Wednesday, March 9, 2011

(၆၄) ပြဿနာများ၏ဇစ်မြစ်

လင်ရှီးယင်အကြောင်းစဉ်းစားမိလိုက်သည်နှင့် လီဆွန်းဟွာ၏ နှလုံးသားက နာကျင်လာခဲ့ရတော့သည်။

သို့သော် လင်ရှီးယင်ကို သွားရှာစရာလိုအပ်သည်ဟု သူမထင်ထားပါ။ လောင် ရှောင်း၄ယွန် ပြန်ရောက်လာပြီဖြစ်သောကြောင့် သူမကို လောင်ရှောင်း၄ယွန်က ကောင်းမွန်စွာ စောင့်ရှောက်ထားပေလိမ့်မည်။ လောင်ရှောင်း၄ယွန်၏စိတ် ပြောင်း လဲသွားခဲ့သော်လည်း လင်ရှီးယင်အပေါ်ထားရှိသော သဘောထား ပြောင်းလဲသွား မည်ဟုတ်မှန်း လီဆွန်းဟွာ သိနေပါသည်။

လင်ရှီးယင်အပေါ်တွင် လောင်ရှောင်း၄ယွန်သစ္စာရှိနေသရွေ့ ဖြစ်ပျက်ခဲ့သမျှ အားလုံးကို လီဆွန်းဟွာ သင်ပုန်းခြေခွင့်လွှတ်နိုင်ပါသည်။

+++++


ဤအချိန်တွင် လောင်ရှောင်း၄ယွန်၏ ပျော်ရွှင်နေမှုမှာ မည်သို့ဖော်ပြရမည်မှန်း မသိနိုင်ဖြစ်နေရ၏။

နောက်ရက်အနည်းငယ်ဆိုလျှင် ရွှေဒင်္ဂါးဂိုဏ်း၏ ဒုဂိုဏ်းချုပ်ရာထူးကို သူ ဆက်ခံတော့မည်မဟုတ်ပါလား။ စန့်ကွမ်းကျင်းဟုန်လို ဩဇာအာဏာအကြီးမားဆုံး ပုဂ္ဂိုလ်တစ်ဦး၏ သွေးသောက်ညီဆိုသော ဂုဏ်ထူးကြီးသည် သူ့ကိုအလွန်စိတ်လှုပ် ရှားပျော်ရွှင်စေလေသည်။


လောင်ရှောင်း၄ယွန် မည်မျှပျော်ရွှင်နေသနည်းဆိုသည်ကို သူ့သားဖြစ်သူ၏မျက် နှာအမူအရာကို ကြည့်ခြင်းအားဖြင့်ပင် သိနိုင်လေသည်။

သို့သော် သူ့အတွက်ဝမ်းမသာပေးနိုင်သည့် တစ်ဦးတည်းသောသူမှာ သူ၏ဇနီး ဖြစ်၏။

“သူဘာဖြစ်လို့ ငါနဲ့အတူတူလိုက်မလာရတာလဲ။”

“ဘာဖြစ်လို့ ငါ့ရဲ့အောင်မြင်ကျော်ကြားမှုတွေကို မျှဝေမခံစားပေးချင်ရတာလဲ။”

သို့သော် ထိုမေးခွန်းများကို ခဏလေးအတွင်းပင် မေ့ပျောက်ထားလိုက်၏။ သူ၏ ပျော်ရွှင်နေသော ဂုဏ်ယူစရာများကို ဤအချက်လေးကြောင့် အစွန်းအထင်း အဖြစ်မခံနိုင်ချေ။

လူတချို့အတွက် လောကကြီးတွင် အလိုချင်ဆုံးအရာမှာ ချမ်းသာကြွယ်ဝမှုဖြစ် ပြီး တချို့သူများအတွက်ကတော့ ဩဇာအာဏာကို အလိုချင်အတပ်မက်ဆုံးဖြစ်လေ သည်။

လူတစ်ယောက်သည် ထိုအရာနှစ်မျိုးလုံးကို တပြိုင်နက်ထဲ ရရှိနိုင်ခဲ့မည်ဆိုပါ က သူ့ဘဝတွင် ခံစားလာခဲ့ရသော နာကျည်းကြေကွဲမှုအားလုံးတို့ အရည်ပျော်ကျ သွားရပေမည်။

လောင်ရှောင်း၃ယွန်သည် ပြတင်းပေါက်မှတစ်ဆင့် ငေးမောကြည့်ရှုနေ၏။ သူ့ အတွေးများထဲတွင် မည်သည့်အရာမျှ မည်မည်ရရတွေးနေခြင်းမဟုတ်ဘဲ ရည်ရွယ် ချက်ကင်းမဲ့စွာ ငေးမောကြည့်ရှုနေခြင်းဖြစ်လေသည်။

လောင်ရှောင်း၄ယွန်သည် သားဖြစ်သူ၏ပခုံးကို ပုတ်ပြီးပြောဆိုလိုက်သည်။ “ ငါတို့ကို ဒီတစ်ခါတော့ စန့်ကွမ်းကျင်းဟုန်ကိုယ်တိုင် ထွက်ကြိုမယ်လို့ သားထင် လား။”

လောင်ရှောင်း၃ယွန်က ပြန်လှည့်လာပြီး ဖြေဆိုလိုက်သည်။ “သူထွက်တွေ့မှာ ပါ။ အဲ့ဒီအခမ်းအနားကတော့ တကယ့်ကိုကြီးကျယ်မှာအမှန်ပဲ။”

လောင်ရှောင်း၄ယွန်သည် ခေါင်းညိတ်ပြီး သဘောတူကြောင်းပြသလိုက်သည်။ “ဖေဖေလည်း ဒီအတိုင်းထင်ထားတာပဲ။ ဖေဖေဟာ သူ့ရဲ့သွေးသောက်ညီဖြစ်သွားခဲ့ ပြီးပြီဆိုတော့ ဖေဖေ့ကို ဂုဏ်ပြုခြင်းဟာ သူ့ကိုယ်သူဂုဏ်ပြုခြင်းပဲမဟုတ်လား။”

သူ့လေသံက လေးနက်တည်ကြည်သွားခဲ့ပြီး သားဖြစ်သူကို ထပ်မံမေးမြန်း လိုက်ပြန်သည်။ “သူထွက်လာတဲ့အခါကျရင် သူ့ကိုဘယ်လိုခေါ်သင့်လဲ။ ခေါင်း ဆောင်ကြီးလို့ပဲခေါ်ရမလား။ ဒါမှမဟုတ် အစ်ကိုကြီးလို့ပဲခေါ်ရမလား။”

လောင်ရှောင်း၃ယွန်-“အစ်ကိုကြီးလို့ပဲခေါ်ပေါ့ဖေဖေရာ။ ကျနော်လည်း ခုက တည်းက အခေါ်အဝေါ်တွေကိုလေ့ကျင့်ထားလိုက်ဦးမယ်။ သူ့ကိုကျနော်က ဘကြီး လို့ခေါ်ရတော့မယ်မဟုတ်လား။”

လောင်ရှောင်း၄ယွန်က သဘောကျစွာ ရယ်မောနေလိုက်သည်။ “သူ့လိုမျိုးဘ ကြီးတစ်ယောက်ရထားတာ မင်းသိပ်ကံကောင်းတယ်လို့ဆိုရမယ်။ ဒါပေမဲ့...”

