက် မြည်းကြည့်ပါလား။”

စန့်ကွမ်းကျင်းဟုန်-“ကျုပ် ဗိုက်ဆာရင် စားမယ်။ အခုတော့ ကျုပ်ဗိုက်မဆာ သေးဘူး။”

ပြီးနောက် စန့်ကွမ်းကျင်းဟုန်က ဆက်ပြောလိုက်ပြန်သည်။ “ဗိုက်ပြည့်နေတဲ့ လူတစ်ယောက်ဟာ ထပ်စားမယ်ဆိုရင်လည်း ဖြုန်းတီးမှုသက်သက်ပဲ။”

ထိုစကားကြားလိုက်ရပြီးနောက် ဝါးတူအချို့ စားပွဲပေါ်တွင် ပြန်ချလိုက်သံများ ထွက်ပေါ်လာခဲ့ကြ၏။

ထိုလူများထဲမှ လူတစ်ယောက်သည် မျက်နှာဖြူဖတ်ဖြူရော်ရှိနေပြီး ခန္ဓာကိုယ် ရှည်လျား သေးသွယ်လှ၏။ သူ၏လက်ချောင်းတစ်ချောင်းတွင် လွန်စွာမှပင် တောက်ပနေသော ကျောက်စိမ်းလက်စွပ်တစ်ကွင်း ဝတ်ဆင်ထား၏။ ထိုသူ၏ခါး တွင် ချိတ်ဆွဲထားသော ဓားသည်လည်း အရည်အသွေးကောင်းမွန်သော ကျောက် မျက်ရတနာများဖြင့် စီချယ်ထားလေသည်။

ထိုသူသည် တစ်စုံတစ်ခုပြန်ပြောရန် ဟန်ပြင်လိုက်သော်လည်း သူ၏မျက်နှာ အမူအရာများက လွန်စွာမှပင် စိတ်ညစ်ညူးနေဟန်လည်း ရှိနေလေသည်။

သူ၏ဘဝတွင် ဤမျှလောက် စိတ်ကျဉ်းကြပ်မှုမျိုး တစ်ခါမှ မခံစားခဲ့ဘူးချေ။ ယခုတော့ ဤပွဲကို သူလာခဲ့သည်မှာ မှားသွားပြီဖြစ်ကြောင်း စဉ်းစားနေလိုက်၏။

ဤပွဲကို သူ လုံးဝမလာခဲ့သင့်ပါ။

“ကျောက်စိမ်းဂုဏ်”

ကျောက်မျက်ရတနာလောကတွင် ထို “ကျောက်စိမ်းဂုဏ်’ ဆိုသောစကားကို မကြားဖူးသည့်သူမရှိသလောက်ပင်။ သိုင်းလောကသားတို့အတွက် ‘ရှောင်းလီဓားပျံ’ ဆိုသည်ကို မကြားဖူးသည့်သူမရှိသလိုပင်...

‘ကျောက်စိမ်းဂုဏ်’ မိသားစု၏ အငယ်ဆုံးသားဖြစ်သူ စီမင်းယုသည် မွေးက တည်းက ရွှေလင်ပန်းနှင့် အချင်းဆေးပြီး မွေးဖွားလာခဲ့သူဖြစ်သည်။ သူသာ အရှေ့ ဘက်ကိုသွားချင်သည်ဆိုပါက မည်သူမျှဆန့်ကျင်ပြီး အခြားအရပ်သို့သွားရန် အကြံ မပြုရဲကြချေ။

သူ ဓားသိုင်းပညာတတ်ချင်သည်ဟု ပြောလိုက်သည်နှင့် သိုင်းလောကမှ တ ကယ့် နာမည်ကြီး ဓားသိုင်းအကျော်အမော်တို့ လာရောက်ပြီး သင်ကြားပေးခဲ့ရ၏။ သူ၏နောက်လိုက်အချို့သည်ပင်လျှင် ရာဇဝင်ထဲမှ နာမည်ကြီး ဓားကောင်းဓားမြတ် တစ်လက်ကို လိုက်လံရှာဖွေပေးခဲ့ရသေး၏။

အသက် ၁ဝ နှစ်အရွယ်မှစပြီး ထိုဓားကိုအသုံးပြု၍ စီမင်းယု လူသတ်ခဲ့လေ သည်။

မည်သည့်ရည်ရွယ်ချက်မှ မရှိခဲ့ပါ။ လူသတ်ခြင်း၏ အရသာ၊ခံစားမှု မည်သို့ရှိ ကြောင်းသိချင်၍သာ လူသတ်ခဲ့ခြင်းဖြစ်၏။ ထို့ကြောင့် လူတစ်ယောက်ကို သူ သတ်ဖြတ်နိုင်ရန်အတွက် အမြန်ဆုံး ရှာဖွေပေးခဲ့ရလေသည်။

