Wednesday, March 9, 2011

(၆၂) လျှို့ဝှက်မှုကြီး

တောင်ကုန်းလေးပေါ်တွင် ပို၍ပင်လူသူကင်းမဲ့ကာ တိတ်ဆိတ်နေသေး၏။ ဆောင်းဦးလေက မညှာမတာ ခပ်ပြင်းပြင်းတိုက်ခတ်လာ၏။

ကျင်းဝူမင်း၏လက်တစ်ဘက်က ဓားလက်ကိုင်ရိုးကို ရုတ်တရက်ဆုပ်ကိုင်ထား လိုက်သည်။... ဤလက်သည် သူ၏ညာဘက်လက်လည်းဖြစ်နေပြန်သည်။ ဓားကိုင် ဆောင်နေကျ ဘယ်ဘက်လက်မဟုတ်ချေ။ သူ၏ညာဘက်လက်ထဲတွင် ဓားတစ် ချောင်းသည် မည်သည့်နည်းနှင့်မျှ လူသတ်လက်နက်တစ်ခုဖြစ်လာမည် မဟုတ်ပါ။

ဓားလက်ကိုင်ရိုးကို ထိမိပြီးသည်နှင့် သူ့လက်ကိုဖြေလျှော့ချထားလိုက်ပြန် သည်။

သူ၏ခြေလှမ်းများက တဖြည်းဖြည်းနှေးကွေးလာရသည်။ ပြီးနောက် လုံးဝရပ် တန့်သွားခဲ့လေတော့သည်။ သူ့ပုံစံကိုကြည့်ရသည်မှာ လမ်းဆုံးသို့ရောက်ရှိနေသူ တစ်ယောက်ကဲ့သို့ဖြစ်နေ၏။

ထိုအချိန်၌ပင် စန့်ကွမ်းဖေ၏ ရယ်မောသံကို ကြားလိုက်ရလေသည်။

စန့်ကွမ်းဖေက သူ့ကိုလိုက်မီလာခဲ့ပြီး နှာခေါင်းတစ်ချက်ရှုံ့လိုက်သည်။ “ဟန် ဆောင်နေတာ ရပ်လိုက်စမ်းပါ။”


ကျင်းဝူမင်းက ခေါင်းပြန်လှည့်ကြည့်လိုက်သည်။ သူ၏မျက်လုံးများသည် မျက် လုံးသေများဖြစ်နေကြပြီး မည်သည့်စိတ်ခံစားမှုမျှ မရှိနေချေ။ ထိုမျက်လုံးတစ်စုံက စန့်ကွမ်းဖေကို အဓိပ္ပါယ်ပါပါ စိုက်ကြည့်နေကြသည်။ အတော်လေးကြာသောအခါ မှ ကျင်းဝူမင်းထံမှ စကားသံထွက်ပေါ်လာခဲ့သည်။ “ငါ ဟန်ဆောင်နေတယ်လို့ မင်း ထင်နေတာလား။”

စန့်ကွမ်းဖေ-“သိပ်ဟုတ်တာပေါ့ကွာ။ မင်း အဘိုးအိုစွန်းတို့ မြေးအဖိုးနောက်ကို နောက်ယောင်ခံလိုက်ချင်ဟန်ဆောင်နေခဲ့တာ မဟုတ်လား။ ဘာဖြစ်လို့လဲဆိုတော့ သူတို့နောက်ကို မင်းနောက်ယောင်ခံလိုက်နေစရာ ဘာအကြောင်းမှ မရှိဘူး။”

ကျင်းဝူမင်း-“ဒါဖြင့်ရင် ငါက ဘာဖြစ်လို့ သူတို့နောက်ကို နောက်ယောင်ခံ လိုက်နေရတာလဲ။”

စန့်ကွမ်းဖေ-“ဘာဖြစ်လို့လဲဆိုတော့ ငါ့ကြောင့်ပေါ့။”

ကျင်းဝူမင်း-“မင်းကြောင့်... ဟုတ်လား။”

စန့်ကွမ်းဖေ-“မင်းနောက်ကို ငါလိုက်နေတာ မင်းသိနေခဲ့ပါတယ်။”

ကျင်းဝူမင်းက အေးစက်စွာ ပြောဆိုလိုက်သည်။ “ဘာဖြစ်လို့လဲဆိုတော့ မင်း ဟာ လူတစ်ယောက်ကို နောက်ယောင်ခံလိုက်တဲ့နေရာမှာ တော်တော်လေးညံ့ဖျင်း နေလို့ပဲ။”

စန့်ကွမ်းဖေ-“ဟုတ်ချင်လည်း ဟုတ်မှာပါ။ ဒါပေမဲ့ မင်းကိုသတ်နိုင်လောက် အောင်တော့ ငါ့မှာအစွမ်းအစ ရှိနေပါသေးတယ်။ ငါ မင်းနောက်ကို လိုက်နေတာ မင်းကို သတ်ဖို့ဆိုတာ မင်းသိပြီးဖြစ်နေမှာပါ။”

ကျင်းဝူမင်း သိနေခဲ့ပါသည်။ ထို့ကြောင့် သူ့ထံတွင်မည်သည့် စိတ်လှုပ်ရှားမှု များကိုမှ မတွေ့ရပါ။

အားဖေတစ်ယောက်သာ အံ့ဩသူဖြစ်သွားခဲ့ရလေသည်။

ထိုလူနှစ်ယောက်သည် တစ်ဂိုဏ်းတည်းသားများဖြစ်ကြ၏။ ဘာဖြစ်လို့များ အချင်းချင်း သတ်ဖြတ်ချင်နေကြရပါလိမ့်။

စန့်ကွမ်းဖေ-“မင်းကို ငါသတ်ချင်နေခဲ့တာ လွန်ခဲ့တဲ့ ၁ဝ နှစ်လောက်ကတည်း ကပဲ။ ဘာဖြစ်လို့လဲသိလား။”

ကျင်းဝူမင်းက ဘာမှပြန်လည်ဖြေကြားခြင်းမရှိပါ။ သူသည် မေးခွန်းများကို မေးသူတစ်ယောက်သာဖြစ်ပြီး မေးခွန်းပြန်ဖြေဆိုတတ်သူတစ်ယောက်မဟုတ်ချေ။