သူသည် ရယ်မောနေခြင်းကို ရပ်တန့်ပြီး ဆက်ပြောနေလိုက်ပြန်၏။ “လီဆွန်း ဟွာ မသေသေးဘူး။ စန့်ကွမ်းကျင်းဟုန်က သူ့ကတိစကားတည်နိုင်မယ်လို့ မင်း ထင်လား။”

လောင်ရှောင်း၃ယွန်ကပြုံးပြီး ဖြေဆိုလိုက်သည်။ “သိုင်းလောကက သူရဲကောင်း တွေအားလုံး ဒီအခမ်းအနားကို သိထားကြပါတယ်။ ဖိတ်စာတွေလည်း ဝေပြီးသွား ပြီပဲ။ သူသာကတိမတည်ခဲ့ဘူးဆိုရင် နောက်ဆို သူပြောသမျှ ဘယ်သူကယုံကြည် နိုင်တော့မှာလဲ ဖေဖေရယ်။”

ယခုမှပင် လောင်ရှောင်း၄ယွန်တစ်ယောက် ပြန်လည်ပြုံးရွှင်လာတော့သည်။ “ သားပြောတာမှန်တယ်။ သိုင်းလောကမှာရှိတဲ့ သူ့သိက္ခာက သူ့စကားပေါ်မှာမူတည် နေတယ်။ သူ့စကားကို ဘယ်လိုလုပ်ပြီး ပြန်ရုတ်သိမ်းလို့ဖြစ်နိုင်တော့မှာလဲ။ စန့် ကွမ်းကျင်းဟုန်အတွက် ကတိစကားကို ပယ်ဖျက်ချင်တယ်ဆိုဦးတောင်မှ သိပ် နောက်ကျသွားပြီ။”

+++++

စားပွဲပေါ်တွင် စာရွက်စာတမ်းများ ပြန့်ကျဲစွာရှိနေကြသည်။ စာရွက်စာတမ်း များသည် တစ်နေ့ထက်တစ်နေ့ ပို၍ပင် များပြားလာနေသေး၏။

သူ၏လုပ်ငန်းတာဝန်များက တစ်နေ့ထက်တစ်နေ့ ပို၍ပင် ကြီးလေးလာရလေ သည်။

အဘယ်ကြောင့်ဆိုသော် သေးငယ်သောကိစ္စလေးများမှစ၍ ကျန်ကိစ္စအဝဝတို့ သည် သူ့ဆုံးဖြတ်ချက်မပါဘဲ မည်သည့်အခါကမျှ မပြီးမြောက်နိုင်ပေ။

သူ မည်သူ့ကိုမျှ မယုံကြည်ပါ။

စားပွဲခုံဘေးနားတွင် စန့်ကွမ်းကျင်းဟုန်အလုပ်လုပ်နေသည်မှာ တစ်ညလုံး ကျော်လွန်လာခဲ့ပြီး နောက်တစ်ရက် နေမွန်းပင်တည့်လုနီးဖြစ်နေရသည်။ သူသည် ပင်ပန်းမှုကိုမခံစားရသည့်အပြင် ပို၍ပင်နှစ်သိမ့်ကျေနပ်နေရသေးသည်။

တံခါးပွင့်သွား၏။

လူတစ်ယောက်လျှောက်ဝင်လာ၏။

စန့်ကွမ်းကျင်းဟုန်သည် ဝင်လာသူမည်သူဖြစ်မှန်း ဂရုစိုက်၍ပင်လှည့်ကြည့်ခဲ့ ခြင်းမရှိ။ အဘယ်ကြောင့်ဆိုသော် သူ့အပြင် ဤအခန်းထဲသို့ တံခါးမရှိဓားမရှိ ဝင်ထွက်သွားလာနိုင်သူ တစ်ယောက်တည်းသာရှိလေသည်။

ကျင်းဝူမင်း...

ကျင်းဝူမင်းသည် ပြုလုပ်နေကြအတိုင်း အခန်းထဲသို့ဝင်ရောက်လာပြီးသည့် နောက် စန့်ကွမ်းကျင်းဟုန်နောက်နားတွင် တိတ်ဆိတ်ငြိမ်သက်စွာ မတ်မတ်ရပ်နေ လိုက်သည်။

“လီဆွန်းဟွာ ဘယ်မှာလဲ။” စန့်ကွမ်းကျင်းဟုန်က မေးမြန်းလိုက်သည်။

ကျင်းဝူမင်းက ပြန်ဖြေဆိုလိုက်သည်။ “သူထွက်သွားပြီ။”

စန့်ကွမ်းကျင်းဟုန်က ကျင်းဝူမင်းဘက်သို့ လှည့်ကြည့်လာခဲ့လေတော့သည်။

ထိုအကြည့်တစ်ချက်ကြည့်ပြီးနောက် စန့်ကွမ်းကျင်းဟုန်သည် ကျင်းဝူမင်း၏ ဘယ်ဘက်ပခုံးမှဒဏ်ရာ ပတ်တီးစီးထားသည်ကို သတိပြုမိသွားသည်။ သို့သော် ဘာမှ မေးမြန်းခြင်းမရှိဘဲ သူ့အလုပ်သူပြန်လုပ်နေလိုက်သည်။ သူသည် စကားတစ် လုံးမှ ပြောဆိုခြင်းမရှိသလို သနားကြင်နာသော အကြည့်လေးပင်မပြသခဲ့။

ကျင်းဝူမင်း၏မျက်နှာပေါ်တွင်လည်း မည်သည့်ခံစားချက်မျှမရှိနေပါ။ သူ၏ မျက်လုံးသေများက အဝေးတစ်နေရာသို့ ငေးမောကြည့်နေကြလေသည်။

ထိုမြင်ကွင်းကိုကြည့်ရသည်မှာ သူတို့နှစ်ယောက်စလုံးအတွက် ဘာမျှ ထူးထူး ခြားခြား အပြောင်းအလဲဖြစ်ပျက်ခဲ့ပုံမပေါ်။

ကျင်းဝူမင်းကို ‘ဘာဖြစ်ခဲ့တာလဲ’ ဟုအမေးမြန်းမခံခဲ့ရသလို ကျင်းဝူမင်းအပေါ် သနားကြင်နာမှုဖြင့် ဖြေသိမ့်ပေးသော စကားတစ်ခွန်းကိုပင် စန့်ကွမ်းကျင်းဟုန်မှ မပြောဆိုခဲ့။

ကျင်းဝူမင်း၏ လက်တစ်ဘက်လုံးပြတ်ထွက်သွားသည်ဖြစ်စေ၊ ခြေထောက်တစ် ဘက်လုံး ကျိုးပြတ်သွားသည်ဖြစ်စေ စန့်ကွမ်းကျင်းဟုန် အလုပ်မဟုတ်။

ခဏကြာသောအခါ တံခါးခေါက်သံထွက်ပေါ်လာခဲ့၏။

နောက်ထပ် စာရွက်စာတမ်းတစ်ပုံကြီး ရောက်ရှိလာပြန်သည်။

စာရွက်အားလုံးသည် အဝါရောင်စာရွက်များဖြစ်ကြသော်လည်း စာရွက်များ ကြားတွင် အနီရောင်စာအိတ်လေးတစ်ခု ထိုးထိုးထောင်ထောင် ထွက်ပေါ်နေ၏။

ထိုအနီရောင်စာအိတ်လေးကို စန့်ကွမ်းကျင်းဟုန် အရင်ဆုံးဖောက်ဖတ်လိုက် သည်။ စာထဲတွင် စကားလုံးအနည်းငယ်သာပါရှိလေသည်။ “နေရာဟောင်းမှာဆုံ တွေ့ကြမယ်။ လုဖုန်းရှန်း စောင့်နေလိမ့်မယ်။”

စန့်ကွမ်းကျင်းဟုန်သည် တိတ်ဆိတ်စွာ ရပ်နေပြီး စဉ်းစားနေဟန်ရှိသည်။ ပြီး နောက် ဆုံးဖြတ်ချက်တစ်ခုကို ရုတ်တရက်ချလိုက်ပုံရသည်။

တံခါးဝမှ ဖြည်းလေးစွာထွက်ခွာသွားလေတော့သည်။

ကျင်းဝူမင်းသည် စန့်ကွမ်းကျင်းဟုန်နောက်မှ အရိပ်တစ်ခုလိုကပ်လိုက်သွား သည်။

လူနှစ်ယောက်သည် တံခါးဝမှ ထွက်ခွာလာခဲ့ကြပြီး လျှို့ဝှက်လမ်းတိုလေးကို ဖြတ်လျှောက်လာကြသည်။ ထိုလျှို့ဝှက်ဖြတ်လမ်းလေးသည် ခြံရှေ့ကိုကျော်လွန် သွားရာ အစောင့်နှစ်ယောက်က ရိုသေစွာ ဦးညွတ်အလေးပြုလိုက်ကြသည်။ ပြီး နောက်နေပူပူထဲ သူတို့နှစ်ယောက် ထွက်ခွာသွားကြလေတော့သည်။

ထိုလူနှစ်ယောက်သည် ယခင်ကအတိုင်းပင် တစ်ယောက်ကရှေ့မှလျှောက်နေပြီး ကျန်တစ်ယောက်က နောက်မှ ခြေလှမ်းညီစွာ လိုက်လျှောက်နေ၏။ သို့သော် ကျင်း ဝူမင်း ရုတ်တရက်သတိထားမိလိုက်သည်မှာ သူ၏ခြေလှမ်းများသည် စန့်ကွမ်း ကျင်းဟုန်၏ ခြေလှမ်းများနှင့် နရီမကိုက်ဖြစ်လာခဲ့ခြင်းကိုတည်း။ စန့်ကွမ်းကျင်း ဟုန်၏ ခြေလှမ်းများက နည်းနည်းလေးအသွင်ပြောင်းပြီး လျှောက်လှမ်းနေကြလေ သည်။