ထိုကဲ့သို့သော လူတစ်ယောက်သည် စန့်ကွမ်းကျင်းဟုန်နှင့် တစ်စားပွဲတည်း အတူထိုင်နေရပြီး ဤသို့သော စိတ်ညစ်စရာများနှင့် ကြုံတွေ့လာခဲ့သော် စိတ်ကျဉ်း ကြပ်လာရပေတော့သည်။

သူ၏လက်ထဲတွင် ကိုင်ထားသော တူတစ်စုံကို ယခုအချိန်ထိ စားပွဲပေါ်မှ မ မြှောက်ယူသေးပါ။

စန့်ကွမ်းကျင်းဟုန်၏ မျက်လုံးများက စီမင်းယု၏ မျက်လုံးများကို စိုက်ကြည့် နေကြလေသည်။

စီမင်းယုသည် တခြားဘက်သို့လှည့်ပြီး ထိုအကြည့်ကို ရှောင်လွှဲလိုက်ချင်ခဲ့ သော်လည်း စန့်ကွမ်းကျင်းဟုန်၏ မျက်လုံးများက တစ်စုံတစ်ခုသော အားအင်များ ဖြင့် ညှို့ယူထားသလိုဖြစ်နေပြီး သူ မည်သည့်အရာကိုမျှ အာရုံလွှဲပြောင်းကြည့်၍ မရနိုင်တော့။

စီမင်းယုသာ တစ်စုံတစ်ယောက်ကို စိုက်ကြည့်ချင်သည်ဆိုပါက ထိုသူသည် သူ ၏ စိုက်ကြည့်မှုကို အသာတကြည်ပင် ခံယူရမည်ဖြစ်၏။

စီမင်းယု၏ ခန္ဓာကိုယ်တစ်ခုလုံး အေးခဲလာသလိုခံစားလိုက်ရသည်။ စန့်ကွမ်း ကျင်းဟုန်၏ အကြည့်စူးစူးများက သူ မကိုင်ဆောင်ထားသော တူတစ်စုံမှ အရိုး တွင်းထိ ထိုးဖောက်လာသလိုမျိုး ခံစားနေရ၏။

စန့်ကွမ်းကျင်းဟုန်-“အစားအစာတွေထဲမှာ အဆိပ်ပါနေလို့လား။”

စီမင်းယု-“ဘာဖြစ်လို့ အစားအစာတွေထဲမှာ အဆိပ်ရှိနေရမှာလဲ။”

စန့်ကွမ်းကျင်းဟုန်-“အဆိပ်မခတ်ထားဘူးဆိုရင် မင်းဘာဖြစ်လို့ မစားသေးတာ လဲ။”

စီမင်းယု-“ကျုပ်ဗိုက်မဆာသေးဘူး။ အစားအသောက်တွေကိုလည်း အလေအ လွင့်မဖြစ်စေချင်လို့ပါ။”

စန့်ကွမ်းကျင်းဟုန်-“မင်း တကယ်ပဲဗိုက်မဆာဘူးပေါ့။”

စီမင်းယု-“တကယ်တမ်းပြော... တကယ်တမ်းပြောရရင်...”

စန့်ကွမ်းကျင်းဟုန်-“အစားအစာတွေကို အလေအလွင့်ဖြစ်စေတာ ခွင့်လွှတ်လို့ ရတယ်။ လိမ်ညာတာကတော့ ခွင့်မလွှတ်နိုင်ဘူး။ နားလည်လား။”

စီမင်းယုသည် သူ၏စိတ်ကို ထိန်းထားရာမှ ဒေါသပေါက်ကွဲလာခဲ့ပြီး အော်ဟစ် ပြောဆိုလိုက်လေတော့သည်။ “ကျုပ်က ဘာဖြစ်လို့ ဒီလိုအသေးအဖွဲ ကိစ္စလေးတွေ ကို လိမ်ပြောနေရဦးမှာလဲ။”

စန့်ကွမ်းကျင်းဟုန်-“လိမ်ပြောတယ်ဆိုတာ လိမ်တာပဲ။ သေးတာကြီးတာ ဘာမှ မဆိုင်ဘူး။”

စီမင်းယု-“ကျုပ်ဗိုက်မဆာသေးဘူးလို့ ပြောခဲ့ပြီးပြီပဲ။”

စန့်ကွမ်းကျင်းဟုန်-“ညစာစားချိန်တောင် ကျော်သွားပြီ။ မင်းက ဘာဖြစ်လို့ ဗိုက်မဆာရသေးတာလဲ။”

စီမင်းယု-“ဘာဖြစ်လို့လဲဆိုတော့ စောစောတုန်းက ကျုပ်စားခဲ့တာတွေ ဗိုက်ထဲ မှာ ခုထိအစာမကြေသေးဘူး။”

စန့်ကွမ်းကျင်းဟုန်-“မင်း မြို့တောင်ပိုင်းက ဖူယွမ် စားသောက်ဆိုင်မှာ စားခဲ့ သေးတယ်မဟုတ်လား။”

စီမင်း-“ဟုတ်တယ်။”