စန့်ကွမ်းဖေက စိတ်မရှည်နိုင်ဖြစ်လာခဲ့ရလေသည်။ သူ့မျက်လုံးများထဲ၌ အဆိပ် အတောက်များ ပြည့်လျှံလာခဲ့ရပြီး အော်ဟစ်ပြောဆိုလိုက်သည်။ “မင်းသာ ဒီလော ကကြီးထဲမှာ မရှိခဲ့ဘူးဆိုရင် ငါ့ဘဝဟာ အတော့်ကို စိတ်ချမ်းသာစရာကောင်းမှာ။ မင်းဟာ ငါ့နေရာကို လုယူသွားရုံမကသေးဘူး... ငါ့အဖေကိုလည်း လုယူသွားခဲ့ သေးတယ်။ မင်းရောက်လာခဲ့ပြီးတဲ့နောက် ငါ့ဘဝထဲမှာ ငါပိုင်ဆိုင်သမျှအရာအား လုံးကို လုယူသွားခဲ့တယ်။”

ကျင်းဝူမင်းက အေးစက်စွာတုံ့ပြန်ပြောဆိုလိုက်သည်။ “မင်းကိုယ်မင်းပဲ အပြစ် အားလုံးလွှဲချလိုက်တော့။ ငါက အစစအရာရာမှာ မင်းထက်သာတယ်။”

စန့်ကွမ်းဖေက လက်သီးဆုပ်ထားပြီး ပြောဆိုလိုက်သည်။ “အဲ့ဒီဟာက အားလုံး ရဲ့ အဓိကအကြောင်းအရင်း မဟုတ်ဘူးဆိုတာ မင်းကိုယ်တိုင် ပိုသိမှာပါ။ အဓိကအ ကြောင်းအရင်းက...”

စန့်ကွမ်းဖေသည် စိတ်တည်ငြိမ်စွာထားနိုင်ရန် ကြိုးစားခဲ့သော်လည်း သူ့စိတ် ဓာတ်များ ပြိုကွဲသွားခဲ့ရသည်။ ပြီးနောက် ဒေါသကြီးစွာ အော်ပြောလိုက်သည်။ “ဘာဖြစ်လို့လဲဆိုတော့ မင်းဟာ အဖေ့ရဲ့ တိတ်တိတ်ပုန်းသားဖြစ်နေလို့ပဲ။ ငါ့အမေ ဘာဖြစ်လို့သေသွားခဲ့ရတာလဲသိလား။ မင်းအမေရဲ့ စိတ်ဖိစီးမှုဒဏ်ကြောင့် သေသွား ခဲ့ရတာကွ။”

ကျင်းဝူမင်း၏ မီးခိုးရောင်မျက်လုံးသေတစ်စုံက ရုတ်တရက်ကျုံ့သွားခဲ့ရလေ သည်။ ဤမျက်လုံးတစ်စုံကို ကြည့်ရသည်မှာ သွေးနီနှစ်စက်ကဲ့သို့ဖြစ်၏။

သွေးနီနှစ်စက်ကနေ အရောင်ပြောင်းသွားခဲ့ရခြင်းဖြစ်သည်ဟု ထင်စရာရှိသည်။

တောင်ကုန်းပေါ်မှ ချုံပုတ်များနောက်ကွယ်ရှိ အားဖေ၏အမူအရာများကလည်း ပြောင်းလဲသွားခဲ့ရသည်။ ကျင်းဝူမင်းကဲ့သို့ ပြောင်းလဲသွားခဲ့ခြင်းဖြစ်သော်လည်း ကျင်းဝူမင်းထက် ပို၍ဆိုးနေရသေး၏။

စန့်ကွမ်းဖေ-“မင်းနဲ့အဖေက ငါ့ကိုလိမ်ညာထားခဲ့ကြတယ်။ ငါမသိဘူးလို့များ မင်းထင်နေလား။”

ထိုစကားကို ပြောဆိုခဲ့သော စန့်ကွမ်းဖေအတွက် မည်သူ့ကိုမျှ ထိခိုက်နာကျင် စေမှုမရှိခဲ့ရဘဲ သူကိုယ်တိုင်သာ စိတ်ထိခိုက်သွားခဲ့ရလေသည်။

သူ့အတွက် နာကျင်စွာခံစားလိုက်ရသည်။ ထို့ကြောင့်သူ၏စိတ်ကို ပြန်လည် တည်ငြိမ်စွာ ထိန်းချုပ်ထားလာနိုင်ခဲ့ပြီးမှ စကားပြောဆိုလိုက်သည်။ “မင်းကို အဖေ အိမ်ခေါ်လာခဲ့တဲ့နေ့ကစပြီး အားလုံးကို ငါသိခဲ့တယ်။ ငါ မင်းကိုသတ်ဖို့ စောင့်နေ တယ်ဆိုတာ သိလား။”

ကျင်းဝူမင်းက အေးစက်စွာပြောဆိုလိုက်သည်။ “မင်းမှာမှ အခွင့်အရေးမရရှိခဲ့ တာ။”

စန့်ကွမ်းဖေ-“မင်းကိုသတ်နိုင်ဖို့ ငါ့ဆီမှာအခွင့်အရေး ရှိခဲ့တယ်ပဲထားဦး။ ငါ မင်းကို သတ်လို့မဖြစ်သေးပြန်ဘူး။ မင်းဟာ အရင်တုန်းကတော့ အသုံးဝင်နေခဲ့သေး ပေမယ့် အခုတော့ ဘာမှမဟုတ်တော့ဘူး။”

စန့်ကွမ်းဖေက နှာခေါင်းရှုံ့ပြီး ဆက်ပြောနေလိုက်ပြန်သည်။ “အဲဒီအချိန်တုန်း ကတော့ မင်းဟာ အဖေ့မျက်စိထဲမှာ ဓားတစ်လက်ပေါ့ကွာ။ လူသတ်ဓားတစ်လက် ပေါ့။ သူ့ရဲ့ လူသတ်လက်နက်ကို ငါဖျက်ဆီးခဲ့မယ်ဆိုရင် အဖေက ငါ့ကိုဘယ်တော့ မှ ခွင့်လွှတ်မှာမဟုတ်ဘူး။ အခုတော့ မင်းဟာ သံချေးတက်နေတဲ့ သံချောင်းတစ် ချောင်းလောက်ပဲ တန်ဘိုးရှိတော့တယ်။ မင်းရဲ့သေရေးရှင်ရေးအတွက် အဖေက ဘာမှ စိုးရိမ်တော့မှာမဟုတ်ဘူး။”

