လင်ရှန်းအာသည် မျက်ရည်များ ပါးပြင်ပေါ်သို့လိမ့်ဆင်းကျလာပြီး ငိုရှိုက်ပြော ဆိုလိုက်၏။ “လုဖုန်းရှန်း... သူ... သူ... ကျမကို နှိပ်စက်ပြီးအတင်းအဓမ္မ... ဒီက လူကြီးမင်းသာဝင်မကယ်ခဲ့ဘူးဆိုရင်... ကျမဘဝက မတွေးဝံ့စရာပါပဲရှင်။”
အားဖေတစ်ယောက် ကြက်သေသေသွားလေတော့သည်။
လင်ရှန်းအာက ငိုရှိုက်၍ဆက်ပြောနေလိုက်သည်။ “ကျမက ရှင်သူ့ကို ကျေးဇူး.. တင်နေမယ်ထင်နေတာ.. ခုတော့.. ခုတော့ ရှင်ကသူ့ကို...”
စန့်ကွမ်းကျင်းဟုန်က ဖြတ်ပြောလိုက်သည်။ “လူတစ်ယောက်ကို သတ်တာလဲ ကျေးဇူးပြန်ဆပ်တာပဲ မဟုတ်လား။”
လင်ရှန်းအာသည် စန့်ကွမ်းကျင်းဟုန်ကို စိုက်ကြည့်ပြီးမှ မေးမြန်းလိုက်သည်။ “ရှင်... ရှင် သူ့ကိုလူသတ်ခိုင်းမလို့လား။”
စန့်ကွမ်းကျင်းဟုန်-“သူ ကျုပ်အပေါ်မှာ အသက်ကြွေးတစ်ခုတင်ခဲ့ပြီးပြီပဲ။ နောက်ထပ်အသက်တစ်ချောင်းနဲ့ အကြွေးပြန်ဆပ်ပါစေ။”
လင်ရှန်းအာ-“ဒါပေမဲ့... ရှင်ကယ်တင်ခဲ့တာ ကျမကိုလေ။ သူ့ကိုမှမဟုတ်တာ။”
စန့်ကွမ်းကျင်းဟုန်က မေးမြန်းလိုက်ပြန်သည်။ “မင်းရဲ့အကြွေးလည်း သူ့ အကြွေးပဲမဟုတ်လား။”
လင်ရှန်းအာက အားဖေဘက်သို့လှည့်ကြည့်လိုက်သည်။
အားဖေသည် လက်သီးကျစ်ကျစ်ပါအောင်ဆုပ်ထားပြီးမှ ပြန်ဖြေလိုက်သည်။ “ ကျုပ် သူ့အကြွေးကိုပေးဆပ်မယ်။”
စန့်ကွမ်းကျင်းဟုန်-“မင်း သူများအပေါ်မှာ အကြွေးတင်ဖူးလား။”
အားဖေ-“ဘယ်တော့မှ မတင်ဖူးဘူး။”
စန့်ကွမ်းကျင်းဟုန်က အေးစက်စက် မေးမြန်းလိုက်လေတော့သည်။ “ဒါဆိုရင် မင်းက ဘယ်သူ့အသက်နဲ့ ကျုပ်ကိုအကြွေးပြန်ဆပ်မှာလဲ။”
အားဖေ-“ခင်ဗျားကြိုက်တဲ့လူကို သတ်ခိုင်းလို့ရပါတယ်။ ဒါပေမဲ့ လူတစ် ယောက်ကလွဲပြီး ကျန်တဲ့လူအားလုံးကို ကျုပ်သတ်ပေးနိုင်တယ်။”
စန့်ကွမ်းကျင်းဟုန်-“မင်းပြောနေတာ ဘယ်သူလဲ။”
“လီဆွန်းဟွာ...”
စန့်ကွမ်းကျင်းဟုန်က ခနဲ့လိုက်သည်။ “မင်း သူ့ကိုသိပ်ကြောက်နေလား။”
အားဖေ၏မျက်ဝန်းများတွင် ဝမ်းနည်းကြေကွဲမှုများ ထွက်ပေါ်လာခဲ့ရပြီး ပြန် ဖြေဆိုလိုက်သည်။ “ကျုပ်သူ့ကိုမသတ်ဘူး။ ကျုပ်သူ့အပေါ်မှာ ပိုပြီးတော့တောင် အကြွေးတွေ တင်ရှိနေသေးတယ်။”
စန့်ကွမ်းကျင်းဟုန်သည် သဘောကျစွာ ရယ်မောနေပြီးပြောဆိုလိုက်၏။ “သိပ် ကောင်းတယ်။ မင်းသာ သူ့အကြွေးကိုတန်ဘိုးမထားတတ်ဘူးဆိုရင် ကျုပ်အပေါ်မှာ တင်ရှိနေတဲ့အကြွေးကိုလည်း တန်ဘိုးထားမှာမဟုတ်ဘူး။”
အားဖေ-“ခင်ဗျားက ဘယ်သူ့ကိုသတ်စေချင်လို့တုန်း။”
စန့်ကွမ်းကျင်းဟုန်သည် ချာခနဲလှည့်ထွက်သွားပြီးရင်း ပြောဆိုလိုက်သည်။ “ကျုပ်နောက်ကိုလိုက်ခဲ့။”
ညသည်တဖြည်းဖြည်း မှောင်လာတော့သည်။ အားဖေသည် လင်ရှန်းအာ၏ လက်ကလေးကို ဆုပ်ကိုင်ထားခြင်းမရှိပါ။ အဘယ်ကြောင့်ဆိုသော် သူ၏နှလုံးသား ထဲတွင် မွန်းကြပ်စွာခံစားနေရသောကြောင့်ဖြစ်၏။ မည်သည့်အရာကြောင့် ဤသို့ ခံစားနေရမှန်း သူမသိပါ၊ သို့သော် မွန်းကြပ်နေရလေသည်။
အရှေ့မှလျှောက်လှမ်းနေသော စန့်ကွမ်းကျင်းဟုန်သည် နောက်သို့လှည့်ကြည့် ခြင်းလုံးဝမရှိခဲ့ချေ။
မည်သို့ပင်ဖြစ်စေ စန့်ကွမ်းကျင်းဟုန်၏ စူးစူးစိုက်စိုက် စိုက်ကြည့်နေမှုကို တစ် ချိန်လုံးခံနေရသည်ဟု အားဖေခံစားနေရ၏။ ထိုအကြည့်အောက်တွင် အားဖေသည် လွန်စွာမှလေးလံသောအရာကြီးတစ်ခု သူ့ကိုယ်ပေါ်သို့ ပိကျလာသလိုမျိုးလည်း ခံ စားနေရပြန်သည်။
ခပ်ဝေးဝေးလျှောက်လေ အားဖေအပေါ်ဖိထားသော အလေးချိန်ကြီးက ပို၍လေး လံလာလေဖြစ်၏။
ညဉ့်မှောင်ယံထဲတွင် ကြယ်ကလေးများ ပြိုးပြိုးပြက်ပြက် လင်းလက်နေကြ၏။ ကွင်းပြင်ကြီးသည် တမျှော်တခေါ်ကြီးဖြစ်လေသည်။ လေငြိမ်နေ၏။
မည်သည့်အသံမျှမကြားရဘဲ အရာအားလုံးတိတ်ဆိတ်ငြိမ်သက်နေလေသည်။ မြက်ချုံပုတ်များကြားမှ ပိုးကောင်များ၏ အော်သံလေးများပင် ဆိတ်သုန်းနေကြရ ၏။
ကျယ်ပြောလှသော ကွင်းပြင်ကြီးထဲတွင် ထွက်ပေါ်နေသည့် တစ်မျိုးတည်းသော အသံသည် သူတို့၏ခြေသံများသာဖြစ်နေလေသည်။
အားဖေသည် သူ၏အသံမထွက်သော ခြေသံများက ရုတ်တရက် အသံထွက် ပေါ်လာသည်ကို သတိထားမိလိုက်၏။ ထို့ပြင် သူ၏ခြေလှမ်းများသည် စန့်ကွမ်း ကျင်းဟုန်၏ ခြေလှမ်းများနှင့် စီးချက်ကျ လိုက်နင်းနေကြောင်းကိုလည်း အံ့ဩစွာ သိရှိလိုက်ရပြန်သည်။ စန့်ကွမ်းကျင်းဟုန်၏ ခြေလှမ်းက လေထဲရှိနေချိန်တွင် အားဖေ၏ ခြေလှမ်းက မြေကြီးပေါ်ထိနေပြီးဖြစ်ပြီး အားဖေ၏ခြေလှမ်းကလေထဲ တွင်ရှိနေချိန်၌ စန့်ကွမ်းကျင်းဟုန်၏ ခြေလှမ်းက မြေကြီးပေါ်တွင် ရှိနေလေသည်။
မြက်ပင်များကြားမှ ခုန်ထွက်လာသော ပုရစ်လေးတစ်ကောင်သည် သူတို့၏ အံ့ဩဖွယ်ကောင်းသည့် စီးချက်ညီခြေလှမ်းများကြောင့် ကြောက်လန့်သွားပုံရပြီး မြက်ပင်များကြားသို့ ပြန်လည်ဝင်ရောက် ပျောက်ကွယ်သွား၏။ သူတို့၏ ခြေသံ များကပင်လျှင် လူသတ်ငွေ့များ ထုတ်လွှတ်နေကြလေသည်။
မည်သည့်အရာက ဤသို့ဖြစ်စေသနည်း။...
အားဖေသည် လမ်းလျှောက်သည့်အခါတိုင်း ဘယ်တော့မှ ခြေသံထွက်တတ်သူ မဟုတ်။ သို့သော်ရုတ်ချည်းပင် သူ၏ခြေလှမ်းများက လွန်စွာလေးလံလာသလို ခံစားမိလိုက်ရ၏။
မည်သည့်အတွက်ကြောင့် ဤသို့ဖြစ်နေရသနည်း။...
