လုဖုန်းရှန်းက အေးစက်စွာ ပြောဆိုလိုက်သည်။ “ခင်ဗျားပြောချင်တာက သူ့အ တွက်ဆိုရင် ခင်ဗျားရဲ့အသက် ပေးဆပ်ရမှာဝန်မလေးသလို သူလည်းပဲ ခင်ဗျားအ တွက် အသေခံရဲတယ်ပေါ့လေ။ ဟုတ်တယ်မဟုတ်လား။”
လီဆွန်းဟွာ-“ဟုတ်ပါတယ်။”
လုဖုန်းရှန်း-“ဒါပေမဲ့ ခင်ဗျားကို ကျုပ်သတ်မှာမဟုတ်ဘူးဆိုတာ သိနေတယ် မဟုတ်လား။ အနည်းဆုံးတော့ ဒီလိုမျိုးအကြပ်ကိုင်ပြီး ခင်ဗျားကို ကျုပ်သတ်မှာ မဟုတ်ဘူးဆိုတာတော့ သိနေတယ်ပေါ့။”
လီဆွန်းဟွာ တိတ်ဆိတ်နေလိုက်၏။
လုဖုန်းရှန်းသည် လီဆွန်းဟွာကို စူးစူးစိုက်စိုက် ကြည့်နေခဲ့ပြီး အတန်ကြာမှ စိတ်လျှော့ချလိုက်ပုံရသည်။ “ကျုပ် ခင်ဗျားကို ဒီနည်းနဲ့ အကြပ်ကိုင်ပြီး မသတ်ပါ ဘူးဗျာ။... ဘာဖြစ်လို့လဲ သိလား။”
လီဆွန်းဟွာက ဘာမှပြန်မပြောဘဲ တိတ်ဆိတ်ငြိမ်သက်နေဆဲပင်။ လုဖုန်းရှန်း က ဆက်ပြောနေလိုက်သည်။ “ဘာဖြစ်လို့လဲဆိုတော့ ကျုပ်အပေါ်မှာ ခင်ဗျားကို အ ကြွေးတင်နေစေချင်တယ်။ ခင်ဗျားရဲ့ ဘဝတစ်သက်လုံး ကျုပ်ကို အကြွေးတင်နေ စေချင်တယ်။”
လုဖုန်းရှန်းက နှစ်ခြိုက်စွာ ပြုံးပြလိုက်သည်။ “ဘာဖြစ်လို့လဲဆိုတော့ ခင်ဗျား ကို သတ်ချင်တယ်ဆိုရင် ကျုပ်အတွက် အခွင့်အရေးတွေ နောင်ကာလမှာ ရှိနေပါ သေးတယ်။ ဒါပေမဲ့ ဒီလိုမျိုး ကျေးဇူးတင်ခံရမယ့် အခွင့်အရေးမျိုးတော့ နောက်ထပ် ရနိုင်တော့မှာ မဟုတ်ဘူး။”
သူဘာကို ဆိုလိုချင်သနည်း။ လီဆွန်းဟွာထံမှ မိတ်ဆွေအဖြစ် သတ်မှတ်ခံချင် ၍လော။
လီဆွန်းဟွာ အတန်ကြာမျှ စဉ်းစားနေလိုက်သည်။ ပြီးနောက် ပြုံးပြီးပြောဆို လိုက်၏။ “ခင်ဗျားအတွက် နောက်ထပ်အခွင့်အရေး ရှိနေပါသေးတယ်ဗျာ။”
လုဖုန်းရှန်း-“ဟုတ်ရဲ့လား။”
လီဆွန်းဟွာ-“ကျုပ် ခင်ဗျားကို အကူအညီတောင်းစရာ နောက်တစ်ခု ရှိနေသေး တယ်။”
လုဖုန်းရှန်းသည် လီဆွန်းဟွာကို တစ်ခါမှ မမြင်ဖူးသူတစ်ယောက်လို စိုက် ကြည့်နေလိုက်၏။ အတော်လေးကြာသောအခါမှ လုဖုန်းရှန်းက ပြောဆိုလိုက်သည်။ “ပထမ သဘောတူထားတဲ့ အကြွေးကိုတောင် ခင်ဗျားမဆပ်ရသေးဘူး။ ကျုပ်ကို နောက်ထပ်တစ်ခု တောင်းဆိုနေပြန်ပါလား။”
လီဆွန်းဟွာ-“ဒါက နောက်ထပ် အပေးအယူတစ်ခုမဟုတ်ဘူးဗျ။ ကျုပ် အကူ အညီတောင်းခံနေတာပါ။”
လုဖုန်းရှန်း၏ မျက်နှာပြင်က ဝင်းပလာခဲ့ပြီး သူ့မျက်လုံးများက တောက်ပြောင် လာခဲ့ကြသည်။ “အပေးအယူမဟုတ်မှတော့ ကျုပ်က ဘာဖြစ်လို့ကူညီပေးရဦးမှာ လဲ။”
လီဆွန်းဟွာ ပြုံးနေ၏။ သူ၏အပြုံးသည် ရိုးသားသန့်စင်သော အပြုံးလည်း ဖြစ်နေပြန်သည်။
သူသည် လုဖုန်းရှန်းကို အဓိပ္ပါယ်ပါပါ စိုက်ကြည့်နေပြီးမှ ပြောဆိုလိုက်သည်။ “ဘာဖြစ်လို့လဲဆိုတော့ ‘ကျုပ်’ က အကူအညီတောင်းခံနေလို့ပါ။”
ထိုစကားသည် အလွန်ပင် ဖင်ခေါင်းကျယ်သော စကားဖြစ်၏။
လီဆွန်းဟွာထံမှ ပြောဆိုလာခဲ့သော စကားဖြစ်မှန်း မည်သူမျှ မမျှော်လင့်ထား သော စကားလည်း ဖြစ်နေပြန်သည်။