ကျင်းဝူမင်းသည် စန့်ကွမ်းကျင်းဟုန်၏ခြေလှမ်းများနှင့် ကိုက်ညီအောင် လိုက် မလျှောက်နိုင်တော့ချေ။

စန့်ကွမ်းကျင်းဟုန်က အရှိန်မြှင့်ပြီး လျှောက်နေခြင်းမဟုတ်သော်လည်း ကျင်း ဝူမင်းသည် တဖြည်းဖြည်းနှင့် ပြတ်ကျန်လာခဲ့ရတော့သည်။ အစတုန်းက သူတို့နှစ် ယောက်ကြားရှိအကွာအဝေးသည် မသိသာလှသော်လည်း တဖြည်းဖြည်းကြာလာ သည်နှင့်အမျှ တော်တော်လေး လှမ်းကွာလာလေတော့သည်။

ကျင်းဝူမင်း၏ခြေလှမ်းများက တဖြည်းဖြည်းနှေးကွေးလာခဲ့ပြီး နောက်ဆုံးတွင် လုံးဝ ရပ်တန့်သွားခဲ့ရတော့သည်။

စန့်ကွမ်းကျင်းဟုန်က နောက်သို့လှည့်ကြည့်ခြင်းမရှိပါ။ ကျင်းဝူမင်း၏ အရိပ် သည် နေရောင်အောက်တွင် တဖြည်းဖြည်း ဝေး၍ဝေး၍လာသည်ကိုသာ တွေ့ရှိ လိုက်ရသည်။

ကျင်းဝူမင်း၏ မီးခိုးရောင်မျက်လုံးသေများ၌ အလွန်ဝမ်းနည်းကြေကွဲသော ခံ စားချက်များ ထွက်ပေါ်လာခဲ့ရလေတော့သည်။

+++++

ထူထပ်သော ထင်းရှူးတောအုပ်တစ်နေရာ...

သစ်တောအုပ်သည် ထူထပ်အုံ့ဆိုင်းလွန်းသောကြောင့် နေရောင်ပင်မထိုးဖောက် နိုင်ပါ။

နေရောင်မရှိဘဲ အနည်းငယ်မှောင်နေသော်လည်း သစ်တောအုပ်ထဲရှိလေထုက တော့ ရေငွေ့ပျံခြင်းမရှိ။ တိုက်ခတ်လာသောလေနုအေးက သန့်ရှင်းလတ်ဆတ်သော ထင်းရှူးပင်နံ့များနှင့် မြက်ခင်းစိမ်းရနံ့များကို သယ်ဆောင်လာ၏။

လင်ရှန်းအာသည် သစ်ပင်တစ်ပင်တွင် မှီပြီးရပ်နေ၏။ သူမ၏လက်များက လု ဖုန်းရှန်း၏လက်ကို တင်းကြပ်စွာ ဆုပ်ကိုင်ထား၏။ သူမ၏ စွဲဆောင်ညှို့ငင်မှုအ ပြည့်ရှိသော မျက်ဝန်းတစ်စုံက လုဖုန်းရှန်း၏ မျက်နှာမှတစ်ဖဝါးမှ မခွာဘဲရှိနေကြ သည်။

လုဖုန်းရှန်း၏ မျက်နှာက သွေးရောင်ဆုတ်နေရသည်။ သူ၏မျက်ဝန်းထောင့် များတွင် မျက်ရစ်လေးများ ထွက်ပေါ်နေကြလေပြီ။

ဆောင်းလေအေးက သစ်တောအုပ်ထဲသို့ ညင်သာစွာတိုက်ခတ်လာပြီး လတ် ဆတ်သန့်ရှင်းသော ရနံ့များကို သယ်ဆောင်လာလေသည်။

လင်ရှန်းအာက သူမ၏နူးညံ့ချိုသာသော အသံလေးဖြင့် မေးမြန်းလိုက်သည်။ “ ရှင်နောင်တရနေပြီလား။”

လုဖုန်းရှန်းက ခေါင်းခါရမ်းပြပြီး ပြန်လည်ဖြေဆိုလိုက်သည်။ “နောင်တရ ရမယ်။ ဘာဖြစ်လို့လဲ။ မင်းနဲ့အတူရှိနေသရွေ့ ဒီလောကကြီးထဲက ယောက်ျားမှန် သမျှ ဘယ်သူမှ နောင်တဆိုတာရှိမှာမဟုတ်ပါဘူး။”

လင်ရှန်းအာသည် လုဖုန်းရှန်း၏လက်မောင်းကို ပွတ်သပ်ကိုင်တွယ်နေပြီးမှ မေးမြန်းလိုက်ပြန်သည်။ “ကျမက အဲ့ဒီလောက်တောင်မှ ထူးခြားနေလို့လားရှင်။”

လုဖုန်းရှန်းသည် သူမကို ခါးမှပွေ့ဖက်ထားလိုက်ပြီး ပြုံးရွှင်စွာဖြေဆိုလိုက် သည်။ “သိပ်ဟုတ်တာပေါ့ကွယ်။ မင်းဟာ ကျုပ်စိတ်ကူးထဲကထက်တောင်မှ ပိုပြီး လှပနေသေးတယ်။ ကျုပ်အတွေးထဲက မိန်းမတွေအားလုံးထက် သာလွန်ပါတယ် ကွယ်။”

သူ့လက်များက လင်ရှန်းအာ၏ ခန္ဓာကိုယ်တစ်ခုလုံးကို အထက်အောက် ပွတ် သပ်ကိုင်တွယ်နေလိုက်ပြန်သည်။

လင်ရှန်းအာသည် မူးရီစွာငြီးညူနေပြီး ရမ္မက်ကြွလာသည့် အသံလေးဖြင့် နူးညံ့ စွာပြောဆိုလိုက်သည်။ “အခုတော့ မလုပ်ပါနဲ့ဦး ရှင်ရယ်။”

လုဖုန်းရှန်းက အံ့အားသင့်စွာ ရုတ်တရက်ပြန်မေးလိုက်သည်။ “ဘာဖြစ်လို့ လဲ။”

လင်ရှန်းအာက သူမ၏နှုတ်ခမ်းနှစ်လွှာကို ပါးပါးလေးဖိကိုက်ထားပြီး ဖြေဆို လိုက်သည်။ “စန့်ကွမ်းကျင်းဟုန်နဲ့ ရင်ဆိုင်နိုင်ဖို့ ရှင့်အားအင်တွေကို ချွေတာရဦး မယ်မဟုတ်လား။”

သူမသည် ခါးလေးလိမ်ပြီး လုဖုန်းရှန်း၏ အဖက်အတွယ်များမှ လူးလွန့်ရုန်း ကန်ထွက်သွားသည်မှာ လုဖုန်းရှန်းကို ပို၍စိတ်ကြွလာစေအောင် ပြုလုပ်နေသကဲ့ သို့ပင်။

လုဖုန်းရှန်းက သူမကို လိုက်ဖမ်းမိသွားပြီး သူမ၏တစ်ကိုယ်လုံးကို ပွတ်သပ် ကိုင်တွယ်နေလိုက်ပြန်သည်။ ပြီးနောက် ရမ္မက်ထန်နေသော မျက်နှာထားဖြင့် ပြော ဆိုလိုက်သည်။ “ကျုပ်မင်းနဲ့အရင် ရင်ဆိုင်လိုက်ဦးမယ်။ စန့်ကွမ်းကျင်းဟုန်ကို ပြီးကျ မှ ရင်ဆိုင်တာပေါ့။”

လင်ရှန်းအာ-“သူ့ကို လျှော့မတွက်နဲ့နော်။ သူဟာ ရှင်ထင်ထားသလို လွယ် လွယ်ကူကူနဲ့ ရင်ဆိုင်အနိုင်ယူနိုင်မယ့်လူတစ်ယောက် မဟုတ်ဘူးရှင့်။”

လုဖုန်းရှန်း-“ကျုပ်က သူ့ပြိုင်ဘက်တစ်ယောက် မဖြစ်နိုင်ဘူးပေါ့လေ။”

လင်ရှန်းအာ-“ကျမပြောတာ... အဲ့ဒီသဘောမဟုတ်ပါဘူးရှင်။ ကျမဆိုလိုတာ က...”