ကျင်းဝူမင်းသည် အတန်ကြမျှ စဉ်းစားနေလိုက်သည်။ ပြီးနောက် ခေါင်းညိတ် ပြောဆိုလိုက်သည်။ “မင်းပြောတာမှန်တယ်။ ငါ့ကိုယ်ငါတောင် သေဖို့ ဂရုမစိုက် တော့တာ သူဆိုရင် ဝေးသေးတယ်။”

စန့်ကွမ်းဖေ-“မင်းရဲ့အလိမ်အညာကို တခြားလူတွေ ယုံကြည်ကောင်းယုံ ကြည်ပါလိမ့်မယ်။ ဒါပေမဲ့ အဲ့ဒီထဲမှာ ငါမပါဘူး။”

ကျင်းဝူမင်း-“ငါက ဘာဖြစ်လို့ မင်းကိုလိမ်ပြောရမှာလဲ။”

စန့်ကွမ်းဖေ-“မင်းသေရမှာမကြောက်ရင် ဘာဖြစ်လို့ ထွက်ပြေးနေသေးလဲ။”

ကျင်းဝူမင်း-“ငါ ဘယ်မှာထွက်ပြေးနေလို့လဲ။”

စန့်ကွမ်းဖေ-“အဘိုးအိုစွန်းနောက်ကို နောက်ယောင်ခံလိုက်ချင်ဟန်ဆောင်ပြီး မင်းထွက်ပြေးဖို့ကြိုးစားနေတာ ငါမသိဘူးများမှတ်နေလား။”

ကျင်းဝူမင်း-“သေချာလို့လား။”

စန့်ကွမ်းဖေ-“မင်းသာ တခြားလူတွေနောက်ကို လိုက်နေခဲ့တယ်ဆိုရင် ငါ အသာလေးလိုက်ကြည့်ဦးမလို့ပါပဲ။ သူတို့ဘယ်သွားလဲ.. မင်းကိုစောင့်ပြီးများ လုပ် ကြံနိုင်ကြမလား... ဒါမှမဟုတ် မင်းကပဲ သူတို့ကိုသတ်နိုင်မလားဆိုတာ ငါ အရင် ဆုံး စောင့်ကြည့်နေမယ်။ ပြီးမှ မင်းကို ငါကိုယ်တိုင်သတ်မယ်။”

စန့်ကွမ်းဖေက ရယ်မောပြီး ဆက်ပြောနေလိုက်ပြန်သည်။ “အခုတော့ မင်းက လူရွေးမှားသွားခဲ့တာကိုး။ ဘာဖြစ်လို့လဲဆိုတော့ အဘိုးအိုစွန်း ဘယ်သွားမလဲဆို တာ မင်းသိနိုင်စရာ ဘာအကြောင်းမှမရှိဘူး။ သူ့ကိုသတ်နိုင်ဖို့ဆိုတာ ဝေးရော။ မင်းဟာ သူ့နောက်ကို နောက်ယောင်ခံလိုက်နိုင်တဲ့အစွမ်းရှိသူတစ်ယောက် မဟုတ် ဘူး။ ရှင်းရှင်းပြောမယ်။ မင်းဟာ သူ့ပြိုင်ဘက်တစ်ယောက်မဟုတ်ဘူး။”

ကျင်းဝမင်းက ရုတ်တရက်ပြုံးပြလိုက်သည်။ “ဖြစ်နိုင်တာတစ်ခုကတော့...”

သူ၏အပြုံးသည် အလွန်ထူးဆန်းသောအပြုံးတစ်ခုဖြစ်နေပြီး လျှို့ဝှက်မှုတစ် ခုကို ဖုံးကွယ်ထားသည့် အပြုံးမျိုးလည်းဖြစ်နေပြန်သည်။

စန့်ကွမ်းဖေကတော့ ဤအရာကို သတိထားမိပုံမပေါ်။ စကားဆက်ပြောနေပြန် သည်။ “ဒါကြောင့်မို့လို့ မင်းဖုံးကွယ်ဖို့ကြိုးစားနေတာ။ ငါ မင်းကိုသတ်မှာမို့လို့ မင်းအချိန်ဆွဲနေတာ။”

စန့်ကွမ်းဖေသည် ကျင်းဝူမင်းကို စူးစူစိုက်စိုက်ကြည့်နေပြီးမှ အော်ပြောလိုက် သည်။ “ဘာဖြစ်လို့လဲဆိုတော့ အခု မင်းသေရမှာကြောက်နေပြီ။”

ကျင်းဝူမင်းက သံယောင်လိုက်ပြောလိုက်သည်။ “သေရမှာကြောက်လို့... ဟုတ် လား။”

စန့်ကွမ်းဖေ-“အရင်တုန်းကတော့ မင်းဟာ သေရမှာကို လုံးဝမကြောက်ခဲ့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဘယ်သူမှ မင်းကိုမသတ်နိုင်လို့ပဲ။”

‘ထန်း’...

စန့်ကွမ်းဖေ၏လက်ထဲသို့ ‘နဂါးမီးငှက်သံကွင်းမောင်နှံ’တစ်စုံ ရောက်ရှိလာခဲ့ လေသည်။ ပြီးမှ စန့်ကွမ်းဖေက အေးစက်စွာပြောဆိုလိုက်သည်။ “အခုတော့ ငါမင်း ကိုသတ်မယ်ဆိုရင် အချိန်မရွေးသတ်နိုင်ပြီ။”

ကျင်းဝူမင်းသည် အတန်ကြာမျှ တိတ်ဆိတ်နေရာမှ ပြန်လည်ပြောဆိုလိုက် သည်။ “ကြည့်ရတာ မင်းတော်တော်လေးသိထားပုံရတယ်။”

စန့်ကွမ်းဖေ-“အနည်းဆုံးတော့ ငါဟာ မင်းထင်ထားတာထက်ပိုပြီး ဉာဏ် ကောင်းနေပါသေးတယ်။”

ကျင်းဝူမင်းက ရုတ်တရက် ရယ်မောလိုက်သည်။ “စိတ်မကောင်းစရာတစ်ခု ရှိသေးတယ်။ ဘာလဲဆိုတော့ မင်းမသိတာ တစ်ခုရှိနေသေးလို့ပဲ။”

စန့်ကွမ်းဖေ-“ဘာလဲ။”

ကျင်းဝူမင်း-“မင်းသိသည်ဖြစ်စေ၊ မသိသည်ဖြစ်စေ သိပ်တော့အရေးမကြီးပါ ဘူး။ ဒါပေမဲ့ အဲ့ဒီအချက်ကို မင်းမသိဘူးဆိုရင် မင်းသေရလိမ့်မယ်။”

စန့်ကွမ်းဖေ-“သေရေးရှင်ရေးလောက်ကို အရေးကြီးနေမှတော့ ငါသိရမှာပေါ့။”

ကျင်းဝူမင်း-“ဟင်းဟင်း.. ဒီကိစ္စကို မင်းမသိနိုင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒါဟာ ငါ့ကိုယ်ပိုင်လျှို့ဝှက်ချက်လေးဖြစ်နေလို့ပဲ။ ငါဘယ်သူ့ကိုမှ ပြောပြခဲ့တာ မဟုတ်ဘူး။”

စန့်ကွမ်းဖေ-“မင်းမှာ ငါ့ကို ပြောပြချင်စိတ်ကော ရှိသေးရဲ့လား။”

ကျင်းဝူမင်း-“မှန်တယ်။ ငါမင်းကို ပြောပြမယ်။ ဒါပေမဲ့ တစ်ခုတော့ရှိတယ်။..”