အားဖေသည် လမ်းလျှောက်နေရာမှ သူ၏ခြေလှမ်းများကို ငုံ့ကြည့်လိုက်ရာ ဘယ်အတွက်ကြောင့်ဖြစ်မှန်း သိရှိသွားလေတော့သည်။ သူ၏ခြေလှမ်းများက စန့် ကွမ်းကျင်းဟုန်၏ ခြေလှမ်းများအလယ်တည့်တည့်တွင် လျှောက်လှမ်းနေကြောင်း အံ့ဩစွာ တွေ့ရှိလိုက်ရလေသည်။
အားဖေက ပထမခြေလှမ်းလှမ်းလိုက်သည်ဆိုသည်နှင့် စန့်ကွမ်းကျင်းဟုန်၏ ဆန့်ကျင်ဘက်ခြေထောက်တစ်ဘက်မှ ဒုတိယခြေလှမ်းလှမ်းနေပြီး အားဖေက တတိ ယခြေလှမ်းလှမ်းလိုက်သည်နှင့် စန့်ကွမ်းကျင်းဟုန်က စတုတ္ထခြေလှမ်းလှမ်းနေပြီး ဖြစ်၏။ ခြေလှမ်းတိုင်းသည် လွန်စွာမှ တိကျသေချာပြီး မည်သည့်လွဲချော်မှုမှ မရှိ နေချေ။
အားဖေက အရှိန်မြှင့်ပြီး လျှောက်လှမ်းလိုက်သည်နှင့် စန့်ကွမ်းကျင်းဟုန်သည် လည်း လိုက်ပါအရှိန်မြှင့်လိုက်လေတော့သည်။ အားဖေက အရှိန်လျှော့ချလိုက်သည် နှင့် စန့်ကွမ်းကျင်းဟုန်သည်လည်း အရှိန်လျှော့ချလိုက်၏။ ကြားထဲတွင် မည်သည့် စည်းချက်မျှ လွဲချော်သွားသည်ဟူ၍မရှိ။
အစပိုင်းတုန်းကတော့ သူ၏ခြေလှမ်းများကို စန့်ကွမ်းကျင်းဟုန်က စည်းချက် ကျအောင် လိုက်ပါနင်းနေသူဖြစ်၏။
ယခုအချိန်တွင်တော့ စန့်ကွမ်းကျင်းဟုန်၏ ခြေလှမ်းနှုန်းအတိုင်း စည်းချက်ညီ အောင် သူကိုယ်တိုင်လိုက်လျှောက်နေကြောင်း အားဖေအံ့အားသင့်စွာ တွေ့ရှိလိုက် ရလေတော့သည်။
သူ၏ခြေလှမ်းများကို စန့်ကွမ်းကျင်းဟုန်က စိုးမိုးချယ်လှယ်ထားပြီး သူကိုယ် တိုင် ရုန်းမထွက်နိုင်ဖြစ်နေရသည်ဟု အားဖေခံစားနေရလေသည်။
အေးချမ်းလှသော ရာသီဥတုထဲတွင် အားဖေ ချွေးစေးပြန်နေရလေပြီ။
သို့သော် မည်သည့်အတွက်ကြောင့်မှန်းတော့မသိ။ ဤကဲ့သို့လှမ်းလျှောက်နေ ရခြင်းသည် အလွန်ဇိမ်ရှိသော ခံစားမှုတစ်ခုဖြစ်ကြောင်းကိုလည်း အားဖေခံစားနေ ရ၏။ သူ၏ခန္ဓာကိုယ်တစ်ခုလုံးရှိ ကြွက်သားအားလုံးတို့သည် ပျော့ပြောင်းနူးညံ့လာ ခဲ့ကြသည်ဟုလည်း ခံစားလိုက်ရပြန်သည်။
သူ၏စိတ်ခံစားမှုနှင့် ခန္ဓာကိုယ်တစ်ခုလုံးသည် ဤခြေလှမ်းများကြားတွင် စိတ် ညှို့ခံထားရသူတစ်ယောက်လို လိုက်ပါလျှောက်လှမ်းနေရလေတော့သည်။
ထိုအချက်ကို လင်ရှန်းအာသည် တဖြည်းဖြည်း သတိထားမိလာခဲ့၏။ သူမ၏ လွန်စွာလှပသော မျက်ဝန်းတစ်စုံသည် အထိတ်တလန့်ဖြစ်သွားခဲ့ပြီး ကြောက်မက် ဖွယ်ကောင်းသော အဆိပ်အတောက်များ ထုတ်လွှတ်ကြည့်ရှုလိုက်၏။
အားဖေကို သူမ ပိုင်သည်။
သူမသည်သာ အားဖေကို စိုးမိုးချယ်လှယ်သူဖြစ်ရမည်။
သူမ၏ စိုးမိုးချယ်လှယ်မှုအောက်မှ အားဖေကို သူတစ်ပါးလုယူသွားမည့်အရေး ဘယ်တော့မှ အဖြစ်မခံနိုင်။
+++++
ကျင်းဝူမင်း မတ်တတ်ရပ်နေ၏။ စောစောတုန်းက သူ၏ခြေလှမ်းများ ရပ်တန့် ခဲ့သည့်နေရာ၌ပင် သူရပ်နေ၏။
ညနေနေဝင်တော့မည်။ ညအမှောင်သည်လည်း မကြာခင်ရောက်ရှိလာပေတော့ မည်။ ကောင်းကင်ပေါ်၌ ကြယ်ရောင်ပြိုးပြိုးပြက်ပြက်လေးများ ဟိုနားတစ်စ သည် နားတစ်စ ထွက်ပေါ်လာ၏။
သူ၏ခန္ဓာကိုယ်သည် ရွေးလျားခြင်းအလျင်းမရှိ။ သူ၏အကြည့်သည်လည်း တစ်နေရာထဲ၌ပင် ကြည့်နေ၏။ သို့သော် စန့်ကွမ်းကျင်းဟုန်၏ မြေကြီးပေါ် ထင် ကျန်ခဲ့သော အရိပ်သည် သူ့အတွေးထဲက ဘယ်တော့မှမပျောက်။
ယခုတော့ စန့်ကွမ်းကျင်းဟုန်၏အရိပ် ထပ်မံပေါ်ထွက်လာပြန်သည်။
ကျင်းဝူမင်းသည် စန့်ကွမ်းကျင်းဟုန်၏ ခမောက်ကိုအရင်ဆုံးမြင်တွေ့လိုက်ရ ၏။ ပြီးနောက် အဝါရောင်အဝတ်အစားတစ်စုံ၊ ပြီးနောက် စန့်ကွမ်းကျင်းဟုန်၏ လက်ထဲ ကိုင်ဆောင်ထားသော လရောင်အောက်တွင် တလဲ့လဲ့တောက်ပနေသည့် ဓားတစ်ချောင်း...
ပြီးနောက် ကျင်းဝူမင်းသည် အားဖေကို တွေ့လိုက်ရလေတော့သည်။
သူတို့လူစုလျှောက်လှမ်းလာသည်ကို အဝေးမှတွေ့လိုက်ရသူတစ်ယောက်အဖို့ စန့်ကွမ်းကျင်းဟုန်နှင့်အတူ လျှောက်လှမ်းနေသူမှာ ကျင်းဝူမင်းပင်ဖြစ်ရမည်ဟု တွေးထင်သွားနိုင်သည်။ အဘယ်ကြောင့်ဆိုသော် သူတို့၏ခြေလှမ်းများက ထူးထူး ခြားခြား စီးချက်ညီနေကြသောကြောင့်ဖြစ်လေသည်။
ကျင်းဝူမင်း၏နေရာ၌ အားဖေအစားထိုးဝင်ရောက်လာမည်ဟု မည်သူမျှ ထင် ထားကြမည်မဟုတ်ချေ။
ကျင်းဝူမင်း၏မျက်လုံးများက ပြာမှုန်များထက်ပင်ပို၍ မီးခိုးရောင်သမ်းလာခဲ့ ကြရတော့သည်။ မည်မျှလောက်တောင် ဖျော့တော့သွားသနည်းဆိုသော် ကြယ်ရောင် လရောင်များသည်ပင် အရောင်မှေးမှိန်သွားသည်ဟု ထင်ရလောက်သည်။ မိုး သောက်အချိန်ကိုပင် ခိုးယူသွားနိုင်သည့် မှေးမှိန်မှုဖြစ်၏။ အသက်မဲ့မှုလည်း ဖြစ် နေပြန်သည်။ သေခြင်းတရားဆိုသည်ပင် ဘာအဓိပ္ပါယ်မှမရှိတော့ချေ။
ဘာမှမရှိသော ဗလာနတ္ထိလည်းဖြစ်၏။
ကျင်းဝူမင်း၏ မျက်နှာအမူအရာက သူ၏မျက်လုံးတစ်စုံထက်ပင်ပို၍ အသက်မဲ့ သွားလေတော့သည်။
စန့်ကွမ်းကျင်းဟုန်သည် ဖြည်းဖြည်းလေးလှမ်းလျှောက်လာပြီး ကျင်းဝူမင်းရှေ့ ၌ ရပ်တန့်လိုက်၏။
အားဖေ၏ခြေလှမ်းများလည်း ရပ်တန့်သွားခဲ့ရ၏။
စန့်ကွမ်းကျင်းဟုန်၏မျက်လုံးများက အဝေးတစ်နေရာသို့ ကြည့်နေကြသည်။ ကျင်းဝူမင်းကို တစ်ချက်လေးပင် ကြည့်ရှုခဲ့ခြင်းမရှိ။ ထို့နောက် ကျင်းဝူမင်း၏ခါးမှ ဓားကို ရုတ်တရက်ဆွဲယူလိုက်လေသည်။
စန့်ကွမ်းကျင်းဟုန်က အေးစက်စွာပြောဆိုလိုက်သည်။ “မင်းဒီဓားကို ဘယ် တော့မှ အသုံးပြုနိုင်မှာမဟုတ်တော့ဘူး။”
ကျင်းဝူမင်း-“မှန်ပါတယ်။”
သူ၏လေသံက အရင်အတိုင်းပင် ကျိုးနွံနေဆဲ။ သူ့ပါးစပ်မှ ထွက်ပေါ်လာသော လေသံပင်ဖြစ်ပါလေစဟု သူကိုယ်တိုင်သံသယဝင်သွားခဲ့၏။
စန့်ကွမ်းကျင်းဟုန်သည် ဓားကိုဓားအိမ်တွင်းမှ ထုတ်ယူပြီး သူ၏လက်ချောင်း များကြားတွင် ညှပ်ကိုင်ထားလိုက်သည်။ ဓားကိုယ်ထည်သည် ပြာလဲ့လဲ့အရောင် သန်းနေ၏။ စန့်ကွမ်းကျင်းဟုန်၏ နောက်လက်တစ်ဘက်တွင် ကိုင်ဆောင်ထား သည့် အားဖေငှားယူလာခဲ့သောဓားလက်ကိုင်ကို ကျင်းဝူမင်းဘက်သို့ လှမ်းပေး လိုက်သည်။ “ဒီဓားကတော့ မင်းကိုင်ဆောင်ရမယ့်ဓားဖြစ်သွားပြီ။”
ကျင်းဝူမင်းသည် ထိုဓားကို ဖြည်းညင်းစွာ လက်လှမ်းယူလိုက်သည်။
စန့်ကွမ်းကျင်းဟုန်က ဖြည်းလေးစွာ ပြောဆိုလိုက်သည်။ “ဘာဓားပဲကိုင်ကိုင် မင်းအတွက် သိပ်မထူးခြားတော့ပါဘူး။”
ကျင်းဝူမင်းနှင့်နီးကပ်စွာရှိနေချိန်မှာတောင် စန့်ကွမ်းကျင်းဟုန်က ကျင်းဝူမင်း ကို တစ်ချက်လေးပင် စောင်းငဲ့ကြည့်ခြင်းမရှိခဲ့ချေ။
အားဖေသည်လည်း စန့်ကွမ်းကျင်းဟုန်နောက်မှ လိုက်ပါသွားခဲ့ပြီး ကျင်းဝူမင်း ကို လှည့်ကြည့်ခြင်းမရှိ။
ကျင်းဝူမင်းရှေ့သို့ လင်ရှန်းအာသည် ပြုံးရွှင်စွာလျှောက်လှမ်းလာပြီး မထီတရီ ပြောဆိုလိုက်၏။ “သေတာထက်တောင်မှ ပိုခံရခက်တယ်နော်...”
ကောင်းကင်ပေါ်ရှိ ကြယ်ရောင်လေးများကို တိမ်ညိုတစ်အုပ် ဖုံးလွှမ်းသွား၏။
ရုတ်တရက်ပင် မိုးခြိမ်းသံထွက်ပေါ်လာခဲ့ပြီး မိုးစက်မိုးပေါက်များ သည်းထန်စွာ ကျဆင်းလာတော့သည်။
ကျင်းဝူမင်းသည် ထိုနေရာ၌ မလှုပ်မယှက် တည်ငြိမ်စွာ ရပ်နေဆဲ...