သူမသည် လုဖုန်းရှန်း၏ နားရွက်ထိပ်လေးကို ညင်သာစွာဖိကိုက်ထားပြီး တီးတိုးလေးပြောဆိုလိုက်သည်။ “စန့်ကွမ်းကျင်းဟုန်ကို သတ်ပြီးပြီဆိုတာနဲ့ သူပိုင် ဆိုင်သမျှအရာအားလုံးဟာ ကျမတို့အတွက်ပဲ ဖြစ်လာမှာမဟုတ်လား။ အနာဂါတ် ကာလမှာ ကျမတို့အတွက် အချိန်တွေအများကြီး ရှိနေပါသေးတယ်ရှင်။ ဘာဖြစ်လို့ လောနေရတာလဲ။”

သူမ၏သာယာချိုသာစွာ ညုပြောနေသံလေးသည် ဆောင်းလေအေးနှင့်အတူပျံ့ လွင့်လာသော တေးသံတစ်ပုဒ်ကဲ့သို့ နားဝင်ချိုလှ၏။

လုဖုန်းရှန်း၏နှလုံးသား အရည်ပျော်သွားခဲ့ရပြီး သူမကို ပို၍ပင်တင်းကြပ်စွာ ဖက်ထားလိုက်၏။ “မင်းက ကျုပ်အတွက်ဒီလောက်တောင်မှ စိုးရိမ်ပူပန်တတ်သေး တယ်ပေါ့လေ...”

သူ၏စကားသံက ချက်ချင်းပင် ရပ်တန့်သွားခဲ့၏။

လင်ရှန်းအာသည်လည်း သူ၏ဖက်တွယ်ထားမှုမှ လျင်မြန်စွာရုန်းထွက်သွားခဲ့ လေသည်။

ပိန်းပိတ်အောင် ထူထပ်လှသော သစ်တောအုပ်လေးတွင်းသို့ ထူးခြားဆန်းကျယ် သောခြေသံတစ်စုံ ချင်းနင်းဝင်ရောက်လာခဲ့၏။ အမှန်အတိုင်းပြောရလျှင် ထိုခြေသံ တစ်စုံတွင် မည်သည့်ထူးခြားချက်မျှ မရှိနေပါ။ သို့သော် ဘာကြောင့်မှန်းတော့မသိ ခြေလှမ်းလျှောက်သံ ထွက်ပေါ်လာတိုင်းပင် လူတစ်ယောက်၏ဝိဉာဉ်သည် သူ၏ ခန္ဓာကိုယ်မှ ခုန်ပေါက်ထွက်သွားချင်သလိုမျိုး ခံစားရသောခြေသံဖြစ်သည်။

ခြေသံများက ရပ်တန့်သွားခဲ့ကြ၏။

စန့်ကွမ်းကျင်းဟုန်သည် သူတို့နှစ်ယောက်နှင့်မျက်နှာချင်းဆိုင်ရှေ့တွင်ရှိသော ထင်းရှူးပင်ကြီးအောက်တွင် ရပ်နေ၏။ သူသည် တိတ်ဆိတ်ငြိမ်သက်စွာ မတ်မတ် ရပ်နေခြင်းဖြစ်ပြီး မည်သည့်စကားကိုမျှ ပြောဆိုခြင်းမရှိ။ သူ့ခန္ဓာကိုယ်ရှိ မည်သည့် ကြွက်သားမျှလည်း လှုပ်နေခြင်းမရှိပါ။ သူ့ကိုကြည့်ရသည်မှာ ရေခဲတောင်ကြီးတစ် ခုနှင့်တူ၏။ အတိုင်းအဆမဲ့ကြီးမားသော ရေခဲတောင်ကြီးတစ်တောင်နှင့် တူနေ၏။

လုဖုန်းရှန်း၏ အသက်ရှူသံများ ရပ်တန့်သွားခဲ့ရပြီး နှုတ်ဖျားမှ စကားလုံးများ ထွက်ပေါ်လာခဲ့တော့သည်။ “စန့်ကွမ်းကျင်းဟုန်...”

‘လုဖုန်းရှန်း...’

စန့်ကွမ်းကျင်းဟုန်၏အသံသည် ခပ်ငိုက်ငိုက်ဆောင်းထားသော ခမောက် အောက်မှ အေးစိမ့်စွာ ထွက်ပေါ်လာခဲ့၏။ လုဖုန်းရှန်း မေးမြန်းခဲ့သည်ကို ပြန်မဖြေ ခဲ့သည့်ပြင် သူကပင် မေးခွန်းပြန်ထုတ်ခဲ့ခြင်းလည်းဖြစ်သည်။

‘ဟုတ်တယ်။..’ လုဖုန်းရှန်းမှ ဖြေဆိုလိုက်လေတော့သည်။

သို့သော် ပြန်ဖြေလိုက်ပြီးပြီးချင်းပင် ဤသို့ပြန်ဖြေခဲ့ခြင်းအပေါ် လုဖုန်းရှန်း နောင်တရမိသွားသည်။ အဘယ်ကြောင့်ဆိုသော် စတွေ့တွေ့ချင်းမှာပင် လက်ဦးမှုကို စန့်ကွမ်းကျင်းဟုန်က အပိုင်ရရှိသွားခဲ့သည်ဟု ထင်မှတ်လိုက်သောကြောင့်ဖြစ်၏။

စန့်ကွမ်းကျင်းဟုန်က အေးစက်စွာပြုံးပြီး ပြောဆိုလိုက်သည်။ “သိပ်ကောင်း တယ်။ ကျုပ်နဲ့ရင်ဆိုင်ရမယ့် လုဖုန်းရှန်းဆိုတာ ကျုပ်အတွက်ရင်ဆိုင်ဖို့ ထိုက်တန် သူတစ်ယောက်ပေပဲ။”

လုဖုန်းရှန်းက အေးစက်စွာရယ်မောနေလိုက်သည်။ “ခင်ဗျားသာ စန့်ကွမ်းကျင်း ဟုန် မဟုတ်ခဲ့ဘူးဆိုရင် ကျုပ်အတွက်သတ်ရမှာ လက်တောင်သနနေသေးတယ်။”

ထိုစကားကို ပြောဆိုခဲ့ပြီးချိန်တွင်လည်း သူနောင်တရမိသွားခဲ့ပြန်သည်။

သူ၏စကားလုံးများက သေမင်းအငွေ့အသက်များ လွှမ်းခြုံထားခဲ့သော်လည်း စန့်ကွမ်းကျင်းဟုန်၏စကားကို အတုခိုးပြီး တန်ပြန်တိုက်ခိုက်သော စကားလုံးများ ဖြစ်နေပြန်၏။

စန့်ကွမ်းကျင်းဟုန်သည် ထိုနေရာ၌ပင် တိတ်ဆိတ်စွာ ရပ်နေ၏။ ရုတ်တရက် သူ၏ဝါးခမောက်အောက်မှ မျက်လုံးတစ်စုံဖြင့် လင်ရှန်းအာကို တစ်ချက်စိုက်ကြည့် လိုက်သည်။

လင်ရှန်းအာသည် နဂိုကရပ်နေခဲ့သော သစ်ပင်အောက်၌ပင် ရပ်နေဆဲရှိသည်။ သူမ၏မျက်လုံးအကြည့်များက နူးညံ့ချိုသာသောအကြည့်များမှ တစ်ခုခုကို မြင်ရခါ နီးတွင် စိတ်လှုပ်ရှားစွာ ကြည့်သောအကြည့်များအဖြစ် လျင်မြန်စွာ ပြောင်းလဲသွား သည်။

သွေးမြေခရတော့မည်။ မကြာခင်အချိန်လေးအတွင်းမှာ သွေးမြေခရတော့မည် ဟု သူမသိနေ၏။

သူမသည် ယောက်ျားများ သူမကြောင့် သွေးထွက်သံယိုဖြစ်ရခြင်းကို လွန်စွာ နှစ်သက်သဘောကျသူဖြစ်၏။

စန့်ကွမ်းကျင်းဟုန်-“ဒီကိုလာခဲ့စမ်း...”

လင်ရှန်းအာသည် ဝေခွဲမရပုံစံမျိုးဖြစ်နေပြီး လုဖုန်းရှန်းကို လှည့်ကြည့်နေ လိုက်သည်။ ပြီးနောက် စန့်ကွမ်းကျင်းဟုန်ကို ပြန်လှည့်ကြည့်လိုက်ပြန်သည်။

လုဖုန်းရှန်းသည် ဟက်ခနဲရယ်မောပြီးပြောဆိုလိုက်သည်။ “သူခင်ဗျားဆီကို သွားမှာမဟုတ်ဘူး။”

လင်ရှန်းအာသည် လုဖုန်းရှန်းနှင့် စန့်ကွမ်းကျင်းဟုန်တို့နှစ်ယောက်ကို အပြန် ပြန်အလှန်လှန်အကဲခတ်နေလိုက်၏။

သူတို့နှစ်ယောက်ထဲမှ တစ်ယောက်ယောက်ကို သူမရွေးချယ်ရတော့မည်မှန်း လင်ရှန်းအာသိရှိနေသည်။

သူမရွေးချယ်သောသူသည် အနိုင်ရနိုင်သူသာဖြစ်ရပေမည်။

သို့သော် မည်သူက အောင်မြင်မှုသရဖူ ဆောင်းသူဖြစ်မည်နည်း။..