စန့်ကွမ်းဖေ-“ဘာလဲ...”

ကျင်းဝူမင်း-“ငါပြောပြပြီးသွားရင် မင်းသေရလိမ့်မယ်။”

စန့်ကွမ်းဖေသည် ကျင်းဝူမင်းကို စိုက်ကြည့်နေလိုက်သည်။ ပြီးနောက် ရုတ်တ ရက်ပင် အော်ဟစ်ရယ်မောနေလိုက်လေတော့သည်။

ကျင်းဝူမင်း၏ စကားများက ရယ်မောစရာကောင်းလွန်းလှသည် မဟုတ်ပါ လား။

ဒဏ်ရာရထားသူ ဒုက္ခိတတစ်ယောက်က လူသတ်နိုင်ပါမည်တဲ့လား။...

စန့်ကွမ်းဖေသည် ရယ်မောနေရင်း ပြောဆိုလိုက်သည်။ “မင်းငါ့ကို ဘာနဲ့သတ် မှာလဲ။ ဘာလက်နက်နဲ့သတ်မှာလဲ။ ပါးစပ်နဲ့ ကုန်းကိုက်မှာလား။ ဟားဟားဟား..”

ကျင်းဝူမင်း၏ အဖြေစကားက တိုတောင်းပြတ်သားလှသည်။ လွန်စွာမှလည်း ချိုမြိန်ပုံရသည်။

“မဟုတ်ဘူး။”

စန့်ကွမ်းဖေ၏ ရယ်မောနေသံသည် အနည်းငယ်တိုးညင်းသွားခဲ့ရ၏။

ဤကဲ့သို့ ပြတ်ပြတ်သားသား ပြန်လည်ဖြေဆိုမှုကြောင့် ကျင်းဝူမင်းတစ် ယောက် လိမ်ပြောနေခြင်း လုံးဝမဖြစ်နိုင်ပေ။ ဟာသလုပ်ပြီး ပြောဆိုနေခြင်းမဟုတ် သကဲ့သို့ ခြောက်လှန့်ပြောဆိုနေခြင်းလည်း မဟုတ်ပြန်။

ကျင်းဝူမင်း-“ငါ လူသတ်ပြီဆိုရင် ဒီလက်နဲ့သတ်တယ်။”

သူ၏လက်တစ်ဘက်ကို မြှောက်ပြလိုက်သည်။ သူ၏ညာဘက်လက် ဖြစ်နေ သည်တကား...

စန့်ကွမ်းဖေသည် ရယ်မောနေဆဲပင်။ သို့သော် သူ၏ရယ်မောနေသံက စောစော တုန်းကလောက် အသက်မပါတော့ချေ။ “အဲ့ဒီလက်... ဟုတ်လား... အဲ့ဒီလက်က ခွေးတစ်ကောင်တောင်မှ ဖြောင့်အောင်သတ်နိုင်မှာမဟုတ်ဘူး။”

ကျင်းဝူမင်း-“ငါ လူပဲသတ်တယ်။ ခွေးမသတ်ဘူး။”

စန့်ကွမ်းဖေ၏ ရယ်မောလိုက်သံက ရုတ်တရက်ပင် ရပ်တန့်သွားခဲ့ရသည်။ သူ၏ နဂါးမီးငှက်သံကွင်းမောင်နှံသည် သူ့လက်ထဲမှ ပြင်းထန်စွာ တဟုန်ထိုး ထွက်ပေါ်လာခဲ့လေတော့သည်။

သိုင်းလောကတွင် ဆိုရိုးစကားတစ်ခုရှိသည်။ ‘၁လက်မပိုတိုလေ သေမင်းနှင့် ၁ လက်မပိုနီးကပ်လေ’... နဂါးမီးငှက်သံကွင်းမောင်နှံသည် သိုင်းလောကတွင် အသုံး ပြုရန် အခက်ခဲဆုံးလက်နက်စာရင်းတွင် ပါရှိသည်။ ‘နဂါးပတ်မီးငှက်ယိမ်းပျံသန်း’ သိုင်းကွက်သည် နဂါးမီးငှက်သံကွင်းမောင်နှံ လက်နက်အသုံးပြုသူ သိုင်းသမားများ အတွက် အခက်ခဲဆုံးသော သိုင်းကွက်လည်းဖြစ်၏။ အလွန်လည်း အန္တရာယ်များ သော သိုင်းကွက်ဖြစ်သည်။ သေရေးရှင်ရေးအကျဉ်းအကြပ်ထဲရောက်မှ (သို့မဟုတ်) ရန်သူကို သတ်နိုင်ရန်သေချာသောအခွင့်အရေးအပြည့်ရှိမှသာ ဤသိုင်းကွက်ကို ထုတ်သုံးတတ်သည်။

ထိုသိုင်းကွက်ထွက်ပေါ်လာသည်နှင့်တပြိုင်နက် တစ်ဘက်ရန်သူသည် မည်သို့ မျှ ခုခံကာကွယ်နိုင်တော့မည် မဟုတ်ချေ။

ထိုအချိန်၌ပင် ဓားရောင်များ ဖြာမိုးထွက်လာလေသည်။

ဓားတစ်လက်... မျက်စိတစ်မှိတ် လျှပ်တစ်ပျက်အချိန်အတွင်းမှာပင် စန့်ကွမ်း ဖေ၏ လည်မျိုသို့ ထိုးဖောက်ဝင်ရောက်သွားခဲ့သည်။