သို့သော် လုဖုန်းရှန်းက လုံးဝစိတ်ဆိုးဟန်မပြ။ စိတ်မဆိုးသည့်ပြင် သူ၏ရင် ထဲတွင် နွေးထွေးသောလှိုင်းတစ်ခု ဖြတ်စီးသွားသလိုမျိုး ခံစားလိုက်ရသည်။ အ ဘယ်ကြောင့်ဆိုသော် လီဆွန်းဟွာက သူ့ကို မိတ်ဆွေကောင်းတစ်ယောက်အဖြစ် သတ်မှတ်လိုက်သောကြောင့် ဖြစ်လေသည်။
ထိုမိတ်ဆွေဖြစ်ခြင်းသည်သာလျှင် အထီးကျန်ဆန်သော သူ့ဘဝအဖို့ တစ်ခု တည်းသော မျှော်လင့်ချက်အလင်းရောင်လေး ဖြစ်ကောင်းဖြစ်နေနိုင်လေသည်။
ထိုအလင်းရောင်လေးသည် ဘယ်တော့မှ မှေးမှိန်သွားလိမ့်မည်မဟုတ်ချေ။ လူသားတို့ အသက်ရှင်သန်နေသရွေ့ မိတ်ဆွေဆိုသော အလင်းရောင်လေးက အမြဲတမ်း လင်းလက်နေမည်သာဖြစ်သည်။
လုဖုန်းရှန်း-“သူများတွေပြောတာကြားဖူးတာတော့ လီဆွန်းဟွာက ဘယ်တုန်း ကမှ ဘယ်သူ့ဆီကမှ အကူအညီမတောင်းခံခဲ့ဖူးဘူးတဲ့။ အခုလေးတင်ပဲ ကျုပ်ကို အကူအညီတောင်းခံလာခဲ့တယ်ဆိုတော့ ကျုပ် ဂုဏ်ယူရမှာပေါ့။”
လီဆွန်းဟွာက ပြုံးပြီးပြောဆိုလိုက်သည်။ “ကျုပ် ခင်ဗျားအပေါ်မှာ အကြွေး တစ်ခုတင်ခဲ့ပြီးပြီ။ နောက်ထပ်အကြွေးတင်လည်း ဘာမှမထူးခြားတော့ပါဘူးဗျာ။”
လုဖုန်းရှန်း ရယ်မောနေ၏။ ဤတစ်ကြိမ်တွင် သူ၏ရယ်မောသံသည် လှိုက် လှိုက်လှဲလှဲ သဘောကျစွာ ရယ်မောနေသံဖြစ်သည်။
“အဆိုအမိန့်တစ်ခုရှိခဲ့ဖူးတယ်။ စီးပွားရေးသမားတစ်ယောက်အတွက် အရေးအ ကြီးဆုံး သင်ခန်းစာက အကူအညီတောင်းခံတတ်ခြင်းပဲတဲ့။ ကြည့်ရတာ ခင်ဗျား လည်း စီးပွားရေးသမားကောင်း တစ်ယောက်ဖြစ်မယ်နဲ့တူတယ်။”
လီဆွန်းဟွာ-“ကျုပ်တောင်းတဲ့အကူအညီကို ခင်ဗျားပေးမှာလား။”
လုဖုန်းရှန်း-“ခင်ဗျားတောင်းဆိုခဲ့တဲ့ အကူအညီကို ငြင်းပယ်စရာအကြောင်း တစ်ခုမှ ကျုပ်ရှာလို့မတွေ့သေးဘူး။ ဒီအခွင့်အရေးကို လက်လွတ်ခံလို့မဖြစ်ဘူးဗျ။ မြန်မြန်ပဲ ‘ပေးပါ့မယ်’ လို့ပြောမှဖြစ်လိမ့်မယ်။”
လီဆွန်းဟွာ ချောင်းဆိုးနေလိုက်သည်။ ပြီးနောက် သူ၏အမူအရာများက အမှန် တကယ် လေးနက်တည်ကြည်လာခဲ့ပြီးမှ ပြောဆိုလိုက်သည်။ “ပြီးခဲ့တဲ့နှစ်တွေတုန်း ကသာ အားဖေကိုခင်ဗျားတွေ့ခဲ့မယ်ဆိုရင် ကျုပ်ခင်ဗျားဆီက အကူအညီမတောင်း ခဲ့ဦးတောင်မှ ခင်ဗျား သူ့ကိုယှဉ်နိုင်မှာ မဟုတ်ဘူး။”
လုဖုန်းရှန်းက ထိုစကားကို ဘာမှမှတ်ချက်မပေးခဲ့ပါ။ ထိုစကားကို သူသဘော မတူခြင်းလည်းဖြစ်နိုင်၏။
လီဆွန်းဟွာ-“ခင်ဗျားသာ သူ့ကို ဟိုတုန်းကမြင်တွေ့ခဲ့မယ်ဆိုရင် ဘယ်လောက် တောင်မှ ခြားနားတဲ့လူတစ်ယောက်ဖြစ်ကြောင်း တွေ့မြင်နိုင်ခဲ့မှာပါ။”
လုဖုန်းရှန်း-“၂ နှစ်အတွင်းမှာ သူဘာဖြစ်လို့ ဒီလောက်တောင်မှ ပြောင်းလဲသွား ခဲ့ရတာလဲ။”
လီဆွန်းဟွာ-“ဘာဖြစ်လို့လဲဆိုတော့ သူ လူတစ်ယောက်ကို တွေ့ခဲ့ရလို့ပေါ့။”
လုဖုန်းရှန်း-“မိန်းမတစ်ယောက်လား။”
လီဆွန်းဟွာ-“သိပ်ဟုတ်တာပေါ့ဗျာ။ မိန်းမတစ်ယောက်ကသာ ယောက်ျားတစ် ယောက်ရဲ့ဘဝကို ကျွမ်းထိုးမှောက်ခုံဖြစ်အောင် လုပ်နိုင်တယ်။”
လုဖုန်းရှန်း-“သူပြောင်းလဲသွားခဲ့ရတာ မဟုတ်ဘူး။ သူ့ဘဝကြီး ပုတ်သိုးသွားခဲ့ တာပဲဖြစ်မယ်။ မိန်းမတစ်ယောက်ကြောင့်မို့လို့ ဘဝနံစော်ပုတ်သိုးသွားသူတစ် ယောက်ကို မသနားသင့်ဘူး။ သူ့ကို လှောင်ပြောင်ပြီးတော့တောင် ရယ်မောနေကြရ ဦးမယ်။”