စန့်ကွမ်းကျင်းဟုန်သည် ထိုနေရာ၌ပင် မလှုပ်မယှက်ရပ်နေ၏။ သူ၏မျက်လုံး များထဲတွင်တော့ ယုံကြည်မှုအပြည့်ဖြင့်...

လုဖုန်းရှန်း၏ အသက်ရှူသံများက ပုံမှန်အတိုင်းရှိနေရာမှ အသက်ရှူသံပြောင်း လဲလာခဲ့ရသည်။ သူစိတ်လှုပ်ရှားလာခဲ့ရလေပြီ။

လင်ရှန်းအာက လုဖုန်းရှန်းကိုကြည့်ပြီး သဘောကျစွာ ရယ်မောနေ၏။

လင်ရှန်းအာသည် စန့်ကွမ်းကျင်းဟုန်ရှိရာသို့ ပျံလွှားမလေးတစ်ကောင်လို ပေါ့ ပါးမြူးတူးစွာ ထွက်သွားသည်ကိုတွေ့လိုက်ပြီးနောက် လုဖုန်းရှန်းသည် မိမိ၏အ သက်ရှူသံကို တိတ်တိတ်လေး ကျိန်ဆဲလိုက်သည်။

လင်ရှန်းအာက ရွေးချယ်မှုပြုလုပ်ခဲ့ပြီးလေပြီ။ သူမ၏ရွေးချယ်မှုသည် မမှား ကြောင်းကိုလည်း သိရှိနေ၏။

လုဖုန်းရှန်း၏ မျက်လုံးသူငယ်အိမ်များက ကျုံ့ဝင်သွားခဲ့ရသလို သူ၏နှလုံး သားသည်လည်း ကျုံ့ဝင်သွားခဲ့ရလေသည်။

ဤသည်မှာ သူ့ဘဝတွင် ပထမဆုံးအကြိမ်အဖြစ် အစော်ကားခံရခြင်းဖြစ်သလို ပထမဆုံးအကြိမ်အဖြစ် ရှုံးနိမ့်မှုဆိုသောအရသာကို မြည်းစမ်းဖူးခြင်းလည်း ဖြစ်ပြန် သည်။ ထိုခံစားချက်နှစ်ခုပေါင်းသည် အောင့်အီးသည်းခံနိုင်ရန် လွန်စွာမှပင် ခံစားရ ခက်လှသည်။

လုဖုန်းရှန်းအတွက် နှစ်ထပ်ကွမ်းထပ်မံ ရှုံးနိမ့်ရသည့်အချက်မှာ- သူတန်ဘိုး ထားသော မိမိကိုယ်ကို လေးစားမှုနှင့် မိမိကိုယ်ကို ယုံကြည်မှုများသည်လည်း အငွေ့ ပျံလွင့်ပျောက်သွားခဲ့ရခြင်းပင်ဖြစ်သည်။

သူ၏လက်များက တုန်ခါလာခဲ့ကြလေတော့သည်။

စန့်ကွမ်းကျင်းဟုန်သည် လုဖုန်းရှန်းကို စိုက်ကြည့်နေပြီး အေးစက်စွာပြောဆို လိုက်သည်။ “မင်း ရှုံးနိမ့်သွားပြီ။”

လုဖုန်းရှန်း၏ လက်နှစ်ဘက်လုံးက မထိန်းနိုင်မသိမ်းနိုင် တုန်လှုပ်နေရလေခဲ့ ကြလေတော့သည်။

စန့်ကွမ်းကျင်းဟုန်-“ကျုပ် မင်းကိုမသတ်ဘူး။ မင်းဟာ ကျုပ်လက်နဲ့သတ် လောက်အောင် မထိုက်တန်တော့လို့ပဲ။”

စန့်ကွမ်းကျင်းဟုန်သည် တစ်ဘက်သို့ချာခနဲလှည့်ထွက်သွားပြီး လျှောက်ထွက် သွားခဲ့လေတော့သည်။

လင်ရှန်းအာသည် သူ့နောက်မှ တိတ်ဆိတ်ငြိမ်သက်စွာ လိုက်ပါသွား၏။ ခြေ လှမ်းအနည်းငယ်ရောက်သောအခါ သူမသည် ရပ်တန့်လိုက်ပြီး လုဖုန်းရှန်းဘက်သို့ တခစ်ခစ်ရယ်မောနေကာ လှည့်ပြောလိုက်သည်။ “ရှင့်ကိုယ်ရှင်သေသွားတာမှ ပို ကောင်းလိမ့်ဦးမယ်။”

လုဖုန်းရှန်းအတွက် ဤတိုက်ပွဲသည် တစ်ချက်လေးမှ မတိုက်ခိုက်ရဘဲ ရှုံးနိမ့် သွားခဲ့ခြင်းဖြစ်၏။

သူ၏အတွင်းစိတ်ထဲ၌ ရှုံးနိမ့်သွားခြင်းကို လက်ခံမိသွားလေတော့သည်။

သူ၏ သွေးတစ်စက်မျှ မကျခဲ့ပါ။ သို့သော် သူ၏ဝိဉာဉ်နှင့်ခန္ဓာကိုယ်တစ်ခုလုံး တစ်စစီခြေမွခြင်းကို ခံစားလိုက်ရ၏။ သူ၏ရဲရင့်မှုနှင့် မိမိကိုယ်ကို ယုံကြည်မှုသည် လည်း စုတ်ပြတ်သွားခဲ့ရသည်။

သစ်တောအုပ်ထဲမှ တရွေ့ရွေ့ထွက်ခွာသွားသော စန့်ကွမ်းကျင်းဟုန်၏ နောက် ကျောကို ငေးကြည့်နေရင်း လိုက်လံတိုက်ခိုက်ရန် သူ့ထံတွင်သတ္တိလုံးဝမရှိတော့ချေ။

စန့်ကွမ်းကျင်းဟုန်က တစ်ချက်မျှတိုက်ခိုက်ခဲ့ခြင်းမရှိခဲ့သော်လည်း လုဖုန်းရှန်း ၏ ဝိဉာဉ်ကိုအပြီးတိုင် ချေမှုန်းသွားခဲ့လေပြီ။

“ရှင့်ကိုယ်ရှင်သေသွားတာမှ ပိုကောင်းလိမ့်ဦးမယ်။”

သူအသက်ရှင်သန်နေထိုင်ရန် ဘာအဓိပ္ပါယ်မှမရှိတော့ပါ။

လုဖုန်းရှန်းသည် မြေကြီးပေါ်သို့ ရုတ်ချည်းပင်လဲကျသွားခဲ့ရပြီး ခါးသီးစွာငို ကြွေးနေလိုက်တော့သည်။

လင်ရှန်းအာသည် စန့်ကွမ်းကျင်းဟုန်နောက်သို့ အပြေးလေးလိုက်မီလာခဲ့ပြီး သူ့လက်ကိုဆွဲကိုင်ထားကာ ချိုသာစွာပြောဆိုလိုက်သည်။ “ကျမအတွက် ရှင်တစ် ယောက်တည်းပဲ ရှိတော့တယ်။”

“ကျုပ်... ဟုတ်လား။” စန့်ကွမ်းကျင်းဟုန်မှ ပြန်မေးလိုက်သည်။

လင်ရှန်းအာ-“ကျင်းဝူမင်းက လူသတ်တဲ့နေရာမှာ သိပ်ကိုလျင်မြန်တိကျတဲ့ ဓားပညာပိုင်ဆိုင်ထားပေမယ့် ရှင်ဟာသူ့ထက်တောင်မှ ပိုမြန်နေပါသေးတယ်။ ဘာ ဖြစ်လို့လဲဆိုတော့... ရှင်လူသတ်ရင် လက်နက်သုံးစရာတောင်မလိုဘူး။ လက်ညှိုး လေးတစ်ချောင်းတောင် မြှောက်ပြစရာမလိုပဲ လူသတ်နိုင်လို့ပဲ။”