ဓားဦးက လည်ပင်း၏ ၇၀ ရာခိုင်နှုန်းလောက်ကို ထိုးဖောက်ဝင်ရောက်သွားခဲ့ ခြင်းဖြစ်သည်။

စန့်ကွမ်းဖေ အသက်တော့ရှူနေသေး၏။ သူ့နဖူးပြင်ထက်တွင် သွေးပြန်ကြော ကြီးများ ထောင်ထနေကြ၏။ မျက်လုံးများက ပြူးထွက်နေကြပြီး ကျင်းဝူမင်းကို စားတော့မတတ်ဝါးတော့မတတ် စိုက်ကြည့်နေကြ၏။

သေဆုံးခါနီးအချိန်၌ပင် ကျင်းဝူမင်း၏ဓား မည်ကဲ့သို့ထွက်ပေါ်လာခဲ့မှန်း သူမ သိရှိခဲ့ရပေ။

ကျင်းဝူမင်းက စန့်ကွမ်းဖေကို အေးစက်စွာ စိုက်ကြည့်နေပြီး ပြောဆိုလိုက် သည်။ “ငါ့ ညာဘက်လက်က ဘယ်ဘက်လက်ထက်တောင်မှ ပိုမြန်သေးတယ်။ ဒါဟာ ငါ့ရဲ့လျှို့ဝှက်ချက်ပဲ။”

ဓားပြန်ဆွဲနှုတ်လိုက်သောအခါ သွေးများပန်းထွက်လာကြသည်။ ထိုနေရာတစ် ဝိုက်လုံး သွေးများဖြင့် နီရဲသွားရတော့သည်။

စန့်ကွမ်းဖေသည် ကျင်းဝူမင်းအား စိုက်ကြည့်နေဆဲ... မယုံကြည်နိုင်မှုများ... နောင်တရမှုများဖြင့် စိုက်ကြည့်နေဆဲ... ပြီးနောက် တဖြည်းဖြည်း ခွေလဲကျသွား တော့သည်။

စန့်ကွမ်းဖေ မယုံကြည်ခဲ့ပါ။ သေဆုံးသည့်အချိန်မှာတောင်မှ မယုံကြည်နိုင်ပါ။

သို့သော် သူယုံကြည်ရပေမည်။

စန့်ကွမ်းဖေ၏ လက်ထဲမှ ထွက်ပေါ်လာခဲ့သော နဂါးမီးငှက်သံကွင်းမောင်နှံ သည် ကျင်းဝူမင်း၏ ပခုံးတွင်စိုက်ဝင်နေ၏။ ကျင်းဝူမင်း၏ ဒဏ်ရာရထားသော ဘယ်ဘက်ပခုံးပေါ်တွင် စိုက်ဝင်နေခဲ့၏။

ကျင်းဝူမင်းသည် ထိုဒဏ်ရာရထားသော ဘယ်ဘက်လက်မောင်းဖြင့် စန့်ကွမ်း ဖေ၏ တိုက်ခိုက်မှုကို ကာကွယ်ခဲ့ခြင်းဖြစ်သည်။ ပြီးမှ ညာဘက်လက်ဖြင့် ဓားဆွဲ ထုတ်ကာ တန်ပြန်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ဓားသည် ချက်ချင်းပင် စန့်ကွမ်းဖေ ၏ လည်မျိုတွင်းသို့ ထိုးဝင်သွားခဲ့လေတော့သည်။

မည်မျှလောက် ရက်စက်သော ဓားချက်ဖြစ်ပါသနည်း။

ထိုဓားချက်သည် လွန်စွာမှပင် တိကျသည်။ သေမင်းတမန်ဓားချက်ဖြစ်သည်။ အလွန်လျင်မြန်ပြီး ရက်စက်မှုကမ်းကုန်သော ဓားချက်ဖြစ်သည်။

“ငါ့ ညာဘက်လက်က ဘယ်ဘက်လက်ထက်တောင်မှ ပိုမြန်သေးတယ်။ ဒါဟာ ငါ့ရဲ့လျှို့ဝှက်ချက်ပဲ။”

ကျင်းဝူမင်း လိမ်ညာခဲ့ခြင်းမဟုတ်ပါ။

သို့သော် အမှန်တရားကတော့ မယုံကြည်နိုင်စရာ ကောင်းလွန်းလှသည်။ အံ့ အားသင့်စရာ ကောင်းလွန်းလှသည်။

စန့်ကွမ်းဖေသည် ကျင်းဝူမင်းနှင့် ပတ်ဝန်းကျင်တစ်ခုတည်းတွင် အတူတူ ကြီး ပြင်းလာခဲ့ သည်မှာ ၁၀နှစ် ကျော်ကျော်ရှိပေပြီ။ ကျင်းဝူမင်းက ညာဘက်လက်ဖြင့် ဓားပညာရပ် လေ့ကျင့်သည်ဟု တစ်ခါမှမတွေ့ခဲ့ဖူး။ ထို့ကြောင့် သေဆုံးသည့်အချိန် မှာပင် ဤ ညာဘက်လက်ဓားပညာကို ကျင်းဝူမင်း မည်ကဲ့သို့ လေ့ကျင့်နိုင်ခဲ့ ကြောင်း နားမလည်နိုင် ဖြစ်သွားခဲ့ရခြင်းဖြစ်လေသည်။

သို့သော် သူယုံကြည်ရပေမည်။ အဘယ်ကြောင့်ဆိုသော် သေခြင်းတရား လောက်မှန်ကန်စွာ သက်သေပြနိုင်သည့်အရာ လောကကြီးတွင်မရှိနိုင်သောကြောင့် ဖြစ်၏။

ကျင်းဝူမင်းသည် စန့်ကွမ်းဖေ၏ အသေကောင်ခန္ဓာကိုယ်ကြီးကို စိုက်ကြည့် နေ၏။ သူ၏အမူအရာများက စိတ်ပျက်လက်ပျက်ဖြစ်နေဟန်ရှိသည်။

အချိန်အကြာကြီးနေမှ ကျင်းဝူမင်းက တီးတိုးလေး ရေရွတ်လိုက်သည်။ “မင်း ဘာဖြစ်လို့ ငါ့ကိုသတ်ချင်ခဲ့ရတာလဲ။ ငါကလည်း ဘာဖြစ်လို့ မင်းကိုသတ်ခဲ့ရတာ လဲ။...”