လီဆွန်းဟွာက သက်ပြင်းချပြီး ပြောဆိုလိုက်သည်။ “ခင်ဗျားပြောတာ မှန်ချင် လည်းမှန်မယ်။ ဒါပေမဲ့ အဲ့ဒီမိန်းမကို ခင်ဗျားမတွေ့ဖူးသေးလို့ပါ။”
လုဖုန်းရှန်း-“မိန်းမဟာ မိန်းမပဲပေါ့။ ဘာများ ထူးခြားရဦးမှာလဲ။”
လီဆွန်းဟွာ-“ခင်ဗျားသာ အဲ့ဒီမိန်းမကို တွေ့ခဲ့ရတယ်ဆိုရင် ခင်ဗျားလည်း အားဖေလိုပဲ ဖြစ်သွားမှာပဲ။”
လုဖုန်းရှန်း-“ကျုပ်က မိန်းမဆိုတာကို လုံးဝမမြင်ဖူးသေးတဲ့ ချာတိတ်ကလေး တစ်ယောက်လို့ ခင်ဗျားထင်နေတာလား။”
လီဆွန်းဟွာ-“ခင်ဗျား မိန်းမတွေနဲ့ ထိတွေ့ဆက်ဆံခဲ့ဖူးတာ မှန်ပါတယ်။ ဒါပေ မဲ့... ဒီမိန်းမက... တခြားမိန်းမတွေနဲ့ လုံးဝကိုမတူဘူး။”
လုဖုန်းရှန်း-“ဟုတ်ရဲ့လားဗျာ။”
လီဆွန်းဟွာ-“လူတစ်ယောက်ပြောခဲ့ဖူးတာကတော့- ဒီမိန်းမဟာ နတ်သမီး တစ်ပါးလို လှပပေမယ့် ယောက်ျားတွေကို ငရဲပြည်ရောက်အောင် ဆွဲချတတ်တယ် တဲ့။”
လုဖုန်းရန်း၏ မျက်တောင်များ ပုတ်ခတ်သွားခဲ့ရပြီး ရုတ်တရက်ပြောဆိုလိုက် သည်။ “သူ ဘယ်သူလဲဆိုတာ ကျုပ်သိပြီ။”
လီဆွန်းဟွာ-“ခင်ဗျား စောစောကတည်းက သိခဲ့သင့်တယ်။ လောကကြီးမှာ ဒီလိုမျိုး မိန်းမတစ်ယောက်တည်းပဲရှိတယ်။ တစ်ယောက်တည်း။... မဟုတ်ရင်တော့ လောကကြီးထဲက ယောက်ျားတွေ ဘာဖြစ်ကုန်ကြမလဲဆိုတာ ကျုပ်မစဉ်းစားရဲတော့ ဘူး။”
လုဖုန်းရှန်း-“ဒီမိန်းမအကြောင်း သူများတွေပြောနေကြတာ ကျုပ်အများကြီး ကြားခဲ့ဖူးပါတယ်။”
လီဆွန်းဟွာ-“အားဖေဟာ သူ့ပင်ကိုယ်စရိုက်အခြေအနေကို ပြန်ရောက်လာခဲ့ ပြီ။ သူနောက်ထပ် လဲကျသွားမှာကို ကျုပ်... ကျုပ် မမြင်တွေ့ချင်ဘူးဗျာ။ ဒါ ကြောင့်...”
လုဖုန်းရှန်း-“သူ့ကို ကျုပ်သွားသတ်ရမယ်ပေါ့။”
လီဆွန်းဟွာ-“သူ့ကို အားဖေ နောက်တစ်ကြိမ်မတွေ့ရရင် တော်ပါပြီ။ ဘာဖြစ် လို့လဲဆိုတော့ အားဖေသာ သူ့ကို နောက်တစ်ကြိမ်တွေ့ခဲ့ရမယ်ဆိုရင် သူ့ကိုယ်သူ ဘယ်လိုမှ ပြန်အဖတ်ဆယ်လို့ရမှာ မဟုတ်တော့ဘူး။”
လုဖုန်းရှန်းက အတန်ကြာမျှ စဉ်းစားနေပြီးမှ ပြောဆိုလိုက်သည်။ “ခင်ဗျား ကိုယ်တိုင် လုပ်လို့ရနေသားပဲ။”
လီဆွန်းဟွာ-“ကျုပ်... မလုပ်နိုင်လို့ပေါ့ဗျာ။”
လုဖုန်းရှန်း-“ဘာဖြစ်လို့လဲ။”
လီဆွန်းဟွာ-“အားဖေသာ သိသွားခဲ့ရင် သူကျုပ်ကို တစ်သက်လုံး မုန်းတီးနာ ကျည်းသွားလိမ့်မယ်။”
လုဖုန်းရှန်း-“သူ့ကောင်းကျိုးအတွက်ဆိုတာ သူသိမှာပါ။”
လီဆွန်းဟွာ-“လူတစ်ယောက်ဟာ ဘယ်လောက်ပဲ ဉာဏ်ကောင်းထက်မြက်နေ ပါစေ.. အချစ်ကိုတွေ့ခဲ့ရတာနဲ့တပြိုင်နက် ငတုံးတစ်ယောက်ဘဝကို အလိုလျောက် ရောက်ရှိသွားတတ်တယ်။”
လုဖုန်းရှန်းသည် အတန်ကြာမျှ စဉ်းစားနေ၏။ အတော်လေးကြာအောင် စဉ်း စားနေပြီးမှ မေးမြန်းလိုက်သည်။ “တခြားလူတစ်ယောက်ကို ခင်ဗျား အကူအညီ မတောင်းဘဲနဲ့ ကျုပ်ကိုမှ ဘာဖြစ်လို့ အကူအညီတောင်းနေရတာလဲ။”
လီဆွန်းဟွာ-“တခြားလူတစ်ယောက်ဟာ သူ့ကိုရင်ဆိုင်နိုင်တယ်ပဲထားဦး... သူ့ကိုတွေ့ပြီးတာနဲ့ သတ်နိုင်ဖို့လောက်ထိ စိတ်ဓာတ်ခိုင်မာနိုင်မှာ မဟုတ်ဘူး။ ဘာ ဖြစ်လို့လဲဆိုတော့...”