သူတစ်ကိုယ်လုံး မိုးစက်မိုးပေါက်များကြောင့် ရွှဲရွှဲစိုသွားခဲ့လေပြီ။ မိုးရေစက် များက သူ၏နဖူးမှတစ်ဆင့် မျက်လုံးထဲသို့ ကျရောက်လာပြီး ပါးပြင်ပေါ်ဖြတ်စီး သွားခဲ့ကြ၏။ ထိုရေစက်များသည် မိုးစက်များလော။... သို့တည်းမဟုတ် မျက်ရည် စက်များပင်လော။...
ကျင်းဝူမင်း ဘယ်အတွက်ကြောင့် မျက်ရည်ကျရမည်နည်း။...
မျက်ရည်မကျဖူးသူတစ်ယောက်အတွက် ကျစရာဆို၍ သွေးစက်များသာရှိ သည်မဟုတ်ပါလား။
+++++
ဓားတစ်လက်။... စက္ကူတစ်ရွက်လိုပါးလွှာပြီး လွန်စွာထက်မြည့်လှသောဓား တစ်လက်...
မီးအိမ်၏အလင်းရောင်က အလွန်တရာတည်ငြိမ်နေ၏။ ဓားအလင်းတန်းများ ထွက်ပေါ်လာ၏။ ပြာလဲ့လဲ့ ဓားအလင်းတန်းများဖြစ်သည်။
ပြတင်းပေါက်တံခါးကို စေ့တင်းစွာပိတ်ထား၏။ အပြင်ဘက်တွင် မိုးသည်း ထန်စွာ ရွာသွန်းနေ၏။ အိမ်ခန်းတွင်းတွင်တော့ လေငြိမ်နေလေသည်။
ငြိမ်သက်နေသောမီးရောင်အောက်တွင် အားဖေသည် ထိုဓားကို စူးစူးစိုက်စိုက် အာရုံစိုက်ကြည့်နေ၏။ သူ့မျက်လုံးများက ဓားမှ ဖယ်ခွာသွားခြင်းမရှိသည်မှာ အချိန်တော်တော်လေးကြာခဲ့ပေပြီ။
စန့်ကွမ်းကျင်းဟုန်က အားဖေကို စိတ်ဝင်စားစွာကြည့်နေပြီး မေးမြန်းလိုက် သည်။ “ဒီဓားကို မင်းဘယ်လိုသဘောရလဲ။”
အားဖေ-“သိပ်ကောင်းတဲ့ ဓားတစ်လက်ပါ။”
စန့်ကွမ်းကျင်းဟုန်-“မင်းအသုံးပြုနေကျ ဓားနဲ့ဆိုရင် ဘာကွာလဲ။”
အားဖေ-“ဒီဓားက နည်းနည်းပိုပေါ့တယ်။”
စန့်ကွမ်းကျင်းဟုန်သည် ရုတ်တရက် ဓားကိုဆွဲယူလိုက်သည်။ ပြီးနောက် ဓား ဖျားကို လက်ချောင်းများဖြင့် ဖိညှပ်ထားပြီး ဓားလက်ကိုင်ရိုးထိ ကွေးညွတ်လိုက်၏။ ပြီးနောက် ဓားဖျားကို ပြန်လွှတ်ပေးလိုက်ရာ ဓားသည် ‘ရွှီ..’ ဆိုသောမြည်သံနှင့် ပြန်ကန်ထွက်လာ၏။
ထိုအသံသည် နဂါးတစ်ကောင်က မီးပန်းများ မှုတ်ထုတ်လိုက်သောအသံလိုပင် တစိမ့်စိမ့် ကြောက်မက်ဖွယ်ကောင်းလွန်းလှသည်။
အားဖေ၏ အေးစက်စက်မျက်လုံးများက တောက်ပလာခဲ့ကြလေသည်။
စန့်ကွမ်းကျင်းဟုန်က ထပ်မံမေးမြန်းလိုက်ပြန်သည်။ “ခုဆိုရင်ကော... မင်းအ သုံးပြုနေကျ ဓားနဲ့ဘာကွာသေးလဲ။”
အားဖေ-“ကျနော်ကိုင်တဲ့ဓားကို ဒီလိုကွေးညွတ်လိုက်ရင် ဂျွတ်ခနဲကျိုးသွားမှာ ပေါ့။”
စန့်ကွမ်းကျင်းဟုန်က ဓားကိုထပ်မံကွေးညွတ်လိုက်ပြီး ပြန်လွှတ်လိုက်သည်။
စားပွဲပေါ်တွင်ရှိနေသော လက်ဖက်ရည်ခွက်သည် ချက်ချင်းပင်ထက်ပိုင်းပြတ် ထွက်သွားသည်မှာ သစ်ဆွေးတစ်စကို ခုတ်ပိုင်းလိုက်သကဲ့သို့ပင်။
အားဖေသည် စိတ်လှုပ်ရှားမှုများကို မထိန်းသိမ်းနိုင်တော့ဘဲ လွှတ်ခနဲအော်ပြော လိုက်မိလေတော့သည်။ “ကောင်းလိုက်တဲ့ဓား...”
စန့်ကွမ်းကျင်းဟုန်က ရှင်းပြနေ၏။ “ဒီဓားဟာ တကယ့်ကိုဓားကောင်းတစ် လက်ပါ။ အလွန်ပေါ့ပါးပေမယ့် သိပ်ခိုင်ခန့်တယ်။ ပါးလွှာလွန်းပေမယ့် မကြွပ် ဆတ်ဘူး။ ဓားသွားက သိပ်ထက်မြက်ခိုင်ခန့်လွန်းပေမယ့် ပျော့ပြောင်းလွန်းနေပြန် တယ်။ ဒီဓားကိုကြည့်လိုက်ရင် ခပ်ကြမ်းကြမ်းလက်ရာလို့ထင်ရပေမယ့် တကယ် တော့ ဒီဓားဟာ နံပါတ်(၁) ပန်းပဲဆရာကြီး ‘ကု’ ရဲ့အကောင်းဆုံးလက်ရာလည်းဖြစ် တယ်။ နောက်ဆုံးတစ်ချက်က ဒီဓားကို ကျင်းဝူမင်းအသုံးပြုဖို့ သီးသန့်သွန်းထု ထားခိုင်းခဲ့တာပဲ။”
စန့်ကွမ်းကျင်းဟုန်က ရယ်သံစွက်ပြီး မေးမြန်းလိုက်ပြန်သည်။ “ဒီဓားရဲ့သန္ဓေ က ကျင်းဝူမင်းရဲ့ဟန်နဲ့ မကိုက်ညီနေဘူးလား။”
အားဖေက ပြန်ဖြေလိုက်သည်။ “တော်တော်လေးတူတယ်။”
စန့်ကွမ်းကျင်းဟုန်-“ကျင်းဝူမင်းရဲ့ဓားပညာက ပြင်းထန်ရက်စက်လွန်းပေမယ့် မင်းရဲ့ဓားချက်တွေက သူ့ထက်ပိုပြီး တိကျသေချာတယ်။ ဘာဖြစ်လို့လဲဆိုတော့ မင်း ဟာ စိတ်ရှည်စွာသည်းခံစောင့်ဆိုင်းတတ်သူဖြစ်နေလို့ပဲ။ ဒီဓားဟာ မင်းနဲ့ပဲပိုပြီး ထိုက်တန်မယ်ထင်တယ်။”
အတန်ကြာသောအခါမှ အားဖေက သက်ပြင်းချသံနှင့်အတူပြောဆိုလိုက်သည်။ “ဒီဓားဟာ ကျနော့်ဓားမဟုတ်ဘူး။”
စန့်ကွမ်းကျင်းဟုန်-“ဓားဆိုတာ ပိုင်ရှင်မရှိဘူး။ ပိုတော်တဲ့လူက ဘယ်ဓားမဆို ကိုင်နိုင်တယ်။”
စန့်ကွမ်းကျင်းဟုန်သည် အားဖေထံလျှောက်လှမ်းလာပြီး သူ၏မျက်ဝန်းများထဲ ၌ မဖော်ပြနိုင်သော လျှို့ဝှက်ချက်များဖြင့် စိုက်ကြည့်နေကာ ဓားကိုကမ်းပေးလိုက် သည်။ “အခုတော့ ဒီဓားပိုင်ရှင်ဟာ မင်းဖြစ်သွားပြီ။”
အချိန်အတော်ကြီး ကြာသောအခါမှ အားဖေ၏စကားသံထွက်ပေါ်လာပြန် သည်။ ဤတစ်ကြိမ်တွင်လည်း အားဖေသည် စောစောတုန်းကစကားကိုပင် ပြန် လည်ပြောဆိုခဲ့ပြန်သည်။ “ဒီဓားဟာ ကျနော့်ဓားမဟုတ်ဘူး။”
စန့်ကွမ်းကျင်းဟုန်-“ဒီဓားနဲ့ဆိုရင် ကျန်တဲ့ဓားအားလုံးဟာ မင်းရဲ့ဓားတွေဖြစ် လာနိုင်တယ်။ ဒီဓားနဲ့ ဘယ်သူ့ကိုမဆို မင်းသတ်နိုင်သွားပြီ။”
ပြီးနောက် စန့်ကွမ်းကျင်းဟုန်က ပြုံးပြီးဆက်ပြောနေလိုက်ပြန်သည်။ “ဒီဓားနဲ့ ဆိုရင် မင်းကျုပ်ကိုတောင်မှ သတ်နိုင်သေးတယ်။”
ဤတစ်ကြိမ်တွင် အားဖေသည် နှုတ်ပိတ်နေလိုက်တော့၏။
စန့်ကွမ်းကျင်းဟုန်-“ကျုပ် မင်းဆီကရစရာအကြွေးရှိနေတယ်။ ကျုပ်အတွက် မင်းလူသတ်ပေးရလိမ့်မယ်။ ဒါကြောင့်မို့လို့ မင်းကို အကောင်းဆုံးလူသတ်လက် နက် ကျုပ်ကပေးနေတာပေါ့။ ဒါမှလည်း တရားမျှတမယ်မဟုတ်လား။”
အားဖေသည် လက်လှမ်းပြီး ဓားကို ဆွဲယူလိုက်လေတော့သည်။
စန့်ကွမ်းကျင်းဟုန်-“ကောင်းတယ်။ သိပ်ကောင်းတယ်။ မင်းဆပ်ရမယ့်အကြွေး ကို မနက်ဖြန်ပဲ ပေးဆပ်ရလိမ့်မယ်။”
အားဖေက မေးမြန်းလိုက်၏။ “ကျုပ် ဘယ်သူ့ကိုသတ်ရမှာလဲ။”
စန့်ကွမ်းကျင်းဟုန်က ဖြည်းညင်းစွာဖြေဆိုလိုက်၏။ “စိတ်မပူပါနဲ့။ မင်းရဲ့မိတ် ဆွေကို ကျုပ်မသတ်ခိုင်းပါဘူး။”
သူ၏စကားအဆုံးမှာပင် စန့်ကွမ်းကျင်းဟုန်က လှည့်ထွက်သွားခဲ့ပြီး အခန်းတံ ခါးကို ဆွဲပိတ်သွားခဲ့လေသည်။
အားဖေတို့နှစ်ယောက်သည် အပြင်ဘက်မှ စကားသံများကို ကြားနေကြရ၏။ “ဒီအခန်းထဲမှာရှိနေကြတဲ့လူနှစ်ယောက်ဟာ ကျုပ်ရဲ့ဧည့်သည်တွေဖြစ်တယ်။ မနက် ဖြန်မနက်ရောက်သည်ထိ သူတို့ကို ဘာအနှောင့်အယှက်မှ မရှိစေနဲ့။”
ယခုတော့ အခန်းထဲတွင် အားဖေနှင့် လင်ရှန်းအာတို့နှစ်ယောက်သာ ကျန်ရှိနေ လေတော့သည်။
လင်ရှန်းအာသည် ခုတင်ပေါ်တွင် ထိုင်နေရာမှ မော့ကြည့်လာခဲ့ခြင်းမရှိပါ။
