ထို ခြောက်ကပ်တိတ်ဆိတ်နေသော သစ်တောအုပ်လေးကို ဖြတ်သွားသည့် လူသူအရောက်အပေါက်နည်းသော လမ်းလေးတစ်လမ်းရှိနေသည်။ အားဖေက ထို လမ်းလေးအဆုံးရှိ မီးရောင်သဲ့သဲ့လင်းနေသော အိမ်လေးကိုလက်ညှိုးထိုးပြကာ ပြော ဆိုလိုက်သည်။ “အဲဒါ ကျနော့်အိမ်ပဲ။”
အိမ်...
ထို ‘အိမ်’ ဆိုသောစကားလုံးသည် လီဆွန်းဟွာအဖို့ သူစိမ်းဆန်လွန်းသော စကားလုံးလည်းဖြစ်၏။
အားဖေသည် အဝေးတစ်နေရာမှ မီးရောင်သဲ့သဲ့လင်းနေသော အိမ်လေးကို ငေး ကြည့်နေပြီး တီးတိုးရေရွတ်လိုက်သည်။ “မီးအိမ်ထွန်းထားတယ်ဆိုတော့ သူ မအိပ် သေးဘူးနဲ့တူတယ်။”
အိမ်သေးသေးလေးထဲ၌ မီးအိမ်ငယ်လေး လင်းထိန်စွာထွန်းညှိထား၏။ အိပ်ယာ ခင်းနှင့် ခြုံဖုံများကို ဂွမ်းသားထူအစများဖြင့် ချုပ်လုပ်ထားပြီး အသစ်အတိုင်းပင် ရှိ နေကြ၏။ ထို့နောက် အိမ်လေးထဲတွင် မျက်ခုံးမျက်လုံးကောင်းကောင်းနှင့် မိန်းမ ချောတစ်ယောက် ရှိနေပြန်၏။ သူမသည် မီးအိမ်ငယ်လေး၏ အလင်းရောင်အောက် တွင် ထိုင်နေပြီးအင်္ကျီအဝတ်အစားများ ချုပ်လုပ်နေ၏။ သူမကိုကြည့်ရသည်မှာ ချစ် သူကို စောင့်မျှော်နေသော မိန်းမတစ်ယောက်နှင့် တူနေလေသည်။
ဘယ်လောက်တောင်မှ လှပသည့် မြင်ကွင်းလေးဖြစ်ပါသနည်း။...
ထိုမြင်ကွင်းလေးက အားဖေ၏နှလုံးသားကို နွေးထွေးအေးမြသွားစေခဲ့ပြီး ချို မြိန်သာယာသော စိတ်ခံစားချက်များဖြစ်ပေါ်လာခဲ့သောကြောင့် သူ၏စူးရှတောက် ပနေသော မျက်ဝန်းတစ်စုံက နွေးထွေးနူးညံ့သော မျက်ဝန်းတစ်စုံအဖြစ်သို့ တမ ဟုတ်ချင်း ပြောင်းလဲသွားလေတော့သည်။
သူ့ဘဝကြီးသည် အမြဲတမ်းလိုလို အထီးကျန်တစ်ကိုယ်တော်ဖြစ်ခဲ့ရသည် မဟုတ်ပါလား။ ယခုတော့ သူ့ကိုစောင့်မျှော်နေသည့်သူတစ်ယောက်ရှိနေမှန်း သိ လိုက်ရပေပြီ။ သူအချစ်ဆုံးသော ချစ်သူက သူ့ကိုစောင့်မျှော်နေမည်မဟုတ်ပါလား။
ထိုစိတ်ခံစားချက်သည် အလွန်ချိုမြိန်သာယာသော စိတ်ခံစားချက်ဖြစ်၏။ မည် သည့်စိတ်ခံစားချက်နှင့်မျှ မတူသလို မည်သည့်စိတ်ခံစားချက်နှင့်မျှ အစားထိုးခံစား ၍မရချေ။
လီဆွန်းဟွာ၏ စိတ်လေးလံသွားခဲ့ရလေတော့သည်။
အားဖေ၏ ပျော်ရွှင်ကြည်နူးနေသော မျက်နှာလေးကို သူ တွေ့လိုက်ရကတည်း က သူ့ကိုယ်သူ အမှားကျူးလွန်ခဲ့မိသူတစ်ယောက်လို ခံစားလိုက်ရသည်။ အားဖေ ကို စိတ်ညစ်ညူးစေရန်ဆန္ဒ သူ့ထံ၌လုံးဝမရှိပါ။ လင်ရှန်းအာသာ ထိုနေရာ၌ မရှိနေ ဘူးဆိုလျှင် အားဖေ မည်သို့ခံစားသွားရမည်ကို သူမတွေးဝံ့ပါ။
လီဆွန်းဟွာ၏ စေတနာမှန်သည် အားဖေကောင်းစားစေရေးအတွက်ဖြစ်၏။ အားဖေကို တန်ဘိုးရှိသော ယောက်ျားကောင်း ယောက်ျားမြတ်တစ်ယောက်အဖြစ် သူမြင်တွေ့ချင်ပေသည်။ သို့သော် လီဆွန်းဟွာ၏ စိတ်ထဲတွင် အားဖေအပေါ် မှား ယွင်းခဲ့ရသလိုမျိုး ခံစားနေရလေသည်။
“အချိန်အကြာကြီး သောကရောက်နေရခြင်းသည် အချိန်တိုလေးအတွင်း စိတ် ညစ်နေရခြင်းနှင့် မည်သို့မျှ နှိုင်းယှဉ်၍မရ။”
အားဖေ၏ စိတ်သောကရောက်မှုများသည် အချိန်တိုလေးအတွင်းမှာပင် ပျောက် ကွယ်သွားပါစေဟု လီဆွန်းဟွာ ဆုတောင်းနေမိ၏။ လင်ရှန်းအာကိုလည်း မြန်မြန် မေ့ပျောက်သွားရန် သူမျှော်လင့်ထား၏။ သူမသည် အားဖေ၏ ချစ်ခြင်းမေတ္တာနှင့် မထိုက်တန်သလို အားဖေ၏ ကြည့်ရှုစောင်မမှုနှင့်လည်း မထိုက်တန်ပေ။