သူတစ်ဘက်သို့ချာခနဲလှည့်ကာ လျှောက်ထွက်သွားလေတော့သည်။

ကျင်းဝူမင်းသည် စန့်ကွမ်းကျင်းဟုန်နှင့် တွဲလျှောက်သလိုပင် ထူးဆန်းစွာလမ်း လျှောက်ထွက်သွားသည်။

ထိုသံကွင်းများသည် သူ့ပခုံးထက်တွင် စိုက်ဝင်လျက်ရှိနေဆဲပင်။

သံသယ၊ အံ့ဩမှု၊ မယုံကြည်နိုင်မှု...

ထိုအရာများသည် အားဖေလက်ရှိခံစားနေရသော ခံစားချက်များဖြစ်လေသည်။

ကျင်းဝူမင်း၏ ဓားပညာသည် လွန်စွာမှပင် ကြောက်မက်ဖွယ်ရာ ကောင်းနေ လေသည်။ အားဖေ၏ဓားချက်လောက် မြန်ချင်မှမြန်ပေလိမ့်မည်။ သို့သော် အားဖေ ၏ ဓားချက်များထက် ပိုပြီးပြင်းထန်သည်။ ပိုပြီး လျှို့ဝှက်လေသည်။

“ငါ သူ့ကိုယှဉ်နိုင်ပါဦးတော့မလား။...”

ဤအချက်သည် အမှန်တရားပင်ဖြစ်နေစေဦး... အားဖေလက်ခံယုံကြည်နိုင် သော အမှန်တရားမဟုတ်ချေ။

ကျင်းဝူမင်း၏ တရွေ့ရွေ့ထွက်ခွာသွားသော နောက်ကျောပြင်ကိုကြည့်နေရင်း အားဖေ၏ခန္ဓာကိုယ်ထဲမှ သွေးများပွက်ပွက်ဆူလာခဲ့ကြသည်။ တောင်ကုန်းအောက် သို့ ချက်ချင်းပင် ပြေးဆင်းသွားပြီး ကျင်းဝူမင်းကို အမီလိုက်နိုင်ရန် ရုတ်တရက် ထရပ်လိုက်သည်။

ထိုအချိန်၌ပင် လက်တစ်ဘက်က သူ့ကို ဆွဲထားလိုက်လေတော့သည်။

ထိုလက်သည် အလွန်သန်မာသောလက်ဖြစ်ပြီး သူ့လက်ကိုတင်းကြပ်စွာ ဆုပ်ကိုင်ထား၏။

အားဖေ နောက်သို့ရုတ်တရက်လှည့်ကြည့်လိုက်ရာ လီဆွန်းဟွာ၏ ကြင်နာမှု အပြည့်ရှိသော ကရုဏာမျက်ဝန်းများကို ရင်ဆိုင်လိုက်ရလေတော့သည်။

အားဖေကို ရုန်းမထွက်သွားနိုင်အောင် ဆွဲကိုင်ထားသည်မှာ လီဆွန်းဟွာ၏ လက်တစ်ဘက်မဟုတ်ချေ။ သူ၏ကရုဏာမျက်ဝန်းတစ်စုံပင် ဖြစ်လေသည်။

အားဖေက ခေါင်းငုံ့ပြီး သက်ပြင်းချလိုက်သည်။ “သူဟာ ကျနော့်ထက် သာနေ ပါတယ်ဗျာ။”

လီဆွန်းဟွာ-“မင်း သူ့ကိုမယှဉ်နိုင်တာ တစ်ခုပဲရှိတယ်။”

အားဖေ-“ဘာလဲ။”

လီဆွန်းဟွာ-“လူသတ်ဖို့ဆိုရင် ကျင်းဝူမင်းက အားလုံးကို စွန့်လွှတ်နိုင်တယ်။ သူ့အသက်ကိုတောင်မှ စွန့်ပြီးလူသတ်နိုင်တယ်။ မင်းက သူ့လိုမလုပ်နိုင်ဘူး။”

အားဖေသည် အတန်ကြာမျှ စဉ်းစားနေပြီးမှ ပြန်ဖြေလိုက်သည်။ “ခင်ဗျားပြော တာမှန်တယ်။ ကျနော်... ကျနော် သူ့လိုလိုက်မလုပ်နိုင်ဘူး။”

လီဆွန်းဟွာ-“မင်းမလုပ်နိုင်ဘူး။ ဘာဖြစ်လို့လဲသိလား။ မင်းမှာ ခံစားချက်ဆို တာရှိနေသေးတယ်။ မင်းရဲ့ဓားချက်တွေက ရက်စက်ကောင်းရက်စက်နေပေမယ့် လူကတော့ အကြင်နာတရားနဲ့ပြည့်ဝနေတယ်။”

အားဖေ-“ဒါကြောင့်မို့လို့... ဒါကြောင့်မို့လို့ ကျနော်သူ့ကို မယှဉ်နိုင်ဘူး။”

လီဆွန်းဟွာက ခေါင်းခါရမ်းပြလိုက်သည်။ “မှားတယ်။ မင်းသူ့ကို ကောင်း ကောင်းကြီး ယှဉ်နိုင်ပါတယ်။”

အားဖေက ဘာမှပြန်မပြောဘဲ ငြိမ်သက်စွာ နားထောင်နေလိုက်သည်။

လီဆွန်းဟွာက ဆက်ပြောနေပြန်သည်။ “ခံစားချက်ရှိနေတဲ့အတွက် လူတစ် ယောက်မှာ အသက်ရှိနေရတယ်။ အသက်ရှိနေလို့ ဝိဉာဉ်ရှိနေရတယ်။ ဝိဉာဉ်ရှိနေတဲ့ လူတစ်ယောက်ဟာ အပြောင်းအလဲတိုင်းကို ရင်ဆိုင်ကျော်လွှားနိုင်တယ်။”

အားဖေသည် အတန်ကြာမျှ စဉ်းစားနေပြီးမှ ခေါင်းညိတ်ပြလိုက်သည်။ “ကျ နော် နားလည်သွားပြီ။”

လီဆွန်းဟွာ-“ဒါပေမဲ့ ဒီအချက်က အရေးအကြီးဆုံးအချက်မဟုတ်သေးဘူး။”

အားဖေ-“ဘယ်အချက်က အရေးအကြီးဆုံးလဲ။”

လီဆွန်းဟွာ-“အရေးအကြီးဆုံးအချက်က မင်းသူ့ကိုသတ်စရာမလိုအပ်ဘူး။ မင်းသူ့ကို မသတ်နိုင်ဘူး။”

အားဖေ-“ကျနော်က ဘာဖြစ်လို့ သူ့ကိုသတ်စရာမလိုအပ်ရတာတုန်း။”