အခန်းထဲတွင်ရှိနေခဲ့သော စန့်ကွမ်းကျင်းဟုန်သည်လည်း လင်ရှန်းအာကို စောင်းငဲ့ကြည့်ခဲ့ခြင်းပင်မရှိခဲ့။
လင်ရှန်းအာသည် တစ်ချိန်လုံး မည်သည့်စကားမျှ မပြောဆိုခဲ့ချေ။ အားဖေက စန့်ကွမ်းကျင်းဟုန်လက်ထဲမှ ဓားကိုလှမ်းယူခါနီးတွင် သူမ၏နှုတ်ခမ်းနှစ်လွှာက လှုပ်ရှားသွားခဲ့ရသော်လည်း ချက်ချင်းပင် စကားလုံးများကို ပြန်မြိုသိပ်ထားခဲ့၏။
ယခုလို အခန်းထဲတွင်နှစ်ယောက်တည်း ရှိနေချိန်မှသာ သူမထံမှစကားသံ ထွက်ပေါ်လာခဲ့လေတော့သည်။ “ရှင် သူ့အတွက်တကယ်ပဲ လူသတ်ပေးမလို့လား။”
အားဖေက သက်ပြင်းချသံဖြင့် ပြန်ဖြေလိုက်သည်။ “ကျုပ် သူ့ပေါ်မှာအကြွေး တင်ခဲ့တယ်။ သူ့ကိုကတိလည်း ပေးပြီးသွားပြီ။”
လင်ရှန်းအာ-“သူ ဘယ်သူ့ကိုသတ်ခိုင်းမယ်ဆိုတာ ရှင်ဘာမှမသိဘူးလား။”
အားဖေ-“သူဘာမှ မပြောခဲ့ဘဲ။”
လင်ရှန်းအာ-“ရှင်တွေးကြည့်လို့မရဘူးလား။”
အားဖေ-“သူသတ်ခိုင်းမယ့်လူ ဘယ်သူဖြစ်မလဲဆိုတာ မင်းသိနေပြီးပြီပေါ့။”
လင်ရှန်းအာက ဖြည်းလေးစွာပြောဆိုလိုက်လေတော့သည်။ “ကျမထင်တာမမှား ဘူးဆိုရင် သူသတ်ခိုင်းမယ့်လူဟာ လောင်ရှောင်း၄ယွန်ဖြစ်လိမ့်မယ်။”
အားဖေ-“လောင်ရှောင်း၄ယွန်... ဟုတ်လား။ ဘာဖြစ်လို့လဲ။”
လင်ရှန်းအာက ပြုံးပြီးပြန်ဖြေဆိုလိုက်သည်။ “ဘာဖြစ်လို့လဲဆိုတော့ လောင် ရှောင်း၄ယွန်က သူ့ကိုအသုံးချဖို့ ကြိုးစားခဲ့တာကိုး။ စန့်ကွမ်းကျင်းဟုန်အတွက် သူကသာ သူများကိုအသုံးချလိမ့်မယ်။ သူ့ကိုအသုံးချတာကိုတော့ ငြိမ်ခံနေမှာ မဟုတ်ဘူး။”
အားဖေ-“လောင်ရှောင်း၄ယွန် သေသင့်နေခဲ့တာ ကြာလှပြီ။”
လင်ရှန်းအာ-“ဒါပေမဲ့ ရှင့်ဘက်ကဘာမှမလှုပ်ရှားရင်ကောင်းလိမ့်မယ်။”
အားဖေ-“ဘာဖြစ်လို့လဲ။”
လင်ရှန်းအာက အားဖေ၏အမေးကို မဖြေသေးဘဲ ပြန်လည်မေးခွန်းထုတ်လိုက် သည်။ “ဘာဖြစ်လို့ စန့်ကွမ်းကျင်းဟုန်က လောင်ရှောင်း၄ယွန်ကို ရှင့်လက်နဲ့သတ် စေချင်တာလဲဆိုတာ သိလား။”
အားဖေ-“သူများကိုသတ်ခိုင်းရတာ ကိုယ်ကိုယ်တိုင်သတ်ရတာထက် ပိုလွယ်ကူ လို့ဖြစ်မှာပေါ့။”
လင်ရှန်းအာက ရှင်းပြနေလေတော့သည်။ “ဒါပေမဲ့ စန့်ကွမ်းကျင်းဟုန်က လောင်ရှောင်း၄ယွန်ကို သေစေချင်တယ်ဆိုရင် ဘာမှတောင်လုပ်စရာမလိုပါဘူး။ ရွှေဒင်္ဂါးဂိုဏ်းမှာရှိတဲ့သိုင်းသမားတွေက တောင်လိုရာလိုပုံနေတာပဲ။ အားလုံးထိပ် တန်းအကျော်အမော်တွေချည်းပဲ။ လောင်ရှောင်း၄ယွန်တစ်ယောက်လောက်တော့ ထားလိုက်ဦး... နောက်ထပ် လောင်ရှောင်း၄ယွန် အယောက်တစ်ထောင်လောက် လည်း သူတို့အတွက် လွယ်လွယ်လေးရှင်းပစ်နိုင်ပါသေးတယ်။ စန့်ကွမ်းကျင်းဟုန် သာ သူကိုယ်တိုင်သူ့လက်နဲ့မသတ်ချင်ဘူးဆိုရင် သူ့လက်အောက်ကလူတွေကို အမိန့်လေးတစ်ချက်ပေးလိုက်ရုံပဲ။”
အားဖေ-“ဒါဆို တကယ့်လျှို့ဝှက်ချက်ကဘာလဲဆိုတာ မင်းသိလား။”
လင်ရှန်းအာ-“ကျမသိပ်သိနေတာပေါ့ရှင်။... နောက်နှစ်ရက်ဆိုရင် လဆန်း ၁ ရက်နေ့ရောက်ပြီ။”
အားဖေ-“လဆန်း ၁ ရက်နေ့နဲ့ဘာဆိုင်လို့လဲ။”
လင်ရှန်းအာ-“သိုင်းလောကကလူတွေအားလုံးသိထားကြတာကတော့ လဆန်း ၁ ရက်နေ့ရောက်ရင် စန့်ကွမ်းကျင်းဟုန်နဲ့ လောင်ရှောင်း၄ယွန်တို့နှစ်ယောက် သွေး သောက်ညီအစ်ကိုဖွဲ့ကြတော့မယ် ဆိုတာပဲ။”
အားဖေသည် ဘာမှနားမလည်နိုင်တော့သော မျက်နှာထားဖြင့် မေးမြန်းလိုက် ၏။ “စန့်ကွမ်းကျင်းဟုန် ရူးများသွားပြီလား။”
လင်ရှန်းအာ-“သူမရူးပါဘူး။ သူဟာ လောင်ရှောင်း၄ယွန်နဲ့လည်း သွေးသောက် ညီအစ်ကိုမဖြစ်ချင်ဘူး။ တစ်ချိန်တည်းမှာပဲ သူပေးထားတဲ့ကတိကိုလည်း အပျက် မခံနိုင်ဘူး။ သူ့မှာဖြေရှင်းစရာတစ်နည်းပဲ ကျန်တော့တယ်။ လောင်ရှောင်း၄ယွန်ကို အပျောက်ရှင်းလိုက်ဖို့ပဲ။”
လင်ရှန်းအာက ပြုံးနေလိုက်ပြီးမှ ဆက်ပြောလိုက်သည်။ “လူသေတစ်ယောက် ဟာ အသက်ရှင်နေသူတစ်ယောက်နဲ့ ဘယ်လိုနည်းနဲ့မှ သွေးသောက်ညီအစ်ကို မဖြစ်လာနိုင်တော့ဘူးမဟုတ်လား။”
အားဖေက နှုတ်ဆိတ်ငြိမ်သက်နေလိုက်၏။
လင်ရှန်းအာ-“ဒါပေမဲ့ သူတို့နှစ်ယောက်စလုံးက လူသိရှင်ကြား ဖိတ်စာဝေပြီး ကြေငြာထားခဲ့ကြပြီးပြီဆိုတော့ လောင်ရှောင်း၄ယွန်ကို စန့်ကွမ်းကျင်းဟုန်က လက် ဖျားလေးနဲ့တောင်တို့ဖို့ မဖြစ်နိုင်တော့ဘူး။ သူ့လူတွေကိုသတ်ခိုင်းဖို့လည်း အမိန့် မပေးနိုင်တော့ဘူး။”
လင်ရှန်းအာက အံကြိတ်သံဖြင့် ပြောဆိုလိုက်သည်။ “လောင်ရှောင်း၄ယွန်ကို သတ်ဖို့ ရှင်ဟာသူများတွေအားလုံးထက် ပိုပြီးအသင့်တော်ဆုံးပဲ။”
အားဖေ-“ဘာဖြစ်လို့လဲ။”
လင်ရှန်းအာ-“ဘာဖြစ်လို့လဲဆိုတော့ ရှင်ဟာရွှေဒင်္ဂါးဂိုဏ်းနဲ့ ဘာမှမပတ်သက် လို့။ ပြီးတော့ လီဆွန်းဟွာကလည်း ရှင့်မိတ်ဆွေဖြစ်နေပြန်သေးတယ်။ လီဆွန်းဟွာ အပေါ်မှာ လောင်ရှောင်း၄ယွန် သစ္စာဖောက်ခဲ့တာ အခုဆို လူတိုင်းသိနေကြလောက် ပြီ။”
လင်ရှန်းအာက သက်ပြင်းမောကြီးချပြီးမှ တစ်လုံးချင်းပြောဆိုလိုက်လေတော့ သည်။ “အဲဒါကြောင့်မို့ လောင်ရှောင်း၄ယွန်ကို ရှင့်လက်နဲ့သတ်လိုက်မယ်ဆိုရင် အားလုံးက လီဆွန်းဟွာအတွက် ရှင်လက်စားချေတယ်လို့ပဲ ထင်သွားကြလိမ့်မယ်။ ဒီကိစ္စမှာ စန့်ကွမ်းကျင်းဟုန် ဘယ်လိုနည်းနဲ့မှ ပါဝင်ပတ်သက်ခြင်းရှိမှာမဟုတ်ဘူး လို့လည်း ထင်သွားကြလိမ့်မယ်။”
အားဖေက အေးစက်စွာပြောဆိုလိုက်သည်။ “တခြားလူတစ်ယောက်အတွက် မဟုတ်တောင်မှ လောင်ရှောင်း၄ယွန်လိုလူစားမျိုးကို အသက်ရှင်လျက် ကျုပ်မထား နိုင်ဘူး။”
လင်ရှန်းအာ-“ဘယ်လိုပဲဖြစ်ဖြစ်ပါ။ လောင်ရှောင်း၄ယွန်ကို ရှင်သတ်ပြီးတာနဲ့ စန့်ကွမ်းကျင်းဟုန်က ရှင့်ကိုသတ်လိမ့်မယ်။”
အားဖေက ဘာစကားမျှ ပြန်ပြောခဲ့ခြင်းမရှိပါ။
လင်ရှန်းအာ-“ရှင့်ကိုနှုတ်ပိတ်ဖို့ သူသတ်လိမ့်မယ်။ အဲ့ဒါတင်မကသေးဘူး၊ ရှင့် ကိုသူသတ်လိုက်ခြင်းအားဖြင့် သူ့သွေးသောက်ညီဖြစ်လာမယ့် လောင်ရှောင်း၄ယွန် အတွက် သူကပြန်လက်စားချေပေးတယ်လို့တောင် နာမည်ကောင်းယူသွားလိမ့်ဦး မယ်။”
အားဖေ၏မျက်လုံးများက လက်ထဲတွင်ကိုင်ဆောင်ထားသော ဓားကိုကြည့်နေ လိုက်တော့၏။
လင်ရှန်းအာက တုန်လှုပ်စွာ ပြောဆိုနေပြန်သည်။ “စန့်ကွမ်းကျင်းဟုန်ရဲ့သိုင်း ပညာဟာ သိပ်ကိုနက်ရှိုင်းလွန်းပြီး ပြိုင်ဘက်ကင်းအဆင့်မှာရှိနေတယ်။ ရှင်... ရှင်.. သူနဲ့ထိပ်တိုက်ရင်ဆိုင်ဖို့...”