သို့သော် လူတို့သည် မချစ်မနှစ်သက်သင့်သောသူနှင့်သာ ချစ်ခင်နှစ်သက် တတ်ကြသည်မှာ သိပ်ပြီးမထူးဆန်းသော သဘောတရားဖြစ်နေသည်မဟုတ်ပါ လား။ စွဲလန်းတပ်မက်ခြင်းဆိုသည်မှာ မြင်းရိုင်းတို့၏သဘောသဘာဝနှင့် နှိုင်းယှဉ် ၍ ရနိုင်ကောင်း၏။ အထိန်းအကွပ်မရှိ ပြေးလွှားချင်တိုင်းပြေးလွှားနေတတ်သော မြင်းရိုင်းများလိုပင် စွဲလန်းတတ်မက်ခြင်းသည်လည်း အထိန်းအကွပ်မရှိတတ်ပေ။ ထိုအရာသည် လူသားတစ်ယောက်ဖြစ်နေခြင်း၏ ဝမ်းနည်းဖွယ်အကောင်းဆုံးအ ချက်လည်း ဖြစ်နေပြန်၏။ ထိုအချက်ကြောင့်ပင် ပူဆွေးသောကရောက်ရခြင်းဆို သည်မှ လူသားများ မလွတ်မြောက်နိုင် ဖြစ်နေကြရသည်မဟုတ်ပါလား။
မီးအိမ်အလင်းရောင်လေးက တော်တော်လေး လင်းထိန်နေသည်။ တံခါးပေါက် ကလည်း ဟဟလေးပွင့်နေ၏။ တံခါးကြားမှ အလင်းရောင်လေးများ တိုးထွက်လာ သောကြောင့် လူသွားလမ်းလေးကို သဲသဲကွဲကွဲမြင်နေရသည်။ ယမန်နေ့ညက မိုးရွာ သွန်းထားသောကြောင့် လမ်းလေးသည်စိုစွတ်နေပြီး ရှုပ်ထွေးသောခြေရာများကို အထင်းသားမြင်တွေ့နေရ၏။ ထိုခြေရာများသည် ယောက်ျားတစ်ယောက်၏ ခြေရာ များလည်းဖြစ်နေပြန်သည်။
“ဒီကို ဘယ်သူလာသွားခဲ့တာလဲ။”
အားဖေက မျက်ခုံးရှုံ့ပြီး မေးမြန်းလိုက်သည်။ သို့သော်ချက်ချင်းပင် သူ၏အမူ အရာများက ပြန်လည်အေးချမ်းသွားပြန်သည်။
လင်ရှန်းအာကို သူယုံကြည်သည်။ အမြဲတမ်းယုံကြည်သည်။ သူ၏ယုံကြည်မှု ကို ဘယ်တော့မှ သစ္စာဖောက်မည်မဟုတ်မှန်း သူယုံကြည်ထားသည်။
လီဆွန်းဟွာသည် အားဖေ၏နောက် ခပ်ကွာကွာလေးမှ ကပ်လိုက်ပါလာပြီး အိမ်ငယ်လေး၏ အပြင်ဘက်တွင် ခြေချရမှာ ဝန်လေးနေရသည်။
အားဖေက လီဆွန်းဟွာဘက်သို့လှည့်ကြည့်ပြီး ပြုံးပြလိုက်သည်။ “ဒီနေ့ည သူ ချက်တဲ့ ဟင်းရည်ထဲမှာ မျှစ်စို့လေးတွေမပါဘူးလို့တော့ ထင်ရတာပဲ။ သူချက်တဲ့ ဟင်းလျာတွေကို မြည်းကြည့်ပြီးတာနဲ့ သူ့ရဲ့အချက်အပြုတ်ပညာက သူ့ဓားပညာ ထက်အပုံကြီးသာတယ်ဆိုတာ ခင်ဗျားသိလာမှာပါ။”
လီဆွန်းဟွာက ပြုံး၍သာနေလိုက်သည်။ သူ၏အပြုံးသည် နောင်တများစွာဖြင့် ပြုံးနေသော အပြုံးဖြစ်ကြောင်း မည်သူမျှမသိနိုင်ပေ။
စားပွဲပေါ်၌ရှိနေသော အမဲသားဟင်းရည်ခွက်အကြီးကြီးထဲတွင် တကယ်ပင် မျှစ်စို့လေးများ မပါရှိချေ။ သူမ၏လျှို့ဝှက်ချက်များကို လီဆွန်းဟွာ မည်သို့မျှ စဉ်း စားတွေးယူ၍မရနိုင်ချေ။ သို့သော် ယနေ့ဖြစ်ပျက်သမျှသည် အရာအားလုံးကို ပြောင်းလဲကောင်း ပြောင်းလဲသွားစေနိုင်လေသည်။
မိမိအပေါ် အလွန်ချစ်ခင်မြတ်နိုးပြီး အရာရာကိုဖြည့်ဆီးဆောင်ရွက်ပေးနေသော ယောက်ျားတစ်ယောက်ကို ဤမျှနှလုံးသားမဲ့စွာဆက်ဆံတတ်သည့် မိန်းမတစ် ယောက်အကြောင်းကို လီဆွန်းဟွာ ဘယ်လိုမှ စဉ်းစား၍မရ။
“ငါလည်း ဘာထူးလို့လဲ။ အားဖေကို လိမ်ညာနေတာပဲ မဟုတ်လား။” လီဆွန်း ဟွာ တစ်ကိုယ်တည်း စဉ်းစားနေမိ၏။
“သူဒီမှာ မရှိတော့ဘူးလို့ အားဖေကိုအမှန်အတိုင်း ဖွင့်ပြောပြလိုက်ပြီး အားလုံး ဟာ ငါ့အပြစ်တွေပါဆိုတာ ပြောပြလိုက်ရင် ကောင်းမလား။” တွေးရင်းတွေးရင်းနှင့် ပင် လီဆွန်းဟွာ ခါးကုန်းသွားရပြီး နောင်တကြီးစွာရနေရသလို ချောင်းလည်းဆိုး နေရ၏။
အားဖေက နောက်သို့လှည့်ကြည့်ပြီးမှ ပြောဆိုလိုက်သည်။ “ခင်ဗျားသာ ကျ နော်နဲ့ အချိန်ကြာကြာလေးအတူတူနေနိုင်မယ်ဆိုရင် အခုခင်ဗျားဆိုးနေတဲ့ ချောင်း ဆိုးရောဂါကြီး ပျောက်ကင်းသွားနိုင်တယ်ဗျ။ ဘာဖြစ်လို့လဲဆိုတော့ ဒီနေရာမှာ ဘာ အရက်မှမရှိဘူး။ သောက်စရာ ဟင်းရည်ပဲရှိတယ်။”
သို့သော် ထိုဟင်းရည်များသည် သူ၏ခန္ဓာကိုယ်ကို မည်မျှလောက် ဆိုးကျိုးပေး နေမှန်း အားဖေ မသိရှိပါတကား။ ထိုဟင်းရည်များသည် အရက်သောက်သုံးခြင်း ထက်ပင် အန္တရာယ်ကြီးမားလှပေသည်။