လီဆွန်းဟွာ၏ ဦးခေါင်းမော့လာခဲ့ပြီး လုဖုန်းရှန်းကို စိုက်ကြည့်နေလိုက်သည်။ “ကျုပ် အကူအညီတောင်းခံရမယ့်လူ လိုက်ရှာဖို့ အင်မတန်မှ ခက်ခဲနေရလို့ပါ။”
မျက်ဝန်းနှစ်စုံက အချင်းချင်း စိုက်ကြည့်နေကြသည်။ လုဖုန်းရှန်း၏ ရင်ထဲ၌ နွေးနွေးထွေးထွေး ခံစားလိုက်ရလေသည်။
လီဆွန်းဟွာ၏ မျက်လုံးများထဲမှ အထီးကျန်မှုများနှင့် ဝမ်းနည်းကြေကွဲနေမှု များကို သူတွေ့လိုက်ရလေသည်။
သူရဲကောင်းတစ်ယောက်ထံတွင်သာ တွေ့နိုင်သော ဝမ်းနည်းကြေကွဲမှုနှင့် အထီး ကျန်ဆန်မှုများပင်ဖြစ်၏။
ထိုအရာကို သူရဲကောင်းတစ်ယောက်သာ ခံစားနားလည်နိုင်လေသည်။
လုဖုန်းရှန်းက ရုတ်တရက် မေးမြန်းလိုက်သည်။ “သူဘယ်မှာလဲ။”
လီဆွန်းဟွာ-“သူဘယ်မှာ ရှိနေနိုင်လဲဆိုတာ လင်းလင်းသိလိမ့်မယ်။ ဒါပေမဲ့ ”
လင်းလင်းတစ်ယောက် ပင်ပန်းခဲ့ရသောကြောင့် အိပ်မောကျသွားခဲ့ချေပြီ။ သူမ သည် သူတို့ပြောဆိုခဲ့သည်များကို မကြားနိုင်တော့ပါ။
လီဆွန်းဟွာသည် လင်းလင်းကို ဝေ့ကြည့်နေပြီးမှ လုဖုန်းရှန်းကို ပြောဆိုလိုက် သည်။ “သူ့ဆီကနေ ဘယ်နေရာလဲဆိုတာ ခင်ဗျား ခေါင်း(သတင်းနှိုက်ယူ) ကြည့် နိုင်မှာပါ။”
လုဖုန်းရှန်းက ပြုံးပြလိုက်သည်။ “စိတ်မပူပါနဲ့။ ကျုပ်မှာနည်းလမ်းတွေ ရှိနေပါ သေးတယ်။”
+++++
အားဖေနိုးလာ၏။ လီဆွန်းဟွာကတော့ အိပ်ပျော်နေဆဲ။
အိပ်နေရင်းပင် လီဆွန်းဟွာ ချောင်းဆိုးနေရသေး၏။ ချောင်းဆိုးလိုက်တိုင်းပင် သူ့ခန္ဓာကိုယ်တစ်ခုလုံး လှုပ်ခါသွားခဲ့ရသည်။
နေ့သစ်တစ်နေ့၏ နေတဖြည်းဖြည်းထွက်လာသည်ကို ပြတင်းပေါက်မှ မြင်နေ ရ၏။
အားဖေသည် လီဆွန်းဟွာကိုသတိထားပြီးကြည့်မိလိုက်သောအခါ သူ့တွင် ယခင်ကထက်ပို၍ ဆံပင်ဖြူ များလာခြင်း၊ မျက်လုံးထောင့်မှ မျက်ရစ်များ တိုးလာ ခြင်း စသည်တို့ကို တွေ့ရှိလိုက်ရ၏။
သူ၏မျက်လုံးများကသာ ငယ်ရွယ်နုပျိုမှုကို ဖော်ဆောင်နေကြသည်။
လီဆွန်းဟွာသည် အိပ်ပျော်နေသည့်အချိန်မှပင် အသက်ပိုကြီးသွားပြီး အထိမခံ ရွှေပန်းကန်၊ အလွန်နုနယ်သော ခန္ဓာကိုယ်တစ်ခု၏ဟန်ရှိနေရသည်ကို တွေ့မြင်နိုင် ၏။
သူ့အဝတ်အစားများက အတော်လေးညစ်ပတ်ပေရေနေပေပြီ။
သို့သော် ဤအခွံထဲတွင် လွန်စွာမှ ခိုင်မာပြတ်သားသော စိတ်ဓာတ်၊ ရဲရင့်တည် ကြည်သော မျိုးရိုးကောင်းဗီဇနှင့် သူမတူသော ဝိဉာဉ်တစ်ခု ခိုအောင်းနေမည်ဟု မည်သူက ထင်ထားနိုင်ပါမည်နည်း။
အားဖေသည် လီဆွန်းဟွာကို စိုက်ကြည့်နေမိ၏။ သူ့မျက်ဝန်းများထဲတွင်တော့ မျက်ရည်ကြည်များ ဝဲလာရလေသည်။