သူမ၏စကားကို မဆုံးခင်မှာပင် အားဖေ၏ရင်ခွင်တွင်းသို့ ပြေးဝင်သွားခဲ့ပြီး တီးတိုးလေး ပြောဆိုလိုက်ပြန်သည်။ “စန့်ကွမ်းကျင်းဟုန်မရှိတုန်း ကျမတို့ထွက် ပြေးကြရအောင်လား။”
အားဖေ-“ထွက်ပြေးရမယ်...”
လင်ရှန်းအာ-“ရှင်ဘယ်တုန်းကမှ ဘာအတွက်မှ မရှောင်ထွက်သွားတတ်ဘူး ဆိုတာ ကျမသိပါတယ်။ ဒါပေမဲ့... ဒီတစ်ကြိမ်တော့... ကျမအတွက် ထွက်ပြေးကြ ရအောင်နော်။”
အားဖေ-“ကျုပ်မလုပ်နိုင်ဘူး။”
လင်ရှန်းအာ၏ စကားသံများက လွန်စွာမှပင် နူးညံ့ချိုသာလာခဲ့ပြီး မျက်ရည် စက်လက်ဖြင့် တောင်းပန်လိုက်ပြန်သည်။ “ကျမအတွက်တောင်မှ ရှင်မလုပ်ပေးနိုင် တော့ဘူးပေါ့လေ။”
သူမ၏ကြောက်မက်ဖွယ်အကောင်းဆုံး လက်နက်ကို ထုတ်သုံးခဲ့ချေပြီ။
အားဖေသည် သူမကိုမကြည့်နေပါ။ အဝေးတစ်နေရာသို့သာ အာရုံစိုက်ကြည့် နေ၏။ သူ၏စကားသံက ဖြည်းလေးစွာ ထွက်ပေါ်လာလေတော့သည်။ “မင်းအ တွက်ကြောင့်မို့လို့ ဒီလိုအလုပ်မျိုး ကျုပ်မလုပ်နိုင်တာပါ။”
လင်ရှန်းအာ-“ဘာဖြစ်လို့လဲ။”
အားဖေ-“မင်းအတွက်ကြောင့်မို့လို့ ကျုပ် ကတိမတည်တဲ့ငကြောက်တစ် ယောက်အဖြစ်မခံနိုင်ဘူး။”
လင်ရှန်းအာ-“ဒါပေမဲ့... ဒါပေမဲ့...”
လင်ရှန်းအာသည် အားဖေ၏ရင်ခွင်ထဲ၌ အတင်းတိုးဝင်လာပြီး တရှိုက်ရှိုက် ငို ကြွေးနေလေတော့သည်။
“ရှင်ဟာ သတ္တိရှိသူတစ်ယောက်ပဲဖြစ်ဖြစ်၊ ငကြောက်တစ်ယောက်ပဲဖြစ်ဖြစ် ကျမချစ်တာ ရှင့်ကိုပါ။ ရှင့်ကို ကျမရဲ့ဘေးမှာတစ်သက်လုံး ရှင်သန်နေထိုင်သွားစေ ချင်တယ်။”
အားဖေ၏အေးစက်စက်အမူအရာများက ချက်ချင်းပင် အငွေ့ပျံပျောက်ကွယ် သွားခဲ့ရလေတော့သည်။ ပြီးနောက် လင်ရှန်းအာကို နူးညံ့စွာ တီးတိုးလေးပြောလိုက် သည်။ “ကျုပ် အခုမင်းဘေးမှာရှိနေတာပဲ မဟုတ်လား။”
လင်ရှန်းအာက အငိုမတိတ်နိုင်သေးဘဲ ဆက်၍ပြောဆိုလိုက်သည်။ “တစ်ခါတ လေကျရင် ရှင့်စိတ်ထဲမှာ ဘာတွေတွေးနေလဲဆိုတာ ကျမ မသိနိုင်တော့ပါလားရှင်။”
အားဖေ-“ကျုပ်ရဲ့ယုံကြည်မှုက သိပ်ပြီးရိုးရှင်းလွန်းတယ်။ ဒါကြောင့်မို့လို့ ဒီယုံ ကြည်မှုတွေက ဘယ်တော့မှ ပြောင်းလဲသွားမှာမဟုတ်ဘူး။”
အရိုးရှင်းဆုံးအရာများသည် ပြောင်းလဲမှုအနည်းဆုံးအရာများ ဖြစ်နေရသည် မဟုတ်ပါလား။
လင်ရှန်းအာသည် အားဖေ၏ရင်ခွင်တွင်းမှ မော့ကြည့်နေပြီး မျက်ရည်စက် လက်ဖြင့် မေးမြန်းလိုက်သည်။ “ရှင့်ယုံကြည်မှုတွေက အမြဲတမ်းပဲ မပြောင်းလဲတော့ ဘူးလား။”
အားဖေ-“အမြဲတမ်းပဲ။”
သူ၏အဖြေသည် လွန်စွာမှပင် ရိုးရှင်းလှလေသည်။
လင်ရှန်းအာက မတ်တတ်ထရပ်ပြီး ပြတင်းပေါက်ရှိရာသို့ လျှောက်သွားလိုက် သည်။ အပြင်ဘက်မှ မည်သည့်အသံမျှမကြားနိုင်ပါ။ ပိုးမွှားများ၏ အော်သံများကို ပင် မကြားနိုင်ချေ။ အသက်ရှိသတ္တဝါမှန်သမျှ ဤနေရာသို့ရောက်ရှိလာပြီးသည်နှင့် ဘာတန်ဘိုးမှမရှိရတော့ဘဲ အသက်မဲ့သွားကြလေတော့သည်။
ဤနေရာဒေသတွင် သေချာသောအရာတစ်ခုတော့ ရှိနေပါသေးသည်။
“သေခြင်းတရား...”
မတ်တတ်ရပ်နေသည်ဖြစ်စေ၊ ထိုင်နေသည်ဖြစ်စေ၊ အတွင်း၌နေနေသည်ဖြစ် စေ၊ အပြင်ဘက်တွင်နေနေသည်ဖြစ်စေ သေခြင်းတရားဆိုသည်ကို ခံစားမိနိုင်ကြ မည်ဖြစ်၏။
လင်ရှန်းအာက သက်ပြင်းချပြီး ပြောဆိုလိုက်သည်။ “ကျမ ခုလေးတင်ပဲ သဘောပေါက်သွားခဲ့တာတစ်ခုရှိတယ်။ ရှင်နဲ့ လီဆွန်းဟွာတို့ရဲ့ ဆက်ဆံရေးက ကျင်းဝူမင်းနဲ့ စန့်ကွမ်းကျင်းဟုန်တို့နှစ်ယောက်ရဲ့ အချင်းချင်းဆက်ဆံရေးနဲ့တစ်ပုံ စံတည်းပဲ။”
အားဖေ-“ဟမ်...”