လီဆွန်းဟွာ-“ဘာဖြစ်လို့လဲဆိုတော့ သူဟာ လူသေတစ်ယောက်ဖြစ်နေလို့ပဲ။ ဘာဖြစ်လို့ ထပ်သတ်ရဦးမှာလဲ။”

အားဖေ-“ခင်ဗျားပြောတာမှန်တယ်။ သူ့နှလုံးသားက သေဆုံးနေခဲ့ပြီးပြီ။ သူ့ကို ကျနော်သတ်စရာ မလိုအပ်တော့ဘူး။ ဒါပေမဲ့... ဘာဖြစ်လို့ သူ့ကိုကျနော်မသတ် နိုင်ရတာလဲ။”

လီဆွန်းဟွာက အဖြေမပေးဘဲ ပြန်မေးလိုက်သည်။ “သူဘာဖြစ်လို့ လျှို့ဝှက်ဓား ပညာကို လေ့ကျင့်ထားခဲ့လဲဆိုတာ မင်းသိလား။”

အားဖေ-“ခင်ဗျားကော ဘယ်လိုထင်လို့လဲ။”

လီဆွန်းဟွာ-“ကျုပ်ထင်တာမမှားဘူးဆိုရင် စန့်ကွမ်းကျင်းဟုန်ကြောင့် ဖြစ်လိမ့် မယ်။”

အားဖေ-“ကျင်းဝူမင်းက စန့်ကွမ်းဖေရဲ့ နဂါးမီးငှက်သံကွင်းမောင်နှံကို ထိပ် တိုက်ရင်ဆိုင် တိုက်ခိုက်ခဲ့တာ နဂါးမီးငှက်သံကွင်းမောင်နှံရဲ့ တန်ပြန်တိုက်ကွက်ကို ရှာဖွေချင်လို့ပဲ ဖြစ်ရမယ်။”

လီဆွန်းဟွာ-“သိပ်သေချာတာပေါ့။ ကျုပ်လည်း အဲ့လိုပဲတွေးထားမိတယ်။”

အားဖေ-“ဒါကြောင့်မို့လို့... စန့်ကွမ်းကျင်းဟုန်သာ စိတ်ပြောင်းလာပြီး ကျင်း ဝူမင်းကို တိုက်ခိုက်လာခဲ့မယ်ဆိုရင် သူ စန့်ကွမ်းကျင်းဟုန်ကို ဒီတန်ပြန်တိုက်ကွက် နဲ့ ပြန်ရင်ဆိုင်နိုင်အောင်ပေါ့၊ ဟုတ်လား။”

လီဆွန်းဟွာ-“ကျင်းဝူမင်းအတွက် မသေချာပါဘူး။ သူရှုံးနိမ့်ကောင်းရှုံးနိမ့် သွားနိုင်တယ်။ ဒါပေမဲ့ သူ့မှာကြိုးစားဖို့ အခွင့်အရေးလေးတော့ရှိနေတာပေါ့လေ။”

အားဖေသည် တိတ်ဆိတ်ငြိမ်သက်နေလိုက်သည်။ သူ၏မျက်လုံးများက ပြန် လည်နူးညံ့သိမ်မွေ့လာခဲ့လေသည်။

သူ့ကိုကြည့်ရသည်မှာ တစ်စုံတစ်ခုကို ဖုံးကွယ်ထားသလိုမျိုးဖြစ်နေ၏။

လီဆွန်းဟွာ-“စန့်ကွမ်းကျင်းဟုန်ရဲ့ နဂါးမီးငှက်သံကွင်းမောင်နှံက လက်နက် စာရင်းမှာ နံပါတ်၂ ချိတ်ရတဲ့အကြောင်းအရင်းဟာ အဲ့ဒီလက်နက်ရဲ့ ပြင်းထန် ကြောက်မက်ဖွယ်ကောင်းမှုကြောင့်မဟုတ်ဘူး။ သူ့ရဲ့တိကျစေ့စပ်မှုကြောင့်ပဲ။”

အားဖေ-“တိကျစေ့စပ်မှု... ဟုတ်လား။”

လီဆွန်းဟွာ-“သိုင်းလောကရဲ့ အန္တရာယ်အကြီးဆုံးလက်နက်ကို ‘တိကျစေ့စပ်မှု’ ဆိုတဲ့အဆင့်ရောက်အောင် စန့်ကွမ်းကျင်းဟုန် လေ့ကျင့်နိုင်ခဲ့လို့ လူတကာထက် ခေါင်းမော့နေနိုင်တာပေါ့။ စန့်ကွမ်းဖေဟာ သူ့အဖေရဲ့ ခြေဖျားအဆင့်တောင်မမီ သေးဘူး။”

အားဖေ-“ဟုတ်ရဲ့လား။”

လီဆွန်းဟွာ-“စန့်ကွမ်းဖေက ကျင်းဝူမင်းကိုမုန်းတီးနေရတဲ့အကြောင်းက စန့် ကွမ်းကျင်းဟုန်ဟာ သားဖြစ်သူကို အထူးချွန်ဆုံး သိုင်းပညာရပ်တွေ မသင်ပေးခဲ့ဘူး လို့ အထင်ရောက်နေလို့ပဲ။ သူ့ကို မသင်ပေးခဲ့တဲအပြင် ကျင်းဝူမင်းကို သင်ပေးခဲ့ တယ်လို့ သူထင်နေတယ်။”

အားဖေက ငြိမ်သက်စွာ နားထောင်နေလိုက်သည်။

လီဆွန်းဟွာ-“စန့်ကွမ်းဖေသာ ‘နဂါးပတ်မီးငှက်ယိမ်းပျံသန်း’ သိုင်းကွက်ကို ထုတ်မသုံးခဲ့ဘူးဆိုရင် ကျင်းဝူမင်းမှာ သူ့ကိုသတ်နိုင်ဖို့ အခွင့်အရေးမရှိသလောက် ပဲ။”

အားဖေ-“ခင်ဗျားပြောတာမှန်တယ်။”

လီဆွန်းဟွာ-“ဒါပေမဲ့ စန့်ကွမ်းကျင်းဟုန်အနေနဲ့ အသုံးပြုချင်ပြုလိမ့်မယ်။ ဘာ ဖြစ်လို့လဲဆိုတော့ ကျင်းဝူမင်းရဲ့ ဘယ်ဘက်လက်တစ်ဘက်က အသုံးမပြုနိုင်တော့ ဘူးမဟုတ်လား။ ဒါကြောင့်မိုလို့ စန့်ကွမ်းကျင်းဟုန်အနေနဲ့ သိပ်ပြီးသတိထားစရာ မလိုအပ်တော့ဘူး။ အဲ့ဒီအခါကျရင် ကျင်းဝူမင်းအတွက် စန့်ကွမ်းကျင်းဟုန်ကို သတ်နိုင်တဲ့အခွင့်အရေး ပေါ်ချင်ပေါ်လာနိုင်သေးတယ်။”