အိမ်လေးအတွင်းမှ ဘာသံမှမကြားရဘဲ တိတ်ဆိတ်ငြိမ်သက်နေ၏။
“သူ မီးဖိုချောင်ထဲမှာ ရှိနေတယ်နဲ့တူတယ်။ မဟုတ်ရင် အပြင်ဘက်ထွက်လာ ပြီး ခင်ဗျားကို ခရီးဦးကြိုပြုမှာသေချာတယ်။”
လီဆွန်းဟွာက အားဖေ၏စကားကို မည်သို့မျှ ပြန်မပြောခဲ့ပါ။ အဘယ်ကြောင့် ဆိုသော် သူဘာပြန်ပြောရမည်မှန်းကို မသိသောကြောင့်ဖြစ်၏။
အားဖေက တံခါးဖွင့်ပြီး အတွင်းသို့ဝင်သွားလိုက်သည်။ ဧည့်ခန်းငယ်လေး သည် ယခင်ကအတိုင်းပင် သန့်ရှင်းသပ်ရပ်နေဆဲ။ စားပွဲပေါ်ရှိ မီးအိမ်ငယ်လေး သည် မထွန်းညှိထားသော်လည်း အပူဓာတ်ငွေ့ငွေ့လေးကျန်ရှိနေသေး၏။
အားဖေက သက်ပြင်းမောကြီးချလိုက်သည်။ နောက်ဆုံးတော့ မိမိအိမ်ယာကို ချောချောမောမော ပြန်ရောက်လာခဲ့ပြီ မဟုတ်ပါလား။ လင်ရှန်းအာကို ပေးခဲ့သော သူ့ကတိမပျက်ခဲ့ပါ။ သို့သော် လင်ရှန်းအာ ဘယ်ရောက်နေသနည်း။ သူဘယ်နေရာ ၌ ရှိနေနိုင်သနည်း။ မီးဖိုချောင်ထဲတွင် မီးအလင်းရောင်ရှိနေပြီး သူ့ကိုကြိုဆိုနေ သည်က ဆပ်ပြာတုံးတစ်တုံးသာရှိနေသည်။ လင်ရှန်းအာ၏ အခန်းတံခါးကတော့ စေ့စေ့ ပိတ်ထား၏။
အားဖေသည် တံခါးဝတွင် ရပ်နေသော လီဆွန်းဟွာဘက်လှည့်ပြီး ပြောဆို လိုက်သည်။ “သူအိပ်ယာဝင်သွားပြီနဲ့တူတယ်။ သူကစောစောစီးစီး အိပ်တတ်တယ် လေ။”
လီဆွန်းဟွာက ပြုံးပြလိုက်ချင်သော်လည်း သူ၏မျက်နှာပြင်ရှိကြွက်သားများက တင်းခံနေကြသည်။ အခန်းတွင်းမှ တီးတိုးငြီးတွားသံသဲ့သဲ့ ကြားလိုက်ကြရသည်။ အသံမှာ အမျိုးသမီးတစ်ယောက်၏ အသံဖြစ်သည်။
အသက်ငင်နေသော အမျိုးသမီးတစ်ယောက်၏အသံဖြစ်သည်။
ထိုအသံသည် လင်ရှန်းအာ၏ အခန်းတွင်းမှ ထွက်ပေါ်လာခဲ့ခြင်းဖြစ်၏။
လီဆွန်းဟွာ၏ မျက်နှာအမူအရာများ ပြောင်းလဲသွားခဲ့ရပြီး လျင်မြန်စွာပြေး ဝင်လာကာ အခန်းတံခါးကို ထုရိုက်လိုက်သည်။ “အထဲမှာ ဘာဖြစ်နေတာလဲ။ ကျေးဇူးပြုပြီး တံခါးဖွင့်ပေးပါ။”
မည်သည့်ပြန်ဖြေသံမျှမကြားရ။ ငြီးတွားနေသံလည်း ပျောက်ကွယ်သွားခဲ့၏။ အထဲမှ ရှိနေသူသည် ပြန်ဖြေရန်ကြိုးစားနေပုံရသော်လည်း မည်သို့မျှ အသံမထွက် လာနိုင်တော့ပုံရသည်။
အားဖေသည် ချွေးစေးများပြန်လာခဲ့ရပြီး ချက်ချင်းပင်အခန်းတံခါးကို ပခုံးနှင့် တိုက်ဖွင့်လိုက်သည်။
လီဆွန်းဟွာက မျက်စိများ မှိတ်ထားလိုက်သည်။ ယခုအချိန်တွင် အားဖေ၏ မျက်နှာအမူအရာများ မည်ကဲ့သို့ဖြစ်နေမည်ဖြစ်ကြောင်း သူမတွေ့ရှိလိုပါ။
မိမိအချစ်ဆုံးသူတစ်ယောက် အသက်ငင်နေရသည်ကို ရုတ်တရက်တွေ့လိုက် ရသော လူတစ်ယောက်၏ အမူအရာကို မည်သူကကြည့်ရှုရက်ပါမည်နည်း။
လီဆွန်းဟွာ မကြည့်ရဲသည်ထက် မကြည့်ရက်ခြင်းဖြစ်သည်။ သူ့စိတ်ထဲမှာ ထိုအရာကို ပျော်ရွှင်မှုတစ်ခုအနေနှင့်ပင် ခံစား၍မရ။
သို့သော် တံခါးပွင့်သွားချိန်တွင် မည်သည့်အသံကိုမျှ သူမကြားခဲ့ရပါ။ မမြင် သင့်သော မြင်ကွင်းကို အားဖေတွေ့မြင်လိုက်ရပြီးနောက် မေ့လဲကျသွားခြင်းပင် လော။
လီဆွန်းဟွာ မျက်လုံးများပြန်ဖွင့်လိုက်သောအချိန်တွင် လင်ရှန်းအာ၏တံခါး ပေါက်ဝတွင် အားဖေသည် မားမားမတ်မတ် ရပ်နေဆဲဖြစ်ကြောင်း တွေ့ရှိလိုက်ရ သည်။
ထူးဆန်းသည်မှာ အားဖေ၏မျက်နှာအမူအရာသည် ဝမ်းနည်းကြေကွဲနေသူတစ် ယောက်၏ အမူအရာမျိုးလုံးဝမဟုတ်ဘဲ ဝေခွဲမရသော အမူအရာမျိုးဖြစ်နေပုံရ သည်။
ထိုအခန်းထဲတွင် ဘာဖြစ်ခဲ့သနည်း။ လီဆွန်းဟွာ မစဉ်းစားတတ်တော့ပါ။
သွေး...