လင်ရှန်းအာ-“ကျင်းဝူမင်းအသက်ရှင်သန်နေရတာဟာ စန့်ကွမ်းကျင်းဟုန်ရဲ့ အလိုကျမှုတွေကို လိုက်လုပ်ပေးဖို့ပဲ။ စန့်ကွမ်းကျင်းဟုန်ကလည်း သူ့ကိုအကောင်း ဆုံး ဂရုစိုက်စောင့်ရှောက်မှုတွေ ပေးခဲ့ပါတယ်။ အခုချိန်အတိုင်ခင်လေးထိပေါ့လေ။”
သူမ၏နှုတ်ခမ်းထက်တွင် ခါးသက်စွာပြုံးလိုက်သော အပြုံးတစ်ခုထွက်ပေါ်လာ ခဲ့ပြီး ဆက်ပြောနေလိုက်ပြန်သည်။ “အခုတော့ ကျင်းဝူမင်းဟာ သူ့အတွက်ဘာမှ အသုံးမဝင်တော့ဘူးဆိုတာနဲ့ စန့်ကွမ်းကျင်းဟုန်က ခွေးလေခွေးလွင့်တစ်ကောင်လို ကန်ထုတ်တော့တာပဲ။ ကျင်းဝူမင်းအတွက် ဒီလိုမျိုးဖြစ်လာလိမ့်မယ်လို့ ဘယ်တုန်း ကမှ တွေးခဲ့မှာမဟုတ်ဘူး။”
အားဖေ-“ဒီလိုမျိုး တစ်နေ့ကျရင်ဖြစ်လာလိမ့်မယ်ဆိုတာ သူသိထားခဲ့ဖို့ကောင်း တယ်။”
လင်ရှန်းအာ-“ဒီလိုမျိုးတစ်နေ့ကျရင် ဖြစ်လာလိမ့်မယ်ဆိုတာ သူသိထားခဲ့ရင် ကော... သူ့စိတ်တွေ ပြောင်းလဲသွားမယ်လို့ ရှင်ထင်လား။”
အားဖေ-“သူစိတ်ပြောင်းသွားခဲ့မှာမဟုတ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူ့မှာရွေး ချယ်ခွင့်မရှိလို့ပဲ။”
လင်ရှန်းအာ-“လီဆွန်းဟွာကလည်း ရှင့်ကိုအကောင်းဆုံးဆက်ဆံခဲ့တယ်နော်။ ဘာဖြစ်လို့လဲဆိုတော့ ရှင်ဟာ သူ့အတွက်တစ်ဦးတည်းသော အထောက်အကူဖြစ် နေလို့ပဲ။ ရှင်သာ ကျင်းဝူမင်းလိုဖြစ်သွားခဲ့မယ်ဆိုရင် လီဆွန်းဟွာက ရှင့်ကို စန့်ကွမ်းကျင်းဟုန်က ကျင်းဝူမင်းကိုဆက်ဆံသလို မဆက်ဆံနိုင်ဘူးလို့ ရှင်ပြော နိုင်မလား။”
အတန်ကြာသည်ထိ အားဖေထံမှ မည်သည့်စကားသံမျှ မထွက်ပေါ်လာခဲ့ပါ။ ပြီးမှ အားဖေက ရုတ်တရက်ပြောဆိုလိုက်သည်။ “မင်းဒီဘက်ကို လှည့်လာခဲ့ပါ။”
ထိုစကားကို အားဖေသည် ဖြည်းညင်းစွာ ပြောဆိုလိုက်ခြင်းဖြစ်သော်လည်း စကားသံသည် လွန်စွာမှ မာန်ပါလှသည်။
လင်ရှန်းအာကို သူဘယ်တုန်းကမှ ဤကဲ့သို့ မာမာထန်ထန် မပြောဆိုခဲ့ဖူးချေ။
လင်ရှန်းအာသည် ပြတင်းပေါက်ဘောင်ကို လက်ဖြင့်ဆုပ်ကိုင်ထားရာမှ နောက် သို့လှည့်မကြည့်ဘဲ မေးမြန်းလိုက်သည်။ “ကျမ ရှင့်ဘက်ကိုလှည့်လာရမယ်။... ဘာ အတွက်လဲ။”
အားဖေ-“ဘာဖြစ်လို့လဲဆိုတော့ မင်းနားလည်အောင် ရှင်းပြစရာအချက်နှစ် ချက် ပြောချင်လို့။”
လင်ရှန်းအာ-“ကျမလှည့်မကြည့်ဘဲလည်း ကောင်းကောင်းကြီးကြားနေရသား ပဲ။”
အားဖေ-“ဘာဖြစ်လို့လဲဆိုတော့ မင်းကျုပ်ကိုကြည့်ပြီးမှ နားထောင်စေချင်လို့။ တချို့စကားတွေဟာ နားနဲ့နားထောင်ရုံနဲ့မလုံလောက်သေးဘူး၊ မျက်စိနဲ့လည်း နားထောင်တတ်ရတယ်။ မဟုတ်ရင် ပြောတဲ့စကားရဲ့အဓိပ္ပါယ်ကို မင်းအပြည့်အဝ နားလည်နိုင်မှာမဟုတ်တော့ဘူး။”
လင်ရှန်းအာသည် ပြတင်းပေါက်ဘောင်ကို တင်းကြပ်စွာဆုပ်ကိုင်ထားခဲ့ပြီးမှ ဖြည်းဖြည်းလေး လှည့်လာခဲ့တော့၏။
အားဖေ၏မျက်လုံးများကို တွေ့လိုက်ပြီးမှ အားဖေပြောမည့်စကား၏ လေးနက် မှုကို လင်ရှန်းအာ သိရှိလိုက်ရလေတော့သည်။
အားဖေ၏ မျက်လုံးများက စန့်ကွမ်းကျင်းဟုန်၏ မျက်လုံးများကဲ့သို့ ရုတ်ချည်း ပြောင်းလဲသွားခဲ့ကြသည်။
လူတစ်ယောက်၏အကြည့်များက ထိုပုံစံရှိနေသည်ဆိုလျှင် ထိုသူပြောမည့် စကားကို ဘာပဲဖြစ်ဖြစ် သင် နားထောင်ရပေမည်။ မလိုက်နာ၍လည်းမရပါ။
မဟုတ်ပါက သင့်ဘဝတွင် အလွန်နောင်တရစရာများနှင့် ကြုံတွေ့ရမည်ဖြစ် လေသည်။
ထိုအချိန်ခဏလေးတွင်းမှာပင် လင်ရှန်းအာ တစ်စုံတစ်ခုကို နားလည်သွားတော့ သည်။
အားဖေသည် သူမ၏ စိုးမိုးချယ်လှယ်မှုအောက်တွင် ရှိနေသည်... သူမ၏စကား မှန်သမျှ အားဖေက နားထောင်လိမ့်မည်ဟု ထင်ထားခဲ့သောအတွေးများ ရုတ်ချည်း ပင် ကွယ်ပျောက်သွားခဲ့ရတော့၏။ လင်ရှန်းအာ အားဖေကို လျှော့တွက်ခဲ့လေသည် တကား။
အားဖေသည် သူမကို စွဲစွဲလန်းလန်း ချစ်မြတ်နိုးပါသည်။
သို့သော် ယောက်ျားတစ်ယောက်၏ဘဝတွင် အချစ်ဆိုသည်ထက် ပို၍အရေး ကြီးသော အခြားအရာများ ရှိနေသေး၏။ အသက်ရှင်သန်ရေးထက်ပင် ပို၍အရေး ကြီးသောအရာများ ရှိနေတတ်ပါသေးသည်။
အားဖေသည် လင်ရှန်းအာပြောခဲ့သမျှကို အားလုံးနားထောင်ခဲ့ပါသည်။ အဘယ်ကြောင့်ဆိုသော် လင်ရှန်းအာထံ၌ ဤသို့သော အတွေးအခေါ်များရှိနေ လိမ့်မည်ဟု မထင်ထားခဲ့သောကြောင့်ဖြစ်လေသည်။
လင်ရှန်းအာသည် အားဖေကို သူမအတွက် သေခိုင်းဆိုလျှင် အားဖေက သေပေး လိမ့်မည်ဖြစ်သည်။ သို့သော် ယခုလိုမျိုးအခြေအနေမျိုးတော့မဟုတ်။
လင်ရှန်းအာက ပြုံးပြီးမေးမြန်းလိုက်သည်။ “ရှင် ကျမကို ပြောစရာရှိတယ်ဆို။ ဘာပြောမလို့လဲ။ ကျမ နားထောင်နေပါတယ်။”
သူမ၏အပြုံးသည် လွန်စွာမှ ချိုသာစွာပြုံးထားသော အပြုံးတစ်ခုဖြစ်သော် လည်း ဟန်လုပ်ပြုံးနေခြင်းဖြစ်ကြောင်း ကြည့်လိုက်သည်နှင့် သိနိုင်၏။
အားဖေ-“ကျုပ် မင်းကိုနားလည်စေချင်တာက လီဆွန်းဟွာ ဆိုတာ ကျုပ်ရဲ့မိတ် ဆွေ။ သူ့ကို ဘယ်သူက စော်ကားတာမှ ကျုပ်သည်းခံမှာမဟုတ်ဘူး။ ဘယ်သူမှ စော်ကားလို့မရဘူး။”
လင်ရှန်းအာက ခေါင်းငုံ့ထားလိုက်၏။ “ပြီးတော့ကော...”
အားဖေ-“မင်း ခုနလေးကပြောသွားတဲ့စကားအရ မင်းကျုပ်ကိုလျှော့တွက်ထား ခဲ့သလို ကျင်းဝူမင်းကိုလည်း လျှော့တွက်ထားခဲ့တယ်။”
လင်ရှန်းအာသည် လွန်စွာမှ အံ့အားသင့်သွားခဲ့ရလေသည်။ “ကျင်းဝူမင်းကို... ဟုတ်လား။”
အားဖေ-“သူထွက်သွားခဲ့တယ်ဆိုတာ သူ့သဘောနဲ့သူထွက်သွားခဲ့တာ။ ဘယ် သူ့မောင်းထုတ်မှုကြောင့်မှ မဟုတ်ဘူး။”
လင်ရှန်းအာ-“ကျမ နားမလည်နိုင်တာက...”
အားဖေက ဖြတ်ပြောလိုက်သည်။ “မင်းနားလည်စရာ မလိုဘူး။ မင်းအမှတ်ရ နေဖို့ပဲ လိုတယ်။”
လင်ရှန်းအာက ခေါင်းကိုဖြည်းလေးစွာငုံ့ထားပြီး တိုးတိုးလေးပြောဆိုလိုက် သည်။ “ရှင်ပြောခဲ့တာတွေ တစ်လုံးမကျန် ကျမမှတ်ထားပါ့မယ်။ ရှင်လည်း ကိုယ် ပြောခဲ့တဲ့စကားကို အမှတ်ရနေသေးမယ်လို့ ကျမမျှော်လင့်ပါတယ်။ ရှင်ပြောခဲ့တယ် လေ... ကျမအပေါ်ထားတဲ့ ရှင့်ရဲ့သဘောထားကို ဘယ်တော့မှ မပြောင်းလဲဘူးဆို တာ...”