စန့်ကွမ်းကျင်းဟုန်-“ဘာဖြစ်လို့လဲဆိုတော့ ကျုပ်ရဲ့လက်ညှိုးလေးတစ်ချောင်း ထောင်ပြတာကိုတောင် ထိုက်တန်လောက်တဲ့ရန်သူ ဒီလောကကြီးထဲမှာ မရှိသေးလို့ ပဲ။”

လင်ရှန်းအာ၏ မျက်လုံးများက စိတ်လှုပ်ရှားမှုများဖြင့် တောက်ပလာခဲ့ကြပြီး ပြောဆိုလိုက်သည်။ “ဒီလောကကြီးထဲမှာ ရှင်နဲ့ယှဉ်ပြိုင်ဖို့ ထိုက်တန်တဲ့သူဆိုတာ မရှိသလောက်ရှားပါးပါတယ်... ... ကျမအထင်တော့ တစ်ယောက်တည်းပဲရှိလိမ့် မယ်။”

“လီဆွန်းဟွာ...” စန့်ကွမ်းကျင်းဟုန်က ပြောဆိုလိုက်သည်။

လင်ရှန်းအာက သက်ပြင်းချပြီး ပြောဆိုလိုက်သည်။ “ဒီလူကိုကြည့်ရတာ လူ့ လောကကြီးကို အချိန်မရွေးစွန့်ခွာသွားမယ့်ပုံရှိပေမယ့်လည်း စိတ်ထဲမှာဘယ်တော့ မှ ပျောက်ကွယ်သွားမယ့်လူမဟုတ်ဘူး။ တစ်ခါတရံမှာ ကျမတွေးနေမိတယ်။ သူ ဘယ်လိုလူစားမျိုးလဲလို့။ သူဟာ လူကြီးလူကောင်းတစ်ယောက်လား။.. ငတုံးတစ် ယောက်လား။.. ဒါမှမဟုတ် သူရဲကောင်းတစ်ယောက်လား။.. ဆိုတာကိုပေါ့။”

စန့်ကွမ်းကျင်းဟုန်က အေးစက်စွာပြောဆိုလိုက်သည်။ “ကြည့်ရတာ မင်းသူ့ကို တော်တော်လေး စိတ်ဝင်စားနေပုံထောက်တယ်။”

လင်ရှန်းအာက ရယ်မောပြောဆိုလိုက်သည်။ “သိပ်သေချာတာပေါ့ရှင်။ ကျမ သူ့အကြောင်းကိုမစဉ်းစားဘဲ ဘယ်နေနိုင်လိမ့်မလဲ။ ကျမက သူ့လက်ချက်နဲ့မသေ ချင်ဘူးလေ။”

“ဟမ်...”

လင်ရှန်းအာက ဆက်ပြောနေပြန်သည်။ “ချစ်သူအတွက်ဆိုရင်တောင် အချိန် ကြာလာတာနဲ့အမျှ စိတ်ဝင်စားမှုတွေ လျော့နည်းလာခဲ့ရတယ်မဟုတ်လား။ ဒါပေမဲ့ ရန်သူအတွက်ဆိုရင်တော့ ဒီအချက်ကမှားနေသေးတယ်။”

သူမသည် စန့်ကွမ်းကျင်းဟုန်ကို မော်ကြည့်နေပြီးမှ ဆက်ပြောနေလိုက်ပြန် သည်။ “ဒီခံစားချက်ကို သူများတွေထက် ရှင်ပိုပြီးနားလည်လိမ့်မယ်လို့ ကျမထင်ပါ တယ်။”

စန့်ကွမ်းကျင်းဟုန်-“စိတ်ဝင်စားမှုဆိုတာ အဓိပ္ပါယ်အများကြီး ဖွင့်ဆိုလို့ရ တယ်။ မင်းသူ့ကို မုန်းနေတာလား။ ကြောက်ရွံ့နေတာလား။ ဒါမှမဟုတ် ချစ်နေ တာလား။”

လင်ရှန်းအာက ရယ်မောပြောဆိုလိုက်ပြန်သည်။ “ရှင့်ကိုကြည့်ရတာ တဖြည်း ဖြည်းနဲ့ သဝန်တိုလာတတ်သလိုပဲနော်။”

စန့်ကွမ်းကျင်းဟုန်က ခေါင်းငုံ့ထားပြီးမေးမြန်းလိုက်သည်။ “အားဖေဆိုရင် ကော...”

လင်ရှန်းအာ-“သူလည်း သဝန်တိုတတ်တာပဲပေါ့ရှင်။”

စန့်ကွမ်းကျင်းဟုန်-“မင်းသူ့ကိုဘာဖြစ်လို့ ခုချိန်ထိမသတ်သေးတာလဲဆိုတာပဲ ကျုပ်စိတ်ဝင်စားနေမိတယ်။”

လင်ရှန်းအာက ပြန်လည်မေးမြန်းလိုက်သည်။ “ကျင်းဝူမင်းက ဘာဖြစ်လို့မ သတ်ခဲ့တာလဲဆိုတာ ကျမလည်းစဉ်းစားနေမိတယ်။”

စန့်ကွမ်းကျင်းဟုန်-“အစတုန်းကတော့ အားဖေကို မင်းလက်နဲ့သတ်ခိုင်းမလို့ပဲ။ ဒါပေမဲ့ မင်းမသတ်ရက်ခဲ့ဘူးမဟုတ်လား။”

လင်ရှန်းအာ-“လူတစ်ယောက်ကို သတ်ဖို့ဆိုတာသိပ်ကိုလွယ်ကူလွန်းပါတယ်။ လူတစ်ယောက်ကိုယ့်စကားကို နားထောင်အောင်လုပ်ဖို့ဆိုတာ ပိုပြီးခက်ခဲပါတယ်။ အခုချိန်ထိတော့ အားဖေကလွဲလို့ ကျမရဲ့စကားကို မြေဝယ်မကျနားထောင်တဲ့သူ တစ်ယောက်မှ မတွေ့ဖူးသေးဘူး။”

သူမသည် စန့်ကွမ်းကျင်းဟုန်၏ ရင်ခွင်ထဲသို့ တိုးဝင်သွားလိုက်သည်။ “ရှင့်ကို ကျမလာရှာတာ ရှင်နဲ့ငြင်းခုန်ဖို့မဟုတ်ဘူး။ ရှင် အားဖေကို ကျမလက်နဲ့သတ်စေချင် တယ်ဆိုရင် အချိန်တွေအများကြီး ကျန်ပါသေးတယ်ရှင်။ ရှင်ပြောတဲ့အတိုင်း ကျမ လုပ်ဆောင်ပါ့မယ်။”

မည်သူက သူမ၏စကားကို ငြင်းပယ်ဝံ့နိုင်ပါမည်နည်း။

သူမကိုကြည့်ရသည်မှာ တန်ဘိုးကြီးလှသော ကြောင်မလေးတစ်ကောင်ကဲ့သို့ ဖြစ်သည်။ သင့်ကို ထိုကြောင်မလေးက မတော်တဆကုတ်ခြစ်မိလိုက်သည်ဆိုသည် နှင့် သင်ဘာမှပြန်မလုပ်နိုင်ခင်မှာပင် ကြောင်မလေးသည် သင့်ပေါင်ပေါ်သို့ ချက် ချင်းပြေးတက်လာလိမ့်မည်ဖြစ်သည်။ ပြီးနောက် သင့်ကို လျှာလေးတစ်လစ် တစ် လစ်ဖြင့် ပွတ်သတ်ရက်ပေးနေပေလိမ့်မည်။

စန့်ကွမ်းကျင်းဟုန်သည် သူမကို အဓိပ္ပါယ်ရှိရှိ စူးစူးစိုက်စိုက်ကြည့်နေလိုက် သည်။

ညနေရီတရော နေဝင်ချိန်၏ နေရောင်ခြည်အောက်တွင် သူမ၏မျက်နှာလေး သည် လွန်စွာမှပင် နူးညံ့လွန်းနေသောကြောင့် ထိကိုင်လိုက်သည်နှင့်တပြိုင်နက် ပဲ့ကြွေသွားနိုင်သလိုမျိုး ရှိနေလေသည်။ ဆောင်းလေညင်းလေးပင်လျှင် သူမ၏ပါး စပ်ဖျားမှထွက်လာသော အာငွေ့လေးနှင့် မယှဉ်နိုင်ပေ။

စန့်ကွမ်းကျင်းဟုန်သည် ခေါင်းကိုငုံ့ထားပြီး သူ၏ရင်ခွင်ထဲ၌ သူမကို ထွေးပွေ့ ထားလိုက်လေတော့သည်။