လီဆွန်းဟွာ၏ဘဝသည် နှိပ်စက်ညှင်းပမ်းမှုများဖြင့်သာ နေထိုင်ခဲ့ရသည်။ နှိပ် စက်ညှင်းပမ်းမှုများဆိုသည်မှာ စိတ်ဓာတ်ကျဆင်းလောက်သည့် စိတ်ဓာတ်ရေးနှိပ် စက်ညှင်းပမ်းမှုများကို ဆိုလိုခြင်းဖြစ်သည်။
သို့သော် လီဆွန်းဟွာ မလဲကျခဲ့ပါ။ လူ့ဘဝသည် အမြဲတမ်းမှောင်မည်းပိန်းပိတ် နေပြီး အလင်းရောင်သဲ့သဲ့လေးသာရှိနေသည်ဟု သူဘယ်တုန်းကမှ မထင်ထားပါ။
လီဆွန်းဟွာ အသက်ရှင်နေသရွေ့ နွေးထွေးမှုများ ရှင်သန်နေမည်ဖြစ်သလို အလင်းရောင်များလည်း ထွန်းလင်းနေမည်ဖြစ်သည်။
သူတစ်ပါးအတွက် ပျော်ရွှင်မှုများကို အစဉ်အမြဲပေးတတ်သူဖြစ်သကဲ့သို့ ဝမ်း နည်းပူဆွေးမှုများကို မိမိထံတွင်သာ သိမ်းထားတတ်သူလည်း ဖြစ်နေပြန်သည်။
အားဖေ၏ ပါးပြင်ပေါ်သို့ မျက်ရည်များ ကျဆင်းလာတော့သည်။
လီဆွန်းဟွာကတော့ ပင်ပန်းကြီးလွန်းသဖြင့် အိပ်မောကျနေဆဲ။
နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်ရခြင်းဆိုသည်မှာ လီဆွန်းဟွာအတွက် ဇိမ်ခံနည်း တစ်မျိုးပင်ဖြစ်၏။
အားဖေသည် ရုတ်တရက် အိမ်ပြန်ချင်စိတ်များ ဖြစ်ပေါ်လာခဲ့ရသည်။ လှပ သောမျက်နှာလေးတစ်ခုကို အမြန်ဆုံးပင် ပြေးတွေ့လိုက်ချင်သည်။ သို့သော် သူ လီဆွန်းဟွာကို မနှိုးရက်ပါ။ ထို့ကြောင့် အားဖေ တံခါးကို အသံမမြည်အောင် ဖွင့်ပြီး အပြင်ဘက်သို့ တိတ်တိတ်လေးလျှောက်ထွက်လာခဲ့တော့သည်။
မနက်စောစောအချိန်ဖြစ်၏။ ခေါင်မိုးများပေါ်သို့ နေရောင်ခြည်လေး တဖြည်း ဖြည်း ထိုးကျလာနေသည်။ မနက်စောစော ခရီးထွက်ခွာမည့်သူများ တည်းခိုခန်းမှ သုတ်သုတ်ပြာပြာ ထွက်လာကြသည်။ တည်းခိုခန်းရှေ့ရှိ ပန်းခြံလေးမှာတော့ တိတ် ဆိတ်ငြိမ်သက်နေရလေသည်။ တည်းခိုခန်းလေးသည် အေးစက်သော ဆောင်းဦး အနှောင်းကာလ၏ လေညင်းအောက်တွင် ထီးထီးကြီးငြိမ်သက်နေလေသည်။
လီဆွန်းဟွာသည် တည်းခိုခန်းရှေ့တွင်တွေ့နေရသော သစ်ပင်ကြီးတစ်ပင်ကဲ့သို့ ဖြစ်၏။ ဆောင်းဦးကာလ ကုန်ဆုံးပြီး တကယ့်ဆောင်းတွင်းရောက်လာတော့မည့် အချိန်ကို မလျော့သောဇွဲလုံ့လဖြင့် အံတုစောင့်ကြိုနေသည့် ထိုသစ်ပင်ကြီးကဲ့သို့ ဖြစ်၏။
အားဖေ သက်ပြင်းတစ်ချက်ရှိုက်လိုက်သည်။ ပြီးနောက် တည်းခိုခန်းလေးကို ကျောခိုင်းပြီး ဆောင်းဦးမနက်ခင်းအောက်တွင် တရွေ့ရွေ့ကွယ်ပျောက်သွားလေ တော့သည်။
သစ်ပင်များပေါ်ရှိ သစ်ရွက်များက ညှိုးနွမ်းကြွေကျလုဆဲဆဲ ဖြစ်နေကြသည်။ တစ်ရွက်ပြီးတစ်ရွက် လေအဝေ့တွင် ကြွေကျနေကြသည်။ အားဖေ၏အမြင်အာရုံ ရှေ့... အားဖေ၏ ခန္ဓာကိုယ်ပေါ်သို့ သစ်ရွက်များကြွေကျလာခဲ့၏...