အားဖေသည် သူမ၏မျက်လုံးများကို စိုက်ကြည့်နေ၏။ အကြာကြီးစိုက်ကြည့် နေ၏။
သူ၏နှလုံးသားသည် ရေခဲတောင်တစ်ခုလိုဖြစ်သည်။ အရည်ပျော်ကျနေသော ရေခဲတောင်တစ်ခုလိုမျိုးဖြစ်သည်။
အားဖေသည် လင်ရှန်းအာရှိရာနေရာသို့ လျှောက်လှမ်းလာ၏။ သူမ၏ခန္ဓာ ကိုယ်မှ ဆွဲအားတစ်ခု သူ့ကိုဆွဲယူထားသည်ဟု ခံစားနေရသည်။ အားဖေသည် မိမိ ကိုယ်ကို စိတ်မထိန်းနိုင်တော့မှန်း သိရှိခံစားလိုက်ရလေတော့သည်။
လင်ရှန်းအာသည် အားဖေ၏ဖက်ထားမှုမှ ရုန်းထွက်လိုက်ပြီး ခပ်မာမာထန်ထန် ပြောဆိုလိုက်သည်။ “ဒီနေ့တော့ မဟုတ်ဘူး။”
အားဖေ၏ ခန္ဓာကိုယ်က ရုတ်တရက် အေးခဲသွားလေတော့သည်။
လင်ရှန်းအာသည် တခစ်ခစ်ရယ်မောနေပြီး ပြောဆိုလိုက်သည်။ “ဒီနေ့ ရှင် ကောင်းကောင်းအနားယူမှရမယ်။ သွား မြန်မြန်သွားအိပ်တော့။ ကျမ ရှင်အိပ်ပျော် နေချိန်မှာ ဘေးနားမှာ ထိုင်စောင့်ပေးနေမယ်။ ဟုတ်ပြီလား။”
+++++
စန့်ကွမ်းကျင်းဟုန်သည် ခပ်မတ်မတ် ရပ်နေ၏။ သူသည် တံခါးဝသို့သာ စိုက် ကြည့်နေလေသည်။ သူ တစ်စုံတစ်ယောက်ကို စောင့်နေခြင်းဖြစ်၏။
သူမည်သူ့ကို ဘာအတွက်ကြောင့် စောင့်ဆိုင်းနေသနည်း။
အပြင်ဘက်မှ တံခါးစောင့်များမရှိကြတော့ပါ။ စန့်ကွမ်းကျင်းဟုန်က သူတို့ကို တာဝန်ချိန်မှ အနားပေးခဲ့သောကြောင့်ဖြစ်သည်။ “လူတစ်ယောက် ဒီနေ့ ကျုပ် အခန်းကို လာလိမ့်မယ်။ ဘယ်သူ့အနှောင့်အယှက်မှ ကျုပ် မမြင်ချင်ဘူး။”
သူ မည်သူ့ကို စောင့်ဆိုင်းနေသနည်း။
ဘယ်အတွက်ကြောင့် ထိုသူ့ကို စန့်ကွမ်းကျင်းဟုန် စိတ်ဝင်စားစွာ စောင့်ဆိုင်း နေရသနည်း။
စန့်ကွမ်းကျင်းဟုန် ပြုလုပ်သည့်အရာမှန်သမျှသည် ရည်ရွယ်ချက်ရှိရှိဖြင့် ပြုလုပ်ခဲ့သည်ချည်းပင်။ ဤတစ်ကြိမ်ကော သူ့ထံ၌ မည်သည့်ရည်ရွယ်ချက်ရှိနေ သနည်း။
+++++
ညဉ့်နက်ပေပြီ။ ညဉ့်နက်လာသည်နှင့်အမျှ ပို၍ပင် တိတ်ဆိတ်လာ၏။
အားဖေ၏ မျက်လုံးများ ပိတ်ထား၏။ သူ၏အသက်ရှူသံများက ဖြည်းဖြည်း နှင့် မှန်လာ၏။ သူ့ကိုကြည့်ရသည်မှာ ကောင်းစွာအိပ်မောကျနေပုံရသည်။
တကယ်တမ်းတော့ သူကောင်းစွာနိုးကြားနေပါသည်။ ဤမျှလောက်နိုးကြားနေ ခြင်း သူ့ဘဝတွင် တစ်ခါမှမရှိခဲ့ဖူးချေ။
နိုးကြားနေနိုင်ရန် ဘာမှပြဿနာကြီးကြီးမားမားမရှိခဲ့ဖူးပါ။ အဘယ်ကြောင့်ဆို သော် သူအရမ်းပင်ပန်းသည့်အချိန်များတွင်ပင် အိပ်ပျော်ရန် အတော်လေးကြိုးစား ယူခဲ့ရလေသည်။ သို့သော် လင်ရှန်းအာနှင့် အတူတူနေခဲ့စဉ် ၂ နှစ်ဆိုသောကာလအ တွင်း ခေါင်းအုံးပေါ်ခေါင်းချလိုက်သည်နှင့် တုံးခနဲ သူအိပ်ပျော်သွားတတ်လေ သည်။
သို့သော် ယခု သူမအိပ်နေပါ။
သူ့ဘေးနားတွင် အိပ်ပျော်နေသော လင်ရှန်းအာထံမှ အိပ်မောကျသံများ မှန်မှန် ထွက်ပေါ်လာ၏။ အားဖေအတွက် တစ်ဘက်သို့လှည့်လိုက်သည်နှင့် သူမ၏နွေး ထွေးနူးညံ့သော ခန္ဓာကိုယ်လေးကို ဖက်ခွထား၍ရ၏။
သို့သော် အားဖေသည် ထိုခံစားချက်များကို ဇွတ်ကြိတ်မှိတ် မျိုသိပ်ထားရလေ သည်။ လင်ရှန်းအာကိုပင် သူလှည့်မကြည့်ခဲ့ပါ။ သူမကို မြင်တွေ့လိုက်ရသည်နှင့် သူ၏ စိတ်ထိန်းချုပ်နိုင်မှုများ ပြိုကွဲသွားမည်စိုး၍ဖြစ်သည်။
လင်ရှန်းအာသည် သူ့ကိုယုံကြည်မှုအပြည့်ထားရှိသည်။ သူ့အနေနှင့် ထိုယုံ ကြည်မှုကို အလွဲသုံးစားမလုပ်နိုင်ပါ။
သူမ၏ ချိုမြိန်သော အာငွေ့များကို သူခံစားနေရ၏။ အားဖေသည် သူ၏စိတ် ကို အတင်းချုပ်တည်းထားပြီး ထွက်ပေါ်လာသော စိတ်ရိုင်းစိတ်မိုက်များကို ချွန်း အုပ်နေရလေသည်။
ဤနှိပ်စက်မှုက မည်သည့်နှိပ်စက်မှုနှင့်မျှမတူ။ အလွန်ခံစားရခက်လှသည်။
ရမ္မက်ဆိုသည်မှာ တဝုန်းဝုန်းရိုက်ခတ်လာသော လှိုင်းလုံးများနှင့်တူသည်။ ခဏ လေးတွင် ငြိမ်သက်နေတတ်ပြီး နောက်ခဏတွင်တော့ ရှိသမျှအား ပြင်းပြင်းဖြင့် ကမ်းခြေကို ဝင်ရိုက်ဆောင့်တတ်သည့် လှိုင်းလုံးများလို ခန့်မှန်းရခက်လှသည်။
ထိုရမ္မက်ဆိုသည်နှင့် အားဖေ နဘန်းလုံးသတ်ပုတ်နေရ၏။ အကြော်အိုးထဲမှ ငါးတစ်ကောင်၏ဘဝကို သူရုတ်တရက် တွေးမိလာ၏။
သူမည်သို့ အိပ်ပျော်နိုင်ပါ့မည်နည်း။
လင်ရှန်းအာ၏ အသက်ရှူသံများက ပို၍ပင် လေးလံလာကြသည်။ သို့သော် သူမ၏ မျက်လုံးများ ရုတ်တရက်ပွင့်လာခဲ့ကြလေသည်။
အမှောင်ထုထဲမှ သူမ၏လှပလွန်းသောမျက်လုံးများက အားဖေကို စူးစူးစိုက် စိုက် ကြည့်နေလိုက်သည်။
အားဖေ၏ ဆံနွယ်စများက ရှုပ်ပွနေပြီး နဖူးပေါ်တွင်ဝဲကျနေ၏။ အားဖေ အိပ် ပျော်နေပုံမှာ အပြစ်ကင်းသော ကလေးတစ်ယောက် အိပ်မောကျနေပုံနှင့်တူသည်။
အားဖေ၏မျက်တောင်မွှေးများက အတော်လေးရှည်လျားလှကြောင်း လင်ရှန်း အာ သတိထားမိသွား၏။ ထိုမျက်တောင်မွှေးများကို သူမ၏လက်ချောင်းများဖြင့် ပွတ်သပ်ပေးချင်လာလေတော့သည်။
ထိုအချိန်လေး၌ သူမသာ အားဖေ၏မျက်တောင်မွှေးများကို ပွတ်သပ်ကိုင်တွယ် ခဲ့မည်ဆိုပါက အားဖေသည် သူမအတွက် တစ်သက်လုံးကျိုးနွံသွားပေလိမ့်မည်။ အရာအားလုံးကို စွန့်လွှတ်ပြီး သူမစေခိုင်းရာမှန်သမျှ၊ သူမစိတ်ဆန္ဒလိုအပ်သမျှ လိုက်လျောဖြည့်ဆီးပေးရန် အားဖေ ဆုံးဖြတ်ထား၏။
ထိုခဏလေးသောအချိန်လေးအတွင်း၌ လင်ရှန်းအာ၏အကြည့်များက အနူးညံ့ ဆုံး၊ အသိမ်မွေ့ဆုံးအကြည့်များအဖြစ် ပြောင်းလဲသွားကြသည်။ သို့သော် ခဏလေး သာဖြစ်လေသည်။ သူမ၏လက်ကို ပြန်ရုတ်လိုက်၏။ သူမ၏နူးညံ့သိမ်မွေ့သော လက်ချောင်းလေးများက ရေခဲတုံးလို မာကျောအေးစက်သွားခဲ့လေတော့သည်။
လင်ရှန်းအာက တိုးတိုးလေးကပ်ပြောလိုက်သည်။ “ရှောင်းဖေ... အိပ်ပျော်နေပြီ လား။”
အားဖေက ဘာမှပြန်မပြောခဲ့ပါ။ သူ၏မျက်လုံးများကို ဖွင့်ကြည့်ခြင်းလည်းမရှိ ခဲ့ပါ။
သူမကြည့်ရဲခြင်းသာဖြစ်၏။
သူ့စိတ်မထိန်းနိုင်မည်ကို စိုးရွံ့၍ဖြစ်သည်။
လင်ရှန်းအာသည် အတန်ကြာမျှ စောင့်ကြည့်နေသေး၏။ ပြီးနောက် ခုတင်ပေါ် မှ ရုတ်တရက် တိတ်ဆိတ်စွာဆင်းသွားခဲ့ပြီး ဖိနပ်ကိုကောက်ယူလိုက်သည်။
ဖိနပ်ကိုလက်ထဲတွင်ကိုင်ထားပြီး အခန်းတံခါးကို အသံမကြားအောင် တိုးတိုး လေးဖွင့်ပြီး အပြင်ဘက်သို့ ထွက်သွားလေတော့သည်။
ညဉ့်နက်အချိန်ကြီး သူမ မည်သည့်နေရာသို့ သွားနေသနည်း။
အားဖေသည် သူ၏နှလုံးသားကို အပ်ဖျားလေးဖြင့် ခပ်ဆွဆွလေးထိုးစိုက်လိုက် သလို ခံစားလိုက်ရသည်။
“သင်မသိသောအရာများအတွက် သင်စိတ်အနှောင့်အယှက်ဖြစ်ရမည်မဟုတ်ပါ။ လောကကြီးရှိ အချို့အရာများသည် ကျုပ်တို့အတွက် မသိလေကောင်းလေဖြစ်၏။”
ထိုအဆိုအမိန့်ကို အားဖေ ကောင်းစွာနားလည်ပါသည်။ အမှန်တရားဆိုသည် မှာ ရက်စက်လွန်းလှပြီး နာကျင်စွာခံစားရမည်ဆိုသည်ကို သူသိနေပါသည်။
သို့သော် သူ့စိတ်ကိုသူမထိန်းထားနိုင်တော့ပါ။
+++++
တံခါးပွင့်သွားသည်။
စန့်ကွမ်းကျင်းဟုန်၏မျက်နှာတွင် ဝင်းပစွာပြုံးနေသောအပြုံးတစ်ခုကို မြင်တွေ့ ရမည်ဖြစ်သည်။
သူသည် ပြုံးနေချိန်တွင် အခြားအချိန်များထက်ပို၍ပင် စွဲဆောင်မှုအားကောင်း သူဖြစ်သည်။
လင်ရှန်းအာ တံခါးဖွင့်ပြီး ဝင်ရောက်လာလေသည်။ ပြီးနောက် စန့်ကွမ်းကျင်း ဟုန်၏ပေါင်ပေါ်တွင် တက်ထိုင်နေပြီး လက်ထဲမှဖိနပ်ကို အောက်သို့ပစ်ချလိုက် သည်။
သူမသည် စန့်ကွမ်းကျင်းဟုန်၏ ရင်ခွင်ထဲမှ မော့ကြည့်နေပြီး သက်ပြင်းချကာ ပြောဆိုလိုက်သည်။ “ကျမလာလိမ့်မယ်ဆိုတာ ရှင်သိထားပြီးနေပြီပေါ့လေ။”
စန့်ကွမ်းကျင်းဟုန်က ခေါင်းညိတ်ဖြေဆိုလိုက်သည်။
လင်ရှန်းအာသည် နှုတ်ခမ်းများကို ဖိကိုက်ထားပြီး ပြောဆိုနေ၏။ “ဒီကို ဘာ ဖြစ်လို့ထွက်လာခဲ့မှန်း ကျမကိုယ်တောင်ကျမ မသိတော့ဘူး။”
စန့်ကွမ်းကျင်းဟုန်-“ဘာလို့လဲဆိုတာ ကျုပ်သိတယ်။”
လင်ရှန်းအာ-“ရှင်က ဘာသိထားတာလဲ။”
စန့်ကွမ်းကျင်းဟုန်-“မင်းဒီကိုလာခဲ့တာ ဘာဖြစ်လို့လဲဆိုတော့ အားဖေဟာ မင်းထင်ထားသလို ယုံကြည်စိတ်ချလို့ရနိုင်မယ့်လူတစ်ယောက်မဟုတ်ဘူးဆိုတာ သိလိုက်ရလို့မဟုတ်လား။ မင်းယုံကြည်စိတ်ချနိုင်တဲ့လူ လောကကြီးထဲမှာ ကျုပ် တစ်ယောက်ပဲရှိတော့တယ် မဟုတ်လား။”
လင်ရှန်းအာ-“ရှင်... ရှင်... ကျမ ရှင့်ကို စိတ်ချယုံကြည်နိုင်တယ်ပေါ့လေ။”
စန့်ကွမ်းကျင်းဟုန်က ရယ်မောပြောဆိုလိုက်သည်။ “အဲ့ဒီမေးခွန်းက မင်းကိုယ် မင်း ပြန်မေးရမယ့်မေးခွန်းပါကွာ။”
လောကကြီးတွင် လုံးဝဥဿုန်ယုံကြည်စိတ်ချနိုင်သော ယောက်ျားတစ်ယောက် မျှ မရှိပါ။
မိန်းမတစ်ယောက်၏ အပြုစုအယုယများပေါ်တွင် မူတည်ပြီး ယောက်ျားတစ် ယောက်သည် အတိုင်းအတာတစ်ခုထိသာ ယုံကြည်စိတ်ချ၍ရပေသည်။
ထိုအချက်ကို လင်ရှန်းအာ ကောင်းစွာနားလည်ပါသည်။
သူမက ရယ်မောပြောဆိုလိုက်၏။ “ရှင်ဟာတကယ့်ကို ယုံကြည်စိတ်ချလို့ ရမယ့်လူတစ်ယောက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ ကျမရှင့်အပေါ်မှာ အတတ်နိုင်ဆုံး တာဝန်ကျေရပါစေ့မယ်။”
သူမ၏မျက်လုံးများမှ စတင်၍ရယ်မောနေ၏။
ပြီးနောက် သူမ၏လက်များ၊ ခါးသိမ်သိမ်လေး၊ ပြီးနောက် သူမ၏ပေါင်တံရှည် ရှည်များ......