ပထမဆုံး လီဆွန်းဟွာ မြင်လိုက်ရသည်က သွေးများဖြစ်သည်။ ပြီးနောက် သွေးအိုင်ထဲလဲကျနေသူတစ်ယောက်ကို သူတွေ့လိုက်ရ၏။
သွေးအိုင်ထဲလဲကျနေပြီး အသက်ကိုပြင်းထန်စွာ ရှူရှိုက်နေရသူသည် လင်း လင်း ဖြစ်နေမှန်း လီဆွန်းဟွာ လုံးဝမထင်မှတ်ထားခဲ့ပေ။
လီဆွန်းဟွာ တစ်ကိုယ်လုံးအေးခဲသွားခဲ့ရသည်။ အားဖေသည် ကြမ်းပြင်ပေါ်လဲ ကျနေသော ခန္ဓာကိုယ်အား ငေးကြည့်နေ၏။ သူ၏မျက်နှာပေါ်၌ ထူးဆန်းသော အမူအရာများ ဖြစ်ပေါ်နေသည်။ သူ တစ်စုံတစ်ခုကို သဘောပေါက်သွားခဲ့ရ၍လော။ “သည်မိန်းမငယ်လေး ဒီနေရာမှာ ဘာလာလုပ်နေသနည်း” ဟု သူတစ်ခွန်းမှ မမေး မြန်းခဲ့ချေ။
သူ့လေသံက အေးစက်စွာ ထွက်ပေါ်လာခဲ့သည်။ “ဒီတစ်ကြိမ်ကော.. ခင်ဗျားကို သူဒီမှာလာစောင့်နေတာပဲလား။”
လီဆွန်းဟွာ၏ နှလုံးသားကွဲကြေသွားခဲ့ရလေသည်။
အလျင်အမြန်ပင်ပြေးသွားလိုက်ပြီး သွေးအိုင်ထဲလဲကျနေသော လင်းလင်း၏ ခန္ဓာကိုယ်လေးကို ညင်သာစွာထွေးပွေ့ပေးထားပြီး သွေးခုန်နှုန်းကို စမ်းသပ်ကြည့် လိုက်သည်။
သူမကို ကယ်တင်ဖို့ နောက်မကျပါစေနှင့်ဟု သူဆုတောင်းနေမိ၏။ သူအလွန် ခံစားနေရလေသည်။
လင်းလင်း၏ မျက်လုံးများပွင့်လာခဲ့ပြီး လီဆွန်းဟွာကို တွေ့သွားလေတော့ သည်။ သူမ၏မျက်လုံးအိမ်ထဲမှ မျက်ရည်ဥများ လိမ့်ဆင်းကျလာ၏။
ထိုမျက်ရည်များက ဝမ်းနည်း၍ကျလာသောမျက်ရည်များဖြစ်သလို ပျော်ရွှင် ခြင်းကြောင့်ကျလာသော မျက်ရည်များလည်း ဖြစ်နေပြန်သည်။
သူမ မသေခင်အချိန်လေးအတွင်းမှာ လီဆွန်းဟွာကို နောက်ဆုံးအကြိမ်အဖြစ် တွေ့ရှိလိုက်ရသည်မဟုတ်ပါလား။
လီဆွန်းဟွာ၏ မျက်လုံးအိမ်ထဲတွင်လည်း မျက်ရည်များ ပြည့်လျှံလာခဲ့ရသည်။ သူသည် လေသံကို အနူးညံ့ဆုံးဖြစ်အောင်ထားပြီး ပြောဆိုလိုက်သည်။ “မင်းဟာ အသက်ငယ်ငယ်လေးပဲ ရှိပါသေးတယ်။ မင်းမသေနိုင်ပါဘူးကွာ။”
လင်းလင်းသည် သူပြောဆိုလိုက်သော စကားများကို ကြားခဲ့ဟန်မတူ။ သူမ၏ တုန်ရီလှုပ်ခါနေသော လေသံလေးဖြင့် ပြောဆိုနေ၏။ “ဒီတစ်ခါတော့ ရှင်အမှားကြီး မှားသွားခဲ့ပြီ။”
“ကျုပ်အမှားကြီးမှားသွားခဲ့ပြီ.. ဟုတ်လား။” လီဆွန်းဟွာ၏အသံများကလည်း တုန်ခါနေရသည်။
“အသက်ထင်ရှားရှိနေတဲ့ ယောက်ျားမှန်သမျှ သူ့ကိုသတ်ဖို့ ဘယ်လိုမှမဖြစ်နိုင် ဘူးဆိုတာ ရှင်သိခဲ့ဖို့ကောင်းတယ်။”
လီဆွန်းဟွာ၏အသံ တိမ်ဝင်သွားခဲ့ရလေသည်။ “ဒီအရှုပ်အရှင်းတွေထဲမှာ မင်း ကိုကျုပ်ဆွဲခေါ်လာခဲ့တယ်။ ကျုပ်... မင်း... အပေါ်မှာတာဝန်မကျေခဲ့ဘူးကွယ်။”
လင်းလင်းသည် အားယူပြီး လီဆွန်းဟွာ၏လက်ကို ဆုပ်ကိုင်ထားရန် ကြိုးစား လိုက်သည်။ “ရှင်ဟာ ကျမအပေါ်မှာအမြဲပဲ ကောင်းခဲ့ပါတယ်။ မှားခဲ့တာ ရှင်မ ဟုတ်ပါဘူး။ မှားခဲ့တာ သူပါ။”
“သူ။...”
“သူ.. ကျမကို လှည့်စားသွားခဲ့တယ်။ ကျမကလည်း.. ရှင့်ကို လိမ်ညာခဲ့တယ် လေ။”
“မင်းကျုပ်ကို မလိမ်ညာခဲ့ပါဘူးကွာ။”
သူမ၏လက်သည်းခွံများက လီဆွန်းဟွာ၏အရေပြားထဲသို့ စိုက်ဝင်လာခဲ့ကြ သည်။ “ကျမ... ကျမ.. ရှင့်ကိုလိမ်ညာခဲ့တယ်။ သူ့ဆီမှာ ကျမရဲ့အပျိုရည်ပျက်သွား ခဲ့တာ ကြာပါပြီ။ ကျမ ဒီနေရာမှာ ရှင့်ကိုစောင့်နေခဲ့တုန်းက... ကျမကိုယ်ကျမ သိပ်ပြီးမုန်းတီးမိတာပဲ။ ရှင့်ကို ကျမဘာဖြစ်လို့အမှန်တရားကို မပြောပြခဲ့ရလဲဆိုပြီး တော့...”
သူမ၏အသံလေးက ပို၍ကြည်လင်လာခဲ့ရသည်။ ကြည့်ရသည်မှာ သူမထံတွင် ခွန်အားများ ပြန်လည်ပြည့်ဖြိုးလာသည်နှင့်တူသည်။ သို့သော် ထိုအရာသည် မိမိ ကိုယ်ကိုလှည့်စားနေခြင်းသာဖြစ်ကြောင်း လီဆွန်းဟွာ သိရှိနေလေသည်။ သူမ၏ ငယ်ရွယ်သန်စွမ်းမှုကြောင့်သာ မဟုတ်ခဲ့ဘူးဆိုလျှင် သူမသည် ယခုအချိန်ထိ အ သက်ရှင်နေစရာအကြောင်း လုံးဝမရှိ။
“ကျမ.. ကျမ အသက်ရှင်နေနိုင်အောင် မနည်းကြိုးစားပြီး နေခဲ့ရတယ်။ ဘာ ဖြစ်လို့လဲဆိုတော့ ကျမ ရှင့်ကိုရှင်းပြချင်လို့။ ကျမရှင်းပြတာကိုသာ ရှင်နားလည်နိုင် မယ်ဆိုရင် ကျမ.. ကျမ.. သေပျော်ပါပြီရှင်။”
“ကျုပ်ရဲ့အပြစ်တွေပါ... အားလုံးဟာ ကျုပ်ရဲ့အပြစ်တွေပါကွာ။ ကျုပ် မင်းကို မကာကွယ်ပေးနိုင်ခဲ့ဘူး။ မစောင့်ရှောက်ပေးနိုင်ခဲ့ဘူး။...”