အားဖေသည် အိပ်မက်ထဲတွင် လွင့်မြောနေရသူတစ်ယောက်ကဲ့သို့ တွေဝေငေး မောနေရာမှ ရုတ်တရက် အော်ဟစ်ပြောဆိုလိုက်သည်။ “ဘာပဲဖြစ်ဖြစ်... စန့်ကွမ်း ကျင်းဟုန်ဟာ ကျင်းဝူမင်းရဲ့အဖေပဲ မဟုတ်လား။”

လီဆွန်းဟွာ-“လုံးဝမဖြစ်နိုင်ဘူး။”

အားဖေ-“ဒါပေမဲ့... ခုလေးတင်ပဲ စန့်ကွမ်းဖေကိုယ်တိုင်က...”

လီဆွန်းဟွာက ဖြတ်ပြောလိုက်သည်။ “ဒါဟာ စန့်ကွမ်းဖေတစ်ယောက်တည်း ရဲ့ တွေးထင်ချက်ပါ။ အလွန်မှားယွင်းတဲ့ တွေးထင်ချက်ပါ။”

အားဖေ-“ဒါဆိုရင် သူဘာဖြစ်လို့ အဲ့ဒီလိုပြောခဲ့ရတာလဲ။ သူလိမ်ပြောနေခဲ့တာ လား။”

လီဆွန်းဟွာ-“သူလိမ်ပြောတာတော့ ဘယ်ဟုတ်ပါ့မလဲ။ အခြေအနေတွေကို တွေးထင်ထားတဲ့သူ့ရဲ့ မှားယွင်းယူဆချက်တွေပါ။”

အားဖေ-“မှားယွင်းယူဆချက်... ဟုတ်လား။”

လီဆွန်းဟွာ-“သူပြောခဲ့တယ်မဟုတ်လား။... ကျင်းဝူမင်းရောက်လာပြီးမှ သူ့ အဖေဟာ သူ့အပေါ်မှာ စိမ်းကားသွားခဲ့တယ်လို့။ သူပြောတာ သိပ်မှန်တယ်။ ဒါပေ မဲ့ သူမသိခဲ့တဲ့အချက်က သူ့အဖေသူ့ကို အဲ့ဒီလိုဆက်ဆံခဲ့တာဟာ သူ့ကိုသိပ်ချစ်လို့ ဆိုတာပဲ။”

အားဖေ-“ဘာဖြစ်လို့လဲ။ စန့်ကွမ်းကျင်းဟုန်က သူ့သားကိုသိပ်ချစ်လွန်းနေမှ တော့ ဘာဖြစ်လို့ စိမ်းစိမ်းကားကား ဆက်ဆံခဲ့ရမှာလဲ။”

လီဆွန်းဟွာ-“ဘာဖြစ်လို့လဲဆိုတော့ စန့်ကွမ်းကျင်းဟုန်ဟာ ကျင်းဝူမင်းကို လူ သတ်လက်နက်အဖြစ် မွေးထုတ်ပေးချင်လို့ပဲ။ ကျင်းဝူမင်းရဲ့ဘဝဟာ စန့်ကွမ်းကျင်း ဟုန်ရဲ့လက်ထဲမှာ သေဆုံးသွားခဲ့ရတယ်လို့ ဆိုနိုင်တယ်။”

အားဖေက အတန်ကြာစဉ်းစားနေပြီးမှ ပြောဆိုလိုက်သည်။ “မှန်တယ်။ လူတစ် ယောက်ဟာ လူသတ်ဖို့တစ်ခုတည်းအတွက် ရှင်သန်နေရတယ်ဆိုရင် သူ့ဘဝကြီး က တော်တော့်ကို သနားဖို့ကောင်းတယ်။”

လီဆွန်းဟွာ-“ဒါကြောင့်မို့လို့ ကျင်းဝူမင်းဟာ စန့်ကွမ်းကျင်းဟုန်နဲ့ တွေ့လိုက် ရကတည်းက သူ့ဘဝဟာ သေဆုံးသွားခဲ့ပြီးပြီ။”

လီဆွန်းဟွာက ဆက်ပြောနေသည်။ “ဒါပေမဲ့ စန့်ကွမ်းကျင်းဟုန်လည်း လူသား တစ်ယောက်ပဲ မဟုတ်လား။ လူတိုင်းဟာ ကိုယ့်သားကိုတော့ ချစ်တတ်တာပဲ။ ကိုယ့်သွေးရင်းသားရင်းတစ်ယောက်ကို ဒီလိုမျိုးနှိပ်စက်ညှင်းပန်းမှုတွေနဲ့ ပြင်းပြင်း ထန်ထန် ဘယ်လေ့ကျင့်ခိုင်းရက်ပါ့မလဲ။ ဒါကြောင့်မို့လို့ စန့်ကွမ်းကျင်းဟုန်က သူ့ရဲ့ အစွမ်းအထက်ဆုံး သိုင်းပညာတွေကို စန့်ကွမ်းဖေကို မသင်ပေးခဲ့တာပေါ့။”

လီဆွန်းဟွာက ရယ်မောနေလိုက်သည်။ “စိတ်မကောင်းစရာတစ်ခုကတော့ စန့် ကွမ်းဖေအတွက် သူ့အဖေရဲ့ ချစ်ခြင်းမေတ္တာတရားကို ဘယ်တော့မှ သိသွားနိုင်မှာ မဟုတ်တော့ဘူး။”

အားဖေက ရုတ်တရက် ပြောဆိုလိုက်သည်။ “ဒါကြောင့်မို့လို့ စန့်ကွမ်းဖေဟာ လည်း သူ့အဖေလက်ချက်နဲ့ သေခဲ့ရတာပေါ့။”

လီဆွန်းဟွာ-“လူတစ်ယောက်ဟာ အလိုလောဘသိပ်ကြီးလာပြီဆိုရင် သူ့ဘဝ မှာ အမှားများစွာ ပြုလုပ်လာတတ်ကြတယ်မဟုတ်လား။”

0 comments:

Post a Comment