သူမသည် ဆုံးဖြတ်ချက်တစ်ခုကို ယတိပြတ်ဆုံးဖြတ်ထားပုံရသည်။ သူမဘက် က ဘာပဲပေးဆပ်ရ ပေးဆပ်ရ ဤယောက်ျားကို မရရအောင် သိမ်းသွင်းမည်ဟု ဆုံးဖြတ်ထားပုံရသည်။
တိုတောင်းလွန်းသော အချိန်တိုလေးအတွင်း၌ သူမ၏ အစွမ်းထက်ဆုံးသော လက်နက်ကို ထုတ်သုံးလိုက်လေတော့သည်။
ယောက်ျားတစ်ယောက်၏ မျက်လုံးထဲ၌ ကိုယ်လုံးတီးမိန်းမတစ်ယောက် လောက်စွဲဆောင်မှုကောင်းသောအရာ လောကကြီးထဲတွင် မရှိနိုင်တော့ပေ။ ထို့ပြင် ဤမိန်းမသည် သာမန်မိန်းမပျိုတစ်ယောက်လည်းမဟုတ်ပြန်၊ လင်ရှန်းအာဖြစ်၏။
ထူးဆန်းလှစွာပင် စန့်ကွမ်းကျင်းဟုန်၏မျက်လုံးများက တံခါးဝသို့သာအာရုံ စိုက်နေကြသည်။
သူ့ပုံစံကိုကြည့်ရသည်မှာ တံခါးပေါက်ကြီးသည် သူ့ရှေ့တွင် ကိုယ်လုံးတီးဖြစ် နေသော လင်ရှန်းအာထက်ပင် ပိုပြီးစွဲဆောင်မှုကောင်းနေပုံရသည်။
လင်ရှန်းအာသည် တပ်မက်စွာရှိုက်ငင်နေရာမှ အသက်ပြင်းစွာရှူပြီး ပြောဆိုနေ ၏။ “ကျမကို... ကျမကို... ဖက်ထားပါရှင်... ကျမ.. ကျမ တောင့်မခံနိုင်တော့ဘူး။”
စန့်ကွမ်းကျင်းဟုန်သည် လင်ရှန်းအာကို ထွေးဖက်ထားလိုက်၏။ သို့သော် သူ၏ မျက်လုံးများက တံခါးပေါက်ကို စူးစိုက်စွာ ကြည့်နေဆဲပင်ဖြစ်သည်။
‘ဝုန်း’
တံခါးသည် ရုတ်တရက် ကျိုးပဲ့သွားခဲ့လေသည်။
လူတစ်ယောက် အခန်းတွင်းသို့ လျင်မြန်စွာ ဝင်ရောက်လာခဲ့၏။ မီးတောက် လောင်နေသော ဘောလုံးတစ်လုံးလို လိမ့်ဝင်လာခဲ့၏။
ဒေါသမီးများလောင်ကျွမ်းနေ၏။
အားဖေ...
အားဖေမည်မျှ စိတ်ဆိုးဒေါသထွက်နေသနည်းဆိုသည်ကို မည်သူမျှ မသိနိုင်။ မည်သူမျှ မခန့်မှန်းနိုင်။
စန့်ကွမ်းကျင်းဟုန်၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ရိပ်ခနဲထွက်ပေါ်လာ၏။
အားဖေ လိုက်လာလိမ့်မည်ဟု သူတွေးထင်ထားခဲ့လေသလော။
အားဖေသည် သူ့ကိုပင်မမြင်နိုင်တော့ပါ။
သူမည်သူ့ကိုမျှမမြင်နိုင်တော့ပါ။ သူမြင်တွေ့နေသည့် တစ်ခုတည်းသောအရာ သည် အိပ်မက်ဆိုးတစ်ခုသာဖြစ်၏။
သူ၏ခန္ဓာကိုယ်တစ်ခုလုံး သွက်သွက်ခါအောင် လှုပ်ရမ်းနေရ၏။
လင်ရှန်းအာသည် မျက်တောင်များပင်မခတ်ခဲ့ချေ။ စန့်ကွမ်းကျင်းဟုန်၏ လည် ပင်းကို မှီတွယ်တွဲခိုထားဆဲရှိနေ၏။
လင်ရှန်းအာက အေးစက်စွာပြောဆိုလိုက်သည်။ “ဒီနေရာမှာရှိတဲ့လူတွေ အခန်း ထဲကိုဝင်လာရင် ဒီလိုပဲ တံခါးမခေါက်ဘဲ ဝင်လာတတ်ကြလား။”
အားဖေသည် လက်သီးဆုပ်ပြီး နံရံကို ထိုးချလိုက်သည်။
နံရံသည် သံမဏိနံရံဖြစ်လေသည်။
အားဖေ၏လက်သီးမှ သွေးများယိုစီးကျလာသည်။ နာကျင်မှုကြောင့် သူ့ခန္ဓာ ကိုယ်တစ်ချက်မျှ တုန်သွားခဲ့ရပြီး နှုတ်ခမ်းများက ခြောက်သွေ့ဖြူရော်သွားခဲ့ရလေ သည်။
လောကကြီးထဲ၌ရှိသော မည်သည့်နာကျင်မှုကများ သူ့နှလုံးသားထဲတွင်ခံစား နေရသော နာကျင်မှုကို ယှဉ်နိုင်ပါမည်နည်း။
လင်ရှန်းအာက တခစ်ခစ်ရယ်မောနေ၏။ “ကြည့်ရတာ ဒီလူဟာ အရူးတစ် ယောက်နဲ့တူတယ်။”
အားဖေထံမှ ကျယ်လောင်သော ဟိန်းသံကြီးထွက်ပေါ်လာလေတော့သည်။ “ဪ... မင်းကဒီလိုမျိုး မိန်းမစားကိုး...”
လင်ရှန်းအာက သက်သက်သာသာပင် ပြန်ဖြေဆိုလိုက်သည်။ “ရှင်မသိဘူး လား။ ကျမက အမြဲတမ်းပဲ ဒီလိုမျိုးမိန်းမစားဆိုတာ ရှင်တကယ်မသိခဲ့ဘူးလား။ ကျမ ဘယ်တုန်းကမှ မပြောင်းလဲခဲ့ဘူး။ ရှင်လုံးဝမသိခဲ့တာဘာကြောင့်လဲသိလား။ ရှင်ဟာ သိပ်ကိုနုံတဲ့ ငတုံးတစ်ယောက်ဖြစ်နေခဲ့လို့ပဲ။”
သူမသည် အေးစက်စွာရယ်မောပြီး ဆက်ပြောနေလိုက်သည်။ “ရှင်သာနည်း နည်းလေး စဉ်းစားတွေးခေါ်တတ်မယ်ဆိုရင် ဒီနေရာကို လာခဲ့မှာမဟုတ်ဘူး။”
အားဖေ-“အခု ကျုပ်ရောက်လာခဲ့ပြီးပြီပဲ။”
လင်ရှန်းအာသည် စူးရှစွာ မေးမြန်းလိုက်သည်။ “ရှင်ရောက်လာတော့ကော ဘာ လုပ်ရဦးမှာလဲ။ ရှင်က ကျမကို အော်ဟစ်ဆူဆဲဦးမယ်ပေါ့။ ရှင်နဲ့ကျမနဲ့ ဘာများ ပတ်သက်လို့လဲ။ ကျမရဲ့ကိစ္စမှန်သမျှမှာ ရှင်ဝင်စွက်ဖက်လောက်ရအောင် ရှင်နဲ့ဘာ ဆိုင်လဲ။ ကျမလုပ်သမျှအလုပ်တွေကို ရှင့်ကိုသံတော်ဦးတင်ရဦးမှာလား။”
အားဖေ၏မျက်လုံးများထဲ၌ မျက်ရည်များစိုစွတ်လာသကဲ့သို့ထင်ရသော်လည်း ထိုမျက်ရည်စက်များသည် ချက်ချင်းပင် အေးခဲသွားပုံလည်းရသည်။
သူ၏မျက်လုံးများက လူသေကောင်မျက်လုံးများအဖြစ်သို့ ရုတ်ချည်းပြောင်းလဲ သွားခဲ့ရတော့သည်။
မျှော်လင့်ချက်ကင်းမဲ့သော မျက်လုံးသေများဖြစ်သွားလေသည်။ ကျင်းဝူမင်း၏ မျက်လုံးအရောင်နှင့် ဆင်တူလွန်းလှသည်။
ထိုအချိန်ခဏလေး၌ပင် သူ့မှာကျန်ရှိနေသော နောက်ဆုံးသွေးမျက်ရည်ကို ထုတ်သုတ်လိုက်ပုံရသည်။ ထိုအချိန်ခဏလေးအတွင်းမှာပင် သူ့ခန္ဓာကိုယ်ထဲမှ သူ၏ ဝိဉာဉ်သည်လည်း ထွက်ခွာသွားပုံရသည်။
အားဖေ၏ပုံစံသည် တဖြည်းဖြည်းနှင့် လူသေတစ်ယောက်ကဲ့သို့ဖြစ်လာလေ တော့သည်။
“ကျုပ်မလာခဲ့သင့်ဘူး။ ကျုပ်ဒီနေရာကို လုံးဝမလာခဲ့သင့်ဘူး။”
သူမလာခဲ့သင့်မှန်း သိနေပါလျက် ဘာဖြစ်လို့များ သူရောက်လာခဲ့ရသနည်း။
လူသားတို့သည် မိမိကိုယ်ကိုနစ်နာစေမည့်အရာတို့ကို သိသိကြီးနှင့်ပင် ပြုလုပ် တတ်ကြသည်မဟုတ်ပါလား။...
0 comments:
Post a Comment