“သူ ကျမကို လိမ်ညာသွားခဲ့ပေမယ့်လည်း ကျမ သူ့ကိုမမုန်းပါဘူး။ ဘာလို့လဲ ဆိုတော့ သူ ဝဋ်ပြန်လည်တာကို ခံရမှာပါ။ ကျမထက် ၁၀ ဆဆိုးတဲ့ အပြစ်ဒဏ်ကို သူခံစားရမှာပါ။”
“ဒါ သူ့လက်ချက်လား။...”
လီဆွန်းဟွာ၏ စကားပင်မဆုံးသေး အားဖေကရုတ်တရက်ဝင်လာပြီး သူ့ကို ဘေးသို့တွန်းထုတ်လိုက်သည်။
အားဖေသည် လင်းလင်းကို စိုက်ကြည့်နေပြီး မေးမြန်းလိုက်သည်။ “လုဖုန်းရှန်း ကို ဒီနေရာခေါ်လာခဲ့တာ မင်းလား။”
လင်းလင်းက နှုတ်ခမ်းများကို ဖိကိုက်ထားနေလိုက်သည်။
အားဖေက လီဆွန်းဟွာကို လက်ညှိုးထိုးပြပြီး မေးမြန်းလိုက်ပြန်သည်။ “လုဖုန်း ရှန်းကို ဒီနေရာကိုခေါ်လာခဲ့ဖို့ မင်းကိုခိုင်းခဲ့တာ သူလား။”
လင်းလင်းသည် သူမ၏ကျန်ရှိနေသေးသော အားအင်လေးဖြင့် အတင်းဖြစ်ညှစ် ပြီး အော်ပြောလိုက်သည်။ “ဟုတ်တယ်။ သူပဲ။ ဒါပေမဲ့ သူဘာကြောင့် ဒီလိုလုပ်ခဲ့ သလဲဆိုတာ ရှင်သိလား။ ရှင့်အတွက် သူဘယ်လောက်တောင်မှ လုပ်ပေးခဲ့သလဲဆို တာ ရှင်သိရဲ့လား။ ရှင့်အတွက်...”
သူမ၏အသံလေးက ရုတ်ချည်းပင် ပြတ်တောက်သွားခဲ့ရပြီး အသက်ရှူရပ်ဆိုင်း သွားခဲ့ရလေတော့သည်။
အလွန်ကြေကွဲစရာပင်။ သူမသေဆုံးသွားခဲ့ရသည်မှာ အလွန်ကြေကွဲစွာ သေဆုံး သွားခဲ့ရခြင်းဖြစ်၏။
သူမ၏ ခန္ဓာကိုယ်တစ်ခုလုံး မည်သည့်လှုပ်ရှားမှုမှမရှိတော့ပါ။ သူမ၏ နှုတ် ခမ်းများမှ မည်သည့်စကားသံများမှ မထွက်လာနိုင်တော့ပါ။
ပြတင်းပေါက်မှ တိုက်ခတ်လာသောလေမှလွဲ၍ ကြမ်းပြင်ကြီးအပါအဝင် အခန်း တွင်းရှိအရာအားလုံး တိတ်ဆိတ်ငြိမ်သက်သွားခဲ့ရလေသည်။ အရာအားလုံးသည် သုဿန်တစပြင်တစ်ခုလို ငြိမ်သက်သွားခဲ့ရ၏။ လူသားအားလုံး၏ နောက်ဆုံးနား ခိုရာသည် သုဿန်တစပြင်ဖြစ်သည်မဟုတ်ပါလား။
တိုက်ခတ်လာသော လေထဲ၌ပင် ဝမ်းနည်းကြေကွဲမှုများ ပါဝင်လာသည်ဟု ခံစားရ၏။ ထိုလေတိုက်ခတ်သံက ငိုကြွေးသံနှင့်ဆင်တူပြီး လူတစ်ယောက်၏ နှလုံး ဘဝင်ကို ဆွဲကိုင်လှုပ်ခါပစ်လိုက်နိုင်လေသည်။
အချိန်မည်မျှကြသွားမှန်းမသိ အားဖေက မတ်တတ်ထရပ်လိုက်သည်။ သို့သော် လီဆွန်းဟွာဘက်သို့ စောင်းငဲ့၍ပင်မကြည့်ခဲ့ပါ။ သူ အေးစက်သောလေသံဖြင့် မေး မြန်းလိုက်သည်။ “ခင်ဗျား ဘာကြောင့်ဒီလိုလုပ်ခဲ့တာလဲ။”
ပုံမှန်အတိုင်းဆိုလျှင် ဤမေးခွန်းကို အခက်အခဲမရှိ လီဆွန်းဟွာ ပြန်ဖြေလိုက် မည်ဖြစ်သော်လည်း ယခုအချိန်တွင် သူ စကားတစ်ခွန်းမျှ ပြောဆိုချင်စိတ်မရှိနေပါ။
သူသာ ပြန်လည်ပြောဆိုခဲ့ပါက သူ့ကိုယ်သူပြန်နှိပ်စက်နေသလိုမျိုး ဖြစ်သွားရ မည်ဖြစ်ပြီး တခြားသူအတွက်လည်း သူ့စကား၏ဒဏ်ကို ခံနိုင်မည်မဟုတ်ပါ။
အားဖေသည် သူ့ကိုလှည့်ကြည့်ခြင်းလုံးဝမရှိဘဲ ဆက်၍ပြောဆိုနေလိုက်သည်။ “သူ့ကြောင့်မို့လို့ ကျနော်စိတ်ဓာတ်ကျဆင်းနေရတယ်လို့ ခင်ဗျားထင်ထားခဲ့တယ်။ သူသာ ကျနော့်ကို စွန့်ခွာသွားမယ်ဆိုရင် ကျနော့်ဘဝလေး ပြန်လည်အသက်ဝင် လာလိမ့်မယ်လို့ ခင်ဗျားထင်ထားခဲ့တယ်။ သူမရှိရင် ကျနော့်ဘဝကြီးဟာ ဘာမှ အဓိပ္ပါယ်မရှိဘူးဆိုတာ ခင်ဗျားမသိဘူးလား။”