စန့်ကွမ်းကျင်းဟုန်၏နှုတ်ခမ်းများက လင်ရှန်းအာ၏နှုတ်ခမ်းများကို ဖိစုပ်ထား လိုက်သည်။ လင်ရှန်းအာသည် သူ၏ပွေ့ဖက်မှုများမှရုန်းကန်ပြီး မြေကြီးပေါ်သို့ ဖြည်းဖြည်းလေး လဲကျသွားတော့သည်။

စန့်ကွမ်းကျင်းဟုန်သည် မျက်လုံးများကို အပေါ်သို့လှန်ထားပြီး ငြိမ်သက်နေ ၏။ သူ၏ဟန်ပန်အမူအရာများက ပြောင်းလဲခြင်းအလျင်းမရှိပါ။ သူ၏လက်ချောင်း ထိပ်လေးများသည်ပင် မလှုပ်မယှက်ငြိမ်သက်နေကြ၏။

သူသည် လင်ရှန်းအာကို စောင်းငဲ့၍ပင်မကြည့်နေပါ။ သူ၏မျက်လုံးများက အဝေးတစ်နေရာမှ အဝါရောင်မြက်ခင်းပြင်ဘက်သို့ ငေးမောကြည့်ရှုနေ၏။

ထိုမြက်ခင်းပြင်ပေါ်တွင် ဘာမျှမရှိနေပါ။ သို့သော် အတန်ကြာသောအခါတွင် မြက်ခင်းပြင်ထက်၌ လူတစ်ယောက် ထွက်ပေါ်လာခဲ့လေတော့သည်။

တစ်စုံတစ်ယောက် ရောက်ရှိလာခဲ့ချေပြီ။

ညနေစောင်းနေ၏ အလင်းရောင်အောက်တွင် ထိုသူ၏အရိပ်က မြက်ခင်းပြင် ပေါ်တွင် ရှည်ထွက်နေ၏။

သူ့ထံမှ ခြေသံတစ်စက်မျှ မထွက်ပေါ်လာခဲ့ပါ။ ထိုသူ၏ခြေသံများက မြေခွေး တစ်ကောင်၏ခြေသံများကဲ့သို့ လုံးဝအသံထွက်ခြင်းမရှိ။

စန့်ကွမ်းကျင်းဟုန်သည် လင်ရှန်းအာဘက်သို့စောင်းငဲ့ကြည့်ရှုခြင်းပင်မရှိခဲ့။ လင်ရှန်းအာကတော့ မြေကြီးပေါ်တွင် လူးလိမ့်နေပြီး ရမ္မက်ကြွသံများ ထွက်ပေါ်နေ ၏။

ထိုသူ၏အရိပ်က တဖြည်းဖြည်းနီးကပ်လာချေပြီ။ ပြီးနောက် စန့်ကွမ်းကျင်း ဟုန်၏ နောက်တည့်တည့်တွင် ရပ်တန့်လိုက်သည်။

ထိုသူ့ထံမှ စကားသံထွက်ပေါ်လာခဲ့လေတော့သည်။ “လူတစ်ယောက်ကို ဘယ် တုန်းကမှ ကျုပ်နောက်ကျောကနေ မတိုက်ခိုက်တတ်ဘူး။ ဒါပေမဲ့ ဒီနေ့အဖို့တော့ ခြွင်းချက်အနေနဲ့ တိုက်ခိုက်ရလိမ့်မယ်။”

ထိုသူ၏စကားသံသည် ပုံမှန်အတိုင်းဆိုပါက အေးစက်စက်ဖြင့် ပြတ်သားလှ သော်လည်း ယခုအခါတွင်မူ စိတ်ဆိုးဒေါသထွက်နေရသဖြင့် တုန်ခါနေရ၏။

ထိုအသံသည် လူသတ်ခါနီးတွင် ထွက်ရှိလာတတ်သောအသံလည်းဖြစ်၏။

သို့သော် စန့်ကွမ်းကျင်းဟုန်က လှုပ်ရှားမှုအလျင်းမရှိ။ စကားတစ်ခွန်းပင် ပြန် မပြောခဲ့ချေ။

မြေကြီးပေါ်တွင် ကျနေသောလူရိပ်ထံမှ လက်တစ်ဘက်မြှောက်တက်လာခဲ့ သည်။

ထိုလူရိပ်၏လက်ထဲတွင် ဓားတစ်လက် ရောက်ရှိလာခဲ့၏။ သို့သော် ဓားသည် မထွက်ပေါ်လာခဲ့သေးပါ။ အရိပ်ထံမှ အသံထပ်မံထွက်ပေါ်လာခဲ့လေသည်။ “ခင်ဗျား လှည့်မကြည့်သေးဘူးလား။”

စန့်ကွမ်းကျင်းဟုန်က သက်သက်သာသာပင် ပြန်လည်ဖြေဆိုလိုက်သည်။ “လူ တစ်ယောက်ကို နောက်မလှည့်ကြည့်ဘဲနဲ့ ကျုပ်သတ်နိုင်တယ်။ ဘာဖြစ်လို့မင်းကို လှည့်ကြည့်ရဦးမှာလဲ။”

သူ့စကားသံဆုံးသွားသောအခါ၌ လင်ရှန်းအာ၏ ရမ္မက်ကြွစွာငြီးတွားနေသည့် အသံသည်လည်း ချက်ချင်းပင် ရပ်တန့်သွားခဲ့ရလေသည်။

လင်ရှန်းအာ၏မျက်လုံးများက အံ့အားသင့်မှုကြောင့် ပြူးကျယ်နေကြပြီး ထိတ် လန့်တုန်လှုပ်စွာ ရေရွတ်မိလိုက်လေတော့သည်။ “အားဖေ...”

သူမသည် စန့်ကွမ်းကျင်းဟုန်ဘေးမှ လျှောက်ထွက်လာခဲ့ပြီး မြေကြီးပေါ်တွင် အရိပ်ကျနေသူထံသို့ တစ်လှမ်းချင်း လျှောက်လှမ်းလာလေတော့သည်။

စန့်ကွမ်းကျင်းဟုန်သည် သူ၏နောက်ကျောဘက်မှ ထွက်ပေါ်နေသော အရိပ် နှစ်ခုကို စိုက်ကြည့်နေလိုက်သည်။ ထို့နောက် ရှေ့သို့သူလျှောက်လှမ်းသွားလေ သည်။ ပြီးနောက် သူ၏ခြေလှမ်းများက အရိပ်နှစ်ခုပေါ်တွင် တက်နင်းသည့်အချိန် ကျမှ ရပ်တန့်လိုက်၏။

အားဖေ၏ လက်ထဲမှ ဓားသည် မြေကြီးပေါ်သို့ ကျသွားခဲ့ရလေတော့သည်။

လင်ရှန်းအာသည် အားဖေ၏လက်ကို ဆုပ်ကိုင်ထားပြီး တီးတိုးလေးပြောဆို နေလိုက်သည်။ “ရှင်လာခဲ့တယ်နော်။ ရှင်တကယ်ပဲ ရောက်လာခဲ့တယ်နော်။”

သူမသည် ထိုစကားကို အကြိမ်ပေါင်းများစွာ ရေရွတ်နေလိုက်၏။ တစ်ကြိမ် ထက်တစ်ကြိမ် ပို၍ပင် နူးညံ့သိမ်မွေ့လာခဲ့ပြီး ပို၍ချိုမြိန်သာယာလာခဲ့လေသည်။

သူမ၏ နူးညံ့သောအသံလေးက ရေခဲတောင်တစ်တောင်ကိုပင် အရည်ပျော်ကျ သွားစေလောက်သည်။

အားဖေ၏နှလုံးသားက အရည်ပျော်ကျသွားခဲ့ပြီးဖြစ်၏။ သူ၏စိတ်တွင်းမှ အာ ဂတများ၊ စိတ်ညစ်ညူးမှုများ၊ မုန်းတီးနာကျည်းမှုများ အရည်ပျော်ကျသွားခဲ့လေပြီ။

လင်ရှန်းအာ-“ကျမကို ရှင်မတွေ့လိုက်ရတော့ သိပ်ပြီးစိုးရိမ်ပူပန်သွားခဲ့ပြီး  ချက်ချင်းလိုက်ရှာမှာပဲဆိုတာ ကျမသိနေပါတယ်။”