+++++
မီးဖိုမှ မီးများတောင်လောင်နေ၏။ မီးဖိုပေါ်မှ ပဲပုတ်ဟင်းရည်အိုးက ကျက်လု ဖြစ်နေပြီ။
အစားအသောက်ကို ဘယ်တုန်းကမှ အားဖေ လျင်မြန်စွာ စားသောက်ခြင်းမရှိ။ ဟင်းရည်ကို ဖြည်းညင်းစွာ သောက်နေ၏။ လည်ချောင်းထဲသို့ ဖြည်းညင်းစွာ မျိုချ နေ၏။ လူတစ်ယောက်၏ဝမ်းဗိုက်ပြည့်လာပြီဆိုသည်နှင့် အားအင်များပြည့်ဖြိုးလာ ရသည်မဟုတ်ပါလား။
ထိုခံစားချက်ကို အားဖေနှစ်သက်လေသည်။
ညတွင်အလုပ်လုပ်သော စားပွဲထိုးတစ်ယောက်က မီးဖိုဘေးတွင် ထိုင်ပြီး အ ရက်သောက်နေသည်။
ထိုအရက်သည် စားသောက်သူများသောက်သွားခဲ့သော အကြွင်းအကျန်အရက် ဖြစ်သောကြောင့် အေးစက်နေလေပြီ။ သို့သော် စားပွဲထိုးလေးအတွက်တော့ တော် တော်လေး အရသာရှိနေပုံရသည်။
သူပျော်ရွှင်နေ၏၊ အဘယ်ကြောင့်ဆိုသော် သူ့အတွက်ဝမ်းသာကျေနပ်စရာများ ရှိနေသောကြောင့်ဖြစ်၏။
စစ်မှန်သော ဝမ်းသာကျေနပ်မှုများ ရှိနေသူတစ်ယောက်ထံတွင်သာ ပျော်ရွှင်မှု ဆိုသည်မှာ ရှိနေတတ်သည်မဟုတ်ပါလား။
ထိုသူများကို အားဖေ အားကျမိ၏။ ထိုစားပွဲထိုးလေးနှင့် အဖော်သွားလုပ်ပြီး အရက်သောက်ချင်နေမိသည်။
သို့သော် အားဖေ ကိုယ့်စိတ်ကို မနည်းထိန်းထားရလေသည်။
“မကြာခင်အချိန်လေးမှာ သူ့ကိုငါ တွေ့ရတော့မှာပဲ...”
သူ့ကိုယ်ပေါ်မှ အရက်နံ့များ သူမ မရစေချင်ပါ။
ဤလောကကြီးထဲတွင် လူအများစုသည် တခြားသူများအတွက် အသက်ရှင်နေ ထိုင်နေကြခြင်းဖြစ်၏။... ကိုယ်ချစ်ခင်သူများအတွက် ရှင်သန်နေထိုင်နေသူများရှိ သကဲ့သို့ ကိုယ့်ရန်သူများအတွက် ရှင်သန်နေထိုင်နေကြသူများလည်း ရှိနေကြပြန် သည်။ ထိုလူနှစ်မျိုးနှစ်စားလုံးပင် စိတ်နောက်ကျိရှုပ်ထွေးမှုများဖြင့် ရှင်သန်နေကြ ခြင်းဖြစ်သည်မဟုတ်ပါလား။
အမှန်တကယ်ပျော်ရွှင်သူများဆိုသည်မှ ဤလောကကြီးထဲတွင် အလွန်ရှားပါး လှပါသည်။
လေက ခပ်ပြင်းပြင်းတိုက်ခတ်လာသောကြောင့် လမ်းမတစ်လျှောက် ဖုန် တထောင်းထောင်း ထနေရ၏။ ဤလိုရာသီဥတုထဲတွင် လမ်းမပေါ်၌ လမ်းလျှောက် နေကြသူများ များများစားစားမရှိပါ။
အားဖေသည် ခေါင်းမော့ပြီး လမ်းမဘက်သို့ ငေးကြည့်နေမိ၏။ သူ့မြင်ကွင်းထဲ သို့ လူနှစ်ယောက် ဝင်ရောက်လာလေသည်။
ထိုလူနှစ်ယောက်သည် ခပ်ဖြည်းဖြည်း လမ်းလျှောက်လာနေကြသည်။ သို့ သော် သူတို့၏ အမူအရာများက လောကြီးနေဟန်လည်း ရှိနေကြသည်။ သူတို့၏ အာရုံများက ရှေ့မှလမ်းဆီသို့သာ ထားရှိထားကြပြီး အခြားနေရာများကို လှည့် ကြည့်ခြင်းမရှိကြချေ။
အရှေ့မှ လမ်းလျှောက်နေသူသည် ခန္ဓာကိုယ် ပိန်ပိန်ပါးပါးနှင့် တစ်ခေါင်းလုံး ဆံပင်များဖြူဖွေးနေသော အဘိုးအိုတစ်ယောက်ဖြစ်၏။ သူ့လက်ထဲတွင် ဆေးတံ တစ်ခု ကိုင်ဆောင်ထား၏။ သူဝတ်ဆင်ထားသည့် အပြာရောင်အဝတ်အစားမှာ လျှော်ဖွတ်ရလွန်းသဖြင့် အဖြူရောင်ဘက်သို့ပင် သမ်းနေလေပြီ။
သူ့နောက်မှ မိန်းမပျိုလေးတစ်ယောက် ကပ်လိုက်နေ၏။ သူမ၏ မျက်လုံးများ က ကြီးမားရွှန်းစိုလှပြီး ကျစ်ဆံမြီးရှည်နှစ်ချောင်းကို ဘေးတစ်ဘက်ဆီ ချထား၏။
ထိုသူနှစ်ယောက်ကို အားဖေမှတ်မိလိုက်သည်။ လွန်ခဲ့သည့် ၂နှစ်လောက်တုန်း က ထိုသူနှစ်ဦးကို သူတွေ့ခဲ့ဖူးပါသည်။ သူတို့သည်ကား အခြားလူများမဟုတ်ကြ။ ပုံပြင်ပြောသော အဘိုးအိုနှင့် သူ၏မြေးမလေးတို့ပင် ဖြစ်ကြသည်။ သူတို့၏ မျိုးရိုး နာမည်များက ‘စွန်း’ ဆိုသည်ကိုတော့ အားဖေသိထား၏။
သို့သော် အားဖေကို သူတို့မတွေ့ပါ။
သူတို့သာ အားဖေကိုတွေ့ခဲ့သည်ဆိုလျှင် အရာအားလုံးသည် တစ်မျိုးတမည် ပြောင်းလဲသွားခဲ့ရမည်ဖြစ်၏။
အားဖေသည် ဟင်းရည်ကို ကုန်စင်အောင် သောက်လိုက်သည်။ သူ၏ခေါင်းကို ပြန်မော့ကြည့်လိုက်ချိန်တွင်မူ နောက်ထပ်လူတစ်ယောက် လျှောက်လှမ်းလာသည်ကို တွေ့လိုက်ရပြန်သည်။
ထိုသူသည် တော်တော်လေးအရပ်မြင့်သူတစ်ယောက်ဖြစ်သည်။ အဝါရောင်ဝတ် ရုံ ဝတ်ဆင်ထားပြီး ဦးခေါင်းပေါ်တွင် ကြီးမားသောဝါးခမောက်တစ်လုံး ဆောင်း ထား၏။ ခမောက်ကို ခပ်စိုက်စိုက်ဆောင်းထားသောကြောင့် သူ၏မျက်နှာအား ကောင်းစွာမမြင်တွေ့နိုင်ပါ။ သူ၏လမ်းလျှောက်ပုံမှာ သူများနှင့်မတူ လွန်စွာမှပင် ထူးခြားလှသည်။ သူသည်လည်း တက်သုတ်ရိုက်နေရပုံရသည်။ ထိုသူသည် အားဖေကို လှည့်မကြည့်ခဲ့ပါ။
အားဖေ လွန်စွာမှပင် စိတ်လှုပ်ရှားသွားခဲ့ရ၏။
ကျင်းဝူမင်း...