လီဆွန်းဟွာက ကြေကွဲစွာတုံ့ပြန်ပြောဆိုလိုက်သည်။ “ကျုပ် မျှော်လင့်ခဲ့တာက မင်းကိုအလိမ်မခံစေချင်ဘူး။ မင်းရဲ့အချစ်နဲ့ ထိုက်တန်သူတစ်ယောက်ကို ရှာတွေ့ဖို့ လည်း ကျုပ်မျှော်လင့်ထားခဲ့တယ်။ ဖြစ်ပြီးသမျှတွေအားလုံးကို မင်း အမြန်ဆုံးမေ့ ပျောက်ပစ်နိုင်ပါစေလို့လည်း ကျုပ်မျှော်လင့်ထားပါတယ်။”
အားဖေသည် အံ့အားသင့်သွားပုံရပြီး ပြန်လည်ပြောဆိုလိုက်သည်။ “သူ ကျ နော့်ကို လိမ်ညာနေတယ်လို့ ခင်ဗျားထင်နေလား။ ကျနော့်ရဲ့အချစ်က သူနဲ့မထိုက် တန်ဘူးလို့ ခင်ဗျားဆိုလိုလိုက်တာလား။”
လီဆွန်းဟွာ-“ကျုပ်သိထားတာကတော့ မင်း သူနဲ့တွေ့ပြီးမှ ဘာမှအကျိုးမရှိတဲ့ ပြင် သူယူဆောင်လာခဲ့တဲ့ ကံဆိုးခြင်းတွေကိုပဲ ရင်ဆိုင်ဖြေရှင်းနေရတယ်ဆိုတာပဲ။”
အားဖေ-“ကျနော် ပျော်ရွှင်လား၊ ဝမ်းနည်းနေလားဆိုတာ ခင်ဗျား ဘယ်လိုလုပ် ပြီး သိနိုင်နေတာလဲ။”
နောက်ဆုံးမတော့ အားဖေသည် လီဆွန်းဟွာဘက်လှည့်လာခဲ့ပြီး စူးစူးစိုက်စိုက် ကြည့်နေကာ ပြောဆိုလိုက်သည်။ “ခင်ဗျားကိုယ်ခင်ဗျား ဘာထင်နေလဲ။ ကျုပ်ရဲ့ အတွေးတွေအားလုံးကို ထိန်းချုပ်နေချင်တယ်။ ကျုပ်ဘဝရဲ့ ရည်မှန်းချက်အားလုံး ကို ထိန်းချုပ်ထားချင်နေတယ်။ ခင်ဗျားဟာ ဘာမှမဟုတ်ဘူး၊ အလကားပဲ။ ကိုယ့် ကိုကိုယ်လိမ်ညာနေတဲ့ အရူးတစ်ယောက်ပဲ။ ကိုယ်ချစ်တဲ့ မိန်းမတစ်ယောက်ကို အန္တရာယ်တောထဲကို လက်လွတ်စံပါယ်စွန့်ပစ်ထားခဲ့တယ်။ ပြီးတော့ ကိုယ့်ကိုကိုယ် စိတ်ဓာတ်အမြင့်မားဆုံးလူလိုလို သူတော်ကောင်းကြီးလိုလို ဟန်ဆောင်နေနေသေး တယ်။ အလကားလူ။”
အားဖေပြောဆိုခဲ့သော စကားလုံးတိုင်းသည် ဓားသွားထက်ထက်တစ်လက်လို လီဆွန်းဟွာကို ထိုးနှက်ခဲ့လေသည်။ ကျန်မည်သည့်စကားမျှ လီဆွန်းဟွာကို ဤမျှ လောက် စိတ်ထိခိုက်ခံစားစေရမည် မဟုတ်ပါ။
အားဖေက အံကြိတ်ပြီး ဆက်၍ပြောဆိုနေ၏။ “သူက ကျနော့်အတွက် စိတ် ဆင်းရဲစရာတွေချည်း သယ်ဆောင်လာခဲ့တယ်ပဲ ထားလိုက်ပါတော့။ ခင်ဗျားကျ တော့ရော... ခင်ဗျားရဲ့ ပတ်ဝန်းကျင်မှာ ရှိနေတဲ့လူအားလုံးကို ခင်ဗျားဘာတွေ ယူဆောင်လာပေးခဲ့တယ်ဆိုတာ ပြန်စဉ်းစားလိုက်ဦး။ လင်ရှီးယင်ရဲ့ ပျော်ရွှင်နေခဲ့တဲ့ ဘဝလေးဟာ ခင်ဗျားကြောင့်မို့လို့ တစ်စစီကွဲကြေခဲ့ရတယ်။ ဒါတောင်မှ ခင်ဗျားက မကျေနပ်နိုင်သေးဘူး။ ကျနော့်ဘဝကိုပါလာပြီး ဖျက်ဆီးချင်နေသေးတယ်ပေါ့လေ။”
လီဆွန်းဟွာ၏ လက်များတုန်ခါလာခဲ့ရသည်။ သူခါးကုန်းပြီး ချောင်းဆိုးရန် ဟန်ပြင်လိုက်စဉ်မှာပင် ပါးစပ်ထဲမှ သွေးများယိုစီးကျလာခဲ့ရလေသည်။
အားဖေသည် တံခါးဝသို့ဆက်မလျှောက်သွားခင် လီဆွန်းဟွာကို အကြာကြီး စိုက်ကြည့်သွားခဲ့၏။ လီဆွန်းဟွာသည် ချောင်းဆိုးပင် မရပ်နိုင်သေး... ချက်ချင်းပင် တံခါးဝသို့ အပြေးလေးထွက်သွားပြီး အားဖေ၏သွားလမ်းကို ပိတ်ဆို့ထားလိုက် သည်။
အားဖေ-“ခင်ဗျား ဘာလုပ်ဦးမလို့လဲ။”
လီဆွန်းဟွာက နှုတ်ခမ်းထောင့်စွန်းမှ သွေးများကို အင်္ကျီလက်အိုးဖြင့် ဝိုက် သုတ်ပြီး ပြောဆိုလိုက်သည်။ “မင်း... မင်း သူ့ကိုသွားရှာဦးမလို့လား။”
အားဖေက တုံးတိတိပင် ပြန်ဖြေလိုက်သည်။ “ဟုတ်တယ်။”
“မင်းသွားလို့မဖြစ်ဘူး။”
“ဘယ်သူကပြောလဲ။...”