အားဖေ၏ စိမ်းဖန့်နေသောမျက်နှာကို တွေ့လိုက်ရပြီးသည့်နောက် သူမ၏မျက် လုံးများက နီရဲလာခဲ့ကြပြီး ရှိုက်သံအပြည့်ဖြင့် ပြောဆိုလိုက်သည်။ “ကျမကို လိုက် ရှာဖို့အတွက် ရှင်တော်တော်လေး ဒုက္ခရောက်ခဲ့ရမှာပဲနော်။”

အားဖေ-“မင်းကိုတွေ့လိုက်ပြီးမှတော့ ကျုပ်စိတ်ချမ်းသာသွားပါပြီ။”

မည်သို့ပင်ဖြစ်စေ... သူမကိုတွေ့လိုက်ပြီးသည့်နောက် အားဖေ၏ စိတ်ခံစား ချက်များအားလုံး ရေငွေ့ပျံသွားသလို ပျောက်ကွယ်သွားခဲ့ရလေသည်။

“မင်းကိုတွေ့လိုက်ပြီးမှတော့ ကျုပ်စိတ်ချမ်းသာသွားပါပြီ။”

အလွန်တိုတောင်းပြတ်သားသော စကားတစ်ခွန်းဖြစ်သော်လည်း လွန်စွာမှပင် လေးနက်စွာ ပြောဆိုခဲ့ခြင်းလည်းဖြစ်၏။ လူတစ်ယောက်၏ စိတ်လှုပ်ရှားမှုများကို စကားလုံးများစွာဖြင့် မဖော်ပြနိုင်ချေ။

ရုတ်တရက်ပင် ဓားအလင်းရောင်တစ်ချက် လင်းလက်သွားခဲ့လေသည်။

မြေကြီးပေါ်၌ ကျနေခဲ့သောဓားက လေထုထဲ၌ လှုပ်ရှားသွားခဲ့၏။ ဓားအလင်း တန်းများသည် မြွေတစ်ကောင်က ဒေါသကြီးစွာပေါက်လိုက်သလို လျှပ်တစ်ပျက် လျင်မြန်လွန်းလှသည်။ ဓားသည် လူတစ်ယောက်၏လက်ထဲသို့ ရောက်ရှိသွားခဲ့ ခြင်းလည်းဖြစ်၏။

စန့်ကွမ်းကျင်းဟုန်သည် သူတို့နှစ်ယောက်ရှေ့တွင် ရုတ်တရက်ထွက်ပေါ်လာခဲ့ လေသည်။

သူ၏မျက်နှာသေက ဓားဖျားပေါ်တွင် အာရုံစူးစိုက်ထား၏။ ထိုဓားသည် သာမန်ဓားတစ်လက်သာဖြစ်လေသည်။ ထိုဓားကို အားဖေက ခရီးသွားတစ်ယောက် ထံမှ ငှားယူလာခဲ့ခြင်းလည်းဖြစ်၏။

သို့သော် ထိုဓားကို စန့်ကွမ်းကျင်းဟုန်က စိတ်ဝင်စားနေပုံရသည်။

လင်ရှန်းအာသာ သူ့ဘေးတွင်ရှိနေပါက မည်သည့်အရာမျှ အားဖေ၏ စိတ်ဝင် စားမှုကို စွဲဆောင်နိုင်လိမ့်မည်မဟုတ်ပါ။

ယခုအချိန်တွင်တော့ နောက်ထပ်လူတစ်ယောက် သူတို့နားတွင်ရှိနေကြောင်း အားဖေ ပြန်လည်သိမြင်လာခဲ့ရသည်။ ထိုသူသည် ခုနလေးကတင် သူသတ်ရန် ကြိုးစားခဲ့သူလည်း ဖြစ်နေပြန်၏။

ထိုသူ၏လက်ထဲတွင် သူ့ဓားရောက်ရှိနေလေသည်။

သာမန်ဓားတစ်လက်က ကြောက်မက်ဖွယ်ကောင်းသော ဓားအငွေ့အသက်များ ထုတ်လွှတ်ပေးနေသကဲ့သို့ အားဖေခံစားနေရ၏။

အားဖေက စူးရှစွာ မေးမြန်းလိုက်သည်။ “ခင်ဗျား ဘယ်သူလဲ။”

စန့်ကွမ်းကျင်းဟုန်က ပြန်မဖြေခဲ့ပါ။ အားဖေကိုပင် အရေးစိုက်ပြီးကြည့်နေခြင်း ပင်မရှိ။ သူ၏ အေးစက်စက်အမူအရာများက ဓားဖျားပေါ်သို့လုံးဝဥဿုန်အာရုံစိုက် ထားလေသည်။ သူ့နှုတ်ခမ်းများမှ မဲ့ပြုံးလေးတစ်ခု ထွက်ပေါ်လာခဲ့လေသည်။

စန့်ကွမ်းကျင်းဟုန်-“မင်းက ဒီဓားနဲ့လူသတ်မလို့လား။”

အားဖေ-“ဓားက ဘာဖြစ်နေလို့လဲ။”

စန့်ကွမ်းကျင်းဟုန်-“ဒီဓားက ကျုပ်ကိုမသတ်နိုင်ဘူး။”

အားဖေ-“ဓားဆိုတဲ့လက်နက်တိုင်းက လူသတ်နိုင်ပါတယ်။”

စန့်ကွမ်းကျင်းဟုန်က ရယ်မောပြောဆိုလိုက်သည်။ “ဒါပေမဲ့ ဒီဓားက မင်းရဲ့ဓား မှမဟုတ်တာ။ မင်းသာ ဒီဓားနဲ့ကျုပ်ကို သတ်ဖို့ကြံစည်ခဲ့တယ်ဆိုရင် ကိုယ့်ကိုကိုယ် သေတွင်းတူးနေတာနဲ့အတူတူပဲ။”

ဓားရောင်တစ်ချက်လင်းလက်သွားပြန်သည်။ ဓားဖျားက လေထဲတွင်လှည့်ပတ် နေ၏။

စန့်ကွမ်းကျင်းဟုန်သည် ဓားဖျားကို သူ၏လက်ချောင်းနှစ်ချောင်းကြားတွင် ညှပ်ထားပြီး ဓားလက်ကိုင်ရိုးကို အားဖေဘက်သို့ ကမ်းပေးလိုက်သည်။

စန့်ကွမ်းကျင်းဟုန်က အံကြိတ်သံဖြင့် ပြောဆိုလိုက်သည်။ “မင်းမယုံဘူးဆိုရင် ဒီဓားနဲ့ ကျုပ်ကိုသတ်ဖို့ ကြိုးစားကြည့်ပါလား။”

အားဖေ၏လက်က ဓားကို လှမ်းမယူလိုက်နိုင်သေးမှာပင် တုန်လှုပ်သွားခဲ့ရ၏။

ဤလူ၏ရှေ့မှောက်တွင် သူသည် သာမညလူတစ်ယောက်ဖြစ်သွားသကဲ့သို့ ခံစားနေရသည်။ ထိုခံစားချက်မှာ အားဖေအတွက် မည်သည့်လူတစ်ယောက်ရှေ့ တွင်မှ ခံစားဖူးသော ခံစားချက်မျိုးမဟုတ်ချေ။ ထိုခံစားချက်ကြောင့် သူ့ဝမ်းဗိုက် တစ်ခုလုံးရှိ ကြွက်သားများကျုံ့ဝင်သွားခဲ့ပြီး ထိုးအန်ချင်စိတ်ပင် ပေါ်ပေါက်လာခဲ့ရ လေသည်။

သို့သော် ထိုဓားကို သူလှမ်းမယူဘဲမနေနိုင်အောင်လည်းဖြစ်နေရ၏။

သူ၏လက်တစ်ဘက်ကိုဆန့်ထုတ်လိုက်လေတော့သည်။ သို့သော် ဓားလက် ကိုင်ရိုးကို သူ မဆုပ်ကိုင်လိုက်နိုင်ခင်မှာပင် ထိုဓားကို လက်တစ်ဘက်က လုယူသွား ခဲ့လေတော့သည်။ နူးညံ့သိမ်မွေ့သော လက်တစ်ဘက်ဖြစ်၏။

လင်ရှန်းအာသည် အားဖေကို မျက်ရည်များပြည့်လျှံစွာစိုက်ကြည့်နေပြီးမှ ပြော ဆိုလိုက်လေသည်။ “ရှင် သူ့ကိုသတ်မလို့လား။ သူဘယ်သူလဲဆိုတာကော သိရဲ့ လား။”

လင်ရှန်းအာက ဆက်၍ပြောဆိုနေ၏။ “သူဟာ ကျမရဲ့အသက်သခင်ကျေးဇူး ရှင်။...”

0 comments:

Post a Comment