ကျင်းဝူမင်း၏ မျက်လုံးများက ရှေ့သို့သာအာရုံစိုက်ထား၏။ ပုံပြင်ပြောသော မြေးအဖိုးနှစ်ယောက်ကို နောက်ယောင်ခံလိုက်နေပုံရသောကြောင့် အားဖေကို သတိ မထားမိခဲ့ချေ။
မည်သို့ပင်ဆိုစေ အားဖေကတော့ ကျင်းဝူမင်းမှန်း သိလိုက်သည်။ သူ့ခါးမှ ဓား ကိုလည်း မှတ်မိလိုက်သည်။ သို့သော် ဒဏ်ရာရထားသော ဘယ်ဘက်လက်မောင်း ကို အားဖေ ကောင်းစွာမတွေ့ခဲ့ရပါ။ ကျင်းဝူမင်းသည် ဒဏ်ရာရခဲ့သော လက်မောင်း ကို အဝတ်စများဖြင့် စီးပတ်ထားခဲ့လေသည်။
အဘယ်ကြောင့်ဆိုသော် ကျင်းဝူမင်း၏ခါးမှ ဓားကိုတွေ့လိုက်ရပြီးသည့်နောက် အားဖေအတွက် မည်သည့်အရာမျှ မမြင်နိုင်တော့အောင် ဖြစ်သွားခဲ့ရ၏။
အဘယ်ကြောင့်ဆိုသော ထိုဓားတစ်လက်က အားဖေအတွက် ပထမဆုံးသော ရှုံးနိမ့်မှုကို ပေးခဲ့သည်မဟုတ်ပါလား။
အဘယ်ကြောင့်ဆိုသော် ထိုဓားတစ်လက်က သူ့ဘဝတစ်ခုလုံးကို စုတ်ပြတ် သပ်သွားလုနီးပါး လုပ်ဆောင်ခဲ့သည်မဟုတ်ပါလား။
အားဖေက လက်သီးကို တင်းကြပ်စွာဆုပ်ထားလိုက်ရာ လက်ဖဝါးပေါ်မှ ဒဏ် ရာဟောင်း အနာကပြန်ပွင့်သွားခဲ့ရသည်။ သွေးများ ထွက်လာကြပြန်သည်။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံး နာကျင်မှုကြောင့် တောင့်တင်းသွားခဲ့ရသည်။
ကျင်းဝူမင်း၌ ဒဏ်ရာရထားသော လက်တစ်ဘက်ရှိနေသေးသည်ကို သူမေ့သွား ခဲ့ရသည်။
ကျင်းဝူမင်းကို အားဖေ စိန်ခေါ်တိုက်ခိုက်ချင်နေမိသည်။ ထိုသည်မှာသူယခု လုပ်ချင်နေသော တစ်ခုတည်းသော ဆန္ဒလည်းဖြစ်နေပြန်သည်။
ကျင်းဝူမင်းသည် စားသောက်ဆိုင်တံခါးဝမှ လျင်မြန်စွာ ဖြတ်ကျော်သွားခဲ့ သည်။
အားဖေ မတ်တတ်ထရပ်လိုက်ပြီး လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားမိ လိုက်လေသည်။
ပိုပြီးနာကျင်လေ... လှုပ်ရှားမှုများ ပိုပြီးလျင်မြန်သွက်လက်လာရလေဖြစ်သည် မဟုတ်ပါလား။
စားပွဲထိုးလေးအတွက် သူ့ပတ်ဝန်းကျင်တွင် ထူးဆန်းသောအငွေ့အသက်များ ရုတ်တရက် လွှမ်းခြုံလာသလိုမျိုး ခံစားလိုက်ရသည်။ သူလှည့်ကြည့်လိုက်သော အခါ အားဖေ၏မျက်ဝန်းတစ်စုံကို တွေ့လိုက်ရသည်။
မီးတောက်မီးလျှံများ ဖြာထွက်နေသော မျက်ဝန်းတစ်စုံဖြစ်၏။ ထိုမျက်ဝန်းတစ် စုံကို တွေ့မြင်လိုက်ရသူတိုင်း ကြောက်ရွံ့မှုကြောင့် အေးခဲသွားနိုင်၏။ စားပွဲထိုးလေး ၏ လက်ထဲမှ အရက်အိုးလွတ်ကျသွားခဲ့ရလေတော့သည်။
သို့သော် အရက်အိုးသည် အောက်သို့မကျသွားခဲ့ပါ။ အားဖေက ရုတ်တရက် ရောက်လာပြီး လေထဲမှ အရက်အိုးကို လှမ်းဖမ်းခဲ့သောကြောင့်ဖြစ်၏။
အရက်အိုးကို အားဖေမည်သို့ ဖမ်းယူလိုက်မှန်း မည်သူမျှမမြင်လိုက်ကြရချေ။
စားပွဲထိုးလေးသည် ကြောက်လွန်းသဖြင့် တုန်ရီနေရ၏။
အရက်အိုးကို စားပွဲပေါ်သို့ အားဖေ ဖြည်းဖြည်းလေးပြန်တင်ထားလိုက်သည်။ ပြီးနောက် ခွက်တစ်လုံးကို လှမ်းယူပြီး အရက်ငဲ့ထည့်လိုက်သည်။ ပြီးနောက် အရက်ခွက်ကို တစ်ဂွပ်ထဲမော့ချလိုက်လေတော့သည်။
မိမိကိုယ်ကို ယုံကြည်မှုများ အားဖေ၏ ခန္ဓာကိုယ်ထဲတွင် ဖြတ်သန်းစီးဆင်း လာကြသည်။
ထိုအချိန်၌ပင် နောက်ထပ်လူတစ်ယောက် ဆိုင်ရှေ့မှ ဖြတ်လျှောက်သွားသည်။
ထိုသူသည်လည်း အဝါရောင်ဝတ်စုံ ဝတ်ဆင်ထားပြီး ခမောက်တစ်လုံးကို ခပ် ငိုက်ငိုက်ဆောင်းထား၏။ သူ၏လမ်းလျှောက်ပုံသည်လည်း တော်တော်လေး ထူး ဆန်းနေလေသည်။
စန့်ကွမ်းဖေ...