“ကျုပ်ပြောတာ။ မင်း သူ့ကိုရှာတွေ့ခဲ့ပြီး ပြန်ခေါ်လာနိုင်တယ်ပဲထားဦး။ မင်းအ တွက် နာကျည်းစရာတွေချည်း ကြုံတွေ့ရလိမ့်မယ်။ သိပ်မကြာခင်မှာပဲ မင်းကို သူ အပြီးတိုင် ဖျက်ဆီးမယ့်နေ့တစ်နေ့ကို ရောက်လာလိမ့်မယ်။... အဲ့ဒီအချိန်ကျရင် ဒီလိုမိန်းမတစ်ယောက်ရဲ့ လက်ထဲမှာ လွန့်လွန့်လူးလူးခံစားနေရမယ့် မင်းအဖြစ်ကို ကျုပ်မကြည့်ရက်ဘူး။”
အားဖေသည် လက်သီးကျစ်ကျစ်ပါအောင် ဆုပ်ထားခဲ့၏။ လီဆွန်းဟွာ၏ စ ကားလုံးတစ်လုံးပြောပြီးတိုင်း သူ့လက်သီးဆုပ်က ပို၍ပင်တင်းကြပ်စွာ ဆုပ်ထား မိလိုက်လေသည်။ သူ၏လက်ချောင်းများက တင်းကြပ်စွာဆုပ်ထားသောကြောင့် သွေးရောင်ကင်းမဲ့နေပြီး ဖြူဆွတ်လာခဲ့ရ၏။ သူ၏မျက်နှာသည်လည်း ဆွတ်ဆွတ် ဖြူဖွေးလာလေတော့သည်။ သူ၏မျက်လုံးများက နီရဲစူးရှလာခဲ့ကြသည်။
လီဆွန်းဟွာက ဆက်ပြောနေ၏။ “သူနဲ့ခွဲခွာနေရတဲ့ ဒီအချိန်ခဏလေးမှာတော့ မင်းခံစားရမှာ အမှန်ပဲ။ ဒါပေမဲ့ မင်းသာသူနဲ့အတူတူ ပြန်နေမယ်ဆိုရင် မင်းရဲ့ခံစား မှုတွေက ဘဝတစ်သက်လုံးစာအတွက် ဖြစ်သွားလိမ့်မယ်။ မင်း သူနဲ့ဝေးနေရတဲ့ အချိန်တွေမှာ ဘာတွေပြန်ပြောင်းလဲခဲ့ရသလဲ... ပြန်စဉ်းစားကြည့်လိုက်စမ်းပါဦး။”
အားဖေက လီဆွန်းဟွာ၏စကားကို ဖြတ်ပြောလိုက်သည်။ “ခင်ဗျားဟာ ကျုပ် အတွက် မိတ်ဆွေကောင်းတစ်ယောက် အမြဲဖြစ်ခဲ့တယ်နော်။”
လီဆွန်းဟွာက ခေါင်းညိတ်ပြလိုက်သည်။
အားဖေ-“အခုနလေးထိ ခင်ဗျားဟာ ကျုပ်ရဲ့မိတ်ဆွေတစ်ယောက်ပဲ။”
လီဆွန်းဟွာက ခေါင်းညိတ်ပြလိုက်ပြန်သည်။
အားဖေ-“ဒါပေမဲ့ ခုချိန်ကစပြီး ခင်ဗျားဟာ ကျုပ်ရဲ့မိတ်ဆွေတစ်ယောက်မဟုတ် တော့ဘူး။”
လီဆွန်းဟွာ၏ မျက်နှာအမူအရာများက အံ့အားသင့်မှုများဖြင့် မထိန်းနိုင်မသိမ်း နိုင် ဖြစ်သွားခဲ့ရပြီး စိတ်လှုပ်ရှားစွာ မေးမြန်းလိုက်၏။ “ဘာ... ဘာဖြစ်လို့လဲ။”
အားဖေ-“ဘာဖြစ်လို့လဲဆိုတော့... ခင်ဗျားကျုပ်ကို ကြိုက်သလောက် စော်ကား ပြောဆိုနိုင်တယ်။ ကျုပ် သည်းခံနိုင်တယ်။ ဒါပေမဲ့ သူ့ကိုစော်ကားပြောဆိုတဲ့စကား တွေကိုတော့ ကျုပ် လုံးဝသည်းမခံနိုင်ဘူး။”
လီဆွန်းဟွာ-“ကျုပ်က သူ့ကိုစော်ကားပြောဆိုတယ်လို့ မင်းထင်နေတယ်ပေါ့။”
အားဖေ-“ကျုပ် ခင်ဗျားကို တစ်ချိန်လုံးသည်းခံနေခဲ့တာ ကျုပ်တို့ရဲ့အရင်တုန်း က ခင်မင်မှုတွေကြောင့်ပဲ။ ဒါပေမဲ့ ဒီနေ့ကနေစပြီး သူ့ကိုနောက်ထပ် စော်ကားမော် ကားစကားတစ်ခွန်း ခင်ဗျား ပြောရဲရင်ပြောကြည့်စမ်း။ အဲ့ဒီစော်ကားတဲ့စကားကို သွေးနဲ့ ဆေးကြောပစ်မယ်။”
အားဖေ၏ ခန္ဓာကိုယ်တစ်ခုလုံး တုန်ခါနေရပြီး စိတ်လှုပ်ရှားစွာ ပြောဆိုလိုက် သည်။ “ခင်ဗျားရဲ့သွေး... ဒါမှမဟုတ် ကျုပ်ရဲ့သွေးပဲဖြစ်လိမ့်မယ်။”
လီဆွန်းဟွာ၏ပုံစံကို ကြည့်ရသည်မှာ ဝမ်းဗိုက်ကိုလက်သီးဖြင့်အထိုးခံလိုက်ရ သူတစ်ယောက်ကဲ့သို့ ဖြစ်နေရ၏။ သူသည် တံခါးပေါက်ဝမှ နောက်သို့ခြေလှမ်း ၂ လှမ်းခန့် ဆုတ်ခွာသွားခဲ့ရလေသည်။
လီဆွန်းဟွာသည် ပါးစပ်ကိုအတင်းပိတ်ထားခဲ့သော်လည်း နှုတ်ခမ်းထောင့်စွန်း မှ သွေးများယိုစီးကျလာလေတော့သည်။
အားဖေ-“ကျနော်အခု သူ့ကိုလိုက်ရှာမယ်။ တွေ့သည်ဖြစ်စေ မတွေ့သည်ဖြစ်စေ လိုက်ရှာမယ်။ ခင်ဗျားကျနော့် နောက်ကိုလိုက်မလာဘူးလို့ပဲ ထင်ထားလိုက်မယ်။ ခင်ဗျားသာ လိုက်လာခဲ့မယ်ဆိုရင် နောင်တအကြီးကြီးရသွားလိမ့်မယ်။”
ထိုစကားကို အားဖေသည် လှည့်ကြည့်ခြင်းလုံးဝမရှိဘဲ ပြောဆိုပြီး ထွက်ခွာ သွားလေတော့သည်။
မျက်ရည်ဆိုသည်မှာ ငံသောအရသာရှိသည်။ သို့သော် တချို့မျက်ရည်များက တော့ ဝမ်းဗိုက်တွင်းသို့ ပြန်လည်ငုတ်ဝင်သွားတတ်လေသည်။ ထိုမျက်ရည်မျိုးက ငံသောအရသာရှိနေရုံမကသေး ခါးသီးသောအရသာလည်း ရှိနေတတ်၏။