စန့်ကွမ်းကျင်းဟုန်က အေးစက်စွာပြောဆိုလိုက်သည်။ “မင်း ကြက်သားနှမ်းဆီ ချက်တစ်ပန်းကန်၊ ငါးရှဉ့်ဟင်းတစ်ပွဲ၊ ခေါက်ဆွဲပြုတ်တစ်ပန်းကန်နဲ့ အသားပေါက် စီတစ်ပန်းကန် မှာစားခဲ့တယ်။ ပြီးတော့ ကြက်ပေါင်နှစ်ချောင်း၊ ခေါက်ဆွဲပြုတ် ပန်းကန်တစ်ဝက်နဲ့ အသားပေါက်စီ ၇ လုံးကို ကုန်အောင်စားခဲ့တယ်။ ကျုပ်ပြော တာမှန်ရဲ့လား။”

စီမင်းယုက ခြောက်ကပ်စွာရယ်မောနေပြီးမှ ပြောဆိုလိုက်သည်။ “ခေါင်းဆောင် ကြီး စန့်ကွမ်းက ကျုပ်ရဲ့လှုပ်ရှားမှုမှန်သမျှကို အသေးစိတ်လိုက်လံမှတ်သားထား ခဲ့မယ်လို့ ထင်တောင်မထင်ရဘူးဗျာ။”

စန့်ကွမ်းကျင်းဟုန်-“မင်းစားခဲ့တဲ့အစာတွေက အစာမကြေသေးဘူးလို့ ပြောခဲ့ တယ်နော်။ ဒါဆိုရင် မင်းဗိုက်ထဲမှာပဲ ရှိနေဦးမှာပေါ့။”

စီမင်းယု-“ထင်ရတာပဲ။”

စန့်ကွမ်းကျင်းဟုန်သည် ရုတ်ချည်းပင် ခေါင်းမော့ပြီး ပြောဆိုလိုက်သည်။ “သူ့ဗိုက်ကို ဖွင့်ဖြဲလိုက်ကြစမ်း။ သူပြောသလို အစားအစာတွေ ရှိနေသေးလားဆို တာ ကြည့်ရအောင်။”

စန့်ကွမ်းကျင်းဟုန်က စီမင်းယုအပေါ် နိုင်လိုမင်းထက် စကားဖြင့်အနိုင်ယူပြော ဆိုနေခဲ့မှန်း အားလုံးက တွေးထင်ထားခဲ့ကြသော်လည်း ဤမျှအထိ ဆိုးရွားစွာ အမိန့်ပေးစေခိုင်းလိမ့်မည်မှန်း မည်သူမျှ မထင်ထားခဲ့ကြချေ။ စန့်ကွမ်းကျင်းဟုန်၏ စကားကို ဆန့်ကျင်သည့်အမူအရာများ မည်သူ၏ မျက်နှာတွင်မှ မထင်ဟတ်လာ ခဲ့ကြတော့ပါ။

စန့်ကွမ်းကျင်းဟုန်၏အမိန့်သည် ပြန်ရုတ်သိမ်းရိုး ထုံးစံမရှိ။ အမိန့်ပေးပြီး သည်ဆိုသည်နှင့် တာဝန်ကျေစွာထမ်းဆောင်ရန်သာ လိုအပ်သည်။

စီမင်းယု၏မျက်နှာ၌ သွေးဆုတ်ဖြူရော်သွားလေတော့သည်။ “ခေါင်းဆောင်ကြီး ... ကျုပ်ကို ကျီစားနေတာများလားဗျာ။”

စန့်ကွမ်းကျင်းဟုန်သည် သူ့စကားကို အရေးပင်မလုပ်တော့ပါ။

စီမင်းယုထံသို့ အဝါရောင်ဝတ်ဆင်ထားသူ ၄ ယောက် ချဉ်းကပ်လာခဲ့ကြ၏။

စီမင်းယုသည် ထခုန်လိုက်ပြီး ဓားဆွဲထုတ်လိုက်လေတော့သည်။ သူ၏လှုပ်ရှား မှုများက လှပသေသပ်လှ၏။ သူ၏တိုက်ကွက်တစ်ကွက်မှ မထွက်ပေါ်လာခဲ့သေး သော်လည်း သူ၏ဓားပညာသည် အဆင့်အတန်းမြင့်လှကြောင်း သိုင်းသမားများက ခန့်မှန်းမိလိုက်ကြလေသည်။

သို့သော် သူ၏ဓားကို ဓားအိမ်မှပင် မဆွဲထုတ်ရသေးခင်...

‘ရွှစ်...’

စန့်ကွမ်းကျင်းဟုန်၏ လက်ထဲမှ တူတစ်စုံသည် စီမင်းယု၏ဘယ်ဘက်နှင့် ညာ ဘက်ပခုံးအသီးသီးတွင် ပခုံးညှပ်ရိုးများကို ထွင်းဖောက်စိုက်ဝင်နေကြောင်းကို တွေ့ ရှိလိုက်ကြရလေတော့သည်။

0 comments:

Post a Comment