စန့်ကွမ်းဖေ မည်သူဖြစ်မှန်း အားဖေမသိရှိပါ။ သို့သော် ထိုသူနှင့် ကျင်းဝူမင်း တို့နှစ်ယောက် နီးကပ်စွာပတ်သက်မှုရှိနေကြောင်းကိုတော့ ရိပ်မိလိုက်သည်။ ထိုသူ သည် ကျင်းဝူမင်းကို တိတ်ဆိတ်စွာ နောက်ယောင်ခံလိုက်နေကြောင်းကိုလည်း အားဖေ သိလိုက်ရပြန်သည်။
စန့်ကွမ်းဖေသည် ကျင်းဝူမင်းထက် အနည်းငယ်အရပ်ပုသူဖြစ်ပြီး အသက် လည်းပိုငယ်ပုံရသည်။
သို့သော် သူ၏အေးစက်စက်အမူအရာ... လမ်းလျှောက်ပုံများကိုကြည့်ခြင်းအား ဖြင့် သူတို့နှစ်ယောက် ညီအစ်ကိုများဖြစ်နိုင်ကြောင်းကို ခန့်မှန်းမိနိုင်လေသည်။
သူဘာကြောင့် ကျင်းဝူမင်းကို နောက်ယောင်ခံလိုက်နေရသနည်း။...
ဤဒေသသည် လူသူအရောက်အပေါက်နည်းသော အရပ်ဖြစ်သည်။
အားဖေ လျင်မြန်စွာ လမ်းလျှောက်နေ၏။ သို့သော် စန့်ကွမ်းဖေ ရိပ်မိသွား လောက်သည်ထိတော့ ကိုယ်ထင်မပြနိုင်ပါ။
ပုံပြင်ပြောသော မြေးအဖိုးနှစ်ယောက်တို့က ပျောက်ကွယ်သွားခဲ့ကြလေပြီ။ ကျင်းဝူမင်းကို ကြည့်ရသည်မှာ အဝါရောင်အရိပ်တစ်ခုလိုဖြစ်နေ၏။ သို့သော် စန့် ကွမ်းဖေသည် အလောတကြီးမဟုတ်ဘဲ လမ်းလျှောက်နေ၏။
ဤလူငယ်လေးသည်လည်း နောက်ယောင်ခံလိုက်သည့်နေရာတွင် ထူးချွန်မှုရှိ ကြောင်း အားဖေတွေ့ရှိလိုက်ရသည်။
လူတစ်ယောက်ကို တိတ်ဆိတ်စွာ နောက်ယောင်ခံလိုက်နိုင်ဖို့ဆိုလျှင် အတော် လေးစိတ်ရှည်နိုင်သူတစ်ယောက်ဖြစ်ရမည်။
အရှေ့တွင် တောင်ကုန်းငယ်လေးတစ်ခုရှိနေသည်။ ထိုတောင်ကုန်းလေး၏ လမ်းတစ်ဝက်သို့ပင် ကျင်းဝူမင်းရောက်ရှိနေပေပြီ။
စန့်ကွမ်းဖေက ခပ်မြန်မြန်လျှောက်လှမ်းလိုက်သည်။ တောင်ကုန်းလေး၏ အခြားဘက်သို့ ရောက်လုနီးနေပြီဖြစ်သော ကျင်းဝူမင်းကို အမီလိုက်နိုင်ရန်ဖြစ် သည်။
သူတို့နှစ်ယောက်စလုံး တောင်ကုန်းလေး၏အခြားဘက်သို့ရောက်သွားမှသာ တောင်ကုန်းလေးပေါ်သို့ အားဖေလျင်မြန်စွာ ပြေးတက်လိုက်သည်။
တောင်ကုန်းပေါ်သို့ရောက်သည်နှင့် အလွန်စိတ်ဝင်စားဖွယ်ကောင်းသောအရာ များကို တွေ့ရှိရတော့မည်မှန်း အားဖေသိထား၏။
သူထင်ထားခဲ့သည်များက လုံးဝမမှားခဲ့ချေ။
ကျင်းဝူမင်းတစ်ယောက် ကြောက်ရွံ့တုန်လှုပ်နေပုံရသည်။ သေရမှာတောင်မ ကြောက်တတ်သူ ကျင်းဝူမင်းအဖို့ မည်သည့်အရာကို ကြောက်ရွံ့နေရသနည်း။...
သို့သော် ယခုအချိန်တွင် ကျင်းဝူမင်း၏ မျက်လုံးများထဲ၌ ကြောက်ရွံ့မှုများ ဖုံးလွှမ်းနေရလေသည်။
သူဘာကို ကြောက်ရွံ့နေရသနည်း။...
0 comments:
Post a Comment