သွေးဆိုသည်မှာလည်း ငံသောအရာတစ်မျိုးပင်။ နှလုံးသားကွဲကြေနေရသူတစ် ယောက်၏ သွေးသည် မျက်ရည်များထက်ပင်ပို၍ ခါးသီးတတ်လေသည်။
အချိန်မည်မျှကြာအောင် သွေးများအန်ထုတ်နေမှန်း လီဆွန်းဟွာကိုယ်တိုင်ပင် မသိရှိနိုင်တော့ပါ။ သူ့အင်္ကျီလက်အိုးများတွင် ပေကျံနေသော သွေးများက ခြောက် သွေ့၍နေ၏။ သူသည် ဆက်၍မတ်မတ်ရပ်နိုင်စွမ်းပင် မရှိတော့ချေ။
ကြမ်းပြင်ပေါ်မှခြေရာအားလုံးသည် သွေးခြေရာများပင်ဖြစ်ကြသည်။ အိမ်အဝင် လမ်းလေးမှ ယိုင်ထိုးနေသောခြေရာများကို လီဆွန်းဟွာ ရုတ်တရက်သတိရလိုက် သည်။
လင်ရှန်းအာကို အားဖေ သေချာပေါက်ရှာတွေ့နိုင်ပါလိမ့်မည်။ အဘယ်ကြောင့် ဆိုသော် လင်ရှန်းအာက ခြေရာများကို တိတ်ဆိတ်လျှို့ဝှက်စွာ ချန်ထားခဲ့သည် မဟုတ်ပါလား။ သို့မှသာ အားဖေအတွက် သူမကို လိုက်ရှာနိုင်ပေမည်။
အားဖေအတွက် ဤမျှလောက်ထင်ရှားသော ခြေရာများချန်ထားခဲ့စရာပင်မလို ပါ။ အားဖေ၏ဗီဇသည် မွေးရာပါသဘာဝအတိုင်း ခြေရာခံလိုက်တော်သူတစ် ယောက်ဖြစ်နေသည်မဟုတ်ပါလား။
သူ၏ခြေရာခံလိုက်ကျွမ်းကျင်မှုသည် သေသေချာချာလေ့ကျင့် သင်ကြားပေး ထားသော အမဲလိုက်ခွေးတစ်ကောင်ထက်ပင်ပို၍ အစွမ်းထက်နေသေး၏။
သို့သော် သူသာအမီလိုက်သွားနိုင်ပါက ဘာများဆက်ဖြစ်ကြမည်နည်း။
သေချာသည်ကတော့ လုဖုန်းရှန်းကို အားဖေသည် သူသေကိုယ်သေတိုက်ခိုက် ရန် စိန်ခေါ်လိမ့်မည်ဖြစ်သည်။
လင်ရှန်းအာသည် သူမအတွက် ယောက်ျားများ သူသေကိုယ်သေတိုက်ခိုက်ရ သည်ကို အားရပါးရ ကျေနပ်စွာခံစားတတ်သူတစ်ယောက်ဖြစ်၏။
ထိုအရာများကို စဉ်းစားမိလိုက်သော လီဆွန်းဟွာအဖို့ ချမ်းအေးလှသော ဆောင်းရာသီကြီးမှာပင် ချွေးစေးများပြန်လာခဲ့ရလေသည်။
ယခုအချိန်တွင် အားဖေသည် လုဖုန်းရှန်း၏ပြိုင်ဘက်တစ်ယောက် မဖြစ်နိုင် သေးပါ။ အားဖေကို ကယ်ဆယ်နိုင်မည့် တစ်ဦးတည်းသောလူမှာ လီဆွန်းဟွာပင် ဖြစ်သည်။ သို့သော်...
“ခင်ဗျားကျနော့် နောက်ကိုလိုက်မလာဘူးလို့ပဲ ထင်ထားလိုက်မယ်။ ခင်ဗျားသာ လိုက်လာခဲ့မယ်ဆိုရင် နောင်တအကြီးကြီးရသွားလိမ့်မယ်။”
အားဖေသည် ပြောသလိုလုပ်တတ်သည့်လူစားမျိုးဖြစ်ကြောင်း လီဆွန်းဟွာ သိ နေ၏။
ထို့ပြင် အပြင်ဘက်တွင် မှောင်ပိန်းနေလေပြီ။
လီဆွန်းဟွာ၏ ခြေရာခံလိုက်နိုင်သည့် အစွမ်းအစသည် အားဖေ၏အဆင့် လောက်ပင်မရှိ။ နီးပင်အနီးစပ်နိုင်ချေ။ သူတို့နောက်ကို သူခြေရာခံလိုက်သည်ပဲထား ဦး.. သူ့အတွက်အောင်မြင်မှုရာခိုင်နှုန်းမှာ သုညသာဖြစ်မည်။
လီဆွန်းဟွာသည် ခက်ခက်ခဲခဲ မတ်တတ်ထရပ်လိုက်သည်။ အခန်းတွင်းမှ လင်းလင်း၏ ခန္ဓာကိုယ်လေးကို ပွေ့ယူပြီး ခုတင်ပေါ်တင်ပေးထားလိုက်သည်။ ပြီး နောက် အဝတ်စသန့်သန့်တစ်စဖြင့် လွှမ်းခြုံပေးထားလိုက်၏။
မည်သို့ပင်ဖြစ်စေ... ထိုသူများကို လီဆွန်းဟွာ လိုက်ရှာဖွေရပေမည်။ သူဆုံး ဖြတ်ထားပြီးဖြစ်၏။
အားဖေက သူ့ကိုမိတ်ဆွေအဖြစ် လုံးဝမသတ်မှတ်တော့ဘူးဆိုလျှင်တောင် လီ ဆွန်းဟွာကတော့ အားဖေကို မိတ်ဆွေတစ်ယောက်အဖြစ် အမြဲတမ်းသဘောထားနေ မည်ဖြစ်လေသည်။
သူ့ဘက်မှ အားဖေအပေါ်ထားရှိသော မိတ်ဆွေရင်းစိတ်ထား လုံးဝပြောင်းလဲ မည်မဟုတ်ချေ။
ထိုအရာသည် သူ၏အချစ်နှင့် အတူတူပင်ဖြစ်၏။ ပင်လယ်ကြီးခန်းခြောက် သွားပါစေ... တောင်တန်းတွေ အစိတ်စိတ်အမွှာမွှာ ကွဲကြေသွားပါစေ... လီဆွန်း ဟွာ၏ နှလုံးသားက ဘယ်တော့မှ ပြောင်းလဲမည်မဟုတ်ပါ။
“ရှီးယင်... ရှီးယင်... မင်း ဘယ်လိုနေနေမလဲကွယ်...”
0 comments:
Post a Comment